Showing posts with label အထွေထွေမှတ်စုများ. Show all posts
Showing posts with label အထွေထွေမှတ်စုများ. Show all posts

ရုန်းထွက်ဖြစ်ခဲ့ခြင်း


 ဝါတွင်းသုံးလကာလပတ်လုံး အင်တာနက် စာမျက်နှာပေါ်တွင် စာရေးခြင်းကိစ္စ အဆက်ပြတ်သွားခဲ့၏။ အဆက်ပြတ်ခြင်းဆိုသည်ထက် အဆက်ဖြတ်ထားခြင်း ဖြစ်၏။ ကိုရီးယားနိုင်ငံရှိ ကျောင်းကိစ္စအဝဝနှင့် မြန်မာပြည်ရှိ ကျောင်းကိစ္စများ၊ ပရဟိတ ပညာဒါန လုပ်ငန်းများ အားလုံးကို ဆိုင်ရာတာဝန်ခံများနှင့် လွှဲအပ်ကာ မုံရွာတစ်ဖက်ကမ်း၊ ချင်းတွင်းတံတား အနီးရှိ ရွှေတောင်ဦး လယ်တီပဿနာရိပ်သာတွင် လယ်တီဆရာတော်ကြီး၏ နည်းနာနိဿယကို အရယူကာ ဝိပဿနာကျင့်စဉ်နှင့် ဓုတင်အကျင့်တို့ကို အားထုတ်ဖြစ်ခဲ့၏။ ဝါဆိုလပြည့်နေ့မှ ဝါခေါင်လပြည့်နေ့အထိ (၁)လတိတိကို  ရွှေတောင်ဦး လယ်တီရိပ်သာတွင် အားထုတ်ဖြစ်ခဲ့ပြီး သီတင်းကျွတ်လပြည့်နေ့အထိ ကျန်သည့်အချိန်များကိုကား ရန်ကုန်ကျောင်းမှာပင် ဓုတင်နှင့် ဝိပဿနာအလုပ်ကို ဆက်လက်၍ အားထုတ်ဖြစ်ခဲ့၏။ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှုများ၊ ပစ္စည်းလေးပါး လာဘ်လာဘများမှ ရုန်းထွက်ကာ ထိန်းသိမ်းရန် ခက်ခဲလှသည့် စိတ်အစဉ်နှင့် ခြိုးခြံစွာကျင့်ရသည့် ဓုတင်အကျင့်တို့ကို သည်းခံ၍ အားထုတ်ဖြစ်ခဲ့၏။ ရုပ်ပိုင်းဆိုင်ရာ၏ တဒင်္ဂပြည့်စုံမှုကို ဓမ္မအေးရိပ်ဖြင့် လဲလှယ်ခဲ့ခြင်း ဖြစ်၏။ 

စင်စစ် ဤကိစ္စသည် လူသိရှင်ကြား ပြောရမည့် ကိစ္စမဟုတ်လှပေ။ သို့သော် သူ့အတိုင်းအတာနှင့်သူ အနှောင်အဖွဲ့များမှ ရုန်းထွက်ရန် ခက်ခဲမှုများ ရှိနေသည့်ကြားက အားလုံးကို အဆက်ဖြတ်ကာ ရုန်းထွက်ဖြစ်ခဲ့သည့်အပေါ်  ပီတိပွားနိုင်စေရန် အသိမျှပေးခြင်း သက်သက်သာ ဖြစ်ပါ၏။ အတွယ်များကိုဖယ်ကာ အတိုင်းအတာတစ်ခုအထိ ဓမ္မအရိပ်တွင် ခိုလှုံဖြစ်ခဲ့မှုအပေါ် သာဓုခေါ်နိုင်ရန်နှင့် မိမိတို့လည်း တစ်ချိန်ချိန်တွင် ရုန်းထွက်နိုင်အောင် ကြိုးစားသင့်ကြောင်း တိုက်တွန်းလိုရင်း ဖြစ်၏။

မှန်၏။ ဘဝတွင် လူတိုင်းလူတိုင်း ကြာလျှင်ပို၍ပင် သံယောဇဉ် တွယ်ဖွယ်ရာများနှင့်သာ နိဂုံးချုပ်သွားတတ်သဖြင့် ထိုအတွယ်များကို အခိုက်အတန့်ဖြစ်စေ ပယ်ခွာ၍ တရားအလုပ် အားထုတ်ဖြစ်ရန် ရုန်းထွက်သင့်ကြ၏။ “ငါမရှိရင် မဖြစ်ပါဘူး”ဟူသော ခံယူချက်အတွေးကိုဖယ်ကာ “ငါမရှိလည်း သူ့ဟာနဲ့သူတော့ ဖြစ်သွားတာပဲ” ဟူသည့် အမြင်ဖြင့် သံယောဇဉ်မှန်သမျှ သူမတွယ်ခင် ကိုယ်ကအရင် ဖယ်နိုင်အောင် ကြိုးစားသင့်ကြ၏။ အလုပ်သံယောဇဉ်၊ သားသမီး သံယောဇဉ်၊ ဒကာ၊ဒကာမ သံယောဇဉ်၊ အိမ်သံယောဇဉ်၊ ကျောင်းသံယောဇဉ်များသည် ကြာလာသည့်နှင့်အမျှ ပို၍ပင်တွယ်လာတတ်ပြီး ရုန်းထွက်ရန် ခက်တတ်သဖြင့် အတွယ်မများခင် ဓမ္မအားအင်နှင့် တရားခင်နိုင်အောင် ကြိုးစားသင့်ကြ၏။ ဇနီးမယား၊ သမီးသားနှင့် စည်းစိမ်ဥစ္စာ၊ ကျောင်းအိမ်ရာသည် မိမိက မည်မျှပင် တွယ်နေပါသော်လည်း အချိန်တန်လျှင် အားလုံးကိုထား၍ ဘဝခရီး သွားကြရမည်သာ ဖြစ်သဖြင့် သူမခွဲခင် ကိုယ်အရင်ခွဲကာ ဘဝအတွက် ဓမ္မဖက်နိုင်အောင် အတွယ်များမှ ရုန်းထွက်သင့်ကြ၏။

ထို့ကြောင့် ဓမ္မမိတ်ဆွေများအား တိုက်တွန်းပါ၏။ သံယောဇဉ်အတွယ် အမျိုးမျိုးသည် ကိုယ်ကမဖယ်လျှင် သူက တွယ်နေမည်သာ ဖြစ်ပြီး ထိုအတွယ်များသည် ဘဝခရီးအတွက် အကောင်းမဆက်နိုင်သဖြင့် အချိန်မနှောင်းခင် စိတ်ကောင်းဝင်ပြီး ဘဝအတွက် ဓမ္မဘက်သို့ ဦးတည်လှမ်းတက် ခရီးဆက်နိုင်ဖို့ မနှေးအမြန် ရုန်းထွက်ကြရန် မေတ္တာရှေ့ထား တိုက်တွန်းစကား ပါးလိုက်ရပါသည်။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ


Read more »

သည်းခံခြင်းအတွက် မှတ်ချက်

သည်းခံခြင်းအတွက် မှတ်ချက်
--------------------
သည်းခံမှုနဲ့ ပတ်သက်ပြီး ဒကာလေးတစ်ယောက်က လျှောက်ဖူးပါတယ်။ ဘယ်လိုကျင့်သုံးရမလဲတဲ့။ 

ဘယ်လိုကျင့်သုံးရမလဲဆိုတော့ သည်းခံပေါ့လို့။ ဒါပေမယ့် အနှိမ်ခံဖို့တော့ မဟုတ်ပါဘူး။ မြတ်ဗုဒ္ဓကလည်း သည်းခံဖို့ မိန့်ပါတယ်။ ဒါပေမယ့် မှန်တာကိုတော့ မှန်တဲ့အကြောင်း၊ မဟုတ်တာကိုတော့ မဟုတ်တဲ့အကြောင်း ပြန်ပြောဖို့နဲ့ မှားရင်လည်း မှားကြောင်းဝန်ခံရမယ်တဲ့လေ။ အဲဒီလို ကျင့်သုံးရမှာပါ။

