မိသာစုနှင့်တကွ အားလုံးကိုစွန့်ပြီး သာသနာ့ဘောင်ဝင်ပါက တစ်ကိုယ်ကောင်းဆန်ရာ ရောက်မရောက်…

Q. အရှင်ဘုရား…
တပည့်တော်က အလင်းများရှိရာသို့လျှောက်လှမ်းခြင်း... ကိုရေးတဲ့ မောင်ဇော်မင်းအောင် ပါဘုရား ။ တပည်တော်က အသက် ၁၁ နှစ်အရွယ်ကစပြီး စီးပွားရှာခဲ့ပါတယ်ဘုရား ။ငယ်ငယ်ရွယ်ရွယ်နှင့်ပဲ အိမ်ထောင်ကြခဲ့ပါတယ်ဘုရား ။ဒါကြောင့် ဒုက္ခ ဆိုသောတရားကို ငယ်သေးသော ရွယ်ချိန်မှာ သူများတွေထက် သိခွင်ရပါတယ်။ ကြောက်လဲကြောက် လှပါပြီဘုရား ။ အိမ်ထောင်ရေးမှာလဲ ဒုက္ခတွေကများလှပါတယ်ဘုရား ။ မိဘနှင့် အိမ်ထောင်ဖက်မှာအဆင် မပြေတော့ ပိုဆိုးဝါးပါတယ်ဘုရား ။ မိသားစုစားဝတ်နေရေးတွက်ပါ ရှာဖွေရ သည်မှာလဲ အလွန်အင်မတန်မှ စိတ်ပျက်စရာကောင်း လှပါပြီဘုရား ။ လူဘ၀ကိုလဲ ငြီးငွေလှပါပြီဘုရား။
ဒီအချက်တွေကြောင့် ပထမအစပိုင်းမှာ သောက်စားမူးရစ် ခဲ့ပါတယ်ဘုရား။ လွန်ခဲ့သော ၉ လမှစ၍ တရားစာအုပ် ငယ်အချို့ကို ဖတ်ရပြီး အမြင်မှန်ရကာ သေရေအရက် သောက်စားချင်းကို လဲစွန်လွှတ်လိုက်ပါတယ်ဘုရား ။ တပည့်တော်လဲ သာသနာဘောင်မှာပဲ ရာသက်ပန် နေချင်တဲ့စိတ် ဖြစ်ပေါ်နေတာတော့ ၆ လလောက်ရှိခဲ့ပါပြိဘုရား ။ သို့ပေမယ့် တပည်တော်မှာ ကလေးရှိပါတယ်ဘုရား ။ တပည့်တော် အားလုံးကို စွန့်လွှတ်ပြီး သာသနာ့ဘောင်ကို ၀င်ခဲ့ရင် တပည့်တော် တကိုကောင်း ဆန်ရာကြပါသလားဘုရား။ တပည့်တော်မိခင်ကတော့ သဘောတူပါတယ်ဘုရား။ တပည်တော် အနေနဲ့ကတော့ အကြင်နာတရားခေါင်းပါးသည် ဟုပဲဆိုမလား မသိပါ တပည်တော် ကတော့ အလားလုံးနဲ့ဝေးရာမှာနေပြီး ဒီဘ၀မှာ မရးသေးတဲ့မဂ်ဥာဏ် ဖိုလ်ဥာဏ်ရအောင် အားထုတ်လိုက်ချင်ပါတယ်ဘုရား။ မြတ်စွာဘုရားရှင်ရဲ့ တရားတော်တွေထဲမှာ မိသားစုကို လုပ်ကိုင်မကြွေးမွေးပဲ ယခုလိုမျိုး ရဟန်းဘောင် ၀င်ခွင့်ပြု မပြုကို သိပါရစေဘုရား ။ တပည့်တော်မိသားစုကတော့ စားဝတ်နေရေး အခက်အခဲအနည်း ငယ်ရှိပါ တယ်ဘုရား။ တပည့်တော်မှာ အကြွေး အနည်းငယ် တော့လက်ကျန်ရှိပါတယ်ဘုရား ၀ါမ၀င်ခင်တော့ကျေပါပြီဘုရား ။
အရှင်ဘုရားအနေနဲ့ တပည်တော်ကို မိန်ကြားတော်မူ စေလိုသည်မှာ ဤကဲ့သို့ ရဟန်းဝတ်ခွင့်ရှိမရှိပါဘုရား ။
ရိုသေစွာ ရှိခိုးကန်တော့ လျှက်....
(မောင်ဇော်မင်းအောင်)


