Showing posts with label မှတ်တမ်းပုံရိပ်. Show all posts
Showing posts with label မှတ်တမ်းပုံရိပ်. Show all posts

မြန်မာပြည်မှာ (၈)လအကြာ


တစ်ချို့က ဘုန်းဘုန်းအင်တာနက် စာမျက်နှာမှာ ပို့စ်တွေမဖတ်ရလို့ ဘယ်ကြွပြီး ဘာတွေလုပ်နေလဲဆိုတာ ဆက်သွယ် မေးမြန်းလာကြပါတယ်။ ဟုတ်ပါတယ်။ ဘုန်းဘုန်း ပို့စ်မတင်ဖြစ်တာ အတော်ကြာသွားပါပြီ။ အကြောင်းကတော့ မြန်မာပြည် ပြန်ကြွပြီး ရွှေပြည်ကြီးမှာ လုပ်သင့်လုပ်ထိုက်တာတွေ အချိန်ပေးပြီး လုပ်နေရလို့ပဲ ဖြစ်ပါတယ်။ ၂၀၁၂ (၁၁)လပိုင်းလောက်ကတည်း ကိုရီးယားကနေ မြန်မာပြည် ပြန်ကြွသွားလိုက်တာ (၁၉ -၇-၂၀၁၃)ရက်နေ့မှပဲ ကိုရီးယားကို ပြန်ရောက်ဖြစ်ခဲ့ပါတယ်။ ကြားထဲမှာ နှစ်ကြိမ်လောက် ပြန်ရောက်ဖြစ်ပေမယ့် တစ်ပတ်လောက်ပဲ နေဖြစ်ခဲ့ပါတယ်။ အခုတော့ ကိုရီးယားမှာ ဝါဆိုဖို့ ပြန်ရောက်လာခဲ့ပါပြီ။

မြန်မာပြည်မှာ (၈)လလောက် ကြာခဲ့တဲ့အချိန်မှာ အလုပ်တွေကတော့ အများကြီး လုပ်ဖြစ်ခဲ့ပါတယ်။ အဓိကအလုပ်ကတော့ မြန်မာပြည်အနှံ့ နယ်လှည့်တရားပွဲတွေ ဟောဖြစ်ခဲ့တဲ့ အလုပ်ပါ။ အနယ်နယ် အရပ်ရပ်က ပင့်ဖိတ်လာတဲ့ တရားပွဲပေါင်း (၆၀)ကျော်လောက်ကို အလျဉ်းသင့်သလို ကြွရောက်ဟောပြောပေးပြီး ရောက်တဲ့နေရာတိုင်းမှာ တရားပွဲ ဓမ္မပူဇာတွေထဲက အဲဒီ ဒေသမှာရှိတဲ့ လူမှုရေးလုပ်ငန်းတွေ၊ ပရိယတ္တိ စာသင်တိုက်တွေနဲ့ ပရဟိတ လုပ်ငန်းတွေမှာ မျှဝေပြီး လှူဒါန်းဖြစ်ခဲ့သလို တစ်ချို့ဒေသတွေမှာဆိုရင် ကားဆီဖိုးပဲ ပြန်ယူပြီး ရသမျှ ဓမ္မပူဇာအားလုံးကို ပြန်လှူဖြစ်ခဲ့ပါတယ်။ တရားပွဲ အလှူတွေထဲကမှ တစ်ချို့တဝက်ကိုတော့ ပရဟိတကျောင်းဆောက်တဲ့ အထဲမှာ ထည့်ဝင်လှူဒါန်းပြီး အနည်းအကျဉ်းကိုတော့ မနာပဒါယီ ဖောင်ဒေးရှင်း ရံပုံငွေအဖြစ် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီကုသိုလ်တွေနဲ့ပဲ အခုဆိုရင် (၃)ထပ်ကျောင်းကြီးဟာ ပြီးသလောက်ဖြစ်သွားပြီး ပညာဒါန သင်တန်းတွေတောင် စနိုင်ခဲ့တဲ့အထိ ဖြစ်လာခဲ့တာပါ။ တရားနာပရိတ်သတ်ရဲ့ အလှူ၊ ကုသိုလ်ရှင် ဒကာဒကာမအပေါင်းရဲ့ အလှူပဲ ဖြစ်ပါတယ်။ 