နာက်တစ်ချက်က သည်းခံတယ်ဆိုတဲ့နေရာမှာ မှားမှားမှန်မှန် သည်းခံနေဖို့ မဟုတ်ပါဘူး။ အကြောင်းအရာတစ်ခုဟာ ကိုယ်သည်းခံလိုက်တဲ့အတွက် ကိုယ့်အတွက်လည်း အကျိုးရှိသွားမယ်၊ သူ့အတွက်လည်း အပြစ်မဖြစ်ဘူး အကောင်းဘက်ကို ဦးတည်သွားနိုင်တယ်ဆိုရင် ဘာပဲဖြစ်ဖြစ် သည်းခံရမှာ ဖြစ်ပါတယ်။ တစ်ချို့ကိစ္စတွေကျတော့ သည်းခံခြင်းအားဖြင့် ကိုယ့်မှာအကုသိုလ် အပြစ်တွေပဲ ထပ်တိုးနေတယ်၊ သည်းခံမှန်းသိလို့ တဖက်ကလည်း ဆက်ပြီးအကုသိုလ်ဖြစ်အောင် လုပ်သလိုဖြစ်နေတယ်၊ လုပ်တဲ့သူမှာလည်း အပြစ်တွေထပ်တိုးနေမယ်ဆိုရင် ဒါမျိုးကတော့ အမှန်တရားနဲ့ တော်လှန်နိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ်။ တဖက်သူကို ရန်ပြုဖို့မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် အပြစ်မရှိ အကျိုးရှိသွားစေဖို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် သည်းခံတာကောင်းပါတယ်။ ဒါပေမယ့် ကုသိုလ်အတွက် သည်းခံပြီး အကုသိုလ်အတွက်တော့ တွန်းလှန်ဖို့ လိုပါတယ်။ ဒီတွန်းလှန်မှုဟာ ဒေါသနဲ့တွန်းလှန်တာ မဟုတ်ပါဘူး။ အကျိုးကို လိုလားတဲ့ မေတ္တာကို အခြေခံတဲ့ တွန်းလှန်မှုပါပဲ။

[မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)]

Read more »

ငြိမ်းချမ်းရေးအတွက် သက္ကပဥှသုတ်ရဲ့ မှတ်ချက်


သိကြားမင်းမေးလို့ ဘုရားရှင် ဖြေတော်မူတဲ့ သုတ်တော်တစ်ခုကို ညွန်းပါဆိုရင် သက္ကပဥှသုတ်တော်ကို အထူးညွန်းချင်ပါတယ်။ ဒီသုတ်တော်မှာ သိကြားမင်းက ဘုရားရှင်ထံလာပြီး သတ္တဝါတွေ မငြိမ်းချမ်းနိုင်ခြင်းရဲ့ အကြောင်းကို မေးလျှောက်လို့ ဘုရားရှင်က ဖြေကြားပေးခဲ့ပါတယ်။ အဲဒီ အမေးအဖြေအပေါ် မှတ်ချက်ပြုကြည့်တော့ ဒီလိုလေး တွေ့ရပါတယ်။

မနာလိုခြင်း ဣဿာ၊ ဝန်တိုခြင်း မစ္ဆရိယတွေ ရှိနေရင် သတ္တဝါတွေ ငြိမ်းချမ်းချင်ပေမယ့် မငြိမ်းချမ်းနိုင်ဘူးတဲ့။
အဲဒီ မနာလိုခြင်း၊ ဝန်တိုခြင်းတွေဟာ ချစ်ခြင်း၊ မုန်းခြင်းဆိုတဲ့ သံယောဇဉ်ကြောင့် ဖြစ်လာတတ်ပြီး
အဲဒီ အချစ်အမုန်း သံယောဇဉ်ဟာလည်း လိုချင်ခြင်း ဆန္ဒကြောင့် ဖြစ်ပေါ်စေကာ
အဲဒီ လိုချင်ခြင်းဟာလည်း ကြံစည်ခြင်း ဝိတက်ကြောင့် ဖြစ်ပေါ်လာတတ်တဲ့အပြင်
အဲဒီကြံစည်ခြင်းဟာလည်း တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ သံသရာ ချဲ့ထွင်တတ်တဲ့ ပပဉ္စတရားကြောင့် ဖြစ်ပေါ်တတ်ပါတယ်တဲ့။

အရင်းစစ်တော့ သတ္တဝါတွေ မငြိမ်းချမ်းတာဟာ တဏှာ၊ မာန၊ ဒိဋ္ဌိကို အခြေခံရာက ကြံစီခြင်းတွေဖြစ်၊ အကြံတွေက ဆန္ဒတွေဖြစ်၊ ဆန္ဒတွေက အချစ်အမုန်းတွေဖြစ်၊ အချစ်အမုန်းတွေက မနာလိုခြင်းဝန်တိုခြင်းတွေအထိ ဖြစ်ပေါ်လာပြီး နောက်ဆုံး သတ္တဝါတွေ မငြိမ်းချမ်းနိုင်တဲ့အထိ ဖြစ်သွားစေတော့တာပါ။ 

ဆိုတော့ကား ဒီတရားတွေ မဖြစ်စေဖို့ ဘာလုပ်သင့်သလဲဆိုတော့ ခံစားချက်ကို ရှုပွားတတ်တဲ့ အကျင့်နဲ့နေကြည့်ဖို့ပါပဲတဲ့။ ရှုပွားတယ်ဆိုတာ ခံစားဖို့ မဟုတ်ပါဘူး။ အစွဲမကပ်အောင် သိမှတ်ဖို့ပါပဲ။ ကောင်းရင်လည်း ကောင်းတဲ့ခံစားချက်အပေါ်မှာ အစွဲမကပ်ဘဲ အသိကပ်ဖို့၊ မကောင်းရင်လည်း မကောင်းတဲ့ ခံစားချက်အပေါ် အစွဲမကပ်ဘဲ အသိကပ်ဖို့၊ ကောင်းတာလည်း မဟုတ်။ မကောင်းတာလည်း မဟုတ်ရင်လည်း အဲဒီခံစားချက်အပေါ်မှာ အစွဲမကပ်ဘဲ အသိကပ်ဖို့ပါ။ ဒီလို ခံစားချက်မှန်သမျှကို လိုက်မခံစားဘဲ သတိနဲ့ သိမှတ်နိုင်ရင် အစွဲတဏှာ၊ အထင်မာန၊ တစ်လွဲဒိဋ္ဌိဆိုတဲ့ ပပဉ္စတရားတွေကို တဖြည်းဖြည်း ခွါလာနိုင်မှာပါ။ အဲဒီ တရားသုံးပါးကို ခွါထားနိုင်ရင် သူ့ကိုအကြောင်းပြုပြီး ဖြစ်လာနိုင်တဲ့ အကြံတွေ၊ အကြံကြောင့် ဖြစ်လာနိုင်တဲ့ လိုချင်မှုတွေ၊ အလိုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အချစ်အမုန်းတွေ၊ အချစ်အမုန်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ မနာလိုခြင်း ဝန်တိုခြင်းတွေဟာလည်း တဖြည်းဖြည်းနည်းလာကြမှာပါ။ မနာလိုတာတွေ ဝန်တိုတာတွေ နည်းလာရင် သေချာတယ် အားလုံးဟာ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားကြမှာ အမှန်ပါပဲ။ 

“မနာလိုခြင်း၊ ဝန်တိုခြင်း အရှင်းကင်းပါစေ။”

မြတ်ဗုဒ္ဓ၏ သက္ကပဥှသုတ်တော်ကို ပူဇော်ရင်း

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

ကထိန်အကြောင်း သိကောင်းစရာ

သီတင်းကျွတ်ပြီးသွားပြီဆိုတော့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအတွက် နောက်ထပ်ဘာသာရေးဆိုင်ရာ ထင်ရှားတဲ့ ကုသိုလ်ပွဲတစ်ခုအနေနဲ့ ကထိန်အလှူပွဲတွေက အသီးသီး ရှိလာနေကြမှာ ဖြစ်ပါတယ်။ ဘုရားဝိနည်းတော် သတ်မှတ်ချက်အရ သီတင်းကျွတ် လပြည့်ကျော် (၁)ရက်နေ့ကစပြီး တန်ဆောင်မုန်း လပြည့်နေ့အထိ (၁)လတာ ကာလကို ကထိန်အလှူပွဲ ကျင်းပရာ ကာလအဖြစ် မြန်မာနိုင်ငံတ၀ှန်းလုံးရှိ အနယ်နယ်အရပ်ရပ်မှာ ကထိန်ပွဲတွေကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကျင်းပပြုလုပ်ကြမှာ ဖြစ်ပါတယ်။ ကထိန်ပွဲတွေ လုပ်ကြတော့မယ်ဆိုတော့ ဘာရယ်မဟုတ်ဘူး သူ့ထက်ငါ အပြိုင်အဆိုင် လုပ်ချင်ကြတာပဲ သိတာများတတ်ပါတယ်။ ကထိန်ဆိုရင် ပဒေသာပင်ကြီးတွေ သီးပြီး ဆိုင်းသံဘုံသံ တညံညံနဲ့ အနယ်နယ်အရပ်ရပ်မှာ လှည့်လည်ကာ နောက်ဆုံးဘုန်းကြီးကျောင်းကို ပို့ဆောင်လှူဒါန်းကြတဲ့ပွဲလို့ အများက သိနေတတ်ကြပါတယ်။ ကထိန်ဆိုတာဘာလဲ၊ ဘာကြောင့် ဒီအလှူကို ကထိန်လို့ ခေါ်တာလဲ၊ ကထိန်ခင်းတယ်ဆိုတာ ဘာကိုပြောတာလဲ စသဖြင့် မေးလာခဲ့မယ်ဆိုရင်တော့ တိတိကျကျ ပြောဆိုရှင်းပြဖို့ ခက်တတ်ကြပါတယ်။ ဒါကြောင့် ကထိန်နဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာလေးတွေ သိထားဖို့ ကထိန်အကြောင်း သိကောင်းစရာ ဆိုတဲ့ ဒီပို့စ်လေးကို ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။

