Showing posts with label မေးဖြေပြီးသမျှ [Q / A]. Show all posts
Showing posts with label မေးဖြေပြီးသမျှ [Q / A]. Show all posts

Facebookက အမေးတစ်ပုဒ် (၁)

ဘုန်းဘုန်းရဲ့ facebook (http://www.facebook.com/ashinvicitta) မှာ တင်ထားတဲ့ “အူမတောင့်မှ သီလ စောင့်မယ် ဆိုရင်ဖြင့်…” ဆိုတဲ့ ပို့စ်အောက်မှာ မေးထားတဲ့ အမေးလေးတစ်ပုဒ်ပါ။ စိတ်ဝင်စားစရာ ကောင်းပြီး သိသင့်တယ်ထင်လို့ ပြန်လည်တင်ပြ ပေးလိုက်ပါတယ်။

Thet Naing
ကျေးဇူးကြီးမားလှပါတယ် အရှင်ဘုရား။ သိချင်တာလေး တစ်ခုမေးလျှောက်ပါရစေ ထမင်းမစားရရင် သေတော့မှာမိုလို့ သူများထမင်းခိုးစားလိုက်တယ် (သီလတော့ ပျက်သွားပီပေါ့ ) ဒါပေမဲ့ အဲဒီထမင်းစားလိုက်ရတဲ့ အတွက် မသေတော့ပဲနဲ့ သက်တမ်းရှိသလောက် နောက်ထပ် နှစ် ၂၀ လောက် တရားအားထုတ်ပီးတော့ သေတာနဲ့ ထမင်းအငတ်ခံပီး အဲဒီနေ့မှာပဲ သေတာ ဘယ်ဟာ ပိုမြတ်ပါသလဲ အရှင်ဘုရား။ တပည့်တော် အထင်တော့ အဲဒီ ဖောက်ဖျက်လိုက်တဲ့ သီလ အကုသိုလ်လေးကို နှစ် ၂၀ မှာ သီလ ဘာဝနာ တရားတွေအားထုတ်ပီး ကုသိုလ်တွေနဲ့ ချေဖျက်လိုက်မယ် ဆိုရင်ကော ပိုမကောင်းဘူးလား လို့ တွေးမိပါတယ်။ လူ့ဘဝဆိုတာကလဲ ရခဲတဲ့ ဒုလ္လဘထဲမှာ ပါတယ်မို့လား အရှင်ဘုရား။ အဲဒါလေးတစ်ချက်လောက် ဖြေကြားပေးပါ။
May 31 at 4:13am • UnlikeLike • 2 people

Ashin Vicitta ‎>>> Thet Naing
သူတော်ကောင်းတွေ ဆိုရင်တော့ အသက်ကို အသေခံပြီး သီတော့ အပျက်ခံကြမှာ မဟုတ်ပါဘူး။ ကျန်းမာရေးအရ ၊ ကုသိုလ်ရေးအရ အစားအစာ စားတဲ့အပေါ်မှာ သီလနဲ့ ပတ်သက်ပြီး ပြောစရာမရှိပေမယ့် ခိုးစားတယ်၊ ခိုးတယ်ဆိုတဲ့ သီလကို ချိုးဖောက်ပြီး စားတဲ့အပေါ်မှာတော့ သီလအပြစ်က ကြီးသွားပြန်ပါတယ်။ ပုထုဇဉ်တွေဖြစ်နေလို့ ဒီလိုလေးတွေ တွေးနိုင်ကြပေမယ့် အဲဒီလို အတွေးလေးတွေကစပြီး သီလချိုးဖောက်စရာတွေ များလာတော့တာ ဖြစ်ပါတယ်။ နောင်အနှစ် ၂၀အထိ တရားအားထုတ်ပြီး နေဖို့ဆိုတာလည်း စကားအဖြစ်ပြောကြတာ ဖြစ်ပါတယ်။ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာတောင် မပြောနိုင်တဲ့ သေခြင်းတရားက ရှိနေသေးတော့ နှစ်၂၀ဆိုတာ ဝေးပါသေးတယ်။ တကယ်လို့များ မစားရင်သေမှာဖြစ်တဲ့ အဲဒီ အခိုက်အတန့်မှာ အသက်အသေခံပြီး သီလကိုလုံအောင်ထိန်းကာ တရားအမှတ်နဲ့ သေသွားမယ်ဆိုရင် သေချာပေါက် သုဂတိဘဝကို ရောက်နိုင်မှာဖြစ်ပါတယ်။ နောင်နှစ်၂၀နေပြီး တရားရမယ်၊ သေပြီး သုဂတိဘဝကို ရောက်မယ်ဆိုတာက မသေချာလှပါဘူး။ နောက် လူ့ဘဝရခဲတယ်ဆိုတာ မှန်ပေမယ့် လူ့ဖြစ်ပြီး လူ့အကျင့်သိက္ခာတွေ မထိန်းဘဲ နေနေတယ်ဆိုရင်လည်း ရခဲတဲ့လူ့ဘဝဟာ တန်ဘိုး မရှိပြန်ပါဘူး။ ဘုရားရှင်ကတော့ သီလမလုံဘဲ နှစ်ပေါင်းတစ်ရာကျော် အသက်ရှင်ပြီး နေရတာထက် သီလလုံပြီး တစ်နေ့တစ်ရက် တစ်မနက်မျှ အသက်ရှည်ရတာက ပိုမြတ်တယ်လို့ မိန့်တော်မူပါတယ်။ ဒါကြောင့် သူတော်ကောင်းတွေက အသက်နဲ့ သီလယှဉ်လာရင် အသက်ကို အသေခံကြတယ်လို့ ဆိုကြတာ ဖြစ်ပါတယ်။
May 31 at 10:33am • LikeUnlike • 15 people
Mmon Htet, April Wang, Su Su Aung and 12 others like this.

Read more »

ကျေးဇူးတရား ဘယ်လိုဆပ်ရမလဲ ..

Q. ဘုန်းဘုန်း သိချင်တာလေး ရှိလာလို့ ရိုသေစွာ မေးလျှောက်အပ်ပါတယ် ဘုရား။
တစ်နေ့က တပည့်တော် ဘုရားခန်းထဲထိုင်နေရင်း ကျေးဇူးတရားအကြောင်း ပြန်စဉ်းစားမိတယ်ဘုရား။ တပည့်တော် သိတာက
၁။ ကျေးဇူးသိတတ်ရမယ်
၂။ သိတဲ့အတိုင်းလည်း ပြန်ဆပ်ရမယ်
၃။ မဆပ်နိုင်တောင် ကျေးဇူးကို ချေဖျက်တဲ့အရာမျိုး မလုပ်ရဘူး.. စသဖြင့်
မိဘ၊ ဆရာသမား၊ မိတ်ဆွေတွေလိုမျိုး လူပုဂ္ဂိုလ်တွေအပေါ် ကျေးဇူးဆပ်တာတော့ ထိုက်သင့်သလောက် တပည့်တော် နားလည်ပါတယ် ဘုန်းဘုန်း။ အကောင်းဆုံးကျေးဇူးဆပ်နည်းက တရားဓမ္မနဲ့ ကျေးဇူးဆပ်ရမယ် ဆိုတာ..

ဒါပေမယ့် ရဟန်းသံဃာတွေရဲ့ ကျေးဇူးကိုကျတော့ ဘယ်လိုဆပ်ရမလဲ ဘုရား။ ဆိုလိုတာက ဥပမာ ဘုန်းဘုန်းတို့ ရေးတဲ့ဆိုဒ်တွေကို ၀င်ဖတ်တယ်။ တရားအသိတွေရတယ်၊ ဒါဆိုရင်ပဲ ကျေးဇူးကရှိသွားပြီ။ အဲ အဲလိုမကပဲ ဘုန်းဘုန်းတို့ဆီက တိုက်ရိုက်အဆုံးအမစကား တစ်ခွန်း ရရင်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တရားတစ်ပုဒ်တစ်လေ နာကြားရရင်ပဲဖြစ်ဖြစ် ဒီလိုဆိုရင် ကျေးဇူးက ပိုများသွားပြန်ကော။
အဲလို၊ အဲလို တပည့်တော်အပေါ် ကျေးဇူးရှိဖူးတဲ့ ရဟန်းသံဃာတွေကို ပြန်စဉ်းစားကြည့်တော့ တော်တော်လေးကို အရေအတွက် များနေတာကို တွေ့ရတယ်ဘုရား။

- အဲဒါ တကယ်လို့ တစ်ပါးချင်းစီ ဆပ်နိုင်မယ်ဆို၊ ဒါမှမဟုတ် တစ်ပါးပါးကို အကြောင်းတိုက်ဆိုင်လို့ ဆပ်ခွင့်ကြုံပြီဆို ဘယ်လိုကျေးဇူးဆပ်ရမလဲ ဘုရား၊
- ဘယ်လို ကျေးဇူးဆပ်တာ အကောင်းဆုံး ဖြစ်စေမလဲ ဘုန်းဘုန်း
- အဆုံးအမတွေကို လိုက်နာ ကျင့်သုံးတာ အကောင်းဆုံး ဆိုခဲ့ရင်လည်း.. ဒီ့အပြင် တခြား ဘယ်လိုနည်းတွေနဲ့ ကျေးဇူးဆပ်လို့ ရနိုင်သေးလဲ ဘုရား
- နောက်ပြီး ကျေးဇူးရှိတဲ့ ရဟန်းသံဃာတွေက များလွန်းတော့ အားလုံးကိုခြုံပြီး ကျေးဇူးဆပ်မယ်ဆို ဘယ်လိုနည်းက သင့်လျော်ပါသလဲ ဘုန်းဘုန်း။
- ဘုရားရှင် ဟောကြားခဲ့တဲ့ ကျေးဇူးဆပ်နည်းလေးများ ရှိခဲ့ရင်လည်း ရိုရိုသေသေ ဖတ်ရှု နာကြားချင်ပါတယ်ဘုရား။

ရိုသေစွာ ဦးတင်လျက်
ဖိုးသား

A. ၃၈ဖြာ မင်္ဂလာ တရားတော်တွေထဲမှာ သူ့ကျေးဇူးကို သိတတ်ခြင်းဟာ မင်္ဂလာတစ်ပါးပဲလို့ ဘုရားဟောပါတယ်။ ကျေးဇူးတရားဆိုတာ ကျေးဇူးကို မသိတတ်တဲ့သူတွေ အများကြီးထဲက ကျေးဇူးရှိတယ်လို့ သိတတ်ရင်ကိုပဲ အတော်လေး ဟုတ်နေပါပြီ။ ဒီထက်ပိုပြီး ကျေးဇူးတရား ရှိတယ်ဆိုတာကိုသိကာ ဒီကျေးဇူးကို ပြန်ဆပ်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ အကယ်၍ အခွင့်မသာလို့ ပြန်မဆပ်နိုင်တာတောင်မှ ကျေးဇူးရှင်ကို မစော်ကားမိဖို့ လိုပါတယ်။ ကျေးဇူးမဆပ်နိုင်တာဟာ တာဝန်မကျေရုံလောက်ပဲ ဖြစ်နိုင်ပေမယ့် ကျေးဇူးရှင်ကို စော်ကားမိရင်တော့ ဒါဟာ ကိုယ်ကိုယ်တိုင် ပြန်ခံရတဲ့အထိ ပေးဆပ်ရတတ်ပါတယ်။ ဒါကြောင့် ကျေးဇူးတရားကို သိတတ်ဖို့ လိုသလို သိပြီးရင်လည်း ပြန်ဆပ်တတ်ဖို့လိုကာ ပြန်မဆပ်နိုင်သေးရင်လည်း ကျေးဇူးရှင်ကို ကျေးမစွပ်ဖို့ လိုတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ကျေးဇူးတရားကို ပြန်ဆပ်ဖို့ကတော့ ဒကာလေး ပြောသလို တရားနဲ့ဆပ်တာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် တရားနဲ့အညီ၊ ဆရာသမားများရဲ့ ဆုံးမသြဝါဒနဲ့အညီ ကျင့်ကြံနေထိုင်ခြင်းဟာ ကျေးဇူးတရားကို အကောင်းဆုံး ပြန်လည်တုံ့ပြန်ပြခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို မဆပ်နိုင်သေးပါက တရားဓမ္မနဲ့ ဆပ်ခြင်း၊ ပစ္စည်းလာဘ်လာဘနဲ့ ဆပ်ခြင်းဆိုတဲ့ ကျေးဇူးဆပ်နည်း နှစ်မျိုးထဲက ပစ္စည်းဝတ္ထုနဲ့ ဆပ်နိုင်ရင်လည်း ကျေးဇူးကို ပြန်လည်တုံ့ပြန်ရာ ရောက်ပါတယ်။ ဆရာဒကာဆိုတဲ့ ကျေးဇူးတင်ထိုက်၊ ကျေးဇူးဆပ်ထိုက်သူတွေရဲ့ ကျေးဇူးဆပ်မှုမှာ ရဟန်းတော်များက ဒကာဒကာမများရဲ့ ကျေးဇူးကို ဓမ္မနဲ့ ကျေးဇူးပြန်ဆပ်နိုင်ပြီး ဒကာဒကာမများကတော့ ရဟန်းသံဃာတော်များကို အာမိသဆိုတဲ့ ပစ္စည်းဝတ္ထုနဲ့ ပြန်လည်ကျေးဇူးဆပ်နိုင်ပါတယ်။ နောက်တစ်ချက် ဆရာဒကာများကြားမှာ လိုက်နာကျင့်ကြံရမယ့် တာဝန်ဝတ္တရားများနဲ့အညီ လိုက်နာကျင့်သုံး နေထိုင်ခြင်းဟာလည်း အချင်းချင်း ကျေးဇူးဆပ်နေခြင်းတွေပဲ ဖြစ်ပါတယ်။

လူ့ကျင့်ဝတ်ဆိုတော့ သိင်္ဂါလသုတ်မှာ ဘုရားဟောထားတဲ့ လူဒကာဒကာမတွေရဲ့ ကျင့်ဝတ်ငါးပါးကိုပဲ ပြောရမှာဖြစ်ပါတယ်။ လူဒကာဒကာမတွေ အနေနဲ့ ရဟန်းသံဃာတော်များ အပေါ်မှာ
၁။ မေတ္တာနဲ့ယှဉ်တဲ့ ကာယကံမှုကိုပြုခြင်း
၂။ မေတ္တာနဲ့ယှဉ်တဲ့ ဝစီကံမှုကို ပြုခြင်း
၃။ မေတ္တာနဲ့ယှဉ်တဲ့ မနောကံမှုကို ပြုခြင်း
၎။ အလောဘတံခါးကို ဖွင့်ထားခြင်း (အလိုရှိသည့်အခါ အလှူခံဖို့ ဖိတ်ကြားခြင်း)
၅။ ဆွမ်းစတဲ့ အာမိသတို့ကို ပေးလှူခြင်း ဆိုတဲ့ အချက်ငါးချက်နဲ့အညီ နေထိုင်ကျင့်သုံးဖို့ ဟောကြားထားပါတယ်။ လူဒကာဒကာမများ အနေနဲ့ ဒီကျင့်ဝတ်နဲ့အညီ ကျင့်ကြံနေထိုင်နိုင်မယ်ဆိုရင်လည်း ဒါဟာ ကျေးဇူးဆပ်နေတာပဲ ဖြစ်ပါတယ်။ ဒီငါးပါးမှာ အဓိကကတော့ မေတ္တာတရားပဲ ဖြစ်ပါတယ်။ ကျေးဇူးတရား များများရှိလေ အဲဒီရဟန်းသံဃာတော်ကို မေတ္တာများများ ပို့ပေးလေဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ ကျေးဇူးဆပ်နေတာပဲ ဖြစ်ပါတယ်။ နောက် တတ်နိုင်သမျှ ကျေဇူးရှင် ရဟန်းသံဃာတော်တို့ လိုအပ်တဲ့ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးဆိုင်ရာ ပစ္စည်းအာမိသများကို ပေးလှူပေးနေခြင်းဟာလည်း ကျေးဇူးဆပ်တာပဲ ဖြစ်ပါတယ်။

ဗုဒ္ဓလက်ထပ်တော် အခါက မာတိကာမာတာဆိုတဲ့ ဒကာမကြီးတစ်ယောက်ဟာ ရွာကိုတရားအားထုတ်ဖို့ ကြွလာတဲ့ ရဟန်းတော်များအထံက ကမ္မဋ္ဌာန်းတရားကို အားထုတ်ပြီး အနာဂါမ်ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် သူ့ကို ကမ္မဋ္ဌာန်းပေးတဲ့ ရဟန်းတော်များကတော့ တရားမရနိုင်ဘဲ ဖြစ်နေခဲ့ပါတယ်။ ဒီလို သူ့ရဟန်းများ တရားမရတာဟာ ဘာကြောင့်ဆိုတာသိတဲ့ ဒကာမကြီးက ရဟန်းတော်များနဲ့ သင့်တော်မယ့် ဆွမ်းအာဟာရ စတဲ့လိုအပ်ရာရာတွေကို စီမံဖန်တီး လှူဒါန်းပေးခဲ့ပါတယ်။ အဲဒီလို ဒကာမကြီးရဲ့ စီမံဖန်တီးမှုကို ခံယူပြီး ရဟန်းတော်များဟာ တရားကို ကြိုးစားအားထုတ်လိုက်တာ တစ်ပါးပြီးတစ်ပါး တရားရသွားခဲ့ပါတယ်။ မာတိကာမာတာ ဒကာမကြီးဟာ ရဟန်းတော်များရဲ့ ကမ္မဋ္ဌာန်းတရား ပြသမှုကျေးဇူးကို ကိုယ်ကိုယ်တိုင် လက်တွေ့တရားအားထုတ်ခြင်း၊ ရဟန်းတော်များ လိုအပ်တဲ့ ဆွမ်းအစရှိတဲ့ အာမိသကို လှူဒါန်းထောက်ပံ့ပေးခြင်းနဲ့ ပြန်ပြီးကျေးဇူးဆပ်ကာ ရဟန်းတော်များကို တရားရသွားစေခဲ့ပါတယ်။ ဒါကိုကြည့်ရင် လူဒကာဒကာမများ အနေနဲ့ ရဟန်းတော်များအပေါ် လိုအပ်တဲ့ အာမိသဝတ္ထုများ လှူဒါန်းထောက်ပံ့ ပေးနေတာဟာလည်း ကျေးဇူးရှင်ကို ကျေးဇူးဆပ်နေရာ ရောက်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ကျင့်မယ်၊ မေတ္တာလည်းပွားမယ်၊ အာမိသလည်း ထားမယ်ဆိုရင် လူတွေအနေနဲ့ ရဟန်းတော်များရဲ့ ကျေးဇူးတရားကို အထိုက်အလျောက် ဆပ်နေတာ အမှန်ပဲ ဖြစ်ပါတယ်။

ဆိုလိုတာက ဒကာလေးအပေါ် ကျေးဇူးများတဲ့ ရဟန်းသံဃာတော်များအား ကျေးဇူးဆပ်မယ်ဆိုရင် အဲဒီရဟန်းတော်များ သင်ကြားဟောကြားပေးတဲ့အတိုင်း လိုက်နာကျင့်သုံးနေထိုင်ခြင်း၊ ကျေးဇူးရှင် ရဟန်းတော်များကို မေတ္တာများများ ပို့သပေးခြင်း၊ အကြောင်းတိုက်ဆိုင်လို့ လက်တွေ့ကြုံဆုံခွင့်ရရင် မေတ္တာနဲ့ယှဉ်တဲ့ ကိုယ်နှုတ်စိတ် အမူအရာတွေနဲ့ ပြုစုလုပ်ကျွေးခြင်း၊ ကျေးဇူးရှင် ရဟန်းသံဃာတော်များအား လိုအပ်တဲ့ ဆွမ်းစတဲ့ အာမိသများကို တတ်နိုင်သမျှ ထောက်ပံ့လှူဒါန်းပေးခြင်း စတဲ့နည်းတွေနဲ့ ကျေးဇူးဆပ်နိုင်ပါတယ်။ ကျေးဇူးများရင်များသလို တစ်ပါးချင်းပဲ ဖြစ်ဖြစ် အားလုံးကို ခြုံပြီးပဲ ဖြစ်ဖြစ် အကောင်းဆုံး ကျေးဇူးဆပ်နည်းကတော့ မေတ္တာတရားပဲ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် တရားလည်းကျင့်မယ်၊ မေတ္တာလည်း ပို့သပေးမယ်ဆိုရင် ဒါဟာ အကောင်းဆုံး ကျေးဇူးဆပ်နည်းပဲ ဖြစ်ပါတယ်။ ပစ္စည်းလေးပါးနဲ့ လိုအပ်ရင် လိုအပ်သလို တတ်နိုင်သမျှ ထောက်ပံ့လှူဒါန်းပေးခြင်းဖြင့်လည်း အာမိသနဲ့ ကျေးဇူးဆပ်နိုင်သလို ရဟန်းတော်များ တရားဓမ္မ အားထုတ်နိုင်ဖို့ ထောက်ပံ့ကူညီပေးခြင်း၊ တရားဓမ္မ ဆွေးနွေးပေးခြင်းဖြင့်လည်း ဓမ္မနဲ့အညီ ကျေးဇူးဆပ်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျေးဇူးတွေများလွန်းလို့ ကျေးဇူးဆပ်ဖို့ အခက်အခဲ ဖြစ်နေတဲ့ ဒကာလေးအနေနဲ့ တရားနဲ့အညီ ကျေးဇူးဆပ်နိုင်ဖို့ တရားလည်းကျင့်၊ ကျင့်သိတဲ့အတိုင်းလည်း ဟောပြော၊ ကျင့်ဝတ်များလည်း ဖြည့်ဆည်းကာ မေတ္တာလည်းပွား၊ အာမိသအားနဲ့လည်း လှူဒါန်းပေးမယ်ဆိုရင် တာဝန်အကျေဆုံး ကျေးဇူးဆပ်သူတစ်ယောက် ဖြစ်နေမှာ ဖြစ်ပါကြောင်း ဖြေကြားပေးလိုက်ပါတယ်။

Read more »

သီလရှင်မဝတ်ဖို့ တားမြစ်တာ၊ ကုသိုလ်အလုပ်ကို တားမြစ်တာ အပြစ်ရှိ၊ မရှိ

Q. ၁) ဘုန်းဘုန်း.. သီလရှင် အပြီးဝတ်ချင်တဲ့ သူကို ကန့်ကွက်ရင် အပြစ်ရှိပါလား။ တပည့်တော် သီလရှင်တွေကို ကြည်ညိုပါတယ်။ ဒါပေမယ့် သီလရှင်ဆရာလေးတွေက ရဟန်းတွေလို လှူမယ့်သူ များများမရှိတော့ မိသားစု အထောက့်အပံ့မရှိရင် ဒုက္ခရောက်တယ်ဆိုလို့ပါ။ မိဘတွေကဆုံးပါး မောင်နှမတွေက သူ့အိမ်ထောင်နဲ့သူမို့ မထောက်ပံ့ တာဝန်မယူနိုင်ရင် ရေရှည်မှာ ဒုက္ခရောက်မှာစိုးလို့ တားမိရင် အပြစ်ရှိပါလား။

၂) မေးချင်ပါသေးတယ်ဘုရား။ တပည့်တော်တို့ သူငယ်ချုင်းတစ်စုထဲမှာ ရသမျှ လခကို နေစရိတ်စားစရိတ်နဲ့ မုန့်ဖိုးပဲယူပြီး ဘုရားကို အကုန်လှူနေသူရှိပါတယ်။ ဘုရားကိုလှူတယ်လို့ သူသတ်မှတ်ထားတဲ့ သူ့ဝင်ငွေ အများစုကို သူ့ဇာတိမှ သံဃာတွေကို ဆွမ်းလောင်း၊ ပညာရေးထောက်ပံ့ လုပ်ပါတယ်။ သူ့ဖို့ကိုတော့ ဆေးလိပ်မသောက် အရက်မသောက် အဝတ်အစားတောင် ခြိုးခြံပါတယ်။ တရားလဲထိုင်တော့ ဒီလိုစိတ် ဝင်သွားတာ ထင်ပါတယ်။ နောင်ရေးစုဆောင်းဖို့ပြောလဲ သူမရှာဖွေနိုင် နာမကျန်းဖြစ်လာမယ်ဆို စုသင့်စုမယ်။ ခုငယ်တုန်း သန်မာတုန်း ဘုရားကို လုပ်ကျွေးနိုင်တုန်း လုပ်ကျွေးမယ် ပြောပါတယ်။ သူ အရမ်းကံကောင်းနေတာတွေတော့ တွေ့တွေ့နေရပါတယ်။ သူ့နေပုံကို တားရင်ရော သူဒီလောက် ကံကောင်းပါ့တော့မလား။ တားတဲ့သူရော အပြစ်ဖြစ်မလား ဘုန်းဘုန်း။
(ကျော်လတ်)

A. ၁) သီလရှင်ဝတ်တာကို တားမြစ်တာနဲ့ ပတ်သက်လို့ အပြစ်ရှိမရှိဆိုတာ တားမြစ်တဲ့သူရဲ့ စေတနာအပေါ်မှာ မူတည်ပါတယ်။ စေတနာဆိုးနဲ့ မဟုတ်ဘဲ စေတနာကောင်းနဲ့ တားမြစ်တာဖြစ်လို့ အပြစ်မရှိနိုင်ပါဘူး။ ဒါပေမယ့် သီလရှင်ဘဝမှာ အနေအထိုင်၊ အစားအသောက် ဆင်းရဲမှာစိုးတဲ့ အကြောင်းပြချက်ကတော့ ကိုယ်က လောကီအရေးကို ဦးစားပေးသလို ဖြစ်နေပါတယ်။ ကာယကံရှင်ရဲ့ စိတ်စေတနာက သီလရှင်ဘဝမှာ အနေချောင်၊ အစားချောင်ချင်လို့ မဟုတ်ဘဲ ကုသိုလ်ရချင်လို့ လူ့ဘဝကဒုက္ခတွေ ငြိမ်းချမ်းလို့ စတဲ့စိတ်ဆန္ဒတွေ ပြင်းပြနေရင် ဝတ်ခွင့်ပေးတာ ကောင်းပါတယ်။ သီလရှင်ဘဝဟာ ရဟန်းတွေလောက် ပစ္စည်းလာဘ်လာဘ မပြည့်စုံပေမယ့် ဘုရားအလုပ်ကို ကျိုးစားလုပ်နေရင် ဘုရားက ကျွေးထားမှာ ဖြစ်ပါတယ်။ သူဟာနဲ့သူတော့ အဆင်ပြေသွားပါလိမ့်မယ်။ သီလရှင်မဝင်ခင် ဝတ်မယ့်ဆရာနဲ့ ဝတ်မယ့်နေရာကို သေချာရွေးချယ်ပြီး ဝတ်မယ်ဆိုရင် ဒုက္ခရောက်စရာ မရှိပါဘူး။ ဒုက္ခရောက်လည်း ဘဝဒုက္ခ၊ သံသရာဒုက္ခတွေနဲ့စာရင် မဆိုစလောက်လေးပဲ ဖြစ်ပါတယ်။

၂) သူငယ်ချင်းရဲ့ ရတနာသုံးပါး အပေါ်မှာ ထားတဲ့သဒ္ဓါတရားကတော့ တကယ့်ကို လေးစားထိုက်တဲ့ သဒ္ဓါတရားပဲ ဖြစ်ပါတယ်။ ဘုရားရဲ့ တရားတော်တွေကို လက်တွေ့ကျင့်ကြံ အားထုတ်လာရင် အဲဒီလို သဒ္ဓါတရားတွေ တိုးပွားလာတတ်ပါတယ်။ ရှာဖွေသောက်စားပြီး ပိုက်ဆံစုတာထက်စာရင် သောက်မယ့်စားမယ့် အရာတွေထဲက စုဆောင်းပြီး ကုသိုလ်ကောင်းမှု လုပ်နေတာဖြစ်တဲ့အတွက် ပိုလို့တောင် အကျိုးတရား များလှပါသေးတယ်။ ဒီလို သဒ္ဓါတရား ကောင်းပေမယ့် သူ့နောင်ရေးအတွက် ကိုယ်ကပူလို့ ပြောတာဆိုတော့ အပြစ်တော့ မဖြစ်ပါဘူး။ သူလုပ်နေတဲ့ ကုသိုလ်ကောင်းမှုတွေ လက်တွေ့မလုပ်ဖြစ်အောင် တားမြစ်တယ်ဆိုရင်တော့ အပြစ်ဖြစ်ပါတယ်။ သူငယ်ချင်း ဖြစ်သူအနေနဲ့ သဒ္ဓါတရားကြောင့် အလှူအတန်းအပေါ် ကြိုးစားပမ်းစား လုပ်တာကောင်းပေမယ့် မျှမျှတတ လုပ်တာကောင်းပါတယ်။ သေချာတာကတော့ တရားကိုစောင့်တဲ့သူကို တရားကပြန်စောင့်တယ်ဆိုတဲ့ အချက်က သေချာနေတဲ့အတွက် ကုသိုလ်ကောင်းမှုအပေါ်မှာ သဒ္ဓါအားကောင်းတဲ့ သူငယ်ချင်း ဖြစ်သူအတွက် သူ့ရဲ့ကုသိုလ်ကံတွေက သူ့ကိုစောင့်ရှောက်နေမှာ အမှန်ပဲဖြစ်ပါတယ်။ သဒ္ဓါကောင်းတဲ့သူအတွက် ကံကောင်းနေမှာဖြစ်ပြီး မကောင်းခဲ့လည်းပဲ အခိုက်အတံ့လောက်ပဲ ဖြစ်ပါလိမ့်မယ်။

Read more »

အမိတာဘာဗုဒ္ဓ…

Q. I would like to know about Amitabha Buddha. Please write and post about story of Amitabha Buddha. I just want to get knowledge.
(thwin)


