Showing posts with label မေးဖြေပြီးသမျှ [Q / A]. Show all posts
Showing posts with label မေးဖြေပြီးသမျှ [Q / A]. Show all posts

Live Questions and Answers (6)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။
10 Jun 10 07:36
ထွန်းထွန်း
အရှင်ဘုရား ကျန်းမာချမ်းသာပါရဲ့လားဘုရား…။ သရဏဂုံတည်ပြီးလို့ ငါးပါးသီလမြဲသွားတဲ့ လူတစ်ယောက်ဟာ အပါယ်ကျနိုင်ပါသေး သလားဘုရား..။ ပြီးတော့သောတာပန် အရိယာတိုင်းဟာ ကိုယ့်ကိုယ်ကို သောတာပန်ဖြစ် ပြီလို့သိနိုင်ပါသလားဘုရား..။

11 Jun 10 14:24
မနာပဒါယီ>>> ထွန်းထွန်း
သရဏဂုံတည်ပြီး ငါးပါးသီလမြဲသွားတဲ့ သူတစ်ယောက်ဟာ အပါယ်မလားနိုင်တော့ပါဘူး။ ဒါပေမယ့် ပုထုဇင် တစ်ယောက်ရဲ့ သရဂုံတည်မှုနဲ့ ငါးပါးသီလလုံခြုံမှုက ပုထုဇင်ပုဂ္ဂိုလ်ဖြစ်နေတဲ့အပြင် သဒ္ဓါတရားလည်း မခိုင်သေးဘဲ အချိန်မရွေး ပြောင်းလဲနိုင်တဲ့အတွက် အပါယ်ဘေးနဲ့ ပတ်သက်ပြီး သေချာပေါက် မပြောနိုင်ပါဘူး။ သောတာပန်စတဲ့ အရိယာပုဂ္ဂိုလ်ဖြစ်သွားရင်တော့ ဒီအရိယာပုဂ္ဂိုလ်ဟာ သဒ္ဓါတရားခိုင်သွားတဲ့အပြင် သရဏဂုံနဲ့ ငါးပါးသီလခေါ် ကံငါးပါးကို လုံးဝမြဲသွားပြီ ဖြစ်တဲ့အတွက် အပါယ်တံခါးပိတ်သွားပြီ ဖြစ်ပါတယ်။ အပါယ်မလားတော့ပါဘူး။

သောတာပန်ဆိုတာ အလွယ်နားလည်အောင် ပြောရရင် သောတာပတ္တိမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို ရတဲ့ပုဂ္ဂိုလ်ကို ဆိုပါတယ်။ သောတာပန် အရိယာတိုင်းဟာ ကိုယ့်ကိုယ်ကို သောတာပန် ဖြစ်ကြောင်း ကောင်းကောင်းသိနိုင်ပါတယ်။ ၀ိပဿနာ တရားအားထုတ်ရင်း ဖြစ်ပေါ်လာတဲ့ ဉာဏ်အဆင့်ဆင့်ကို ရရှိပြီးနောက် သောတာပတ္တိမဂ်ဉာဏ်ကို ရတဲ့အခါ အဲဒီယောဂီပုဂ္ဂိုလ်ရတဲ့ သောတာပတ္တိမဂ်က ကိလေသာတွေထဲက ဒိဋ္ဌိနဲ့ ၀ိစိကစ္ဆာဆိုတဲ့ ကိလေသာနှစ်ပါးကို အကြွင်းမဲ့ ပယ်သတ်လိုက်ပါတယ်။ ဒီလို ပယ်သတ်လိုက်တာနဲ့ တစ်ပြိုင်တည်း ဒီသောတာပတ္တိမဂ်ကို ရတဲ့ ယောဂီပုဂ္ဂိုလ်ရဲ့ စိတ်အစဉ်ဟာ အယူဝါဒ မှန်ကန်ဖြောင့်မတ်လာပြီး ရတနာသုံးပါးနဲ့ ကံကံရဲ့အကျိုးတွေ အပေါ်မှာ သို့လောသို့လော သံသယစိတ်တွေ ဘယ်တော့မှ မဖြစ်တော့ပါဘူး။ ရတနာသုံးပါးနဲ့ ပတ်သက်လာရင် အဲဒီပုဂ္ဂိုလ်ရဲ့ စိတ်ဟာအမြဲကြည်လင်နေပြီး ကြည်ညိုမှုတွေနဲ့ ပီတိတရားတွေပဲ တိုးပွားနေတတ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ဒီသောတာပတ္တိမဂ် ရတဲ့ပုဂ္ဂိုလ်ဟာ မိမိ သောတာပန် ဖြစ်ကြောင်း ကောင်းကောင်းသိနိုင်ပါတယ်။ တစ်ချို့ တရားအားထုတ်တဲ့ အရှိန်ကြောင့် ကိလေသာလေးတွေ ခဏငြိမ်နေတဲ့ အခါမျိုးရှိတတ်ပါတယ်။ ဒါပေမယ့် တကယ် သောတာပတ္တိမဂ်ဉာဏ်ကို ရတာမဟုတ်တော့ ကိလေသာနဲ့တွေ့တဲ့အခါ ပြန်ပေါ်လာတတ်ပါတယ်။ တကယ်ရတဲ့ ပုဂ္ဂိုလ်ကတော့ အကြွင်းမဲ့ပယ်သတ်ပြီးဖြစ်လို့ ဘယ်တော့မှ မပေါ်တော့ပါဘူး။ ဒါကြောင့် ၀ိပဿနာတရားကို မှန်ကန်တဲ့လမ်းစဉ်နဲ့ အားထုတ်ပြီး ဉာဏ်အဆင့်ဆင့် ရရှိသွားကြတဲ့ သောတာပန်စတဲ့ အရိယာပုဂ္ဂိုလ်တွေဟာ မိမိဘယ်အဆင့် ရောက်နေတယ်ဆိုတာ ကောင်းကောင်းသိနိုင်ပါတယ်လို့ ဆိုခြင်းဖြယ်ပါတယ်။

08 Jun 10 03:29
ထွန်းထွန်း
အရှင်ဘုရားတပည့်တော် တစ်ခုလျောက်ထားချင်ပါတယ်ဘုရား။ ၀ိနည်းနဲ့ ညီအောင်မနေတဲ့ ရဟန်းတွေကို ၀ိနည်းနားလည်တဲ့ လူဝတ်ကြောင်က ကဲ့ရဲ့အပြစ်တင်ရင် အပြစ်ရှိပါသလားဘုရား..။

08 Jun 10 05:25
မနာပဒါယီ>>> ထွန်းထွန်း
စေတနာအလိုဆိုးနဲ့ မဟုတ်ဘဲ သာသနာတော်ကို ကြည်ညိုတဲ့ စိတ်ကောင်းစေတနာကောင်းနဲ့ ပြောဆိုပြုပြင်တဲ့ သဘောဆိုရင် အပြစ်မဖြစ်ပါဘူး။ ဒါပေမယ့် သတိတော့ ထားဖို့လိုပါတယ်။ သံဃာနဲ့ ပုဂ္ဂိုလ်ကို ခွဲခြားတတ်ဖို့လည်းလိုပါတယ်။ တစ်ခါတစ်လေ ပုဂ္ဂိုလ်ကို ရည်ရွယ်ပေမယ့် အသုံးအနှုန်းက သံဃာအားလုံးအထိ ဖြစ်သွားရင် စေတနာက ဝေဒနာ ဖြစ်တတ်ပါတယ်။ ဒီနေ့ခေတ်မှာ လူဝတ်ကြောင်က ရဟန်းတော်ကို တိုက်ရိုက်ပြောတာထက် ဆိုင်ရာဆရာသမားကို ပြောဆိုလျှောက်ထား အသိပေးစေတာက ပိုပြီး လူတွေအတွက် အပြစ်ကင်းနိုင်ပါတယ်။ ဘုရားလက်ထက်က ၀ိသာခါတို့၊ အနာထပိဏ်တို့ ဆရာဇီဝကတို့လည်း ရဟန်းတော်များကို အမြင်မတော်တာတွေ့ရင် ကဲ့ရဲ့ပြစ်တင်ပြီး ဘုရားရှင်ကို လျှောက်ထားလေ့ရှိပါတယ်။ သူတို့ဆိုရင် သူတို့ကိုယ်တိုင် ဥပါသကာ ဥပါသိကာမဂုဏ်ရည်တွေနဲ့ ပြည့်စုံတဲ့အပြင် သာသနာတော် အတွက်လည်း အလွန်ကျေးဇူးများတဲ့ သူတွေဖြစ်ကြပါတယ်။ အဓိကကတော့ စေတနာ ရည်ရွယ်ချက် မှန်ကန်ကောင်းမွန်ဖို့နဲ့ ကိုယ့်ကိုယ်ကို အပြစ်မဖြစ်စေဖို့ အစွန်းမရောက်အောင် နေထိုင်ပြောဆိုတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

20 Jun 10, 12:27 PM
ဖိုးသား
ဘုန်းဘုန်း မင်္ဂလာပါ။ တပည့်တော် ကောင်းကောင်း သဘောမပေါက်တာလေး မေးလျှောက်ပါရစေ ဘုရား..။ အရှိကို အရှိအတိုင်း စိတ်ကျက်စားနေတဲ့ အချိန် ကာလသုံးပါး လွတ်နေတယ်လို့ ကြားနာဖူးပါတယ် ဘုန်းဘုန်း..။ အတိတ်ကာလနဲ့ အနာဂတ်ကာလ လွတ်နေတယ်ဆိုတဲ့ သဘောကို နည်းနည်း သဘောပေါက်သလို ရှိပေမယ့် ပစ္စုပ္ပန်ကာလပါ လွတ်တယ် ဆိုတာကို ခေါင်းရှုပ်နေတယ် ဘုရား။ မရှင်းလို့ တရားပြန်နာရင် ရှင်းသလိုလို ရှိသွားပေမယ့် ပြန်ရှုပ်သွားပြန်တယ် ဘုရား..။ ဘုန်းဘုန်း အနေနဲ့ နားလည် သဘောပေါက်သလောက် တပည့်တော်ကို ရှင်းပြပေးပါဦး ဘုရား..။ ဘုန်းဘုန်း ကျန်းမာပါစေ။ ရိုရိုသေသေ ဦးတင်လျက်.. ဖိုးသား။

21 Jun 10, 03:36 PM
မနာပဒါယီ>>> ဖိုးသား
ဖိုးသားရေ... ဒကာလေးပြောသလို အရှိကို အရှိအတိုင်း စိတ်အစဉ် ကျက်စားနေတဲ့ အခိုက်မှာ အတိတ်ကာလလည်းမဟုတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလလည်း မဟုတ်ဘဲ ကာလက လွတ်နေတယ် ဆိုတဲ့သဘောက စိတ္တာနုပဿနာကို သတိမပြတ် မလွတ်တမ်း ရှုမှတ်နေတဲ့ ယောဂီဟာ စိတ်အစဉ် အားလုံးကို တစ်ခုပြီးတစ်ခု မလွတ်တမ်း သိနေတဲ့ သဘောရှိတဲ့အတွက် တစ်သမှတ်တည်း မရှိဘဲ ကာလ၀ိမုတ္တိ ဖြစ်နေတဲ့ သဘော ဖြစ်နိုင်ပါတယ်။ သိတဲ့အတိုင်း စိတ်ဆိုတာကလည်း အဖြစ်မြန် အပျက်မြန်တဲ့ သဘောရှိတဲ့အတွက် တစ်ခါတည်း ထိန်းချုပ်ထားလို့ ရတဲ့အရာ မဟုတ်ပါဘူး။ ဒါကြောင့် စိတ်အစဉ်ကို အရှိအတိုင်း လိုက်သိနေတဲ့ ဆိုတာကလည်း ရှေ့စိတ်ကို နောက်စိတ်က လိုက်လိုက်ပြီး သိနေတာကိုပဲ ဆိုလိုတာ ဖြစ်ပါတယ်။ စိတ်တစ်ခုနဲ့ တစ်ခုကြား ပြောင်းလဲမှုက အရမ်းမြန်လွန်းလှတဲ့အတွက် ရှေ့စိတ်ကို သိလိုက်တာနဲ့ တစ်ပြိုင်နက် အဲဒီစိတ်ပျောက်ပြီး နောက်သိစိတ်ပေါ်လာတာ ဖြစ်ပါတယ်။ အဲဒီနောက်သိစိတ်ကိုလည်း နောက်နောက်စိတ်တွေက ဆက်ကာဆက်ကာ ဖြစ်ဖြစ်နေ၊ အဲဒီလို ဖြစ်ဖြစ်နေတာကို လိုက်လိုက်သိနေတာ ဖြစ်တဲ့အတွက် စိတ်အစဉ်ကို တစ်ခုပြီး တစ်ခု သတိမပြတ် လိုက်သိနေတဲ့ ယောဂီပုဂ္ဂိုလ်အတွက် ကာလဆိုတာ ရှိတယ်လို့ မထင်ရလောက်အောင် လွတ်နေတဲ့ သဘောရှိပါတယ်။ ဆိုကြပါစို့။ ကိုယ့်စိတ်မှာ ရာဂဖြစ်တဲ့အခါ အဲဒီရာဂစိတ် ဖြစ်တာကို သိတာနဲ့ ရာဂစိတ်က ပျောက်သွားပြီး သိစိတ်က ရောက်သွားတဲ့အထိ စိတ်အစဉ် အဖြစ်မြန်သလို အဲဒီသိစိတ်ကိုလည်း နောက်စိတ်တစ်ခုက အရှိအတိုင်း သိသိသွားနေတဲ့ သဘောရှိလို့ ဒီလို စိတ်အစဉ်ကို တစ်ခုပြီးတစ်ခု လိုက်လိုက်သိနေမှုမှာ အတိတ်လား၊ ပစ္စုပ္ပန်လား၊ အနာဂတ်လားလို့ ပြောရခက်လောက်အောင် ဖြစ်နေတဲ့အတွက် ကာလက လွတ်နေတယ်လို့ ဆိုခြင်း ဖြစ်နိုင်ပါတယ်။

Read more »

Live Questions and Answers (5)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။
06 Jun 10 01:25
aung
မင်္ဂလာပါဘုရား… သူငယ်ချင်းတစ်ယောက် ဒုလ္လဘရဟန်း ၀တ်ချင်ပေမယ့် လက်ညှိုးတစ်ဆစ် စက်ညပ်ပြီး ပြတ်နေလို့ ရဟန်းခံရ၊ မရ သိလိုပါတယ်ဘုရား..။ ကိုရင်ဝတ်လဲ ရ မရ သိလိုပါတယ်ဘုရား။
06 Jun 10 01:29
ဇော်လင်း
ဗုဒ္ဓ၀ိနည်းတော်မှာ ရှင်ရဟန်းပြု မပေးထိုက်တဲ့သူ ၃၂ယောက်ထဲမှာ အကြောဖြတ်ထားသော သူပါ ပါသလားဘုရား၊ ငယ်ကလည်း သင်္ကန်းဝတ်၊ ကြီးတော့လည်း သင်္ကန်းဝတ်ပေမယ့် စိတ်ထဲမှာ မရှင်းလို့ပါဘုရား။

Jun 10, 03:21 PM
မနာပဒါယီ >>> aung၊ ဇော်လင်း
ဝိနည်းကြောင်းအရ ရဟန်းသံဃာတော်များ အနေနဲ့ ရှင်ရဟန်း ပြုမပေးထိုက်သူ (၃၂) ယောက်ရှိပါတယ်။ အဲဒီ (၃၂)ယောက်က ၁။ လက်ပြတ်သူ ၂။ ခြေပြတ်သူ ၃။ လက်ခြေပြတ်သူ ၄။ နားရွက်ပြတ်သူ ၅။ နှာခေါင်းပြတ်သူ ၆။ နား၊ နှာခေါင်းပြတ်သူ ၇။ ခြေချောင်းလက်ချောင်းပြတ်သူ ၈။ ခြေမလက်မပြတ်သူ ၉။ အကြေမ၊ အကြောကြီးပြတ်သူ ၁၀။ ခြေချောင်းလက်ချောင်းပူးသောသူ ၁၁။ ကုန်းသောသူ ၁၂။ ပုကွသောသူ ၁၃။ လည်ပင်းကြီးနာရှိသူ ၁၄။ သံပူကပ်၍ တံဆိပ်ခတ်နှိပ်ထားသူ ၁၅။ ကြိမ်ဒဏ်ပေးခံရသူ ၁၆။ တွေ့ရာအရပ်၌ သတ်ရန်ကြေငြာထားသူ ၁၇။ ခြေထိုင်းသူ ၁၈။ အနာဆိုးရှိသူ ၁၉။ အသွင်ချို့တဲ့သဖြင့် ပရိတ်သတ်ကြည်ညိုမှုကို ဖျက်စီးသူ ၂၀။ မျက်စိတစ်ဖက် မမြင်သူ ၂၁။ လက်ခြေကောက်ကွေးသူ ၂၂။ ခွင်သောသူ ၂၃။ ကိုယ်တစ်ခြမ်းသေသူ ၂၄။ ဆွံ့အသူ ၂၅။ အိုမင်းမစွမ်းသူ ၂၆။ မျက်စိနှစ်ကွင်း အလင်းမရသူ ၂၇။ စကားဆွံ့အသူ ၂၈။ နားပင်းသူ ၂၉။ ကန်းလည်းကန်း အလည်းအသူ ၃၀။ ကန်းလည်းကန်း နားလည်းပင်းသူ ၃၁။ အလည်းအ ပင်းလည်းပင်းသူ ၃၂။ ကန်းလည်းကန်း အလည်းအ ပင်းလည်း ပင်းသူ တို့ပဲ ဖြစ်ပါတယ်။

ဒီ ၃၂ယောက်မှာ မေးခွန်းရှင်များ မေးတဲ့အချက်တွေ ပါဝင်နေပါတယ်။ မေးခွန်းရှင် ဇော်လင်းမေးတဲ့ အကြောဟာ ဘယ်လို အကြောမျိုးဆိုတာ မသိပေမယ့် ဒီနေရာမှာ အကြောပေါင်း မြောက်များစွာ ရှိတဲ့အထဲက အကြောမကြီးကို ရည်ရွယ်ပါတယ်။ တကယ်တော့ ဒီ ၃၂ယောက်ဟာ ရဟန်းသံဃာတော်များက ရှင်ရဟန်းပြုမပေးထိုက်တဲ့ ပုဂ္ဂိုလ်များ ဖြစ်ပါတယ်။ ပြုပေးလိုက်လို့ ရှင်ရဟန်း မဖြစ်တဲ့ ပုဂ္ဂိုလ်များ မဟုတ်ပါဘူး။ ပြုပေးတဲ့ ရဟန်းရှိတဲ့အတွက် ရှင်ရဟန်းအဖြစ်ကို ရရှိခဲ့ရင် ရှင်ရဟန်းဖြစ်နိုင်ပါတယ်။

30 May 10 21:35
ဒကာတစ်ဦး
အရူပဘုံ ၄ ပါးကို ဘယ်လိုသူတွေ ရောက်ပါလဲဘုရား၊ ဗြဟ္မာပြည်က လူ့ပြည်ထက် ပိုအဆင့်မြင့်တယ် ဆိုပေမယ့် ဒီ၎ဘုံကတော့ ရပ်ပြစ်ရှစ်ပါးထဲမှာ ထည့်ထားတယ်ဆိုတော့ ဘယ်လိုသူတွေ ရောက်ပါသလဲဘုရား။

30 May 10 21:36
မနာပဒါယီ>>> ဒကာတစ်ဦး
အရူပဘုံဆိုတာ ရုပ်မရှိဘဲ နာမ်သက်သက်သာ ရှိတဲ့ဘုံကို ဆိုပါတယ်။ ရုပ်တရားမှန်သမျှ စက်ဆုတ်ရွံမုန်းတဲ့အတွက် နာမ်သက်သက်ရအောင် အားထုတ်ခဲ့တဲ့ ဘာဝနာအတွက် ဖြစ်ပေါ်လာတဲ့ ဘုံဗိမာန် ဖြစ်ပါတယ်။ ဒါကြောင့် ဒီဘုံကို ရုပ်တရားကို မလိုချင် နာမ်ချဉ်းသက်သက်ကိုသာ လိုချင်တဲ့အတွက် သမထကမ္မဋ္ဌာန်းကျင့်စဉ် သက်သက်နဲ့ ဈာန်ရတဲ့အထိ အားထုတ်ကြတဲ့ သူတွေရောက်နိုင်သလို အဘိဓမ္မာအဖွင့်အရ သောတာပတ္တိမဂ္ဂဋ္ဌာန် စတဲ့ အရိယာပုဂ္ဂိုလ် ဂယောက်မှာ ပထမဆုံး သောတာပတ္တိမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်ကလွဲပြီး ကျန်အရိယာပုဂ္ဂိုလ် ၇ယောက်နဲ့၊ တိဟိတ်ပုထုဇင် ပုဂ္ဂိုလ်များ ရောက်နိုင်ပါတယ်။ ဒီဘုံဟာ သက်တမ်းလည်း ရှည်ကြာတဲ့အပြင် ရုပ်မရှိဘဲ နာမ်သက်သက်သာ ရှိတဲ့ ရုပ်နာမ်မစုံတဲ့ ဘုံဖြစ်တဲ့အတွက် လောကီဈာန်နဲ့ ရောက်သွားတဲ့ ပုထုဇင်ပုဂ္ဂိုလ်များ အတွက်ကို ရည်ရွယ်ပြီး ရပ်ပြစ်ရှစ်ပါးထဲမှာ ပါတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ အရိယာပုဂ္ဂိုလ်များ အတွက်ကတော့ အရိယာ အဖြစ်နဲ့ ဆက်လက်ပြီး တရားအားထုတ်ကာ အထက်ဉာဏ်တွေကို ရနိုင်တဲ့အတွက် ရပ်ပြစ်ရှစ်ပါးထဲမှာ ပါတယ်လို့ မဆိုနိုင်ပါဘူး။

Read more »

ဝါဆိုသင်္ကန်း လှူဒါန်းရကျိုး...

ဝါဆိုသင်္ကန်း အလှူဟာ အမြဲမပြတ် ကုသိုလ်ဖြစ်စေတဲ့ နိဗဒ္ဓအလှူ (၇)မျိုးထဲမှာ ပါဝင်တဲ့ ကုသိုလ်ဖြစ်ပြီး ဒီကုသိုလ်ကို အမြဲမပြတ် ဆင်ခြင်ပွားများနေမယ်ဆိုရင် သေပြီးနောက် ဘဝမှာ အပါယ်မလားဘူးလို့ အဋ္ဌကထာဆရာများက ဖွင့်ပြထားပါတယ်။ အဲဒီနိဗဒ္ဓအလှူ (၇)မျိုးက
၁။ သရဏဂုံတည်နေခြင်း
၂။ ငါးပါးသီလလုံခြုံနေခြင်း
၃။ စာရေးတံမဲအလှူ လှူဒါန်းခြင်း
၎။ လပြည့်လကွယ် ၁၅ရက်နေ့များမှာ လှူဒါန်းတဲ့ ပက္ခအလှူ လှူဒါန်းခြင်း
၅။ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း
၆။ ရေတွင်းရေကန် တူးဖော်လှူဒါန်းခြင်း
၇။ ကျောင်းဆောက်လုပ် လှူဒါန်းခြင်း တို့ပဲ ဖြစ်ပါတယ်။ ဒီအလှူတွေထဲက နံပါတ် (၅)အလှူဟာ ဝါဆိုသင်္ကန်းအလှူဖြစ်ပြီး ဒီခုနှစ်မျိုးထဲက တစ်မျိုးမျိုးကို စွဲမြဲအောင် ထိန်းသိမ်းပြုလုပ်ထားမယ်ဆိုရင် ဒုတိယဘဝမှာ အပါယ်မလားဘူးလို့ ဆိုခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ အထူးသတိပြုရမှာက ဒီဝါဆိုသင်္ကန်းအလှူကို လုပ်ထားပေမယ့် တစ်ခြားအပါယ်လားစေတဲ့ အကုသိုလ်တွေက အားကြီးနေမယ်ဆိုရင်တော့ အပါယ်လားနိုင်ပါသေးတယ်။ တစ်ခြားအကုသိုလ်တွေ မရှိဘူးဆိုရင်တော့ ဒီနိဗဒ္ဓအလှူထဲက တစ်မျိုးမျိုးကို ပြုလုပ်ထားသူဟာ အပါယ်မလားနိုင်ဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဝါဆိုသင်္ကန်း လှူဒါန်းရကျိုးလို့ သီးသန့်မဟုတ်ဘဲ သင်္ကန်းလှူရကျိုးနဲ့ ပတ်သက်ပြီးတော့ အဋ္ဌကထာတွေမှာ ဖွင့်ပြထားတာကတော့ သင်္ကန်းအလှူဟာ အမျိုးသားများအတွက် ဘုရားတစ်ဆူဆူရဲ့ အထံတော်မှာ ဧဟိဘိက္ခု (ရဟန်းလာလော့) အခေါ်ခံရကာ ရဟန်းအဖြစ်ကို ရရှိနိုင်ခြင်း၊ အမျိုးသမီးများအတွက် ဝိသာခါတို့လို တန်ဘိုးအလွန်ကြီးမားတဲ့ မဟာလတာ တန်ဆာကို ဆင်မြန်းနိုင်ခြင်း အကျိုးထူးတရားတွေကိုလည်း ရရှိစေနိုင်တယ်လို့ ဆိုပါတယ်။ ကိံဒဒသုတ်မှာတော့ အဝတ်သင်္ကန်း လှူဒါန်းတဲ့သူဟာ အဆင်းကို လှူဒါန်းရာရောက်တဲ့အတွက် ရုပ်အဆင်းအင်္ဂါ လှပခြင်းအကျိုးကို ရရှိစေတယ်လို့ ဆိုပါတယ်။

ဆိုလိုတာက ဝါဆိုသင်္ကန်းစတဲ့ သင်္ကန်းအလှူကို လှူဒါန်းရတဲ့ သူတွေဟာ အဆင်းကိုလှူရာရောက်သလို နိဗဒ္ဓအလှူ အမျိုးအစားဖြစ်တဲ့အတွက် စွဲမြဲတဲ့ ကုသိုလ်ဖြစ်စေကာ ဒီစိတ်နဲ့ သေသွားပါက သေပြီးနောက်မှာ အပါယ်မလားနိုင်ခြင်း အကျိုးထူးကို ဖြစ်စေတဲ့အပြင် နောက်ဆုံးမှာ အမျိုးသားများအတွက် ဧဟိဘိက္ခုရဟန်းအဖြစ်၊ အမျိုးသမီးများအတွက် မဟာလတာတန်ဆာကို ဆင်မြန်းခွင့်စတဲ့ အကျိုးများကို ဖြစ်စေကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။

Read more »

အခြံအရံ မိတ်ဆွေအပေါင်းအသင်း ပေါခြင်းမပေါခြင်းနှင့် စပ်လျဉ်း၍…

Q. အရှင်ဘုရား
အချို့ဟာ သီလနဲ့ ပြည့်စုံတဲ့ ရဟန်းတော်များ၊ စိတ်ကောင်းရှိသော လူရိုးလူကောင်းများ ဖြစ်သော်လည်း အဆွေခင်ပွန်း ပါးရှားခြင်း၊ အချို့ဟာ စဉ်းလဲလိမ်လည် ဂုံးတိုက်တတ်သူများ ဖြစ်သော်လည်း အဆွေခင်ပွန်း အခြံအရံ ပေါခြင်းများ တွေ့ရပါတယ်။ ဘာကြောင့်ပါလဲဘုရား။

သီလသမာဓိနှင့် ပြည့်စုံသော ရဟန်းတော်များပင် လိမ်ညာစွပ်စွဲခံရသောအခါ အခြံအရံ အသိုင်းအဝိုင်း နည်းပါးလျှင် မမှန်စွပ်စွဲမှုဖြစ်ကြောင်း ဖြေရှင်းရမည့် ပတ်ဝန်းကျင်မရှိ၊ ဖြေရှင်းပေးမည့် အဆွေခင်ပွန်းမရှိ ဖြစ်ပြီး မျက်နှာမဖော်နိုင် ဖြစ်ရပါသည်။ ရဟန်းတော်များသည် အခြံအရံ အသိုင်းအဝိုင်းကို မတပ်မက်ရဟု ကြားဖူးပါသည်။ အသိုင်းအဝိုင်း မရှိခြင်းကြောင့် အစော်ကားခံရမှု ဖြစ်လာလျှင် မည်သို့ ပြုအပ်ပါသလဲဘုရား။
Anonymous said...