ကထိန်ဖြစ်ပေါ်လာပုံမြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊ ဇေတ၀န် ကျောင်းတော်မှာ သီတင်းသုံးနေတော်မူနေတဲ့ အချိန်တုန်းက ဖြစ်ပါတယ်။ အာရညကဓုတင်၊ ပိဏ္ဍပါတဓုတင်၊ ပံ့သုကူဓုတင်၊ တိစီဝရိတ်ဓုတင်ကို ဆောက်တည်ကြတဲ့ ပါဝေယျကတိုင်းသား ရဟန်းတော် အပါးသုံးဆယ်ဟာ မြတ်စွာဘုရားရှင်ကို ဖူးမျှော်ဖို့ အလွန်ဝေးတဲ့ အရပ်ကနေ သာဝတ္ထိပြည်ကိုလာရင်း လမ်းမှာဝါဆိုရမယ့်နေ့ နီးလာတဲ့အတွက် သာဝတ္ထိပြည်အထိ မသွားနိုင်တော့ဘဲ သာဝတ္ထိပြည်နဲ့ ယူဇနာ (၆၀)ဝေးကွာတဲ့ သာကေတမြို့မှာပဲ ၀ါဆိုလိုက်ရတဲ့ အဖြစ်နဲ့ ကြုံခဲ့ရပါတယ်။ အဲဒီရဟန်းတော်များဟာ ဘုရားရှင်သီတင်းသုံးတော်မူရာ သာဝတ္ထိပြည်အနီးမှာ ရောက်နေပြီးမှ ဘုရားရှင်ကို မဖူးမျှော်ရပဲ ၀ါဆိုနေရတဲ့အတွက် စိတ်နှလုံး မပျော်မွေ့ပဲ ဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ ၀ါကျွတ်တဲ့အခါ ဘုရားရှိရာ အရပ်ကို ထွက်လာခဲ့ကြပါတယ်။ လမ်းခရီးမှာ မိုးကလည်း အလွန်ကြီးတဲ့အတွက် အဲဒီရဟန်းများ ၀တ်ရုံထားတဲ့ သင်္ကန်းနဲ့ ဓုတင်ဆောင် နှစ်ထပ်သင်္ကန်းများဟာ မိုးရေများနဲ့ အရမ်းကို စိုရွဲနေကြပါတယ်။ ဘုရားထံမှောက် ရောက်လာကြတဲ့ အဲဒီရဟန်းတော်များကို ဘုရားရှင်က ၀ါတွင်းကာလ ချမ်းချမ်းသာသာ သီတင်းသုံးခဲ့ရမှု ရှိမရှိ မေးမြန်းတဲ့အခါ ပါဝေယျကတိုင်းသား ရဟန်းတော် အပါးသုံးဆယ်ဟာ မိမိတို့ရဲ့ အဖြစ်ကို အကျိုးအကြောင်း လျှောက်ပြပါတယ်။

ဒီလို ရဟန်းတော်တို့ရဲ့ အခက်အခဲ အခြေအနေများကြောင့် မြတ်စွာဘုရားရှင်က “ရဟန်းတို့ ၀ါကျွတ်ပြီးသော ရဟန်းတို့အား ကထိန်ခင်းခြင်းငှါ ခွင့်ပြု၏၊ ရဟန်းတို့ ကထိန်ခင်းပြီးသော ရဟန်းတို့အား ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ဒါယကာ အိမ်သို့သွားနိုင်ခြင်း၊ တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို မယူဘဲ သွားနိုင်ခြင်း၊ ဂဏဘောဇဉ်ကို စားနိုင်ခြင်း၊ အလိုရှိတိုင်း အဓိဋ္ဌာန် ၀ိကပ္ပနာမပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း၊ ထိုကထိန်းခင်းသော ကျောင်း၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော ရဟန်းတို့အား ဖြစ်ရခြင်းဟူသော ဤငါးပါးသော အာနိသင်တို့ ရကုန်၏” စသဖြင့် မိန့်တော်မူကာ ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူပါတယ်။ ဒါဟာ ကထိန်ခင်းခြင်းနဲ့ ကထိန်သင်္ကန်းအလှူ ဖြစ်ပေါ်မှုရဲ့ အစပဲ ဖြစ်ပါတယ်။

ကထိန်ဆိုတာကထိန်ဆိုတာ ကထိနဆိုတဲ့ ပါဠိစကားကို မြန်မာမှုပြုပြီး အလွယ်အသုံးပြုထားတဲ့ ပါဠိပျက် ဝေါဟာရစကားလုံး ဖြစ်ပါတယ်။ ကထိနရဲ့ အဓိပ္ပါယ်က ခိုင်မြဲခြင်း၊ မြဲမြံခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဆိုလိုတာက ကထိန်ဆိုတာ ၀ါဆိုလပြည့်ကျော် (၁)ရက်နေ့ကစပြီး သီတင်းကျွတ်လပြည့်နေ့ အထိ (၃)လတာ ၀ါဆိုဝါကပ် ပြုတော်မူပြီးကြတဲ့ ရဟန်းတော်များအား သင်္ကန်းဆက်ကပ်လှူဒါန်းပြီး ဒီသင်္ကန်းကို အလှူခံ ရရှိတဲ့ ရဟန်းတော်များဟာ ဒီသင်္ကန်းကို အကြောင်းပြုကာ ၀ိနည်းတော်များထဲက သိက္ခာပုဒ်အချို့ကို ကာလအပိုင်းအခြား တစ်ခုအနေနဲ့ ကင်းလွှတ်ခွင့်ဆိုတဲ့ အကျိုးအာနိသင်ကို သေချာပေါက် ခိုင်ခိုင်မြဲမြဲ ရစေနိုင်တဲ့ အတွက် ကထိန- ကထိန်လို့ ဆိုတာ ဖြစ်ပါတယ်။ ဒီကထိန်ခင်းတာဟာ အ၀တ်သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တဲ့ အလှူဖြစ်တဲ့အတွက် ဒီသင်္ကန်းကိုလည်း ကထိန်သင်္ကန်း၊ ဒီအလှူကိုလည်း ကထိန်အလှူလို့ ဆိုခြင်းဖြစ်ပါတယ်။

ကထိန်ခင်းတယ်ဆိုတာဘယ်မြို၊ ဘယ်ကျောင်းမှာ ကထိန်သွားခင်းမလို့ ဆိုတဲ့ အပြောအဆိုအသုံး အနှုန်းကို လူအတော်များများ ပြောဆိုသုံးစွဲတတ်ပါတယ်။ တကယ်တော့ ကထိန်ခင်းတာဟာ လူတွေက ခင်းရတာမဟုတ်ပါဘူး။ ရဟန်းတော်များကသာ ခင်းရတာ ဖြစ်ပါတယ်။ လူတွေက ရဟန်းတော်များ ကထိန်ခင်းနိုင်အောင် သင်္ကန်းကို လှူဒါန်းပေးတဲ့ ကထိန်သင်္ကန်း အလှူရှင်အဖြစ်ပဲ ခံယူနိုင်တာ ဖြစ်ပါတယ်။ ကထိန်ခင်းတာဟာ သံဃာတော်များရဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ ကထိန်ခင်းဖို့အတွက် သံဃဿဒေမ ဆိုပြီး လှူဒါန်းလိုက်တဲ့ ဒီသင်္ကန်းကို သံဃာတော်များက သိမ်ထဲမှာ ကထိန်သင်္ကန်း အလှူခံမယ့် ကျောင်းမှာရှိတဲ့ ရဟန်းတော်တစ်ပါးကို သံဃာအများ သဘောတူမှုနဲ့ ရွေးချယ်ပြီး သင်္ကန်းအလှူရှင်များ လှူဒါန်းထားတဲ့ အဲဒီသင်္ကန်းကို ကမ္မ၀ါစာနဲ့ ရွတ်ဖတ်ကာ ပေးကြရပါတယ်။ အဲဒီလို ကမ္မ၀ါစာနဲ့ ရွေးချယ်ပေးလာတဲ့ သင်္ကန်းကို အလှူခံရရှိလာတဲ့ ရဟန်းတော်ဟာ မိမိဝါဆိုရာကျောင်းမှာ ပြန်ပြီးဒီသင်္ကန်းကို ခင်းရပါတယ်။

