အမိတာဘာဗုဒ္ဓ…

Q. I would like to know about Amitabha Buddha. Please write and post about story of Amitabha Buddha. I just want to get knowledge.
(thwin)


A.
အမိတာဘာ ဘုရားဟာ မဟာယာန ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်ကြတဲ့ ဘုရားတစ်ဆူ ဖြစ်ပါတယ်။ မဟာယာန ဗုဒ္ဓဘာသာဟာ လက်ရှိသကျမုနိဗုဒ္ဓကိုလည်း ကိုးကွယ်ကြသလို ထာဝရ ဘုရားပုံစံမျိုး ဘုရားများ၊ ပွင့်တော်မမူသေးတဲ့ အရိမေတ္တယျလို ဘုရားများ၊ ဘုရားလောင်းများ၊ ဘုရားရဲ့မယ်တော်များ စသဖြင့် အမျိုးမျိုးသော ပုဂ္ဂိုလ်များကိုလည်း ပုံတော်ရုပ်ပွားတော်များ ဖန်တီးကား ကိုးကွယ်ပူဇော်လေ့ ရှိပါတယ်။ အဲဒီ ကိုးကွယ်ရာတွေထဲမှာ အမိတာဘာဘုရားဟာလည်း ထာဝရတည်တံ့နေတဲ့ ဘုရားအဖြစ် ကိုးကွယ်တဲ့ ဘုရားတစ်ဆူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နေပါတယ်။

အမိတာဘာရဲ့ အဓိပ္ပါယ်က အတိုင်းမရှိသော အရောင်အလင်းလို့ အဓိပ္ပါယ်ရပါတယ်။ မဟာယာန ဗုဒ္ဓဘာသာဝင်တွေရဲ့ အဆိုအရ အမိတာဘာ ဘုရားဟာ အနောက်ဘက်အရပ်ရှိ သုခဝတီဘုံးနန်းမှာ ကိန်းဝပ်စံပါယ်တော်မူတယ်လို့ သိရပါတယ်။ ထူးခြားချက်က ဒီအမိတာဘာ ဘုရားဟာ ပါရမီတွေဘာတွေ ဖြည့်ကျင့်စရာမလိုဘဲ အစကတည်းက သူ့အလိုလို ဘုရားအဖြစ်ကို ရရှိထားတဲ့ ဘုရားမျိုးဖြစ်ပါတယ်။ ဒါကြောင့် အမိတာဘာဘုရားကို အာဒိဗုဒ္ဓ (အစဘုရား)လို့လည်း ခေါ်လေ့ရှိကြပါတယ်။

အမိတာဘာဘုရားရဲ့ သမိုင်းကြောင်းအဆိုအရ အမိတာဘာဘုရားဟာ မဟာယာန ဗုဒ္ဓဘာသာက ပြုလုပ်ဖန်တီးထားတဲ့ ဘုရားတစ်ဆူပဲ ဖြစ်ပြီး ဗောဓိသတ္တအယူအဆနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ မဟာယာနတို့ရဲ့ ဗောဓိသတ္တအယူအဆဟာ အိန္ဒိယနိုင်ငံ ကနိသျှကမင်းလက်ထပ်မှာ အလွန်ထင်ရှားခဲ့ပါတယ်။ အဲဒီအယူအဆဟာ နောက်ပိုင်းအိန္ဒိယကနေ တရုတ်ပြည်ကို ရောက်ရှိပြန့်နှံ့လာပြီး သာသနာနှစ် ၉၀၀လောက်မှာ မဟာယာနဗုဒ္ဓဘာသာမှာ ထင်ရှာကျော်ကြားတဲ့ ပညာရှင် ရဟန်းတော်တစ်ပါးဖြစ်တဲ့ အရှင်နာဂဇ္ဇုနက ဂုဏ်တော်အမျိုးမျိုးနဲ့ ထင်ရှားထူးခြားတဲ့ ဘုရားတစ်ဆူအဖြစ် ကိုးကွယ်ပူဇော်နိုင်ရန် “အမိတာဘာ” အမည်ရှိတဲ့ ဘုရားတစ်ဆူကို တီထွင်ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။

အရှင်နာဂဇ္ဇုန တီထွင်ဖန်တီးလိုက်တဲ့ ဒီအမိတာဘုရားဟာ ထာဝရမပျက်စီးတဲ့ ဘုရားတစ်ဆူအဖြစ် အကောင်းဆုံး နိဗ္ဗာန်ဘုံဖြစ်တဲ့ သုခဝတီဘုံမှာ တည်ရှိနေပြီး တရုတ်ပြည်မှာ အလွန်ထင်ရှားကျော်ကြားကာ လူအများယုံကြည် ကိုးကွယ်တဲ့ ဘုရားကြီးတစ်ဆူ ဖြစ်လာခဲ့ပါတယ်။ အဲဒီသုခဝတီ နိဗ္ဗာန်ဘုံမှာ ရှိတဲ့ အမိတာဘာ ဘုရားကြီးဟာ လောကနဲ့ဆက်သွယ် ကယ်ဆယ်မှုကို တိုက်ရိုက်မလုပ်ဘဲ ကြားခံအဖြစ် ဘုရားလောင်းများကိုထားကာ တစ်ဆင့်ခံ ဆက်သွယ် ကယ်ဆယ်တယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် အဝလောကိတေသွာရ ဘုရားလောင်းဆိုတာ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ အဝလောကိတေသွာရကို တရုတ်လိုတော့ ကွန်ယင်လို့ ခေါ်ပါတယ်။ အဝလောကိတေသွာရဟာ အမိတာဘာဘုရားနှင့် ကြင်ယာတော် ပါဏ္ဍရာ ဘုရားမတို့မှ မွေးဖွားလာတဲ့သူလို့ ဆိုပါတယ်။

ဒီလိုနဲ့ မဟာယာန ဗုဒ္ဓဘာသာမှာ အမိတာဘာဘုရား ရုပ်ပွားတော်၊ သကျမုနိရုပ်ပွားတော်နဲ့ အဝလောကိတေသွာရ ရုပ်ပွားတော်တွေကို ထားရှိကိုးလာမှုဟာ တဖြည်းဖြည်းထင်ရှားလာခြင်း ဖြစ်ပြီး အမိတာဘာဘုရားကြီးကို ကောင်းကင်ဘုံဘုရားအဖြစ် အလယ်တွင်ထား၍ ဖြစ်စေ၊ တစ်ခါတလေ သကျမုနိ (ရှင်ဂေါတမ)ဘုရားရဲ့ မြင့်မြတ်တဲ့ လက်ဝဲဘက်မှာဖြစ်စေ ထားပြီးကိုးကွယ်လေ့ရှိပါတယ်။ ဒီနေ့ခေတ်မှာတော့ မဟာယာနဗုဒ္ဓဘာသာဝင်တွေဟာ သေခါနီးအခါမှာ တစ်ခြားအရာတွေကို အာရုံမပြုနိုင်တာတောင်မှ အမိတာဘာဘုရားကိုသာ အာရုံပြုနိုင်မယ်ဆိုရင် အမိတာဘာဘုရားရှိတဲ့ သုခဝတီဘုံကို ရောက်နိုင်တယ်လို့ ယုံကြည်လက်ခံထားကြပါတယ်။

မဟာယာန ဗုဒ္ဓဘာသာရဲ့ အယူအဆအရ ဂေါတမဘုရားဟာလည်း လူသားဘုရား မဟုတ်၊ သဘောတရား ပရမတ် ဘုရားသာဖြစ်ကြောင်း၊ ဂေါတမဘုရားအရင် မရေတွက်နိုင်တဲ့ ဘုရားများရှိကြောင်း ဂေါတမဘုရားကိုလည်း ကောင်းကင်ဘုံရှိ ပရမတ်ဘုရားအဖြစ်မှ လောကကိုကယ်ချွတ်ရန် သိဒ္ဓတ္ထအဖြစ် လူ့ပြည်ကို စေလွတ်လိုက်ခြင်း ဖြစ်ကြောင်း လောကတွင် ကိစ္စပြီးလို့ ပရိနိဗ္ဗာန်ပြုတဲ့အခါ ကောင်းကင်ဘုံကို ပြန်ကြွသွာခြင်းဖြစ်ကြောင်း စသဖြင့် ဆိုလေ့ရှိပါတယ်။ တစ်ချို့ကတော့ အမိတာဘာဘုရားဟာ လောကကို သကျမုနိဘုရားအဖြစ် ရောက်ရှိလာခြင်း ဖြစ်ကြောင်းဆိုပြီး တစ်ချို့လည်း ဘုရားအားလုံးကို စုပေါင်းထားတဲ့ ပရမတ် ဘုရားအဖြစ်သာ တည်ရှိကြောင်း စသဖြင့် ဆိုပါတယ်။

