ဘုရား ရဟန္တာနှင့် ငါဟူသော ဝေါဟာရ…

တစ်ဦးသော နတ်သားသည် တစ်ခုသော တော်အုပ်ကြီး၌ နေ၏။ သူနေသော တောအုပ်ထဲသို့ ရဟန္တာကြီးများ လာရောက် နေထိုင်ကြလေရာ ထိုနတ်သားသည် ရဟန္တာကြီးများ အချင်းချင်း ပြောကြသော စကားများကို ကြားနေရ၏။ ထိုအခါ ယင်းရဟန္တာကြီးများ ပြောစကားကို အကြောင်းပြု၍ ထိုနတ်သားသည် ရဟန္တာကြီးများ အပေါ်တွင် ယုံမှားသံသယ ဖြစ်လာ၏။ ရဟန္တာကြီးများ ပြောဆိုသော စကားများကား “ငါစားသည်၊ ငါသောက်သည်၊ ငါအိပ်သည်၊ င့ါပစ္စည်း၊ ငါ့ဟာ၊ ငါ့သပိတ်၊ ငါ့သင်္ကန်း” ဤသို့စသည်ဖြင့် အတ္တစွဲ ငါ၊ ငါဟူသော စကားများဖြစ်သတည်း။ ထိုစကားကို အကြောင်းပြု၍ နတ်သားသည် တွေးမိလာ၏။ “အစက ဤကိုယ်တော်ကြီးများကို ရဟန္တာဟု ငါမှတ်ထင်ခဲ့သည်။ ရဟန္တာတို့မည်သည် ငါ၊ ငါဟူ၍ အတ္တစွဲနှင့်စပ်သော စကား၊ အတ္တစွဲမကင်းသော စကားကို ဆိုကြ၊ ပြောကြရာသလော၊ မဆိုမပြောရာသလော”ဟု သို့လော သို့လောတွေးတော ဒွိဟသံသယ ဖြစ်လာသည်။

တစ်နေ့သ၌ ထိုနတ်သားသည် မိမိ၏ ယုံမှားသံသယ ကင်းပခြင်းငှါ ဘုရားအထံတော်သို့ ချည်းကပ်ပြီး ထိုပြဿနာရပ်ကို တင်ပြလျှောက်ထားကာ မေးမြန်းခြင်းပြုလေ၏။
မေး= လူနတ်ဗြဟ္မာတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား အကြင်ရဟန်းသည် ရဟန္တာဆိုပါက၊ ရဟန်းကိစ္စ ပြီးစီးသော ပုဂ္ဂိုလ်မှန်ပါက၊ အာသဝေါ ကုန်ခမ်းပြီး ဖြစ်ပါက၊ တစ်ဖန် ပဋိသန္ဓေနေရခြင်း မရှိသော နောက်ဆုံး ခန္ဓာဝန် အတ္တဘောရှိသည် ဆိုပါက ထိုရဟန်းသည် “အဟံ ၀ဒါမိ- ငါပြောသည်ဟူ၍ လည်းကောင်း၊ အဟံ ပိဝါမိ- ငါသောက်၏ဟူ၍ လည်းကောင်း၊ မမစီဝရံ- ငါ့သင်္ကန်းဟူ၍ လည်းကောင်း“ အတ္တစွဲ ငါဟူသော စကားကို ဆိုရာပါသလော။

ဖြေ= အချင်း ဒါယကာနတ်သား… မှတ်သားလော့။ အကြင်ရဟန်းသည် ကုန်ပြီးသော အာသဝေါတရား လေးပါးလည်းရှိ၏။ ပြီးပြီးသော ရဟန်းကိစ္စ ၁၆ပါးလည်း ရှိ၏။ နောက်ထပ်တစ်ဖန် ပဋိသန္ဓေ နေခြင်းမရှိသော နောက်ဆုံး ခန္ဓာဝန်ကိုလည်း ဆောင်၏။ ထိုရဟန်းသည် အဟံ ၀ဒါမီတိပိ- ငါပြောသည်၊ ငါဆိုသည်ဟူ၍ လည်းကောင်း၊ မမံ-ငါ့ကို၊ ပရေ- တစ်ပါးသော သူတို့က၊ ၀ဒန္တီတိပိ- ပြောကုန်သည်၊ ဆိုကုန်သည်ဟူ၍ လည်းကောင်း ပြောဆိုပေရာသည်။ ခန္ဓာလောက၌ လိမ္မာသော ရဟန်းကား လူ့ဝေါဟာရ၊ လူ့အသုံးအနှုန်းကို သိတော်မူ၏။ သိသောကြောင့် လောကဝေါဟာမျှဖြင့် ဆိုရာသည်၊ ဆိုနိုင်ပေသည်၊ ဆိုကောင်းသည် မှတ်ရာ၏။

အချင်း ဒါယကာနတ်သား… ငါထင်ရှားစွာ ဆိုဦးအံ့။ ခန္ဓာငါးတို့သည် သွားကုန်၏၊ စားကုန်၏၊ ရပ်ကုန်၏၊ နေကုန်၏၊ ခန္ဓာငါးပါးတို့သည် အိပ်ကုန်၏၊ သောက်ကုန်၏ဆိုခဲ့သော် လည်းကောင်း၊ ဤသင်္ကန်းကား ခန္ဓာငါးပါး၏ သင်္ကန်းတည်း၊ ဤသပိတ်ကား ခန္ဓာငါးပါး၏ သပိတ်တည်းဟု ဤသို့သော ဝေါဟာရဖြင့် ဆိုခြင်း၊ ပြောခြင်း၊ သုံးနှုန်းခြင်း ပြုခဲ့သည်ရှိသော် လောကဝေါဟာရ အစဉ်အလာ ပြောရိုးဆိုရိုး လူ့အသုံးအနှုန်း ပျက်လေ၏။

အချင်းဒါယကာနတ်သား… ယင်းသို့ ခန္ဓာငါးပါး သွားသည်၊ ခန္ဓာငါပါးစားသည် စသည်ဖြင့် မဆိုဘဲ လူ့ဝေါဟာရ၊ လူ့အသုံးအနှုန်းဖြင့်သာလျှင် (လူ့ဝေါဟာရနှင့် မဆန့်ကျင်သော စကားဖြင့်) ရဟန္တာသည် ဆိုပေရာ၏။ လောကဝေါဟာရ လူ့အသုံးအနှုန်း မပျက်စေခြင်းငှါ၊ နားလည်စေခြင်းငှါ “ငါသွားသည်၊ ငါစားသည်၊ ငါ့သင်္ကန်းဟူ၍ ဘုရားပစ္စေက ဗုဒ္ဓါတိုသည်လည်း ဆိုကုန်၏။ ရဟန္တာတို့သည်လည်း ဆိုပေကုန်၏။ အတ္တစွဲဟူ၍ ဆိုသည်မဟုတ်။
(သဂါထာဝ္ဂသံယုတ်၊ ပါဠိ၊ အဋ္ဌကထာ)

မှတ်ချက်။ ၊ဒဂုန်ဦးစန်းငွေ၏ “ဗုဒ္ဓကိုယ်တိုင် ဖြေကြားခဲ့ရသော မေးခွန်းနှင့် ပြဿနာများ ပေါင်းချုပ်“ စာအုပ်မှ တစ်ဆင့်ပြန်လည် ကူးယူဖော်ပြပါသည်။

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