A.
အမိတာဘာ ဘုရားဟာ မဟာယာန ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်ကြတဲ့ ဘုရားတစ်ဆူ ဖြစ်ပါတယ်။ မဟာယာန ဗုဒ္ဓဘာသာဟာ လက်ရှိသကျမုနိဗုဒ္ဓကိုလည်း ကိုးကွယ်ကြသလို ထာဝရ ဘုရားပုံစံမျိုး ဘုရားများ၊ ပွင့်တော်မမူသေးတဲ့ အရိမေတ္တယျလို ဘုရားများ၊ ဘုရားလောင်းများ၊ ဘုရားရဲ့မယ်တော်များ စသဖြင့် အမျိုးမျိုးသော ပုဂ္ဂိုလ်များကိုလည်း ပုံတော်ရုပ်ပွားတော်များ ဖန်တီးကား ကိုးကွယ်ပူဇော်လေ့ ရှိပါတယ်။ အဲဒီ ကိုးကွယ်ရာတွေထဲမှာ အမိတာဘာဘုရားဟာလည်း ထာဝရတည်တံ့နေတဲ့ ဘုရားအဖြစ် ကိုးကွယ်တဲ့ ဘုရားတစ်ဆူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နေပါတယ်။

အမိတာဘာရဲ့ အဓိပ္ပါယ်က အတိုင်းမရှိသော အရောင်အလင်းလို့ အဓိပ္ပါယ်ရပါတယ်။ မဟာယာန ဗုဒ္ဓဘာသာဝင်တွေရဲ့ အဆိုအရ အမိတာဘာ ဘုရားဟာ အနောက်ဘက်အရပ်ရှိ သုခဝတီဘုံးနန်းမှာ ကိန်းဝပ်စံပါယ်တော်မူတယ်လို့ သိရပါတယ်။ ထူးခြားချက်က ဒီအမိတာဘာ ဘုရားဟာ ပါရမီတွေဘာတွေ ဖြည့်ကျင့်စရာမလိုဘဲ အစကတည်းက သူ့အလိုလို ဘုရားအဖြစ်ကို ရရှိထားတဲ့ ဘုရားမျိုးဖြစ်ပါတယ်။ ဒါကြောင့် အမိတာဘာဘုရားကို အာဒိဗုဒ္ဓ (အစဘုရား)လို့လည်း ခေါ်လေ့ရှိကြပါတယ်။

အမိတာဘာဘုရားရဲ့ သမိုင်းကြောင်းအဆိုအရ အမိတာဘာဘုရားဟာ မဟာယာန ဗုဒ္ဓဘာသာက ပြုလုပ်ဖန်တီးထားတဲ့ ဘုရားတစ်ဆူပဲ ဖြစ်ပြီး ဗောဓိသတ္တအယူအဆနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ မဟာယာနတို့ရဲ့ ဗောဓိသတ္တအယူအဆဟာ အိန္ဒိယနိုင်ငံ ကနိသျှကမင်းလက်ထပ်မှာ အလွန်ထင်ရှားခဲ့ပါတယ်။ အဲဒီအယူအဆဟာ နောက်ပိုင်းအိန္ဒိယကနေ တရုတ်ပြည်ကို ရောက်ရှိပြန့်နှံ့လာပြီး သာသနာနှစ် ၉၀၀လောက်မှာ မဟာယာနဗုဒ္ဓဘာသာမှာ ထင်ရှာကျော်ကြားတဲ့ ပညာရှင် ရဟန်းတော်တစ်ပါးဖြစ်တဲ့ အရှင်နာဂဇ္ဇုနက ဂုဏ်တော်အမျိုးမျိုးနဲ့ ထင်ရှားထူးခြားတဲ့ ဘုရားတစ်ဆူအဖြစ် ကိုးကွယ်ပူဇော်နိုင်ရန် “အမိတာဘာ” အမည်ရှိတဲ့ ဘုရားတစ်ဆူကို တီထွင်ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။

အရှင်နာဂဇ္ဇုန တီထွင်ဖန်တီးလိုက်တဲ့ ဒီအမိတာဘုရားဟာ ထာဝရမပျက်စီးတဲ့ ဘုရားတစ်ဆူအဖြစ် အကောင်းဆုံး နိဗ္ဗာန်ဘုံဖြစ်တဲ့ သုခဝတီဘုံမှာ တည်ရှိနေပြီး တရုတ်ပြည်မှာ အလွန်ထင်ရှားကျော်ကြားကာ လူအများယုံကြည် ကိုးကွယ်တဲ့ ဘုရားကြီးတစ်ဆူ ဖြစ်လာခဲ့ပါတယ်။ အဲဒီသုခဝတီ နိဗ္ဗာန်ဘုံမှာ ရှိတဲ့ အမိတာဘာ ဘုရားကြီးဟာ လောကနဲ့ဆက်သွယ် ကယ်ဆယ်မှုကို တိုက်ရိုက်မလုပ်ဘဲ ကြားခံအဖြစ် ဘုရားလောင်းများကိုထားကာ တစ်ဆင့်ခံ ဆက်သွယ် ကယ်ဆယ်တယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် အဝလောကိတေသွာရ ဘုရားလောင်းဆိုတာ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ အဝလောကိတေသွာရကို တရုတ်လိုတော့ ကွန်ယင်လို့ ခေါ်ပါတယ်။ အဝလောကိတေသွာရဟာ အမိတာဘာဘုရားနှင့် ကြင်ယာတော် ပါဏ္ဍရာ ဘုရားမတို့မှ မွေးဖွားလာတဲ့သူလို့ ဆိုပါတယ်။

ဒီလိုနဲ့ မဟာယာန ဗုဒ္ဓဘာသာမှာ အမိတာဘာဘုရား ရုပ်ပွားတော်၊ သကျမုနိရုပ်ပွားတော်နဲ့ အဝလောကိတေသွာရ ရုပ်ပွားတော်တွေကို ထားရှိကိုးလာမှုဟာ တဖြည်းဖြည်းထင်ရှားလာခြင်း ဖြစ်ပြီး အမိတာဘာဘုရားကြီးကို ကောင်းကင်ဘုံဘုရားအဖြစ် အလယ်တွင်ထား၍ ဖြစ်စေ၊ တစ်ခါတလေ သကျမုနိ (ရှင်ဂေါတမ)ဘုရားရဲ့ မြင့်မြတ်တဲ့ လက်ဝဲဘက်မှာဖြစ်စေ ထားပြီးကိုးကွယ်လေ့ရှိပါတယ်။ ဒီနေ့ခေတ်မှာတော့ မဟာယာနဗုဒ္ဓဘာသာဝင်တွေဟာ သေခါနီးအခါမှာ တစ်ခြားအရာတွေကို အာရုံမပြုနိုင်တာတောင်မှ အမိတာဘာဘုရားကိုသာ အာရုံပြုနိုင်မယ်ဆိုရင် အမိတာဘာဘုရားရှိတဲ့ သုခဝတီဘုံကို ရောက်နိုင်တယ်လို့ ယုံကြည်လက်ခံထားကြပါတယ်။

မဟာယာန ဗုဒ္ဓဘာသာရဲ့ အယူအဆအရ ဂေါတမဘုရားဟာလည်း လူသားဘုရား မဟုတ်၊ သဘောတရား ပရမတ် ဘုရားသာဖြစ်ကြောင်း၊ ဂေါတမဘုရားအရင် မရေတွက်နိုင်တဲ့ ဘုရားများရှိကြောင်း ဂေါတမဘုရားကိုလည်း ကောင်းကင်ဘုံရှိ ပရမတ်ဘုရားအဖြစ်မှ လောကကိုကယ်ချွတ်ရန် သိဒ္ဓတ္ထအဖြစ် လူ့ပြည်ကို စေလွတ်လိုက်ခြင်း ဖြစ်ကြောင်း လောကတွင် ကိစ္စပြီးလို့ ပရိနိဗ္ဗာန်ပြုတဲ့အခါ ကောင်းကင်ဘုံကို ပြန်ကြွသွာခြင်းဖြစ်ကြောင်း စသဖြင့် ဆိုလေ့ရှိပါတယ်။ တစ်ချို့ကတော့ အမိတာဘာဘုရားဟာ လောကကို သကျမုနိဘုရားအဖြစ် ရောက်ရှိလာခြင်း ဖြစ်ကြောင်းဆိုပြီး တစ်ချို့လည်း ဘုရားအားလုံးကို စုပေါင်းထားတဲ့ ပရမတ် ဘုရားအဖြစ်သာ တည်ရှိကြောင်း စသဖြင့် ဆိုပါတယ်။

အမိတာဘာ ဘုရားနဲ့ ပတ်သက်ပြီး အမျိုးမျိုးပြောဆိုကြပေမယ့် မဟာယာနဗုဒ္ဓဘာသာမှာတော့ အလွန်ထင်ရှားတဲ့ ကောင်းကင်ဘုံ ဘုရားတစ်ဆူပဲ ဖြစ်ပါတယ်။ တစ်ချို့ပညာရှင်တွေကတော့ အမိတာဘာ ဘုရား အယူဝါဒဟာ ဗြဟ္မဏဝါဒရဲ့ ပုံတူကူးချချက်သာ ဖြစ်ကြောင်း ထောက်ပြကြပါတယ်။ ဗြဟ္မဏဝါဒအရ လောကကြီးဟာ ဣဿရခေါ် ဖန်ဆင်းမှုကြောင့် ဖြစ်ပေါ်လာပြီး တစ်လောကလုံးဟာ ဘုရားသခင်ရဲ့ ဝိညာဉ်တော်နဲ့ တည်ဆောက်ထားခြင်း ဖြစ်ကာ သတ္တဝါတိုင်းရဲ့ ခန္ဓာကိုယ်တွင်းမှာ ထာဝရ မပျက်စီးတဲ့ ဝိညဉ်ခေါ် အတ္တကောင်လေးရှိပြီး အဲဒီအတ္တလေးဟာ ထာဝရဘုရားသခင်ရဲ့ အတ္တမာန် အစိပ်အပိုင်းပင် ဖြစ်တယ်လို့ ဆိုကြပါတယ်။ နောက်ဆုံးမှာ အဲဒီအတ္တအစိပ်အပိုင်းဟာ ထာဝရဘုရားသခင်ရဲ့ အတ္တမာန်ကြီးနဲ့ ပေါင်းစပ်ပြီး ထာဝရငြိမ်းချမ်းရာ သုခဘုံမှာ စံမြန်းသွားမှာဖြစ်ကြောင်း ယူဆကြပါတယ်။ ဒီအယူအဆဟာ မဟာယာနဗုဒ္ဓဘာသာလာ အမိတာဘာနဲ့ သုခဝတိဘုံ အယူအဆအတိုင်း ဖြစ်နေတဲ့အတွက် ဗြဟ္မဏဝါဒနောက်မှ ပေါ်ပေါက်လာတဲ့ မဟာယာန အယူအဆဟာ ဗြဟ္မဏဝါဒကို ပုံတူကူးချထားခြင်း ဒါမှမဟုတ် ဗြဟ္မဏအယူအဆဟာ မဟာယာန အယူအဆထဲ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ကြပါတယ်။

ဗြဟ္မဏဝါဒ လွှမ်းမိုးခြင်းကို ခံရတဲ့ မဟာယာန ဗုဒ္ဓဘာသာဟာ ဗြဟ္မဏဝါဒကို အတုယူကာ အမိတာဘာဘုရားကို ဗြဟ္မာကြီးပုံစံ ဖန်တီးပြီး အဝလောကိတေသွာရနဲ့ ဂေါတမဗုဒ္ဓတို့ကိုလည်း ဗြဟ္မာကြီးတစ်ဖြစ်လဲ အမိတာဘာက ဖန်ဆင်းပြီး စေလွှတ်ထားတဲ့ တမန်တော်ပုံစံအဖြစ် ပုံတူကူးချထားခြင်းဖြစ်ကြောင်း၊ ဒါကြောင့် ရုပ်ပွားဆင်းတုတော်များ ထုလုပ်ကိုးကွယ်တဲ့ အခါမှာလည်း အမိတာဘာဘုရားကို အလယ်မှာထားပြီး လက်ဝဲလက်ယာဘက်တွေမှာ ဂေါတမဘုရားနဲ့ အဝလောကိတေသွာရကို ထားခြင်းဖြစ်နိုင်ကြောင်း အချို့က ကောက်ချက်ချကြပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် မဟာယာနဗုဒ္ဓဘာသာလာ အမိတာဘာဘုရားနဲ့ သုခဝတီဘုံ အယူအဆဟာ ထေရဝါဒ ဗုဒ္ဓမှာ မပါတဲ့ ထေရဝဒါနဲ့ ဆန့်ကျင်တဲ့ ထာဝရဘုရားနဲ့ ကောင်းကင်ဘုံ အယူအဆ သက်သက်သာ ဖြစ်တယ်ဆိုတာတော့ အသေအချာပဲ ဖြစ်ပါတယ်။ အမိတာဘာဘုရားဟာ ဗြဟ္မဏတွေရဲ့ ဣဿရကို အမည်ပြောင်းထားခြင်းဖြစ်ပြီး လောက၌ အတ္တရှိတယ်လို့ ယူဆတဲ့ မဟာယာနတစ်ဖြစ်လဲ ဗြဟ္မဏအယူအဆရဲ့ လွှမ်းမိုးဖန်တီးထားချက် ဘုရားတစ်ဆူသာ ဖြစ်တယ်ဆိုတာ ထင်ရှားတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် အတ္တဝါဒကိုပယ်ပြီး အနတ္တဝါဒအတိုင်း လက်ခံကျင့်သုံးကြတဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာက ဒီအမိတာဘာဘုရား အယူအဆကို အသိအမှတ်ပြု လက်မခံခြင်းပဲ ဖြစ်ပါတယ်။ ရှိစေတော့။ အမိတာဘာ ဘုရားနဲ့ ပတ်သက်ပြီးပြောမယ်ဆိုရင် အယူအဆအမျိုးမျိုး။ ဖွင့်ဆိုချက်အမျိုးမျိုးနဲ့ ငြင်းခုံမှုအမျိုးမျိုးကို တွေ့ရမှာဖြစ်ပေမယ့် ထေရဝါဒ ဗုဒ္ဓဘာသာတွေ အနေနဲ့ကတော့ အမိတာဘာ ဘုရားအယူအဆနဲ့ ပတ်သက်ပြီး ယုတ္တိကျမကျ စဉ်းစားဆင်ခြင်ပြီး ကိုယ်ကိုယ်တိုင် ရွေးချယ်မှုနဲ့ပဲ အမိတာဘာ ဘုရား အယူဝါဒကို စိစစ်ကြရမှာ ဖြစ်ပါတယ်။ သေချာတာကတော့ အမိတာဘာဗုဒ္ဓသည် ထေရဝါဒ ဗုဒ္ဓဘာသာမှ မပါတဲ့၊ ထေရဝါဒ ဗုဒ္ဓဘာသာက လက်မခံတဲ့၊ ထေရဝါဒ ဗုဒ္ဓဘာသဝင်များ မကိုးကွယ်တဲ့ ဗြဟ္မဏဝါဒကို ပုံတူကူးချထားတဲ့ မဟာယာနဗုဒ္ဓဘာသာရဲ့ ဖန်တီးမှု အယူအဆသာ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါကြောင်း အမိတာဘာဘုရားအကြောင်း တစ်စိပ်တစ်ဒေသအဖြစ် တင်ပြလိုက်ရပါတယ်။

ကျမ်းကိုး =
မြတ်ဗုဒ္ဓသာသနာ ပုံတော်သမိုင်း (ဆရာဝန်တင်ရွှေ)
ရှေ့ဘဝနောက်ဘဝ ဗုဒ္ဓမဝေဘန် (ဝင်းသိန်းဦး)

Read more »

ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ သာဝကတို့၏ ခြားနားချက်…

Q. ဘုရားနှင့် ပစ္စေကဗုဒ္ဓါတို့၏ တူပုံနှင့် ခြားနာပုံများကို အသေးစိတ်လေးများ သိရှိခွင့်ရရင် သိရှိလိုပါသည် အရှင်ဘုရား။(www.bbfse.org)

A. ဘုရား၊ ပစ္စေကဗုဒ္ဓတို့ရဲ့ ခြားနားချက်ကို မပြောခင် ဗောဓိနဲ့၊ ဗောဓိသတ္တအကြောင်းကို အရင်ပြောပြဖို့ လိုပါတယ်။ ဒီလို ဗောဓိအကြောင်းကို ပြောမယ်ဆိုရင် သာဝကအကြောင်းလည်း ထည့်ပြောရမှာဖြစ်လို့ မေးခွန်းထဲမှာ မပါပေမယ့် ဒီနေရာမှာ သာဝကအကြောင်းကိုပါ ထည့်သွင်းပြောကြားပေးမှာ ဖြစ်ပါတယ်။ ဗောဓိဆိုတာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ သဗ္ဗညုတဉာဏ်တော်တွေကို ပြောတာဖြစ်ပြီး ဒီဉာဏ်တော်တွေကို ရဖို့ကြိုးစားကာ ပါရမီဖြည့်ကြတဲ့ အလောင်းတော်တွေကို ဗောဓိသတ္တလို့ ဆိုတာဖြစ်ပါတယ်။

ဗောဓိသုံးမျိုးနဲ့ ဗောဓိသတ္တများ

ဒီဗောဓိ၊ ဗောဓိသတ္တများဟာ အမျိုးအစားအနေနဲ့ သုံးမျိုးသုံးစား ရှိပါတယ်။ အဲဒါတွေကတော့
၁။ သမ္မာသမ္ဗောဓိ
၂။ ပစ္စေကဗောဓိ
၃။ သာဝကဗောဓိ
ဆိုတဲ့ ဗောဓိသုံးမျိုးနဲ့ ဒီဗောဓိဉာဏ်ကို ရရှိဖို့ ပါရမီဖြည့်ကျင့်ကြတဲ့ ဗောဓိသတ္တများဟာလည်း
သမ္မာသမ္ဗောဓိသတ္တ
ပစ္စေကဗောဓိသတ္တ
သာဝကဗောဓိသတ္တ
ဆိုပြီး သုံးမျိုးသုံးစား ကွဲပြားကြပါတယ်။
ပါရမီဖြည့်ကျင့်တယ်ဆိုတာ ဒါန၊ သီလ၊ နေက္ခမ၊ ပညာ၊ ဝီရိယ၊ ခန္တီ၊ သစ္စာ၊ အဓိဋ္ဌာန်၊ မေတ္တာ၊ ဥပေက္ခာဆိုတဲ့ ပါရမီဆယ်းပါးကို ဘဝအမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်ဆည်းပူး ကြိုးစားအားထုတ်ခြင်းကို ဆိုတာဖြစ်ပါတယ်။

ဒီဉာဏ်တွေကိုရဖို့ ပါရမီဖြည့်ကြတဲ့ အလောင်းတော်တွေဟာ ပါရမီပြည့်မြောက်ပြီး အဲဒီဉာဏ်အသီးသီးကို ရရှိတော်မူပြီးတဲ့ အခါမှာတော့
၁။ သမ္မာသမ္ဗောဓိဉာဏ်ကို ရရှိတော်မူတဲ့ ပုဂ္ဂိုလ်သူမြတ်ကို သဗ္ဗညုမြတ်စွာဘုရား (အလုံးစုံးကို သိတော်မူတဲ့ဘုရား)
၂။ ပစ္စေကဗောဓိဉာဏ်ကို ရရှိတော်မူတဲ့ ပုဂ္ဂိုလ်သူမြတ်ကို ပေစ္စေကဗုဒ္ဓ (ဘုရားငယ်)
၃။ သာဝကဗောဓိဉာဏ်ကို ရရှိတော်မူတဲ့ ပုဂ္ဂိုလ်သူမြတ်ကို (တပည့်သားအရိယာ သာဝက)
လို့ ဖြည့်ကျင့်ပြီး ရရှိတဲ့ ဗောဓိဉာဏ်အလိုက် အမည်အဆင့်အတန်း ကွဲပြားကြပါတယ်။

အလောင်းတော်များနဲ့ ပါရမီဖြည့်ရာကာလ

သမ္မသမ္ဗောဓိသတ္တခေါ် သဗ္ဗညုမြတ်စွာဘုရားဖြစ်ဖို့ ပါရမီဖြည့်ကျင့်တော်မူကြတဲ့ ဘုရားလောင်းတွေ အနေနဲ့ ပွင့်တော်မူပြီး ဘုရားတစ်ဆူဆူထံမှာ “ဘယ်အချိန်မှာ ဧကန်မုချ ဘုရားဖြစ်လိမ့်မယ်”လို့ နိယတဗျာဒိတ် ရရှိတော်မူပြီးတဲ့နောက်မှာ ပညာကို အဓိကထားကျင့်တဲ့ ပညာဓိက ဘုရားလောင်းဆိုရင် လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း၊ သဒ္ဓါကို အဓိကထားကျင့်တဲ့ သဒ္ဓါဓိက ဘုရားလောင်းဆိုရင် ရှစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း၊ ဝီရိယကို အဓိကထားကျင့်တဲ့ ဝီရိယာဓိက ဘုရားလောင်းဆိုရင် တစ်ဆယ့်ခြောက်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကြာအောင် ပါရမီတော်တွေကို ဖြည့်ကျင့်တော်မူပြီး ပါရမီတော် အထွတ်အထိပ်ကို ရောက်တော်မူတဲ့ အခါမှာတော့ ဆရာမရှိဘဲ မိမိကိုယ်တိုင် ထိုးထွင်းပြီး သစ္စာလေးပါးတရားကို သိတဲ့မဂ်ဉာဏ်၊ ဘာပဲဖြစ်ဖြစ် အလုံးစုံအကုန်လုံးကို အကြွင်းမဲ့ သိမြင်တော်မူတဲ့ သဗ္ဗညုတဉာဏ်ဆိုတဲ့ သမ္မာသမ္ဗောဓိဉာဏ်တော်ကို ရရှိတော်မူပါတယ်။ အဲဒီလို သမ္မာသမ္ဗောဓိဉာဏ်ကို ရရှိတော်မူတဲ့ လောကသုံးပါးမှာ အတုမရှိ၊ အတူမရှိတဲ့ ပုဂ္ဂိုလ်သူမြတ်ကို သမ္မာသမ္ဗုဒ္ဓ (သဗ္ဗညုမြတ်စွာဘုရား)လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။

ပစ္စေကဗောဓိသတ္တခေါ် ပစ္စေကဗုဒ္ဓါ အလောင်းအလျာတွေ အနေနဲ့ နှစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလကြာအောင် ပါရမီတွေကို ဖြည့်ကျင့်တော်မူပြီး ပါရမီပြည့်မြောက် အထွတ်အထိတ်ကို ရောက်တဲ့အခါမှာတော့ ဆရာမရှိဘဲ မိမိကိုယ်တိုင် ထိုးထွင်းပြီး သစ္စာလေးပါးကိုသိတဲ့ မဂ်ဉာဏ်လို့ခေါ်တဲ့ ပစ္စေကဗောဓိဉာဏ်ကို ရရှိတော်မူပါတယ်။ အဲဒီလို ပစ္စေကဗောဓိဉာဏ်ကို ရရှိတော်မူတဲ့ ပုဂ္ဂိုလ်သူမြတ်ကို ပစ္စေကဗုဒ္ဓ (ဘုရားငယ်)လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။

သာဝကဗောဓိသတ္တခေါ် သာဝက အလျောင်းအလျာတွေ အနေနဲ့ အဂ္ဂသာဝကလောင်း (အရှင်သာရိပုတ္တရာ၊ အရှင်မဟာမေဂ္ဂလာန်တို့လိုမျိုး) ဆိုရင် တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း၊ မဟာသာဝကလောင်း (အရှင်ကောဏ္ဍည၊ အရှင်အာနန္ဒာစတဲ့ ရဟန္တာမထေရ်ကြီးတွေလိုမျိုး) ဆိုရင် ကမ္ဘာတစ်သိန်း၊ ပကတိသာဝက (သာမန်အရိယာ သာဝကမျိုး) ဆိုရင် ကမ္ဘာတစ်ရာ၊ ကမ္ဘာတစ်ထောင်စတဲ့ ကာလကြာအောင် ပါရမီတွေကို ဖြည့်ကျင့်ပြီး ပါရမီပြည့်မြောက်တဲ့ အခါမှာတော့ မြတ်စွာဘုရားလို့ခေါ်တဲ့ ဆရာရှိမှ သစ္စလေးပါးကိုသိတဲ့ မဂ်ဉာဏ်လို့ခေါ်တဲ့ သာဝကဗောဓိဉာဏ်ကို ရရှိတော်မူပါတယ်။ အဲဒီလို သာဝကဗောဓိဉာဏ်ကို ရရှိတော်မူတဲ့ ပုဂ္ဂိုလ်သူမြတ်များကို အဆင့်အတန်းအလိုက် အဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိသာဝကဆိုတဲ့ အမည်အသီးသီးနဲ့ သာဝကဗုဒ္ဓလို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဒါက ဆုပန်ပြီး ပါရမီဖြည့်ကျင့်ကြတဲ့ သာဝကတွေအတွက် ပြောတာဖြစ်ပါတယ်။ ဆုမပန်ဘဲ သာမာန်ကိလေသာကုန်ခမ်း ရဟန္တာဖြစ်ကာ နိဗ္ဗာန်ဝင်ဖို့အတွက်တော့ သီးသန့်သတ်မှတ်ချက်နဲ့ ပါရမီဖြည့်ကျင့်ရာကာလ အတိအကျ မရှိပါဘူး။

ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ သာဝကတွေရဲ့ လုပ်ငန်းစဉ်

အထက်မှာ ပြောခဲ့သလို ပါရမီတွေကို အသီးသီးဖြည့်ကျင့်ပြီး သမ္မာသမ္ဗုဒ္ဓလို့ခေါ်တဲ့ သဗ္ဗညုမြတ်စွာဘုရားအဖြစ်၊ ပစ္စေကဗုဒ္ဓလို့ခေါ်တဲ့ ပစ္စေကဗုဒ္ဓါအဖြစ်၊ တပည့် အရိယာသာဝကလို့ခေါ်တဲ့ သာဝကဗုဒ္ဓအဖြစ်ကို ရရှိတော်မူကြတဲ့ ပုဂ္ဂိုလ်သူမြတ်များထဲမှာ သဗ္ဗညု မြတ်စွာဘုရားရှင်တို့ကို တာရယိတုပုဂ္ဂိုလ် (ကိုယ်တိုင်လည်း သံသရာမှ ကူးမြောက်ပြီး ဝေနေယျတို့ကိုလည်း သံသရာမှ ထုတ်ဆောင်ကယ်တင်တော်မူတဲ့ အမြတ်ဆုံးပုဂ္ဂိုလ်)လို့ ခေါ်ဆိုပါတယ်။ မှန်ပါတယ်။ အလုံးစုံကို အကြွင်းအကျန်မရှိ အကုန်အစင် သိတော်မူတဲ့ သဗ္ဗညုတဉာဏ်ကို ရရှိတော်မူတဲ့ မြတ်စွာဘုရားရှင်ဟာ သစ္စာလေးပါးတရားတော်ကို ကိုယ်တော်တိုင်လည်း ထိုးထွင်းပြီး သိတော်မူသလို ကိုယ်တော်မြတ် သိတော်မူတဲ့ အတိုင်းလည်း ကျွတ်ထိုက်တဲ့ သတ္တဝါဝေနေယျတွေကို သူတို့ရဲ့ အလိုဆန္ဒကိုလိုက်ပြီး သစ္စာတရားကို သိအောင်ဟောပြော ချေချွတ်တော်မူနိုင်တဲ့အတွက် အတုမရှိ တာရယိတုပုဂ္ဂိုလ်မြတ် ဖြစ်ပါတယ်။ ဒီလို သတ္တဝါ ဝေနေယျတွေရဲ့ အလိုကိုသိပြီး သစ္စာတရားကို ဟောကြားပေးနိုင်မှုဟာ သဗ္ဗညုတ ဘုရားရှင်တွေပဲ စွမ်းဆောင်နိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အနှိုင်းမဲ့ဗုဒ္ဓ၊ အလုံးစုံကို အကုန်အစင်သိတော်မူတဲ့ ဘုရား၊ အတုမရှိမြတ်စွာလို့ ဆိုခြင်း ဖြစ်ပါတယ်။

ပစ္စေကဗုဒ္ဓါတို့ကိုတော့ စာလို တရိတပုဂ္ဂိုလ် (မိမိကိုယ်တိုင်သာ သံသရာမှ ကိုယ်စွမ်းဖြင့် ကူးမြောက်နိုင်ပြီး သူတပါးတို့ကို သံသရာမှ ထုတ်ဆောင်ကယ်တင်မှု မပြုနိုင်တဲ့ ပုဂ္ဂိုလ်) လို့ ခေါ်ဆိုပါတယ်။ မှန်ပါတယ်။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တွေဟာ သဗ္ဗညုမြတ်စွာဘုရားရှင်များ ဖြစ်ပွင့်တော်မူတဲ့ အခါကာလမျိုးမှာ ဖြစ်ပွင့်ခြင်းမရှိဘဲ ဘုရားရှင်တစ်ဆူဆူတို့ရဲ့ ကြားကာလဖြစ်တဲ့ သာသနာပကာလမှာပဲ ပွင့်တော်မူကြပါတယ်။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တွေဟာ သဗ္ဗညုဘုရားရှင်တွေလို သစ္စာတရားကို ကိုယ်တိုင်လည်းသိ၊ သူတပါးကိုလည်း သိစေနိုင်တာမျိုး မဟုတ်ဘဲ ကိုယ်ကိုယ်တိုင်သာ ဆရာမကူဘဲ သစ္စာတရားကို ထိုးထွင်းသိမြင်နိုင်ပြီး သူတပါးတွေကို သိအောင်ဟောပြနိုင်ခြင်း မရှိပါဘူး။ မဂ်ဖိုလ်နိဗ္ဗာန်ဆိုတဲ့ ပဋိဝေဓတရား အနက်သဘောကို ကိုယ်တိုင်သိမြင်ပေမယ့် အဲဒီမဂ်ဖိုလ်နိဗ္ဗာန်ဆိုတဲ့ လောကုတ္တရာ တရားကို နာမပညတ်တင်ကာ သူတပါးတို့သိအောင် ဟောပြောနိုင်စွမ်း မရှိပါဘူး။ ဒါကြောင့် အဋ္ဌကထာ ဆရာတွေက “ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ရဲ့ သစ္စာလေးပါး တရားကို သိမြင်ခြင်းဆိုတဲ့ ဓမ္မာဘိသမယကို စကားမပြောတတ်သူ အိမ်မက်မက်ခြင်းနဲ့တူကြောင်း ဥပမာပေး ပြောဆိုကြခြင်း ဖြစ်ပါတယ်။ ပစ္စေကဗုဒ္ဓါ အရှင်သူမြတ်တွေဟာ ရဟန်းပြုချင်ကြတဲ့ သူတပါးတို့ကို ရဟန်းပြုပေးပြီး “ဒီလိုသွား၊ ဒီလိုနေ၊ ဒီလိုထိုင်၊ ဒီလိုပြော” စသဖြင့် အာဘိသမာစရိက ကျင့်ဝတ်ကို သင်ကြားပေးတော်မူနိုင်ပေမယ့် “ဒီလိုရုပ်နာမ်ကို ခွဲခြားပြီး လက္ခဏာယဉ် တင်ရမည်၊ ဒီလို ရှုမှတ်ရမည်” စသဖြင့် နာကြားသူတွေကို မဂ်ဖိုလ်ရောက်လောက်အောင် တရားဓမ္မ ဟောပြောပြသတော် မမူနိုင်ကြပါဘူး။ ဒါကြောင့် ပစ္စေက ဗုဒ္ဓအရှင်သူမြတ်တွေကို ကိုယ်တိုင်သာသိပြီး သူတပါးကို သိစေတော်မမူနိုင်တဲ့ အငယ်စားဘုရား၊ ဘုရားငယ်လို့ ခေါ်ဆိုတော်မူခြင်း ဖြစ်ပါတယ်။

