သေဖို့ပြင်ဆင်ကြရာတွင်…

ဘုန်းဘုန်းရဲ့ မိခင်တစ်ယောက်လိုလည်းဟုတ်၊ ရဟန်းမယ်တော် တစ်ယောက်လည်းဟုတ်တဲ့ ဒကာမကြီး တစ်ယောက်က ဒီတစ်ခေါက် ဘုန်းဘုန်းမြန်မာပြည် ပြန်ကြွသွားတုန်းက လျှောက်ဖူးပါတယ်။ “အရှင်ဘုရားရေ… တပည့်တော်မှာ ပင်စင်ယူပြီးကတည်းက ဖြစ်လိုက်တဲ့ ရောဂါကလည်း စုံနေတာပဲ၊ အရှင်ဘုရား သိတဲ့အတိုင်းပဲ အခုဆို တပည့်တော်မှာ ကင်ဆာလည်း ဖြစ်နေတဲ့အပြင် ခန္ဓာကိုယ်ကလည်း ဟိုကနာ ဒီကနာနဲ့ တစ်ခုမှကို ကောင်းတာမရှိဘူး ဖြစ်နေတယ်၊ တပည့်တော် စဉ်းစားတာက ဒီလိုသေဖို့ နီးလာနေတဲ့ တပည့်တော်အတွက် တစ်ခြားအလုပ်တွေထက် ဘာသာရေး အလုပ်ပဲ အဓိကထားပြီး လုပ်ရတော့မယ်လို့ စဉ်းစားမိတယ်၊ တကယ်လည်း လုပ်ဖြစ်နေတယ်၊ လုပ်တာမှ အရှင်ဘုရားကိုတောင် င့ါရဟန်း၊ ငါ့သားဦးဇင်းဆိုတဲ့ အစွဲတွေ မဖြစ်ရအောင် ခုကတည်းက လေ့ကျင့်နေပါတယ်၊ ဒါန၊ သီလ၊ ဘာဝနာ အလုပ်တွေကို တတ်နိုင်သမျှလုပ်ရင်း တပည့်တော်အခု အထူးလေ့ကျင့်နေတာက ဘာပဲဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် တပည့်တော်နှုတ်က ရတနာသုံးပါးရဲ့ ဂုဏ်ကို အာရုံပြုပြီး ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိဆိုတဲ့ သရဏဂုံကို ရွတ်တတ်တဲ့ အကျင့်ကို ကြိုးစားလေ့ကျင့်နေပါတယ်၊ တပည့်တော် ဒီလိုလေ့ကျင့်နေတာ ကောင်းတယ်မဟုတ်လား ဘုရား…၊ သေဖို့အတွက် ပြင်ဆင်နေတဲ့ တပည့်တော်အတွက် သေခါနီးအသေ စိတ်ချနိုင်တယ် မဟုတ်လားဘုရား…”လို့ လျှောက်ဖူးပါတယ်။

ရောဂါတွေနဲ့ နပမ်းလုံးရင်း သေဖို့အတွင် ပြင်ဆင်နေတဲ့ ဒကာမကြီးရဲ့ လျှောက်ထားတာတွေကို နားထောင်ပြီး စိတ်ထဲမှာ မကောင်းလှပါဘူး။ စိတ်ဓာတ်မာတဲ့ ဒကာမကြီး ဖြစ်လို့လည်း တော်သေးတယ်လို့ ဖြေလိုက်ရပါတယ်။ ဒကာမကြီးလည်း သူ့အခြေအနေ သူသိပါတယ်။ ဘာသာရေး လိုက်စားနေတဲ့သူ ဖြစ်လို့လည်း သေခါနီး စိတ်အစဉ်ဟာ အရေးကြီးတယ်ဆိုတာ ဒကာမကြီး ကောင်းကောင်း သဘောပေါက်နေပါတယ်။ ဒါကြောင့် တစ်ခြားအစွဲတွေ မ၀င်နိုင်အောင် သရဏဂုံကို အချိန်မရွေး အာရုံပြု ရွတ်တတ်တဲ့ အကျင့်လုပ်ပေးနေတာလို့ လျှောက်တာဖြစ်မှာပါ။ ဘုန်းဘုန်းအနေနဲ့ ဒကာမကြီးကိုတော့ သတိပေးရပါတယ်။ “ဒကာမကြီးရေ… သရဏဂုံကို