သဗ္ဗေသတ္တာ ကမ္မဿကာ…

“ပါရမီနဂို၊ မရှိလိုက၊ ကုသိုလ်သုစရိုက်၊ မဟောထိုက်တည့်၊
သူမိုက်တိရစ္ဆာန်၊ နိဗ္ဗာန်စကား၊ အလွန်ခါး၏၊ နားပါးမ၀င်၊ မကြားချင်ဘူး၊
သိမြင်မဲ့စွာ၊ လူယုတ်မာအား၊ ခြင်းရာကောင်းဆိုး၊ ကြောင်းကျိုးတရား၊ မဟောကြားရာ၊
ဟောမိပါက၊ အပြစ်ရ၏။“
(မန်လည်ဆရာတော်)

မဃဒေ၀လင်္ကာ ဆုံးမစာများကိုဖတ်ရင်း အထပ်ပါစာပိုဒ်လေးကို အထူးသတိထားမိလိုက်၏။ သတိပြုမိသည် ဆိုသည်ထက် စာရေးသူတို့၏ ဘ၀အခြေအနေဖြင့် တိုက်ဆိုင်ချိန်ထိုး စဉ်းစားမိသည်ဆိုက ပို၍သင့်လျော်၏။ စာရေးသူတို့သည် သာသနာ့ဝန်ထမ်း ရဟန်းတော်များဖြစ်၍ လူအမျိုးမျိုးနှင့် ဆက်ဆံနေရ၏။ စရိုက်ပေါင်းစုံသည့် ဒကာ၊ဒကာမများနှင့် ဆက်ဆံနေရ၏။ ရဟန်းသံဃာတော်များသည် အများဆိုင်ဖြစ်၍လည်း မည်သူဟူ၍ သီးခြားခွဲပြီး ဆက်ဆံ၍ မရပေ။ ကိုးကွယ်ဆည်းကပ် ပင့်ဖိတ်လျှောက်ထား ဆက်ကပ်လာလျှင် ချီးမြှောက်လက်ခံ ဟောကြားဆုံးမ ပေးရ၏။ ထိုအမျိုးမျိုးသော စရိုက်ရှိသည့် လူများကြားတွင် အချို့ကား ဆုံးမလွယ်၏။ အချို့ကား ဆုံးမရခက်၏။ အချို့ကား လွယ်သည်လည်းမဟုတ် ခက်သည်လည်းမဟုတ်သည့် ကြားလူများဖြစ်နေ၏။ အချို့ကား အနုနည်းဖြင့် ဆုံးမသော် နာခံလွယ်၏။ အချို့ကား အကြမ်းနည်းဖြင့် ဆုံမပြောဆိုမှသာ လိုက်နာကျင့်သုံး၏။ အချို့ကား ချော့တစ်ခါ ခြောာက်တစ်လှည့် သွန်သင်ပြရ၏။ အချို့ကား အနုနည်း၊ အကြမ်းနည်း၊ ချော့တစ်ခါ ခြောက်တစ်လှည့် မည်သို့ပင် ဆုံးမပြောဆို ဟောပြောပေးသော်လည်း နားမ၀င်လှပေ။ ဆုံးမ၍ ခက်လှပေ၏။ နောက်ဆုံး ထိုသူများအား ဆုံးမပြောဆိုသည့် ဆရာပင် လက်လျှော့လိုက်ရ၏။ လက်မလျှော့၍လည်း မရပေ။ ကြာလျှင်ထိုဆုံးမရ ခက်သူများအား အကုသိုလ်အပြစ်သာ ပို၍ကြီးလာ နိုင်စရာ ရှိပေတော့၏။ မန်လည်ဆရာတော်ကြီး ဆုံးမသကဲ့သို့ပင် ထိုသူများမှာ ပါရမီဓာတ်ခံ မရှိသူများ၊ သဒ္ဓါတရားဓာတ်ခံ မရှိသူများ ဖြစ်ဟန်တူပေ၏။ ထို့ကြောင့် ဆုံးမသွန်သင်၍ မရတော့သည့်အဆုံး မိမိကိုယ်ကိုသာ သက်သောင့်သက်သာဖြစ်အောင် နေလိုက်ရတော့၏။ “သဗ္ဗေသတ္တာ ကမ္မဿကာ- သူ့ထိုက်နဲ့ သူ့ကံပဲ ရှိပါစေတော့…“ဟုသာ ဥပေက္ခာ ပြုလိုက်ရတော့၏။