ခင်းတယ်ဆိုတာ သင်္ကန်းကို အောက်မှာချခင်းတာ မဟုတ်ပါဘူး။ စွန့်သင့်တဲ့သင်္ကန်းကို စွန့်၊ အဓိဋ္ဌာန်တင်သင့်တဲ့ သင်္ကန်းကို တင်ပြီး လက်ရှိအလှူခံ ရရှိလာတဲ့ သင်္ကန်းကို ၀ိနည်းကြောင်းအရ လိုက်နာပြုကျင့်တာကို ပြောတာဖြစ်ပါတယ်။ အဲဒီခင်းထားတဲ့ အကျိုးအာနိသင်ကိုလည်း အဲဒီကျောင်းတိုက်မှာ ရှိတဲ့ အခြားသံဃာတော်များကို အနုမောဓနာပြု သာဓုခေါ်စေပြီး ၀ိနည်းကြောင်းအရ သတ်မှတ်ထားတဲ့ ကထိန်အာနိသင် ငါးမျိုးကို အညီအမျှ ရစေတာဖြစ်ပါတယ်။ ဒီလို ကမ္မ၀ါစာနဲ့ သင်္ကန်းပေးပြီး မိမိဝါဆိုရာ ကျောင်းတိုက်မှာ ကထိန်ပြန်ခင်းကာ အတူတူဝါဆိုဝါကပ် ပြုကြတဲ့ အခြားရဟန်းတော်များနဲ့အတူ အကျိုးအာနိသင်ကို ရယူတဲ့ အစီအစဉ်ကိုပဲ ခြုံငုံပြီး ကထိန်ခင်းတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကထိန်ခင်းတယ်ဆိုတာ လူတွေက ခင်းရတာမဟုတ်ဘဲ ကထိန်ခံ ရဟန်းက ခင်းရတာလို့ ဆိုခြင်းဖြစ်ပါတယ်။

ပြီးတော့ ကထိန်းသင်္ကန်းဟာ ဒီနေ့အလှူခံပြီး ဒီနေ့ပဲ အပြီးကံဆောင်ကာ ခင်းရတာဖြစ်ပါတယ်။ ဒီနေ့အလှူခံပြီး နောက်နေ့တွေမှ ခင်းရင် ကထိန်ခင်းရာ မမြောက်ပါဘူး။ မသိုးသင်္ကန်းဆိုတာ ညလွန်သွားတဲ့ သင်္ကန်းမျိုး မဟုတ်တာကို ပြောတာ ဖြစ်ပါတယ်။ ဒီလို မသိုးသင်္ကန်းဖြစ်မှလည်း ကထိန်ခင်းနိုင်တာ ဖြစ်ပါတယ်။ သင်္ကန်းကလွဲပြီး တစ်ခြားပစ္စည်းများနဲ့လည်း ကထိန်ခင်းလို့ မရပါဘူး။ ဒီလိုဆိုတော့ တခြားပပေဒသာပင် သီးပြီးလှူတဲ့ အလှူပစ္စည်းများဟာ အခြံအရံ လှူဖွယ်ပစ္စည်းများပဲ ဖြစ်ပါတယ်။ ဒီပစ္စည်းများ၊ ပဒေသာပင်များဟာ ကထိန်ခင်းထိုက်တဲ့ အရာများ မဟုတ်ပါဘူး။ အလိုရှိသလို အသုံးပြုနိုင်တဲ့ အသုံးအဆောင်ပစ္စည်း အလှူများပဲ ဖြစ်ပါတယ်။

ကထိန်ခင်းနိုင်တဲ့ သင်္ကန်းနဲ့ ကထိန်သင်္ကန်းလှူဒါန်းနိုင်သူများဝိနည်းကြောင်းအရ ကထိန်းခင်းနိုင်တဲ့ သင်္ကန်းအမျိုးအစားဟာ ကြိုတင်လှူဒါန်းထားခြင်း မဟုတ်ဘဲ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်းမှာ လှူဒါန်းတဲ့ ဒီနေ့လှူ ဒီနေ့ခင်းရမယ့် ညမလွန်တဲ့ မသိုးသင်္ကန်း ဖြစ်ရပါမယ်။ အဲဒီလို သင်္ကန်းမျိုးဆိုရင် သင်္ကန်းသုံးထည်လို့ ခေါ်တဲ့ အပေါ်ရုံ ကိုယ်ဝတ် ဧကသီသင်္ကန်း၊ အောက်ခါးဝတ် သင်းပိုင်သင်္ကန်းနဲ့ ပုခုံးတင် နှစ်ထပ်ဒုကုဋ်သင်္ကန်း တွေထဲက သင့်တော်ရာ တစ်မျိုးမျိုးနဲ့ ခင်းနိုင်ပြီး ဒီသင်္ကန်းအလှူကိုတော့ ရဟန်း၊ ရှင်၊ လူ ဘယ်သူမဆို လှူဒါန်းနိုင်ပါတယ်။

အကြောင်းစုံမှ ခင်းလို့ရကထိန်အလှူဟာ အမြတ်ဆုံး အလှူဖြစ်သလို ကထိန်အလှူ မြောက်ဖို့ဆိုတာလည်း ခက်ခဲတဲ့ သဘောရှိပါတယ်။ ဆရာဒကာ နားလည်မှုနဲ့ အကြောင်းစုံ ညီညွတ်မှ ဒီအလှူ အထမြောက် အောင်မြင်တာ ဖြစ်ပါတယ်။ တကယ်လို့ ၀ါကျွတ်ပြီးတဲ့ ရဟန်းသံဃာတော် တစ်ပါးပါးဟာ မိမိကျောင်းမှာ ကထိန်မရှိ၊ ကထိန်သင်္ကန်း လှူဒါန်းသူမရှိလို့ ဆိုပြီး နီးစပ်ရာ၊ ကြည်ညိုရင်းနှီးရာ ပုဂ္ဂိုလ်တစ်ဦးဦးထံမှာ သွားပြီး အလှူခံကာ မိမိတို့ ပယောဂကြောင့် ရလာတဲ့ သင်္ကန်းဖြစ်ခဲ့မယ်ဆိုရင် အဲဒီသင်္ကန်းနဲ့ ကထိန်ခင်းလို့ မရပါဘူး။ ကထိန်သင်္ကန်းဟာ ရဟန်းတော်များ အနေနဲ့ တိုက်ရိုက်အလှူခံကောင်းတဲ့ သင်္ကန်းလည်း မဟုတ်ပါဘူး။ ကထိသင်္ကန်း အလှူရှင်က မိမိအလိုလို နားလည်သဘောပေါက်ပြီး သံဃာဿဒေမ - သံဃားတော်အား လှူဒါန်းပါ၏လို့ သံဃာကို ရည်မှန်းပြီး လှူဒါန်းတဲ့ သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တာ ဖြစ်ပါတယ်။ အရှင်ဘုရားအတွက်၊ ဘယ်ဆရာတော်အတွက် စတဲ့ ပုဂ္ဂိုလ်ရည်မှန်းပြီး လှူဒါန်းတဲ့ ပုဂ္ဂလိက အလှူသင်္ကန်းနဲ့ဆိုလည်း ကထိန်းမခင်းနိုင်ပါဘူး။ ရဟန်းတော်များဘက်က ပယောဂကင်းဖို့လိုသလို သင်္ကန်းအလှူရှင်ဘက်ကလည်း သံဃိက အလှူဖြစ်ဖို့လိုကာ ဒီလို နှစ်ဘက်နားလည် ညီညွတ်မှုနဲ့ ရလာတဲ့ သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တာ ဖြစ်ပါတယ်။ နောက် ကာလသတ်မှတ်ချက်ကလည်း တစ်နှစ်မှာ တစ်ခါ၊ တစ်ခါမှာ သင်္ကန်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လ၊ တစ်လမှာလည်း ၀ါဆိုရာ နယ်နိမိတ် သတ်မှတ်ချက်မတူတဲ့ ကျောင်းတစ်ကျောင်းမှာ တစ်ကြိမ်ပဲ ခင်းနိုင်တာ ဖြစ်ပါတယ်။ ပြီးတော့ ကထိန်ခင်းဖို့အတွက် သိမ်ရှိဖို့လိုသလို လေးပါးလေးပါးအထက် ရှိတဲ့သံဃာ အရေအတွက် ပြည့်မီဖို့လည်း လိုပါတယ်။ ဒီလို အကြောင်းအချက်အလက် စုံမှပဲ ကထိန်ခင်းမှု အထမြောက်တယ်၊ ကထိန်အလှူ အောင်မြင်ပြီးမြောက်တယ်လို့ ဆိုတာ ဖြစ်ပါတယ်။

