Showing posts with label တွေးမိသမျှ. Show all posts
Showing posts with label တွေးမိသမျှ. Show all posts

Love is understanding


"အချစ်ဆိုတာ နားလည်ခြင်း”တဲ့။ 
ဟုတ်ပါတယ်။ အချစ်ဆိုတာ ဘာလဲလို့ မေးရင်း အချစ်ဆိုတာ နားလည်ခြင်းလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦး အချင်းချင်း နားလည်မှုတွေ ရှိနေရင် အချစ်တွေလည်း ရှိနေကြမှာ ဖြစ်ပြီး နားလည်မှု လွဲလာပြီဆိုရင်တော့ အချစ်တွေလည်း လျော့လာတော့တာ ဖြစ်ပါတယ်။ များများနားလည်မှု လွဲလေ အချစ်တွေ များများလျော့လာလေပဲ ဖြစ်ပါတယ်။ ဒီသဘောတရားကို ကိုယ့်ရဲ့ လက်တွေ့ဘဝတွေမှာ မျက်မှောက်ထင်ထင် တွေ့မြင်နိုင်ကြမှာ ဖြစ်ပါတယ်။ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ ပေးနိုင်၊ တစ်ယောက်အားနည်းချက်ကို တစ်ယောက်က နာလည်းခွင့်လွှတ်ပေးနိုင် နေကြတဲ့အချိန်မှာ ဘာပြဿနာမှ မရှိကြပေမယ့် နားလည်မှုတွေ မပေးနိုင်ကြတော့တဲ့ အချိန်မှာတော့ အချစ်တွေလည်း လျော့လာကာ အချစ်အစား အပြစ်တွေ ပွားလာကြတော့တာ ဖြစ်ပါတယ်။ လူတစ်ဦးချင်းမှာ တစ်ဦးအပေါ် တစ်ဦး နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ အချစ်တွေ မရှိရင် အပြစ်တွေပဲ ကြည့်လာတတ်တာ ဖြစ်ပါတယ်။ အပြစ်ကြည့်လာပြီဆိုရင် နားလည်မှုလည်း မပေးနိုင်တော့ဘဲ အချစ်တွေလည်း ဝေးကွာလာတော့တာ ဖြစ်ပါတယ်။ 

ဒီနေရာမှာ အချစ်ဆိုလို့ သမီးရည်းစား အချစ်တစ်ခုကိုပဲ အချစ်လို့ မမြင်ကြဖို့လိုပါတယ်။ မိဘနဲ့ သားသမီးကြား၊ ဆရာနဲ့ တပည့်ကြား၊ မိတ်ဆွေအပေါင်း အသင်းတွေကြားမှာ ပေါင်းကူးပေးထားတာလေးတွေဟာလည်း အချစ်တွေပဲ ဖြစ်ပါတယ်။ အဲဒီအချစ်တွေဟာ တစ်ဦးအပေါ်တစ်ဦး နားလည်မှုနဲ့ တည်ဆောက်ထားကြတာ ဖြစ်တဲ့အတွက် နားလည်မှု ရှိနေသမျှ နားလည်မှုတွေ ပေးနေနိုင်သမျှ အချစ်တွေဟာလည်း ခိုင်မြဲနေနိုင်ကြတာ ဖြစ်ပါတယ်။ အချစ်တွေ ခိုင်မြဲနေသေးသမျှ အပြစ်ရှိတာတောင် အပြစ်လို့ မမြင်တော့ဘဲ နားလည်မှုနဲ့ ခွင့်လွှတ်ပေးနိုင်တော့တာ ဖြစ်ပါတယ်။ အထူးသတိထားရမှာက အဲဒီလို နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ ချစ်ချင်းတွေဟာ ပယောဂတစ်ခုခုကြောင့် နားလည်မှုတွေ လွဲလာခဲ့ရင် အချစ်တွေလည်း လွဲလာတတ်ပြီး အချစ်လွဲလာရင် အပြစ်တွေလည်း တွဲပါလာတတ်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ 

တကယ်တော့ နားလည်မှုပေးတယ်ဆိုတာ သူ့နေရာမှာ ကိုယ်ကခံစားကြည့်ပေးတာပဲ ဖြစ်ပါတယ်။ ကိုယ်လည်းသူ့နေရာမှာဆိုရင် ဒီလိုပဲ ဖြစ်မှာပဲဆိုတဲ့ ကိုယ်ချင်းစာတရားနဲ့ သူ့နေရာလေးမှာ ခံစားပေးတဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။ ပြီးတော့ အဲဒီလို နားလည်မှု ရအောင်ကြိုးစားတဲ့ အခါမှာ တစ်ဦးနဲ့တစ်ဦးကြား အကြောင်း တစ်ခုခုကြောင့် နားလည်မှုလေးတွေ လွဲလာခဲ့ရင်လည်း အဲဒီ နားလည်မှုလွဲတာတွေကို လက်တွေ့မဖြေရှင်းပဲ စိတ်ထဲမှာ ကြိတ်ပြီးတေးမထားဖို့ လိုပါတယ်။ တစ်ယောက်ယောက်ကြောင့် တစ်ခုခုကြောင့် အမြင်လေးတွေစောင်းပြီး နားလည်မှု လွဲလာတာလေးတွေ ရှိရင် ပွင့်ပွင့်လင်းလင်း တိုက်ရိုက်ပြောဆိုကာ အကျိုးသင့်အကြောင်းသင့် ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။ တစ်ချို့နားလည်မှု လွဲကြတဲ့ ကိစ္စတွေဟာ အဲဒီနားလည်မှုကို တိုက်ရိုက်မျက်နှာချင်းဆိုင် ပွင်ပွင့်လင်းလင်း မဖြေရှင်းပဲ ကိုယ့်စိတ်ထဲမှာပဲ ကိုယ့်ရှုထောင့်တစ်ခုတည်းနဲ့ ကြိတ်တေး၊ ကြိတ်တွေးကာ ကြိတ်ခံစားနေကြတဲ့ အတွက်ကြောင့် ကြာတော့ အဲဒီကြိတ်လုံးတွေဟာ အဆိုင်အခဲ ဖြစ်လာကာ နားလည်မှုဟာ ပိုပြီးလွဲလာကြတော့တာ ဖြစ်ပါတယ်။ အဲဒီလို နားလည်မှု လွဲလာရာက တစ်ယောက်နဲ့တစ်ယောက် သူမှန်ကိုယ်မှန် မာနပြိုင်ရင်း နောက်တော့ အချစ်အစား အမုန်းတွေပဲ ပွားလာဖြစ်ကြတော့တာ ဖြစ်ပါတယ်။ အရင်းစစ်တော့ အမုန်းအပြစ်ဆိုတာ နားလည်မှုလွဲရာကနေ အချစ်တွေပြယ်ကာ အပြစ်တွေအဖြစ် ပြောင်းလဲသွားခြင်း သဘောပဲ ဖြစ်ပါတယ်။ 

ဆိုတော့ကား ဘာပဲဖြစ်ဖြစ် ခဏတာဆုံတွေ့ကြတဲ့ အခိုက်အတန့်လေးမှာ အမုန်းတရားတွေနဲ့ ဘဝကို ဖြတ်သန်းကြမယ့်အစား မပြည့်စုံတဲ့ သူအချင်းချင်း အားနည်းချက်ကို နားလည်မှုပေးပြီး အဲဒီနားလည်မှုကို အချစ်တစ်ခုအဖြစ် တည်ဆောက်ကာ အချစ်အားနဲ့ အပြစ်များကို ဖယ်ရှားနိုင်အောင် ကြိုးစားကြည့်ကြရမှာ ဖြစ်ပါတယ်။ နားလည်မှုရှိနေရင် အချစ်ရှိနေမှာဖြစ်ပြီး အချစ်ရှိနေရင် အပြစ်ကြည့်တာတွေလည်း နည်းလာကြမှာ ဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုနဲ့ အချစ်တွေကို တည်ဆောက်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ 

Read more »

အူမတောင့်မှ သီလစောင့်မယ်ဆိုရင်ဖြင့်

“အူမ,တောင့်မှ သီလစောင့်”ဆိုတဲ့ မြန်မာစကားပုံကို တော်တော်များများ ပြောဆိုအသုံးပြုလေ့ ရှိပါတယ်။ ကောင်းတာတွေလုပ်ချင်ပေမယ့် စားဝတ်နေရေး အဆင်မပြေတဲ့အတွက် မလုပ်နိုင်တဲ့ သဘောကို ဒီစကားပုံလေး အသုံးပြုပြီး အကြောင်းပြလေ့ ရှိတတ်ပါတယ်။ သီလစောင့်ချင်ပေမယ့် စားစရာက မရှိတော့ သီလလည်း မစောင့်နိုင်ဘူးလို့ ဆိုချင်ကြဟန်တူပါတယ်။ သီလစောင့်တယ်၊ ကုသိုလ်လုပ်တယ်ဆိုတာ စားဝတ်နေရင်း အဆင်ပြေမှပဲ လုပ်နိုင်တာ၊ စားဝတ်နေရေး အဆင်မပြေရင်တော့ သီလလည်း စောင့်နိုင်မှာ မဟုတ်ဘူးစသဖြင့် ကိုယ်သီလမစောင့်နိုင်တာ၊ ကုသိုလ်မလုပ်နိုင်တာကို အူမ,မတောင့်တဲ့ အတွက် မလုပ်နိုင်ဘဲ ဖြစ်နေကြောင်း အကြောင်းပြလိုကြဟန် ရှိပါတယ်။ ဒီလိုဆိုရင် မွေးလာကတည်းက အူမတောင့်ဖို့ ကြိုးစားလာခဲ့ကြတာ ဘယ်တော့အူမတောင့်လို့ ဘယ်တော့သီလ စောင့်ကြမှာလဲလို့တောင် မေးစရာ ဖြစ်လာပါတယ်။ အူမ,တောင့်မှ သီလစောင့်ကြမယ်ဆိုရင် အူမ,မတောင့်ခင် တစ်ခုခု ဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်ကြမလဲလို့ စောဒကတက်စရာ ဖြစ်လာပြန်ပါတယ်။
ကတ်သီးကတ်သပ် တွေးကြည့်မယ်ဆိုရင် “အူမ,တောင့်မှ သီလစောင့်”ဆိုတဲ့ ဒီစကားအရ အူမ,တောင့်ဖို့က အဓိကဖြစ်နေပြီး သီလစောင့်ဖို့က နောက်ဖြစ်နေပါတယ်။ အူမ,တောင့်အောင်ကြိုးစားဖို့ အရင်လိုအပ်ပြီး အူမ,ကောင်းကောင်းတောင့်မှ သီလစောင့်မယ် ဆိုတဲ့သဘော သက်ရောက်နေပြန်ပါတယ်။ တကယ်လို့ အဲဒီလို သဘောမျိုးနဲ့သာ သီလကိုနောက်မှစောင့်ပြီး အူမ,အရင်တောင့်အောင် ကြိုးစားကြမယ်ဆိုရင်တော့ သီလစောင့်ချိန်ရောက်မှာ မဟုတ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သမုဒ္ဒရာ ၀မ်းတစ်ထွာ ဆိုတဲ့ စကားအတိုင်း ၀မ်းဟာတစ်ထွာလောက် ရှိပေမယ့် သမုဒ္ဒရာလောက်အထိ ကျယ်နေလို့ပဲ ဖြစ်ပါတယ်။ သမုဒ္ဒရာဟာ ဘယ်လောက်ပဲထည့်ထည့် မပြည့်နိုင်သလို ၀မ်းဟာလည်း ဘယ်လောက်ပဲ ဖြည့်ဖြည့် မပြည့်နိုင်ပါဘူး။ သံသရာအဆက်ဆက် အူမ,တောင့်အောင် ကြိုးစားခဲ့ကြပေမယ့် အခုအချိန်ထိ မပြည့်နိုင်ကြပါဘူး။ နိဗ္ဗာန်မရသေးသမျှတော့ ပြည့်နိုင်မယ် မထင်ပါဘူး။ ဒီလို ဘယ်လောက်ပဲ အူမ,တောင့်အောင် ကြိုးစားနေပေမယ့် မတောင့်နိုင်တဲ့ အူကို တောင့်အောင်ကြိုးစားပြီးမှ သီလစောင့်ကြမယ် ဆိုရင်တော့ သီလစောင့်ဖြစ်ဖို့ မလွယ်တော့ပါဘူး။ အူမ,တောင့်အောင် ကြိုးစားရင်း အူမ,လည်းမတောင့် သီလလည်းမစောင့်နိုင်တဲ့ အဖြစ်နဲ့ပဲ ဘ၀ကို အဆုံးသတ်သွားဖို့ များပါတယ်။

ဒီလို ဘယ်လောက်ပဲ ကြိုးစားကြိုးစား အူမ,တောင့်တယ်ဆိုတာ မဖြစ်နိုင်တဲ့အတွက် အရိယာ သူတော်ကောင်းတွေကတော့ အူမ,တောင့်ဖို့ထက် သီလစောင့်ဖို့ကို အဓိက အားထုတ်ကြခြင်း ဖြစ်ပါတယ်။ ပုထုဇင်တွေက အူမ,တောင့်ရေး ဦးစားပေး ဖြစ်နေတတ်ကြပေမယ့် သူတော်ကောင်းများကတော့ သီလစောင့်ရေး ဦးစားပေးတတ်ကြပါတယ်။ ပုထုဇင်တွေက အူမ,တောင့်ဖို့၊ စားဝတ်နေရင်း အဆင်ပြေဖို့ဆိုရင် သီလဖျက်ဖို့ ၀န်မလေးတတ်ပေမယ့် သူတော်ကောင်းတွေကတော့ သီလစောင့်ဖို့ဆိုရင် အသက်ကို ပေးဆပ်ဖို့အထိတောင် သတ္တိရှိတတ်ကြပါတယ်။ ဒါကြောင့်လည်း သီလဦးစားပေးတတ်တဲ့ သူတော်ကောင်းတွေရဲ့ ဘ၀ဟာ ငြိမ်းချမ်းနေပြီး အူမ,တောင့်ရေး ဦးစားပေးတတ်တဲ့ ပုထုဇင်တွေရဲ့ ဘ၀ဟာ မငြိမ်းချမ်းဘဲ ဒီတစ်ထွာလောက်ရှိတဲ့ ၀မ်းကိုပြည့်အောင် ကြိုးစားရင်း ပူလောင်မှုတွေနဲ့သာ ၀မ်းမှာဟာနေကြတာ ဖြစ်ပါတယ်။ သေချာတွေးကြည့်ရင် သီလဦးစားပေးတတ်တဲ့ သူတော်ကောင်းတွေဟာ အူမ,ကိုလည်း အလိုလို တောင့်ပြီးသား ဖြစ်နေတတ်ပါတယ်။ အူမ,တောင့်ရေး ကြိုးစားတဲ့ သူတွေကတော့ အူမ,မတောင့်နိုင်တဲ့အပြင် သီလလည်း မစောင့်နိုင်တဲ့အတွက် ဘ၀ဆက်တိုင်း ၀မ်းဟောက်ပက်နဲ့သာ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အူမ,တောင့်ဖို့ထက် သီလစောင့်ကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

အမှန်တော့ သတ္တ၀ါတွေရဲ့ ဘ၀ကို သေချာပြန်တွေးကြည့်ရင် အူမ,မတောင့်လို့၊ အူမ,တောင့်စရာမရှိလို့ ကြိုးစားရုန်းကန်နေရတဲ့ သူတွေဟာ ကမ္မနိယာမ သဘောတရား ရှုထောင့်အရ အတိတ်က သီလမစောင့်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ အတိတ်က သီလမစောင့်ခဲ့ပဲ မဟုတ်တာတွေ လုပ်ခဲ့ကြလေတော့ ဒီဘ၀မှာ ဒုက္ခတွေတိုးပြီး အူမ,တောင့်ရေး အခက်အခဲတွေ ဖြစ်ကြတာ ဖြစ်ပါတယ်။ သီလမစောင့်လို့ ဖြစ်ပေါ်လာတဲ့ အကျိုးရလာဘ်ကြောင့် ဒီဘ၀မှာ ဒုက္ခတွေနဲ့ကြုံပြီး စားဝတ်နေရေး အခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့ အပေါ်မှာ တစ်ခါထပ်ပြီး သီလမစောင့်ဘဲ အူမ,တောင့်ရေး ဦးစားပေးကြမယ် ဆိုရင်တော့ ဒီဘ၀မှာလည်း အူမ,တောင့်မှာ မဟုတ်သလို သီလမစောင့်နိုင်တဲ့ အတွက်လည်း နောင်ဘ၀မှာ သုဂတိဘ၀နဲ့ဝေးကာ အူမ,တောင့်ဖို့ဆိုတာ ပိုပြီးမဖြစ်နိုင်ပြန်ပါဘူး။ ဒါကြောင့် တစ်ဘ၀တစ်နပ်စာ အူမ,တောင့်ရေး ဦးစားမပေးကြဘဲ သံသရာအတွက်တွေးကာ သီလစောင့်ရေး ဦးစားပေးကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

