Live Questions and Answers (1)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။

7 Feb 10, 08:11 AM
Anonymous:
အရှင်ရာဟုလာက တာဝတိံသာနတ်ပြည်မှာ ပရိနိဗ္ဗာန်စံတယ်ဆိုတာ သိလိုပါတယ်ဘုရား။ သက်တော် ၄၀ မပြည်မီ၊ တစ်နေရာမှာလဲ ၅၀ မပြည့်မီ ပရိနိဗ္ဗာန်ပြုတယ်လို့ သိရပါတယ်။ ဘဝပေါင်းများစွာ ပါရမီဖြည့်ခဲ့တဲ့ ဆုကြီးပန်ဖြစ်ရင် ဘာကြောင့် သက်တော် မရှည်ရတာပါလဲဘုရား။
7 Feb 10, 07:28 PM
မနာပဒါယီ >> Anonymous:
ပိဋကသုံးပုံ ပါဠိတော် မူရင်းတွေမှာတော့ အရှင်ရာဟုလာနဲ့ ပတ်သက်တဲ့ ဟောကြားချက်များ၊ ဆုံးမချက်များ၊ အရှင်ရာဟုလာရဲ့ သိက္ခာသုံးပါး အကျင့်တရားကျင့်ပုံများ၊ ရာဟုလောဝါဒ သုတ္တန်များ စတဲ့အကြောင်းအရာတွေပဲ တွေ့ရပါတယ်။ မဟာဝဂ္ဂ သံယုတ်အဋ္ဌကထာ နှာ၊ ၂၄၆မှာတော့ အရှင်ရာဟုလာမထေရ် တာဝတိံသာ နတ်ပြည်တွင် ပရိနိဗ္ဗာန်ပြုကြောင်း ဖော်ပြပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်သက်တော်၄၀ ဒါမှမဟုတ် ၅၀မပြည့်မီ ပရိနိဗ္ဗာန်ပြုတော်မူတာနဲ့ ပတ်သက်လို့ကတော့ ဘ၀ပေါင်းများစွာ ပါရမီဖြည့်ခဲ့တဲ့ ပါရမီရှင်ကြီးတိုင်း ပစ္စုပ္ပန်ဘ၀မှာ လိုချင်သလို သက်တမ်းအတိုအရှည် မပြုကြပါဘူး။ အတိတ်ဘ၀ ပါရမီ ဖြည့်စဉ်ကာလ တစ်ခုခုမှာ အမှားပြုခဲ့တဲ့ ၀ဋ်အကျိုးပေး ရှိခဲ့မယ်ဆိုရင် အဲဒီ အကျိုးပေးအတိုင်း ပြုမူနေထိုင် သွားတတ်တာတွေ ရှိပါတယ်။ ဘုရားရှင်အပါအ၀င် အရှင်မဟာမောဂ္ဂလာန်စတဲ့ မထေရ်ကြီးများလည်း ဒီလိုပဲ ၀ဋ်ကြွေးအတိုင်း နောက်ဆုံးဘ၀မှာ ပေးဆပ်တော်မူသွားခဲ့ပါတယ်။ ဒါကြောင့် အရှင်ရာဟုလာမထေရ်အနေနဲ့ ငယ်ငယ်ရွယ်ရွယ် ပရိနိဗ္ဗာန်ပြုခြင်းဟာ ဒီအကြောင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။

12 Feb 10, 09:52 PM
Soe Naing:
Phone Phone, Please explain me about ashin Sula Pan. If his elder brother, Ashin Maha Pan is also a arahat, why did he act lack of marcy upon other monk (his young brother)? Just being naive and not just be naive and not being a bright person is only his fate. Not his crime. Why did Ashin Mahapan do like that?
14 Feb 10, 02:49 AM
မနာပဒါယီ>>Soe Naing..:
စူဠပန္ထက မထေရ်ဟာ ကဿပမြတ်စွာဘုရားရှင်လက်ထက် ဉာဏ်ထိုင်းတဲ့ ရဟန်းတစ်ပါးကို ကဲ့ရဲ့ခဲ့မိတဲ့အတွက် ယခုဘ၀မှာ ဉာဏ်ပညာထိုင်းခဲ့ရပါတယ်။ ဒါကို အကိုဖြစ်တဲ့ မဟာပန္ထကက ဒီလောက်ဉာဏ်ထိုင်းနေရင် သာသနာတော်နဲ့ မတော်ဘူးဆိုပြီး နှင်ထုတ်ခဲ့ပါတယ်။ ဒီနေရာမှာ ရဟန္တာဖြစ်တဲ့ အစ်ကို ရဟန်းအနေနဲ့ ဘာကြောင့် ဒီလိုလုပ်ရတာလဲ မလုပ်သင့်ဘူးလို့ တွေးစရာရှိပါတယ်။ စာပေမှာကတော့ အစ်ကိုရဟန်းဟာ ရဟန္တာဖြစ်ပေမယ့် စူဠပန္ထကရဲ့ အလိုအဇ္ဈာသယကို မသိသောကြောင့် ညီတော်ကို တရားထူး ရစေလိုတဲ့ စေတနာအားကြီးပြီး မရတဲ့အခါ အားမလို အားမရဖြစ်ကာ နှင်ထုတ်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ နောက်တစ်ချက်ကလည်း အကယ်၍ ဒီလိုနှင်ထုတ်လိုက်တဲ့အတွက် မြတ်စွာဘုရားရှင်နဲ့တွေ့ကာ အခုလို တရားကမ္မဋ္ဌာန်းပြပေးမှုကို ရစေလိုလို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် သာဝကတွေဟာ ဘယ်လောက်ပဲ ဉာဏ်ပညာကြီးပါစေ ဘုရားရှင်တို့လောက် ဝေနေယျစ္ဆာသယကို မသိနိုင်ပါဘူးလို့ ဆိုခြင်းဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်ကတော့ တရားမင်းဖြစ်တော်မူတဲ့အတွက် တရားတော်နဲ့ပတ်သက်ပြီး ဘယ်လိုပုဂ္ဂိုလ်ဟာ ဘယ်လိုတရားနဲ့ သင့်လျော်တယ်ဆိုတာ သိပြီး ဟောတော်မူနိုင်တဲ့အတွက် စူဠပန္ထကကိုလည်း ရဟန္တာအဖြစ် ရောက်စေတော်မူပါတယ်။