A. စူဠကမ္မ၀ိဘင်္ဂသုတ်မှာ ပါရှိတဲ့ သုဘလုလင် မေးပြီး ဗုဒ္ဓဖြေဆိုတော်မူတဲ့ အမေးအဖြေတွေထဲမှာ “အရှင်ဘုရား… လောကမှာ အချို့သောသူများဟာ အခြံအရံ မိတ်ဆွေပေါများပြီး အချို့သောသူများဟာ အခြံအရံမိတ်ဆွေ အပေါင်းအသင်း မရှိ ဖြစ်နေကြတာကို တွေရပါတယ်၊ အဲဒါ ဘာကြောင့်ပါလဲဘုရား..”ဆိုတဲ့ သုဘရဲ့အမေးနဲ့ “ချစ်သားသုဘ… လောက၌ အချိုသောသူများသည် မနာလိုမှု ဣဿာမရှိပဲ သူတစ်ပါးအပေါ် ၀မ်းမြောက်ပေးတတ်တဲ့ မုဒိတာ တရားအားကောင်းကြပါတယ်။ အဲဒီသူတွေဟာ ဖြစ်လေရာဘ၀မှာ သုဂတိဘ၀မှာ ဖြစ်ရပြီး လူဖြစ်တဲ့အခါမှာလည်း အခြံအရံမိတ်ဆွေ ပေါများတတ်ပါတယ်။ အချို့ကျတော့ သူတပါးအပေါ် မနာလိုမှု ဣဿာအလွန်များပြားပြီး ၀မ်းမြောက်မှု မုဒိတာတရား ခေါင်းပါးကြပါတယ်။ အဲဒီသူတွေဟာ ဖြစ်လေရာဘ၀မှာ မကောင်းတဲ့ဘုံဘ၀မှာ ဖြစ်ရပြီး ကုသိုလ်တစ်ခုခုကြောင့် လူ့ဘ၀ရလာရင်လည်း အခြံအရံ မိတ်ဆွေအပေါင်းအသင်း ရှားပါတတ်တယ်…” ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့အဖြေ တစ်ခုရှိပါတယ်။ ဒီအမေးအဖြေအရ အချို့ဟာ ဒီဘ၀မှာ သီလနဲ့ပြည့်စုံပြီး စိတ်ကောင်းရှိပေမယ့် အတိတ်ဘ၀ တစ်ခုခုက လုပ်ခဲ့တဲ့ ကံတွေထဲမှာ မနာလိုမှု ဣဿာ အားကြီးတဲ့ကံကို လုပ်ခဲ့တဲ့အတွက် ဒီဘ၀မှာ အခြံအရံ မိတ်ဆွေမရှိ ဖြစ်နေတာ ဖြစ်နိုင်ပြီး ဒီဘ၀မှာ စဉ်းလဲလိမ်လည် ဂုံးတိုက်တတ်ပေမယ့် အခြံအရံ မိတ်ဆွေအပေါင်းအသင်း ပေါများတာဟာ အတိတ်ဘ၀တစ်ခုခုက လုပ်ခဲ့တဲ့ ကံတွေမှာ ဣဿာမရှိဘဲ မုဒိတာတရား အားကောင်းတဲ့ကံကို လုပ်ခဲ့တဲ့ အတွက်ကြောင့် ဖြစ်နိုင်ပါတယ်။

ဒီလို အသိုင်းအ၀ိုင်း မရှိတဲ့အတွက်ကြောင့် အစွပ်အစွဲခံရမှုတွေဟာ ခုနပြောခဲ့သလို အတိတ်ရဲ့ ၀ဋ်ကျွေးကြောင့်လည်း ဖြစ်နိုင်တဲ့အတွက် ၀ဋ်ဆိုရင်တော့ ပေးဆပ်ရမယ့် သဘောရှိပါတယ်။ မြတ်စွာဘုရား ကိုယ်တော်တိုင်လည်း စွပ်စွဲခံရပါတယ်။ ဒါဟာ ၀ဋ်တစ်ခုနဲ့ လောကဓံကြောင့်ပဲ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ အပေါင်းအသင်း မရှိပေမယ့် တစ်ယောက်တည်း နေတတ်တဲ့ အကျင့်ဖြစ်အောင် ကြိုးစားပြီး ဘယ်သူတွေ ဘယ်လိုပဲ စွပ်စွဲပါစေ ကိုယ့်ကိုယ်ကို ပြန်ပြီး မစွပ်စွဲမိအောင် ကိုယ့်သီလကိုယ်လုံအောင် ထိန်းပြီး နေနိုင်တာဟာ အကောင်းဆုံးပါပဲ။ စွပ်စွဲမှုတွေကို အကျင့်တရားနဲ့ သီခံမှုကို အခြေခံပြီး ကျော်လွှားနိုင်အောင် ကြိုးစားတာဟာ အကောင်းဆုံးပါပဲ။ တစ်ခါတစ်လေ စွပ်စွဲမှုတွေကို ကိုယ့်ရဲ့ အကျင့်သီလနဲ့ပဲ ရပ်တံ့သွားအောင် လုပ်နိုင်ပါတယ်။ စွပ်စွဲတဲ့အတွက် စွပ်စွဲသူတွေကို ပြန်တုံ့ပြန်မယ်ဆိုရင်တော့ သံသရာရှည်ရုံပဲ ရှိမှာဖြစ်ပါတယ်။ အဲဒါဆိုရင် သူစွပ်စွဲကိုယ်စွပ်စွဲနဲ့ စွပ်စွဲမှုတွေက ပြီးမှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် အသိုင်းအ၀ိုင်းမရှိတဲ့အတွက် အစော်ကားခံရမှုတွေကိုလည်း ကိုယ့်ရဲ့သီးခံမှု၊ အကျင့်သီလ ကောင်းမွန်မှုတွေနဲ့ အတူ အားလုံးကို ဥပေက္ခာပြုကာ တစ်ယောက်တည်း နေတတ်တဲ့ အကျင့်လေးနဲ့ပဲ ကျော်လွန်းနိုင်အောင် ကြိုးစားသင့်ပါတယ်လို့ အကြံပြုလိုက်ရပါတယ်။

Read more »

Live Questions and Answers (4)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။

04 May 10 16:45
shinthan

ဆရာတော်ဘုရား... တစ်နာရီအတွင်းမှာပဲ ပရိတ်ကြီး(၁၁)သုတ်လုံးရွတ်တာနဲ့ (၁၁)ထဲမှ တစ်သုတ်သုတ်ကို တစ်နာရီလုံး ရွတ်တာတို့တွင် ဘယ်ဟာက ပိုအစွမ်းထက်ပါလဲဘုရား။ သိပါရစေဘုရား..

04 May 10 16:47
မနာပဒါယီ>>shinthan
ဘယ်လိုပုံစံမျိုးနဲ့ပဲ ရွတ်ရွတ် အဓိကကတော့ ရွတ်တဲ့အခိုက်မှာ စေတနာ၊ မေတ္တာ၊ သဒ္ဓါတရား အပြည့်နဲ့ ရွတ်ဆိုနိုင်မှုက အဓိကဖြစ်ပါတယ်။ ဒီပရိတ်ပဋ္ဌာန်းစသည် ရွတ်တာဟာ တကယ်တော့ သမထဘာဝနာ ပွားတာပါပဲ။ ဒါကြောင့် အရေအတွက် များများရွတ်နိုင်တာက အဓိကမကျဘဲ ရွတ်နေတဲ့အခိုက်မှာ စိတ်စေတနာ ကြည်လင်စွာနဲ့ သဒ္ဓါတရား၊ ကုသိုလ်တရား အားကောင်းနေဖို့က အရေးကြီးပါတယ်။ နေ့စဉ် စရဏတစ်ခု အနေဖြင့် အဓိဋ္ဌာန်လေးတစ်ခုကိုယူပြီး ရွတ်ဆိုပူဇော်နိုင်ရင် ပိုကောင်းပါတယ်။ ရွတ်ပွားနိုင်မယ်ဆိုရင် အစွမ်းထက်တာ၊ မထက်တာ၊ အကျိုးပေးကောင်းတာ မကောင်းတာက ကိုယ့်အလုပ်မဟုတ်ဘဲ စိတ်စေတနာအပြည့် ၊ သဒ္ဓါတရားအပြည့်နဲ့ မျှော်လင့်ချက်မပါဘဲ ဘုရားတရားတော်များကို ပူဇော်မှုကသာ ကိုယ့်အလုပ်လို့ သဘောထား ရွတ်ဆိုနိုင်မယ်ဆိုရင် ပရိတ်ရွတ်မှုက ပိုပြီးအဓိပ္ပါယ် ပြည့်ဝပါတယ်။ အဓိကကတော့ ပုတီးအပတ်ရေများအောင် အမြန်စိပ်တဲ့ ဖိုးသူတော် ပုတီးဆိပ်သလိုမျိုး မဖြစ်စေဘဲ အရေအတွက်ထက် နည်းနည်းပဲ ဖြစ်ဖြစ် ရွတ်တဲ့အခိုက်မှာ မျှော်လင့်ချက်မပါတဲ့ စိတ်စေတနာ၊ သဒ္ဓါနဲ့ ရွတ်ဆိုတာက ပိုအရေးကြီးပါတယ်။

ပြီးတော့ ပရိတ်ပဋ္ဌာန်းစသည် ရွတ်တဲ့အခါ အစွမ်းထက်စေဖို့ ရွတ်ဆိုသူများ ပြည့်စုံရမယ့် ၁။ ပုဒ်အက္ခရာကို မှန်ကန်စွာ ရွတ်ဆိုနိုင်မှု၊ ၂။ ပရိတ်ရဲ့ အနက်အဓိပ္ပါယ်ကို ကောင်းကောင်း နားလည်မှု၊ ၃။ သတ္တ၀ါတွေအပေါ်မှာ သနားတဲ့ ကရုဏာစိတ်၊ အကျိုးလိုလားတဲ့ မေတ္တာစိတ်မျိုး ထားရှိမှုဆိုတဲ့ အင်္ဂါရပ်တွေနဲ့ ညီအောင် ရွတ်ဆိုနိုင်အောင် ကြိုးစားဖို့လိုပါတယ်။ ဒီလို သဒ္ဓါတရားတွေ၊ စေတနာတွေနဲ့ အင်္ဂါရပ်တွေ ပြည့်စုံနေမယ်ဆိုရင် တစ်သုတ်ပဲရွတ်လည်း အစွမ်းထက်ကာ အကျိုးအာနိသင် ရှိနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အရေအတွက်များဖို့ထက် နေ့စဉ်ပုံမှန် နိစ္စ၀တ် တစ်ခုအနေဖြင့် စေတနာ သဒ္ဓါတရားလက်ကိုင်ထားက ကိုယ်တတ်နိုင်သမျှ ရွတ်ပွားနိုင်တာက ပိုပြီး အဓိကကျတဲ့အတွက် နည်းပေမယ့် အနှစ်ရှိတဲ့ ရွတ်ဆိုနည်းကသာ ပိုကောင်းပါကြောင်း အကြံကောင်းပေးလိုက်ပါတယ်။

12 May 10 19:26
safflower

ဘုန်းဘုန်းဘုရား ... တပည့်တော် တစ်ခုလောက် မေးပါရစေဘုရား။
(၁) တပည့်တော် ကောင်းတာတွေ ကိုလုပ်ပေမယ့် ကောင်းကျိုးကိုမခံစားရပါဘူး၊ သူများတွေက မကောင်းမှုလုပ်ပေမယ့် ဘာကြောင့် ကောင်းကျိုးကိုခံစားရတာပါလဲ ဘုရား။ တပည့်တော် သူတပါးကို မဟုတ်မမှန် မတရားတာကို ကိုယ်က စတင်ပြီး ဘယ်တော့မှ မလုပ်ခဲ့ပါဘူးဘုရား။ ဒါပေမယ့် တပည့်တော်အပေါ် မတရား အနိုင်ကျင့်မှုများကို ကြုံတွေ့ရပါတယ်ဘုရား။ တပည့်တော်မှ သူများအား ပြန်လည် တိုက်ခိုက်သောအခါ ထိုသူများ နာကျင်ခံစားရ သကဲ့သို့ တပည့်တော်လည်း ပြန်လည်နာကျင် ရပါတယ်ဘုရား။ ဘာကြောင့် ဒီလိုဖြစ်ရတယ် ဆိုတာကို တပည့်တော်အား ရှင်းပြပေးပါဘုရား။
(၂) တပည့်တော်တို့ ဘာသာမှာ ဘိုးတော် မယ်တော်တွေဆိုတာ တကယ်ရှိပါ သလားဘုရား။ အခွင့်ရှိရင် သိချင်ပါတယ်ဘုရား။

13 May 10 05:20
မနာပဒါယီ>>> safflower
(၁) ကုသိုလ်ကံ အကုသိုလ်ကံတွေရဲ့ အကျိုးပေးဆိုတာ အချိန်ကို စောင့်ရပါတယ်။ အကျိုးပေးချိန်တန်မှ၊ အကျိုးပေးခွင့်ကြုံမှ အကျိုးပေးနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတဲ့ ကိုယ်လုပ်တဲ့ ကံတွေမှာ ဒီဘ၀မှာ ချက်ချင်းအကျိုးပေးတဲ့ ကံတွေရှိသလို၊ သေပြီးဒုတိယဘ၀မှာ အကျိုးပေးတဲ့ ကံတွေ၊ သေပြီး နောက်နောက်ဘ၀မှာ အကျိုးပေးတဲ့ ကံတွေ၊ အကျိုးမပေးဘဲ အဟောသိကံ ဖြစ်သွားတဲ့ ကံတွေလည်း ရှိတတ်တဲ့အတွက် အချိန်တန်၊ အခွင့်အခါ ကြုံမှပဲ အကျိုးပေးနိုင်ပါတယ်။ ပြီးတော့ ကံတွေထဲမှာ အတိတ်ကံ ပစ္စုပ္ပန် ကံဆိုတာလည်း ရှိပါတယ်။ ပစ္စုပ္ပန်မှာ လုပ်တဲ့ကံတွေ အကျိုးပေးချင်ပေမယ့် အတိတ်ကံက အားကောင်းနေရင်လည်း လက်ရှိပစ္စုပ္ပန်ကံတွေမှာ အကျိုးပေးခွင့် မရဘဲ ဖြစ်တတ်ပါတယ်။

များသောအားဖြင့် သတ္တ၀ါတွေ အခုပစ္စုပ္ပန်ဘ၀မှာ ခံစားနေကြတဲ့ ကောင်းကျိုးဆိုးကျိုးတွေဟာ အတိတ်က ကိုယ်ကိုယ်တိုင်လုပ်ခဲ့တဲ့ ကံတွေရဲ့ အကျိုးရလာဘ်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ချို့ဒီဘ၀မှာ ကောင်းမှုတွေဘယ်လောက်ပဲ ပြည့်စုံအောင် ကောင်းအောင်လုပ်နေပေမယ့် ကောင်းတာတွေ ရောက်မလာဘဲ အဆိုးတွေပဲ ဖြစ်နေတတ်တာ ရှိသလို၊ တစ်ချို့ကျတော့ မကောင်းတာတွေ လုပ်နေပေမယ့် ကောင်းကျိုးတွေပဲ ဆက်တိုက်ဖြစ်နေတာကို တွေ့နိုင်ပါတယ်။ ဒီလိုလူတွေဟာ ပြောမယ်ဆိုရင် အဟောင်းစားနေတဲ့ သူတွေလို့ ပြောလို့ရပါတယ်။ ဒီပြဿနာမျိုးအတွက် မြတ်စွာဘုရား ဟောထားတဲ့ စကားရှိပါတယ်။

မြတ်စွာဘုရားက “မကောင်းမှုပြုသော သူပင်ဖြစ်သော်လည်း မကောင်းမှု အကျိုးမပေးသေးသော ကာလပတ်လုံး ကောင်းမြတ်သော အာရုံကို တွေ့မြင်နိုင်သေး၏၊ မကောင်းမှု အကျိုးပေးသော အခါ၌မူကား မကောင်းမှုပြုသူသည် မကောင်းကျိုးကို ခံစားရ၏။ ကောင်းမှုပြုသော သူပင်ဖြစ်သော်လည်း ကောင်းမှုအကျိုးမပေးသေးသော ကာလပတ်လုံး မကောင်းသောအာရုံကို တွေ့မြင်နိုင်သေး၏၊ ကောင်းမှုအကျိုးပေးသော အခါ၌မူကား ကောင်းမှုပြုသောသူသည် ကောင်းကျိုးတို့ကိုသာ တွေ့မြင်ရတော့၏။” လို့ ဟောတော်မူထားပါတယ်။ ဒါကြောင့် ကောင်းမှုတွေလုပ်နေပေမယ့် မကောင်းတာတွေနဲ့ပဲ ကြုံနေရတဲ့ သူတွေအနေနဲ့ ဘုရားစကားတော်အတိုင်း စိတ်ဓာတ်မကျပဲ ကောင်းတာတွေကိုသာ ဆက်လုပ်နိုင်အောင် ကြိုးစားနေဖို့ လိုပါတယ်။ ကံအကျိုးပေးကျလာတဲ့ အချိန်မှာတော့ ဘယ်သူမှ တားမရအောင် အကျိုးပေးကောင်းတွေ ရလာမှာ ဖြစ်တယ်ဆိုတာ ဖြေကြား အကြံပြုလိုပါတယ်။

၂။ ဗုဒ္ဓသာသနာမှာတော့ ဘိုးတော်မယ်တော်စတဲ့ လောကဓာတ်ဆရာတွေ ဆိုတာ မရှိပါဘူး။ ရတနာသုံးပါးနဲ့ ကိုယ်ကိုယ်တိုင်ပဲ ကိုးကွယ်ရာ အစစ်ရှိပါတယ်။ လောကီနယ်ပယ်မှာတော့ ဘိုးတော်၊ မယ်တော် အမည်ခံတဲ့ လောကဓာတ် ဆရာတွေ ရှိနိုင်ပါတယ်။ ရှိလည်းရှိနေကြပါတယ်။

Read more »

သိကြားမင်း နတ်သက်ဆက်သွားခြင်းအကြောင်း…

Q. အရှင်ဘုရား… တပည့်တော် ဆရာတော်ကြီးတစ်ပါး ဟောကြားတော်မူတဲ့ တရားတော်ကို နာတဲ့အခါ သိကြားမင်းဟာ နတ်သက်ကြွေခါနီး ဘုရားရှင်ထံ သွားရောက်ပြီး မေးခွန်းများမေးလို့ တရားနာလိုက်တာ တရားနာနေရင်းနဲ့ပဲ နတ်သက်ကြွေကာ နတ်သက်အသစ်နဲ့ လက်ရှိသိကြားရာထူးကို ပြန်ရလို့ နှစ်ဘ၀တရား နာခဲ့ရကြောင်း မှတ်သားရပါတယ်ဘုရား။ တပည့်တော် သိချင်တာက သိကြားမင်းမေးတဲ့ မေးခွန်းတွေနဲ့ မြတ်စွာဘုရားရှင်ရဲ့ ဖြေကြားချက်တွေကို သိချင်ပါတယ်။ ကျေးဇူးပြု၍ ဖြေကြားပေးတော်မူပါဘုရား..
မနီနီမာ

A. မင်္ဂလာပါ… မေးခွန်းရှင်ရဲ့ အမေးကို တိတိကျကျ ဖြေပေးနိုင်ဖို့ ဟောကြားတော်မူတဲ့ ဆရာတော်ရဲ့ တရားကို နာကြည့်တဲ့အခါမှာ မြတ်စွာဘုရားရှင် ဣန္ဒသာလလိုဏ်ဂူမှာ သီတင်းသုံးနေတဲ့အချိန် သိကြားမင်းရောက်လာပြီး မေးခွန်းတွေမေးကာ တရားနာတဲ့အကြောင်း သိခွင့်ရလိုက်ပါတယ်။ ဣန္ဒသာလဂူမှာ ဟောတဲ့တရားတော်ဆိုရင် ပိဋကတ်တော်လာ ဒီဃနိကာယ်၊ မဟာဝဂ္ဂ သံယုတ်မှာပါတဲ့ သက္ကပဥှသုတ်ပဲ ဖြစ်ပါတယ်။ ပါဠိတော်မူရင်းမှာပါတဲ့ အမေးအဖြေတွေကို ရေတွက်ကြည့်လိုက်တဲ့အခါ (၁၄)ချက်မဟုတ်ဘဲ (၁၂)ချက်ပဲ တွေ့ရပါတယ်။ တစ်ချို့မေးခွန်းတွေက ပေါင်းမေးထားတာ ဖြစ်တဲ့အတွက် ခွဲလိုက်ရင်တော့ (၁၄) ချက်ဖြစ်မှာပါ။ ဒါကြောင့် ဒီနေရာမှာတော့ ပါဠိတော် မူရင်းမှာပါတဲ့ သိကြားမင်းနဲ့ ဘုရားရှင်တို့အမေးအဖြေ (၁၂)ချက်ကိုပဲ အကျဉ်းချုံ့ပြီး ဖြေကြားပေးလိုက်ပါတယ်။

သိကြားမင်းအမေး… (၁)
“အရှင်ဘုရား လောကရှိ လူနတ်ဗြဟ္မာ အသုရာနှင့် နဂါးဂန္ဓဗ္ဗစသူတို့ဟာ တစ်ဦးအပေါ်တစ်ဦး ရန်ငြိုးကင်းကြစေဖို့၊ ဒဏ်ထားခြင်းကင်းကြစေဖို့၊ ရန်ကင်းကြစေဖို့၊ စိတ်ဆင်းရဲခြင်းကင်းကြစေဖို့၊ အမျက်ထွက်ခြင်းကင်းကြစေဖို့ စသဖြင့် လိုလားတောင့်တကြပါတယ်။ ဒါပေမယ့် ဒီလို လိုလားတောင့်တ ကြပေမယ့်လည်း တစ်ဦးနဲ့တစ်ဦး ရန်ငြိုးတွေဖွဲ့ကြ၊ ဒဏ်ခတ်ကြ၊ ရန်ပြုကြ၊ စိတ်ဆင်းရဲအောင်လုပ်ကြ၊ အမျက်ထွက်အောင် လုပ်ကြပါတယ်။ ဒီလိုတောင်တပေမယ့် တောင့်တတိုင်း ဖြစ်မလာတာဟာ ဘယ်လိုအနှောင်အဖွဲ့ကြောင့်ပါလဲဘုရား…“
မြတ်စွာဘုရားအဖြေ…
“နတ်တို့အရှင် သိကြားမင်း ပုဂ္ဂိုလ်သတ္တ၀ါတွေဟာ တစ်ဦးနဲ့တစ်ဦး သိကြားမင်းပြောတဲ့ ဆန္ဒများနဲ့ လိုလားတောင့်တပေမယ့် သူတို့လိုလားတောင့်တတိုင်း ဖြစ်မလာရတာဟာ သူတို့သန္တာန်မှာ ရှိနေကြတဲ့ ဣဿာမစ္ဆရိယ သံယောဇဉ်တွေကြောင့်ပဲ ဖြစ်ပါတယ်။ ဣဿဆိုတာ သူတပါးအပေါ်မနာလိုခြင်းဖြစ်ပြီး မစ္ဆရိယဆိုတာကတော့ မိမိမှာရှိတဲ့အရာတွေမှာ ၀န်တိုခြင်း ဖြစ်ပါတယ်“

သိကြားမင်းအမေး… (၂)
“အရှင်ဘုရား ဒီလိုဆိုရင် ဒီဣဿာမစ္ဆရိယတို့ရဲ့ အခြေခံအကြောင်းတရား၊ တိုးတက်ဖြစ်ပွားရာ အကြောင်းတရား၊ ထင်ရှားဖြစ်ပေါ်ရာ အကြောင်းတရား၊ စတင်ဖြစ်ပေါ်ရာ အကြောင်းတရားဟာ ဘာကြောင့်ဖြစ်ရပြီး ဘယ်လိုတရားများရှိရင် ဒီဣဿာမစ္ဆရိယ ဖြစ်တတ်ပြီး ဘယ်လိုတရားများ မရှိပါက ဒီတရားများ မဖြစ်တတ်ပါလဲဘုရား…“
မြတ်စွာဘုရားအဖြေ…
“နတ်တို့အရှင် သိကြားမင်း ချစ်ခြင်း မုန်းခြင်းဆိုတဲ့ သဘောတရားဟာ ဒီဣဿာမစ္ဆရိယတို့ရဲ့ အခြေခံစတင်ဖြစ်ပေါ်ရာဖြစ်ပြီး ထင်ရှားတိုးတက်ရာလည်း ဖြစ်စေပါတယ်။ ဒီချစ်ခြင်းမုန်းခြင်းရှိရင် ဣဿာမစ္ဆရိယ ရှိတတ်ပြီး၊ ချစ်ခြင်းမုန်းခြင်းမရှိရင်တော့ ဣဿာမစ္ဆရိယလည်း မရှိတတ်ပါဘူး“