အမိတာဘာ ဘုရားနဲ့ ပတ်သက်ပြီး အမျိုးမျိုးပြောဆိုကြပေမယ့် မဟာယာနဗုဒ္ဓဘာသာမှာတော့ အလွန်ထင်ရှားတဲ့ ကောင်းကင်ဘုံ ဘုရားတစ်ဆူပဲ ဖြစ်ပါတယ်။ တစ်ချို့ပညာရှင်တွေကတော့ အမိတာဘာ ဘုရား အယူဝါဒဟာ ဗြဟ္မဏဝါဒရဲ့ ပုံတူကူးချချက်သာ ဖြစ်ကြောင်း ထောက်ပြကြပါတယ်။ ဗြဟ္မဏဝါဒအရ လောကကြီးဟာ ဣဿရခေါ် ဖန်ဆင်းမှုကြောင့် ဖြစ်ပေါ်လာပြီး တစ်လောကလုံးဟာ ဘုရားသခင်ရဲ့ ဝိညာဉ်တော်နဲ့ တည်ဆောက်ထားခြင်း ဖြစ်ကာ သတ္တဝါတိုင်းရဲ့ ခန္ဓာကိုယ်တွင်းမှာ ထာဝရ မပျက်စီးတဲ့ ဝိညဉ်ခေါ် အတ္တကောင်လေးရှိပြီး အဲဒီအတ္တလေးဟာ ထာဝရဘုရားသခင်ရဲ့ အတ္တမာန် အစိပ်အပိုင်းပင် ဖြစ်တယ်လို့ ဆိုကြပါတယ်။ နောက်ဆုံးမှာ အဲဒီအတ္တအစိပ်အပိုင်းဟာ ထာဝရဘုရားသခင်ရဲ့ အတ္တမာန်ကြီးနဲ့ ပေါင်းစပ်ပြီး ထာဝရငြိမ်းချမ်းရာ သုခဘုံမှာ စံမြန်းသွားမှာဖြစ်ကြောင်း ယူဆကြပါတယ်။ ဒီအယူအဆဟာ မဟာယာနဗုဒ္ဓဘာသာလာ အမိတာဘာနဲ့ သုခဝတိဘုံ အယူအဆအတိုင်း ဖြစ်နေတဲ့အတွက် ဗြဟ္မဏဝါဒနောက်မှ ပေါ်ပေါက်လာတဲ့ မဟာယာန အယူအဆဟာ ဗြဟ္မဏဝါဒကို ပုံတူကူးချထားခြင်း ဒါမှမဟုတ် ဗြဟ္မဏအယူအဆဟာ မဟာယာန အယူအဆထဲ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ကြပါတယ်။

