အတုံ့အလှည့်


တစ်စုံတစ်ယောက်ကိုမျှ ကြမ်းကြုတ်သော စကားကို မဆိုလင့်၊
အဆိုခံရသော သူတို့သည် သင့်ကို ပြန်လှန်ဆိုကုန်ရာ၏။
ချုပ်ချယ်သော စကားသည် ဆင်းရဲ၏ အကြောင်းတည်း၊
သူတစ်ပါးကို ဒဏ်ပြုက အတုံ့အလှည့်တို့သည် သင့်ထံသို့ ပြန်ရောက်ကုန်ရာ၏။
(ဂေါတမဘုရားရှင်)

လိမ်ညာပြောဆိုခြင်း၊ ချောပစ်ကုန်းတိုက်ခြင်း၊ ကြမ်းတမ်းသောစကားကိုဆိုခြင်း၊ အကျိုးမရှိ အချည်းနှီးသော စကားကိုဆိုခြင်းဟူသော နှုတ်ဖြင့်လွန်ကျူးတတ်သည့် ၀စီဒုစရိုက် လေးပါးတို့တွင် ဖရုသ၀ါစာခေါ် ကြမ်းတမ်းသော စကားကိုဆိုခြင်းသည်လည်း မကောင်းသည့် ဒုစရိုက်တစ်မျိုးပင် ဖြစ်၏။ နှုတ်မှထွက်ပေါ်တတ်သည့် ကြမ်းတမ်းသည့်စကားများသည် ပြောသည့်သူနှင့် အပြောခံရ သူများပင်မက ကြားရသူများအထိ နားမချမ်းသာဖွယ် ဖြစ်စေနိုင်သဖြင့် မိမိတို့၏ နှုတ်ကို စောင့်စည်းကြရန် တိုက်တွန်းတော်မူခြင်း ဖြစ်၏။ ထို့အပြင် မည်သည့်အလုပ်ပင် ဖြစ်ပါစေ တူသောအကျိုးကို ပေးတတ်သည့် သဘောရှိသဖြင့် မိမိက ကြမ်းတမ်းသည့် စကားကို ဆိုလျှင် အဆိုခံရသူသည်လည်း ကြမ်းတမ်းသော စကားကို ပြန်ဆိုတတ်သည်ကို သတိပြု ဆင်ခြင်ရန် လိုအပ်ပေ၏။ ထို့ကြောင့် သူတစ်ပါးထံမှ တုံ့ပြန်မှုကောင်းများ ပြန်ရောက်လာစေရန် မိမိကိုယ်တိုင် ရှေးဦးစွာ တုံ့ပြန်မှုကောင်းများ ပေးရမည်ဖြစ်ကြောင်း၊ မိမိက မကောင်းလျှင် သူတစ်ပါးကလည်း ကောင်းမည်မဟုတ်ကြောင်း၊ အတုံ့အလှည့်ဟူသည် ပြုလုပ်သူထံသို့ တစ်ဖန်ပြန်လာတတ်ကြောင်း ဗုဒ္ဓရှင်တော်မြတ် မိန့်မှာဟောကြားတော်မူခြင်း ဖြစ်၏။