မှန်၏။ လောကတွင် ထိုကဲ့သို့ ဆုံးမရခက်သူများ အများအပြားရှိ၏။ မကြာမကြာလည်း ဆုံဖူးပါ၏။ မည်မျှပင် ပြောဆိုဆုံးမစေကာမူ နားမ၀င်ဘဲ ဖြစ်နေသူများရှိ၏။ လူ့လောကတွင် လူအချင်းချင်း မဆုံးမနိုင်သဖြင့် ဘုန်းကြီးရဟန်းသံဃာ ဆုံးမလျှင်ကား နားထောင်ကောင်း၏ဟူသော အတွေးဖြင့် ဘုန်းကြီးထံအပ်နှံ ဆုံးမစေကြသည်လည်း ရှိ၏။ ပင်ကိုယ်က ပါရမီဓာတ်ခံ မရှိသဖြင့် ရဟန်းသံဃာတော်များ ဆုံးမလည်း မရလှပေ။ ရှေ့တွင်ကား နာခံသယောင် ရှိသော်လည်း ကွယ်ရာရောက်လျှင် လုပ်ချင်သလို လုပ်ကြတော့၏။ ထိုသို့သော သူများကို များများကြုံမိသည့်အခါ မန်လည်ဆရာတော်ကြီး မိန့်တော်မူသကဲ့သို့ပင် ဟောပြောဆုံးမမိသူပင် အပြစ်ဖြစ်လေတော့၏။ “ဘုန်းကြီးက နေရာတကာပါတယ်…၊ လူ့ကိစ္စ၀င်ပါတယ်…၊ လူ့လောကအကြောင်း နားမလည်းဘူး..“ စသည်ဖြင့် ဘုန်းကြီးကိုပင် အပြစ်မြင်လာတတ်၏။ ထို့ကြောင့်လည်း ဆုံးမဟောပြောပေးကြသည့် ဆရာသမားများမှာ ထိုကဲ့သို့သော သူများကြောင့် “သူထိုက်နဲ့ သူ့ကံရှိစေတော့“ဟု ဥပေက္ခာ ပြုလိုက်ရလေတော့၏။

အမှန်အားဖြင့် ဥပေက္ခာပြုသည်ဟူသည် ဖြစ်ချင်ရာဖြစ်စေတော့ဟူသော အဆိုးမြင်သဘောဖြင့် လစ်လျူရှုပစ်လိုက်ခြင်း မဟုတ်။ ထိုသူကို အမှီပြုပြီး အကုသိုလ်လည်းမဖြစ်၊ ကုသိုလ်လည်း မဖြစ်အောင် နေလိုက်ခြင်းသာ ဖြစ်ပါ၏။ “ကုသိုလ်မရချင် နေပါစေ အကုသိုလ်တော့ အဖြစ်မခံတော့”ဟူသော သဘောဖြင့်သာ နေလိုက်ခြင်းဖြစ်ပါ၏။ ထိုပုဂ္ဂိုလ်ကို မုန်း၍မဟုတ်။ ထို့အတူ ချစ်၍လည်းမဟုတ်ပေ။ မိမိကိုယ်ကို အပြစ်အဖြစ်မခံတော့ဘဲ နေလိုက်ခြင်းသာ ဖြစ်၏။

