ဒုက္ခဆိုတာကတော့ မွေးလာတာ၊ အိုရတာ၊ နာရတာ၊ သေရတာတွေကိုက ရှောင်လွဲလို့မရတဲ့ ဆင်းရဲတွေ ဖြစ်နေတဲ့အတွက် ကျန်တဲ့ရုပ်ပိုင်းဆိုင်ရာ၊
စိတ်ပိုင်းဆိုင်ရာ ဒုက္ခတွေဆိုတာ ဒီသဘာဝ ဒုက္ခတွေနဲ့စာရင် အသေးအဖွဲလေးတွေလို့ပဲ
ပြောရမှာဖြစ်ပါတယ်။ ဒုက္ခအစုဖြစ်တဲ့ ရုပ်နာမ်နှစ်ခု ပိုင်ဆိုင်ထားသမျှ ချမ်းသာပါတယ်လို့
ပြောနေတဲ့သူတွေ၊ ပြည့်စုံပါတယ်လို့ ပြောနေသူတွေလည်းပဲ ဒုက္ခတရားတွေက ပြည့်နေကြတာပဲ
ဖြစ်ပါတယ်။
ကိုယ်ဆင်းရဲခြင်း
ကာယိကဒုက္ခနဲ့ စိတ်ဆင်းရဲခြင်း စေတသိကဒုက္ခဆိုတာ ရုပ်နာမ်နှစ်ခုကို အမှီပြုပြီး
ဖြစ်ပေါ်တတ်တာ ဖြစ်တဲ့အတွက် နာမ်ရုပ်နှစ်ခုနဲ့ တည်ဆောက်ထားတဲ့ သတ္တဝါမှန်သမျှ မလွဲမသွေ
ကြုံတွေ့ကြရမှာပဲ ဖြစ်ပါတယ်။ အဲဒီလို တွေ့ကြုံလာတဲ့အခါမှာ ဒီဒုက္ခကို ဒုက္ခလို့
အမှန်အတိုင်း သိမြင်လက်ခံနိုင်တဲ့သူက သက်သောင့်သက်သာ ဖြစ်သွားမှာပဲ ဖြစ်ပါတယ်။ ဘုရားရဟန္တာ
အရှင်မြတ်ကြီးတွေတောင်မှ ခန္ဓာဝန် ဒုက္ခဆိုတာ ရှိနေသေးတော့ သာမန်သူတွေအနေနဲ့ ရုပ်ကိုအမှီပြုပြီး
ဒုက္ခဖြစ်တယ်ဆိုတာ ထူးဆန်းတာတော့ မဟုတ်ပါဘူး။ အဲထူးဆန်းသွားတာကတော့ ဒီခန္ဓာအစုကို
အမှီပြုပြီး ဒုက္ခကို ရင်ဆိုင်နိုင်ခြင်းပဲ ဖြစ်ပါတယ်။
ဒီလို
ရင်ဆိုင်လက်ခံနိုင်ဖို့ဆိုရင် ဖြစ်ပေါ်လာတဲ့
အမည်သတ်မှတ်ချက် ဒုက္ခအပေါ်မှာလိုက်ပြီး အဲဒီဒုက္ခကို အမှန်အတိုင်း လက်ခံနိုင်အောင်
ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။ လက်ခံဖို့ဆိုတာ လိုက်ခံစားဖို့မဟုတ်ပါဘူး။ ဒုက္ခကို
ဒုက္ခလို့ သိထားဖို့ပဲ ဖြစ်ပါတယ်။ သိရုံနဲ့ ဒီဒုက္ခက လွန်မြောက်မှာလားဆိုတော့ သိရုံနဲ့တော့
မရဘူးပေါ့။ အကြောင်းကိုရှာပြီး ပယ်ကြည့်မှပဲ ရမှာဖြစ်ပါတယ်။ ဒုက္ခဘာကြောင့် ဖြစ်တယ်ဆိုတဲ့
အကြောင်းကို သိပြီးပယ်ရင် အဲဒီဖြစ်ပေါ်လာမယ့် အကျိုးဒုက္ခဆိုတာလည်း ပျောက်ကွယ်သွားမှာ
ဖြစ်ပါတယ်။
အဓိကကတော့
ဆင်းရဲဒုက္ခမှန်သမျှ အကြွင်းမဲ့ မပယ်နိုင်သေးခင်မှာ လက်ရှိအနေထားအရ ဒုက္ခကို ဒုက္ခလို့
