တောင့်တ၍ မရပါ…
တစ်နေ့ သံဝေဂကဗျာလေး တစ်ပုဒ်ကိုဖတ်နေစဉ် စာရေးသူအတွေးထဲ မဃဒေ၀မင်းကြီး၏ သံဝေဂဖြစ်ပုံလေးကို သွားသတိယလိုက်မိ၏။ မဃဒေ၀မင်းကြီးသည် ခေါင်းပေါ်မှာ ဆံပင်ဖြူလေးတစ်ပင် တွေ့ရှိရသည်ကို အကြီးအကျယ် သံဝေဂဖြစ်ကာ မင်းစည်းစိမ်ကိုစွန့်ပြီး တောထွက်တော်မူသည်အထိ ဖြစ်သွားခဲ့၏။ သံဝေဂ အမှန်တစ်ကယ်ဖြစ်ပြီ၊ အမှန်ရပြီဆိုလျှင် အလွန်တုန်လှုပ်ပြီး လွတ်မြောက်မှုကို ရှာဖွေသွားတတ်ကြသည်ကို မဃဒေ၀မင်းကြီးက သက်သေပြသကဲ့သို့ ဖြစ်၏။ မဃဒေ၀မင်းကြီး၏ သံဝေဂဖြစ်ပုံ အတွေးလေးကို ကျေးဇူးတော်ရှင် မန်လည်ဆရာတော်ကြီးမှ ကဗျာလင်္ကာလေးဖြင့် ဖော်ကျူးတားသည်ကိုလည်း သံဝေဂဖြစ်ဖွယ် ဖတ်လိုက်ရ၏။ ဆရာတော်ကြီးက ``မဟာဘူတ၊ ဤကာယအား၊ နေ့ညမယွင်း၊ ရေဆာသွင်း၍၊ မပျင်းလုပ်ကျွေး၊ ပြုစုမွေးလည်း၊ ကျေးဇူးမထင်၊ အကတညု၊ မြွေလေးခုသို့၊ ကိုက်မှုမဆဲ၊ ခဲမှုမငြိမ်း၊ ကိုယ်လုံးရှိန်းအောင်၊ ရှောင်တိမ်းမသာ၊ စစ်ကြီးလာသို့၊ ဇရာမြွေဆိပ်၊ တရိပ်ရိပ်ဖြင့်၊ ဦးထိပ်ထက်စီး၊ ရောက်လာပြီးပြီ`` စသည်ဖြင့် အိုခြင်းတရား၏ ကြောက်စရာ ကောင်းပုံလေးကို ဥပမာပေး၍ သီးကုံးတော်မူထား၏။
မှန်၏။ ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယောဟူသော ဓာတ်ကြီးလေးပါး (မဟာဘုတ်လေးပါး) ဖြင့် ဖွဲ့စည်းထားသည့် ဤခန္ဓာကိုယ်ကြီးသည် မနက်၊ နေ့၊ ည ပုံမှန်စားနေ၊ သောက်နေ ပြုပြင်နေသော်လည်း တစ်နေ့ထက်တစ်နေ့ ပိုပြီးနုပျိုလာသည်ဟူ၍ မရှိဘဲ တဖြည်းဖြည်း အိုအိုသွားသည်သာ ရှိ၏။ မည်သူကဖြင့် တစ်နေ့တစ်ခြား ပိုပိုလှလာသည်၊ နုလာသည်ဟူ၍မရှိပေ။ လူအများ ပြောဆိုနေကြသည့် ``တစ်သားမွေး တစ်သွေးလှ`` ဟူသော စကားသည် စင်စစ် မြှောက်ပြောနေကြခြင်းသာ ဖြစ်၏။ မည်သည့်ပုဂ္ဂိုလ်မျှ တစ်နေ့ထက်တစ်နေ့ ပိုပိုနုပျိုလာသည်ဟု မရှိနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် မွေးဖွားလာသည် ဆိုကတည်းကပင် အိုခြင်း၊ နာခြင်း၊ သေခြင်းသဘောက တစ်ပါတည်း ပါလာကြသောကြောင့် ဖြစ်၏။ ထို့ကြောင့်လည်း မြတ်စွာဘုရားရှင်က ``လောကတွင် သတ္တ၀ါများ တောင့်တ၍ မရသည့် အရာငါးမျိုး`` ရှိကြောင်း ဟောကြားတော် မူခဲ့ခြင်းဖြစ်၏။ ဘုရားရှင်ဟောတော်မူခဲ့သည့် ယင်းတရားငါးမျိုးမှာ
