ဥပုသ်နေ့မဟုတ်တဲ့ ဥပုသ်သီလ၊ အလှူခံပုဂ္ဂိုလ်နဲ့ ရွေးချယ်မှု…

Q. အရှင်ဘုရား
တပည့်တော်အား ပြန်လည်ဖြေကြား ရှင်းလင်းပေး၍ ကျေးဇူးအထူးတင်ရှိပါသည်။ အောက်ပါမေးခွန်း များကိုလည်း ဖြေကြားပေးပါဘုရား...
၁။ ဥပုသ်နေ့ မဟုတ်သော စနေ၊ တနင်္ဂနွေနေ့များ၌ ဥပုသ်စောင့်၍ ရနိုင်ပါသလားဘုရား
၂။ တပည့်တော် ၀ါဆိုသင်္ကန်းအား မိမိကိုယ်တိုင် ၁စုံလှူ၍ ကျန်သင်္ကန်း ၅စုံအား အသိမိတ်ဆွေ မရှိဆင်းရဲသား အသက်ကြီးသူများအား လှူဒါန်းချင်ပါသည်။ သူတို့ သေဆုံးသွားသောအခါ သင်္ကန်းအလှူဒါန အကျိုးပါသွားစေ ချင်ပါသည်။ မိမိကိုယ်တိုင် ၆စုံလုံး ကပ်လှူခြင်းနှင့် ၎င်းတို့အား ပေးလှူခြင်း မည်သည့်အရာက အကျိုးများပါသလဲဘုရား။


တပည့်တော်များသောအားဖြင့် ဆင်းရဲသူများ၊ ဒုက္ခရောက်သူများအား လှူဒါန်းလေ့ရှိပြီး အလှူခံပုဂ္ဂိုလ် မြတ်မမြတ်ကို သိပ်မကြည့်ဖြစ်ပါ။ ဘုန်းဘုန်း၏ ပြန်ကြားစာတွင် ၎င်းအချက်ပါရှိပါ၍ တပည့်တော် သင်္ကန်း၆စုံလုံးကို သီလနှင့်ပြည့်စုံသည့် ဆရာတော်ကြီးများအား ကိုယ်တိုင်ကပ်လှူလျင် ကောင်းမည်လားဟု ဇဝေဇ၀ါဖြစ်နေပါသည်ဘုရား။ မည်သည့်အရာက အကျိုးများမည် ဖြစ်ပါသလဲဘုရား။ ယခုမှစ၍ ဆင်းရဲသားများထက် မွန်မြတ်သော ဆရာတော်ကြီးများအား လှူဒါန်းခြင်းကို ဦးစားပေးလျှင် ကောင်းမည်ဖြစ်ပါသလားဘုရား…။
ကျေးဇူးအထူးတင်ရှိပါသည်။
သင်းသင်းအေး
(MYANMAR TASAKI CO., LTD.)

