ကိလေသာရဲ့ သဘော


မမြင်အပ်ရာ ကိလေသာ သူ့ဟာ သူငြိမ်းသည် (မဟာစည် ဆရာတော်ဘုရားကြီး)
------------------------------------------------------------------------------------------
ကိလေသာရဲ့ သဘောက တစ်ခါတလေ မမြင်ရင်ဘာမှ မဖြစ်တတ်ပေမယ့် မြင်ရင်ဖြစ်ပေါ်လာတဲ့ သဘောရှိပါတယ်။ ဒီလိုပဲ မကြားရင်၊ မနံရင်၊ အရသာမခံရင်၊ မထိတွေ့ရင် ဘာမှ မဖြစ်တတ်ပေမယ့် ထိတွေ့ခံစားရရင် ဖြစ်ပေါ်လာတော့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါတလေလည်း စိတ်အစွဲနဲ့ ကိလေသာတရားက ထကြွသောင်းကြမ်း တတ်တာလည်း ရှိတတ်ပြန်ပါတယ်။ အဲဒီလို အခါမျိုးမှာ သတိတရားက အမြဲထပ်ကြပ်မကွာ ရှိနေမှကို သက်သာတတ်တာ ဖြစ်ပါတယ်။ 

ကြားဖူးတဲ့ အကြောင်းအရာလေး တစ်ခုရှိပါတယ်။ ဆရာတော်ကြီး နှစ်ပါးအကြောင်းပါ။ အဲဒီဆရာတော်ကြီး နှစ်ပါးက ငယ်ငယ်ကတည်းက စာသင်ဖတ် သူငယ်ချင်းတွေ ဖြစ်တော်မူတယ်လို့ ဆိုပါတယ်။ အသက်အရွယ် ကြီးတော်မူလာတဲ့ အခါတော့ တစ်နေရာစီမှာ ကိုယ်စီသာသနာ ပြုတော်မူကြပါတယ်။ ဆရာတော်ကြီးနှစ်ပါးမှာ တစ်ပါးက အကြောင်း တစ်ခုခုကြောင့် မျက်စိကွယ်သွားခဲ့ပါတယ်။ တစ်နေ့ သူငယ်ချင်း ဆရာတော်ကြီးနှစ်ပါး ပြန်ဆုံတော်မူတဲ့အခါ မျက်စိမမြင်တဲ့ ဆရာတော်ကြီးကို သူငယ်ချင်း ဆရာတော်ကြီးက “အင်း… ကိုယ်တော်တို့များ မျက်စိမမြင်တော့ ပြောင်းလဲတိုးတက်နေတဲ့ ခေတ်ကြီးမှာ မမြင်သင့်တာတွေ မမြင်ရတဲ့အတွက် ကိလေသာ အဖြစ်သက်သာ တာပေါ့ဘုရား၊ ဒါလည်း အဆိုးထဲက အကောင်းလို့ပဲ ပြောရမှာပဲ ဘုရား၊ မမြင်အပ်ရာ ကိလေသာ သူ့ဟာ သူငြိမ်းလို့ ဆိုထားတယ်မဟုတ်လား ဘုရား” ဆိုပြီး အားပေးစကား ပြောတော်မူပါတယ်။ ဒီအခါ မျက်စိမမြင်တဲ့ ဆရာတော်က သူငယ်ချင်းဆရာတော်ကို “ဒါက အရှင်ဘုရား အထင်ကိုးဘုရား…၊ တပည့်တော်မှာက မျက်စိမမြင်တော့ ဘာသံပဲကြားကြား ကိလေသာဖြစ်စရာ အသံတွေပဲ ထင်နေတော့တာ၊ အကြီးအငယ်အလတ် မခွဲခြားဖြစ်တော့ အသံမှန်သမျှ အဲဒီကိလေသာဘက်ကိုပဲ ပါပါသွားတော့တာဘုရား” ဆိုပြီး ပြန်ပြောဖြစ်တယ်လို့ ဆိုပါတယ်။

ဒါက ဆရာတော်နှစ်ပါးရဲ့ မှတ်သားစရာ စကားအထာလေးတွေပဲ ဖြစ်ပါတယ်။ ဆရာတော်ကြီးနှစ်ပါးရဲ့ စကားအထာလေးတွေကို ကြည့်ရင် ရှုထောင့်နှစ်ခုလုံးက မှန်နေတာပါပဲ။ အရင်းစစ်တော့ ကိလေသာဆိုတာ လက်ခံတဲ့ စိတ်အစဉ်ကိုလိုက်ပြီး ဖြစ်ပေါ်တတ်တဲ့ သဘောပဲ ဖြစ်ပါတယ်။ မြင်ပေမယ့် လက်မခံရင် ကိလေသာ ဖြစ်ဖို့ခဲရင်းသလို မမြင်ရပေမယ့် ကိလေသာဖြစ်စရာ အတွေးတွေနဲ့ နေနေရင် ကိလေသာတွေက ဖြစ်နေတတ်တာ ဖြစ်ပါတယ်။ ဒီနေရာမှာ သတိရှိခြင်း၊ မရှိခြင်းက ကိလေသာ ဖြစ်ခြင်းမဖြစ်ခြင်းကို တိုက်ရိုက်ထောက်ပံ့နေတော့တာပဲ ဖြစ်ပါတယ်။ သတိရှိနေရင် ကိလေသာ ကြားမခိုနိုင်ပဲ သတိမရှိဘဲ မေ့လျော့နေမယ်ဆိုရင်တော့ ကိလေသာမှန်သမျှ ပုံစံအမျိုးမျိုးနဲ့ ဝင်နေတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်က မမေ့မလျော့တဲ့ သတိနဲ့ ပြည့်စုံအောင်နေကြလို့ မိန့်တော်မူတာ ဖြစ်ပါတယ်။ 

2 မှတ်ချက်များ (...ရေးရန်):

  • Unknown says:
    Sunday, August 12, 2012

    ကျေးဇူးတင်စွာနဲ့ဖတ်မှတ်သားရပါတယ်ဘုရား ဘုန်းဘုန်းကျန်းမာချမ်းသာစွာနဲ့သာသနာအကျိုးဆောင်ရွက်နိုင်ပါစေ

  • Unknown says:
    Sunday, August 12, 2012

    သာဓု သာဓု သာဓု ပါဘုရား ဘုန်းဘုန်းကျန်မာချမ်းသာစွာနဲ့သာသနာအကျိုးဆောင်ရွက်နိုင်ပါစေ


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