၁။ ဇရာဟူသော အိုခြင်းတရား
၂။ ဗျာဓိဟူသော နာခြင်းတရား
၃။ မရဏဟူသော သေခြင်းတရား
၎။ ခယဓမ္မဟူသော ကုန်ခမ်းခြင်းတရား
၅။ နဿဓမ္မဟူသော ပျက်ဆီးခြင်း တရား
တို့ပင် ဖြစ်၏။
မှန်၏။ မည်သည့်သတ္တ၀ါမဆို ပဋိသန္ဓေယူ မွေးဖွားလာပြီဆိုသည်နှင့် တစ်ပြိုင်နက် အိုခြင်းတရားသည် နောက်မှပါလာပြီးဖြစ်၏။ ယင်းအိုခြင်းတရားကို ကောင်းမှုကုသိုလ်ပြု၍ မအိုပါရစေနှင့်ဟု ဆုတောင်းနေ၍ မရပေ။ အချိန်တန်လျင် အိုလာကြရမည်သာ ဖြစ်၏။ ``ခန္ဓာကိုယ်ဆိုး၊ ဤရုပ်မျိုးကား၊ တိုး၍မပျို၊ အိုသာအိုခဲ့`` ဟု မန်လည်ဆရာတော်ကြီး စပ်ဆိုတော်မူသကဲ့သို့ ရရှိလာသည့် ခန္ဓာကိုယ်ကြီးသည်လည်း မည်မျှပင် ပြုပြင်ပြုပြင် တစ်ဖန်ပြန်ပြီး မနုပျိုနိုင်ပေ။ တိုး၍သာ အိုလာကြမည်သာ ဖြစ်၏။ ဤသဘောတရားကို မသိနားမလည်ကြသဖြင့် သတ္တ၀ါတို့သည် ရုပ်တရားအပေါ် အမှီပြုပြီး အလှမာန်တက်နေကြ၏။ စင်စစ်လှသည်ဆိုသည်မှာ တဒင်္ဂအခိုက်အတန့်မျှသာ ဖြစ်၏။ ဤသည်မှာလည်း သတ္တ၀ါတို့၏ အ၀ိဇ္ဇာဖုံးသည့် မျက်စိဖြင့် ကြည့်၍သာ လှသည်ဟု ထင်နေကြခြင်း ဖြစ်၏။ အလှမာန်နှင့် ပတ်သက်ပြီး နောက်ဆုံး မာနခ၀ါချသွားသည့် အကြောင်းလေးကို စာရေးသူ သတိယမိပါ၏။ ရှေးအခါက အလွန်ချောမောလှပသည့် မင်းသမီးတစ်ယောက်ရှိ၏။ သူမ၏ အလှသတင်းကြောင့် အတိုင်းတိုင်း အပြည်ပြည်ရှိ မင်းသားတို့သည် သူမနှင့်လက်ထပ်နိုင်ရန် ကြိုးစားကြ၏။ အမျိုးမျိုးသော လက်ဆောင်ပဏ္ဏာများဖြင့် နီးစပ်အောင် ချဉ်းကပ်ကြ၏။ သို့သော် မင်းသမီးသည် လက်ခံခြင်းမရှိ၊ ငြင်းဆိုမြဲ ငြင်းဆိုနေ၏။ ထိုမင်းသားများတွင် ထူးခြားသည့် မင်းသားတစ်ယောက် ပါလာ၏။ မင်းသားသည် ပထမအကြိမ် လာစဉ် ရွှေခွက်ထဲတွင် လက်ဝတ်ရတနာ အပြည့်ဖြင့် လက်ဆောင်ပဏ္ဏာ ဆက်သ၏။ မင်းသမီးကား လက်မခံပေ။ ဒုတိယအကြိမ်တွင် လက်ဝတ်ရတနာအပြည့်ပါသည့် ငွေခွက်ဖြင့် ချဉ်းကပ်၏။ မင်းသမီးကား ငြင်းဆိုမြဲ ငြင်းဆို၏။ တတိယအကြိမ်တွင်ကား လက်ဆောင်ပဏ္ဏာ အနည်းငယ်သာပါသည့် ကြေးခွက်ဖြင့် ချဉ်းကပ်၏။ မင်းသမီးသည် ငြင်းဆိုမြဲ ငြင်းဆိုသော်လည်း ထိုမင်းသား၏ လုပ်ရပ်ကို သတိထားမိလာသည့်အပြင် ဒေါသပါထွက်လာ၏။ သို့ဖြင့် မင်းသမီးက `` ရှင်ဟာ ကျွန်မအချစ်ကို ရဖို့ကြိုးစားနေတဲ့ လူမဟုတ်လား၊ ဒီလိုကြိုးစားနေတဲ့သူဟာ တစ်ခေါက်နဲ့တစ်ခေါက် ကျွန်မစိတ်တိုင်းကျအောင် ပိုပိုပြီး ကြိုးစားရမယ့်အစား ခုတော့ ရှင့်ဟာက တစ်ခေါက်နဲ့ တစ်ခေါက် ပိုပိုပြီး တန်ဘိုးတွေ နည်းနည်းလာပါလား.. ဘာလဲ ဒါ ကျွန်မကို သက်သက်လာပြီး အရှက်ခွဲဆော်ကား နေတာလား`` စသည်ဖြင့် ရန်တွေ့၏။ ထိုအခါ မင်းသားက `` အရှင်မင်းသမီး ကျွန်ုပ်မင်းသမီးကို ဆော်ကားတာလည်း မဟုတ်၊ အရှက်ခွဲတာလည်း မဟုတ်ပါဘူး၊ အမှန်တရားကိုပဲ လုပ်ခြင်းဖြစ်ပါတယ်၊ တစ်ကယ်တော့ မင်းသမီးဟာ တစ်ခေါက်နဲ့တစ်ခေါက် ပိုပိုပြီး လှလှလာတာ မဟုတ်ပါဘူး၊ ပိုပိုပြီးပဲ အိုလာတာပါ၊ ဒါကြောင့် ကျွန်တော်မျိုးဟာ မင်းသမီးရဲ့ အလှနဲ့တန်တဲ့ လက်ဆောင်ပဏ္ဏာတွေပဲ ယူယူလာတာပါ`` စသည်ဖြင့် ပြောဆိုရှင်းပြသဖြင့် မင်းသမီး အလှမာန်ကျသွားကြောင်း မှတ်သားဖူး၏။ ဤနေရာတွင် ပြောလိုသည်မှာ ဇရာဟူသည့် အိုခြင်းတရား အကြောင်းပင် ဖြစ်၏။ ခန္ဓာကိုယ်ရလာသည့် သတ္တ၀ါမှန်သမျှ ကြာလေအိုလေ ကြာလေအိုလေသာ ဖြစ်၏။ မအိုပါရစေနှင့်ဟု မည်သို့မျှ တောင့်တ၍ မရပေ။ ဤသဘောတရားကို သိမြင်ပြီး ရုပ်တရားအပေါ် အမှီပြု၍ မာန်မာန မတက်ရန်သာ ကြိုးစားကြရမည် ဖြစ်၏။
ဗျာဓိဟူသည့် အနာရောဂါသည်လည်း ထို့အတူပင်ဖြစ်၏။ မနာပါရစေနှင့်ဟု တောင့်တ၍ မရပေ။ ရုပ်တရားကို ပိုင်ဆိုင်နေသမျှ နာနေကြရမည်သာ ဖြစ်၏။ ရုပ်တရားရှိနေသမျှ အချိန်မရွေး၊ အရွယ်မရွေး နာနေကြရမည်သာ ဖြစ်၏။ အနာရောဂါ ဆွဲကပ်နေကြမည်သာ ဖြစ်၏။ မည်သည့်အရွယ်မှ နာကြရမည်ဟု သတ်မှတ်ချက်မရှိပေ။ အချို့ဆိုလျှင် မွေးလာကတည်းကပင် အနာရောဂါ ဆွဲကပ်ပြီးမွေးလာကြရ၏။ စင်စစ် အနာဂေါဟူသည် တစ်ခြားမဟုတ်ပေ။ ဤရုပ်တရားကြီးကပင်လျှင် အနာရောဂါ အစုကြီးဖြစ်နေ၏။ မြတ်စွာဘုရားရှင်အား ရဟန်းတစ်ပါးက လျှောက်၏။ ``ရောဂေါ ရောဂေါတိ ဘန္တေ ကတမော ရောဂါ = ရောဂါ ရောဂါလို့ ပြောပြောနေကြ ပါတယ် အရှင်ဘုရား… ရောဂါဆိုတာ ဘယ်လိုဟာပါလဲ ဘုရား… `` ဟုမေးလျှောက်၏။ ထိုအခါ ဘုရားရှင်ကား ``ရူပံ ၀ုစ္စတိ ဘိက္ခဝေ ရောဂါတိ = ချစ်သားတို့ ရောဂါဆိုတာ တစ်ခြားမဟုတ် ဒီရုပ်တရားကြီးပဲ`` ဟု ဖြေကြားတော်မူ၏။ မှန်၏။ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါ စသည်ဖြင့် မည်မျှပင် အမည်နာမ တပ်တပ် စင်စစ်ဤရုပ်တရား ရှိနေ၍သာ ရောဂါအမျိုးမျိုး၊ အနာအမျိုး ဆွဲကပ်နေကြခြင်း ဖြစ်၏။ ထို့ကြောင့် မြတ်စွာဘုရားရှင်က ရောဂါအမည်မတပ်ဘဲ ``ဤရုပ်တရားကိုပင် ရောဂါ``ဟု ဆိုကြောင်း မိန့်တော်မူခြင်းဖြစ်၏။ ``ရုပ္ပတီတိ ရူပံ = ဖောက်ပြန်တတ်သည့် သဘောကို ရုပ်`` ဟု စာပေကဖွင့်ပြ၏။ ရုပ်တရားရှိသဖြင့် ဖောက်ပြန်ပျက်ဆီးမှုလည်း ရှိနေ၏။ ဖောက်ပြန်ပျက်ဆီးမှုသည်ပင် ဗျာဓိဟူသည့် အနာရောဂါ ဖြစ်နေခြင်းဖြစ်၏။ ရုပ်တရားရှိသဖြင့် အနာရောဂါဖြစ်ခြင်းသည် မဆန်းပေ။ စိတ်ရောဂါမဖြစ်ရန်သာ အဓိကဖြစ်၏။ စိတ်ရောဂါဖြစ်လျှင်ကား စိတ်ဖြင့်ပြန်လည် ကုစားခြင်းမှတစ်ပါး အခြားဆေးမရှိပေ။ ထို့ကြောင့် ရုပ်တရားရှိသဖြင့် ဗျာဓိဟူသည့် အနာရောဂါရှိလာရသောကြောင့် မနာပါရစေနှင့်ဟု တောင့်တမနေကြဘဲ စိတ်ရောဂါမဖြစ်ရန်သာ သတိတရားဖြင့် ထိန်းသိမ်းသွားကြဖို့ လိုအပ်လှ၏။
တတိယ တောင့်တ၍ မရသည့် တရားကား မရဏဟူသည့် သေခြင်းတရားပင် ဖြစ်၏။ ဤတရားကိုလည်း မသေပါရစေနှင့်ဟု မည်သို့မျှ တောင့်တ၍ မရပေ။ အသက်ရှင်နေမှု၏ နောက်တွင် သေခြင်းတရားက ရှိနေပြီးဖြစ်၏။ အတိတ်ကလည်း အဖန်ဖန် သေခဲ့ကြရပြီးဖြစ်၏။ ယခုလည်း မည်သည့်အချိန်၊ မည်သည့်အရွယ်၊ မည်သည့်နေရာတွင် သေရမည်ကိုသာ ကြိုတင်၍ မသိနိုင်သော်လည်း သေရမည်ဆိုသည်ကား မုချဧကန် မလွဲပေ။ နိဗ္ဗာန်မရမချင်း သေနေကြရဦးမည်သာ ဖြစ်၏။ မြတ်စွာဘုရားရှင် လက်ထက်က ကိသာဂေါတမီဟူသော အမျိုးသမီး တစ်ယောက်ရှိ၏။ ထိုအမျိုးသမီးတွင် အလွန်ချစ်လှစွာသော သားလေးတစ်ယောက်လည်း ရှိ၏။ တစ်နေ့တွင် ထိုသားလေးသည် ရုတ်တရက်သေဆုံးသွား၏။ ကိသာဂေါတမီသည် အလွန်ချစ်လှစွာသည့် သားလေးသေဆုံးသွား သဖြင့် ယူကျုံးမရ၊ ဖြေဆည်ရာမရဖြစ်ကာ အရူးတစ်ပိုင်းဖြစ်လျက် သားသေကိုပိုက်၍ အသက်ပြန်ရှင်အောင် လုပ်ပေးရန် အရပ်ထဲလှည့်လည် နေလေ၏။ သို့သော် မည်သူမျှ မကူညီနိုင်ကြပေ။ နောက်ဆုံး ဘုရားရှင်ထံ ရောက်ပြီး သားသေကို အသက်ပြန်ရှင်အောင် ဆေးကုပေးရန် တောင်းဆိုလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်က ``ချစ်သမီး… ကောင်းပြီ၊ သင့်သားကို အသက်ပြန်ရှင်အောင် ငါကုပေးမယ်၊ ဒါပေမယ့် ဒီအရပ်မှာ ရှိတဲ့ လူမသေဖူးတဲ့ အိမ်ကနေပြီး