လူပျို၊ လူလွတ်များ သာသနာ့ဘောင်မ၀င်ရင် ကုသိုလ်ရဖို့အတွက် အိမ်ထောင်ပြုသင့်သလား… ကုသိုလ်လည်းရ မိတ်ဆွေလည်းပေါဖို့ ဘယ်လိုလုပ်သင့်ပါသလဲ…

A. ဘုန်းဘုန်း
တပည့်တော် စီဘောက်ကနေ မေးရင် မသင့်တော်ဘူးထင်လို့ အီးမေးနဲ့ပဲ တိုက်ရိုက် မေးပါတယ်။
(၁) ဗုဒ္ဓဘာသာဝင်တွေ ဘုန်းကြီး သီလရှင် မဝတ်နိုင်ရင် အိမ်ထောင်ပြုရမယ်၊ ဒါမှ ကုသိုလ်ရတယ်ဆိုတာ မှန်မမှန် သိချင်လို့ပါ။ ရေးသားတဲ့ ဦးဇင်းက သင်္ဂါလောဝါဒသုတ်ပါ ဘုရားရှင် အဆုံးအမ ဖြစ်တယ်လို့ ဆိုထားပါတယ်။
အိမ်ထောင်မရှိသေးသူများ ရိုးရိုးငါးပါးသီလထဲက ကာမေသု နေရာမှာ အဗြဟ္မစရိယာ ဝေရာမဏိ ဆိုပြီး စောင့်ထိန်းရင် ဗြဟ္မစရိယ ငါးပါးသီလ ဖြစ်တဲ့အတွက် ပိုပြီး မွန်မြတ်တယ်ဆိုတဲ့ ဆရာတော်တစ်ပါးရဲ့ ရေးသားချက်ကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က တပည့်တော် ဖတ်ရှုရပြီး အဲဒီကတည်းက စောင့်ထိန်းလာခဲ့တာ ချချင်စိတ် မရှိတော့ပါ။ သန့်ပြန့်တဲ့ အဝတ် ဝတ်ရရင် အဝတ်ညစ် မဝတ်ချင်တော့သလိုမျိုး အကျင့်ဖြစ်သွားတဲ့ သီလတစ်ခုကို မပယ်စွန့်ချင်တော့ဘူး ဖြစ်သွားပါတယ်။ အခု လူပျိုကြီး အပျိုကြီးဝတ်ရယ်လို့ ဘုရားဟောထားတာ မရှိ၊ ဘုန်းကြီး သီလရှင် မဝတ်ချင်ရင် အိမ်ထောင်ပြု ဆိုတဲ့ အဆုံးအမကို ဖတ်ရတော့ တပည့်တော် ထိန်းသိမ်းလာတာနဲ့ ပြောင်းပြန် ဖြစ်နေပါတယ်။ အရှင်ဘုရားထံက အဆုံးအဖြတ်ကို လိုချင်ပါတယ်။


တပည့်တော်ကို သူငယ်ချင်းတွေက အိမ်ထောင်ပြုဖို့ တိုက်တွန်းပါတယ်။ ပြုဖို့ စကားစလာတာ၊ အောင်သွယ်လာတာ အားလုံးကို တပည့်တော် ငြင်းခဲ့ပါတယ်။ ရိပ်သာဝင် တရားအားထုတ်ပြီး ပြန်ထွက်လာတော့ ပိုပြီး ဒီကိစ္စကို ဘယ်လိုမှ စိတ်ဝင်စားလို့မရ ဖြစ်သွားပါတယ်။ တပည့်တော်အတွက်တော့ တရားထိုင်တာနဲ့ အဗြဟ္မစရိယ ဒီနှစ်ခုကို ဘယ်လိုမှ တွဲလုပ်လို့ ရမယ် မထင်ပါ။
သားသမီး မွေးတာ သာသနာပြုကုသိုလ် ဖြစ်တယ်လို့ ဖတ်ရပါတယ်။ တပည့်တော် တရားဓမ္မအရာမှာ အရင့်ကျက်ကြီး မဟုတ်သေးပါ။ သို့သော်လည်း တတ်နိုင်သလောက်လေး လျှောက်နေတဲ့လမ်း ဖြစ်လို့ အိမ်ထောင်ပြု၊ သားသမီးတွေ မွေးမယ်ဆို ဒီလမ်းကို ဆက်မလျှောက်နိုင် ဖြစ်မှာကြောင့် ပြုချင်စိတ်၊ သားသမီး ယူချင်စိတ် မရှိပါ။ ဒါဟာ သင်္ဂါလောဝါဒသုတ်နဲ့ ဆန့်ကျင်ပါသလားဘုရား။

တပည့်တော် တရားအလုပ်ကို အနှောင့်အယှက် မဖြစ်အောင် အခန်းသီးခြား ငှားနေရပါတယ်။ သူငယ်ချင်းနဲ့ တွဲနေရင် သူက သီချင်းနားထောင်ချင်၊ တီဗွီဖွင့်ချင်ရင် ကိုယ်က တရားထိုင်နေတော့ သူလဲ အားနာ၊ သူ သွားချင်တဲ့ အရက်ဆိုင်လို နေရာတွေ ကိုယ်က အဖော်မလိုက်ရင် ကြာတော့ အဖုအထစ်တွေ ဖြစ် မဖြစ်စေချင်လို့ တရားထိုင်တာ ဝိဝေကနဲ့ဆို ပိုလွတ်လပ် ဘာမှ အားမနာရလို့ပါ။ အပျော်အပါးမက်တဲ့ သူငယ်ချင်းတွေနဲ့တောင် အတူနေလို့ မရရင် အိမ်ထောင်သားမွေးမယ်ဆို မဖြစ်နိုင်ဘူးလို့လဲ မြင်ပါတယ်။ ဒါပေမယ့် ရေးသားတဲ့ ဆရာတော်ကလဲ တရားပြ ကမ္မဌာနာစရိယ ဖြစ်နေပါတယ်။
တပည့်တော် ဘဝနဲ့ လက်တွေ့ သက်ဆိုင်နေတဲ့ ကိစ္စြုဖစ်လို့ ဘုန်းဘုန်းထံမှ အမြင်ကို ရယူလိုပါတယ်။ ရှင်းပြပေးပါဘုန်းဘုန်း။

(၂) ရောမရောက်တိုင်း ရောမလို ကျင့်သင့် မကျင့်သင့် ဆောင်းပါးလဲ ဖတ်ရပါတယ်။ တပည့်တော် အရက်မသောက်၊ မကခုန်တတ်လို့ ကလပ်တွေ ဒစ်စကိုတွေ ဘားတွေ သူငယ်ချင်းတွေနဲ့ မသွားတော့ မိတ်ဆွေဖွဲ့စရာ သူများထက် နည်းပြီး တစ်ခါတစ်ရံ အထီးကျန် ဖြစ်ရပါတယ်။ အရက်မသောက်ရင် မရဘူး (ခင်မင်မှုကို အရက်ဝိုင်းမှာသာ ရှာရပြီး အရက်ဝိုင်းမှာသာ တစ်ချို့ အလုပ်စကားတွေ ပြောရလို့) ဆိုတဲ့ အကြံပေးစကားမျိုးလဲ ကြားရပါတယ်။ ကလပ်နဲ့ ဒစ္စကိုတွေ သွားရင် အရက်နဲ့ (မိန်းမ) အပျော်အပါးတွေ လုပ်ရတဲ့နေရာဆိုတော့ တတ်သမျှ မှတ်သမျှ စောင့်ထိန်းနေတဲ့ သီလကျိုးပဲ့သွားမှာ စိုးလို့ မလိုက်ရဲပါ။ သူငယ်ချင်းတွေ သွားတိုင်း မလိုက်ဘူး ငြင်းတော့ အခုတော့ မခေါ်တော့ပါဘူး။ မိတ်ဆွေအပေါင်းအသင်း နည်းပါးပြီး အထီးကျန် ဖြစ်လာမှာလဲ ကြောက်ပါတယ်။ ဘယ်လို လုပ်သင့်တယ် နည်းပေးစေလိုပါတယ်ဘုရား။ မိတ်ဆွေသူငယ်ချင်း တိုးပွားရရှိစေမယ့် တရား၊ နည်းလမ်းရှိရင် သိချင်ပါတယ်။