ကထိန်အလှူရဲ့ ထူးခြားမှုဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတွေရဲ့ ချီးမွမ်းမှုကို ခံယူထိုက်တဲ့အတွက် ဒီအလှူကို ကထိန်လို့ ဆိုကြောင်း အဋ္ဌကထာဆရာတော်က ဖွင့်ဆိုပါတယ်။ ဒီလိုဖွင့်ဆိုရတာကလည်း အကြောင်းရှိပါတယ်။ ဒီအလှူဟာ
၁။ သံဃာကို ရည်မှန်းပြီး လှူဒါန်းတဲ့ သံဃိကအလှူ ဖြစ်ရခြင်း
၂။ အချိန်ကာလ သတ်မှတ်ချက် အတွင်းမှာသာ လှူဒါန်းရတဲ့ ကာလဒါန အလှူဖြစ်ခြင်း
၃။ တစ်ခြားပစ္စည်းဝတ္ထုများ မဟုတ်ဘဲ အရဟတ္တဓဇ ခေါ် ရဟန္တာတို့ရဲ့ အလံတံခွန်သဖွယ် ဖြစ်တဲ့ အ၀တ်သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်ခြင်း
၎။ ဒီအလှူကို အကြောင်းပြုပြီး ရဟန်းတော်များအား ၀ိနည်းသိက္ခာပုဒ် အချို့ကို အချိန်ကာလ တစ်ခုအရ ကင်းလွတ်စေနိုင်တဲ့ အတွက် ၀ိနည်းအလှူ သို့မဟုတ် တရားအလှူခေါ် ဓမ္မဒါန အလှူဖြစ်ခြင်း
 စတဲ့ ထူးခြားချက်များကြောင့် အမြတ်ဆုံးအလှူ၊ အထူးခြားဆုံး အလှူလို့ ဖွင့်ဆိုပြခြင်း ဖြစ်ပါတယ်။

ကထိန်အလှူရဲ့ အကျိုးတရားဒီအလှူရဲ့ လက်တွေ့အကျိုးကတော့ သင်္ကန်းအလှူခံ ရရှိတဲ့ ရဟန်းတော်များဟာ ကထိန်အာနိသင် ရလိုက်တဲ့အတွက် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ကစပြီး တပေါင်းလပြည့်နေ့အထိ (၅)လအတွင်းမှာ
၁။ ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ဒါယကာ အိမ်သို့သွားနိုင်ခြင်း
၂။ တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို မယူဘဲ သွားနိုင်ခြင်း
၃။ ထမင်းစားလာပါ၊ မုန့်စားကြွပါ စတဲ့ လူ့အခေါ်အပြောနဲ့ ပင့်ဖိတ်တဲ့ ဂဏဘောဇဉ်ကို စားနိုင်ခြင်း
၎။ အလိုရှိတိုင်း အဓိဋ္ဌာန် ၀ိကပ္ပနာမပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း
၅။ ကထိန်ခင်းတဲ့ကျောင်းမှာ သံဃိက သင်္ကန်းဖြစ်ပေါ်လာတဲ့အခါ ကထိန်အာနိသင်ရတဲ့ ရဟန်းအားလုံး ရယူနိုင်ခြင်း
 ဆိုတဲ့ အကျိုးတရား ငါးပါးကို ရရှိနိုင်ပါတယ်။

လူပုဂ္ဂိုလ်များအတွက်ကတော့ ကထိန်သင်္ကန်း လှူဒါန်းခြင်းကို အကြောင်းပြုပြီး
၁။ သင်္ကန်းအလှူ လှူဒါန်းခွင့်ရခြင်း (စီဝရဒါန)
၂။ သံဃိကအလှူ လှူခွင့်ရခြင်း (သံဃိကဒါန)
၃။ ကာလဒါန အလှူလှူခွင့်ရခြင်း (ကာလဒါန)
၎။ ဓမ္မဒါနအလှူ လှူခွင့်ရခြင်း (ဓမ္မဒါန)
 စတဲ့ အကျိုးတရားများကို ရစေနိုင်တဲ့အပြင် ရဟန်းတော်များအား အထက်ပါ ကထိန်အာနိသင် အကျိုးတရား ငါးမျိုးကို ရစေနိုင်သလို ကထိန်သင်္ကန်း လှူဒါန်းတဲ့ အလှူရှင်များမှာလည်း ထိုအကျိုးနဲ့ ထပ်တူစွာ လွတ်လပ်တဲ့ဘ၀မျိုးမှာ ဖြစ်ရခြင်း၊ ထောင်တန်းအချုပ်အနှောင်မှ ကင်းလွတ်ခြင်း၊ စားဖွယ်သောက်ဖွယ် ပေါများကာ အလိုရှိသလို စားသုံးနိုင်ခြင်း၊ မိမိကိုယ်ကို သူတပါးတို့ မလွမ်းမိုးနိုင်ခြင်း၊ မိမိကသာ နေရာတကာ အစိုးရခြင်း စသော အကျိုးတရားများကိုလည်း ရရှိစေနိုင်ပါတယ်။ အထူးကတော့ ရှားရှားပါးပါး ခက်ခက်ခဲခဲ လှူဒါန်းရတဲ့အလှူ ဖြစ်တဲ့အတွက် ရဖို့ခဲရင်းတဲ့ အရာတွေကို ရနိုင်ပြီး နောက်ဆုံး အခက်ခဲဆုံးဖြစ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ကိုပါ အထောက်အကူပေးနိုင်တဲ့ အကျိုးတရားပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူတော်ကောင်းများက ဒီကထိန်အလှူဟာ အကောင်းဆုံးနဲ့ အမြတ်ဆုံးအလှူလို့ ဆိုကြတာ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် ကထိန်နဲ့ ပတ်သက်တဲ့ သိသင့်သမျှကို အနည်းငယ်မျှ သိရှိခွင့် ရလောက်မယ်လို့ မျှော်လင့်မိပါတယ်။ တစ်ချို့အကြောင်းအရာများဟာ အကျယ်ရှင်းပြဖို့ လိုပေမယ့် လူတွေအတွက်တော့ ကထိန်နဲ့ ပတ်သက်ပြီး ဒီလောက်သိထားရင်ကိုပဲ ကထိန်အလှူအကြောင်း၊ ကထိန်လုပ်ရခြင်းအကြောင်း၊ ကထိန်အလှူရဲ့ အကျိုးတရားများအကြောင်း အတော်အသင့် ပြောဆိုဆွေးနွေးနိုင်ကြမှာ ဖြစ်ပါတယ်။ အကျယ်သိလိုသူတွေ အနေနဲ့တော့ ၀ိနည်းမဟာဝဂ္ဂပါဠိတော်၊ ကထိနက္ခန္ဓကမှာ ကြည့်ရှုနိုင်ပါကြောင်း ညွှန်းဆိုလိုက်ပါတယ်။

Read more »

နေ့စဉ်မပြတ် ကုသိုလ်ဆက် ဝတ်စဉ်မပျက် မြဲပါစေ


နေ့စဉ် ကောင်းမှုလေးတစ်ခုခုကို ဝတ်တစ်ခု ဖြစ်အောင် ပြုလုပ်ပါ။ အကြီးကြီး၊ အကြာကြီး၊ အကုန်အကျအများကြီး၊ အရင်းအနှီးအများကြီး ပေးပြီးလုပ်ဖို့ မဟုတ်ပါဘူး။ နည်းနည်းလေးပဲ ဖြစ်ဖြစ် လုပ်ဖြစ်အောင် မပြတ်လုပ်ကြည့်ဖို့ပါပဲ။ 

ဆိုကြပါစို့။ နေ့စဉ် မနက်အိပ်ရာက နိုးတာနဲ့ နမော တဿ ()ခေါက်၊ သရဏဂုံ ()ခေါက်၊ မင်းကွန်းဆရာတော်ကြီးရဲ့  လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေးငြိမ်းအေးကြပါစေ စသဖြင့် မတ္တာသုတ်လာ မေတ္တာလေးကို အစအဆုံး တစ်ခေါက်လောက် စေတနာပါပါလေးနဲ့ အရုံပြုပြီး လုပ်ကြည့်တာမျိုးလေးတွေပေါ့။ ဒီလို ကုသိုလ်မျိုးလေးကို မနက်အိပ်ရာထတစ်ကြိမ် ညအိပ်ရာဝင် တစ်ကြိမ် လုပ်ကြည့်ကြဖို့ပါ။ အချိန်ဘယ်လောက်မှ ကုန်သွားတာမဟုတ်၊ အရင်းအနှီးတွေ ဘယ်လောက်မှ ရင်းနှီးလိုက်ရတာ မဟုတ်ပါဘူး။ အဓိကကတော့ မပျက်အောင် လုပ်မယ်ဆိုတဲ့ ခံယူချက်နဲ့ နေ့စဉ်လုပ်ဖြစ်ဖို့ပါပဲ။ ဒါဆို ကိုယ့်အတွက်က နေ့တိုင်း ကုသိုလ်ဝတ်တွေ ဖြစ်နေတော့တာပါ။ 