သတ္တ၀ါတွေဟာ မကောင်းတဲ့အကျင့်၊ မကောင်းတဲ့ လုပ်ရပ်တွေကြောင့် မကောင်းကျိုးတွေဖြစ်ကာ သံသရာအဆက်ဆက် ဒုက္ခတွေကြုံတွေ့ခဲ့ရတဲ့ အဖြစ်ကို သတိမပြုမိဘဲ ကိုယ်ကျင့်တရား ကောင်းရေးထက် စားဝတ်နေရေး အဆင်ပြေရေး အဓိကထားနေတဲ့အတွက်လည်း မကောင်းတဲ့ အကျိုးဆက်တွေက ပိုပြီးတိုးတက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတွေက အဓိကကျတဲ့ အရာကို ရွေးချယ်ကြဖို့ မိန့်မှာတော်မူခြင်း ဖြစ်ပါတယ်။“ပစ္စည်းဥစ္စာနဲ့ ခြေလက်အင်္ဂါတွေ ယှဉ်လာရင် ပစ္စည်းဥစ္စာကို စွန့်ပြီး ခြေလက်အင်္ဂါကို ရွေးချယ်ဖို့၊ ခြေလက်အင်္ဂါတွေနဲ့ အသက် ရှင်လာရင် ခြေလက်အင်္ဂါကို စွန့်ပြီး အသက်ကို ရွေးချယ်ဖို့၊ အသက်နဲ့ သီလ ယှဉ်လာရင် အသက်ကိုစွန့်ပြီး သီလကို ရွေးချယ်ကာ သီလလုံအောင် ထိန်းဖို့” သတိပေး ဆုံးမတော်မူခြင်း ဖြစ်ပါတယ်။ ခဏတာ အဆင်ပြေမှုကို မကြည့်ဘဲ သံသရာနဲ့ချီတဲ့ အကျိုးဆက်ကို ကြည့်ပြီး ရွေးချယ်ကြဖို့ ဆိုခြင်း ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်ကလည်း “သီလမလုံခြုံဘဲ နှစ်ပေါင်းတစ်ရာကျော် အသက်ရှင်ပြီး နေရတာထက် သီလလုံခြုံပြီး တစ်နေ့တစ်ရက် တစ်မနက်မျှ အသက်ရှင်၍ နေရတာက ပိုမြတ်ကြောင်း…” မိန့်တော်မူပါတယ်။ ဘုရားရှင်အလိုအရ အူမ,တောင့်အောင် ကြိုးစားရင်း အူမ, တောင်လာတဲ့အတွက် အသက်တွေ ရာထောင်မက ရှည်နေပေမယ့် သီလမလုံခြုံရင် အဲဒီပုဂ္ဂိုလ်ရဲ့ အသက်ရှင်နေမှုဟာ အနှစ်မရှိတဲ့ အသက်ရှင်နေမှုပဲ ဖြစ်ပြီး အူမ,မတောင့်လို့ အသက်မရှည်ပေမယ့် သီလလုံခြုံပြီး နေသွားရမယ်ဆိုရင် အဲဒီနေရတဲ့ အခိုက်ဟာ အနှစ်ရှိတဲ့အခိုက်၊ တန်ဘိုးရှိတဲ့အခိုက်လို့ နားလည်သဘော ပေါက်နိုင်ပါတယ်။ အကျင့်သီလလုံခြုံရေးဟာ အဓိကဖြစ်ပြီး စားဝတ်နေရေးဟာ တဒင်္ဂအခိုက်အတန့်မျှသာ ဖြစ်ပါတယ်။ သီလနဲ့ယှဉ်လာရင် အသက်ပင် စွန့်လွတ်တဲ့အထိ ထိန်းသိမ်းသင့်ပါတယ်။ သေချာတွေးကြည့်ရင် သံသရာအဆက်ဆက်၊ ငတ်ခဲ့တာတွေ များခဲ့သလို အကြိမ်ကြိမ် သေခဲ့ပေါင်းလည်း များခဲ့ပါပြီ။ အူမ,မတောင့်လို့ သေမယ်ဆိုရင်လည်း အကြိမ်ကြိမ် သေခဲ့ဖူးပြီးသား ဖြစ်တဲ့အတွက် ဒီတစ်ဘ၀ ထပ်သေလည်း မထူးပါဘူးလို့တောင် ဆိုနိုင်ပါတယ်။ သီလမလုံဘဲ သီလသေရင်တော့ အူမ,မတောင့်လို့ ဒီဘ၀မှာ သေရတာထက် အဆပေါင်းမြောက်များစွာ မကောင်းတဲ့အကျိုးတွေနဲ့ ပိုလို့တောင် အူမ,မတောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် သီလကို ဦးစားပေးကြဖို့ ဆုံးမတော်မူခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက အူမ,တောင့်မှ သီလစောင့်ကြတာထက် သီလစောင့်ရင်း အူမ,တောင်နိုင်အောင် ကြိုးစားကြဖို့ ဆိုလိုရင်းဖြစ်ပါတယ်။ အူမ,မတောင့်လို့ သေခဲ့ရင် တစ်ဘ၀ထက် ပိုပြီး သေစရာအကြောင်း မရှိပေမယ့် သီလမစောင့်ဘဲ သေခဲ့ရင်တော့ သံသရာနဲ့ချီပြီး မကောင်းတဲ့ဘ၀မှာ ခံနေရမှာ ဖြစ်တဲ့အတွက် စားဝတ်နေရေး အဆင်ပြေရေးထက် ကိုယ်ကျင့်သီလ မပျက်စီးရေး အလေးပေးသင့်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ နောက်တစ်ချက်က ပုထုဇင်တွေမှာ အူမ,တောင့်တယ်ဆိုတာ မရှိနိုင်တဲ့အတွက် အူမ,တောင့်မှ သီလစောင့်မယ်ဆိုရင် သီလစောင့်ဖို့ အချိန်ဆိုတာလည်း ရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် အူမ,တောင့်သည်ဖြစ်စေ မတောင့်သည်ဖြစ်စေ လက်ရှိ ရှိနေတဲ့ အချိန်အခိုက်အတန့်ဟာ အကောင်းဆုံး ဖြစ်တဲ့အတွက် အကောင်းဆုံး၊ အသေချာဆုံး အချိန်မှာပဲ သီလစောင့်နိုင်အောင် ကြိုးစားသင့်ပါတယ်။
တစ်ချို့က သီလမစောင့်နိုင်တာဟာ ခေတ်ကာလကြောင့်လို့ ပုံချတတ်ကြပါတယ်။ တကယ်လို့ ခေတ်ကာလ အခြေအနေအရ အူမ,တောင့်မှ ကျန်တဲ့အရာတွေ အစစအရာရာ အောင်မြင်အောင် လုပ်နိုင်မယ်ဆိုရင်လည်း အူမ,တောင့်အောင် ကြိုးစားရင်း သီလစောင့်နိုင်အောင် အားထုတ်သင့်ပါတယ်။ စားဝတ်နေရေးအတွက် ကြိုးစားအားထုတ်ကြတဲ့အခါ ကိုယ်ကျင့်တရား ပျက်ပြားစေမယ့် အလုပ်တွေကို မလုပ်ဘဲ သီလကို မထိခိုက်စေတဲ့ အသက်မွေးဝမ်းကြောင်းများနဲ့ အူမ,တောင့်အောင် လုပ်ဆောင်သင့်ပါတယ်။ စီပွားရေး လုပ်ငန်းတွေ လုပ်တဲ့အခါမှာလည်း မတရားလိုချင်တဲ့ ၀ိသမလောဘတွေ မဖြစ်စေဘဲ သီလကိုမထိခိုက်စေတဲ့ စီးပွားရေးတွေနဲ့ အူမ,တောင့်အောင် ကြိုးစားသင့်ပါတယ်။ ချမ်းသာရင်ပြီးရောဆိုတဲ့ အတွေးနဲ့ သီလတွေ ဘာတွေဂရုမစိုက်ဘဲ လုပ်မိတတ်ရင်တော့ အဲဒီချမ်းသာမှုဟာ မတရားတဲ့ ချမ်းသာမှုဖြစ်ပြီး ကိုယ်ကိုယ်တိုင်လည်း နောင်တချိန်မှာ နောင်တတရားတွေနဲ့ စိတ်မှာဒုက္ခ ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် သီလပျက်စေနိုင်တဲ့ ချမ်းသာမှုကို ရှောင်ရှားကြဖို့ ဆိုကြခြင်း ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ နောက်ဆုံးအနေနဲ့ အထူးပြောလိုတာက လောကကြီးမှာ စားဝတ်နေရေး၊ အူမ,တောင့်ရေးဟာ အရေးကြီးပေမယ့် သီလအပျက်ခံရတဲ့ အထိ အရေးမကြီးကြဖို့လိုကြောင်း၊ အူမတောင့်ရေးထက် သီလစောင့်ရေးက ပိုအရေးကြီးကြောင်း၊ အူမတောင့်ရေးဟာ ဘ၀အဆက်ဆက် ပြည့်တယ်ဆိုတာ ဘယ်တော့မှ မရှိတဲ့အတွက် အူမတောင့်ပြီးမှ သီလစောင့်မယ်ဆိုရင် သီလစောင့်တဲ့အချိန် မရောက်နိုင်တော့ကြောင်း၊ အူမတောင့်ရေး ဦးစားပေးထားတဲ့အတွက် သီလဘက်မှာ မစောင့်နိုင်တော့ဘဲ မကောင်းတဲ့နည်းတွေနဲ့ အူမတောင့်အောင် ကြိုးစားနိုင်ကြောင်း၊ သီလအပျက်ခံပြီး ကြိုးစားထားတဲ့ အူမတောင့်မှုဆိုရင်လည်း ဘယ်လိုမှ စိတ်ချမ်းသာမှာ မဟုတ်ကြောင်း၊ အကောင်းဆုံးက သီလစောင့်ရင်း အူမတောင့်စေတဲ့ နည်းကသာ အကောင်းဆုံး ဖြစ်ကြောင်း စသဖြင့် တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။ ဒါကြောင့် အချိန်မနှောင်းခင် အူမ,တောင့်တဲ့အထိ စောင့်မနေကြဘဲ သီလလည်းစောင့် အူမ,လည်းတောင့်အောင်သာ ကြိုးစားကြပါစို့လို့ စေတနာစကားနဲ့ အသိပါးလိုက်ရပါတယ်။ အားလုံး သီလစောင့်ရင်း အူမ,တောင့်နိုင်ကြပါစေ…

Read more »

ကရုဏာထား၊ မုဒိတာ မပွားနိုင်တောင်မှ ဥပေက္ခာတရားတော့ ထားကြည့်ကြမှ



လူအတော်များများက ကိုယ်နဲ့အဆင်မပြေတဲ့သူတွေ၊ ကိုယ်မကြိုက်တဲ့သူတွေ တစ်ခုခုဖြစ်ရင် မသနားတဲ့အပြင် ဝမ်းတောင်ဝမ်းသာတတ်ကြသလို သူတို့ကိုယ့်ထက်ပိုပြီး အဆင်ပြေသွားရင်လည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ဖို့နေနေသာ ပိုလို့တောင် မနာလို ဖြစ်တတ်ကြပါသေးတယ်။ တကယ်တော့ အဆင်မပြေတဲ့သူတွေ၊ ဒုက္ခရောက်နေတဲ့သူတွေဆိုတာ ကိုယ်က ဝမ်းသာရမယ့်သူတွေ မဟုတ်သလို ကိုယ့်ထက်ပိုပြီး သာတဲ့သူတွေဆိုတာဟာလည်း ကိုယ့်အတွက်တော့ မနာလိုစိတ်ထားရမယ့်သူတွေ မဟုတ်ပါဘူး။ ဖြစ်နိုင်ရင် ကိုယ်နဲ့တည့်တာ မတည့်တာ အပထား ကိုယ့်လောက်အဆင်မပြေသူတွေဆိုတာ သနားရမယ့်သူတွေဖြစ်သလို ကိုယ့်ထက်သာတဲ့ သူတွေဆိုတာဟာလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ပေးရမယ့်သူတွေပဲ ဖြစ်ပါတယ်။ 

ခုတော့ အဲလိုမဟုတ်ဘဲ  ကိုယ်က သူများဒုက္ခရောက်တဲ့ အပေါ်မှာ ကရုဏာတရား မထားနိုင်ဘဲ ဝမ်းသာအားတွေ ပွားနေတယ်ဆိုတာ ကိုယ့်ကိုယ်ကို အပြုံးနဲ့ အကုသိုလ် ယူလိုက်တဲ့ သဘောဖြစ်နေသလို ကိုယ့်ထက်သာတဲ့ သူတွေအပေါ်မှာလည်း မုဒိတာတရားမထားနိုင်ဘဲ အကုသိုလ်တရားနဲ့ မနာလိုပဲ ပွားဖြစ်သလို ဖြစ်နေပါတယ်။

တကယ် ဖြစ်သင့်တာက သူတပါး ဒုက္ခရောက်သွားတဲ့အပေါ်မှာ ကရုဏာတရား မထားနိုင်တာတောင်မှ အငြိုးအတေးတရားတွေနဲ့ ဝမ်းမြောက်ဝမ်းသာ အကုသိုလ် မပွားသင့်သလို ကိုယ့်ထက်သာတဲ့ သူတွေအပေါ်မှာလည်း မုဒိတာတရား မထားနိုင်တာတောင်မှ မနာလိုစိတ်နဲ့ အကုသိုလ် မပွားသင့်ပါဘူး။ ကိုယ့်စိတ်ကို တည်ငြိမ်အောင် ကြိုးစားပြီး အမုန်းလည်းမပွား အချစ်လည်းမထားတဲ့ ဥပေက္ခာတရားလေးနဲ့ နေနိုင်အောင် ကြိုးစားသင့်ပါတယ်။ ကိုယ့်နဲ့အဆင်မပြေပေမယ့်လည်း အငြိုးတရားနဲ့ သူတို့အပေါ် မကောင်းမြင်ပြီး အကုသိုလ်တရား ပွားမယ့်အစား ကိုယ့်ကိုယ်ကို အကုသိုလ် မဖြစ်အောင် ထိန်းသိမ်းနေထိုင်သင့်ပါတယ်။ 

ဖြေကြည့်မယ်ဆိုရင် အဆင်ပြေမှု မပြေမှုဟာ သတ္တဝါတွေ အတွက်တော့ ကိုယ်လုပ်ခဲ့တဲ့ အလုပ်တွေရဲ့ သက်ရောက်မှုတွေပဲ ဖြစ်တဲ့အတွက် သူ့တရားသူစီရင်တဲ့အပေါ်မှာ ကိုယ်နဲ့အဆင်မပြေတာလေး တစ်ခုနဲ့တော့ သူ့အပြစ်ကို ကိုယ့်အပြစ် မလုပ်ဖြစ်အောင် ဖြေဆည်ကြည့်ကြရမှာ ဖြစ်ပါတယ်။ အဲဒီလို ဖြေဆည်နိုင်မယ်ဆိုရင်တော့ သူများအပေါ် ဖြစ်ပေါ်နေတဲ့ ကိုယ့်ရဲ့အပြစ်တွေဟာ အထိုက်အလျောက် ပြေလည်လာမှာ အမှန်ပဲ ဖြစ်ပါတယ်။ 

Read more »

အချိန်မတန်သေးလို့ပါ



မကောင်းတာတွေ လုပ်နေပေမယ့် အောင်မြင်နေတဲ့သူတွေ ရှိတတ်သလို၊ မကောင်းတဲ့ အလုပ်တွေမှာ အကျိုးပေး ကောင်းနေတဲ့သူတွေ ရှိတတ်ပါတယ်။ အဲဒီသူတွေကိုကြည့်ပြီး အားကျဖို့ မလိုပါဘူး။ ဒီလိုပဲ ကိုယ်ကကောင်းတာတွေ လုပ်နေပေမယ့် အဆိုးတွေပဲ ဆက်တိုက်ဖြစ်ပေါ်နေတဲ့အခါ၊ လုပ်သမျှ အလုပ်တိုင်းမှာ အဆင်မပြေမှုတွေ ဖြစ်နေတဲ့အခါမျိုးတွေလည်း ရှိတတ်ပါတယ်။ အဲဒီအခါမှာလည်း စိတ်ဓာတ်မကျဖို့၊ ကံတရားအပေါ် သံသယမဖြစ်ဖို့ လိုပါတယ်။ ဒါဟာ ကောင်းကံမကောင်းကံတွေရဲ့ အကျိုးပေးချိန် မတန်သေးလို့ပဲ ဖြစ်ပါတယ်။ ကံတရားရဲ့ အကျိုးပေးချိန်ကျလာရင်တော့ ဘယ်သူပဲ ဖြစ်ဖြစ် ဒီသက်ရောက်မှုကို ရရှိခံစားရမှာ ဖြစ်ပါတယ်။ 

ဒီနေရာမှာ မြတ်စွာဘုရားရှင်ရဲ့ တရားစကားက သက်သေတစ်ခုပဲ ဖြစ်ပါတယ်။ ဘုရားရှင်က 
(၁) “မကောင်းမှုပြုသော သူပင်ဖြစ်သော်လည်း မကောင်းမှု အကျိုးမပေးသေးသော ကာလပတ်လုံး ကောင်းမြတ်သော အာရုံကို တွေ့မြင်နိုင်သေး၏။ မကောင်းမှု အကျိုးပေးသော အခါ၌မူကား မကောင်းမှုပြုသောသူသည် မကောင်းကျိုးကို ခံစားရ၏။ 
(၂) ကောင်းမှုပြုသော သူပင်ဖြစ်သော်လည်း ကောင်းမှုအကျိုးမပေးသေးသော ကာလပတ်လုံး မကောင်းသော အာရုံကို တွေ့မြင်နိုင်သေး၏။ ကောင်းမှုအကျိုးပေးသော အခါ၌မူကား ကောင်းမှုပြုသောသူသည် ကောင်းကျိုးတို့ကိုသာ တွေ့မြင်ရလေတော့၏” လို့ အနာထပိဏ် သူဋ္ဌေးကို ဟောကြားတော်မူပါတယ်။

ဒါကြောင့် ကောင်းကံ မကောင်းကံရဲ့ အကျိုးသက်ရောက်မှုဟာ အချိန်တန်ရင် ဘယ်သူမှ တားမရဘဲ ရောက်လာမှာ ဖြစ်တဲ့အတွက် ဘယ်သူဘယ်လိုပဲ ဖြစ်နေပါစေ ကိုယ်ကိုယ်တိုင်သာ ကိုယ့်အလုပ်တွေမှာ ယုံကြည်မှု အပြည့်နဲ့ အကောင်းဆုံးဖြစ်အောင် ရွေးချယ် လုပ်ကြည့်ကြဖို့ပဲ ဖြစ်ပါတယ်။ ကံတရားဆိုတာ အကျိုးပေးချိန်တန်ရင် သူ့အလုပ်သူလုပ်သွားမှာပဲ ဖြစ်ပါတယ်။ 

Read more »

ပန်းတိုင်ကို လှမ်းကိုင်နိုင်ဖို့


ဗုဒ္ဓဘာသာတွေရဲ့ ပန်းတိုင်ဟာ ဘာလဲလို့ မေးရင် နောက်ဆုံးပန်းတိုင်ဟာ နိဗ္ဗာန်ရရေးပဲ ဖြစ်ပါတယ်။ ဒါက အဆုံးစွန်ဖြစ်တဲ့ ပန်းတိုင်ပါ။ နိဗ္ဗာန် မရသေးခင် သံသရာ ကျင်လည်ရာ ကာလတစ်လျှောက်မှာလည်း ရည်ရွယ်ရာ ပန်းတိုင်တွေ ရှိပါသေးတယ်။ အဲဒီ ပန်းတိုင်တွေက 
၁။ အပါယ်မလားရေး
၂။ သုဂတိ ဘဝမှာ ချမ်းသာစွာ နေထိုင်ရေးတို့ပဲ ဖြစ်ပါတယ်။

