အနိုင်အရှုံး…

ယနေ့ခေတ်သည် ပြိုင်ဆိုင်မှုများ အလွန်ပြင်းထန်သည့် ခေတ်ဖြစ်၏။ အောင်မြင်လိုမှု အနိုင်ရလိုမှု ပြင်းထန်သည့် ခေတ်ဖြစ်၏။ သို့ဖြစ်၍လည်း အမျိုးမျိုးသော ပြိုင်ပွဲများကို ဖန်တီးကာ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲကြခြင်းဖြစ်၏။ ပြိုင်ပွဲကျင်းပ၍ ယှဉ်ပြိုင်ကြပြီ ဆိုကတည်းက အနိုင်အရှုံး အဆုံးအဖြတ် သိလို၍ဖြစ်၏။ ယှဉ်ပြိုင်မှုပြုကြသည်မှာ အဖြေတစ်ခုကို တိတိကျကျ ဖော်ထုတ်လို၍ဖြစ်၏။ အနိုင် သို့မဟုတ် အရှုံး တစ်ခုခု သိလို၍ ဖြစ်၏။ မည်သည့် ပြိုင်ပွဲမဆို ထွက်ပေါ်လာသည့် အဖြေကား တစ်ခုတည်းသာ ဖြစ်၏။ အနိုင် သို့မဟုတ် အရှုံးသာ ဖြစ်၏။ သရေဖြစ်နေလျင် ပြိုင်ပွဲ၏ အဆုံးမဟုတ်သေးဘဲ ဆက်လက်ယှဉ်ပြိုင်ရန် လိုအပ်သည့် သဘောဖြစ်၏။ သတ္တ၀ါတို့၏ သဘောကား ပြိုင်ဆိုင်မှု ပြုလာလျှင် မိမိကသာ အနိုင်ရလိုကြ၏။ မိမိမဟုတ်လျှင် မိမိနှင့် နီးစပ်ပတ်သက်ရာကို အနိုင်ရစေလိုကြ၏။ အမျိုးချင်းယှဉ်လာလျှင် မိမိအမျိုး၊ ဆရာချင်းယှဉ်လာလျှင် မိမိဆရာ၊ တပည့်ချင်းယှဉ်လာလျှင် မိမိတပည့်၊ ရပ်ကွက်ချင်း ယှဉ်လာလျှင် မိမိရပ်ကွက်၊ မြို့ရွာချင်း ယှဉ်လာလျှင် မိမိမြို့ရွာ၊ တိုင်းနှင့်ပြည်နယ်ချင်း ယှဉ်လာလျှင် မိမိတိုင်းနှင့်ပြည်နယ်၊ နိုင်ငံချင်း ယှဉ်လာလျှင် မိမိနိုင်ငံ၊ မိမိနိုင်ငံ မပါလျှင် မိမိနှင့်အိမ်နီးချင်းနိုင်ငံ၊ မိမိနှင့် ကိုးကွယ်ရာ၊ ယှဉ်ကျေးမှုတူရာ အုပ်စုတူရာ စသည်ဖြင့် မိမိနှင့် ပတ်သက်ဆက်နွယ်ရာကို အနိုင်ရစေလိုကြ၏။ ယုတ်စွအဆုံး ခွေးချင်းကိုက်လျှင်ပင် မိမိအိမ်က ခွေးအနိုင်ရမှ ကြိုက်ကြ၏။ ဤသည်မှာ သတ္တ၀ါတို့၏ ငါစွဲအတ္တစွဲများကြောင့်ပင် ဖြစ်၏။ ဤသို့သာ ပြိုင်ဆိုင်နေကြလျှင် အနိုင်အရှုံးသည် အဆုံးမရှိ ဖြစ်နေကြမည်သာ ဖြစ်၏။

