မြန်မာဆိုတာ…

မြန်မာဆိုတဲ့ စကားလုံးဟာ တိုင်းပြည်၊ လူမျိုးကို ကိုယ်စားပြု သုံးစွဲတဲ့ စကားလုံး ဖြစ်ပါတယ်။ ဒီစကားလုံးနောက်က နိုင်ငံနဲ့တွဲပြီး မြန်မာနိုင်ငံလို့ သုံးပါက မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ပြည်နယ်တိုင်းများကို ကိုယ်စားပြုပြီး လူမျိုးနဲ့တွဲကာ မြန်မာလူမျိုးလို့ သုံးပါက မြန်မာနိုင်ငံတွင်းမှာ နေထိုင်ကြတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် တိုင်းတပါး သွားတဲ့အခါမှာ နေရာဒေသနဲ့ လူမျိုးတွေ ဘယ်လောက်ပဲကွဲကွဲ နိုင်ငံခြားသားများနဲ့ ပြောဆိုသုံးနှုံးကြတဲ့အခါမှာ မြန်မာဟုသာ သုံးစွဲကြခြင်းဖြစ်ပါတယ်။ ဖြည့်စရာ စာရွက်စာတမ်းများတွင်လည်း နိုင်ငံနေရာတွင် မြန်မာနိုင်ငံ၊ လူမျိုးနေရာတွင် မြန်မာလူမျိုး ဟုသာဖြည့်ကြပြီး ကရင်၊ ဗမာစသည် မဖြည့်ကြပေ။ ဒါဟာလည်း မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ သင်္ကေတတစ်ခုပဲ ဖြစ်ပါတယ်။

မှန်ပါတယ်။ မြန်မာနဲ့ပတ်သက်လို့ ပြောကြမယ်ဆိုရင် ထူးခြားချက်တွေ၊ ဂုဏ်ယူစရာတွေ၊ မြန်မာဖြစ်ရတဲ့ အတွက် ဘာနဲ့မှ မလဲနိုင်တာတွေ၊ တန်ဘိုးမဖြတ်နိုင်တာတွေ စတာစတာတွေက အများကြီးရှိပါတယ်။ ဘုန်းဘုန်းတို့နဲ့ သိတဲ့နိုင်ငံခြားသားများ မြန်မာပြည်သွားပြီး ပြန်လာကြတဲ့အခါ မြန်မာပြည်အကြောင်း၊ မြန်မာလူမျိုးများအကြောင်း၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများအကြောင်း ချီးကျူးစကားများ လာလာပြောကြပါတယ်။ အဲဒီအခါတိုင်းလည်း ဂုဏ်ယူဝမ်းသာ ကျေနပ်မှု ဖြစ်ရပါတယ်။ အထူးသဖြင့် လာရောက်ကြတဲ့ ဧည်သည်တွေအပေါ်မှာ ဧည့်ဝတ်ကျေတတ်တဲ့ အကျင့်ဟာ ကမ္ဘာမှာ မြန်မာကလွဲပြီး တစ်ခြားမရှိပါဘူး။ ကိုယ်မရှိရင်နေ ဧည့်သည်တွေ အဆင်ပြေရင် ပြီးတာပဲ ဆိုတဲ့ စိတ်ခံယူချက်ဟာ မြန်မာတွေမှာပဲ ရှိပါတယ်။ အားနာတတ်တာလည်း မြန်မာကလွဲပြီး မရှိပါဘူး။ အရှက်အကြောက်ရှိတာ၊ ကြင်နာသနားတတ်တာ၊ ကူညီချင်တတ်တာ၊ ကြီးတဲ့သူတွေအပေါ် ရိုသေလေးစားတတ်တာ၊ မိဘဆရာသမားတွေအပေါ် ၀တ္တရားကျေပွန်တာ၊ မတွန့်မဆုတ်ပေးကမ်း လှူဒါန်းတတ်တာ စတာစတာတွေဟာ မြန်မာတို့ရဲ့ ဂုဏ်ယူစရာ အချက်တွေပါ။ တကယ်တော့ ဒီကောင်းမြတ်တဲ့ အစဉ်အလာယဉ်ကျေးမှုတွေဟာ ဘာသာတရား အဆုံးအမတွေရဲ့ သက်ရောက်မှုကြောင့်လို့ ပြောရင် မှားမယ်မထင်ပါဘူး။ ဒါကြောင့်လည်း မြန်မာ့ယဉ်ကျေးမှုဟာ ဗုဒ္ဓဘာသာကို အခြေခံထားတာဟု ဆိုကြခြင်း ဖြစ်ပါတယ်။

