မိဘကျေးဇူးဆပ်လိုသော်…

မိဘများဟာ အနန္တဂိုဏ်းဝင် ကျေးဇူးရှင်များ ဖြစ်ကြပါတယ်။ “လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနဲ့ဘ“လို့ ဆိုသလိုပဲ မိဘများဟာ သားသမီးများရဲ့ လက်ဦးဆရာလည်း ဖြစ်ပါတယ်။ မိဘများရဲ့ ကျေးဇူးတရားဟာ များလွန်းလှတဲ့အတွက် ဆပ်လို့တောင် မကုန်နိုင်ပါဘူး။ မိဘများဟာ သားသမီးများ ကြီးပွားတိုးတက်လာအောင် စောင့်ရှောက်ကြသူ၊ မွေးကျွေးကြသူ၊ လောကကို မျက်စိပွင့်စေသူ၊ လောကကို ပြသပေးသူများ ဖြစ်ကြပါတယ်။ တခြားအရာတွေမတွေးဘဲ မိခင်ဝမ်းထဲမှာ အပြစ်အနာအဆာ ကင်းအောင် ကိုးလလုံးလုံး လွယ်ထားပေးတဲ့ ကျေးဇူးကပင် ဆပ်မကုန်နိုင်ပါဘူး။ ၀မ်းဗိုက်ထဲမှာရှိတဲ့ ရင်သွေးလေး အန္တရာယ်မဖြစ်အောင် စားချင်တာလည်း မစား၊ သွားချင်တာလည်း မသွား၊ လုပ်ချင်တာလည်း မလုပ်ဘဲ နေထိုင်ပေးရတဲ့ မိခင်၊ မိခင်ကိုယ်ဝန်ဆောင်နေချိန်မှာ စားရေးသောက်ရေး နေရေးထိုင်ရေး ကျန်းမာရေးကအစ အစစ အရာအရာ အဆင်ပြေအောင် ကြိုးစားလုပ်ကိုင် ရှာဖွေစောင့်ရှောက်ပေးတဲ့ ဖခင်။ ဒီမိဘတွေရဲ့ ကျေးဇူးတရားဟာ အမေ့ဗိုက်ထဲမှာ နေခဲ့ရတဲ့ ကိုယ့်ဘ၀လေးအပေါ် ဒီလိုစောင့်ရှောက် ခဲ့ပါလားလို့ တွေးမိရုံလေးနဲ့တင် ကျေးဇူးတရားဟာ ဆပ်မကုန်လှပါဘူး။ တစ်ချိန်ချိန် ကိုယ်ကိုယ်တိုင် မိဘနေရာကို ရောက်လာတဲ့အခါမှာ ဒီကျေးဇူးတရားတွေက ပိုပြီး ထင်ရှားလာတတ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မိဘရဲ့ ကျေးဇူးတရားက ဆပ်မကုန်နိုင်အောင် များပြားလှတဲ့အတွက် မိဘများ အသက်ရှင်နေချိန်မှာ ကြိုးစားပြီး ဆပ်သင့်ပါတယ်။ “မိဘကို မသေခင် ကျွေးပါ၊ သေမှ ငိုမနေပါနဲ့“လို့ ဆိုကြသလို မသေခင် ကျေးဇူးတရားတွေ တတ်နိုင်သမျှ ဆပ်ပေးသင့်ပါတယ်။ မိဘကျေးဇူးဟာ အရမ်းကြီးတဲ့အတွက် ကျေအောင်ဆပ်ဖို့ မလွယ်လှပါဘူး။ ဒါပေမယ့် အကောင်းဆုံး ကျေးဇူးဆပ်နည်းတော့ ရှိပါတယ်။ အဲဒီနည်းကတော့ ဗုဒ္ဓအလိုကျ ကျေးဇူးဆပ်နည်းပါ။