A. အင်း… မေးခွန်းအတွက် တော်တော်လေး စဉ်းစားပြီး ဖြေပေးရမယ့် အနေအထား ဖြစ်ပါတယ်။ တစ်ယောက်တည်း လွတ်လွတ်လပ်လပ် ရှိတဲ့သူဆို ဘာမှအထူးပြောစရာ မရှိပေမယ့် တာဝန်ရှိသူတစ်ယောက် ဖြစ်နေတဲ့အတွက် သေချာစဉ်းစားဖို့ လိုပါတယ်။ တစ်ဘက်ကလည်း လောကုတ္တရာ လွတ်မြောက်ရေးဖြစ်ပြီး၊ တစ်ဘက်ကလည်း လောကီအရေးကိစ္စ ဖြစ်နေပြန်ပါတယ်။ ဒီနေရာမှာ ရှုထောင့်နှစ်မျိုးက စဉ်းစားကြည့်ကြစို့… ဒကာပြောသလို သာသနာ့ဘောင်ကိုဝင်ပြီး ဒီဘ၀မှာ မရသေးတဲ့ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရအောင် ကြိုးစားချင်တဲ့ စိတ်ကတော့ အမတန် ကောင်းမွန်တဲ့ အာသီသပါ။ ဒါပေမယ့် တကယ်လက်တွေ့ သာသနာ့ဘောင် ရောက်တဲ့အခါမှာ တရားရတာ မရတာထက် ထင်သလို ဖြစ်မလာတဲ့ အခြေအနေလေးတွေ ရှိတတ်ပါတယ်။ ပြီးတော့ ရဟန်းဘ၀ရဲ့ စောင့်ထိန်းရမယ့် ကျင့်ဝတ်များ၊ သီလသိက္ခာပုဒ်များ၊ သာသနာမှာနေရင် လိုအပ်တဲ့ သင်ယူလေ့လာမှုများ စတာတွေကိုလည်း ထည့်စဉ်းစားရပါမယ်။ တစ်ခါတစ်ခါ မြင့်ရာကကျရင် ပိုနာတတ်တာလည်း ရှိပါတယ်။ ရဟန်းဘ၀ဟာ လူ့ဘ၀နဲ့စာရင် ကုသိုလ်ကောင်းမှုလုပ်ဖို့၊ တရားအာထုတ်ဖို့၊ တရားရဖို့ အခွင့်အရေး အများကြီး ရှိပေမယ့် စောင့်ထိန်းလိုက်နာရမယ့် ကျင့်ဝတ်သီလတွေကလည်း အများကြီးရှိပါတယ်။ မစောင့်ထိန်း၊ မလိုက်နာနိုင်ရင် မြင့်ရာကကျရင် ပိုနာတတ်ပါတယ်။ ဒါက ထည့်စဉ်းစားသင့်တဲ့ အပိုင်းကို ပြောတာပါ။ အဆိုးတွေကို ရွေးပြောတာ မဟုတ်ပါဘူး။