စင်စစ် မည်သည့်ပြိုင်ဆိုင်မှုကို ပြုသည်ဖြစ်စေ အနိုင်နှင့် အရှုံးနှစ်ခုလုံးသည် ကောင်းသည့်လက္ခဏာ မဟုတ်ပေ။ မိမိတို့၏ အတ္တစွဲကြောင့် ပြိုင်ဆိုင်မှုများတွင် အနိုင်ရလိုကြသော်လည်း အနိုင်ရသူသည် ရန်သူတိုးပွားကာ ထာဝရစိတ်ချမ်းသာမှုကို မရနိုင်သကဲ့သို့ ရှုံးချင်၍ ရှုံးခြင်းမဟုတ်သဖြင့် ရှုံးနိမ့်သူသည်လည်း ဆင်းရဲဒုက္ခပွားကာ စိတ်ဆင်းရဲမည်သာ ဖြစ်၏။ အရင်းစစ်လျှင် အခြားသူများနှင့် ယှဉ်ပြိုင်ရသည့် ပြိုင်ပွဲများ၏ ရလာဘ်သည် အနိုင်ဖြစ်စေ အရှုံးဖြစ်စေ မည်သည့်ရလာဘ်မျှ မကောင်းလှပေ။ အကောင်းဆုံးကား မိမိကိုယ်ကို အနိုင်ရခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါ၏။ ဤစကားသည် မြတ်ဗုဒ္ဓ၏ စကားဖြစ်၏။ ဗုဒ္ဓက “အနိုင်ရသူသည် ရန်ကိုပွားစေ၏။ ရှုံးသောသူသည် ဆင်းရဲစွာ နေရ၏။ ကိလေသာ ငြိမ်းပြီးသောသူသည် အနိုင်အရှုံးကို စွန့်၍ ချမ်းသာစွာ နေရ၏။” (ဓမ္မပဒ၊ ကောသလရညော ပဇာယ၀တ္ထု) ဟု မိန့်တော်မူ၏။ ပြိုင်ဆိုင်မှုများ၏ အဖြေဖြစ်သည့် အနိုင်အရှုံးတွင် အနိုင်ရသူသည် ရန်ပွားစေပြီး၊ ရှုံးနိမ့်သူသည် ဆင်းရဲစွာ နေရသဖြင့် အခြားသူများနှင့် ပြိုင်ဆိုင်မှု မပြုဘဲ မိမိ၏ အတွင်းကိလေသာများကို ငြိမ်းအောင်ပြုခြင်းဖြင့် မိမိကိုယ်ကို အနိုင်ရအောင် ပြုခြင်းသည်သာ အမှန်ချမ်းသာမှုကို ဖြစ်စေကြောင်း ဆိုလိုရင်းဖြစ်၏။

မှန်၏။ မိမိတို့ယှဉ်ပြိုင်မှု၏ အနိုင်အရှုံးတွင် အနိုင်ရသည့်ပုဂ္ဂိုလ်သည် အမှန်တကယ် အနိုင်ရမှု ဖြစ်မဖြစ်ဆိုသည်ကို ဆင်ခြင်သုံးသပ်ရန် လိုအပ်ပေ၏။ ဥပမာအားဖြင့် တစ်စုံတစ်ယောက်နှင့် ခိုက်ရန်ဖြစ်၍ တစ်ဘက်သူ ရှုံးနိမ့်ပြီး မိမိက အနိုင်ရလိုက်သည် ဆိုကြပါစို့ အနိုင်ရလိုက်သည့် မိမိမှာ အမှန်တကယ် အနိုင်ရလိုက်ခြင်း ဖြစ်မဖြစ် စဉ်းစားရန် လိုအပ်၏။ ဤသို့သော ပြိုင်ပွဲမျိုးတွင် မိမိအနိုင်ရလိုက်သည်ဟု ထင်ပါက မှားသွားနိုင်၏။ အမှန်အားဖြင့် မိမိနိုင်လိုက်ခြင်း မဟုတ်။ ရှုံးနိမ့်သွားခြင်းသာ ဖြစ်၏။ မိမိသန္တာန်၌ရှိသည့် ခန္တီတရား၊ မေတ္တာတရားများ ရှုံးနိမ့်သွားပြီး ဒေါသတရားသာ ရရှိလိုက်ခြင်းဖြစ်၏။ ဒေါသမှာ ကုသိုလ်တရားမဟုတ်၊ အကုသိုလ်တရားသာ ဖြစ်၏။ မိမိသည် ဒေါသဟူသော အကုသိုလ်ကိုသာ ရရှိလိုက်ခြင်းဖြစ်၏။ ထို့ကြောင့် ကုသိုလ်မရဘဲ အကုသိုလ်ရလိုက်ခြင်းသည် အနိုင်ရခြင်းမဟုတ်၊ ရှုံးနိမ့်သွားခြင်းသာ ဖြစ်၏။