အကြောင်းပြချက် အမျိုးမျိုးနဲ့ အလုပ်မအားလို့၊ နေ့ညမတူလို့၊ ခရီးသွားနေရလို့ စသဖြင့် ပြောမယ်ဆိုရင် ပြောနိုင်ပေမယ့် အလုပ်လုပ်ရင်းလည်း ဒါလေးကတော့ လုပ်နိုင်တာပါပဲ။ ကားစီးရင်း၊ ရထားစီးရင်းလည်း လုပ်နိုင်တာပါပဲ။ မပျက်အောင် လုပ်မယ်ဆိုတဲ့ အဓိဋ္ဌာန်နဲ့သာ လုပ်မယ်ဆိုရင် နေရာတိုင်းမှာ၊ လူတိုင်းမှာ၊ အချိန်တိုင်းမှာ ကုသိုလ်ရှိနေတာပါပဲ။ 

အဲဒီကုသိုလ်လေးဟာ ဘာမှမဟုတ်ရဘူး ထင်ပေမယ့် နေ့စဉ်လုပ်ပါများရင် ဝတ်တစ်ခုဖြစ်သွားပြီး ကြာလာတာနဲ့အမျှ ကုသိုလ်အားကြီးလာကာ ကိုယ့်ဘဝအတွက် တကယ့်ကို ခွန်အားတွေ ဖြစ်စေတော့တာ ဖြစ်ပါတယ်။ ငါဘယ်အချိန်၊ ဘယ်အရွယ်ကစပြီး ဒီဝတ်ကုသိုလ်ကို လုပ်လာခဲ့တာ ခုချိန်ထိန် မပျက်သေးဘူးဆိုတဲ့ အတွေးလေးနဲ့ ကိုယ့်ကိုယ်ကို ပြင်ဆင်ခြင်ကြည့်ရင် ကုသိုလ်ရဲ့အားနဲ့ အခက်အခဲရှိရင် သစ္စာပါထားပြီး ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ 

ဒါကြောင့် ကုသိုလ်ကောင်းမှုကို အသေးလေးဆိုပေမယ့် အထင်မသေးဘဲ မပျက်အောင် ဝတ်ကလေးတစ်ခု အနေနဲ့ နေ့စဉ်လုပ်နိုင်အောင် ကြိုးစားဖို့ တိုက်တွန်းရခြင်း ဖြစ်ပါတယ်။ 

ကုသိုလ်တစ်ခု နေ့စဉ်ပြု
ကြီးသည်သေးသည် ရွေးမစီဘဲ
ကုသိုလ်တစ်ခု နေ့စဉ်ပြုက
ပြုဖန်ပါများ ထိုကံများကား
ကုသိုလ်ပြုသူ များထိုသူကို
အခုချမ်းသာ နောင်ချမ်းသာအောင်
ကောင်းမှုအစွမ်း အံ့မခမ်းဖြင့်
အကြောင်းအစု အကောင်းပြုမည်
မုချအမှန် မလွဲတည်း။ ။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

အသွင်မတူ အိမ်သူမဖြစ်


“အသွင်မတူ အိမ်သူမဖြစ်”တဲ့။ ပို့စ်ခေါင်းစဉ်လေးကတော့ ဘုန်းကြီးနဲ့ လားလားမှမသက်ဆိုင်တဲ့ ခေါင်းစဉ်လေးပါ။ အိမ်ယာတည်ထောင် လူဘောင်ကိစ္စကို အိမ်ရာမထောင် ရဟန်းဘောင်က ရဟန်းတစ်ပါးက ပြောလာတာဆိုတော့ ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ လူ့အလုပ် ဝင်ရှုပ်တယ်လို့ ပြောစရာ ဖြစ်နိုင်ပါတယ်။ ပြောလည်းမတတ်နိုင်ဘူး ပြောပါစေတော့။ အမျိုးသားရေးနဲ့ ပတ်သက်လာခြင်း၊ ဒါမှမဟုတ် ဘာသာတရားဆိုင်ရာ အဆုံးအမများနဲ့ ပတ်သက်လာခြင်း၊ ကိုယ့်ကျင့်တရားဆိုင်ရာ လျော့နည်းလာမှုတွေနဲ့ ဆက်စပ်လာခြင်းတွေကြောင့် တိုက်ရိုက်မဆိုင်ပေမယ့် ဆိုင်သလောက်လေး ဝင်ပြောကြည့်တဲ့ သဘောပဲ ဖြစ်ပါတယ်။ စေတနာကောင်းနဲ့ အသိပေးခြင်းဆိုလည်း မမှားပါဘူး။ ပြောချင်တာက ဘယ်နိုင်ငံ ဘယ်လူမျိုး အကြောင်းမှ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအကြောင်းကို ပြောချင်တာပါ။ အထူးသဖြင့် ပြည်ပရောက် ဘုန်းဘုန်းတို့ မြန်မာများအကြောင်း တစ်စေ့တစ်စောင်း ပြောချင်တာ ဖြစ်ပါတယ်။

အခုတစ်လော ပြည်ပရောက် မြန်မာအချို့ရဲ့ အိမ်ထောင်ရေး ပြဿနာလေးတွေကို မကြာမကြာ ကြားလာရပါတယ်။ တစ်ဆင့်စကားနဲ့ပဲ ဖြစ်ဖြစ်၊ လူကိုယ်တိုင် လာရောက်ပြောတာတွေကြောင့်ပဲ ဖြစ်ဖြစ် ကြားနေရတာတွေက စိတ်မသက်သာစရာတွေပါပဲ။ အိမ်ထောင်ရေး ပြဿနာဆိုတော့ တရားဝင် အိမ်ထောင်ကျပြီးသူတွေ အများစုပဲပေါ့။ “တစ်ချို့လည်း ပြည်ပမှာ အလုပ်လာလုပ်နေရင်း ပြည်တွင်းမှာ ကျန်ခဲ့တဲ့ အိမ်သူသက်ထားက အိမ်ထောင်ရေး ဖောက်ပြန်တဲ့ ပြဿနာ၊ တစ်ချို့လည်း ပြည်ပမှာ ကုန်းရုန်းပြီး ကြိုးစားပန်းစား ရှာဖွေစုဆောင်း ပို့ပေးပေမယ့် ပြည်တွင်းမှာရှိတဲ့ မယ်တော်က ပို့သမျှတွေကို အမျိုးမျိုးသုံးစွဲကာ အပျိုလုပ်နေတဲ့ ပြဿနာ၊ တစ်ချို့လည်း ပို့သမျှငွေကြေးတွေကို အိမ်သူသက်ထားက တစ်နေရာမှာ တစ်ခြားတစ်ယောက် နာမည်နဲ့ ဘာဝယ်ညာဝယ်လုပ်ပြီး ပြည်ပက ကိုရွှေချောဆီ ဘာလုပ်ထားလို့ ဘယ်လောက်ပို့ပေးပါဦး စသဖြင့် တောင်းဆိုလာလို့ စုံစမ်းကြည့်တဲ့အခါ မယ်တော်က တခြားတစ်ယောက်နဲ့ နောက်မီးလင်းနေတဲ့ ပြဿနာ၊ တစ်ချို့လည်း ပြည်ပမှာ နှစ်တွေကြာလာတော့ ပြည်တွင်းပြန်ပြီး မိသားစုနဲ့ နေဖို့အိမ်အပြန်မှာ ပြည်တွင်းမှာရှိတဲ့ အိမ်သူသက်ထားက ရပ်ကွက်ထဲက ငနဲတစ်ယောက်နဲ့ ဘာလိုလိုဖြစ်ပြီး လိုက်ပြေးလို့ ဟိုရောက်မှ ဒုက္ခဖြစ်ရတဲ့ ပြဿနာ” စသဖြင့် ကြားရတဲ့ သတင်းတွေက နားဝမှာခါးလှတဲ့အပြင် သူတို့အပူတွေကြောင့် နားထောင်ပေးရတဲ့ ဘုန်းဘုန်းမှာတောင် စိတ်မသက်မသာ ဖြစ်လာခဲ့ရပါတယ်။