ဒါပေမယ့် ခေတ်ကာလ အခြေအနေ ပြောင်းလဲလာတာက တစ်ကြောင်း ဘာသာတရား အဆုံးအမများကို မသိနားမလည်မှု၊ လိုက်နာကျင့်သုံးမှုများ အားနည်းလာတာက တစ်ကြောင်း လူတွေရဲ့ သန္တာန်မှာ လောဘ၊ ဒေါသ၊ အတ္တ၊ မာန စတဲ့တရားများ တိုးပွားလာတာက တစ်ကြောင်း စတဲ့စတဲ့ အကြောင်းတွေကြောင့် မြန်မာတို့ရဲ့ ဂုဏ်ယူစရာ၊ ချစ်စရာ၊ အတုယူအားကျ စရာများဟာ တဖြည်းဖြည်း ယုတ်လျော့လာခဲ့တာကို တွေ့ရပါတယ်။ ပြည်တွင်းမှာရော ပြည်ပမှာပါ မြန်မာတို့ရဲ့ လုပ်ရပ်တွေဟာ ကဲ့ရဲ့စရာ၊ အရှက်ရစရာတွေ ဖြစ်လာတာကို တွေ့ရပါတယ်။ အတ္တစိတ်တွေများပြီး ကိုယ့်အတွက် စဉ်းစားတာတွေ၊ ကိုယ်အဆင်ပြေရင် ပြီးတာပါပဲ ဘယ်သူဘာဖြစ်ဖြစ် ငါနဲ့မဆိုင်ဘူးဆိုတဲ့ အတွေးတွေနဲ့ ပြောဆိုလုပ်ကိုင် လာတာတွေ အခုနောက်ပိုင်း ပိုပြီးဆိုးလာတာကို တွေ့ရပါတယ်။

