မြန်မာပြည်မှ အပြန်…

မြန်မာပြည်ကနေ တစ်ခေါက် ပြန် ရောက်လာခဲ့ ပြန်ပါပြီ။ ခရီးထွက် တိုင်း ခရီးသွား မှတ်တမ်းအဖြစ် ပြန်လည် ဖောက်သည် ချနေကျ ဆိုတော့ အခုတစ်ခေါက် မြန်မာ ပြည် ကြွပြီး ပြန်လာတဲ့ အခါမှာ လည်း တစ်ခါပြန် ဖောက်သည်ချ ဖြစ်ခဲ့တယ် ဆိုပါတော့။ ၂၀၁၀၊ ၁၁လပိုင်း ၁၁ရက်နေ့ကနေ ၂၀၁၁၊ ၁လပိုင်း ၃၀ရက်နေ့အထိ ပြန်သွား ခဲ့တဲ့ မြန်မာပြည် ခရီးစဉ်မှာ ထင်ထားတာထက်ကိုပိုပြီး အလုပ် များခဲ့ပါတယ်။ အလုပ်များသလောက် အကျိုးလည်း အများကြီး ဖြစ်ခဲ့တယ်လို့ ခံယူမိခဲ့ပါတယ်။ ပထမအစီအစဉ်က မြန်မာပြည်ကို ၂၀၁၀၊ ၁၁လပိုင်း ၅ရက်နေ့မှာ ပြန်ဖို့ပါ။ ဒါပေမယ့် ၁၁လပိုင်း ၇ရက်နေ့မှာ အထွေထွေ ရွေးကောက်ပွဲကြီးက ရှိနေတော့ အခြေအနေအရ တစ်ချို့က ရွေးကောက်ပွဲပြီးမှ ပြန်ဖို့အကြံပြုကြတာနဲ့ ရွေးကောက်ပွဲအပြီး ၁၁လပိုင်း ၁၁ရက်နေ့မှ ပြန်ကြွသွားဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲအပြီး ပြန်တော့လည်း ရွေးကောက်ပွဲအပြီး အရှုပ်အရှင်း သတင်းတွေတော့ ကြားခဲ့ရတာပေါ့။ ဒါကတော့ အားလုံးလည်း ကြားသိပြီးသားဆိုတော့ ထားလိုက်ပါတော့။ ဘုန်းဘုန်းရဲ့ ဖြတ်သန်းခဲ့မှု အကြောင်းပဲ ပြောကြတာပေါ့။

မြန်မာပြည် ပြန်ရောက်ရောက်ချင်း အရင်ဆုံး လုပ်ဖြစ်ခဲ့တာကတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းမှာ လုပ်ဖြစ်ခဲ့တဲ့ ဘုန်းဘုန်းရဲ့ သီရိဗုဒ္ဓဟူး ဝတ်အသင်းနဲ့အတူ ဘုရားကျောင်းကန် သန့်ရှင်းရေး ဝေယျာဝစ္စအလုပ်နဲ့ သူတို့အဖွဲ့အတွက် ဗုဒ္ဓဟူးနေ့ မနက်တိုင်း ကျွေးနေကျ အဟာရ အလှူပဲဖြစ်ပါတယ်။ ပြီးတော့ ဗုဒ္ဓဟူးနေ့တိုင်း ညစဉ် (၇)နာရီမှာ ပို့ချပေးဖြစ်ခဲ့တဲ့ ဓမ္မသင်တန်း ဟောပြောပို့ချက်ချက် အလှူကလည်း ကလေးဆေးရုံ ဝန်ထမ်းများနဲ့ သူနာပြု ဆရာမများအတွက် တကယ့်ကို ဓမ္မအနှစ်သာရများ ဖြန့်ဝေဖြစ်ခဲ့တဲ့ အမြတ်ဆုံး ဓမ္မအလှူတစ်ခု ဖြစ်ခဲ့ပါတယ်။ ဘုရားဟော အနှစ်သာရ ဓမ္မပဒဒေသနာတော်ကို ပါဠိ၊ မြန်မာ၊ အင်္ဂလိပ် သုံးဘာသာနဲ့ အကျယ်တဝင့်ပို့ချရင်း ဗုဒ္ဓဘာသာဝင်တို့ သိသင့်သိထိုက်၊ ဆောင်သင့်ဆောင်ထိုက်၊ ရှောင်သင့်ရှောင်ထိုက်တဲ့ ရှောင်ရန်ဆောင်ရန် အချက်အလက်များကိုလည်း