ဗုဒ္ဓလက်ထက်တွင် ကောဏ္ဍဓာနအမည်ရှိသည့် မထေရ်တစ်ပါး ရှိခဲ့၏။ ထိုမထေရ် ရဟန်းဖြစ်သည့်နေ့မှစ၍ အမျိုးသမီးတစ်ဦး၏ အရိပ်သည် မထေရ်နှင့်အတူ ထပ်ကြပ်မကွာ ရှိနေလေ့ရှိ၏။ သို့သော် ထိုအမျိုးသမီးပုံရိပ်ကို မထေရ်မှတပါး အခြားသူများ အားလုံးတွေ့မြင်ကြရ၏။ မထေရ်ကား ဘာမျှမသိရှာပေ။ ဆွမ်းခံသွားလျှင်လည်း ဆွမ်းလောင်းသူများက ဤဆွမ်းသည် အရှင်ဘုရားတို့ အလို့ငှါ ဖြစ်ပါစေ…၊ အရှင်ဘုရားနှင့် အပေါင်းအဖော်မတို့ အလို့ငှါ ဖြစ်ပါစေဟုဆိုကာ လောင်းလှူလေ့ရှိကြ၏။ မထေရ်သည် ထိုအခြင်းအရာကို သဘောမပေါက်နိုင် ဖြစ်နေပေ၏။ ရဟန်းနှင့် မာတုဂါမ အတူရှိနေသကဲ့သို့ မထေရ်နှင့်ထပ်ကြပ်မကွာ ရှိနေသော အမျိုးသမီးအရိပ်ကြောင့် လူအများ၏ အထင်လွဲခြင်းကို ခံနေရ၏။ သတင်းသုံးဖော် ရဟန်းတော်များကလည်း ထို့အတူပင် ကောဏ္ဍဓာန မထေရ်သည် မာတုဂါမနှင့်အတူ သွားလာနေသည်ဟု ထင်မှတ်နေပြီး နောက်ဆုံးတွင် အခြားရဟန်းများသည် ကောသလမင်းထံသို့ သွားရောက်က ထိုမထေရ်ကို ဖမ်းဆီးအရေးယူပေးရန်အထိ ပြောဆိုကြလေ၏။ ကောသလမင်းလည်း ဖြစ်ကြောင်းကုန်စင်ကို နားထောင်ပြီး မထေရ်ရှိရာ ကျောင်းတော်သို့ မထေရ်ကိုဖမ်းရန် ထွက်လာခဲ့၏။ ကျောင်းရောက်သည့်အခါ မထေရ်နှင့်အတူ အမျိုးသမီးပုံရိပ်ကို တွေ့နေရ၏။ မထေရ်ကို မေးသည့်အခါ မသိကြောင်း၊ မဟုတ်ကြောင်း ပြောဆိုရာ နောက်ဆုံးတွင် ကောသလမင်းကိုယ်တိုင် မာတုဂါမအစစ်မဟုတ် အတုသာဖြစ်ကြောင်း သဘောပေါက်သွားကာ အရေးမယူဘဲ နန်းတော်မှာပင် ဆွမ်းခံကြွရန် ဖိတ်ကြား ပြန်သွားလေ၏။

စင်စစ် ထိုမထေရ်နှင့် အတူတကွဖြစ်ပေါ်နေသည့် မာတုဂါမပုံရိပ်သည် မထေရ်ကိုယ်တိုင် ပြုလုပ်ခဲ့သည့် အကုသိုလ်၏ အကျိုးရလာဘ်ပင် ဖြစ်၏။ ကဿပမြတ်စွာဘုရား လက်ထပ်တော်အခါက ဖြစ်၏။ ယခုကောဏ္ဍဓာန မထေရ်သည် ထိုအချိန်က တာဝတိံသာ နတ်ပြည်ရှိ နတ်သားတစ်ယောက် ဖြစ်ခဲ့၏။ ထိုနတ်သားသည် ကဿပဘုရားရှင်၏ တပည့်သာဝက ရဟန်းနှစ်ပါး၏ ညီညွတ်နေမှု၊ တရားတော်များတွင် အတူတကွ ကျင့်သုံးနေထိုင်နေမှု၊ တစ်မိဝမ်းတွမ်းမှ သက်ဆင်းသည့်သူများကဲ့သို့ စိတ်တူကိုယ်တူ ရှိမှုများအပေါ်တွင် မနာလို မရှုစိမ့်ဖြစ်ကာ ထိုမထေရ်နှစ်ပါး ညီညွတ်မှု ပျက်ပြားစေရန် သွေးခွဲခဲ့လေ၏။ မထေရ်နှစ်ပါးအနက် တစ်ပါးသော ရဟန်း၏ နောက်ကွယ်တွင် အမျိုးသမီးတစ်ဦး၏ ပုံကိုဖန်တီးကာ မမြင်ကွယ်ရာတွင် မထေရ်နှင့် မာတုဂါမ အတူရှိပြီး မသင့်လျော်သည့် အနေအထိုင်မျိုး ဖြစ်စေရန် အားထုတ်၏။ ထိုအခြင်းအရာကို အခြားသော ရဟန်းတစ်ပါးက မြင်သော်လည်း ဖန်တီးလုပ်ကြံခံရသည့် မထေရ်ကိုယ်တိုင်ကား မမြင်ရပေ။ ထို့ကြောင့် မြင်ရသော ရဟန်းက အရှင်ဘုရားသည် အကျင့်သိက္ခာ ပျက်ပြားသွားပြီ ဖြစ်သဖြင့် အရှင်ဘုရားနှင့်အတူ ပေါင်းဖော်ခြင်းငှါ မဖြစ်နိုင်ကြောင်း၊ အခြားတစ်ပါးကလည်း မဟုတ်မှန်ကြောင်းစသဖြင့် ငြင်းခုံကြရာမှ မထေရ်နှစ်ပါး ကွဲပြားသွားလေတော့၏။ ထိုမထေရ်နှစ်ပါး ကွားပြားမှုကို ဖန်တီးခဲ့သည့် နတ်သားသည် မိမိလုပ်ခဲ့သည့် အကုသိုလ်အကျိုးကြောင့် အ၀ီစိငရဲတွင် ကျရောက်ခဲ့ပြီး ဘ၀များစွာ အကုသိုလ်အပြစ်ကို ခံရကာ နောက်ဆုံးတွင် ယခုဂေါတမမြတ်စွာဘုရားရှင် လက်ထပ် ကောဏ္ဍဓာနရဟန်းအဖြစ် သာသနာဘောင်သို့ ရောက်ရှိခဲ့ခြင်းဖြစ်၏။ ရဟန်းဘ၀ရခဲ့သော်လည်း ကဿပဘုရားရှင် လက်ထက် နတ်သားဘ၀က လုပ်ခဲ့သည့် အကုသိုလ်၏ အကျိုးဆက်အဖြစ် ထိုမထေရ်၏ နောက်တွင် မာတုဂါမ ပုံရိပ်က အမြဲထပ်ကြပ်မကွာ ရှိနေခဲ့ကာ လူအများ၊ ရဟန်းအများ၏ အထင်လွဲမှုကို ခံနေခဲ့ရခြင်း ဖြစ်၏။