ဗုဒ္ဓက “သားသမီး ဖြစ်သောသူသည် အသက်တစ်ရာတန်း၌ဖြစ်၍ အသက်တစ်ရာပတ်လုံး ပခုံးတစ်ဖက်ဖြင့် အမိကိုဆောင်ကာ ပခုံးတစ်ဖက်ဖြင့် အဖကိုဆောင်၍ ပြုစုလုပ်ကျွေးခြင်း၊ အမိအဖတို့အား အနံ့အသက်ကင်းအောင် အမွေးအကြိုင်လိမ်းပေးခြင်း၊ အညောင်းအညာပြေအောင် နှိပ်နယ်ပေးခြင်း၊ ရေပူရေအေးဖြင့် ရေချိုးပေးခြင်း၊ ခြေဆုပ်လက်နယ်ပြုပေးခြင်း ယုတ်စွအဆုံး ကျင်ကြီးကျင်ငယ်ကိုပင် မိမိ၏ ပခုံးထက်၌ စွန့်ကုန်စေခြင်း၊ များစွာသော ရတနာရှိသော မဟာပထ၀ီမြေကြီးကို အုပ်ချုပ်စိုးပိုင်သော မင်းစည်းစိမ်း၌ မိဘတို့ကို ခံစားတည်နေစေခြင်း စသည့် ကျေးဇူးဆပ်နည်းတို့ဖြင့် ကျေးဇူးဆပ်ပါသော်လည်း မိဘတို့အား ကျေးဇူးပြုခြင်း၊ ကျေးဇူးတုံ့ပြန်ခြင်းသည် မဖြစ်နိုင်သေးကြောင်း၊ စင်စစ် သဒ္ဓါတရား မရှိသော အမိအဖတို့ကို သဒ္ဓါတရားနှင့် ပြည့်စုံခြင်းငှါ ဆောက်တည်စေခြင်း၊ သက်ဝင်စေခြင်း၊ တည်စေခြင်း သီလမရှိသော အမိအဖတို့ကို သီလနှင့်ပြည့်စုံခြင်းငှါ ဆောက်တည်စေခြင်း၊ သက်ဝင်စေခြင်း၊ တည်စေခြင်း၊ ၀န်တိုခြင်း မစ္ဆရိယ ရှိကုန်သော အမိအဖတို့ကို စွန့်ကြဲပေးကမ်းခြင်းနှင့် ပြည့်စုံခြင်းငှါ ဆောက်တည်စေခြင်း၊ သက်ဝင်စေခြင်း၊ တည်စေခြင်း၊ ပညာမဲ့သော အမိအဖတို့ကို ပညာနှင့်ပြည့်စုံခြင်းငှါ ဆောက်တည်စေခြင်း၊ သက်ဝင်စေခြင်း၊ တည်စေခြင်း စသည့် ကျေးဇူးဆပ်နည်းတို့ဖြင့် ကျေးဇူးဆပ်ခြင်းသည်သာ မိဘတို့အား ကျေးဇူးဆပ်ခြင်း၊ ကျေးဇူးတုံ့ပြန်ခြင်း ဖြစ်ကြောင်း” (အင်္ဂတ္တရနိကာယ်၊ ဒုကနိပါတ်၊ သမစိတ္တ၀ဂ်၊ ) မိန့်တော်မူပါတယ်။

မှန်ပါတယ်။ ဗုဒ္ဓဘုရားရှင် မိန့်တော်မူတဲ့ နည်းအတိုင်း မိဘကျေးဇူး ဆပ်နည်းကတော့ အကောင်းဆုံး ကျေးဇူးဆပ်နည်းပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မိဘများ သက်ရှိထင်ရှား ရှိတုန်းမှာ လိုလေသေးမရှိ ချမ်းသာအောင် ကျွေးမွေးစောင့်ရှောက်ပေးတဲ့နည်းနဲ့ ကျေးဇူးဆပ်တာဟာ အလွန်ကျေးဇူးများပေမယ့် ဒီလို ကျွေးမွေးပြုစုပေးခြင်းဟာ တစ်ဘ၀ချမ်းသာရုံလောက်ပဲ ကျေးဇူးပြုပေးရာရောက်ပြီး သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာတရားများ တည်လာအောင် ကျေးဇူးဆပ်ပေးတာကတော့ သံသရာမှသည် နိဗ္ဗာန်အထိ ရောက်အောင် ကျေးဇူးဆပ်ပေးရာ ရောက်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