တရားပွဲတွေကြွရင်း ကျောင်းပြန်ရောက်တဲ့ အခါမှာ ကျောင်းဆောက်လုပ်ရေး အလုပ်တွေမှာ ညွန်ကြားပြီး တဖက်ကလည်း ဓမ္မစကူးဖောင်ဒေးရှင်းရဲ့ လုပ်ငန်းတွေမှာ အားဖြည့်ဖြစ်ခဲ့ပါတယ်။ ဓမ္မစကူးလ် ဆရာဖြစ်သင်တန်းတွေမှာ ကြွရောက်သြဝါဒပေးရင်း အနာဂတ် မျိုးဆက်သစ်များရဲ့ ဘာသာသာသနာ အရေးတွေမှာ အားပေးလုပ်ဆောင်ဖြစ်ခဲ့ပါတယ်။ ခေတ်ကာလ အနေအထားအရ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအတွက် ခြံခတ်တဲ့အပိုင်းမှာ အပြင်ပိုင်း ဥပဒေများနဲ့ ကာရံပေးရသလို
ဓမ္မစကူးလ်လို ကျောင်းများအမြောက်အများ ပေါ်ထွက်လာအောင် အကောင်အထည် ဖော်ပြီး မျိုးဆက်သစ်များကို ဓမ္မအမွေ အခိုင်အမာပေးကာ သူတို့လေးတွေရဲ့ နှလုံးသားမှာ ဘာသာတရား အဆုံးအမများနဲ့ ကာရံပေးရမှာ ဖြစ်တဲ့အတွက် အခုလို ဓမ္မစကူးလ် ဖောင်ဒေးရှင်းရဲ့ လုပ်ငန်းပိုင်းမှာလည်း ဘုန်းဘုန်းတို့ စွမ်းနိုင်တဲ့အပိုင်းက အားဖြည့်ပေးရခြင်း ဖြစ်ပါတယ်။ 

တစ်ချို့ အရပ်ဒေသ တရားပွဲတွေမှာ ညပိုင်းတရားပွဲတွေအပြင် ညနေပိုင်း ကလေးအထူး တရားပွဲတွေပါ ဟောပေးရတာတွေ ရှိပေမယ့် ပင်ပန်းတယ်လို့ သဘောမထားဘဲ ကလေးတွေအပေါ် အသိတရား မျှဝေပေးခွင့် ရခဲ့တဲ့အတွက် အလွန်ပီတိ ဖြစ်ခဲ့တာတွေလည်း အများကြီး ရှိခဲ့ပါတယ်။ ကလေးတရားပွဲတွေမှာ ကလေးတွေနဲ့ သင့်တော်မယ့် အသုံးအနှုံး ဟောကြားချက်တွေအပြင် ကလေးတွေရဲ့ ရင်တွင်းစကားတွေကိုပါ တိုက်ရိုက်မေးမြန်းစေတဲ့ အမေးအဖြေ အလေ့အကျင့်လေးတွေကိုပါ လုပ်ပေးဖြစ်ခဲ့တဲ့အတွက် ကလေးတွေလည်း ကျေနပ်ကြသလို လူကြီးတွေကလည်း အားရဝမ်းသာ ဖြစ်ကြတာကို တွေ့ခဲ့ရပါတယ်။ ကလေးတရားပွဲတွေမှာ မေးလာကြတဲ့ ကလေးတွေရဲ့ တစ်ချို့မေးခွန်းလေးတွေဟာ လူကြီးတွေတောင် တွေးမထားတဲ့ အမေးလေးတွေ ဖြစ်နေတတ်ပြီး မိဘနဲ့ သားသမီးကြားက အဖုအထစ် ခံစားချက်များကိုပါ မေးဖြေပေးခဲ့ရတဲ့အတွက် မိဘနဲ့ သားသမီးကြားက နားလည်မှုလွဲနေတာလေးတွေကိုပါ ပြန်လည်တည်ဆောက် ပေးနိုင်ခဲ့တဲ့အတွက် အမြတ်ဆုံး အလှူအဖြစ် ရင်ထဲမှာ ပီတိဖြစ်ခဲ့ရပါတယ်။ 
ဒီနှစ် မြန်မာပြည်မှာ (၈)လလောက် အလုပ်တွေ မနားတမ်း လုပ်နေရင်း တဖက်ကလည်း မြန်မာပြည်ရဲ့ အပြောင်းအလဲမှာ အနှောက်အယှက်တွေ ဖြစ်နေတဲ့ ပဋိပက္ခတွေအပေါ်မှာ သတိမပြတ်ရှိနေကာ မြန်မာပြည်ကြီး အခြေအနေ ဆိုးမသွားရအောင် သံဃာတော်များ စည်းဝေးပြီး ငြိမ်းချမ်းရေးအတွက် အဖြေရှာကြတဲ့ ပွဲတွေမှာလည်း တက်ရောက်ဆွေးနွေး ဖြစ်ခဲ့ပါတယ်။ အပြင်ပိုင်းမှာ ဖြစ်နေတဲ့ သတင်းတွေ၊ ပြည်တွင်းပြည်ပ မီဒီယာတွေက ထုတ်လွင့်တဲ့ သတင်းတွေနဲ့ ပြည်တွင်းမှာ တကယ်ဖြစ်ပေါ်နေတဲ့ အခြေအနေကို ပြည်တွင်းမှာ ရောက်ရှိပြီး ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်နေတဲ့ ဘုန်းဘုန်းတို့က ပိုပြီးသိခွင့် ရနေခဲ့ပါတယ်။ သိလို့လည်းပဲ အကျိုးအကြောင်းကောင်းအောင် ဆရာတော်ကြီးများရဲ့နောက်ကလိုက်ပြီး လိုအပ်သလို ပူပေါင်းပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ 

