အစွယ်ထောင်လျှင် အပါယ်ဘောင်သို့…

တစ်ပိုင်းကြောင် ကျက်စာရရုံနှင့် ခက်ပါလှ သဘောဉာဏ်
ထက်မာန အပြောသန်တယ်၊ ဒေါသမာန်ထူပွား။
စောဒကတုဖက်လာလျှင် သူ့ထက်ငါ ငြင်းတဲ့လူစား။
ဘုရားဟော မြတ်ဓမ္မက္ခခန်ကို တတ်လေဟန်ယောင်ဝါး။
ပရမတ်ပြန် အကြောင်သမားတွေတို့ ထောင်လွှားကြ သူ့ထက်ငါ။
အသိဉာဏ်တစ်ထွာလောက်ကယ်နှင့် ညှာမထောက် ဟောတတ်လှပါ။
ပရိတ်သတ် ထောမနာအောင် စောဒနာဉာဏ် အထောက်တွေနှင့်
ကန်အကြောက် အတင်းမရှောင် ငြင်းကြလူ့ဘောင်။
ပိဋကတ်အစွယ်ထောင်လျှင်၊ အပါယ်ဘောင် ဆင်းရလိမ့်လေး။
(လယ်တီဆရာတော်ဘုရားကြီး)

လယ်တီဆရာတော်ဘုရားကြီး၏ အထပ်ပါ တေးထပ်လင်္ကာကို ငယ်ငယ်စာသင်သား ဘ၀မှစပြီး ယခုတိုင် အလွတ်ရနေ၏။ စာသင်းသားဘ၀တွင် စာမေးပွဲအတွက် ကျက်ရခြင်း ဖြစ်သဖြင့် အဓိပ္ပါယ်လေးနက်မှုကို ကောင်းစွာသဘော မပေါက်ခဲ့သော်လည်း ယခုအချိန် ပြန်သတိရ ဆင်ခြင်မိသည့် အခါတွင်ကား အဓိပ္ပါယ် ဆိုလိုရင်း လေးနက်မှုရှိသည့်အပြင် ယခုခေတ် အခြေအနေနှင့် ပိုမိုကိုက်ညီနေသည်ကို သတိထားမိ၏။ ယနေ့ခေတ်သည် ဆုတ်ကပ်ခေတ်ဖြစ်သဖြင့် သတ္တ၀ါတို့၏ သဒ္ဓါတရား၊ ပညာတရား၊ ၀ိရိယတရားများလည်း အားနည်း ဆုတ်ယုတ်လာနေ၏။ ယင်းတရားများအစား မောဟတရား၊ မာနတရား၊ ဒေါသအာဃာတ တရားများက ၀င်ရောက်လွှမ်းမိုးထား၏။ ထို့ကြောင့် သတ္တ၀ါတို့သည် မိမိတို့၏ အနည်းငယ် သိရှိမှုအပေါ် မာန်မာနတက်ကာ အရာရာသိနေသကဲ့သို့ နားထင်သွေးရောက် နေကြပေ၏။ ထိုအထဲတွင် ပရိယတ်သမားများ ပါရှိသကဲ့သို့ ပဋိပတ်သမားများလည်း ပါဝင်၏။ ခေတ်စကားနှင့် ပြောရလျှင် စာသမားနှင့် ရိပ်သာသမားများပင် ဖြစ်၏။ စာဖတ်များသည့် ပုဂ္ဂိုလ်များက စာအသိမျှနှင့် မိမိကိုယ်ကို ပိဋကတ်ဆောင်အဖြစ် အထင်ကြီး နေကြသကဲ့သို့ ရိပ်သာသမားများကလည်း ရိပ်သာအသွားများရုံမျှနှင့် မိမိကိုယ်ကို အရိယာအဖြစ် အထင်ပစ်နေကြတော့၏။ ဤသို့သာ ထင်တစ်လုံးဖြင့် ပြင်မဆုံးအောင် တစ်ထောင်ထောင် ဖြစ်နေကြလျှင် လယ်တီဆရာတော်ကြီး မိန့်တော်မူသကဲ့သို့ အပါယ်ဘောင်သာ ဆင်းရမည့်အနေအထား ဖြစ်နေပေ၏။