A. ၁။ မင်္ဂလာပါ ဒကာမရေ… ဥပုသ်နေ့မဟုတ်တဲ့ တစ်ခြားနေ့တွေမှာလည်း ဥပုသ်သီလကို စောင့်ထိန်းနိုင်ပါတယ်။ နေ့စဉ်စောင့်ထိန်းနိုင်ရင် ပိုကောင်းပါတယ်။ တကယ်တော့ ဥပုသ်သီလဆိုတာ တပတ်မှာ တစ်ရက်လောက်တော့ သီလကို အထူးစောင့်ထိန်း စေလိုတဲ့အတွက် ဥပုသ်နေ့မှာ သတ်မှတ်ပေးပြီး ရှစ်ပါး၊ ကိုးပါးသီလများကို စောင့်ထိန်းဖို့ အထူးသတ်မှတ်ပေးတဲ့ သီလဖြစ်ပါတယ်။ စွမ်းနိုင်ရင်တော့ နေ့စဉ်စောင့်ထိန်းနိုင်ရင် ပိုကောင်းပါတယ်။ ငါးပါးသီလထက်ပိုလွန်ပြီး မေထုန်မလိုက်စားဖို့၊ နေ့လွဲညစာမစားဖို့၊ ကခြင်းတီးခြင်းသီဆိုခြင်းများ မလုပ်ဖို့၊ အမွေးနံ့သာ မလိမ်းဖို့၊ နူးညံ့လှတဲ့ အိပ်ရာနေရာတွေမှာ မနေထိုင်ဖို့ စသဖြင့် ပညတ်ပေးထားတဲ့ ရှစ်ပါးကိုးပါး သီလများကိုကြည့်ရင် ကာမဂုဏ်အာရုံတွေ၊ ကိလေသာတရားတွေကို မလုပ်ဖြစ်အောင်၊ မကျူးလွန်မိအောင် ကိုယ့်ရဲ့ကာယကံ ၀စီကံတွေကို ချုပ်တီးနိုင်အောင် သီလနဲ့ ထိန်းစေလိုခြင်းဖြစ်ကြောင်း သိနိုင်ပါတယ်။ ဒါကြောင့် ဒီရှစ်ပါး ကိုးပါးသီလများဟာ ဥပုသ်နေ့မှ မဟုတ်ဘဲ ကျန်တဲ့နေတွေမှာလည်း ထိန်းနိုင်ရင် အကုသိုလ် အဖြစ်နည်းပြီး ကိလေသာလျော့နည်း စေမှာဖြစ်တဲ့အတွက် နေ့စဉ်စောင့်ထိန်းနိုင်ရင် ကောင်းပါတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဥပုသ်နေ့ကလွဲပြီး ကျန်တဲ့နေ့တွေမှာလည်း စောင့်ထိန်းကောင်းပါတယ်လို့ သိစေလိုပါတယ်။

၂။ အလှူဒါနကတော့ စေတနာသုံးတန်ပြဋ္ဌာန်းပြီး ပြတ်သားစွာ လှူမယ်ဆိုရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို မဆို လှူဒါန်းနိုင်ပြီး အလှူကုသိုလ်မြောက်ကာ ကုသိုလ်ရပါတယ်။ အကျိုးပေးအနေနဲ့သာ အလှူခံပုဂ္ဂိုလ်ကို လိုက်ပြီး ကွဲပြားတာဖြစ်ပါတယ်။ အလှူခံပုဂ္ဂိုလ်များဖြစ်တဲ့ ၁။ တိရိစ္ဆာန်သတ္တ၀ါများ ၂။ လူဒုဿီလခေါ် တံငါမုဆိုးစသော ဒုစရိုက်မှု ပြလုပ်သူများ ၃။ လူသီလ၀န္တခေါ် သာသနာပအခါမျိုး၌ ငါးပါးသီလမြဲသူများ ၄။ ရသေ့ပရိဗိုဇ်ခေါ် သာသနပအခါ ဈာန်အဘိညာဉ်ရ ပုဂ္ဂိုလ်များ၊ ၅။ သောတာပတ္တိမဂ္ဂန်ပုဂ္ဂိုလ် ၆။ သောတာပတ္တိဖလဋ္ဌာန်ပုဂ္ဂိုလ် ၇။ သကဒါဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် ၈။ သကဒါဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ် ၉။ အနာဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် ၁၀။ အနာဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ် ၁၁။ အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် ၁၂။ အရဟတ္တဖလဋ္ဌာန်ပုဂ္ဂိုလ် ၁၃။ ပစ္စေကဗုဒ္ဓ ၁၄။ သမ္မာသမ္ဗုဒ္ဓဆိုတဲ့ အလှူခံပုဂ္ဂိုလ် (၁၄) ယောက်ထဲမှာ ယုတ်စွအဆုံး တိရိစ္ဆာန်ကိုတောင် စေတနာအပြည့်နဲ့ ကျွေးမွေးလှူဒါန်းရင် ကုသိုလ်ရပြီး ဘ၀ပေါင်း တစ်ရာအထိ ကောင်းမှုအကျိုးပေးကြောင်း၊ တိရိစ္ဆာန်ထက် သီလမရှိတဲ့ လူပုဂ္ဂိုလ်ကို လှူဒါန်းရင်လည်း ဘ၀ပေါင်း တစ်ထောင်အထိ အကျိုးပေးကြောင်း စသဖြင့် အလှူခံပုဂ္ဂိုလ် မြင့်မြတ်တာနဲ့ အလှူရဲ့ အကျိုးကြီးမှုလည်း ကွာခြားသွားကြောင်း စာပေတွေမှာ ဖွင့်ဆိုရှင်းပြပါတယ်။