ရိုသေစွာဖြင့်
စိုင်းစိုင်း

Q. မေးခွန်းတွေကတော့ အတော်လေးကို အစွန်းလွတ်အောင် ဖြေပေးရမယ့် အနေအထားဖြစ်ပါတယ်။ မေးခွန်းရှင်များ အနေဖြင့် ဆရာတော်သံဃာတော်များ ဟောတဲ့တရားကိုပဲဖြစ်ဖြစ်၊ ရေးသားတဲ့ ဆောင်းပါးကိုပဲဖြစ်ဖြစ် နားယူဖတ်ရှုတဲ့အခါ အစအဆုံးနာယူဖတ်ရှုဖို့ လိုသလို ရှေ့နောက်ဆက်စပ် စဉ်းစားတတ်ကြဖို့လည်း လိုပါတယ်။ ဘုရားရှင်ရဲ့ တရားတော်တွေမှာလည်း အကြောင်းအရာ တစ်ခုတည်းကိုပဲ တစ်ခါတစ်ရံ နာယူတဲ့ဝေနေယျတို့ကို လိုက်ပြီးစကားလုံး ပရိယာယ်ပြောင်းလဲ ဟောကြားမှုတွေ ရှိတာကို ပိဋကတ်စာပေတွေမှာ တွေ့ရပါတယ်။ ထားပါတော့ ဒီနေရာမှာလည်း စကားလုံးများကို အတိအကျ တစ်ထစ်ချ စွဲယူမမှတ်သားစေလိုပါ။ မေးခွန်းရှင်ရဲ့ မေးလာတဲ့ မေးခွန်အရသာ နားလည်သလို ဖြေကြားပေးလိုက်ပါတယ်။ ဘယ်ဆရာတော် ဘယ်အရှင်ရဲ့ ဟောပြောရေးသားမှုကို ဆန့်ကျင်လို၍ မဟုတ်ကြောင်း ကြိုတင်ဝန်ခံပါရစေ။

(၁) ``ဗုဒ္ဓဘာသာဝင်တွေ ဘုန်းကြီး သီလရှင် မဝတ်နိုင်ရင် အိမ်ထောင်ပြုရမယ်၊ ဒါမှ ကုသိုလ်ရတယ်`` ဆိုတဲ့ အဓိပ္ပါယ်ကို ``လူဝတ်ကြောင်တွေ အိမ်ထောင်မပြုရင် မဖြစ်မနေ သာသနာ့ဘောင်ဝင်ရမယ်၊ မ၀င်ရင် လူ့ဘ၀နဲ့ ဘာကုသိုလ်မှမရဘူး၊ အလကားအချည်းနည်းပဲ၊ အိမ်ထောင်ပြုကိုပြုမှ ကုသိုလ်ရမယ်``ဆိုတဲ့ သဘောမျိုး မမှတ်ကြစေလိုပါ။ အိမ်ထောင်မပြုဘဲ လူဝတ်ကြောင်ဘ၀နဲ့ ကုသိုလ်ရအောင် နေလို့လုပ်လို့ ရပါတယ်။ လူ့ဘ၀မှာ နေတဲ့အခိုက်အတန့် အိမ်ထောင်ပြုခြင်း မပြုခြင်းက အဓိကမကျပါ။ အကုသိုလ်မဖြစ်အောင် နေခြင်း၊ မနေခြင်း၊ ကိုယ်ကျင့်သီလ ပြည့်စုံခြင်း၊ မပြည့်စုံခြင်း၊ လောကကြောင်းအရ ဖြည့်ကျင့်ရမယ့် ၀တ္တရားများ ကျေခြင်း၊ မကျေးခြင်း စတာတွေက အဓိကကျပါတယ်။ အိမ်ထောင်ပြုပြီး အပြစ်တွေ၊ အကုသိုလ်တွေ တစ်ပုံတစ်ပင်ကြီး ဖြစ်နေရင် ဘယ်လောက်ပဲ အိမ်ထောင်ပြုပြု ကုသိုလ်မရဘဲ အကုသိုလ်တွေသာ ရတတ်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ အာသဝေါကုန်ပြီး နိဗ္ဗာန်ရရေးနဲ့ ကြည့်မယ်ဆိုရင် အိမ်ထောင်ပြုခြင်း မပြုခြင်းထက် သီလ၊ သမာဓိ၊ ပညာဝိပဿနာ ဘာဝနာ မည်မျှတိုးတက်မှုရှိတယ်၊ ကျင့်ကြံအားထုတ် နိုင်စွမ်းရှိတယ် ဆိုတာက ပိုပြီး အဓိကကျပါတယ်။

ပြီးတော့ ဘုရားရှင် ဟောတော်မူတဲ့ သိင်္ဂါလသုတ် (သိင်္ဂါလောဝါဒသုတ်) ကိုကြည့်မယ်ဆိုရင် လူဝတ်ကြောင် ဖြစ်တဲ့ သားသမီးများ၊ အိမ်ထောင်ရှင် လင်ယောက်ျား၊ ဇနီးမယားတို့ရဲ့ ကျင့်ဝတ်တွေကို အောက်ပါအတိုင်း ဟောထားတာကို တွေ့ရပါမယ်။
သားသမီးဝတ္တရား (၅)ပါး
၁။ မိဘတို့ကိုပြန်၍ ပြုစုလုပ်ကျွေး မွေးမြူခြင်း
၂။ မိဘတို့၏ အမှုကိစ္စကို ပြုလုပ်ပေးခြင်း
၃။ မိဘတို့၏ ဥစ္စာကို မပျောက်အောင် စောင့်ထိန်ခြင်း၊ အစဉ်အဆက်မှလာသော ကုသိုလ်ဝတ်ကိုပြုခြင်းဖြင့် အမျိုးအနွယ်ကို တည်စေခြင်း
၎။ အမွေခံထိုက်အောင် ကျင့်ကြံလိုက်နာခြင်း
၅။ ကွဲကွာသေလွန်သော မိဘတို့၏အလို့ငှါ အလှူဒါနပြုလုပ်ပေးခြင်း
လင့်ဝတ္တရား (၅)ပါး
၁။ အမြတ်တနိုး ခေါ်ဆိုခြင်း
၂။ နှိမ့်ချ၍ မခေါ်ဆိုခြင်း
၃။ မိမိမယားတပါး အခြားမိန်းမတို့နှင့် မပျော်ပါးခြင်း
၎။ စားဖိုဆောင် အုပ်စိုးမှုကို လွဲအပ်ခြင်း
၅။ အ၀တ်တန်ဆာ ဆင်ပေးခြင်း
မယားဝတ္တရား (၅)ပါး
၁။ အမှုကြီးငယ်ကို ကောင်းစွာစီရင်ခြင်း
၂။ နှစ်ဘက်သော ဆွေမျိုးများအား ချီးမြှောက်ခြင်း
၃။ မိမိလင်မှတပါး အခြားယောက်ျားတို့နှင့် မပျော်ပါးခြင်း
၎။ ရှာဖွေစုစောင်းခဲ့သော ဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်ခြင်း
၅။ အလုံးစုံသော ကိစ္စတို့၌ လိမ္မာ၍ ပျင်းရိခြင်းမှကင်းခြင်း

