Live Questions and Answers (6)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။
10 Jun 10 07:36
ထွန်းထွန်း
အရှင်ဘုရား ကျန်းမာချမ်းသာပါရဲ့လားဘုရား…။ သရဏဂုံတည်ပြီးလို့ ငါးပါးသီလမြဲသွားတဲ့ လူတစ်ယောက်ဟာ အပါယ်ကျနိုင်ပါသေး သလားဘုရား..။ ပြီးတော့သောတာပန် အရိယာတိုင်းဟာ ကိုယ့်ကိုယ်ကို သောတာပန်ဖြစ် ပြီလို့သိနိုင်ပါသလားဘုရား..။

11 Jun 10 14:24
မနာပဒါယီ>>> ထွန်းထွန်း
သရဏဂုံတည်ပြီး ငါးပါးသီလမြဲသွားတဲ့ သူတစ်ယောက်ဟာ အပါယ်မလားနိုင်တော့ပါဘူး။ ဒါပေမယ့် ပုထုဇင် တစ်ယောက်ရဲ့ သရဂုံတည်မှုနဲ့ ငါးပါးသီလလုံခြုံမှုက ပုထုဇင်ပုဂ္ဂိုလ်ဖြစ်နေတဲ့အပြင် သဒ္ဓါတရားလည်း မခိုင်သေးဘဲ အချိန်မရွေး ပြောင်းလဲနိုင်တဲ့အတွက် အပါယ်ဘေးနဲ့ ပတ်သက်ပြီး သေချာပေါက် မပြောနိုင်ပါဘူး။ သောတာပန်စတဲ့ အရိယာပုဂ္ဂိုလ်ဖြစ်သွားရင်တော့ ဒီအရိယာပုဂ္ဂိုလ်ဟာ သဒ္ဓါတရားခိုင်သွားတဲ့အပြင် သရဏဂုံနဲ့ ငါးပါးသီလခေါ် ကံငါးပါးကို လုံးဝမြဲသွားပြီ ဖြစ်တဲ့အတွက် အပါယ်တံခါးပိတ်သွားပြီ ဖြစ်ပါတယ်။ အပါယ်မလားတော့ပါဘူး။

သောတာပန်ဆိုတာ အလွယ်နားလည်အောင် ပြောရရင် သောတာပတ္တိမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို ရတဲ့ပုဂ္ဂိုလ်ကို ဆိုပါတယ်။ သောတာပန် အရိယာတိုင်းဟာ ကိုယ့်ကိုယ်ကို သောတာပန် ဖြစ်ကြောင်း ကောင်းကောင်းသိနိုင်ပါတယ်။ ၀ိပဿနာ တရားအားထုတ်ရင်း ဖြစ်ပေါ်လာတဲ့ ဉာဏ်အဆင့်ဆင့်ကို ရရှိပြီးနောက် သောတာပတ္တိမဂ်ဉာဏ်ကို ရတဲ့အခါ အဲဒီယောဂီပုဂ္ဂိုလ်ရတဲ့ သောတာပတ္တိမဂ်က ကိလေသာတွေထဲက ဒိဋ္ဌိနဲ့ ၀ိစိကစ္ဆာဆိုတဲ့ ကိလေသာနှစ်ပါးကို အကြွင်းမဲ့ ပယ်သတ်လိုက်ပါတယ်။ ဒီလို ပယ်သတ်လိုက်တာနဲ့ တစ်ပြိုင်တည်း ဒီသောတာပတ္တိမဂ်ကို ရတဲ့ ယောဂီပုဂ္ဂိုလ်ရဲ့ စိတ်အစဉ်ဟာ အယူဝါဒ မှန်ကန်ဖြောင့်မတ်လာပြီး ရတနာသုံးပါးနဲ့ ကံကံရဲ့အကျိုးတွေ အပေါ်မှာ သို့လောသို့လော သံသယစိတ်တွေ ဘယ်တော့မှ မဖြစ်တော့ပါဘူး။ ရတနာသုံးပါးနဲ့ ပတ်သက်လာရင် အဲဒီပုဂ္ဂိုလ်ရဲ့ စိတ်ဟာအမြဲကြည်လင်နေပြီး ကြည်ညိုမှုတွေနဲ့ ပီတိတရားတွေပဲ တိုးပွားနေတတ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ဒီသောတာပတ္တိမဂ် ရတဲ့ပုဂ္ဂိုလ်ဟာ မိမိ သောတာပန် ဖြစ်ကြောင်း ကောင်းကောင်းသိနိုင်ပါတယ်။ တစ်ချို့ တရားအားထုတ်တဲ့ အရှိန်ကြောင့် ကိလေသာလေးတွေ ခဏငြိမ်နေတဲ့ အခါမျိုးရှိတတ်ပါတယ်။ ဒါပေမယ့် တကယ် သောတာပတ္တိမဂ်ဉာဏ်ကို ရတာမဟုတ်တော့ ကိလေသာနဲ့တွေ့တဲ့အခါ ပြန်ပေါ်လာတတ်ပါတယ်။ တကယ်ရတဲ့ ပုဂ္ဂိုလ်ကတော့ အကြွင်းမဲ့ပယ်သတ်ပြီးဖြစ်လို့ ဘယ်တော့မှ မပေါ်တော့ပါဘူး။ ဒါကြောင့် ၀ိပဿနာတရားကို မှန်ကန်တဲ့လမ်းစဉ်နဲ့ အားထုတ်ပြီး ဉာဏ်အဆင့်ဆင့် ရရှိသွားကြတဲ့ သောတာပန်စတဲ့ အရိယာပုဂ္ဂိုလ်တွေဟာ မိမိဘယ်အဆင့် ရောက်နေတယ်ဆိုတာ ကောင်းကောင်းသိနိုင်ပါတယ်လို့ ဆိုခြင်းဖြယ်ပါတယ်။

