ဒါကြောင့် ဒီလိုပါ... ပြီးတော့ ဒီလိုဖြစ်စေချင်တာပါ…

“ငြင်းခုံမှုများ ရပ်ကြစို့“ ဆိုတဲ့ ပို့စ်လေးတစ်ခု ရေးတင်ပြီးနောက်မှာ ကွန့်မန့်တ်မှာရော စီဘောက်စ်မှာပါ မှတ်ချက်အမျိုးမျိုး ရေးလာကြပါတယ်။ အားလုံးကို တစ်ခုချင်း ပြန်မဖြေရှင်းခဲ့ပေမယ့် အသေအချာ ဖတ်ဖြစ်ပါတယ်။ မှတ်ချက်အားလုံးနီးပါးဟာ အမှန်သစ္စာတည်ရေး၊ အလွဲအမှား၊ အယူအဆအမှားများ မဖြစ်စေရေးဆိုတဲ့ ကောင်းတဲ့စိတ် စေတနာလေးတွေ ရှိနေကြတယ်ဆိုတာ တွေ့ရပါတယ်။ ဒီအတွက် ၀မ်းလည်းဝမ်းသာမိပါတယ်။ ဗုဒ္ဓဘာသာ မြန်မာအများရဲ့ စိတ်သဘောထား အမှန်လေးတွေကိုပါ တွေ့လိုက်ရတော့ ရင်ထဲမှာ တကယ့်ကိုပဲ ကြည့်နူးမိပါတယ်။ လူကြီးလူကောင်းဆန်တဲ့ အပြုအမူလေးတွေ၊ ရန်တုံ့မူလိုတဲ့ သဘောတွေ၊ သူ့ဆရာမှန်တယ်၊ ကိုယ့်ဆရာမှန်တယ်ဆိုတဲ့ သဘောတွေ မတွေ့ရဘဲ ဗုဒ္ဓဓမ္မ အနှစ်သာရများ အမှန်တကယ် ရှိစေလိုရေးကို ဦးတည်နေတယ်ဆိုတာလည်း ခံစားမိပါတယ်။ တစ်ချို့ကလည်း ဘုန်းဘုန်းအမြင်ကို ဖော်ပြပြီး ဆုံးဖြတ်ပေးစေချင်တဲ့ သဘောလေးတွေ တွေ့ရပါတယ်။

အမှန်တော့ ဘုန်းဘုန်းကိုယ်တိုင်လည်း လက်ရှိဖြစ်ပျက်နေတဲ့ ဓမ္မအဓမ္မ အခြေအနေလေးတွေကို မသိလို့ မဟုတ်ပါဘူး။ သိနေပါတယ်။ ပိုလို့တောင် သိနေတယ်လို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဘုန်းဘုန်းကိုယ်တိုင် ပြည်ပနိုင်ငံမှာနေပြီး တတ်နိုင်သမျှ အွန်လိုင်းသာသနာပြု လုပ်ငန်းလေးတွေ လုပ်နေ၊ အွန်လိုင်းစာမျက်နှာ အစုံကို ဖတ်နေတဲ့အပြင် မကြာသေးခင်ကမှ မြန်မာပြည်မှာ ၀ါဆိုပြီး ပြန်ကြွလာတာဆိုတော့ အတွင်းအပြင် အစုံသိနေရလို့ပဲ ဖြစ်ပါတယ်။ ဒီလို သိနေတဲ့အတွက်ကြောင့်လည်း ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတဲ့ မှတ်ချက်မပေးဘဲ အစွမ်းနှစ်ဘက်လွတ်အောင် စာရေးဖော်ပြ ဖြစ်တာ ဖြစ်ပါတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်ပြီး အမှန်အမှား ခွဲခြားတတ်အောင် တရားဟော ဆရာများ၏ လက်ရှိအခြေအနေလေးတွေကို မီးမောင်းထိုးပြခြင်း ဖြစ်ပါတယ်။

