Live Questions and Answers (9)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။

22 Aug 10, 08:44 AM
ashinwimalawuntha
အရှင်ဘုရား ငရဲသူ ငရဲသားတွေကို ငရဲထိန်းဆိုသူက ညှဉ်းပန်းနှိပ်စက်ကြတော့ အဲဒီကံကြွေးတွေကို ငရဲထိန်းများ တစ်ဖန်ပြန်ခံရပါသလား၊ ဘယ်လိုကံတွေကိုလုပ်ခဲ့လို့ ငရဲထိန်းတွေက ငရဲသူ ငရဲသားများကို နှိပ်စက်ခွင့်ရပါသလဲဘုရား..။

25 Aug 10, 05:24 AM
မနာပဒါယီ >>Ashin Vimala
ယမမင်းတို့ ငရဲထိန်းတို့ဆိုတာ စာမဟာရာဇ်နတ်စာရင်းမှာ ပါဝင်တဲ့ ဝေမာနိကပြိတ္တာ၊ နတ်ဘီးလူး၊ နတ်ရက္ခိုရ်များ ဖြစ်တယ်လို့ ဘာသာဋီကာ ဆရာတော်ကတော့ ဆိုပါတယ်။ ယမမင်းဆိုရင် ဝေမာနိကပြိတ္တာမင်းဖြစ်ပြီး တစ်ခါတစ်လေ နတ်စည်းစိမ်ဥစ္စာခံစားပြီး တစ်ခါတစ်ရံ ရိုးရိုးပြိတ္တာတွေလိုပဲ မကောင်းမှုအကျိုးကို ခံစားရတယ်လို့ ဆိုပါတယ်။ ယမမင်းဟာ ငရဲပြည်ရောက်လာတဲ့ သူတွေကို ကုသိုလ်ကောင်းမှု ပြုခဲ့မှုရှိမရှိ တရားမျှတအောင် စစ်ပေးရတဲ့အတွက် တရားစောင့်မင်းကောင်းလို့တောင် ပြောနိုင်ကြောင်းလည်း ဘာသာဋီကာမှာ အဆိုရှိထားတာ တွေ့ရပါတယ်။ အဲဒီလိုပဲ ငရဲထိန်းတွေဟာလည်း ငရဲခံရတဲ့သူတွေကို တာဝန်အရ သတ်ပုတ်နှိပ်စက်ပေးရတာ ရှိပေမယ့် သူတို့လည်း သာတစ်ခါ စံတစ်လှည့်ရှိပါတယ်။ တာဝန်အရ သတ်ပုတ်ပေးရပေမယ့် စေတနာမပါတဲ့အတွက် ဒီကံတွေကြောင့် တန်ပြန်သက်ရောက်မှု မရှိနိုင်ဘူးလို့ ဆိုပါတယ်။ ငရဲထိန်းများဟာ ငရဲခံရမယ့်သူတွေကို ငရဲမီးစတာတွေနဲ့ လောင်မြိုက်စေရပေမယ့် ဒီငရဲမီး စတာတွေဟာလည်း ကံကြောင့်ဖြစ်တဲ့ ကမ္မပစ္စယဥတုဇရုပ်များ ဖြစ်တဲ့အတွက် ခံရမယ့်သူကိုပဲ ပူစေပြီး ငရဲထိန်းတွေကို ပူလောင်မှု မဖြစ်စေဘူးလို့ ဆိုပါတယ်။ ဒီအချက်အရ ငရဲထိန်းတွေဟာ ဒီငရဲထိန်းဘ၀ကို ရနေတာကိုက သူတို့ရဲ့ ကံတစ်ခုခုကြောင့်ဖြစ်နေပြီး ဒီဘ၀မှာ ငရဲထိန်းအလုပ်ကို လုပ်နေရတာတွေဟာလည်း ကံကြွေးတွေကို ဆပ်နေရတာ ဖြစ်တဲ့အပြင် စေတနာနဲ့ လုပ်နေကြတာ မဟုတ်တဲ့အတွက် ဒီကံတွေကြောင့် တန်ပြန်သက်ရောက်မှု မရှိနိုင်ဘူးလို့ နားလည်နိုင်ပါတယ်။ အကျယ်ကိုတော့ သင်္ဂြီုဟ်ဘာသာဋီကာမှာ လေ့လာနိုင်ပါတယ်။

3 Sep 10, 06:04 PM
မီ
ဒု-သ-န-သော ပို.စ် လေးကိုဖတ်ပြီး တစ်ခုမေးလျှောက်ပါရစေပါဘုရား။ အိမ်ထောက်ရှိလျှက် တခြားသော အမျိုးသမီးနှင့်ဖောက်ပြန်တတ်သော ယောက်ကျားနှင့် အိမ်ထောင်ရှိမှန်းသိလျှက် ထိုယောက်ကျားနှင့် ဖောက်ပြန်တတ်သော မိန်းမ မည်သူသည် ဒု-သ-န-သော ဖြစ်ပါသလဲ သိပါရစေ ဘုရား...