သာဝကဗုဒ္ဓဖြစ်တော်မူကြတဲ့ တပည့်သား အရိယာသာဝကတွေကို တာရိတပုဂ္ဂိုလ် (အထုတ်အဆယ် အကယ်အတင်ခံပုဂ္ဂိုလ်) လို့ ခေါ်ပါတယ်။ ဒီနေရာမှာ သာဝကဗုဒ္ဓလို့ သုံးလိုက်တဲ့အတွက် ဗုဒ္ဓဆိုတဲ့ စကားလုံးကို မြတ်စွာဘုရားရှင်လိုမျိုး ဘုရားလို့ အဓိပ္ပါယ် အမှတ်မလွဲဖို့လိုပါတယ်။ ဒီမှာပြောတဲ့ ဗုဒ္ဓဆိုတာ သစ္စာတရားကို သိမြင်ခြင်းဆိုတဲ့ အဓိပ္ပါယ်နဲ့ သုံးတဲ့စကားလုံး ဖြစ်ပြီး တပည့်သာဝကအနေနဲ့ သစ္စာတရားကို သိခြင်းလို့ ဆိုလိုတာ ဖြစ်ပါတယ်။ အချို့က အရှင်သာရိပုတ္တရာလောင်း ဥပတိဿပရိဗိုဇ်ဟာ အရှင်အဿဇိ မထေရ်ထံမှ တရားတော်ကို နာယူပြီး သောတာပတ္တိမဂ်ဖိုလ်၌ တည်တော်မူတဲ့ အချက်ကိုထောက်ပြီး တပည့်သား အရိယာသာဝကတို့ကို ကိုယ်တိုင်လည်း အကယ်တင်ခံ၍ သူတပါးတို့ကိုလည်း ကယ်တင်တော်မူတတ်တဲ့ (တာရယိတု)ပုဂ္ဂိုလ်လို့ ထင်မှတ်တတ်ပါတယ်။ တကယ်တော့ တပည့်သား အရိယာ သာဝကတို့ ဟောကြားကြတဲ့ တရားများဟာ မြတ်စွာဘုရားရှင်ထံမှ စတင်ဖြစ်ပေါ်တော်မူခဲ့တဲ့အပြင် ဘုရားရှင်၏ လမ်းညွှန်မပါဘဲ ကိုယ်တိုင်သီးခြား နည်းတပါးနဲ့ ဟောကြားခြင်း မဟုတ်တဲ့အတွက် တပည့်သား အရိယာသာဝကတွေကို တာရယိတုပုဂ္ဂိုလ်လို့ မခေါ်နိုင်ပါဘူး။ ဒါကြောင့် တပည့်သာဝက အရိယာတွေကို ဆရာမရှိဘဲ သစ္စာလေးပါးကို မသိနိုင်ဘဲ ဆရာအကူအညီ ရမှသာ သစ္စာလေးပါးကို ဟောကြားနိုင်၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ကို ရနိုင်တဲ့အတွက် တာရိတပုဂ္ဂိုလ်လို့ပဲ ခေါ်ဆိုနိုင်တာ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ လူတော်တော်များများ မရှင်းဘဲ ဖြစ်နေကြတဲ့ ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ သာဝကတို့ရဲ့ ခြားနားချက်လေးတွေကို အထိုက်အလျောက် နားလည်သဘောပေါက်နိုင်မယ်လို့ ထင်ပါတယ်။ မေးခွန်းရှင် မေးထားသလို ဘုရားနဲ့ ပစ္စေကဗုဒ္ဓတို့ရဲ့ တူညီချက် ခြားနားချက်ကိုပဲ သီးသန့်ထုတ်ပြောပါဆိုရင်တော့ ဘုရားနဲ့ ပေစ္စကဗုဒ္ဓတွေဟာ ဖြည့်ကျင့်တော်မူကြတဲ့ ပါရမီ အရေအတွက်၊ ဖြည့်ကျင့်ပုံ တူညီခြင်း၊ သစ္စာလေးပါး တရားတော်ကို ဆရာမကူဘဲ ကိုယ်တော်တိုင် ထိုးထွင်း၍ သိမြင်တော်မူခြင်း ဆိုတဲ့ အချက်တွေလောက်တော့ တူညီတယ်လို့ ပြောလို့ရနိုင်ပြီး မတူညီတဲ့ အချက်တွေဆိုရင်တော့ ပါရမီဖြည့်ကျင့်တဲ့ ကာလမတူညီခြင်း၊ သစ္စာလေးပါးကို သူတပါးသိအောင် ဟောပြောနိုင်မှု မတူညီခြင်း၊ ရရှိတော်မူတဲ့ ဉာဏ်တော်မတူညီခြင်း၊ ပွင့်တော်မူတဲ့ အချိန်ကာလ မတူညီခြင်းစတဲ့ အချက်တွေပဲလို့ အကြမ်းဖျင်း နားလည်ထားရင်လည်း လုံလောက်မယ်ထင်ပါတယ်။

မိမိတို့အနေနဲ့ကတော့ ပါရမီဖြည့်ပြီး ပါရမီအစဉ်အတိုင်းပဲ နိဗ္ဗာန်ကို သွားမှာလား၊ ဒါမှမဟုတ် သံသရာ တစ်လျှောက်မှာ ဖြည့်ခဲ့ဖူးတဲ့ မမြင်နိုင်တဲ့ ပါရမီအားကိုယူပြီး ဒီဘဝမှာပဲ ဘဝနာအလုပ် အားထုတ်ရင်း ကိလေသာကင်းရာ နိဗ္ဗာန်ကို ယူကြမှာလားဆိုတာကိုတော့ ကိုယ်ပိုင်ရွေးချယ်မှုနဲ့ ကိုယ်တိုင်ပဲ အားထုတ်ကြည့်ကြဖို့ပဲ ဖြစ်ပါကြောင်း အကြံပြုလိုက်ရပါတယ်။

ကျမ်းကိုး =
မဟာဗုဒ္ဓဝင် (ပထမတွဲ၊ ပထမပိုင်း)၊ မင်းကွန်းတိပိဋကဓရ ဆရာတော်

Read more »

Live Questions and Answers (12)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။
24 Oct 10, 06:34 AM
မြတ်ကို
ဘုရား တရား သံဃာ ရတနာမြတ်သုံးကို ရိုသေစွာ ရှိခိုးဦးချပါ၏။ သိလိုဒါများမေးခွင့်ပြုပါဘုရား။
(၁) မိမိကိုးကွယ်သော ဆရာဘုန်းကြီးသည် ကိုးကွယ်သင့်သော ဆရာကောင်း ဆရာမြတ် ဟုတ်မဟုတ်ကို မည်ကဲ့သို့သိနိုင်မည်နည်း။ သိအောင်မည်ကဲ့သို့ စံများဖြင့် ချင့်ချိန်ရမည်နည်း။

(၂) မိမိကျင့်ကြံပွားများ အားထုတ်နေသော တရားသည် တရားစစ် တရားမှန် ဟုတ်မဟုတ်ကို မည်ကဲ့သို့ သိနိုင်မည်နည်း။ သိအောင် မည်ကဲ့သို့ ကြိုးစားရမည်နည်း။ ဖြေကြားပေးပါဘုရား။ ကျေးဇူးတင် ဦးချပါ၏ ဘုရား။

25 Oct 10, 07:08 AM
မနာပဒါယီ>>မြတ်ကို
(၁) မေးခွန်းတွေက ကျယ်ပြန့်တော့ တစ်သမှတ်တည်း တိတိကျကျ ဖြေပေးဖို့ ခက်ပါတယ်။ ယေဘုယျအားဖြင့်တော့ မိမိရဲ့ ပစ္စုပ္ပန် သံသရာနှစ်ဖြာ ကောင်းကျိုးကို ညွန်ပြပေးနိုင်မှု၊ သီလ၊ သမာဓိ၊ ပညာ အကျင့်တရား အားကောင်းမှုတွေနဲ့ပဲ တိုင်းတာရမှာ ဖြစ်ပါတယ်။ သံဃာ့ဂုဏ်တော်ကိုးပါးကတော့ အကောင်းဆုံး တိုင်းတာရာပဲပေါ့။ ဒါပေမယ့် ဒီနေ့ခေတ်လို သမ္မုသံဃာတွေ အတွက်တော့ ရှေ့လေးပါးဖြစ်တဲ့ ကောင်းစွာကျင့်ကြံခြင်းဂုဏ်၊ ဖြောင့်မတ်စွာကျင့်ကြံခြင်းဂုဏ်၊ မဂ်ဖိုလ်နိဗ္ဗာန် အလို့ငှါ ကျင့်ကြံခြင်းဂုဏ်၊ ရိုသေမှုနဲ့ လျော်အောင်ကျင့်ကြံခြင်း ဂုဏ်တွေနဲ့ ပြည့်စုံနေရင်ကိုပဲ ကိုးကွယ်ခံထိုက်နေပါပြီ။ အဓိကကတော့ သီလ၊ သမာဓိ၊ ပညာတရားများနဲ့ပဲ သိအောင်ကြိုးစားတာ အကောင်းဆုံး ဖြစ်ပါတယ်။
(၂) တရားဂုဏ်တော်ကိုးပါးမှာပါတဲ့ ဂုဏ်တော်တွေထဲက ကိုယ်တိုင်ဒိဋ္ဌမျက်မြင် သိမြင်နိုင်ခြင်းဂုဏ်တော်၊ ကျင့်ကြံရင် ကျင့်ကြံနိုင်သလောက် အကျိုးတရား ဖြစ်နိုင်ခြင်း ဂုဏ်တော်တွေနဲ့ မိမိရဲ့ အကျင့်ကို တိုင်းတာနိုင်ပါတယ်။ မျက်ဗုဒ္ဓရဲ့ သင်ပြမှုတွေဟာ မှန်ကန်တဲ့ နည်းစနစ်နဲ့သာ ကျင့်ကြံနိုင်မယ်ဆိုရင် ဘယ်သူမဆို လက်တွေ့အကျိုးတရားကို ရနိုင်သလို၊ အားထုတ်ရင် အားထုတ်နိုင်သလောက် အကျိုးသက်ရောက်မှုကို ဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ်အားထုတ်တဲ့ အကျင့်ဟာ အားထုတ်နေရင်းနဲ့ အကျိုးထူး ရမရင် ကိုယ်ကိုယ်တိုင် သိနိုင်တဲ့အတွက် တစ်စုံတစ်ခု အကျိုးသက်ရောက်မှု ရှိမရှိကို လက်တွေ့လုပ်ကြည့်ဖို့တော့ လိုပါတယ်။ ၀ိရိယထားပြီး လက်တွေ့အချိန်ယူကာ အားထုတ်ရဲ့သားနဲ့ ဘာအကျိုးထူးမှ ဖြစ်မလာဘူးဆိုရင်တော့ သင်ပြပေးတဲ့ ဆရာရဲ့နည်းနဲ့ အင်ဝင်ဂွင်ကျ မဖြစ်လို့လည်း ဖြစ်နိုင်သလို၊ နည်းစနစ် မှားနေတဲ့အတွက်လည်း ဖြစ်နိုင်ပါတယ်။ အဲဒီလို အခါမျိုးမှာတော့ ဆရာကောင်းကိုရှာပြီး မှန်ကန်တဲ့ ညွန်ပြမှုနဲ့ ကြိုးစား အားထုတ်ကြည့်ဖို့ လိုပါတယ်။ သေချာတာက တရားစစ် တရားမှန်ဆိုတာ ဖိတ်ခေါ်ခံနိုင်၊ လက်တွေ့အကျိုးရနိုင်၊ ကိုယ်တိုင်သိနိုင်တယ်ဆိုတာပါပဲ၊။

27 Oct 10, 10:48 AM
မြင့်ဆွေ
ဆရာတော်အရှင်ဘုရား။ တပည့်တော် စာမလိုက်နိုင်တဲ့ သူငယ်တစ်ဦးကို ဓာတ်၁၈ ပါး စတဲ့ ပညာကမ္မဌာန်းကို စီးဖြန်းစေတော့ ဥာဏ်ရည် သိသိသာသာ ထက်မြက်လာတာ တွေ့ရပါတယ်။ သို့သော် အချိန်မှန် စာကျက်ခြင်းလို မိမိစိတ်ကို နိုင်နင်း ဆောက်တည်နိုင်မှု အပိုင်းမှာ သိပ်တိုးတက်တာ မတွေ့ပါ။ သမာဓိ အသားပေးကမ္မဌာန်းတစ်ခုကို အားထုတ်စေသင့်တယ်ထင်လို့ စိတ်အလိုလိုက် အာရုံများတတ်တဲ့ လူငယ်တွေကို ဘယ်ကမ္မဌာန်း အကြံပေးသင့်လဲ အမိန့်ရှိပါဘုရား။

27 Oct 10, 08:43 PM
မနာပဒါယီ>>မြင့်ဆွေ
ကောင်းပါတယ်။ ဗုဒ္ဓဓမ္မတွေကတော့ လက်တွေ့လုပ်နိုင်ရင် လက်တွေ့အကျိုး သက်ရောက်မှုကို ဖြစ်စေတာ အမှန်ပဲ ဖြစ်ပါတယ်။ စိတ်ပျံ့လွင့်မှုများသူ၊ အာရုံများတတ်သူတွေအတွက် အလွယ်ဆုံးနဲ့၊ အသင့်တော်ဆုံး ကမ္မဋ္ဌာန်းကတော့ အာနာပါနကမ္မဋ္ဌာန်းပဲ ဖြစ်ပါတယ်။ အာနာပါန ကမ္မဋ္ဌာန်းဟာ အသက်ရှုနေသမျှ ဘယ်လိုနေရာ၊ ဘယ်လိုအခြေအနေ၊ ဘယ်လိုပုံစံမျိုးမှာ ဖြစ်ဖြစ် ရှုမှတ်နိုင်တဲ့အတွက် ပရိကံမများဘဲ အလွယ်ပွားနိုင်ပါတယ်။ သမာဓိတည်ရေးကို အဓိက ဦးစားပေး ပွားလိုတာ ဖြစ်တဲ့အတွက် အာနာပါနကို ၀ိပဿနာ ရှုတဲ့ပုံစံမျိုး မဟုတ်ဘဲ သမာဓိ တည်ထောင်တဲ့ ပုံစံမျိုးနဲ့ ပွားနိုင်မယ်ဆိုရင် သမာဓိ အဖြစ်လွယ်ကာ စိတ်အစဉ် တည်ငြိမ်မှုကို ဖြစ်စေမှာ ဖြစ်ပါတယ်။ သမာဓိတည်ရေး အသားပေးပွားများတာ ဖြစ်တဲ့အတွက် ထွက်လေ၀င်လေကို ရှုမှတ်တဲ့အခါ နှာသီးဖျား၊ နှားခေါင်းပေါက်နဲ့ အထက်နှုတ်ခမ်းနားကပဲ စောင့်ကြည့်ပြီး တိုးထိကာ ၀င်လာတဲ့ လေကို ဆုံးသွားတဲ့အထိ အဲဒီနေရာလေးကပဲ စိတ်နဲ့ စောင့်ကြည့်သိမှတ်ပေး ရပါမယ်။ ၀င်လေဆုံးလို့ ထွက်လေလေး ပြန်ထွက်လာတဲ့အခါလည်း အဲဒီနှာသီးဖျားနဲ့ အထက်နှုတ်ခမ်းဖျားကပဲ စောင့်ကြည့်ပြီး တိုးထိထွက်လာတဲ့ လေလေး ဆုံးသွားတဲ့အထိ လိုက်ပြီးသိမှတ်ပေးရုံပါပဲ။ ၀င်လေထွက်လေရဲ့ နောက်ကို စိတ်က လိုက်မသွားဘဲ တစ်နေရာတည်းကပဲ စောင့်ကြည့်ပြီး မှတ်သိပေးတဲ့ သဘောကို အာနာပါန ကမ္မဋ္ဌာန်း ရှုမှတ်တယ်လို့ ဆိုနိုင်တာ ဖြစ်ပါတယ်။ ကမ္မဋ္ဌာန်းရဲ့ သဘောက အာရုံတစ်ခုတည်းကိုပဲ စူးစူးစိုက်စိုက် ရှုမှတ်တဲ့သဘောဖြစ်လို့ အာနာပါန ကမ္မဋ္ဌာန်းကို မှတ်နေရင်း တစ်ခြားအာရုံတွေ ပေါ်လာတတ်ပေမယ့် အဲဒီတစ်ခြားအာရုံတွေနောက် စိတ်ကမလိုက်ဘဲ ဒီအာနာပါနမှာပဲ ထပ်ခါထပ်ခါ ရှုမှတ်ပေးဖို့ လိုပါတယ်။ အဲဒီလို အာရုံတစ်ခုတည်းကို အကြိမ်ကြိမ်ရှုမှတ် ပေးနိုင်မယ်ဆိုရင်တော့ သမာဓိအဖြစ်လွယ်ပြီး စိတ်အစဉ် တည်ကြည်လာမှာ ဖြစ်ပါတယ်။ သမာဓိအားကောင်းလာရင် ပြန့်လွင့်တတ်တာတွေလည်း နည်းလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အာနာပါနကမ္မဋ္ဌာန်းကိုပဲ မှတ်ကြည့်ဖို့အကြံပြုလိုက်ပါတယ်။

30 Oct 10, 03:50 PM
ပန်းသီး
တပည့်တော်တို့ သူငယ်ချင်းနှစ်ယောက်ဟာ သမ္မာအာဇီဝ ကြိုးစားရုန်းကန်နေသူများ ဖြစ်ပါတယ်။ တပည့်တော်က ဖခင်ကို လုပ်ကျွေးနေပြီး သူငယ်ချင်းကလဲ သူ့မိသားစုကို လုပ်ကျွေးနေရပါတယ်။ အလုပ်ရှာရာမှာ တပည့်တော်ဟာ ခက်ခဲပင်ပန်းစွာ ရှာတာတောင် အလုပ်က တော်တော်နဲ့မရ၊ ရရင်လဲ လခ အမြဲနည်းပါတယ်။ သူငယ်ချင်းဟာ အလုပ်ကို သွားလျှောက်စရာ မလိုဘဲတောင် လူလိုနေချိန်နဲ့တိုး၊ အသိနဲ့တိုးပြီး လွယ်လွယ်ရ၊ ရသမျှအလုပ်ကလဲ လခကောင်းပါတယ်။ တပည့်တော်မှာ ဝင်ငွေနည်းလို့ ဖခင်ကို လစဉ် ကန်တော့နိုင်ဖို့ မဝတ်မစားမသုံးမစွဲ နေရလို့ လူအထင်သေးတောင် ခံရပါတယ်။ သူငယ်ချင်းဟာ ဒီလိုစိတ်မပင်ပန်းဘဲ သူ့မိသားစုကို သက်သောင့်သက်သာနဲ့ ငွေများများ ပို့ပေးနိုင်ပါတယ်။သူငယ်ချင်း ကံကောင်းတာကို သာဓုခေါ်ပါတယ်။ တပည့်တော်တို့ သူငယ်ချင်းနှစ်ဦး ဘာကုသိုလ်အကုသိုလ်တွေကြောင့် ဒီလို တစ်နေရာထဲ နေပြီး ကြိုးစားကြတာတောင် အလုပ်အကိုင်ကံကြမ္မာ ကွာရသလဲ သိချင်ပါတယ် အရှင်ဘုရား။ သူငယ်ချင်းကံအကျိုးပေးကို ကျေနပ်စွာ မုဒိတာစိတ်ပွားလျက် ကံကြမ္မာအကြောင်းကို သိလိုလို့ မေးမြန်းလျှောက်ထားခြင်း ဖြစ်ပါတယ်ဘုရား။

1 Nov 10, 03:11 AM
မနာပဒါယီ>>ပန်းသီး
ဒါဟာ ကံတရားရဲ့ မတူညီမှုများပါပဲ။ တူသောအကျိုးကို ပေးတယ်ဆိုတဲ့အတိုင်းပဲ ဒကာလေးရဲ့ သူငယ်ချင်းဟာ ဒီဘ၀မှာ ဘယ်လိုစိတ်စေတနာနဲ့ ဘယ်လိုကောင်းမှုတွေ လုပ်နေတယ်ဆိုတာ မသိနိုင်ပေမယ့် အတိတ်ဘ၀ တွေမှာသူလုပ်ခဲ့တဲ့ အလုပ်တွေကတော့ တကယ့်ကို စေတနာကောင်းနဲ့ လွပ်လွပ်ကျွတ်ကျွတ် လုပ်ခဲ့တဲ့ သဘောရှိပါတယ်။ ကောင်းတဲ့အလုပ်ဟာ လှူတာပဲ ဖြစ်ဖြစ်၊ သီလစောင့်တာပဲ ဖြစ်ဖြစ် တရားအားထုတ်တာပဲ ဖြစ်ဖြစ် စေတနာကောင်းကောင်းနဲ့ ပြတ်ပြတ်သားသား ဒါမှလည်း အကျိုးပေးကောင်းမှာ ဖြစ်ပါတယ်။ သူငယ်ချင်းဟာ ကူညီမဆမယ့်သူ ပေါတာ၊ အဆအရာရာ အဆင်ပြေတာ၊ လခကောင်းတာ စတာတွေဟာ အတိတ်က သူလည်းပဲ ဒီအကျိုးတွေနဲ့ ထပ်တူ တူမျှတဲ့ အလုပ်တွေ လုပ်ခဲ့လို့ ဖြစ်ပါတယ်။ သူလည်း သူများတွေကို စေတနာသန့်သန့် စိတ်ကောင်းနှလုံးကောင်းနဲ့ ကူညီခဲ့တာ၊ ပေးကမ်းလှူဒါန်းတဲ့ အခါမှာ စေတနာအပြည့်နဲ့ ရက်ရက်ရောရော ပေါပေါများများ လှူဒါန်းခဲ့တာ၊ သူတပါးတွေကို အစစအရာရာ အဆင်ပြေအောင် ကူညီခဲ့တာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ကိုယ့်မှာတော့ သူနဲ့ဆန့်ကျင်ဘက် ဖြစ်ရတာက အတိတ်က ကိုယ်လုပ်ခဲ့တဲ့ ဒါန၊ သီလ၊ စတဲ့ ကုသိုလ်တွေမှာ စေတနာမပြတ်တာ၊ မသန့်ရှင်းတာ၊ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်တာ၊ ကောင်းတဲ့အလုပ်တစ်ခုခုကို လုပ်တဲ့အခါ ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ သူတပါးလုပ်တာတွေကိုပဲ ဖြစ်ဖြစ် အဆင်မပြေအောင် အနှောက်အယှက်ပေးခဲ့တာ စသဖြင့် ရှိကောင်းရှိခဲ့ပါလိမ့်မယ်။ အဓိကကတော့ ကုသိုလ်အကုသိုလ် အလုပ်ဆိုတာ နဲတာများတာ၊ ကြီးတာသေးတာက အဓိကမဟုတ်ဘဲ လုပ်တဲ့အခါမှာ စေတနာသဒ္ဓါတရား ကောင်းတာမကောင်းတာ၊ ကိုယ်လုပ်တဲ့အလုပ်ဟာ သန့်ရှင်းမှု ရှိတာမရှိတာ၊ မျှော်လင့်ချက် ပါတာမပါတာ စတာတွေက အဓိကကျပါတယ်။ ဆိုတော့ကား ကျန်ခဲ့တာတွေတော့ ထားလိုက်ပေါ့။ အခုအချိန်၊ အခုဘ၀ကစပြီး ကောင်းတဲ့အလုပ်တွေမှာ စိတ်ကောင်းစေတနာ အပြည့်နဲ့ သဒ္ဓါကောင်းကောင်း သန့်ရှင်းမှုကောင်းကောင်းနဲ့ပဲ လုပ်ကြဖို့ပဲ ဖြစ်ပါကြောင်း အကြံပြုလိုက်ရပါတယ်။

Read more »

ဘ၀ဆက်တိုင်း သရဏဂုံတည်အောင် ဘယ်လိုပါရမီတွေ ဖြည့်ကျင့်သင့်သလဲ

Q. အရှင်ဘုရား
ရိုသေစွာ ရှိခိုးဦးတင်လိုက်ပါတယ်ဘုရား။ အရှင်ဘုရားရဲ့ အင်တာနက်စာမျက်နှာကိုလည်း အခါအားလျော်စွာ ဝင်ရောက်ဖတ်ရှု မှတ်သားဖြစ်ပါတယ်။ အမြဲတမ်း ပို့စ်အသစ်တွေတင်နိုင်ပြီး စိတ်ရှည်စွာ ဟောညွန်ပြပေးတဲ့အတွက် ဝင်ရောက်မှတ်သား သူတွေအတွက် ယူတတ်မယ်ဆိုရင် အလွန်အကျိုးရှိလှပါတယ် ဘုရား။ တပည့်တော် အကြိုက်ဆုံးကတော့ နဲနဲလေးတော့ လွဲနေတယ် ဆိုတဲ့ ပို့စ်များပဲဖြစ်ပါတယ်ဘုရား။

တပည့်တော်မေးမြန်းချင်တာနဲ့ အကြံပြုချင်တာလေးတွေရှိပါတယ်ဘုရား။ ခွင့်ပြုပေးတော်မူပါ။ အရှင်ဘုရားရဲ့ စာမျက်နှာမှာ Facebook like button လေးကိုဖြစ်နိုင်မယ်ဆို ထည့်ပေးစေလိုပါတယ်ဘုရား။ တပည့်တော် ဖတ်လိုက်ရတဲ့ အကြောင်းရာတစ်ခုကို facebook မှာ အမြဲ share ဖြစ်ပါတယ်ဘုရား။ အရှင်ဘုရားရဲ့ စာမျက်နှာမှာလည်း like button လေးရှိရင် ပိုကောင်းမယ် ထင်မိပါတယ်ဘုရား။

တပည့်တော် သိချင်တာလေးကတော့ တပည့်တော်တို့ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ပြီး သရဏဂုံတည် နေတယ်ဆိုပေမဲ့ ယခုဘဝမှာ ပုထုဇဉ်အဖြစ်နဲ့သာ သေဆုံးခဲ့ရမယ်ဆိုရင် တပည့်တော်တို့ဟာ လောကီ သရဏဂုံသာ တည်နေတာဖြစ်လို့ နောင်ဘဝမှာ အပါယ်ဘုံဘဝသို့ မရောက်ပဲ လူ့ဘုံမှာ ပြန်သန္ဓေ တည်ခဲ့ရသည့်တိုင် နိဗ္ဗာန်ရောက်ကြောင်း တရားဓမ္မနဲ့ သွေဖယ်တဲ့ အယူဝါဒကို ယုံကြည်သက်ဝင်သူ ဖြစ်သွားမှာကို စိုးရိမ်မိပါတယ်ဘုရား။ နိဗ္ဗာန်မရောက်ခင်စပ်ကြား ဘဝတိုင်းမှာ သရဏဂုံတည်အောင် ဘယ်လိုပါရမီတွေ ကျင့်စဉ်တွေ ဆည်းပူးရမယ်ဆိုတာ လမ်းညွန်ပေးစေလိုပါတယ်ဘုရား…။

မေတ္တာဖြင့် အလင်းဓါတ်တွေ ထွန်းညှိပေးသောအရှင်ဘုရား
ယခုထက်ပိုမိုပြီး သာသနာပြုနိုင်ပါစေဘုရား
သူရိန်

A.
မင်္ဂလာပါ ဒကာ သူရိန်...
ဘုန်းဘုန်းရဲ့ စာတွေက စာဖတ်သူတွေအတွက် တစ်စုံတစ်ခု အကျိုးသက်ရောက်မှုကို ဖြစ်စေတယ်ဆိုတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ၀မ်းလည်းဝမ်းသာပါတယ်။ ဒကာရဲ့ အကြံပြုချက်ကို ကျေးဇူးတင်စွာလက်ခံပြီး အဆင်ပြေအောင် ဆောက်ရွက်လိုက်ပါမယ်။

