ပြေးမလွှတ်ပါ ဘေးသုံးဖြာ



ရေဘေးမီးဘေး၊ ပြည်ဖျက်ဘေးကား၊ ဆယ်ရေးတစ်ရေး၊ ကယ်နိုင်သေး၏။
အိုဘေးနာဘေး၊ သေခြင်းဘေးဟု၊ ဤဘေးသုံးပါး၊ လွန်ကြီးမားက၊ သားနှင့်အမိ၊ ဖြစ်တုံဘိလည်း၊
မျက်စိအောက်တွင်၊ ရင်ခွင်တင်လျက်၊ သက်ပင်ရေးပိုင်၊ မကယ်နိုင်ဘူး၊ လက်မှိုင်ချကာ၊ နေရစွာရှင့်။
(မဃဒေဝလင်္ကာသစ်၊ မန်လည်ဆရာတော်)

“ကိုယ့်သူမကယ်နိုင်၊ သူ့ကိုယ်မကယ်နိုင်”ဆိုတဲ့ စကားဟာ တခြားအရာများထက် ကံတရားနဲ့ ပတ်သက်ပြီး ပြောရင်ပိုမှန်ပါလိမ့်မယ်။ အထူးသဖြင့် ကံအကြောင်းတရားတွေကို မဖြတ်နိုင်သေးတဲ့အတွက် သံသရာအဆက်ဆက် လည်နေခဲ့ရတဲ့ ဘဝအသစ် တစ်ဖန်ဖြစ်တည်မှုတွေဟာ မွေးမယ်၊ အိုမယ်၊ နာမယ်၊ သေမယ်ဆိုတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်စေကာ ဒီအကျိုးတရား အနေနဲ့ ခံစားရတဲ့ ဒုက္ခတွေနဲ့ ပတ်သက်ပြီး မိဘနဲ့ သားသမီး ဆရာနဲ့တပည့် ဆွေမျိုးမိတ်သင်္ဂဟ စသူတို့အချင်းချင်း ဘယ်သူ့ဘယ်သူမှ ကယ်တင်ပေးလို့ မရတဲ့ နိယာမလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ 

ဒီအိုနာသေ ဘေးတွေဟာ အမေဖြစ်ရင်အမေခံ၊ အမေဖြစ်ရင်အဖေခံ၊ သားသမီးဖြစ်ရင် သားသမီးခံ၊ ဆရာဖြစ်ရင် ဆရာခံ တပည့်ဖြစ်ရင် တပည့်ခံရမယ့် အစားထိုးခံပေးလို့ မရတဲ့ ဘေးတွေဖြစ်တဲ့အတွက် ဒီဘေးတွေ ကြုံလာရင် ဘယ်လိုမှ ရှောင်ပြေးလို့ မရကြောင်း ဆိုခြင်းဖြစ်ပါတယ်။ 

ဘဝသစ် တစ်ဖန် ဖြစ်နေခြင်း ရှိနေသမျှ အိုနာသေဆိုတဲ့ ဘေးတွေကလည်း ရှိနေကြမှာ ဖြစ်တဲ့အတွက် ဒီဘေးတွေရဲ့လွတ်ရာကို သွားနိုင်ဖို့ ဘဝသစ်ကို တစ်ဖန်ဖြစ်စေတတ်တဲ့ တဏှာကို အပြီးပိုင် ပယ်သတ်နိုင်အောင်ပဲ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ တဏှာကို ပယ်နိုင်ပြီဆိုရင် နောက်ထပ် ဘဝအသစ်ကို ဖြစ်စေနိုင်တဲ့ အကြောင်းကိုလည်း ပယ်ပြီးဖြစ်တဲ့အတွက် ဘဝအသစ် မရှိရင် အိုနာသေဆိုတဲ့ အကျိုးတရား ဒုက္ခဘေးကလည်း ဝေးလွတ်သွားစေတော့တာပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် ပြေးမလွတ်တဲ့ အိုဘေးနာဘေးသေဘေးဆိုတဲ့ ဘေးသုံးမျိုးကနေ ပြေးလွတ်စေနိုင်ဖို့ ဘေးလွတ်ရာအမှန် မြတ်နိဗ္ဗာန်ကို မဂ္ဂင်ရှစ်ရပ် လမ်းသွယ်မြတ်နဲ့သာ မနှောင့်စတမ်း အရောက်လှမ်းကြရမှာ ဖြစ်ပါကြောင်း….။

1 မှတ်ချက်များ (...ရေးရန်):

  • ˙·٠•●♥ 1983 ÑÉÖÑ ♥●•٠·˙ says:
    Sunday, August 19, 2012

    အရှင်ဘုရား တပည့်တော် ဦးခိုက်ပါတယ် ဘုရား
    စာပေတွေ လေ့လာဖတ်ရှု့ ခွင့် ရလို့ ဝမ်းမြောက်မိပါတယ် ..

    တပည့်တော်လည်း ဒိုက်ဦးသားပါ ဘုရား ..
    မြို့ ပေါ် ရပ်ကွက်ကပါပဲ......

    အရှင်ဘုရား ကျန်းမာ ချမ်းသာ စွာဖြင့်
    သာသနာအကျိုး သယ်ပိုးရွက်ဆောင်တဲ့ သာသန အာဇာနည်မြတ်တပါး ဖြစ်ပါစေ အရှင်ဘုရား ။။။



RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