အမှန်အတိုင်းသိပြီး လက်ခံနိုင်ဖို့ပဲ ဖြစ်ပါတယ်။ လက်ခံနိုင်တယ်ဆိုတာ ပင်ပန်းဆင်းရဲစွာ
လိုက်ခံစားပြီး လက်ခံမှုမျိုး မဟုတ်ဘဲ ဒါဟာ ဒုက္ခရဲ့ သဘောပဲလို့ ကိုယ့်ဒုက္ခကို
မြင်အောင်ကြည့်ပြီး အသိနဲ့ ခွါနိုင်အောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။ ဒုက္ခကို ခံစားဖို့မဟုတ်ဘဲ
ဒုက္ခကို သိပြီးအပြစ်မဖြစ်အောင် အလိုက်သင့် နေတတ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီနည်းကတော့ ပစ္စုပ္ဗန်ကာလမှာ
အခိုက်အတန့်အားဖြင့် ဒုက္ခကို ရင်ဆိုင်လက်ခံ ခွာကြည့်တဲ့ သဘောပဲ ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်ကလည်း ဒုက္ခဆိုတာ ပယ်ရမယ့်တရားမဟုတ်ဘဲ
အမှန်အတိုင်း သိရမယ့်တရားလို့ မိန့်တော်မူပါတယ်။ တကယ်ပယ်ရမှာက အဲဒီ ဒုက္ခကိုဖြစ်ပေါ်စေတဲ့
တဏှာသမုဒယပဲ ဖြစ်ပါတယ်။ အဲဒီဟာကို ပယ်နိုင်ရင်တော့ ဒုက္ခတရားက အမှန်ငြိမ်းမှာပဲ
ဖြစ်ပါတယ်။ လက်တွေ့ပိုင်းမှာ အဲဒီအကြောင်းတရားကို မပယ်နိုင်သေးဘူးဆိုရင်တော့ အကျိုးတရားဖြစ်တဲ့
လက်ရှိဖြစ်ပေါ်နေတဲ့ ဒုက္ခအပေါ်မှာ အမှန်အတိုင်း သိရှိလက်ခံနိုင်အောင် ကြိုးစားဖို့ပဲ
ဖြစ်ပါတယ်။ ငါ့ကျမှလာပြီး ဒီလိုဒုက္ခမျိုး ဖြစ်ရတယ်ဆိုပြီး ဒုက္ခအပေါ် နာကျင်မှုနဲ့
လိုက်မခံစားဘဲ အဲဒီဖြစ်ပေါ်နေတဲ့ ဒုက္ခကို သိရှိလက်ခံကာ ဒုက္ခကို ဒုက္ခလို့ပဲ မြင်ကြည့်နိုင်အောင်
ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒုက္ခရဲ့ သဘောအမှန်ကို သိရှိသွားတယ်ဆိုရင် ဒီဒုက္ခအပေါ်လည်း
ခံနိုင်ရည် ရှိလာတာပဲ ဖြစ်ပါတယ်။ ခံနိုင်တာဟာ လိုက်ပြီးခံစားတာ မဟုတ်ဘဲ အစစ်အမှန်
သဘောသဘာဝကို သိထားတဲ့အတွက် မတုန်မလှုပ် ရင်ဆိုင်လာနိုင်ခြင်း သဘောမျိုးပဲ ဖြစ်ပါတယ်။
ဒုက္ခကို မတုန်မလှုပ် ရင်ဆိုင်နိုင်စေတဲ့ နည်းတွေထဲမှာ
မြတ်ဗုဒ္ဓရဲ့ ဝေဒနာကို ဆင်ခြင်တဲ့နည်းက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ဝေဒနာဆိုတာ ခံစားခြင်းကို