စင်စစ် လောကတွင် လုပ်၍မရသည့် အရာများ များစွာရှိ၏။ ထိုမရသည့်အရာများကို မရရအောင် လိုက်လုပ်နေလျှင် လိုက်လုပ်သူပင် ပင်ပန်းပြီး အပြစ်ဖြစ်စေတတ်၏။ အနန္တစွမ်းအားရှင်ဖြစ်သည့် အနှိုင်းမဲ့ မြတ်စွာဘုရားသည်ပင် သတ္တ၀ါအားလုံးကို ကယ်တင်ချေချွတ် မသွားခဲ့ပေ။ ပါရမီရှိသည့် ကျွတ်ထိုက်သည့် သတ္တ၀ါများကိုသာ ကယ်တင်သွားတော်မူခဲ့၏။ ဘုရားရှင် ပွင့်ထွန်းတော်မူလာခြင်းသည်ပင် ကျွတ်ထိုက်သည့် သတ္တ၀ါများကို ချွတ်သွားရန်အတွက်သာ ဖြစ်ပါ၏။ ဘုရားရှင်သည်လည်း ဆုံးမပြောဆို ဟောပြော၍ ရသည့်သူများကိုသာ ဟောပြောဆုံးမ သွားတော်မူခဲ့၏။ မရသည့်သူများကိုကား ဥပေက္ခာတရားဖြင့်သာ နေတော်မူသွားခဲ့၏။ ဗုဒ္ဓသည် မဟာကရုဏာရှင် မှန်သော်လည်း ပြောဆိုဆုံးမ ချေချွတ်ရမည့် သူများကိုသာ ချေချွတ်တော်မူသွား၏။ အားလုံးအပေါ် သနားကျင်နာတော်မူသော်လည်း ဟောပြော၍ မရနိုင်သူကိုကား အချိန်ကုန် မခံတော့သည်ကို တွေ့ရ၏။ ထို့ကြောင့်လည်း မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော အကျင့်တရားကို လက်ကိုင်ကျင့်သုံးရန် တပည့်သာဝကများအား ဟောကြားဆုံးမတော် မူခဲ့ခြင်း ဖြစ်ဟန်တူပေ၏။ သတ္တ၀ါများတွင် မိမိနှင့် တန်းတူသူများကို မေတ္တာထားပြီး ဆက်ဆံ၊ မိမိအောက် နိမ့်ကျသူများကို ကရုဏာတရားဖြင့် ဆက်ဆံ၊ မိမိထက်သာသူများကို မုဒိတာ တရားဖြင့် ဆက်ဆံ၊ မည်သို့မှ ဆက်ဆံ၍ မရသူများကို ဥပေက္ခာဖြင့်သာ နေလိုက်ကြရန် ညွန်ပြတော်မူခဲ့၏။

ဘုရားရှင်ကိုယ်တော်တိုင်လည်း ထိုသို့ကျင့်သုံးသွား၏။ အခါတစ်ပါး မြတ်စွာဘုရားသည် မြင်းများကို ဆုံးမသွန်သင် ပေးနေသည့် ကေသိမြင်းဆရာနှင့် တွေ့ဆုံ၏။ ထိုသို့ တွေ့ဆုံသည့်အခါ ဗုဒ္ဓက မြင်းဆရာကြီးအား မြင်းများကို မည်သို့မည်ပုံ ဆုံးမကြောင်း မေးတော်မူ၏။ ထိုအခါ မြင်းဆရာကြီးက “အနုနည်းဖြင့် ဆုံးမရန်လိုအပ်သည့် မြင်းများကို အနုနည်းဖြင့် ဆုံးမပြီး အကြမ်းနည်းဖြင့် ဆုံးမမှရသည့် မြင်းများကို အကြမ်းနည်းဖြင့် ဆုံးမကာ အနုအကြမ်း မည်သို့မျှ ဆုံးမ၍ မရသည့် မြင်းများကိုကား သတ်ပစ်ကြောင်း“ လျှောက်ထား၏။ တစ်ဖန်မြင်းဆရာက မြတ်စွာဘုရားရှင် အနေဖြင့် တပည့်သာဝကများကို မည်သို့မည်ပုံ ဆုံးမတော်မူပါသနည်းဟု ဘုရားရှင်၏ ဆုံးမသွန်သင်မှုကို မေးလျှောက်၏။ မြတ်ဗုဒ္ဓက “ငါဘုရားသည်လည်း မြင်းဆရာကြီးကဲ့သို့ပင် အနုနည်းဖြင့် ဆုံးမရမည့် သူများကို အနုနည်းဖြင့် ဆုံးမပြီး အကြမ်းနည်းဖြင့် ဆုံးမရမည့်သူများကို အကြမ်းနည်းဖြင့် ဆုံးမကာ အနုနည်း အကြမ်းနည်းဖြင့် မည်သို့မျှ ဆုံးမ၍ မရသူများကို သတ်ပစ်ကြောင်း” မိန်တော်မူ၏။ ကေသိမြင်းဆရာကြီးမှာ ဘုရားရှင်က သတ်ပစ်သည်ဟူသော စကားကို ကြားသဖြင့် အလွန်တုန်လှုပ်သွားပြီး “အရှင်ဘုရားက ဆုံးမ၍ မရသည့်သူကို သတ်ပစ်သည်ဆိုခြင်းမှာ မည်သို့မျှ နားမလည်ကြောင်း အဓိပ္ပါယ်လည်း မရှိကြောင်း” အပြစ်ဆိုလေ၏။ ထိုအခါ ဘုရားရှင်က “ငါဘုရားက ဆုံးမ၍ မရသည့်သူများကို သတ်ပစ်သည်ဆိုသည်မှာ အသက်ကို သတ်ပစ်ခြင်း မဟုတ်ကြောင်း ဥပေက္ခာ ပြုလိုက်ခြင်းကို ဆိုခြင်းဖြစ်ကြောင်း” မိန့်တော်မူလိုက်၏။ ဆိုလိုသည်မှာ ဘုရားရှင်သည်လည်း မည်သို့မျှ ဆုံးမ၍ မရသူများကို ဥပေက္ခာပြတော်မူလေ့ ရှိကြောင်း ဆိုလိုရင်းဖြစ်ပါ၏။