ဒီနေရာမှာ ဒကာမရဲ့ အလှူကတော့ ဘယ်လိုမျိုး အနေနဲ့ပဲလှူလှူ စေတနာပြဋ္ဌာန်းပြီးသား ဖြစ်လို့ အကျိုးပေးကောင်းပြီး ကုသိုလ်ဖြစ်နေတယ်ဆိုတာ အထူးပြောစရာ မရှိပါဘူး။ အကျိုးပေးကြီးမှု မကြီးမှုကတော့ အလှူခံပုဂ္ဂိုလ် အပိုင်းနဲ့ဆိုင်သွားပါပြီ။ ဒကာမရဲ့ စေတနာကတော့ ပြည့်စုံနေမယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် ပုထုဇင်တွေဖြစ်နေသမျှ စေတနာသဒ္ဓါတရားက မခိုင်မြဲသေးတဲ့အတွက် စေတနာကွက်တာ၊ သဒ္ဓါကွက်တာတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့်လည်း အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်ပြီး လှူဒါန်းကြဖို့ ဆိုခြင်းဖြစ်ပါတယ်။ နောက်တစ်ချက်က ကိုယ်က ပုထုဇင်ဖြစ်နေတဲ့အတွက် ပုဂ္ဂိုလ်ကို ရွေးချယ်ရာမှာ သီလပြည့်စုံမှု ရှိမရှိ အတိအကျ မသိနိုင်တာတွေလည်း ရှိတတ်ပါတယ်။ ဒီနေ့ခေတ် အလှူခံပုဂ္ဂိုလ်တွေကြားမှာ နာမည်ကြီးပြီး အကျင့်လွဲနေတဲ့ အလှူခံပုဂ္ဂိုလ်အချို့လည်း ရှိနေတဲ့အတွက် အလှူဒါနပြုတဲ့အခါမှာ ယုံကြည်မှုနဲ့ စူးစမ်းဆင်ခြင်မှုကို ညီမျှအောင် ပြုဖို့လိုတယ်လို့ ဆိုကြခြင်း ဖြစ်ပါတယ်။

ဝါဆိုသင်္ကန်းလှူဒါန်းတာနဲ့ ပတ်သက်ပြီး ဒကာမသိချင်တာလေးကို ပြောရမယ်ဆိုရင် သင်္ကန်းတစ်စုံပဲလှူလှူ အများကြီးပဲလှူလှူ စေတနာကောင်းရင် အလှူကြီးပြီး စေတနာနည်းရင် အလှူသေးမှာ ဖြစ်ပါတယ်။ ဒကာမ လှူလိုတဲ့ တစ်စုံဟာ စေတနာအရ ကြီးနေမယ်လို့ ယုံကြည်သလို သူများတွေကိုလည်း ဒါနအကျိုးကို ရစေလိုတဲ့အတွက် ပေးလှူစေတာဟာလည်း စေတနာရော မေတ္တာပါ ပြဋ္ဌာန်းနေတဲ့အတွက် ဒကာမအာရုံပြုထားသလို ကိုယ်ကတစ်စုံပဲလှူပြီး ကျန်ငါးစုံကို မရှိဆင်းရဲသားတွေကို ပေးလှူစေတာ ပိုပြီးကောင်းပါတယ်။ အကျိုးပေးအနေနဲ့ကလည်း ကိုယ်လှူတဲ့ တစ်စုံအတွက်လည်း ကုသိုလ်ရပြီးသား ဖြစ်နေသလို သူတစ်ပါးတို့အားလည်း ပေးလှူစေတဲ့အတွက် သူတို့လည်း ကုသိုလ်ရသလို သူတို့လှူတိုင်းလှူတိုင်း ကိုယ့်မှာလည်း ကုသိုလ်တွေ တိုးနေစေမှာဖြစ်ပါတယ်။ ဒါကြောင့် ဒကာမအနေနဲ့ သင်္ကန်း၆စုံလုံးကို ကိုယ်တစ်ယောက်တည်း လှူဒါန်းတာထက် ကိုယ်လည်းလှူ သူများတွေကိုလည်း ပေးလှူစေတာက ပိုအကျိုးကြီးကြောင်း အကြံပြုလိုပါတယ်။