“သဗ္ဗညုတဉာဏ်ကို မရသေးသမျှ သတ္တ၀ါတွေဟာ အားလုံးအရူးတွေပဲ” ဟု မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး ဆုံးမတော်မူသကဲ့သို့ပင် အမှန်သစ္စာကိုသိပြီး အရိယာမဖြစ်သေးသမျှ အားလုံးကိလေသာနွံတွင် နစ်နေတတ်ပြီး အပြစ်တွေနှင့်အတူ အရူးသဖွယ်သာ ဖြစ်နေတတ်၏။ မိမိကိုယ်ကို အသိဝင်ပြီး သတိပြု ဆင်ခြင်နိုင်မှသာ အမှားနည်းနိုင်မည် ဖြစ်သဖြင့် မိမိသိသည့် အနည်းငယ်အပေါ်တွင် အဟုတ်ထင်ပြီး မရှုတ်မိကြရန် လိုအပ်လှ၏။ “ငါသိသည်၊ ငါတတ်သည်၊ ငါတော်သည်“ စသည့် ငါစွဲမာနများဖြင့် မိမိကိုယ်ကိုမိမိ နားထင်သွေးမရောက်စေရန် သတိဆောင်သင့်လှ၏။ မိမိသည် သဗ္ဗုညုတဉာဏ်ရှင် မဖြစ်သေးသမျှ သို့မဟုတ် သစ္စာလေးပါးကို သိသည့်အရိယာ အဖြစ်သို့ မရောက်သေးသမျှ မိမိသိသည်ဟူသည့် အရာများမှာ လွဲနေနိုင်သေးသည်ကို သတိပြု ဆင်ခြင်သင့်လှ၏။ သတ္တ၀ါများအား ဒုက္ခအပေးဆုံးအရာကား အစအဆုံးမသိဘဲ ဟိုမရောက် ဒီမရောက် အနည်းငယ်မျှသာ သိသည်ဟူသည့် အရာပင်ဖြစ်ကြောင်း မှတ်သားဖူးကြမည် ဖြစ်၏။ အနည်းငယ်သာ သိသည်ကို အများကြီးသိသည်ဟူ၍ မာန်မာန၀င်ကာ မိမိကိုယ်ကို အထင်ကြီးနေလျှင် မိမိသန္တာန်တွင်လည်း နောက်ထပ်အသိတရားများ တိုးလာနိုင်မည် မဟုတ်ဘဲ သူတစ်ပါးများအပေါ်တွင်ပါ အထင်သေးနှိမ့်ချမှုများ တိုးလာတတ်သဖြင့် မမေ့မလျော့ကြရန် တိုက်တွန်းကြခြင်း ဖြစ်၏။ အကယ်၍ သတိမဆောင် မာနထောင်ကာ အနည်းငယ်သိရှိမှုအပေါ် တစ်လွဲအထင်ကြီးမိပါက အမှန်လမ်းပျောက်ပြီး အမှားလမ်းလျှောက်မိသဖြင့် အပါယ်အထိပင် ကျရောက်စေတတ်သည်ကို အမြဲနှလုံးသွားထားရန်လိုကြောင်း ဆုံးမတော်မူခြင်း ဖြစ်၏။