ဗြဟ္မဏဝါဒ လွှမ်းမိုးခြင်းကို ခံရတဲ့ မဟာယာန ဗုဒ္ဓဘာသာဟာ ဗြဟ္မဏဝါဒကို အတုယူကာ အမိတာဘာဘုရားကို ဗြဟ္မာကြီးပုံစံ ဖန်တီးပြီး အဝလောကိတေသွာရနဲ့ ဂေါတမဗုဒ္ဓတို့ကိုလည်း ဗြဟ္မာကြီးတစ်ဖြစ်လဲ အမိတာဘာက ဖန်ဆင်းပြီး စေလွှတ်ထားတဲ့ တမန်တော်ပုံစံအဖြစ် ပုံတူကူးချထားခြင်းဖြစ်ကြောင်း၊ ဒါကြောင့် ရုပ်ပွားဆင်းတုတော်များ ထုလုပ်ကိုးကွယ်တဲ့ အခါမှာလည်း အမိတာဘာဘုရားကို အလယ်မှာထားပြီး လက်ဝဲလက်ယာဘက်တွေမှာ ဂေါတမဘုရားနဲ့ အဝလောကိတေသွာရကို ထားခြင်းဖြစ်နိုင်ကြောင်း အချို့က ကောက်ချက်ချကြပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် မဟာယာနဗုဒ္ဓဘာသာလာ အမိတာဘာဘုရားနဲ့ သုခဝတီဘုံ အယူအဆဟာ ထေရဝါဒ ဗုဒ္ဓမှာ မပါတဲ့ ထေရဝဒါနဲ့ ဆန့်ကျင်တဲ့ ထာဝရဘုရားနဲ့ ကောင်းကင်ဘုံ အယူအဆ သက်သက်သာ ဖြစ်တယ်ဆိုတာတော့ အသေအချာပဲ ဖြစ်ပါတယ်။ အမိတာဘာဘုရားဟာ ဗြဟ္မဏတွေရဲ့ ဣဿရကို အမည်ပြောင်းထားခြင်းဖြစ်ပြီး လောက၌ အတ္တရှိတယ်လို့ ယူဆတဲ့ မဟာယာနတစ်ဖြစ်လဲ ဗြဟ္မဏအယူအဆရဲ့ လွှမ်းမိုးဖန်တီးထားချက် ဘုရားတစ်ဆူသာ ဖြစ်တယ်ဆိုတာ ထင်ရှားတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် အတ္တဝါဒကိုပယ်ပြီး အနတ္တဝါဒအတိုင်း လက်ခံကျင့်သုံးကြတဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာက ဒီအမိတာဘာဘုရား အယူအဆကို အသိအမှတ်ပြု လက်မခံခြင်းပဲ ဖြစ်ပါတယ်။ ရှိစေတော့။ အမိတာဘာ ဘုရားနဲ့ ပတ်သက်ပြီးပြောမယ်ဆိုရင် အယူအဆအမျိုးမျိုး။ ဖွင့်ဆိုချက်အမျိုးမျိုးနဲ့ ငြင်းခုံမှုအမျိုးမျိုးကို တွေ့ရမှာဖြစ်ပေမယ့် ထေရဝါဒ ဗုဒ္ဓဘာသာတွေ အနေနဲ့ကတော့ အမိတာဘာ ဘုရားအယူအဆနဲ့ ပတ်သက်ပြီး ယုတ္တိကျမကျ စဉ်းစားဆင်ခြင်ပြီး ကိုယ်ကိုယ်တိုင် ရွေးချယ်မှုနဲ့ပဲ အမိတာဘာ ဘုရား အယူဝါဒကို စိစစ်ကြရမှာ ဖြစ်ပါတယ်။ သေချာတာကတော့ အမိတာဘာဗုဒ္ဓသည် ထေရဝါဒ ဗုဒ္ဓဘာသာမှ မပါတဲ့၊ ထေရဝါဒ ဗုဒ္ဓဘာသာက လက်မခံတဲ့၊ ထေရဝါဒ ဗုဒ္ဓဘာသဝင်များ မကိုးကွယ်တဲ့ ဗြဟ္မဏဝါဒကို ပုံတူကူးချထားတဲ့ မဟာယာနဗုဒ္ဓဘာသာရဲ့ ဖန်တီးမှု အယူအဆသာ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါကြောင်း အမိတာဘာဘုရားအကြောင်း တစ်စိပ်တစ်ဒေသအဖြစ် တင်ပြလိုက်ရပါတယ်။

ကျမ်းကိုး =
မြတ်ဗုဒ္ဓသာသနာ ပုံတော်သမိုင်း (ဆရာဝန်တင်ရွှေ)
ရှေ့ဘဝနောက်ဘဝ ဗုဒ္ဓမဝေဘန် (ဝင်းသိန်းဦး)

1 မှတ်ချက်များ (...ရေးရန်):

  • Min Thu says:
    Friday, April 22, 2011

    အရှင်ဘုရား..ဒီပို့ စ်လေးကို တပည့်တော် facebook homepage မှာ တင်ခွင့်ပြုပါဘုရား...


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