ယခု ကောဏ္ဍဓာန ဘ၀တွင် ထင်ဟပ်နေသည့် မာတုဂါမပုံရိပ်ကြောင့် ကောသလမင်းကိုယ်တိုင် ဖမ်းရန်အားထုတ်သော်လည်း အစစ်အမှန် မဟုတ်သဖြင့် မဖမ်းဘဲ နန်းတော်သို့ ဆွမ်းခံကြွရန် ဖိတ်ကြားခဲ့သည့်အပေါ် အခြားရဟန်းတော်များက နားမလည်နိုင်ဘဲ မထေရ်ကို တိုက်ရိုက်ပြောဆိုကာ ကျောင်းတော်မှ နှင်ထုတ်ရန် အားထုတ်ကြပြန်၏။ ထိုအခါတွင် ဘုရင်ကိုယ်တိုင် မဟုတ်မှန်ကြောင်း အသိအမှတ်ပြုထားသည့် ကောဏ္ဍဓာန မထေရ်က သူ့ကိုလာပြောသည့် အခြားရဟန်းတော်များကို ကြမ်းတမ်းသည့်စကားများဖြင့် ပြန်လည်တုံ့ပြန် ပြောဆိုလေတော့၏။ ထိုအကြောင်းကို ရဟန်းတော်များက မြတ်စွာဘုရားရှင်အား လျှောက်ကြားသည့် အခါတွင် မြတ်ဗုဒ္ဓက ကြမ်းကြုတ်သော စကားတို့ဖြင့် ပြန်လှန်တုံ့ပြန်တတ်သည့် ကောဏ္ဍဓာန ရဟန်းကို ပြစ်တင်ပြောဆိုကာ “ကောဏ္ဍဓာန… သင်၏ရှေးဘ၀က ပြုလုပ်ခဲ့သည့် ယုတ်မာသော အမှုကို အမှီပြု၍ သင်သည် ဤဖောက်ပြန်သော အခြင်းအရာသို့ ရောက်ရ၏၊ ယခုအခါ သင့်အားတစ်ဖန် ထိုသို့သဘောရှိသည့် ကြမ်းကြုတ်ယုတ်မာသည့် အပြောအဆို အပြုအမူမျိုး ပြုမူပြောဆိုခြင်းငှါမသင့်၊ ရဟန်းတို့နှင့်အတူတကွ ယုတ်မာကြမ်းတမ်းသော တစ်စုံတစ်ခုသော စကားကိုမျှ မဆိုလင့်၊ အဆိုခံရသောသူတို့သည် သင့်ကိုတစ်ဖန် ပြန်လှန်ဆိုကုန်ရာ၏။ သူတစ်ပါးကို ဒဏ်ပြုက အတုံအလှည့်တို့သည် သင့်ထံသို့ ပြန်ရောက်ကုန်ရာ၏။ အနားရေးပြတ်သော ကြေးခွက်သည် အသံမထွက်သကဲ့သို့ သင်သည်လည်း ထိုကြေးခွက်နှင့်တူစွာ အသံမရှိသည် ဖြစ်ဘိလော့၊ ဤသို့ပြုသည်ရှိသော် နိဗ္ဗာန်သို့ ရောက်သောသူမည်သည် ဖြစ်လတ္တံ့… (ဓမ္မပဒ၊ ဒဏ္ဍ၀ဂ်၊ ကောဏ္ဍဓာနထေရ၀တ္ထု)”ဟု အနုသန္ဓေစပ်ကာ တရားစကား မိန့်ကြားတော်မူလိုက်၏။ ဘုရားရှင် တရားစကားအဆုံးတွင် ကောဏ္ဍဓာန မထေရ်သည် ရဟန္တာဖြစ်ကာ အခြားသော တရားနာပရိတ်သတ်များသည် ထိုက်သင့်သည့် တရားများ ရသွားကြလေ၏။