ဒီဝတ္တရားတွေထဲမှာ ကြည့်ရင် မဖြစ်မနေ အိမ်ထောင်ပြုရခြင်း ဆိုတာ တိုက်ရိုက်ဟောထားတာ မရှိပါဘူး။ သားသမီးဝတ်ထဲမှာပါတဲ့ စောင့်လေမျိုးနွယ် ဆိုတဲ့ကျင့်ဝတ်ကို နားလည်မှု လွဲနေတာလို့ ဆိုရမလို ဖြစ်နေပါတယ်။ ဒီနေရာမှာ စောင့်လေမျိုးနွယ်ဆိုတာ အမျိုးအနွယ် မပျက်သုဉ်းအောင် အိမ်ထောင်ပြု သားသမီးတွေ အများကြီးမွေးပြီး ဆွေမျိုးအင်အားကို တောင့်တင်းအောင် လုပ်ခိုင်းတာထက် ပါဠိတော်မှာ တိုက်ရိုက်လာတဲ့ စကားက `` မိဘတို့၏ ဥစ္စာကို မပျောက်အောင် စောင့်ထိန်ခြင်း၊ အစဉ်အဆက်မှလာသော ကုသိုလ်ဝတ်ကိုပြုခြင်းဖြင့် အမျိုးအနွယ်ကို တည်စေခြင်း`` ဆိုတဲ့ အဓိပ္ပါယ်ပါ။ ဒီအဓိပ္ပါယ်ကို ကြည့်ရင်ရှင်းပါတယ်။ အစဉ်အဆက် မိဘတို့ပြုလုပ်လာတဲ့ ကုသိုလ်ဝတ်တွေ၊ ကောင်းတဲ့လုပ်ရပ်တွေကို ကိုယ့်လက်ထက်၊ ကိုယ့်မျိုးဆက်လက်ထက်မှာ မပျောက်သွားအောင် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ မိဘတို့ရဲ့ သီလ၊ သမာဓိ၊ ပညာလုံခြုံအောင် စောင့်ထိန်းသွားတဲ့ ပုံစံတွေအတိုင်း ကိုယ်လည်းသူတို့လို အကျင့်သီလကောင်းမွန်အောင် နေထိုင်ပြလိုက်ခြင်း စတာတွေကို ဆိုလိုတာပါ။

အိမ်ထောင်ပြုရင် ကုသိုလ်ရတယ်၊ သာသနာပြုရာ ရောက်တယ်ဆိုတဲ့ အချက်က ဘုရားရှင်လက်ထက်က ၀ိသာခါတို့ အနာထပိဏ်တို့လို လူပုဂ္ဂိုလ်များလို ဖြစ်စေချင်လို့ တင်စားတာမျိုးဆိုရင် ဖြစ်နိုင်တယ်လို့ တစ်ဘက်က တွေးလို့ရပါတယ်။ ၀ိသာခါတို့ကြတော့ သောတာပန်လည်း ဖြစ်နေ၊ စီးပွားရေးအရလည်း ပြည့်စုံနေပြီဆိုတော မြောက်များစွာသော သားသမီးမြေးမြစ်တွေနဲ့ ဘုရားကျောင်းကန် သွားနိုင်တဲ့အထိ မျိုးဆက်ကောင်းခဲ့ကြပါတယ်။ မွေးလာသမျှ သားသမီမြေးမြစ်တွေကိုလည်း သူလိုဖြစ်အောင် သွန်သင်ဆုံးမနိုင်ပါတယ်။ ဘုရားရှင်ရဲ့ အဆုံးအမတွေကို သူလိုတည်နိုင်အောင် မျိုးနွယ်ဆက်ကို ဆက်ခံစေပါတယ်။ အဲလိုမျိုး လုပ်နိုင်မယ်ဆိုရင်တော့ အိမ်ထောင်ပြု၊ သားသမီးမွေးတာဟာ သာသနာပြုရာ ရောက်ပါတယ်။ ဒီလိုမဟုတ်ဘဲ သာသနာကို ဖျက်မဲ့၊ မိဘကိုဆော်ကားမဲ့၊ အမျိုးကို ဖျက်မဲ့သားသမီး မွေးပေးလိုက်မယ်ဆိုရင် သာသနာပြုရာ မရောက်နိုင်ပါဘူး။

သိင်္ဂါလသုတ်ဆိုတာ သိင်္ဂါလသတိုးသားကို အကြောင်းပြုပြီး နောင်းလူများ လောကကျင့်ဝတ်များ ကျေအောင်ကျင့်ဆောင်နိုင်ဖို့နဲ့ ထိုမှတစ်ဆင့် သုဂတိဘ၀၊ သုဂတိဘ၀မှတစ်ဆင့် မဂ်ဖိုလ်နိဗ္ဗာန်အထိ တက်လှမ်းနိုင်စေလိုသော ရည်ရွယ်ချက်များ လောကကောင်းကျိုးကို ရှေးရှုဟောကြားထာတာလည်း ဖြစ်နိုင်ပါတယ်။ ဒီကျင့်ဝတ်တွေနဲ့ ညီညွှတ်ချင်လို့ အိမ်ထောင် မပြုချင်ဘဲ လောကီအလုပ်တွေ မလုပ်ချင်ဘဲ လုပ်ရတဲ့ပုံစံမျိုး မဖြစ်သင့်ပါဘူး။ အိမ်ထောင်မပြုဘဲ ကုသိုလ်ရအောင်၊ သာသနာပြုနိုင်အောင် မိမိရဲ့ကိုယ်ကျင့်သီလများကို လုံခြုံအောင်ထိန်း၊ ၀ိပဿနာတရားများ ရအောင်ကြိုးစားပြီး ကိုယ်သိထားတာတွေကို အခြားသူများ သိအောင်ပြန်လည် ဖြန့်ဝေဟောပြောကာ အခြားသူများကိုပါ သာသနာတည်စေမယ်ဆိုရင် သာသနာပြုရာ ရောက်ပါတယ်။ ဘုရားဟော ဇာတ်တော်တွေထဲမှာ ကြည့်မယ်ဆိုရင် အလောင်းတော်များဟာ အိမ်ထောင်မပြုဘဲ တောထွက်ကာ ရသေ့ရဟန်းပြုကြတဲ့ သာဓကများ၊ မိဘများ မရှိတဲ့နောက်မှာ မိဘရဲ့ ကျန်ခဲ့တဲ့ အမွေတွေကို လှူဒါန်းပြီး တောထွက်ကာ တစ်ကိုယ်တည်း တရားဓမ္မကျင့်ကြံ နေထိုင်သွားကြတဲ့ သာဓကတွေ ရှိပါတယ်။ ကျန်တဲ့အကြောင်းများကို မပြောဘဲ ဗုဒ္ဓဘာသာရဲ့ အဓိကပန်းတိုင်ဖြစ်တဲ့ ကိလေသာကုန်ခမ်းပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုရေးလမ်းစဉ်မှာ အိမ်ထောင်ပြုပြီး ကုသိုလ်ရစေတာထက် သီလသမာဓိပညာ ၀ိပဿနာဘာဝနာတရား အားထုတ်၍ ကိလေသာ အာသဝေါ ကုန်ခမ်းအောင်လုပ်တာက ပိုပြီးအရေးကြီးတာ ဖြစ်တဲ့အတွက် အိမ်ထောင်ရှင်ဖြစ်စေ၊ အိမ်ထောင်ရှင် မဟုတ်တဲ့သူတွေဖြစ်စေ အဓိကကတော့ လူ့ဘ၀ရတဲ့အခိုက်မှာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်အောင် ကြိုးစားအားထုတ်လိုက်ခြင်းက ပိုပြီးကောင်းပါတယ်လို့ပဲ ဘုန်းဘုန်းရဲ့ ကိုယ်ပိုင်အမြင်ကို ပြောလိုပါတယ်။