အလျဉ်းသင့်သလို ထပ်ဆင့်အသိမျှဝေ ပေးဖြစ်ခဲ့ခြင်း ဖြစ်တဲ့အတွက် ကိုရီးယားကို ပြန်ကြွမယ့် နောက်ဆုံးပတ် ဗုဒ္ဓဟူးနေ့အထိ သင်တန်းတက်ရောက်လာသူများဟာ မလျော့ဘဲ ပိုပိုလို့သာ တိုးနေခဲ့ပါတယ်။ တစ်ချို့ဆို နောက်ဆုံးပတ် ဗုဒ္ဓဟူးနေ့မှာ နှမျောလွန်းလွန်းလို့ ငိုတောင်ငိုကြတယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့အတွက် ဓမ္မအနှစ်သာရ တစ်လုံးတစ်ပါဒ အသိရသွားရင်ကိုပဲ ဘုန်းဘုန်းရဲ့နှလုံးသားမှာ ပီတိဖုံးပြီးသားပဲ ဖြစ်ပါတယ်။ တရားဟောရတဲ့ ဓမ္မဒေသနာကုသိုလ်နဲ့ တရားနာရတဲ့ ဓမ္မဿဝနကုသိုလ်ကတော့ ကုသိုလ်တွေထဲမှာ အနှိုင်းမဲ့ ကုသိုလ်ဆိုတာ လက်တွေ့ဟောကြနာကြရတဲ့ သူတွေသာ အသိဆုံးပဲ ဖြစ်ပါတယ်။

နောက်ထပ်ဓမ္မအလှူ တစ်ခုကတော့ အွန်လိုင်းမှာ ဘုန်းဘုန်းရေးခဲ့တဲ့ တရားဆောင်းပါးများကို စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေကာ စာအုပ်ဖတ်မှ အားရတတ်တဲ့ တရားချစ်ခင် သူတော်စင်တို့အတွက် စာအုပ်အလှူ ပေးလှူဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။ ရေးသမျှ ဓမ္မရသများကို တွေးမိသမျှ အတွေးများနဲ့ ရေးသားတင်ပြထားခဲ့တဲ့ ဒီစာစဉ်များဟာလည်း ဖတ်ရသူများကို အသိတစ်ခုနဲ့ အကျင့်တစ်ခုခုကို ဖြစ်စေခဲ့တယ်လို့ ဆိုကြပါတယ်။ တစ်ချို့က ဒီလိုဓမ္မအနှစ်သာရများ ပြန်ပွားစေဖို့ ဓမ္မစာစဉ်ပြန့်ပွားရေး အစီအစဉ်တစ်ခု လုပ်သင့်ကြောင်း အကြံပြုလျှောက်ထား လာတာတွေလည်း ရှိပါတယ်။ ဒီလို အသံတွေကြောင့်လည်း အခုတော့ မနာပဒါယီ ဓမ္မစာပေပြန့်ပွားရေး အလှူတော်ငွေများအဖြစ် စုပေါင်းကာ မနာပဒါယီ စာစဉ်များ စဉ်ဆက်မပြတ် ထုတ်ဝေဖြန့်ချိနိုင်အောင် စီစဉ်ဖန်တီး တည်ထောင်ဖြစ်ခဲ့ပါတယ်။ မတည်အလှူရှင်များနဲ့ တစ်နိုင်တစ်ပိုင် အလှူရှင်များကြောင့် ဒီ မနာပဒါယီ ဓမ္မစာပေ ပြန့်ပွားရေး အလှူတော်ဟာလည်း အတိုင်းအတာ တစ်ခုအထိ ခရီးရောက်ခဲ့ပါတယ်။