3 Sep 10, 07:48 PM
မနာပဒါယီ >>> မီ
ဒီနေရာမှာ အကယ်၍ အမျိုးသမီးကလည်း အိမ်ထောင်ရှိတယ်ဆိုရင် နှစ်ဦးလုံး ဒု သ န သော ဖြစ်ပါတယ်။ အမျိုးသမီးက ကာမပိုင်လင်ယောက်ျား မရှိဘူးဆိုရင်တော့ အိမ်ထောင်ရှိပြီး ဖောက်ပြန်တတ်တဲ့ အမျိုးသားပဲ ဒု သ န သော ဖြစ်ပါတယ်။ အမျိုးသားများ အနေနဲ့ မိမိက အိမ်ထောင်ရှိပြီးသား ဆိုရင် ဘယ်လိုအမျိုးသမီးကိုမှ မသွားလာအပ်ပါဘူး။ သွားလာရင် ဒု သ န သော ဖြစ်ပါတယ်။ ဒီပို့စ်လေးကို ပြန်ဖတ်ကြည့်ပါ http://www.venvicitta.com/2010/07/prostitute.htm


5 Sep 10, 05:31 PM
မီ
အရှင်ဘုရား... တပည့်တော် ခွင့်လွှတ် လျစ်လျူရှု တတ်သူဖြစ်ချင်ပါတယ်။ မည်ကဲ့သို စိတ်နှလုံးသွင်း နေထိုင်ရမည်ကို သင်ပြပေးတော်မူပါဘုရား။

6 Sep 10, 04:26 AM
မနာပဒါယီ >>> မီ
ကိုယ့်စိတ်ကို အကောင်းဆုံး ထိန်းချုပ်ပြုပြင်နိုင်အောင် ကြိုးစားဖို့ လိုပါတယ်။ တွေ့ကြုံရတဲ့ အာရုံတွေမှာ အပြစ်မဖြစ်၊ အကုသိုလ် မဖြစ်အောင် တွေးမြင်တတ်တဲ့ ယောနိသော မနသိကာရ ရှိအောင် ကြိုးစားဖို့ လိုပါတယ်။ အရာရာကို အကုသိုလ်ဖြစ်စေတဲ့ အတွေးအကြည့်တွေနဲ့ မကြည့်ဘဲ အကောင်းဘက်က မြင်တတ်တဲ့ အလေ့အကျင့်လေးနဲ့ လေ့ကျင့်နေထိုင်သင့်ပါတယ်။ အထူးသဖြင့် စိတ်အစဉ်ကို သမထဘာဝနာ၊ ၀ိပဿနာ တစ်ခုခုကို စွဲစွဲမြဲမြဲ အားထုတ်ပြီး ထိန်းချုပ်နိုင်အောင် ကြိုးစားသင့်ပါတယ်။ အရာရာကို ခွင့်လွှတ်နိုင်ဖို့အတွက် မေတ္တာဘာဝနာကို အထူးပြုပွားများကြည့်ပြီး ဥပေက္ခာနဲ့ နေနိုင်ဖို့အတွက် ဥပေက္ခာဘာဝနာကိုလည်း ပွားများကြည့်သင့်ပါတယ်။ အလွယ်ပြောရရင် သမထဘာဝနာနဲ့ ၀ိပဿနာဘာဝနာကို နိုင်နိုင်ပွားနိုင်အောင် ကြိုးစားပြီး ကိုယ်ဖြစ်ချင်တဲ့သူ ဖြစ်အောင် ကြိုးစားအားထုတ်ကြည့်ပါလို့ အကြံပြုလိုပါတယ်။

