ကိုးတိုင်း ကိုးဌာန…

Q. (၉)တိုင်း (၉)ဌာန သာသနာပြုတယ်လို့ ဖတ်ရပါတယ်။ သီဟိုဠ် သီရိလင်္ကာမှလွဲပြီး တပည့်တော် အခြားနိုင်ငံများ ကိုမရှင်းပါ။ ဘယ်နိုင်ငံတွေဖြစ်တယ်ဆိုတာ ရှင်းပြပေးပါလားဘုရား။ အရှင်ဘုရား ကျန်းမာချမ်းသာပါစေလို့  ဆုမွန်ချွေလျက်ပါဘုရား…
ကိုရင်လေး


A. ကိုရင်လေးရဲ့ အမေးအတွက် ပါရာဇိကအဋ္ဌကထာ ပထမအုပ်နှင့် အခြား တရုတ်မှတ်စု၊ အင်္ဂလိပ်မှတ်တမ်း အမျိုးမျိုးတို့နဲ့ ညှိနှိုင်းရေးသား တင်ပြထားတဲ့ ဖျာပုံတိုက်သစ်ဆရာတော် အရှင်သြဘာသာဘိဝံသရဲ့ သုတေသန အဘိဓာန်ကျမ်းကို ကိုးကား၍ သင့်လျော်သလို ဖြေကြားပေးလိုက်ပါတယ်။ ဒီအဘိဓာန်ကျမ်းတွင် သာသနာတော် ၂၃၅ခုနှစ်၊ တတိယသင်္ဂါယနာ တင်ပြီးနောက် ဗုဒ္ဓသာသနာ ပြန့်ပွားစေရေးအတွက် ကိုးတိုင်းကိုးဌာန သာသနာပြု စေလွှတ်တော်မူခဲ့တဲ့ နေရာဒေသများကို အသေးစိပ် ဖော်ပြပေးထားပါတယ်။ အဲဒီအရပ်ဒေသများကတော့