အဲဒီ ပန်းတိုင်တွေကို လှမ်းကိုင်နိုင်ရေးအတွက် အဓိက အခရာကျတာက လက်ရှိပစ္စုပ္ဗန် ဘဝပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်တွေမှာ လှုပ်ရှားနေတဲ့ အလုပ်တွေက အဲဒီပန်းတိုင်တွေကို လှမ်းကိုင်နိုင်၊ မကိုင်နိုင် အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။ 

ဆိုတော့ကား ဒီရည်ရွယ်ချက် ပန်းတိုင်ကို လှမ်းကိုင်နိုင်ဖို့အတွက် စွမ်းနိုင်တဲ့ သူတွေက ဒီဘဝမှာပဲ နိဗ္ဗာန်ရောက်အောင် ပြုလုပ်နိုင်မှာ ဖြစ်သလို အဲဒီလောက် မစွမ်းနိုင်သေးရင်တော့ နောင်ဘဝသံသရာတွေမှာ အပါယ်မလားရေးကို ဦးစားပေးကြရမှာ ဖြစ်ပါတယ်။ အပါယ်လားစေမယ့် လုပ်ရပ်တွေကိုရှောင်ပြီး သုဂတိဘဝမှာ ပြန်လည်မွေးဖွားနိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ပြီးတော့မှ တစ်ဆင့်တက်ပြီး အဲဒီ သုဂတိဘဝမှာ ချမ်းချမ်းသာသာ နေထိုင်နိုင်ဖို့ အားထုတ်ကြရမှာ ဖြစ်ပါတယ်။

ဒီဘဝမှာ အဆုံးစွန်ဖြစ်တဲ့ နိဗ္ဗာန်ပန်းတိုင်ကို လှမ်းကိုင်နိုင်ဖို့အတွက် လက်ရှိပစ္စုပ္ဗန် လူသားများ အနေနဲ့ ဝိပဿနာ ကျင့်စဉ်ကလွဲပြီး တခြားကျင့်စဉ် မရှိပါဘူး။ ဝိပဿနာ အလုပ်ကို ကြိုးစားအားထုတ်ပြီး ပါရမီအလျောက် နိဗ္ဗာန်လမ်းကို လျှောက်ကြရမှာ ဖြစ်ပါတယ်။ ဝိပဿနာ ကျင့်စဉ်ကို အသုံးချပြီး ဉာဏ်စဉ်တွေ တဖြည်းဖြည်း ရင့်သထက် ရင့်ကာ အောက်ထစ်ဆုံး အနေနဲ့ သောတာပတ္တိမဂ်ကို ရရှိသွားနိုင်ပြီဆိုရင် ဒါဟာ နိဗ္ဗာန်တံခါး ပွင့်သွားတာပဲ ဖြစ်ပါတယ်။ အဲဒီလို သောတာပတ္တိမဂ်ကို ရရှိသွားတဲ့ သောတာပန် ပုဂ္ဂိုလ်ဟာ သေချာပေါက် နိဗ္ဗာန်ရောက်ဖို့ အာမခံသွားနိုင်တော့တာ ဖြစ်ပါတယ်။ အဲဒီကတဆင့် အခြားခြား မဂ်ဉာဏ်တွေကို ရရှိပြီးနောက်ဆုံး အရဟတ္တမဂ်ဉာဏ်ကို ရရှိသွားတဲ့အခါမှာ ကိလေသာကုန်ခမ်း ရဟန္တာဖြစ်ပြီး နိဗ္ဗာန်နန်းကို ဝင်စံသွားနိုင်တော့တာ ဖြစ်ပါတယ်။ ဒါက အဆုံးစွန်ဖြစ်တဲ့ နိဗ္ဗာန်ဆိုတဲ့ ပန်းတိုင်ကို လှမ်းကိုင်နိုင်ရေးအခြေအနေပါ။

အဲ ဒီဘဝမှာ နိဗ္ဗာန်အထိ အာမခံချက် မထားနိုင်ဘူးဆိုရင်တော့ နောင်ဘဝသံသရာမှာ အပါယ်မလားရေးအတွက် အထူးကြိုးစားအားထုတ်ကြရမှာ ဖြစ်ပါတယ်။ ဒီဘဝသေပြီး နောက်နောက် ဘဝသံသရာမှာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ်ဆိုတဲ့ အပါယ်လေးဘုံတွေ မဖြစ်ဖို့အတွက် လက်ရှိဘဝမှာ ထိန်းသိမ်းစောင့်ရှောက် ကျင့်ကြံအားထုတ်ရမှာက သီလအကျင့်ပဲ ဖြစ်ပါတယ်။ အနည်းဆုံး အခြေခံသီလဖြစ်တဲ့ ငါးပါးသီလလောက်တော့ လုံအောင်ကျင့်ကြံနိုင်မှာ သေပြီးနောက်ဘဝမှာ အပါယ်မကျရေး အာမခံချက် ပေးနိုင်မှာ ဖြစ်ပါတယ်။ လှူတာတန်းတာ စတာတွေဟာ ချမ်းသာရေးကို ဖြစ်စေနိုင်ပေမယ့် အပါယ်မကျရေးအတွက်တော့ အာမခံချက် မပေးနိုင်လှသေးပါဘူး။ ဒါကြောင့် နိဗ္ဗာန်မရခင် ဘဝသံသရာစပ်ကြား အပါယ်မလားရေးဆိုတဲ့ ပန်းတိုင်အတွက်တော့ ကိုယ်ကျင့်သီလကို လုံခြုံအောင် စောင့်ထိန်းပေးကြရမှာ ဖြစ်ပါတယ်။ 

အပါယ်မကျရေး သီလကို အလေးပေးပြီး စောင့်ထိန်းထားပြီးရင် နောက်တစ်ဆင့်တက်ပြီး သုဂတိဘဝမှာ ချမ်းသာရေးအတွက် ကုသိုလ်တစ်ခု ဆက်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ဘဝမှာ ချမ်းချမ်းသာသာ ဖြစ်စေမယ့် ဒါနဆိုတဲ့ ပေးကမ်းလှူဒါန်းခြင်း အလုပ်ကိုလည်း လုပ်ကြရဦးမှာ ဖြစ်ပါတယ်။ သီလလုံတဲ့အတွက် အပါယ်မလားဘဲ သုဂတိဘဝကို ရောက်နိုင်ပေမယ့် ဒါနမပါပြန်ရင်လည်း လူဖြစ်ပေမယ့် လူမွဲ၊ နတ်ဖြစ်ရင်လည်း နတ်မွဲ ဖြစ်တတ်ပါတယ်။ ဒါကြောင့် သီလကို အခြေခံတဲ့ ဒါနကုသိုလ်ဟာလည်း သုဂတိဘဝမှာ ချမ်းချမ်းသာသာ ရှိစေနိုင်ဖို့ လုပ်ဖို့လိုအပ်တဲ့ အလုပ်တစ်ခုပဲ ဖြစ်ပါတယ်။ 

အချုပ်ဆိုတော့ ဗုဒ္ဓဘာသာတွေအတွက် လိုရာပန်းတိုင် လှမ်းကိုင်နိုင်ဖို့ ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ ကုသိုလ်သုံးမျိုးလုံးကို ပြုလုပ်ကြဖို့ပဲ ဖြစ်ပါတယ်။ သီလကို အခြေခံအဖြစ် လုံအောင်ထိန်းပြီး ဒါနကုသိုလ်၊ ဘာဝနာ ကုသိုလ်တွေ ကြိုးစားအားထုတ်နိုင်ပြီဆိုရင် အပါယ်မလားရေးကို အာမခံချက်ပေးပြီး ကောင်းတဲ့သုဂတိဘဝမှာ ချမ်းချမ်းသာသာနဲ့ နောက်ဆုံး ဝိပဿနာအလုပ် အားထုတ်ရင်း အဆုံးစွန်ဖြစ်တဲ့ နိဗ္ဗာန်ကို ဝင်စံနိုင်ကြမှာ ဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင် အားလုံးရဲ့ တူညီပြီး မပြောင်းလဲတဲ့ ပန်းတိုင်သုံးရပ်ပဲ ဖြစ်ပါတယ်။ 

အဲဒီ ပန်းတိုင်တွေအတွက် ဖန်တီးရှင်က ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ပြီး တိကျတဲ့အချိန်ကလည်း လက်ရှိပစ္စုပ္ဗန်အချိန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ အချိန်ကို နိဗ္ဗာန်အထိ အသုံးချနိုင်ဖို့ သီလကို အခြေခံတဲ့ ဒါနအလုပ်၊ ဘာဝနာအလုပ်တွေကို ကြိုးစားအားထုတ်ကြပါစို့လို့ ပညာရှိသူတော်ကောင်းများက တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

Read more »

အခက်အခဲကို ရင်ဆိုင်ကြည့်ခြင်း


တစ်လောက ကိုရီးယားမှာ အလုပ်လာလုပ်ကြတဲ့ မြန်မာဒကာလေးအချို့ ကျောင်းကိုရောက်လာပြီး သူတို့ရဲ့ အခက်အခဲတွေကို ပြောပြကြပါတယ်။ ပြီးတော့ ဘုန်းဘုန်းဆီကလည်း အားကိုးတကြီး အကြံအဉာဏ်လေးတွေ တောင်းကြပါတယ်။ ပြည်ပမှာဆိုတော့ ဘာပဲဖြစ်ဖြစ် သိသိမသိသိ ဘုန်းကြီးကျောင်းရှိနေတာဟာ သူတို့အတွက်တော့ အားတစ်ခုပဲ ဖြစ်ပါတယ်။ အခက်အခဲ ဖြစ်နေချိန်မှာ စကားနဲ့ပဲ ဖြစ်ဖြစ် အင်အားဖြစ်စေချင်ကြတာဟာ အခက်အခဲကို ရင်ဆိုင်နေကြသူတိုင်းရဲ့ မျှော်လင့်ချက်ပဲ ဖြစ်ပါတယ်။ သူတို့တွေရဲ့ စကားတွေကို နားထောင်ကြည့်လိုက်တော့ အနည်းဆုံး တစ်ယောက်ကို အခက်အခဲ တစ်မျိုးစီကတော့ ရှိနေကြတော့တာ ဖြစ်ပါတယ်။ 

သူတို့နဲ့ စကားပြောရင်း “အေးအေး ဒကာလေးတို့ အခက်အခဲလေးတွေ ပြောနေကြတော့ ဘုန်းဘုန်းလည်း အခက်အခဲလေးကို ပြောရသေးတာပေါ့”ဆိုပြီး သူတို့နဲ့အပြိုင် ဘုန်းဘုန်းရဲ့ အခက်အခဲလေးတွေကိုပါ အပျော်သဘောနဲ့ ပြောဖြစ်ခဲ့ပါသေးတယ်။ “အခက်အခဲဆိုတာက ဒကာတို့ပဲရှိတာမဟုတ်ဘူး၊ ဘုန်းဘုန်းတို့လည်း ရှိနေတာ၊ ဒါပေမယ့် ဘုန်းဘုန်းတို့ကျတော့ အဲဒီအခက်အခဲတွေကို ဓမ္မအကူအညီ၊ ဘဝအတွေ့အကြုံ အကူအညီ၊ စာပေအကူအညီလေးတွေနဲ့ ဖြေရှင်းနေဖြစ်တော့ အခက်အခဲကို ရင်ဆိုင်နိုင်တဲ့ သဘောပဲ၊ ပြီးတော့ ဘုန်းဘုန်းတို့ အခက်အခဲထက်စာရင် လူတွေက ပိုခက်နေတာတွေ့ရတော့ ကိုယ့်အခက်အခဲကို မပြောဖြစ်ဘဲ ဒကာလေးတို့ အခက်အခဲကို နားထောင်ပြီး အကြံပြုပေးနေခြင်းပါပဲ၊ ပြောချင်တာကတော့ အခက်အခဲဆိုတာ သူ့အတိုင်းအတာနဲ့သူ အားလုံးမှာ ရှိနေကြတာဖြစ်ပြီး အဲဒီအခက်အခဲကို ရင်ဆိုင်ကျော်လွှားနိုင်အောင် အားထုတ်ကြည့်ဖို့ပဲ အဓိကပြောချင်တာပါ” စသဖြင့် အခက်အခဲ တင်ပြလာသူ ဒကာလေးတွေကို အခက်အခဲနဲ့ ပတ်သက်ပြီး သက်သောင့်သက်သာ ဖြစ်စေဖို့ ပြောဖြစ်ခဲ့ပါသေးတယ်။ 

ဟုတ်ပါတယ်။ ဘယ်နေရာမှာပဲနေနေ၊ ဘယ်လိုသူတွေပဲ ဖြစ်ဖြစ် ဘဝအခက်အခဲဆိုတာကတော့ လူတိုင်းမှာ သူ့အတိုင်းအတာနဲ့ သူ ရှိနေကြတာပဲ ဖြစ်ပါတယ်။ ဒီအတွက်တော့ သိပ်ပြီး မခံစားမိပါစေနဲ့။ ပုထုဇဉ်တွေရဲ့ သဘောကတော့ အခက်အခဲချင်းတူတောင် ကိုယ့်အခက်အခဲက ပိုပြီးကြီးမားတယ်လို့ ထင်လေ့ရှိတတ်ပါတယ်။ ဒါက ပြဿနာ မဟုတ်ပါဘူး။ ပြဿနာက ဒီအခက်အခဲကို ဘယ်လိုရင်ဆိုင်ကျော်လွှားမလဲ ဆိုတာက ပြဿနာပဲ ဖြစ်ပါတယ်။

အခက်အခဲပြဿနာကို ရင်ဆိုင်ကျော်လွှားတဲ့အခါမှာ အဓိက လိုအပ်တာက စိတ်ဓာတ်ကြံ့ခိုင်မှုပါပဲ။ စိတ်ဓာတ်ကြံ့ခိုင်မှုဆိုတာ အတက်အကျ အနိမ့်အမြင့်၊ အကောင်းအဆိုး စတဲ့ လောကဓံ အပြောင်းအလဲကို မတုန်မလှုပ် ခံနိုင်ရည်ရှိနေခြင်းပဲ ဖြစ်ပါတယ်။ အဲဒီလို ခံနိုင်ရည်ရှိဖို့ အတွက်ကလည်း  အသိဉာဏ်နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ လိုနေတာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိဖို့ဆိုတာ ကိုယ့်ကိုယ်ကျင့်တရား ကိုယ်ယုံကြည်နေမှပဲ ဖြစ်မှာပါ။ ကိုယ့်ကိုယ်ကျင့်တရားဆိုတာ သီလတရားပဲ ဖြစ်ပါတယ်။ ယုံကြည်မှု အားနည်းနေတယ်ဆိုတာ သီလ ထိန်းသိမ်းမှု အားနည်းနေတာ ဖြစ်တဲ့အတွက် ဒီအားနည်းချက်ကို ခိုင်မာလာအောင် သီလတရားကို အထူးကြိုးစားပြီး ထိန်းသိမ်းကြည့်ရမှာ ဖြစ်ပါတယ်။ အဲဒီလို ထိန်းရင်း သီလတွေ အထိုက်အလျောက် လုံခြုံလာနိုင်ပြီဆိုရင် ကိုယ့်သန္တာန်မှာ ယုံကြည်မှုဆိုတာလည်း အလိုလို တည်ဆောက်လာနိုင်မှာ ဖြစ်ပါတယ်။ သီလဟာ ထိန်းသိမ်းစောင့်ရှောက်တဲ့ သူကို လုံခြုံမှု ပေးနိုင်တဲ့ အကောင်းဆုံး အကျင့်တစ်ခု ဖြစ်ပါတယ်။  မဟုတ်တာလုပ်ထားတာ မရှိတဲ့ သူတစ်ယောက်ဟာ ကြောက်စရာလည်း မရှိနိုင်ပါဘူး။ ဒါဟာ သီလကပေးတဲ့ စွမ်းအားပဲ ဖြစ်ပါတယ်။ 

အဲဒီလို သီလကို အခြေခံပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု တည်ဆောက်လာနိုင်ရင် တစ်ဘက်ကလည်း စိတ်ဓာတ်တည်ငြိမ် ခိုင်မာမှုရှိလာအောင် ကိုယ့်စိတ်ကို ထိန်းချုပ်ပေးနိုင်တဲ့ သမထ အကျင့်လေးတွေကိုလည်း တတ်နိုင်သမျှ တွဲပြီး လုပ်ကြည့်ကြရမှာ ဖြစ်ပါတယ်။ မေတ္တာဘာဝနာ ပွားများတာ၊ ဘုရားဂုဏ်တော် ပွားများတာ စသဖြင့်ပေါ့။ ဒါဆိုရင် ကိုယ့်ရဲ့စိတ်မှာ တည်ငြိမ်မှုတွေ တိုးတက်လာနေမှာ ဖြစ်ပါတယ်။ 

နောက် ဒီထက်တစ်ဆင့်တက်ပြီး အမြဲတမ်းပြောင်းလဲနေတဲ့ ပြောင်းလဲခြင်းသဘော၊ မတည်မြဲခြင်း သဘောတွေမှာ ရင်ဆိုင်ကျော်လွှားနိုင်ဖို့အတွက် စွမ်းနိုင်ရင် ဝိပဿနာ ဘာဝနာ အကျင့်လေးလည်း တွဲပြီး အားထုတ်ကြည့်ရမှာ ဖြစ်ပါတယ်။ ဝိပဿနာ ကျင့်စဉ်ဟာ အဖြစ်အပျက်ကို သတိကပ်ပြီး ဉာဏ်နဲ့ ဆင်ခြင်တာ ဖြစ်တဲ့အတွက် ဖြစ်ပြီးပျက်လေ့ရှိတဲ့ လောကကြီးမှာ ဒီအကျင့်က အထိမ်းအကွပ် အနေနဲ့ ပဲ့ကိုင်ပေးသွားနိုင်တာ ဖြစ်ပါတယ်။ 

အရင်းစစ်တော့ အခက်အခဲ ပြဿနာ မှန်သမျှကို ရင်ဆိုင်ကျော်လွှား နိုဖို့အတွက် သီလကို အခြေခံတဲ့ သမထအကျင့်၊ ဝိပဿနာ အကျင့်များကို စွမ်းနိုင်သမျှ ကျင့်ကြံအားထုတ်ပြီး ကျော်လွှားကြဖို့ပဲ ဖြစ်ပါတယ်။ ဒါဟာ အကောင်းဆုံးနဲ့ အမှန်ကန်ဆုံး ရွေးချယ်မှု ဖြစ်ပါတယ်။ 