မုံညင်းစေ့ကို ချစ်သမီး ငါ့ဆီရှာယူလာခဲ့`` ဟု အရှာခိုင်း၏။ ကိသာဂေါတမီလည်း သားသေကို အသက်ပြန်သွင်းလိုသော ဆန္ဒဖြင့် လူမသေဖူးသည့် အိမ်ကို တစ်အိမ်တက်ဆင်း လိုက်ရှာသော်လည်း တစ်အိမ်မျှ ရှာမတွေ့ဘဲ နောက်ဆုံးဘုရားရှင်ထံပြန်ရောက်၊ ဘုရားရှင်တရားတော်ကို နာယူပြီး သာသနာ့ဘောင်သို့ အပြီးဝင်ရောက်သွားခဲ့၏။ ကိသာဂေါတမီ၏ ဤအဖြစ်အပျက်သည် အမှန်ပင်ဖြစ်၏။ ကိသာဂေါတမီအား ဘုရားရှင် မိန့်တော်မူသည့် တရားစကားလေးသည် မှတ်သားဖွယ်ကောင်းလှ၏။ ``ချစ်သမီး သားသေတာဟာ ချစ်သမီးတစ်ယောက်ထဲမှာပဲ ရှိတာမဟုတ်ပါဘူး… ချစ်သမီးလိုသူတွေ ဒီလောကမှာ အများကြီးပါပဲ`` ဟူ၍ဖြစ်၏။ ထို့ကြောင့် အားလုံးတစ်နေ့ သေကြရမည် ဖြစ်သဖြင့် မသေပါရစေနှင့်ဟု တောင့်တမနေကြဘဲ မသေမီ ကြိုတင်ပြီး လုပ်ရမည့်၊ ပြင်ဆင်ရမည့် အရာများကိုသာ အချိန်မီ ကြိုတင်ပြုလုပ် အားထုတ်ကြရမည်သာ ဖြစ်ပါ၏။
ခယဓမ္မဟူသည့် ကုန်ခမ်းခြင်းတရားကိုလည်း မကုန်ခမ်းပါရစေနှင့်ဟု တောင့်တ၍ မရပေ။ ဤနေရာ၌ ကုန်ခမ်းခြင်းဟူသည် စည်းစိမ်ဥစ္စာတို့၏ ကုန်ခမ်းခြင်းကို ဆိုလို၏။ စည်းစိမ်းဥစ္စာမှန်သမျှသည် အချိန်တန်လျှင် ကုန်ခမ်းသွားကြရမည်သာ ဖြစ်၏။ အချို့ဆိုလျှင် အချိန်မတန်မီပင် ကုန်ခမ်းသွားကြသည့်ဟု ထင်မှတ်တတ်ကြ၏။ စင်စစ် ဤကုန်ခမ်းခြင်းသဘောသည်လည်း အချိန်အတိအကျမရှိ၊ အချိန်မရွေးကုန်ခမ်း ပျောက်ပျက်သွားကြမည်သာ ဖြစ်၏။ ထို့ကြောင့် မကုန်မခမ်းမီ ရသမျှ ယူသွားနိုင်အောင် ကြိုးစားကြရမည် ဖြစ်၏။ ရသမျှ ယူသွားရန်မှာ မိမိနှင့်တစ်ပါတည်း ယူသွားရန်ကား မဖြစ်နိုင်ပေ။ ကောင်းမှုကုသိုလ်ပြုပြီး ထိုကုသိုလ်၏ အကျိုးကိုသာလျှင် ယူသွား၍ ရနိုင်ပေ၏။ ထို့ကြောင့် အချိန်မရွေး ကုန်ခမ်းသွားနိုင်သည့် သဘောကိုလည်း သတိပြုဆင်ခြင်းကာ မကုန်ခမ်းပါရစေနှင့်ဟု တောင့်တမနေဘဲ မကုန်ခမ်းမီ ရသမျှယူသွားနိုင်ရန်သာ ကြိုးစားအားထုတ် သင့်လှပေ၏။
