ပညတ်ကို ပယ်သည်ဆိုရာတွင်…

လောကီပညတ်နယ်မှာ ရှိနေပါလျက် မျက်စီစုံမှိတ်ပြီး ပညတ်ကိုပယ်ကာ ပရမတ်ပရမတ်လို့ သံကုန်ဟစ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ ဟောပြောချက်များ ဆွေးနွေးချက်များကို နားထောင်ရင်း အစွန်းရောက်နေတဲ့ သူ့ရဲ့ပညတ်ပယ် အယူအဆအပေါ် စိုးရိမ်မိပါတယ်။ သူ့အတွက် သူ့အယူအဆနဲ့သူ ရှိပါစေလို့ ထားနိုင်ပေမယ့် သူ့ကိုအမှီပြုကာ သူ့နောက်လိုက်နေတဲ့ သူတွေအထိပါ အလွဲတွေ ဖြစ်ကုန်၊ အလွဲတွေ ယူဆကုန်မှာကိုတော့ မလိုလားပါဘူး။ ဘုရားရှင်တောင် ပညတ်ကို မပယ်ခဲ့ဘဲ ဝေါဟာရပညတ် တစ်ခုအဖြစ် အသိအမှတ်ပြုကာ သမ္မုတိသစ္စာအနေဖြင့် ဟောတော်မူခဲ့တာနဲ့ ဆန့်ကျင်ပြီး သူက ၀ိနည်းတော်လည်း ပညတ်၊ သံဃာ့အဖွဲ့အစည်းဆိုတာလည်း ပညတ်၊ သံဃာအဖွဲ့အစည်းက ထုတ်ထားတာတွေလည်း ပညတ်စသဖြင့် ပြောဆိုနေတဲ့အပြင် သူပြောလို့ မှားတာတွေကို ထောက်ပြရင်လည်း သူကဒီစကားတွေကို အတည်မယူပါဘူး ပညတ်လို့ သဘောထားပါတယ်၊ အဓိကမကျတဲ့ အခေါ်အဝေါ်တွေမှာ အကန့်တွေ မထားပါနဲ့ဆိုပြီး အမှားကို ပညတ်နဲ့ဖာထေးနေပြန်ပါတယ်။ ဒါဟာ ဘုရားရှင်ရဲ့ အလယ်အလတ်လမ်းစဉ် မဟုတ်ဘဲ အစွန်းရောက်နေတဲ့ သဘောပဲ ဖြစ်ပါတယ်။ တစ်ခုခုကို စွဲကိုင်ပြီး ဇွတ်အတင်း ငြင်းဆန်နေမှုဟာ လွဲမှားမှုကို ရှည်ကြာစေပြီး အမှန်တရားနဲ့ ဝေးနေစေပါတယ်။

မှန်ပါတယ်။ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်ရေးနဲ့ ကိလေသာကုန်ကာ လောကီနယ်မှ ထွက်မြောက်ရေးဟာ ပရမတ်ကို အမှန်နားလည်ပြီး ဉာဏ်နဲ့သိဖို့က ပိုအရေးကြီးတယ် ဆိုပေမယ့် သမ္မုတိသစ္စာဆိုတဲ့ လောကဝေါဟာရများ၊ လောကသတ်မှတ်ချက်များဟာလည်း ပယ်ကောင်းတဲ့ အရာမဟုတ်ပါဘူး။ ထာဝရမရှိနိုင်ပေမယ့် သမ္မုတိသစ္စာဆိုတဲ့ ပညတ်အမှန်တရားဟာလည်း လောကမှာ တကယ်ရှိနေတဲ့ အမှန်တရားပါပဲ။ ဘုရားရှင်ကိုယ်တော်တိုင်လည်း သစ္စာလေးပါးကို သိပြီးနောက်ပိုင်း အတ္တ၀ါဒ ကြီးစိုးနေတဲ့ သူတွေနဲ့ ဆန့်ကျင်ပြီး အနတ္တ၀ါဒကို အစွမ်းကုန် ထုတ်ဖော်ဟောကြားခဲ့တာပါပဲ။ ဒါပေမယ့် ဘုရားရှင်ဟာ ပညတ်ဝေါဟာရကို မပယ်ခဲ့ပါဘူး။ သမ္မုတိသစ္စာကို အသုံးချကာ ပရမတ္ထသစ္စာအဖြစ် သဘောပေါက်အောင် သစ္စာဉာဏ်နဲ့ ထင်ရှားစေခဲ့ပါတယ်။ ဒါကြောင့်လည်း လောကကြောင်းအရ လိုအပ်တဲ့ ဟောပြောမှုတွေ၊ ပညတ်မှုတွေ၊ ဆောင်ရန်ရှောင်ရန်တွေ၊ ပစ္စုပ္ပန် သံသရာကြီးပွားရေး လမ်းစဉ်တွေကို ချမှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဘုရားရှင်ဟာ ပရမတ္ထသစ္စာကို သိအောင်ဟောပြောပေးခဲသလို သမ္မုတိသစ္စာကိုလည်း လိုအပ်သလို ထုတ်ဖော်ပေးခဲ့ပါတယ်။ ပရမတ္တသစ္စာကိုပဲ တစ်ဘက်သတ်စွဲကိုင်ပြီး သမ္မုတိသစ္စာကို ပယ်ခဲ့ရိုးမရှိခဲ့ပါဘူး။