တစ်ခါတလေ မြန်မာ့နိုင်ငံရေး အပြောင်းအလဲမှာ လူ့အခွင့်အရေး အစွဲတွေ၊ နိုင်ငံရေးအစွဲတွေ၊ အမျိုးသားရေးအစွဲတွေ၊ ဘာသာရေးအစွဲတွေ ပုဂ္ဂိုလ်ရေး အစွဲတွေဟာ အမှန်ကို မမြင်ဖြစ်စေတတ်တဲ့အတွက် ပြည်တွင်းမှာ လက်တွေ့လုပ်ဆောင်နေကြတဲ့ မထေရ်ကြီးများ၊ ပညာရှင်များ၊
သူတော်ကောင်းများရဲ့ လုပ်ဆောင်ချက်များအပေါ် အနီးကပ် လေ့လာအကဲခတ်ပြီးမှ ကိုယ့်ဉာဏ်နဲ့ကိုယ် စဉ်းစားဆင်ခြင်ရမယ့် အပိုင်းတွေလည်း အများကြီး ရှိတတ်ပါတယ်။ မမှန်သတင်းတွေမှာ ခံငြင်းနေတာတွေကတော့ ပုထုဇဉ်သဘာဝ ခံပြင်းစရာတွေလည်း ရှိကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဘုန်းဘုန်းတို့ကတော့ ပြည်တွင်းမှာ လက်တွေ့နေထိုင် လုပ်ကိုင်ဆောင်ရွတ်နေတာကြောင့် အမှားအမှန်အပေါ် ဆင်ခြင်ပြီး တိုင်းပြည်အရေး၊ အမျိုးဘာသာ သာသနာအရေးအတွက် စွမ်းနိုင်တဲ့ဘက်ကတော့ လုပ်နေရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီနှစ်ရဲ့ပြည်တော်ပြန် ခရီးမှာ အချိန်အတော်ကြာ နေထိုင်ပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီအလုပ်တွေထဲက အနာဂတ် မျိုးဆက်သစ်များအတွက် ဘုန်းဘုန်းလုပ်နိုင်ဖြစ်ခဲ့တာတွေက အားရစရာဖြစ်ပါတယ်။ လူငယ်လေးတွေအပေါ် ဘာသာရေး အမွေပေးတဲ့ ယဉ်ကျေးလိမ္မာ တရားပွဲတွေ၊ ဓမ္မစကူးလ်ဆရာဖြစ် သင်တန်းသြဝါဒ ပေးတာတွေ၊ လူငယ်များအတွက် ကုသိုလ်လည်းရ ပညာလည်း ရစေမယ့် ဘာသာစကား သင်တန်းတွေ စတာတွေဟာ ရေရှည်မှာ ကိုယ့်အမျိုးဘာသာ သာသနာနဲ့ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်မယ့် အနာဂတ် မျှော်မှန်းချက်များ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီလုပ်ငန်းတွေကို ဘုန်းဘုန်းတို့ ဦးစားပေးပြီး လုပ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် ဘုန်းဘုန်းဆောက်လုပ်နေတဲ့ သုံးထပ်ကျောင်းရဲ့ အောက်ဆုံးထပ် ဟောခန်းကြီးဟာ ဘုန်းဘုန်းကျောင်းမှာ အသုံးပြုဖို့ မဟုတ်ဘဲ မျိုးဆက်သစ်များရဲ့ ပညာရေး အထောက်အပံ့ပေးမယ့် ပညာရေးစင်တာကြီးအဖြစ် တစ်နှစ်လုံးလုံး နားရက်မရှိအောင် ဖွင့်လှစ်ထားနိုင်မှုကတော့ ဘုန်းဘုန်းအဖြစ်ချင်ဆုံး ပရဟိတ အလှူကြီးဖြစ်တဲ့အတွက် အဲဒီအလှူကြီး အကောင်အထည် ဖော်ဖြစ်ခဲ့တာဟာ ဒီနှစ်မြန်မာပြည် ခရီးရဲ့ အကြီးမားဆောင် လုပ်ဆောင်ချက်တစ်ခုလို့တောင် ပြောရမှာ ဖြစ်ပါတယ်။ 