(၂) မိတ်ဆွေအပေါင်းအသင်း ပေါခြင်း၊ မပေါခြင်းဟာ လောကဓံတွေပါ။ တစ်ခါတစ်ရံ မိတ်ဆွေအပေါင်းအသင်း မရှိ တစ်ယောက်တည်းဖြစ်နေခြင်းက တရားအားထုတ်တဲ့သူ၊ ဘာသာရေးလိုက်စားတဲ့ သူတွေအတွက် ပိုပြီးကောင်းတဲ့ အနေအထား ရှိပါတယ်။ မိတ်ကောင်းဆွေကောင်းဆိုတာ ကောင်းတဲ့ဘက်မှာ အကူအညီ ဖြစ်စေတာ၊ ကောင်းအောင်သွန်သင်ဆုံးမပေးတာ၊ ပစ္စုပ္ပန်သံသရာ ကောင်းအောင်လုပ်ပေးတာကို ဆိုလိုတာ ဖြစ်တဲ့အတွက် မကောင်းတဲ့ မိတ်ဆွေအပေါင်းအသင်း ပေါများတာထက် အဲလိုမကောင်းတဲ့ မိတ်ဆွေမျိုးမရှိ တစ်ယောက်တည်း ဖြစ်ခြင်းက ပိုကောင်းပါတယ်။ အဲလိုမှ မဟုတ် ကောင်းတာတွေလည်း လုပ်ချင်တယ် မိတ်ဆွေအပေါင်းအသင်းလည်း ရှိချင်တယ်ဆိုရင်တော့ ကိုယ်နဲ့စိတ်တူ၊ ကိုယ်တူ၊ အကျင့်စာရိတ္တတူ၊ ၀ါသနာတူတဲ့သူတွေကို ရှာဖွေပေါင်းသင်းပါဟု အကြံပြုပါရစေ။ မိတ်ဆွေအပေါင်းအသင်း ပေါစေဖို့အတွက်တော့ ကိုယ်ကျင့်သီလကို အပျက်မခံပါနဲ့လို့ တိုက်တွန်းလိုပါတယ်။

6 မှတ်ချက်များ (...ရေးရန်):

  • Anonymous says:
    Thursday, March 12, 2009

    တင်ပါ့ ဘုန်းဘုန်း ... ဖိုးသား ဟိုတစ်ခါ သိချင်တာလည်း ဒီအိမ်ထောင်ပြုတဲ့ ကိစ္စပါတယ်... ဘုန်းဘုန်း ပြောတာ ဟုတ်ပါတယ်... အိမ်ထောင်ပြုခြင်း မပြုခြင်းနဲ့ ကုသိုလ်ရခြင်း မရခြင်းက မဆိုင်ပါဘူး... ကုသိုလ်တရားတွေ တိုးပွားအောင်၊ နောက်ဆုံးအဆင့် အသင်္ခတ နိဗ္ဗာန် အထိရောက်အောင် ကျင့်ကြံ အားထုတ်မှုတွေကတော့ မိမိအပေါ်မှာပဲ မူတည်ပါတယ်ဆိုတာ... ဖိုးသားလည်း အဲလိုမြင်ပါတယ်...

    မိတ်ဆွေနဲ့ ပတ်သတ်ပြီး ဓမ္မပဒ မှာ ဖိုးသား ဖတ်ဖူးတယ်... *မိတ်ကောင်းမတွေ့ရင် တစ်ယောက်တည်းနေ* ဆိုတာလေး

    **စရဉ္စေ နာဓိဂစ္ဆေယျ၊ သေယျံ သဒိသမတ္တနော။**
    **ဧကစရိယံ ဒဠှံ ကယိရာ၊ နတ္ထိ ဗာလေ သဟာယတာ။**

    မိတ်ကောင်း ဆွေကောင်းပေါင်းချင်လို့
    ရှာဖွေနေတဲ့ပုဂ္ဂိုလ်ဟာ
    ကိုယ်ကျင့်ဖြောင့်မတ်မှုဂုဏ်
    စိတ်ဓါတ်မြင့်မားမှုဂုဏ်နဲ့
    အသိဉာဏ် ကြီးကျယ်မှု ဂုဏ်အရာမှာ
    ကိုယ့်ထက်သာလွန်တဲ့သူ
    ဒါမှမဟုတ်
    ကိုယ်နဲ့တန်းတူတဲ့သူကို
    ဘယ်လိုမှ မရနိုင်ဘူးဆိုရင်
    အဖော်မတွဲ တစ်ယောက်တည်း
    နေထိုင်ကျင့်သုံးခြင်းကိုပဲ
    ခိုင်ခိုင်မြဲမြဲ
    ပြုလုပ်သင့်ပါတယ်။
    ဘာလို့လဲဆိုတော့
    ကိုယ့်ထက်နိမ့်ကျတဲ့
    လူမိုက်ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ
    မိတ်ကောင်းဆွေကောင်းရဲ့
    ဂုဏ်အင်္ဂါ လက္ခဏာတွေ
    လုံးဝ မရှိနိုင်လို့ပါပဲ။

    (ဓမ္မပဒ ဂါထာ - ၆၁)

    ဘုန်းဘုန်း ကျန်းမာပါစေ..

    လေးစားရိုသေစွာ ဦးခိုက်လျက်
    ချစ်တပည့်
    ဖိုးသား

  • Anonymous says:
    Friday, March 13, 2009

    ဘုန်းဘုန်း

    အဖြေတွေကို အခုပဲ ဖတ်လို့ ပြီးပါတယ်။ တပည့်တော် စိတ်ရှင်းလင်းအောင် ဖြေကြားရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်စွာ ဦးခိုက်ပါတယ်ဘုရား။ ဘုန်းဘုန်း သာသနာပြု လုပ်ငန်းများ တိုးတက်အောင်မြင်ပါစေ။

    ရိုသေစွာဖြင့်
    စိုင်းစိုင်း

  • Anonymous says:
    Friday, March 13, 2009

    ဒီနေရာမှာ အဖြေရှင် ဆရာတော်နဲ့ သက်ဆိုင်ခြင်း မရှိပဲ ဒီအယူဝါဒ ပေါ်ထွန်းလာပုံအကြောင်းကို ဖတ်ရှုမှတ်သားမိသူ တစ်ယောက်အနေနဲ့ တပည့်တော် အမြင်ကို ၀င်ရောက်ဆွေးနွေးလျှောက်ထားခွင့် ပြပါဘုရား။ မြတ်စွာဘုရားသခင်ရဲ့ ဟောကြားချက် တရားများကို ကာကွယ်ပေးလိုခြင်း၊ မြတ်စွာဘုရား မဟောခဲ့တာတွေကို ဘုရားနှုတ်ကပါက်တော်အဖြစ် လူအများ နားလည်မှု မလွဲစေလိုခြင်းသာ ဖြစ်ပါတယ်။ ဒီသစ္စာမှန်ခဲ့ရင် ကြီးမားသော ပညာဥာဏ်နဲ့ ပြည့်စုံရလိုပါတယ်။