ဤကား တစ်စုံတစ်ယောက်ကိုမျှ ကြမ်းကြုတ်သော စကားကို မဆိုလင့်စသော ဘုရားစကားတော် ဟောကြားခဲ့ဖြစ်ခြင်း၏ အကြောင်းဝတ္ထုပင် ဖြစ်ပါ၏။ ကြမ်းကြုတ်သော စကားကို ဆိုခြင်းနှင့် မဟုတ်မမှန်သည့် လုပ်ရပ်များသည် အတုံ့အပြန်ကို ဖြစ်စေတတ်သည်ကို ထင်ရှားစေခဲ့၏။ မိမိက ပြုလုပ်လိုက်သည့် အကုသိုလ်အလုပ်လေးသည် အနည်းငယ်မျှသာ ဖြစ်သော်လည်း ခံရသည့်အခါတွင်ကား ဘ၀အဆက်ဆက်မှသည် နောက်ဆုံး ရဟန်းဘ၀အထိပင် ခံရတတ်သည်ကို သတိပြုသင့်လှ၏။ စင်စစ် ကြမ်းတမ်းသည့်စကားနှင့် မကောင်းသည့် လုပ်ရပ်များသည် သံသရာအထိ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ယခုဘ၀မှာပင်လျှင် တန်ပြန်တုံ့ပြန်မှုကို ခံရတတ်၏။ မိမိက တစ်စုံတစ်ယောက်အား အပြစ်မရှိဘဲ ကြမ်းတမ်းသောစကားကို ဆိုလိုက်လျှင် အဆိုခံရသူသည်လည်း တစ်ဖန်ပြန်ဆိုမည်ဆိုသည်မှာ အတုံ့အလှည့်ပင် ဖြစ်၏။ မှန်ကြည့်သကဲ့သို့ မိမိက မှန်ကြည့်ပြီး မဲ့ပြလျှင် မှန်တွင်ထင်ဟပ်လာမည့် ပုံရိပ်သည်လည်း မဲ့ပြမည်သာဖြစ်၏။ မိမိက ပြုံးပြလျှင် တစ်ဖန်ပြန်ပြုံးပြမည်သာ ဖြစ်၏။ ထို့အတူ မိမိက ချိုသာသည့် စကားကို ဆိုလျှင် အဆိုခံရသူသည်လည်း ချိုသာသည့် စကားဖြင့် ပြန်ဆိုပေးမည်သာ ဖြစ်၏။ ထို့အပြင် အခြားအခြားသော အပြုအမူ အနေအထိုင်များတွင်လည်း ထို့အတူသာဖြစ်၏။ သူတစ်ပါးကို ဒဏ်ပြုကာ ဒုက္ခဖြစ်စေလျှင် မိမိသို့လည်း ထိုဒဏ်ပြုမှုများ၊ ဒုက္ခတရားများသည် ပြန်လည် ရောက်လာမည်သာ ဖြစ်ပေ၏။ ထို့ကြောင့် မြတ်ဗုဒ္ဓက မည်သူ့အပေါ်မျှ ကြမ်းကြုတ်သော စကားများကို မဆိုရန်၊ ချုပ်ချယ်မှုကို မပြုရန်၊ မကောင်းသည့် သဘောများဖြင့် ဒုက္ခမပေးမိစေရန် မိန့်တော်မူခြင်း ဖြစ်၏။

မှန်၏။ ကြမ်းကြုတ်သော စကားဆိုလျှင် လူမပြောနှင့် တိရိစ္ဆာန်များပင်လျှင် မကြိုက်တတ်ပေ။ မေတ္တာဓာတ်ပါသည့် ချိုသာစွာ ပြောဆိုတတ်သည့် စကားများဆိုလျှင်ကား တိရိစ္ဆာန်များလည်း နာခံတတ်၏။ ချော့ပြောလျှင် လူမပြောနှင့် သတ္တ၀ါများသည်ပင် စကားနာခံတတ်၏။ ဆူပူကြိမ်းမောင်းပြီး လုပ်စေသည်ထက် အစ်ကိုဖြစ်စေ၊ အစ်မဖြစ်စေ၊ ညီဖြစ်စေ၊ ညီမဖြစ်စေ စသည့် ချိုသာသည့် အပြောအဆို အသုံးအနှုန်းများဖြင့် ပြောဆိုလုပ်ကိုင်စေသည်က အခိုင်းခံရသူများ၏ တုံ့ပြန်မှု ကောင်းများကို ရရှိနိုင်၏။ အရင်းစစ်လျှင် မိမိနှစ်သက်သည်ကို သူတစ်ပါးအား ရှေးဦးစွာပေးနိုင်မှသာ သူတစ်ပါးထံမှလည်း ပြန်လည်ရနိုင်သည့် သဘောပင်ဖြစ်၏။ မိမိကနူးညံ့မှ အခြားသူလည်း နူးညံ့မည်ဖြစ်ပြီး မိမိက ကြမ်းကြုတ်လျှင် အခြားသူလည်း ကြမ်းကြုတ်မည်သာ ဖြစ်၏။ ဤသည်မှာ သဘာဝကျသည့် အတုံ့အလည့် သဘောပင် ဖြစ်ပါ၏။

သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှု ရှိ၏ဟု ဆိုသကဲ့သို့ စေတနာပါသည့် လုပ်ရပ်တိုင်းတွင်လည်း တန်ပြန်ဖြစ်ပေါ်တတ်သည့် အတုံ့အလှည့်ဟူသည် ရှိနေပေ၏။ ထို့အတုံ့အလှည့်သည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ပြုလုပ်သူ၏ အပေါ်တွင်သာ တည်မှီလေ၏။ ပြုလုပ်သူက အကောင်းပြုလုပ်လျှင် တန်ပြန်သက်ရောက်မှု၏ အတုံ့အလှည့်သည် ကောင်းမည်ဖြစ်ပြီး ပြုလုပ်သူက မကောင်းပြုလုပ်လျှင် တန်ပြန်သက်ရောက်မှု၏ အတုံ့အလှည့်သည် မကောင်းဖြစ်မည်သာ ဖြစ်၏။ ကိုယ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ စိတ်ဖြင့် ဖြစ်စေ ပြုလုပ်ပြောဆိုကြံစီမှုများသည် မိမိကိုယ်တိုင်၏ ရွေးချယ်မှုသာဖြစ်ပြီး ထိုအပြုအမူ အပြောအဆို အကြံအစီများ၏ တန်ပြန်သက်ရောက်မှုသည်လည်း ရွေးချယ်ပြုလုပ်ခဲ့သည့် မိမိထံသို့သာ ပြန်လာမည့် အတုံ့အလှည့်များပင် ဖြစ်၏။ အပြုအမူကောင်းလျှင် အတုံ့အလှည့်ကောင်းမည်ဖြစ်ပြီး အပြုအမူဆိုးလျှင် အတုံ့အလှည့် ဆိုးများသာ ဖြစ်၏။

