Live Questions and Answers (5)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။
06 Jun 10 01:25
aung
မင်္ဂလာပါဘုရား… သူငယ်ချင်းတစ်ယောက် ဒုလ္လဘရဟန်း ၀တ်ချင်ပေမယ့် လက်ညှိုးတစ်ဆစ် စက်ညပ်ပြီး ပြတ်နေလို့ ရဟန်းခံရ၊ မရ သိလိုပါတယ်ဘုရား..။ ကိုရင်ဝတ်လဲ ရ မရ သိလိုပါတယ်ဘုရား။
06 Jun 10 01:29
ဇော်လင်း
ဗုဒ္ဓ၀ိနည်းတော်မှာ ရှင်ရဟန်းပြု မပေးထိုက်တဲ့သူ ၃၂ယောက်ထဲမှာ အကြောဖြတ်ထားသော သူပါ ပါသလားဘုရား၊ ငယ်ကလည်း သင်္ကန်းဝတ်၊ ကြီးတော့လည်း သင်္ကန်းဝတ်ပေမယ့် စိတ်ထဲမှာ မရှင်းလို့ပါဘုရား။

Jun 10, 03:21 PM
မနာပဒါယီ >>> aung၊ ဇော်လင်း
ဝိနည်းကြောင်းအရ ရဟန်းသံဃာတော်များ အနေနဲ့ ရှင်ရဟန်း ပြုမပေးထိုက်သူ (၃၂) ယောက်ရှိပါတယ်။ အဲဒီ (၃၂)ယောက်က ၁။ လက်ပြတ်သူ ၂။ ခြေပြတ်သူ ၃။ လက်ခြေပြတ်သူ ၄။ နားရွက်ပြတ်သူ ၅။ နှာခေါင်းပြတ်သူ ၆။ နား၊ နှာခေါင်းပြတ်သူ ၇။ ခြေချောင်းလက်ချောင်းပြတ်သူ ၈။ ခြေမလက်မပြတ်သူ ၉။ အကြေမ၊ အကြောကြီးပြတ်သူ ၁၀။ ခြေချောင်းလက်ချောင်းပူးသောသူ ၁၁။ ကုန်းသောသူ ၁၂။ ပုကွသောသူ ၁၃။ လည်ပင်းကြီးနာရှိသူ ၁၄။ သံပူကပ်၍ တံဆိပ်ခတ်နှိပ်ထားသူ ၁၅။ ကြိမ်ဒဏ်ပေးခံရသူ ၁၆။ တွေ့ရာအရပ်၌ သတ်ရန်ကြေငြာထားသူ ၁၇။ ခြေထိုင်းသူ ၁၈။ အနာဆိုးရှိသူ ၁၉။ အသွင်ချို့တဲ့သဖြင့် ပရိတ်သတ်ကြည်ညိုမှုကို ဖျက်စီးသူ ၂၀။ မျက်စိတစ်ဖက် မမြင်သူ ၂၁။ လက်ခြေကောက်ကွေးသူ ၂၂။ ခွင်သောသူ ၂၃။ ကိုယ်တစ်ခြမ်းသေသူ ၂၄။ ဆွံ့အသူ ၂၅။ အိုမင်းမစွမ်းသူ ၂၆။ မျက်စိနှစ်ကွင်း အလင်းမရသူ ၂၇။ စကားဆွံ့အသူ ၂၈။ နားပင်းသူ ၂၉။ ကန်းလည်းကန်း အလည်းအသူ ၃၀။ ကန်းလည်းကန်း နားလည်းပင်းသူ ၃၁။ အလည်းအ ပင်းလည်းပင်းသူ ၃၂။ ကန်းလည်းကန်း အလည်းအ ပင်းလည်း ပင်းသူ တို့ပဲ ဖြစ်ပါတယ်။