သေချာတာကတော့ မဟာပန္တကမထေရ်ဟာ ရဟန္တာဖြစ်နေတဲ့အတွက် ညီတော်နဲ့ပတ်သက်တဲ့ အလိုဆိုးကတော့ မရှိဘူးဆိုတာပါပဲ။ တရားအနှစ်ထူးကို ရစေလိုတဲ့ စေတနာအားကြီးတယ်ဆိုတာ သေချာပါတယ်။ မဟာပန္ထကမထေရ်ဟာ ဘုရားရှင်လောက် သတ္တ၀ါတွေရဲ့ အလိုဆန္ဒကို မသိဘူးနိုင်ဘူးဆိုတာ သေချာပါတယ်။ ဒါကြောင့် ဒီလို လုပ်ရပ်မျိုး လုပ်မိခဲ့ခြင်း ဖြစ်ပါတယ်။ စေတနာမပါတဲ့ လုပ်ရပ်ပါ။ အကယ်၍ စေတနာပါခဲ့တယ်ဆိုရင်လည်း ဘုရားရှင်ရဲ့ ဟောပြောမှုကြောင့် ညီတော် တရားရနိုင်တာကို သိတဲ့အတွက် ဘုရားရှင်နဲ့ ညီတော် တွေ့စေလိုတဲ့ စေတနာပါတယ်ဆိုတာ နားလည်ကြည်ညိုနိုင်ပါတယ်။

22 Feb 10, 10:54 PM
အောင်ကြီး:
ကုမာ၇ီ ဗြဟဟစရိယသီလအကြောင်း ရှင်းပြပါဘုရား။ အိမ်ထောင်မရှိတဲ့သူတွေ စောင့်လိုရတယ်ဆိုတာ ဟုတ်ပါသလားဘုရား…။
23 Feb 10, 05:04 AM
မနာပဒါယီ>>> အောင်ကြီး:
ကောမာရဗြဟ္မစရိယသီလလို့ ခေါ်ပါတယ်။ အိမ်ထောင်မရှိသူများ မေထုန်နဲ့ပတ်သက်ပြီး မကျင့်သုံးဘဲ တစ်သက်လုံး ဆောက်တည်သွားခြင်းမျိုးပါ။ ငါးပါးသီလမှာ ကာမေသုမိစ္ဆာစာရ အစား အဗြဟ္မစရိယနဲ့ အစားထိုးကျင့်သုံးတဲ့ သီလမျိုး ဖြစ်တဲ့အတွက် ပိုပြီးမြင့်မြတ်တယ်လို့ ဆိုပါတယ်။ သူတော်စင်တို့ စက်ဆုတ်ဖွယ် ယုတ်မာသော ကာမဂုဏ်မေထုန်အကျင့်ကို လူ့ဘ၀မှာပင် ကျေကျေနပ်နပ် ရှောင်ကြဉ်ဆောက်တည်တဲ့ ပါရမီရှင် သူတော်စင် အကျင့်လို့ဆိုပါတယ်။ ကောမာရဗြဟ္မစရိယဆိုတာ ငယ်သွေးငယ်မူ ဖြူစင်သူတို့ရဲ့ မြတ်သောအကျင့်လို့ အဓိပ္ပါယ်ရပါတယ်။ ဒီသီလ တောင်းပုံကတော့ “အဟံ ဘန္တေ တိသရဏေန သဟ ကောမာရဗြဟ္မစရိယသီလံ ဓမ္မံယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ” (အရှင်ဘုရား တပည့်တော်အား သရဏဂုံးသုံးပါးနှင့်တကွ ကောမာရဗြဟ္မစရိယ သီလကို သနားစောင့်ရှောက် ချီးမြှောက်သဖြင့် ပေးသနားတော်မူပါ) လို့ တောင်းရပါတယ်။ အမျိုးသမီးဆိုရင် ကောမာရီဗြဟ္မစရိယသီလံလို့ အစားထိုးဆိုရုံပါပဲ။ ဒီလို သီလတောင်းပြီး ငါးပါးသီလ သိက္ခာပုဒ်ယူတဲ့အခါမှာ ကာမေသုမိစ္ဆာစာရ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ နေရာမှာ အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိလို့ အစားထိုးဆိုရုံပါပဲ။ အမှန်တော့ ဒီကောမာရဗြဟ္မစရိယသီလဆိုတာ မေထုန်မှုမပြုတဲ့ ငါးပါးသီလပါပဲ။ သာမန်လူများ နေ့စဉ်စောင့်ထိန်းရမယ့် သီလမှာ မေထုန်နဲ့ပတ်သက်တဲ့အကျင့်ကို မြင့်မြတ်စွာ အထူးစောင့်ထိန်းခြင်းပဲ ဖြစ်ပါတယ်။ စောင့်ထိန်းနိုင်ရင်တော့ အကောင်းဆုံးပါပဲ...။

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