ထို့အတူ နဿဓမ္မဟူသည့် ပျက်ဆီးခြင်းသဘောကိုလည်း မပျက်ဆီးပါရစေနှင့်ဟု တောင့်တ၍ မရနိုင်ပေ။ ပျက်ဆီးချိန်တန်လျှင် ပျက်ဆီးသွားကြရမည်သာ ဖြစ်၏။ ``သဗ္ဗေသင်္ခါရာ အနိစ္စာ= အရာအားလုံးသည် အမြဲမရှိ`` ဟူသော ဘုရားရှင်၏ စကားတော်အတိုင်းပင် မည်သည့်အရာမျှ အမြဲတည်ရှိသည်ဟု မရှိနိုင်ပေ။ ပြုပြင်စီရင်ထားသည့် သင်္ခါရတရား မှန်သမျှ ပျက်ဆီးခြင်းသာ အဆုံးရှိပေသည်။ ထိုသဘောတရားသည် ယနေ့ခေတ်တွင် ပို၍ထင်ရှားနေ၏။ သိပ္ပံပညာများ မည်မျှပင်တိုးတက်ပါစေ၊ မည်မျှပင် အစွမ်းထက်ပါစေ ထာဝရတည်တံ့ပြီး မပျက်ဆီးနိုင်မည့် အရာများကို တီထွင်၍ မရနိုင်ကြသေးပေ။ နောင်လည်း ရမည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ပြုပြင်စီရင်ထားသည့် သင်္ခါရတရားများ ဖြစ်နေသောကြောင့် ဖြစ်၏။ ပြုပြင်ထားမှု၏ အဆုံးသည် ပျက်ဆီးခြင်းသာလျှင် ဖြစ်နေသောကြောင့်ဖြစ်၏။ ထိုကြောင့်လည်း ကွန်ပျူတာများ၊ အင်တာနက်များ၊ ထူးဆန်းသည့် လျှက်စစ်ပစ္စည်း အမျိုးမျိုးတို့ကို မည်မျှအဆန်းတကျယ် ခိုင်ခိုင်ခံ့ခံ့ တီထွင်ထားပင် ထားငြားသော်လည်း သေချာသည့်အချက်ကား ထိုပစ္စည်းများသည် နောက်ဆုံးပစ္စည်းသွားကြရခြင်း အချက်ပင်ဖြစ်ပါ၏။ ထို့ကြောင့် တည်မြဲခြင်းတစ်စုံတစ်ခုမျှ မရှိသည့် ဤလောကကြီးတွင် မပျက်ဆီးသည့် အရာဟူသည် မရှိပါသဖြင့် အကောင်းများနှင့် ကြုံတွေ့နေကြသော်လည်း တစ်ချိန်ချိန်မှာ ပျက်ဆီးသွားမည့်အရေး ကြိုတင်မျှော်တွေးလျက် မာနခ၀ါချကာ သံဝေဂဉာဏ်ပွားပြီး သတိရှိရှိနေသင့်လှပေ၏။
အချုပ်အားဖြင့် ဗုဒ္ဓဟောကြားတော်မူထားသည့် ဤတောင့်တ၍ မရသည့် အရာငါးမျိုးကို သဘောပေါက်သိမြင်ပြီး သံဝေဂဉာဏ် အမှန်ပွားနိုင်မည်ဆိုပါက သတ္တ၀ါများ၏ သန္တာန်တွင် မာနဟုဆိုသော ခက်ထန်ထောင်လွှားမှုများ တဖြည်းဖြည်း အားနည်းသွားနိုင်မည်ဟူသည့် အချက်ပင်ဖြစ်၏။ စင်စစ် ဤလောကကြီးတွင် အသက်ရှင်နေထိုင်ရသည့် ဘ၀သည် အလွန်တိုတောင်းလှ၏။ ဤကဲ့သို့ တိုတောင်းလှသည့် ဘ၀တွင် လူတို့သည် တစ်ဦးအပေါ် တစ်ဦး ဒေါသ၊ မာနများဖြင့် ဆက်ဆံနေကြသည်များကို ကြည့်ကာ အိုနာသေ စသည့် တရားများကို မေ့နေကြပါလားဟု သံဝေဂဖြစ်မိ၏။ အမှန်အားဖြင့် ထိုတရားများသည့် တောင့်တ၍မရသည့် တရားများ ဖြစ်သကဲ့သို့ မေ့ထား၍ ရကောင်းသော တရားများလည်း မဟုတ်ပေ။ အမြဲဆင်ခြင် နှလုံးသွင်းထားရမည့် တရားများဖြစ်ပေသည်။ တောင့်တ၍ မရသည့်အရာကို တောင့်တနေပါက လူပင်ပန်း စိတ်ပင်ပန်း ဖြစ်တတ်၏။ စိုးရိမ်ပူဆွေးမှုများ တိုးပွားတတ်၏။ ထို့ကြောင့် မရသည့်အရာကို