ဟုတ်ပါတယ်။ ခုနပြောခဲ့သလို မြန်မာများဟာ သူများအပေါ် သနားကြင်နာတတ်တဲ့ ကရုဏာတရား များသလောက် သူများကြီးပွားတိုးတက်တဲ့ အပေါ်မှာ ၀မ်းမြောက်ဝမ်းသာ ဖြစ်ပေးတတ်တဲ့ မုဒိတာ တရားအလွန် ခေါင်းပါးလာတာကို တွေ့ရပါတယ်။ မစားရတဲ့အမဲ သဲနဲ့ပက်တဲ့ လုပ်ရပ်တွေ များလာကြပါတယ်။ ကိုယ့်လူမျိုး အချင်းချင်း ကိုယ်ချင်းစာစိတ်၊ ကူညီရိုင်းပင်းစိတ်တွေ မဲ့လာကြပါတယ်။ နှမချင်းကိုယ်ချင်းစာစိတ် ပျောက်လာပါတယ်။ ဒါကြောင့်လည်း အချင်းချင်း မညီမညွတ်တာတွေ ပိုများလာခြင်း ဖြစ်ပါတယ်။ အဆိုးဆုံးက အဲဒီ မညီညွတ်မှုပါ။ မြန်မာတွေ မညီညွှတ်ကြတဲ့အတွက် ဒီမညီညွတ်မှုကို နင်းပြီး အခြားသူများရဲ့ အနိုင်ယူမှု၊ တိုက်ခိုက်မှုတွေကို ခံရတာလည်း ဒုနဲ့ဒေးဖြစ်နေပါပြီ။ အထူးသဖြင့် ဒီမညီညွတ်မှုဟာ တစ်ခြားတိုင်းရင်းသား များထက် ဗမာများမှာ ပိုပြီးတွေ့ရတတ်ပါတယ်။ ဒီမညီညွတ်မှုတွေဟာ လူ့အဖွဲ့အစည်းမှာရော ဘာသာရေး အဖွဲ့အစည်းတွေမှာပါ ကျော်မကောင်း ကြားမကောင်းအောင် ဖြစ်လာပါတယ်။ တော်ကြာ ဘယ်သူနဲ့ ဘယ်သူက မတည့်လို့ ဘယ်သူတော့ ဘယ်လိုဖြစ်သွားလေရဲ့ ဆိုတဲ့ သတင်းတွေကတော့ မကြားချင်အဆုံးပါပဲ။ ပိုပြီး ရှက်စရာကောင်းတာက ဘာသာရေး လုပ်နေတဲ့သူအချင်းချင်း တိုက်ခိုက်ပြောဆို ပုတ်ခတ် ကွဲပြဲကြတာတွေပါ။ တကယ်တော့ ဘာသာရေးလုပ်တယ်ဆိုတာ အတ္တ၊ မာနတွေနည်းပါးအောင်၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာတရားတွေ တိုးပွားအောင် လုပ်နေခြင်းပါ။ ခုတော့ အဲလိုမဟုတ်ပါဘူး။ ဘာသာရေးလုပ်ရင်း အစွဲတွေတိုးလာပြီး ငါ့တို့ဆရာပြောတာမှ အမှန်၊ ငါတို့နည်းမှ အမှန် ဖြစ်ကာ တစ်ဦးနဲ့တစ်ဦး တိုက်ခိုက်ပြောဆို ပြိုင်ဆိုင်ကြရင်း ကတောက်ကဆဖြစ်၊ ကွဲပြဲကုန်ကြပါတယ်။ နောက်ဆုံး ကိုးကွယ်တဲ့ဆရာတွေအထိ ကူးစက်သွားပြီး ဆရာအချင်းချင်းပါ အဆင်မပြေတဲ့အထိ ဖြစ်လာကြပါတယ်။ ဒီလို ကိစ္စတွေဟာ ပြောမယုံ ကြုံမှသိဆိုသလို လက်တွေ့ကြုံဖူးသူတွေ သိကြပါတယ်။ ဒီလို မညီညွတ်မှုတွေရဲ့ အရင်းခံကတော့ ကိုယ့်ကိုယ်ကို အထင်ကြီးမှု အတ္တမာနတွေကို ရှေ့တန်းတင်ကြတဲ့အပြင် သူတစ်ပါးအပေါ် ၀မ်းမြောက်မှုပေးရတဲ့ မုဒိတာတရား ခေါင်းပါးမှုတွေကြောင့် ဖြစ်ပါတယ်။

ဒီအကျင့်ဆိုးတွေဟာ ပြည်တွင်းမှာတင်မဟုတ်ဘဲ ပြည်ပနိုင်ငံတွေအထိ ကူးစက်လာပါတယ်။ ပြည်တွင်းမှာက ကျယ်ပြန့်ပြီး သူသူကိုယ်ကိုယ် ဖြစ်နေတဲ့အတွက် သိပ်မသိသာပေမယ့် ပြည်ပနိုင်ငံတွေမှာက အနည်းစုသာ ဖြစ်နေတဲ့အတွက် ပိုပြီးသိသာပါတယ်။ ဘယ်သူကတော့ ဘာဖြစ်တယ်၊ ဘယ်လိုကိစ္စပေါ်တယ်၊ ဘာပြဿနာ တက်တယ်ဆိုတဲ့ သတင်းတွေဟာ မကြားချင်အဆုံး ကြားနေရပါတယ်။ ကြားရတိုင်းလည်း ကောင်းတဲ့သတင်းတွေ မဟုတ်ဘဲ မကောင်းတဲ့ သတင်းတွေချည်း ဖြစ်နေလေတော့ အချို့ဆို မြန်မာလို့ ပြောရမှာတောင် ရှက်တယ်ဆိုတာတွေ ဖြစ်လာပါတယ်။ ဒါတွေဟာ အမှန်ပါပဲ။ ဘုန်းဘုန်းလည်း ကိုယ်တိုင်နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့အတွက် အကြောင်းစုံကို သိနေရပါတယ်။ ဘယ်လောက်အထိ ဆိုးသလဲဆိုရင် စက်ရုံတစ်ရုံမှာ ရွှေဘယ်နှစ်ယောက်ရှိလဲ မေးကြည့် သုံးယောက်ရှိရင် ထမင်းအိုးသုံးအိုး၊ လေးယောက်ရှိရင် ထမင်းအိုးလေးအိုး ဆိုတာကွက်တိ ပြောလို့ရအောင် ရွှေမြန်မာတွေက ဆိုးပြကြတာပါ။ တကယ်ဆို ခဏတာလာပြီး အလုပ်လုပ် ငွေရှာကြတဲ့အခိုက် ကိုယ့်အချင်းချင်း ညီညီညွတ်ညွတ်ရှိပြီး တစ်ယောက်နဲ့ တစ်ယောက်ရိုင်းပင်း ကူညီကြရင် ဘယ်လောက်များ ကောင်းလိုက်မလဲ… ညီညွတ်မှုရဲ့ အားနဲ့ စည်းစည်းလုံးလုံး နေနိုင်ကြရင် ဘယ်လောက်စိတ်ချမ်းသာ ကြမလဲ… လို့တွေးမိပါတယ်။