ဤနေရာတွင် ဘုရားရှင် သုံးတော်မူသည့် သတ်ပစ်ခြင်းဟူသော စကားတစ်ခွန်းကို အထပ်ထပ် စဉ်းစားကြည့်ရန် လိုအပ်၏။ ဆုံးမ၍ မရသည့်သူများကို ဗုဒ္ဓသည် ဥပေက္ခာပြုလိုက်၏။ ဗုဒ္ဓ၏ ဥပေက္ခာပြုခြင်းသည် သတ်ပစ်ခံရခြင်း ဖြစ်၏။ မှန်၏။ လောကတွင် သူတော်ကောင်းများ၊ ဆရာသမား မိဘများစသူတို့၏ ဥပေက္ခာပြုခြင်းကို ခံရသူများ၏ ဘ၀သည် အသတ်ခံလိုက်ရသည်နှင့် တူ၏။ မိမိအား အကောင်းအဆုံး၊ အကြောင်းအကျိုးကို ပြောဆိုဆုံးမ သွန်သင်ပြသမည့်သူ မရှိတော့သည့် ဘ၀သည် တွေးကြည့်ရုံဖြင့်ပင် ကြောက်စရာကောင်းလှ၏။ ဥပေက္ခာအပြုခံရသူ တစ်ယောက်သည် လမ်းပျောက်သွားသည့် သူတစ်ယောက်နှင့်သာ တူပေတော့၏။ မိမိဘာလုပ်လုပ် မည်သူမျှ တည့်မတ်ပေးမည့်သူမရှိ၊ လမ်းညွှန်ပေးမည့်သူမရှိ၊ အကြံပြုပေးမည့်သူမရှိ၊ အမှားအမှန် ခွဲခြားပေးမည့်သူမရှိဖြင့် ညဥ့်သန်းခေါင်ယာမ် အလွန်မှောင်မိုက်သည့် လှိုင်ဂူထဲတွင် ရောက်နေသူနှင့်သာ တူနေပေတော့၏။ “ပုထုဇင်ပုဂ္ဂိုလ်များသည် ကလျာဏမိတ္တဟူသော အဆွေခင်ပွန်းကောင်းကို အမှီပြုမှသာ ပစ္စုပ္ပန် သံသရာ နှစ်ဖြာကောင်းကျိုးကို ဖြစ်စေနိုင်သည်”ဟု ဆို၏။ သို့ဆိုလျှင် ထိုသူတော်ကောင်းတို့၏ ဥပေက္ခာပြုခြင်းကို ခံရသူသည် ပစ္စုပ္ပန် သံသရာ နှစ်ဖြာကောင်းကျိုးမှ လွဲချော်နေသူသာ ဖြစ်နေပေတော့၏။ ရရှိလာသည့် ဘ၀အခိုက်တွင် လောကသားတို့၏ ဥပေက္ခာပြုခြင်းကို ခံရသူ၏ ဘ၀သည် အလွန်ကြောက်မက်ဖွယ် ကောင်းလှပေတော့၏။ အရှင်လတ်လတ် ဘ၀သေနေသူနှင့်သာ တူနေပေတော့၏။ ထို့ကြောင့် မည်မျှပင် ဆိုးသွင်းသူဖြစ်နေသော်လည်း ဥပေက္ခာ အပြုခံရသူ မဖြစ်အောင် ကြိုးစားသင့်လှပေ၏။