08 Jun 10 03:29
ထွန်းထွန်း
အရှင်ဘုရားတပည့်တော် တစ်ခုလျောက်ထားချင်ပါတယ်ဘုရား။ ၀ိနည်းနဲ့ ညီအောင်မနေတဲ့ ရဟန်းတွေကို ၀ိနည်းနားလည်တဲ့ လူဝတ်ကြောင်က ကဲ့ရဲ့အပြစ်တင်ရင် အပြစ်ရှိပါသလားဘုရား..။

08 Jun 10 05:25
မနာပဒါယီ>>> ထွန်းထွန်း
စေတနာအလိုဆိုးနဲ့ မဟုတ်ဘဲ သာသနာတော်ကို ကြည်ညိုတဲ့ စိတ်ကောင်းစေတနာကောင်းနဲ့ ပြောဆိုပြုပြင်တဲ့ သဘောဆိုရင် အပြစ်မဖြစ်ပါဘူး။ ဒါပေမယ့် သတိတော့ ထားဖို့လိုပါတယ်။ သံဃာနဲ့ ပုဂ္ဂိုလ်ကို ခွဲခြားတတ်ဖို့လည်းလိုပါတယ်။ တစ်ခါတစ်လေ ပုဂ္ဂိုလ်ကို ရည်ရွယ်ပေမယ့် အသုံးအနှုန်းက သံဃာအားလုံးအထိ ဖြစ်သွားရင် စေတနာက ဝေဒနာ ဖြစ်တတ်ပါတယ်။ ဒီနေ့ခေတ်မှာ လူဝတ်ကြောင်က ရဟန်းတော်ကို တိုက်ရိုက်ပြောတာထက် ဆိုင်ရာဆရာသမားကို ပြောဆိုလျှောက်ထား အသိပေးစေတာက ပိုပြီး လူတွေအတွက် အပြစ်ကင်းနိုင်ပါတယ်။ ဘုရားလက်ထက်က ၀ိသာခါတို့၊ အနာထပိဏ်တို့ ဆရာဇီဝကတို့လည်း ရဟန်းတော်များကို အမြင်မတော်တာတွေ့ရင် ကဲ့ရဲ့ပြစ်တင်ပြီး ဘုရားရှင်ကို လျှောက်ထားလေ့ရှိပါတယ်။ သူတို့ဆိုရင် သူတို့ကိုယ်တိုင် ဥပါသကာ ဥပါသိကာမဂုဏ်ရည်တွေနဲ့ ပြည့်စုံတဲ့အပြင် သာသနာတော် အတွက်လည်း အလွန်ကျေးဇူးများတဲ့ သူတွေဖြစ်ကြပါတယ်။ အဓိကကတော့ စေတနာ ရည်ရွယ်ချက် မှန်ကန်ကောင်းမွန်ဖို့နဲ့ ကိုယ့်ကိုယ်ကို အပြစ်မဖြစ်စေဖို့ အစွန်းမရောက်အောင် နေထိုင်ပြောဆိုတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