ဘုန်းဘုန်းတစ်သီးပုဂ္ဂလ အမြင်ပြောရရင် လက်ရှိမြန်မာပြည် သာသနာရေးဟာ အလွန်အားနည်းနေတာကို တွေ့နေရပါတယ်။ ဗုဒ္ဓဘာသာ ရဟန်းတော်များရော ဗုဒ္ဓဘာသာဝင်များပါ မသိမှုတွေ များလာနေတာကို တွေ့ရပါတယ်။ မသိမှုများတဲ့အတွက်လည်း အမှားတွေ များလာတာ ဖြစ်ပါတယ်။ ရဟန်းတော်များဘက်က ကြည့်ရင် စာပေပရိယတ်ပိုင်းမှာ အားနည်းလာကြပြီး အကျင့်တရားပိုင်းမှာပါ ဆုတ်ယုတ်လာကြပါတယ်။ လူဒကာဒကာမများဆိုရင် ပိုလို့တောင်ဆိုးပါတယ်။ မသိဆို ဘာမှကို မသိကြတော့ပါဘူး။ အဲဒီလို မသိမှုတွေ များလာတော့ အခုလို ပြောသမျှယုံ ဖြစ်ကုန်တော့တာပါ။ လောကမှာ လိမ်လို့အကောင်းဆုံးက ဘာသာရေးကို ခုတုံးလုပ်ပြီးလိမ်တာပဲလို့ ဆိုရလောက်အောင် အလိမ်အကောက် အမျိုးမျိုးနဲ့ လိမ်နေကြတာကို တွေ့နေရပါတယ်။ ကိုယ်ကိုယ်တိုင်က မသိမှုတွေများပြီး စူးစမ်းဆင်ခြင်မှု မရှိတဲ့အခါ အဲဒီအလိမ် သမားများနောက် တကောက်ကောက်လိုက်မိ နေတတ်ကုန်ပါတယ်။