    မေထုန်မှီဝဲခြင်းကို ရှောင်ကြဉ်တာဟာ တရားနဲ့ မွေ့လျော်သူ (ဓမ္မစာရီ)တို့ ကျင့်အပ်သော အကျင့်ဖြစ်ပြီး ဖြည့်ဆည်းအပ်တဲ့ နိက္ခမပါရမီရဲ့ အစိတ်အပိုင်း တစ်ခုလဲ ဖြစ်ပါတယ်။ ဒီအဆင့်ကို မတက်လှမ်းနိုင်သေးသူများအတွက်တော့ အိမ်ထောင်မှုနယ်ထဲမှာ နေရင် လင့်ဝတ်၊ ဇနီးဝတ်၊ မိဘဝတ်များ ကျေပြွန်ဖို့ ဆုံးမတော်မူတာပါ။ လင်မယား အဖြစ် ရောက်ပြီးသူများအတွက် ဆိုထားတဲ့ လင့်ဝတ် မယားဝတ်များကို လိုရာ ထုတ်ပြပြီး လူဝတ်ကြောင်တွေကို အိမ်ထောင်ပြုကို ပြုရမယ်၊ ဒါဟာ Buddhist social phoelosophy (အဆိုရှင်၏ ရေးသားချက်အတိုင်း) ပဲလို့ မိမိအယူအဆကို ဘုရားအယူအဆအဖြစ် မလှည့်စားအပ်ပါ။ ဒီအရေးတွေကို တွေးမြင် စိုးရွံ့တော်မူလို့ အရှင်မဟာကဿပနဲ့ ပထမသင်္ဃာယနာတင် မထေရ်ကြီးများဟာ မြတ်စွာဘုရားရဲ့ တရားတော်တွေကို ပြင်ခြင်း၊ ဖြည့်ခြင်း မပြုဖို့ ဆန္ဒရှိတော်မူခဲ့တာပါ။

    အနာထပိဏ်သူဌေးကြီးရဲ့ သမီးငယ် သုမနဒေဝီဟာ သကဒါဂါမ် ဘဝနဲ့ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်ထိ အိမ်ထောင်မပြုသလို အဖ သူဌေးကြီးကလဲ ဒီသမီးအငယ်ကိုတော့ အိမ်ထောင်ချပေးဖို့ မလုံးပန်းခဲ့ပါ။ မြတ်စွာဘုရားကလဲ ဘယ်ဒါယကာ ဒါယိကာမကိုမှ သင်တို့ရဲ့ သားသမီးများ အရွယ်ရောက်ပြီ၊ အိမ်ထောင်ချပေးလော့လို့ မဆိုင်တဲ့ အမှုကို ဝင်ရောက်စွက်ဖက် ညွှန်ကြားခြင်း မပြုပါ။

    ဝိသာခ သူကြွယ်ဟာ မြတ်စွာဘုရားရဲ့ တရားကို နာယူပြီး အနာဂါမ် ဖြစ်လာတဲ့အခါ ကာမဂုဏ်အမှုကို ဆန္ဒမရှိတော့ပြီမို့ ဇနီးသည် (ဓမ္မဒိန္ဒာထေရီ ဖြစ်လာမယ့် ပုဂ္ဂိုလ်)ကို အခြားတစ်ပါးသော ယောက်ျားသားနဲ့ ယူလိုကယူ၊ အိမ်မှာပဲ မိမိနှမလို အမိလို နေလိုကလဲ နေဖို့ ပြောကြားခဲ့ပါတယ်။

    အိမ်ထောင်ပြုဖူးသူ လက်ရှိအိမ်ထောင်သည်ဖြစ်စေ၊ အိမ်ထောင်မပြုဖူးသူ ဖြစ်စေ ဗြဟ္မစရိယ သိက္ခာပုဒ်ကို စွမ်းနိုင်သမျှ ဆောက်တည်ပြီး တရားဘာဝနာ ပွားများနိုင်လျှင် အလွန် မွန်မြတ်ပါတယ်။ မင်္ဂလာ တရားတော်ထဲမှာလဲ ဗြဟ္မစရိယာကို မင်္ဂလာ တစ်ပါးအဖြစ် ထည့်သွင်းဟောကြားထားပါတယ်။

    အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလန် ဖြစ်လာမယ့် ဥပတိဿနဲ့ ကောလိတတို့ မြတ်စွာဘုရားထံ သာဝကခံဖို့ ရောက်လာတော့ အသက်တွေဟာ မြတ်စွာဘုရားနဲ့ မတိမ်းမယိမ်း ဖြစ်ကြပါတယ်။ မြတ်စွာဘုရားက ဒီ ၃၅ နှစ်ဝန်းကျင် လူပျိုကြီးများကို သင်တို့ ဒီအရွယ်ထိ အိမ်ရာမထူထောင်ဘဲ နေရသလားလို့ ကဲ့ရဲ့တော် မမူပါ။ ပေးစရာရှိတဲ့ တရားကိုသာ ပေးတော်မူပါတယ်။

    အိမ်ထောင်သည်များလဲ ဗြဟ္မစရိယ သီလ ဖြစ်စေ၊ ရှစ်ပါး ကိုးပါးသော ဥပေါသထ သီလများ ဖြစ်စေ တစ်ပတ်တစ်ကြိမ် သို့မဟုတ် မိမိတို့ နိုင်နင်းသလောက် ဆောက်တည်ကြမယ်ဆိုရင် ကောင်းတာပါပဲ။ တရားအရာမှာ အိမ်ထောင်ပြုဖူးသူ တရားမရနိုင်ရယ်လို့ မရှိသလို အိမ်ထောင် မပြုဖူးသူမှ တရားရနိုင်တယ်လို့လဲ မရှိပါ။ ဒါပေမယ့် တရားကို ကျင့်စဉ်မှာတော့ ကာမဂုဏ်တွေကို ရှောင်နိုင်သမျှ ရှောင်လေ ကောင်းလေပါပဲ။ မစားမသောက် မဝတ်မစား အငတ်နေရမယ်လို့ ဟောကြားထားတာ မရှိလို့ မြတ်စွာဘုရား ဟောကြားထားတာတွေဟာ ဘာမှ အစွန်းရောက်တာ မပါပါ။ ပေါ့ပါးသက်သာစွာ လိုက်နာအားထုတ်နိုင်ကြပါတယ်။

    သင်္ဂါလောဝါဒသုတ်ပါ အချက်များဟာ အိမ်ထောင်သည်များအတွက် အိမ်ထောင်သည်ဝတ် ပါတာနဲ့ လူတိုင်း အိမ်ထောင်ပြုရမယ်လို့ မြတ်စွာဘုရား ဟောခဲ့လေဟန် မလှည့်စားအပ်ပါ။ မိမိနဲ့ အကျုံးဝင်ရာ ဝတ်ကို ကျေစေဖို့သာ လိုပါတယ်။ လင်သားဟာ မယားဝတ္တရားပါ ကျေစရာ မလိုသလို ဇနီးသည်ကလဲ လင့်ဝတ္တရားပါ ကျေအောင် အားထုတ်နေစရာ မလိုပါ။ ဒကာကလဲ ဒကာဝတ်နဲ့တင် အားမရလို့ ရဟန်းဝတ္တရားပါ ကျေအောင် အားထုတ်စရာ မလိုပါ။ ဒီဥပမာအတိုင်းပဲ ကိုယ်က ရဟန်းဖြစ်စေ လူဖြစ်စေ အိမ်ထောင်သည် မဟုတ်ရင် အိမ်ထောင်သည်ဝတ်တွေ ကျေဖို့ မလိုပါ။ ကျေအောင် ကြိုးစားတဲ့ အနေနဲ့ အလျင်အမြန် အိမ်ထောင်ပြုစရာလဲ မလိုပါ။ အိမ်ထောင်ပြုချင်ရင် မိမိဆန္ဒအလျောက် ပြုခွင့် ရှိပါတယ်။ ဘုရားပြုခိုင်းလို့ ပြုရတာရယ်လို့ မရှိပါ။