ဒီလို ဘုရားရှင်ရဲ့အလိုနဲ့ ဆန့်ကျင်ပြီး အရာရာ ပညတ်တွေပါဆိုကာ ထင်ရာဟောပြော နေမိပါက လယ်တီဆရာတော် ဘုရားကြီး ဆုံမသလို “ပရမတ်ပြန် အကြောင်သမားတွေမို့ ထောင်လွှားကြသူ့ထက်ငါ” ဖြစ်ကာ အပါယ်ဘောင်လားကြရမယ့် ကိန်းဆိုက်နေပါလိမ့်မယ်။ လယ်တီဆရာတော်ကြီးရဲ့ ၀ိပဿနာ ဒီပနီ၊ သစ္စာကထာမှာ ရှင်းပြတော်မူခဲ့တဲ့ သစ္စတရား ၂ပါးရှင်းတမ်းလေးကို ဖတ်မိတော့ ပရမတ်ပြန် အကြောင်သမားတွေ သိထားသင့်တဲ့ အချက်ပါလားလို့ တွေးမိပါတယ်။ ဒီသစ္စကထာမှာ ဆရာတော်ကြီးက အောက်ပါအတိုင်း ရှင်းပြတော်မူပါတယ်။

“သစ္စာဆိုသည်ကား သူ့အမည်သညာနှင့် သူ့သဘာဝ အစဉ်ထာဝရ ညီညွတ်ဖြောင့်မှန်သည်ကို ဆိုသတည်း။ ထိုသစ္စာသည် (၁) သမ္မုတိသစ္စာတစ်ပါး၊ (၂) ပရမတ္တသစ္စာ တစ်ပါးဟူ၍ နှစ်ပါးအပြားရှိ၏။ ထိုနှစ်ပါးတို့တွင် သမ္မုတိသစ္စာဆိုသည်ကား လောကီဘုံသား လူအများတို့၏ ခေါ်ရိုးပြောရိုးဖြစ်သော သမ္မုတိပညတ်တို့၏ အလယ်၌ အဖြောင့်အမှန်မျိုးသည် သမ္မုတိသစ္စာမည်၏။ အတ္တရှိ၏၊ ဇီဝရှိ၏၊ ပုဂ္ဂိုလ်ရှိ၏၊ သတ္တ၀ါရှိ၏၊ လူရှိ၏၊ နတ်ရှိ၏၊ သိကြားရှိ၏၊ ဗြဟ္မာရှိ၏၊ ဆင်မြင်းကျွဲနွားရှိ၏၊ ဦးခေါင်း လက် ခြေစသော အင်္ဂါကြီးငယ်ရှိ၏၊ ဆံပယ်အမွေး ခြေသည်းလက်သည်းရှိ၏ စသည်တို့ပေတည်း။
ဤသမ္မုတိသစ္စာသည် မုသာဝါဒ၏ ဆန့်ကျင်ဖက်ပေတည်း။ မုသာဝါဒကို ပယ်နိုင်၏။ တစ်ဘ၀အတွင်းတွင် အခါခါဖြစ်ခြင်း၊ အခါခါချုပ်ခြင်းဟူ၍ မရှိပဲ တစ်ခုတည်းနှင့် တစ်သက်လုံး ခိုင်မြဲနေသော အတ္တမည်သည် ဧကန်အမှန်ရှိ၏။ ဇီဝမည်သည် ဧကန်အမှန်ရှိ၏ဟု ပြောဆိုကြသော စကားမျိုးတို့သည် လောကီဘုံသား လူအများတို့၏ ပြောရိုးဆိုရိုးအတိုင်း ပြောဆိုကြသော စကားဖြစ်၍ ပြောဆိုသောသူမှာ မုသာဝါဒမဖြစ်၊ ဘယ်သူတစ်ဦးတစ်ယောက်မှ လှည့်စားခြင်းမဖြစ်။ ပရမတ္ထသစ္စာ အလိုအားဖြင့်မူကား ထိုစကားသည် အနိစ္စ၌ နိစ္စဟူ၍ ဖောက်ပြန်ခြင်း၊ အနတ္တ၌ အတ္တဟူ၍ ဖောက်ပြန်ခြင်းတည်းဟူသော ၀ိပလ္လာသအမှန်ဖြစ်၏။ ထိုဝိပလ္လာသတရားကို မယ်နိုင်သေးသမျှ ကာလပတ်လုံး သံသရာဝဋ်ဒုက္ခမှ မလွတ်နိုင်။