11 Sep 10, 07:42 PM
Undertaker
အရင်ဘုရား တပည့်တော်မရှင်းတဲ့ အကြောင်းအရာလေးတွေကို မေးပါရစေဘုရား... ၁။ လူတယောက်ဟာ ဒေါသစိတ်ဖြစ်လိုက်တာနဲ့အကုသိုလ်ကံ ကျူးလွန်မိသွားပြီလို့ ဆိုနိုင်ပါသလား ဘုရား…။ ၂။ ဒေါသစိတ်ဟာ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၂-ပါးထဲမှာ ဘယ်ထဲမှာ ပါတယ်ဆိုတာ သိပါရစေဘုရား..။

12 Sep 10, 06:01 PM
မနာပဒါယီ >>> Undertaker
၁။ ဒေါသစိတ်ဟာ အကုသိုလ်စိတ်ဖြစ်ပေမယ့် ဒေါသဖြစ်ရုံနဲ့ အကုသိုလ်ကံကို ကျူးလွန်လိုက်ပြီလို့ ပြောလို့မရပါဘူး။ စိတ်မှာဒေါသစိတ် ဖြစ်ခြင်းဟာ မနောကံအဆင့်မှာပဲ ရှိနေသေးတဲ့အတွက် ဒေါသဖြစ်တဲ့အတွက် စိတ်မှာအကုသိုလ် ဖြစ်ပေမယ့် တကယ့်အကုသိုလ်ကံ ကျူးလွန်မှုကတော့ နှုတ်နဲ့ကျူးလွန်မှု ၀စီကံအဆင့်၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှု ကာယကံအဆင့် ရောက်မှကျူးလွန်ရာ ရောက်တယ်လို့ ပြောနိုင်ပါတယ်။ ဒေါသစိတ်ဖြစ်တဲ့ ပုဂ္ဂိုလ်ဟာ ဒေါမနဿဝေဒနာတော့ ခံစားရပါတယ်။ ဒေါသရဲ့သဘောက မိမိကိန်းရာ သတ္တ၀ါကို နှိပ်စက်ဖျက်စီးတတ်တဲ့ သဘောရှိတဲ့အတွက် ဒေါသစိတ်ဖြစ်ရင် ဖြစ်တဲ့ပုဂ္ဂိုလ်ကို အရင်ဆုံးပူလောင်မှု ဝေဒနာကို ဖြစ်စေတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဒေါသစိတ်နဲ့ သေရင်တော့ မကောင်းတဲ့အကုသိုလ် အကျိုးကိုတော့ ခံစားရမှာဖြစ်ပါတယ်။ ဆိုလိုတာက စိတ်မှာဒေါသဖြစ်ရုံနဲ့ အကုသိုလ်ကံ ကျူးလွန်ရာရောက်တယ်လို့ မဆိုနိုင်ဘဲ ဒီဒေါသကို အကြောင်းပြုပြီး မကောင်းမှုဒုစရိုက်ကို ၀စီကံမြောက်၊ ကာယကံမြောက် ကျူးလွန်မှသာ အကုသိုလ်ကံကို ကျူးလွန်ရာ ရောက်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

၂။ ဒေါသစိတ်ကို ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂ပါးမှာ ဘယ်မှာထည့်သွင်းရမယ်လို့ တိတိကျကျ ပြောဖို့ခက်လှပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးဟာ ဆက်စပ်နေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အနီးစပ်ဆုံးနဲ့ အတိကျဆုံးအဖြစ် ထည့်သွင်းကြည့်မယ်ဆိုရင်တော့ သင်္ခါရနဲ့ ဘ၀မှာ ထည့်သွင်းလို့ ရနိုင်ပါတယ်။ သင်္ခါရမှာဖွင့်ဆိုတဲ့ အပုညာဘိသင်္ခါရအရ အကုသိုလ်စိတ် ၁၂ပါးမှာယှဉ်တဲ့ စေတနာကို ကောက်ယူရမယ်လို့ ဆိုထားသလို ဘ၀အဖွင့်မှာပါတဲ့ ကမ္မဘ၀အရလည်း အကုသိုလ်စိတ် ၁၂ပါး၊ မဟာကုသိုလ်စိတ် ၈ပါး၊ မဟဂ္ဂုတ်ကုသိုလ်စိတ် ၉ပါးမှာယှဉ်တဲ့ စေတနာကံကို ကောက်ယူရမယ်လို့ ဆိုထားတဲ့အတွက် အကုသိုလ်စိတ်မှာ အကျုံးဝင်တဲ့ ဒီဒေါသစိတ်ကိုလည်း သင်္ခါရနဲ့ဘ၀မှာ ထည့်သွင်းနိုင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