မေးထားတဲ့ အမေးအတွက် ဖြေကြားပေးရမယ်ဆိုရင် သရဏဂုံကို တည်မြဲအောင် ကြိုးစားတာ အလွန်ကောင်းပါတယ်။ ဒါပေမယ့် ပုထုဇင်တွေဟာ သဒ္ဓါတရား မခိုင်မြဲသေးတဲ့အတွက် သေပြီးနောက်ဘ၀မှာ ဘာဖြစ်မယ် ဘယ်လိုဘုံမှာ ဖြစ်ရမယ်ဆိုတာ အတိအကျ ပြောနိုင်မှာမဟုတ်ပါဘူး။ အဓိကကတော့ သေခါနီးစိတ်အစဉ်ဟာ သိပ်ကိုအရေးကြီးပါတယ်။ သေခါနီးမှာ ဟိုစွဲဒီစွဲ မစွဲမိဖို့ အထူးလိုအပ်ပါတယ်။ အဲဒီလို သေခါနီးမှာ သတိမြဲဖို့အတွက် မသေခင် လေ့ကျင့်ထားတဲ့ သမထအကျင့် ၀ိပဿနာ အကျင့်ကလည်း အထူးလိုအပ်ပါတယ်။ အထူးသဖြင့် ၀ိပဿနာအကျင့်က ပိုပြီးအရေးကြီးပါတယ်။ သရဏဂုံကို မြဲမြံစွာဆောက်တည်ထားတာဟာ အလွန်ကောင်းပေမယ့် သေခါနီးကာလအထိ အဲဒီသရဏဂုံကို ဆောက်တည်ထားတဲ့ စိတ်နဲ့သေသွားနိုင်ပါ့မလားဆိုတဲ့ အချက်ကလည်း စဉ်းစားစရာပါ။ သေသွားတဲ့အထိ သရဏဂုံတည်တဲ့ စိတ်နဲ့နေနိုင်အောင် ကြိုးစားနိုင်ရင်တော့ ဘာမှ အထွေအထူး ပြောစရာမရှိဘဲ ဒီသရဏဂုံကို လုံခြုံတဲ့ စိတ်အစဉ်ကြောင့် သေပြီးနောက်ဘ၀မှာ သုဂတိဘ၀မှာ ဖြစ်မှာ အသေအချာပဲ ဖြစ်ပါတယ်။ ဗုဒ္ဓသာသနာနဲ့ ကြုံနေတဲ့ ကာလမှာ သရဏဂုံတည်တဲ့ စိတ်နဲ့သေပြီး လူ့ပြည်မှာ ဖြစ်မယ်ဆိုရင်တော့ အယူဝါဒ လွဲမှားစရာ မရှိနိုင်ပါဘူး။ သေချာပေါက် ရတာနသုံးပါးကို ကိုးကွယ်ဆည်းကပ်ခွင့်ရတဲ့ ဘ၀မှာ ဖြစ်စေမှာ အသေအချာပဲ ဖြစ်ပါတယ်။

သို့သော် အထူးသတိပြုရမှာက သေခါနီးကာလမှာ ကိုယ့်ရဲ့စိတ်အစဉ်ဟာ သရဏဂုံကို အာရုံပြုပြီး သေသွားနိုင်ပါမလား ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ အကယ်၍ သေခါနီးမှာ ဝေဒနာ ပြင်းထန်လို့ပဲ ဖြစ်ဖြစ်၊ တခြားအာရုံတစ်ခုခုကြောင့်ပဲ ဖြစ်ဖြစ် သရဏဂုံကို အာရုံမပြုနိုင်ဘဲ သတိလက်လွတ် ဖြစ်သွားမယ်ဆိုရင်တော့ သုဂတိဘ၀မှာ ဖြစ်ဖို့မလွယ်နိုင်ပါဘူး။ အပါယ်ဘုံကို ရောက်သွားမယ်ဆိုရင်တော့ ဒကာပြောသလို စစ်မှန်တဲ့ တရားဓမ္မတွေနဲ့ သွေဖီသွားနိုင်စရာ ရှိပါတယ်။ သေခါနီးမှာ သရဏဂုံကို စွဲမြဲတဲ့ စိတ်အာရုံနဲ့ သေသွားရင်တော့ သုဂတိဘ၀နဲ့ သရဏဂုံတည်မှုရယ်၊ အယူဝါဒ မှန်ကန်မှုရယ်ကတော့ လွဲနိုင်စရာ မရှိပါဘူး။

အရေးကြီးဆုံးကတော့ သရဏဂုံတည်မြဲအောင် ကြိုးစားထားတာ ကောင်းပေမယ့် ၀ိပဿနာ တရားအားထုတ်ပြီး သေဖို့ပြင်ဆင်တာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ၀ိပဿနာ အားထုတ်မှုဟာ ပါရမီအလျောက် ဒီဘ၀မှာ တရားထူးရတဲ့သူ ရှိသလို၊ မရတဲ့သူလည်း ရှိနိုင်ပါတယ်။ တရားထူးမရပေမယ့် ၀ိပဿနာတရားကို စွဲစွဲမြဲမြဲအားထုတ်ထားသူ တစ်ယောက်ဟာ သတိကတော့ မြဲနေနိုင်ပါတယ်။ သတိမြဲနေမယ်ဆိုရင် သေခါနီးမှာလည်း အခြားအာရုံအစွဲတွေ မ၀င်နိုင်အောင် ထိန်းနိုင်မှာ ဖြစ်ပါတယ်။ တရားအားထုတ်လေ့ရှိတဲ့ သူတစ်ယောက်ဟာ သေခါနီးမှာ ဝေဒနာ တစ်ခုခု ဖြစ်ခဲ့ရင်လည်း ဝေဒနာကို ရှုမှတ်တတ်တဲ့ အလေ့အကျင့် ရှိနေနိုင်တဲ့အတွက် ဝေဒနာပြင်းလေ၊ အမှတ်ပြင်းလေဖြစ်ကာ တစ်ခြား အာရုံတွေ မ၀င်နိုင်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုသတိရှိပြီး သေသွားတဲ့ သူတစ်ယောက်အတွက်တော့ သုဂတိဘ၀မှာ ဖြစ်ဖို့နဲ့ အယူဝါဒ မှန်ကန်ဖို့ဆိုတာ သေချာသလောက်ရှိပါတယ်။

ဒါကြောင့် နိဗ္ဗာန်မရမီစပ်ကြား ဘ၀တိုင်းမှာ သရဏဂုံတည်အောင် ဘယ်လိုပါရမီတွေ ဖြည့်ကျင့်ရမယ် ဆိုတာထက် ဒီဘ၀မှာပဲ သရဏဂုံတည်အောင် ကြိုးစားရင်း သတိမြဲစေတဲ့ ၀ိပဿနာတရား အားထုတ်မှုကို ကြိုးစားအားထုတ်ကာ သေခါနီးမှာ သတိခိုင်အောင်လုပ်ပြီး သုဂတိဘ၀ကို ရောက်စေနိုင်တဲ့ အထုံပါရမီကို ဖြည့်ကျင့်တာ ပိုကောင်းတယ်ဆိုတာ အကြံပြု ဖြေကြားလိုပါတယ်။

Read more »

Live Questions and Answers (11)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။

19 Sep 10, 02:30 AM
သဲသဲ
အရှင်ဘုရား... တပည့်တော်မ အပေါ်မဟုတ်မမှန်တဲ့ အကြာင်းတရားတွေနဲ့ စွပ်စွဲခြင်း ခံနေရတယ်ဘုရား။ ဖြေရှင်းလို့ကလည်း စွပ်စွဲတဲ့သူက mail ကနေတဆင့် မဟုတ်တဲ့ အကြောင်းတွေရေးပြီး တခြားလူတွေဆီ လိုက်ဖြန့်ပြီး ဂုဏ်သိက္ခာ ထိခိုက်အောင် လုပ်နေတယ်ဘုရား တပည့်တော်မ ဘယ်လိုဖြေရှင်းရင် အကောင်းဆုံး ဖြစ်မလဲဆိုတာ ရှင်းပြပေးတော်မူပါဘုရား။

19 Sep 10, 03:36 PM
မနာပဒါယီ >>> သဲသဲ
အကောင်းဆုံးကတော့ မဟုတ်မတရား စွပ်စွဲလာတာတွေနဲ့ ပတ်သက်ပြီး မြင်သမျှ၊ ကြားသမျှ အရာတွေမှာ လိုက်ပြီးခံစားမနေဘဲ အဲဒီအရာတွေကို လျစ်လျူရှုပြီး ကိုယ့်ကိုယ်ကိုသာ သူတို့စွပ်စွဲသလို မဟုတ်ဘဲ နေနိုင်အောင် ကြိုးစားတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ အကောင်းအဆိုး ဆိုတဲ့လောကဓံဟာ အမြဲတစ်သမှတ်တည်း မရှိတဲ့အတွက် ကြုံလာတဲ့ အခိုက်အတန့်မှာ ကိုယ်ဘက်က ဘယ်သူတွေ ဘာပဲပြောပြော ကောင်းတာတွေနဲ့ နေနိုင်အောင် ကြိုးစားဖို့ လိုပါတယ်။ အချိန်တန်ရင် အားလုံးပြီးသွားမှာ ဖြစ်တဲ့အတွက် အကောင်းပဲဖြစ်ဖြစ် အဆိုးပဲဖြစ်ဖြစ် ရင်ဆိုင်ခံနိုင်အောင် ကြိုးစားဖို့လိုပါတယ်။ ဒီလိုစွပ်စွဲလို့ ဒီလိုဖြေရှင်းတယ်ဆိုပြီး လိုက်ခံစား၊ လိုက်လုပ်နေရင်တော့ စွပ်စွဲတဲ့သူတွေက ဒါမဟုတ်လဲ နောက်တစ်မျိုးမျိုးနဲ့ စွပ်စွဲနေဦးမှာပါပဲ။ အဲဒီလို သူတို့က တစ်မျိုးပြီးတစ်မျိုး စွပ်စွဲနေတိုင်းသာ လိုက်ခံစား လိုက်ဖြေရှင်းနေမယ်ဆိုရင် ပြီးမှာ မဟုတ်တော့ပါဘူး။ အဓိကကတော့ ကိုယ်ကသူတို့ စွပ်စွဲသလို မဖြစ်အောင် နေပြလိုက်ဖို့ပါပဲ။ နေပြတယ်ဆိုတာထက် ကိုယ့်ကိုယ်ကို သက်သောင့်သက်သာ ဖြစ်အောင်၊ အကုသိုလ် အပြစ်မဖြစ်အောင် နေလိုက်တယ်ဆိုရင် ဒါဟာ လောကဓံကို အကောင်းဆုံး ရင်ဆိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် အချိန်တန်ရင် ပြီးသွားမှာဖြစ်တဲ့ အကောင်းအဆိုး လောကဓံ တရားတွေရဲ့ ရိုက်ခတ်မှုမှာ ကိုယ်ကိုယ်တိုင်က ယိုင်လဲမသွားစေဖို့ ကြုံလာသမျှ အကောင်းအဆိုး အခိုက်အတန့်ကို သတိနဲ့ရင်ဆိုင်ပြီး အကောင်းတွေလုပ်ခြင်းနဲ့ပဲ ကျော်လွှားကြည့်ပါလို့ အကြံပြုလိုပါတယ်။

21 Sep 10, 04:47 AM
ဘိုကိ
ဆရာတော်ဘုရား။ တပည့်တော် နိုင်ငံခြားသား ဆရာကို ဝိုင်နဲ့ ကန်တော့ခဲ့ပါတယ်။ သုရာမေရယ စာရင်းဝင်နေလို့ ဒီပစ္စည်းနဲ့ မကန်တော့ချင်ပေမယ့် အဝတ်အစားတို့ ဘာတို့က သူတို့လူမျိုးအတွက် မလိုအပ်ကြောင်း ဝိုင်သာ လက်ဆောင် ပေးသင့်ကြောင်း သူငယ်ချင်းကလဲပြော၊ တခြားပစ္စည်းလဲ မကြံတတ်တာနဲ့ ဝိုင်ပဲ ကန်တော့ခဲ့ရပါတယ်။ အပြစ်ရှိပါသလားဘုရား။

22 Sep 10, 06:09 AM
မနာပဒါယီ >>> ဘိုကိ
အပြစ်ရှိတယ်လို့ ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုပေးတဲ့လက်ဆောင်ဟာ မပေးလှူကောင်းတဲ့ အလှူငါးမျိုးဖြစ်တဲ့ (၁) မဇ္ဇဒါန = သေရည်အရက် ဘိန်းစတဲ့ ယစ်မျိုးအလှူ ၊ (၂) သမဇ္ဖဒါန = ဇာတ်၊ ရုပ်သေး၊ အငြိမ့်စတဲ့ အဆိုအတီးကချေသည် သဘင်အလှူ၊ (၃) ဣတ္ထိဒါန = ကာမအမှုအတွက် အလိုဖြည့်စေရန် မိန်းမအလှူ၊ (၄) ဥသဘဒါန = နွားမတို့အလယ်တွင် ထယ်ဝါခန့်ငြားတဲ့ နွားလား၊ နွားသိုးကြီးတို့ကို လွှတ်ပေးတဲ့ အလှူ၊ (၅) စိတ္တကမ္မဒါန = ကာမရာဂစိတ်ကို ဖြစ်ပေါ်စေတဲ့ ပန်းချီ၊ ပန်းပုရုပ် စတဲ့ သုခုမအနုပညာ အလှူ ဆိုတဲ့ အလှူထဲမှာ နံပါတ် (၁) အလှူမှာ အကျုံးဝင်နေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

23 Sep 10, 02:34 AM
ဘိုကိ
တင်ပါ့ဘုရား။ ဆင်ခြင်ပါ့မယ်။ အရက်ကို မိတ်ဆွေကို လက်ဆောင်ပေးတာနဲ့ ဆရာသမားကို ကန်တော့တာရော ဘယ်ဟာ ပိုအပြစ်ကြီးပြီး ဘယ်ဟာပို အပြစ်ပေါ့ပါသလဲဘုရား။ တပည့်တော်က ပညာသင်ပေးခြင်းနဲ့ ကူညီစောင့်ရှောက်ခြင်းအတွက် ကျေးဇူးတုံ့ပြန် ကန်တော့လိုစိတ်နဲ့ ပြုတာမို့ အပြစ်အကြီးအလေးကို သိလိုပါသည်ဘုရား။ မြန်မာဆရာတွေကို ပုဆိုးတို့ ကိတ်မုန့်တို့နဲ့ ကန်တော့သလိုမျိုးပါဘုရား...။

23 Sep 10, 02:09 PM
မနာပဒါယီ >>ဘိုကိ
ဘယ်ဟာက ပိုအပြစ်ကြီးတယ်ဆိုတာကတော့ ဒီအရက်ကို အကြောင်းပြုပြီး ဆိုးကျိုးအပြစ် အကုသိုလ်နဲ့ ကိလေသာတရားများ ပိုမိုတိုးသွားတဲ့သူကို ပေးလှူတဲ့ အဖြစ်က ပိုအပြစ်ကြီးတယ်လို့ ဆိုနိုင်ပါတယ်။ ဒီနေရာမှာ ကျေးဇူးတုံ့ ပြန်လိုတဲ့ သဘောနဲ့ ပြုတဲ့အတွက် စေတနာရည်ရွယ်ချက်က မကောင်းတဲ့ သဘောမဟုတ်လို့ အပြစ်ကြီးတယ်လို့ မပြောနိုင်ပေမယ့် ပစ္စည်းဝတ္ထုက အပ်စပ်တဲ့ ပစ္စည်းမဟုတ်တဲ့အတွက် ဗုဒ္ဓဘာသာရှုထောင့်အရ အကုသိုလ်ကို အားပေးသလို ဖြစ်စေလို့ အကုသိုလ် အပြစ်တော့ ဖြစ်နိုင်ပါတယ်။ လိုအပ်လို့ ဆေးအဖြစ်ပေးလှူတာမျိုးမှာတော့ အပြစ်မဖြစ်နိုင်ပါဘူး။ အဲလိုမှမဟုတ်ရင် ကိလေသာကိုတိုးပွားစေ၊ အကုသိုလ်အပြစ်ကို ဖြစ်ပွားစေတဲ့အတွက် အပြစ်ကတော့ ဖြစ်ပါတယ်။

26 Sep 10, 01:31 AM
သဲသဲ
ကျေးဇူးကြီးလှပါတယ် အရှင်ဘုရား။ မကောင်းကြံနေတဲ့ သူဆီကို မေတ္တာပို့ချင်ရင် ဘယ်လိုနည်းနဲ့ပို့ရင် အကောင်းဆုံးဖြစ်မလဲဆိုတာ ရှင်းပြပေးတော်မူပါ အရှင်ဘုရား..။

26 Sep 10, 03:25 PM
မနာပဒါယီ >>သဲသဲ
ကိုယ့်ကိုမကောင်းကြံတဲ့ သူရဲ့အပေါ်မှာ တကယ့်ကို အကျိုးလိုလားတဲ့ စိတ်နဲ့ သူ့ရဲ့အသွင်အပြင် အမူအရာကို စိတ်မှာထင်မြင်အောင် အာရုံပြုပြီး ဘေးရန်ကင်းပါစေ၊ ကိုယ်ဆင်းရဲခြင်း ကင်းပါစေ၊ စိတ်ဆင်းရဲခြင်းကင်းပါစေ၊ ချမ်းသာစွာ မိမိခန္ဓာဝန်ကို ဆောင်နိုင်ပါစေလို့ ထပ်ခါထပ်ခါ မေတ္တာပွားကြည့်နိုင်ပါတယ်။ ဒါပေမယ့် ပုထုဇဉ်တွေရဲ့ သဘာဝအရ ကိုယ့်ကိုမကောင်းကြံမှန်း သိနေရဲ့နဲ့ သူ့အပေါ်စိတ်ကောင်းထားပြီး မေတ္တာပွားဖို့ဆိုတာ အတော် မလွယ်တဲ့ ကိစ္စပါ။ ဒါကြောင့် သူ့ကို မေတ္တာမပွားခင် ကိုယ့်ကိုယ်ကို အရင် ဘေးရန်ကင်းဖို့၊ ကိုယ်၊ စိတ်ဆင်းရဲ ကင်းဖို့စသဖြင့် မေတ္တာပွားပြီး ကိုယ့်စိတ်လေးက နူးညံ့လာတဲ့အခါမှ ကိုယ့်အပေါ်မကောင်းကြံတဲ့သူကို ကိုယ့်လိုသဘောထားပြီး သူ့အပေါ် မေတ္တာပွားကြည့်မယ်ဆို ပိုပြီးထိရောက်နိုင်ပါတယ်။ အဓိကကတော့ သူ့အပေါ်ဘာအာဃာတမှ မရှိဘဲ တကယ့်ကို သူ့အကျိုးလိုလားတဲ့ စိတ်နဲ့သူ့ကိုမြင်အောင် အာရုံပြုပြီး ပွားကြည့်ဖို့ပါပဲ။ အဲဒီလို စိတ်နဲ့သာ ထပ်ခါထပ်ခါ ပွားများကြည့်မယ်ဆိုရင် အကျိုးသက်ရောက်မှု ဖြစ်လာမှာ အမှန်ပဲ ဖြစ်ပါတယ်။

Read more »

Live Questions and Answers (10)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။

13 Sep 10, 12:30 AM
ထက်
(၁) တပည့်တော် သိတဲ့သူ အချို့က 'သူတပါးအပေါ် မကောင်းတာ မလုပ်ဖူး' ဆိုတာနဲ့တင် ပြီးနေပါတယ် ဘုရား။ ဒါနကတော့ လုပ်ပါတယ် ဘုရား။ သီလကတော့ ငါးပါးသီလပါ အထူးတလည်တော့ မစောင့်ပါဘူး ဘုရား။ ဘာဝနာကတော့ ပုတီးစိပ် ဂုဏ်တော်ပွါးပါတယ် ဘုရား။ ဝိပဿနာ တရား မနာ အားမထုတ်ပါ ဘုရား။ လူကြီးတွေဆိုတော့ စိတ်ဆိုးမှာစိုးတာ ပြောရခက်ပါတယ် ဘုရား။ အနည်းဆုံး စိတ်ထားမှန် အယူမှန်စေချင် ပါတယ်ဘုရား...။

မနာပဒါယီ>>>ထက်
(၁) ၀ိပဿနာ ဘာဝနာကို ပွားများအားထုတ်နိုင်ရင်တော့ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့က ပင်ကိုယ်သဒ္ဓါတရားရယ်၊ ပါရမီရယ်တွေကြောင့် ၀ိပဿနာတရား အားထုတ်တာထက် တစ်ခြားကုသိုလ်တွေကို လုပ်ရတာ ပိုဝါသနာ ပါလေ့ရှိပါတယ်။ အဲဒီလို အခါမျိုးမှာ ကိုယ့်အနေနဲ့ကတော့ ၀ိပဿနာ ဘာဝနာအားထုတ်ဖို့ တိုက်တွန်းတဲ့အခါ ကိုယ့်ကိုယ်တိုင်လည်း အပြစ်မဖြစ်အောင် လူကြီးသူမတွေလည်း အကုသိုလ် မဖြစ်အောင် အတတ်ဆုံး သင့်လျော်သလို တိုက်တွန်းပြောဆို လုပ်ဆောင်တာ ကောင်းပါတယ်။ တစ်ခါတစ်လေ အချိန်အခါမသင့်၊ ကျွတ်ချိန်မသင့်သေးရင်လည်း ဘယ်သူက ဘယ်လောက်ပြောပြော မရတတ်ဘဲ သူ့အချိန်ကျရင် သူ့အလိုလို ပြောင်းလဲလာတတ်တာတွေ ရှိတတ်တဲ့အတွက် တိုက်တွန်းတဲ့ကိုယ်ကပဲ နှစ်ဘက်အပြစ်မဖြစ်အောင် လုပ်ဆောင်သင့်ပါတယ်။ တဖက်ကပြန်ကြည့်တော့လည်း ၀ိပဿနာ တရားသာ အားမထုတ်တာ ကျန်တဲ့ ကံငါးပါးလုံတာတို့၊ မကောင်းမှု မလုပ်တာတို့၊ ဂုဏ်တော်ပွားတာတို့ လုပ်လေ့ရှိတဲ့အတွက် ဒီဘ၀မှာ တရားထူး မရနိုင်ပေမယ့် သံသရာမှာ သုဂတိဘ၀မှာ ဖြစ်ဖို့ အားတွေအများကြီး ဖြစ်စေတဲ့အတွက် ဖြေမယ်ဆိုရင် ဖြေလို့ရပါတယ်။ ဘယ်သူတွေ ဘယ်လောက်ပဲ တိုက်တွန်းပါစေ ကာယကံရှင်ကိုယ်တိုင်က အဓိကပဲ ဖြစ်တဲ့အတွက် တိုက်တွန်းပြုပြင်သူ အနေနဲ့ကတော့ စွမ်းနိုင်သလောက်နဲ့ပဲ ကျေနပ်နိုင်အောင် ကြိုးစားတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

ထက်
(၂) တပည့်တော်ကလည်း ခုမှ တရားနာဖြစ်ရုံပါဘုရား။ မှန်မှန်အားထုတ်ဖြစ်အောင် သတိထားပြီး ကြိုးစားနေပါတယ် ဘုရား။ တပည့်တော်တို့ တရားနာ အားထုတ်တဲ့အခါ တပါးသူတွေ အကုသိုလ်မဖြစ်အောင် ဘယ်လိုရှောင်ပြီး ပြောဆိုသင့်ပါသလဲဘုရား...။

မနာပဒါယီ>>>ထက်
(၂) တရားနာ၊ တရားအားထုတ်တာ သူများတွေ အကုသိုလ် မဖြစ်အောင် ဘယ်လိုလုပ်သင့်တယ် ဆိုတာထက် ကိုယ့်ကိုယ်ကို အကုသိုလ်မဖြစ်အောင် အရင်လုပ်ကြည့်သင့်ပါတယ်။ သူများကို ဂရုစိုက်တာထက် ကိုယ့်ကိုယ်ကို ဂရုစိုက်တာ ပိုကောင်းပါတယ်။ သူများကို ပြင်တာထက် ကိုယ့်ကိုယ်ကို အရင်ပြင်တာက ပိုသင့်ပါတယ်။ တရားအားထုတ်တဲ့အတွက် သူများတွေက ဘယ်လိုပဲ ပြောဆိုနေထိုင် ဆက်ဆံကြပါစေ ကိုယ်ကိုယ်တိုင်က အဲဒါတွေ အပေါ်မှာ လိုက်ပြီး အကုသိုလ် မဖြစ်မိစေဖို့၊ ဘာပဲဖြစ်ဖြစ် သီးခံနိုင်အောင် ကြိုးစားဖို့ အရေးကြီးပါတယ်။ တရားအားမထုတ်ခင်က ကိုယ့်ရဲ့အမူအရာတွေကို တရားအားထုတ်ပြီးတဲ့နောက် ပြောင်းနိုင်အောင် ကိုယ့်ကိုယ်ကို အရင်ကြိုးစားကြည့်သင့်ပါတယ်။ တရားအားထုတ်ကြည့်တဲ့ နောက်ပိုင်း ကိုယ့်ရဲ့ ကာယကံ၊ ၀စီကံ၊ မနောကံတွေဟာ သိသိသာသာ ပြောင်းလဲနူးညံ့လာတယ်၊ အရင်က ဖြစ်တတ်တဲ့ မကောင်းတဲ့ အမူအကျင့်လေးတွေကို ထိန်းသိမ်းလာနိုင်တယ်ဆိုရင် ကိုယ့်ကိုကြည့်တဲ့ သူတပါးတွေကလည်း အလိုလို ပြောင်းလဲလာပါလိမ့်မယ်။ ကိုယ်က အမှန်အကန် နူးညံ့ပျော့ပြောင်းလာတဲ့သူ ဖြစ်လာတယ်ဆိုရင် သူတပါးတွေကလည်း ကိုယ့်ကိုကြည့်ပြီး အကုသိုလ်ဖြစ်ကြမှာ မဟုတ်ကြပါဘူး။ ကိုယ့်ဘက်က အတတ်နိုင်ဆုံး ပြုပြင်ကြည့်လို့မှ သူတပါးတွေက မပြောင်းဘဲ ရှိနေတယ်ဆိုတော့ သဗ္ဗေသတ္တာ ကမ္မဿကာလို့ပဲ သဘောထားရမှာ ဖြစ်ပါတယ်။ အဓိကကတော့ ကိုယ်ကိုယ်တိုင် အကုသိုလ် မဖြစ်မိဖို့ပဲ ဖြစ်ပါတယ်။

ထက်
(၃) ပဋိစ္စသမုပ္ပါဒ်သဘောကို နားမလည်ရင် မိစ္ဆာဒိဋ္ဌိလို့ ခေါ်တာလား ဘုရား တရား သံဃာ အပြင်တခြား ယုံကြည်တာကို မိစ္ဆာဒိဋ္ဌိလို့ခေါ်တာလား ဘုရား။ မိစ္ဆာ ဒိဋ္ဌိဆိုတာ ရှင်းပြပေးပါဘုရား။

မနာပဒါယီ>>>ထက်
(၃) မိစ္ဆာဒိဋ္ဌိဆိုတာ မှားယွင်းဖောက်ပြန်ပြီး မြင်တာကို ပြောတာဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ကံကံရဲ့ အကျိုးကိုပယ်ပြီး လွဲမှားစွာ ယုံကြည်မှုလို့ နားလည်ထားနိုင်ပါတယ်။ နဲနဲချဲ့ပြောမယ်ဆိုရင် ခန္ဓငါးပါးမှာ တစ်ပါးပါးကို အတ္တဟု စွဲလမ်းတတ်တဲ့ သက္ကာယဒိဋ္ဌိလို အယူမျိုး၊ နောက်နောက်ဘ၀၌ အကျိုးမရှိဟု အကျိုးဝိပါက်ကို တားမြစ်လေ့ရှိတဲ့ နတ္ထိကဒိဋ္ဌိလို အယူမျိုး၊ သတ္တ၀ါတွေဟာ သေရင်ပြတ်ပြီ ဘာမှ မရှိတော့ဘူးလို့ အယူရှိတဲ့ ဥစ္ဆေဒဒိဋ္ဌိလို အယူမျိုး၊ အကြောင်းလည်းမရှိ အကျိုးလည်းမရှိဟု အကြောင်းအကျိုး နှစ်မျိုးလုံးကို တိုက်ရိုက်ပယ်တဲ့ အဟေတုကဒိဋ္ဌိလို အယူမျိုး၊ ကောင်းမှု မကောင်းမှုကို ပြုသော်လည်း ပြုအပ်သည်မမည်၊ ပြုရာမရောက်လို့ အကြောင်ကံကို တားမြစ်တတ်တဲ့ အကြိယဒိဋ္ဌိလို အယူမျိုးကို မိစ္ဆာဒိဋ္ဌိ အယူလို့ ပြောတာဖြစ်ပါတယ်။ စာပေမှာတော့ ဒိဋ္ဌိအမျိုးမျိုးကို ဖွင့်ပြထားပေမယ့် အဓိက ကမ္မပထမြောက်တဲ့ အယူတွေကတော့ နတ္ထိကဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိ၊ အကြိယဒိဋ္ဌိသုံးမျိုးပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုအကြောင်းအကျိုး၊ ကံကံရဲ့ အကျိုးတွေကို ပယ်တဲ့အယူဝါဒမျိုးကို ဒီနေရာမှာ မိစ္ဆာဒိဋ္ဌိလို့ ဆိုခြင်းဖြစ်ပါတယ်။

ထက်
(၄) အရှင်ဘုရား တပည့်တော် အလုပ်အားတဲ့အခါ အသံကြားတာ မြင်တာ လှုပ်ရှားတာ စိတ်မှာစဉ်းစားတာဖြစ်ဖြစ် ဖြစ်ပြီး ပျက်သွား ဆင်ခြင်ရင် ဝိပဿနာလား သတိပဋ္ဌာန်လား ဘုရား။ ဘယ်လို ကွဲလဲ ဆိုတာ ရှင်းပြပေးပါ ဘုရား...။