သိကြားမင်းအမေး… (၃)
“အရှင်ဘုရား ဒီလိုဆိုရင် ဒီချစ်ခြင်းမုန်းခြင်းတို့ရဲ့ အခြေခံစတင်ဖြစ်ပေါ်ရာနဲ့ ထင်ရှားတိုးတက်ရာတို့ဟာ ဘာကြောင့်ဖြစ်ရပြီး ဘယ်လိုအရာက ဒီချစ်ခြင်းမုန်းခြင်း ဖြစ်မဖြစ်ကို ဖန်တီးပေးတယ်ဆိုတာ သိချင်ပါတယ်ဘုရား…“
မြတ်စွာဘုရားအဖြေ…
“သိကြားမင်း လိုချင်ခြင်း ဆန္ဒကြောင့် ဒီချစ်ခြင်းမုန်းခြင်းတို့ စတင်ဖြစ်ပေါ် တိုးတက်ပြန့်ပွားခြင်းဖြစ်ပြီး ဒီလိုချင်ခြင်းဆန္ဒရှိရင် ချစ်ခြင်းမုန်းခြင်း ရှိတတ်ကာ လိုချင်ခြင်း ဆန္ဒမရှိရင်တော့ ဒီချစ်ခြင်းမုန်းခြင်းလည်း မရှိတတ်ပါဘူး“

သိကြားမင်းအမေး… (၄)
“အရှင်ဘုရား ဒီလိုဆိုရင် ဒီလိုချင်ခြင်းဆန္ဒရဲ့ အခြေခံစတင်ဖြစ်ပေါ်ခြင်းနဲ့ တိုးတက်ထင်ရှားခြင်းတို့ဟာ ဘာကြောင့်ဖြစ်ရပြီး ဘယ်အရာက ဒီလိုချင်ခြင်းဆန္ဒ ဖြစ်မဖြစ်ကို ဖန်တီးပေးပါလဲဘုရား…“
မြတ်စွာဘုရားအဖြေ…
“သိကြားမင်း ကြံစည်ခြင်း ၀ိတက်ကြောင့် ဒီလိုချင်ခြင်း ဆန္ဒတို့ စတင်ဖြစ်ပေါ် တိုးတက်ပြန့်ပွားခြင်းဖြစ်ပြီး ဒီကြံစည်ခြင်း ၀ိတက်ရှိရင် လိုချင်ခြင်း ဆန္ဒရှိတတ်ကာ ၀ိတက်မရှိပါက ဆန္ဒလည်း မရှိတတ်ပါဘူး…“

သိကြားမင်းအမေး… (၅)
“အရှင်ဘုရား ဒီလိုဆိုရင် ဒီကြံစည်ခြင်း ၀ိတက်ရဲ့ အခြေခံစတင်ဖြစ်ပေါ်ရာနဲ့ တိုးတက်ထင်ရှားရာတို့ဟာ ဘာကြောင့်ဖြစ်ပေါ်ပြီး ဘယ်အရာများက ဒီကြံစည်ခြင်း ၀ိတက် ဖြစ်မဖြစ်ကို ဖန်တီးပေးပါလဲဘုရား…“
မြတ်စွာဘုရားအဖြေ…
“သိကြားမင်း သံသရာချဲ့ထွင်တတ်တဲ့ တဏှာ မာန ဒိဋ္ဌိဆိုတဲ့ ပပဉ္စတရားအစုကြောင့် ဒီကြံစည်ခြင်း ၀ိတက်တို့ စတင်ဖြစ်ပေါ် တိုးတက်ပြန့်ပွားခြင်းဖြစ်ပြီး ဒီသံသရာ ချဲ့ထွင်တတ်တဲ့ ပပဉ္စတရားများရှိရင် ၀ိတက်ရှိတတ်ကာ ပပဉ္စတရားများ မရှိပါက ကြံစည်ခြင်း ၀ိတက်လည်း မရှိတတ်ပါဘူး…“

သိကြားမင်းအမေး… (၆)
“အရှင်ဘုရား ဒီလိုဆိုရင် ဘယ်လိုအကျင့်မျိုးကို ကျင့်ကြံအားထုတ်ရင် ဒီသံသရာ ချဲ့ထွင်တတ်တဲ့ ပပဉ္စတရားများ ချုပ်ငြိမ်းစေပြီး နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို ကျင့်သည်မည်ပါလဲဘုရား…“
မြတ်စွာဘုရားအဖြေ…
“သိကြားမင်း ၀မ်းမြောက်ခြင်းဟူသော သောမနဿ၊ နှလုံးမသာခြင်းဟူသော ဒေါမနဿ၊ လျစ်လျူရှုခြင်းဟူသော ဥပေက္ခာလို့ခေါ်တဲ့ ခံစားခြင်း ဝေဒနာကမ္မဋ္ဌာန်းကို ကျင့်ကြံပွားများ အားထုတ်နိုင်ပါက ဒီသံသရာ ချဲ့ထွင်တတ်တဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ ပပဉ္စတရားများကို ချုပ်ငြိမ်းစေပြီး နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို ကျင့်ရာရောက်ပါတယ်။ ၀မ်းမြောက်ခြင်း သောမနဿမှာလည်း မှီဝဲအပ်တဲ့ သောမနဿ မမှီဝဲအပ်တဲ့ သောမနဿလို့ နှစ်မျိုးရှိပြီး ဒီသောမနဿကို အမှီပြုခြင်းကြောင့် မိမိသန္တာန်မှာ အကုသိုလ်တရား တိုးပွားပြီး ကုသိုလ်တရားများ ဆုတ်ယုတ်ပါက အဲဒီသောမနဿကို မမှီဝဲအပ်ဘဲ၊ ဒီသောမနဿကို အမှီပြုခြင်းကြောင့် မိမိမှာ အကုသိုလ်တရားများ ဆုတ်ယုတ်ပြီး ကုသိုလ်တရားများ တိုးပွားပါက အဲဒီသောမနဿကို မှီဝဲအပ်ပါတယ်။ ကြံစည်ခြင်း ၀ိတက်၊ သုံးသပ်ခြင်း ၀ိစာရနှင့် တကွဖြစ်တဲ့ ဒီဝမ်းမြောက်ခြင်းမှာ ၀ိတက်ဝိစာရမရှိတဲ့ ၀မ်းမြောက်ခြင်းက ပိုပြီးမြတ်ပါတယ်။

သိကြားမင်းအမေး… (၇)
“အရှင်ဘုရား… ဘယ်လိုအကျင့်မျိုးကို ကျင့်တဲ့ရဟန်းဟာ ပါတိမောက္ခသံဝရ သီလကို ကျင့်တယ်လို ခေါ်ဆိုနိုင်ပါသလဲဘုရား…”
ဘုရားရှင်အဖြေ…
“သိကြားမင်း… ကိုယ်အကျင့် (ကာယသမာစာရ)၊ နှုတ်အကျင့် (၀စီသမာစာရ)၊ ရှာမှီးခြင်း (ပရိယေသန) ဆိုတဲ့ တရားသုံးပါးမှာ မှီဝဲအပ်တဲ့ ကိုယ်အကျင့်၊ နှုတ်အကျင့်၊ ရှာမှီးခြင်းနဲ့ မမှီဝဲအပ်တဲ့ ကိုယ်အကျင့်၊ နှုတ်အကျင့်၊ ရှာမှီးခြင်းလို့ နှစ်မျိုးစီရှိပြီး ဒီတရားတွေကို မှီဝဲခြင်းကြောင့် မိမိသန္တာန်မှာ အကုသိုလ်တရား တိုးပွားပြီး ကုသိုလ်တရား ဆုတ်ယုတ်မယ်ဆိုရင် အဲဒီတရားကို မမှီဝဲသင့်ဘဲ ဒီတရားတွေ မှီဝဲခြင်းကြောင့် ကုသိုလ်တရားတိုးပွားပြီး အကုသိုလ်တရား ဆုတ်ယုတ်မယ်ဆိုရင် အဲဒီတရားကို မမှီဝဲသင့်ပါဘူး။ ဒီလို မှီဝဲသင့်တာကို မှီဝဲပြီး မမှီဝဲသင့်တာကို မမှီဝဲဘဲ ကျင့်ကြံနေထိုင်တဲ့ ရဟန်းကို ပါတိမောက္ခသံဝရ သီလကို ကျင့်တဲ့ရဟန်းလို့ ဆိုပါတယ်…”

သိကြားမင်းအမေး… (၈)
“အရှင်ဘုရား… ဘယ်လိုအကျင့်မျိုးကို ကျင့်တဲ့ရဟန်းဟာ ဣန္ဒြိယသံဝရ (ဣနြေ္ဒစောင့်စည်းခြင်း) သီလကို ကျင့်တယ်လို့ ဆိုနိုင်ပါသလဲဘုရား..”
မြတ်စွာဘုရားအဖြေ…
“သိကြားမင်း… မျက်စိနဲ့ သိအပ်တဲ့ အဆင်းအာရုံ၊ နားနဲ့ သိအပ်တဲ့ အသံအာရုံ၊ နှာခေါင်းနဲ့ သိအပ်တဲ့ အနံ့အာရုံ၊ လျှာနဲ့ သိအပ်တဲ့ အရသာအာရုံ၊ ကိုယ်နဲ့ သိအပ်တဲ့ အတွေ့အထိအာရုံ၊ စိတ်နဲ့ သိအပ်တဲ့ သဘောတရားအာရုံ (ဓမ္မာရုံ) တို့မှာ မှီဝဲအပ်တဲ့ အာရုံ၊ မမှီဝဲအပ်တဲ့ အာရုံလို့ အာရုံတစ်ခုစီမှာ နှစ်မျိုးစီ ရှိကြပါတယ်။ ဒီအာရုံကို မှီဝဲတဲ့အတွက် မိမိသန္တာန်မှာ အကုသိုလ်တရား ဆုတ်ယုတ်ပြီး ကုသိုလ်တရား တိုးပွားမယ်ဆိုရင် အဲဒီအာရုံကို မှီဝဲအပ်ပြီး မှီဝဲခြင်းကြောင့် ကုသိုလ်တရားဆုတ်ယုတ်ပြီး အကုသိုလ်တရား တိုးပွားမယ်ဆိုရင် အဲဒါကို မမှီဝဲအပ်ပါဘူး။ ဒီလို မှီဝဲသင့်တာကို မှီဝဲပြီး မမှီဝဲသင့်တာကို မမှီဝဲဘဲ ကျင့်ကြံနေထိုင်တဲ့ ရဟန်းကို ဣနြ္ဒိယသံဝရသီလကို ကျင့်တဲ့ရဟန်းလို့ ဆိုပါတယ်…”

သိကြားမင်းအမေး… (၉)
“အရှင်ဘုရား… သမဏဗြာဟ္မဏ (ရဟန်း၊ ပုဏ္ဏား) အားလုံးဟာ တူသောအဆုံးအမ၊ တူသောအကျင့်၊ တူသောအယူ၊ တူသောပြီးဆုံးရာ ရှိပါသလားဘုရား..”
မြတ်စွာဘုရားအဖြေ…
“သိကြားမင်း. မရှိပါ…”

သိကြားမင်းအမေး… (၁၀)
“အရှင်ဘုရား… ဘာကြောင့် မရှိပါသလဲဘုရား…”
မြတ်စွာဘုရားအဖြေ…
“သိကြားမင်း… လောကမှာ ဓာတ်အမျိုးမျိုးရှိပြီး အဲဒီမြောက်မြားစွာရှိတဲ့ ဓာတ်အမျိုးမျိုးကိုပဲ သတ္တ၀ါတွေဟာ စွဲလန်းကြ၊ အဲဒီဓာတ်ကိုပဲ ပြင်းပြင်းထန်ထန် စွဲလန်းကြပြီး ငါ့အယူသာမှန်တယ်၊ သူ့အယူမှားတယ်၊ သူအယူဟာ အချည်းနှီးသာဖြစ်တယ်လို ဆိုလေ့ရှိကြပါတယ်။ ဒါကြောင့်လည်း သမဏဗြဟ္မဏအားလုံးဟာ တူသောအဆုံးအမ၊ တူသောအကျင့်၊ တူသော အယူ၊ တူသော ပြီးဆုံးရာ မရှိကြခြင်း ဖြစ်ပါတယ်…”

သိကြားမင်းအမေး (၁၁)
“အရှင်ဘုရား… သမဏဗြာဟ္မဏ အားလုံးဟာ ပျက်စီးခြင်းကိုလွန်သော မှီခိုအားထားရာ၊ ပျက်စီးခြင်းကိုလွန်သော ယောဂကုန်ရာ၊ ပျက်စီးခြင်းကိုလွန်သော တရားအလို့ငှါကျင့်သော မြတ်သောအကျင့်၊ ပျက်စီးခြင်းကို လွန်သောပြီးဆုံးရာ ရှိပါသလားဘုရား…”
မြတ်စွာဘုရားအဖြေ…
“သိကြားမင်း.. မရှိပါ..”

သိကြားမင်းအမေး… (၁၂)
“အရှင်ဘုရား… ဘာကြောင့် မရှိပါသလဲဘုရား…”
မြတ်စွာဘုရားအဖြေ…
“သိကြားမင်း တဏှာကို ကုန်ခမ်းစေတတ်တဲ့မဂ်နဲ့ ကိလေသာမှ လွတ်ကုန်သော ရဟန်းတို့သာလျှင် ပျက်စီးခြင်းကို လွန်သော မှီခိုအားထားရာရှိကုန်၊ ပျက်စီးခြင်းကို လွန်သော ယောဂကုန်ရာရှိကုန်၊ ပျက်စီးခြင်းကိုလွန်သော တရားအလို့ငှါ မြတ်သောအကျင့်ရှိကုန်၊ ပျက်စီးခြင်းကိုလွန်သော ပြီးဆုံးရာ ရှိကုန်ကြတဲ့အတွက် သမဏဗြဟ္မဏအားလုံး တစ်သမှတ်တမ်း အတူတူမရှိကြခြင်း ဖြစ်ပါတယ်…”

ဒီအမေးအဖြေ တရားများကို နာကြားပြီးနောက် သိကြားမင်းဟာ အကျိုးတရားခြောက်ပါးကို ရရှိသွားပြီး အလွန်းနှစ်သက်ဝမ်းမြောက်စွာဖြင့် ဘုရားရှင်ကို ချီးကျူးပြောဆိုခဲ့ပါတယ်။ ဘုရားရှင်နဲ့တွေ့ မေးခွန်းမေးကာ တရားနာခွင့်ရလိုက်တဲ့ သိကြားမင်း ရရှိသွားတဲ့ အကျိုးခြောက်ပါးကတော့…
(၁) တရားနာနေရင်းပင် အသက်သစ်တစ်ဖန် ပြန်ရသွားခြင်း
(၂) လက်ရှိနတ်ဘုံမှ သေဆုံးပြီးတဲ့အခါမှာလည်း မတွေမဝေ သတိရှိလျက် အလိုရှိတဲ့ ဘုံမှာ ပြန်ဖြစ်နိုင်ခြင်း
(၃) ယုံမှားတွေဝေခြင်းကင်းကာ သတိသမ္ပဇဉ်နှင့် ယှဉ်လျက် သောတာပန် အရိယာအဖြစ်နှင့်လျော်စွာ နေထိုင်နိုင်ခြင်း
(၄) အရိယာအဖြစ်နှင့် ကောင်းမွန်စွာနေထိုင်ရင်း အထက်မဂ်ဖြစ်သည့် သကာဒါဂါမိမဂ်ကို ရသည့်အခါ လူ့ဘ၀၌ ပြန်လည်မဖြစ်တော့ခြင်း (သောတာပန်သည် သုဂတိဘုံများဖြစ်တဲ့ လူ့ဘုံနှင့်နတ်ပြည်၆ဘုံမှာ ပြန်ဖြစ်နိုင်)
(၅) လူ့ပြည်လာရောက်ပြီး တရားနာရင်း လူ့ဘုံမှ စုတေကာ သောတာပန် အဖြစ်ဖြင့် နတ်ပြည်၌ သိကြားမင်း တစ်ဖန်ပြန်ဖြစ်ခြင်း
(၆) နောက်ဆုံးဘ၀တွင် အကနိဋ္ဌဗြာဟ္မာဘုံတွင် ဖြစ်ရခြင်း (ထိုဘုံမှပင် နိဗ္ဗာန်ဝင်စံခြင်း) တို့ပဲ ဖြစ်ပါတယ်။

မှတ်ချက်။ အထက်ပါ ဖြေကြားချက်များသည် ပါဠိတော် မူရင်းလာ အနှစ်ချုပ်များဖြစ်ပါသည်။ ဒီအနှစ်ချုပ်တွင် မပါဝင်သည့် တရားဟောဆရာတော်၏ ဟောပြောချက်အချို့မှာ အဋ္ဌကထာအဖွင့်များ ဖြစ်နိုင်ပါသည်။ ဒီအနှစ်ချုပ်ကို ထောက်ဆကြည့်လျှင်လည်း နှစ်ဘ၀တရားနာသည်မှာ ဖြစ်နိုင်ပြီး မေးခွန်း (၇)ခုမြောက်မှာ ဝေဒနာနဲ့ တဏှာကို သိကာ သောတာပန် တည်သွားသည်ကိုလည်း ထောက်ဆသိနိုင်ပါသည်။

Read more »

ဆုတောင်းမှားကို ရုပ်သိမ်းနိုင်ပါသလား..

Q. ဆရာတော် ဆုတောင်းမှားပြီးတာကို ဘယ်လို ရုပ်သိမ်းလို့ ရပါသလဲ ဘုရား။ နည်းလမ်းလေး သိပါရစေဘုရား…
Shinthan

A. အမှားတောင်းခဲ့တဲ့ ဆုတောင်းတစ်ခုကို ပြန်ပြီးချေဖျက်ချင်ရင် စတောင်းတုန်းက လုပ်ခဲ့တဲ့ ကုသိုလ်အတိုင်း ပုံစံတူ၊ စိတ်စေတနာတူနဲ့ ပြန်လုပ်ပြီး ဖြစ်ပါစေလို့ တောင်းခဲ့တဲ့ ဆုကို မဖြစ်ပါရစေနဲ့လို့ ဆိုကာ ပြန်ဆုတောင်း ကြည့်နိုင်ပါတယ်။ တကယ်တော့ ဒါဟာ ဆုတောင်းမှားပြီးတာကို ပြန်ရုပ်သိမ်းတယ် ဆိုတာထက် ကံတစ်ခုကို ကံတစ်ခုနဲ့ လွှမ်းမိုးလိုက်တဲ့ သဘောပါပဲ။ ရှေ့ကကံထက် နောက်လုပ်တဲ့ကံကို အားကြီးအောင် လုပ်ပြီး ရှေ့ကံ အကျိုးပေးခွင့် မရအောင် လုပ်တဲ့ သဘောပါပဲ။

စကားကျွံရင် နှုတ်မရဘူး ဆိုတာလိုပေါ့။ စေတနာပါပါနဲ့ လုပ်ခဲ့တဲ့ အလုပ်တွေမှာ ကံမြောက်ပြီးဖြစ်တဲ့အတွက် အကျိုးပေးဆိုတာ ရှိပါတယ်။ ကာယကံ၊ ၀စီကံ၊ မနောကံတွေနဲ့ လုပ်ခဲ့တဲ့ အလုပ်တွေမှာ စေတနာနဲ့ လုပ်ခဲ့ရင် အကျိုးသက်ရောက်မှုက ရှိနေမှာပါ။ ဒါကြောင့် စေတနာပါပါနဲ့ လိုလိုချင်ချင် ဆုတောင်းခဲ့တဲ့ ဆုတောင်းတွေကို ပြန်ရုပ်သိမ်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အဲဒီကံကို လွှမ်းမိုးနိုင်တဲ့ သူ့ထက်အင်အားကြီးတဲ့ ကံတွေကိုလုပ်ပြီး မှားခဲ့တဲ့ကံတွေ အကျိုးပေးခွင့် မသာအောင်တော့ လုပ်နိုင်ပါတယ်။ ဖြစ်ပါရစေဆိုတာကို မဖြစ်ပါရစေနဲ့လို့ ပြန်ပြီးဆုတောင်းတာဟာ ရှေ့ကကံကို နောက်ကကံနဲ့ လွှမ်းမိုးစေတာ ဖြစ်ပါတယ်။ ဆုတောင်းတာ မှားမှန်းသိတဲ့အချိန်ကစပြီး အဲဒီဆုတောင်းတွေကို မေ့နိုင်အောင် ကြိုးစားပြီး တစ်ခြားကုသိုလ်တွေနဲ့ လွှမ်းမိုးနိုင်အောင် ကြိုးစားရပါမယ်။ မှားပြီးဆုတောင်းခဲ့တဲ့ ကံအကျိုးပေး မလာနိုင်အောင် တစ်ခြားကံတွေနဲ့ အဆက်မပြတ် ထိမ်းသွားနိုင်မယ်ဆိုရင်တော့ ရနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကံအကျိုးပေးမှုတွေ ရောက်မလာနိုင်အောင် ကံကို ဉာဏ်နဲ့ဖြတ်ရပါမယ်။ အဲဒီဉာဏ်က အရိယာမဂ်ဉာဏ်ပဲ ဖြစ်ပါတယ်။ ကံတွေကို အကြွင်းမဲ့ ပယ်ဖြတ်နိုင်တာကတော့ ၀ိပဿနာ တရားအားထုတ်ပြီး အရိယာမဂ်နဲ့ ဖြတ်တဲ့နည်းဟာ အကောင်းဆုံး၊ အားအကြီးဆုံးပဲ ဖြစ်ပါတယ်။ ကောင်းတဲ့ကံပဲ ဖြစ်ဖြစ် မကောင်းတဲ့ကံပဲဖြစ်ဖြစ် စေတနာနဲ့ လုပ်မိရင် အကျိုးပေးမှုက ရှိနေမှာ ဖြစ်တဲ့အတွက် အဲဒီကံတွေကို ၀ိပဿနာဉာဏ်နဲ့ပဲ ဖြတ်နိုင်အောင် ကြိုးစားရပါမယ်။

ဒါဆိုရင် တခြားဒါနသီလ ကုသိုလ်တွေ လုပ်စရာမလိုဘဲ ၀ိပဿနာ အလုပ်ပဲ လုပ်ရမှာလားလို့ မေးစရာရှိပါတယ်။ တစ်ခြားကုသိုလ်တွေလည်း လုပ်ရပါမယ်။ အထူးသဖြင့် သီလကို လုံအောင်ထိန်းပြီး ဒါနကုသိုလ်၊ ဘာဝနာကုသိုလ်တွေ လုပ်ရပါမယ်။ လုပ်တဲ့အခါမှာသာ ခုနပြောသလို ဆုတောင်းတွေနဲ့ ချီနှောင်မှု မဖြစ်ဖို့လိုပါတယ်။ ၀ဋ်ကိုတောင့်တတဲ့ ကုသိုလ်မျိုး မဖြစ်စေဘဲ ၀ဋ်ကင်းပြတ်ရာ ကုသိုလ်မျိုး ဖြစ်အောင် လုပ်ရပါမယ်။ ၀ဋ်ကင်းပြတ်ဖို့အတွက် ကုသိုလ်လုပ်တိုင်း ဒီလုပ်တဲ့ကံတွေအပေါ်မှာ တွယ်တာမှု တဏှာမပါစေဘဲ ၀ဋ်ကင်းပြတ်ရာ နိဗ္ဗာန်ကို အထောက်အပံ့ဖြစ်စေလိုတဲ့ စေတနာ ရည်ရွယ်ချက်နဲ့ လုပ်ရပါမယ်။ ကိုယ်လုပ်တဲ့ ကံတွေအပေါ်မှာ လိုချင်မှုတွေ၊ တောင့်တမှုတွေ မဖြစ်စေဘဲ ကံကံရဲ့အကျိုးကို ယုံကြည်မှုနဲ့အတူ အစွဲကင်းတဲ့ ကံမျိုးဖြစ်အောင် လုပ်သင့်ပါတယ်။ ဒီလို လုပ်နိုင်မယ်ဆိုရင် ကံအကျိုးပေးမှုတွေရဲ့ ချယ်လှယ်မှုက ကင်းပြတ်နိုင်ပါတယ်။ ဒါကြောင့် ဆရာတော်များက ဘာကုသိုလ်ပဲ လုပ်လုပ် နိဗ္ဗာနဿ ပစ္စယော ဟောတု- နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ကောင်း ဖြစ်ပါစေလို့ နိဗ္ဗာန်ကို အာရုံပြုစေကြခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက မသိလို့ မှားခဲ့တဲ့ ဆုတောင်းအမှား ကံတရားတွေကို ပြန်လည်ရုပ်သိမ်းဖို့ မဖြစ်နိုင်ပေမယ့် အဲဒီကံတွေ အကျိုးပေးခွင့်မသာအောင် တစ်ခြားကံတွေနဲ့ လွှမ်းမိုးနိုင်အောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ဒီကံအကျိုးပေးတွေကို ပြတ်သွားအောင် ၀ိပဿနာအလုပ် အားထုတ်ပြီး ဖြတ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ အဲဒါဆိုရင် မှားခဲ့တဲ့ ဆုတောင်းအတွက် အကျိုးပေးမှု ရောက်မလာနိုင်တော့ပါဘူး။ အဲဒီလို မလုပ်နိုင်သေးရင်လည်း တစ်ခြား ကုသိုလ်ကောင်းမှုတစ်ခုခုကို အဆက်မပြတ် ပြုလုပ်နိုင်အောင် ကြိုးစားပြီး သေခါနီးအချိန်အထိ လက်ရှိဘ၀ လုပ်ခဲ့တဲ့ ကောင်းကံကို အာရုံပြုနိုင်မယ်ဆိုရင် သေပြီးဒုတိယဘ၀မှာ သေခါနီးဖြစ်တဲ့ စိတ်အစဉ်က အနီးဆုံး၊ အရင်ဆုံး အကျိုးပေးမှာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ပဲ ကံတစ်မျိုးကို ကံတစ်မျိုးနဲ့ လွှမ်းမိုးနိုင်အောင် လုပ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ကံတွေအပေါ် နောင်တဖြစ်နေတာထက် ကံတွေအားလုံး ပြတ်စေနိုင်တဲ့ တရားဘာဝနာ ပွားများအားထုတ်ပြီး ကံတွေကို ဖြတ်နိုင်အောင် ကြိုးစားတာက ပိုကောင်းတဲ့အတွက် ကံကိုဝိပဿနာဉာဏ်နဲ့ပဲ ဖြတ်နိုင်အောင် ကြိုးစားကြဖို့ အကြံပြု တိုက်တွန်းလိုက်ပါတယ်။ မသိလို့မှားပြီး ဆုတောင်းခဲ့တာတွေကို သိလိုက်တဲ့အချိန်က စပြီး ၀ဋ်ကင်းပြတ်လိုတဲ့ စိတ်စေတနာနဲ့ပဲ ကုသိုလ်ကောင်းမှုကို လုပ်ဖို့ကြိုးစားပါလို့ အကြံပြုလိုက်ပါတယ်။

