ကုသိုလ်ဘာကြောင့် လုပ်ရတယ်

ဘုန်းဘုန်းလည်း မြန်မာပြည် ပြန်ရောက်ပြီးကတည်းက တရားပွဲတွေ၊ ကျောင်းဆောက်နေတဲ့ အလုပ်တွေ၊ စာကြည့်တိုက် ဆောက်နေတာတွေကြောင့် အွန်လိုင်းပေါ်ကို မတက်ဖြစ်တာ အတော်ကြာသွားပါတယ်။ နဲနဲအားလို့ အွန်လိုင်းတက်ရင်လည်း ကွန်နက် မကောင်းတဲ့အတွက် မဝင်ဖြစ်တာပဲ များနေတတ်ပါတယ်။ ခုတော့ စိတ်ရှည်ရှည်နဲ့ပဲ စောင့်ပြီးဝင်ဖြစ်သွားပါတယ်။

မြန်မာပြည်ရောက်တုန်း ဟိုကြွဒီကြွ ကြွပြီး ဟောဖြစ်ခဲ့တဲ့ တရားတွေထဲမှာ ကုသိုလ်ဘာကြောင့် လုပ်ရတယ်ဆိုတဲ့ တရားတစ်ပုဒ်ကိုတော့ အထူးပြုပြီး ဟောဖြစ်ပါတယ်။
"ကုသိုလ်ဘာကြောင့် လုပ်ရတယ်
ဘဝလှဖို့ လုပ်ရတယ်။
ကုသိုလ်မပါ ဘဝမှာ
လွန်စွာ ဆင်းရဲရတတ်တယ်။
ကုသိုလ်ရှိမှ ချမ်းသာရ
လိုရာဆန္ဒပြည့်ဝမယ်"
ဆိုတဲ့ ကဗျာလေးကို အရင်းတည်ပြီး ဟောပေးဖြစ်ပါတယ်။

ဘာဖြစ်လို့ ဒါလေးကို ပြောရတာလဲဆိုတော့ မြတ်စွာဘုရားရှင်ရဲ့ ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ ပြုပြင်ထားတဲ့ သင်္ခါရ တရားမှန်သမျှ ပျက်ဆီးခြင်းသာ အဆုံးရှိတဲ့အတွက် မမေ့မလျော့တဲ့ သတိနဲ့ နေထိုင်ကြဆိုတဲ့ အမှာစကားလေးကို မကြာမကြာ သတိပြုရင်း နာမ်ရုပ်နှစ်ပါးနဲ့ ပြုပြင်ထားတဲ့ သတ္တဝါတွေရဲ့ မမြဲခြင်းသဘောကိုပါ ဆင်ခြင်နေမိလို့ပဲ ဖြစ်ပါတယ်။

ဒီလို မမြဲခြင်း သဘောရှိနေတဲ့အတွက် ဘဝမှာ အချိန်မရွေး၊ အရွယ်မရွေး ပျက်ဆီးခြင်း သဘောတွေကလည်း ကိုယ်တွေ့ကြုံနေကြရတာ ဖြစ်ပါတယ်။ မြန်မာတွေ သတ်မှတ်ထားကြသလို ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားရှာဆိုတဲ့ ယေဘုယျ သတ်မှတ်ချက်တွေ ရှိနေကြပေမယ့် ပညာရှာရင်း ပျက်ဆီးသွားကြသူတွေ၊ ဥစ္စာရှာရင်း ပျက်ဆီးသွားကြသူတွေ၊ တရားရှာရင်း တရားမရဘဲ ပျက်ဆီးသွားကြသူတွေကလည်း နေ့စဉ်နဲ့အမျှ ရှိနေကြတာဆိုတော့ ဘုန်းဘုန်းက ဒါလေးကို ဖြည့်စွပ်ပြီး အရွယ်တိုင်းမှာ လိုအပ်တာ ကုသိုလ်တရားပါလို့ ထပ်ပြောနေဖြစ်တာ ဖြစ်ပါတယ်။

ကုသိုလ်မပါတဲ့ ဘဝဟာ မလှပနိုင်ဘဲ ဖြစ်တတ်တဲ့အတွက် ဘဝလှဖို့အတွက် အရွယ်တိုင်းမှာ ကုသိုလ်လေးတွေ တတ်နိုင်သမျှ တွဲထားကြဖို့ တိုက်တွန်းနေရခြင်း ဖြစ်ပါတယ်။ မြန်မာတွေ ပြောပြောနေတဲ့ အရွယ်သတ်မှတ်ချက်လေးတွေကို ဘုန်းဘုန်းက ဖြည့်စွပ်ပြီး

" - ပထမအရွယ်မှာ ပညာရှာ
ပညာရှာရင်း ကုသိုလ်ရှာ။
- ဒုတိယအရွယ်မှာ ဥစ္စာရှာ
ဥစ္စာရှာရင်း ကုသိုလ်ရှာ။
- တတိယအရွယ်မှာ တရားရှာ
တရားရှာရင်း တရားရှာ။"
ဆိုပြီး တိုက်တွန်း နေရခြင်း ဖြစ်ပါတယ်။

တတိယအရွယ်ကတော့ ရွေးချယ်စရာကို မရှိတော့တဲ့အတွက် တရားရှာရင်း တရားကိုပဲ ရအောင်ရှာရတော့မှာ ဖြစ်ပါတယ်။ တစ်ချို့ တရားရှာရင်း မတရား ရှာနေတာတွေ တွေ့တွေ့နေရတော့ ဒါတွေကိုလည်း တရားပဲ ရှာနိုင်အောင် ကြိုးစားကြဖို့ ပြောနေရခြင်း ဖြစ်ပါတယ်။

ထားပါတော့။ ပြောချင်တာက ဘဝဟာ အချိန်မရွေး ပျက်ဆီးနိုင်တာ ဖြစ်တဲ့အတွက် အကောင်းဆုံးအချိန်ဖြစ်တဲ့ လက်ရှိအခိုက်အတန့်လေးမှာ ဘဝလှဖို့ ကုသိုလ်ပြုကြဖို့ ပြောလိုတာ ဖြစ်ပါတယ်။ ကုသိုလ် ဘာကြောင့် လုပ်ရတာလဲ ဆိုရင် ဘဝလှဖို့ လုပ်ရတာလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ပြီးတော့ ကုသိုလ်ဆိုတာ အကုသိုလ်လိုမဟုတ်ဘဲ လုပ်ပြီးယူမှသာ ရတတ်တဲ့အတွက် ကုသိုလ်ဘာကြောင့် လုပ်ရသလဲဆိုရင် လုပ်မှရလို့ လုပ်ရတာလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘဝလှချင်တဲ့ သူတွေအနေနဲ့ အရွယ်တိုင်းမှ အလှလေးတွေ ရှိစေဖို့ ကုသိုလ်ကိုသာ လုပ်ကြစို့လို့ ဆိုရခြင်း ဖြစ်ပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