ဘုန်းဘုန်းရဲ့ အမတစ်ယောက်က သူအလုပ်လုပ်နေတဲ့ နိုင်ငံမှာ အဲဒီနိုင်ငံသား၊ အခြားနိုင်ငံခြားသားများထက် ကိုယ့်မြန်မာအချင်းချင်း ပိုကြောက်ရတယ်လို့ ပြောဖူးပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်တိုက်ခိုက်နေကြ တာတွေဟာလည်း မနည်းဘူးလို့ သူ့ကိုယ်တွေ့လေးတွေ ပြောပြဖူးပါတယ်။ တကယ်ပါ။ မြန်မာတွေ မညီညွတ်ကြတာကတော့ ကမ္ဘာကျော်ပါပဲ။ မြန်မာ၊ အထူးသဖြင့် ဗမာဟာ တစ်ယောက်တည်းနေရင် ကောင်းတယ်၊ နှစ်ယောက်ထက်ပိုလာရင် မတည့်ကြတဲ့အတွက် မကောင်းဘူးလို့ ပြောစမှတ်ဖြစ်အောင်ကို စံတင်လောက်ပါတယ်။ စက်ရုံတွေမှာဆိုရင် သိတဲ့အတိုင်း အရင်ရောက်တဲ့သူ ရှိသလို နောက်မှရောက်လာတဲ့ သူတွေလည်း ရှိပါတယ်။ တရားမ၀င်နေတဲ့ သူတွေရှိသလို တရားဝင်နေတဲ့သူတွေလည်း ရှိပါတယ်။ အဲဒီသူတွေဟာ တစ်ရုံတည်း အတူနေကြပေမယ့် ကိုယ့်မာနလေးတွေနဲ့ ကိုယ်ပါ။ တရားမ၀င်ဖြစ်နေပေမယ့် လုပ်သက်ကြာပြီး အလုပ်ခွင်မှာ နေရာလေး ရနေတဲ့သူကလည်း သူ့မာနနဲ့သူ အသစ်ရောက်လာတဲ့ သူတွေအပေါ်မှာ တင်စီးဆက်ဆံတာတို့ သူကျွမ်းကျင်ရာလေးတွေနဲ့ အနိုင်ယူပြတာတို့ လုပ်တတ်သလို အသစ်ရောက်လာတဲ့ သူတွေကလည်း တို့ကတရားဝင်နေတာ ဘယ်သူ့ကို ဂရုစိုက်ရမှာလည်းဆိုတဲ့ မာနလေးတွေနဲ့ ကြီးသည်ငယ်သည် မစဉ်းစားဘဲ အတင်စီးမခံ အကြောမခံ နောက်ဆုံး စကားလုံးတောင် အမှားမခံ ကြတဲ့အခါကျတော့ တစ်ရုံတည်းမှာ ရှိနေပေမယ့် အဆင်မပြေကြတော့ပါဘူး။ မတည့်ကြတော့ပါဘူး။ ဒါဘာကြောင့်လည်း ဆိုတော့ ကိုယ်စီကိုယ်စီ ရှိကြတဲ့ မာနလေးတွေရယ် တစ်ဦးနဲ့တစ်ဦး ဖြည့်ပြီးတွေးပေး၊ နားလည်ပေးဖို့ အားနည်းတာလေး တွေရယ်ကြောင့်ပါ။ တကယ်တော့ မတည့်ဘူး၊ ကြည့်မရတော့ဘူးဆိုရင် တစ်ဘက်လူ ဘာပဲလုပ်လုပ် အကောင်းမမြင်တတ်တော့ပါဘူး။ အကောင်းမမြင်တဲ့အတွက် မကောင်းမြင်ကြတဲ့ အခါ မပေါင်းချင်တော့တဲ့အထိ ဖြစ်ကုန်ကြတာပါ။ ဒီလိုဆိုရင် မချစ်မနှစ်သက်သူနဲ့ အတူနေရတာလည်း ဒုက္ခပဲဆိုတဲ့ ဘုရားစကားလို ဒုက္ခတွေသာ တိုးပွားလာနေတော့တာပေါ့။ ဒါတွေဟာ အရင်းစစ်တော့ မာနတွေများပြီး မုဒိတာတွေ အားနည်းကာ နားလည်မှုတွေ လျော့လာတာကြောင့် ဖြစ်ပါတယ်။