Read more »

မိန်းမဘ၀မှ လွန်မြောက်ချင်ရင်…

Q. အရှင်ဘုရားကို မေးခွန်းတစ်ခုလောက် မေးချင်နေမိတာ ဘယ်မှာ မေးရမှန်းမသိလို့ ဒီcomment မှာပဲ မေးလိုက်ပါတယ်ဘုရား....။ တပည့်တော် သူငယ်ချင်း မိန်းခလေး တစ်ယောက်က နောက်ဘဝမှာ ယောကျာ်းလေး အရမ်းဖြစ်ချင်နေပါသည် ဘုရား၊ အဲဒါ ဒီဘဝမှာ ဘာကောင်းမှု ကုသိုလ်ကို အလေးပေး လုပ်ဆောင်ရမယ်ဆိုတာကို ကရုဏာရှေ့ထား ဖြေကြား ပေးတော်မူပါဘုရား.....။
ကိုဗညား(ခေတ္တ စင်ကာပူ)

A. ဒကာတော်ရေ… မေးချင်တဲ့ မေးခွန်းလေးတွေကို ဒီစာမျက်နှာရဲ့ ဆက်သွယ်ရန်မှာ ဖော်ပြထားတဲ့ အီးမေးလ်မှပဲ ဖြစ်ဖြစ်၊ ဒီစာမျက်နှာရဲ့ အောက်ဆုံးမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍမှာပဲ ဖြစ်ဖြစ် မေးမြန်းနိုင်ပါတယ်။ အချိန်ရရင် ရသလို ဖြေပေးသွားပါမယ်။ အခု ဒကာတော်မေးတဲ့ မေးခွန်းကို ဖြေကြားပေးရမယ်ဆိုရင် အင်္ဂုတ္တရပါဠိတော် သံယောဂသုတ်မှာ ဟောကြားထားတဲ့ တရားတော်ကိုပဲ ကိုးကား ဖြေကြားပေးပါမယ်။ ဒီသုတ်တော်မှာ မိန်းမအဖြစ်၊ ယောက်ျားအဖြစ်မှ လွန်မြောက်နိုင်တဲ့ အချက်တွေကို ဖော်ပြထားပါတယ်။ တကယ်လို့ အမျိုးသမီးတစ်ယောက်ဟာ ကိုယ့်ရဲ့မိန်းမ ဘ၀ကို မလိုချင်ဘူး ဒီဘ၀ကနေ လွန်မြောက်ချင်တယ်ဆိုရင် ကိုယ့်သန္တာန်မှာ ရှိနေတဲ့ မိန်းမဣနြေ္ဒ၊ မိန်းမအမူအရာ၊ မိန်းမအသွင်အပြင်၊ မိန်းမမာန၊ မိန်းမအလိုဆန္ဒ၊ မိန်းမအသံ၊ မိန်းမအ၀တ်တန်ဆာတွေ အပေါ်မှာ တပ်မက်တဲ့ တဏှာဆန္ဒနဲ့ နှလုံးမသွင်းဖို့ လိုသလို မိန်းမတစ်ယောက်အနေနဲ့ ယောက်ျားတစ်ယောက်အပေါ်မှာ ဖြစ်တတ်တဲ့ အဲဒီယောက်ျားရဲ့ ဣနြေ္ဒ၊ အမူအရာ၊ အသွင်အပြင်၊ မာန၊ အလိုဆန္ဒ၊ အသံ၊ အ၀တ်တန်ဆာ စတာတွေနဲ့ ပတ်သက်ပြီး တွယ်တာတပ်မက်မှု မရှိဖို့လိုပါတယ်။ အဲဒီအချက်တွေကို မဖြစ်အောင်ကြိုးစားပြီး ဘယ်လိုကုသိုလ်မျိုးပဲ ဖြစ်ဖြစ် ကုသိုလ်လုပ်တိုင်းလုပ်တိုင်း ယောက်ျားဘ၀ကို ရလိုတဲ့ ဆန္ဒဆုတောင်းနဲ့ လုပ်မယ်ဆိုရင် ကောင်းမှုကုသိုလ်ဟာ တောင်းတတဲ့အတိုင်း ဖြစ်ပေါ်စေမှာ ဖြစ်တဲ့အတွက် လိုချင်တဲ့ ယောက်ျားဘ၀ကို ရနိုင်ပါတယ်။ အဓိကကတော့ ရရှိထားတဲ့ မိန်းမဘ၀အပေါ်မှာ ကျေနပ်နှစ်သက် စွဲလန်းတပ်မက်မှု မဖြစ်ဖို့ရယ် ဒီလိုမိန်းမဘ၀ကို ကျေနပ်နေမှုနဲ့ ယောက်ျားတစ်ယောက်အပေါ်မှာ မိန်းမတစ်ယောက်က တပ်မက်စွဲလန်းတတ်တဲ့ စွဲလန်းနေမှုမျိုး မဖြစ်ဖို့ လိုပါတယ်။ ရရှိထားတဲ့ ဘ၀အပေါ်မှာ တပ်မက်နှစ်သက်နေရင် နောက်ထပ်တစ်ခါ ဒီဘ၀မှာပဲ ပြန်လည်ဖြစ်တတ်တဲ့ ဘ၀တဏှာက ရှိနေတဲ့အတွက် မိန်းမဘ၀ကို မလိုချင်ရင် မိန်းမနဲ့ပတ်သက်တာတွေအပေါ် မတပ်မက်ဖို့ပဲ ဖြစ်ပါတယ်။

ဒါက မေးသူရှိလို့ ဘုန်းဘုန်းအနေနဲ့ ဖြေပေးလိုက်ရတာ ဖြစ်ပါတယ်။ တကယ်တော့ သံသရာနဲ့ ယှဉ်ကြည့်ရင် ဘယ်လိုဘ၀မျိုးမှ မကောင်းပါဘူး။ ယောက်ျားဘ၀မှာလည်း ဒုက္ခတွေနဲ့ ကြုံတွေ့နေရမှာ ဖြစ်သလို မိန်းမဘ၀မှာလည်း ဆင်းရဲဒုက္ခတွေနဲ့ ကြုံတွေ့နေရမှာ ဖြစ်ပါတယ်။ ဘ၀ကိုဖြတ်နိုင်မှ ဒီဘ၀တွေရဲ့ ဒုက္ခမှ လွတ်မြောက်နိုင်မှာ ဖြစ်ပြီး ဘ၀ကင်းရာ နိဗ္ဗာန်ကို ရောက်နိုင်မှာဖြစ်ပါတယ်။ ဘ၀ကို လိုချင်တပ်မက်နေသမျှ ရလာတဲ့ဘ၀မှာ ဒုက္ခပေါင်းစုံ၊ ကိလေသာအစုံနဲ့ တစ်ခါပြန်ပြီး ကျင်လည်ကြရဦးမှာ ဆိုတာ သတိပြုစေချင်ပါတယ်။ အကောင်းဆုံးကတော့ မိန်းမဘ၀ပဲ ဖြစ်ဖြစ်၊ ယောက်ျားဘ၀ပဲ ဖြစ်ဖြစ် လက်ရှိရထားတဲ့ ဘ၀မှာ နောက်ထပ်ပြန်ပြီး ဘ၀မဖြစ်ရေး ကြိုးစားလိုက်ခြင်းကသာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ လက်ရှိရထားတဲ့ ဘ၀အရ မိန်းမဘ၀ဟာ အရာရာ အခက်အခဲတွေ ရှိနေတတ်ပေမယ့် နိဗ္ဗာန်ရရေး၊ ကိလေသာကုန်ရေးမှာတော့ မိန်းမဖြစ်လို့ ကိလေသာ မကုန်ရဘူး၊ နိဗ္ဗာန်မရနိုင်ဘူးဆိုတာ မရှိပါဘူး။ မိန်းမဘ၀မှာပဲ ကိလေသာကုန်အောင် ကြိုးစားအားထုတ်နိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင်တော့ နောက်ထပ် ဘယ်လိုဘ၀မျိုးကိုမှ တောင့်တမနေတော့ဘဲ အခုဘ၀မှာပဲ လွတ်မြောက်ရာလမ်းကို ကြိုးစားရှာဖွေတာက အကောင်းဆုံးပဲလို့ အကြံပြုလိုပါတယ်။ အင်း… ဘာပဲဖြစ်ဖြစ် နောက်ဘ၀တွေမှာ ယောက်ျားဘ၀ကိုပဲ ရချင်နေတယ်ဆိုရင်တော့ ခုနပြောခဲ့တဲ့ အချက်တွေနဲ့အညီသာ ကြိုးစားကြည့်ပါလို့ ဖြေကြားပေးလိုက်ပါတယ်။

Read more »

Live Questions and Answers (3)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။

22 Apr 10, 01:50 PM
Reader:
နာနာဘာဝ ဝိနာဘာဝ ဆိုတာ ဘာကို ဆိုလိုပါသလဲဘုရား။ ဝေမာနိက ပြိတ္တာများကို ဆိုလိုတယ်လို့ ထင်ခဲ့တာ ပါဠိအဓိပ္ပာယ်က ဒီလို မထွက်ဘူးလို့ သိရလို့ အမှန်ကို သိလိုပါတယ်ဘုရား…

22 Apr 10, 03:00 PM
မနာပဒါယီ>>> Reader:
နာနာဘာဝ ၀ိနာဘာဝဆိုတာ သေကွဲရှင်ကွဲ ကွဲကွာခြင်းကို ဆိုပါတယ်။ ပါဠိတစ်ပုဒ်ချင်းရဲ့ အဓိပ္ပါယ်က နာနာဘာဝဆိုတာ အသီးအသီးဖြစ်ခြင်း၊ ဇာတိအားဖြင့် အထူးထူးအပြားပြား ဖြစ်ခြင်း၊ အရပ်တစ်ပါး ဝေးကွားသွားသဖြင့် ကွေကွင်းရခြင်းလို့ အဓိပ္ပါယ်ရပြီး ၀ိနာဘာဝဆိုတာ ကင်း၍ဖြစ်ခြင်း၊ သေဆုံးသွားသဖြင့် ကွေကွင်းရခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် သေကွဲရှင်ကွဲ ကွဲကွာခြင်းကို ပါဠိလို နာနာဘာဝ ၀ိနာဘာဝလို့ ဆိုတာ ဖြစ်ပါတယ်။

23 Apr 10, 10:45 PM
ကိုမြင့်မောင်:
အရှင်ဘုရား.တပည့်တော်ရွာပြန်တုန်းက သီလရှင်တွေတင်လာတဲ့ကားကို တားစီးမိပါတယ်ဘုရား။ အထဲမှာ သီလရှင်တွေပြည့်နေလို့ အပေါ်တက်ခိုင်းလို့ တက်ထိုင်ပြီး လိုက်ခဲ့တယ်။ အဲဒီအတွက် အကုသိုလ် ဖြစ်ပါသလား ဘုရား...
23 Apr 10, 11:35 PM
မနာပဒါယီ>>> ကိုမြင့်မောင်
:
အကုသိုလ်ဖြစ်မဖြစ်ဆိုတာ ကိုယ့်ရဲ့စိတ်စေတနာ အပေါ်မှာ မူတည်ပါတယ်။ ခရီးသွားတာဖြစ်တဲ့အတွက် အခြေအနေအရ ဆရာလေးတွေစီးလာတဲ့ ကားအပေါ်တက်ထိုင်လိုက်ရတာ ဖြစ်ပေမယ့် စော်ကားလိုတဲ့ စေတနာ မရှိတဲ့အတွက် အကုသိုလ် မဖြစ်ပါဘူး။ အဓိကကတော့ ကိုယ့်ရဲ့ စိတ်စေတနာပါပဲ။ အပေါ်အောက်ဆိုတာတွေကတော့ တစ်ခါတစ်လေ ဘုန်းကြီးတွေလည်း ဖြစ်တတ်ပါတယ်။ လေးငါးထပ်ရှိတဲ့ တိုက်တွေကို ဆွမ်းခံကြွတဲ့အခါ ဆွမ်းစားကြွတဲ့ အခါတွေမှာ လူတွေက အပေါ်ထပ်မှာ ရှိနေတာတွေ၊ ကိုယ့်အထပ်နဲ့ကိုယ် ဘုရားစင်လေးတွေ လုပ်ထားတဲ့အတွက် အပေါ်ထပ်ကလူတွေက အောက်ထပ် ဘုရားစင်တွေပေါ်မှာ ရှိနေတာတွေ စသဖြင့် အများကြီးပါ။ နောက်ဆုံးကောက်ချက်ချဖို့က ကိုယ့်ရဲ့စိတ်စေတနာနဲ့ပဲ ကောက်ချက်ချ ဆုံးဖြတ်ရမှာပါ။ စေတနာ မပါတဲ့ လုပ်ရပ်ဟာ ကံမမြောက်ပါဘူး။ ကံမမြောက်ရင် အကျိုးပေးလည်း မရှိပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကို ပြန်စစ်ပြီး စေတနာဆိုးနဲ့ ဟုတ်မဟုတ် သုံးသပ်ကာ စိတ်အစဉ်ကို သက်သာအောင် လေ့ကျင့်ပါလို့ အကြံပြုပါတယ်..

24 Apr 10, 10:15 AM
Jaram:
ဒုလ္လဘ ဝတ်ပေးလိုက်တဲ့ သားက သာသနာ့ဘောင်ထဲမှာ ဝိနည်းနဲ့မလျော်တာတွေ ပြုမူပျော်ပါးနေတယ် တိုင်ကြားခံရလို့ သားကို ဇွတ်လူဝတ်လဲစေရင် မိဘ အပြစ်ရှိပါသလားဘုရား။
24 Apr 10, 02:08 PM
မနာပဒါယီ>>> Jaram:
သာသနာတော်မှာ သာသနာ့တာဝန်ကို ကောင်းစွာထမ်းဆောင်နေတဲ့ ရဟန်းတော်တစ်ပါးပါးကို လူထွက်အောင် လုပ်ဆောင်ရင်တော့ အပြစ်ဖြစ်နိုင်ပေမယ့် ဒီလို ကိုယ့်သားတစ်ယောက်အပေါ်မှာ သူရဲ့ လုပ်ရပ်တွေအတွက် ပိုပြီးအပြစ်မကြီးစေဖို့၊ ပြီးတော့ သူ့ကို အမှီပြုပြီး သာသနာတော် မညှိုနွမ်းစေဖို့ စတဲ့ စေတနာ ရည်ရွယ်ချက်ကောင်းများနဲ့ လူထွက်စေတယ်ဆိုရင် အပြစ်မကြီးနိုင်ပါဘူး။ ဒါပေမယ့် သေချာစုံစမ်းပြီး ဆုံးဖြတ်လုပ်တတ်ဖို့လိုပါတယ်။ သာသနာ့ဘောင် ရောက်နေတဲ့အတွက် ဆရာဥပဇ္ဈာယ်ရဲ့ ညွှန်ကြားမှုလည်း ခံယူဖို့လိုပါတယ်။ သေးငယ်တဲ့၊ အာပတ်ဖြေရင် ပျောက်မယ့် ၀ိနည်းသိက္ခာပုဒ် သေးသေးလေးတွေနဲ့ မညီညွတ်တာကြောင့် အတင်းလူဝတ်လဲ စေတာမျိုးဆိုရင်တော့ နောင်တစ်ချိန် အကျင့်အားကောင်းသွားမှုတွေ ရှိတတ်တဲ့အတွက် သေချာတိုင်ပင် စဉ်းစားဖို့တော့လိုပါတယ်။ အဲလိုမှမဟုတ်ဘဲ ကိုယ့်သားဟာ တကယ့်ကိုပဲ သာသနာတော်မှာ ကြီးမားတဲ့ ၀ိနည်းသိက္ခာပုဒ်တွေ ကျူးလွန်ပြီးနေတာဆိုရင်တော့ သူ့သံသရာ ကောင်းစေရေးကို ရေးရှုတဲ့ စိတ်နဲ့လူထွက်စေတာမှာ အပြစ်မရှိနိုင်ပါဘူး။ တစ်ခါတစ်လေ ကိုယ့်သားလေး ရဟန်းဝတ်နဲ့ မြင်နေရရင်ပြီးရော သူဘာလုပ်လုပ် နေပါစေလို့ လွှတ်ထားလိုက်ရင် သူ့အတွက်လည်း ပိုပြီးအပြစ်ကြီးသလို ရဟန်းဝတ်နဲ့ အပြစ်တွေလုပ်နေတာကို သိနေရတဲ့ ကိုယ်ကိုယ်တိုင်လည်း စိတ်ချမ်းသာမှာ မဟုတ်ပါဘူး။ ဒါကြောင့် လူ့ဝတ်ကြောင်နဲ့ ကိုယ့်သားသမီးဆို ကိုယ်ကိုယ်တိုင် ရိုက်ပုတ်ဆုံးမလည်း လိုသလို ပြုပြင်ကြည့်နိုင်လို့ ရတဲ့အတွက် ဒီလို သူ့အတွက်လည်း အကျိုးမရှိ၊ မိဘတွေအတွက်လည်း အကျိုးမရှိ၊ သာသနာတော် အတွက်လည်း အကျိုးမရှိတဲ့ သားမျိုးဆို လူထွတ်စေတာ အကောင်းဆုံးပါပဲ။ ပိုပြီးကြီးလေးတဲ့ အပြစ်တွေ မဖြစ်စေဖို့ဆိုတဲ့ စေတနာနဲ့ ဇွတ်အတင်း လူထွက်စေတာဖြစ်လို့ ဒီအတွက် အပြစ်မဖြစ်ပါဘူးလို့ပဲ ဖြေကြားလိုပါတယ်။

Read more »

အစားလုပ်ပေးလို့ ရ/မရ…

Q. ဘုန်းဘုန်းဘုရား…
တပည့်တော်ရဲ့ အခန်းဖော်တစ်ယောက်ကို တစ်ခါမှ ဘုရားရှိခိုးတာ မတွေ့လို့ ဘုရားရှိခိုးဖို့ ပြောတဲ့အခါ သူက “သူ့အနေနဲ့ အရမ်းပင်ပန်းလို့ မရှိခိုးနိုင်ကြောင်း၊ သူ့အတွက် အိမ်ကသူတွေက လုပ်ပေးကြောင်း” အကြောင်းပြ ပြောဆိုပါတယ်။ အဲဒါ သူပြောတဲ့အတိုင်း ကုသိုလ်ကောင်းမှုကို အစားလုပ်ပေးလို့ ရ၊ မရ သိချင်ပါတယ်ဘုရား။ ကျေးဇူးပြု၍ ဖြေကြားပေးတော်မူပါဘုရား…။ ဘုန်းဘုန်း ကျန်းမာချမ်းသာပါစေ…
(သိလိုသူ)

A. သိလိုသူရေ… ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာဟာ လက်တွေ့ကျင့်ကြံ အားထုတ်မှုကို အဓိကထားတဲ့ ဘာသာဖြစ်တဲ့အတွက် အစားထိုးလုပ်ပေး၊ အစားထိုးခံပေးလို့ မရပါဘူး။ ကိုယ်လုပ်မှကိုယ်ရ၊ ကိုယ်ကျင့်မှ ကိုယ်ရတဲ့ ဘာသာဖြစ်သလို၊ ကိုယ်ဖြစ်ရင်လည်း ကိုယ်ခံရတဲ့ ဘာသာဖြစ်ပါတယ်။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်လည်း အစားထိုးခံယူပေး၊ သတ္တ၀ါတွေရဲ့ အပြစ်ကို တန်ခိုးတော်နဲ့ ချေဖျက်ပေး၊ ကယ်တယ်မဆပေးတဲ့ ကယ်တင်ရှင်မဟုတ်ပါဘူး။ ဘုရားရှင်တော်တိုင် ဒါက ကုသိုလ်၊ ဒါက အကုသိုလ်၊ ဒါကိုရှောင်၊ ဒါကိုဆောင် စသဖြင့် နည်းလမ်းကိုသာ ညွန်ပေးနိုင်တဲ့ လမ်းညွန်ပဲ ဖြစ်ပါတယ်။ အားလုံးက ကိုယ်ကိုယ်တိုင် လုပ်ဆောင်ကျင့်ကြံမှပဲ ရနိုင်ပါတယ်။

ပိုပြီး ရှင်းအောင် ပြောရရင် ဗုဒ္ဓဘာသာရဲ့ ကုသိုလ်တရားများမှာ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်လို့ သုံးမျိုးရှိတဲ့အထဲမှာ ဒါနကုသိုလ်လို ကုသိုလ်မျိုးကတော့ သူများကို ကိုယ်က လှူဖွယ်ဝတ္ထုပေးပြီး အစားလှူဒါန်းခိုင်းတာ၊ သူများလှူတာကို စိတ်စေတနာမှန်နဲ့ ၀မ်းမြောက်နုမော် သာဓုခေါ်တာ စတာတွေအတွက်တော့ အထိုက်အလျောက် ကုသိုလ်ဖြစ်စေ၊ ကုသိုလ်ရစေနိုင်ပေမယ့် ကိုယ်တိုင်ကျင့်ကြံရမယ့် သီလသိက္ခာပုဒ်မျိုး၊ နိဗ္ဗာန်အထိ ရောက်စေနိုင်၊ ကိလေသာ ငြိမ်းစေနိုင်တဲ့ ဘာဝနာကုသိုလ်မျိုးကတော့ သူများက အစားထိုး လုပ်ပေးလို့ မရပါဘူး။ ကိုယ်ကိုယ်တိုင် လက်တွေ့လိုက်နာ ကျင့်ကြံနိုင်မှသာ ရနိုင်ပါတယ်။ ကိုယ်ကိုယ်တိုင် ကာယကံမြောက်၊ ၀စီကံမြောက်၊ မနောကံမြောက် လုပ်မှရမယ့် ကုသိုလ်မျိုးကို ကံမြောက်အောင် လက်တွေ့လုပ်ပေးနိုင်မှ အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။ ဘုရားရှိခိုးခြင်း၊ တရားထိုင်ခြင်း စတာတွေဟာ လက်တွေ့ ကံမြောက်အောင် လုပ်ကြရတာတွေ ဖြစ်လို့ လက်တွေ့လုပ်ဖို့ လိုပါတယ်။ ဒါကြောင့် အကျင့်တရားပိုင်းဆိုင်ရာ၊ ကျင့်ယူမှ ရနိုင်မယ့် ကုသိုလ်တရား ဆိုင်ရာများကတော့ အိမ်ကလူတွေက ဘယ်လောက်ပဲ လုပ်ပေးလုပ်ပေး သူတို့လုပ်တာ သူတို့အတွက်ပဲ ဖြစ်တဲ့အတွက် အဲဒီလို လက်တွေ့ကျင့်ကြံမှုများကို ကိုယ်လိုချင်ရင်၊ ကိုယ်ရချင်ရင်တော့ ကိုယ်ကိုယ်တိုင်ပဲ လက်တွေ့လိုက်နာ ကျင့်သုံးကြဖို့လိုကြောင်း အသိပေး ဖြေကြားပေးလိုက်ပါတယ်။

Read more »

Live Questions and Answers (2)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။

24 Feb 10, 04:50 AM
ဆင်ပေါက်
တပည့်တော် ပညာရည်ချွန်ဆုတွေ ရခဲ့တဲ့ ကျောင်းသားဘ၀ကနေ စာတွေမကျက်နိုင် အာရုံမစိုက်နိုင် ဖြစ်လာပြီး စာမေးပွဲတွေ ကျကျလာပါတယ်ဘုရား။ မူးယစ်ဆေးတွေလဲ မသုံးပါဘူး။ အရက်လဲ မသောက်ပါ။ ဆရာဝန်နဲ့ ဆွေးနွေးတော့ တပည့်တော် ဦးနှောက်ရှေ့ပိုင်းက ဓာတုပစည်းတွေ မညီးမျှလို့၊ အားနည်းလို့ ဖြစ်ရတယ်လို့ သိရပါတယ်။ တပည့်တော် ကုသိုလ်ကောင်းမှူတွေ မျိုးစုံပြုပြီး တရားထိုင်ခြင်း သစာဆိုခြင်းများနဲ့ ဘုရားကု ကုတာ သက်သာလာပြီး အံ့ဖွယ်ကောင်းအောင် ထူးခြားလာပါတယ်။ ဒါပေမယ့် အရှင်းပျောက်ချင်လို့ နည်းရှိရင် ပေးသနားပါဘုရား…
24 Feb 10, 05:33 PM
မနာပဒါယီ>>>ဆင်ပေါက်
တရားဂုဏ်တော် ၆ပါးမှာ သန္ဒိဋ္ဌိကဂုဏ်တော် ဆိုတာရှိပါတယ်။ ကိုယ်တိုင်ဒိဋ္ဌမျက်မြင် သိမြင်နိုင်တဲ့ ဂုဏ်တော်ပါ။ ယုံယုံကြည်ကြည် လေးလေးစားစားနဲ့လုပ်ရင် အကျိုးသက်ရောက်မှု ရှိပါတယ်။ ဒါပေမယ့် ရုပ်တရားရဲ့ ဖောက်ပြန် ပျက်ဆီးမှုကို မပျက်ဆီးဖို့အတွက်ကတော့ ဒီခန္ဓာကြီး နောင်ထပ်တစ်ဖန် ပြန်မဖြစ်တော့မှပဲ ပြီးမှာပါ။ အာသဝေါ ကုန်ခမ်း ရဟန္တာဖြစ်မှပဲ အကြွင်းမဲ့ငြိမ်းနိုင်မှာပါ။ အနာရောဂါတစ်ခုဟာ ရုပ်တရားကို ပိုင်ဆိုင်ထားသမျှ အရှင်းပျောက်ဖို့ မလွယ်ပါဘူး။ ဒီတစ်ခုပျောက်သွားလည်း နောက်တစ်ခု ထပ်ပေါ်လာဦးမှာပါပဲ။ အထိုက်အလျောက် သက်သာမှုလောက်ကိုပဲ ဖြစ်စေနိုင်ပါတယ်။ လက်ရှိအသက်ရှင်စဲ အခိုက်မှာ အထိုက်အလျောက် သက်သာချင်ရင်တော့ ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ အကြောင်းတရားလေးပါးကိုပဲ ညီညွတ်အောင် နေထိုင်စောင့်ရှောက်ရပါမယ်။ အတိတ်ကံရဲ့ အကျိုးပေးမှုက အားကြီးနေပြန်ရင်လည်း ခံရတတ်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် အခုလို အခြေအနေမျိုးမှာပဲ ကိုယ့်ကိုယ်ကို ဘာသာတရားအဆုံးအမများ၊ သမထ၊ ၀ိပဿနာ အလုပ်များနဲ့ တတ်နိုင်သမျှ နေနိုင်အောင် ကြိုးစားပြီး ရုပ်ရှိလို့ ဝေဒနာရှိတဲ့အပေါ်မှာ စိတ်ဝေဒနာမဖြစ်အောင်သာ ပေါ်လာသမျှ ဝေဒနာကို ၀ိပဿနာနဲ့ ကုစားကြည့်ပါလို့ အကြံပြုလိုပါတယ်။