တစ်ဘက်က ပြန်ကြည်ပြန်ရင်လည်း ကိုယ့်ကိုအမှီပြုပြီး နေရတဲ့ မိသားစု သားသမီးတွေဟာ ကိုယ်မရှိတဲ့အခါမှာ အမတန်ဒုက္ခရောက်နေရမယ့် အနေအထားမျိုးဆိုရင် လွတ်ရာကို ရုန်းထွက်သွားတဲ့ ရဟန်းတစ်ပါး အနေဖြင့် သာသနာ့ဘောင်ကနေပြီး သူတို့ရဲ့ ဒုက္ခကို ကြည့်ရက်ပါ့မလား ဆိုတာစဉ်းစားစရာပါ။ ပြီးတော့ ဘုရားရှင်က မိသားစုကို မလုပ်ကျွေးဘဲ ရဟန်းမပြုရဟု တိုက်ရိုက်ဟောထားတာ မရှိပေမယ့် သိင်္ဂါလသုတ်မှာ ဟောထားတဲ့ လောကမှာ ဖြည့်ကျင့်ရမယ့် ၀တ္တရားတွေထဲမှာ လင့်ကျင့်ဝတ်ဆိုတာ ရှိသလို၊ မြတ်စွာဘုရားရှင်ရဲ့ မင်္ဂလာသုတ် တရားတော်မှာလာတဲ့ ပုတ္တဒါရသ သင်္ဂဟော -သားမယားတို့အား ကျွေးမွေးထောက်ပံ့ခြင်းဟာ မင်္ဂလာတစ်ပါးပဲဆိုတဲ့ မင်္ဂလာ တရားတော်အတိုင်းဆိုရင် ကိုယ်ပြုထားတဲ့ တာဝန်ကို ကိုယ်ပြန်ယူပေးရန်လည်း လိုအပ်ပြန်ပါတယ်။ ဘုရားရှင်ရဲ့ တရားတော်တွေထဲမှာ မိဘအုပ်ထိန်းသူများရဲ့ ခွင့်ပြုချက်ရှိမှ ရဟန်းဝတ်ခွင့် ရှိတယ်ဆိုတာ ရှိပေမယ့် မိသားစုကို မလုပ်ကျွေးဘဲ ရဟန်းမပြုရဟု တိုက်ရိုက်ဟောထားတာတော့ မရှိပါဘူး။ သို့သော် သွယ်ဝိုက်တဲ့နည်းနဲ့ စဉ်းစားမယ်ဆိုရင်တော့ ၀တ္တရားများ မင်္ဂလာတရားများ အတိုင်းလိုက်နာ ကျင့်ကြံနေထိုင် သင့်တယ်ဆိုတဲ့ ဟောတော်မူချက်တွေလည်း ရှိပြန်ပါတယ်။ အမေက ခွင့်ပြုပေမယ့် လောက၀တ်အရ ဖြည့်ကျင့်ရမယ့် တာဝန်ဝတ္တရားများကို လစ်လျူရှုပြီး သာသနာ့ဘောင်မှာ ပျော်ရွှင်စွာ တရားအားထုတ်နိုင်ပါ့မလား ဆိုတာကိုလည်း ထည့်စဉ်းစားရပါမယ်။ အကောင်းဆုံးကတော့ ကိုယ်သာသနာ့ဘောင်ထဲ ၀င်သွားတဲ့အခါမှာ ကျန်ခဲ့တဲ့ မိသားစုများ အဆင်ပြေအောင် ဆောင်ရွက်ပြီးမှ သူတို့ရဲ့ ခွင့်ပြုချက်ကို ယူပြီးဝတ်မယ်ဆိုရင့် ပိုကောင်းပါတယ်။ အားလုံးပြည့်ပြည့်စုံစုံ လိုလေသေးမရှိအောင် လုပ်ပေးရမယ်မဟုတ်ပါဘူး။ အထိုက်အလျောက် လူ့ဘ၀မှာ ရပ်တည်လို့ ရသလောက်အထိ စီစဉ်ဆောင်ရွက်ပေးပြီးမှ သာသနာ့ဘောင်ဝင်ခြင်းက ပိုပြီးသင့်လျော်ပါတယ်။ လူ့ဘ၀မှာ နေစဉ်မှာလည်း