သူတပါးကို အနိုင်ရခြင်းကဲ့သို့သော အနိုင်ရမှုမျိုးကို ဗုဒ္ဓက အားမပေးပေ။ ဗုဒ္ဓက သူတပါးကို အနိုင်ရခြင်းသည် အမှန်တကယ် အနိုင်ရခြင်း မဟုတ်၊ မိမိကိုယ်ကိုအနိုင်ရခြင်း၊ မိမိ၏သန္တာန်၌ရှိသည့် အကုသိုလ်ကိလေသာ တရားတို့ကို အပြင်မထွက်အောင် ထိန်းသိမ်းနိုင်ခြင်း၊ ချုပ်တည်းနိုင်ခြင်းသည်သာ အမှန်တကယ် အနိုင်ရခြင်းဖြစ်သည်ဟု မိန့်တော်မူ၏။

ဗုဒ္ဓလက်ထက်က အနတ္တပုစ္ဆကဟူသော ပုဏ္ဏာတစ်ဦးရှိ၏။ ပုဏ္ဏားကြီးသည် ကြွေအံကစားခြင်းဟူသော လောင်းကစားကို အမြဲပြုလုပ်လေ့ရှိ၏။ များသောအားဖြင့် အနိုင်ရသည်သာများ၏။ တစ်နေ့ ပုဏ္ဏားကြီးသည် ဘုရားရှင်ထံသို့ သွားရောက်ဖူးမြှော်၍ အကျိုးစီးပွားရှိမှု မရှိမှုနှင့်စပ်သည့် တရားစကားကို မေးလျှောက်၏ ဗုဒ္ဓက
- နေထွက်အောင်အိပ်ခြင်း
- ပျင်းရိခြင်း
- ကြမ်းကြုတ်ခက်ထန်ခြင်း
- အရက်သေစာသောက်စားမူးယဇ်ခြင်း
- အဓွန့်ရှည်သော ခရီးကို တစ်ယောက်တည်းသွားခြင်း
- သူတပါးသားမယားကို မှီဝဲခြင်း
တို့သည် အကျိုးစီးပွားမဲ့စေသည့် တရားများဖြစ်ကြောင်း မိန့်တော်မူ၏။
ယင်းတရားခြောက်းပါးကို နားကြားပြီးနောက် ပုဏ္ဏားကြီးသည် ဘုရားရှင်တို့သည် အကျိုးစီးပွားရှိသည့် တရားကိုသာ သိသည်မဟုတ်၊ အကျိုးမဲ့စေနိုင်သည့် တရားကိုလည်းသိကြောင်း ချီးကျူးပြောဆိုလေ၏။

ပုဏ္ဏားကြီး၏ အမေးကို ဖြေကြားပြီးနောက် ဗုဒ္ဓက ပုဏ္ဏားကြီးအား “ပုဏ္ဏားကြီး သင်အဘယ်အမှုဖြင့် အသက်မွေးပါသနည်း”ဟု မေး၏။ ပုဏ္ဏားကြီးက “တပည့်တော် ကြွေအံကစားသောအမှုဖြင့် အသက်မွေးပါသည်ဘုရား”ဟု လျှောက်၏။ “ကြွေအံကစားသည့်အခါ နိုင်ခြင်းဖြစ်သလော၊ ရှုံးခြင်းဖြစ်သလော”ဟု ဗုဒ္ဓက မေးတော်မူပြန်၏်။ ပုဏ္ဏားကြီးက “အရှင်ဘုရား…နိုင်ခြင်းလည်းဖြစ်ပါသည်။ တစ်ခါတစ်ရံ ရှုံးခြင်းလည်း ဖြစ်ပါသည်ဘုရား”ဟု လျှောက်၏။ ထိုအခါ ဗုဒ္ဓက “ပုဏ္ဏားကြီး…ဤသို့ နိုင်ခြင်းသည် အနည်းငယ်သာဖြစ်သည်။ သူတပါးကို အနိုင်ရသောသူ၏ အောင်မြင်ခြင်းသည် မမြတ်၊ အကြင်သူသည် ခန္ဓာကိုယ်အတွင်းမှာရှိသည့် ကိလေသာတို့ကို နိုင်ခြင်းဖြင့် မိမိကိုယ်ကို အောင်၏။ ထိုသူ၏ အောင်နိုင်ခြင်းသည်သာ မြတ်၏။ ထိုမိမိကိုယ်ကို အောင်သောသူကို တစ်စုံတစ်ယောက်သော တန်ခိုးရှင် နတ်ဗြဟ္မာတို့သော်မှလည်း ရှုံးနိမ့်အောင်ပြုခြင်းငှါ မတတ်နိုင်သည် သာတည်း” (ဓမ္မပဒ၊ အနတ္ထပုစ္ဆကဗြဟ္မဏ၀တ္ထု) ဟု ဟောကြားတော်မူ၏။