တို့မြန်မာအကြောင်း ပြောမယ်ဆိုရင်တော့ မကုန်ပါဘူး။ ပြောရင်းနဲ့ သတိရလို့ ပြောရဦးမယ်။ မကြာသေးပါဘူး။ သူများနိုင်ငံ သတင်းစာထဲအထိ မြန်မာသတင်းတစ်ခု ပါလာခဲ့ပါတယ်။ သတင်းစာထဲပါလို့ ကောင်းသတင်းလို့ မထင်ပါနဲ့။ ထုံးစံအတိုင်း မကောင်းသတင်းပဲပေါ့။ မြန်မာမိန်းကလေး တစ်ယောက်နဲ့ ယောက်ျားလေးတစ်ယောက် အကြောင်းပါ။ မိန်းကလေးက ယောက်ျားလေးကို မုဒိန်းမုနဲ့ တရားစွဲတယ်ဆိုတဲ့ သတင်းပါ။ ဘယ်လိုကနေ ဘယ်လိုဖြစ်ကြတယ်ဆိုတာ မသိပေမယ့် သတင်းကတော့ အမျိုးမျိုး ထွက်လာပါတယ်။ တစ်ချို့ကလည်း နှစ်ဦးသဘောတူရာက မတည့်လို့ ဖြစ်လာတဲ့ ဇာတ်လမ်းလို့လည်း ပြောကြတယ်။ တစ်ချို့ကလည်း ဘယ်သူလွန်တယ်၊ ဘယ်သူလွန်တယ်ပေါ့။ ဘာပဲဖြစ်ဖြစ် သူများနိုင်ငံမှာလာပြီး ဒီလိုကိစ္စမျိုးအထိ ဟိုးလေးတစ်ကျော်ဖြစ်တာတော့ တကယ့်ကို မကောင်းပါဘူး။ ကိုယ်တွင်မဟုတ်ဘူး။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအထိ သိက္ခာကျရမယ့် အဖြစ်မျိုးပါ။ ဒါတွေဟာ တို့မြန်မာတွေ တစ်ဦးနဲ့တစ်ဦး ကိုယ်စီိအသိလေးတွေနဲ့ ကိုယ့်ကြောင့် ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံဂုဏ်သိက္ခာ မကျအောင် ထိန်းရမယ့် ကိစ္စတွေပါ။ ပြောရင်တော့ မပြီးတော့ပါဘူး။ နောက်ဆုံးတော့ ဘာကြောင့် ဒီလောက် အသိတွေ နည်းကုန်ကြတာလဲ… ဘာကြောင့် အတ္တမာနတွေ များကုန်ကြတာလဲ… တစ်ချိန်ချိန်မှာ သေကြရမယ့် သူချင်းအတူတူ ဘာကြောင့်ကိုယ်ချင်းစာတရား မထားနိုင်ကြ တာလဲ…. စတဲ့ အမေးပေါင်းစုံနဲ့သာ အချိန်ကုန်ခဲ့ပေါင်းလည်း မနည်းတော့ပါဘူး။