အချုပ်အားဖြင့် မည်သူမဆို အကောင်းကိုသာ အလိုရှိတတ်ကြရာတွင် အကောင်းများဖြစ်စေရန် မိမိကိုယ်တိုင် ရှေးဦးစွာ ကောင်းပြရန် လိုအပ်ပေ၏။ မိမိက မကောင်းလျှင် သူတစ်ပါးလည်း မကောင်းမည်ဖြစ်သဖြင့် မိမိကိုယ်တိုင် မကောင်းမဖြစ်ရန် ကြိုးစားသင့်လှ၏။ အကောင်းအစစ်ဟူသည် မကောင်းမဖြစ်ရန် လိုအပ်သဖြင့် အကြောင်းအပြစ်ကို ကောင်းပြစ်ရန် လိုအပ်ပေ၏။ အကြောင်းကောင်းလျှင် အကျိုးကောင်းမည်ဖြစ်ပြီး အကျိုးကောင်းခြင်းသည် အတုံ့အလှည့်ကောင်းခြင်းဖြစ်၏။ အတုံ့အလှည့်ကောင်းခြင်းသည့် အကောင်းလုပ်ခဲ့ခြင်းကြောင့် ဖြစ်၏။ ထိုအတုံ့အလှည့်များ၏ တုံ့ပြန်မှုများသည် မိမိ၏ အလုပ်များကြောင့်သာ ဖြစ်ပါ၏။ ထို့ကြောင့် မည်သူမဆို အတုံ့အလှည့်ကောင်းများ ဖြစ်ပေါ်စေရန် အလုပ်လက်နက်ကောင်းဖြင့် အကြောင်းကောင်းအောင် ကြိုးစားကာ မိမိက ရှေးဦးစွာ အကောင်းများဖြင့် ကောင်းပြရန် လိုအပ်ကြောင်း အထူးသတိပြုရမည် ဖြစ်ပါပေတော့၏။ အားလုံး… အတုံ့အလှည့်ကောင်းများဖြင့် တုံ့ပြန်နိုင်ကြပါစေ…

7 မှတ်ချက်များ (...ရေးရန်):

  • ˙·٠•●♥ 1983 ÑÉÖÑ ♥●•٠·˙ says:
    Monday, August 20, 2012

    အရှင်ဘုရား တပည့်တော် လာရောက်ဦးခိုက်ပါတယ်
    အရှင်ဘုရား ရဲ့ ဓမ္မစာပေတွေလည်း လေ့လာ မှတ်သားခဲ့ပါတယ် ။။။
    တပည့်တော်လည်း ဒိုက်ဦးသားတစ်ယောက်ပါပဲ
    အရှင်ဘုရား ကျန်းမာ ချမ်းသာပါစေ ဘုရား ။။

    http://i1251.photobucket.com/albums/hh559/neon80/Daik-Oo.jpg

  • ကောင်းပါပြီ ဝမ်းမြောက်ဝမ်းသာ ဖြစ်ပါတယ်။ တရားလည်းဖတ်၊ တရားလည်းမှတ်ပြီး တရားနဲ့အညီ ကျင့်ကြံနေထိုင်နိုင်ပါစေ..

  • မိုးအာကာ says:
    Monday, August 20, 2012

    ဆရာတော်ဘုရား.. တပည့်တော်က ဆရာတော်ရဲ့ ဓမ္မစာပေများကို အမြဲဖတ်ရှုနေသူပါ။ တပည့်တော် သိချင်တာလေးမေးခွင့်ပြုပါ ဘုရား။ မိဘနှင့် သားသမီးတွင် မိဘက အမြဲတမ်းမှန်ကန်ပြီး သူတို့ပြောသလို သားသမီးက လိုက်နာပေးရမည်ဆိုသည်မှာ မှန်ကန်ပါသလား အရှင်ဘုရား။ တပည့်တော်ရဲ့ သူငယ်ချင်းတယောက်အမေက သူ့သားအပေါ်ချစ်တယ်လို့အမြဲပြောပြီး သူဖြစ်ချင်တာတွေကြီးပဲလုပ်ခိုင်းတတ်ပါတယ်။ မလုပ်လျှင် ငြူစူတတ်ပါသည်။ သူဖြစ်ချင်တာဆိုသည်မှာလည်း တပည့်တော်အမြင်အရပြော၇လျှင် သူ့ဘက်ကြည့်နေခြင်းမျိုးဖြစ်ပါသည် ဘုရား။ သားသမီးကိုချစ်သော မိဘက သားသမီးကိုအမြဲစိတ်ညစ်အောင် စိတ်ကျဉ်းကျပ်အောင်လုပ်တတ်ပါသည်လော ??? အရှင်ဘုရား ကျန်းမာချမ်းသာပါစေ ဘုရား။

  • moe arkar says:
    Tuesday, August 21, 2012

    အရှင်ဘုရားက လက်ဆယ်ဖြာထပ်မှာမိုးလျှက် ရှိခိုးပါ၏ ဘုရား။ တပည့်တော် မရှင်းလင်း၍သိချင်သည်ကို မေးခွင့်ပြုပါရန် ရိုသေလေးစားစွာဖြင့် လျှောက်ထားအပ်ပါသည် ဘုရား။
    ကံ ကံ၏အကျိုးတွင် မိဘကြောင့် သားသမီးတွင် စိတ်ညစ်ရခြင်း၊ ငိုကြွေးရခြင်း၊ အမြဲတမ်း စိတ်ညစ်နေရခြင်းတွင် မိဘတွင် အဲဒီအကျိုးရဲ့ ရလာဒ်များ ရရှိနိုင်ပါသည်လော ??
    အရှင်ဘုရား ကျန်းမာချမ်းသာပါစေ ဘုရား။