ဒါကြောင့် အခက်အခဲ ပြဿနာကို ရင်ဆိုင်ကျော်လွှားချင်သူများ အနေနဲ့ ကိုယ့်မှာ အခက်အခဲ များလေလေ၊ ကိုယ့်ယုံကြည်မှုကို အကျင့်တရားများနဲ့ များများတည်ဆောက်နိုင်လေဖြစ်အောင် ကြိုးစားပြီး တဒင်္ဂအခက်အခဲများမှသည် အခက်အခဲ မရှိရာ ဘဝအထိ လက်ရှိအချိန်ကို အကောင်းဆုံးဖြစ်အောင် အသုံးချကြရမှာ ဖြစ်ပါကြောင်း စေတနာစကား မေတ္တာအားဖြင့် အသိတရား ပါးလိုက်ရပါတယ်။

Read more »

ရွေးချယ်ခွင့်နဲ့ ရပိုင်ခွင့်


ဗုဒ္ဓဘာသာဟာ တကယ်တော့ ရွေးချယ်ပိုင်ခွင့်ရှိတဲ့ ဘာသာပါ။ ပြီးတော့ အဲဒီ ရွေးချယ်မှုကိုလည်း ကိုယ်ကိုယ်တိုင်ပဲ ရယူခံစားနိုင်တာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာ အမိန့်ပေးပြီး ပြဋ္ဌာန်းသတ်မှတ်ထားတာ မရှိပါဘူး။ ကြောင်းကျိုး ဆက်စပ်ပြထားတာပဲ ရှိပါတယ်။ ဘုရားရှင် ကိုယ်တိုင်လည်း ဘာလုပ်ပေးမယ်၊ ဘယ်လိုကယ်တင်ပေးမယ်၊ ဘယ်လို ဖန်တီးပေးမယ်ဆိုတဲ့ ကယ်တင်ရှင်မျိုး မဟုတ်ဘဲ ဒီလိုလမ်းမျိုးရှိတယ်၊ ဒါကိုရွေးချယ်ရင် ဒီလိုဆိုးကျိုးရှိပြီး ဒါကို ရွေးချယ်ရင်တော့ ဒီလိုကောင်းကျိုးတွေ ရနိုင်တယ်ဆိုတဲ့ မှန်ကန်တဲ့ လမ်းကိုညွန်ပြပေးတော်မူတဲ့ လမ်းညွန်ပဲ ဖြစ်ပါတယ်။ လမ်းညွန်မှုကို ခံယူပြီး ရွေးချယ်မှု အပိုင်းကတော့ ကိုယ်ရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။ အဲဒီလို ဆုံးဖြတ်ချက်နဲ့ ရွေးချယ်ပြီးရင်လည်း ဒီသက်ရောက်မှုကတော့ ကိုယ့်ထံကိုပဲ ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ဒါကလည်း ဘယ်သူကမှ ပြဋ္ဌာန်းသတ်မှတ်ပေးလို့ မဟုတ်ဘဲ ကိုယ်ကိုယ်တိုင်ရဲ့ ရွေးချယ်မှုကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရွေးချယ်မှုဟာ သိပ်ကို အရေးကြီးတယ်လို့ ဆိုတာဖြစ်ပါတယ်။ 

ဒီလိုရွေးချယ်မှုဟာ အရေးကြီးတဲ့အတွက် ရွေးချယ်မှု မှန်ကန်ဖို့လည်း လိုလာပြန်ပါတယ်။ ရွေးချယ်မှုမှန်ကန်ဖို့အတွက် အမှန်ကို မြင်တတ်ဖို့လည်း လိုလာပြန်ပါတယ်။ အဲဒါကို ဗုဒ္ဓဘာသာမှာတော့ သမ္မာဒိဋ္ဌိလို့ ခေါ်ပါတယ်။ မှန်ကန်တဲ့ အမြင်ရှိဖို့အတွက် ပညာရှိဖို့လည်း လိုပါတယ်။ အဲဒီပညာက သစ္စာကို သိနိုင်တဲ့ ပညာပဲ ဖြစ်ပါတယ်။ ဒါကို မြတ်ဗုဒ္ဓက ဆင်းရဲကြောင်း အမှန်တရားကို သိနိုင်တဲ့ ပညာ၊ ဆင်းရဲဖြစ်ကြောင်း အမှန်တရားကို သိနိုင်တဲ့ ပညာ၊ ဆင်းရဲ ချုပ်ရာ အမှန်တရားကို သိနိုင်တဲ့ ပညာနဲ့ ဆင်းရဲချုပ်ရာသို့ သွားရာလမ်းမှန်ကို သိနိုင်တဲ့ ပညာလို့ ညွန်ပြတော်မူပါတယ်။ ဒီလို ပညာမျိုးရှိမှပဲ စစ်မှန်တဲ့ အမြင်မှန်မှုလို့ ဆိုနိုင်တာ ဖြစ်ပါတယ်။ ဒီအမြင်ဟာ ရွေးချယ်မှုအတွက် အရေးကြီးဆုံးနဲ့ အခြေခံအကျဆုံးပဲ ဖြစ်ပါတယ်။  

နောက် ရွေးချယ်မှုအပိုင်းမှာ အရေးကြီးတဲ့ အချက်တစ်ခုက ကိုယ့်ရဲ့အလုပ်တွေမှာ တာဝန်ယူနိုင်မှုပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အကောင်းအဆိုး အလုပ်တွေဟာ ကိုယ့်ရဲ့ ပုံဖော်မှုပဲဆိုတဲ့ အချက်ဖြစ်ပါတယ်။ စာလိုပြောတော့ ကမ္မဿကတာ သမ္မာဒိဋ္ဌိပါပဲ။ ကံသာလျှင် မိမိရဲ့ ကိုယ်ပိုင်ဖြစ်တယ်လို့ အမှန်အတိုင်း မြင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီစကားရပ်က ကိုယ်လုပ်တဲ့ အလုပ်၊ ကိုယ်ရွေးချယ်တဲ့ ရွေးချယ်မှုတွေဟာ ကိုယ်အပေါ်မှာပဲ သက်ရောက်စေပြီး အကောင်းအဆိုး ခံစားမှုကို ဖြစ်စေကြောင်း ဖော်ညွန်းချက် တစ်ခုပဲ ဖြစ်ပါတယ်။ ကိုရွေးချယ်ပြီးလုပ်တဲ့ အလုပ်ဟာ မှားရင်လည်း အဲဒီအမှားရဲ့ သက်ရောက်မှု၊ မှန်ရင်လည်း အဲဒီအမှန်ရဲ့ သက်ရောက်မှုကို ကိုယ်ကိုယ်တိုင်ပဲ ရပိုင်ခံစားခွင့် ရှိတဲ့သဘောမျိုးပဲ ဖြစ်ပါတယ်။ 

ဆိုတော့ကား ဗုဒ္ဓဘာသာ ရှုထောင့်က ပြောရင် သတ္တဝါတိုင်းဟာ လွတ်လပ်တဲ့ ရွေးချယ်ပိုင်ခွင့်ရှိပြီး အဲဒီ ရွေးချယ်မှုရဲ့ သက်ရောက်မှုကိုလည်း ကိုယ်ကိုယ်တိုင် ရရှိခံစားနိုင်တာ ဖြစ်တဲ့အတွက် အကောင်းရွေးမလား၊ အဆိုးရွေးမလား ဆိုတာဟာ ကိုယ့်အပေါ်မှာပဲ မူတည်နေတော့တာ ဖြစ်ပါတယ်။ အဲ ရွေးချယ်ပြီးရင်လည်း တာဝန်ယူမှုကို ကိုယ်ကပဲ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဘာရွေးပြီး ဘာယူမယ်ဆိုတာကို သိဖို့အတွက် ပညာကို အသုံးချရင်း အမှန်ရွေးပြီး အမှန်ယူနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ အရွေးမှားရင် နိဗ္ဗာန်ကနေ အဝေးသွားတတ်ပြီး အရွေးမှန်မှ နိဗ္ဗာန်ကို မနှေးအမြန် နီးစေနိုင်မှာ ဖြစ်တဲ့အတွက် မှန်ကန်တဲ့ ရွေးချယ်မှုနဲ့ မှန်ကန်တဲ့ ရယူမှုကို အမှန်အသိ ဉာဏ်နဲ့ညှိကြဖို့ပဲ ဖြစ်ပါတယ်။

Read more »

ကိလေသာရဲ့ သဘော


မမြင်အပ်ရာ ကိလေသာ သူ့ဟာ သူငြိမ်းသည် (မဟာစည် ဆရာတော်ဘုရားကြီး)
------------------------------------------------------------------------------------------
ကိလေသာရဲ့ သဘောက တစ်ခါတလေ မမြင်ရင်ဘာမှ မဖြစ်တတ်ပေမယ့် မြင်ရင်ဖြစ်ပေါ်လာတဲ့ သဘောရှိပါတယ်။ ဒီလိုပဲ မကြားရင်၊ မနံရင်၊ အရသာမခံရင်၊ မထိတွေ့ရင် ဘာမှ မဖြစ်တတ်ပေမယ့် ထိတွေ့ခံစားရရင် ဖြစ်ပေါ်လာတော့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါတလေလည်း စိတ်အစွဲနဲ့ ကိလေသာတရားက ထကြွသောင်းကြမ်း တတ်တာလည်း ရှိတတ်ပြန်ပါတယ်။ အဲဒီလို အခါမျိုးမှာ သတိတရားက အမြဲထပ်ကြပ်မကွာ ရှိနေမှကို သက်သာတတ်တာ ဖြစ်ပါတယ်။ 

ကြားဖူးတဲ့ အကြောင်းအရာလေး တစ်ခုရှိပါတယ်။ ဆရာတော်ကြီး နှစ်ပါးအကြောင်းပါ။ အဲဒီဆရာတော်ကြီး နှစ်ပါးက ငယ်ငယ်ကတည်းက စာသင်ဖတ် သူငယ်ချင်းတွေ ဖြစ်တော်မူတယ်လို့ ဆိုပါတယ်။ အသက်အရွယ် ကြီးတော်မူလာတဲ့ အခါတော့ တစ်နေရာစီမှာ ကိုယ်စီသာသနာ ပြုတော်မူကြပါတယ်။ ဆရာတော်ကြီးနှစ်ပါးမှာ တစ်ပါးက အကြောင်း တစ်ခုခုကြောင့် မျက်စိကွယ်သွားခဲ့ပါတယ်။ တစ်နေ့ သူငယ်ချင်း ဆရာတော်ကြီးနှစ်ပါး ပြန်ဆုံတော်မူတဲ့အခါ မျက်စိမမြင်တဲ့ ဆရာတော်ကြီးကို သူငယ်ချင်း ဆရာတော်ကြီးက “အင်း… ကိုယ်တော်တို့များ မျက်စိမမြင်တော့ ပြောင်းလဲတိုးတက်နေတဲ့ ခေတ်ကြီးမှာ မမြင်သင့်တာတွေ မမြင်ရတဲ့အတွက် ကိလေသာ အဖြစ်သက်သာ တာပေါ့ဘုရား၊ ဒါလည်း အဆိုးထဲက အကောင်းလို့ပဲ ပြောရမှာပဲ ဘုရား၊ မမြင်အပ်ရာ ကိလေသာ သူ့ဟာ သူငြိမ်းလို့ ဆိုထားတယ်မဟုတ်လား ဘုရား” ဆိုပြီး အားပေးစကား ပြောတော်မူပါတယ်။ ဒီအခါ မျက်စိမမြင်တဲ့ ဆရာတော်က သူငယ်ချင်းဆရာတော်ကို “ဒါက အရှင်ဘုရား အထင်ကိုးဘုရား…၊ တပည့်တော်မှာက မျက်စိမမြင်တော့ ဘာသံပဲကြားကြား ကိလေသာဖြစ်စရာ အသံတွေပဲ ထင်နေတော့တာ၊ အကြီးအငယ်အလတ် မခွဲခြားဖြစ်တော့ အသံမှန်သမျှ အဲဒီကိလေသာဘက်ကိုပဲ ပါပါသွားတော့တာဘုရား” ဆိုပြီး ပြန်ပြောဖြစ်တယ်လို့ ဆိုပါတယ်။

ဒါက ဆရာတော်နှစ်ပါးရဲ့ မှတ်သားစရာ စကားအထာလေးတွေပဲ ဖြစ်ပါတယ်။ ဆရာတော်ကြီးနှစ်ပါးရဲ့ စကားအထာလေးတွေကို ကြည့်ရင် ရှုထောင့်နှစ်ခုလုံးက မှန်နေတာပါပဲ။ အရင်းစစ်တော့ ကိလေသာဆိုတာ လက်ခံတဲ့ စိတ်အစဉ်ကိုလိုက်ပြီး ဖြစ်ပေါ်တတ်တဲ့ သဘောပဲ ဖြစ်ပါတယ်။ မြင်ပေမယ့် လက်မခံရင် ကိလေသာ ဖြစ်ဖို့ခဲရင်းသလို မမြင်ရပေမယ့် ကိလေသာဖြစ်စရာ အတွေးတွေနဲ့ နေနေရင် ကိလေသာတွေက ဖြစ်နေတတ်တာ ဖြစ်ပါတယ်။ ဒီနေရာမှာ သတိရှိခြင်း၊ မရှိခြင်းက ကိလေသာ ဖြစ်ခြင်းမဖြစ်ခြင်းကို တိုက်ရိုက်ထောက်ပံ့နေတော့တာပဲ ဖြစ်ပါတယ်။ သတိရှိနေရင် ကိလေသာ ကြားမခိုနိုင်ပဲ သတိမရှိဘဲ မေ့လျော့နေမယ်ဆိုရင်တော့ ကိလေသာမှန်သမျှ ပုံစံအမျိုးမျိုးနဲ့ ဝင်နေတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်က မမေ့မလျော့တဲ့ သတိနဲ့ ပြည့်စုံအောင်နေကြလို့ မိန့်တော်မူတာ ဖြစ်ပါတယ်။ 

Read more »

အောင်မြင်ချင်ရင်


လူငယ်လေး တစ်ယောက်နဲ့တွေ့တော့ သူက အောင်မြင်မှု ရချင်တယ်တဲ့။ အောင်မြင်အောင် ဘာလုပ်ရမလဲလို့လည်း မေးပါသေးတယ်။ ဒီတော့ ဘုန်းဘုန်းက သူ့ကို အောင်မြင်ခြင်း တရားလေးပါးကို ပြောပြဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်က သတ္တဝါတိုင်းမှာ အကြောင်းအကျိုးဆိုတာ ရှိကြောင်း ပဋိစ္စသမုပ္ဗဒ်နဲ့ ပဋ္ဌာန်းဒေသနာတော်မှာ ဟောတော်မူပါတယ်။ အထူးသဖြင့် ပဋ္ဌာန်းဒေသနာတော်မှာ အောင်မြင်ချင်တဲ့ သူတွေအနေနဲ့ အဓိပတိဆိုတဲ့ အကြီးအမှုး ပဲ့ကိုင်အထိမ်းအကွပ်တရားတွေ လက်ကိုင်ထားသင့်တယ်လို့ မိန့်တော်မူပါတယ်။ 

ဘယ်သူမဆို ဒီဘဝမှာ အောင်မြင်မှုရချင်ရင်
၁။ ဖြစ်ချင်တဲ့ ဆန္ဒ
၂၊ ဖြစ်အောင်လုပ်တဲ့ ကြိုးစားမှု ဝီရိယ
၃။ အလုပ်တစ်ခုအပေါ်မှာ မတုန်မလှုပ် တည်ကြည်အောင် လုပ်တတ်တဲ့ စိတ္တ ခေါ် စိတ်နဲ့
၎။ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ခွဲခြားစိစစ်တတ်တဲ့ ပညာ တရားတွေကို လက်ကိုင်ထားပြီး လုပ်ဆောင်နိုင်မယ်ဆိုရင် သေချာပေါက် အောင်မြင်မှုကို ရရှိစေမှာ ဖြစ်ပါတယ်။ 

အတိတ်ကံ မကောင်းလို့ သူများတွေလောက် လွယ်လွယ်ကူကူ မဖြစ်နိုင်တာတောင်မှ ဒီတရားတွေ လက်ကိုင်ထားပြီး အဆုံးတိုင်အောင် ကြိုးစားနိုင်ရင် ကြိုးစားတဲ့အလျောက် ဒီဘဝမှာ အောင်မြင်မှုရမှာ အသေအချာပဲ ဖြစ်ပါတယ်။ တစ်ချို့က ပြောကြပါတယ်။ တပည့်တော် ကြိုးစားပေမယ့် မရဘူးဘုရားတဲ့။ ဒါဟာ ဇွဲမရှိလို့ပဲလို့ ပြောရမှာ ဖြစ်ပါတယ်။ အောင်မြင်မှု မရခင် နောက်ပြန်ဆုတ်သွားတဲ့ အတွက် မအောင်မြင်တာပါပဲ။ အောင်မြင်မှု မရမချင်း ကြိုးစားမယ်ဆိုတဲ့ စိတ်ဆန္ဒ၊ ဇွဲလုံ့လရှိရင် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ အောင်မြင်မှုဟာ သူ့အတိုင်းအတာနဲ့သူ အနေးနဲ့အမြန် အမှန်ရောက်လာမှာ ဖြစ်ပါတယ်။

