ကောင်းတာလုပ်ပါရက်နဲ့ ဆိုးကျိုးတွေနဲ့ကြုံနေရပြီး… မကောင်းတာလုပ်တဲ့သူတွေမှာ ဘာကြောင့် ကောင်းကျိုးတွေ ဖြစ်နေရပါသလဲ…

Q.အရှင်ဘုရား…
တပည့်တော်မ သိတတ်စအရွယ်ကစပြီး မကောင်းမှုအကုသိုလ်တွေကို အတတ်နိုင်ဆုံးရှောင်ပြီး ကုသိုလ်ကောင်းမှုကို ကြိုးစားလုပ်ပါတယ်။ သီလကိုလည်း အတတ်နိုင်ဆုံး လုံအောင်ထိမ်းပါတယ်။ ဒါနကတော့ ရှိရင်ရှိသလို လုပ်ပါတယ်။ ဆရာသမား မိဘတွေကိုလည်း အတတ်နိုင်ဆုံး ပြုစုလုပ်ကျွေးပါတယ်။ ဒါပေမယ့် တပည့်တော်မမှာ အဆိုးတွေပဲ ကြုံတွေ့နေရပါတယ်။ အဆင်မပြေမှုတွေနဲ့ပဲ ကြုံတွေနေရပါတယ်။ တစ်ချို့ကျတော့ မကောင်းတာတွေ လုပ်နေပေမယ့် အရမ်းကို အဆင်ပြေနေတာတွေ့ရပါတယ်။ တပည့်တော် ကံတရားအပေါ် မယုံကြည်တာ မဟုတ်ပါဘုရား… ဒါပေမယ့် တစ်ချို့ဘာသာခြား သူငယ်ချင်းတွေက ဗုဒ္ဓဘာသာမှာ ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ် မကောင်းတာလုပ်ရင် မကောင်းကျိုးရတယ်လို့ပြောတယ်၊ နင့်ကျတော့ ဘယ်လိုဖြစ်တာလဲလို့ ပြောကြပါတယ်။ တပည့်တော်မ သူတို့ကို ဘာပြန်ပြောရမှန်း မသိပါဘူး။ ဒီကိစ္စကို ဘုန်းဘုန်းအနေနဲ့ ဖြေရှင်းပေးဖို့ တောင်းဆိုပါတယ်။ ဘုန်းဘုန်း ကျန်းမာပါစေ..
(အေးအေးကြိုင်)