တောင့်တနေမည့်အစား ထိုတရားများ မည်သည့်အခါမျှ ပြန်လည်မဖြစ်နိုင်တော့မည့် အရာများကိုသာ ရှာဖွေလုပ်ဆောင်ရန် လိုအပ်၏။ ထိုတရားများ ထာဝရ မဖြစ်ပေါ်နိုင်ရန်မှာကား နိဗ္ဗာန်ရမှသာ ဖြစ်နိုင်ပေ၏။ နိဗ္ဗာန်ရရန်အတွက်ကား မမေ့မလျော့သော သတိတရား ရှိမှပင်ဖြစ်ပေမည်။ သတိမရှိ မေ့လျော့နေပါက နိဗ္ဗာန်နှင့် ပို၍ပို၍ ဝေးနေဦးမည်သာ ဖြစ်၏။ ဆရာတော်ကြီး တစ်ပါးက အမိန့်ရှိဖူး၏။ ဆရာတော်ကြီးက ``မသွားဘဲ နီးနေ့သည့်အရာကား သုဿာန် ဖြစ်ပြီး သွားပါလျက်နှင့် ဝေးဝေးနေသည့် အရာကား နိဗ္ဗာန်ဖြစ်၏`` ဟု မိန့်တော်မူဖူး၏။ ထို့ကြောင့် စာရေးသူအပါအ၀င် အားလုံးသော ပုဂ္ဂိုလ်သတ္တ၀ါ အပေါင်းတို့သည် တောင့်တ၍ မရသည့်အရာများကို တောင့်တနေကြမည့်အစား မေ့ထား၍မရသည့် ထိုတရားများကို အမြဲဆင်ခြင် နှလုံးသွင်းကာ သုဿာန်နှင့် မနီးခင် အပြီးခရီးနှင်ပြီး နိဗ္ဗာန်နှင့် နီးသထက်နီးစေရန် အမြန်ကြိုးစားသင့်လှပါကြောင်း…
4 မှတ်ချက်များ (...ရေးရန်):
  • သစ္စာအလင်း says:
    Friday, March 27, 2009
    အရှင်ဘုရား
    တန်ဘိုး ရှိလှပြီး တပည့်တော် နာ ယူလိုသော တရားတစ်ပုဒ် အဖြစ် ...
    သံဝေဂ ဉာဏ်ရင့်ကျက်စေရေး အတွက် ဆုံးမစာ တစ်ပုဒ် အဖြစ်....
    နှလုံးသွင်းဆင်ခြင် လိုက် ပါတယ် ဘုရား။
    အရှင်ဘုရား ကျန်းမာ ချမ်းသာပါစေ..။
    ဆက် လက်၍ ဆုံးမစာ များရေးသားမှုကို နာ ယူလျက် ရှိပါတယ်ဘုရား။
  • စောတင်မောင် says:
    Saturday, March 28, 2009
    ဆရာတော်ဘုရား
    တပည့်တော် စာသင်သား သံဃာများအား ကော်ဖီမစ်၊ ကွေကာအုပ် ပါကင်လိုက် ဝယ်ကပ်ချင်ပါသည်။ နေ့ဖို့ညစာ ကပ်လျှင် ဝိနည်းနှင့်မညီဟု သိရပါသည်။ စာသင်သား ကိုယ်တော်များ ဆွမ်းချို့ငဲ့ ဆင်းရဲတာ သိလို့ လိုအပ်တဲ့အချိန် အသင့် ယူဘုဉ်းပေးနိုင်အောင် စီမံပေးထားချင်တာ ဖြစ်ပါသည်။
    ဆွမ်းဟင်း ကောင်းကောင်း မရတဲ့ ရက်တွေမှာ ဆွမ်းနဲ့ တွဲပြီး ဘုဉ်းပေးနိုင်အောင် အသင့်စား လက်ဖက်ထုပ်၊ ဝက်အူချောင်းကြော်၊ ဘာလချောင်ကြော်၊ ငါးသေတ္တာ စသည်များ စီမံလှူဒါန်းရင်ကော အပြစ်ဖြစ်ပါသလားဘုရား။