ဤနေရာတွင် စာရေးသူ တင်ပြလိုသည်မှာ ဥပေက္ခာပြုလိုက်ခြင်းနှင့် ဥပေက္ခာ အပြုခံရခြင်းတို့၏ အကျိုးသက်ရောက်မှုပင် ဖြစ်၏။ တစ်ခါတစ်ရံတွင် မည်သို့ပင် ပြုပြင်သွန်သင် ဆုံးမသော်လည်း မရသည့်သူများ ရှိ၏။ ထိုသူများကို မရရအောင် အပင်ပန်းခံပြီး ကြိုးစားနေလျှင် မိမိသည်သာ ပင်ပန်းနွမ်းနယ်ပြီး အကုသိုလ် အပြစ်တွေသာ တိုးပွားလာစေတတ်၏။ ထိုအခြေအနေတွင် မိမိကိုယ်ကို ပြန်လည်သုံးသပ်ပြီး မိမိပါ အကုသိုလ် အဖြစ်ခံသင့် မသင့် ဆင်ခြင်စဉ်းစားသင့်လှ၏။ စင်စစ် ယခုဘ၀တွင်သာ အတိတ်ကံ တစ်ခုခုကြောင့် လာရောက်ပတ်သက် တော်စပ်နေရသော်လည်း ဘ၀သံသရာခရီးသို့ ဆက်လက် လျှောက်လှမ်းကြသည့်အခါ မိမိလမ်း မိမိလျှောက်ရမည်သာ ဖြစ်၏။ အဖေ၊ အမေ၊ ညီအစ်ကို မောင်နှစ်မ၊ မိတ်ဆွေအပေါင်းအသင်း တို့သည်ကား ထိုသူတို့ ပြုသည့်ကံအတိုင်းသာ ဆက်လျှောက်သွားကြမည်သာ ဖြစ်၏။ ထို့ကြောင့် မိမိလမ်း မိမိလျှောက်စဉ်အတွင်း သူတစ်ပါးကို အမှီပြု၍ မိမိပါ နစ်မွန်းနိုင်လာလျှင် ထိုသူကိုလည်း ဥပေက္ခာပြုလိုက်ရန် လိုအပ်ပေ၏။ တစ်နည်းအားဖြင့်ဆိုသော် ထိုပြုပြင် သွန်သင်၍ မရသူကို အမှီပြု၍ ကုသိုလ်လည်းမဖြစ် အကုသိုလ်လည်း မဖြစ်အောင် နေလိုက်ကြရန်သာ ဖြစ်၏။ တစ်ခါတစ်ရံ ဥပေက္ခာပြုလိုက်သဖြင့် အပြုခံရသူသည် နောင်တရပြီး ပြုပြင်ပြောင်းလဲ သွားတတ်သည်လည်း ရှိ၏။ ထိုအခါ ဥပေက္ခာပြုလိုက်ခြင်းသည် ကောင်းသည့် အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေပြန်၏။ သေချာသည်မှာ ဥပေက္ခာပြုလိုက်သဖြင့် မိမိကိုယ်တိုင် ရှေးဦးစွာ သက်သောင့်သက်သာ ဖြစ်သွားခြင်းပင် ဖြစ်၏။