အာရုံပြုပြီး အမြဲရွတ်တတ်တဲ့ အကျင့်လုပ်တာ ကောင်းပါတယ်၊ ဒါပေမယ့် ဒီအကျင့်ဟာလည်း သေဖို့အတွက် ပြင်ဆင်ရာမှာ သိပ်တော့စိတ်မချရသေးပါဘူး၊ သေခါနီး ဝေဒနာတွေ သိပ်ပြင်းထန်လာရင် သတိလက်လွတ် ဖြစ်သွားတတ်ပြီး နှုတ်နဲ့စိတ်က သရဏဂုံကို ရွတ်ဖို့၊ အာရုံပြုဖို့ဆိုတာ မလွယ်လှပါဘူး၊ အကောင်းဆုံးကတော့ ဝေဒနာကို ရှုတတ်တဲ့ အကျင့်လုပ်ပေးတာက အကောင်းဆုံးပါ၊ ဝေဒနာကို ရှုတယ်ဆိုတာက ၀ိပဿနာ အလုပ်ကို လုပ်တာကို ပြောတာ၊ ခန္ဓာကိုယ် အမြဲမပြတ် နာနေတဲ့သူ၊ ခံစားမှုဝေဒနာတွေနဲ့ အမြဲမပြတ် နှိပ်စက်နေတဲ့သူအတွက် ဘယ်လိုဝေဒနာပဲရှိရှိ အဲဒီဝေဒနာကို သတိကပ်ပြီး လိုက်သိလိုက်မှတ် ပေးနေဖို့လို့ပါတယ်၊ အဲဒါကို စာလိုပြောတော့ ဝေဒနာနုပဿနာ ရှုတယ်လို့ ခေါ်ပါတယ်၊ ဒီလို ဝေဒနာကို ရှုမှတ်တတ်တဲ့ အကျင့်လုပ်ထားတဲ့သူဟာ ဝေဒနာ ပြင်းလေလေ ရှုမှတ်မှု အမှတ်ကို မလွတ်အောင် ရှုမှတ်တတ်လေလေ ဖြစ်လာပြီး နောက်ဆုံးဝေဒနာကို ခံလာနိုင်တဲ့အထိ သတိကပ် လာတတ်ပါတယ်၊ အဲဒီလို ဝေဒနာကို ခွါနိုင်တဲ့အထိ ၀ိပဿနာ အလုပ်ကို အားထုတ်ထားတဲ့သူ ဖြစ်မှသာ သေခါနီအခါမှာလည်း ဘာဝေဒနာပဲပေါ်ပေါ် ခံနိုင်ရည်ရှိကာ အမှတ်သတိ မပြတ်ရှိနေတတ်ပါတယ်။ မေ့လျော့မှု သတိမလွတ်ပဲ နေတဲ့သူအတွက် သေခါနီးမှာ စိတ်ခံစားမှု အားကောင်းပြီး ဘ၀ကူးလည်း ကောင်းသွားပါလိမ့်မယ်၊ ဒါကြောင့် ဒကာမကြီး အနေနဲ့ သေဖို့ပြင်ဆင်ရာမှာ ၀ိပဿနာ အလုပ်ကို ခရီးရောက်အောင် အားထုတ်ပြီး ပြင်ဆင်တာက ပိုပြီးစိတ်ချရပါတယ်…” လို့ ဒကာမကြီးကို သတိပေး တရားစကား ပြောဖြစ်လိုက်ပါတယ်။ ဒီတော့မှ ဒကာမကြီးက “ဒါဆိုရင် တပည့်တော်အနေနဲ့ လိုပါသေးတယ်၊ ခုချိန်ကစပြီး အရှင်ဘုရား အမိန့်ရှိသလို ဝေဒနာကို ရှုနိုင်အောင် ကြိုးစားမှဖြစ်တော့မယ်“လို့ လျှောက်ပါတယ်။

ဟုတ်ပါတယ်။ သေဖို့ပြင်ဆင်ရာမှာ ၀ိပဿနာ အလုပ်ကို အားထုတ်ပြီး ပြင်ဆင်တာက ပိုကောင်းပါတယ်။ အရင်ဆုံးလိုအပ်တာက အခြေခံဖြစ်တဲ့ ကိုယ်ကျင့်သီလကို လုံခြုံအောင် ကြိုးစားဖို့ပါပဲ။ အရာရာမှာ စိတ်ကအဓိက ကျတယ်လို့ ဆိုတဲ့အတိုင်းပဲ ၀ိပဿနာ အလုပ်လုပ်တာဟာလည်း ဒီစိတ်ကို တစ်ခြားအာရုံတွေနောက် လိုက်မသွားရအောင်၊ စိတ်ကို