အထက်ပါ ဒေသနာတော်အရ အနိုင်အရှုံးတစ်ခုခုတွင် မိမိကိုယ်ကို အနိုင်ရခြင်း၊ မိမိ၏အတွင်း ကိလေသာတို့ကို ထိန်းချုပ်နိုင်ခြင်းသည်သာ အမြတ်ဆုံးသော အနိုင်ခြင်းဖြစ်ကြောင်း သိနိုင်၏။ ဗုဒ္ဓအလိုတော်အရ အနိုင်အရှုံးသတ်မှတ်မှုမှာ ရုပ်ပိုင်းဆိုင်ရာ အနိုင်အရှုံးကို ဆိုလိုသည်မဟုတ်။ စိတ်ပိုင်းဆိုင်ရာ အနိုင်အရှုံးကိုသာ ဆိုလိုရင်းဖြစ်ပေ၏။ သတ္တ၀ါတို့သည် များသောအားဖြင့် မိမိတို့၏ စိတ်ကိုအလိုလိုက်လေ့ ရှိကြ၏။ အာရုံနောက်သို့လိုက်၍ စိတ်ကိုလွှတ်ထားတတ်၏။ စိတ်အလိုလိုက်မှုကြောင့် ဆုံးရှုံးမှုများလည်း မရေမတွက်နိုင်အောင် ကြုံခဲ့ကြပြီးဖြစ်၏။ အာရုံကို အမှီပြု၍ လိုချင်တပ်မက်မှု လောဘတရားများလည်း တိုးပွားခဲ့ဖူးကြလေပြီ။ စိတ်ကို မထိန်းချုပ်နိုင်သဖြင့် ဒေါသတရားများနှင့်လည်း ဘ၀ကိုကျင်လည်ခဲ့ရဖူးပေပြီ။ အချို့ဆိုလျင် စိတ်ကိုအလိုလိုက်မှု စိတ်ကိုမထိန်းချုပ်နိုင်မှုကြောင့် ဤဘ၀တွင်ပင် ဒုက္ခမျိုးစုံကို ကြုံတွေ့ကြရ၏။ မိမိသန္တာန်တွင်ရှိသည့် လိုချင်တပ်မက်မှု လောဘစိတ်ကို အနိုင်မယူနိုင်၊ မထိန်းချုပ်နိုင်သဖြင့် သူတပါးပစ္စည်း ဥစ္စာများကို မတရားယူမှု အထိကျူးလွန်ကြ၏။ ဤကျူးလွန်မှုသည် ကိုယ်ကျင့်တရား ဖောက်ပြန်မှုပင်ဖြစ်၏။ ကိုယ်ကျင့်တရားပျက်သူသည် သီလမလုံခြုံသူပင်ဖြစ်၏။ သီလမလုံခြုံလျှင် ယခုဘ၀မှာပင် အရာရာကို ထိတ်လန့်ကြောက်ရွံ့ နေရတတ်၏။ သီလပျက်ဆီးမှုကြောင့် နောင်ဘ၀တွင်လည်း ဒုဂ္ဂတိဘ၀သို့ ရောက်ရတတ်၏။ လူ့ဘ၀ဟူသည့် သုဂတိဘ၀ရောက်ပြီးမှ နိမ့်ကျသော ဒုဂ္ဂတိဘ၀သို့ ရောက်သွားခြင်းသည် ဘ၀ကို ရှုံးနိမ့်သွားခြင်းသာဖြစ်၏။