မနာပဒါယီ>>>ထက်
(၄) ၀ိပဿနာနဲ့ သတိပဋ္ဌာန်ဆိုတာ ဝေါဟာရ အသုံးအနှုန်းပဲ ကွဲပြားတာ ဖြစ်ပါတယ်။ ဆိုလိုရင်းအဓိပ္ပါယ်က အတူတူပါပဲ။ သတိပဋ္ဌာနသုတ်မှာ လာတဲ့နည်းအတိုင်း ရုပ်နာမ်တွေရဲ့ အဖြစ်အပျက်တွေကို အရှိအတိုင်း အမှတ်သတိ မလွတ်စေဘဲ ရှုမှတ်ပွားများနေတာကိုပဲ ၀ိပဿနာ ရှုမှတ်တယ်လို့ ဆိုတာဖြစ်ပါတယ်။ ဒါကြောင့် တစ်ချို့က ဒီလိုတရားအားထုတ်တာကို သတိပဋ္ဌာန် ၀ိပဿနာနည်းလို့ ဆိုကြတာ ဖြစ်ပါတယ်။ ဝေါဟာရ အဓိပ္ပါယ်အရ ပြောမယ်ဆိုရင်တော့ ၀ိပဿနာဆိုတာ အထူးထူးအပြားပြား မြင်တာကြည့်တာ ရှုမှတ်တာ၊ တစ်နည်းအားဖြင့် ရုပ်နာမ်တရားတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ရှုမှတ်တာလို့ အဓိပ္ပါယ်ရပြီး သတိပဋ္ဌာန် ဆိုတာကတော့ သတိကပ်ပြီးတည်တာ၊ သတိမလွတ်တာ၊ သတိကို ကောင်းစွာဆောက်တည်တာလို့ အဓိပ္ပါယ်ရပါတယ်။ အာရုံအမျိုးမျိုးကို မြင်တယ်ကြည့်တယ်ဆိုတာ သတိရှိမှ မြင်နိုင်ကြည့်နိုင်မှာ ဖြစ်သလို ရုပ်နာမ်မှာ ဖြစ်ပျက်တာတွေကို ကြည့်ဖို့ဆိုတာလည်း သတိကို ကောင်းစွာဆောက်တည်မှသာ မြင်နိုင်ကြည့်နိုင်မှာ ဖြစ်တဲ့အတွက် အချုပ်ပြောရင် ၀ိပဿနာပဲ ဖြစ်ဖြစ်၊ သတိပဋ္ဌာန်ပဲ ဖြစ်ဖြစ် ရုပ်နာမ်တို့ရဲ့ အဖြစ်အပျက်ကို ဖြစ်စဲဖြစ်ခိုက် ပေါ်စဲပေါ်ခိုက်မှာ အရှိအတိုင်း သတိနဲ့ လိုက်လိုက်ပြီး သိမှတ်ပေးနေမှုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ ပြောချင်တာကတော့ မေးခွန်းရှင်မေးသလို အသံကြားတာ မြင်တာ လှုပ်ရှားတာ စိတ်မှာစဉ်းစားတာဖြစ်ဖြစ် ဖြစ်ပြီး ပျက်သွား ဆင်ခြင်ရင်တာတွေဟာ သတိပဋ္ဌာန်လို့ ဆိုလည်းဖြစ်သလို ၀ိပဿနာလို့လည်း ဆိုလည်းရတဲ့ သတိပဋ္ဌာန် ၀ိပဿနာနည်းပဲ ဖြစ်တယ်ဆိုတာပါပဲ။

ထက်
(၅) အရှင်ဘုရား လူကြီးမိဘတွေကို တရားအားထုတ်ဖို့ တရားနာဖို့ကို သိရဲ့နဲ့ မပြောရင် ပြောလို့မရရင် မပြောတော့ဘူးဆိုရင် ကျေးဇူးမဆပ်ရာရောက် ပါသလားဘုရား။ စိတ်စေတနာက အဓိကဆိုပေမယ့် အပြောမတတ်တော့ တပည့်တော်ရော လူကြီးတွေပါ အကုသိုလ်ဖြစ်မှာ စိုးပါတယ် ဘုရား...။

မနာပဒါယီ>>>ထက်
(၅) မိဘကျေးဇူးဆပ်နည်း အမျိုးမျိုး ရှိတဲ့အထဲမှာ တရားနဲ့ ကျေးဇူးဆပ်ခြင်းကတော့ အကောင်းဆုံး နည်းပဲဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့ မိဘတွေက ပင်ကိုယ် ဓာတ်ခံက သဒ္ဓါတရား နည်းတတ်သလို၊ ပါရမီလည်း နည်းတတ်တဲ့အတွက် တရားနဲ့ ပတ်သက်ပြီး ပြောမရတာတွေ ရှိတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ သားသမီးက ဘယ်လိုပဲပြောပြော နားမ၀င်တတ်ဘဲ ကြာရင်အပြစ်တောင် ဖြစ်တတ်ပါတယ်။ သူတို့ကိုယ်တိုင် အချိန်ကျလာလို့ သိလာမှပဲ အကျိုးသက်ရောက်မှု ရှိမှာပါ။ ကိုယ့်အနေနဲ့ကတော့ ကုသိုလ်လုပ်ဖြစ်အောင်၊ တရားအားထုတ်ဖြစ်အောင် တစ်ဘက်တစ်လမ်းကပဲ တိုက်တွန်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလို တရားနဲ့ ပတ်သက်ပြီး ကျေးဇူးမဆပ်နိုင်တဲ့ အတွက် မိဘကျေးဇူးကို ဆပ်ရာမရောက်ဘူးလို့ ပြောလို့ မရပါဘူး။ သားသမီးဝတ်တရားနဲ့ အညီပံ့ပိုး လုပ်ဆောင်ပေးနေတာလည်း လောကကြောင်းအရ ကျေးဇူးဆပ်တာလို့ ပြောနိုင်ပါတယ်။ မိဘကျေးဇူးကို အကျေဆပ်ဖို့ကတော့ တရားနဲ့ ဆပ်မှပဲ ကျေနိုင်တယ်လို့ ပြောလို့ရပေမယ့် တစ်ခြားလောကကြောင်းအရ လိုအပ်သလို ပြုစုလုပ်ကျွေး ဆောင်ရွက်ပေးတာတွေလည်း ကျေးဇူးဆပ်နေတာပဲ ဖြစ်ပါတယ်။ တရားဘာဝနာ အားထုတ်ဖို့ မပြောနိုင်ပေမယ့် ဒါနလုပ်နိုင်အောင် သီလဆောက်တည်နိုင်အောင် တခြားကုသိုလ် တစ်မျိုးမျိုး လုပ်နိုင်အောင် ပံ့ပိုးထောက်ပံ့ပေးတာလည်း ကျေးဇူးဆပ်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခြေအနေကိုကြည့်ပြီး လောကကြောင်းအရ ကျေးဇူးဆပ်လို့ရတဲ့အခါ လောကကြောင်းအရ ကျေးဇူးဆပ်ပြီး ဓမ္မကြောင်းအရ ကျေးဇူးဆပ်လို့ရတဲ့အခါ ဓမ္မကြောင်းအရ ကျေးဇူးဆပ်ကြည့်ပါလို့ အကြံပြုလိုပါတယ်။

Read more »

Live Questions and Answers (9)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။

22 Aug 10, 08:44 AM
ashinwimalawuntha
အရှင်ဘုရား ငရဲသူ ငရဲသားတွေကို ငရဲထိန်းဆိုသူက ညှဉ်းပန်းနှိပ်စက်ကြတော့ အဲဒီကံကြွေးတွေကို ငရဲထိန်းများ တစ်ဖန်ပြန်ခံရပါသလား၊ ဘယ်လိုကံတွေကိုလုပ်ခဲ့လို့ ငရဲထိန်းတွေက ငရဲသူ ငရဲသားများကို နှိပ်စက်ခွင့်ရပါသလဲဘုရား..။

25 Aug 10, 05:24 AM
မနာပဒါယီ >>Ashin Vimala
ယမမင်းတို့ ငရဲထိန်းတို့ဆိုတာ စာမဟာရာဇ်နတ်စာရင်းမှာ ပါဝင်တဲ့ ဝေမာနိကပြိတ္တာ၊ နတ်ဘီးလူး၊ နတ်ရက္ခိုရ်များ ဖြစ်တယ်လို့ ဘာသာဋီကာ ဆရာတော်ကတော့ ဆိုပါတယ်။ ယမမင်းဆိုရင် ဝေမာနိကပြိတ္တာမင်းဖြစ်ပြီး တစ်ခါတစ်လေ နတ်စည်းစိမ်ဥစ္စာခံစားပြီး တစ်ခါတစ်ရံ ရိုးရိုးပြိတ္တာတွေလိုပဲ မကောင်းမှုအကျိုးကို ခံစားရတယ်လို့ ဆိုပါတယ်။ ယမမင်းဟာ ငရဲပြည်ရောက်လာတဲ့ သူတွေကို ကုသိုလ်ကောင်းမှု ပြုခဲ့မှုရှိမရှိ တရားမျှတအောင် စစ်ပေးရတဲ့အတွက် တရားစောင့်မင်းကောင်းလို့တောင် ပြောနိုင်ကြောင်းလည်း ဘာသာဋီကာမှာ အဆိုရှိထားတာ တွေ့ရပါတယ်။ အဲဒီလိုပဲ ငရဲထိန်းတွေဟာလည်း ငရဲခံရတဲ့သူတွေကို တာဝန်အရ သတ်ပုတ်နှိပ်စက်ပေးရတာ ရှိပေမယ့် သူတို့လည်း သာတစ်ခါ စံတစ်လှည့်ရှိပါတယ်။ တာဝန်အရ သတ်ပုတ်ပေးရပေမယ့် စေတနာမပါတဲ့အတွက် ဒီကံတွေကြောင့် တန်ပြန်သက်ရောက်မှု မရှိနိုင်ဘူးလို့ ဆိုပါတယ်။ ငရဲထိန်းများဟာ ငရဲခံရမယ့်သူတွေကို ငရဲမီးစတာတွေနဲ့ လောင်မြိုက်စေရပေမယ့် ဒီငရဲမီး စတာတွေဟာလည်း ကံကြောင့်ဖြစ်တဲ့ ကမ္မပစ္စယဥတုဇရုပ်များ ဖြစ်တဲ့အတွက် ခံရမယ့်သူကိုပဲ ပူစေပြီး ငရဲထိန်းတွေကို ပူလောင်မှု မဖြစ်စေဘူးလို့ ဆိုပါတယ်။ ဒီအချက်အရ ငရဲထိန်းတွေဟာ ဒီငရဲထိန်းဘ၀ကို ရနေတာကိုက သူတို့ရဲ့ ကံတစ်ခုခုကြောင့်ဖြစ်နေပြီး ဒီဘ၀မှာ ငရဲထိန်းအလုပ်ကို လုပ်နေရတာတွေဟာလည်း ကံကြွေးတွေကို ဆပ်နေရတာ ဖြစ်တဲ့အပြင် စေတနာနဲ့ လုပ်နေကြတာ မဟုတ်တဲ့အတွက် ဒီကံတွေကြောင့် တန်ပြန်သက်ရောက်မှု မရှိနိုင်ဘူးလို့ နားလည်နိုင်ပါတယ်။ အကျယ်ကိုတော့ သင်္ဂြီုဟ်ဘာသာဋီကာမှာ လေ့လာနိုင်ပါတယ်။

3 Sep 10, 06:04 PM
မီ
ဒု-သ-န-သော ပို.စ် လေးကိုဖတ်ပြီး တစ်ခုမေးလျှောက်ပါရစေပါဘုရား။ အိမ်ထောက်ရှိလျှက် တခြားသော အမျိုးသမီးနှင့်ဖောက်ပြန်တတ်သော ယောက်ကျားနှင့် အိမ်ထောင်ရှိမှန်းသိလျှက် ထိုယောက်ကျားနှင့် ဖောက်ပြန်တတ်သော မိန်းမ မည်သူသည် ဒု-သ-န-သော ဖြစ်ပါသလဲ သိပါရစေ ဘုရား...

3 Sep 10, 07:48 PM
မနာပဒါယီ >>> မီ
ဒီနေရာမှာ အကယ်၍ အမျိုးသမီးကလည်း အိမ်ထောင်ရှိတယ်ဆိုရင် နှစ်ဦးလုံး ဒု သ န သော ဖြစ်ပါတယ်။ အမျိုးသမီးက ကာမပိုင်လင်ယောက်ျား မရှိဘူးဆိုရင်တော့ အိမ်ထောင်ရှိပြီး ဖောက်ပြန်တတ်တဲ့ အမျိုးသားပဲ ဒု သ န သော ဖြစ်ပါတယ်။ အမျိုးသားများ အနေနဲ့ မိမိက အိမ်ထောင်ရှိပြီးသား ဆိုရင် ဘယ်လိုအမျိုးသမီးကိုမှ မသွားလာအပ်ပါဘူး။ သွားလာရင် ဒု သ န သော ဖြစ်ပါတယ်။ ဒီပို့စ်လေးကို ပြန်ဖတ်ကြည့်ပါ http://www.venvicitta.com/2010/07/prostitute.htm


5 Sep 10, 05:31 PM
မီ
အရှင်ဘုရား... တပည့်တော် ခွင့်လွှတ် လျစ်လျူရှု တတ်သူဖြစ်ချင်ပါတယ်။ မည်ကဲ့သို စိတ်နှလုံးသွင်း နေထိုင်ရမည်ကို သင်ပြပေးတော်မူပါဘုရား။

6 Sep 10, 04:26 AM
မနာပဒါယီ >>> မီ
ကိုယ့်စိတ်ကို အကောင်းဆုံး ထိန်းချုပ်ပြုပြင်နိုင်အောင် ကြိုးစားဖို့ လိုပါတယ်။ တွေ့ကြုံရတဲ့ အာရုံတွေမှာ အပြစ်မဖြစ်၊ အကုသိုလ် မဖြစ်အောင် တွေးမြင်တတ်တဲ့ ယောနိသော မနသိကာရ ရှိအောင် ကြိုးစားဖို့ လိုပါတယ်။ အရာရာကို အကုသိုလ်ဖြစ်စေတဲ့ အတွေးအကြည့်တွေနဲ့ မကြည့်ဘဲ အကောင်းဘက်က မြင်တတ်တဲ့ အလေ့အကျင့်လေးနဲ့ လေ့ကျင့်နေထိုင်သင့်ပါတယ်။ အထူးသဖြင့် စိတ်အစဉ်ကို သမထဘာဝနာ၊ ၀ိပဿနာ တစ်ခုခုကို စွဲစွဲမြဲမြဲ အားထုတ်ပြီး ထိန်းချုပ်နိုင်အောင် ကြိုးစားသင့်ပါတယ်။ အရာရာကို ခွင့်လွှတ်နိုင်ဖို့အတွက် မေတ္တာဘာဝနာကို အထူးပြုပွားများကြည့်ပြီး ဥပေက္ခာနဲ့ နေနိုင်ဖို့အတွက် ဥပေက္ခာဘာဝနာကိုလည်း ပွားများကြည့်သင့်ပါတယ်။ အလွယ်ပြောရရင် သမထဘာဝနာနဲ့ ၀ိပဿနာဘာဝနာကို နိုင်နိုင်ပွားနိုင်အောင် ကြိုးစားပြီး ကိုယ်ဖြစ်ချင်တဲ့သူ ဖြစ်အောင် ကြိုးစားအားထုတ်ကြည့်ပါလို့ အကြံပြုလိုပါတယ်။

11 Sep 10, 07:42 PM
Undertaker
အရင်ဘုရား တပည့်တော်မရှင်းတဲ့ အကြောင်းအရာလေးတွေကို မေးပါရစေဘုရား... ၁။ လူတယောက်ဟာ ဒေါသစိတ်ဖြစ်လိုက်တာနဲ့အကုသိုလ်ကံ ကျူးလွန်မိသွားပြီလို့ ဆိုနိုင်ပါသလား ဘုရား…။ ၂။ ဒေါသစိတ်ဟာ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၂-ပါးထဲမှာ ဘယ်ထဲမှာ ပါတယ်ဆိုတာ သိပါရစေဘုရား..။

12 Sep 10, 06:01 PM
မနာပဒါယီ >>> Undertaker
၁။ ဒေါသစိတ်ဟာ အကုသိုလ်စိတ်ဖြစ်ပေမယ့် ဒေါသဖြစ်ရုံနဲ့ အကုသိုလ်ကံကို ကျူးလွန်လိုက်ပြီလို့ ပြောလို့မရပါဘူး။ စိတ်မှာဒေါသစိတ် ဖြစ်ခြင်းဟာ မနောကံအဆင့်မှာပဲ ရှိနေသေးတဲ့အတွက် ဒေါသဖြစ်တဲ့အတွက် စိတ်မှာအကုသိုလ် ဖြစ်ပေမယ့် တကယ့်အကုသိုလ်ကံ ကျူးလွန်မှုကတော့ နှုတ်နဲ့ကျူးလွန်မှု ၀စီကံအဆင့်၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှု ကာယကံအဆင့် ရောက်မှကျူးလွန်ရာ ရောက်တယ်လို့ ပြောနိုင်ပါတယ်။ ဒေါသစိတ်ဖြစ်တဲ့ ပုဂ္ဂိုလ်ဟာ ဒေါမနဿဝေဒနာတော့ ခံစားရပါတယ်။ ဒေါသရဲ့သဘောက မိမိကိန်းရာ သတ္တ၀ါကို နှိပ်စက်ဖျက်စီးတတ်တဲ့ သဘောရှိတဲ့အတွက် ဒေါသစိတ်ဖြစ်ရင် ဖြစ်တဲ့ပုဂ္ဂိုလ်ကို အရင်ဆုံးပူလောင်မှု ဝေဒနာကို ဖြစ်စေတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဒေါသစိတ်နဲ့ သေရင်တော့ မကောင်းတဲ့အကုသိုလ် အကျိုးကိုတော့ ခံစားရမှာဖြစ်ပါတယ်။ ဆိုလိုတာက စိတ်မှာဒေါသဖြစ်ရုံနဲ့ အကုသိုလ်ကံ ကျူးလွန်ရာရောက်တယ်လို့ မဆိုနိုင်ဘဲ ဒီဒေါသကို အကြောင်းပြုပြီး မကောင်းမှုဒုစရိုက်ကို ၀စီကံမြောက်၊ ကာယကံမြောက် ကျူးလွန်မှသာ အကုသိုလ်ကံကို ကျူးလွန်ရာ ရောက်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

၂။ ဒေါသစိတ်ကို ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂ပါးမှာ ဘယ်မှာထည့်သွင်းရမယ်လို့ တိတိကျကျ ပြောဖို့ခက်လှပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးဟာ ဆက်စပ်နေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အနီးစပ်ဆုံးနဲ့ အတိကျဆုံးအဖြစ် ထည့်သွင်းကြည့်မယ်ဆိုရင်တော့ သင်္ခါရနဲ့ ဘ၀မှာ ထည့်သွင်းလို့ ရနိုင်ပါတယ်။ သင်္ခါရမှာဖွင့်ဆိုတဲ့ အပုညာဘိသင်္ခါရအရ အကုသိုလ်စိတ် ၁၂ပါးမှာယှဉ်တဲ့ စေတနာကို ကောက်ယူရမယ်လို့ ဆိုထားသလို ဘ၀အဖွင့်မှာပါတဲ့ ကမ္မဘ၀အရလည်း အကုသိုလ်စိတ် ၁၂ပါး၊ မဟာကုသိုလ်စိတ် ၈ပါး၊ မဟဂ္ဂုတ်ကုသိုလ်စိတ် ၉ပါးမှာယှဉ်တဲ့ စေတနာကံကို ကောက်ယူရမယ်လို့ ဆိုထားတဲ့အတွက် အကုသိုလ်စိတ်မှာ အကျုံးဝင်တဲ့ ဒီဒေါသစိတ်ကိုလည်း သင်္ခါရနဲ့ဘ၀မှာ ထည့်သွင်းနိုင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

Read more »

Live Questions and Answers (8)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။

2 Aug 10, 01:00 AM
အတီး
၁၀ ပါးသီလ ဆောက်တည်ချင်ရင် လက်ဝယ်ရှိငွေကို တစ်နေရာရာ သိမ်းထားပြီး ယူမသုံးဘဲ ရက်အကန့်အသတ်နဲ့ နေပြီး ဆောက်တည်လို့ ရပါလားဘုရား။

2 Aug 10, 05:52 AM
မနာပဒါယီ >>>အတီး
ဆောက်တည်လို့ ရပါတယ်။ အဓိကကတော့ သီလဆောက်တည်ထားတဲ့ အချိန်မှာ ရွှေငွေပိုက်ဆံကို ကိုင်ခြင်းကို မပြုဖို့ဘဲ ဖြစ်ပါတယ်။ ဥပုသ်သီလ ဆောက်တည်သလိုမျိုးပေါ့။ ဥပုသ်နေ့တစ်နေ့မှာ အဲဒီသီလတွေကို ထိန်းနေဖို့ပဲ ဖြစ်သလို ဆယ်ပါသီလကိုလည်း ကိုယ်သတ်မှတ်တဲ့ အချိန်ကာလအတောအတွင်း လိုက်နာကျင့်သုံး နေထိုင်နေဖို့ပဲ ဖြစ်ပါတယ်။

5 Aug 10, 07:30 PM
အတီး
အချို့ အိပ်ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ အပြင်းစား အကိုက်အခံပျောက်ဆေးတွေက ကြာကြာသောက်ရင် စွဲတတ်ပါတယ်။ မူးယစ်ဆေး အာနိသင် ပါတဲ့ဆေးတွေလဲ ပါပါတယ်။ ဆရာဝန်က သောက်ခိုင်းလို့ သောက်ရင် သူရာမေရယ သိက္ခာပုဒ် ထိခိုက်နိုင်ပါလားဘုရား...

6 Aug 10, 05:19 AM
မနာပဒါယီ >>အတီး
တမင်တကာ မူးယဇ်လိုတဲ့အတွက် သောက်သုံးတာမဟုတ်ဘဲ ကျန်းမာရေးအရ၊ လိုအပ်လို့ ဆရာဝန် ညွန်ကြားတဲ့ အတိုင်း သောက်သုံးတာဟာ သုရာမေရယ သိက္ခာပုဒ်ကို မထိခိုက်ပါဘူး။ အပြစ်လည်း မဖြစ်၊ ကံလည်း မမြောက်ပါဘူး။

9 Aug 10, 02:17 AM
ဇေယျာ
၉ ပါးသီလကို ၈ ပါးသီလနဲ့ အတူတူပဲ၊ မေတ္တာက ဘာဝနာမို့ သီလထဲ ထည့်စရာ မလိုလို့ ဖတ်ရဖူးပါတယ်။ ၉ ပါး စောင့်ရမလား ၈ ပါးစောင့်ရမလား ဘုန်းဘုန်း...

9 Aug 10, 02:57 AM
မနာပဒါယီ >>> ဇေယျာ
စာပေမှာ ကိုပါးသီလအဖြစ် မေတ္တာပွားပြီး နေထိုင်ခြင်းကို သီလတစ်ခုအနေနဲ့ ဆောက်တည်နိုင်ကြောင်း ဖော်ပြပါတယ်။ ဒါပေမယ့် ဆောက်တည်ပြီး မေတ္တာမပွားနိုင်ရင် သီလသိက္ခာပုဒ်ကို ထိခိုက်နိုင်တဲ့အတွက် ၈ပါးသီလကို ဆောက်တည်ပြီး စွမ်းနိုင်သမျှ မေတ္တာပွားပြီး နေနိုင်မယ်ဆိုရင် သာမန်လူတွေအနေနဲ့ ပိုမိုကောင်းမွန် သင့်လျော်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် ၈ပါးသီလပဲ ဆောက်တည်ပြီး အချိန်ရရင် မေတ္တာပါ ပွားပြီးနေကြည့်စေလိုပါတယ်။

15 Aug 10, 06:24 AM
တိုးကြီး
တပည့်တော် ကြက်ဥကို ခွဲပြီး ကြော်ချက်စားလေ့ ရှိပါတယ်။ အဲဒါ ပါဏာတိပါတ ဖြစ်ပါသလားဘုရား...။ ဗုဒ္ဓဘာသာ ယောက်ျားတစ်ယောက်ဟာ လှူဒါန်းခြင်းကို လက်မခံဘဲ ငွေကြေးသာ စုဆောင်းလိုတဲ့ ဇနီးကို ကွာရှင်းခွင့် ရှိမရှိ သိချင်ပါတယ်။ နှစ်ဦးနှစ်ဖက် အိမ်ထောင်ရေး ဖောက်ပြန်မှု မရှိသော်လည်း အလှူဒါနမှာ စိတ်ဝမ်းကွဲလာရင် ကွာရှင်းပါက လောကကြောင်း ဓမ္မကြောင်းအရ မှန်လားမှားလား သိချင်ပါတယ် အရှင်ဘုရား...။

16 Aug 10, 06:06 AM
မနာပဒါယီ >>တိုးကြီး
ပါဏာတိပါတ ကံမြောက်နိုင်တဲ့ အင်္ဂါရပ်တွေဖြစ်တဲ့ ၁။ သက်ရှိလည်းဖြစ် ၂။ သတ္တ၀ါလို့လည်း မှတ်ယူ ၃။ သေစေလိုတဲ့ စေတနာလည်းရှိ ၄။ လုံ့လအားထုတ်မှုလည်းပြု ၅။ သေလည်းသေ ဆိုတဲ့ အချက်တွေ့အရ တစ်ကြောင်း၊ ဒီကနေ့ စားနေကြတဲ့ ကြက်ဥများဟာ ဓာတ်နဲ့ဖောက်ထားတဲ့ အသက်ရှင်စေနိုင်တဲ့ ရုပ်ဇီဝိတ နာမ်ဇီဝိတတွေ မရှိတဲ့ ကြက်ဥတွေ ဖြစ်နေတာကတစ်ကြောင်း ဒီအကြောင်း နှစ်မျိုးကြောင့် ဒီနေ့ခေတ် ဓာတ်ကြက်ဥတွေ စားမှုဟာ ပါဏာတိပါတကံ မမြောက်ဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် အိမ်မွေးကြက်တွေရဲ့ ဥတွေမှာတော့ ရုပ်သက်နာမ်သက်တွေရှိပြီး အကောင်ဖြစ်နိုင်တဲ့ သဘောတွေ ရှိနေတဲ့အတွက် ဒီကြက်ဥတွေကို စားသုံးရာမှာတော့ ပါဏာတိပါတ ကံမြောက်နိုင်ပါတယ်။

သဘောထားချင်း မတိုက်ဆိုင်လို့ နှစ်ဦးသဘောတူ ကွာရှင်းမှုမှာ ဓမ္မကြောင်းအရတော့ အပြစ်အထွေအထူး ရှိတယ်လို့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် လောကကြောင်းအရတော့ လူ့လောကပတ်ဝန်းကျင် အသိုင်းအ၀ိုင်း သတ်မှတ်ချက်တွေအရရယ် ကွာရှင်းမှုရဲ့ အကြောင်းပြချက်က အိမ်ထောင်ရေး ဖောက်ပြန်မှုကြောင့် မဟုတ်ဘဲ အလှူဒါန မလုပ်ရတဲ့ အတွက်ကြောင့် ဆိုတဲ့အတွက်ရယ်ကြောင့် ဒီအပေါ်မှာ နည်းနည်းစဉ်းစားဖို့တော့ လိုပါတယ်။ အလှူဒါန ပြုလုပ်မှုတစ်ခုတည်းကြောင့် ဆိုရင်တော့ တစ်ဦးနဲ့တစ်ဦး ညှိနှိုင်းကြည့်တာ ကောင်းပါတယ်။ လှူတာကောင်းပေမယ့် နှိုင်းနှိုင်းချိန်ချိန်နဲ့ အစွန်းမရောက်ဖို့တော့ လိုပါတယ်။ မိစ္ဆာဒိဋ္ဌိနဲ့ အိမ်ထောင်ကျတဲ့ ၀ိသာခါ ဒကာမကြီးလို ဘာသာတရားအပေါ် ကြည်ညိုလေးစားမှု မရှိသူတွေကို ကြည်ညိုလေးစားလာအောင် လုပ်တဲ့နည်းကို အတုယူပြီး ဒါနလုပ်ဖို့ အားမသန်တဲ့သူကိုလည်း အလှူဒါနအပေါ် စိတ်ဝင်စားအောင် လုပ်နိုင်ရင်တော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ သူ့အတွက်လည်း အကျိုးရှိ၊ လောကကြောင်းအရလည်း အပြစ်မဖြစ်နိုင်တော့ပါဘူး။ အိမ်ထောင်တစ်ခုကို အလွယ်တကူ ကွာရှင်းပြတ်စဲကြတာထက် သေသေချာချာ စဉ်းစားပြီး ဘာပဲဖြစ်ဖြစ် အစွန်းမရောက်အောင်တော့ ချင့်ချိန်လုပ်တာ ကောင်းပါတယ်လို့ပဲ အကြံပြုလိုပါတယ်။

Read more »

Live Questions and Answers (7)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။

4 Jul 10, 07:07 PM
ထွန်းထွန်း
အရှင်ဘုရား တပည့်တော် လာလည်သွားပါတယ်ဘုရား။ တပည့်တော် အွန်လိုင်းပေါ် လာလည်ရင်း အများကျိုးအတွက် မေးခွန်းလေးတစ်ခု လျှောက်ထားပါရစေ။ မသိမှု အ၀ိဇ္ဖာအောက်မှာ ကျင်လည်နေကြရတဲ့ သတ္တ၀ါတွေကို ချုပ်ကိုင်ထားတဲ့ အရာတစ်ခုတော့ရှိတာ သေချာပါတယ်ဘုရား။ အ၀ိဇ္ဖာကဖုံးလိုက် တဏှာကချော့လိုက်နဲ့ ဒီသတ္တ၀ါတွေဟာ ၃၁ဘုံထဲက မလွတ်နိုင် မကျွတ်နိုင်ဖြစ် နေရတာ ဘာကြောင့်ပါလိမ့်ဘုရား။

6 Jul 10, 06:23 AM
မနာပဒါယီ >>> ထွန်းထွန်း
သတ္တ၀ါတွေကို ၃၁ဘုံ သံသရာမှာ တ၀ဲလည်လည်နဲ့ ရုန်းမထွက်နိုင်အောင်၊ သံသရာရှည်ကြာအောင် သံသရာချဲ့ထွင်ပေးတဲ့ တရားတွေရှိပါတယ်။ အဲဒီတရားတွေက တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ ပပဉ္စတရားများပဲ ဖြစ်ပါတယ်။ ဒီတရားသုံးပါးဟာ သတ္တ၀ါတွေကို သံသရာမှာ အရှည်ကြာအောင် သံသရာနယ်ချဲ့နေတဲ့ တရားများ ဖြစ်ပါတယ်။ ဒီတရားတွေ ရှိနေသမျှ ဒီသုံဆယ့်တစ်ဘုံထဲက မလွတ်နိုင်၊ မကျွတ်နိုင် ဖြစ်နေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒီတရားတွေကြောင့် သတ္တ၀ါတွေဟာ အ၀ိဇ္ဇာတွေများ၊ တဏှာတွေ ပွားနေကြတာ ဖြစ်ပါတယ်။ ဒီပပဉ္စတရားသုံးပါးကို ဉာဏ်နဲ့ မဖြတ်နိုင်သေးသမျှတော့ ဘုံဘ၀မှာ ဆုံကြရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် သံသရာဘုံဘ၀မှ လွတ်မြောက်လိုသူတွေဟာ ဒီသံသရာနယ်ချဲ့ တရားများကို ဉာဏ်နဲ့ အမြစ်ပြတ်အောင် ကြိုးစားကြဖို့ တိုက်တွန်းကြခြင်းဖြစ်ပါတယ်။