26 Feb 10, 09:27 PM
ခွန်ထူး
စရိုက်နဲ့ သင့်လျော်တဲ့ ကမ္မဋ္ဌာန်း ပွားရာမှာ သတိပဌာန်တရား လေးပါးကိုကော ပွားလို့ ရပါသလား ဘုန်းဘုန်း။ နောက်တစ်ခုက အဖေမမာလို့ ဆေးကုဖို့ ပို့တဲ့ငွေတွေကို မသိနားမလည်တဲ့ မိခင်က ဆေးဖိုး ခွဲစိတ်ဖိုးအတွက် မသုံးဘဲ လက်ဝတ်လက်စား ၀ယ်စု ငွေကို သိမ်းထား လုပ်နေရင် ဖခင်အသက် ကယ်နိုင်အောင် အမေ့ဆီက ပြန်ခြိမ်းခြောက် လုယူရင် ငရဲကြီးပါသလား ဘုန်းဘုန်းဘုရား…
27 Feb 10, 01:26 AM
မနာပဒါယီ>>>ခွန်ထူး
သတိပဋ္ဌာန်ဝိပဿနာ တရားကို ပွားများနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ၀ိပဿနာအလုပ်က ကိလေသာတရားကို အပြီးပယ်သတ်နိုင်ပေမယ့် ကမ္မဋ္ဌာန်းကတော့ အားထုတ်စဲအခိုက်မှာပဲ ကိလေသာတွေကို ငြိမ်သက်အောင် လုပ်ပေးနိုင်ပါတယ်။ တစ်ချို့က ၀ိပဿနာ အားထုတ်နေပေမယ့် သတိကို ကောင်းကောင်းမနိုင်ကြသေးတော့ အတိတ်ရဲ့ ကြမ်းတမ်းတဲ့ စရိုက်တွေက ပေါ်ပေါ်နေတတ်တယ်လို့ ဆိုပါတယ်။ အဲဒီလို သူတွေအနေနဲ့ ၀ိပဿနာ အားထုတ်ရင်း တစ်ဘက်ကလည်း ကိုယ့်စရိုက်နဲ့ သင့်လျော်မယ့် ကမ္မဋ္ဌာန်းတစ်ခုခုကို ပွားဖို့ပြောတာပါ။ နောက်တစ်ချက်က ကမ္မဋ္ဌာန်းကို နိုင်အောင်ပွားပြီး ၀ိပဿနာပိုင်းကို ကူးရင်လည်း ရပါတယ်။ ဖားအောက်ဆရာတော်ကြီးကတော့ ကမ္မဋ္ဌာန်းကို နိုင်အောင်ပွားစေပြီးမှ ၀ိပဿနာကို ကူးပြောင်းအားထုတ်စေတယ်လို့ ဆိုပါတယ်။
အင်း...နောက်မေးခွန်းကတော့ အဖေနဲ့အမေကြားမှာ ဖြစ်နေတော့ အပြစ်မဖြစ်အောင် သတိပြုရပါမယ်။ အဖေ့အတွက် ကောင်းစေချင်တဲ့ စေတနာဆိုပေမယ့် အမေကို ခြိမ်းခြောက်တဲ့အထိတော့ မလုပ်သင့်ပါဘူး။ ခြိမ်းခြောက်ပြီဆိုကတည်းက အမူအရာတွေက ကြမ်းတမ်းရပါတော့တယ်။ ကိုယ်အမူအရာ၊ နှုတ်အမူအရာတွေက စိတ်မှာမပါပေမယ့် ကာယကံဝစီကံတွေနဲ့ အပြစ်ဖြစ်စေနိုင်ပါတယ်။ အကောင်းဆုံးကတော့ အသင့်လျော်ဆုံးနည်းလမ်းရှာပြီး အမေ့ကို နားလည်အောင် ပြောဆိုရယူတာက အကောင်းဆုံးပါပဲ။ အဖေနဲ့အမေရဲ့ အခြေအနေက ဘယ်လိုရှိတယ်ဆိုတာ မသိနိုင်ပေမယ့် အဖေ့အတွက်လုပ်ပေးတာကို အမေနားလည်အောင် ပြောပြီးလုပ်စေချင်ပါတယ်။ ကိုယ့်ပစ္စည်းနဲ့ ကိုယ်အပြစ်မဖြစ်အောင် သတိပြုရပါမယ်။

1 Mar 10, 01:32 AM
Kyaw
တပည့်တော် စားချိန်သောက်ချိန် မမှန်လို့ ဥပုသ်စောင့်မရဘူး ဖြစ်နေတယ်။ ဥပုသ်စောင့်နိုင်အောင် ဘယ်လို စိတ်ကို အကျင့်လုပ်ရမလဲဘုရား…ပြီးတော့ တမင်ရည်ရွယ်သတ်တဲ့ အသားနဲ့ မြင်သားကြားသား မစားကောင်းဘူးဆိုရင် ဈေးထဲက အသားတွေက လူတွေစားဖို့ သတ်ဖြတ်ထားတာဆိုတော့ စားလိုရ ရပါသလားဘုရား…
1 Mar 10, 05:53 AM
မနာပဒါယီ>>>Kyaw
ဥပုသ်ကို နေ့တိုင်းစောင့်ချင်တာဆိုရင် အစားအသောက် အချိန်မမှန်တဲ့အတွက် အခက်အခဲ ဖြစ်စေနိုင်ပါတယ်။ ကျန်းမာရေးကိုလည်း ထိခိုက်နိုင်ပါတယ်။ နေ့တိုင်းမဟုတ်ဘဲ ဥပုသ်နေ့ တစ်ရက်လောက်ပဲဆိုရင်တော့ အတတ်နိုင်ဆုံး နေမွန်းမတည့်ခင် စားနိုင်အောင် ကြိုးစားပြီး စောင့်ကြည့်ပေါ့။ တကယ့်ကို စိတ်အားထက်သန်လို့ စောင့်ချင်တယ်ဆိုရင် အစားအသောက်အပေါ် သီးခံနိုင်ပါလိမ့်မယ်။ ထမင်းအသက် (၇)ရက်လို့ ဆိုတာကိုး။ တစ်နေ့ တစ်ထပ်တည်း ဘုဉ်းပေးတဲ့ ဆရာတော်ကြီးတွေတောင် ရှိတယ်ဆိုတော့ ဥပုသ်နေ့ တစ်ရက်ကို မနက်ပိုင်းမှာ ထမင်းစာချိန်လေးလောက်တော့ အချိန်ယူကာ စားသောက်ပြီး စောင့်ကြည့်လိုက်ပေါ့။ သီလစောင့်တဲ့အတွက် သီလက ပြန်စောင့်ရှောက်ပါတယ်။
အသားစားတာနဲ့ ပတ်သက်ပြီး မြင်သား၊ ကြားသားဆိုတာ ဈေးတွေမှာ ရောင်းနေတဲ့ အသားမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ့်အတွက် ရည်ရွယ်ပြီး သတ်နေတာကို မျက်စိနဲ့ တိုက်ရိုက်မြင်တဲ့အသား၊ ကိုယ့်အတွက် သတ်တာကို နားနဲ့တိုက်ရိုက် ကြားရတဲ့အသားမျိုးကို ဆိုလိုတာဖြစ်ပြီး ကိုယ့်စားမယ့်အသားမှာ ကိုယ့်ရဲ့ပယောဂ မကင်း၊ ကိုယ်နဲ့မြင်ခြင်းကြားခြင်း မကင်းတဲ့ အသားမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဈေးတွေမှာ အဆင်သင့်ရောင်းတဲ့ အသားမျိုးကတော့ ကိုယ်နဲ့တိုက်ရိုက်မပတ်သက်တဲ့အပြင် ကိုယ့်ပယောဂလည်း မပါတဲ့အတွက် စားကောင်းပါတယ်။ သတ်ရောင်းတဲ့သူအနေနဲ့သာ သူ့အကုသိုလ်အပြစ် သူခံရမှာဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်က သွားပြီးသတ်ခိုင်းတာ ပြီးတော့ ကိုယ့်အတွက် ကိုယ့်မျက်စိရှေ့မှာ၊ ကိုယ်ကြားလောက်ရာ အရပ်မှာ သတ်တာမျိုးဆိုရင်တော့ ဒီလို အသားမျိုးကို မစားကောင်းပါဘူး။

2 Mar 10, 06:52 AM
me
အရှင်ဘုရား...အမဲသားစားတာဟာ အမိအဖအသားကိုစားတာနဲ့ အတူတူပဲဆိုပြီး လူတွေပြောတာ ကြားဖူးပါတယ်။ အဲဒါဟုတ်ပါသလားဘုရား?
2 Mar 10, 07:50 AM
မနာပဒါယီ>>>me
မဟုတ်ပါဘူး။ နွားတွေကို သနားလို့ နွားသားမစားရအောင်၊ တောင်ယာလုပ်ငန်းအများစုမှာ နွားတွေကိုပဲ အသုံးပြုနေရတဲ့အတွက် ကျေးဇူးရှင်ဖြစ်တဲ့ နွားတွေကို ခိုင်းလည်းခိုင်းတယ်၊ ပြီးတော့ အသားကိုလည်း စားတယ်ဆိုတာ အကြင်နာတရား ခေါင်းပါးလှတဲ့အတွက် လူတွေအနေနဲ့ အမဲသား မစားရအောင် အမျိုးမျိုး ဥပမာပေးပြီး ပြောကြတာ ဖြစ်နိုင်ပါတယ်။ လယ်တီဆရာတော်ကြီးကိုယ်တော်တိုင် နွားမေတ္တာစာရေးပြီး အမဲသား မစားကြဖို့ မြန်မာနိုင်ငံ အနံ့အပြား လှည့်လည်တရား ဟောခဲ့ပါသေးတယ်။ အမဲသားစားတာဟာ အမိအဖ အသားကို စားတာနဲ့ အတူတူပဲဆိုတာ ဒီလိုလူတွေအတွက် ကျေးဇူးများတဲ့ နွားသားကို မစားဖြစ်အောင် အကြောက်တရားနဲ့ ဥပမာပေး ပြောဆိုတာ ဖြစ်နိုင်ပါတယ်။

Read more »

Live Questions and Answers (1)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။

7 Feb 10, 08:11 AM
Anonymous:
အရှင်ရာဟုလာက တာဝတိံသာနတ်ပြည်မှာ ပရိနိဗ္ဗာန်စံတယ်ဆိုတာ သိလိုပါတယ်ဘုရား။ သက်တော် ၄၀ မပြည်မီ၊ တစ်နေရာမှာလဲ ၅၀ မပြည့်မီ ပရိနိဗ္ဗာန်ပြုတယ်လို့ သိရပါတယ်။ ဘဝပေါင်းများစွာ ပါရမီဖြည့်ခဲ့တဲ့ ဆုကြီးပန်ဖြစ်ရင် ဘာကြောင့် သက်တော် မရှည်ရတာပါလဲဘုရား။
7 Feb 10, 07:28 PM
မနာပဒါယီ >> Anonymous:
ပိဋကသုံးပုံ ပါဠိတော် မူရင်းတွေမှာတော့ အရှင်ရာဟုလာနဲ့ ပတ်သက်တဲ့ ဟောကြားချက်များ၊ ဆုံးမချက်များ၊ အရှင်ရာဟုလာရဲ့ သိက္ခာသုံးပါး အကျင့်တရားကျင့်ပုံများ၊ ရာဟုလောဝါဒ သုတ္တန်များ စတဲ့အကြောင်းအရာတွေပဲ တွေ့ရပါတယ်။ မဟာဝဂ္ဂ သံယုတ်အဋ္ဌကထာ နှာ၊ ၂၄၆မှာတော့ အရှင်ရာဟုလာမထေရ် တာဝတိံသာ နတ်ပြည်တွင် ပရိနိဗ္ဗာန်ပြုကြောင်း ဖော်ပြပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်သက်တော်၄၀ ဒါမှမဟုတ် ၅၀မပြည့်မီ ပရိနိဗ္ဗာန်ပြုတော်မူတာနဲ့ ပတ်သက်လို့ကတော့ ဘ၀ပေါင်းများစွာ ပါရမီဖြည့်ခဲ့တဲ့ ပါရမီရှင်ကြီးတိုင်း ပစ္စုပ္ပန်ဘ၀မှာ လိုချင်သလို သက်တမ်းအတိုအရှည် မပြုကြပါဘူး။ အတိတ်ဘ၀ ပါရမီ ဖြည့်စဉ်ကာလ တစ်ခုခုမှာ အမှားပြုခဲ့တဲ့ ၀ဋ်အကျိုးပေး ရှိခဲ့မယ်ဆိုရင် အဲဒီ အကျိုးပေးအတိုင်း ပြုမူနေထိုင် သွားတတ်တာတွေ ရှိပါတယ်။ ဘုရားရှင်အပါအ၀င် အရှင်မဟာမောဂ္ဂလာန်စတဲ့ မထေရ်ကြီးများလည်း ဒီလိုပဲ ၀ဋ်ကြွေးအတိုင်း နောက်ဆုံးဘ၀မှာ ပေးဆပ်တော်မူသွားခဲ့ပါတယ်။ ဒါကြောင့် အရှင်ရာဟုလာမထေရ်အနေနဲ့ ငယ်ငယ်ရွယ်ရွယ် ပရိနိဗ္ဗာန်ပြုခြင်းဟာ ဒီအကြောင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။

12 Feb 10, 09:52 PM
Soe Naing:
Phone Phone, Please explain me about ashin Sula Pan. If his elder brother, Ashin Maha Pan is also a arahat, why did he act lack of marcy upon other monk (his young brother)? Just being naive and not just be naive and not being a bright person is only his fate. Not his crime. Why did Ashin Mahapan do like that?
14 Feb 10, 02:49 AM
မနာပဒါယီ>>Soe Naing..:
စူဠပန္ထက မထေရ်ဟာ ကဿပမြတ်စွာဘုရားရှင်လက်ထက် ဉာဏ်ထိုင်းတဲ့ ရဟန်းတစ်ပါးကို ကဲ့ရဲ့ခဲ့မိတဲ့အတွက် ယခုဘ၀မှာ ဉာဏ်ပညာထိုင်းခဲ့ရပါတယ်။ ဒါကို အကိုဖြစ်တဲ့ မဟာပန္ထကက ဒီလောက်ဉာဏ်ထိုင်းနေရင် သာသနာတော်နဲ့ မတော်ဘူးဆိုပြီး နှင်ထုတ်ခဲ့ပါတယ်။ ဒီနေရာမှာ ရဟန္တာဖြစ်တဲ့ အစ်ကို ရဟန်းအနေနဲ့ ဘာကြောင့် ဒီလိုလုပ်ရတာလဲ မလုပ်သင့်ဘူးလို့ တွေးစရာရှိပါတယ်။ စာပေမှာကတော့ အစ်ကိုရဟန်းဟာ ရဟန္တာဖြစ်ပေမယ့် စူဠပန္ထကရဲ့ အလိုအဇ္ဈာသယကို မသိသောကြောင့် ညီတော်ကို တရားထူး ရစေလိုတဲ့ စေတနာအားကြီးပြီး မရတဲ့အခါ အားမလို အားမရဖြစ်ကာ နှင်ထုတ်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ နောက်တစ်ချက်ကလည်း အကယ်၍ ဒီလိုနှင်ထုတ်လိုက်တဲ့အတွက် မြတ်စွာဘုရားရှင်နဲ့တွေ့ကာ အခုလို တရားကမ္မဋ္ဌာန်းပြပေးမှုကို ရစေလိုလို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် သာဝကတွေဟာ ဘယ်လောက်ပဲ ဉာဏ်ပညာကြီးပါစေ ဘုရားရှင်တို့လောက် ဝေနေယျစ္ဆာသယကို မသိနိုင်ပါဘူးလို့ ဆိုခြင်းဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်ကတော့ တရားမင်းဖြစ်တော်မူတဲ့အတွက် တရားတော်နဲ့ပတ်သက်ပြီး ဘယ်လိုပုဂ္ဂိုလ်ဟာ ဘယ်လိုတရားနဲ့ သင့်လျော်တယ်ဆိုတာ သိပြီး ဟောတော်မူနိုင်တဲ့အတွက် စူဠပန္ထကကိုလည်း ရဟန္တာအဖြစ် ရောက်စေတော်မူပါတယ်။

သေချာတာကတော့ မဟာပန္တကမထေရ်ဟာ ရဟန္တာဖြစ်နေတဲ့အတွက် ညီတော်နဲ့ပတ်သက်တဲ့ အလိုဆိုးကတော့ မရှိဘူးဆိုတာပါပဲ။ တရားအနှစ်ထူးကို ရစေလိုတဲ့ စေတနာအားကြီးတယ်ဆိုတာ သေချာပါတယ်။ မဟာပန္ထကမထေရ်ဟာ ဘုရားရှင်လောက် သတ္တ၀ါတွေရဲ့ အလိုဆန္ဒကို မသိဘူးနိုင်ဘူးဆိုတာ သေချာပါတယ်။ ဒါကြောင့် ဒီလို လုပ်ရပ်မျိုး လုပ်မိခဲ့ခြင်း ဖြစ်ပါတယ်။ စေတနာမပါတဲ့ လုပ်ရပ်ပါ။ အကယ်၍ စေတနာပါခဲ့တယ်ဆိုရင်လည်း ဘုရားရှင်ရဲ့ ဟောပြောမှုကြောင့် ညီတော် တရားရနိုင်တာကို သိတဲ့အတွက် ဘုရားရှင်နဲ့ ညီတော် တွေ့စေလိုတဲ့ စေတနာပါတယ်ဆိုတာ နားလည်ကြည်ညိုနိုင်ပါတယ်။

22 Feb 10, 10:54 PM
အောင်ကြီး:
ကုမာ၇ီ ဗြဟဟစရိယသီလအကြောင်း ရှင်းပြပါဘုရား။ အိမ်ထောင်မရှိတဲ့သူတွေ စောင့်လိုရတယ်ဆိုတာ ဟုတ်ပါသလားဘုရား…။
23 Feb 10, 05:04 AM
မနာပဒါယီ>>> အောင်ကြီး:
ကောမာရဗြဟ္မစရိယသီလလို့ ခေါ်ပါတယ်။ အိမ်ထောင်မရှိသူများ မေထုန်နဲ့ပတ်သက်ပြီး မကျင့်သုံးဘဲ တစ်သက်လုံး ဆောက်တည်သွားခြင်းမျိုးပါ။ ငါးပါးသီလမှာ ကာမေသုမိစ္ဆာစာရ အစား အဗြဟ္မစရိယနဲ့ အစားထိုးကျင့်သုံးတဲ့ သီလမျိုး ဖြစ်တဲ့အတွက် ပိုပြီးမြင့်မြတ်တယ်လို့ ဆိုပါတယ်။ သူတော်စင်တို့ စက်ဆုတ်ဖွယ် ယုတ်မာသော ကာမဂုဏ်မေထုန်အကျင့်ကို လူ့ဘ၀မှာပင် ကျေကျေနပ်နပ် ရှောင်ကြဉ်ဆောက်တည်တဲ့ ပါရမီရှင် သူတော်စင် အကျင့်လို့ဆိုပါတယ်။ ကောမာရဗြဟ္မစရိယဆိုတာ ငယ်သွေးငယ်မူ ဖြူစင်သူတို့ရဲ့ မြတ်သောအကျင့်လို့ အဓိပ္ပါယ်ရပါတယ်။ ဒီသီလ တောင်းပုံကတော့ “အဟံ ဘန္တေ တိသရဏေန သဟ ကောမာရဗြဟ္မစရိယသီလံ ဓမ္မံယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ” (အရှင်ဘုရား တပည့်တော်အား သရဏဂုံးသုံးပါးနှင့်တကွ ကောမာရဗြဟ္မစရိယ သီလကို သနားစောင့်ရှောက် ချီးမြှောက်သဖြင့် ပေးသနားတော်မူပါ) လို့ တောင်းရပါတယ်။ အမျိုးသမီးဆိုရင် ကောမာရီဗြဟ္မစရိယသီလံလို့ အစားထိုးဆိုရုံပါပဲ။ ဒီလို သီလတောင်းပြီး ငါးပါးသီလ သိက္ခာပုဒ်ယူတဲ့အခါမှာ ကာမေသုမိစ္ဆာစာရ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ နေရာမှာ အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိလို့ အစားထိုးဆိုရုံပါပဲ။ အမှန်တော့ ဒီကောမာရဗြဟ္မစရိယသီလဆိုတာ မေထုန်မှုမပြုတဲ့ ငါးပါးသီလပါပဲ။ သာမန်လူများ နေ့စဉ်စောင့်ထိန်းရမယ့် သီလမှာ မေထုန်နဲ့ပတ်သက်တဲ့အကျင့်ကို မြင့်မြတ်စွာ အထူးစောင့်ထိန်းခြင်းပဲ ဖြစ်ပါတယ်။ စောင့်ထိန်းနိုင်ရင်တော့ အကောင်းဆုံးပါပဲ...။

Read more »

ကိုးတိုင်း ကိုးဌာန…

Q. (၉)တိုင်း (၉)ဌာန သာသနာပြုတယ်လို့ ဖတ်ရပါတယ်။ သီဟိုဠ် သီရိလင်္ကာမှလွဲပြီး တပည့်တော် အခြားနိုင်ငံများ ကိုမရှင်းပါ။ ဘယ်နိုင်ငံတွေဖြစ်တယ်ဆိုတာ ရှင်းပြပေးပါလားဘုရား။ အရှင်ဘုရား ကျန်းမာချမ်းသာပါစေလို့  ဆုမွန်ချွေလျက်ပါဘုရား…
ကိုရင်လေး


A. ကိုရင်လေးရဲ့ အမေးအတွက် ပါရာဇိကအဋ္ဌကထာ ပထမအုပ်နှင့် အခြား တရုတ်မှတ်စု၊ အင်္ဂလိပ်မှတ်တမ်း အမျိုးမျိုးတို့နဲ့ ညှိနှိုင်းရေးသား တင်ပြထားတဲ့ ဖျာပုံတိုက်သစ်ဆရာတော် အရှင်သြဘာသာဘိဝံသရဲ့ သုတေသန အဘိဓာန်ကျမ်းကို ကိုးကား၍ သင့်လျော်သလို ဖြေကြားပေးလိုက်ပါတယ်။ ဒီအဘိဓာန်ကျမ်းတွင် သာသနာတော် ၂၃၅ခုနှစ်၊ တတိယသင်္ဂါယနာ တင်ပြီးနောက် ဗုဒ္ဓသာသနာ ပြန့်ပွားစေရေးအတွက် ကိုးတိုင်းကိုးဌာန သာသနာပြု စေလွှတ်တော်မူခဲ့တဲ့ နေရာဒေသများကို အသေးစိပ် ဖော်ပြပေးထားပါတယ်။ အဲဒီအရပ်ဒေသများကတော့