နောက်ဘုန်းဘုန်းကိုယ်တိုင် အကျိုးဆောင်ထားတဲ့ မနာပဒါယီ ဖောင်ဒေးရှင်းရဲ့ လက်တွေ့အကျိုးသက်ရောက်မှုဟာလည်း ဒီနှစ်မှာ ပိုပြီးပီပြင်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီဖောင်ဒေးရှင်းဟာ ဘုန်းဘုန်းရဲ့ တစ်သီးပုဂ္ဂလအလှူတွေ၊ ဓမ္မပူဇာ အလှူတွေထဲက တစ်ချို့ကို မသုံးဘဲ နည်းနည်းစုကာ ဘဏ်မှာအပ်ထားပြီး ပညာရေးအားကောင်းပြီး ဆင်းရဲ့လှတဲ့ ကျောင်းသားတွေကို ကျောင်းပြီးတဲ့အထိ လစဉ်ထောက်ပံ့ပေးတဲ့ ရေရှည်စီမံကိန်း တစ်ခုဖြစ်ပါတယ်။ အခုဆိုရင် ကျောင်းသား(၃)ယောက်ကို လစဉ်ထောက်ပံ့လာတာဟာ တစ်နှစ်နီးပါး ရှိလာပြီဖြစ်ပါတယ်။ ဒါဟာ ဘုန်းဘုန်းအနေနဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ရဲ့ လမ်းစဉ်ကို အတုယူကာ လောကတ္ထစရိယ (လောကကို စောင့်ရှောက်ခြင်း)၊ ဉာတတ္ထစရိယ (အမျိုးကို စောင့်ရှောက်ခြင်း) သဘောမျိုးပဲဖြစ်တဲ့အတွက် အလွန်အကျိုးကြီးတဲ့ အလုပ်အဖြစ် ခံယူလုပ်ဆောင်ပေးခြင်းပဲ ဖြစ်ပါတယ်။ 

ဆိုတော့ကား ဒါဟာ မြန်မာပြည်မှာ (၈)လကြာအောင် ဘာတွေလုပ်နေတာလဲလို့ သိချင်လာကြတဲ့ ဘုန်းဘုန်းရဲ့ စာဖတ်ပရိတ်သတ်များကို ဘုန်းဘုန်းမြန်မာပြည်မှာ ရှိတုန်းဒါတွေ ဒီလိုလုပ်ခဲ့ပါတယ်ဆိုတာ အကျဉ်းမျှ အသိပေး တင်ပြခြင်းဖြစ်ပြီး အခုအချိန်မှာတော့ ကိုရီးယားနိုင်ငံမှာ ပြန်လည်ဝါဆိုရင်း ကိုရီးယားနိုင်ငံသားများနှင့် ကိုရီးယားရောက် မြန်မာများအတွက် တရားဟော၊ တရားပြ စာရေးစာပြ အလုပ်တွေကို ဝါတွင်းသုံးလအတွင်း လုပ်နိုင်သမျှလုပ်ပေးပြီး ဝါကျွတ်တဲ့အခါ မြန်မာပြည်က တရားပွဲတွေကို ပြန်လည်ဟောကြားပေးဖို့ ရွှေပြည်တော်ကို ပြန်ပါမည့်အကြောင်း အသိပေးတင်ပြရခြင်း ဖြစ်ပါတယ်။ အားလုံး ပြုသမျှ ကုသိုလ်ကို ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ကြပါစေ…။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