    တပည့်တော် စာသင်သား ကိုယ်တော်များအား ဆွမ်းလှူရန် ညီအား ငွေငါးသိန်းကျော် ပေးပြီး တာဝန်ပေးခဲ့ပါတယ်။ ညီက ငွေမရမီက လုပ်ပေးဖို့ ကတိပြုပေမယ့် ရပြီးနောက် ထိုငွေကို သုံးပစ်လိုက်ပါတယ်။ တပည့်တော်က ဘုန်းကြီးဆွမ်းလောင်းပါ၊ အပါးရာကျော်သွားပေ့စေလို့ မှာပေမယ့် ဘယ်နှစ်ပါးဆိုတာ အတိအကျ မပြောတဲ့အတွက် ငွေကို အကုန်လုံးနီးပါး သူနဲ့ သူ့မိသားစုအတွက် သုံးပြီး ဘုန်းကြီးဆွမ်းလောင်းပါဆိုတဲ့ စကားအတွက် သူ့အိမ်မှာ ဆွမ်းခံကိုယ်တော်ပင့်ပြီင်္း ခဏတာ စတိ ဆွမ်းလောင်းလိုက်တယ်လို့ သိရပါတယ်။ ငါးသိန်းကို သုံးပြီး အစွန်းထွက် ငါးသောင်းကို စတိလှူသလိုမျိုးပါ။
    တပည့်တော် ညီဖြစ်သူ ငရဲဖြစ်မှာစိုးလို့ သူ့ကို ပေးတယ်ပဲ သဘောထားလိုက်ပါတယ်လေ စိတ်ထားပေမယ့် တကယ့်စိတ်ထဲကတော့ သံဃာများထံ မရောက်တာကို မကျေမချမ်း ဖြစ်သွားပါတယ်။ ဒါဆို ညီဖြစ်သူ အကုသိုလ်အပြစ် ဖြစ်မဖြစ် သိချင်ပါတယ်။ သူ အပြစ် မဖြစ်အောင် သူ့ကို လှူတယ်လို့ နလုံးသွင်းပေမယ့် အမှန်စိတ်ထဲက မကျေမနပ် အောင့်သက်သက် ဖြစ်နေတာမို့ပါ။
    စာကြွင်း... နောက်နောင် ဒီလို မလွဲချော်ချင်လို့ တပည့်တော်ကို ရန်ကုန်ရှိ လှူဒါန်းသင့်သော စာသင်တိုက်များရဲ့ ဖုန်းနံပါတ်များ ချီးမြင့်ပေးစေလိုပါတယ်)
  • ကိုစောတင်မောင်သို့...
    မညှာတမ်းပြောရရင်တော့ ညီလုပ်တဲ့သူဟာ သံဃာကို လှူဖို့အာရုံပြုထားတာကို တစ်လွဲအသုံးပြုလိုက်တဲ့အတွက် အပြစ်ဖြစ်ပါတယ်။ သံဃာပစ္စည်းကို အသုံးပြုတဲ့အတွက် အကုသိုလ်ဖြစ်ပါတယ်။ ဒါပေမယ့် မသုံးခင်စိတ်စေတနာနဲ့လည်း ဆိုင်ပါတယ်။ အရေးပေါ်အခြေအနေအရ မဖြစ်မနေ သုံးလိုက်ရပေမယ့် နောင်အဆင်ပြေရင် ဒီထက်ပိုပြီးလှူမယ်ဆိုတဲ့ ရည်ရွယ်ချက် သူ့မှာ ရှိပြီး ဒီရည်ရွယ်ချက်အတိုင်း ပြန်လှူဖြစ်မယ်ဆိုရင်တော့ အပြစ်မဖြစ်ပါဘူး.. လှူဒါန်းသင့်တဲ့ စာသင်တိုက်များရဲ့ ဖုန်းနံပါတ်ကို နောက်မှစုံစမ်းဖော်ပြပေးပါမည်...
  • win latt says:
    Sunday, March 29, 2009
    ကိုစောတင်မောင်၏ ဒါနကုသိုလ်ဟာ တန်ဘိုးရှိလိုက်တာဘုရား။ သူ၏မေးခွန်းမျာအတွက် အားလုံး ပညာရစိမ့်သောငှာ ဂရုဏာရှေ့ထား ဖြေကြားတော်မူပါဦးဘုရား။ တောင့်တ၍မရပါကိုလည်း ဖတ်ရှုခံယူသွားပါသည်ဘုရား။
    (သုခါအတ္တာနံပရိဟရန္တု)
RECENT POSTS
သူတို့သူတို့၏ မှတ်ချက်များ