ထို့အတူ မိမိသန္တာန်တွင်ရှိသည့် ဒေါသတရားကို အနိုင်မယူနိုင်သဖြင့် အရာရာကို ရှုံးနိမ့်သွားရသည့် ပုဂ္ဂိုလ်များလည်း မရေမတွက်နိုင်အောင် ရှိကြ၏။ တရားရုံး၌ အမှုရင်ဆိုင် နေကြရသည့်သူများ၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ် အပြစ်ခံနေကြရသူများကို ကြည့်လျှင် စိတ်အလိုလိုက်မှု၏ လက်တွေ့ အကျိုးရလာဘ်ကို ကောင်းစွာသိနိုင်မည် ဖြစ်၏။ ထိုသူများသည် မိမိတို့၏စိတ်ကို အနိုင်မယူနိုင်သဖြင့် အရှုံးကြီး ရှုံးနိမ့်မှုများ၏ သာဓကပင်ဖြစ်၏။ အချို့ဆိုလျှင် ဘာမဟုတ်သည့် အသေးအဖွဲကိစ္စလေးကို အကြောင်းပြု၍ ခိုက်ရန်ဖြစ်ပြီး လူသတ်မှုကို ကျူးလွန်သည်အထိဖြစ်ကာ ထောင်နန်းစံခဲ့ရ၏။ ခဏတာဖြစ်ပေါ်လာသည့် ဒေါသစိတ်ကို အနိုင်မယူနိုင်သဖြင့် ထိုဒေါသက မိမိကို အနိုင်ယူသွားခြင်းဖြစ်၏။ ဒေါသက အနိုင်ယူလိုက်သဖြင့် မိမိဘ၀ အရှုံးပေါ်ခဲ့ရ၏။ စင်စစ် ကိလေသာတရားများတွင် ဒေါသတရားသည် ကြောက်စရာအကောင်းဆုံးဖြစ်၏။ သတ္တ၀ါများကို ဒုက္ခအများဆုံး ဖြစ်ပေါ်စေသည့် တရားလည်းဖြစ်၏။ “ဒေါသော အတ္တံ နဇာနာတိ” ဟူသော စကားအတိုင်းပင် ဒေါသတရားဖြစ်လာလျှင် အကျိုးအပြစ်ကို မသိကြတော့ပေ။ ဒေါသကြောင့် အကောင်းအဆိုး၊ အမှားအမှန်ကို မခွဲခြားတတ်ကြတော့ပေ။ ထိုသို့ မခွဲခြားနိုင်သဖြင့် လုပ်မိလုပ်ရာ လုပ်လိုက်တတ်ကြ၏။ လုပ်သမျှအရာများသည်လည်း အမှားများသာ ဖြစ်နေတတ်၏။ နောက်မှ ပြန်သတိရသော်လည်း နောက်ကျသွားပေပြီ။ ပြုပြင်၍ မရနိုင်သည့်အမှားနှင့် နောင်တတရားကိုသာ ရရှိလိုက်ကြ၏။ ထို့အပြင် ဒေါသစိတ်လွန်ကဲသည့် ပုဂ္ဂိုလ်များမှာ ရုပ်အဆင်းပါ ပြောင်းလဲသွားတတ်ကြ၏။ ဒေါသစိတ်ကြောင့် မျက်နှာအမူအရာ နီမြန်းလာပြီး ဣနြေ္ဒမဲ့ဖြစ်ကာ ပတ်ဝန်းကျင်တွင်လည်း အရှက်ရတတ်၏။ ဒေါသစိတ်ကို အနိုင်မယူနိုင်သဖြင့် ဘ၀မှာ ရှုံးနိမ့်မှုများနှင့်သာ ကြုံတွေ့ကြရတတ်၏။