တစ်ခါတစ်ရံ တစ်ချို့ မိဘတွေဟာ သားသမီးများရဲ့ ထောက်ပံ့မှုများအပေါ်မှာ သာယာပြီး ဘာသာရေး လုပ်ငန်းတွေမှာ မေ့လျော့ကာ တစ်ခြားကိစ္စများမှာပဲ အချိန်ကုန်နေတတ်တာ ရှိတတ်ပါတယ်။ အသက်အရွယ် ရလာပေမယ့် ဘာသာရေးအပေါ် သားသမီးများလောက် စိတ်ဝင်စားခြင်းမရှိတဲ့ မိဘများလည်း ရှိတတ်ပါတယ်။ ပင်ကိုယ်က သဒ္ဓါတရား ဓာတ်ခံအားနည်းတဲ့ တချို့မိဘတွေဆို သားသမီးများ ဘာသာရေးအပေါ် စိတ်ဝင်တစား ရှိနေတာ၊ ဒါန၊ သီလ၊ ဘာဝနာ အမှုတွေမှာ အားတတ်သရော ရှိနေတာတွေ အပေါ်မှာတောင် အမြင်မကြည် ဖြစ်တတ်တာတွေလည်း ရှိပါတယ်။ အဲဒီလို မိဘတွေအပေါ်မှာ ပစ္စည်းဥစ္စာ ထောက်ပံ့ရုံတင် မဟုတ်ဘဲ ဘာသာရေးအပေါ် စိတ်ဝင်စားလာအောင်လည်း ဆွဲဆောင်ပေးသင့်ပါတယ်။ အဝေးကနေပြီး “အဖေတို့ အမေတို့ရေ… သားအတွက်.. သမီးအတွက် ဒါလေးတော့ ကိုယ်တိုင်ကိုယ်ကျ သွားလှူပေးပါ… ဘာလေးတော့ ဘယ်ကျောင်းမှာ ဘယ်ဆရာတော်ထံမှာ လှူပေးပါ… သားတို့ သမီးတို့ မသိသေးတဲ့ ဒီဘာသာရေး မေးခွန်းလေးတော့ မေးပေးပါ..” စတဲ့နည်းများနဲ့ လှူဖွယ်ပစ္စည်းလည်းပေး သူတို့ကိုယ်တိုင်လည်း ကိုယ်ထိလက်ရောက် လုပ်စေခြင်းဖြင့် ဘာသာရေး အပေါ်မှာ အာရုံစိုက်လာအောင် လုပ်ကြည့်စေချင်ပါတယ်။ အဲဒီလို ကျောင်းကန်ဘုရားနဲ့ နီးလာတဲ့အခါ၊ ရဟန်းသံဃာတော်များနဲ့ အကျွမ်းတ၀င် ရှိလာတဲ့အခါ၊ သူတို့ကိုယ်တိုင် ဘာသာရေးနဲ့ နီးစပ်ဖို့ အချိန်တန်လာတဲ့အခါ ဘာသာရေး စိတ်မ၀င်စားတဲ့ မိဘတွေလည်း ဘာသာရေးအပေါ် အာရုံထားလာ တတ်တာလေးတွေ ရှိတတ်ပါတယ်။ အဖေအမေတို့ လုပ်ချင်တာလုပ်ပါဆိုပြီး ထောက်ပံ့ပေးလိုက်တာထက်စာရင် တစ်ဘက်ကလည်း ဘာသာရေး အပေါ်စိတ်ဝင်စားလာအောင် စည်းရုံးနိုင်မယ်ဆိုရင် မိဘများအပေါ် ပစ္စုပ္ပန်ဘ၀မှာလည်း ကျေးဇူးဆပ်ရာ ရောက်သလို သံသရာအတွက်လည်း ရိက္ခာထုတ်ပေးရာ ရောက်ပါတယ်။ ဒီလို ဘာသာရေးဘက်ကနေ ကျေးဇူးဆပ်တဲ့နည်းကသာ ဗုဒ္ဓအလိုကျ ကျေးဇူးဆပ်နည်း ဖြစ်ပါတယ်။

ဒါကြောင့် ကျေးဇူးကြီးမားလှတဲ့ မိဘကျေးဇူးကို ဆပ်လိုတဲ့ သူများဟာ ဗုဒ္ဓမိန့်တော်မူတဲ့ နည်းအတိုင်း ကျေးဇူးဆပ်သင့်လှပါတယ်။ “ဘုရားတောင်မှ မိဘကျေးဇူးကို နို့တစ်လုံးဘိုးပဲ ကျေအောင် ဆပ်သွားနိုင်တာပဲ..“ ဆိုတဲ့ အခြေအမြစ်မရှိတဲ့ စကားများအပေါ်မှာ အစွဲတရား မထားကြဘဲ ဒီဘ၀မှာပဲ မိဘကျေးဇူးကို သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာတရားများ ပြည့်စုံတိုးတက်အောင် လုပ်ပေးပြီး ဆပ်နိုင်အောင် ကြိုးစားသင့်ပါတယ်။ တကယ်တော့ ဗုဒ္ဓဟာ မိဘကျေးဇူးကို အကြွင်းအကျန်မရှိ ကျေအောင်ဆပ်သွားနိုင်သူပါ။ မိဘနှစ်ပါးကို အရိယာများဖြစ်အောင် လုပ်ပေးပြီး နိဗ္ဗာန်လမ်းပေါ်ကို ရောက်အောင် ပို့ဆောင်ပေးခဲ့တဲ့ အနှိုင်းမဲ့ အရှင်မြတ်ပါ။ ဗုဒ္ဓဟာ မိဘတွေကို ပစ္စည်းဝတ္ထုများနဲ့ ကျေးဇူးဆပ်သွားတာ မဟုတ်ဘဲ ဓမ္မနဲ့ ကျေးဇူးဆပ်သွားတာ ဖြစ်တဲ့အတွက် မိဘကျေးဇူး အထူးဆပ်လိုသူများ အနေဖြင့် ဗုဒ္ဓထုံးကို နှလုံးမူကာ ဒီဘ၀မှာပဲ မိဘကျေးဇူးကို အာမိသဆိုတဲ့ ပစ္စည်းဥစ္စာ ပေးကမ်းထောက်ပံ့ခြင်းနဲ့ ကျေးဇူးဆပ်ရုံတင်မဟုတ်ဘဲ ဓမ္မဆိုတဲ့ တရားတော်နဲ့ ကျေးဇူးဆပ်နည်းကိုလည်း မိဘများအတွက် ပစ္စုပ္ပန် သံသရာ နှစ်ဖြာကောင်းအောင် ကြိုးစားပေးဆပ်သင့်ပါကြောင်း စေတနာစကားနဲ့ တိုက်တွန်းလိုက်ရပါတယ်…
.

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