20 Jul 10, 12:09 AM
kyaw ye htut
ဆရာတော်ကို တပည့်တော် တစ်ခုမေးချင်လို့ပါ။ သူတစ်ပါးက တပည့်တော်ဆီက ပိုက်ဆံလာချေးလို့ ပေးလိုက်တယ်ဘုရား။ သူတစ်ပါးက ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ဘာမှမဖြစ်ပါဘူးဘုရား။ မပေးလည်း ရပါတယ်ဘုရား။ ခွင့်လွှတ်နိုင်ပါတယ်။ ပိုက်ဆံချေးသွားတဲ့သူက သံသရာ ကြွေးခံရလားဘုရား။ တပည့်တော်က ခွင့်လွှတ်တယ်ဘုရား။ တဆိတ်လောက်သိပါရစေ။

20 Jul 10, 12:52 AM
မနာပဒါယီ >>> kyaw ye htut
ဒီနေရာမှာ ပိုက်ဆံချေးသွားသူရဲ့ စိတ်စေတနာအပေါ်မှာ မူတည်ပါတယ်။ သူကစေတနာ အလိုဆိုးနဲ့ ချေးပြီးတမင်သက်သက် မပေးဘဲ နေခဲ့တာ၊ ရှောင်ခဲ့တာဆိုရင်တော့ သံသရာကြွေး ခံရတတ်ပါတယ်။ ချေးလိုက်တဲ့သူက ဘယ်လိုပဲ ခွင့်လွှတ်ခွင့်လွှတ် ဒီအမှုကို စတင်ကျူးလွန်တဲ့ ပိုက်ဆံချေးသွားသူ ကာယကံရှင်က အစကတည်းက မကောင်းတဲ့ စိတ်စေတနာနဲ့ လုပ်ခဲ့တာဆိုရင် သူကိုယ်တိုင် ပြန်ပြီးဝန်ချတောင်းပန်ကာ အကျိုးအကြောင်း ပြောဆိုပြီး ချေးထားတဲ့ ပိုက်ဆံနဲ့ ပတ်သက်ပြီး ဖြေရှင်းချက် တစ်ခုခုကို မပေးဘဲနေမယ်ဆိုရင် သူ့မှာအပြစ်ရှိနေပြီး ဒီအပြစ်ကို ပြန်ခံရတတ်ပါတယ်။ ချေးပေးသူက ခွင့်လွှတ်ပေမယ့် ချေးသွားသူက စေတနာ အလိုဆိုးနဲ့ လုပ်သွားခဲ့တာဆိုရင် တစ်ဘက်က ခွင့်လွှတ်ပေမယ့် တစ်ဘက်မှာတော့ သူ့စေတနာအတိုင်း ပြန်ခံရတတ်ပါတယ်။ နှစ်ဦးနှစ်ဘက်လုံး တောင်းပန်ပြီး ခွင့်လွှတ်ကြမယ်ဆိုရင်တော့ အပြစ်မရှိပါဘူး။ သံသရာကြွေး မပါနိုင်ပါဘူး။

27 Jul 10, 12:26 AM
ဗလ
မျှားလာတဲ့ ငါးတွေကို သတ်ပြီး လက်ဆောင်လာပေးရင် စားသင့်ပါသလားဘုရား။
မမှန်စွပ်စွဲခံရလို့ စိတ်ဆင်းရဲပြီး သတ်သေသွားတဲ့ ဦးဇင်းလေးတစ်ပါးအကြောင်း အင်တာနက်မှာ ပြန့်လာလို့ ဖတ်ရပါတယ်။ ဒီလိုဝဋ်ကြွေးတွေဟာ ရှောင်လွှဲလို့ လျော့ပါးအောင်ပြုလို့ မရနိုင်ဘူးလားဘုရား။


27 Jul 10, 02:21 AM
မနာပဒါယီ >>>ဗလ
သတ်ပြီးလာပေးတဲ့ သူကကိုယ့်အတွက် တမင်ရည်ရွယ်သတ်ပြီး လာပေးခြင်း ဟုတ်မဟုတ်နဲ့ အကယ်၍ ကိုယ့်အတွက် တမင်ရည်ရွယ်ပြီးသတ်တာ၊ အဲဒီလို ကိုယ့်အတွက် ရည်ရွယ်ပြီးသတ်တာကို ကိုယ်ကိုယ်တိုင်ကလည်း သိနေတယ်ဆိုရင် မစားကောင်း၊ မစားသင့်ပါဘူး။
ဝဋ်ကြွေးတွေ ရှောင်လွှဲလျော့ပါးအောင် လုပ်ဖို့နဲ့၊ အကြွင်းမဲ့ကုန်သွားအောင် လုပ်ဖို့ကတော့ အရိယာမဂ်ဉာဏ်နဲ့ပဲ လုပ်လို့ရမှာဖြစ်ပါတယ်။ သေတာပတ္တိမဂ်ဉာဏ်စတဲ့ ဉာဏ်တွေနဲ့ပဲ ၀ဋ်ကင်းပြတ်ရာကို လုပ်နိုင်မှာဖြစ်တဲ့အတွက် ၀ိပဿနာ အားထုတ်ပြီး အရိယာမဂ်ကို အရယူကာ ၀ဋ်ကြွေးတွေ လျော့အောင် ကုန်အောင်လုပ်ဖို့ပဲ လိုပါတယ်။ တစ်ခြားနည်းမရှိပါဘူး။

29 Jul 10, 05:24 AM
That Aung
Ashinphaya, if we cut down the tree and nat (yokasoe) lost his shelter, is it a sin? (pardon that I cannot type Myanmar.)

29 Jul 10, 01:22 PM
မနာပဒါယီ >>>That Aung:
သစ်ပင်တိုင်းမှာတော့ ဒီနတ်တွေ ရုက္ခစိုးတွေ ရှိတာမဟုတ်ပါဘူး။ ဘာမှမရှိတဲ့ သစ်ပင်တွေကို ခုတ်ရင်ဘာမှ မဖြစ်ပေမယ့် နတ်စတဲ့ ဒီသစ်ပင်ကို အမှီပြုနေရတဲ့ ပုဂ္ဂိုလ်တွေ ရှိမှန်းသိရဲ့နဲ့ စေတနာပါပါနဲ့ သူတို့နေရာပျောက်အောင် ခုတ်ရင်တော့ ဒါဟာ အပြစ်ဖြစ်ပါတယ်။ တစ်ခါတစ်လေ ရှိမှန်းသိရဲ့နဲ့ တစ်ခြားအကြောင်း တစ်ခုခုကြောင့် မဖြစ်မနေ ခုတ်ရတဲ့ အနေအထားလေးတွေ ရှိတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ မခုတ်ခင် ကြိုတင်နေရာပြောင်းနေဖို့ မေတ္တာရပ်ခံပြီး ခုတ်လှဲရင်တော့ အပြစ်မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သစ်ပင်တိုင်းမှာ နတ်စတဲ့ မြင်အပ်မမြင်အပ်တဲ့ ပုဂ္ဂိုလ်တွေ ရှိနိုင်မရှိနိုင်ဆိုတာ မသိရတဲ့အတွက် ဘာပဲဖြစ်ဖြစ် လိုအပ်လို့ သစ်ပင်တွေ ခုတ်တော့မယ်ဆိုရင် မခုတ်ခင် သူတို့အသိုက်အမြုံ နေရာလေးတွေ မပျောက်ပျက်စေလိုတဲ့ စေတနာနဲ့ ကြိုတင်အသိပေးပြီး တစ်ခြားတစ်နေရာကို ပြောင်းရွေ့ဖို့ မေတ္တာရပ်ကာ ခုတ်တာအကောင်းဆုံးပဲ ဖြစ်ပါတယ်။

30 Jul 10, 06:06 AM
ပေတလူး
ဘုန်းဘုန်းဘုရား... အချို့တောရွာတွေမှာ ဝက်သားယူမလားလို့ ဝက်မွေးသူက မသတ်ခင် ကြိုပြီး ဝက်သားဝယ်မယ့်သူတွေ လိုက်စပ်ပါတယ်။ တစ်ပိဿာယူမယ်၊ နှစ်ပိဿာယူမယ်စသဖြင့် ယူမယ့်သူတွေ တစ်ကောင်စာလောက် ရတော့မှ ဝက်ကိုပေါ်ပါတယ်။ ယူမယ်လို့ ကြိုပြောရင် ပါဏာတိပါတ သင့်လားဘုန်းဘုန်း။ ကွန်သွားပစ်တဲ့သူတွေ တောလိုက်တဲ့ လူုတွေဆီက ငါးတွေ အကောင်ဗလောင်တွေကို ညနေ စောင့်ဝယ်တာရော ပါဏာတိပါတသင့်ပါလား။ ဝယ်သူရှိလို့ ကုန်သွားရင် နောက်နေ့တွေ ကွန်ဆက်ပစ်၊ တောထပ်တိုးပြီး ရောင်းဖို့ ထပ်ရှာကြလို့။ အဲဒါကို စားစရာ မရှိလို့ ဝယ်မိရင် ပါဏာတိပါတ သင့်ပါလား။

30 Jul 10, 03:29 PM
မနာပဒါယီ >>>ပေတလူ:
ပါဏာတိပါတကံနဲ့ ပတ်သက်လို့
၁။ အသက်ရှိသတ္တ၀ါဖြစ်ခြင်း၊
၂။ သတ္တ၀ါဟူသော အမှတ်လည်းရှိခြင်း။
၃။ သေစေလိုသော စိတ်ရှိခြင်း၊
၎။ သတ်အံသော လုံ့လ ပယောဂရှိခြင်း၊
၅။ လုံ့လပယောဂကြောင့်သေခြင်း ဆိုတဲ့ ဒီအင်္ဂါ (၅)ပါးနဲ့ ပြည့်စုံရင် ပါဏာတိပါတကံ ထိုက်ပါတယ်။ ဒီနေရာမှာ သတ်တာလည်း ကိုယ်တိုင်သတ်ခြင်း သူတပါးကို သတ်စေခြင်းစသဖြင့် အမျိုးမျိုး ရှိရာမှာ ပါဏာတိပါတကံ ဖြစ်နိုင်ခြင်း အကြောင်း (ပယောဂ) ရှစ်မျိုးမှာ တစ်မျိုးမျိုးနဲ့ သတ်မိပြီး အထက်ဖော်ပြပါ အင်္ဂါရပ်တွေနဲ့ ပြည့်စုံနေရင် ကံမြောက်ပါတယ်။ အဲဒီ ပယောဂ (၈)မျိုးကတော့
(၁) သတ္တ၀ါကိုရည်မှတ်၍ သတ်ဖြတ် ထိုးခုတ်ခြင်း၊
(၂) သတ္တ၀ါတစုံတခုကို ရည်မှတ်ခြင်းမရှိဘဲ ဘာကောင်သေသေဟု ပစ်ခတ် ထိုးခုတ်လိုက်ခြင်းမျိုး၊
(၃) ကိုယ်တိုင် သတ်ပုတ် ထိုးခုတ်ခြင်း၊
(၄) သူတပါးကို စေခိုင်းခြင်း၊
(၅) အဝေး၌နေသော သတ္တ၀ါကို မြှား လှံ သေနတ် စသည်ဖြင့် ပစ်ခတ်ခြင်း၊
(၆) အမြဲတည်နေ၍ သေစေနိုင်သည့် တွင်းတူးထားခြင်း ဆေးဝါး အစီအရင် ထားခြင်း စသည့် အရာမျိုး၊
(၇) ဓာတ်ရိုက် ဓာတ်ဆင် ဂါထာမန္တရား စသော အစီ အရင်တို့ဖြင့် သေအောင်လုပ်ခြင်း၊
(၈) မိမိ တန်ခိုးဖြင့် သတ္တ၀ါတို့ကို သေစေခြင်းတို့ပဲ ဖြစ်ပါတယ်။ (ပါရာဇိကဏ်အဋ္ဌကထာ)

ဒီအဖွင့်တွေအရ မေးခွန်းရှင် သိလိုတဲ့ အမေးနဲ့ ညှိယူနိုင်ပါတယ်။ မေးခွန်းရှင် မေးထားသလို သားသတ်သမားများ၊ ငါးဖမ်းသမားများဟာ ဒီလိုကြိုတင်မှာယူသူ၊ စားသုံးသူတွေ ရှိနေတဲ့အတွက် လုပ်နေရတာဖြစ်လို့ မှာယူသူတွေဟာ သွယ်ဝိုက်တဲ့နည်းနဲ့ ပါဏာတိပါတကံ ထိုက်နေသလို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဖော်ပြပါ အင်္ဂါရပ်တွေနဲ့ ညှိကြည့်တဲ့အခါ ကိုယ်ကိုယ်တိုင် ရည်ရွယ်ချက်ရှိရှိ သတ်ခိုင်းခြင်း မဟုတ်သလို သတ်တဲ့သူတွေကလည်း ကိုယ်ကခိုင်းလို့ ကိုယ့်အတွက်ရည်ရွယ်ပြီး သတ်နေကြတာ မဟုတ်တဲ့အတွက် တိုက်ရိုက်အနေနဲ့ ပါဏာတိပါတ ကံမမြောက်ဘူးလို့ နားလည်နိုင်ပါတယ်။ ကိုယ်လိုစားသုံးသူတွေ ရှိနေတဲ့အတွက် သူတို့သတ်နေရတာဖြစ်လို့ ကိုယ်လည်းပယောဂ မကင်းဘူးလို့ ဆိုချင်ဆိုနိုင်ပေမယ့် တိုက်ရိုက်သတ်တဲ့ ပါဏာတိပါတကံတော့ မမြောက်ပါဘူး။ ကိုယ်ကိုယ်တိုင်က တိုက်ရိုက်ညွန်ကြားလို့ သတ်ရတယ်ဆိုရင်တော့ ကံမြောက်တယ်လို့ ပြောနိုင်ပါတယ်။

မေးခွန်းရှင် အမေးထဲကလို ၀ယ်မယ့်သူတွေလိုက်စပ်ပြီး ၀ယ်သူပြည့်မှ သတ်တဲ့အပေါ်မှာတော့ ကိုယ့်ပယောဂ မကင်းတဲ့အတွက် ကံမြောက်နိုင်ပါတယ်။ လိုက်စပ်တဲ့ သူတွေကတော့ ကိုယ်မဟုတ်လဲ တစ်ခြားသူတွေကို လိုက်စပ်ပြီး အရေအတွက်ပြည့်ရင် သတ်မှာဖြစ်လို့ လိုက်စပ်တဲ့ သူတွေထဲမှာ ကိုယ်မပါမိဖို့ လိုပါတယ်။ ဒီလိုမျိုးကိုတော့ ရှောင်ဖို့လိုပါတယ်။ သူ့အလိုလို သတ်ပြီးသား၊ သေပြီးသားတွေကို လိုက်စပ်လို့ ၀ယ်ယူတဲ့ အပိုင်းမှာတော့ ကံမမြောက်ပါဘူး။ တံငါသည်တွေ ငါးဖမ်းကအပြန် စောင့်ဝယ်တဲ့ အပိုင်းမှာလည်း ငါးအရှင်တွေကို ကိုယ်ကတိုက်ရိုက် ၀ယ်ယူပြီး သတ်စေတယ်ဆိုရင် ကံမြောက်နိုင်ပြီး ပါလာတဲ့ သေပြီးသား အသေတွေကို ၀ယ်ရင် ကံမမြောက်နိုင်ပါဘူး။

ဒီလိုပါပဲ။ ဈေးထဲမှာ ရောင်းနေတဲ့ အရှင်တွေကို ကိုယ်ကလက်ညှိုးထိုးပြီး တိုက်ရိုက်ဝယ်ယူ သတ်စေတဲ့အပိုင်းမှာ ပါဏာတိပါတ ကံဖြစ်နိုင်ပေမယ့် သတ်ပြီးသား အသေတွေကို ၀ယ်ယူမှုမှာတော့ ကံမမြောက်နိုင်ပါဘူး။ ဆိုလိုတာက ကိုယ်လိုစားသုံး သူတွေကြောင့် သားသတ်သမားတွေ သားသတ်နေရတာဖြစ်လို့ ကိုယ့်မှာလည်း ပါဏာတိပါတကံ ဖြစ်နိုင်တယ်လို့ ထင်ရပေမယ့် ကိုယ့်အနေနဲ့က စေတနာ ရည်ရွယ်ချက်နဲ့ သေစေလိုတဲ့ စိတ်ရှိပြီး တိုက်ရိုက်လုံ့လပြုတာ၊ တိုက်ရိုက်စေခိုင်းတာ၊ ကိုယ်ကလုံလ ပယောဂပြုလို့ ဒီသတ္တ၀ါတွေ သေရတာ မဟုတ်တဲ့အတွက် ပါဏာတိပါတကံ မဖြစ်နိုင်ပါဘူး။ အဓိကကတော့ အသားစား သူတွေအနေနဲ့ အရှင်လတ်လတ်တွေကို ၀ယ်ယူစားသုံးမှု မဖြစ်စေဖို့၊ အရှင်လတ်လတ် ရောင်းချမှုအပိုင်းမှာ ရွေးချယ်ဝယ်ယူပြီး သတ်ခိုင်းတာမျိုး မဖြစ်ဖို့ အရေးကြီးပါတယ်။ ကိုယ်လိုသူတွေရှိလို့ သတ်ကြတာ ဆိုပေမယ့် ကိုယ့်ရဲ့ ပယောဂမပါဘဲ သူတို့သတ်ပြီးသား အသားကို ၀ယ်ယူစားသောက်မှု အပိုင်းမှာတော့ ပါဏာတိပါတ ကံမမြောက်နိုင်ပါဘူး။

Read more »

Prostitute နှင့် ကာမေသု…

Q. ဘုန်းဘုန်း ဘုရား…
ကျန်းမာချမ်းသာ ပါစေကြောင်း ဦးစွာ မေတ္တာပို့သ လိုက်ပါတယ်ဘုရား..။ တူတော်မောင် တယောက်က အောက်ပါအတိုင်း မေးထားပါတယ် ဘုရား...
ဦးဇော်လင်းရေ...နောက်တခုက ဘုန်းကြီးကို သွားလျှောက်ရင် တခုလောက် လျှောက်ပေးပါ။ အဲဒါက prostitute တွေနဲ့ သံဝါသ ပြုရင် ကံထိုက်၊ မထိုက်လေ။ ဒီလိုဗျာ... မိန်းမတွေက ခင်ပွန်းရှိသားနဲ့ စီးပွားရေး အဆင်မပြေလို့ ဒီလိုနည်းလမ်းနဲ့ ပိုက်ဆံရှာတယ်။ အဲဒါ လာဆက်ဆံတဲ့ သူတွေဆိုရင် အခကြေးငွေယူပြီး ဆက်ဆံကြတယ်လေ။ အရောင်းအ၀ယ်ဆိုတော့ဗျာ ဒု၊သ၊န၊သော ဆိုတာမည်၊ မမည်ပေါ့။ ထိုက်ရင်လည်း ဘာကြောင့်လဲ? မထိုက်ရင်လည်း ဘာကြောင့်လဲ ဆိုတာပါ။
လေးစားစွာဖြင့်
တူမောင်...
***မေတ္တာရှေ့ထားလို့ ဖြေကြားပေးပါ..ဘုရား။ Post တင်လို့ကောင်းတဲ့ အမေးဆိုရင်လည်း၊ လူငယ်များအတွက် အကျိုးများပါတယ်ဘုရား။
ရန်ကုန်ပြန်ကြွလာမယ့် အချိန်ကိုစောင့်ရင်း..
လေးစားစွာဖြင့် ဦးတင်လျှက်....
တကာ.. ဇော်လင်း/အလုံ

A. ကာမေသုမိစ္ဆာစာရဟာ ကာမဂုဏ်မှာ ဖောက်လွဲဖောက်ပြန် ပြုခြင်းလို့ အဓိပ္ပါယ်ရတဲ့ အတွက် အိမ်ထောင်ရှိ အမျိုးသား၊ အမျိုးသမီးများကို အထူးရည်ရွယ်ပါတယ်။ ဒါကြောင့် အိမ်ထောင်ကျပြီးသူများ အနေနဲ့ ကာမေသုမိစ္ဆာစာရနဲ့ ပတ်သက်လို့ ကိုယ့်လင်ယောက်ျား၊ ဇနီးမယားကလွဲပြီး ကျန်တဲ့အမျိုးသား၊ အမျိုးသမီးများနဲ့ ကာမဂုဏ်မှီဝဲရင် ကာမေသု မိစ္ဆာစာရ ဖြစ်တယ်ဆိုတဲ့ အချက်ကိုပဲ အလွယ်မှတ်ထားလိုက်ရင် ရှင်းပါတယ်။ အိမ်ထောင်မကျသေးတဲ့ အလွတ်အမျိုးသား၊ အများသမီးများ အနေနဲ့ကတော့ ကာမဂုဏ်နဲ့ ပတ်သက်ပြီး မှားယွင်းတဲ့အကျင့် မဖြစ်စေဖို့ ကာမဂုဏ်မမှီဝဲ မသွားလာသင့်တဲ့ မိန်းမ၊ ယောက်ျားများကို သိထားပြီး ရှောင်ကြဉ်ကြဖို့ လိုပါတယ်။ အဲဒါကတော့ အမျိုးသားများ မသွားလာအပ်တဲ့ အမျိုးသမီး အယောက် (၂၀)နဲ့ အမျိုးသမီးများ မသွားလာအပ်တဲ့ အမျိုးသား အယောက် (၁၂) ယောက်တို့ပဲ ဖြစ်ပါတယ်။ အဲဒါတွေကို စာပေက အဂမနီယ၀တ္ထုလို့ ဆိုပါတယ်။ အဂမနီယဆိုတာ မသွားလာအပ်တာကို ပြောတာပါ။

ဒီ ၀တ္ထုတွေက (၁) အမိစောင့်ရှောက်တဲ့မိန်းမ၊ (၂) အဘစောင့်ရှောက်တဲ့မိန်းမ၊ (၃) အမိ အဘစောင့်ရှောက်တဲ့မိန်းမ၊ (၄) မောင်ကြီးမောင်ငယ် စောင့်ရှောက်တဲ့မိန်းမ၊ (၅) အစ်မ ညီမ စောင့်ရှောက်တဲ့မိန်းမ၊ (၆) ဆွေမျိုးစောင့်ရှောက်တဲ့ မိန်းမ၊ (၇) အနွယ်တူစောင့် ရှောက်တဲ့ မိန်းမ၊ (၈) တရားကျင့်သုံးဖက် စောင့်ရှောက်တဲ့မိန်းမ။ (ဒီမိန်းမရှစ်မျိုးက ကာမပိုင်မရှိတဲ့ အပျိုစဉ်မိန်းမများဖြစ်ပါတယ်။) (၉) စေ့စပ်ကြောင်းလမ်းပြီးမိန်းမ၊ (၁၀) လက်မထပ်ရန် မင်းအမိန့်အာဏာဖြင့် တားမြစ်ထားတဲ့မိန်းမ၊ (၁၁) ဥစ္စာဖြင့်ဝယ်ထားတဲ့ မိန်းမ၊ (၁၂) ယောင်္ကားတစ်ဦးဦးနဲ့ အလိုတူ၍ အတူနေတဲ့ မိန်းမ၊ (၁၃) စည်းစိမ်ပေးပြီး မယားပြုလုပ်ထားတဲ့ မိန်းမ၊ (၁၄) အ၀တ်ပုဆိုးပေးပြီး မယားပြု ထားတဲ့ မိန်းမ၊ (၁၅) ရွှေခွက်မှာ လက်စုံချပြီး ယောင်္ကျားနဲ့ ထိမ်းမြားလက်ထပ်ထားတဲ့ မိန်းမ၊ (၁၆) ခေါင်းရွက်လုပ်ကိုင်စားသောက်ရတဲ့ မိန်းမကို ခေါင်းမရွက်စေဘဲ သိမ်းယူထားတဲ့ မိန်းမ၊ (၁၇) ကျွန်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊ (၁၈) အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊ (၁၉) စစ်မြေမှ ဆောင်ခဲ့တဲ့ သုံ့ပန်းမိန်းမ၊ (၂၀) တစ်ဦးဦးရဲ့ ခေတ္တမယားဖြစ်နေတဲ့ မိန်းမ (ဒီမိန်းမ(၁၂)ဦးကတော့ ကာမပိုင်ယောင်္ကျားရှိတဲ့ မိန်းမ များဖြစ်ပါတယ်) တို့ပဲ ဖြစ်ပါတယ်။

အမှတ်စဉ် ၁မှ ၂၀အထိ မိန်းမများဟာ အမျိုးသားများအနေနဲ့ ကာမဂုဏ်ကိစ္စမှာ မမှီဝဲ မသွားလာအပ်တဲ့ မိန်းမများဖြစ်ပြီး အမှတ် ၉မှ ၂၀အထိ ၀တ္ထုများမှာ စေ့စပ်ကြောင်းလမ်းပြီးယောက်ျား စသဖြင့် မိန်းမများ နေရာတွင် ယောက်ျားလို့ အစားထိုးပြီး ဒီ (၁၂)ယောက်က အမျိုးသမီးများ ကာမဂုဏ်ကိစ္စမှာ မမှီဝဲအပ်တဲ့ ယောက်များများ ဖြစ်ပါတယ်။

ဒီနေရာမှာ အရွယ်ရောက်ပြီး အိမ်ထောင်မကျသေးတဲ့ ယောက်ျား၊ မိန်းမများအနေနဲ့ နှစ်ဦးသဘောတူ ကာမဂုဏ်ကိစ္စတွေ ရှိရာမှာ ယောက်ျားလေး အနေနဲ့ အမျိုးသမီးက လွတ်လပ်သူ ဖြစ်နေပေမယ့် အုပ်ထိန်းသူ တစ်ဦးဦး ရှိနေတဲ့အတွက် ကာမေသုမိစ္ဆာစာရ ဖြစ်နိုင်ပြီး အမျိုးသမီး အနေနဲ့ ဒီသိက္ခာပုဒ်အရ ကာမေသုမိစ္ဆာစာရ မဖြစ်ဘူးလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးများ အနေနဲ့ လောကကြောင်းအရ ကြည့်ရင် အပြစ်ရှိနိုင်တာကိုတော့ သတိပြုရမှာ ဖြစ်ပါတယ်။ တရားဝင် အိမ်ထောင် မပြုရသေးပေမယ့် နှစ်ဘက်မိဘ သဘောတူထားရင်တော့ နှစ်ဦးလုံးမှာ ကာမေသုမိစ္ဆာစာရ မဖြစ်ဘူးလို့ နားလည်နိုင်ပါတယ်။

ဒါဆိုရင် မေးခွန်းရှင် မေးထားသလို prostitute နဲ့ ကာမဂုဏ်ကိစ္စ သွားလာရင်ကော ကာမေသုမိစ္ဆာစာရ ဖြစ်မဖြစ်ဆိုရာမှာ အိမ်ထောင်သည်တွေ အနေနဲ့ကတော့ တရားဝင် ကာမပိုင် လင်ယောက်ျား၊ ဇနီးမယား ရှိပြီး ဖြစ်နေတဲ့အတွက် ကာမေသု မိစ္ဆာစာရ ဖြစ်တယ်လို့ ပြောလိုပါတယ်။ ဒါပေမယ့် အိမ်ထောင်ရှင် အမျိုးသား၊ အမျိုးသမီး ကာမပိုင်က ကြည်ကြည်ဖြူဖြူ သဘောတူ ခွင့်ပြုရင်တော့ မဖြစ်ဘူးလို့ ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားလက်ထက်က ဥတ္တရာအမည်ရှိတဲ့ သောတာပန် အမျိုးသမီးဟာ (၇)ရက်ပတ်လုံး ဥပုသ် စောင့်ထိန်းလိုတဲ့အတွက် လင်ယောက်ျားနဲ့ အတူနေထိုင်ပေးဖို့ သီရိမာ ပြည့်တန်ဆာမကို အခပေးပြီး နေစေတယ်ဆိုတဲ့ အချက်ကိုကြည့်ပြီး ကာမပိုင်က ခွင့်ပြုရင်တော့ ကာမေသုမိစ္ဆာစာရ မဖြစ်နိုင်ဘူးလို့ ကောက်ချက်ချမိလို့ပါ။ နောက် အိမ်ထောင်ကျပြီးပေမယ့် မုဆိုးဖို၊ မုဆိုးမ ဖြစ်နေသူများ၊ တရားဝင် တစ်ခုလပ်ဖြစ်နေသူများနဲ့ အိမ်ထောင်မကျသေးတဲ့ အလွတ်ယောက်ျားတွေ အနေနဲ့တော့ ဒီ prostitute ဟာ အုပ်ထိန်းသူ ရှိမမရှိ၊ အုပ်ထိန်းသူက သဘောတူ ခွင့်ပြုထားတာ ဟုတ်မဟုတ်၊ ကာမပိုင် လင်ယောက်ျား ရှိမရှိ၊ ပြီးတော့ တရားဝင် prostitute ဟုတ်မဟုတ် အပိုင်းတွေ အထိ စဉ်းစားဖို့ လိုလာပါတယ်။ အုပ်ထိန်းသူမရှိ၊ ဒါမှမဟုတ် အုပ်ထိန်းသူက သဘောတူပြီး ကာမပိုင်ရှိပေမယ့် ကာမပိုင်က ခွင့်ပြုထားတဲ့ prostitute ဆိုရင်တော့ ကာမေသုမိစ္ဆာစာရ မဖြစ်နိုင်ပါဘူး။ ဒါတောင်မှ အဲဒီ prostitute ဟာ ကိုယ့်အရင် တစ်ခြားသူကို လက်ခံထားပြီး အရင်လူနဲ့ ကိစ္စမပြီးပြတ်သေးဘဲ ရှိနေရင် ကာမေသုမိစ္ဆာစာရ ဖြစ်နိုင်ပါသေးတယ်။