20 Jun 10, 12:27 PM
ဖိုးသား
ဘုန်းဘုန်း မင်္ဂလာပါ။ တပည့်တော် ကောင်းကောင်း သဘောမပေါက်တာလေး မေးလျှောက်ပါရစေ ဘုရား..။ အရှိကို အရှိအတိုင်း စိတ်ကျက်စားနေတဲ့ အချိန် ကာလသုံးပါး လွတ်နေတယ်လို့ ကြားနာဖူးပါတယ် ဘုန်းဘုန်း..။ အတိတ်ကာလနဲ့ အနာဂတ်ကာလ လွတ်နေတယ်ဆိုတဲ့ သဘောကို နည်းနည်း သဘောပေါက်သလို ရှိပေမယ့် ပစ္စုပ္ပန်ကာလပါ လွတ်တယ် ဆိုတာကို ခေါင်းရှုပ်နေတယ် ဘုရား။ မရှင်းလို့ တရားပြန်နာရင် ရှင်းသလိုလို ရှိသွားပေမယ့် ပြန်ရှုပ်သွားပြန်တယ် ဘုရား..။ ဘုန်းဘုန်း အနေနဲ့ နားလည် သဘောပေါက်သလောက် တပည့်တော်ကို ရှင်းပြပေးပါဦး ဘုရား..။ ဘုန်းဘုန်း ကျန်းမာပါစေ။ ရိုရိုသေသေ ဦးတင်လျက်.. ဖိုးသား။

21 Jun 10, 03:36 PM
မနာပဒါယီ>>> ဖိုးသား
ဖိုးသားရေ... ဒကာလေးပြောသလို အရှိကို အရှိအတိုင်း စိတ်အစဉ် ကျက်စားနေတဲ့ အခိုက်မှာ အတိတ်ကာလလည်းမဟုတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလလည်း မဟုတ်ဘဲ ကာလက လွတ်နေတယ် ဆိုတဲ့သဘောက စိတ္တာနုပဿနာကို သတိမပြတ် မလွတ်တမ်း ရှုမှတ်နေတဲ့ ယောဂီဟာ စိတ်အစဉ် အားလုံးကို တစ်ခုပြီးတစ်ခု မလွတ်တမ်း သိနေတဲ့ သဘောရှိတဲ့အတွက် တစ်သမှတ်တည်း မရှိဘဲ ကာလ၀ိမုတ္တိ ဖြစ်နေတဲ့ သဘော ဖြစ်နိုင်ပါတယ်။ သိတဲ့အတိုင်း စိတ်ဆိုတာကလည်း အဖြစ်မြန် အပျက်မြန်တဲ့ သဘောရှိတဲ့အတွက် တစ်ခါတည်း ထိန်းချုပ်ထားလို့ ရတဲ့အရာ မဟုတ်ပါဘူး။ ဒါကြောင့် စိတ်အစဉ်ကို အရှိအတိုင်း လိုက်သိနေတဲ့ ဆိုတာကလည်း ရှေ့စိတ်ကို နောက်စိတ်က လိုက်လိုက်ပြီး သိနေတာကိုပဲ ဆိုလိုတာ ဖြစ်ပါတယ်။ စိတ်တစ်ခုနဲ့ တစ်ခုကြား ပြောင်းလဲမှုက အရမ်းမြန်လွန်းလှတဲ့အတွက် ရှေ့စိတ်ကို သိလိုက်တာနဲ့ တစ်ပြိုင်နက် အဲဒီစိတ်ပျောက်ပြီး နောက်သိစိတ်ပေါ်လာတာ ဖြစ်ပါတယ်။ အဲဒီနောက်သိစိတ်ကိုလည်း နောက်နောက်စိတ်တွေက ဆက်ကာဆက်ကာ ဖြစ်ဖြစ်နေ၊ အဲဒီလို ဖြစ်ဖြစ်နေတာကို လိုက်လိုက်သိနေတာ ဖြစ်တဲ့အတွက် စိတ်အစဉ်ကို တစ်ခုပြီး တစ်ခု သတိမပြတ် လိုက်သိနေတဲ့ ယောဂီပုဂ္ဂိုလ်အတွက် ကာလဆိုတာ ရှိတယ်လို့ မထင်ရလောက်အောင် လွတ်နေတဲ့ သဘောရှိပါတယ်။ ဆိုကြပါစို့။ ကိုယ့်စိတ်မှာ ရာဂဖြစ်တဲ့အခါ အဲဒီရာဂစိတ် ဖြစ်တာကို သိတာနဲ့ ရာဂစိတ်က ပျောက်သွားပြီး သိစိတ်က ရောက်သွားတဲ့အထိ စိတ်အစဉ် အဖြစ်မြန်သလို အဲဒီသိစိတ်ကိုလည်း နောက်စိတ်တစ်ခုက အရှိအတိုင်း သိသိသွားနေတဲ့ သဘောရှိလို့ ဒီလို စိတ်အစဉ်ကို တစ်ခုပြီးတစ်ခု လိုက်လိုက်သိနေမှုမှာ အတိတ်လား၊ ပစ္စုပ္ပန်လား၊ အနာဂတ်လားလို့ ပြောရခက်လောက်အောင် ဖြစ်နေတဲ့အတွက် ကာလက လွတ်နေတယ်လို့ ဆိုခြင်း ဖြစ်နိုင်ပါတယ်။

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