ပရမတ္ထသစ္စာဆိုသည်ကား ဓာတ်သဘာဝ၊ ဓမ္မသဘာဝ အလိုအားဖြင့် အလွန်ဟုတ်မှန်လှသော ရှိမရှိစကားမျိုး တရားမျိုးသည် ပရမတ္ထသစ္စာမည်၏။ ရှိမရှိနှစ်ပါးတွင် ရှိဆိုသည်ကား ပထ၀ီဓာတ်ရှိ၏၊ အာပေါဓာတ်ရှိ၏၊ တေဇောဓာတ်ရှိ၏၊ ၀ါယောဓာတ်ရှိ၏၊ စိတ်ဝိညာဏ်ရှိ၏၊ ဖဿ ဝေဒနာ သညာ စေတနာစသည်ရှိ၏။ ရုပ်ခန္ဓာရှိ၏၊ နာမ်ခန္ဓာရှိ၏ စသည်တို့ပေတည်း။ မရှိဆိုသည်ကား အတ္တမရှိ၊ ဇီဝမရှိ၊ ပုဂ္ဂိုလ်မရှိ၊ သတ္တ၀ါမရှိ၊ လူမရှိ၊ နတ်မရှိ၊ သိကြားမရှိ၊ ဗြဟ္မာမရှိ၊ ဆင်းမြင်းကျွဲနွားမရှိ၊ ဦးခေါင်းဟူ၍ မရှိ၊ လက်ခြေစသော အင်္ဂါကြီးငယ်ဟူ၍ မရှိ၊ ဆံပင်အမွေး ခြေသည်းလက်သည်းဟူ၍ မရှိစသည်တို့ပေတည်း။

သမ္မုတိသစ္စာအလိုအားဖြင့် ပုဂ္ဂိုလ်ရှိ၏။ သတ္တ၀ါရှိ၏။ ပုဂ္ဂိုလ်သတ္တ၀ါတို့သည် တစ်ဘ၀မှ တစ်ဘ၀သို့ ကျင်လည်ပြောင်းသွား၍ နေကြ၏။ ပရမတ္ထသစ္စာ အလိုအားဖြင့် ပုဂ္ဂိုလ်မရှိ၊ သတ္တ၀ါမရှိ၊ တစ်ဘ၀မှတစ်ဘ၀သို့ ကျင်လည်ပြောင်းသွားသည်ဟူ၍ မရှိ။ သို့သော် ဤသစ္စာနှစ်ပါးသည် ဖြောင့်ဖြောင့်ဆန့်ကျင်ဖက် ဖြစ်နေဘိ၏တကားဟု ဆိုရန်ရှိ၏။ ဖြောင်ဖြောင့်ဆန့်ကျင်ဖက် မဖြစ်ကြစေရန် အဖြေမှာကား သမ္မုတိသစ္စာအလို ပရမတ္ထသစ္စာအလိုဟူ၍ အလိုနှစ်ပါးသီးသန့်ခြားလျက် ရှိလေပြီ။ သမ္မုတိသစ္စာအလိုနှင့် ပုဂ္ဂိုလ်သတ္တ၀ါစသည် ရှိ၏ဟု ပြောဆိုခဲ့သော် သမ္မုတိသစ္စာအလို ဆိုသောကြောင့် ပရမတ္ထသစ္စာဆရာက မငြင်းပယ်ရ။ ပုဂ္ဂိုလ်သတ္တ၀ါဟု သမ္မုတိပညတ်ရှိသည်ကား အမှန်ပင်ဖြစ်၏။ ပရမတ္ထသစ္စာအလိုအားဖြင့် ပုဂ္ဂိုလ်သတ္တ၀ါ မရှိဟူ၍ ပြောဆိုခဲ့သော် ပရမတ္ထသစ္စာအလို ဆိုသောကြောင့် သမ္မုတိသစ္စာဆရာက မငြင်းပယ်ရ။ ပရမတ္ထသစ္စာဟူသည် ရုပ်တရား နာမ်တရားသည်သာ အမှန်ပင်ဖြစ်၏။ ပရမတ္ထသစ္စာမှာ ပုဂ္ဂိုလ်ဟူ၍ မရှိသတ္တ၀ါဟူ၍မရှိ။…”