ဘုန်းဘုန်းရဲ့ မြန်မာပြည် ခရီးစဉ်မှာ တခြားအလှူတွေထက် ဘုန်းဘုန်းရဲ့ နှလုံးသားကို ပီတုံးဖုံးစေခဲ့တာကတော့ ဘုန်းဘုန်းရဲ့ ဇာတိရွာမှာ တရားပွဲကျင်းပပြီး ကိုယ်ပိုင်ရသမျှ ဓမ္မပူဇာများနဲ့ အကောင်အထည် ဖော်ဖြစ်ခဲ့တဲ့ မရှိဆင်းရဲသားများအတွက် နှစ်စဉ်ထောက်ပံ့ပေးမယ့် ပညာသင်ဆု ပေးအပ်ရေး အလှူတော်နဲ့ ရွာသူရွာသားတွေကို အသိဉာဏ်ဖွင့်ပေးမယ့် စာကြည်တိုက် တည်ထောင်ဖွင့်လှစ်ရေး အစီအမံပဲ ဖြစ်ပါတယ်။ ရသမျှ ဓမ္မပူဇာများကို အရင်းတည်ကာ မနာပဒါယီ စာကြည့်တိုက်ဆိုတဲ့ အမည်နဲ့ စာကြည့်တိုက်တစ်ခုကို စတင်အကောင်အထည် ဖော်နိုင်ခဲ့ပြီး ဒီနှစ်ကုန်မှာ ဖွင့်လှစ်နိုင်အောင် ကြိုးစားပံ့ပိုးသွားမှာ ဖြစ်ပါတယ်။ စာအုပ်ပေါင်းစုံကိုလည်း စုဆောင်းထားပြီး စာကြည့်တိုက် အဆောက်အဦအတွက်လည်း ပန္နက်တင်ထားနိုင်ပြီ ဖြစ်တဲ့အတွက် မကြာမီဖွင့်လှစ်နိုင်တော့မယ့် မနာပဒါယီ စာကြည့်တိုက်ဟာ တကယ့်ကိုပဲ ပိတ်နေတဲ့ မျက်စိနားတွေကို ပညာအလင်းနဲ့ ထွန်းလင်းပေးနိုင်မှာ အမှန်ပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက် မြန်မာပြည် အပြန်ခရီးမှာ ပိုပြီးထူးခြားတာက ပရဟိတ ဝေါဆရာတော် အရှင်သုမင်္ဂလရဲ့ စီစဉ်မှုနဲ့ မနားမနေ ကြွနေရတဲ့ ဘုန်းဘုန်းရဲ့ နယ်လှည့်တရားပွဲများပဲ ဖြစ်ပါတယ်။ ကိုရီးယား၊ ကိုရီးယားဆိုပြီး တစ်ယားတည်းယားနေကြတဲ့ မြန်မာပြည်ကြီးမှာ ကိုရီးယားကကြွလာတဲ့ ဆရာတော်ရဲ့ တရားပွဲလို့ ကြေငြာထားတဲ့အတွက် တရားပွဲတွေမှာ ပုံမှန်ထက် ပရိတ်သတ်တွေ များနေတယ်လို့ တရားပွဲစီစဉ်သူတွေက ဆိုပါတယ်။ ဘုန်းဘုန်းတို့လည်း အရှိန်နဲ့ လိမ့်နေဖြစ်ခဲ့ပေမယ့် မြန်မာပြည်သားများ အထင်ကြီးအားကျ နေကြတဲ့ ရုပ်ရှင်ဒရာမာတွေထဲက ကိုရီးယားတွေရဲ့ ဇာတ်ရုပ်တွေနဲ့ အပြင်လက်တွေ့ဘဝ ခြားနားချက်လေးတွေကို ဓမ္မနဲ့ချိန်ထိုးကာ အသိဖွင့်ပေးခွင့် ရခဲ့တဲ့အတွက် အတိုင်းထက်အလွန် ဖြစ်ခဲ့ရပါတယ်။ ကိုရီးယား ဒရာမာ ရုပ်ရှင်များကိုကြည့်ရင်း အတုတွေ မယူဘဲ အစစ်တွေ ယူနိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းဖြစ်ခဲ့ပါတယ်။ သူတို့လူမျိုးတွေရဲ့ ကောင်းတဲ့အချက်လေးတွေကို ယူပြီး လက်တွေ့ဘဝထဲမှာ အသုံးချနိုင်အောင် ကြိုးစားကြဖို့ အားပေးဖြစ်ခဲ့ပါတယ်။