(၁) ကသ္မီရ ဂန္ဓာရတိုင်း
ဟိမ၀န္တာ၏ အနောက်မြောက်ဘက်၊ ပန်ချပ်ပြည်နယ်၏ အရှေ့မြောက်ဘက်စွန်းနှင့် စပ်လျက်ရှိသော ကသ္မီရတိုင်း၊ ယင်း၏အနောက်ဘက် သိန္ဓုမြစ် ခြားလျက်ရှိသော ဂန္ဓာရတိုင်း၊ ဤတိုင်းနှစ်တိုင်းပေါင်းလျက် အာဖဂန်နစ္စတန်ပါဝင်သည့် ဌာနများသို့ အရှင်မဇ္ဈန္တိကမထေရ် ဦးဆောင်သော အဖွဲ့ဝင်သံဃာ လေးပါးတို့ ကြွရောက်ကာ အာသီဝိသောပမသုတ္တန်ကို ဟောကြား သာသနာပြုတော်မူသည်။
(၂) မဟိံသကတိုင်း
အိန္ဒိယပြည်တောင်ပိုင်းရှိ မိုက်ဆိုနယ်၊ ယင်းနယ်၏ မြောက်ပိုင်းရှိ ချီတယ်ရ် စီရင်စု ဌာနများသို့ မဟာဒေ၀မထေရ် ဦးဆောင်သော အဖွဲ့ဝင်သံဃာတော် လေးပါးတို့ ကြွရောက်ကာ ဒေ၀ဒူတသုတ္တန်ကို ဟောကြားလျက် သာသနာပြုတော်မူသည်။
(၃) န၀ါဒါသီ(၀န၀ါသီ) တိုင်း
ဘုံဘေမြို့နယ်၏ တောင်ဘက်ပိုင်း ကာဏာရာနယ်၊ ဟိုက်ဒရဗတ်နယ်၊ အရှေ့ဘက်ပိုင်း ပြည်နယ်တို့သို့ အရှင်ရက္ခိတမထေရ် ဦးဆောင်သော အဖွဲ့ဝင်သံဃာတော် လေးပါးတို့ ကြွရောက်ကာ အနမတဂ္ဂသုတ္တန်ကို ဟောကြေားလျက် သာသနာပြုတော်မူသည်။
(၄) မဟာရဋ္ဌတိုင်း
ဘုံဘေနယ် အလယ်ပိုင်း ပူနားမြို့စသော နယ်များသို့ အရှင်မဟာဓမ္မရက္ခိတမထေရ် ဦးဆောင်သော အဖွဲ့ဝင် သံဃာလေးပါးတို့ ကြွရောက်ကာ မဟာနာရဒကဿပဇာတ်တော်ကို ဟောကြားလျက် သာသနာပြုတော်မူသည်။
(၅) အပရန္တတိုင်း
မလ၀ါနယ် အနောက်တောင်ဘက် နရဗဒ္ဓခေါ် နမ္မဒါမြစ်၊ သစ္စဗန္ဓတောင်၊ သုပ္ပရကသင်္ဘောဆိပ်၊ ၀ါဏိဇ္ဇဂါမ စသည့် အရပ်တို့သို့ အရှင်ဓမ္မရက္ခိတမထေရ် ဦးဆောင်သော အဖွဲ့ဝင်သံဃာလေးတို့ ကြွရောက်ကာ အဂ္ဂိခန္ဓောပမသုတ္တန်ကို ဟောကြားတော်မူ၍ သာသနာပြုတော်မူသည်။
(၆) ယောနကတိုင်း
အိန္ဒိယပြည်၏ အပြင်ဘက် ပါရှား၊ တူရကီ၊ ဂရိ၊ အီတလီတို့ တည်ရှိရာ ရှေးအမည် သာကလတိုင်းဟု အမည်ရသည့် အရပ်တို့သို့ အရှင်မဟာရက္ခိတမထေရ် ဦးဆောင်သော အဖွဲ့ဝင် သံဃာလေးပါးတို့ ကြွရောက်ကာ ကာဠကာရာမသုတ္တန်ကို ဟောကြားလျက် သာသနာပြုတော်မူသည်။
(၇) ဟိမ၀န္တာတိုင်း (စိနရဋ္ဌခေါ် စိန့်တိုင်း ၅ရပ်)
ဟိမ၀န္တာ၏ အရှေ့ဘက်အရပ်နှင့် မြောက်ဘက်အရပ်ရှိ ခိုတန်၊ ဘူတန်၊ ယရကန်၊ တိဘက်၊ တရုတ်ပြည်တို့သို့ အရှင်မဇ္ဈိမမထေရ် ဦးဆောင်သော အဖွဲ့ဝင် သံဃာတော်လေးပါးတို့ ကြွရောက်ကာ ဓမ္မစက္ကပ၀တ္တနသုတ္တန်ကို ဟောကြား၍ သာသနာပြုတော်မူသည်။
(၈) သုဝဏ္ဏဘူမိတိုင်း
စိန့်တိုင်းကြီး၏ တောင်ဘက် ရှမ်း၊ မြန်မာ၊ မွန်၊ ကရင်၊ ကချင်၊ ကယား၊ ယွန်းယိုးဒယား၊ ကမ္ဘောဒီယား၊ လာအိုစသော လူမျိုးတို့နေထိုင်ရာ အရပ်တို့သို့ အရှင်သောမဏထေရ်၊ အရှင်ဥတ္တရထေရ် ဦးဆောင်သော အဖွဲ့ဝင် သံဃာသုံးပါးတို့ ကြွရောက်ကာ ဗြဟ္မဇာလသုတ္တန်ကို ဟောကြားလျက် သာသနာပြုတော်မူသည်။ ဤနေရာတွင် သုဝဏ္ဏဘူမိအရပ်နှင့် ပတ်သက်၍ မြန်မာတို့က မွန်ပြည်နယ် သထုံမြို့ကို သုဝဏ္ဏဘူမိဟု ယူဆကြပြီး အိန္ဒယကျောက်စာဌာနကမူ စုမတြာကျွန်းကို သုဝဏ္ဏဘူမိဟု ယူဆကြသည်။
(၉) တမ္ပဒီပတိုင်း
ယခုအခါ သီရိလင်္ကာဟုခေါ်ဆိုကြသည့် သီဟိုဠ်ကျွန်းသို့ အရှင်မဟာမဟန္ဒမထေရ် ဦးဆောင်သော သံဃာတော်များ ကြွရောက်ကာ စူဠဟတ္ထိပဒေါပမသုတ္တန်ကို ဟောကြား၍ သာသနာပြုတော်မူသည်။

Read more »

ဟောင်းနွမ်းနေတဲ့ ဘုရားပုံများ၊ ပန်းချီကားချပ်များနဲ့ တရားစာအုပ်များကို ဘယ်လိုလုပ်သင့်ပါသလဲ…

Q. အရှင်ဘုရား…
တပည့်တော် တစ်ခုလောက် မေးလျှောက်ချင်ပါတယ်ဘုရား။ တပည့်တော်တို့အိမ်မှာ ချိတ်ထား၊ ပူဇော်ထားတဲ့ ဘုရားပုံတော်များ၊ ဘုရားပုံပါတဲ့ ပန်းချီကားများနဲ့ ဟောင်းနွမ်းဆုတ်ပြဲနေတဲ့ တရားစာအုပ်များ ရှိပါတယ်။ အဲဒီ ဘုရားပုံတွေနဲ့ ပန်းချီကားတွေဟာ ချိတ်ဆွဲထားလို့လဲ အမြင်မကောင်းဖြစ်နေတဲ့ အပြင်၊ ဘုရားစာအုပ် အဟောင်းတွေကလည်း ကြာလာတော့ ပိုးတွေထိုးပြီး ပျက်ဆီးလာပါတယ်။ ဒါတွေကို အမှိုက်ပုံမှာ သွားစွန့်ရင် ဘုရားပုံတွေ၊ ပန်းချီကားတွေ ဖြစ်လို့ အပြစ်ဖြစ်မှာ ကြောက်ပါတယ်၊ စာတစ်လုံး ဘုရားတစ်ဆူဆိုတဲ့ အတွက် တရားစာအုပ်ကို လွင့်ပစ်ရောင်းစားပစ်ရင်လည်း မကောင်းဘူးလို့ထင်ပါတယ်။ တပည့်တော်ကို ဒီပုံတော်တွေနဲ့ စာအုပ်တွေကို အပြစ်မဖြစ်အောင် ဖြေရှင်းနည်းလေး ချီးမြှင့်ပေးတော်မူပါဘုရား..။ ကျေးဇူးကြီးလှပါတယ်။
ဒေါ်ယဉ်ယဉ်ထွေး


A. ဒကာမရေ… ဒီလိုအခက်အခဲတွေက အိမ်တွေမှာရော ဘုန်းကြီးကျောင်းတွေမှာပါ ဖြစ်တတ်ပါတယ်။ ဘုရားပုံတွေဖြစ်လို့ ဖြစ်သလို လွင့်ပစ်ဖျက်ဆီးပစ်ပြန်ရင်လည်း ကိုယ့်စိတ်ကိုက မသန့်ဖြစ်နေတတ်ပါတယ်။ စေတနာ ရည်ရွယ်ချက် မရှိပေမယ့် အပြစ်လုပ်မိတယ်လို့ ထင်တတ်ပါတယ်။ အကောင်းဆုံး ဖြေရှင်းနည်းကတော့ သန့်သန့်ပြန့်ပြန့် နေရာတစ်ခု၊ ဒါမှမဟုတ် သံပုံးတစ်ခုခုမှာ အားလုံးစုပုံပြီး မီးပူဇော်လိုက်တာ အကောင်းဆုံးပါပဲ။ ဘုန်းဘုန်းကျောင်းမှာဆိုလည်း ဒီလိုနည်းနဲ့ပဲ ဖြေရှင်းဖြစ်ပါတယ်။ မီးရှို့ဖျက်ဆီးပြီး မီးပူဇော်လိုက်တဲ့အတွက် ဒီဘုရားပုံတော်များ၊ ဘုရားစာအုပ်အဟောင်းများကို တစ်ခြားသူတွေ အနေနဲ့လည်း အသုံးမပြုဖြစ်တော့ပါဘူး။ ရှင်းလင်းဖြေရှင်းလိုက်တဲ့ ကိုယ့်မှာလည်း မီးပူဇော်လိုက်တယ်လို့ စိတ်ထဲမှာ ဖြစ်နေတဲ့အတွက် စိတ်သန့်ရှင်းသွားပါတယ်။ ဘုရားရှင်ရဲ့ ရုပ်ကလာပ်တော်ကို တေဇောဓာတ် လောင်မြိုက်တဲ့သဘော အာရုံယူပြီး မီးပူဇော်လိုက်တာ အကောင်းဆုံးပါပဲ။ ဒါကြောင့် လွင့်ပစ်ရခက်၊ ထားရခက်တဲ့ ဘုရားပုံတော်များ၊ ပန်းချီများနဲ့ တရားစာအုပ် အဟောင်းများကို တွေ့ရာမှာ ဖြစ်သလို စွန့်ပစ်တာမျိုး မလုပ်ပဲ သန့်ရှင်းသပ်ရပ်တဲ့ နေရာတစ်ခုမှာ မီးပုံရှို့ပြီး မီးပူဇော်တဲ့နည်းနဲ့ ဖြေရှင်းတာဟာ အကောင်းဆုံးဖြစ်ကြောင်း ဖြေကြားပေးလိုက်ပါတယ်။

Read more »

သရဏဂုံနဲ့ တမလွန် အကောင်းအဆိုး…. ပြီးတော့ ဘာသာခြားနဲ့ ၀ိပဿနာ…

Q. ဘုန်းဘုန်း နေကောင်း ကျန်းမာပါလား ဘုရား..
တပည့်တော်ကို ဦးဇင်းတစ်ပါးက သိချင်တဲ့ အကြောင်းလေးတွေ မေးခိုင်းလို့ပါဘုရား..
၁။ ဗုဒ္ဓဘာသာ တစ်ယောက်က အခြေအနေ တစ်ခုကို မလွန်ဆန်နိုင်လို့ တခြားဘာသာဝင် တစ်ဦးအဖြစ် လက်ခံလိုက်ရတယ်၊ အဲဒီလူရဲ့ စိတ်က အဲဒီဘာသာကို မကြည်ညိုပေမယ့် အဲဒီဘာသာရဲ့ ထုံးတမ်းစဉ်လာကို တစ်သက်လုံး လုပ်ခဲ့ရတယ် (ဘယ်လို အလုပ်မျိုးလဲတော့ မမေးလိုက်မိဘူး ဘုရား) ဆိုရင် အဲလိုလူ တစ်ဦးမှာ အပြစ်ဖြစ်နိုင်သလား ဘုရား၊ သရဏဂုံကော ပျက်သွားမလား ဘုန်းဘုန်း၊ တကယ်လို့ သရဏဂုံ ပျက်သွားခဲ့ရင်တောင် အဲဒီလို ပျက်တဲ့အတွက် တမလွန်မှာ အပြစ်ဖြစ်နိုင် (မကောင်းကျိုး ပေးနိုင်) ပါသလား ဘုရား…။


၂။ နောက်မေးခွန်းတစ်ခုက ဒီလိုပါ ဘုရား..။ ဘာသာခြား တစ်ဦးအနေနဲ့ ၀ိပဿနာကို အားထုတ်ချင်နေတယ်၊ ၀ိပဿနာကို စိတ်လည်း ၀င်စားတယ်၊ ၀ိပဿနာဟာ ဘယ်လိုသဘောလဲ သူ သိချင်နေတယ်၊ ဒါပေမယ့် ဗုဒ္ဓဘာသာကိုတော့ မကိုးကွယ်ချင်ဘူး..၊ ၀ိပဿနာကိုသာ လိုက်စားချင်တာ..။ အဲလိုလူမျိုးအတွက် ၀ိပဿနာကို စိတ်ပါလက်ပါ အားထုတ်လို့ တရား ရနိုင်ပါသလား ဘုရား၊ ရတနာ သုံးပါးကို မကိုးကွယ်လို့မို့ အနှောင့်အယှက် ဖြစ်နိုင်ပါသလား ဘုန်းဘုန်း..။ တရားအားထုတ်တဲ့ နေရာမှာ များသောအားဖြင့် သရဏဂုံ မတည်ဘဲနဲ့ တရား မရနိုင်ဘူးဆိုတာ ကြားဖူးလို့ပါ… ဆိုပြီး တပည့်တော်ကို မေးလျောက်ခိုင်းပါတယ် ဘုရား..။
ဘုန်းဘုန်း အားတဲ့ အချိန် မေတ္တာရှေ့ထား ဖြေကြားပေးပါဦး ဘုန်းဘုန်း…
ရိုသေစွာ ရှိခိုးလျက်
ဖိုးသား

A. ဒကာဖိုးသားရေ…တစ်ဆင့်မေးတာဆိုတော့ ဖြေပေးတာကို တစ်ဆင့်ပြောပေးလိုက်ပါဦး..
၁။ အခြေအနေအရ လုပ်နေရတဲ့အတွက် အပြစ်ဖြစ်မဖြစ်ဆိုတာကတော့ ကိုယ်ကိုယ်တိုင်ရဲ့ စိတ်စေတနာ အပေါ်မှာ မူတည်ပါတယ်။ ဗုဒ္ဓဘာသာသဘောအရ စိတ်ကအဓိက ဆိုပေမယ့် ကံသုံးမျိုးမှာ ကာယကံ၊ ၀စီကံတွေနဲ့ ကျူးလွန်မှုမှာလည်း အကျိုးသက်ရောက်မှု ရှိပါတယ်။ အခြားဘာသာရဲ့ ဓလေ့ထုံးစံများအတိုင်း လိုက်လုပ်နေမှုများမှာ လိုက်လုပ်သူရဲ့ လုပ်ဆောင်ချက်၊ ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုများဟာ ရတနာသုံးပါးကို စော်ကားလိုတဲ့ အမှုများ၊ စိတ်စေတနာများ၊ အကုသိုလ်အပြစ် ဖြစ်စရာ လုပ်ဆောင်ချက်များ မပါရင် အပြစ်မဖြစ်နိုင်ပါဘူး။ ကိုယ်ကိုယ်တိုင်က စိတ်စေတနာပါရင်တော့ အပြစ်ဖြစ်နိုင်ပါတယ်။ ဒီလိုလိုက်လုပ်နေရတဲ့အတွက် သရဏဂုံပျက်၊ မပျက်ဆိုတဲ့နေရာမှာ သရဏဂုံပျက်ခြင်း အကြောင်းနှစ်မျိုးရှိပါတယ်။ သေဆုံးသွားတဲ့အခါ၊ ရတနာသုံးပါးထက် အခြားအရာများကို ပိုပြီးယုံကြည်အားကိုး ကိုးကွယ်ဆည်းကပ်တဲ့ အခါတွေဟာ သရဏဂုံပျက်ပါတယ်။ အသက်ရှင်ဆဲ အခိုက်မှာ ရတနာသုံးပါးကို နှလုံးသားထဲမှ အထူးယုံကြည် ကိုးကွယ်နေပေမယ့် အခြားအရာတွေအပေါ်မှာလည်း အခြေအနေအရ ပူဇော်ပသရတာတွေ ရှိပါတယ်။ ရတနာသုံးပါးထက်တော့ ယုံကြည်ကိုးကွယ်မှု မပိုဘူးဆိုရင် သရဏဂုံ မပျက်ပါဘူး။ အကယ်၍ ရတနာသုံးပါးကို စွန့်ပြီး တစ်ခြားအရာတွေကို ဘုရား၊ တရား၊ သံဃာထက် ပိုပြီးယုံကြည် အားကိုးသွားတဲ့အခါ သရဏဂုံပျက်ပါတယ်။ သရဏဂုံ ပျက်ပေမယ့် ဘုရား၊ တရား၊ သံဃာကို မစော်ကားဘူး၊ ရတနာသုံးပါးကို မကိုးကွယ်ပေမယ့် အကုသိုလ်ဖြစ်စေမယ့် အလုပ်တွေ မလုပ်ဘူးဆိုရင် အပါယ်မလားနိုင်ပါဘူး။ အလားတူ ဗုဒ္ဓဘာသာဝင် မဟုတ်ပေမယ့် မကောင်းတာတွေ မလုပ်ဘဲ ကောင်းတဲ့အလုပ်တွေနဲ့ နေသွားတဲ့ သူတွေဟာ သေပြီးနောက်မှာ သုဂတိဘ၀ကို လားနိုင်ပါတယ်။ ဒါကြောင့် သရဏဂုံပျက်ပေမယ့် ရတနာသုံးပါးကို မစော်ကားဘူး၊ အကုသိုလ်အပြစ်တွေ မလုပ်ဘူးဆိုရင် တမလွန်မှာ ကောင်းတဲ့သုဂတိကို ရောက်နိုင်ပါတယ်။

၂။ ၀ိပဿနာ တရားဟာ ဗုဒ္ဓဘာသာဝင်တွေ အတွက် သီးသန့် ဟောကြားထားတဲ့ တရားမဟုတ်ပါဘူး။ ဘယ်သူမဆို အားထုတ်လို့ရတဲ့ တရားဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်မဟုတ်ဘူး၊ ရတနာသုံးပါးကို မယုံကြည်ဘူး၊ သရဏဂုံမတည်ဘူးဆိုလည်း ၀ိပဿနာ အလုပ်ကို ကောင်းစွာအားထုတ်လို့ ရပါတယ်။ ရတနာသုံးပါးနဲ့ ကံကံရဲ့ အကျိုးကို မယုံကြည်မှု သရဏဂုံကို မလုံခြံမှုကြောင့် အကျိုးပေးမှုတော့ ကွာခြားပါတယ်။ သရဏဂုံနဲ့ ကံကံရဲ့ အကျိုးကို ယုံကြည်မှု သဒ္ဓါတရား မရှိရင်တော့ အရိယာမဂ်ကို ရဖို့မလွယ်လှပါဘူး။ သရဏဂုံမတည်ဘဲ ၀ိပဿနာ တရားအားထုတ်ရင်း အောက်အောက်ဉာဏ်တွေကို ရနိုင်ပေမယ့် သောတာပတ္တိမဂ်ဉာဏ်စတဲ့ အရိယာမဂ်ဉာဏ်တွေတော့ ရဖို့မလွယ်လှပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေ တရားအားထုတ်ရင်းနဲ့ပဲ ၀ိပဿနာ ဉာဏ်အဆင့်ဆင့်အရ အားထုတ်သူကိုယ်တိုင် ရတနာသုံးပါးကို ယုံကြည်မှု သဒ္ဓါတရားတွေ တိုးပွားလာပြီး သရဏဂုံတည်လာတဲ့ အခါမှာတော့ အထက်မဂ်တရားတွေ ရနိုင်ပါတယ်။ ဉာဏ်စဉ်အဆင့်တွေ မြင့်လာတာနဲ့ အမျှစိတ်အစဉ်လည်း ပြောင်းလာပြီး သဒ္ဓါတရားတွေလည်း ခိုင်လာတတ်ပါတယ်။ အဲဒီအခါမျိုးမှာ ရတနာသုံးပါးကို မကြည်ညိုပါနဲ့ ပြောလည်း သူ့အလိုလို စိတ်ကကြည်ညိုလာ တတ်ပါတယ်။ အဲဒီလို တရားအားမထုတ်မီမှာ ဘာသာခြားတွေ ဖြစ်ပေမယ့် တရားအားထုတ်ရင်း ဗုဒ္ဓဘာသာအဖြစ် သရဂုံမြဲလာသူတွေလည်း အများကြီးရှိပါတယ်။ အထူးသဖြင့် ဆရာကြီး ဦးဂိုအင်ဂါ ပြနေတဲ့ တရားစခန်းမှာဆို ပိုပြီးတွေ့ရတတ်ပါတယ်။ ဆရာကြီးဟာ ဘာသာပေါင်းစုံက ဘယ်သူမဆိုလာပြီး တရားအားထုတ်နိုင်အောင် တရားသက်သက်ပြပေးတယ်၊ သရဏဂုံနဲ့ ငါးပါးသီလကို မခံယူပဲ လွတ်လွတ်လပ်လပ် အားထုတ်နိုင်တယ်ဆိုပြီး လူတိုင်းကို အားထုတ်စေတယ်၊ အားထုတ်ရင်းနဲ့ တရားအနှစ်သာရကို တွေ့ပြီးသူ့အလိုလို သရဏဂုံနဲ့ ငါးပါးသီလ လုံခြုံသွားစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ ဘယ်သူမဆို ဗုဒ္ဓဘာသာ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ၀ိပဿနာတရားကို အားထုတ်လို့ရပြီး တရားရမှု၊ မရမှုကတော့ အားထုတ်ရင်း စိတ်အစဉ် ပြောင်းလဲလာမှုနဲ့ သဒ္ဓါတရား အားကောင်းလာမှု၊ သရဏဂုံနဲ့ ကံငါးပါး လုံခြုံလာမှု အပေါ်လိုက်ပြီး ကွာခြားနိုင်ပါတယ်။ သေချာတာကတော့ သရဏဂုံ မတည်ပေမယ့် ၀ိပဿနာ အလုပ်လုပ်နေရင် အရိယာမဂ်ကို မရနိုင်တာတောင် ဒီဘ၀ချမ်းသာမှုနဲ့ သုဂတိဘ၀ ရောက်စေမှုကတော့ အကျိုးဖြစ်စေပါတယ်။ တရားအားထုတ်ရင်း သဒ္ဓါတရားအားကောင်းလာကာ သရဏဂုံပါ ခိုင်မြဲလာ၊ တည်လာတယ်ဆိုရင်တော့ ဒီဘ၀မှာပဲ တရားရနိုင်ပါတယ်။

Read more »

ပရိတ်ပဋ္ဌာန်း ရွတ်ဖတ်ရာတွင် အသံမထွက်ဘဲ ရွတ်ကောင်း၊ မရွတ်ကောင်း…

Q.အရှင်ဘုရား…
ပဋ္ဌာန်းဒေသနာတော်နှင့် မေတ္တာသုတ်ရွတ်ဖတ် ပူဇော်ရာတွင် အသံမထွက်ပဲ ရွတ်ကောင်းပါလားဘုရား…
moon(ksdh)

A. ဒီနေရာမှာ ရွတ်ဖတ်ပူဇော်သူရဲ့ စိတ်ရည်ရွယ်ချက်နဲ့ ရွတ်ဖတ်မှုကို လိုက်ပြီးပြောဖို့ လိုပါတယ်။ အကယ်၍ ကိုယ်က တစ်စုံတစ်ယောက်အတွက် ဘေးဥပါဒ် အန္တရာယ်အပေါင်းမှ ကာကွယ်ပေးလိုတဲ့ ရည်ရွယ်ချက်မရှိဘဲ ကိုယ့်ကိုယ်ကို “အလကားနေတာထက်စာရင် စိတ်မှာဗုဒ္ဓဓမ္မများကို အာရုံပြု ရွတ်ဆိုနေတာက ပိုကောင်းပါတယ်”ဆိုတဲ့ ကုသိုလ်ရလိုတဲ့ အတွေးနဲ့ စိတ်ကနေ အာရုံပြု ရွတ်ဆိုနေတယ်ဆိုရင် အသံမထွက်ဘဲ ရွတ်ဆိုကောင်းပါတယ်။ ကုသိုလ်ရပါတယ်။ မနောကံ ကုသိုလ်ဖြစ်ပါတယ်။


အဲဒီလိုမှ မဟုတ်ဘဲ တစ်စုံတစ်ယောက်အတွက် ရည်ရွယ်ပြီး ရွတ်ဆိုပေးတာဆိုရင်တော့ အသံထွက်ပြီး ရွတ်ဆိုပေးရပါတယ်။ အဲဒီလို ရွတ်တဲ့အခါမှာလည်း ဒီပရိတ်ပဋ္ဌာန်းရဲ့ အစွမ်းများ ပိုပြီးအာနိသင် ရှိစေဖို့ ပရိတ်ပဋ္ဌာန်း ရွတ်သူနဲ့ ပရိတ်ပဋ္ဌာန်းနာသူတို့ ပြည့်စုံရမယ့် အချက်တွေ ပြည့်စုံအောင် ရွတ်ဖတ်နာယူမှ ပိုပြီးအကျိုး အာနိသင် ဖြစ်စေပါတယ်။ ဗုဒ္ဓဓမ္မဆိုတဲ့ အတွေးယုံကြည်မှုနဲ့ ရွတ်နေတဲ့အတွက် ကုသိုလ်ကတော့ ဖြစ်နေပြီးသားပါ။ ဒါပေမယ့် အကျိုးအာနိသင် ထက်စေဖို့အတွက်တော့ ရွတ်သူနာသူ နှစ်ဦးနှစ်ဖက် အင်္ဂါရပ်တွေ ပြည့်စုံမှ ပိုပြီးအစွမ်းထက်စေပါတယ်။ ဒါကြောင့် ဒီနေရာမှာ ပရိတ်ပဋ္ဌာန်း ရွတ်သူနဲ့ နာသူတို့ပြည့်စုံရမယ့် အင်္ဂါရပ်များကို သိထားဖို့လိုပါတယ်။ ဒါတွေကို လိုက်နာပြီး ရွတ်ဖတ်နာယူကြရင် ပိုပြီးကောင်းပါတယ်။ ဒီအင်္ဂါရပ်များကတော့…
၁။ ပုဒ် ပါဌ် အက္ခရာကို မှန်မှန်ကန်ကန် ရွတ်ဆိုနိုင်ခြင်း၊
၂။ ပရိတ်၊ ပဋ္ဌာန်းရဲ့ အနက်အဓိပ္ပါယ်ကို ကောင်းစွာနားလည်ခြင်း
၃။ ပရိတ်ပဋ္ဌာန်း နာကြားသူများအပေါ်တွင် မေတ္တာ၊ ကရုဏာထားခြင်း ဟူသော ပရိတ်ပဋ္ဌာန်းရွတ်သူ ပြည့်စုံရမယ့် အင်္ဂါ (၃)ပါးနဲ့
၁။ အမေသတ်ခြင်း၊ အဖေသတ်ခြင်း စတဲ့ ပဉ္စာနန္တရိယကံငါးပါးကို ကျူးလွန်ထားမှု မရှိခြင်း
၂။ မိစ္ဆာဒိဋ္ဌိအယူ ရှိသူမဖြစ်ခြင်း
၃။ ယုံကြည်မှုသဒ္ဓါတရားနှင့် ပြည့်စုံခြင်း ဟူသော ပရိတ်ပဋ္ဌာန်းနာသူ ပြည့်စုံရမယ့် အင်္ဂါ (၃)ပါးတို့ဖြစ်ပါတယ်။