A. အင်း… ဒီပြဿနာကို ဘုန်းဘုန်းတို့လည်း မကြာမကြာ ဖြေပေးဖူးပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကံတရားအပေါ် သံသယမဖြစ်ပါနဲ့။ ကံကတော့ သူ့အလုပ် သူလုပ်နေပြီးသားပါ။ ဒီနေရာမှာ သိထားရမှာက ကံအကြောင်းပါ။ အဘိဓမ္မာ အလိုအရ ကံလေးမျိုးရှိပါတယ်။ အဲဒီလေးမျိုးက
၁။ ဒိဋ္ဌဓမ္မဝေဒနိယကံ = မျက်မှောက်ဘ၀၌ အကျိုးပေးသောကံ
၂။ ဥပပဇ္ဇဝေဒနိယကံ = အခြားမဲ့ဒုတိယဘ၀၌ အကျိုးပေးသောကံ
၃။ အပရာပရိယဝေဒနိယကံ = မျက်မှောက်ဘ၀နှင့် ဒုတိယဘ၀တို့မှတစ်ပါး တတိယဘ၀မှစ၍ အနာဂတ် နိဗ္ဗာန်ရသည့် ဘ၀တိုင်အောင် အကျိုးပေးသောကံ
၎။ အဟောသိကံ = ဆိုင်ရာကာလအားလျော်စွာ အကျိုးပေးခွင့် မရကြသဖြင့် ပျက်သုဉ်းသွားကြသောကံ
တို့ဖြစ်ပါတယ်။
ဒီအဘိဓမ္မာအဖွင့်အရ ကံအမျိုးမျိုးရှိပြီး အကျိုးပေးချိန်လည်း အမျိုးမျိုးကွဲပြားကြပါတယ်။ အခုဘ၀လုပ်နေတဲ့ ကံများဟာ အခုဘ၀အကျိုးပေးမှုကို ချက်ခြင်းရချင်မှ ရမှာဖြစ်သလို အခုလက်ရှိရရှိခံစားနေတဲ့ အကျိုးဆက်ဟာလည်း အတိတ်ဘ၀ တစ်ခုခုကပြုခဲ့တဲ့ ကံများရဲ့ အကျိုးပေးများလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေဟာ ကံတွေကိုလုပ်တဲ့အခါမှာ ဖြစ်ပေါ်တဲ့ စေတနာဇောတွေရဲ့ ခြားနားမှုကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်လည်းပဲ တစ်ချို့အခုဘ၀မှာ ကောင်းတာတွေ လုပ်နေပေမယ့် ကောင်းကျိုးမဖြစ်ဘဲ ဆိုးကျိုးတွေချည်း ဖြစ်နေတတ်သလို မကောင်းတာလုပ်နေပေမယ့် ကောင်းကျိုးတွေချည်း ဖြစ်နေတတ်တာပါ။ ဒါဟာ အတိတ်ကံတွေရဲ့ အကျိုးပေးမှုတွေကြောင့်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဒီဘ၀မှာ လုပ်နေတဲ့ ကံတွေကိုလိုက်ပြီး အတိတ်ကံအကျိုးပေးမှု အားနည်းတတ်တာ၊ အားကြီးတတ်တာတွေလည်း ရှိတတ်ပါတယ်။ ဥပမာအားဖြင့် အတိတ်ကံအကျိုးပေးအရ သေရမယ့်ကံဖြစ်နေပေမယ့် လက်ရှိမှာလုပ်နေတဲ့ ကောင်းတဲ့ကံတွေက အားကြီးနေတဲ့အခါ သေရမယ့်အခြေအနေမှ ထိခိုက်ဒဏ်ရာ ရတာလောက်ပဲ ဖြစ်တတ်တာ၊ အတိတ်က ကောင်းတဲ့ကံတွေ အကျိုးပေးချင်ပေမယ့် ပစ္စုပ္ပန်မှာ လုပ်နေတဲ့ကံတွေက မကောင်းတာတွေ များနေတဲ့အတွက် အကျိုးပေးခွင့် မသာတာတွေ ရှိပါတယ်။ သေချာတာကတော့ အတိတ်ကံနှင့် ပစ္စုပ္ပန်ကံဆက်စပ်မှု ရှိနေတယ်ဆိုတာပါပဲ။ အကောင်းဆုံးက အတိတ်ကံဟာ ကောင်းသည်ပဲဖြစ်ဖြစ် ဆိုးသည်ပဲဖြစ်ဖြစ် ပစ္စုပ္ပန်မှာ အကောင်းတွေ လုပ်နေဖို့ အရေးကြီးပါတယ်။ အဲလို အကောင်းတွေ လုပ်ထားမယ်ဆိုရင် အတိတ်ကံရဲ့ မကောင်းကျိုးတွေ အကျိုးပေးရင်တောင် ခံရတာ သက်သာပြီး ကောင်းတဲ့ကံတွေ အကျိုးပေးရင်တော့ အပြည့်အ၀ အကျိုးပေးခွင့် ရမှာ အမှန်ပါပဲ။

ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် အကျိုးပေးရမှာ ကံရဲ့အလုပ်ဖြစ်ပြီး ကောင်းတာတွေလုပ်ရမှာက ကိုယ့်ရဲ့အလုပ်ပါ။ အခုလုပ်အခု အကျိုးမရတဲ့အတွက် ကံတွေအပေါ်မှာ သံသယမဖြစ်ဖို့တော့ လိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အကျိုးပေးချိန်ရှိနေလို့ပါ။ ရှင်းအောင် ပြောရရင် အချိန်မတန်သေးလို့ပါလို့ပဲ ပြောရပါမယ်။ အချိန်တန်ရင် သူ့တရား သူစီရင် သွားမှာပါ။ ဒီနေရာမှာ ပိုပြီးသေချာသွားအောင် မြတ်စွာဘုရားရှင်ရဲ့ ဟောတော်မူချက်လေးကို တင်ပြလိုပါတယ်။ ဘုရားရှင်က ဓမ္မပဒ၊ အနာထပိဏ္ဍိကသေဋ္ဌိဝတ္ထုမှာ အောက်ပါအတိုင်း ဟောတော်မူထားတာ ရှိပါတယ်။

ပါပေါပိ ပဿတိ ဘဒြံ၊ ယာဝ ပါပံ န ပစ္စတိ။
ယဒါ စ ပစ္စတိ ပါပံ၊ အထ ပါပေါ ပါပါနိ ပဿတိ။
ဘဒြောပိ ပဿတိ ပါပံ၊ ယာဝ ဘဒြ န ပစ္စတိ။
ယဒါ စ ပစ္စတိ ဘဒြ၊ အထ ဘဒြာနိ ပဿတိ။
- မကောင်းမှုပြုသော သူပင်ဖြစ်သော်လည်း မကောင်းမှု အကျိုးမပေးသေးသော ကာလပတ်လုံး ကောင်းမြတ်သော အာရုံကိုတွေ့မြင်နိုင်သေး၏။ မကောင်းမှု အကျိုးပေးသော အခါ၌မူကား မကောင်းမှုပြုသူသည် မကောင်းကျိုးကို ခံစားရ၏။
- ကောင်းမှုပြုသော သူပင်ဖြစ်သော်လည်း ကောင်းမှု အကျိုးမပေးသေးသော ကာလပတ်လုံး မကောင်းသော အာရုံကို တွေ့မြင်နိုင်သေး၏။ ကောင်းမှု အကျိုးပေးသော အခါ၌မူကား ကောင်းမှုပြုသူသည် ကောင်းကျိုးတို့ကို တွေ့မြင်ရလေတော့၏။