ထားပါတော့။ ဘုန်းဘုန်းလည်း ပြောရင်းပြောရင်း လေရှည်သွားပြန်ပါပြီ။ ပြောချင်တာက မြန်မာဆိုတာ ဒီလိုမဟုတ်ဘူး၊ ဒီလိုဆိုတာ ပြောချင်တာပါ။ မြန်မာတွေဟာ မင်းတို့ထင်သလို မညီညွတ်တဲ့သူတွေ မဟုတ်ဘူး၊ အကြင်နာကင်းမဲ့သူတွေ မဟုတ်ဘူး၊ မုဒိတာတရား မထားနိုင်တဲ့သူတွေ မဟုတ်ဘူး၊ အသိခေါင်းပါးတဲ့သူတွေ မဟုတ်ဘူး… မြန်မာဆိုတာ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဘာသာတရား အဆုံးအမရှိသူတွေ၊ အချင်းချင်း ကိုယ်ချင်းစာတရားရှိသူတွေ၊ ဒုက္ခရောက်သူကို ကူညီတတ်တဲ့သူတွေ၊ ကြီးသူကို ရိုသေ၊ ငယ်သူကိုသနား၊ ရွယ်သူကို လေးစားတတ်တဲ့ သူတွေ၊ ညီညွတ်ရေးကို ဦးစားပေးတဲ့သူတွေ၊ နားလည်မှုအပြည့် ရှိတဲ့သူတွေ… စသည်စသည်ဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ပြောပြလိုက်ချင်တာပါ။ ဒါပေမယ့် ခုတော့… မြန်မာဆိုတာ…

မှတ်ချက်။ ။ မြန်မာအားလုံးကို ဆိုခြင်းမဟုတ်သလို၊ အဆိုးတွေကိုချည်း ရေးသားပြောဆိုနေခြင်း မဟုတ်ပါ။ အကောင်းကတော့ ကောင်းပြီးသားဖြစ်တဲ့အတွက် ဒီအတိုင်းထားလိုက်လို့ ရပေမယ့် အဆိုးလေးတွေကို ပြောပြခြင်းဖြင့် သတိဝင်ကာ ဆင်ခြင်သွားစေလိုသော ရည်ရွယ်ချက်ဖြင့်သာ ထုတ်ဖော်ရေးသားခြင်း ဖြစ်ပါတယ်။ အပြစ်တွေကို ဖော်နေခြင်းမဟုတ်ကြောင်း နားလည်နိုင်ပါစေ…

3 မှတ်ချက်များ (...ရေးရန်):

  • Anonymous says:
    Monday, March 16, 2009

    ဟုတ်တယ် ဘုန်းဘုန်းရာ... ဘုန်းဘုန်းပြောသလိုပဲ ဘာသာရေးလုပ်တဲ့ သူအချင်းချင်း တိုက်ခိုက်ပြောဆို ရေးသားတာတွေ ဖိုးသားလည်း ကြားနေ ဖတ်နေရတယ်...။ တကယ် စိတ်မကောင်းဘူး... တကယ် ဖြစ်သင့်တာက တစ်ယောက်ယောက်က မှားနေပြီ ဆိုရင်တောင် အပြုသဘောဆောင်ပြီး ပြောဆိုသင့်တယ်၊ ရေးသားသင့်တယ်...

    နောက်တစ်ချက်က အဲဒီမှားနေတဲ့သူ တစ်ဦးရဲ့ အကြောင်းကို အင်တာနက် စာမျက်နှာအထိတော့ မတင်သင့်ဘူးလို့ ဖိုးသား ထင်ပါတယ်... ဘာလို့လည်း ဆိုတော့ တခြား ဘာသာဝင်တွေ တွေ့ရင် အထင်သေးစရာ၊ ကဲ့ရဲ့ စရာတွေ ဖြစ်မှာ စိုးလို့ပါ...

    တကယ်တမ်း ဖိုးသားအထင် ဖြစ်သင့်တာက တစ်ဖက်လူက ဘာသာရေး အယူအဆ တစ်ခု မှားနေပြီ ဆိုရင်တောင် အရင်ဆုံး အဲဒီ မှားနေတဲ့သူနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး အပြုသဘောနဲ့ ပြုပြင်ပေးသင့်တယ် လို့ ဖိုးသားတော့ထင်တယ်... ဖိုးသား အနေနဲ့လည်း အဲလိုမျိုး လုပ်မိမှာပဲ... ဖိုးသားကို မှားတာတွေရှိလို့ လာဆုံးမ သွန်သင်ရင်လည်း နာခံလိုက်မှာပဲ...