နောက်ဆုံးအရင်းစစ်တော့ မသိကြတာတွေပါ။ ဆရာလုပ်သူတွေလည်း မသိကြ၊ နောက်လိုက်တွေလည်း မသိကြဘဲ ကိုယ်သိတာလေးတွေနဲ့ သူတစ်လူငါတစ်မင်း လုပ်ကုန်ကြတော့တာပါပဲ။ အဆိုးဆုံးက ဆရာလုပ်သူတွေ မသိကြတာတွေပါ။ အရင်ရေးခဲ့သလို စာအသိနဲ့ ဆရာလုပ်သူတွေရော၊ ငါအသိနဲ့ ဆရာလုပ်သူတွေကိုယ်တိုင် လွဲနေကြလေတော့ နောက်လိုက်တွေလည်း လွဲကုန်ကြပြီပေါ့။ မသိတာချင်း အတူတူ စာအသိနဲ့ ဆရာလုပ်သူတွေဟာ စာပေအထောက်အထား အခိုင်အမာ ရှိနေတဲ့အတွက် ထင်သလောက် ဝေဖန်ပြစ်တင် ထောက်ပြစရာ မရှိပေမယ့် စာမသိဘဲ ငါအသိနဲ့ ဆရာလုပ်သူတွေမှာတော့ ပြဿနာတွေ ဖြစ်နေတာတွေ တွေ့မြင်ကြားသိနေရပါတယ်။ ဒါကြောင့်လည်း ခုနောက်ပိုင်း နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများမှ “တရားဟော ဓမ္မကထိကများသည် အနည်းဆုံး ဓမ္မာစရိယအဆင့် ရှိရမည်“လို့ ညွန်ကြားတော်မူခြင်း ဖြစ်ပါတယ်။ စာသိပြီး ငါစွဲမာနစွဲတွေ ရှိလာရင်လည်း အမှားတွေ ဖြစ်လာတတ်ပါတယ်။ ပညာတတ်များ မိုက်ပြီဆိုရင် ပိုပြီးကြောက်စရာ ကောင်းပါတယ်။ ပြီးတော့ ငါသိဆရာတွေရဲ့ ဟောပြောချက် အချို့ဟာ ထေရ၀ါဒ စာပေနဲ့ ညှိတဲ့အခါမှာ လွဲနေတာကို တွေ့ရပြန်ပါတယ်။ စာသိရော ငါသိပါ အရေးကြီးတယ် ဆိုပေမယ့် ငါသိဟာ စရိုက်အမျိုးမျိုးရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးချင်း အသိခြင်း မတူဘဲ အသိအမျိုးမျိုး ဖြစ်နေတဲ့အတွက် ပုံသေသတ်မှတ်လို့ မရပါဘူး။ ဒါကြောင့် စာပေကိုတော့ အဓိကမှတ်ကျောက်အဖြစ် ထားရပါတယ်။ ဗုဒ္ဓဟောကြားတဲ့ တရားတော်များနဲ့ ချိန်ပြီးသတ်မှတ် ဆုံးဖြတ်ဖို့လိုပါတယ်။ ကိုယ့်ရဲ့ငါသိကိုလည်း စာသိနဲ့ ညှိယူရပါတယ်။ စာကိုတော့ ဘောင်ကျော်လို့ မရပါဘူး။ မြန်မာပြည်မှာ ထေရ၀ါဒ အားကောင်းနေတာဟာလည်း ဒီစာပေပရိယတ်အားကောင်း နေလို့ဖြစ်ပါတယ်။ အထူးသဖြင့် ဘုရားဟော ဓမ္မများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ နုတ်ပယ်ခြင်းမရှိဘဲ တစ်သွေမတိမ်း လက်ခံထားတဲ့ ထေရ၀ါဒ စာပေတွေ ရှိနေတဲ့အတွက် သာသနာ အားကောင်းနေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြန်မာပြည်မှာ ဘာသာရေး အရှုတ်အရှင်းတွေ ဖြစ်လာရင် ဘုရားဟော စာပေနဲ့ပဲ ညှိနှိုင်းဆုံးဖြတ်လေ့ရှိပါတယ်။ ဒါကိုတော့ ငါသိနဲ့ ဟောပြောနေသူများ အထူးသတိပြုသင့်လှပါတယ်။ ဖားအောက်ဆရာတော်ကြီးက “တို့က… တရားကမ္မဋ္ဌာန်းတွေ လက်တွေ့ကျင့်ကြံဖို့ ပြသနေပေမယ့် စာကိုတော့ ဘယ်တော့မှ မကျော်စေပါဘူး၊ စာနဲ့အမြဲညှိပြီးမှ လက်တွေ့ကျင့်ကြံစေပါတယ်..“ လို့ ဆရာတော်ကြီးရဲ့ တပည့်တစ်ပါးက ပြောဖူးပါတယ်။ ဆရာတော် အမိန့်ရှိတော်မူတဲ့အတိုင်း ငါသိသမားတွေလည်း စာနဲ့တော့ ညှိကြဖို့ လိုပါတယ်။ အထူးသဖြင့် ရဟန်းတော်များဆိုရင် ၀ိနည်းတော်ကိုတော့ အထူးအလေးပြုသင့်ပါတယ်။ ၀ိနည်းတော်ကို အလေးမထားဘဲ ပစ်ပယ်ထားလိုက်ရင် ထေရ၀ါဒမှ ယနေ့ဝိနည်းကွယ်ပျောက်နေတဲ့ မဟာယာနပုံစံမျိုး ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ငါတွေ့အားသန်သူများ အနေဖြင့် ငါ့တွေ့ကို စာတွေနဲ့ညှိပြီး ၀ိနည်းတော်ကို အလေးထားဖို့ တိုက်တွန်းခြင်းဖြစ်ပါတယ်။

နောက်ပြီး ဆိုင်ရာဆိုင်ရာ ဆရာတော်များရဲ့ တရားတော်ကို နှစ်သက်လက်ခံ လိုက်နာကျင့်သုံးကြတဲ့ ပရိတ်သတ်များ အနေဖြင့်လည်း အထူးသတိထားသင့်တဲ့ အချက်တွေရှိပါတယ်။ ကိုယ်က ဘာမှမသိတဲ့အတွက် ကိုယ့်အတွက် အနည်းငယ်မျှ တိုက်ဆိုင်သွားတဲ့ ဆရာသမားရဲ့ တရားတော်ကိုပဲ တစ်သမှတ်တည်း အသေစွဲ မယူထားဖို့ လိုပါတယ်။ တကယ်တော့ ကိုယ်သိသွားတဲ့အချက် ကိုယ်နဲ့တိုက်ဆိုင်သွားတဲ့ ဟောပြောချက်ဟာလည်း ဘယ်အဆင့်အထိ ရှိတယ်ဆိုတာ ဆုံးဖြတ်ဖို့ ခက်လှပါတယ်။ တစ်ခါတစ်ရံမှာ တစ်ချို့ ယောဂီတွေဟာ သမာဓိနိမိတ်တွေ အပေါ်မှာကိုပဲ ကိုယ့်ကိုယ်ကို တရားအစစ် ရပြီလို့ ထင်တတ်တာတွေ ရှိတတ်ပါတယ်။ ဒါကြောင့် တရားအားထုတ်တဲ့ အခါမှာ ကိုယ့်အနားမှာ စာပေပရိယတ်ရော လက်တွေ့အားထုတ်မှုပါ ပြည့်စုံတဲ့ ဆရာကောင်းလိုတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ အဲဒီလို ဆရာကောင်းတွေလည်း မြန်မာပြည်မှာ ရှိပါတယ်။ ဒီလို ဆရာတွေထံမှာလည်း စမ်းသပ် အားထုတ်ကြည့်သင့်ပါတယ်။