အဓိကကတော့ ကိုယ့်ကိုကိုယ် ပဲ့ကိုင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ထိန်းနိုင်ဖို့ဆိုရင် ခုနပြောခဲ့သလို ကိုယ်ဘာဖြစ်ချင်တယ်ဆိုတဲ့ ဖြစ်ချင်တဲ့ ဆန္ဒအမှန်ရှိရပါမယ်။ ဆန္ဒရှိပြီးရင် အဲဒီဆန္ဒကို အကောင်အထည်ဖော်ပေးမယ့် ကြိုးစားအားထုတ်မှု ဝိရိယ လိုပါတယ်။ ကြိုးစားတဲ့အခါမှာလည်း တလွဲဆံပင်ကောင်းဆိုတဲ့ လွဲမှားတဲ့ ဝိရီယတွေ မဖြစ်စေဖို့ မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်အောင် အသိပညာလည်း တွဲပါပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် ကိုယ်လုပ်တဲ့ အလုပ်တွေမှာ တည်ကြည်ပြီး ခိုင်မာမှုရှိအောင်၊ ကောင်းမွန်မှန်ကန်တဲ့ စိတ်အစဉ်လေးနဲ့ ကပ်ပြီးထားလိုက်ရမှာ ဖြစ်ပါတယ်။ ဒီလို ဆန္ဒ၊ ဝီရိယ၊ စိတ်၊ ပညာဆိုတဲ့ ပဲ့ကိုင်တရားတွေ လက်ကိုင်ထားပြီး ကြိုးစားနိုင်မယ်ဆိုရင် အောင်မြင်မှုဟာ လူတိုင်းအတွက် လက်တကမ်းမှာ ရှိနေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါဟာ ဘုရားပေးတဲ့ အောင်မြင်ရေးလမ်းစဉ် ဖြစ်သလို ဒီလမ်းစဉ်ဟာလည်း အကြောင်းအကျိုးကို ဆက်စပ်ပြတာ ဖြစ်တဲ့အတွက် ဒီတရားတွေနဲ့အညီ ကြိုးစားနိုင်မယ်ဆိုရင် အောင်မြင်မှုဆိုတဲ့ အကျိုးသက်ရောက်မှုဟာ အသေအချာရောက်လာမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် ဘယ်သူမဆို အောင်မြင်ချင်ရင် အတိတ်ကံကို ခဏအသာထား၊ လက်ရှိပစ္စုပ္ဗန်မှာပဲ ဖြစ်ချင်တဲ့ ဆန္ဒကို အရင်းတည်ပြီး ကြိုးစားအားထုတ်မှု ဝိရိယနဲ့ အကောင်အထည်ဖော်ကာ၊ တည်ငြိမ်တဲ့ စိတ်ကလေးနဲ့ အမှားအမှန်ကို ခွဲခြားပြီး အောင်မြင်မှု မရမချင်း ကြိုးစားမယ်ဆိုတဲ့ ဇွဲနဲ့ မဆုတ်မနစ် အားထုတ်ဖြစ်အောင် ကြိုးစားကြဖို့ အသိပေးစကား ပါးလိုက်ရပါတယ်။ 

Read more »

အလိုမကျ ဖြစ်တယ်ဆိုတာ


ဒကာတစ်ယောက်က မေးဖူးပါတယ်။ “အရှင်ဘုရား တပည့်တော် ခဏခဏ အလိုမကျ ဖြစ်နေပါတယ်၊ တစ်ခါတလေ ဘာမဟုတ်တာလေးနဲ့လည်း အလိုမကျဖြစ်နေတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုလည်း အလိုမကျ ဖြစ်တတ်သလို သူများတွေကိုလည်း အလိုမကျ ဖြစ်ရပါတယ်၊ အဲဒါ ဘာကြောင့် ဒီလို အလိုမကျတာတွေ ဖြစ်ရတာလဲဘုရား”လို့ သူက မေးပါတယ်။ ဒကာတော်ရေ “ အလိုမကျဖြစ်တယ်ဆိုတာ လိုနေကြလို့ပဲ”လို့ ဘုန်းဘုန်းက သူ့အမေးကို ပြန်ဖြေဖြစ်လိုက်ပါတယ်။

ဟုတ်တယ်။ အလိုမကျဖြစ်တယ်ဆိုတာ တကယ်တော့ လိုနေကြလို့ပါပဲ။ မလိုချင်ရင် အလိုမကျဖြစ်တယ်ဆိုတာ မရှိနိုင်ပါဘူး။ ဘာလေးဖြစ်ချင်လို့၊ ဘာလေးရချင်လို့၊ ဘယ်လိုပုံစံလေး ဖြစ်စေချင်လို့ ဘယ်လိုပုံစံလေး ရစေချင်လို့ စတဲ့ လိုချင်တဲ့ ဆန္ဒတွေက ကိုယ့်ကိုယ်ကိုလည်း အလိုမကျ ဖြစ်စေတတ်သလို ကိုယ်လိုတဲ့အတိုင်း မဖြစ်တဲ့အတွက် သူများအပေါ်မှာလည်း အလိုမကျတာတွေ ဖြစ်စေတတ်တာပဲ ဖြစ်ပါတယ်။ နည်းနည်းလိုချင်ရင် နည်းနည်းအလိုမကျ ဖြစ်တတ်သလို များများလိုချင်ရင် များများအလိုမကျ ဖြစ်တတ်ပါတယ်။ လိုနေတာကိုက ပြည့်ဖို့မလွယ်တာဆိုတော့ အလိုပြည့်တယ်ဆိုတာလည်း မရှိနိုင်သလို အလိုမပြည့်တဲ့အခါ အလိုမကျတာတွေလည်း ဖြစ်လာတော့တာပဲ ဖြစ်ပါတယ်။ 

တစ်ခါတလေ ကိုယ့်ကိုယ်ကို ဘာကြောင့် အလိုမကျ ဖြစ်ရတာလဲလို့ သေချာ တွေးကြည့်ရင် ကိုယ်က လိုနေလို့ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ကိုယ်က လိုချင်နေတော့ အဲဒီလိုချင်တဲ့အတိုင်း ရချင်တယ်၊ ရအောင်လုပ်တယ်၊ ရအောင်ပြောတယ်။ ဒါပေမယ့် ခက်တာက ကိုယ်ထင်သလို မရတာပါပဲ။ မရတော့ ဘာဖြစ်လဲဆိုတော့ စိတ်မှာဘဝင်မကျတာတွေ၊ မကျေနပ်တာတွေ၊ အလိုမကျတာတွေ ဖြစ်လာတော့တာပါပဲ။ ဖြစ်ချင်လိုရင်ရချင်မှုတွေက ကိုယ်လိုသလို မဖြစ်တဲ့အခါမှာ အလိုလို အလိုမကျမှုတွေအဖြစ် ပြောင်းလာတတ်တဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒါကို သတိမပြုမိလို့ကတော့ အလိုမကျဖြစ်ရကနေ မကျေနပ်တာတို့၊ စိတ်ဆိုးစိတ်တိုတာတို့အထိ ဖြစ်တတ်ပြီး နောက်ဆုံး ဒေါသအဆင့်အထိတောင် ရောက်သွားစေတတ်တာပဲ ဖြစ်ပါတယ်။

အရင်းစစ်လိုက်တော့ အလိုမကျဖြစ်တတ်ခြင်းရဲ့ အခြေခံအကြောင်းတရားဟာ လိုချင်မှုကြောင့်ပဲဆိုတာ ကောက်ချက်ချလို့ ရမှာ ဖြစ်ပါတယ်။ လိုချင်မှုကိုအကြောင်းပြုပြီး အလိုအတိုင်း မျှော်လင့်တောင့်တာရာက တောင့်တတဲ့အတိုင်း မဖြစ်ဘဲ အလိုလို မကျေမချမ်းဖြစ်ကာ အဲဒီကမှ အလိုမကျတဲ့ သဘောတွေအထိ ခံစားမိတော့တာပဲ ဖြစ်ပါတယ်။ လိုချင်နေသမျှတော့ အလိုမကျဆိုတာ ဖြစ်ကိုဖြစ်နေကြမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အလိုကျချင်ရင် မလိုချင်ကြနဲ့ လို့ဆိုခြင်း ဖြစ်ပါတယ်။ 

Read more »

ဘက်လိုက်ခြင်း


အချစ်အမုန်းကို ဦးစားပေးရင် ဘက်လိုက်မှုတွေ ဖြစ်တတ်တယ်တဲ့။ 

ဘက်လိုက်တာကို စာလိုပြောတော့ အဂတိလို့ ပြောပါတယ်။ မလိုက်သင့်တဲ့ဘက်ကိုလိုက်ခြင်း၊ မပြုသင့်တာကို ပြုခြင်းလို့ ဆိုပါတယ်။ အဂတိတရားတွေကို ကြည့်ရင်



၁။ ဆန္ဒာဂတိ = ချစ်တဲ့အတွက် အဂတိလိုက်ခြင်း
၂။ ဒေါသာဂတိ = မုန်းတဲ့အတွက် အဂတိလိုက်ခြင်း
၃။ မောဟာဂတိ = အမှားအမှန်ကိုမသိ၊ ဆင်ခြင်တုံတရားမရှိတဲ့အတွက် အဂတိလိုက်ခြင်း
၎။ ဘယာဂတိ = ကြောက်တဲ့အတွက် အဂတိလိုက်ခြင်း ဆိုတဲ့ ဒီလေးပါးကို တွေ့ရမှာ ဖြစ်ပါတယ်။ 

ဒီအဂတိ တရားတွေဟာ ယေဘုယျအားဖြင့် အချစ်အမုန်းကိုပဲ အခြေခံပြီး ဖြစ်လေ့ရှိတာကို တွေ့ရတတ်ပါတယ်။ ချစ်ရင်လည်း ဘက်လိုက်တတ်သလို မုန်းရင်လည်းပဲ ဘက်လိုက်တတ်ပါတယ်။ တစ်ချို့လည်း အချစ်အမုန်းကြောင့် မဟုတ်ပေမယ့် အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အမှားအမှန်ကို မခွဲခြားတတ်တဲ့အတွက် ဘက်လိုက်တာမျိုးလည်း ရှိတတ်ပါတယ်။ တစ်ချို့ကျတော့ မလွန်ဆန်နိုင်တဲ့ အကြောက်တရားကြောင့်လည်း ဘက်လိုက်တဲ့ သဘောရှိပါတယ်။ ပုထုဇဉ်တွေဟာ တကယ်တမ်းကျတော့ အလွန်ကြောက်တတ်တဲ့ သတ္တဝါတွေပဲ ဖြစ်ပါတယ်။ ကြောက်တယ်ဆိုတာကလည်း သီလမလုံခြုံလို့ ကြောက်ကြတာပဲ ဖြစ်ပါတယ်။ သီလလုံခြုံနေတဲ့သူဟာ မဟုတ်တာ ဘာမှ မလုပ်ထားတဲ့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိနေပြီး အပြစ်ကင်းတဲ့ သူတစ်ယောက် ဖြစ်နေတဲ့အတွက် ကြောက်စိတ်ဆိုတာလည်း မရှိတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အကြောက်တရားကင်းအောင်၊ အဂတိတရား ကင်းအောင် ကိုယ်ကျင့်သီလလုံကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

စာပေအဖွင့်တွေမှာ အဂတိတရား လိုက်ခြင်း မလိုက်ခြင်းရဲ့ အကျိုးအပြစ်နဲ့ ပတ်သက်ပြီး
“အဂတိတရား လေးပါးကို လိုက်စားပြုကျင့်သူသည် လဆုတ်အခါ လမင်း၏ အရောင်အဝါသည် တနေ့တခြား လျော့ပါး ဆုတ်ယုတ် သကဲ့သို့ စည်းစိမ် ဥစ္စာနှင့်တကွ ဂုဏ်ကျေးဇူး ကျော်စောခြင်းတို့သည် လျော့ပါး ဆုတ်ယုတ်တတ်လေသည်။
အဂတိတရား လေးပါးကို မလိုက်စား မပြုကျင့်သူသည် လဆန်းအခါ၌ လမင်း၏ အရောင်အဝါသည် တနေ့တခြား ထွန်းလင်း တောက်ပသကဲ့သို့ ကျက်သရေ ၊ ဂုဏ်သိန် ၊ စည်းစိမ်ဥစ္စာတို့သည် တနေ့တခြား ကျော်ကြားတိုးတက် ပေါ်လွင်ထင်ရှား လေသည်။” လို့ ဖွင့်ဆိုရှင်းပြထားတာကို တွေ့ရပါတယ်။ 

ဆိုတော့ကား ဘက်လိုက်တတ်ရင် အဂတိတရား ကျူးလွန်ရာ ရောက်တဲ့အပြင် ကိုယ့်အကျိုးတရားတွေလည်း ဆုတ်ယုတ်တတ်တဲ့အတွက် ဘက်လိုက်မှုနဲ့ အကြောက်တရားမှ ကင်းဝေးရအောင် ကိုယ့်ကျင့်တရားကောင်းအောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။ 

Read more »

မေတ္တာတရား ထားကြည့်ကြပါ


မေတ္တာဆိုတာ အကျိုးလိုလားခြင်းပဲ ဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ကောင်းတဲ့အကျိုးလေးတွေ ဖြစ်စေချင်တာ၊ ကောင်းတာလေးတွေ သိစေချင်တာ၊ ရစေချင်တာ၊ မကောင်းတာတွေကနေ ရှောင်ကြဉ်စေချင်တာ စတာတွေဟာ မေတ္တာရဲ့ သဘောပဲ ဖြစ်ပါတယ်။ သတ္တဝါတိုင်းဟာ ဒီလို အကျိုးလိုလားတဲ့ မေတ္တာလေးတွေ ထားကြည့်ကြဖို့ လိုပါတယ်။ ဒါဟာ ငွေကုန်ကြေးကျ များသွားတဲ့ အလုပ်မဟုတ်ပါဘူး။ စိတ်ကလေးနဲ့ပဲ ဖြစ်ဖြစ် သူ့အကျိုးကို လိုလားကြည့်ကြဖို့ လိုပါတယ်။ ကိုယ်နဲ့ပတ်သက်တဲ့သူတွေ၊ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေ၊ ကိုယ့်အသိုင်းအဝိုင်း၊ ကိုယ့်နိုင်ငံသား၊ ကိုယ့်တိုင်းရင်းသားများရဲ့  အကျိုးတစ်မျိုးမျိုးကို ဖြစ်စေချင်တာဟာ ဒါလည်း မေတ္တာရဲ့ သဘောပဲ ဖြစ်ပါတယ်။

မေတ္တာတရားဟာ သတ္တဝါတိုင်းအတွက် အရေးတကြီး ရှိထားသင့်တဲ့ တရားပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် တစ်ဦးနဲ့တစ်ဦး အကျိုးလိုလားတဲ့ ဒီမေတ္တာတရား မထားနိုင်ဘူးဆိုရင် အပြစ်တွေပဲ ဖြစ်စေချင်ပြီး အဲဒီနောက်ကွယ်မှာ အကျိုးသက်ရောက်မှုတွေဟာလည်း မကောင်းတာတွေပဲ ဖြစ်ပေါ်စေတတ်လို့ပဲ ဖြစ်ပါတယ်။ သတ္တဝါတွေဟာ တစ်ဦးနဲ့တစ်ဦး အကျိုးလိုလားနေကြမယ်ဆိုရင် တစ်ယောက်အပေါ်တစ်ယောက် ဒုက္ခရောက်အောင်လည်း လုပ်ဖြစ်ကြမှာ မဟုတ်ပါဘူး။ အဲဒီလို အားလုံးက ကိုယ်ဆီမေတ္တာလေးတွေ ထားပေးနိုင်ကြမယ်ဆိုရင် လောကမှာ အကျိုးမဲ့ဆိုတာ ရှိမှာတောင် မဟုတ်ပါဘူး။

တစ်စုံတစ်ယောက်ရဲ့ အကျိုးကို လိုလားတဲ့ စိတ်ရှိနေသူဟာ မေတ္တာတရား ကိန်းနေတဲ့သူဖြစ်တဲ့အတွက် သူ့သန္တာန်မှာ ပူလောင်တဲ့ ဒေါသတရားလည်း လျော့နည်းနေတော့တာ ဖြစ်ပါတယ်။ မေတ္တာဟာ ဆန့်ကျင်ဘက် ဒေါသကိုလည်း ပယ်ဖျောက်စေတတ်တာ ဖြစ်တဲ့အတွက် တစ်စုံတစ်ယောက်ရဲ့ အကျိုးကို လိုလားနေသူဟာ ဒေါသကို အခြေခံပြီး ဖြစ်ပေါ်လေ့ရှိတတ်တဲ့ မကောင်းကြံတာ၊ မကောင်းပြောတာ၊ မကောင်းလုပ်တာတွေလည်း မလုပ်ဖြစ်တော့ပါဘူး။ သူများမကောင်းကြံတာ၊ သူများမကောင်းကြောင်း ပြောဆို၊ လုပ်ကိုင်ကြတယ်ဆိုတာ တကယ်တော့ မေတ္တာတရား ခေါင်းပါးလို့ပဲ ဖြစ်ပါတယ်။ မေတ္တာနည်းရင် ဒေါသအားကြီးတတ်ပြီး ဒေါသများတဲ့သူဟာ အကျိုးမဲ့တွေကိုပဲ ပြုလုပ်စေတတ်တာ ဖြစ်တဲ့အတွက် သတ္တဝါတိုင်းဟာ မေတ္တာတရားလေးတွေ ကိန်းနေနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ 

 မေတ္တာတရားဟာ ကိုယ့်အကျိုးကို မျှော်လင့်ခြင်း မဟုတ်ဘဲ သူ့အကျိုးကို လိုလားခြင်း ဖြစ်တဲ့အတွက် မေတ္တာထားတဲ့ သူတွေဟာ အပူအပင် ကင်းနိုင်ကြပါတယ်။ သတ္တဝါတွေ ပင်ပန်းကြတယ်ဆိုတာ အလုပ်လုပ်တဲ့ အခါတိုင်း အကျိုးကို မျှော်လင့်နေမိတဲ့အတွက် အဲဒီမျှော်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့အခါ ပင်ပန်းကြခြင်း ဖြစ်ပါတယ်။ မေတ္တာစိတ်ဟာ တစ်ဦးတစ်ယောက်ဆီက အကျိုးရလာဘ်ကို မျှော်လင့်ခြင်း မဟုတ်ဘဲ တစ်ဦးတစ်ယောက်ရဲ့ အကျိုးကိုသာ ဖြစ်စေလိုခြင်းပဲ ဖြစ်တဲ့အတွက် အများအကျိုးရှိလေ မေတ္တာသမားရဲ့ စိတ်မှာဝမ်းသာလေပဲ ဖြစ်ပါတယ်။ 