တစ်လောကတောင် ဒကာတစ်ယောက် ကျောင်းကိုရောက်လာပြီး သူ့ပတ်ဝန်းကျင်မှာရှိတဲ့ သူအချို့ရဲ့ လက်တွေ့ဇာတ်လမ်းလေးတွေကို ပြောပြသွားတာကို နားထောင်လိုက်ရပါသေးတယ်။ သူ့က “ပြောရရင် အရှင်ဘုရား… ပြည်ပမှာ အတော်ကြာနေတဲ့ သူအချို့ကျပြန်တော့ အိမ်ကိုလည်း ပြန်ပြီးအဆက် အသွယ်မလုပ်ဘဲ ပျော်သလို နေလိုက်ကြတာတွေ ရှိတယ်ဘုရား၊ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ အိမ်ထောင်ရှင်မ အနေနဲ့ ယောက်ျားလုပ်သူထံက စာမလာ သတင်းမကြား၊ ပိုက်ဆံလည်းမပို့ဘဲ အဆက်ဖြတ်ထားတဲ့အတွက် ကလေးတစ်ယောက်နဲ့ ဒုက္ခဖြစ်ရတာတွေ ရှိနေပြန်တော့ မထူးပါဘူးဆိုပြီး မထူဇာတ် ခင်းသွားတဲ့ အဖြစ်တွေလည်း ရှိတတ်ပါတယ်၊ အရင်းစစ်တော့ ဟိုဘက်ကလည်း ဟိုဘက်အလွန်တွေ ရှိတတ်ပေမယ့် အပြင်ရောက်နေတဲ့ ဒီဘက်လူတွေရဲ့ အလွန်တွေလည်း ရှိတတ်ပါတယ်၊ အသွင်မတူ အိမ်သူမဖြစ်ဆိုသလို ဒီဘက်က ဒီလိုတွေရှိနေတဲ့အတွက် ဟိုဘက်ကလည်း လူ့သဘာဝအရ နေချင်သလို နေပစ်တာတွေလည်း ရှိနိုင်တဲ့ သဘောလို့ ကောက်ချက်ချမယ်ဆိုလည်း ချနိုင်ပါတယ်ဘုရား…” စသဖြင့် သူ့အတွေ့အကြုံနဲ့ သူ့အမြင်လေးကို ပြောပြသွားပါတယ်။

အဲဒီဒကာ ပြောပြသွားတာလေးတွေကို သေချာပြန်တွေးကြည့်တော့ ဟုတ်သင့်သလောက်လည်း ဟုတ်နေပြန်ပါတယ်။ အသွင်မတူရင် အိမ်သူမဖြစ်ဘူး ဆိုတဲ့သဘောမှာ အိမ်သူဖြစ်ပြီးမှ အသွင်မတူအောင် အိမ်ထောင်ရှင်ဘက်က စည်းဖောက်တာတွေ ရှိလာကြမယ်ဆိုရင်တော့ အိမ်သူဘက်ကလည်း စည်းဖောက်တာတွေ ရှိကောင်း ရှိနိုင်တတ်ပါတယ်။ တကယ်တော့ အိမ်ထောင်တစ်ခု တည်မြဲဖို့၊ ဖောက်လွဲဖောက်ပြန် မရှိဖို့မှာ အဓိက အကျဆုံးက တစ်ယောက်ချင်းစီရဲ့ ပင်ကိုယ်အကျင့်သိက္ခာပဲ ဖြစ်ပါတယ်။ အကျင့်သိက္ခာကောင်းရှိကြတဲ့ အိမ်ထောင်ဖက်များ ဖြစ်နေကြမယ်ဆိုရင် ဘယ်လောက်ပဲ ဝေးဝေး၊ ဘယ်နေရာပဲ ရောက်ရောက် နှစ်ဦးနှစ်ဖက် စည်းမပျက်ဘဲ ထိန်းထိန်းသိမ်းသိမ်း ရှိနေကြမှာ ဖြစ်ပါတယ်။

တစ်ချို့ကျတော့ အကျင့်သိက္ခာကို တစ်ဘဝတစ်နပ်စာနဲ့ မလဲနိုင်တဲ့သူတွေအဖြစ် ကြိုးစားတတ်တဲ့အတွက် ဘယ်သူက ဘယ်လိုပဲ ဖောက်ပြန်ဖောက်ပြန် ကိုယ်မဖောက်ပြန်အောင် နေထိုင်တတ်တာလည်း ရှိပါတယ်။ အိမ်ထောင်ရှင် ယောက်ျားဘက်က အဝေးရောက်နေလို့ အဆက်အသွယ်တွေ ပြတ်နေ၊ ဘာသတင်း ညာသတင်း ကြားနေပေမယ့် အိမ်သူသက်ထားကတော့ အိမ်ထောင်ရေး ဖောက်ပြန်မှု မရှိဘဲ ထိန်းသိမ်းနေထိုင်တတ်တာတွေ ရှိသလို အဝေးရောက် လင်ယောက်ျားကလည်း အဝေးရောက်နေတဲ့အခိုက် ဇနီးမယားရဲ့ ဘာသတင်းညာသတင်းတွေ ကြားနေရပေမယ့် ကိုယ့်ဘက်က မဖောက်ပြန်မိအောင် ကြိုးစားတာတွေလည်း ရှိတတ်ပါတယ်။ ဒါကတော့ တစ်ဦးချင်းစီရဲ့ အကျင့်သိက္ခာအပေါ် ထိန်းသိမ်းစောင့်ရှောက်မှုနဲ့လည်း သက်ဆိုင်သွားပါတယ်။

တစ်ချို့လည်း ကိုယ်ကိုယ်တိုင်က ပြည်ပမှာ နေချင်သလိုနေ၊ ပျော်ချင်သလိုပျော်နေပြီး ပြည်တွင်းမှာရှိတဲ့ သူကိုတော့ တာဝန်မကျေဘဲ လျစ်လျူရှုထားတာတွေလည်း ရှိတတ်ပါတယ်။ နောက်ပိုင်းအဆက်အသွယ် ပြန်လုပ်တဲ့အခါ ပြည်တွင်းမှာရှိတဲ့ အိမ်ထောင်ရှင်မဘက်က ဘာအသံ ညာအသံ ကြားလာတော့မှ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတာတွေ လုပ်လာသူတွေလည်း ရှိတတ်ပြန်ပါတယ်။ ကိုယ်ကိုယ်တိုင်ကတော့ ဖြစ်သလိုပျော်ပါးနေပြီး ဟိုဘက်ကလူနဲ့ ပတ်သက်တဲ့ အသံတွေ ကြားလာတဲ့အပေါ်မှာကျတော့ မခံမရပ်နိုင်အောင် ဖြစ်နေတဲ့သဘောဟာ သေချာတွေးကြည့်တော့ အသွင်မတူအောင် ကိုယ်ကိုယ်တိုင်က အရင်စလုပ်ဖြစ်ခဲ့တာတွေ ရှိနေတယ်ဆိုတဲ့ အချက်က တန်ပြန်သက်ရောက်မှုရဲ့ သဘောတစ်ခုအဖြစ် မီးမောင်းထိုးပြနေသလို ဖြစ်နေပြန်ပါတယ်။

နောက် အိမ်ထောင်ရေး ဖောက်ပြန်မှုတွေမှာ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေလည်း အများကြီးပါဝင်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ ထိန်းသိမ်းမှုမရှိ မြှောက်ပင့်ပေးတာတွေကြောင့် အိမ်ထောင်ရေး ဖောက်ပြန်မှုတွေ ရှိတတ်သလို ပတ်ဝန်းကျင်ရဲ့ ကူညီထိန်းသိမ်းမှု အထောက်အကူကောင်းတွေကြောင့် အနေဝေးနေပေမယ့် တော်ရုံတန်ရုံ အိမ်ထောင်ရေးဖောက်ပြန်မှုတွေ မဖြစ်ဘဲ တည်မြဲနေတာလည်း ရှိတတ်ပါတယ်။ တစ်ချို့က အိမ်ထောင်ကျပြီး နှစ်ဘက်မိဘတွေနဲ့ ခွဲနေတဲ့အချိန်မှာ နိုင်ငံခြားထွက် အလုပ်လုပ်ကြရတဲ့ အခါမျိုးတွေ ရှိတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ ကျန်ခဲ့တဲ့သူဟာ နှစ်ဘက်အသိုင်း အဝိုင်းနဲ့ကင်းနေပြီး တစ်ယောက်တည်း လွတ်လွတ်လပ်လပ် အထိမ်းအကွပ် မရှိဘဲ ကာလအတော်ကြာအောင် နေကြရတာတွေလည်း ရှိတတ်ပါတယ်။ လူ့သဘာဝအရ လွတ်လပ်လာရင် စိတ်ကဖောက်ပြန်တတ်တဲ့ သဘောရှိတဲ့အတွက် မကောင်းတဲ့အလုပ်တွေ လုပ်လာတတ်ပါတယ်။ ပြီးတော့ တစ်ဘက်ကလည်း ရှာသမျှ ငွေကြေးတွေကို အထိန်းအကွပ်မရှိ ပို့ပေးနေတဲ့အခါမှာ ပိုက်ဆံကြောင့် မကောင်းတဲ့ဘက်မှာ ပျော်ပါးမှု များလာတာတွေအထိ ဖြစ်လာတတ်ပါတယ်။ လွတ်လပ်မှုရယ်၊ ပိုက်ဆံရယ်၊ အနေဝေးမှုတွေရယ်က လူ့စိတ်ကို ဖောက်ပြန်စေပြီး နောက်ဆုံးအိမ်ထောင်ရေး ဖောက်ပြန်လာတဲ့အထိ ဖြစ်တတ်ပါတယ်။ ဒါဟာ အိမ်ထောင်ကျပြီး အဝေးရောက်နေကြတဲ့ သီးသန့်အိမ်ထောင်ခွဲများမှာ ကြုံရတတ်တဲ့ ပြဿနာအချို့ပဲ ဖြစ်ပါတယ်။