ဒါက တစ်ခြားသူအတွက် ရည်ရွယ်ရွတ်ပေးတဲ့အခါ အကျိုးအာနိသင် ကောင်းစေဖို့အတွက် ပြောတာပါ။ ကိုယ့်ဖာသာကိုယ် ကုသိုလ်ရစေဖို့ အတွက်ကတော့ အသံမထွက်ဘဲ စိတ်မှာအာရုံပြုပြီး ရွတ်ဆိုနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ အသံထွက်ပြီး မရွတ်နိုင်တဲ့ အခြေအနေလေးတွေ ရှိတတ်ပါတယ်။ ဥပမာ ခရီးသွားတဲ့အခါ၊ ကား၊ ရထား စသည်စီးတဲ့အခါမျိုးပေါ့။ ဒီလို အခါမျိုးမှာ အသံမထွက်ဘဲ စိတ်ကအာရုံပြု ရွတ်ပွားနေရင်လည်း ကုသိုလ်ဖြစ်နေ၊ ကုသိုလ်ရနေပါတယ်။ အနက်အဓိပ္ပါယ် ဆိုလိုရင်းအထိ အာရုံပြု ရွတ်ဆိုနိုင်မယ်ဆိုရင် ပိုကောင်းပါတယ်။ တစ်ခါတစ်ရံ အခြေအနေပေးတဲ့အခါ ကိုယ့်ပတ်ဝန်းကျင်မှာလည်း ဘေးအန္တရာယ် ကင်းစေလိုတဲ့အခါ ကိုယ့်ရဲ့ပရိတ်ပဋ္ဌာန်း ရွတ်ပွားမှုကို အခြားအခြားသော သူတော်ကောင်းများ နာစေလိုတဲ့အခါ၊ ကိုယ့်စောင့်နတ်စတဲ့ သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များလည်း နာယူစေချင်တဲ့အခါ၊ ကာယကံ၊ ၀စီကံ၊ မနောကံကုသိုလ် သုံးမျိုးလုံး ပါစေချင်တဲ့အခါ စတဲ့ အခ်ါမျိုးမှာတော့ အထက်မှာ ဖော်ပြခဲ့တဲ့ ပရိတ်ပဋ္ဌာန်းရွတ်သူများ ပြည့်စုံရမယ့် အင်္ဂါရပ်တွေနဲ့ ပြည့်စုံအောင် ကြိုးစားပြီး အသံထွက် ရွတ်ဆိုပေးတာ ပိုကောင်းပါတယ်။ မမြင်နိုင်တဲ့ ပုဂ္ဂိုလ်များ၊ သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များဟာ သူတော်ကောင်းတရားကို နာယူဖို့ စောင့်မျှော်နေတတ်တဲ့အတွက် မရွတ်ခင် ထိုနတ်ဒေ၀ါအပေါင်းကို ပင့်ဖိတ်ပြီး သူတို့ကြားစေနိုင်ဖို့ အသံထွက် ရွတ်ဆိုပေးနိုင်ပါတယ်။

ဒါကြောင့် ဒီနေရာမှာ ပြောလိုတာက ကိုယ့်ဖာသာကိုယ် အခြားဘာရည်ရွယ်ချက်မှ မရှိ ကိုယ့်ကိုယ်ကို ကုသိုလ်ရနေစေဖို့သက်သက် ရွတ်ဆိုတာဆိုရင် အသံမထွက်ဘဲ ရွတ်ဆိုနိုင်ပြီး တစ်စုံတစ်ယောက် အတွက် ရည်ရွယ်ရွတ်ဆိုပေးတာ ဆိုရင်တော့ အချက်အလက် အင်္ဂါရပ်များနဲ့ ပြည့်စုံအောင် အသံထွက် ရွတ်ဆိုပါလို့ ဆိုလိုတာပါ။ ဘာပဲဖြစ်ဖြစ် သေချာတာကတော့ အသံထွက်သည်ဖြစ်စေ၊ မထွက်သည်ဖြစ်စေ စေတနာရည်ရွယ်ချက် ကောင်းကောင်းနဲ့ ရွတ်ဆိုပူဇော်နေမယ်ဆိုရင် ကုသိုလ်စိတ်ဖြစ်ပြီး ကုသိုလ်ကတော့ ရနေတယ်ဆိုတာပါပဲ။

Read more »

ဝိဇ္ဇာစရဏသမ္ပန္နဟူသည်…

Q.ဘုန်းဘုန်းဘုရား…
သိလိုတာလေးတွေကို ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ဘုရား။ နောက်ထပ် တပည့်တော် သိချင်တာက မြတ်စွာဘုရားရဲ့ တတိယမြောက်ဂုဏ်တော်ဖြစ်တဲ့ ၀ိဇ္ဇာစရဏ ဂုဏ်တော်အကြောင်းပါ ဘုရား။ ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်အကြောင်း ပြည့်ပြည့်စုံစုံသိချင်ပါတယ်။ ဖြေကြားပေးတော်မူပါဘုရား။ မအားတဲ့ကြားက အခုလိုအချိန်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ဘုရား…
(မယုယုထွန်း)


A. ၀ိဇ္ဇာစရဏသမ္ပန္နကို ပုဒ်ခွဲလိုက်ရင် ၀ိဇ္ဇာတစ်ပုဒ်၊ စရဏတစ်ပုဒ်၊ သမ္ပန္နတစ်ပုဒ်အားဖြင့် သုံးမျိုးရှိပြီး ၀ိဇ္ဇာက အသိဉာဏ်ပညာလို့ အဓိပ္ပါယ်ရပြီး၊ စရဏကတော့ အကျင့်တရားလို့ အဓိပ္ပါယ်ရပါတယ်။ သမ္ပန္နက ပြည့်စုံခြင်းပါ။ ဒါကြောင့် ၀ိဇ္ဇာစရဏသမ္ပန္နဆိုတာ အသိဉာဏ်ပညာ၊ အကျင့်တရားများနှင့် ပြည့်စုံတော်မူခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ မြတ်စွာဘုရားရှင်သည် ”အသိဉာဏ်ပညာ အကျင့်တရားများနှင့် ပြည့်စုံခြင်း”ဟူသော ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်နှင့် ပြည့်စုံတော်မူတယ်လို့ ဆိုလိုပါတယ်။

ဒီနေရာမှာ အသိဉာဏ်ပညာဆိုတာ ဘယ်လိုဉာဏ်ပညာမျိုး၊ စရဏဆိုတာ ဘယ်လိုအကျင့်မျိုးကိုလည်း သိထားရန်လိုအပ်ပါတယ်။ သုတ္တန်ဒေသနာတော် အချို့မှာ ၀ိဇ္ဇာသုံးပါး၊ အချို့မှာတော့ ၀ိဇ္ဇာရှစ်ပါးလို့ ပြထားပေမယ့် ၀ိဇ္ဇာရှစ်ပါးလို့ ဆိုလိုက်ပါက သုံးပါလို့ဆိုတဲ့ သုတ္တန်အဖွင့်လည်း အကျုံးဝင်သွားပြီးဖြစ်ပါတယ်။ ဒါကြောင့် ၀ိဇ္ဇာဆိုတဲ့ အသိဉာဏ်ပညာအရ ၀ိဇ္ဇာရှစ်ပါးရှိကြောင်း နားလည်နိုင်ပါတယ်။ အဲဒီဉာဏ်ရှစ်ပါးက
၁။ ပုဗ္ဗေနိဝါသနုဿတိဉာဏ် = ရှေးရှေးဘ၀ကြုံတွေ့ခဲရသည်များကို ပြန်လည်အောက်မေ့ဆင်ခြင်နိုင်သော ဉာဏ်
၂။ ဒိဗ္ဗစက္ခုဉာဏ် = နတ်မျက်စိကဲ့သို့ အဝေးမှ သေးငယ်သော အဆင်းကိုပင် မြင်နိုင်သည့် ဉာဏ်
၃။ အာသ၀က္ခယဉာဏ် = ကိလေသာအာသဝေါတို့ကို ကုန်စေနိုင်သော အရဟတ္တမဂ်ဉာဏ်
၎။ ၀ိပဿနာဉာဏ် = ရုပ်နာမ်တရားအားလုံးကို အနိစ္စ ဒုက္ခ အနတ္တဟု လက္ခဏာရေးသုံးပါးနှင့် ပိုင်ခြား သိမြင်နိုင်သောဉာဏ်
၅။ စေတောပရိယဉာဏ် = သူတစ်ပါး၏ စိတ်ကိုသိနိုင်သော ဉာဏ်
၆။ မနောမယိဒ္ဓိဉာဏ် = မိမိခန္ဓာကိုယ်အတွင်း၌ ပုံစံတူကိုယ်တစ်မျိုးကို စိတ်ဖြင့်ဖန်ဆင်းနိုင်သော ဉာဏ်
၇။ ဒိဗ္ဗသောတဉာဏ် = နတ်တို့၏နားကဲ့သို့ အဝေးမှ သေးငယ်သော အသံကိုပင် ကြားနိုင်သောဉာဏ်
၈။ ဣဒ္ဓိဝိဓဉာဏ် = မြေလျှိုးမိုးပျံစသည်ဖြင့် တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်သော ဉာဏ် တို့ပဲဖြစ်ပါတယ်။

စရဏဆိုတဲ့ အကျင့်တရားဟာလည်း အရေအတွက်အားဖြင့် ၁၅ပါး ရှိပါတယ်။ အဲဒီ ၁၅ပါးကတော့
၁။ သဒ္ဓါ = ကံကံ၏အကျိုးရှိသည်၊ ရတနာသုံးပါးရှိသည်၊ နောင်ဘ၀ရှိသည်ဟု ယုံကြည်မှု
၂။ သတိ = ကုသိုလ်ကောင်းမှုဆိုင်ရာ၌ အမှတ်ရမှု
၃။ ဟိရီ = မကောင်းမှုဒုစရိုက်မှ ရှက်မှု
၎။ သြတ္တပ္ပ = မကောင်းမှုဒုစရိုက်မှ ကြောက်လန့်မှု
၅။ ၀ီရိယ = ကုသိုလ်ကောင်းမှုကိစ္စ၌ ကြိုးစားအားထုတ်မှု
၆။ သုတ = အကြားအမြင် ဗဟုသုတများမှု
၇။ ပညာ = အရာရာ၌ တတ်သိလိမ္မာမှု
၈။ ဘောဇနေမတ္တညုတာ = စားသောက်ရာ၌ သင့်မသင့်နှိုင်းချိန်၍ အတိုင်းအရှည်ကို သိမှု
၉။ ဇာဂရိယာနုယောဂ = နိုးနိုးကြားကြားရှိမှု၊ အအိပ်အနေနည်းမှု
၁၀။ သီလ = ဆိုင်ရာသီလကို နေ့စဉ်စောင့်ထိန်းမှု
၁၁။ ဣနြ္ဒိယသံဝရ = တွေ့မြင်ကြားသိသမျှ၌ လောဘဒေါသစသည်မဖြစ်ဘဲ မျက်စိနားနှာစသော ဣနြေ္ဒတို့ကို ငြိမ်သက်အောင် စောင့်စည်းမှု
၁၂။ ပထမဈာန်
၁၃။ ဒုတိယဈာန်
၁၄။ တတိယဈာန်
၁၅။ စတုတ္ထဈာန် အားဖြင့် ပေါင်း စရဏ ၁၅ပါး ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်ဟာ ဖော်ပြပါ အသိဉာဏ် တရားများ၊ အကျင့်တရားများနှင့် အလုံးစုံပြည့်စုံတော် မူတဲ့အတွက် ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်ရှင် ဖြစ်တော်မူပါတယ်။ ဆိုလိုတာက အလုံးစုံပြည့်စုံသူဆိုတာ အသိပညာနှင့် ပြည့်စုံရုံနှင့် မလုံလောက်သေးဘဲ အကျင့်တရားပါ ပြည့်စုံဖို့လိုကြောင်း သာမန်လူများသည် ဘက်စုံမပြည့်စုံနိုင်ကြောင်း မြတ်ဗုဒ္ဓကတော့ အသိရော အကျင့်ပါပြည့်စုံတဲ့ အနှိုင်မဲ့လူသား တစ်နည်းအားဖြင့် မဟာလူသားပဲ ဖြစ်ပါတယ်။

မှတ်ချက်။ အထက်ပါ အဖြေကို မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ရေးသားတော်မူခဲ့သည့် ရတနာ့ဂုဏ်ရည် စာအုပ်လာ ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်အဖွင့်ကို ကိုးကား၍ ဖြေကြားပေးထားပါသည်။

Read more »

မိဘ၀တ္တရားများနှင့် သားသမီးများ၏ ခံစားချက်…

Q.အရှင်ဘုရား ...
တပည့်တော် အရှင်ဘုရား ရဲ့ ဘလော့ကို ခုမှ ရောက်ဖူးပါတယ်။ အလွန်ကောင်းမွန်ပါတယ်ဘုရား။ သိသင့် သိထိုက် တာတွေ ရှင်းလင်းစွာ သိရပါတယ်။ တပည့်တော် မေးလိုတာကတော့ တပည့်တော်တို့ မြန်မာ လူကြီးမိဘတွေ ဆိုဆုံးမတာ တခုနဲ့ ပတ်သက်ပါတယ် ..

(၁) အဲဒါက “လူကြီး မိဘ စကားကို ပယ်ရှားရင် နားမထောင်ရင် ငရဲကြီးတယ်၊ ဒုက္ခ တွေ့တတ်တယ်”၊ ပြီးတော့ မိဘ မျက်ရည်ပေါက် ကြီးငယ်ကျအောင် လုပ်တဲ့သားသမီး အ၀ီစိ ကျလိမ့်မယ်၊ မိဘ ဂိုဏ်းသင့်မယ် တသက်လုံး မကြီးပွားဘဲ ဒုက္ခပင်လယ်ဝေ လိမ့်မယ်လို့ လူကြီးမိဘတွေက ပြောဆိုဆုံးမတတ်ပါတယ်။ အဲဒါ ဗုဒ္ဓဘာသာ အယူအဆနဲ့ တကယ်ငရဲကြီးမကြီး၊ ပြီးတော့ ဘုရားအလောင်းတော် သိဒ္ဓတ္ထ မင်းသားက တောထွက်တဲ့အခါ သူ့ခမည်းတော် မသိအောင် နန်းတွင်းကနေ တိတ်တိတ်ကလေး ခိုးထွက်ရတယ်လို့ မှတ်သားရပါတယ်။ ခေတ်စကားနဲ့ ပြောရရင်တော့ မိဘမသိအောင် ခိုးလုပ်တယ်ပေါ့ ... အဲဒါဆို မိဘစကား နားမထောင်ဘဲ တိတ်တဆိတ် တောထွက်တဲ့ ဘုရားအလောင်းတော် သိဒ္ဓတ္ထ မင်းသားကရော ငရဲ ကြီးမကြီး၊
နောက်တခုကတော့ ခမည်းတော် သုဒ္ဓေါဓန မင်းကြီးဟာ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား တောထွက် တုန်းက တစ်ကြိမ်၊ ညီတော် နန္ဒရဲ့ ဘိသိက်ပွဲမှာ မြတ်စွာဘုရားကခေါ်ပြီး ရဟန်းဝတ်ပေးလိုက်တော့ တစ်ကြိမ်၊ သားတော် ရာဟုလာကို ၇ နှစ်သားမှာ ရဟန်းဝတ်ပေးလိုက်တော့ တစ်ကြိမ် ပြင်းထန်စွာ ပူဆွေးငိုကြွေးရတယ်လို့ မှတ်သားဖူးပါတယ်။ အဲဒီလို မိဘဖြစ်တဲ့ သုဒ္ဓေါဓန မင်းကြီးကို မျက်ရည်ပေါက်ကြီးငယ် ကျအောင် ငိုကြွေးစေတဲ့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကရော ငရဲ ကြီးမကြီး ...

(၂) နောက်ပြီးတော့ မိဘ၀တ္တရား ၅ ပါးထဲမှာ မကောင်းမြစ်တာ ကောင်းရာညွှန်လတ် အတတ်သင်စေ ပေးဝေနှီးရင်း ထိမ်းမြားခြင်း စသဖြင့် ၀တ္တရားတွေထဲမှာ “မိဘက ကောင်းစေချင်လို့ စီစဉ်တာကို မိဘ လက်နဲ့ရေးတာ နင်က ခြေနဲ့ဖျက်တယ်” “ငါတို့ က နင့်အမှတ်နဲ့ဆို ဆရာဝန်လိုင်းဘဲ လိုက်စေချင်တာ နင်က ဘာမှ မဟုတ်တဲ့၊ လုပ်စားလို့မရတဲ့ Lawကိုရွေးတယ် မိဘစကားဆို နားမထောင်ဘဲ ထင်ရာလုပ်တယ် မွေးရကျိုးကို မနပ်ဘူး” စသဖြင့် ဆုံးမတာကို “မကောင်းမြစ်တာ ကောင်းရာညွှန်လတ် အတတ်သင်စေ” လို့ ပြော၍ ရပါသလား။ ကိုယ်မချစ်နိုင်ဘဲ မိဘကဇွတ် အတင်းပေးစားသူကို ယူရတာကိုရော “ထိမ်းမြားခြင်း” ၀တ္တရား ကျေတယ်လို့ ပြော၍ရပါသလား၊ မိဘ၀တ် ငါးပါးဆိုတာ ဘုရားဟောလို့ မှတ်သားရပါတယ် ... တကယ့်အနှစ်သာရက ဘာပါလဲဘုရား ...

တပည့်တော် သိချင်တာလေးတွေကတော့ ဒီလောက်ပါဘဲ ဘုရား ... တပည့်တော်ရဲ့စိတ်ထဲမှာ ခံစားချက်တွေ ဒွိဟတွေ များနေလို့ပါ။ ယခု တပည့်တော် ကိုယ်တိုင်လဲ ပူပူနွေးနွေး ကလေးတယောက် အဖေပါဘုရား ... မိမိကိုယ်တိုင် မိဘဖြစ်လာတဲ့အခါ မိဘ၀တ်တွေနဲ့ ပတ်သက်ပြီးပိုလို့ သိချင်လာပါတယ်။ ကျေးဇူးပြု၍ ဖြေကြားပေးတော်မူပါဘုရား။

ဦးတင်ပါတယ်ဘုရား
ဒကာ အောင်မျိုးကျော်


A. (၁) အင်း… မေးသင့်မေးထိုက်တဲ့ မေးခွန်းတွေပါပဲ။ တိုးတက်လာတဲ့ ခေတ်ကာလကြီးမှာ လူငယ်များရဲ့ အတွေးအခေါ်များဟာလည်း ရှေးရိုးစွဲအယူအဆများ အပေါ်မှာ သံသယ ရှိလာတာလေးတွေ တွေ့လာရပါတယ်။ ယနေ့ခေတ်ကာလမှာ မြန်မာစကားပုံများ မြန်မာလူကြီးသူမများ၏ ပြောဆိုဆုံးမမှုများဟာ လူငယ်များဘက်ကကြည့်လျှင် အနည်းငယ် အစွန်းရောက်နေတာလေးတွေ တွေ့ရပါတယ်။ ဒီအထဲမှာ သားသမီးများနဲ့ မိဘများကြား ပြောဆိုဆုံးမမှုများဟာလည်း ခြိမ်းခြောက်မှုများ ပါနေသယောင် ဖြစ်နေပါတယ်။ သေချာတာကတော့ အထက်မှာ ဒကာပြောသလို ဆုံးမမှုများဟာ မိဘများအပေါ် သားသမီးများက မပြစ်မှားမိအောင်၊ မိဘကျေးဇူးတရား ဘယ်လောက်ကြီးတယ်ဆိုတာ သိရအောင်၊ တစ်ချို့ ကလေးငယ်များဟာ အကြောက်တရားနဲ့ ပြောဆိုဆုံးမမှသာ ရနိုင်တာလေးတွေ ရှိတတ်အတွက် အဲဒီလို သားသမီးများကို ရည်ရွယ်ပြီး အမြဲတမ်း ရင်ထဲမှာ စွဲနေရအောင် ပြောဆိုဆုံးမထားတဲ့ အသုံးအနှုန်းများပဲ ဖြစ်ပါတယ်။ ဒီလိုပြောဆို ဆုံးမမှုများ ရှိကြပေမယ့် ပြောဆိုဆုံးမသူ မိဘများနဲ့ အဆုံးအမကို ခံယူပြီး လိုက်နာနေထိုင် ပြုမူသူ သားသမီးများရဲ့ လုပ်ဆောင်ချက် စေတနာအပေါ်ကို လိုက်ပြီး တန်ပြန်အကျိုးပေးမှုများ ဖြစ်ပေါ်စေပါတယ်။ တစ်ချို့ သားသမီးများဟာ မိဘမျက်ရည်ကြီးငယ်ကျအောင် မိဘစိတ်ဆင်းရဲအောင် တမန်လုပ်ခြင်းမဟုတ်ဘဲ မိဘတို့ရဲ့ သဘောနဲ့ ကိုယ်လုပ်တဲ့လုပ်ရက် မတိုင်ဆိုင်လို့ ဖြစ်သွားရတဲ့ လုပ်ရပ်လေးတွေ ရှိပါတယ်။ ကိုယ်ကကောင်းမယ်ထင်လို့ ဒီအလုပ်တစ်ခုကို လုပ်လိုက်ရင် ကိုယ့်အတွက်ကော မိဘတွေအတွက်ပါ အဆင်ပြေမယ်ထင်လို့ လုပ်လိုက်ပေမယ့် လွဲချော်သွားတဲ့အခါ မိဘများမှာ စိတ်ဆင်းရဲရတယ်၊ စိတ်ညစ်မှုတွေ ဖြစ်ရတယ်ဆိုတဲ့ လုပ်ရပ်မျိုးဟာ တမင်စိတ်ညစ်အောင် ပြုလုပ်ခြင်းမဟုတ်ဘဲ စေတနာ အမှားများသာ ဖြစ်တဲ့အတွက် အခိုက်အတန့်အားဖြင့် မိဘကို စိတ်ဆင်းရဲသွားစေနိုင်ပေမယ့် ငရဲကျတဲ့အထိ အပြစ်မျိုး မဟုတ်ပါဘူး။ မာတုဃာတကလို့ခေါ်တဲ့ အမေကိုသတ်တဲ့အလုပ်၊ ပိတုဃာတကလို့ ခေါ်တဲ့ အဖေကို သတ်တဲ့အလုပ်မျိုးဆိုရင်တော့ ပဉ္စာနန္တရိယကံကျူးလွန်ရာ ရောက်တဲ့အတွက် ဘုရားဆင်းကယ်လည်း မရတဲ့ အကုသိုလ်အဖြစ်မျိုးဖြစ်လို့ သေချာပေါက်ငရဲရောက်ပါတယ်။ ဒီကံတွေ မကျူးလွန်မိဘဲ တစ်ခြားစေတနာ မပါတဲ့ အလုပ်မျိုး၊ မိဘကို တမင်စိတ်ဆင်းရဲအောင်၊ မျက်ရည်ကျအောင် လုပ်တဲ့အလုပ်မျိုး မဟုတ်တဲ့ လုပ်ရပ်တွေကတော့ ငရဲကျစေနိုင်တဲ့ အထိအကုသိုလ် အပြစ်မကြီးပါဘူး။ ကိုယ့်အနေနဲ့ကတော့ အတတ်နိုင်ဆုံး မိဘကို စိတ်ချမ်းသာအောင်၊ စိတ်မညစ်အောင် ထားမယ်ဆိုတဲ့ စေတနာ ရည်ရွယ်ချက်နဲ့သာ ပြောဆိုနေထိုင် ပြုမူဆက်ဆံနိုင်မယ် ဆိုရင်တော့ အကောင်းဆုံးပါပဲ။ အဓိကကတော့ မိမိရဲ့ စေတနာပါတဲ့ ပြုမူလုပ်ဆောင်ချက်ကသာ အဓိကကျပါတယ်။

ဒီလိုပါပဲ ဘာပဲဖြစ်ဖြစ် စေတနာ ရည်ရွယ်ချက်က အဓိက ကျတာဖြစ်တဲ့အတွက် စေတနာအပြည့်နဲ့ ဆောင်ရွက်ခဲ့တဲ့ ဘုရားရှင်ရဲ့ လုပ်ဆောင်ချက်ဟာ ဘယ်လိုမှ ငရဲကြီးနိုင်စရာ အကြောင်းမရှိပါဘူး။ ဘုရား၊ ရဟန္တာများဖြစ်တဲ့အတွက် အကုသိုလ်နဲ့၊ ကုသိုလ်ကံတို့ရဲ့ အကျိုးပေးမှုကိုလည်း အရဟတ္တမဂ်နဲ့ အကြွင်းမဲ့ ပယ်သတ်ပြီး ဖြစ်တဲ့အတွက် တန်ပြန်အကျိုးပေးမှု မရှိတော့ပါဘူး။ ဘုရားရှင်ဟာ ဖခင်ကို မျက်ရည်ကျမှုများ၊ စိတ်မချမ်းသာမှုများ ဖြစ်စေခဲ့ပေမယ့် ဒီလုပ်ရပ်များရဲ့ နောက်ကွယ်မှာ ဖခင်ကြီးအပါအ၀င် ဆွေတော်မျိုးတော်များကို သံသရာက လွတ်မြောက်စေလိုတဲ့ စေတနာ ရည်ရွယ်ချက်က အားကြီးလှတဲ့အတွက် ဖခင်ကြီး အခိုက်အတန့် စိတ်မချမ်းသာ ဖြစ်စေမှုမှာ တစ်စုံတစ်ရာ အကျိုးသက်ရောက်မှု မရှိပါဘူး။ ဖခင်ကြီး မသိအောင် တိတ်တဆိတ် တောခိုးထွက်သွားတဲ့ သိဒ္ဓတ္တဟာလည်း စေတနာ ရည်ရွယ်ချက်က လောကသား အားလုံးကို ကယ်တင်မယ်ဆိုတဲ့ စေတနာက အားကြီးတဲ့အတွက် ငရဲမကြီးပါဘူး။