ပြောတာဖြစ်တဲ့အတွက် ကိုယ့်သန္တာန်မှာ ဘယ်လိုခံစားမှုပဲ ဖြစ်ဖြစ်၊ ကောင်းတာဆိုလည်း
ကောင်းတဲ့သဘောကို သိနိုင်အောင်ကြိုးစား၊ မကောင်းတာဆိုလည်း မကောင်းတဲ့ သဘောကို သိအောင်ကြိုးစားပြီး
အရှိအတိုင်းလေး ဆင်ခြင်နေဖို့ပဲ ဖြစ်ပါတယ်။ ခံစားချက်ဆိုတဲ့ သဘောက သိရင် အစွဲမရှိဘဲ
မသိရင်သာ စွဲနေတတ်တာဖြစ်ပါတယ်။ ကိုယ့်မှာ ဘယ်လို ခံစားချက် ဖြစ်နေတယ်ဆိုတာ မသိလို့ရှိရင်
ကောင်းရင်လည်း ကောင်းတဲ့အပေါ်မှာ သာယာတဲ့ လောဘတဏှာလေးနဲ့ လိုက်ခံစားနေတတ်သလို မကောင်းရင်လည်း
မကောင်းတဲ့အပေါ်မှာ ဒေါသအဃာတလေးနဲ့ လိုက်ပြီးခံစားနေတော့တာ ဖြစ်ပါတယ်။ တစ်ခါတလေ ဘာခံစားနေမှန်းကို
မသိတဲ့ မောဟလေးတွေနဲ့လည်း လိုက်ခံစားနေတတ်ပြန်ပါတယ်။ အဲဒီ မသိမှုနဲ့ လိုက်ခံစားနေသမျှတော့
အဲဒီ ခံစားမှုရဲ့နောက်မှာ ဒုက္ခက သေချာပေါက် ရောက်နေတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို
ဒုက္ခတွေ မရောက်ရအောင် ဒုက္ခကို ရင်ဆိုင်တဲ့အခါမှာ အရှိအတိုင်းသိပြီး အမှန်အတိုင်း
ဆင်ခြင်နိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။
တစ်လောက ဒကာမတစ်ယောက်နဲ့ တွေ့တော့သူက တပည့်တော် သိပ်ခံစားပြီး
ဒုက္ခဖြစ်နေတယ်ဘုရားလို့ လျှောက်ပါတယ်။ ဒါနဲ့သူ့စကားနဲ့ သူကိုပြန်ပြောရပါတယ်။ ဒကာမပြောသလိုပဲ
ဒုက္ခဖြစ်နေတာ ဒကာမကိုယ်တိုင်က ခံစားနေလို့ ဖြစ်တာပါလို့ ပြောပြပေးဖြစ်ပါတယ်။ ဟုတ်ပါတယ်။
ခံစားနေတာဆိုတော့ ခံစားမှုရဲ့နောက်မှာ ဘယ်လိုခံစားမှုပဲဖြစ်ဖြစ် ရောက်လာမှာက ဒုက္ခဆိုတဲ့
ဆင်းရဲခြင်းပဲ ဖြစ်ပါတယ်။ ကောင်းတာလေးတွေဆိုပြီး လိုက်ခံစားကြည့် အဲဒီရဲ့နောက်မှာ
ကောင်းတဲ့ခံစားချက်ကြောင့် ဖြစ်ရတဲ့ ဒုက္ခဆိုတာ ရှိကိုရှိနေတာ ဖြစ်ပါတယ်။ ကောင်းတာဆိုပြီး
များများခံစားရင်လည်း အဲဒီ ခံစားတာနဲ့အမျှ ဒုက္ခတွေက ကပ်ပါနေတတ်တာ ဖြစ်ပါတယ်။ မကောင်းတာကတော့
အထူးပြောစရာတောင် လိုမယ်မထင်ပါဘူး။ အရင်းစစ်တော့ ခံစားနေလို့သာ ဒုက္ခဖြစ်နေကြတယ်ဆိုတာ