မည်သို့ပင်ဆိုစေ အသိနောက်ကို အကျင့်လိုက်ရန် အထူးလိုအပ်လှ၏။ သိပြီး မကျင့်လျှင်ကား မိမိသိထားသမျှသည် အချည်းနှီးသာ ဖြစ်၏။ စာတတ်ပေတတ် ကျမ်းဂန်တတ်လည်း လက်တွေ့ကျင့်ကြံ အားထုတ်နိုင်မှသာ အမှန်လမ်းကို ရောက်နိုင်သကဲ့သို့ လက်တွေ့ အားထုတ်သူသည်လည်း မှန်ကန်သည့်အားထုတ်မှုဖြင့် လမ်းဆုံးအထိ သွားနိုင်မှသာ အကျိုးသက်ရောက်မှု ရှိနိုင်၏။ ပရိယတ်ဆောင်ဖြစ်စေ၊ ပဋိပတ်ဆောင်ဖြစ်စေ မည်သူမဆို အသိရော အကျင့်ပါ ရှိရန်လိုအပ်ပေ၏။ ဟိုမရောက်ဒီမရောက် အနည်းငယ်သာ သိရှိပြီး စာတတ်လည်းမဟုတ်၊ အကျင့်မြတ်လည်း မဟုတ်လျှင်ကား မိမိတို့၏ စာအသိ၊ အကျင့်အသိအနည်းငယ် အပေါ်တွင် မာန၀င်ကာ တစ်လွဲမြင်တတ်ပေ၏။ ထိုသို့ တစ်ပိုင်းတစ်စ အသိမျှဖြင့် စာနှင့်အကျင့်ဟူသော ပိဋကတ်အပေါ် အသိဉာဏ်ချော်ပါလျှင် အခေါ်အဝေါ်မှအစ အတော်ဟန် မကျလှသည်ကို သတိပြုသင့်ပေ၏။

ဗုဒ္ဓလက်ထက်က ပရိယတ်ဆောင် အရှင်နှင့် ပဋိပတ်ဆောင် အရှင်တို့ရှိခဲ့ဖူးရာ ပရိယတ်ဆောင် အရှင်သည် စာသမားဖြစ်သဖြင့် စာနှင့်သာ အချိန်ကုန်နေပြီး အကျင့်ပိုင်းတွင် အားမထုတ်ဖြစ်ဘဲ လွဲမှားနေခဲ့ဖူး၏။ ပဋိပတ်ဆောင် အရှင်သည်ကား အကျင့်ပိုင်းတွင် အမှန်လမ်းကြောင်းဖြင့် အဆုံးတိုင်အောင် သွားခဲ့သဖြင့် ခရီးပေါက်ခဲ့၏။ ထိုနှစ်ပါးအနက် မြတ်စွာဘုရားရှင်သည် ပိဋကတ် အစွယ်ထောင်ခဲ့သည့် ပရိယတ်အရှင်ကို ကဲ့ရဲ့တော်မူခဲ့ပြီး ပိဋကတ် အစွယ်မထောင်ဘဲ အကျင့်မှန်ကိုသာ မှန်လမ်းကြောင်းဖြင့် ခရီးပေါက်အောင် ကျင့်တော်မူခဲ့သည့် ပဋိပတ်ဆောင် အရှင်ကိုကား ချီးကျူးသာဓု ခေါ်တော်မူခဲ့၏။ မြတ်စွာဘုရားရှင်က
“နွားရှင်တို့အား နွားတို့ကို ရေတွက်အပ်နှင်းလိုက်ရသော နွားကျောင်းသားသည် နွားနို့အရသာကို မခံစားလိုက်ရသကဲ့သို့ နိဗ္ဗာန်ရောက်သည်အထိ အကျိုးစီးပွားနှင့်စပ်သော ပိဋကတ်သုံးပုံဟူသော ဘုရားစကားတော်ကို များစွာဟောပြောနေသော်လည်း မကျင့်မကြံ မေ့လျော့ပေါ့တန် နေသူသည် ပြုထိုက်သည်ကို ပြုသည်မမည်။ မဂ်ဖိုလ်အရသာကို မခံစားရ။” “နိဗ္ဗာန်ရောက်သည်အထိ အကျိုးစီးပွားနှင့်စပ်သော ပိဋကတ်သုံးပုံတည်းဟူသော ဘုရားစကားတော်ကို အနည်းငယ်မျှပင် ဟောပြောနေပါသော်လည်း တရားအားလျှော်သော အကျင့်ကို ကျင့်လေ့ရှိသူ ဖြစ်ခဲ့မူကား ရာဂ၊ဒေါသ၊မောဟကို ပယ်ပြီးလျှင် ကောင်းစွာအပြားအားဖြင့် သိသည်ဖြစ်၍ ဤလောက၌ လည်းကောင်း၊ တမလွန်လောက၌ လည်းကောင်း စွဲလန်းမှု မရှိတော့ပြီ။ ထိုသူသည်သာ မဂ်ဖိုလ်အရသာကို ခံစားရ၏။” (ဓမ္မပဒ၊ ဒွေသဟာယက ဘိက္ခုဝတ္ထု) ဟု မိန့်တော်မူ၏။