ဒီမှာ ဖော်ပြပေးခဲ့တဲ့ လယ်တီဆရာတော်ကြီးရဲ့ သစ္စာအဖွင့်ကို ကြည့်ပါက ပရမတ်တစ်ခုတည်းကိုပဲ ဆွဲကိုင်ကာ ပညတ်မှန်သမျှကို ပယ်ဖို့ကြိုးစားနေသူများ အထူးသတိပြုသင့်တဲ့ အချက်ကို တွေ့နိုင်ပါတယ်။ သစ္စာနှစ်မျိုးလုံး သူ့ရှုထောင့်နဲ့သူ အမှန်ပင်ဖြစ်နေတဲ့အတွက် တစ်မျိုးတည်း ဆုတ်ကိုင်ပြီး ကိုယ်ဆုတ်ကိုင်ထားတာကိုပဲ အမှန်လို့ အတင်းမငြင်းပယ်သင့်တာကို သတိပြုနိုင်ပါတယ်။ အဲဒီလိုတစ်မျိုးတည်း ဆုတ်ကိုင်ထားပါက လောကနဲ့ ဖြောင့်ဖြောင့်ဆန့်ကျင်နေတဲ့အတွက် အစွန်းရောက်သွားတတ်တာကို သဘောပေါက်နိုင်ပါတယ်။ အချိန်အခါနဲ့ ကာလဒေသအလိုက် ပညတ်နဲ့ ပရမတ်ကို ညီမျှအောင် အသုံးချတတ်ဖို့ လိုပါတယ်။ အဲလိုမဟုတ်ဘဲ ဒါတွေဟာ ပညတ်တွေပါဆိုပြီး အရာရာ ပညတ်ကိုပုံချမယ်ဆိုရင်တော့ လောကနဲ့ဆန်ကျင်ကာ အစွန်းမလွတ်ဖြစ်တတ်ပါတယ်။ ဗုဒ္ဓရဲ့ လမ်းစဉ်ဖြစ်တဲ့ အလယ်အလတ်လမ်းစဉ်ကို ပယ်ရာရောက်ပါတယ်။

ဒါကြောင့် ဒီနေရာမှာ ပြောလိုတာက ပညတ်ကို ပယ်တယ်ဆိုတာ တစ်လွဲအမြင် တစ်လွဲအတွေး တစ်လွဲနားလည်မှုနဲ့ အစွန်းရောက်တဲ့အထိ မဖြစ်ကြဖို့ပါ။ ပရမတ်က အဓိကကျပေမယ့် ပညတ်ကလည်း လိုက်နာကျင့်သုံးဖို့ လိုပြန်ပါတယ်။ ပညတ်တွေဟာ စွဲကိုင်ထားဖို့ မဟုတ်ပေမယ့် လောကကြောင်းအရ လိုအပ်တဲ့ အမှန်တရားတွေ ဖြစ်တဲ့အတွက် လစ်လျူရှုဖို့လည်း မဟုတ်ပါဘူး။ အခေါ်အဝေါ် သတ်မှတ်ချက်တွေဆိုပေမယ့် လောကသားတွေရဲ့ မကောင်းတဲ့လုပ်ရပ်တွေကို ထိန်းပေးတဲ့ အမှန်တရားများ ဖြစ်တဲ့အတွက် ဒီသတ်မှတ်ချက်တွေကိုလည်း လိုက်နာကျင့်သုံးဖို့ လိုပါတယ်။ ပညတ်နယ်က လွန်ပြီး ပရမတ်နယ်ကို အလုံးစုံရောက်သွားကြတဲ့ ကိလေသာကုန်ခမ်း ရဟန္တာများပင် လောကကြောင်းအရ ပညတ်သတ်မှတ်ထားတဲ့ ၀ိနည်းသိက္ခာပုဒ်စတဲ့ ပညတ်ချက်များကို လိုက်နာကျင့်သုံးကြတာ ဖြစ်တဲ့အတွက် ပရမတ်တစ်ခုတည်းကို ကိုင်စွဲပြီး ဘာပဲဖြစ်ဖြစ် ပညတ်တွေပါပဲလို့ ပညတ်ကို ပယ်နေသူများ အနေဖြင့် တစ်လွဲနားလည်မှုများနဲ့ အစွန်းမရောက်အောင် သတိဆောင်ကြဖို့ လိုပါတယ်။ အဆုံးစွန်ထိ မရောက်သေးဘဲ အနည်းငယ် သိတာလေးများနဲ့ ပရမတ်ပြန် အကြောင်သမားများ မဖြစ်ကြဖို့နဲ့ ဘာပဲဖြစ်ဖြစ် မဇ္ဈိမပဋိပဒါဖြစ်အောင် ကြိုးစားကြဖို့ အထူးလိုအပ်ကြောင်း အသိပေးတင်ပြလိုက်ပါတယ်။