တွေ့ကြရမှာ ဖြစ်ပါတယ်။
ဆိုလိုတာက သတ္တဝါတိုင်း မလိုချင်တဲ့ ဒုက္ခဟာ တဏှာချုပ်ပြီး
ဘဝဇာတ်သိမ်းမှပဲ ငြိမ်းမှာဖြစ်ပေမယ့် အဲဒီအချိန်ကို မရောက်ခင် အခိုက်အတန့်မှာ ဒုက္ခလေးတွေ
သက်သောင့်သက်သာ ဖြစ်ဖို့အတွက် ဒုက္ခကို လိုက်မခံစားဖို့ ဒုက္ခကို လက်ခံနိုင်အောင်
ကြိုးစားရမှာဖြစ်ကြောင်း၊ အစွဲတရားနဲ့ လက်ခံဖို့မဟုတ်ဘဲ အမှန်အတိုင်း သိနိုင်အောင်
ကြိုးစားဖို့ ဖြစ်ကြောင်း၊ ဒုက္ခဆိုတာ လိုက်ပြီးခံစားနေလို့ ဖြစ်ပေါ်လာတာ ဖြစ်တဲ့အတွက်
ဘယ်လိုခံစားမှုမျိုးပဲ ဖြစ်ဖြစ် လိုက်ပြီး မခံစားဖို့ လေ့ကျင့်ကြရမှာ ဖြစ်ကြောင်း၊
ခံစားချက်ဆိုတာ မသိရင် စွဲလန်းတတ်တဲ့အတွက် ဘာလိုခံစားမှုမျိုးပဲ ဖြစ်ပေါ်ဖြစ်ပေါ် အမှန်အတိုင်း
အရှိအတိုင်း သိနိုင်အောင် ကြိုးစားရမှာ ဖြစ်ကြောင်း၊ အဲဒီလို ကိုယ်စိတ်အပေါ်မှာ
ဖြစ်သမျှကို သိနေမယ်ဆိုရင် အစွဲလျော့လာပြီး အစွဲနည်းရင်း ဒုက္ခလည်း နည်းလာမှာဖြစ်ကြောင်း၊
ဒါဟာ လက်တွေ့ဘဝမှာ ဒုက္ခ ရင်ဆိုင်နည်းတစ်မျိုးပဲ ဖြစ်ကြောင်း စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။
ဒါကြောင့် ဘဝမှာ ခန္ဓာကိုယ်ကို အကြောင်းပြုပြီးပဲ ဖြစ်ဖြစ်၊
စိတ်ကိုအကြောင်းပြုပြီးပဲ ဖြစ်ဖြစ် ဒုက္ခတွေ ဖြစ်ပေါ်နေကြတဲ့ သူတွေအနေနဲ့ ကိုယ့်ကိုယ်ကို
ဆင်ခြင်ကြည့်ရမှာက ဒီလို နာမ်ရုပ်အစုကို အပိုင်ပြုပြီး မွေးဖွားလာတာကိုက ဒုက္ခကြီးကို
ပိုက်ပြီးမွေးထားတာ ဖြစ်တဲ့အတွက် ရုပ်နာမ်ရှိလို့ ဒုက္ခရှိတဲ့အပေါ်မှာ အမှန်အတိုင်း
သတိပြုဆင်ခြင်ပြီး နဂိုရှိတဲ့ ဒုက္ခအစုကို ပိုပြီး မကြီးသွားအောင်၊ ရှိနေတဲ့ ဒုက္ခအစုကို
သက်သောင့်သက်သာ ဖြစ်သွားအောင် ကိုယ့်ကိုယ်ကို သတိပြုဆင်ခြင်ကာ ဒုက္ခကို အမှန်အတိုင်း
လက်ခံတတ်တဲ့ အကျင့်လေးနဲ့သာ အစွဲမပါတဲ့ အသိနဲ့ နေနိုင်အောင် ကြိုးစားလေ့ကျင့်ကြရမှာဖြစ်ကြောင်း
တိုက်တွန်းလိုက်ရပါတယ်။
0 မှတ်ချက်များ (...ရေးရန်):
Post a Comment