စင်စစ် လောက၌ အခက်ခဲဆုံးအလုပ်မှာ စိတ်ကို ထိန်းချုပ်ခြင်းပင်ဖြစ်၏။ အရာရာကို ဖန်တီးနိုင်စွမ်း ရှိသည်မှာ စိတ်ပင်ဖြစ်၏။ ဘ၀ကိုလှစေသည်မှာလည်း ဤစိတ်ကြောင့်ပင်ဖြစ်ပြီး ဘ၀ကို ပျက်စေသည်မှာလည်း ဤစိတ်ပင်ဖြစ်၏။ ထို့ကြောင့်လည်း ဗုဒ္ဓက အရာရာမှာ စိတ်သာလျှင် အဓိကကျကြောင်း ဟောထားခြင်း ဖြစ်ပေ၏။ စိတ်ကိုနိုင်လျှင် အရာရာကို အနိုင်ရသည်ဟု မိန့်တော်မူခြင်းဖြစ်ပေ၏။ ဗုဒ္ဓအလိုတော်အရ အတိတ်ကုသိုလ်ကံကြောင့် လူ့ဘ၀ကို ရရှိလာသော်လည်း လူ့ဘ၀မှ နိမ့်ကျသည့် ဘုံဘ၀သို့ ရောက်ရှိသွားလျှင် ထိုသူသည် အရှုံးသမားသာဖြစ်သည်ဟု ဆိုနိုင်၏။ ဤသို့ ရှုံးနိမ့်ရခြင်းသည် မိမိသန္တာန်တွင် ရှိသည့် မကောင်းသည့် အကုသိုလ်စိတ်များကို မထိန်းချုပ်နိုင်၍ဖြစ်၏။

အမှန်အားဖြင့် မကောင်းမှုကို အနိုင်ယူနိုင်သည်မှာ ကောင်းမှုကုသိုလ်သာဖြစ်၏။ ကောင်းမှုကုသိုလ်ဖြစ်ရန် မိမိစိတ်ကို ကောင်းသည့်အာရုံ၌ ပျော်မွေ့နိုင်အောင် ကြိုးစားရမည် ဖြစ်၏။ စိတ်ကို ကောင်းမှု၌ ပျော်နိုင်အောင် ထိန်းချုပ်ရမည် ဖြစ်၏။ လောဘဖြစ်မည့်စိတ်ကို မဖြစ်အောင်ထိန်းနိုင်ခြင်းသည် စိတ်ကို အနိုင်ရလိုက်ခြင်းဖြစ်၏။ ဒေါသဖြစ်မည့်စိတ်ကို မဖြစ်အောင် ထိန်းနိုင်ခြင်းသည် မိမိစိတ်ကို တစ်နည်းအားဖြင့် မိမိကိုယ်ကို အနိုင်ရလိုက်ခြင်းပင်ဖြစ်၏။ မနာလိုဝန်တို ဖြစ်မည့်စိတ်ကို မဖြစ်အောင် ထိန်းလိုက်ခြင်းသည် မိမိကိုယ်ကို အနိုင်ရလိုက်ခြင်း ဖြစ်၏။ အပြောလွယ်သလောက် အလုပ်ခက်ဆိုသကဲ့သို့ ဤသို့စိတ်ကို ထိန်းချုပ်နိုင်ရန်မှာ မိမိသန္တာန်တွင် မမေ့လျော့ခြင်း အပ္ပမာဒသတိတရား ရှိမှဖြစ်နိုင်ပေ၏။ သတိတရားရှိနေလျှင် စိတ်ကို ထိန်းချုပ်နိုင်ပြီး မိမိကိုယ်ကို အနိုင်ယူနိုင်မည် ဖြစ်၏။ ဤသို့သော အနိုင်ယူမှုမျိုးသည်သာ စစ်မှန်သည့် ဘုရားအလိုကျ အနိုင်ရမှု၊ သူတော်ကောင်းများ ချီးကျူးသည့် အနိုင်ရမှုမျိုး ဖြစ်ပေ၏။

ထို့ကြောင့် အရာရာကို အနိုင်ရလိုပါက သူတပါးအပေါ် အနိုင်မယူဘဲ မိမိကိုယ်ကို အနိုင်ယူနိုင်အောင်၊ မိမိသန္တာန်၌ ရှိသည့် ကိလေသာတရားများကို အပြင်မထွက်အောင် သတိတရားလက်ကိုင်ထားပြီး ထိန်းချုပ်နိုင်အောင် လေ့ကျင့်ရင်း ဘ၀မှာ ရှုံးနိမ့်မှုများမရှိရအောင် ကြိုးစားအားထုတ်နိုင်ကြစေရန် ဤစောင်းပါးဖြင့် သတိပေး တင်ပြလိုက်ရပါ၏။ အားလုံးမိမိကိုယ်ကို မိမိအနိုင်ယူနိုင်ကြပါစေ…

1 မှတ်ချက်များ (...ရေးရန်):

  • Anonymous says:
    Thursday, February 11, 2010

    that's trued saydaw... as you say, it's better not to compete with others. thank you so much phone phone


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