    သင်္ဂါလောဝါဒသုတ်မှာ လင့်ဝတ္တရားတွေ ပါရှိလို့ ရဟန်းတော်တစ်ပါးက ဒီဝတ္တရားတွေပါ ကျေအောင် အိမ်ထောင်ပြုမယ်ဆို သင့်တော်ပါ့မလား။ မသင့်တော်သလို ကျေစရာလဲ မလိုအပ်ပါ။ ဒီလိုပဲ အိမ်ထောင် မပြုဖူးသူ ဖြစ်စေ၊ ပြုဖူးပြီး သေကွဲရှင်ကွဲ ကွဲကွာသွားသူတွေဖြစ်စေ ကျန်တဲ့ ဒါယိကာဝတ် ဆရာဝတ် တပည့်ဝတ် စသည်များ မိမိနဲ့ဆိုင်ရာ ထမ်းဆောင်ကြရင် ပြီးတာပါပဲ။ အိမ်ထောင်က ပြုလိုလဲသဘော၊ မပြုလိုလဲသဘော။ ပြုရမယ်လို့ မြတ်စွာဘုရားက လုံးဝ စွက်ဖက်ဟောကြားထားခြင်း မရှိပါ။

    “ရဟန်းသာမဏေနဲ့ ချစ်ကြိုက်လူထွက် အိမ်ထောင်ပြုရင် အပြစ်ရှိတယ်ဟု ယူဆကြခြင်း”ကိုလဲ ဒီအဆိုရှင် အရှင်က “ဘာသာခြားများရဲ့ စိုက်ဝါး” အဖြစ် လို့ ကဲ့ရဲ့ထားပါတယ်။ ရဟန်းသာမဏေနဲ့ မာတု
    ဂါမ ချစ်ကြိုက်ခြင်းကို မြတ်စွာဘုရား ပိတ်ပင်တားမြစ်တော်မူခဲ့တာမို့ သံဃာတော်များအတွက် မလွတ်မလပ်အောင် ဒီနှောင်ကြိုးထားသွားတယ်လို့ မြင်ရင်၊ ကဲ့ရဲ့ချင်ရင် မြတ်စွာဘုရားရှင် ကိုယ်တော်ဟာ အရင်ဆုံး ကဲ့ရဲ့ခံရပါလိမ့်မယ်။

    ဒါယိကာမများဟာ ရဟန်းတော်များကို၊ ဒါယိကာများဟာ ရဟန်းမများကို ညစ်ညမ်းသောစိတ်ဖြင့် တပ်မက်စွဲလမ်းတာကို မြတ်စွာဘုရား အားမပေးပါ။ တပည့်သာဝကများအားလည်း ဒါတွေကို လုံးဝ ရှောင်ကြဉ်စေပါတယ်။ ဒီညွတ်ကွင်းကို ရှောင်နိုင်ကြတဲ့ ဘိက္ခု၊ ဘိက္ခုနီများကိုလဲ ချီးမွမ်းတော်မူပါတယ်။

    ဒီတော့ ရဟန်းသာမဏေနဲ့ ချစ်ကြိုက်တာကို ဒကာဒကာမများက အပြစ်လို့ ယူဆတာ၊ ကျူးလွန်တဲ့ မိန်းမသားကိုလဲ သံဃာကိုတောင် မရှောင်ရန်ကောလို့ ကဲ့ရဲ့တာဟာ မှန်ကန်ပါတယ်။ ဘယ်ဘာသာခြားရဲ့ စိုက်ဝါးမှ မဟုတ်သလို ဒီဓလေ့ကိုလဲ ပြင်စရာ ဖျက်စရာ မလိုပါ။ ဒီအမြင်ကို ပြင်ရ၊ ပြောင်းပြန်လှန်ရမယ်ဆိုရင် “သံဃာနဲ့ ချစ်ကျွမ်းဝင်ကြ။ ဒါဟာ သာမန်လူနဲ့ ကြိုက်တာထက်တောင် မွန်မြတ်တယ်၊ ကုသိုလ်ရတယ်”လို့ ဆိုရာရောက်ပြီး ဒီကြွေးကြော်သံတွေလဲ ပေါ်လာပါလိမ့်မယ်။ ပုဂံခေတ်က ပန်းဦးလွှတ်ခံတဲ့ အရည်းကြီးတွေကို အနော်ရထာမင်း မကြည်ညိုတာ အဲဒါကြောင့်ပါ။

    မင်းဧကရာဇ်တွေဟာ မိန်းမဆောင်မှာ သီးခြားထားတဲ့ မိမိတို့ မိဖုရား သမီးတော်များ သံဃာတော်များကို ကိုးကွယ်ကြ၊ အဆုံးအမခံကြ၊ လှူဒါန်းကြတာတွေကို မတားမြစ်တဲ့အပြင် အားပေးတာဟာ သံဃာတော်များရဲ့ ဒါယိကာမများအပေါ် နှမလို အမိလိုသာ သဘောထားတဲ့ သီလသိက္ခာကို ယုံကြည်လေးစားလို့ပါ။

    မဟာယာနနဲ့ ထေရဝါဒဟာ ရတနာသုံးပါး ဆိုတဲ့ refugee camp မှာ ခိုလှုံနေရတာခြင်းတူလို့ မညီမညွတ် ကွဲပြားနေစရာ မလိုဘူးလို့လဲ ဒီအရှင်က ဆိုထားပါတယ်။ ဒီစကားကိုလဲ မြတ်စွာဘုရားသခင်နဲ့ မြတ်စွာဘုရားရဲ့ တရားဓမ္မကို ကာကွယ်တဲ့အနေနဲ့ ဆိုရေးရှိလို့ ဆိုရပါတော့မယ်။

    ထေရ၀ါဒဟာ အရှင်မဟာကဿပ စတဲ့ မထေရ်ကြီးများရဲ့ “မြတ်စွာဘုရား တရားတော်ကို ပြင်ခြင်း ဖျက်ခြင်း ဖြည့်ခြင်း မပြုရ”ဆိုတဲ့ မူကို လိုက်နာလို့ ထေရ၀ါဒ အမည်တွင်တာပါ။ ဗုဒ္ဒ၀ါဒပါပဲ။ ဒီဝါဒရဲ့ အရှင်ဟာ မထေရ်ကြီးများ မဟုတ်ဘဲ မြတ်စွာဘုရား ကိုယ်တော်တိုင် ဖြစ်ပါတယ်။

    အဓိက မတူညီနိုင်ရခြင်း အကြောင်းက လက္ခဏာရေး သုံးပါး (အနိစ္စ၊ ဒုက္ခ၊ အနတ္တ)နဲ့ နိဗာန် အမြင်ပါ။ ဒီနေရာမှာ မတူညီရင် ဘယ်လို ညှိလို့မရ၊ ညှိလဲ မညှိအပ်၊ သီးခြားသာ နေကြရပါတယ်။ ဒါ သာသနာရဲ့ အသက်လို အချက်အခြာကျတဲ့ နေရာမို့ပါ။

    မဟာယာနက နိဗာန်ကို အိုနာသေ ကင်းရာ ဘုံတစ်ခုလို့ သတ်မှတ်လိုပါတယ်။ ဘုရားလောင်းဟာ နတ်ပြည်မှာ မအိုမနာမသေ ရှိနေတယ်။ အချိန်တန်ရင် လူ့ပြည်ဆင်းပြီး ဘုရားဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

    မြတ်စွာဘုရား ရှာဖွေတွေ့ရှိခဲ့တဲ့ (ဖန်တီးသတ်မှတ်ခဲ့တာ မဟုတ်) အမှန်တရားအရ ဘယ်ရုပ်နာမ်မှ လောကမှာ မမြဲပါ။ မဖောက်ပြန် မပျက်စီးဘဲ ထာဝရ တည်မြဲနေတယ်ဆိုတာ မရှိပါ။