  • To မိုးအာကာ

    မင်္ဂလာပါ။ မိဘနဲ့ သားသမီးတွေနဲ့ ပတ်သက်ပြီး အမေးရှိလာတဲ့အတွက် အဖြေညှိပေးချင်ပါတယ်။ မိဘဆိုတာဟာလည်း ဘုရား၊ ရဟန္တာ အရိယာ သူတော်စင် မဖြစ်သေးတဲ့အတွက် အမြဲတမ်း မှန်ကန်တယ်လို့ ဆိုလို့မရပါဘူး။ သွန်သင်ပြသ လမ်းညွှန်မှုပေးတဲ့ အပိုင်းမှာ လမ်းလွဲနေတဲ့ မိဘတွေလည်း အများကြီး ရှိနေတတ်ပါတယ်။ အထူးသဖြင့် သားသမီးအပေါ် အချစ်ကြီးတဲ့ မိဘတွေဟာ မေးခွန်ရှင်ပြောသလို သားသမီးဆန္ဒထက် သူတို့ဖြစ်စေချင်တဲ့ အရာကို အတင်းစွဲယူ ပုံဖော်လ့ရှိတတ်ပါတယ်။ ဒါဟာ ဘာသာတရား ရှုထောင့်ကပြောရင် သံယောဇဉ်အစွဲ၊ တဏှာကြောင့်ပဲလို့ ပြောရမှာ ဖြစ်ပါတယ်။ တဏှာရှိနေသမျှအလွဲဆိုတာလည်း ရှိနေမှာ ဖြစ်တဲ့အတွက် မိဘတွေဟာ လွဲနေကြဦးမှာ ဖြစ်ပါတယ်။ သေချာတာကတော့ စေတနာလွန်ကဲတဲ့ အလွဲ၊ တစ်နည်းအားဖြင့် အချစ်တဏှာလွန်ကဲတဲ့ အလွဲလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ဒါက မိဘတွေရဲ့ အပိုင်းပဲ ဖြစ်ပါတယ်။

    သားသမီးတွေရဲ့ အပိုင်းကတော့ မိဘတွေရဲ့ အလွဲမှာ မိဘကို မစော်ကားမိဖို့ပဲ ဖြစ်ပါတယ်။ မတူညီတဲ့ ရှုထောင့်၊ အမှားမကင်းတဲ့ ရှုထောင့်တွေကြောင့် မိဘနဲ့ သားသမီးကြားမှာ အလွဲတွေ ရှိတတ်ပေမယ့် မိဘဆိုတာ အလွန်ကျေးဇူးကြီးတဲ့ အနန္တကျေးဇူး ရှင်တွေဖြစ်တဲ့အတွက် မိဘအပေါ် သားသမီးတွေက မတော်မရော် မပြုမိဖို့ အထူးသတိပြုကြရမှာ ဖြစ်ပါတယ်။

    မေးခွန်းရှင်မေးသလို သားသမီးကို ချစ်တဲ့မိဘဟာ သားသမီးကို အမြဲစိတ်ညစ်အောင်၊ စိတ်ကျဉ်းကျပ်အောင် လုပ်တတ်ပါသလားဆိုတဲ့အပေါ်မှာ ဘယ်မိဘကမှ သားသမိးကို ဒီလိုဖြစ်စေချင်တာ မရှိကြပါဘူး။ ပေးသူနဲ့ယူသူ အသွင်မတူ၊ အယူမတူ၊ နားလည်မှုမတူ၊ ခံယူမှု မတူတဲ့ အတွက်ကြောင့် တစ်ဦးနဲ့တစ်ဦးကြား စိတ်ခံစားမှု များကြရခြင်း ဖြစ်ပါတယ်။ မိဘတွေရဲ့ အပြုအမူနဲ့ သားသမီးတွေရဲ့ ခံယူမှုမှာ မိဘတွေဘက်ကကြည့်ရင် သားသမီးတွေကို စိတ်ညစ်အောင် လုပ်နေတာမဟုတ်ဘူးဆိုတာ သေချာတဲ့အချက်ပဲ ဖြစ်ပါတယ်။ သားသမီးဘက်က ကြည့်ရင်တော့ ကိုယ်မလုပ်ချင်တဲ့ အလုပ်၊ ကိုယ်မကြိုက်တဲ့ အလုပ်တွေ ဖြစ်နေတဲ့အတွက် ဒီအပေါ်မှာ ခံယူချက်စိတ်အကြံဟာ မကောင်းတဲ့ဘက်ကိုပဲ ဦးတည်စေတော့တာ ဖြစ်ပါတယ်။