ဘုရားရှင်၏ အထက်ပါ မိန့်ဆိုချက်တွင် ပိဋကတ်အစွယ် မထောင်ကြရန်နှင့် အသိနောက် အကျင့်လိုက်ကြရန် မိန့်တော်မူလိုရင်း ဖြစ်၏။ အကျင့်ကျင့်ရာတွင်လည်း တစ်ပိုင်းတစ်စမဟုတ်ဘဲ အမှန်လမ်းဖြင့် အဆုံးထိအောင် လိုက်နာကျင့်ကြံကာ မဂ်ဖိုလ်ရသည်အထိသွားရန် ဆိုလိုရင်းဖြစ်၏။ စင်စစ် စာပေအားသန်သူဖြစ်စေ၊ အကျင့်အားသန်သူဖြစ်စေ မာနမထောင်ကြဘဲ တိတ်ဆိတ်ငြိမ်သက်စွာ ခရီးဆုံးအောင် အမှန်လမ်းသို့ လျှောက်လှမ်းကြရန်သာ လိုရင်းဖြစ်ပါ၏။ အသိနှင့်အကျင့်ကို အကျိုးရှိအောင် အသုံးချရန်သာ ဖြစ်ပါ၏။ ထိုသို့မဟုတ်ဘဲ စာသမားသည်လည်း မိမိသိသမျှ အနည်းငယ်ကို ကိုင်စွဲ၍လည်းကောင်း၊ အကျင့်သမားသည်လည်း မိမိကျင့်သည့် အနည်းကို ကိုင်စွဲ၍လည်းကောင်း ဟောပြောပို့ချ ငြင်းခုံကြလျှင် အကျိုးမပြီး အချည်းနှီးဖြင့် နိဗ္ဗာန်နှင့်ဝေးကာ အပါယ်ဘေးသာ ရွေးနေသကဲ့သို့ ဖြစ်နေတတ်ပါ၏။ ထို့ကြောင့်လည်း အသိနှင့်အကျင့် တစ်ထပ်တည်းကျပါစေဟု ဆိုကြခြင်း ဖြစ်ပေ၏။