(၁) ကသ္မီရ ဂန္ဓာရတိုင်း
ဟိမ၀န္တာ၏ အနောက်မြောက်ဘက်၊ ပန်ချပ်ပြည်နယ်၏ အရှေ့မြောက်ဘက်စွန်းနှင့် စပ်လျက်ရှိသော ကသ္မီရတိုင်း၊ ယင်း၏အနောက်ဘက် သိန္ဓုမြစ် ခြားလျက်ရှိသော ဂန္ဓာရတိုင်း၊ ဤတိုင်းနှစ်တိုင်းပေါင်းလျက် အာဖဂန်နစ္စတန်ပါဝင်သည့် ဌာနများသို့ အရှင်မဇ္ဈန္တိကမထေရ် ဦးဆောင်သော အဖွဲ့ဝင်သံဃာ လေးပါးတို့ ကြွရောက်ကာ အာသီဝိသောပမသုတ္တန်ကို ဟောကြား သာသနာပြုတော်မူသည်။
(၂) မဟိံသကတိုင်း
အိန္ဒိယပြည်တောင်ပိုင်းရှိ မိုက်ဆိုနယ်၊ ယင်းနယ်၏ မြောက်ပိုင်းရှိ ချီတယ်ရ် စီရင်စု ဌာနများသို့ မဟာဒေ၀မထေရ် ဦးဆောင်သော အဖွဲ့ဝင်သံဃာတော် လေးပါးတို့ ကြွရောက်ကာ ဒေ၀ဒူတသုတ္တန်ကို ဟောကြားလျက် သာသနာပြုတော်မူသည်။
(၃) န၀ါဒါသီ(၀န၀ါသီ) တိုင်း
ဘုံဘေမြို့နယ်၏ တောင်ဘက်ပိုင်း ကာဏာရာနယ်၊ ဟိုက်ဒရဗတ်နယ်၊ အရှေ့ဘက်ပိုင်း ပြည်နယ်တို့သို့ အရှင်ရက္ခိတမထေရ် ဦးဆောင်သော အဖွဲ့ဝင်သံဃာတော် လေးပါးတို့ ကြွရောက်ကာ အနမတဂ္ဂသုတ္တန်ကို ဟောကြေားလျက် သာသနာပြုတော်မူသည်။
(၄) မဟာရဋ္ဌတိုင်း
ဘုံဘေနယ် အလယ်ပိုင်း ပူနားမြို့စသော နယ်များသို့ အရှင်မဟာဓမ္မရက္ခိတမထေရ် ဦးဆောင်သော အဖွဲ့ဝင် သံဃာလေးပါးတို့ ကြွရောက်ကာ မဟာနာရဒကဿပဇာတ်တော်ကို ဟောကြားလျက် သာသနာပြုတော်မူသည်။
(၅) အပရန္တတိုင်း
မလ၀ါနယ် အနောက်တောင်ဘက် နရဗဒ္ဓခေါ် နမ္မဒါမြစ်၊ သစ္စဗန္ဓတောင်၊ သုပ္ပရကသင်္ဘောဆိပ်၊ ၀ါဏိဇ္ဇဂါမ စသည့် အရပ်တို့သို့ အရှင်ဓမ္မရက္ခိတမထေရ် ဦးဆောင်သော အဖွဲ့ဝင်သံဃာလေးတို့ ကြွရောက်ကာ အဂ္ဂိခန္ဓောပမသုတ္တန်ကို ဟောကြားတော်မူ၍ သာသနာပြုတော်မူသည်။
(၆) ယောနကတိုင်း
အိန္ဒိယပြည်၏ အပြင်ဘက် ပါရှား၊ တူရကီ၊ ဂရိ၊ အီတလီတို့ တည်ရှိရာ ရှေးအမည် သာကလတိုင်းဟု အမည်ရသည့် အရပ်တို့သို့ အရှင်မဟာရက္ခိတမထေရ် ဦးဆောင်သော အဖွဲ့ဝင် သံဃာလေးပါးတို့ ကြွရောက်ကာ ကာဠကာရာမသုတ္တန်ကို ဟောကြားလျက် သာသနာပြုတော်မူသည်။
(၇) ဟိမ၀န္တာတိုင်း (စိနရဋ္ဌခေါ် စိန့်တိုင်း ၅ရပ်)
ဟိမ၀န္တာ၏ အရှေ့ဘက်အရပ်နှင့် မြောက်ဘက်အရပ်ရှိ ခိုတန်၊ ဘူတန်၊ ယရကန်၊ တိဘက်၊ တရုတ်ပြည်တို့သို့ အရှင်မဇ္ဈိမမထေရ် ဦးဆောင်သော အဖွဲ့ဝင် သံဃာတော်လေးပါးတို့ ကြွရောက်ကာ ဓမ္မစက္ကပ၀တ္တနသုတ္တန်ကို ဟောကြား၍ သာသနာပြုတော်မူသည်။
(၈) သုဝဏ္ဏဘူမိတိုင်း
စိန့်တိုင်းကြီး၏ တောင်ဘက် ရှမ်း၊ မြန်မာ၊ မွန်၊ ကရင်၊ ကချင်၊ ကယား၊ ယွန်းယိုးဒယား၊ ကမ္ဘောဒီယား၊ လာအိုစသော လူမျိုးတို့နေထိုင်ရာ အရပ်တို့သို့ အရှင်သောမဏထေရ်၊ အရှင်ဥတ္တရထေရ် ဦးဆောင်သော အဖွဲ့ဝင် သံဃာသုံးပါးတို့ ကြွရောက်ကာ ဗြဟ္မဇာလသုတ္တန်ကို ဟောကြားလျက် သာသနာပြုတော်မူသည်။ ဤနေရာတွင် သုဝဏ္ဏဘူမိအရပ်နှင့် ပတ်သက်၍ မြန်မာတို့က မွန်ပြည်နယ် သထုံမြို့ကို သုဝဏ္ဏဘူမိဟု ယူဆကြပြီး အိန္ဒယကျောက်စာဌာနကမူ စုမတြာကျွန်းကို သုဝဏ္ဏဘူမိဟု ယူဆကြသည်။
(၉) တမ္ပဒီပတိုင်း
ယခုအခါ သီရိလင်္ကာဟုခေါ်ဆိုကြသည့် သီဟိုဠ်ကျွန်းသို့ အရှင်မဟာမဟန္ဒမထေရ် ဦးဆောင်သော သံဃာတော်များ ကြွရောက်ကာ စူဠဟတ္ထိပဒေါပမသုတ္တန်ကို ဟောကြား၍ သာသနာပြုတော်မူသည်။

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