မြန်မာပြည်မှာကတော့ ဒီ prostitute အလုပ်ဟာ မြန်မာ့ယဉ်ကျေးမှု၊ အမျိုးသမီး ဂုဏ်သိက္ခာ၊ အစိုးရရဲ့ တားမြစ်မှု စတာတွေကြောင့် တရားဝင်မဟုတ်ဘဲ ခိုးကြောင်ခိုးဝှက် လုပ်နေရတာတွေ ရှိပါတယ်။ ဒီအထဲမှာ အုပ်ထိန်းသူ၊ မိဘဆွေမျိုးများ မသိရအောင်၊ တရားဝင် အိမ်ထောင်ဖက်များ မသိရအောင် အကြောင်းအမျိုးမျိုးကြောင့် ခိုးလုပ်နေသူတွေလည်း ရှိပါတယ်။ ဒီလို prostituteတွေဟာ လက်မှတ်ရများ မဟုတ်သလို၊ အုပ်ထိန်းသူနှင့် ကာမပိုင်များက ခွင်ပြုထားတာတွေလည်း မဟုတ်တဲ့အတွက် ပိုက်ဆံပေးပြီး သွားလာတဲ့အပိုင်းမှာ အထူးသတိပြု ဆင်ခြင်သင့်တဲ့ အပိုင်းပဲ ဖြစ်ပါတယ်။ အစိုးရက ခွင့်မပြုလို့ တရားမ၀င် လုပ်နေရပေမယ့် အုပ်ထိန်းသူများ၊ ကာမပိုင်များက ကြည်ကြည်ဖြူဖြူ ခွင့်ပြုထားရင်တော့ ကာမေသုမိစ္ဆာစာရ မဖြစ်ဘူးလို့ ဆိုနိုင်ပါတယ်။

ဒီလိုဆိုတော့ မေးခွန်ရှင် မေးထားသလို စီးပွားရေး အဆင်မပြေလို့ ဒီအလုပ်ကို လုပ်စားရတဲ့ အိမ်ထောင်ရှိ အမျိုးသမီးများနဲ့ ပိုက်ဆံပေးပြီး သွားလာတဲ့အပိုင်းမှာ (၁) အချက်က ဒီအမျိုးသမီးကိုယ်တိုင် အိမ်ထောင်ရှိနေတာက တစ်ကြောင်း၊ (၂)အချက်က အရောင်းအ၀ယ် ဆိုပေမယ့် အုပ်ထိန်းသူနဲ့ ကာမပိုင် ရှိသူ ဖြစ်နေပြီး ကာမပိုင် လင်ယောက်ျားက ခွင့်ပြုချက် ရှိမရှိ မသိရတာကတစ်ကြောင်း စတဲ့စတဲ့ အကြောင်းတွေကြောင့် ဒီကာမေသု မိစ္ဆာစာရ အဖွင့်တွေအရ ကာမေသုမိစ္ဆာစာရ ကံထိုက်နိုင်တယ်၊ ကံမြောက်နိုင်တယ်၊ ဒု၊ သ၊ န၊ သော ဖြစ်နိုင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ သွားလာတဲ့ ယောက်ျားက မသိလို့ မှားမိတဲ့အခါ အပြစ်မရှိနိုင်ပေမယ့် အမျိုးသမီးအနေနဲ့ ကိုယ်ကိုယ်တိုင် ကာမပိုင် ဖြစ်နေတဲ့အတွက် အပြစ်ရှိပါတယ်။ ကာမပိုင် လင်ယောက်ျားက တရားဝင် ကြည်ကြည်ဖြူဖြူ ခွင့်ပြုထားရင်တော့ အပြစ်မရှိနိုင်ပါဘူး။ ဒါပေမယ့် အိမ်ထောင်မရှိသေးတဲ့ လွတ်လပ်တဲ့ အမျိုးသမီး prostitute တွေနဲ့ သွားလာတဲ့ လွတ်လပ်တဲ့ ယောက်ျားများအနေနဲ့ ဒီအမျိုးသမီးရဲ့ အုပ်ထိန်းသူတွေက ဒီအလုပ်လုပ်တာကို သဘောတူ ခွင့်ပြုထားလို့ သွားလာတဲ့ အပိုင်းမှာတော့ ကာမေသုမိစ္ဆာစာရ မဖြစ်ဘူးလို့ ဆိုနိုင်ပါတယ်။ (ကျမ်းညွှန်းများ = ပါရာဇိကဏ်ပါဋ္ဌိ တော်(၀ိ ၁၊ ၂၀၂) (မ-ဋ္ဌ ၁၊၂၀၃။အဘိ-ဋ္ဌ ၂။ ပဋိသံ-ဋ္ဌ ၁၊ ၂၀၄)

ဒီလောက်ဆိုရင်တော့ မေးခွန်းရှင်အမေးနဲ့ ပတ်သက်ပြီး အတော်အသင့် ပြည့်စုံလိမ့်လို့ ထင်ပါတယ်။ ဒီမှာ ဖြေဆိုထားတာတွေဟာ ဗုဒ္ဓခေတ် အခြေအနေအရ သတ်မှတ်ချက်တွေကို အဋ္ဌကထာက ပြန်ဖွင့်ပြပေးထားတာတွေ ဖြစ်တဲ့အတွက် ဒီနေ့ခေတ် အခြေအနေနဲ့တော့ အားလုံးတစ်ထပ်တည်း ဖြစ်ဖို့ဆိုတာ မလွယ်လှပါဘူး။ အကောင်းဆုံးကတော့ မိမိတို့ ယောက်ျားလေး၊ မိန်းကလေး တစ်ဦးချင်းစီရဲ့ ဆင်ခြင်မှုနဲ့ နေနိုင်အောင် ကြိုးစားတာ အကောင်းဆုံးပါပဲ။ အိမ်ထောင်မပြုမီ အချိန်မှာလည်း ကာမဂုဏ်ကိစ္စကို လူအချင်းချင်း လက်တွေ့ပေါင်းသင်းဆက်ဆံပြီး ဖြေရှင်းတာထက် ဒီစိတ်ကို တစ်ခြားအာရုံ၊ တစ်ခြားနည်းတွေနဲ့ ဖြေရှင်းနိုင်တာ အကောင်းဆုံးဖြစ်ပြီး အိမ်ထောင်ကျပြီး နောက်ပိုင်းမှာလည်း ကိုယ့်ရဲ့ဇနီးမယား၊ လင်ယောကျာ်းနဲ့ပဲ တစ်လင်တစ်မယား စနစ်ကို ကျင့်သုံးနိုင်တာ အကောင်းဆုံးပါပဲ။ ဒီလိုနေနိုင်ရင်တော့ လောကကြောင်းအရလည်း အပြစ်မဖြစ်နိုင်သလို၊ ဓမ္မကြောင်းအရလည်း အပြစ်ကင်းစင်နိုင်မှာ ဖြစ်ပါတယ်။ ကာမရာဂစိတ်ဆိုတာ ဒီစိတ်ထကြွတဲ့ အချိန်လေးလောက်ပဲ ပူလောင်နိုင်တာ ဖြစ်တဲ့အတွက် အဲဒီအခိုက်အတန့်ကို တစ်ခြားအာရုံ၊ တစ်ခြားနည်းနဲ့ ဖြေရှင်ကြည့်ကြမယ်ဆိုရင် ပစ္စုပ္ပန်၊ သံသရာနှစ်ဖြာ ကောင်းကျိုးတွေကို ဖြစ်စေမှာ အမှန်ပင်ဖြစ်ပါကြောင်း စေတနာကောင်းနဲ့ အကြံကောင်းပြုလိုက်ပါတယ်။

Read more »

ဥပုသ်နေ့မဟုတ်တဲ့ ဥပုသ်သီလ၊ အလှူခံပုဂ္ဂိုလ်နဲ့ ရွေးချယ်မှု…

Q. အရှင်ဘုရား
တပည့်တော်အား ပြန်လည်ဖြေကြား ရှင်းလင်းပေး၍ ကျေးဇူးအထူးတင်ရှိပါသည်။ အောက်ပါမေးခွန်း များကိုလည်း ဖြေကြားပေးပါဘုရား...
၁။ ဥပုသ်နေ့ မဟုတ်သော စနေ၊ တနင်္ဂနွေနေ့များ၌ ဥပုသ်စောင့်၍ ရနိုင်ပါသလားဘုရား
၂။ တပည့်တော် ၀ါဆိုသင်္ကန်းအား မိမိကိုယ်တိုင် ၁စုံလှူ၍ ကျန်သင်္ကန်း ၅စုံအား အသိမိတ်ဆွေ မရှိဆင်းရဲသား အသက်ကြီးသူများအား လှူဒါန်းချင်ပါသည်။ သူတို့ သေဆုံးသွားသောအခါ သင်္ကန်းအလှူဒါန အကျိုးပါသွားစေ ချင်ပါသည်။ မိမိကိုယ်တိုင် ၆စုံလုံး ကပ်လှူခြင်းနှင့် ၎င်းတို့အား ပေးလှူခြင်း မည်သည့်အရာက အကျိုးများပါသလဲဘုရား။


တပည့်တော်များသောအားဖြင့် ဆင်းရဲသူများ၊ ဒုက္ခရောက်သူများအား လှူဒါန်းလေ့ရှိပြီး အလှူခံပုဂ္ဂိုလ် မြတ်မမြတ်ကို သိပ်မကြည့်ဖြစ်ပါ။ ဘုန်းဘုန်း၏ ပြန်ကြားစာတွင် ၎င်းအချက်ပါရှိပါ၍ တပည့်တော် သင်္ကန်း၆စုံလုံးကို သီလနှင့်ပြည့်စုံသည့် ဆရာတော်ကြီးများအား ကိုယ်တိုင်ကပ်လှူလျင် ကောင်းမည်လားဟု ဇဝေဇ၀ါဖြစ်နေပါသည်ဘုရား။ မည်သည့်အရာက အကျိုးများမည် ဖြစ်ပါသလဲဘုရား။ ယခုမှစ၍ ဆင်းရဲသားများထက် မွန်မြတ်သော ဆရာတော်ကြီးများအား လှူဒါန်းခြင်းကို ဦးစားပေးလျှင် ကောင်းမည်ဖြစ်ပါသလားဘုရား…။
ကျေးဇူးအထူးတင်ရှိပါသည်။
သင်းသင်းအေး
(MYANMAR TASAKI CO., LTD.)

A. ၁။ မင်္ဂလာပါ ဒကာမရေ… ဥပုသ်နေ့မဟုတ်တဲ့ တစ်ခြားနေ့တွေမှာလည်း ဥပုသ်သီလကို စောင့်ထိန်းနိုင်ပါတယ်။ နေ့စဉ်စောင့်ထိန်းနိုင်ရင် ပိုကောင်းပါတယ်။ တကယ်တော့ ဥပုသ်သီလဆိုတာ တပတ်မှာ တစ်ရက်လောက်တော့ သီလကို အထူးစောင့်ထိန်း စေလိုတဲ့အတွက် ဥပုသ်နေ့မှာ သတ်မှတ်ပေးပြီး ရှစ်ပါး၊ ကိုးပါးသီလများကို စောင့်ထိန်းဖို့ အထူးသတ်မှတ်ပေးတဲ့ သီလဖြစ်ပါတယ်။ စွမ်းနိုင်ရင်တော့ နေ့စဉ်စောင့်ထိန်းနိုင်ရင် ပိုကောင်းပါတယ်။ ငါးပါးသီလထက်ပိုလွန်ပြီး မေထုန်မလိုက်စားဖို့၊ နေ့လွဲညစာမစားဖို့၊ ကခြင်းတီးခြင်းသီဆိုခြင်းများ မလုပ်ဖို့၊ အမွေးနံ့သာ မလိမ်းဖို့၊ နူးညံ့လှတဲ့ အိပ်ရာနေရာတွေမှာ မနေထိုင်ဖို့ စသဖြင့် ပညတ်ပေးထားတဲ့ ရှစ်ပါးကိုးပါး သီလများကိုကြည့်ရင် ကာမဂုဏ်အာရုံတွေ၊ ကိလေသာတရားတွေကို မလုပ်ဖြစ်အောင်၊ မကျူးလွန်မိအောင် ကိုယ့်ရဲ့ကာယကံ ၀စီကံတွေကို ချုပ်တီးနိုင်အောင် သီလနဲ့ ထိန်းစေလိုခြင်းဖြစ်ကြောင်း သိနိုင်ပါတယ်။ ဒါကြောင့် ဒီရှစ်ပါး ကိုးပါးသီလများဟာ ဥပုသ်နေ့မှ မဟုတ်ဘဲ ကျန်တဲ့နေတွေမှာလည်း ထိန်းနိုင်ရင် အကုသိုလ် အဖြစ်နည်းပြီး ကိလေသာလျော့နည်း စေမှာဖြစ်တဲ့အတွက် နေ့စဉ်စောင့်ထိန်းနိုင်ရင် ကောင်းပါတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဥပုသ်နေ့ကလွဲပြီး ကျန်တဲ့နေ့တွေမှာလည်း စောင့်ထိန်းကောင်းပါတယ်လို့ သိစေလိုပါတယ်။

၂။ အလှူဒါနကတော့ စေတနာသုံးတန်ပြဋ္ဌာန်းပြီး ပြတ်သားစွာ လှူမယ်ဆိုရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို မဆို လှူဒါန်းနိုင်ပြီး အလှူကုသိုလ်မြောက်ကာ ကုသိုလ်ရပါတယ်။ အကျိုးပေးအနေနဲ့သာ အလှူခံပုဂ္ဂိုလ်ကို လိုက်ပြီး ကွဲပြားတာဖြစ်ပါတယ်။ အလှူခံပုဂ္ဂိုလ်များဖြစ်တဲ့ ၁။ တိရိစ္ဆာန်သတ္တ၀ါများ ၂။ လူဒုဿီလခေါ် တံငါမုဆိုးစသော ဒုစရိုက်မှု ပြလုပ်သူများ ၃။ လူသီလ၀န္တခေါ် သာသနာပအခါမျိုး၌ ငါးပါးသီလမြဲသူများ ၄။ ရသေ့ပရိဗိုဇ်ခေါ် သာသနပအခါ ဈာန်အဘိညာဉ်ရ ပုဂ္ဂိုလ်များ၊ ၅။ သောတာပတ္တိမဂ္ဂန်ပုဂ္ဂိုလ် ၆။ သောတာပတ္တိဖလဋ္ဌာန်ပုဂ္ဂိုလ် ၇။ သကဒါဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် ၈။ သကဒါဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ် ၉။ အနာဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် ၁၀။ အနာဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ် ၁၁။ အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် ၁၂။ အရဟတ္တဖလဋ္ဌာန်ပုဂ္ဂိုလ် ၁၃။ ပစ္စေကဗုဒ္ဓ ၁၄။ သမ္မာသမ္ဗုဒ္ဓဆိုတဲ့ အလှူခံပုဂ္ဂိုလ် (၁၄) ယောက်ထဲမှာ ယုတ်စွအဆုံး တိရိစ္ဆာန်ကိုတောင် စေတနာအပြည့်နဲ့ ကျွေးမွေးလှူဒါန်းရင် ကုသိုလ်ရပြီး ဘ၀ပေါင်း တစ်ရာအထိ ကောင်းမှုအကျိုးပေးကြောင်း၊ တိရိစ္ဆာန်ထက် သီလမရှိတဲ့ လူပုဂ္ဂိုလ်ကို လှူဒါန်းရင်လည်း ဘ၀ပေါင်း တစ်ထောင်အထိ အကျိုးပေးကြောင်း စသဖြင့် အလှူခံပုဂ္ဂိုလ် မြင့်မြတ်တာနဲ့ အလှူရဲ့ အကျိုးကြီးမှုလည်း ကွာခြားသွားကြောင်း စာပေတွေမှာ ဖွင့်ဆိုရှင်းပြပါတယ်။

ဒီနေရာမှာ ဒကာမရဲ့ အလှူကတော့ ဘယ်လိုမျိုး အနေနဲ့ပဲလှူလှူ စေတနာပြဋ္ဌာန်းပြီးသား ဖြစ်လို့ အကျိုးပေးကောင်းပြီး ကုသိုလ်ဖြစ်နေတယ်ဆိုတာ အထူးပြောစရာ မရှိပါဘူး။ အကျိုးပေးကြီးမှု မကြီးမှုကတော့ အလှူခံပုဂ္ဂိုလ် အပိုင်းနဲ့ဆိုင်သွားပါပြီ။ ဒကာမရဲ့ စေတနာကတော့ ပြည့်စုံနေမယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် ပုထုဇင်တွေဖြစ်နေသမျှ စေတနာသဒ္ဓါတရားက မခိုင်မြဲသေးတဲ့အတွက် စေတနာကွက်တာ၊ သဒ္ဓါကွက်တာတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့်လည်း အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်ပြီး လှူဒါန်းကြဖို့ ဆိုခြင်းဖြစ်ပါတယ်။ နောက်တစ်ချက်က ကိုယ်က ပုထုဇင်ဖြစ်နေတဲ့အတွက် ပုဂ္ဂိုလ်ကို ရွေးချယ်ရာမှာ သီလပြည့်စုံမှု ရှိမရှိ အတိအကျ မသိနိုင်တာတွေလည်း ရှိတတ်ပါတယ်။ ဒီနေ့ခေတ် အလှူခံပုဂ္ဂိုလ်တွေကြားမှာ နာမည်ကြီးပြီး အကျင့်လွဲနေတဲ့ အလှူခံပုဂ္ဂိုလ်အချို့လည်း ရှိနေတဲ့အတွက် အလှူဒါနပြုတဲ့အခါမှာ ယုံကြည်မှုနဲ့ စူးစမ်းဆင်ခြင်မှုကို ညီမျှအောင် ပြုဖို့လိုတယ်လို့ ဆိုကြခြင်း ဖြစ်ပါတယ်။

ဝါဆိုသင်္ကန်းလှူဒါန်းတာနဲ့ ပတ်သက်ပြီး ဒကာမသိချင်တာလေးကို ပြောရမယ်ဆိုရင် သင်္ကန်းတစ်စုံပဲလှူလှူ အများကြီးပဲလှူလှူ စေတနာကောင်းရင် အလှူကြီးပြီး စေတနာနည်းရင် အလှူသေးမှာ ဖြစ်ပါတယ်။ ဒကာမ လှူလိုတဲ့ တစ်စုံဟာ စေတနာအရ ကြီးနေမယ်လို့ ယုံကြည်သလို သူများတွေကိုလည်း ဒါနအကျိုးကို ရစေလိုတဲ့အတွက် ပေးလှူစေတာဟာလည်း စေတနာရော မေတ္တာပါ ပြဋ္ဌာန်းနေတဲ့အတွက် ဒကာမအာရုံပြုထားသလို ကိုယ်ကတစ်စုံပဲလှူပြီး ကျန်ငါးစုံကို မရှိဆင်းရဲသားတွေကို ပေးလှူစေတာ ပိုပြီးကောင်းပါတယ်။ အကျိုးပေးအနေနဲ့ကလည်း ကိုယ်လှူတဲ့ တစ်စုံအတွက်လည်း ကုသိုလ်ရပြီးသား ဖြစ်နေသလို သူတစ်ပါးတို့အားလည်း ပေးလှူစေတဲ့အတွက် သူတို့လည်း ကုသိုလ်ရသလို သူတို့လှူတိုင်းလှူတိုင်း ကိုယ့်မှာလည်း ကုသိုလ်တွေ တိုးနေစေမှာဖြစ်ပါတယ်။ ဒါကြောင့် ဒကာမအနေနဲ့ သင်္ကန်း၆စုံလုံးကို ကိုယ်တစ်ယောက်တည်း လှူဒါန်းတာထက် ကိုယ်လည်းလှူ သူများတွေကိုလည်း ပေးလှူစေတာက ပိုအကျိုးကြီးကြောင်း အကြံပြုလိုပါတယ်။

နောက်တစ်ချက် ဒကာမမေးထားသလို မရှိဆင်းရဲသား ဒုက္ခရောက်နေသူများထက် သီလနဲ့ပြည့်စုံတဲ့ ဆရာတော်ကြီးတွေကိုပဲ သင်္ကန်း၆စုံလုံး လှူရင်ကောင်းမကောင်းဆိုတဲ့ အချက်ကတော့ အကြံပြုလိုပါတယ်။ အလှူလှူတဲ့အခါ ပုဂ္ဂိုလ်ကို ရွေးချယ်ပြီး လှူသင့်တယ်ဆိုပေမယ့် ကိုယ်လှူတဲ့ ပစ္စည်းဝတ္ထုရဲ့ အသုံးတည့်မှု မတည်မှု အချိန်အခါ ညီမှုမညီမှုတွေကိုလည်း ကြည့်ဖို့လိုပါတယ်။ သီလနဲ့ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို ရွေးချယ်ပြီး လှူဒါန်းတာဟာ လှူဒါန်းတဲ့အခိုက်မှာ အကျိုးကြီးပေမယ့် အလှူဝတ္ထုရဲ့ အသုံးကျမှုကတော့ နောက်ပိုင်းမှာ သိပ်မရှိလှပါဘူး။ ဆိုကြပါစို့ သီလသမာဓိနဲ့ ပြည့်စုံတဲ့ နာမည်ကြီး ဆရာတော်ကြီးတွေကို ကိုယ်ကလှူလိုက်တဲ့ ပစ္စည်းဟာ ဆရာတော်ကြီးများအတွက် ကိုယ့်လိုပဲ လှူဒါန်းသူတွေများနေတော့ ကိုယ့်အလှူကို တိုက်ရိုက်အသုံးပြုချင်မှ ပြုနိုင်ကြမှာ ဖြစ်ပါတယ်။ သင်္ကးန်လှူလည်း သင်္ကန်းကို တစ်နေရာမှာ ချောင်ထိုးထားရင်လည်း ထားနိုင်ပါတယ်။ အကယ်၍များ အဲဒီသင်္ကန်းတွေကို ဆင်းရဲနွမ်းပါးနေတဲ့ စာသင်သားလေးတွေ၊ မပြည့်စုံတဲ့ ကျောင်းတိုက်လေးတွေ၊ လိုအပ်နေတဲ့ နေရာလေးတွေမှာ လှူဖြစ်လိုက်မယ်ဆိုရင်တော့ ကိုယ့်ရဲ့အလှူပစ္စည်းဟာ အလှူခံပုဂ္ဂိုလ်တွေ အတွက်လည်း အကျိုးကြီးပြီး သူတို့တွေ ၀တ်ရုံသုံးဆောင်တိုင်းလည်း ကိုယ့်မှာကုသိုလ် တိုးနေမှာဖြစ်ပါတယ်။ ဒီထက်ပိုဝမ်းသာစရာက အလှူဒါနကို လိုအပ်နေတဲ့နေရာမှာ လိုနေတဲ့ဆန္ဒကို ဖြည့်ပေးတဲ့ သဘောမျိုး လှူလိုက်ရတဲ့အတွက်လည်း ပိုပြီးဝမ်းသာ ကြည်နူးစရာ ဖြစ်ပါတယ်။

အလှူဒါနဟာ အလှူခံပုဂ္ဂိုလ်ကိုလိုက်ပြီး အကျိုးအကြီးအသေး ကွာခြားတယ်ဆိုပေမယ့် ပုဂ္ဂိုလ်တစ်ဦးချင်းကို လှူဒါန်းတာထက် အဖွဲ့အစည်းနဲ့ အများကို ရည်ရွယ်ပြီး လှူဒါန်းတာက ပိုပြီးအကျိုးကြီးစေပါတယ်။ အလှူခံပုဂ္ဂိုလ် ၁၄ယောက်ထဲမှာ အမြတ်ဆုံးအလှူခံဖြစ်တဲ့ မြတ်စွာဘုရားကလည်း မိထွေးတော် ဂေါတမီက မိမိကို ရည်မှန်းပြီး လှူဒါန်းလာတဲ့ အလှူအတွက် “ဂေါတမီ... သံဃာအား ပေးလှူလော့၊ သင်သည် သံဃာကို ပေးလှူသည်ရှိသော် ငါဘုရားကိုလည်း ပူဇော်ပြီး ဖြစ်လတ္တံ့၊ သံဃာကိုလည်း ပူဇော်ပြီး ဖြစ်လတ္တံ့” (ဒက္ခိဏ၀ိဘင်္ဂသုတ်) လို့ သံဃိက အလှူရဲ့ အကျိုးကြီးပုံကို မိန့်တော်မူပါတယ်။ ဒီနေရာမှာ ဘုရားကို လှူတာထက် သံဃာကို လှူတာက ပိုမြတ်ပြီး ပိုအကျိုးကြီးတာကို ဆိုလိုတာ မဟုတ်ပါဘူး။ သံဃိက အလှူရဲ့ အကျိုးကြီးမှုကို ရည်ရွယ်လိုတာ ဖြစ်ပါတယ်။ အမှန်တော့ ဘုရားရှင်ကသာ အမြတ်ဆုံး အလှူခံ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဘုရားရှင်ရော သံဃာတော်ရော တစ်ပေါင်းတည်း လှူနိုင်ရင်တော့ အကောင်းဆုံး အလှူပဲပေါ့။ တကယ်တော့ သံဃာဆိုတာ အဖွဲ့အစည်း အပေါင်းအစည်းပဲ ဖြစ်ပါတယ်။ တစ်ပါးချင်းအနေနဲ့ သီလတွေ ချို့ယွင်းနိုင်ပေမယ့် သံဃာအများဖြစ်သွားတဲ့အခါ သီလမရှိသူလည်း သံဃာ့အားနဲ့ သံဃာတောထဲမှာဆိုရင် သံဃာလိုပဲ အကျိုးကျေးဇူးကို အပြည့်အ၀ပေးစေနိုင်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ ဒကာမရဲ့ အမေးဖြစ်တဲ့ “ဆင်းရဲသားများထက် မွန်မြတ်တဲ့ ဆရာတော်ကြီးများကို ရွေးချယ်ပြီး လှူဒါန်းရင်း ကောင်းမည်လား” ဆိုတဲ့ အမေးကို စေတနာ သဒ္ဓါတရားအပြည့်နဲ့ လိုအပ်တဲ့နေရာမှာ၊ လိုအပ်တဲ့အလှူကို ပုဂ္ဂိုလ်တစ်ဦးချင်းထက် အများကို ရည်မှန်းပြီး လှူဒါန်းတာက ပိုကောင်းတယ်လို့ အကြံပြု ဖြေကြားပေးလိုပါတယ်။

Read more »

ဥပုသ်သီလ၊ မုသာဝါဒနှင့် အလှူဒါန…

Q. အရှင်ဘုရား
၁။ ၈ပါးသီလတောင်းခံရာ၌ ဘုရားစင်ရှေ့၌ မိမိဖာသာဆိုပြီး တောင်းခံ၍ ရနိုင်ပါသလား
၂။ တပည့်တော် ဥပုသ်စောင့်တဲ့ အခါမှာမေ့ပြီး တူကလေးကို နောက်ပြောင်ပြီး ညာပြောမိပါတယ်။ သတိယတော့ ဥပုသ်ကျိုးသွားပြီ ဖြစ်တဲ့အတွက်ကြောင့် ဘုရားစင်ရှေ့မှာ ပြန်ပြီး ရှစ်ပါးသီလ တောင်းခံပြီး ပြန်ဆက်စောင့်လျှင် ဖြစ်နိုင်ပါသလား
၃။ တပည့်တော် တခြားမြို့ရှိ ဘုန်းကြီးကျောင်းအား ၀တ္ထုကပ်လှူချင်ပါသည်။ ကိုယ်တိုင်ကိုယ်ကျ မသွားနိုင်သောကြောင့် လူကြုံဖြင့် ပေးလိုက်ရပါသည်။ ကိုယ်တိုင်မကပ်လှူနိုင်သောကြောင့် အကျိုးပေး နဲသွားပါသလား
ကျေးဇူးအထူးတင်ရှိပါသည်။ အရှင်ဘုရားကျန်းမာပါစေ..
သင်းသင်းအေး
(MYANMAR TASAKI CO., LTD.)