ဆိုတော့ကား ဘဝမှာ သတ္တဝါတွေဟာ တစ်ဦးအပေါ်တစ်ဦး အကျိုးလိုလားတဲ့ စိတ်လေးတွေနဲ့ ပြောဆိုဆက်ဆံ ပြုမူကြမယ်ဆိုရင် အလိုလိုနေရင်း မေတ္တာ တရားလေးတွေ ဖြစ်ပေါ်နေကာ၊ မေတ္တာရဲ့ အစွမ်းကြောင့်ပဲ တစ်ဦးနဲ့တစ်ဦး အကျိုးပြုနေမိတာ ဖြစ်တဲ့အတွက် လူတိုင်းလူတိုင်းဟာ တစ်ကမ္ဘာလုံးကို လွှမ်းခြုံပြီး မေတ္တာ မထားနိုင်တာတောင်မှ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အသိုင်းအဝိုင်းမှာတော့ တစ်ဦးနဲ့တစ်ဦး အကျိုးလိုလားတဲ့ စိတ်လေးတွေနဲ့ ကြံစည်၊ ပြောဆို၊ ပြုမူ ဆက်ဆံကာ မေတ္တာတရား ထားနိုင်အောင် ကြိုးစားသင့်ကြပါတယ်။ 

Read more »

ပုထုဇဉ်မို့လည်း ရုန်းထွက်ကြဖို့ပါ


ပုထုဇဉ် ဆိုတာ ကာမဂုဏ် အာရုံတွေမှာ ပျော်မွေ့တတ်တဲ့ သတ္တဝါတွေပါ။ အဲဒီ ပုထုဇဉ်တွေရဲ့ စိတ်အစဉ်ဟာလည်း ကုသိုလ်တရားထက် အကုသိုလ်တရားတွေမှာ၊ မကောင်းတဲ့ အာရုံတွေမှာပဲ ပျော်မွေ့တတ်တဲ့ သဘောရှိပါတယ်။ ဒီလိုဆိုတော့ ငါတို့တွေဟာ ပုထုဇဉ်တွေပဲဆိုပြီး ကာမဂုဏ်တွေမှာပဲ လိုက်စားနေတာ၊ မကောင်းတဲ့ အာရုံတွေမှာပဲ ပျော်မွေ့နေတာမျိုးတော့ မဖြစ်သင့်ပါဘူး။ တတ်နိုင်သမျှ ဒီအာရုံတွေက ရုန်းထွက်နိုင်အောင် ကြိုးစားရမှာပါ။ ရုန်းထွက်တယ်ဆိုတာ အဲဒီလို မကောင်းတဲ့ စိတ်အတွေးကစပြီး ရုန်းထွက်နိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ မကောင်းတဲ့ အတွေးတွေ၊ မကောင်းတဲ့ အပြောတွေ၊ မကောင်းတဲ့ အလုပ်တွေကနေ ရုန်းထွက်နိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ 

ပုထုဇဉ်သဘာဝ စိတ်မှာ မကောင်းတဲ့ အတွေးအကြံတွေ ဖြစ်နေတာကို မပယ်နိုင်သေးရင်တောင်မှ အဲဒီ စိတ်အတွေးကနေ ပါးစပ်နဲ့ ပြောဖြစ်တဲ့အထိ၊ လက်တွေ့ လုပ်ဖြစ်သွားတဲ့အထိ မရောက်အောင်တော့ လေ့ကျင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ ဒီလို ကိုယ့်ကိုယ်ကို မကောင်းတဲ့ အလုပ်တွေကနေ ရုန်းထွက်နိုင်အောင် လေ့ကျင့်တာဟာ ဗုဒ္ဓအလိုအကျ ကြိုးစားလေ့ကျင့်နည်းပဲ ဖြစ်ပါတယ်။ 

ဗုဒ္ဓဘုရားရှင်က ကြိုးစားအားထုတ်မှု ဝိရီယ တရားနဲ့ ပတ်သက်ပြီး 
မဖြစ်ပေါ်သေးတဲ့ အကုသိုလ်တရားတွေ မဖြစ်ပေါ်အောင်
ဖြစ်ပြီးသား အကုသိုလ်တရားတွေ ထပ်ပြီးမဖြစ်အောင်
မဖြစ်ပေါ်သေးတဲ့ ကုသိုလ်တရားတွေ ဖြစ်ပေါ်လာအောင်
ဖြစ်ပေါ်ပြီး ကုသိုလ်တရားတွေ ပိုပြီးတိုးပွားအောင် ကြိုးစားလေ့ကျင့်ခြင်းဟာ သမ္မာဝါယမ - မှန်ကန်တဲ့ ကြိုးစားအားထုတ်မှုလို့ မိန့်တော်မူပါတယ်။

ဒါကြောင့် ပုထုဇဉ်မို့ ဒီလို ဖြစ်ပါတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ကာမဂုဏ်အာရုံတွေမှာ အလွန်အကျူး လိုက်စားတာတွေ မကောင်းတဲ့ အာရုံတွေမှာ ပျော်မွေ့နေတာတွေ၊ မကောင်းမှု အကုသိုလ် အလုပ်တွေမှာ ဆက်ကာဆက်ကာ လုပ်ဖြစ်နေတာတွေဟာ သံသရာကို ရှည်စေပြီး ဒုက္ခကို ဝေစေတတ်တဲ့အတွက် ပျော်ပေမယ့်၊ ကြိုက်ပေမယ့်၊ တပ်မက်နေပေမယ့် ဒီအလုပ်တွေကနေ တဖြည်းဖြည်း ရုန်းထွက်နိုင်အောင်တော့ ကြိုးစားကြည့်ကြရမှာ ဖြစ်ပါတယ်။ ဒါမှလည်း လွတ်မြောက်မှုဆိုတာကို ရရှိခံစားနိုင်ကြမှာ ဖြစ်ပါတယ်။ 

တကယ်တော့ အရိယာဆိုတာ ပုထုဇဉ်အဖြစ်ကနေ  ရုန်းထွက်သွားနိုင်တဲ့ ပုဂ္ဂိုလ်တွေ၊ ပုထုဇဉ်များ လုပ်လေ့ရှိတဲ့ အလုပ်တွေကနေ ရုန်းထွက်သွားကြတဲ့ ပုဂ္ဂိုလ်မြတ်တွေပဲ ဖြစ်တဲ့အတွက် အရိယာအစစ် မဖြစ်နိုင်သေးတောင်မှ ပုထုဇဉ်အလုပ်တွေကနေ ဘာပဲဖြစ်ဖြစ် ရုန်းထွက်နိုင်အောင်တော့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ 

Read more »

လောကအကြောင်း တစေ့တစောင်း


လောကအကြောင်း ပြောလာသူတွေ၊ လောကမကောင်းကြောင်း၊ လောကကြီးက မတရားကြောင်း၊ လောကကြီးက မျက်နှာလိုက်တဲ့အကြောင်း စသဖြင့် ပြောလာတဲ့ သူတွေကို မကြာခဏ ကြုံဖူးနေတော့ လောကအကြောင်း စဉ်းစားဖြစ်ပြန်ပါတယ်။ လူတွေဟာ ဘာလေးပဲဖြစ်ဖြစ် လောကကြီးကို အပြစ်ပုံချတတ်တာတွေ တွေ့နေရတော့ ကိုယ့်ကိုယ်ကိုလည်း ပြန်ဆင်ခြင်မိပါတယ်။ ကိုယ်လည်းတစ်ခါတလေ လောကကြီးကို အပြစ်ပုံချမိတာတွေ အများကြီးပါပဲ။ ခက်တာက ကိုယ်အပါအဝင် အဲဒီလို လောကကြီးကို အပြစ်ပုံချတဲ့သူတွေကို “လောကကြီးပဲ အပြစ်ပုံချနေတာ ကိုယ့်လောကကိုရော ကိုယ်ပြန်ကြည့်ဖူးလား”လို့ မေးကြည့်ရင် အတော်များများက ကိုယ့်လောကအကြောင်း ဆင်ခြင်ဖို့ သတိမရတတ်ဘဲ ဖြစ်နေကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ သူများလောကချည်းပဲ အပြစ်ပြောနေကြပေမယ့် ကိုယ့်လောကအကြောင်း ကိုယ်သတိပြုကြဖို့တော့ အတော်များများက မလုပ်ဖြစ်ဘဲ ရှိနေတတ်ကြပါတယ်။

အမှန်တော့ လောကဆိုတာ တစ်ခြားမဟုတ်ပါဘူး။ ပုဂ္ဂိုလ်သတ္တဝါ အစုအဖွဲ့တစ်ခုဟာ လောကတစ်ခုပဲ ဖြစ်ပါတယ်။ နာမ်ရုပ်အစုနဲ့ ဖွဲ့စည်းထားတဲ့ သတ္တဝါဟာလည်း လောကတစ်ခုပဲ ဖြစ်ပါတယ်။ ဆိုတော့ကား ဘုန်းဘုန်းအပါအဝင် သတ္တဝါအားလုံးဟာ အသီးသီး နာမ်ရုပ်အစုနဲ့ ဖွဲ့စည်းထားတဲ့ လောကကိုယ်စီကို ပိုင်ဆိုင်ထားတဲ့ သူတွေဖြစ်တဲ့အတွက် လောကအကြောင်း ပြောမယ်ဆိုရင် ကိုယ့်လောကအကြောင်း အရင်ပြောကြဖို့လိုပါတယ်။ လောကမကောင်းဘူး ပြောမယ်ဆိုရင် ကိုယ့်လောကလည်း ကောင်းမကောင်း အရင်ဆင်ခြင်ကြည့်ကြဖို့ လိုပါတယ်။ သေချာတာကတော့ ကိုယ့်လောကဟာလည်း မကောင်းဘူးဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

ကိုယ့်လောကလည်း မကောင်းဘူးဆိုတာက နာမ်ရုပ်နှစ်ခုကို ပိုင်ဆိုင်ထားတာကိုက ဒုက္ခအစုကို ပိုင်ဆိုင်ထားကြတာ ဖြစ်တဲ့အတွက် အဲဒီ ဒုက္ခကို ဒုက္ခလို့ မသိဘဲ သုခထင်ကာ မာနဝင်နေကြတဲ့အတွက် မကောင်းဘူးလို့ ပြောရတာ ဖြစ်ပါတယ်။ ပင်ကိုယ်က မကောင်းလှတဲ့ ဒီအစုကို အကြောင်းပြုပြီး အကုသိုလ်တွေ ဝင်နေကြတာကိုက မကောင်းတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ ဒီတော့ကား ဒီလိုမကောင်းတဲ့ လောကကြီးမှာ ကိုယ့်လောကကို ကိုယ်မကြည့်ဘဲ သူများလောကကိုလိုက်ပြီး ကြည့်နေ၊ အပြစ်ပြောနေတာကမှ တကယ့်မကောင်းတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒုက္ခအစုကြီး ပိုက်ထားတဲ့ ကိုယ့်ကိုယ်ကို ဒုက္ခလို့ မမြင်ဘဲ သူများလောကကိုကြည့်ပြီး ဒုက္ခတွေဝင်နေတာကိုက တကယ့်ဒုက္ခဖြစ်နေတဲ့ အချက်ပဲ ဖြစ်ပါတယ်။

တကယ်လို့ လောကအကြောင်း ပြောကြမယ်ဆိုရင် ကိုယ့်လောကအကြောင်း ကိုယ်ဆင်ခြင်ကြည့်ကြဖို့ လိုပါတယ်။ ကိုယ့်လောကကြီး ဘယ်လိုဖြစ်နေတယ်၊ ကိုယ့်လောကကြီး ဘယ်လိုပျက်နေတယ်ဆိုတာကို အရင်သိအောင် ကြိုးစားပြီး ကိုယ့်လောက မကောင်းသေးရင် ကိုယ်ကိုယ်တိုင် အရင်ပြောင်းနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ လောကထက် စိတ်ပိုင်းဆိုင်ရာ လောကကို ကောင်းသထက် ကောင်းအောင် ပြုပြင်ကြရမှာ ဖြစ်ပါတယ်။ ရုပ်လောကဆိုတာ မြင်နိုင်လောက်တဲ့ လောကဖြစ်တဲ့အတွက် ပြင်မယ်ဆိုရင် ပြင်ဖို့လွယ်ပေမယ့် စိတ်လောကကတော့ မြင်ဖို့မလွယ်၊ သိဖို့လည်း မလွယ်သလို ပြင်ဖို့လည်း မလွယ်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်တိုင်တော့ ကိုယ့်ရဲ့စိတ်လောကကို သိနေနိုင်ကြတာ ဖြစ်ပါတယ်။ မပြင်ချင်လို့၊ မပြင်နိုင်လို့သာ ရှိနေကြမယ် ကိုယ့်စိတ်၊ ကိုယ့်လောက ဘာဖြစ်နေတယ် ဆိုတာကတော့ သိနေကြတာပဲ ဖြစ်ပါတယ်။

အဲဒီတော့ သူများလောက အကြောင်း၊ သူများရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကြောင်းတွေကို လိုက်ကြည့်ပြီး ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ ဘယ်လိုဘယ်ဝါ စတဲ့ အမြင်အတွေးတွေနဲ့ ဟိုဟိုဒီဒီ ပြောနေဖို့ထက် ကိုယ့်လောကကို ကိုယ်မြင်အောင်ကြည့်ပြီး ကိုယ့်လောကကောင်းအောင်၊ ကိုယ့်လောကကြီး အပြစ်မဖြစ်အောင်၊ ကိုယ့်လောကကြီး အကုသိုလ်မဖြစ်အောင် အရင်လုပ်သင့်ကြတာ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် လောကဆိုတာကလည်း အမြဲတစေ ပြောင်းနေတာ ဖြစ်တဲ့အတွက် ပြောင်းလဲနေတဲ့ လောကကြီးကို အပြောင်းကောင်းအောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။ အမြဲပြောင်းနေတဲ့ လောကကြီးဟာ မမြဲခြင်းတရားတွေ အမြဲပါနေတာ ဖြစ်တဲ့အတွက် လောကကို အကြောင်းပြုပြီး အကောင်းတွေနဲ့ ပြောင်းနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ကိုယ့်လောကကို ကောင်းအောင်လုပ်ဖို့ဆိုရင်တော့ ကိုယ့်ရဲ့အမူအရာတွေကို ကောင်းအောင်လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်အမူအရာ၊ နှုတ်စကားအမူအရာ၊ စိတ်အကြံအမူအရာတွေကို ကိုယ့်ကိုယ်ကိုလည်း အပြစ်မဖြစ်အောင် သူတပါးကိုလည်း အပြစ်မဖြစ်ရလေအောင် သတိနဲ့ ကြိုးစားပြီး ထိန်းသိမ်းနေထိုင်ကြရမှာ ဖြစ်ပါတယ်။ ဗရမ်းဗတာ မလုပ်မိအောင်၊ အထိန်းအကွပ်မရှိ မပြောမိအောင်၊ ဘယ်သူမှ မသိနိုင်လောက်ဘူးဆိုတဲ့ ကိုယ့်စိတ်အတွေးကိုလည်း မကောင်းတဲ့ အတွေးအကြံတွေ မဖြစ်အောင် ကြိုးစားနေထိုင် လေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။ ကိုယ့်လောကကို ကိုယ်ကောင်းအောင် ကြိုးစားဖို့ မလုပ်နိုင်သေးဘဲနဲ့ သူများလောကအကြောင်း ပြောတယ်ဆိုရင် ဒါဟာ ကိုယ့်အပြစ်ကော သူများအပြစ်ပါ ကိုယ်ကသိမ်းကျုံးယူသလို ဖြစ်တတ်တဲ့အတွက် ဒီသဘောမျိုး မဖြစ်အောင် ကိုယ့်လောကကို ကိုယ်အရင် ပြုပြင်နေထိုင်ကြရမှာ ဖြစ်ပါတယ်။

သေချာတွေးကြည့်ရင် လောကဆိုတာ မြင်တတ်ရင်၊ ယူတတ်ရင်၊ ထိန်းသိမ်းတတ်ရင် ဒီလောကကြီးကပဲ ကိုယ့်ကုတရားတွေ ပြပေးနေတာ ဖြစ်ပါတယ်။ တရားရှာ ကိုယ်မှာတွေ့ဆိုသလို သတိနဲ့သာ ကပ်ပြီးနေတတ်မယ်ဆိုရင် ကိုယ့်လောကကြီးဟာ တရားရှာရာ တရားရိပ်သာ တစ်ခုပဲ ဖြစ်ပါတယ်။ ပြောင်းလဲနေတဲ့ ကိုယ့်ရဲ့ရုပ်လောက၊ နာမ်လောကကို ပြောင်းနေတဲ့ အခိုက်အတန့်မှာ အရှိအတိုင်း သတိကပ်ပြီး ရှုမှတ်တတ်မယ်ဆိုရင် လောကကြီးရဲ့ သဘောအမှန်ကို သိရှိလာပြီး မမြဲခြင်းသဘော၊ ဆင်းရဲခြင်းသဘော၊ ကိုယ့်သဘောအတိုင်း မဖြစ်တဲ့ အစိုးမရခြင်း သဘောတွေကို ဉာဏ်နဲ့ သိလာနိုင်တာ ဖြစ်ပါတယ်။ အဲဒီလို သိလာတဲ့အခါ လောကကိုအကြောင်းပြုပြီး ဖြစ်ပေါ်တတ်တဲ့ အပြစ်တွေ၊ အကုသိုလ်တွေဟာလည်း တရားသဘောတွေအဖြစ် ပြောင်းလဲကာ ဘဝမှာ တရားနဲ့ နေတတ်တဲ့ ဘဝလေးတစ်ခု တည်ဆောက်သွားနိုင်ကြမှာ ဖြစ်ပါတယ်။