သူတို့ရဲ့ ချစ်စရာ အလေ့တစ်ခုဖြစ်တဲ့ ဘယ်နေရာ၊ ဘယ်အချိန်၊ ဘယ်လိုသူကိုပဲ တွေ့တွေ့ အရင်ဆုံး နှုတ်ဆက်တတ်တဲ့ နှုတ်ဆက်စကားလေးတွေကို အန်ညောင်းဟာဆယ်ယိုဆိုတဲ့ သူတို့စကားနဲ့ မနှုတ်ဆက်ကြဘဲ ကိုယ့်ဘာသာစကားလေးနဲ့ အစားထိုးပြီး မင်္ဂလာပါလို့ နှုတ်ဆက်ကြရင် သိပ်ကောင်းမှာဖြစ်ကြောင်း၊ အန်ညောင်းဟာဆယ်ယိုလို့ နှုတ်ဆက်တာထက်စာရင် မင်္ဂလာပါလို့ နှုတ်ဆက်တာက ပိုပြီးအဓိပ္ပါယ်ပြည့်ဝကာ ကုသိုလ်တရား တိုးပွားစေကြောင်း ပြောဆိုရင်း မင်္ဂလာပါလို့ နှုတ်ဆက်ကြဖို့ တိုက်တွန်းဖြစ်ခဲ့ပါတယ်။ ဒါကလည်း ကိုရီးယားမှာ နေတဲ့ဘုန်းဘုန်းကိုတွေ့တိုင်း အန်ညောင်းဟာဆယ်ယို ဘုန်းဘုန်းလို့ နှုတ်ဆက်တတ်ကြတဲ့ သူတွေရှိနေကြလို့ သူတို့ဘာသာစကားနဲ့ နှုတ်ဆက်မယ့်အစား ကိုယ့်ဘာသာစကား ဖြစ်တဲ့ မင်္ဂလာပါဆိုတာလေးနဲ့ နှုတ်ဆက်ကြဖို့ ပြောပြရခြင်း ဖြစ်ပါတယ်။ မဆိုးပါဘူး။ တရားပွဲတိုင်း ဒီအချက်လေးတွေကို ထည့်ပြောဖြစ်နေတော့ ခုဆိုဘုန်းဘုန်းနဲ့တွေ့တိုင်း လူအတော်များများက ဘုန်းဘုန်းမင်္ဂလာပါဘုရားလို့ နှုတ်ဆက်လာကြတာကို သတိထားမိခဲ့ပါတယ်။ မင်္ဂလာပါလို့ ကိုယ့်အချင်းချင်းတွေ့ရင် နှုတ်ဆက်ဖို့ ဝန်လေးနေကြတဲ့ မြန်မာလူမျိုးတွေဟာ အချိန်မရွေး၊ နေရာမရွေး၊ ပုဂ္ဂိုလ်မရွေး တွေ့တဲ့အခါတိုင်း မင်္ဂလာပါလို့ နှုတ်ဆက်နိုင်ရင်တော့ အန်ညောင်းဟာဆယ်ယိုလို့ နှုတ်ဆက်တာထက် စာရင် မင်္ဂလာပါလို့နှုတ်ဆက်တာက ကုသိုလ်တရား ပိုတိုးစေတယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ ပြီးတော့ ကိုရီးယားများနဲ့ ပတ်သက်တဲ့ ဝတ်စားဆင်ယူမှု၊ စားသောက်မှုတွေရဲ့ ရှောင်ရန်ဆောင်ရန် အချက်တွေကိုလည်း ဘုန်းဘုန်းရဲ့ လက်တွေ့အဖြစ်လေးတွေနဲ့ ချိန်ထိုးကာ တရားပွဲတွေမှာ ဟောကြားပေးနိုင်ခဲ့တဲ့အတွက် ဟိုကြွဟော ဒီကြွဟောရလို့ ပင်ပန်းလှပေမယ့် ပင်ပန်းရကျိုး နပ်ခဲ့ပါတယ်။

တရားပွဲတွေထဲမှာ လူထောင်သောင်းချီပြီး လာခဲ့တဲ့ လှိုင်မြို့နယ်တရားပွဲ၊ အောင်မင်္ဂလာ အဝေးပြေးဝင်းတရားပွဲ၊ မုဒုံတရားပွဲ၊ မန္တလေးတရားပွဲနဲ့ သာယာဝတီတရားပွဲတွေကတော့ အားလည်းရသလို ကုသိုလ်လည်း အများကြီး ရခဲ့ပါတယ်။ တရားပွဲရသမျှ ဓမ္မပူဇာတွေထဲက ရသမျှတရားပူဇာ တစ်ဝက်ကျော်ကျော်ကို ဆိုင်ရာတရားပွဲတိုင်းမှာ ပရဟိတအလုပ်များအတွက် ပြန်ပြီး လှူခွင့်ရခဲ့တဲ့အပြင် သီးသန့်မလှူနိုင်တဲ့ အလှူတွေကိုပါ လုပ်ဖြစ်နိုင်ခဲ့တဲ့အတွက် ဘုန်းဘုန်းအဖို့တော့ ဒီအလှူတွေဟာ အလှူတကာ အလှူတွေထဲမှာ အမြတ်ဆုံးအလှူတွေ ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်ရဲ့ လက်ရှိပြောင်းလဲမှုတွေထဲမှာ အခုလို တရားပွဲကြီးတွေကို ပရော့ဂျက်တာကြီးတွေ ပိုစတာကြီးတွေထောင်ပြီး နေရာအနှံ့အပြား အကြီးအကျယ် လုပ်နေကြတဲ့ ပြောင်းလဲမှုကတော့ ဗုဒ္ဓသာသနာနဲ့ ဗုဒ္ဓဘာသာတွေအတွက် တကယ့်ကို အားတက်စရာ ဖြစ်ခဲ့ပါတယ်။ တရားပွဲလုပ်ခွင့်ရဖို့ ခက်ခဲပေမယ့် လုပ်ခွင့်ပြုတဲ့အပေါ်မှာ အမိအရ လုပ်နိုင်တာကတော့ အဆိုးထဲက အကောင်းလို့ ပြောရမှာ ဖြစ်ပါတယ်။

မအားတဲ့ကြားက နောက်ထပ်အားရစရာ အတွေ့အကြုံတစ်ခုက ကိုရီးယားနိုင်ငံကနေ မြန်မာပြည်ကို ရောက်လာတဲ့ ကိုရီးယား ယောဂီအယောက်နှစ်ဆယ်လောက်နဲ့ ခရီးထွက်ရင်း ဆရာတော်ကြီးများရဲ့ ဟောတရားများကို ဘာသာပြန်ပေးခဲ့ရတဲ့ အတွေ့အကြုံပဲ ဖြစ်ပါတယ်။ ၁လပိုင်း ၃ရက်နေ့ကနေ ၁၆ရက်နေ့အထိ မြန်မာပြည်ကို အလည်လာကာ တစ်ပတ်ရိပ်သာဝင် တစ်ပတ်ခရီးထွက်ခဲ့တဲ့ ကိုရီးယား ယောဂီအဖွဲ့ရဲ့ ခရီးစဉ်ဟာလည်း အတွေ့အကြုံလည်းရ၊ တရားလည်းနာခွင့် ရခဲ့တဲ့အပြင် ဓမ္မအလှူကုသိုလ်လည်း ရခဲ့ပါတယ်။ သူတို့အဖွဲ့နဲ့လိုက်ပါ အကူအညီပေးရင်း မင်းကွန်းတိပိဋက ဆရာတော်ကြီးကျောင်းမှာ နာကြားဘာသာပြန်ပေးရတဲ့ တိပိဋက တရားပွဲနဲ့ သီတဂူဆရာတော်ကြီးကို ဖူးမြော်ကာ ဆရာတော်ဟောသမျှ တရားတော်ကို ဘာသာပြန်ပေးခဲ့ရတဲ့ ကုသိုလ်အလှူတွေကတော့ ဘုန်းဘုန်းအဖို့ အသိရောပညာရော ကုသိုလ်ရောပါ မမေ့နိုင်လောက်အောင် ဖြစ်စေခဲ့ပါတယ်။

ကိုရီးယားအဖွဲ့နဲ့အတူ သီတဂူဆရာတော်ကြီးကို ဖူးမြော်တရားနာတုန်းက ဆရာတော်ကြီးက သူတို့ကို တွေ့တွေ့ချင်း ကိုရီးယားကဆိုတော့ တောင်လားမြောက်လားလို့မေးကာ မင်းတို့နှစ်နိုင်ငံ ဘယ်တော့ပေါင်းမှာလဲလို့ မေးရင်း တရားစကား မိန့်တော်မူပါတယ်။ ဆရာတော်က တကယ်တော့ လောကမှာလူတွေ တစ်ဦးနဲ့တစ်ဦး တိုက်ခိုက်ရန်ဖြစ်နေကြတာ အမှန်သစ္စာကို မသိလို့ဘဲ ဖြစ်ကြောင်း၊ သစ္စာတရားကို သိသွားရင် ကိုရီးယား၊ မြန်မာ၊ ဂျပန်၊ အမေရိကန် စတာတွေ မရှိတော့ဘဲ ငြင်းခုံခိုက်ရန် ဖြစ်မှုဆိုတာလည်း ရှိတော့မှာ မဟုတ်ကြောင်း၊ ဥပမာအားဖြင့် မြန်မာပြည်မှာ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်စသဖြင့် မြစ်တွေအသီးသီးရှိကာ ချင်းတွင်းမြစ်ရေ၊ ဧရာဝတီမြစ်ရေ၊ သံလွင်မြစ်ရေ စတဲ့အမည်များနဲ့ အသီးသီးရှိနေကြပေမယ့် ဒီရေအားလုံးဟာ ပင်လယ်ထဲ ရောက်သွားတဲ့အခါ ဧရာဝတီမြစ်ရေ၊ ချင်းတွင်းမြစ်ရေ စသည်ဖြင့် အသီးအခြား မရှိတော့ဘဲ တစ်မျိုးတည်းဖြစ်သွားကြမှာ ဖြစ်သလို သတ္တဝါတွေဟာ အခုအချိန်မှာ ဘာနိုင်ငံ၊ ဘာလူမျိုးလို့ ဘယ်လောက်ပဲ ကွဲကွဲ သစ္စာတရားကို သိသွားတဲ့အခါမှာတော့ တစ်သားတည်း ဖြစ်သွားမှာ ဖြစ်ကြောင်း၊ ဒါကြောင့် အားလုံးသစ္စာတရားကို သိအောင်ကြိုးစားဖို့ လိုကြောင်း စသည်ဖြင့် တရားစကား မိန့်ကြားတော်မူခဲ့ပါတယ်။ ဆရာတော်မိန့်သမျှကို ဘာသာပြန်ပေးရင် နားကြားခဲ့ရတဲ့ ဘုန်းဘုန်းမှာတော့ အမှန်ပဲ ကုသိုလ်လည်းရ ဝမ်းလည်းဝဆိုသလို ဖြစ်ခဲ့ပါတယ်။ ထူးခြားထက်မြက်တဲ့ ပါရမီရှင်ကြီးများရဲ့ နှုတ်ထွက်စကားနဲ့ နှုတ်ထွက်တရားတွေဟာ အလွန်မှတ်သားစရာ ကောင်းပါလားလို့ ခရီးက အပြန်လမ်းမှာတောင် စဉ်းစားမိခဲ့ ပါသေးတယ်။

ရှိစေတော့။ ဒီနေရာမှာ အဓိက ပြောချင်တာက ဘုန်းဘုန်းရဲ့ မြန်မာပြည်အပြန်ခရီး အတွေ့အကြုံလေးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ပြည်ပမှာနေပြီး မြန်မာပြည်ကို ခဏတာ ပြန်ဖြစ်ခဲ့တဲ့ အပြန်ခရီးဟာ အနားသွားယူဖို့ မဟုတ်ခဲ့ဘဲ ရောက်တဲ့နေရာမှာ ရတဲ့အချိန်လေးနဲ့ လုပ်နိုင်သမျှ လုပ်ပေးခဲ့တဲ့ အလုပ်ကောင်းလေးတွေအတွက် ဘုန်းဘုန်းကိုယ်တိုင် အားရကျေနပ်မှု ဖြစ်ခဲ့သလို ဘုန်းဘုန်းရဲ့ ပရိတ်သတ်တွေကိုလည်း ထပ်တူထပ်မျှ အနုမောဒနာ ရစေဖို့ တစ်ဆင့်ပြန်လည် မျှဝေပြခြင်း ဖြစ်ပါတယ်။ အကောင်းအဆိုးများနဲ့ အပြောင်းလဲကြီး ပြောင်းလဲနေတဲ့ မြန်မာပြည်ရဲ့ အပြောင်းအလဲမှာ ဘုန်းကြီးရောလူရော အလုပ်လုပ်ပြီး ပြောင်းလဲပေးကြဖို့ လိုတယ်ဆိုတာ သတိပြုစရာ ဖြစ်လာနေပါတယ်။ လိုအပ်နေတာတွေ အများကြီးဖြစ်နေတဲ့ အမိမြန်မာပြည်ကြီးမှာ ဘုန်းကြီးတွေဘက်က ဖြည့်ပေးရမယ့် အရာတွေလည်း ရှိနေတယ်ဆိုတာ အလုပ်လုပ်ရင်း ပိုပိုပြီး သိခဲ့ရပါတယ်။