သီလကိုလုံအောင်ထိန်းပြီး ကောင်းကျိုးဖြစ်အောင် နေနိုင်တာဖြစ်တဲ့အတွက် လောက၀တ်လည်း ကျေအောင် ကိုယ့်ရဲ့သံသရာ လွတ်မြောက်ရေးလည်း ကောင်းအောင် အကောင်းဆုံးနည်းကိုသာ ရွေးချယ်ပြီး လုပ်စေချင်ပါတယ်။ မိသားစု ဒုက္ခတွေ တစ်သီချည်းထားခဲ့ပြီး ရဟန်းဘ၀ရောက်ပြန်ရင်လည်း နောင်တစ်ချိန်မှာ စိတ္တကုက္ကုစ္စဖြစ်ကာ တရားအားထုတ်တဲ့အခါ အခက်ကြုံရတတ်တာတွေလည်း ရှိပါတယ်။ ဘယ်သူမပြု မိမိမှုဆိုသလို မိမိကိုယ်တိုင် ဖန်တီးခဲ့တဲ့ အမှားအတွက် နောင်တရတဲ့အချိန်မှာ အကောင်းဆုံဖြစ်အောင် ပြန်ပြင်ရပါတယ်။ ဒုက္ခဆိုတာကတော့ နိဗ္ဗာန်မရမချင်း ကြုံနေကြရမှာ ဖြစ်တဲ့အတွက် ရဲရဲရင်ဆိုင်ပြီး ကိုယ်တာဝန်ယူပေးရမယ့် အပိုင်းလေးတွေကို တတ်နိုင်သမျှ လုပ်ပေးပြီး လွတ်မြောက်ရာကို ရွေးချယ်ခြင်းက ပိုသင့်လျှော်ပါတယ်။ လွတ်မြောက်မှုကို ရှာတာကောင်းပေမယ့် ရွေးချယ်တဲ့ လမ်းကိုထင်သလို မလျှောက်နိုင်ရင်လည်း ဟိုမရောက်ဒီမရောက် ဖြစ်တတ်ပါတယ်။ ဒါကြောင့် အကြံပြုလိုတာက ကိုယ်တာဝန်ယူရမယ့် လောက၀တ်လေးတွေကို အထိုက်အလျှောက် ဖြည့်ကျင့်စီစဉ် ဆောင်ရွက်ပေးပြီးမှ သာသနာ့ဘောင် ၀င်ရောက်ခြင်းက ပိုသင့်မယ်လို့ ထင်ပါတယ်။ ကိုယ်သာလျှင် အဓိကဖြစ်တဲ့အတွက် ဘုန်းဘုန်းအနေဖြင့် အကြံပြုရုံသာ ပြုနိုင်ပါတယ်။ ဉာဏ်နှင့်ယှဉ်ပြီး စဉ်းစားဆုံးဖြတ်ပါဟု တိုက်တွန်းလိုပါတယ်။

1 မှတ်ချက်များ (...ရေးရန်):

  • Mr.Zaw Min Aung says:
    Wednesday, March 25, 2009

    အရှင်ဘုရားပြန်လည် ဖြေကြား ထားတာကို ဖတ်ရတဲ့အတွက် တပည့်တော်အထူးပဲကျေနပ် ၀မ်းမြောက်မိပါတယ်ဘုရား။ တပည့်တော်ရဲ့  ရှုပ်ထွေးနေတဲ့ အာရုံတွေကို အမြင်မှန် ရအောင်ရှင်းလင်းပေးတဲ့ ဆရာတော်ဘုရားလဲ
    ယခုဘ၀မှာတင် တရားထူးတရားမြတ်များ ရရှိ နိုင်ပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ဘုရား။

    ရိုသေစွာရှိခိုးကန်တော့လျှက်...
    မောင်ဇော်မင်းအောင်


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