ပညာဒါန သင်တန်းပုံရိပ်မှတ်တမ်း

(၃-၇-၂၀၁၃)ရက်နေ့မှ စတင်ကာ ဖွင့်လှစ်သင်ကြား ပေးနေပြီ ဖြစ်သည့် မနာပဒါယီ ပညာရေးစင်တာ၏ ပညာဒါန သင်တန်းများတွင် ပညာပါရမီ ကုသိုလ်ရှင် ဆရာ၊ ဆရာမ (၈)ဦးတို့က အင်္ဂလိပ်၊ တရုတ်၊ ဂျပန်၊ ကိုရီးယား သင်တန်းများကို (၇)ရက်ပတ်လုံး မိမိတို့ သင်တန်းချိန်အလိုက် တက်ကြွစွာ သင်ကြားပို့ချ ပါရမီပြုလျက် ရှိနေကြသည်ကို ရှင်သန်နေသည့် ပုံရိပ်များအဖြစ် မျှဝေလိုက်ပါသည်။ 
မနာပဒါယီ ပညာရေးစင်တာ (သီရိဇေယျုံကျောင်း၊ မြို့မကျောင်းလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်)



ဆရာမ ဒေါ်သန်းသန်းဝင်းမှ ကိုရီးယားသင်တန်း ပို့ချပေးနေစဉ်

ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)မှ သင်တန်းဖွင့် အမှာစကား ပြောကြားနေစဉ်


သင်တန်းမစမီ ကျောင်းသားများ ဘုရားရှိခိုး၍ (၃)မိနစ်ခန့် တရားထိုင်ခြင်း

ဆရာမ ဒေါ်မိုးဟေမန် တရုတ်ဘာသာသင်တန်း ပို့ချပေးနေစဉ်

ဆရာမ ဒေါ်ကျန်ကျားရင် ကိုရီးယား သင်တန်းပို့ချ ပေးနေစဉ်

ဆရာမ ဒေါ်စုစုမာ ဂျပန်ဘာသာသင်တန်း ပို့ချပေးနေစဉ်

ဆရာ ဒေါက်တာဉာဏ်ထွန်း ရဟန်းတော်များအား အင်္ဂလိပ်စာ သင်ကြားပေးနေစဉ်

သင်တန်းဖွင့်ပွဲ အထိမ်းအမှတ် စာပေဟောပြောပွဲ

Read more »

မနာပဒါယီ ပရဟိတ ပညာဒါနကျောင်း ဆောက်လုပ်နေမှု ပုံရိပ်အချို့

မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး) မှ ဦးဆောင် ဆောက်လုပ်နေသည့် မနာပဒါယီ ပရဟိတ ပညာဒါနကျောင်းသည် မကြာမီ ကာလတွင် သင်တန်းများ စတင်ဖွင့်လှစ် သင်ကြားပို့ချပေးနိုင်တော့မည် ဖြစ်ပါသည်။ ထိုသင်တန်းကျောင်းတွင် အသုံးများသည့် ဘာသာစကားအမျိုးမျိုးကို အချိန်စာရင်း အလိုက်ပို့ချပေးမည် ဖြစ်ပြီး မျိုးဆက်သစ် လူငယ်များအတွက် ယဉ်ကျေးလိမ္မာသင်တန်းများ၊ ဘာသာစကား သင်တန်းများ၊ Sunday Dhamma school သင်တန်းများ နှင့် ပညာရေး အထောက်အကူပြု သင်တန်းများကိုလည်း အခါအားလျော်စွာ ပို့ချသင်ကြား ပေးသွားမည် ဖြစ်ပါသည်။ ထို့အပြင် နေ့ထူးနေ့မြတ် တရားပွဲများ၊ တရားစခန်းများကိုလည်း ကျင်းပပြုလုပ်ပေးသွားမည် ဖြစ်ပါသည်။ အထူးသဖြင့် မျိုးဆက်သစ် လူငယ်များအား ဘုန်းတော်ကြီးကျောင်းများသို့ ရောက်အောင် ခေါ်ဆောင်ရင်း ပညာလည်းပေး၊ စာရိတ္တလည်း လေ့ကျင့်ပေးကာ တန်ဘိုးရှိသည့် သူများအဖြစ် ပြုပြင်ပံ့ပိုး ပေးနိုင်တော့မည် ဖြစ်ပါသည်။

 ကျောင်းတော်၏ ဆောက်လုပ်မှု ပုံရိပ်များကို ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ရန် မျှဝေလိုက်ပါသည်။






Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