A. ၁။ ၈ပါးသီလကို ဘုရားစင်ရှေ့မှာလည်း တောင်းခံပြီး ဆောက်တည်လို့ ရပါတယ်။ ဒါပေမယ့် ဘုရားစင်ရှေ့မှာ ဆောက်တည်တဲ့အခါမှာတော့ အာမဘန္တေဆိုတဲ့ စကားလုံးတွေ ဆိုစရာမလိုပါဘူး။ အာမဘန္တေဆိုတာ အရှင်ဘုရား ကောင်းပါပြီဘုရားလို့ အဓိပ္ပါယ်ရတဲ့ ၀န်ခံပါဠိစကား ဖြစ်ပါတယ်။ ဒီစကားလုံးဟာ ရှေ့ကတိုင်ပေးချပေးတဲ့ သီလပေးတဲ့ ရဟန်းသံဃာတော်များ ရှေ့မှာ သီလယူမှသာ ဆိုရမယ့် စကားလုံး ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ဖာသာကိုယ် တစ်ယောက်တည်း ဘုရားစင်ရှေ့မှာ သီလယူတဲ့အခါ အာမဘန္တေတွေ မဆိုတော့ဘဲ သီလတောင်း၊ နမောတဿဆို၊ သရဏဂုံဆောက်တည်ပြီး နောက်ဆုံး သီလသိက္ခာပုဒ်တွေကို ဆောက်တည်ရုံပါပဲ။ ဒါဆို ဘုရားရှေ့မှာ သီလခံယူမှု အထမြောက်အောင်မြင်သွားပါပြီ။

၂။ မုသာဝါဒနဲ့ ပတ်သက်ပြီး ဘုရားရှင်ကတော့ သားတော်ရာဟုလာကို “ချစ်သား ရာဟုလာ မုသားဆိုလျင် ရယ်ဖွယ်မျှပင် မပြောနဲ့”လို့ မိန့်တော်မူပါတယ်။ ဘာဖြစ်လို့လဲဆိုရင် မုသာဝါဒ ကျူးလွန်မိသူဟာ မလုပ်နိုင်တဲ့ အကုသိုလ် မရှိလို့ပဲလို့ ဆိုပါတယ်။ ဒါက မုသာဝါဒရဲ့ အပြစ်ကို ပြောတာပါ။ သီလသိက္ခာပုဒ်ပိုင်းမှာတော့ မုသာဝါဒကံမြောက်နိုင်တဲ့ အင်္ဂါရပ်တွေ ရှိပါတယ်။ မုသားပြောတဲ့ပုဂ္ဂိုလ်ဟာ ၁။ မမှန်သော အကြောင်းအရာဖြစ်ခြင်း ၂။ မှားယွင်းစေလိုသောစိတ်ရှိခြင်း ၃။ ထိုစိတ်ဖြင့်လုံ့လပြုခြင်း ၄။ မိမိလိမ်ညာ ပြောဆိုနေသည်ကိုသိခြင်း ဆိုတဲ့ ဒီအင်္ဂါရပ် လေးပါးလုံးနဲ့ ပြည့်စုံရင် မုသာဝဒါကံမြောက်ပြီး ဒီသိက္ခာပုဒ်လည်း ကျိုးပြတ်ပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ ဒီအင်္ဂါတွေနဲ့ မညီဘူးဆိုရင်တော့ ကံမမြောက်တဲ့အတွက် သိက္ခာပုဒ်မပျက်ပါဘူး။ ဒါပေမယ့် မုသာဝါဒသိက္ခာပုဒ်တော့ ညစ်နွမ်းပါတယ်။ ဒီလို ကျူးလွန်မိပေမယ့် အင်္ဂါရပ်တွေနဲ့ မပြည့်စုံတဲ့အတွက် သိက္ခာပုဒ် မကျိုးဘူးဆိုရင် ဘုရားရှေ့မှာ ထပ်ပြီးယူစရာမလိုပါဘူး။ သတိပြန်ဝင်ချိန်ကစပြီး နောင်ဒီလိုမဖြစ်အောင် ပြန်စောင့်ထိန်းမယ်ဆိုရင် ရပါတယ်။

ဒီနေရာမှာ သတိထားရမှာက သီလသိက္ခာပုဒ်တွေဟာ တစ်ပုဒ်ချင်းယူထားရင် တစ်ခုကျိုးသွားတဲ့အခါ တစ်ခုပဲ ပျက်ပါတယ်။ တစ်ပုဒ်ချင်းယူတယ်ဆိုတာ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊ အာဒိန္နာဒါန… စသဖြင့် ယူချင်းကိုဆိုပြီး ပေါင်းယူတယ်ဆိုတာက အဋ္ဌင်္ဂသမ္ပန္နံဂတံ ဥပေါသထသီလံ သမာဒိယာမိလို့ဆိုပြီး ဆောက်တည်တာကို ပြောတာပါ။ ပေါင်းယူထားရင်တော့ တစ်ခုကျိုးရင် အားလုံးပျက်ပါတယ်။ ခုနက ပြောသလို အင်္ဂါရပ်တွေနဲ့ ညီလို့ သိက္ခာပုဒ် ကျိုးပေါက်သွားရင်တော့ ပြန်ယူပြီး ပြန်ဆောက်တည်နိုင်ပါတယ်။ ဒါပေမယ့် တစ်နေ့တာ ဆောက်တည်မှုမျိုးတော့ မဖြစ်တော့ဘူးပေါ့။ အချိန်ပိုင်း ဆောက်တည်တဲ့ ပုံစံမျိုးပဲ ဖြစ်သွားမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မကျူးလွန်မိအောင် ထိန်းနိုင်တာက အကောင်းဆုံးပါပဲ။ ဥပုသ်သီလလို့ ဆိုတဲ့အတွက် ဥပုသ်နေ့တစ်နေ့လေးမှာပဲ အထူးပြု ဆောက်တည်ကြရာမှာ တစ်နေ့လုံး အစအဆုံး ထိန်းနိုင်အောင် ကြိုးစားတာ အကောင်းဆုံးပါပဲ။ အကြောင်းအမျိုးမျိုးကြောင့် အချိန်ပိုင်းအနေနဲ့ ဆောက်တည်လိုက်ရရင်လည်း ဆောက်တည်တဲ့အခိုက်မှာ အတတ်နိုင်ဆုံး သတိထားနိုင်တာ ကောင်းပါတယ်။

၃။ အလှူဒါနပြုလုပ်တဲ့အခါ အဓိကပြည့်စုံသင့်တဲ့ အင်္ဂါရပ်တွေထဲမှာ စေတနာသုံးတန်ပြဋ္ဌာန်းဖို့က ပထမ အရေးအကြီးဆုံး အချက်ပဲ ဖြစ်ပါတယ်။ ဒုတိယအချက်က လှူဖွယ်ဝတ္ထု သန့်ရှင်းဖို့နဲ့ တတိယအချက်က အလှူခံပုဂ္ဂိုလ်မွန်မြတ်ဖို့ပါ။ ဒီအချက်တွေထဲမှာ စေတနာသုံးတန်ပြဋ္ဌာန်းမှုက ပိုပြီးအရေးကြီးပါတယ်။ စေတနာလည်းပြဋ္ဌာန်း လှူဖွယ်ဝတ္ထုကလည်း သန့်စင်၊ အလှူခံပုဂ္ဂိုလ်ကလည်း မွန်မြတ်ဆိုရင်တော့ အလွန်အကျိုးထူးတဲ့ အလှူဒါနဖြစ်သလို အကျိုးတရားလည်း အပြည့်ရစေမှာဖြစ်ပါတယ်။ ဒီအင်္ဂါရပ်တွေအရ ကိုယ်တိုင်ကိုယ်ကျ လှူမှုမလှူမှုထက် စေတနာသုံးတန် ဖြူစင်မှု မဖြူစင်မှုက ပိုပြီး အရေးကြီးတယ်ဆိုတာ ထင်ရှားပါတယ်။ ဒီအင်္ဂါရပ်တွေနဲ့ ပြည့်စုံပြီး ကိုယ်တိုင်ကိုယ်ကျလည်း ရိုရိုသေသေ ပေးလှူနိုင်မယ်ဆိုရင်တော့ အချိုပေါ် သကာလောင်းသလို ပိုပိုပြီး အကျိုးကြီးစေမှာ ဖြစ်ပါတယ်။ ကိုယ်တိုင်မလှူနိုင်လို့ တစ်ဆင့်ခံလှူဒါန်းတဲ့ အခါမှာလည်း စေတနာပြဋ္ဌာန်းပြီး လှူဒါန်းနိုင်ရင် ဒီအလှူဟာ အကျိုးအပြည့်အ၀ ရစေနိုင်တဲ့ အလှူပဲ ဖြစ်ပါတယ်။ အဓိကကတော့ စေတနာပဲ ဖြစ်ပါတယ်။

Read more »

ရဟန္တာနဲ့ ပစ္စေကဗုဒ္ဓ ကွာခြားပုံ…

Q. ဆရာတော်ဘုရားအား ရိုသေစွာလျောက်ထားပါတယ် ဘုရား။ ကျွန်တော်က နည်းပညာ တက်ရောက် သင်ကြားနေသော ဗိုလ်လောင်းတစ်ဦးပါ။ ရဟန္တာနဲ့ ပစ္စေကဗုဒ္ဓ ကွာခြားပုံကို တပည့်တော်အား ဖြေကြား ပေးပါခင်ဗျာ။ မည်သို့ မည်ပုံ ကြိုးစားအားထုတ်သော် ဖြစ်နိုင်ပုံတို့ကို ရှင်းလင်းဖြေကြားပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်ခင်ဗျာ။

တပည့်တော်က အရှင်ဘုရားရဲ့ စာဖတ်ပရိသတ် တစ်ဦးပါ။ အရှင်ဘုရား စာအုပ်တွေကို အားလုံးနီးပါး ဖတ်ဖြစ်ပါတယ်။ လိုက်နာရမှာတွေကိုလည်း လိုက်နာပါတယ်။ မှတ်သားကျင့်ကြံရမှာတွေကိုလည်း လိုက်နာ ပါတယ်။ အတုယူစရာတွေကိုလည်း အတုယူပါတယ်။ တပည့်တော် တရားအား ထုတ်ချင်ပေမယ့် အခြေအနေက မပေးသေးလို့ စာသင်ရင်း တရားစာအုပ်တွေဖတ်ရင်း ၀ိပဿနာကိုလည်း ကျင့်ကြံနေပါတယ်။ တပည့်တော်မှာ အလွန်ထက်သန်တဲ့ စိတ်တစ်ခုရှိပါတယ်ဘုရား။ အဲဒါကတော့ တပည့်တော် အဘိညာဉ် (၆) ပါးနဲ့တကွ ရဟန္တာဖြစ်ချင် နေမိတယ်ဘုရား။ တပည့်တော် အတတ်နိုင်ဆုံး တရားစာအုပ်တွေဖတ် လေ့လာတယ်။ သူငယ်ချင်းတွေကိုလည်း ဟောပြောပါတယ်။ အရှင်ဘုရားကြောင့် တပည့်တော် အများကြီး ပြောင်းလဲခဲ့ပါတယ်။ တပည့်တော် မနက်တိုင်း ဘုရား ဆွမ်းကပ်တယ်ဘုရား။ နေ့ခင်းလည်း ဘုရား ဆွမ်းကပ်ပြီးမှ စားပါတယ်ဘုရား။ အဲဒီကုသိုလ်ရဲ့ ပထမဇောက ယခု တပည့်တော် ဘယ်သွားသွား ဘယ်နေရာရောက်ရောက် ထမင်းကျွေးမယ့် လူတွေအမြဲရှိနေတယ်ဘုရား။ စေတနာပါပါနဲ့ နေ့တိုင်းကျွန်တော့်ကို ကျွေးကြတယ်ဘုရား။ ယခု ဘယ်သွားသွား သရဏဂုံ ၃ ပါး အမြဲရွတ်နေပါတယ်ဘုရား။
အရှင်ဘုရား ရိုသေစွာ ကန်တော့ပါတယ်ဘုရား။

ဗိုလ်လောင်း ဝေဇင်မင်း (DSTA)
ပြင်ဦးလွင်။

A. မင်္ဂလာပါ ဒကာဝေဇင်မင်း
ဗုဒ္ဓဘာသာကို လက်တွေ့လိုက်နာ ကျင့်ကြံနေထိုင်တာကို သိရတဲ့အတွက် ၀မ်းသာပါတယ်။ တရားတော်ရဲ့ ဂုဏ်တော်ထဲကလို လက်တွေ့အားထုတ်ရင် လက်တွေ့အကျိုး ရနိုင်တာဖြစ်လို့ အားထုတ်နေတဲ့ သူတွေအတွက် အကျိုးတရားကတော့ ရှိနေမှာ အမှန်ပါပဲ။ အခု ဒကာလေး သိချင်နေတဲ့ မေးခွန်းတွေကို အတတ်နိုင်ဆုံး အကျဉ်းချုံ့ပြီးပဲ ဖြေကြားပေးလိုက်ပါတယ်။ အသေးစိပ် အကျယ်ဖြေပေးမယ်ဆိုရင် စာတွေအရမ်းများပြီး ရှုတ်ထွေးသွားမှာ စိုးလို့ပါ။

ဒကာလေးမေးထားတဲ့ ရဟန္တာနဲ့ ပစ္စေကဗုဒ္ဓ ကွားခြားချက်ကတော့ ရဟန္တာဆိုတာ အရဟန္တဆိုတဲ့ ပါဠိစကားကို မြန်မာမှုပြုထားတာဖြစ်ပြီး ပစ္စေကဗုဒ္ဓဆိုတာက ပါဠိစကားလုံးကို တိုက်ရိုက်အသုံးပြုထားတာ ဖြစ်ပါတယ်။ အရဟန္တဆိုတဲ့ စကားမှာပါတဲ့ အရ, ဆိုတဲ့စကားက အဟန့်အတား အကန့်အထောက် ကိလေသာလို့ အဓိပ္ပါယ်ရပြီး ဟန္တ(ဟတ)ကတော့ သတ်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် အရဟန္တ (ရဟန္တာ)ဆိုတာ တားမြစ်ပိတ်ပင်တတ်တဲ့ ကိလေသာမှန်သမျှကို အကြွင်းအကျန်မရှိ အကုန်အစင် သတ်ပြီးသွားတဲ့ ပုဂ္ဂိုလ်ကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ ပစ္စေကဗုဒ္ဓဆိုတဲ့ စကားလုံးမှာပါတဲ့ ပစ္စေကဆိုတာ = အသီးအခြား၊ သီးသီးသန့်သန့် လို့အဓိပ္ပါယ်ရပြီး ဗုဒ္ဓကတော့ သစ္စာလေးပါးကို သိသောဘုရားလို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် ပစ္စေကဗုဒ္ဓဆိုတာ သာဝကများလို သဗ္ဗညုဘုရားရှင်ထံမှ တစ်ဆင့် သစ္စာလေးပါးကို သိတဲ့ ရဟန္တာမျိုးမဟုတ်ဘဲ သီးခြားမိမိကိုယ်တိုင် ကျင့်ကြံအားထုတ်ပြီး သစ္စာလေးပါးကိုသိတဲ့ ဘုရားမျိုးကိုခေါ်တာ ဖြစ်ပါတယ်။ တစ်ချို့က ပစ္စေကဗုဒ္ဓဟာ ဘုရားတော့ဘုရားပဲ ဒါပေမယ့် ဘုရားငယ်လို့ ဆိုလေ့ရှိပါတယ်။ ဒါက ရဟန္တာနဲ့ ပစ္စေကဗုဒ္ဓဆိုတဲ့ အခေါ်အဝေါ်စကားလုံးတွေရဲ့ အဓိကအဓိပ္ပါယ်ခြားနားချက်ပဲ ဖြစ်ပါတယ်။

ရဟန္တာနဲ့ ပစ္စေကဗုဒ္ဓတို့ဟာ သစ္စာလေးပါးကိုသိပြီး ကိလေသာမှန်သမျှကို အကုန်အစင် ပယ်သတ်ကာ နောက်ဆုံးတွင် နိဗ္ဗာန်ကို မျက်မှောက်ပြုသွားကြတာချင်း တူညီကြပေမယ့် ဖြည့်ကျင့်ရတဲ့ ပါရမီနဲ့ ရရှိတဲ့ အဆင့်အခြေအနေ၊ လုပ်ဆောင်ချက်တွေကတော့ ကွာခြားကြပါတယ်။ သစ္စာကို သိမြင်ကြတာချင်း ကွာခြားမှုရှိတာကို ဆိုလိုတာဖြစ်ပါတယ်။ အဲဒါကို စာလိုပြောတော့ ဗောဓိလို့ ပြောပါတယ်။ ဗောဓိဆိုတာ သစ္စာလေးပါးကို ထိုးထွင်း၍ သိမြင်တဲ့ဉာဏ်ကို ဆိုပါတယ်။ ဒါကြောင့် သာဝကတွေရဲ့ သိမြင်မှုဉာဏ်ကို သာဝကဗောဓိလို့ဆိုပြီး ပစ္စေကဗုဒ္ဓများရဲ့ ထိုးထွင်းသိမြင်မှုဉာဏ်ကို ပစ္စေကဗောဓိလို့ ဆိုပါတယ်။ ဒီနေရာမှာ ပစ္စေကဗုဒ္ဓလည်း ရဟန္တာပဲ ရဟန္တာလည်း ရဟန္တာပဲလို့ စောဒကတက်စရာ ရှိပါတယ်။ ရဟန္တာတော့ ရဟန္တာပါပဲ။ ရရှိတဲ့ ဉာဏ်နဲ့ဖြည့်ကျင့်တဲ့ ပါရမီတွေကိုလိုက်ပြီး သဗ္ဗညုတဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ သာဝကဗုဒ္ဓရယ်လို့ ခွဲခြားသတ်မှတ်ကြတာ ဖြစ်ပါတယ်။ ဒီနေရာမှာ အသုံးပြုတဲ့ ရဟန္တာဆိုတာကတော့ သာဝကတွေကို ရည်ရွယ်ပါတယ်။ သာဝကအဖြစ်နဲ့ ပါရမီဖြည့်ပြီး ကိလေသာကုန်ခမ်းကာ နိဗ္ဗာန်ဝင်စံကြတဲ့ ရဟန္တာများကို ဆိုလိုပါတယ်။ သာဝကတွေ ရရှိကြတဲ့ ဗောဓိတွေကို ဆိုလိုချင်ပါတယ်။

ဒီသာဝက ဗောဓိကလည်း သုံးမျိုးသုံးစား ကွဲပြားပြန်ပါတယ်။ အဲဒီသုံးမျိုးက
(၁) အဂ္ဂသာဝကဗောဓိ = အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်တို့ ရရှိကြတဲ့ ဗောဓိမျိုးကို အဂ္ဂသာဝကဗောဓိလို့ ခေါ်ပါတယ်။ ဒီဗောဓိဉာဏ်ကို ရဖို့အတွက် ဒါနစတဲ့ ပါရမီဆယ်ပါးကို ကမ္ဘာပေါင်း တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာအောင် ပါရမီဖြည့်ကျင့်ရပါတယ်။
(၂) မဟာသာဝကဗောဓိ = မြတ်စွာဘုရားရှင်ရဲ့ လက်ျာတော်ရံ သာဝက လေးဆယ်၊ လက်ဝဲတော်ရံ သာဝကလေးဆယ်လို့ ခေါ်တဲ့ အသီတိရှစ်ကျိပ်ဖြစ်တဲ့ မဟာသာဝကများ ရရှိတဲ့ ဗောဓိကို မဟာသာဝက ဗောဓိလို့ ခေါ်ပါတယ်။ ဒီဗောဓိဉာဏ်ကို ရဖို့အတွက်လည်း ဒါနစတဲ့ ပါရမီဆယ်ပါးကို ကမ္ဘာတစ်သိန်း ကာလကြာအောင် ပါရမီဖြည့်ကျင့်ရပါတယ်။
(၃) ပကတိသာဝကဗောဓိ = ပကတိသာဝကများအတွက် ပါရမီဖြည့်ကျင့်ရမယ့် ကာလအပိုင်းအခြား သတ်မှတ်ချက်ကို အတိအကျ မဖော်ပြထားပါဘူး။ တစ်ချို့ အဋ္ဌကထာများမှာတော့ ကမ္ဘာတစ်သိန်းအောက် ကမ္ဘာတစ်ရာ၊ ကမ္ဘာတစ်ထောင် စသဖြင့် အတိအကျ သတ်မှချက်မရှိ ဒါနစတဲ့ပါရမီများ ဖြည့်ကျင့်ရဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ဒီနေရာမှာ ဒီနေ့ခေတ် တရားအားထုတ်နေသူများ အနေဖြင့် မိမိတို့ဟာ ဆုကြီးပန်များ ဟုတ်ချင်လည်းဟုတ်နိုင်၊ မဟုတ်ချင်လည်း မဟုတ်နိုင်ပေမယ့် သာမန်ဗောဓိဉာဏ်ကို ရပြီး သစ္စာလေးကိုသိကာ ရဟန္တာဖြစ်ဖို့အတွက် အတိတ်ဘ၀တွေက ဖြည့်ကျင့်ခဲ့တဲ့ ပါရမီများလည်း ရှိနိုင်တဲ့အတွက် ဒီဘ၀မှာ ကြိုးစားအားထုတ်ရင် ရဟန္တာအဖြစ် ရနိုင်ပါတယ်။ သေချာတာကတော့ အတိတ်ဘ၀တွေက ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ မသိနိုင်ပေမယ့် ဒီဘ၀မှာ ကြိုးကြိုးစားစား မှန်မှန်ကန်ကန် ပြင်းပြထက်သန်တဲ့ အားထုတ်မှုများနဲ့ ကျင့်ကြံမယ်ဆိုရင် ရဟန္တာဖြစ်နိုင်ပါတယ်။ မသိနိုင်တဲ့ ပါရမီတွေကလည်း ရှိချင်ရှိနေနိုင်မှာ ဖြစ်လို့ပါ။

ရဟန္တာအဖြစ်ကို ရရှိတဲ့အခါမှာလည်း ကြိုးစားအားထုတ်မှုနဲ့ ပါရမီတွေအရ ဈာန်အဘိညာဏ် တန်ခိုးမရှိ ပကတိ သူလိုငါလို နေတဲ့ သုက္ခ၀ိပဿက ရဟန္တာနှင့် ဈာန်အဘိညာဏ်၊ တန်ခိုးရှင်ဖြစ်တဲ့ ဈာနလာဘီရဟန္တာလို့ နှစ်မျိုးနှစ်စားခွဲခြားနိုင်ပါတယ်။ ပိုပြီး အသေးစိပ်ခွဲခြားမယ်ဆိုရင်တော့ ၁။ လွန်ကဲသော သဒ္ဓါဖြင့် ကိလေသာမှ လွတ်ကင်းသော သဒ္ဓါဝိမုတ္တရဟန္တာ ၂။ လွန်ကဲသော ပညာဖြင့် ကိလေသာမှ လွတ်ကင်းသော ပညာဝိမုတ္တရဟန္တာ ၃။ လောကီဝိဇ္ဇာ အဘိညာဏ်မပါ သဒ္ဓါပညာနှစ်ပါးဖြင့်သာ ကိလေသာမှ လွတ်ကင်းသော ဥဘတောဘာဂ ၀ိမုတ္တရဟန္တာ ၄။ ၀ိဇ္ဇာသုံးပါးနှင့်ပြည့်စုံသော တေ၀ိဇ္ဇာပတ္တရဟန္တာ ၅။ အဘိညာဉ် (၆)ပါးနဲ့ပြည့်စုံသော ဆဠာဘိညရဟန္တာ ၆။ ပဋိသမ္ဘိဒါလေးပါးသို့ ဆိုက်ရောက်သော ပဋိသမ္ဘိဒါပတ္တ ရဟန္တာလို့ (၆)မျိုးခွဲခြားနိုင်ပါတယ်။ ဒီကွဲပြားမှုတွေဟာ အားထုတ်တဲ့ နည်းစနစ်နဲ့ လိုချင်တဲ့အရာကို အထပ်ထပ်ကျင့်ကြံ ပွားများမှုတွေကိုလိုက်ပြီး အမည်နဲ့ အဆင့်ကွဲပြားသွားတာ ဖြစ်ပါတယ်။ အားလုံးကတော့ အာသဝေါကုန်ခမ်း ရဟန္တာများပဲ ဖြစ်ပါတယ်။

မေးခွန်းရှင် ဒကာလေး ဖြစ်ချင်တဲ့ အဘိညာဏ်ခြောက်ပါးနဲ့ ပြည့်စုံတဲ့ ရဟန္တာအဖြစ်ကို ရချင်ရင် ၀ိပဿနာအလုပ်ကို နည်းစနစ်မှန်ကန်စွာ ကြိုးစားအားထုတ်ရင်း အဘိညာဏ် ရဖို့အတွက် ပထမဈာန်၊ ဒုတိယဈာန် စတဲ့ဈာန်များကို ၀သီဘော်ငါးပါးနဲ့ နိုင်နင်းစွာပွားများ အားထုတ်နိုင်မယ် ဆိုရင်တော့ ဆဠာဘိည ရဟန္တာအဖြစ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ အဘိညာဏ်ခြောက်ပါးထဲက ၁။ နတ်မျက်စိကဲ့သို့ သိလိုရာကို အထူးမြင်တတ်တဲ့ ဒိဗ္ဗစက္ခုအဘိညာဏ် ၂။ နတ်နားကဲ့သို့ အထူးကြားတတ်တဲ့ ဒိဗ္ဗသောတအဘိညာဏ် ၃။ သူတပါး၏စိတ်ကို သိတတ်တဲ့ ပရစိတ္တ၀ိဇာနန အဘိညာဏ် ၄။ အထူးထူးသော တန်ခိုးများကို ပြစွမ်းနိုင်တဲ့ ဣဒ္ဓိဝိဓအဘိညာသ် ၅။ ရှေးဘ၀က ဖြစ်ခဲ့ဖူးသည်များကို အစဉ်အောက်မေ့နိုင်တဲ့ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်ဆိုတဲ့ အဘိညာဉ်ငါးပါးကို လောကီအဘိညာဉ်လို့ခေါ်ပြီး ဒီငါးပါးကို သာသနာပ အခါမှာလည်း သမထကမ္မဋ္ဌာန်းတစ်ခုခုကို အားထုတ်ပြီး ရယူနိုင်ပါတယ်။ နောက်ဆုံးအဘိညာဏ်ဖြစ်တဲ့ ၆။ ကိလေသာအာသဝေါ ကုန်ခမ်းစေတတ်တဲ့ အရဟတ္တမဂ်ဉာဏ်လို့ခေါ်တဲ့ အာသ၀က္ခယ အဘိညာဉ်ကတော့ သာသနာတွင်းကာလမှာ ၀ိပဿနာ တရားအားထုတ်ခြင်းဖြင့်ပဲ ရယူနိုင်ပါတယ်။ ဒါကြောင့် သာသနာနဲ့ကြုံပြီး ၀ိပဿနာကို ပွားများအားထုတ်နိုင်တဲ့ အခုလိုကာလမျိုးမှာ အဘိညာဉ်ခြောက်ပါးနဲ့အတူ ရဟန္တာအဖြစ်ကို ရယူနိုင်ပါတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဒါက သာဝကတွေအနေနဲ့ ရဟန္တာအဖြစ်ကို ရစေနိုင်တဲ့ အဆင့်အတန်းတွေကို ပြောပြတာဖြစ်ပါတယ်။ အထူးသဖြင့် သဗ္ဗညုတဗောဓိ၊ ပစ္စေကဗောဓိမှတပါး သာဝကဗောဓိ အကြောင်းကို အကျဉ်းတင်ပြရခြင်း ဖြစ်ပါတယ်။

နောက် ပစ္စေကဗုဒ္ဓ အကြောင်းပြောရရင် ပစ္စေကဗောဓိဉာဏ်ကိုရတဲ့ ပစ္စေကဗုဒ္ဓ ဘုရားရှင်တွေဟာ သဗ္ဗညုဘုရားရှင်များ မပွင့်တဲ့ သာသနာပ အခါမှာပဲ ပွင့်တော်မူကြပါတယ်။ သဗ္ဗညုတ ဘုရားအလောင်းတော်များ လူ့ပြည်မှာ ဖြစ်လာတဲ့အခါ ပစ္စေကဗုဒ္ဓ ဘုရားရှင်များဟာ ပရိနိဗ္ဗာန် စံဝင်ပြီး ကွယ်ပျောက်သွား ကြပါတယ်။ တကယ်တော့ ပစ္စေကဗုဒ္ဓ ဘုရားရှင်တွေဟာ သစ္စာလေးပါးတရားတော်ကို ကိုယ်တိုင်ပဲ သိမြင်လေ့ရှိပြီး သူတပါးတို့သိအောင် မဟောကြားနိုင်ပါဘူး။ ပေးကမ်းလှူဒါန်းတဲ့ သူတွေကိုတော့ လှူပြီးဆုတောင်းတဲ့အခါ တောင်းတဲ့ဆုနဲ့ ပြည့်စုံစေနိုင်ပါတယ်။ ပစ္စေကဗုဒ္ဓ ဘုရားရှင်တို့ဟာ ဂုဏ်တော်အဆင့်အားဖြင့် သဗ္ဗညုဘုရားရှင်တို့အောက် နိမ့်ကျပြီး ရဟန္တာတို့ထက် မြင့်မြတ်ပါတယ်။

ဒီပစ္စေကဗုဒ္ဓအဖြစ်နဲ့ ပစ္စေကဗောဓိဉာဏ် ရဖို့အတွက် ဒါနစတဲ့ပါရမီဆယ်ပါး၊ ဥပပါမရမီဆယ်ပါးဆိုတဲ့ ပါရမီတွေကို နှစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာအောင် ပါရမီ ဖြည့်ကျင့်ရပါတယ်။ ဒီပစ္စေက ဗုဒ္ဓများဟာလည်း ၁။ ပညာရှေ့ထား ပါရမီပွားတဲ့ ပညာဓိက ပစ္စေကဗုဒ္ဓ ၂။ သဒ္ဓါရှေ့ထား ပါရမီပွားတဲ့ သဒ္ဓါဓိက ပစ္စေကဗုဒ္ဓ ၃။ ၀ိရိယရှေ့ထား ပါရမီပွားတဲ့ ၀ီရိယာဓိက ပစ္စေကဗုဒ္ဓလို့ သုံးမျိုးခွဲခြားနိုင်ပါတယ်။ ဘယ်လိုပဲ ကွဲပြားပေမယ့် နှစ်သင်္ချေနဲ့ ကမ္ဘတစ်သိန်းကြာအောင် ပါရမီတွေကိုဖြည့်ပြီး ပါရမီအထွတ်အထိပ်ကို ရောက်တဲ့အခါ ဆရာမရှိဘဲ မိမိကိုယ်တိုင် သစ္စာလေးပါးကို ထိုးထွင်း၍သိသော မဂ်ဉာဏ်ကို ရတော်မူပါတယ်။ ဒီမဂ်ဉာဏ်ကို ပစ္စေကဗောဓိဉာဏ်လို့ခေါ်ပါတယ်။ ဒီလို ပစ္စေကဗောဓိဉာဏ်ကို ရရှိတော်မူတဲ့ ပုဂ္ဂိုလ်သူမြတ်များကို ပစ္စေကဗုဒ္ဓလို့ ခေါ်ခြင်းဖြစ်ပါတယ်။

ဒီလောက်ဆိုရင် ဒကာလေးသိချင်တဲ့ ရဟန္တာနဲ့ ပစ္စေကဗုဒ္ဓအကြောင်း အနည်းငယ်တော့ သိနိုင်လောက်ပြီလို့ ထင်ပါတယ်။ စာပေမှာအများကြီး အကျယ်ဖွင့်ထားပေမယ့် ဒီနေရာမှာတော့ အဓိကကျတဲ့ အချက်လောက်ကိုပဲ ရွေးထုတ်တင်ပြလိုက်ပါတယ်။ မသိတာရှိရင် နားမလည်တာရှိရင် နောက်ထပ်ပြီး မေးမြန်းနိုင်ပါတယ်။

ကျမ်းကိုး
မဟာဗုဒ္ဓ၀င် (ပထမတွဲ၊ ပထမပိုင်း)၊ မင်းကွန်းတိပိဋကဓရ ဆရာတော်
လယ်တီဒီပနီပေါင်းချုပ် (စတုတ္ထတွဲ၊ ဥတ္တမပုရိသဒီပနီ)၊ လယ်တီဆရာတော်
သုတေသနသရုပ်ပြ အဘိဓာန်၊ အရှင်သြဘာသာဘိဝံသ
ဝိသုဒ္ဓိမဂ်၊ အဋ္ဌကထာ၊ မြန်မာပြန် (ဒုတိယတွဲ)

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