နောက်တစ်ချက် ဒကာမမေးထားသလို မရှိဆင်းရဲသား ဒုက္ခရောက်နေသူများထက် သီလနဲ့ပြည့်စုံတဲ့ ဆရာတော်ကြီးတွေကိုပဲ သင်္ကန်း၆စုံလုံး လှူရင်ကောင်းမကောင်းဆိုတဲ့ အချက်ကတော့ အကြံပြုလိုပါတယ်။ အလှူလှူတဲ့အခါ ပုဂ္ဂိုလ်ကို ရွေးချယ်ပြီး လှူသင့်တယ်ဆိုပေမယ့် ကိုယ်လှူတဲ့ ပစ္စည်းဝတ္ထုရဲ့ အသုံးတည့်မှု မတည်မှု အချိန်အခါ ညီမှုမညီမှုတွေကိုလည်း ကြည့်ဖို့လိုပါတယ်။ သီလနဲ့ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို ရွေးချယ်ပြီး လှူဒါန်းတာဟာ လှူဒါန်းတဲ့အခိုက်မှာ အကျိုးကြီးပေမယ့် အလှူဝတ္ထုရဲ့ အသုံးကျမှုကတော့ နောက်ပိုင်းမှာ သိပ်မရှိလှပါဘူး။ ဆိုကြပါစို့ သီလသမာဓိနဲ့ ပြည့်စုံတဲ့ နာမည်ကြီး ဆရာတော်ကြီးတွေကို ကိုယ်ကလှူလိုက်တဲ့ ပစ္စည်းဟာ ဆရာတော်ကြီးများအတွက် ကိုယ့်လိုပဲ လှူဒါန်းသူတွေများနေတော့ ကိုယ့်အလှူကို တိုက်ရိုက်အသုံးပြုချင်မှ ပြုနိုင်ကြမှာ ဖြစ်ပါတယ်။ သင်္ကးန်လှူလည်း သင်္ကန်းကို တစ်နေရာမှာ ချောင်ထိုးထားရင်လည်း ထားနိုင်ပါတယ်။ အကယ်၍များ အဲဒီသင်္ကန်းတွေကို ဆင်းရဲနွမ်းပါးနေတဲ့ စာသင်သားလေးတွေ၊ မပြည့်စုံတဲ့ ကျောင်းတိုက်လေးတွေ၊ လိုအပ်နေတဲ့ နေရာလေးတွေမှာ လှူဖြစ်လိုက်မယ်ဆိုရင်တော့ ကိုယ့်ရဲ့အလှူပစ္စည်းဟာ အလှူခံပုဂ္ဂိုလ်တွေ အတွက်လည်း အကျိုးကြီးပြီး သူတို့တွေ ၀တ်ရုံသုံးဆောင်တိုင်းလည်း ကိုယ့်မှာကုသိုလ် တိုးနေမှာဖြစ်ပါတယ်။ ဒီထက်ပိုဝမ်းသာစရာက အလှူဒါနကို လိုအပ်နေတဲ့နေရာမှာ လိုနေတဲ့ဆန္ဒကို ဖြည့်ပေးတဲ့ သဘောမျိုး လှူလိုက်ရတဲ့အတွက်လည်း ပိုပြီးဝမ်းသာ ကြည်နူးစရာ ဖြစ်ပါတယ်။