    မြတ်စွာဘုရားယခင်တို့သည်လည်း မမြဲပါ။ ပရိနိဗာန် စံပြီး ဘုရားရှင်တို့သည် ဘယ်ဘုံဗိမာန်မှာမှ မရှိတော့ လောကမှ လုံးဝ လွတ်မြောက်သွားကြပါပြီ။ မဟာယာန ကျမ်းတစ်ခုက အဆိုတစ်ရပ်ဖြစ်တဲ့ (ကျမ်းအားလုံးရဲ့ အဆို ဟုတ်မဟုတ် မသေချာလို့ပါ) အရိမေတ္တေယျဘုရား ပွင့်ဖို့ ဘုရားလောင်း လူ့ပြည်ဆင်းလာရင် ကျောက်တောင်ထဲက ကဿပ ဘုရားရှင် ထွက်လာပြီး ဘုရားသစ်အား သပိတ်သင်္ကန်း အပ်နှင်းလိမ့်မယ်ဆိုတဲ့ အဆိုဟာ ထေရ၀ါဒ (ဗုဒ္ဒဝါဒ)အရ လုံးဝ မဖြစ်နိုင်ပါ။ ပရိနိဗာန်စံပြီး ဘုရားရှင် ပြန်သက်တော်ရှင်တယ်ဆိုတာ မဖြစ်နိုင်လို့ ဖြစ်ပါတယ်။

    မဟာယာန ရဟန်းတော်များလဲ လောကီကောင်းကျိုးဆောင်ခြင်း၊ ဒကာဒကာမများ အကျိုးစီးပွားကို ရွက်ဆောင်ခြင်းများ ရှိကြပါတယ်။ ထေရ၀ါဒ ရဟန်းတော်များလဲ ထို့အတူပါပဲ။ တစ်ပါးနဲ့တစ်ပါး တွေ့ကြရင်လဲ ချစ်ကြည်စွာ နှုတ်ဆက်ကြ၊ စကားဆိုကြပါတယ်။ ဒါပေမယ့် ညီညွတ်ကြရအောင်ဆိုပြီး မတူတဲ့ ဝါဒနှစ်ခုကိုတော့ ညှိယူလို့ မရပါ။ ဟိုဘက်က နည်းနည်းလျှော့၊ ဒီဘက်က နည်းနည်းဖြည့်နဲ့ ညှိလိုက်ရင် ဓမ္မစကြာ တရားတော် (သစ္စာလေးပါး)၊ အနိစ္စဒုက္ခအနတ္တ၊ အဘိဓမ္မာ စတဲ့ သာသနာရဲ့ နှလုံးသည်းပွတ်လို အပြင်အဖျက် မခံနိုင်တဲ့ တရားတွေ ထိခိုက်မှာ စိုးတဲ့အတွက် ညှိလို့ မရတာပါ။ ဒါ မညီညွတ်လေခြင်း၊ ကွဲပြားလေခြင်းလို့ အပြစ်မတင်အပ်ပါ။

    မဟာယာနမှာ အချို့ မဟာယာနဂိုဏ်းများမှာ ရဟန်းတော်များ အိမ်ထောင်ပြုခွင့် ရှိပါတယ်။ မြန်မာပြည်က ဆရာတော်တစ်ပါး ဂျပန်ပြည်ကို ကြွတော့ ဘုန်းကြီးကျောင်းကို လိုက်အပို့မှာ မရောက်ခင် ကားပေါ်မှာ ဆရာတော်ကို ဒီက ဘုန်းကြီးကျောင်းများမှာ မာတုဂါမများ ရှိတတ်ကြောင်း ကြိုအသိပေးထားတဲ့အနေနဲ့ လျှောက်ပါတယ်။ ဆရာတော်က ဒီအထိ ဒါ ဘုရားတ,ယူရမယ့် အဖြစ်ဆိုတာ မသိသေးပါဘူး။ ကျောင်းရောက်တော့ ဒါ ကျောင်းက ဘုန်းတော်ကြီး ဖြစ်ကြောင်း မိတ်ဆက်ပေးပြီး တစ်ဆက်တည်း ဒီဘက် ဂါဝန် ဘာရောင်နဲ့က ဘုန်းကြီးမိန်းမ၊ ဒီက ဘောင်းဘီနဲ့က ဘုန်းကြီးသား၊ ဒီဘက်က ဂါဝန်ဘာရောင်နဲ့က ဘုန်းကြီးသမီးဆိုပြီး မိတ်ဆက်ပေးတော့ ဆရာတော်ကြီးခမျာ ဒီအကြောင်း မြန်မာပြည်မှာ ပြန်အမိန့်ရှိတာတောင် “ဟာ ဒုက္ခပဲ”၊ “ဒုက္ခပဲ”နဲ့ ဒုက္ခချင်း ထပ်သွားရှာပါတယ်။

    ဒါကို ညှိမယူနိုင်ရကောင်းလား၊ သဘောထား မကြီးနိုင်ရကောင်းလားဆိုရင်တော့ ထေဝါဒဟာ ဒီနေရာမှာ လုံးဝ အပြင်အဖျက် မခံပါ။ မိန်းမယူချင်ရင် လူထွက်ပြီး ယူနိုင်ပါတယ်။ လူမထွက်ဘဲ မာတုဂါမနဲ့ မချစ်ကြိုက်အပ်ပါ။ ဒါကို အပြစ်မရှိဘူးလို့လဲ မဟောပြော မစည်းရုံးရပါ။

    ထေရဝါဒ ရဟန်းတော်များအနေနဲ့လဲ မာတုဂါမနဲ့ ကျူးလွန်ခြင်းဟာ ရဟန်းအဖြစ် ဆုံးရှုံးရတယ်ဆိုတဲ့ ပါရာဇိက သိက္ခာပုဒ်ကို လုံးဝ ပြင်ဖွင့် ဖျက်ခွင့် မတောင်းဆိုကြပါ။ ဒါဟာ လုံးဝ မပြင်ဆင်အပ်တဲ့ သာသနာရဲ့ အသက် ဘုရားရှင်ရဲ့ အလိုဆန္ဒတော်မို့ ဖြစ်ပါတယ်။

    မြတ်စွာဘုရားသခင်ရဲ့ တရားတော်များကို မနှစ်သက် အားမရနိုင်သူ ရဟန်းတစ်ပါးအနေနဲ့ ရဟန်းအဖြစ်ကရော ဗုဒ္ဒဘာသာဝင်အဖြစ်ကရော စွန့်ပြီး နှစ်သက်ရာ ဘာသာကို ဝင်နိုင်ပါတယ်။ သို့မဟုတ်ပါကလဲ ယုံကြည်ရာ ဘာသာသစ် ထူထောင်နိုင်ခြေရှိရင် ထူထောင်နိုင်ပါတယ်။ မြတ်စွာဘုရား သာသနာတွင်းကနေ ဘုရားဟော တရားတော်များကို ပြင်ဆင်ဖို့၊ မူရင်းအနက်များကို ပျက်ယွင်းအောင် အဓိပာယ်သစ် ဖွင့်ဖို့ အားမထုတ်ရပါ။ ဒါဆိုရင် မြတ်စွာဘုရား ပရိနိဗာန် စံပြီဆိုတဲ့ သတင်းကို အရှင်မဟာကဿပကို ကုသိနာရုံပြည်က ပြန်လာတဲ့ တက္ကတွန်းတစ်ဦးက ပြောတော့ ကျန်ရဟန်းတော်များ ငိုကြွေးကြရာမှာ သုဘဒ္ဒရဟန်းက “ငါ့ရှင်တို့ မစိုးရိမ် မငိုကြွေးကြလင့်၊ ရဟန်း ဂေါတမဟာ ငါတို့ကို ဝိနည်းစည်းကမ်းတွေ အမျိုးမျိုးနဲ့ ချုပ်ချယ်ခဲ့တယ်။ ခု သူ မရှိတော့။ ငါတို့ လုပ်ချင်ရာလုပ်လို့ ရပြီ”လို့ ကြွေးကြော်သံကို အမှတ်ရစရာ ဖြစ်ရပါလိမ့်မယ်။