    ခုတော့ သိသာ သိစေ မမြင်စေနဲ့ တောင် မဟုတ်တော့ဘူး... အင်တာနက် စာမျက်နှာအထိတောင် ရောက်တယ် ဆိုတော့...

    အဲဒီ အကောင်းမမြင် ရေးတင်တဲ့သူတွေ ကိုယ့်ဘာသာတူ အချင်းချင်း ဘာတွေကို မကျေနပ်နေလဲ၊ ဘာတွေကို မနာလိုနေလဲ၊ ဘာတွေ ပြိုင်ချင်နေတာလဲ ... ဘာလို့ အတ္တတွေ မာနတွေ လောဘတွေ ဒေါသတွေ အားကြီးနေကြတာလဲ ... ဖိုးသားလည်း အဲလိုပဲ မေးကြည့်လိုက်ချင်တယ်...

    တကယ်တမ်းတော့ ဖိုးသားဟာ သူများကို ဝေဖန်နိုင်စွမ်း မရှိသေးပါဘူး... ဘုန်းဘုန်း ရေးတာကို တွေ့မိလို့ ဖိုးသား ခံစား နားလည်တာလေးကို ရေးတင်လိုက်တာပါ ဘုန်းဘုန်း... ဒီအထဲမှာ လွဲမှားနေတာလေးတွေ ရှိရင်လည်း ဖိုးသားကို ပြုပြင်လို့ သွန်သင်ပေးပါဦးနော်...

    ရိုသေစွာ ဦးခိုက်လျက်
    ချစ်တပည့်
    ဖိုးသား

  • win latt says:
    Monday, March 16, 2009

    ဟန်ဂူရွာထဲကကဗျာလေးပါဘုရား....
    “ရွှေမြန်မာ ”

    အချင်းချင်းလျှင်
    ရန်မူချင်လည်း
    ဖင်ပုတ်ခေါင်းပုတ်
    ပထွေးလုပ်မူ
    အဟုတ်ထင်ကာ
    ပီတိဖြာ၍
    လွန်စွာရို့ ရို့ 
    ခွေးနှယ်ကျို့ ၏။.....

    Posted by အောင်ခိုင် (မန်း) at 3:51 AM
    ရေးသားသူ —ကိုဖိုးဇေ

  • win latt says:
    Monday, March 16, 2009

    “သခင်မျိုးဟေ့....”
    မာနထောင်ကာ
    မောက်ကြွားတာလဲ...
    သခင်မျိုးဟေ့...ဒို့မြန်မာ။
    အချင်းချင်းလျှင်
    ရန်မူချင်သည်
    သခင်မျိုးဟေ့...ဒို့မြန်မာ။
    သူ့လူကိုယ်လူ
    သွေးခွဲသူလည်း
    သခင်မျိုးဟေ့...ဒို့မြန်မာ။
    နေရာတကာ
    စွာကြယ်တာလဲ
    သခင်မျိုးဟေ့...ဒို့မြန်မာ။
    တကယ်အရေးကြုံ
    ပြေးပုန်းရုံသာ
    ခေါင်းရှောင်တတ်တာ..ဒို့မြန်မာ။
    ကဲ့ရဲ့လွန်ကဲ
    ချီးမွမ်းနည်းသည်
    ဝန်တိုတတ်တာ...ဒို့မြန်မာ။
    မုဒိတာမပွား
    မေတ္တာမထား
    ပြိုင်ဆိုင်ချင်တာ...ဒို့မြန်မာ။
    ကိုယ်ဘို့သာကြည့်
    တစ်ဘို့ထဲရှိ
    တစ်ကိုယ်ကောင်းစိတ်ထားတာ...ဒို့မြန်မာ။
    .....
    .....
    သခင်မျိုးဟေ့...ကြွေးကြော်တတ်တာ
    အဲဒါ...ရွှေမြန်မာ။


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