သန့်ရှင်းနေအောင်၊ သတိမလွတ်တဲ့ စိတ်ဖြစ်အောင် ကြိုးစားကြခြင်း ဖြစ်ပါတယ်။ စာလိုပြောရင် စိတ္တ၀ိသုဒ္ဓိဖြစ်အောင် လုပ်ခြင်းဖြစ်ပါတယ်။ ဒီလို လုပ်တဲ့အခါမှာ ကိုယ်ကျင့်သီလလည်း လုံခြုံပြီး ဖြူစင်စေဖို့လိုပါတယ်။ ဒါကို သီလ၀ိသုဒ္ဓိလို့ ဆိုပါတယ်။ သီလဖြူစင်ခြင်း သီလ၀ိသုဒ္ဓိဖြစ်မှ စိတ်စင်ကြယ်ခြင်း စိတ္တ၀ိသုဒ္ဓိလည်း ဖြစ်ပါတယ်။ စိတ်စင်ကြယ်မှလည်း သမာဓိဖြစ်လွယ်ပြီး သတိကပ်နိုင်မှာ ဖြစ်ပါတယ်။ သတိကပ်နေခြင်းဟာ မမေ့မလျော့ နေခြင်းပါပဲ။ ဗုဒ္ဓက “မေ့လျော့ပေါ့ဆပြီး သတိမရှိဘဲ နေတဲ့သူဟာ သေနေတဲ့သူနဲ့တူပြီး မမေ့မလျော့ဘဲ သတိတရား လက်ကိုင်ထားသူဟာ သေခြင်းကင်းရာ နိဗ္ဗာန်ကို သွားနေသူနဲ့တူကြောင်း“ မိန့်ကြားတော်မူပါတယ်။ ၀ိပဿနာ အလုပ်ကို အားထုတ်ခြင်းဆိုတဲ့ သတိပဋ္ဌာန်အလုပ်ဟာ မမေ့မလျော့အောင် အားထုတ်တဲ့ အလုပ်ဖြစ်ပါတယ်။ ဒီအလုပ်ကို လုပ်ပြီးနေတဲ့သူဟာလည်း မမေ့မလျော့ဘဲ သတိရှိနေတဲ့သူ၊ သေဖို့အတွက် အကောင်းဆုံး ပြင်ဆင်နေတဲ့သူ၊ သေခြင်းကင်းရာ နိဗ္ဗာန်ကို သွားနေတဲ့သူပဲ ဖြစ်ပါတယ်။ ဒါကြောင့် သေခါနီး သတိကောင်းဖို့နဲ့ အခြားအစွဲတွေ မ၀င်ဖို့ သတိပဋ္ဌာန်အလုပ် တစ်ခုခုကို လုပ်နေဖို့လိုကြောင်း ဆိုခြင်းဖြစ်ပါတယ်။

တကယ်တော့ ဘုန်းဘုန်း ဒကာမကြီးဟာ ဝေဒနာတွေနဲ့ အမြဲနပမ်းလုံးနေရတဲ့သူဖြစ်လို့ သတိပဋ္ဌာန်ရှုမှတ်ဖို့ အထင်ရှားဆုံးဖြစ်တဲ့ ဝေဒနာကို ရှုပြီးသေနိုင်အောင် ပြင်ဆင်ဖို့ ပြောကြားခဲ့ပေမယ့် တခြားသူများ အနေနဲ့ကတော့ ကိုယ်နဲ့သင့်လျော်တဲ့ သတိပဋ္ဌာန်ကို အားထုတ်ပြီး ပြင်ဆင်နိုင်ကြပါတယ်။ တစ်ချို့က ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှု ဖြစ်ပျက်မှုစတာတွေကို ရှုမှတ်တဲ့ ကာယာနုပဿနာ သတိပဋ္ဌာန် ပွားများရတာကို အားသန်ပြီး တစ်ချို့ကတော့ ခန္ဓာကိုယ်နဲ့ စိတ်မှာပေါ်လာတတ်တဲ့ ခံစားမှုတွေကို ရှုမှတ်တဲ့ ဝေဒနာနုပဿနာ သတိပဋ္ဌာန် အားထုတ်တာကို ပိုပြီးသဘောကျတတ်ပါတယ်။ တစ်ချို့လည်း စိတ်အစဉ်ကို မလွတ်တမ်းလိုက်ပြီး ရှုမှတ်တဲ့ စိတ္တာနုပဿနာ သတိပဋ္ဌာန် ပွားများမှုကို နှစ်သက်ပြီး တစ်ချို့ကျပြန်တော့ ခန္ဓာငါးပါး၊ ဓာတ်ကြီးလေးပါးစတဲ့ သဘောတရားတွေကို