ဒီနေရာမှာ ဘုန်းဘုန်းပြောလိုတာက “ဓမ္မအဓမ္မ အဖြစ်မှန်တွေကို ဘုန်းဘုန်းကိုယ်တိုင် သိရဲ့သားနဲ့ ဘာဖြစ်လို့ ဒီလိုနေရာမျိုးမှာ ၀င်ရောက်မဆွေးနွေးတာလဲ…၊ ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါး အနေနဲ့ ဘာကြောင့် သွေးအေးနေတာလဲ” ဆိုရင် ဘုန်းဘုန်းအနေနဲ့ ကိုယ့်ကိုယ်ကို ဓမ္မအနှစ်သာရ အသိခိုင်အောင် အရင်လုပ်နေလို့ပါလို့ ပြောပါရစေ။ ကိုယ်ကိုယ်တိုင်က အသိမပြည့်စုံသေးလို့ပါလို့ အကြောင်းပြပါရစေ။ ခေါင်းရှောင်တာ မဟုတ်ပါဘူး။ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ် ဆိုတာကတော့ အချိန်တန်ရင် အမှန်သစ္စာက ဖြေရှင်းပေးသွားလိမ့်မယ်လို့လည်း ယုံကြည်နေလို့ပါ။ မဂ္ဂင်ရှစ်ပါးအကျင့်တရား ရှိနေသမျှ ရဟန္တာများ မဆိတ်သုဉ်းဘူးဆိုတဲ့အတိုင်း ဗုဒ္ဓဓမ္မကို အမှန်အတိုင်း လက်ခံလိုက်နာ ကျင့်သုံးနေကြတဲ့ သူတော်ကောင်းများ ရှိနေသမျှ ဓမ္မ၀ါဒ မကျရှုံးသေးဘူးလို့ ခံယူထားလို့ပါ။ ပြီးတော့ တစ်ချို့ကိစ္စတွေဟာ ပြန်လည်တုံ့ပြန်ရင် ပိုပြီးပွဲဆူကာ ပိုပြီးပြန့်နှံ့သွားတတ်ပြီး ကြေငြာပေးသလို ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် အဓမ္မဘက်က တိုက်ခိုက်မှုတွေ အားကောင်းနေပေမယ့် အဲဒီတိုက်ခိုက်မှုတွေဟာလည်း ပုဂ္ဂိုလ်ရေး အစွဲတရားကြောင့် ဖြစ်တယ်ဆိုတာ သဘောပေါက်ပြီး အချိန်တန်ရင် သူတို့ကိုယ်တိုင် သဘောပေါက်သွားလိမ့်မယ်လို့လည်း ခံယူထားတဲ့ အတွက်ကြောင့် ဘုန်းဘုန်းအနေနဲ့ ဘာမှမတုံ့ပြန်ဘဲ ဓမ္မစကား သက်သက်ကိုပဲ ရေးသားတင်ပြနေခြင်း ဖြစ်ပါတယ်။ အကယ်၍ သူတို့က သဘောမပေါက်ဘဲ အမှားအတိုင်းဆက်ပြီး လက်ခံလိုက်နာ ကျင့်သုံးနေရင်တော့ သဗ္ဗေသတ္တာ ကမ္မသကာထဲထည့်ပြီး ကိုယ်ကိုယ်တိုင် လွတ်အောင်ရုန်းကြဖို့ပဲ ရှိပါတယ်။ ပြီးတော့ ကိုယ့်ပတ်ဝန်းကျင်ကို တတ်နိုင်သမျှ ဓမ္မ၀ါဒ အသိရှိအောင် ကြိုးစားကြည့်ဖို့ပါပဲ။