စာရေးသူတို့ ငယ်စဉ် စာသင်သားဘ၀က ဆွမ်းခံကြွသည့် အိမ်တစ်အိမ်တွင် ဒကာကြီး တစ်ယောက်ကို အထူးသတိပြုခဲ့ဖူး၏။ သတိပြုသည်ဆိုသည်ထက် သူနှင့်မတွေ့အောင် ရှောင်ခဲ့ခြင်းဆိုက ပိုမှန်မည်ဖြစ်၏။ ထိုဒကာကြီးသည် ပညာတတ်၊ စာတတ်ပေတတ် ဖြစ်ပေ၏။ သို့သော် ပညာအားကောင်းပြီး သဒ္ဓါအားနည်းသူ ဖြစ်နိုင်၏။ အိမ်ဆွမ်းခံကြွသည့် စာသင်သားငယ်လေးများကို ရှိခိုးခြင်းမရှိ ဆွမ်းလောင်းခြင်း မရှိသည့်အပြင် သူသိသမျှ ပိဋကတ်များ၊ လောကီစာပေများဖြင့်သာ စာရေးသူတို့ကဲ့သို့ စာပေသင်ကြားစဲ စာသင်သားငယ်များအား မေးခွန်းပေါင်း မြောက်မြားစွာကို မေးလေ့ရှိ၏။ သူ့စိတ်တွင် မည်သည့်ရည်ရွယ်ချက် ရှိသည်ကို မသိနိုင်သော်လည်း စာရေးသူတို့ စာသင်းသားငယ်များကား တဖြည်းဖြည်း သူ့ကိုကြောက်လာ၏။ သူနှင့်မတွေ့ရအောင် ရှောင်နေမိကြ၏။ လေ့လာသင်ယူခါစ စာသင်ငယ်များအတွက် သူ့မေးခွန်းများသည် ခြိမ်းခြောက်သကဲ့သို့ ဖြစ်နေ၏။ နောက်ပိုင်းတွင် ထိုဒကာကြီးကို ကြောက်သဖြင့် ၎င်းအိမ်သို့ ဆွမ်းခံပင် မကြွဖြစ်တော့ပေ။ ယခု ပြန်စဉ်းစားမိသည့်အခါ ဒကာကြီးသည် စာတတ်ပေတတ် ကျမ်းဂန်တတ်သော်လည်း ကျင့်ကြံအားထုတ်မှုအပိုင်း မရှိသည်ကို စဉ်းစားမိ၏။ သိပြီးအကျင့်မပါလျှင် သဒ္ဓါတရားပါ ခေါင်းပါးသွားတတ်၏။ သဒ္ဓါခေါင်းပါးပြီး ပညာအားကောင်းလျှင် စဉ်းလဲကောက်ကျစ်တတ်၏ဟု ဆိုသကဲ့သို့ပင် ထိုဒကာကြီးသည် တစ်ပါးသူများအပေါ်တွင် ပညာအမျိုးမျိုးစမ်းကာ ဒုက္ခပေးတတ်ကြောင်းကို ယခုအချိန်တွင် ကောင်းစွာသဘော ပေါက်ခဲ့မိတော့၏။

တစ်ခါ ဒကာမကြီး တစ်ယောက်ကိုလည်း ကြုံဖူးပါ၏။ ဒကာမကြီးသည် ရိပ်သာတရားစခန်းများကို အမြဲမပြတ်ဝင်နေသူ ဖြစ်၏။ စာသင်သားဘ၀ စာရေးသူကိုတွေ့တိုင်း ရိပ်သာဝင်ရန်သာ ပြောပြောနေတတ်၏။ တစ်ခါတစ်ရံ ဒကာမကြီးက “အရှင်ဘုရား စာတွေကြီးပဲ သင်မနေနဲ့ တရားလည်းအားထုတ်ဦး အရှင်ဘုရားတို့ စာဘယ်လောက်ပဲတတ်တတ် တရားအားမထုတ်ရင် အလကားပဲ…” စသည်ဖြင့် ပြောတတ်၏။ ဒကာမကြီးစကားသည် မှန်ပါ၏။ စာလည်းတတ် အကျင့်ပါမြတ်လျှင်ကား အထူးပြောစရာမရှိ ပြည့်စုံနေပါ၏။ သို့သော် ထိုစကားပြောသော ဒကာမကြီးကိုယ်တိုင်ကား “ရိပ်သာသာ ၀င်နေသော်လည်း အိမ်ပြန်ရောက်လျှင်ကား အပြောကြမ်း၊ နှုတ်ကြမ်းဖြင့် အမူအရာက နူးညံ့မှုမရှိကြောင်း၊ ရိပ်သာသွားတာလည်း သွားတာပဲ ရှိပြီး ပြန်လာလျှင် ဘယ်ယောဂီက ဘယ်လို၊ ဘယ်ဆရာတော်က ဘယ်လို၊ ဘယ်ဓမ္မကထိကက ဘယ်လို၊ ဘယ်ကိုယ်တော်က ဘယ်လိုအသံကောင်းတာ၊ ဘယ်ကိုယ်တော်က အနေအထိုင် ဘယ်လိုဖြစ်တာ စသည်ဖြင့် အတင်းပေါင်းစုံကိုသာ ပြောနေတတ်ကြောင်း” မိသားစုဝင်များက စာရေးသူကို ပြန်ပြောပြ၏။ သို့ဆိုလျှင် အကျင့်အားသန်သည့် ထိုဒကာမကြီးသည် အနည်းငယ် လွဲနေပေ၏။ အကျင့်ကို ပညာသိဖြင့် သိနေမှုမှ အနည်းငယ် သွေဖီနေ၏။ လက်တွေ့ကျင့်ကြံမှုသည် အလွန်အရေးပါသော်လည်း ထိုကျင့်ကြံမှုကို အမှန်လမ်းကြောင်းဖြင့် ခရီးဆုံးအောင် မသွားနိုင်လျှင် ဟိုမရောက်ဒီမရောက် ဖြစ်နေတတ်၏။ ရိပ်သာမသွားခင် အမူအကျင့်များနှင့် ရိပ်သာမှပြန်လာသည့် အမူအကျင့်များသည် ကွာခြားနူးညံ့နေသင့်သော်လည်း ဒကာမကြီးကား ဒုံရင်းဒုံရင်းသာ ဖြစ်နေသည့်အပြင် မိမိ၏အနည်းငယ်သိမှုကို အားလုံးသိနေသယောင် မာန်ထောင်နေသကဲ့သို့ ရှိပေ၏။ ထိုသို့ အနည်းငယ်သိမှုများဖြင့်သာ ပဋိပတ်အကျင့် မာန်ထောင်နေလျှင် အပါယ်ဘောင်ကို ရှောင်နိုင်ရန်မှာ ခက်ခဲနိုင်ပေ၏။