    သုံးလူ့နတ်ရဲ့ တပည့်သား သံဃာများဟာ အရှင့်ဆန္ဒတော်နဲ့အညီ ဒါယကာ ဒါယိကာမတို့အား ဒုက္ခလွတ်ကြောင်း အမြိုက်တရားကို ဟောကြားဖြန့်ဝေ၍ တရားတု တ၇ားပျက်ကို ချေဖျက်နိုင်ကြပါစေသတည်း။

  • Anonymous says:
    Friday, March 13, 2009

    (philosophy စာလုံးပေါင်းကို ပြင်ဖတ်ရှုစေလိုပါသည်)

    ဘာသာရေးနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲလိုလျှင် သာသနာ့ဘောင်အတွင်းက ပြောင်းလဲခွင့် ရှိပါသည်။ သို့သော် ရှေးမထေရ်ကြီးများအား စော်ကားပြစ်တင်စကား ဆိုခြင်း၊ ဒကာဒကာမများအား ထိုသို့ စော်ကားစကားဆိုအောင် သင်ပေးခြင်းများ မပြုရပါ။ “ဒီစကားမျိုး ပြောတတ်တဲ့ လူကြီးတွေကို ဒီခေတ်လူငယ်တွေက အယုံအကြည် မရှိတော့ဘူး ပြောလိုက်”ဟု သင်ပေးခြင်းမှာ လူကြီးလူငယ် စိတ်ဝမ်းကွဲအောင် အနှစ်မဲ့သော စကားဖြင့် မြှောက်ပေးရာ ရောက်သည်ဟု မြင်သည့်အတွက် ရှောင်ကြဉ်စေလိုပါသည်။

    ရှေးမထေရ်ကြီးများ၊ သက်တော်ထင်ရှားရှိဆဲ ဝါတော်ရင့် ဆရာတော်ကြီးများသည် ခေတ်ပညာများ မသင် မဆည်းပူးခဲ့ရသည့်အတွက် လောကီရေးရာတွင် မသိနားမလည်သည်များ၊ ခေတ်မမီသည်များ ရှိသည်ဟု မြင်လျှင် ဂါရဝေါစ နိဝါတောစ မင်္ဂလာနှင့်အညီ လေးစားမှု၊ မိမိကိုယ်ကိုယ် နှိမ့်ချမှုများဖြင့် ဆွေးနွေး ရေးသားစေလိုပါသည်။ တပည့်တော်တို့ သင်ကြားဆည်းပူးခဲ့၊ ဆည်းပူးဆဲ လောကီလောကုတ် အတန်းပညာတို့သည် ဆရာဟောင်းများကို စော်ကားဖို့ မဖြစ်စေလိုပါ။ ထိုရှေးမထေရ်ကြီးများ၏ ကျမ်းစာများ၊ အဆုံးအမများဖြင့် တပည့်တော်တို့ ရင့်ကျက်ခဲ့ကြပါသည်။ ကိုယ်ပိုင် အတွေးအမြင်များ တွေးမြင်ဆင်ခြင်နိုင်ခဲ့ကြပါသည်။

    ဘုန်းကြီးကျောင်းပညာရေးကို ခေတ်နှင့်အမီ မပြုပြင်ပြင်နိုင်ခြင်းမှာ ထိုမထေရ်ကြီးများအပြစ် မဟုတ်ပါ။ ခေတ်ကာလ အခြေအနေအရ ဖြစ်ပါသည်။ သံဃာတော်များအနေဖြင့် မိမိတို့ မသင်ခဲ့ရသော ဘာသာရပ်များကို ကျောင်းသားများကို ပြန်သင်မပေးနိုင်သည်မှာ အပြစ်ကြီးကြီးမားမား ဆိုစရာ မရှိဟု မြင်ပါသည်။ ခရစ်ယာန် သာသနာပြု ကျောင်းများသည် တစ်ချိန်က ပညာရေးတွင် အရေးပါခဲ့သော်လည်း ယခုအခါ ကမ္ဘာတွင် အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်း တက္ကသိုလ်မျာသာ ကြီးစိုးပြီး ချာ့ခ်ျကျောင်းများမှာ ဆန်းဒေးစကူးနှင့် ဂီတသင်တန်းများသာ ရှိတော့ခြင်းနှင့်လည်း ယှဉ်ထိုးကြည့်နိုင်ပါသည်။ ယခုလက်ရှိ ဘုန်းတော်ကြီးသင် မူလတန်းကျောင်းများမှနေ၍ နှောင်းသံဃာများ ဤတာဝန်ကို ထမ်းရွက်ပါကလည်း ရှေးမထေရ်ကြီးများသိလျှင် နှစ်လိုစွာ သာဓုခေါ်ကြမည် ယူဆပါသည်။ ရှေးလူနှင့် နှောင်းလူ မလိုကြည်ဖြူ ဖြစ်စရာ မရှိပါ။

    သာသနာကို ပိုကောင်းအောင် လုပ်လိုလျှင် အခြားသော သံဃာများကို ပုတ်ခတ်ကဲ့ရဲ့မှ၊ တရားဓမ္မကို အသွင်ပြောင်း အနက်ပြောင်းဟောကြားမှ လုပ်နိုင်မည်ဟု ယူဆလျှင် ထိုအယူအဆသည် တရားတော်အရ မှားယွင်းပါသည်။

  • A servant of our Noble Father said... ၀င်ရောက်ဆွေးနွေးပေးထားတာ အရမ်းကောင်းပါတယ်။ ပြည့်လည်းပြည့်စုံပါတယ်။ သာသနာမှာ ဒီလိုအယူအဆ အမျိုးမျိုး ပေါ်ေါပါက်လာတာဟာ သဒ္ဓါတရား နည်းပါးပြီး ပညာချို့တဲ့သူများ အတွက် အန္တရာယ် များပါတယ်။ အမေးနွားကျောင်းသား အဖြေ ဘုရားလောင်းဆိုသလို မေးခွန်းများ ဆက်တိုက်ရာက်လာတဲ့အတွက် ဖြေကြားပေးရပေမယ့် အစွန်းလွတ်အောင် ပေါ့ပေါ့ပါးပါးပဲ ဖြေပေးဖြစ်ပါတယ်။ အနေအထား တစ်ခုအရ ဖြေပေးလိုက်ရတာ ဖြစ်တဲ့အတွက် ထင်သလောက် ပြည့်စုံအောင် မဖြေပေးနိုင်ခဲ့ဘူလို့ ထင်ပါတယ်။ ခုလို ပြည့်စုံသွားအောင် ထပ်ပြီး အားဖြည့်ဆွေးနွေးပေးတာကို အထူးကျေးဇူးတင်ပါတယ်။ နောင်လည်း ၀င်ရောက်ဆွေးနေးပေးဖို့ ဖိတ်ခေါ်ပါတယ်။ ကျေးဇူးအထူးတင်ပါတယ်....

  • Dr Phyo Wai Kyaw says:
    Saturday, March 14, 2009

    သက်ပြင်းချနိုင်ပါပြီ ဘုရား..။

    သာဓုသာဓုသာဓု။


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