နောက်ဆုံးအနေနဲ့ အကြံပြုချင်တာက အွန်လိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဓမ္မအဓမ္မ ဖြေရှင်းချက်များတွင် ၀ိုင်းဝန်းအကြံပြု ပြောဆိုနေသူများ အနေဖြင့် တစ်ဦးနဲ့တစ်ဦး ပြေပြေလည်လည် ဖြစ်စေချင်ပါတယ်။ ကိုယ့်အမြင်ကို ကိုယ်ပြောတာဆိုပေမယ့် အပြောများရင်၊ အပြောကြမ်းရင် အမှားတွေ ပါလာတတ်ပါတယ်။ ပြောရင်းပြောရင်း မလိုလားအပ်တဲ့ အပြစ်တွေ စော်ကားမှုတွေ ၀င်လာတတ်ပါတယ်။ ဒါကြောင့် ဘယ်သူမဆို ကိုယ့်ကိုယ်ကို အရင်ကာကွယ်ပြီး ကိုယ့်ပတ်ဝန်းကျင်ကို ခိုင်မာအောင် လုပ်သင့်တယ်လို့ ထင်ပါတယ်။ အမှန်တော့ အားလုံး သူ့ဘက်ကိုယ့်ဘက် ကာကွယ်ပြောဆိုနေကြတာဟာ မှန်တယ်ထင်လို့ ပြောနေကြတာတွေ ဖြစ်ပါတယ်။ အမှန်သစ္စာက ရှိနေပေမယ့် အမှားကို စွဲကိုင်ထားသူများကလည်း ကိုယ့်ကိုယ်ကို မှားနေတယ်လို့ ထင်မှာမဟုတ်ပါဘူး။ ဒါကြောင့် သူတို့ကလည်း အပြိုင်အဆိုင် ပြန်လည်တုံ့ပြန်ကြပါလိမ့်မယ်။ ဒီလိုဆိုရင် အမှန်ရောက်မှာ မဟုတ်ဘဲ ဓမ္မစာမျက်နှာတွေမှာ အယုတ်ဆိုးစေပါတယ်။ ဓမ္မအစစ်အမှန်ဆိုတာ ငြင်းချက်ထုတ်စရာ မလိုဘဲ လက်တွေ့ကျင့်ကြံ ရယူရမယ့် အရာဖြစ်ပါတယ်။ ဒါကြောင့် အချိန်တန်ရင် ပြီးသွားမှာပါလို့ သဘောထားပြီး ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကိုသာ လမ်းမလွဲစေဖို့ သဒ္ဓါပညာကို သတိနဲ့ယှဉ်ပြီး ကျင့်သုံးကြဖို့ အကြံပြုလိုက်ပါတယ်။

မှတ်ချက်။ ၊၊ အဓမ္မ၀ါဒရန်ကို ကာကွယ်နေကြသည့် သူများကို အထူးကျေးဇူးတင်ပါတယ်။ အားလည်းအားပေး နေပါတယ်။ လိုအပ်ရင်လည်း အမြဲအဆင်သင့် ရှိပါတယ်။ ပြီးတော့ အထက်ပါ ရေးသားချက်များဟာ ဘယ်သူ့ကိုမှ အပြစ်ပြောလိုတဲ့ ရည်ရွယ်ချက်မရှိဘဲ အားလုံးကို ပြေပြေလည်လည် ရှိစေချင်တဲ့ စေတနာ သက်သက်သာ ဖြစ်ပါကြောင်း ၀န်ခံပါတယ်။ ဒီပို့စ်လေးနဲ့ပဲ နောက်ဆုံးတင်ပြရင်း နောက်နောင်ပို့စ်များတွင် ဓမ္မရသ သက်သက်ကိုသာ တင်ပြပါမည့်အကြောင်း…

4 မှတ်ချက်များ (...ရေးရန်):

  • ရည်မွန်ထိပ်ထား says:
    Wednesday, December 23, 2009

    လျော်ကန်သင့်မြတ်လွန်းတဲ့ ဆရာတော့်ရဲ့ ရပ်တည်ချက် နဲ့  သတိပေးမှု၊ ဖြစ်စေလိုမှု၊ စတာတွေကို သိလိုက်ရ ပြီး ဆရာတော်ဘုရားကို ကြည်ညိုစိတ် ဖြစ်မိပါတယ် ဘုရား... အခုလို အသိရော၊သတိပါ ပေးတဲ့ အတွက် ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ အရှင်ဘုရားကို ကျေးဇူး အထူးတင်မိပါတယ်ဘုရား....