ရှုမှတ်တဲ့ ဓမ္မာနုပဿနာ သတိပဋ္ဌာန် ပွားများရတာကို အားသန်ကြပါတယ်။ ဘယ်လို သတိပဋ္ဌာန်ကိုပဲ သဘောကျကျ ဒီလေးပါးလုံးဟာ အမှတ်သတိ မပြတ်ရှိအောင်၊ သတိတရား လက်ကိုင်ထားနိုင်အောင်၊ ဘာပဲဖြစ်ဖြစ် အရှိအတိုင်း သိနေနိုင်အောင် အားထုတ်စေတဲ့ သတိအထူးပြု သတိပဋ္ဌာန် ၀ိပဿနာ အလုပ်ဖြစ်တဲ့အတွက် ဘယ်အရာကိုပဲ အားသန်သန် အချုပ်က အမှတ်သတိ မပြတ်ရှိနေဖို့ပဲ ဖြစ်ပါတယ်။ ဒီလို သတိတရား၊ အမှတ်တရားနဲ့သာ နေသွားကြမယ်ဆိုရင် သေတဲ့အထိ သတိကောင်းနေသူဖြစ်နေပြီး အသေလည်း ကောင်းသွားမှာ ဖြစ်ပါတယ်။ သေချာတွေးကြည့်လိုက်ရင် သတိပဋ္ဌာန်အလုပ်ကို ကြိုးစားအားထုတ်နေတဲ့ သူတွေဟာ နေတဲ့အခိုက်မှာလည်း အနေကောင်းသူတွေ ဖြစ်နေကြသလို အသေကောင်းအောင် လုပ်နေကြသူတွေလည်း ဖြစ်ပါတယ်။ အသေကောင်းအောင် ပြင်ဆင်နေသူတွေလို့ ဆိုရင်လည်း မမှားပါဘူး။

မှန်ပါတယ်။ လောကသားတွေဟာ နေဖို့အတွက် ကြိုးစားကြသလို သေဖို့အတွက်လည်း ကြိုးစားသင့်ကြပါတယ်။ အနေကောင်းအောင် ပြင်ဆင်ကြသလို အသေကောင်းအောင်လည်း ပြင်ဆင်ကြဖို့ လိုပါတယ်။ နေတဲ့အခိုက်မှာ မတောင့်မတ မကြောင့်မကျ နေနိုင်အောင် အားထုတ်ကြသလို သေတဲ့အခိုက်မှာလည်း မပူမပင် မပင်မပန်း သေနိုင်အောင် အားထုတ်သင့်ကြပါတယ်။ မတောင့်မတ နေနိုင်အောင် ရှာဖွေကြရင်း မကြောင့်မကျ သေနိုင်အောင်လည်း ရှာသင့်ပါတယ်။ ဆိုလိုတာက ဘ၀နေဖို့အတွက် ငွေကြေးပစ္စည်းဥစ္စာ ရအောင်ရှာရင်း နေခြင်းရဲ့နောက် သေခြင်းအတွက်လည်း သတိတရား လက်ကိုင်ထားနိုင်အောင် တရားတစ်ခုခု ရအောင်ရှာသင့်ပါတယ်။ ၀ိပဿနာ အားထုတ်ဖူးတဲ့သူ သတိပဋ္ဌာန်တစ်မျိုးမျိုးကို အထူးပြု အားထုတ်ဖူးသူတွေဟာ အနေကောင်းနေသူတွေဖြစ်ပြီး အသေကောင်းသူတွေဆိုလည်း မမှားပါဘူး။ တရားအားထုတ်ထားတဲ့ သူတစ်ယောက်အဖို့ သာမန်သူတွေ မခံနိုင်တဲ့ အကောင်းအဆိုး လောကဓံတွေကို ကောင်းကောင်းခံနိုင်ရည် ရှိလာကြပါတယ်။ လောကသားတွေ ဒုက္ခရောက်ကြ၊ ပျက်စီးကြတယ်ဆိုတာလည်း ဒီလောကဓံကို မခံနိုင်ကြလို့ပဲ ဖြစ်ပါတယ်။ တရားအားထုတ်ခြင်းဖြင့် လောကဓံကို ခံနိုင်ရည် ရှိနေတဲ့သူဟာ ဘာအခက်အခဲမဆို ခံနိုင်ရည်ရှိနေတဲ့ အနေကောင်းသူတွေ ဖြစ်နေကြပါတယ်။ ဒီအလုပ်ကို အားထုတ်ရင်း ဒီအတိုင်းပဲ အမှတ်သတိ မပြတ်ရှိသွားမယ်ဆိုရင် အသေလည်းကောင်းမှာ သေချာပါတယ်။

