အလိုမကျ ဖြစ်တယ်ဆိုတာ


ဒကာတစ်ယောက်က မေးဖူးပါတယ်။ “အရှင်ဘုရား တပည့်တော် ခဏခဏ အလိုမကျ ဖြစ်နေပါတယ်၊ တစ်ခါတလေ ဘာမဟုတ်တာလေးနဲ့လည်း အလိုမကျဖြစ်နေတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုလည်း အလိုမကျ ဖြစ်တတ်သလို သူများတွေကိုလည်း အလိုမကျ ဖြစ်ရပါတယ်၊ အဲဒါ ဘာကြောင့် ဒီလို အလိုမကျတာတွေ ဖြစ်ရတာလဲဘုရား”လို့ သူက မေးပါတယ်။ ဒကာတော်ရေ “ အလိုမကျဖြစ်တယ်ဆိုတာ လိုနေကြလို့ပဲ”လို့ ဘုန်းဘုန်းက သူ့အမေးကို ပြန်ဖြေဖြစ်လိုက်ပါတယ်။

ဟုတ်တယ်။ အလိုမကျဖြစ်တယ်ဆိုတာ တကယ်တော့ လိုနေကြလို့ပါပဲ။ မလိုချင်ရင် အလိုမကျဖြစ်တယ်ဆိုတာ မရှိနိုင်ပါဘူး။ ဘာလေးဖြစ်ချင်လို့၊ ဘာလေးရချင်လို့၊ ဘယ်လိုပုံစံလေး ဖြစ်စေချင်လို့ ဘယ်လိုပုံစံလေး ရစေချင်လို့ စတဲ့ လိုချင်တဲ့ ဆန္ဒတွေက ကိုယ့်ကိုယ်ကိုလည်း အလိုမကျ ဖြစ်စေတတ်သလို ကိုယ်လိုတဲ့အတိုင်း မဖြစ်တဲ့အတွက် သူများအပေါ်မှာလည်း အလိုမကျတာတွေ ဖြစ်စေတတ်တာပဲ ဖြစ်ပါတယ်။ နည်းနည်းလိုချင်ရင် နည်းနည်းအလိုမကျ ဖြစ်တတ်သလို များများလိုချင်ရင် များများအလိုမကျ ဖြစ်တတ်ပါတယ်။ လိုနေတာကိုက ပြည့်ဖို့မလွယ်တာဆိုတော့ အလိုပြည့်တယ်ဆိုတာလည်း မရှိနိုင်သလို အလိုမပြည့်တဲ့အခါ အလိုမကျတာတွေလည်း ဖြစ်လာတော့တာပဲ ဖြစ်ပါတယ်။ 

တစ်ခါတလေ ကိုယ့်ကိုယ်ကို ဘာကြောင့် အလိုမကျ ဖြစ်ရတာလဲလို့ သေချာ တွေးကြည့်ရင် ကိုယ်က လိုနေလို့ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ကိုယ်က လိုချင်နေတော့ အဲဒီလိုချင်တဲ့အတိုင်း ရချင်တယ်၊ ရအောင်လုပ်တယ်၊ ရအောင်ပြောတယ်။ ဒါပေမယ့် ခက်တာက ကိုယ်ထင်သလို မရတာပါပဲ။ မရတော့ ဘာဖြစ်လဲဆိုတော့ စိတ်မှာဘဝင်မကျတာတွေ၊ မကျေနပ်တာတွေ၊ အလိုမကျတာတွေ ဖြစ်လာတော့တာပါပဲ။ ဖြစ်ချင်လိုရင်ရချင်မှုတွေက ကိုယ်လိုသလို မဖြစ်တဲ့အခါမှာ အလိုလို အလိုမကျမှုတွေအဖြစ် ပြောင်းလာတတ်တဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒါကို သတိမပြုမိလို့ကတော့ အလိုမကျဖြစ်ရကနေ မကျေနပ်တာတို့၊ စိတ်ဆိုးစိတ်တိုတာတို့အထိ ဖြစ်တတ်ပြီး နောက်ဆုံး ဒေါသအဆင့်အထိတောင် ရောက်သွားစေတတ်တာပဲ ဖြစ်ပါတယ်။

အရင်းစစ်လိုက်တော့ အလိုမကျဖြစ်တတ်ခြင်းရဲ့ အခြေခံအကြောင်းတရားဟာ လိုချင်မှုကြောင့်ပဲဆိုတာ ကောက်ချက်ချလို့ ရမှာ ဖြစ်ပါတယ်။ လိုချင်မှုကိုအကြောင်းပြုပြီး အလိုအတိုင်း မျှော်လင့်တောင့်တာရာက တောင့်တတဲ့အတိုင်း မဖြစ်ဘဲ အလိုလို မကျေမချမ်းဖြစ်ကာ အဲဒီကမှ အလိုမကျတဲ့ သဘောတွေအထိ ခံစားမိတော့တာပဲ ဖြစ်ပါတယ်။ လိုချင်နေသမျှတော့ အလိုမကျဆိုတာ ဖြစ်ကိုဖြစ်နေကြမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အလိုကျချင်ရင် မလိုချင်ကြနဲ့ လို့ဆိုခြင်း ဖြစ်ပါတယ်။ 

1 မှတ်ချက်များ (...ရေးရန်):

  • ayenyeinthu says:
    Saturday, August 18, 2012

    အလိုမကျဖြစ်တယ်ဆိုတာ....
    တပည့်တော်တို့တွင် ဖြစ်တတ်သောစိတ်အစဉ်ကို ပိုပြီးသတိထားမိပါတယ်ဘုရား။ ဆင်ခြင်စရာများကို ကြိုးစားပြီး ဆင်ခြင်ပါ့မယ်ဘုရား။ ယခင်ကဆို လိုချင်တာတွေများပြီး အလိုမကျတာတွေ အများကြီးဖြစ်ခဲ့ပါတယ်ဘုရား။ ယနေ့ကစပြီး အလိုမကျ မဖြစ်အောင် ကြိုးစားပါ့မယ် ဘုရား။
    ဆရာတော်ဘုရား ကျန်းမာချမ်းသာပါစေ။


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