သေချာတွေးကြည့်တော့ ပြဿနာမှန်သမျှ အကြောင်းကြောင့် အကျိုးဖြစ်တဲ့ သဘောတွေပဲများပါတယ်။ ပြဿနာကို ဖြစ်အောင်ဖန်တီးတဲ့ အကြောင်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မှု သဘောမှာ ပြဿနာ ပြေလည်ကြောင်း အကြောင်းကိုရှာပြီး နှစ်ဦးနှစ်ဘက် ကြိုးစားနေထိုင်ကြမယ်ဆိုရင် ဒီအိမ်ထောင်ရေး ပြဿနာဟာလည်း အထိုက်အလျောက် ပြေလည်သွားနိုင်စရာ အကြောင်းရှိပါတယ်။ အဓိကကတော့ တစ်ယောက်ချင်းစီရဲ့ ကိုယ်ကျင့်တရားက အဓိကဖြစ်နေပြီး အိမ်ထောင်ရှင်တွေရဲ့ ထိန်းသိမ်းစောင့်ရှောက်မှု တွေကလည်း တစ်ဘက်တလမ်း အထောက်အပံ့ကောင်းတွေ ဖြစ်လာတတ်ပါတယ်။ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်အောင် နေမယ်ဆိုတဲ့ စိတ်ဓာတ်ကောင်းသာ နှစ်ဦးစလုံး လက်ကိုင်သုံးနိုင်မယ်ဆိုရင်တော့ အသွင်တူတဲ့ အိမ်သူအိမ်သားကောင်းတွေ ဖြစ်လာကြမှာ အမှန်ပဲ ဖြစ်ပါတယ်။

ဆိုလိုတာက အဝေးရောက် ရွှေမြန်မာများနဲ့ ပြည်တွင်းနေ အိမ်ရှင်မများကြား အဖြစ်များလာတဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှုတွေဟာ အတွင်းရော၊ အပြင်ကပါ ဝိုင်းဝန်းထိန်းသိမ်းပေးဖို့ လိုလာပြီဖြစ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ အိမ်ထောင်တစ်ခု တည်မြဲဖို့အတွက် အဓိကကြည့်ရမှာက နှစ်ဦးစလုံးရဲ့ ကိုယ်ကျင့်တရားပိုင်းကို အဓိကကြည့်ဖို့ လိုအပ်လာပြီး အသွင်တူတဲ့ အိမ်သူတွေဖြစ်ဖို့အတွက် အပြင်ရောက်နေသူတွေ ဘက်ကလည်း ထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်သလို အတွင်းမှာကျန်ခဲ့သူတွေ ဘက်ကလည်း ထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာ ရှိတတ်တဲ့အတွက် ကိုယ်ကောင်းရင်သူလည်း ကောင်းမှာဖြစ်ပြီး ကိုယ်ဆိုးရင် သူလည်းဆိုးလာတတ်တဲ့ သဘောကို သတိပြုဆင်ခြင်ကာ ကိုယ်လည်းကောင်း သူလည်းကောင်းအောင် နေကြဖို့ လိုအပ်ပါတယ်။ ကိုယ်လည်းကောင်းအောင်နေ သူ့ကိုယ့်လည်း ကောင်းအောင်နေအောင် ပြုပြင်ထိန်းသိမ်းပေးဖို့လည်း လိုအပ်လှပါတယ်။ ကိုယ်ကောင်းရင်ပြီးတာပဲ သူ့ဟာသူ ဘာဖြစ်ဖြစ်ဆိုပြီး လွှတ်ထားတဲ့အခါ လွတ်သွားတာတွေလည်း ရှိတတ်တဲ့အတွက် ပြည်တွင်းမှာ ရှိနေတဲ့သူရော၊ ပြည်ပမှာရောက်နေတဲ့သူကပါ အချင်းချင်း ထိန်းသိမ်းစောင့်ရှောက် ပေးကြဖို့ လိုပါတယ်။ ဒီလို တစ်ဦးနဲ့တစ်ဦး ထိန်းထိန်းသိမ်းသိမ်းနဲ့ မတူတာကို တူအောင်ညှိပြီး နေနိုင်ကြမယ်ဆိုရင်တော့ အသွင်တူတဲ့ အိမ်သူအိမ်သားတွေ ဖြစ်လာမှာဖြစ်ကာ အသွင်တူလာရင် အိမ်ထောင်ရေး ဖောက်ပြန်မှုတွေလည်း တဖြည်းဖြည်း နည်းလာမှာ အမှန်ပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ အချုပ်ပြောချင်တာက အသွင်တူပါတယ်ဆိုကာ ယူလာကြပြီးမှ အိမ်ထောင်ရေးဖောက်ပြန်တဲ့အထိ အသွင်မတူ ဖြစ်လာကြတဲ့ ပြဿနာများမှာ အသွင်မတူအောင် လုပ်လာကြတဲ့ အိမ်ထောင်သည်များရဲ့ နှစ်ဦးနှစ်ဖက် အကျင့်သိက္ခာ လျော့နည်းလာခြင်းများက အဓိက အကြောင်းတစ်ရပ်လို ဖြစ်လာတဲ့အတွက် အိမ်ထောင်ရေး ဖောက်ပြန်မှုများ အဖြစ်နည်းလာအောင် တစ်ဦးချင်းစီက ကိုယ့်အကျင့်သိက္ခာကို ကိုယ်လုံအောင်ထိန်းကြရမှာ ဖြစ်ကြောင်း၊ ကိုယ်ပျက်ရင် သူလည်းပျက်လာတတ်တဲ့ သဘောရှိတဲ့အတွက် ဘယ်မှာပဲနေနေ ကိုယ်ကိုယ်တိုင်က မပျက်အောင် ထိန်းသိမ်းကြရမှာ ဖြစ်ကြောင်းနဲ့ အဝေးရောက်နေသူတွေရော အတွင်းမှာ ရှိနေသူတွေပါ အလွယ်တကူ ဖောက်ပြန်မှုများ မဖြစ်ကြစေဖို့ ပတ်ဝန်းကျင်ကောင်းများ၊ မိတ်ကောင်းဆွေကောင်းများရဲ့ အကူအညီကိုယူကာ ကိုယ်ကိုယ်တိုင်ရဲ့ လိမ္မာပါးနပ်မှုနဲ့ ထိန်းသိမ်းပေးမှုကောင်းတွေလည်း လိုအပ်တဲ့အတွက် တစ်ဦးနဲ့တစ်ဦး ထိန်းသိမ်းမှုလည်း ပြုကြရမှာဖြစ်ကြောင်း စသဖြင့် ပြောလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် တစ်စတစ အဖြစ်များလာကြတဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှုများဟာ အသွင်မတူတာတွေက စပြီး ဖြစ်လာကြတာ ဖြစ်တဲ့အတွက် အိမ်သူအိမ်သားအားလုံး အသွင်မတူတာတွေ မဖြစ်အောင် နှစ်ဦးနှစ်ဘက် အကျင့်မပျက်ကြဖို့ ကြိုးစားနေထိုင်ကြပါလို့ တိုက်တွန်းရင်း အကျင့်ကောင်းများနဲ့ ပေါင်းစပ်ထားတဲ့ အသွင်တူတဲ့ အိမ်ထောင်ဘက်များ ဖြစ်ကြပါစေကြောင်း ဆန္ဒပြုကာ လူ့အလုပ်ကို ဝင်ရှုတ်မိတဲ့ ပို့စ်တစ်ခုအနေနဲ့ အသိပေး တင်ပြလိုက်ရပါတယ်။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