အလှူဒါနဟာ အလှူခံပုဂ္ဂိုလ်ကိုလိုက်ပြီး အကျိုးအကြီးအသေး ကွာခြားတယ်ဆိုပေမယ့် ပုဂ္ဂိုလ်တစ်ဦးချင်းကို လှူဒါန်းတာထက် အဖွဲ့အစည်းနဲ့ အများကို ရည်ရွယ်ပြီး လှူဒါန်းတာက ပိုပြီးအကျိုးကြီးစေပါတယ်။ အလှူခံပုဂ္ဂိုလ် ၁၄ယောက်ထဲမှာ အမြတ်ဆုံးအလှူခံဖြစ်တဲ့ မြတ်စွာဘုရားကလည်း မိထွေးတော် ဂေါတမီက မိမိကို ရည်မှန်းပြီး လှူဒါန်းလာတဲ့ အလှူအတွက် “ဂေါတမီ... သံဃာအား ပေးလှူလော့၊ သင်သည် သံဃာကို ပေးလှူသည်ရှိသော် ငါဘုရားကိုလည်း ပူဇော်ပြီး ဖြစ်လတ္တံ့၊ သံဃာကိုလည်း ပူဇော်ပြီး ဖြစ်လတ္တံ့” (ဒက္ခိဏ၀ိဘင်္ဂသုတ်) လို့ သံဃိက အလှူရဲ့ အကျိုးကြီးပုံကို မိန့်တော်မူပါတယ်။ ဒီနေရာမှာ ဘုရားကို လှူတာထက် သံဃာကို လှူတာက ပိုမြတ်ပြီး ပိုအကျိုးကြီးတာကို ဆိုလိုတာ မဟုတ်ပါဘူး။ သံဃိက အလှူရဲ့ အကျိုးကြီးမှုကို ရည်ရွယ်လိုတာ ဖြစ်ပါတယ်။ အမှန်တော့ ဘုရားရှင်ကသာ အမြတ်ဆုံး အလှူခံ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဘုရားရှင်ရော သံဃာတော်ရော တစ်ပေါင်းတည်း လှူနိုင်ရင်တော့ အကောင်းဆုံး အလှူပဲပေါ့။ တကယ်တော့ သံဃာဆိုတာ အဖွဲ့အစည်း အပေါင်းအစည်းပဲ ဖြစ်ပါတယ်။ တစ်ပါးချင်းအနေနဲ့ သီလတွေ ချို့ယွင်းနိုင်ပေမယ့် သံဃာအများဖြစ်သွားတဲ့အခါ သီလမရှိသူလည်း သံဃာ့အားနဲ့ သံဃာတောထဲမှာဆိုရင် သံဃာလိုပဲ အကျိုးကျေးဇူးကို အပြည့်အ၀ပေးစေနိုင်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ ဒကာမရဲ့ အမေးဖြစ်တဲ့ “ဆင်းရဲသားများထက် မွန်မြတ်တဲ့ ဆရာတော်ကြီးများကို ရွေးချယ်ပြီး လှူဒါန်းရင်း ကောင်းမည်လား” ဆိုတဲ့ အမေးကို စေတနာ သဒ္ဓါတရားအပြည့်နဲ့ လိုအပ်တဲ့နေရာမှာ၊ လိုအပ်တဲ့အလှူကို ပုဂ္ဂိုလ်တစ်ဦးချင်းထက် အများကို ရည်မှန်းပြီး လှူဒါန်းတာက ပိုကောင်းတယ်လို့ အကြံပြု ဖြေကြားပေးလိုပါတယ်။

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