ကိုရီးယားအဖွဲ့တွေနဲ့ ခရီးသွားရင်း ကိုရီးယားအချို့က မြန်မာပြည်ကလူတွေနဲ့ ဘုန်းတော်ကြီးအချို့ရဲ့ ရွှေကျောင်းကြီးတွေနဲ့ ပြည့်ပြီးသားအိုးတွေမှာ ထပ်ဖြည့်နေကြတဲ့အပေါ် မေးခွန်းထုတ်တာကို ခံခဲ့ရပါတယ်။ ပြည့်ပြီးသားအိုးတွေကို ထပ်ပြီးဖြည့်နေမယ့် အစား လိုနေတာကို လုပ်ပေးကြရင်း မကောင်းဘူးလားလို့ သူတို့တွေက ဆိုလာကြပါတယ်။ ပြီးတော့ ဘုန်းတော်ကြီးအချို့ဟာ ဒီလောက် ဘုန်းတန်ခိုးကြီးနေပြီး ဘာဖြစ်လို့ ပရဟိတ အလုပ်တွေ မလုပ်ကြတာလဲလို့လည်း ထောက်ပြလာကြပါသေးတယ်။ သူတို့ရဲ့ အမေးကို အကောင်းဘက်က တွေးတတ်အောင် ရွေးပြီးဖြေပေးလိုက်ရပေမယ့် တကယ်လည်း ဘုန်းဘုန်းတို့ ဘုန်းကြီးတွေရဲ့ အခန်းကဏ္ဍ လိုအပ်ချက်တွေ ရှိနေတာ အမှန်ပဲ ဖြစ်ပါတယ်။ ဘုန်းဘုန်းအပါအဝင် ဘုန်းကြီးတိုင်း ကိုယ့်တစ်နိုင်တစ်ပိုင် အများအကျိုးပြု လုပ်ငန်းလေးတွေ လုပ်နေကြမယ်ဆိုရင် သိပ်ကောင်းမှာပဲလို့တွေးရင်း ဒီအကြောင်းကို ဘွဲ့ဒီဂရီ အသီးသီးရနေပြီး ဘာမှမလုပ်ဖြစ်ဘဲ ဖြစ်နေကြတဲ့ သူငယ်ချင်း ဘုန်းကြီးအချို့ကိုတောင် ပြောဖြစ်ခဲ့ပါသေးတယ်။ ဘုန်းကြီးတွေပဲလားဆိုတော့ လူတွေလည်း ကိုယ့်ဘာသာ၊ သာသနာ ကိုယ့်လူမျိုးအတွက် တတ်နိုင်တဲ့ဘက်က တစ်နိုင်တစ်ပိုင် လုပ်ပေးကြရမှာ ဖြစ်ပါတယ်။ အားလုံးကိုယ်စီ အလုပ်လေးတွေနဲ့ ဝိုင်းဝန်းထိန်းပေးကြရင် ဘာမှမလုပ်တာထက်စာရင် အများကြီးကောင်းသွားမှာ အသေအချာပဲ ဖြစ်ပါတယ်။

ထားပါတော့။ ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက် ဘုန်းဘုန်းရဲ့ မြန်မာပြည် အပြန်ခရီးကလည်း အရင်အခေါက်တွေကလိုပဲ လုပ်နိုင်သမျှ အများအတွက် လုပ်ပေးရမယ့် အလုပ်တွေကို လုပ်ပေးနိုင်ခဲ့ကြောင်း တစ်ခေါက်ထက်တစ်ခေါက် ပိုပိုလို့တောင် လုပ်ပေးနိုင်ခဲ့ကြောင်းနဲ့ နောင်လည်းပဲ လုပ်ပေးနေမှာဖြစ်ပါကြောင်း ဘုန်းဘုန်းရဲ့ မြန်မာပြည်ခရီးစဉ်အကြောင်း တစ်စေ့တစ်စောင်း တင်ပြရင်း မြန်မာပြည်အပြန်ခရီးဟာ အနားယူဖို့သွားခြင်း မဟုတ်ဘဲ အများအညီ ပီတိပွားဖို့ သွားခြင်းသာဖြစ်ပါကြောင်း ထပ်ဆင့်ပီတိ ပွားစေမိလိုက်ရပါတယ်….။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