ဆိုတော့..ဘုရားရှင်ရဲ့ တရားတော်အတိုင်း ကိုယ်လုပ်ရမယ့် ကောင်းတဲ့အလုပ်တွေကို ဆက်လက်ပြီး ကြိုးးစားလုပ်နေဖို့ လိုပါတယ်။ တို့ ကောင်းတာလုပ်ရဲ့သားနဲ့ ဘာမှဖြစ်မလာဘူးလို့ တွေးပြီးစိတ်ဓာတ်မကျပါနဲ့။ မထူးပါဘူးဆိုပြီးလည်း မထူးဇာတ် မခင်းလိုက်ကြပါနဲ့။ အချိန်ကိုစောင့်ပါလို့ တိုက်တွန်းလိုပါတယ်။ အချိန်တန် ရင် အားလုံး သူ့တရားသူစီရင်သွားမှာပါ။

1 မှတ်ချက်များ (...ရေးရန်):

  • မနီ says:
    Monday, March 30, 2009

    ဘုန်းဘုန်း

    တပည့်တော်ဟာ အလုပ်တစ်ဖက်နဲ့ တရားအားထုတ်ခြင်းကို တတ်နိုင်သမျှ ပြုနေသူ ဖြစ်ပါတယ်။

    ယခု တပည့်တော် တရားကို နေ့စဉ် ရှုမှတ်သောအခါ ရံခါ ဝမ်းနည်းအားငယ်စိတ်များ ဝင်လာပါတယ်။
    လောကီ လုပ်ငန်းတာဝန်တွေကို နောက်မှာထားပြီး တရားသာ မှတ်နေချင်စိတ်လဲ ဖြစ်တတ်ပါတယ်။
    ပြည်တွင်းမှာတုန်းက မဟာစည်ရိပ်သာမှာ တရားအားထုတ်ခဲ့စဉ်က တရားပြ ဆရာတော် အမိန့်ရှိဖူးတာက တရားကို ရက်ရှည် စွဲမြဲအားထုတ်ရင် ရိပ်သာက ထွက်သွားပြီးသော်လည်း ရိပ်သာကို ပြန်လာချင်စိတ်၊ တရား ဆက်အားထုတ်နေချင်စိတ်များ ဖြစ်တတ်တယ်လို့ အမိန့်ရှိပါတယ်။
    တရားကြိုးစားအားထုတ်ခဲ့တဲ့ ယောဂီလူကြီးတစ်ယောက်ရဲ့ အတွေ့အကြုံအရလဲ သူဟာ တရားအားထုတ်ပြီး ရိပ်သာက ပြန်ထွက်လာစမှာ လူတောထဲ ပြန်ဝင်တော့ အရာရာကို စိတ်ကုန်ညည်းငွေ့သလို ဖြစ်လာတယ်။ မျက်စိထဲလဲ ဘာကြည့်ကြည့် အနိစ္စ စသည်သာ မြင်နေတယ်လို့ သိရပါတယ်။
    တစ်ဦးနဲ့တစ်ဦး တရားအတွေ့အကြုံ ထပ်တူ မတူနိုင်ပေမယ့် တပည့်တော် ဖြစ်သလို စိတ်ပျက်အားငယ်စိတ်၊ ဝမ်းနည်း အထီးကျန်စိတ်များကို ကြုံရသူများလဲ ရှိနိုင်တယ်လို့ ထင်ပါတယ်။ ဘယ်လို ဆက်ရှုမှတ်ရမလဲ သိလိုပါတယ်ဘုရား။
    တပည့်တော် ရုပ်နာမ်တို့၏ မရပ်မနား ဖြစ်ပျက်နေခြင်း၊ ဖြစ်ခြင်းပျက်ခြင်းများ၊ မိမိ အစိုးမရ မထိန်းချုပ်နိုင်ခြင်းများကို နေ့စဉ် ရှုမှတ်ရင်း ထိတ်လန့်ခြင်း၊ စိတ်အားငယ်ခြင်းများ ဖြစ်လာတာလဲ ဖြစ်နိုင်ပါတယ်။
    ဘုန်းဘုန်းနဲ့ တရားအတွေ့အကြုံ ရှိပြီးတဲ့ အခြား ဓမ္မမိတ်ဆွေများထံက အကြံဥာဏ်များ ရယူလိုပါတယ်။ ဘုန်းဘုန်းကရော ဒီစာကို ဖတ်ရှုရတဲ့ တရားအတွေ့အကြုံ ရှိသူများကရော အကြံဥာဏ်များး ချီးမြှင့်စေလိုပါတယ်။


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