ဝိပဿနာအားထုတ် ထားသူဟာ တစ်ခြားသူတွေထက် လောကဓံကို ကောင်းကောင်းခံနိုင်သွားတယ် ဆိုတာကတော့ တရားအားထုတ်ဖူးသူတိုင်း လက်တွေ့သိကြပါတယ်။ ကြုံလာတဲ့ အကောင်းအဆိုးကို တရားနဲ့ဖြေတတ်တဲ့ အကျင့်လေးတွေရှိလာပြီး စိတ်ကိုခဏချင်း သက်သာအောင် လုပ်နိုင်တယ်ဆိုတာ တရားအလုပ် အားထုတ်ဖူးသူတွေ သိကြပါတယ်။ နည်းနည်း အားထုတ်ဖူးသူတွေဟာ နည်းနည်းသိနေရသလို များများ အားထုတ်ထားသူတွေဟာ များများသိနေကြပါတယ်။ အထူးသဖြင့် စိတ်အစဉ်ကို သတိကပ်ပြီး လေ့ကျင့်လာတတ်ကြပါတယ်။ စိတ်ဆိုးတော့မယ်၊ ဒေါသဖြစ်တော့မယ်၊ စိတ်လိုက်မာန်ပါ လုပ်ဖြစ်တော့မယ်ဆိုရင် မဖြစ်ခင် အဲဒီစိတ်လေးကို သိလာပြီး ရှေ့ဆက်မဖြစ်အောင် သတိဆောင်လာ တတ်ကြပါတယ်။ စိတ်အစွဲကို မစွဲခင် ထိန်းသိမ်းလာတတ်ကြပါတယ်။ အရာရာမှာ စိတ်သာအဓိကလို့ ဆိုတဲ့အတိုင်း ဒီစိတ်ကို အချိန်မီ သတိကပ်ပြီး ထိန်းချုပ်လာတတ်ပြီဆိုရင် နေရတာလည်း သက်သောင့်သက်သာ ဖြစ်လာပါတော့တယ်။ စိတ်ထောင်းတော့ကိုယ်ကျေ စိတ်ပျိုတော့ ကိုယ်နုဆိုသလို စိတ်ကို အကုသိုလ်မဖြစ်အောင် အချိန်မီ သတိကပ်နေနိုင်သူဟာ စိတ်အစဉ် နူးညံ့နေပြီး ရုပ်ပါနုပျို လာလေ့ရှိပါတယ်။ ဒါဟာ သတိပဋ္ဌာန်အလုပ် အားထုတ်မှုရဲ့ လက်တွေ့ကျတဲ့ အကျိုးသက်ရောက်မှု ဖြစ်ပါတယ်။ ဒီအကျိုးသက်ရောက်မှုဟာ နေတဲ့အခိုက်မှာသာမဟုတ် သေတဲ့အထိလည်း အထောက်အကူ ဖြစ်စေပါတယ်။ သေခါနီး စိတ်အစဉ်အထိ ကောင်းတဲ့အာရုံ ကောင်းတဲ့အသိတွေနဲ့ သေနိုင်အောင် ထောက်ပံ့ပေးပါလိမ့်မယ်။ သေဖို့ပြင်ဆင်နေသူတွေကို အသေလှအောင် ဖြေမပေးပါလိမ့်မယ်။

ဒါကြောင့် သေဖို့ပြင်ဆင်ရာတွင် အကောင်းဆုံး ပြင်ဆင်နိုင်သူတွေ ဖြစ်စေဖို့၊ အနေလည်းကောင်း၊ အသေလည်းကောင်း ဖြစ်စေဖို့၊ အနေလှပြီး အသေလှသူတွေ ဖြစ်စေဖို့နဲ့ အနေလည်းအေး အသေလည်းအေးသူတွေ ဖြစ်စေဖို့ သတိတစ်လုံး လိုက်ကိုင်သုံးကာ အမှတ်သတိ မပြတ်ရှိစေနိုင်သည့် သတိပဋ္ဌာန်အလုပ် ကြိုးစားအားထုတ်ရင်းဖြင့်သာ အကောင်းဆုံး သေနိုင်အောင် ပြင်ဆင်ကြပါစို့ဟု…..

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