(၂) မိဘ၀တ် ငါးပါးဟာ သိင်္ဂါလောဝါဒသုတ်မှာ သိင်္ဂါလသတိုးသားကို ဘုရားရှင် ဟောကြားတော်မူတဲ့ ဘုရားဟော တရားစစ်စစ်ဖြစ်ပါတယ်။ ဘုရားရှင်ဟာ သတ္တ၀ါတို့ရဲ့ ပစ္စုပ္ပန်ကောင်းကျိုး သံသရာကောင်းကျိုးကို အစဉ်ရှေးရှု၍ ဟောတော်မူတဲ့အတွက် မျက်မှောက်ဘ၀မှာ နိဗ္ဗာန်မရနိုင်သေးရင်လည်း ကျင်လည်ရမယ့် သံသရာမှာရော ပစ္စုပ္ပန်မှာပါ ကောင်းစေချင်တဲ့ လောကကောင်းကျိုး တရားများကိုလည်း ဟောပြောပေးခဲ့ပါတယ်။ ဒီသိင်္ဂါလသုတ်မှာ ဟောတော်မူချက်တွေကတော့ လောကမှာရှိတဲ့ မိဘနဲ့သားသမီး၊ ဆရာနဲ့တပည့်၊ အလုပ်ရှင်နဲ့ အလုပ်သမား၊ ကိုးကွယ်ခံသူနဲ့ ကိုးကွယ်သူ စတဲ့ လူ့ဘောင်အဖွဲ့ အစည်းအသီးသီးမှာ တစ်ဦးနဲ့တစ်ဦး ကောင်းကျိုးတွေကို ဖြစ်စေဖို့ သတ်မှတ်ဟောကြားပေးတဲ့ ဂီဟိဝိနယခေါ် လူ့ဝိနည်းတွေပါပဲ။ ဒါပေမယ့် ယနေ့ခေတ်မှာတော့ လူ့ဘောင်အဖွဲ့အစည်း အသီးသီးမှာ ရှိတဲ့သူတွေဟာ ဒီကျင့်ဝတ်တွေနဲ့ လွဲချော်ပြီး ထင်သလို ဆောင်ရွက်စီမံ လုပ်ဆောင်ချက် အချို့လည်း ရှိပါတယ်။ ဘုရားဟောနဲ့ မညီတဲ့ လုပ်ရပ်တွေလည်း ရှိပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ သားသမီးတွေရဲ့ ၀ါသနာ လုပ်ဆောင်ချက်နဲ့ မကိုက်ညီတဲ့ မိဘတွေရဲ့ တိုက်တွန်းစေခိုင်းမှုများကြောင့် မကောင်းမြစ်တာ၊ ကောင်းရာညွန်လတ်၊ အတတ်သင်စေ ဆိုတဲ့ ၀တ္တရားတွေဟာ လွဲချော်သွားတာလေးတွေလည်း ရှိနိုင်ပါတယ်။ သေချာတာကတော့ မိဘတွေရဲ့ စေတနာဟာ သားသမီးတွေကို မကောင်းတာ မလုပ်စေချင်ကြပါဘူး၊ ကောင်းတာတွေကို လုပ်စေချင်ကြပါတယ်။ အတတ်ပညာကိုလည်း အဆုံးစွန်အထိ အကောင်းဆုံးတွေကို သင်စေချင်ကြပါတယ်။ လက်ထပ်ထိမ်းများမှု အပိုင်းမှာလည်း သားသမီးများအတွက် အသင့်လျော်ဆုံး သူနဲ့ပဲ လက်ထပ်ထိမ်းများ စေချင်ကြပါတယ်။ သို့သော် သူတို့လည်း ပုထုဇင်များဖြစ်တဲ့အတွက် မိဘများရဲ့ ၀တ္တရားနဲ့အညီ ဆောင်ရွက်ရာမှာ လွဲချော်သွားနိုင်တာလေးတွေ ရှိတတ်ပါတယ်။ ရှိနိုင်ပါတယ်။ ဒါဟာ တမင်လုပ်တဲ့ စီမံချက်မဟုတ်တာတော့ ရှင်းပါတယ်။ ဒီလို မိဘအစီအမံ လွဲတိုင်း မိဘတို့ရဲ့ ၀တ္တရားတွေအပေါ် သံသယ မ၀င်မိဖို့ လိုပါတယ်။ ကိုယ်ကိုယ်တိုင် မိဘနေရာ ရောက်လာတဲ့အခါမှာတော့ သားသမီးဘက်ရော ထည့်သွင်းစဉ်းစားပြီး သူတို့ရဲ့ဆန္ဒ၊ သူတို့ရဲ့ ပါရမီ၊ ခေတ်ကာလအနေအထားများ အပါအ၀င် ပစ္စုပ္ပန် သံသရာ နစ်မွန်းစေမယ့် လုပ်ရပ်များ၊ ညွန်ကြားချက်များ မဖြစ်အောင်သာ ဒီဝတ္တရားတွေကို ဖြည့်ပေးဖို့ လိုပါတယ်။ ရှင်းလင်းစွာ သဘောပေါက်ထားရမှာက မိဘတို့ရဲ့ ၀တ္တရားများဟာ ပုံစံခွက်ထဲထည့်ပြီး ဆောင်ရွက်ရမယ့် ၀တ္တရားများမဟုတ်ဘဲ သင့်လျော်သလို ဖြည့်ဆည်းဆောင်ရွက်ပေးရမယ့် အချက်များဖြစ်တယ်ဆိုတာပါပဲ။

Read more »

အလှူကို အားရပါရလှူနိုင်ဖို့နဲ့…. တရားတွေကို နတ်တွေကြားအောင် နှုတ်ကရွတ်တာ ဓမ္မအလှူဖြစ် မဖြစ်…

Q. ဘုန်းဘုန်း
၁။ တပည့်တော် လှူရတာ ဝါသနာပါပါတယ်။ အခု ထေရဝါဒသာသနာ မရှိတဲ့နိုင်ငံ ရောက်နေတော့ အဝေးကနေ မြန်မာပြည်ထဲကို လှမ်းပြီး အလှူအတန်း လုပ်ပေမယ့် ကိုယ်တိုင် လက်နဲ့ လုပ်ရသလို အားမရပါဘူး။ ပီတိဖြစ်တာလဲ များသောအားဖြင့် ကိုယ်တိုင် လက်နဲ့လုပ်ရရင် ပိုဖြစ်တယ် ထင်ပါတယ်။ ဒါနကုသိုလ် များများဝဝ လုပ်ရအောင် ဘယ်လိုလုပ်ရမလဲ ဘယ်လိုဓိဌာန်ရမလဲဘုရား။
၂။ တရားတွေကို နတ်တွေ ကြားအောင် နှုတ်က ရွတ်တာ ဓမ္မအလှူပေးရာ ရောက်ပါသလား။ စိတ်ဝင်တစား တရားနာမယ့် နတ်တွေ အနားမှာ ရှိမရှိ မသိရင် ဘယ်လို လုပ်ရပါ့မလဲ။ ကိုယ်ပေးနေတဲ့အလှူကို ယူသူ ရှိမှ ရှိရဲ့လား သိချင်လို့ပါ။
ဝင်းရန်နိုင်


A. ၁။ အလှူဒါနပြုလုပ်တဲ့အခါ အလှူခံပုဂ္ဂိုလ်မရွေးဘဲ လှူတတ်တယ်၊ လှူလိုတယ်ဆိုရင်တော့ ဒကာတော် ရောက်နေတဲ့နေရာမှာလည်း အားရပါရ ကိုယ်ထိလက်ရောက် လှူနိုင်တဲ့ နေရာများ အများကြီးရှိပါတယ်။ ဥပမာ ဒုက္ခိတဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး နေရာများ စသည်ဖြင့် အများကြီး ရှိပါတယ်။ ထေရ၀ါဒ ရဟန်းသံဃာတော်များကိုမှ လှူချင်တယ်ဆိုရင်တော့ ကိုယ်အာရုံပြုလို့ ရမယ့်ကျောင်းတိုက်များကို သွားရောက်လှူခိုင်းပြီး အဝေးကပဲ အာရုံပြုကာ ပီတိပွားနိုင်အောင် ကြိုးစားနိုင်ပါတယ်။ တစ်ခါတစ်ရံ သိပ်သဒ္ဓါတရားကောင်းပြီး အာရုံပြုမှုကောင်းနေရင်လည်း တစ်ဆင့်လှူဒါန်းခိုင်းပြီး ပီတိဖြစ်အောင် လုပ်လို့ရပါတယ်။ ဘုရားလက်ထက်ကလို ကိုယ်ရှိတဲ့နေရာကို ကြွရောက်အလှူခံစေချင်ရင်တော့ ကိုယ့်ဘက်က အလွန်ပြည့်စုံအောင် ကြိုးစားရပါလိမ့်မ့်မယ်။ ကိုယ်ကျင့်တရားလုံးဝ ကောင်းမွန်အောင်၊ သရဏဂုံကောင်းကောင်းတည်နိုင်အောင်၊ ထက်သန်ပြင်းပြတဲ့ သဒ္ဓါတရားတွေနဲ့ ပြည့်စုံအောင်၊ ရှာဖွေထားတဲ့ ပစ္စည်းဥစ္စာ အလှူဝတ္ထုများဟာလည်း သမ္မာအာဇီဝကျပြီး သန့်ရှင်းအောင် စတဲ့ အချက်တွေနဲ့ ကြိုးစားပြီး နေ့စဉ်အဓိဋ္ဌာန်ပြုရင်တော့ အလှူခံပုဂ္ဂိုလ်များ တစ်နည်းနည်းနဲ့ ရောက်ရှိလာနိုင်ပါတယ်။

၂။ တရားတွေကို နတ်တွေကြားအောင် နှုတ်ကရွတ်တာ ဓမ္မအလှူပေးရာ ရောက်နိုင်ပါတယ်။ စိတ်ဝင်တစား နာတဲ့နတ်တွေလည်း ရှိနိုင်ပါတယ်။ အနီးကပ်ဆုံးကတော့ ကိုယ့်ခန္ဓာကိုယ်ကို စောင့်တဲ့ကိုယ်စောင့်နတ်များနဲ့ လောကပါလနတ်များ၊ ကောင်းတဲ့နတ်များဟာ ကောင်းမှုကုသိုလ်ပြုတဲ့သူရဲ့ အနားမှာ အမြဲရှိနေပါတယ်။ ကိုယ်ကိုယ်တိုင် မျက်စိနဲ့ မမြင်နိုင်ပေမယ့် အမျှယူသာဓုခေါ်ဖို့ ကိုယ့်အနားမှာ အမြဲရှိပါတယ်။ တစ်ခါတစ်ရံ သိပ်ပြီးသဒ္ဓါတရား အားကောင်းလာရင် မထင်မှတ်တဲ့ တိုက်ဆိုင်မှုများနဲ့ ကောင်းမှုကုသိုလ်ပြုတဲ့ သူကို နတ်များက စောင့်ရှောက်တတ်ပါတယ်။ ဒီတိုက်ဆိုင်မှုများကို ကြည့်ရင် ကိုယ့်အနားမှာ သူတော်ကောင်းတွေ၊ နတ်တွေအမြဲရှိတယ်ဆိုတာ မှန်းဆသိနိုင်ပါတယ်။ ကိုယ်လှူပေးနေတဲ့ အလှူကို ယူသူရှိမရှိ ဆိုတဲ့အချက်အတွက်ကတော့ သံသယဖြစ်စရာ မရှိပါဘူး။ အမြဲရှိနေပါတယ်။ တိုက်ရိုက်မျက်စိနဲ့ မမြင်နိုင်ပေမယ့် ဘ၀သံသရာမှာ ကျင်လည်ခဲ့တုန်းက တစ်ချိန်ချိန်က တော်စပ်ပတ်သက်ခဲ့ဖူးသူတွေဟာ ကိုယ့်ရဲ့အလှူကို အမြဲစောင့်မျှော်နေတယ်ဆိုတာ သေချာပါတယ်။ အကယ်၍ သူတို့မရနိုင်တာတောင်မှ ကိုယ့်အတွက်ကတော့ ဒီအလှူပေးတဲ့ကုသိုလ်က ရပြီးသားဖြစ်နေပါတယ်။ ဒါကြောင့် ကိုယ်အလှူပေးတာ ရသည်ဖြစ်စေ မရသည်ဖြစ်စေ ကိုယ်လုပ်ရမယ့် အလုပ်တစ်ခုအဖြစ်၊ ပြီးတော့ ကုသိုလ်ကို ကုသိုလ်နဲ့ ဆင့်တဲ့ အလုပ်တစ်ခုအဖြစ် ယုံကြည်စွာ ဆက်လက်လုပ်ဆောင်ပါလို့ တိုက်တွန်းပါတယ်။

Read more »

အာဇီဝဋ္ဌမကသီလနှင့် စပ်လျဉ်း၍…

Q. ဘုန်းဘုန်း ဖိုးသား တစ်ခု သိချင်လာလို့ပါ.. ၁) အာဇီဝဋ္ဌမက သီလနဲ့ ပုံမှန် ရှစ်ပါးသီလနဲ့ ဘယ်ဟာက ပိုမြတ်ပါသလဲ ဘုန်းဘုန်း.. ၂) အာဇီဝဋ္ဌမက သီလမှာ ၀ိကာလ ဘောဇနာမပါ၊ ပုံမှန် ရှစ်ပါးသီလမှာ ကျတော့ ကုန်းတိုက်၊ ကြမ်းတမ်း၊ အနှစ်မရှိတဲ့ စကားတွေ ပြောဆိုတာ ရှောင်ကြဉ်တာ စသဖြင့်မပါ၊ ဒါမှ မဟုတ် မုသာဝါဒ မှာပဲ အဲဒီ ကုန်းတိုက် စကားတွေ ဘာတွေ ရှောင်ကြဉ်တာ ပါသွားသလား ဘုန်းဘုန်း.. ၃) နောက် အာဇီဝဋ္ဌမက သီလနဲ့ ပုံမှန် ရှစ်ပါးသီလကို ရောသမမွှေပြီး စောင့်ထိန်းချင်သူအဖို့ ဘယ်လို လုပ်သင့်ပါသလဲ ဘုန်းဘုန်း၊ ၄) အာဇီဝဋ္ဌမက သီလရဲ့ နောက်ဆုံး အချက် မိစ္ဆာဇီဝါကိုရှောင်တာက အရက်သေစာ သောက်စားတာတွေပါ ရှောင်ကြဉ်တာ ပါတယ်လို့လည်း ပြောကြတယ်..အဲဒါကော ဟုတ်ပါသလား ဘုန်းဘုန်း။ ဖိုးသား သိချင်တာက သီလက သူ့ဟာသူနေရင်း မကျူးလွန်တာထက် ခံယူဆောက်တည်ပြီးမှ မကျူးလွန်တာကမှ သီလမည်တယ်၊ သီလဆောက်တည်တယ်လို့ ဖတ်ဖူးတော့.. ရောသမမွှေသီလကျတော့ ဘယ်လို ဆောက်တည်ရမလဲ ဘုန်းဘုန်း.. ဘုန်းဘုန်း အားရင်၊ အဆင်ပြေရင် ဖြေကြားပေးပါဦး.. ဖိုးသားကို
ဖိုးသားကြောင့် ဘုန်းဘုန်း အလုပ်အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ် ဘုန်းဘုန်း။ ဖိုးသား သိချင်လာလို့ပါ။
ဘုန်းဘုန်းကျန်းမာပါစေ
ရိုသေစွာဦးတင်လျက်
ဖိုးသား
စိန့်ပီတာစဘတ်၊ ရုရှား


A. မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ အာဇီဝဋ္ဌမက သီလအဖွင့်ကို ကိုးကားပြီး ပြောရရင် “အသက်မွေးဝမ်းကျောင်းအတွက် ပစ္စည်းဥစ္စာ ရှာဖွေရသော အလုပ်အကိုင် အရောင်းအ၀ယ် ဟူသမျှကို ပါဠိလို အာဇီဝလို့ ခေါ်ပါတယ်။ မတရားသော ပစ္စည်းဥစ္စာရှာဖွေမှုကို မိစ္ဆာဇီဝလို့ ခေါ်ပါတယ်။ ရှစ်ပါးမြောက်ကို ပါဠိလို အဋ္ဌမလို့ ခေါ်ပါတယ်။ ပါဏာတိပါတာ ဝေရမဏိမှ စပြီးရေတွက်ပါက မိစ္ဆာဇီဝါ ဝေရမဏိသည် ၈ပါးမြောက်သိက္ခာပုဒ် ဖြစ်သဖြင့် မိစ္ဆဇီဝမှ ရှောင်ကြည်မှုလျှင် ရှစ်ပါးမြောက်ရှိသော သီလကို အာဇီဝဋ္ဌမကသီလလို့ ခေါ်ပါတယ်။
၁) အာဇီဝဋ္ဌမကသီလ ဆောက်တည်ပုံကို ပါဠိတော်နဲ့ အဋ္ဌကထာများမှာ တိုက်ရိုက်မပြကြပါ။ ငါးပါးသီလစသည် ဆောက်တည်ပုံကို နည်းယူ၍ ရှေးပညာရှိကြီးများက ဖော်ပြခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ရှစ်ပါးသီလနဲ့ ဒီအာဇီဝဋ္ဌမက သီလဘယ်ဟာက ပိုမြတ်သလဲ ဆိုတာထက် ရှစ်ပါးသီလဟာ ဥပုသ်နေ့များမှာ အထူးဆောက်တည်ရတဲ့ သီလမျိုးဖြစ်ပါတယ်။ ဒါကြောင့် ဥပေါသထသီလလို့ ဆိုခြင်းပါ။ ဒီအာဇီဝဋ္ဌမက သီလကတော့ ငါးပါးသီလလိုမျိုး ဆောက်တည်သည်ဖြစ်စေ မဆောက်တည်သည်ဖြစ်စေ ကျူးလွန်ရင် အပြစ်ရှိတဲ့ သီလမျိုးဖြစ်ပါတယ်။ ငါးပါးသီလဟာ သူတော်ကောင်းများ အမြဲစောင့်ထိန်းရမယ့် ကိုယ်ကျင့်သီလဖြစ်သလို အာဇီဝဋ္ဌမကသီလဟာလည်း အထက်တန်းသူတော်စင်တို့ အမြဲထိန်းရမယ့် ကိုယ်ကျင့်သီလဖြစ်ပါတယ်။ ဒါကြောင့် ဒီအာဇီဝဋ္ဌမကသီလကို ကျန်းဂန်များမှာ အာဒိဗြဟ္မစရိယသီလ (မဂ္ဂဗြဟ္မစရိယ၏ အစဖြစ်သောသီလ) လို့လည်း ခေါ်ပါတယ်။ အာဇီဝဋ္ဌမကသီလ လုံခြုံမှ မဂ်ဖိုလ်ရနိုင်ပြီး မလုံရင် မဂ်ဖိုလ်မနိုင်ဟု ဆိုပါတယ်။ ဒါကြောင့် ဒီအာဇီဝဋ္ဌမကသီလသည် မဂ်ဟူသော မြတ်သောအကျင့်၏ အစအခြေခံ သီလဖြစ်သည်ဟု မှတ်သားနိုင်ပါတယ်။

၂) အာဇီဝဋ္ဌမကသီလမှာ ၀ိကာလဘောဇနမပါတာဟာ ၀ိကာလာဘောဇနထက် ပိုပြီးအရေးကြီးတဲ့ အကုသိုလ်အပြစ်ကြီးတဲ့ သီလတွေကို အဓိကဦးစားပေး စောင့်ထိန်းစေလို၍ ဖြစ်တယ်လို့ နားလည်နိုင်ပါတယ်။ ရှစ်ပါးသီလမှာ ကုန်းတိုက်ချောပစ် အတင်းအဖျင်းများမှ ရှောင်ကြည်မှုဆိုတဲ့ သိက္ခာပုဒ်အမည်များသာ တိုက်ရိုက်မပါခြင်းဖြစ်ပါတယ်။ သီလဆောက်တည်ခြင်းရဲ့ အဓိကရည်ရွယ်ချက်က ကာယကံ ၀စီကံ အကုသိုလ်တွေ မဖြစ်အောင် ထိန်းပေးခြင်းဖြစ်တဲ့အတွက် မပါသော်လည်း ၀စီကံအပြစ် မဖြစ်အောင်ထိန်းရပါတယ်။ ရှစ်ပါးသီလလို့ ခေါ်တဲ့ ဥပုသ်သီလဟာ သာမန်ပုဂ္ဂိုလ်များ ဥပုသ်နေ့များမှာ အထူးစောင့်စေလိုတဲ့အတွက် သတ်မှတ်ထားချက်ဖြစ်ပြီး အာဇီဝဋ္ဌမက သီလကတော့ အဆင့်မြင့်သူတော်စင်များ အမြဲစောင့်ထိန်းရမယ့် သီလသတ်မှတ်ချက်ဖြစ်ပါတယ်။ ဒါကြောင့် ဥပုသ်သီလမှာ အာဇီဝဋ္ဌမကသီလမှာပါတဲ့ စောင့်ထိန်းရခက်တဲ့ သီလများမပါဘဲ အာဇီဝဋ္ဌမက သီလမှာတော့ အသေးအဖွဲဖြစ်တဲ့ ၀ိကာလစတဲ့ သီလများ မပါခြင်းဖြစ်ပါတယ်။ ဘယ်မှာပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အဓိကကတော့ သီလစောင့်ထိန်းမှုဟာ ကာယက၀စီကံ အမှုတွေမကျူးလွန်မိအောင် ထိန်းပေးခြင်းဖြစ်တဲ့အတွက် ကာယကံ ၀စီကံအမှုများကိုသာ ကောင်းအောင်ကျိုးစားနေရင် ဒီသီလအမျိုးမျိုးကို ထိန်းပြီးသားဖြစ်နေမှာပါ။

၃) အာဇီဝဋ္ဌမကသီလနဲ့ ရှစ်ပါးသီလကို ရောသမမွေပြီး စောင့်ထိန်းလိုပါက နှစ်ခုလုံးမှာပါတဲ့ သီလတွေကို မလွတ်အောင် စောင့်ထိန်းလိုက်ရုံပါပဲ။ သိပ်ရှုပ်နေမယ်ထင်ရင်တော့ မိမိရဲ့ ကာယကံဝစီကံနဲ့ ပတ်သက်တဲ့ အပြစ်တွေမဖြစ်အောင်သာ လုံခြုံအောင်ထိန်းလိုက်ပါ။ ဒါဆိုရင် ဒီသီလနှစ်မျိုးကို တစ်မျိုးစီ ဆောက်တည်နေတယ်လို့လည်း ပြောလို့ရသွားသလို ဒကာလေးပြောသလို ရောသမမွှေပြီး စောင့်တယ်လို့လည်း ပြောလို့ရသွားပါပြီ။

၎) အထက်မှာ ပြောခဲ့သလိုပဲ မိစ္ဆာဇီဝဆိုတာ မကောင်းသဖြင့် အသက်မွေးတာ၊ မတရားသဖြင့် အသက်မွေးတာလို့ ဆိုတဲ့အတွက် မိစ္ဆာဇီဝမှ ရှောင်ကြည်တာဟာ မကောင်းတဲ့ မတရားတဲ့ အသက်မွေးမှုမှ ရှောင်ကြည်တာပါ။ အရက်သေစာ သောက်စားမှုမှ ရှောင်ကြည်တာလို့ တိုက်ရိုက်မပြောသော်လည်း မိစ္ဆာဇီဝမှ ရှောင်ကြည်မှုမှာ အရက်သေစာသောက်စားမှုမှ ရှောင်ကြည်မှုကိုလည်း ထည့်သွင်းယူနိုင်ပါတယ်။ အရက်သောက်ပြီဆိုကတည်းက ကောင်းတဲ့အသက်မွေးမှုလို့ ပြောလို့မရနိုင်ပါဘူး။ မကောင်းသဖြင့် အသက်မွေးမှုလို့ ပြောလို့ရပါတယ်။ ဒါကြောင့် အရက်သေစာသောက်စားမှုကိုလည်း မိစ္ဆာဇီဝထဲမှာ ထည့်သွင်းယူနိုင်ပါတယ်။

မှန်ပါတယ်။ သီလဟာ ခံယူဆောက်တည်ပြီး စောင့်ရတဲ့သီလရှိသလို ခံယူသည်ဖြစ်စေ မယူသည်ဖြစ်စေ စောင့်ရမယ့် သီလမျိုးလည်း ရှိပါတယ်။ ခုနပြောခဲ့သလို ငါးပါးသီလနဲ့ အာဇီဝဋ္ဌမကသီလတွေကတော့ ခံယူသည်ဖြစ်စေ မယူသည်ဖြစ်စေ စောင့်ရမှာဖြစ်ပြီး ဥပုသ်သီလမျိုးကတော့ သီးသန့်ခံယူပြီး စောင့်ထိန်းရမှာဖြစ်ပါတယ်။ ရောသမမွေသီလကို ခံယူဆောက်တည်လိုရင်တော့ ကိုယ်ခံယူလိုတဲ့ သီလအရေအတွက်ကို လိုက်ပြီး ငါးပါးသီလ ခံယူပုံအတိုင်း “အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ (ရှစ်ပါးဆိုရင် အဋ္ဌင်္ဂသမ္ပန္နာဂတသီလံ၊ ကိုးပါးဆိုရင် န၀င်္ဂသမ္ပန္နာဂတသီလံ စသည်) ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေ ဘန္တေ စသဖြင့် ခံယူဆောက်တည်နိုင်ပါတယ်။ ပြီးတော့မှ စောင့်လိုတဲ့ သီလသိက္ခာပုဒ်များကို ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဓိယာမိ စသည်ဖြင့် ဆောက်တည်နိုင်ပါတယ်။

အင်း… ဒကာလေး မေးလို့သာ အားလုံးကို ပြည့်စုံအောင် ဖြေပေးလိုက်ရတာပါ။ ရောသမမွေဆိုတဲ့ စကားလုံး အသုံးကိုတော့ သဘောမကျပါဘူး။ သီလဆောက်တည်မှုကို ကိုယ်လုပ်ချင်သလို ဟိုရွေ့ဒီရွေ့ ဟိုပြောင်းဒီပြောင်း ဟိုပေါင်းဒီပေါင်း လုပ်တာမျိုးမဖြစ်ပါစေနဲ့။ သိပ်ရှုပ်နေတယ်ထင်ရင် ခုနပြောသလို ကိုယ့်ရဲ့ ကာယကံ၊ ၀စီကံတွေကိုသာ အကောင်းဆုံးဖြစ်အောင် လုံခြုံအောင်စောင့်ထိန်းဖို့ ကြိုးစားကြည့်ပါ။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