တစ်ဘက်တွင် ဥပေက္ခာ အပြုခံရသူများ စဉ်းစားရမည့် အချက်များ၊ သတိပြုရမည့် အချက်များမှာလည်း အလွန်များလှ၏။ နေရသည့်အခိုက် ခဏတာတွင် မကောင်းသည့်လုပ်ရပ် ဆိုးသွင်းသည့် လုပ်ရပ်များဖြင့်သာ နေသွားကြမည်လားဟု မိမိကိုယ်ကို သုံးသပ်ရန်လိုအပ်၏။ ဥပေက္ခာ အပြုခံရလောက်သည်အထိ မိမိအခြေအနေကို အဖြစ်ခံမည်လားဟု မေးခွန်းထုတ်ရန်လိုအပ်၏။ စာရေးသူ မြန်မာပြည်တွင် ရှိစဉ်က ဒကာမကြီး တစ်ယောက်က သူ့အမျိုးသားနှင့် ပတ်သက်သည်များကို လျှောက်ဖူး၏။ အမျိုးသားသည် အမျိုးမျိုး စိတ်ဆင်းရဲအောင် လုပ်လေ့ရှိကြောင်း ပြောပြ၏။ ထိုအခါ စာရေးသူက “ဒီလိုဆိုရင် ဒကာမကြီးရဲ့ အမျိုးသားကို သူ့ထိုက်နဲ့ သူကံပဲလို့ သဘောထားပြီး ဥပေက္ခာပြုကြည့်ပါ“လို့ ပြောဖြစ်လိုက်၏။ ဒကာမကြီးကား သူ့အမျိုးသားကို “ဘုန်းဘုန်းကတောင် ရှင့်ကိုဒီလို ပြောနေတယ်“လို့ ပြန်ပြောလိုက်သဖြင့် ထိုဒကာကြီး အလွန်တုန်လှုပ်သွားပြီး သူ့ရဲ့အမူအကျင့်တွေ တဖြည်းဖြည်း ပြောင်လဲသွားကြောင်း လျှောက်ဖူး၏။ သေချာတွေးကြည့်လျှင် အသိရှိသူများမှာ အမှန်တကယ် ဥပေက္ခာပြုခံရခြင်းကို မဆိုထားဘိ စကားသံမျှဖြင့်ပင် ကြောက်သွားတတ်၏။ အမှန်လည်း ကြောက်စရာကောင်းလှ၏။ ထို့ကြောင့် မည်မျှပင် မကောင်းသော်လည်း ဥပေက္ခာအပြုခံရသည်အထိ မိမိတို့၏ လုပ်ရပ်များကို အဖြစ်မခံသင့်ဟု ဆိုခြင်းဖြစ်၏။

အချုပ်အားဖြင့် ဆိုရသော် လောကတွင် ကောင်းသူများရှိသကဲ့သို့ မကောင်းသူများလည်း ရှိ၏၊ ပြုပြင်၍ ရသူများ ရှိသကဲ့သို့ မည်သို့မျှ ပြုပြင်ပြောဆို ဆုံးမ၍ မရသူများလည်း ရှိသဖြင့် မရသည့်အရာကို အတင်းရအောင် လုပ်ယူမည့်အစား မိမိကိုယ်ကိုသာ သင့်သောင့်သက်သာ ဖြစ်အောင်ကြိုးစားသင့်ပေ၏။ ထို့ကြောင့် ပါရမီဓာတ်ခံ မရှိသူ၊ မကောင်းသည့် စရိုက်ဖြင့် မွေးဖွားလာသူ၊ မည်သို့ပင် ကောင်းအောင်ပြောသော်လည်း နားမ၀င်သူ၊ အသိဉာဏ်ပညာ မရှိဘဲ မိုက်မဲသူ စသူစသူတို့သည် နိဗ္ဗာန်စကား၊ သူတော်ကောင်းစကား အဘယ်မျှပင် ကြိုးစားပြောကြား ပေးနေသော်လည်း နာယူမှုမရှိ၊ လက်ခံမှုမရှိသည့်အပြင် မိမိကိုပင် အပြစ်မြင်လာတတ်သဖြင့် မရသည့်အရာများတွင် အကုသိုလ်အပြစ် ဖြစ်နေမည့်အစား မိမိကိုယ်တိုင်သာ သက်သောင့်သက်သာ ဖြစ်စေရန် “သဗ္ဗေသတ္တာ ကမ္မသကာ“ဟုသာ သဘောထားလိုက်သင့်ပါကြောင်း…

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