ဒီ ၃၂ယောက်မှာ မေးခွန်းရှင်များ မေးတဲ့အချက်တွေ ပါဝင်နေပါတယ်။ မေးခွန်းရှင် ဇော်လင်းမေးတဲ့ အကြောဟာ ဘယ်လို အကြောမျိုးဆိုတာ မသိပေမယ့် ဒီနေရာမှာ အကြောပေါင်း မြောက်များစွာ ရှိတဲ့အထဲက အကြောမကြီးကို ရည်ရွယ်ပါတယ်။ တကယ်တော့ ဒီ ၃၂ယောက်ဟာ ရဟန်းသံဃာတော်များက ရှင်ရဟန်းပြုမပေးထိုက်တဲ့ ပုဂ္ဂိုလ်များ ဖြစ်ပါတယ်။ ပြုပေးလိုက်လို့ ရှင်ရဟန်း မဖြစ်တဲ့ ပုဂ္ဂိုလ်များ မဟုတ်ပါဘူး။ ပြုပေးတဲ့ ရဟန်းရှိတဲ့အတွက် ရှင်ရဟန်းအဖြစ်ကို ရရှိခဲ့ရင် ရှင်ရဟန်းဖြစ်နိုင်ပါတယ်။

30 May 10 21:35
ဒကာတစ်ဦး
အရူပဘုံ ၄ ပါးကို ဘယ်လိုသူတွေ ရောက်ပါလဲဘုရား၊ ဗြဟ္မာပြည်က လူ့ပြည်ထက် ပိုအဆင့်မြင့်တယ် ဆိုပေမယ့် ဒီ၎ဘုံကတော့ ရပ်ပြစ်ရှစ်ပါးထဲမှာ ထည့်ထားတယ်ဆိုတော့ ဘယ်လိုသူတွေ ရောက်ပါသလဲဘုရား။

30 May 10 21:36
မနာပဒါယီ>>> ဒကာတစ်ဦး
အရူပဘုံဆိုတာ ရုပ်မရှိဘဲ နာမ်သက်သက်သာ ရှိတဲ့ဘုံကို ဆိုပါတယ်။ ရုပ်တရားမှန်သမျှ စက်ဆုတ်ရွံမုန်းတဲ့အတွက် နာမ်သက်သက်ရအောင် အားထုတ်ခဲ့တဲ့ ဘာဝနာအတွက် ဖြစ်ပေါ်လာတဲ့ ဘုံဗိမာန် ဖြစ်ပါတယ်။ ဒါကြောင့် ဒီဘုံကို ရုပ်တရားကို မလိုချင် နာမ်ချဉ်းသက်သက်ကိုသာ လိုချင်တဲ့အတွက် သမထကမ္မဋ္ဌာန်းကျင့်စဉ် သက်သက်နဲ့ ဈာန်ရတဲ့အထိ အားထုတ်ကြတဲ့ သူတွေရောက်နိုင်သလို အဘိဓမ္မာအဖွင့်အရ သောတာပတ္တိမဂ္ဂဋ္ဌာန် စတဲ့ အရိယာပုဂ္ဂိုလ် ဂယောက်မှာ ပထမဆုံး သောတာပတ္တိမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်ကလွဲပြီး ကျန်အရိယာပုဂ္ဂိုလ် ၇ယောက်နဲ့၊ တိဟိတ်ပုထုဇင် ပုဂ္ဂိုလ်များ ရောက်နိုင်ပါတယ်။ ဒီဘုံဟာ သက်တမ်းလည်း ရှည်ကြာတဲ့အပြင် ရုပ်မရှိဘဲ နာမ်သက်သက်သာ ရှိတဲ့ ရုပ်နာမ်မစုံတဲ့ ဘုံဖြစ်တဲ့အတွက် လောကီဈာန်နဲ့ ရောက်သွားတဲ့ ပုထုဇင်ပုဂ္ဂိုလ်များ အတွက်ကို ရည်ရွယ်ပြီး ရပ်ပြစ်ရှစ်ပါးထဲမှာ ပါတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ အရိယာပုဂ္ဂိုလ်များ အတွက်ကတော့ အရိယာ အဖြစ်နဲ့ ဆက်လက်ပြီး တရားအားထုတ်ကာ အထက်ဉာဏ်တွေကို ရနိုင်တဲ့အတွက် ရပ်ပြစ်ရှစ်ပါးထဲမှာ ပါတယ်လို့ မဆိုနိုင်ပါဘူး။

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