    သာသနာ့အကျိုး ပိုတိုးလို့  ထမ်းရွက်နိုင်ပါစေ ဘုရား...

  • ထက်စုနှင်းဆီ says:
    Wednesday, December 23, 2009

    လျော်ကန် သင့်မြတ်ပါတယ် အရှင်ဘုရား...
    တပည့်တော်တို့ကလဲ သူတို့ကို နားလည်စေချင်တာပါ..
    ကောင်းမွန်တဲ့ စိတ်နဲ့ပါ ဘုရားး

    အရှင်ဘုရား စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပြည့်စုံပါစေ ..

  • Anonymous says:
    Wednesday, December 23, 2009

    တပည့်တော်တို့ နေထိုင်မကောင်းလို့ ဆေးသောက်၊ ဆေးကုတဲ့အခါ ဆေးကြောင့် ရောဂါ ခဏ ငုပ်သွားရင် အပြီးပျောက်သွားပြီလို့ ပျောက်ချင်ဇောနဲ့ ထင်မိတာ ရှိတတ်ပါတယ်ဘုရား။
    တပည့်တော်လဲ တစ်ခါတုန်းက မဂ်အဆင့်တစ်ခု ရပြီလားလို့ မိမိကိုကို ယူဆရတဲ့အခြေကြုံဖူးပါ၏ဘုရား။ စောင့်ကြည့်တော့ ၆ လ အတွင်းမှာ ကိလေသာတွေ ပြန်ထောင်တက်လာပါတယ်။ ဒီတော့ မရသေးမှန်း သိရပါ၏ဘုရား။ တရားအရှိန်ကြောင့် ကိလေသာအခိုက်အတန့် ငုပ်သွားပြီး လူက အလိုရမ္မက်လဲ ခေါင်ပါး ဒေါသလဲ မထွက်၊ တရားပဲ အမြဲ အာရုံရောက်နေတဲ့အချိန်ဆိုတော့ မောဟလဲ ပါး၊ မာနလဲ ကွာနေ ခဏ ဖြစ်သွားတာပါ။ မကုန်သေးမှန်း သေချာသိပေမယ့် အောက်မဂ်တစ်ခု ရပြီ ထင်ရလောက်အောင်ကို တော်တော် ပါးနေဖူးပါတယ်။ နောက် လတွေ ကြာလာတော့လဲ ရှက်စရာ ကိလေသာတွေ အကုန် ပြန်ဝင်လာတော့တာပဲဘုရား။ တရားဆိုတာ မွန်မြတ်ပေမယ့် ကိုယ် ညံ့လို့ မရသေးမှန်း အဲဒီတော့မှ သိရတယ်ဘုရား။ တခြားသူတွေလဲ တပည့်တော်လိုပဲ ခဏ ကိလေသာ ငြိမ်သွားတာကို မဂ် ရတယ်လို့ အထင်မမှားစေလိုပါ။ တကယ် မဂ်ရသွားတဲ့ ပုဂ္ဂိုလ်တွေ ဘုရားသာသနာမှာ ဒီနေ့ထိ မဆိတ်သုဉ်းမှန်း သိပါတယ်။

  • မောင်ကောင်း says:
    Saturday, December 26, 2009

    အရှင်ဘုရားရဲ့ အဆုံးအမ စကားလေးက အင်မတန် တန်ဖိုးရှိပါတယ်ဘုရား။ သာသနာတော်အတွက် သံဃာစစ် သံဃာမှန်တွေ ပေါ်ထွန်းပြီး ဘုရားရှင်ရဲ့သာသနာ နေလိုလလိုထွန်းလင်းတောက်ပ ပါစေလို့ ဆန္ဒပြုပါတယ်။ တပည့်တော်တို့လည်း တရားအသိမပြည့်ဝသေးပါဘူး အရှင်ဘုရား။ သိသလောက်လေးတွေ ဘုရားအဆုံးအမနဲ့ ကိုက်ညီအောင် ရေးသားဖြန့်ဝေပေးနေပါတယ်ဘုရား။ လိုအပ်ချက်များရှိပါက အချိန်နေရာမရွေး လာရောက်ဆုံးမပြုပြင်ပေးစေချင်ပါတယ်ဘုရား။ အရှင်ဘုရား စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ..။


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