ဆိုတော့ကား လောကဆိုတာ နာမ်ရုပ်နှစ်ခုနဲ့ ဖွဲ့စည်းထားတဲ့ အစုအဖွဲ့သာ ဖြစ်တဲ့အတွက် လောကဆိုရင် ကိုယ့်လောကပဲ ဖြစ်ဖြစ်၊ သူ့လောကပဲ ဖြစ်ဖြစ် ရုပ်နာမ်နှစ်ခု ဒုက္ခစုဆိုတဲ့ အပြစ်ကတော့ ရှိနေကြမြဲဖြစ်ပါတယ်။ အဲဒီလို အပြစ်ရှိနေတာ ဖြစ်တဲ့အတွက် အပြစ်ရှိနေတာချင်းအတူတူ ကိုယ့်လောကရဲ့ အပြစ်ကို ကိုယ်မမြင်၊ ကိုယ်မပြင်ဘဲ သူများလောကအပေါ် အပြစ်တင်နေတယ်ဆိုရင် ဒါဟာ ကိုယ့်အတွက်တော့ အပြစ်တွေ အားလုံးကို သိမ်းကျုံးပြီး ယူနေသလိုပဲ ဖြစ်နေတတ်ပါတယ်။ ကိုယ့်လောကကိုတောင် အပြစ်မဖြစ်အောင်၊ ကောင်းအောင် မပြင်နိုင်သေးဘဲနဲ့ သူများလောကအပေါ် အပြစ်တင်နေတာကတော့ အတော်မကောင်းတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ အမှန်ဆိုရင် ကိုယ့်လောကကို ကိုယ်ဆင်ခြင်၊ ကိုယ်ကောင်းအောင်ပြင်ပြီး ကိုယ့်ရဲ့ ရုပ်နာမ်အသွင်ကိုသာ တရားနဲ့မြင်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် လောကမှာ လူအတော်များများက လောကကို အရောင်ဆိုး၊ လောကကို အပြစ်တင်၊ လောကကို မဆင်ခြင်ဘဲ ကိုယ်ထင်ရာ ကိုယ်မြင်ပြီး ကိုယ်ပြောချင်ရာ ပြောနေကြပေမယ့် တကယ်ဆင်ခြင်ပြီး ပြင်ဆင်သင့်တာက ကိုယ့်ရဲ့ ကိုယ်ပိုင်လောကဖြစ်တဲ့ နာမ်ရုပ်နှစ်ခု ခန္ဓာစုကြီးသာ ဖြစ်တဲ့အတွက် သူများလောအကြောင်း မပြောဘဲ ကိုယ့်လောကကို ကိုယ်မြင်၊ ကိုယ်ကိုယ်တိုင်ပဲ ပြင်ဆင်ပြီး ကိုယ့်အသွင်အပြင်မှာ တရားသဘင်ဆင်ရင်း ကိုယ့်လောကမှာ တရားရှာနိုင်အောင်သာ ကြိုးစားကြရမှာ ဖြစ်ပါကြောင်း…။ 

Read more »

မခံစားပါနဲ့

စကားလုံးတွေနောက်ကိုလိုက်ပြီး မခံစားမိပါစေနဲ့။ စကားလုံးဆိုတာ သတ်မှတ်ချက်ပညတ် ဖြစ်တဲ့အတွက် ချစ်ရင်အကောင်းပြောမှာ ဖြစ်ပြီး မုန်းရင်တော့ အဆိုးပြောမှာပဲ ဖြစ်ပါတယ်။ အကောင်းပြောတိုင်း လိုက်သာယာလိုက်၊ အဆိုးပြောတိုင်း လိုက်ခံစားလိုက် ဖြစ်နေလို့ကတော့ ဒီခံစားချက်တွေနဲ့ပဲ ကိုယ့်မှာ တစ်ခုပြီးတစ်ခု ခံစားလို့ကို ဆုံးမှာမဟုတ်တော့ပါဘူး။ တကယ်တော့ ခံစားချက်ဆိုတာ စာလိုပြောတော့ ဝေဒနာပဲ ဖြစ်တဲ့အတွက် ခံစားချက်ပြင်းလေ ဝေဒနာပြင်းလေ ဖြစ်ပြီး ဝေဒနာပြင်းလေ ပူလောင်မှု ပြင်းလေပဲ ဖြစ်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် စကားလုံးတွေကို အကြောင်းပြုပြီး ပူလောင်မှုတွေ မဖြစ်စေဖို့ ခံစားချက်မှန်သမျှကို သိအောင်ကြိုးစားပြီး ဘယ်သူဘာပြောပြော ပြောသမျှစကားကို ကြားတဲ့အခိုက်အတန့်မှာပဲ ရပ်တန့်ကာ စကားလုံးတွေနောက်မှာ အစွဲမပါအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

Read more »

အတ္တရဲ့ သားကောင်များ

 ပုထုဇဉ် သတ္တဝါဆိုတာ တကယ်တော့ ငါဆိုတဲ့ အတ္တရဲ့ သားကောင်များပဲ ဖြစ်ပါတယ်။ အတ္တရဲ့ စေရာနောက် တကောက်ကောက် လိုက်နေရင်း အတ္တကနေ ရုန်းမထွက်နိုင်ကြပဲ ဖြစ်နေကြရပါတယ်။ အတ္တအစွဲများကြောင့် အမှားများကို လုပ်ပြီးရင်းလုပ်ရင်း ဖြစ်နေကြရပါတယ်။ အတ္တလေး ပျော်ရွှင်နေစေဖို့အတွက် လုပ်လိုက်ရတဲ့ အလုပ်တွေက မဟုတ်တာတွေကော ဟုတ်တာတွေကိုပါ ရှုပ်နေအောင် လုပ်နေကြရတော့တာ ဖြစ်ပါတယ်။ တစ်ချို့လည်း အတ္တလေး ပျော်ရွှင်ဖို့အတွက် အာရုံကောင်းတွေရအောင် ကြိုးစားကြသလို တစ်ချို့လည်း အတ္တကြောင့် ဒုက္ခရောက်ရတယ်ဆိုကာ အတ္တကို ပင်ပန်းအောင် လုပ်နေတတ်ကြပြန်ပါတယ်။ ငါဆိုတဲ့ အတ္တတွေ ရှိနေသမျှ အဲဒီအတ္တကို ဘယ်လိုပဲ ပျော်အောင်လုပ်လုပ်၊ အတ္တကို ဘယ်လောက်ပဲ ပင်ပန်းဆင်းရဲအောင် လုပ်လုပ် နောက်ဆုံးရရှိသွားတဲ့ ရလာဘ်က ဒုက္ခဆိုတဲ့ ဆင်းရဲခြင်းပဲ ဖြစ်နေကြပါတယ်။ ပိုဆိုးတာက အဲဒီအတ္တကို အလွန်အကျွံ ပျော်ရွှင်အောင် လုပ်မိရာက၊ အတ္တကို အတိုင်းထက်အလွန် ပင်ပန်းဆင်းရဲအောင် လုပ်မိရာက အစွန်းရောက်ကုန်တဲ့အထိ ဖြစ်သွားကြတာပဲ ဖြစ်ပါတယ်။ 

 ဘုရားရှင်ကတော့ အဲဒီလို အတ္တကို ပျော်အောင်လုပ်တဲ့ အစွန်းရောက်တဲ့ အကျင့်ကို ကာမသုခလ္လိကာနုယောဂ - (ကာမဂုဏ်အာရုံတွေမှာ အလွန်အကျွံ လိုက်စားတဲ့ အကျင့်) လို့ မိန့်တော်မူပြီး အတ္တကို ဆင်းရဲစေတဲ့ အစွန်းရောက် အကျင့်ကို အတ္တကိလမထာနုယောဂ (ကိုယ့်ကိုယ်ကို အလွန်အကျွံ ပင်ပန်းဆင်းရဲအောင် ကျင့်တဲ့ အကျင့်) လို့ မိန့်တော်မူပါတယ်။ နှစ်ခုလုံးဟာ အတ္တကို အခြေခံထားတဲ့ အကျင့်တွေ ဖြစ်တဲ့အတွက် မမှန်ကန်တဲ့ အစွန်းရောက် အကျင့်လို့ မိန့်တော်မူခြင်း ဖြစ်ပါတယ်။ ဘယ်လိုပဲ ကျင့်ကျင့် ဒီအကျင့်တွေဟာ ငါဆိုတဲ့ အတ္တကို အကြောင်းပြုပြီး အတ္တရဲ့စေရာနောက် တကောက်ကောက်လိုက်ကာ လုပ်နေကြရတဲ့ သဘောပဲ ဖြစ်ပါတယ်။ ငါဆိုတဲ့ အတ္တလေးကလည်း သတ္တဝါတွေကို အတော်ဒုက္ခပေးတတ်ပါတယ်။ ငါ့အတွက်၊ ငါ့မိသားစုအတွက်၊ ငါ့အသိုင်းအဝိုင်းအတွက် စသဖြင့် ငါကိုရှေ့တန်းတင်ပြီး အဲဒီငါတွေကြောင့်ပဲ အမှားများနဲ့ မတရားများကို တစ်ခုပြီးတစ်ခု လုပ်နေကြတော့တာ ဖြစ်ပါတယ်။ အတ္တစွဲတွေကြောင့်ပဲ မြင်ချင်တာတွေ၊ ကြားချင်တာတွေ၊ နံချင်တာတွေ၊ စားချင်တာတွေ၊ တွေ့ထိချင်တာတွေ နောက်ကို မဆုံးနိုင်အောင် လိုက်နေကြတော့တာ ဖြစ်ပါတယ်။ ငါဆိုတဲ့ အစွဲက ရှိနေကြတဲ့အတွက် ငါလုပ်တာမှ မှန်တယ်၊ ငါပြောတာမှ မှန်တယ်၊ ငါမှအဟုတ်၊ သူမဟုတ် စတဲ့ ခံယူချက်တွေနဲ့ ငါမှငါဆိုတာတွေက လွှမ်းမိုးနေကြတော့တာ ဖြစ်ပါတယ်။ တစ်ခါတလေ ငါလုပ်တာ မှားနေတာတောင်မှ ငါကခံနေတော့ အမှန်ကို ဝန်မခံနိုင်ဘဲ အမှားလမ်းပေါ်မှာ မထူးဇာတ် ခင်းဖြစ်ကြတာတွေကလည်း အများကြီးပဲ ဖြစ်ပါတယ်။ 

 ငါဆိုတဲ့ အတ္တဟာ သတ္တဝါတွေကို အမှားတွေမှာလည်း ပျော်နေစေတတ်သလို မတရားတာတွေမှာလည်း ဖျော်ဖြေနေတတ်စေပါတယ်။ အတ္တက သတ္တဝါတွေကို ကုသိုလ်လုပ်တာတောင်မှ ငါ့မို့လို့ လုပ်နိုင်တာ၊ င့ါလောက်ဘယ်သူမှ မလုပ်နိုင်ဘူး၊ သူထက်ငါက ပိုလုပ်နိုင်တယ်စတဲ့ မာနတွေကိုလည်း ဖြစ်စေတတ်သလို၊ ငါကောင်းတာလုပ်နေတာပဲ ဘယ်သူ့ကိုမှ ဂရုစိုက်စရာ မလိုဘူး၊ ငါလုပ်တဲ့ ကောင်းမှုဟာ နင်တို့လို သူတွေအတွက် မဖြစ်စေရဘူး စတဲ့ ကောင်းမှုကုသိုလ်ကို အကြောင်းပြုပြီး မကောင်းတဲ့ မာနလေးတွေကို ဝင်စေတတ်ပါတယ်။ ဒါဟာ အတ္တက ကောင်းတဲ့အလုပ်ကို အကြောင်းပြုပြီး ကိလေသာတွေ မလျော့ပါးဘဲ မာန၊ ဒေါသစတဲ့ ပူလောင်မှုတရားတွေအထိ ဖြစ်သွားစေတဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကောင်းမှုကုသိုလ် လုပ်တဲ့အခါမှာလည်း အတ္တကိုခွာပြီး သံသရာက ထွက်မြောက်ရာ ကုသိုလ်မျိုးဖြစ်ဖို့အတွက် အလှူပေးပုဂ္ဂိုလ်ဆိုတာ မမြဲ၊ အလှူပစ္စည်းဆိုတာလည်း မမြဲ၊ အလှူခံပုဂ္ဂိုလ်ဆိုတာလည်း မမြဲတဲ့ သဘောကို ဘာဝနာနဲ့ ဆင်ခြင်ကာ ပြုလုပ်သင့်ကြောင်း အဲလိုမှမဟုတ်ရင် ကုသိုလ်လုပ်နေတာတောင်မှ ငါဆိုတဲ့ အတ္တက ချယ်လှယ်သွားတတ်ကြောင်း ဆိုခြင်း ဖြစ်ပါတယ်။ 

 အမှန်တော့ ငါဆိုတဲ့ အတ္တဟာ သဘာဝအားဖြင့် ရှိလည်းမရှိသလို ရှိလည်းမရှိသင့်ပါဘူး။ ရှိနေရင်လည်း တဖြည်းဖြည်း နည်းပါးသွားအောင် လေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။ ဘယ်သူတွေက ငါပါလို့ဘယ်လိုပဲ ပြောပြော တကယ်တမ်းကျတော့ ငါဆိုတာ၊ ငါ့ပိုင်ဆိုတာ ဘာတစ်ခုမှ မရှိတဲ့အတွက် အားလုံးဟာ အတ္တမဟုတ်၊ အနတ္တဆိုတာ အထင်အရှားပဲ ဖြစ်ပါတယ်။ ငါလို့ထင်နေကြတဲ့ အဲဒီငါဟာလည်း အရင်းစစ်တော့ နာမ်ရုပ်အစုပဲ ဖြစ်ပါတယ်။ နာမ်အစုက တောင့်တတဲ့အတွက် ရုပ်အစုက လှုပ်ရှားနေခြင်း သက်သက်ပဲ ဖြစ်ပါတယ်။ အဲဒီရုပ်နာမ်အစု လှုပ်ရှားမှုဟာလည်း အမြဲမဟုတ်ဘဲ ဖြစ်ပြီးပျက်၊ ပေါ်ပြီးပျောက် တဒင်္ဂ ခဏလောက်ပဲ ဖြစ်ပါတယ်။ ဒီသဘောကို အမှန်မသိတဲ့ အခါကျတော့ သတ္တဝါတွေဟာ နာမ်ရုပ်အစုကို အတ္တထင်ပြီး ငါစားတယ်၊ ငါးသွားတယ်၊ ငါလုပ်တယ်၊ ငါကိုင်တယ် စတာတွေ ဖြစ်လာကာ ငါမရှိရင် မဖြစ်ဘူး၊ ငါမပါရင် မဖြစ်ဘူး စသဖြင့် တဒင်္ဂကို ထာဝရထင်ရင်း မာနတွေ ဝင်နေကြတာ ဖြစ်ပါတယ်။ အရင်းစစ်တော့ အားလုံးဟာ သူမဟုတ်၊ ငါမဟုတ် နာမ်နဲ့ရုပ်ပဲ ဖြစ်ပါတယ်။ ဒီသဘောကို သိမှ ငါဆိုတဲ့ အတ္တကို ခွာနိုင်ကြမှာ ဖြစ်ပါတယ်။ 

အတ္တရှိနေရင်၊ အတ္တကို အခြေခံထားရင် အတ္တကို ပျော်အောင်လုပ်နေတဲ့ ကာမဂုဏ်အာရုံတွေမှာ အလွန်အကျွံ လိုက်စားမိတတ်သလို အတ္တကို ပင်ပန်းအောင် လုပ်တဲ့ ကိုယ့်ကိုယ်ကို ညှင်းဆဲတတ်တဲ့ အကျင့်တွေမှာ အလွန်အကျွံ လိုက်စားမိကာ အစွန်းတစ်ဘက်ကို ရောက်သွားစေတတ်တာ ဖြစ်ပါတယ်။ ဒီလို အစွန်းမျိုးတွေ မဖြစ်ဖို့ ကြားဖြစ်တဲ့ အလယ်အလတ် လမ်းစဉ်ဖြစ်တဲ့ မဇ္ဈိမပဋိပဒါ အကျင့်ကို လိုက်နာကျင့်သုံးဖို့ ဘုရားရှင် ဟောတော်မူတာ ဖြစ်ပါတယ်။ အလယ်အလတ်လမ်းစဉ်ဆိုတာ သွားနေတဲ့ လမ်းတွေထဲက အလယ်တည့်တည့် လမ်းမျိုးမဟုတ်ဘဲ အကြောင်းအကျိုး ဆက်စပ်တဲ့ လမ်းစဉ်မျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ အကြောင်းကြောင့် အကျိုးဖြစ်ခြင်း၊ အကြောင်းချုပ်ခြင်းကြောင့် အကျိုးချုပ်ခြင်း သဘောမျိုးကို လိုက်နာကျင့်သုံးတဲ့ အကျင့်ကို အလယ်အလတ်လမ်းစဉ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ စာလိုပြောတော့ မဂ္ဂင်ရှစ်ပါး လမ်းစဉ်လို့ ပြောကြတာ ဖြစ်ပါတယ်။ 

 မဂ္ဂင်အကျင့်ဟာ အယူအစ မှန်ကန်ရေးကို အခြေခံကာ အတွေးမှန်ရေး၊ အပြောမှန်ရေး၊ အလုပ်မှန်ရေး၊ အသက်မွေးမှုမှန်ရေး၊ အားထုတ်မှု မှန်ရေး၊ သတိမှန်ရေး၊ တည်ကြည်မှု မှန်ရေးကို ဖြစ်ပွားစေတဲ့ လမ်းစဉ်ဖြစ်တဲ့အတွက် ဒီအကျင့်တွေကို လိုက်နာကျင့်ကြံနေသူအတွက် ငါဆိုတဲ့ အတ္တစွဲတွေ လျော့နည်းလာစေပြီး အတ္တရဲ့ ချယ်လှယ်မှုကနေ တဖြည်းဖြည်း ခွာထွက်လာစေမှာ ဖြစ်ပါတယ်။ အမြင်အတွေး စတာတွေ မှန်နေရင် အလုပ်အကိုင်အကြံစည် စတာတွေလည်း မှန်နေမှာ ဖြစ်တဲ့အတွက် အမှန်မြင်တဲ့သူတွေ ဖြစ်နေကာ အမှန်မြင်နေရင် တကယ်မရှိတဲ့ ငါအပေါ်မှာလည်း အရှိအတိုင်းသိပြီး ငါဆိုတဲ့ အတ္တရဲ့ သားကောင်အဖြစ်ကနေ ရုန်းထွက်လာနိုင်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြတ်စွာဘုရားရှင်က အမြင်မှန်ခြင်း သမ္မာဒိဋ္ဌိဟာ သိပ်အရေးကြီးတဲ့အတွက် ပညာနေရာမှာထားပြီး မဂ္ဂင်တရားမှာ အဦးဆုံးအနေနဲ့ ဟောကြားပေးထားတာ ဖြစ်ပါတယ်။ အမြင်မှန်ကန်မှုရဲ့နောက်မှာ တွေးကြံပြောဆိုလှုပ်ရှားတာတွေဟာ ဆက်တိုက်ဖြစ်ပေါ်စေတတ်တဲ့အတွက် အမြင်မှန်ကန်ရေးဟာ အတ္တခွာရေးအတွက် အဓိကအချက်ဆိုတာ အထင်အရှားပဲ ဖြစ်ပါတယ်။ 