အချုပ်ဆိုရသော် သညာသိနှင့် ပညာသိ၊ သို့မဟုတ် စာအသိနှင့် အကျင့်အသိ၊ သို့မဟုတ် လေ့လာသိနှင့် ကျင့်ကြံသိများသည် နည်းမှန်လမ်းမှန်ဖြင့် သိထားရန် လိုအပ်၏။ ပိဋကတ်စာပေနှင့် လောကီပညာရပ်များကို ကောင်းစွာသိရှိနေရုံမျှဖြင့် မလုံလောက်ဘဲ ထိုအသိနောက်ကို အကျင့်ပါလိုက်ရန် လိုအပ်လှ၏။ အကျင့်အားသန်သဖြင့် အကျင့်ကိုသာ ကြိုးစားအားထုတ်ရာတွင်လည်း နည်းမှန်လမ်းမှန်ဖြင့် အကျင့်မှန်ရန် လိုအပ်လှ၏။ တစ်ပိုင်းတစ်စ အကျင့်မျှဖြင့် မှန်ပြီဟု ယူဆကာ အဟုတ်မထင်ရန် သတိပြု ဆင်ခြင်သင့်လှ၏။ ထိုသို့ မဟုတ်လျှင် စာသမားလည်း အကျင့်မပါလျှင် မာန်ထောင်မိတတ်သကဲ့သို့ အကျင့်သမားသည်လည်း စာအသိမရှိ၊ အကျင့်မမှန်လျှင် အဆုံးမရောက်ဘဲ တလွဲမာန ၀င်တတ်လှ၏။ ထိုသို့ အသိရောအကျင့်ပါ အနည်းငယ် သိကျင့်သည်လေးများဖြင့် အဟုတ်ထင်ကာ မာန၀င်မိပါက အမှန်မနီး အချည်းနှီးဖြင့် ဆင်းရဲအတိ ဖြစ်ကာ အပါယ်အထိပင် သက်ဆင်းနိုင်တတ်ပေ၏။ ထို့ကြောင့် ပိဋကတ်အစွယ် မထောင်ဘဲ အပါယ်ဘောင်မှ ရှောင်နိုင်ကြစေရန် အသိနှင့်အကျင့် ထပ်တူဆင့်ရန် ကျင့်ကြံအပ်ပါကြောင်း…

1 မှတ်ချက်များ (...ရေးရန်):

  • ထိပ်ထား says:
    Tuesday, February 16, 2010

    မွန်မြတ်လှတဲ့ စေတနာနဲ့  သင့်လျော်လှတဲ့ သတိပေးလေးစာလေးကို လာဖတ်သွားပါတယ်ဘုရား... ကျန်းမာစွာဖြင့် သာသနာ့အကျိုး သယ်ပိုးနိုင်ပါစေ ဘုရား....


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