4 မှတ်ချက်များ (...ရေးရန်):

  • သစ္စာ says:
    Thursday, March 04, 2010

    အရှင်ဘုရား...
    တပည့်တော်ဟာ ဆရာတော်ဘုရားရဲ့ စာဖတ်ပရိတ်သတ်တစ်ဦးပါဘုရား။
    တပည့်တော်ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား
    ဆူနာမီဆရာတော်ရှင်းပြချက် တရား ၉ ပုဒ်ပါဘုရား။
    သေသေချာချာနားဆင်ပေးစေလိုပါတယ်ဘုရား..
    ဆူနာမီဆရာတော်ဟာ ပညတ်များကို ပယ်ခိုင်းနေတာလား။ ဒါမှမဟုတ် ပညတ်များအပေါ် ငြိတွယ်နေသည့် သမုဒယသစ္စာ ဥပါဒါန်အစွဲများကို မှန်မှန်ကန်ကန် စွန့်လွှတ်နိုင်စေရန် နည်းလမ်းပေးနေတာလားဆိုတာ ကွဲကွဲပြားပြား သိရှိနိုင်ရန်အတွက် သေသေချာချာ နားဆင်ပေးစေလိုပါတယ်ဘုရား။
    အောက်ပါလင့်လေးမှာပါဘုရား။

    http://www.mediafire.com/?sharekey=19aabee74b2877695a3d773badf21430859762455ffca24384bbec0582a7e90e

    ရှိခိုးဦးခိုက်လျှက်
    သစ္စာ

  • သစ္စာ says:
    Thursday, March 04, 2010

    အရှင်သူမြတ်ဘုရား

    ပညတ် နှင့် ပရမတ် အခြင်းအရာများနှင့်ပတ်သက်၍ သီဟိုဠ်မှ မေးခွန်းများအား လယ်တီဆရာတော်ကြီး၏ ရှင်းလင်းချက်ပါဘုရား

    http://realenlightenment.multiply.com/journal/item/9/9

    ရှိခိုးဦးခိုက်လျှက်
    သစ္စာ

  • Anonymous says:
    Sunday, March 07, 2010

    ဆူနာမီဆရာတော်နှင့်ပတ်သက်၍ မှန်မှန်ကန်ကန်သိရှိစေရန်
    လင့်လေးများ....

    http://trueanswer.multiply.com/journal/item/3
    http://trueanswer.multiply.com/journal/item/3

    ဦးတင်လျှက်

  • Anonymous says:
    Sunday, March 07, 2010

    ဆ၇ာတော် ဦးဝိစိတ္တ အရှင်သူမြတ် နှင့်တကွ
    ဆူနာမီ ဆရာတော် ကို စစ်ဆေးမေးမြန်းခဲ့ကြသောသူ ဆရာတော်များ နှင့် ပညာရှင်တချို့ အား လေးမြတ်စွာ ပန်ကြား လျှော်ထားအပ်ပါသည် .......ဆူနာမီဆရာတော်အား မေးမြန်းခဲ့ကြသောမေးခွန်းလေး များ နှင့် စပ်လျဉ်း၍ အများသူငါ အမှားအမှန် သံသယ ရှင်းလင်းစွာ သိရှိနိုင်ရေး မေးခွန်းပုစ္ဆာ( ၉ )ခုအား မေတ္တာရှေ့ထားကာ ဖြေကြားပေးပါရန် လေးမြတ်စွာ ဖိတ်ကြား အပ်ပါသည် ဘုရား။
    (http://trueanswer.multiply.com/journal/item/5/5)မေးခွန်းလင့်လေးဖြစ်ပါသည်

    ရှိခိုးဦးတင်လျှက်
    သစ္စာ


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