 ဆိုလိုတာက သတ္တဝါတွေဟာ မသိမှု အဝိဇ္ဇာနဲ့ တွယ်တာမှု တဏှာတွေကြောင့် ငါဆိုတဲ့ အတ္တရဲ့ ချယ်လှယ်မှုအောက်က ရုန်းမထွက်နိုင်ကြပဲ အတ္တရဲ့ သားကောင်းများအဖြစ် အမှားတွေကို ဆက်တိုက်လုပ်နေကြရကြောင်း၊ အတ္တကြောင့်ပဲ ကာမဂုဏ်အာရုံတွေ အပေါ်မှာ တပ်မက်တွယ်တာရင်း အတ္တလေးပျော်အောင် လုပ်နေတတ်ကြသလို၊ ဒီအတ္တကြောင့်ပဲ ဒုက္ခရောက်တာလို့ဆိုကာ အတ္တကို ပင်ပန်းစေတဲ့ အကျင့်လွဲတွေ ကျင့်နေမိခြင်းဖြစ်ကြောင်း၊ တကယ်တမ်း အတ္တကို ခွာစေဖို့ဆိုတာ အကြောင်းအကျိုးကို ဖြတ်နိုင်မှ ကွာစေမှာဖြစ်တဲ့အတွက် အဲဒီအကျင့်နှစ်ခုကို ရှောင်ပြီး အလယ်အလတ် လမ်းစဉ်အကျင့်ကို ကျင့်သုံးကြရမှာ ဖြစ်ကြောင်း၊ မဂ္ဂင်အကျင့်ကို မှန်ကန်အောင် ကျင့်သုံးနိုင်ရင် အတ္တကို အမှန်မြင်ပြီး အတ္တရဲ့ ချယ်လှယ်မှုအောက်က ရုန်းထွက်နိုင်ကြမှာ ဖြစ်ကြောင်း စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။ 

 ဒါကြောင့် ငါဆိုတဲ့ အတ္တအစွဲများကြောင့် အမှားတွေနောက် တကောက်ကောက်လိုက်ကာ အတ္တရဲ့ ချယ်လှယ်မှု အတ္တသားကောင်းများ အဖြစ်မှ ရုန်းမထွက်နိုင် ဖြစ်နေကြတဲ့ ပုထုဇဉ်တွေ အနေနဲ့ ငါဆိုတဲ့ အတ္တဟာ တကယ်မရှိ ရုပ်နာမ်အစုသာ ရှိတယ်ဆိုတဲ့ အသိနဲ့ အရာရာ ငါငါဖြစ်နေကြတဲ့ ကိုယ်ကိုယ့်ကို မှန်ကန်တဲ့ အမြင်နဲ့ မြင်သိနိုင်အောင် ကြိုးစားပြီး အားလုံးဟာ ငါမဟုတ်၊ ငါ့ဥစ္စာမဟုတ်တဲ့ အနတ္တဆိုတဲ့ သဘောကို သတိပြုဆင်ခြင်ကာ ကိုယ်ကိုယ်ကို ငါစွဲတွေဝင်တိုင်း ငါကိုယ်တိုင်လည်း ငါမဟုတ်ဘူးဆိုတဲ့အသိနဲ့ အတ္တရဲ့ သားကောင်များအဖြစ်မှ ရုန်းထွက်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း အသိပေးတင်ပြရင်း အသိနောက်ကို အကျင့်လိုက်နိုင်အောင် ကြိုးစားဖို့လည်း တိုက်တွန်းစကား ပါးလိုက်ရပါတယ်။

Read more »

ဒုက္ခကို ရင်ဆိုင်ကြည့်ခြင်း


ဒုက္ခဆိုတာကတော့ မွေးလာတာ၊ အိုရတာ၊ နာရတာ၊ သေရတာတွေကိုက ရှောင်လွဲလို့မရတဲ့ ဆင်းရဲတွေ ဖြစ်နေတဲ့အတွက် ကျန်တဲ့ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒုက္ခတွေဆိုတာ ဒီသဘာဝ ဒုက္ခတွေနဲ့စာရင် အသေးအဖွဲလေးတွေလို့ပဲ ပြောရမှာဖြစ်ပါတယ်။ ဒုက္ခအစုဖြစ်တဲ့ ရုပ်နာမ်နှစ်ခု ပိုင်ဆိုင်ထားသမျှ ချမ်းသာပါတယ်လို့ ပြောနေတဲ့သူတွေ၊ ပြည့်စုံပါတယ်လို့ ပြောနေသူတွေလည်းပဲ ဒုက္ခတရားတွေက ပြည့်နေကြတာပဲ ဖြစ်ပါတယ်။

ကိုယ်ဆင်းရဲခြင်း ကာယိကဒုက္ခနဲ့ စိတ်ဆင်းရဲခြင်း စေတသိကဒုက္ခဆိုတာ ရုပ်နာမ်နှစ်ခုကို အမှီပြုပြီး ဖြစ်ပေါ်တတ်တာ ဖြစ်တဲ့အတွက် နာမ်ရုပ်နှစ်ခုနဲ့ တည်ဆောက်ထားတဲ့ သတ္တဝါမှန်သမျှ မလွဲမသွေ ကြုံတွေ့ကြရမှာပဲ ဖြစ်ပါတယ်။ အဲဒီလို တွေ့ကြုံလာတဲ့အခါမှာ ဒီဒုက္ခကို ဒုက္ခလို့ အမှန်အတိုင်း သိမြင်လက်ခံနိုင်တဲ့သူက သက်သောင့်သက်သာ ဖြစ်သွားမှာပဲ ဖြစ်ပါတယ်။ ဘုရားရဟန္တာ အရှင်မြတ်ကြီးတွေတောင်မှ ခန္ဓာဝန် ဒုက္ခဆိုတာ ရှိနေသေးတော့ သာမန်သူတွေအနေနဲ့ ရုပ်ကိုအမှီပြုပြီး ဒုက္ခဖြစ်တယ်ဆိုတာ ထူးဆန်းတာတော့ မဟုတ်ပါဘူး။ အဲထူးဆန်းသွားတာကတော့ ဒီခန္ဓာအစုကို အမှီပြုပြီး ဒုက္ခကို ရင်ဆိုင်နိုင်ခြင်းပဲ ဖြစ်ပါတယ်။

ဒီလို ရင်ဆိုင်လက်ခံနိုင်ဖို့ဆိုရင်  ဖြစ်ပေါ်လာတဲ့ အမည်သတ်မှတ်ချက် ဒုက္ခအပေါ်မှာလိုက်ပြီး အဲဒီဒုက္ခကို အမှန်အတိုင်း လက်ခံနိုင်အောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။ လက်ခံဖို့ဆိုတာ လိုက်ခံစားဖို့မဟုတ်ပါဘူး။ ဒုက္ခကို ဒုက္ခလို့ သိထားဖို့ပဲ ဖြစ်ပါတယ်။ သိရုံနဲ့ ဒီဒုက္ခက လွန်မြောက်မှာလားဆိုတော့ သိရုံနဲ့တော့ မရဘူးပေါ့။ အကြောင်းကိုရှာပြီး ပယ်ကြည့်မှပဲ ရမှာဖြစ်ပါတယ်။ ဒုက္ခဘာကြောင့် ဖြစ်တယ်ဆိုတဲ့ အကြောင်းကို သိပြီးပယ်ရင် အဲဒီဖြစ်ပေါ်လာမယ့် အကျိုးဒုက္ခဆိုတာလည်း ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။

အဓိကကတော့ ဆင်းရဲဒုက္ခမှန်သမျှ အကြွင်းမဲ့ မပယ်နိုင်သေးခင်မှာ လက်ရှိအနေထားအရ ဒုက္ခကို ဒုက္ခလို့ အမှန်အတိုင်းသိပြီး လက်ခံနိုင်ဖို့ပဲ ဖြစ်ပါတယ်။ လက်ခံနိုင်တယ်ဆိုတာ ပင်ပန်းဆင်းရဲစွာ လိုက်ခံစားပြီး လက်ခံမှုမျိုး မဟုတ်ဘဲ ဒါဟာ ဒုက္ခရဲ့ သဘောပဲလို့ ကိုယ့်ဒုက္ခကို မြင်အောင်ကြည့်ပြီး အသိနဲ့ ခွါနိုင်အောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။ ဒုက္ခကို ခံစားဖို့မဟုတ်ဘဲ ဒုက္ခကို သိပြီးအပြစ်မဖြစ်အောင် အလိုက်သင့် နေတတ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီနည်းကတော့ ပစ္စုပ္ဗန်ကာလမှာ အခိုက်အတန့်အားဖြင့် ဒုက္ခကို ရင်ဆိုင်လက်ခံ ခွာကြည့်တဲ့ သဘောပဲ ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်ကလည်း ဒုက္ခဆိုတာ ပယ်ရမယ့်တရားမဟုတ်ဘဲ အမှန်အတိုင်း သိရမယ့်တရားလို့ မိန့်တော်မူပါတယ်။ တကယ်ပယ်ရမှာက အဲဒီ ဒုက္ခကိုဖြစ်ပေါ်စေတဲ့ တဏှာသမုဒယပဲ ဖြစ်ပါတယ်။ အဲဒီဟာကို ပယ်နိုင်ရင်တော့ ဒုက္ခတရားက အမှန်ငြိမ်းမှာပဲ ဖြစ်ပါတယ်။ လက်တွေ့ပိုင်းမှာ အဲဒီအကြောင်းတရားကို မပယ်နိုင်သေးဘူးဆိုရင်တော့ အကျိုးတရားဖြစ်တဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ဒုက္ခအပေါ်မှာ အမှန်အတိုင်း သိရှိလက်ခံနိုင်အောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။ ငါ့ကျမှလာပြီး ဒီလိုဒုက္ခမျိုး ဖြစ်ရတယ်ဆိုပြီး ဒုက္ခအပေါ် နာကျင်မှုနဲ့ လိုက်မခံစားဘဲ အဲဒီဖြစ်ပေါ်နေတဲ့ ဒုက္ခကို သိရှိလက်ခံကာ ဒုက္ခကို ဒုက္ခလို့ပဲ မြင်ကြည့်နိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒုက္ခရဲ့ သဘောအမှန်ကို သိရှိသွားတယ်ဆိုရင် ဒီဒုက္ခအပေါ်လည်း ခံနိုင်ရည် ရှိလာတာပဲ ဖြစ်ပါတယ်။ ခံနိုင်တာဟာ လိုက်ပြီးခံစားတာ မဟုတ်ဘဲ အစစ်အမှန် သဘောသဘာဝကို သိထားတဲ့အတွက် မတုန်မလှုပ် ရင်ဆိုင်လာနိုင်ခြင်း သဘောမျိုးပဲ ဖြစ်ပါတယ်။

ဒုက္ခကို မတုန်မလှုပ် ရင်ဆိုင်နိုင်စေတဲ့ နည်းတွေထဲမှာ မြတ်ဗုဒ္ဓရဲ့ ဝေဒနာကို ဆင်ခြင်တဲ့နည်းက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ဝေဒနာဆိုတာ ခံစားခြင်းကို ပြောတာဖြစ်တဲ့အတွက် ကိုယ့်သန္တာန်မှာ ဘယ်လိုခံစားမှုပဲ ဖြစ်ဖြစ်၊ ကောင်းတာဆိုလည်း ကောင်းတဲ့သဘောကို သိနိုင်အောင်ကြိုးစား၊ မကောင်းတာဆိုလည်း မကောင်းတဲ့ သဘောကို သိအောင်ကြိုးစားပြီး အရှိအတိုင်းလေး ဆင်ခြင်နေဖို့ပဲ ဖြစ်ပါတယ်။ ခံစားချက်ဆိုတဲ့ သဘောက သိရင် အစွဲမရှိဘဲ မသိရင်သာ စွဲနေတတ်တာဖြစ်ပါတယ်။ ကိုယ့်မှာ ဘယ်လို ခံစားချက် ဖြစ်နေတယ်ဆိုတာ မသိလို့ရှိရင် ကောင်းရင်လည်း ကောင်းတဲ့အပေါ်မှာ သာယာတဲ့ လောဘတဏှာလေးနဲ့ လိုက်ခံစားနေတတ်သလို မကောင်းရင်လည်း မကောင်းတဲ့အပေါ်မှာ ဒေါသအဃာတလေးနဲ့ လိုက်ပြီးခံစားနေတော့တာ ဖြစ်ပါတယ်။ တစ်ခါတလေ ဘာခံစားနေမှန်းကို မသိတဲ့ မောဟလေးတွေနဲ့လည်း လိုက်ခံစားနေတတ်ပြန်ပါတယ်။ အဲဒီ မသိမှုနဲ့ လိုက်ခံစားနေသမျှတော့ အဲဒီ ခံစားမှုရဲ့နောက်မှာ ဒုက္ခက သေချာပေါက် ရောက်နေတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို ဒုက္ခတွေ မရောက်ရအောင် ဒုက္ခကို ရင်ဆိုင်တဲ့အခါမှာ အရှိအတိုင်းသိပြီး အမှန်အတိုင်း ဆင်ခြင်နိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။

တစ်လောက ဒကာမတစ်ယောက်နဲ့ တွေ့တော့သူက တပည့်တော် သိပ်ခံစားပြီး ဒုက္ခဖြစ်နေတယ်ဘုရားလို့ လျှောက်ပါတယ်။ ဒါနဲ့သူ့စကားနဲ့ သူကိုပြန်ပြောရပါတယ်။ ဒကာမပြောသလိုပဲ ဒုက္ခဖြစ်နေတာ ဒကာမကိုယ်တိုင်က ခံစားနေလို့ ဖြစ်တာပါလို့ ပြောပြပေးဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ခံစားနေတာဆိုတော့ ခံစားမှုရဲ့နောက်မှာ ဘယ်လိုခံစားမှုပဲဖြစ်ဖြစ် ရောက်လာမှာက ဒုက္ခဆိုတဲ့ ဆင်းရဲခြင်းပဲ ဖြစ်ပါတယ်။ ကောင်းတာလေးတွေဆိုပြီး လိုက်ခံစားကြည့် အဲဒီရဲ့နောက်မှာ ကောင်းတဲ့ခံစားချက်ကြောင့် ဖြစ်ရတဲ့ ဒုက္ခဆိုတာ ရှိကိုရှိနေတာ ဖြစ်ပါတယ်။ ကောင်းတာဆိုပြီး များများခံစားရင်လည်း အဲဒီ ခံစားတာနဲ့အမျှ ဒုက္ခတွေက ကပ်ပါနေတတ်တာ ဖြစ်ပါတယ်။ မကောင်းတာကတော့ အထူးပြောစရာတောင် လိုမယ်မထင်ပါဘူး။ အရင်းစစ်တော့ ခံစားနေလို့သာ ဒုက္ခဖြစ်နေကြတယ်ဆိုတာ တွေ့ကြရမှာ ဖြစ်ပါတယ်။

ဆိုလိုတာက သတ္တဝါတိုင်း မလိုချင်တဲ့ ဒုက္ခဟာ တဏှာချုပ်ပြီး ဘဝဇာတ်သိမ်းမှပဲ ငြိမ်းမှာဖြစ်ပေမယ့် အဲဒီအချိန်ကို မရောက်ခင် အခိုက်အတန့်မှာ ဒုက္ခလေးတွေ သက်သောင့်သက်သာ ဖြစ်ဖို့အတွက် ဒုက္ခကို လိုက်မခံစားဖို့ ဒုက္ခကို လက်ခံနိုင်အောင် ကြိုးစားရမှာဖြစ်ကြောင်း၊ အစွဲတရားနဲ့ လက်ခံဖို့မဟုတ်ဘဲ အမှန်အတိုင်း သိနိုင်အောင် ကြိုးစားဖို့ ဖြစ်ကြောင်း၊ ဒုက္ခဆိုတာ လိုက်ပြီးခံစားနေလို့ ဖြစ်ပေါ်လာတာ ဖြစ်တဲ့အတွက် ဘယ်လိုခံစားမှုမျိုးပဲ ဖြစ်ဖြစ် လိုက်ပြီး မခံစားဖို့ လေ့ကျင့်ကြရမှာ ဖြစ်ကြောင်း၊ ခံစားချက်ဆိုတာ မသိရင် စွဲလန်းတတ်တဲ့အတွက် ဘာလိုခံစားမှုမျိုးပဲ ဖြစ်ပေါ်ဖြစ်ပေါ် အမှန်အတိုင်း အရှိအတိုင်း သိနိုင်အောင် ကြိုးစားရမှာ ဖြစ်ကြောင်း၊ အဲဒီလို ကိုယ်စိတ်အပေါ်မှာ ဖြစ်သမျှကို သိနေမယ်ဆိုရင် အစွဲလျော့လာပြီး အစွဲနည်းရင်း ဒုက္ခလည်း နည်းလာမှာဖြစ်ကြောင်း၊ ဒါဟာ လက်တွေ့ဘဝမှာ ဒုက္ခ ရင်ဆိုင်နည်းတစ်မျိုးပဲ ဖြစ်ကြောင်း စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ဘဝမှာ ခန္ဓာကိုယ်ကို အကြောင်းပြုပြီးပဲ ဖြစ်ဖြစ်၊ စိတ်ကိုအကြောင်းပြုပြီးပဲ ဖြစ်ဖြစ် ဒုက္ခတွေ ဖြစ်ပေါ်နေကြတဲ့ သူတွေအနေနဲ့ ကိုယ့်ကိုယ်ကို ဆင်ခြင်ကြည့်ရမှာက ဒီလို နာမ်ရုပ်အစုကို အပိုင်ပြုပြီး မွေးဖွားလာတာကိုက ဒုက္ခကြီးကို ပိုက်ပြီးမွေးထားတာ ဖြစ်တဲ့အတွက် ရုပ်နာမ်ရှိလို့ ဒုက္ခရှိတဲ့အပေါ်မှာ အမှန်အတိုင်း သတိပြုဆင်ခြင်ပြီး နဂိုရှိတဲ့ ဒုက္ခအစုကို ပိုပြီး မကြီးသွားအောင်၊ ရှိနေတဲ့ ဒုက္ခအစုကို သက်သောင့်သက်သာ ဖြစ်သွားအောင် ကိုယ့်ကိုယ်ကို သတိပြုဆင်ခြင်ကာ ဒုက္ခကို အမှန်အတိုင်း လက်ခံတတ်တဲ့ အကျင့်လေးနဲ့သာ အစွဲမပါတဲ့ အသိနဲ့ နေနိုင်အောင် ကြိုးစားလေ့ကျင့်ကြရမှာဖြစ်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။  

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