    ဒါကြောင့် ဒီပြဿနာကို ဖြေညှိဖို့အတွက် မိဘနဲ့ သားသမီးကြား နားလည်မှုတည်ဆောက်ကာ ပွင့်ပွင့်လင်းလင်း ညှိနှိုင်းပြီး အဖြေရှာကြည့်ဖို့ပဲ ဖြစ်ပါတယ်။ မိဘတွေဘက်ကလည်း ငါမိဘဆိုတဲ့ မာနထက် သားသမီးရဲ့ ဆန္ဒကို သိရှိပြီး အဖြေရှာကြည့်ဖို့ လိုသလို သားသမီးဘက်ကလည်း မိဘတွေ လက်ခံနိုင်အောင် နည်းအမျိုးမျိုးနဲ့ နားလည်မှု တည်ဆောက်ကြည့်ဖို့လည်း လိုအပ်ပါတယ်။

    အရေးကြီးတာက သားသမီးနဲ့ မိဘကြားမှာ သားသမီးတွေအနေနဲ့ မိဘအပေါ် ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ခံယူချက် မတူတာတောင်မှ မစော်ကား၊ မပြစ်မှားမိဖို့ပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် မိဘဟာ မိဘပဲ ဖြစ်တဲ့အတွက် အမှားမကင်းတဲ့ မိဘတွေအပေါ်မှာ မိဘအမှားကို ကိုယ့်အမှားမဖြစ်အောင် သတိပြု နေထိုင်ပြုမူ ဆက်ဆံကြဖို့ပဲ ဖြစ်ပါတယ်။

  • moe arkar says:
    Wednesday, August 22, 2012

    ဆရာတော်အား ရိုသေရှိခိုး ဦးခိုက်ပါသည် ဘုရား။
    တပည့်တော်ရဲ့မေးခွန်းအား ဖြေကြားပေးတဲ့အတွက် အလွန်ပင် ၀မ်းမြောက်မိပါသည်။ ဆရာတော်ရဲ့ ဆုံးမစကားကို ရင်ဝယ်မှတ်သား လိုက်နာကျင့်သုံးပါမည် ဘုရား။ ဆရာတော်ဘုရားကျန်းမာ ချမ်းသာပါစေ။

  •ွှTo Moe Arkar

    ကံတရားနဲ့ ပတ်သက်ပြီး မိဘပဲ ဖြစ်ဖြစ်၊ သားသမီးပဲ ဖြစ်ဖြစ် စေတနာပါမပါက အဓိကကျပါတယ်။ စေတနာဆိုးပါရင် အကုသိုလ်အပြစ်ဖြစ်တတ်ပြီး စေတနာဆိုးမပါရင် အမူအရာ၊ အပြောအဆို ကြမ်းပေမယ့် အကုသိုလ်အပြစ် မဖြစ်နိုင်ပါတယ်။ တစ်ခါတလေ မိဘတွေမှာ သားသမီးတွေကို လမ်းသွားရင် ဘာဖြစ်ပါစေ၊ ညာဖြစ်ပါစေ၊ ကားတိုက်ပါစေ၊ ရေနစ်ပါစေ စသဖြင့် စိတ်ဆိုးလို့ စိတ်တိုလို့ ပါးစပ်က ကြမ်းကြမ်းတမ်းတမ်း ပြောတတ်ပေမယ့် လက်တွေ့စေတနာပိုင်းမှာတော့ ဒီလိုမျိုး မဖြစ်စေချင်ကြပါဘူး။ ဒါကြောင့် မိဘတွေရဲ့ အဲဒီလို အပြုအမူမျိုးမှာ စေတနာဆိုး မပါတဲ့အတွက် အပြစ်မရှိဘူး၊ ကံမမြောက်ဘူးလို့ ပြောလို့ရပါတယ်။ ကံမမြောက်ရင် အကျိုးသက်ရောက်မှုလည်း မရှိနိုင်ပါဘူး။ ဒါလေးကို သတိထားစေချင်ပါတယ်။


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