လူပုဂ္ဂိုလ်နဲ့ ၀ိနည်းသိက္ခာပုဒ်…

“အရှင်ဘုရား.. လူတွေအနေနဲ့ ရဟန်းတော်များရဲ့ ၀ိနည်းသိက္ခာပုဒ်တွေကို သိထားသင့်ပါသလား…၊ လူတွေဝိနည်းတတ်ရင် ရဟန်းသံဃာတော်များအပေါ် အပြစ်တွေပဲ ကြည့်နေတတ်တဲ့အတွက် သာသနာတော်အပေါ် ကြည်ညိုမှု လျော့မသွားနိုင်ဘူးလား..၊ လူတွေ ၀ိနည်းတော်ကို သိခြင်းမသိခြင်းမှာ ဘယ်ဟာက ပိုပြီး အကျိုးကျေးဇူး များနိုင်ပါသလဲ ဘုရား…” စတဲ့ အမေးတွေနဲ့ လူနဲ့ဝိနည်းတော် အကြောင်း မေးမြန်း ပြောဆိုလာတဲ့သူတွေ ရှိပါတယ်။ ဒီအမေးတွေအတွက် ဘုန်းဘုန်းကတော့ “လူတွေအနေနဲ့လည်း ရဟန်းတော်များရဲ့ ၀ိနည်းတော်အကြောင်း သိထားသင့်ပါတယ်၊ သိခြင်းအားဖြင့် သာသနာတော် အတွက်ရော သာသနာ့ဝန်ထမ်း ရဟန်းတော်များ အတွက်ပါ ပိုပြီးအကျိုးကျေးဇူး များနိုင်ပါတယ်..”လို့ ပြောလိုပါတယ်။ “လူပုဂ္ဂိုလ်နဲ့ ၀ိနည်းသိက္ခာပုဒ် ဆက်စပ်နိုင်ရင် ကောင်းတဲ့အချက်ပဲ”လို့ ဆိုချင်ပါတယ်။

ဟုတ်ပါတယ်။ ဒီနေ့ခေတ်ဟာ သဒ္ဓါပညာ ယုတ်လျော့လာတဲ့ ခေတ်ဖြစ်တဲ့အပြင် အကျင့်သီလပိုင်းလည်း အားနည်းလာတဲ့ ခေတ်ဖြစ်ပါတယ်။ ဒါကြောင့်လည်း သတ္တ၀ါတွေဟာ ကျင့်ကြံကြိုးကုတ် အားထုတ်မှုများမှာ လျော့ရဲရဲ ဖြစ်လာကြတာ ဖြစ်ပါတယ်။ အဲဒီယုတ်လျော့မှုတွေထဲမှာ သာသနာ့ဝန်ထမ်း ရဟန်းတော်များရဲ့ ၀ိနည်းသိက္ခာပုဒ်များအပေါ် လိုက်နာကျင့်ကြံ စောင့်ထိန်းမှု အားနည်းလာတာလည်း တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ သာသနာ့ဝန်ထမ်းများ ဖြစ်နေပေမယ့် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုများ၊ ရုပ်ပိုင်းဆိုင်ရာ သာယာမှုများ နောက်ကိုလိုက်ပြီး ၀ိနည်းသိက္ခာပုဒ်တွေထဲက ပေါ့ပါးတဲ့ ၀ိနည်းသိက္ခာပုဒ်လေးတွေကို အလေးမထားတော့ဘဲ ပေါ့ပေါ့တန်တန် နေလာတာတွေ ရှိလာပါတယ်။ အဲဒီလို အသေးအဖွဲလေးပါပဲ ဆိုပြီး အလေးမထားဘဲ ပြုလုပ်တတ်တာလေးတွေဟာ ကြာလာတော့ လူရှေ့သူရှေ့လည်း မရှောင်ဘဲ လုပ်ကုန်တဲ့အထိ ဖြစ်ကုန်တတ်ပါတယ်။ ဒီလို လူတွေရှေ့မှာကို မရှောင်လုပ်လာကြတော့ သဒ္ဓါတရားအားနည်းတဲ့ သူတွေက “ဒီကိုယ်တော်တွေ အလကားပါ၊ ၀ိနည်းတော်နဲ့ မညီတဲ့ ကိုယ်တော်တွေပါ၊ လူတောင်မလုပ်တဲ့ အလုပ်တွေကို လုပ်နေတော့ ဘုန်းကြီးလည်း မဟုတ်တော့ပါဘူးကွာ” စသဖြင့် ပြောဆိုကဲ့ရဲ့ လာတာတွေအထိ ဖြစ်လာတတ်ပါတယ်။

ဒီလို ပြောလာတဲ့ အခါကျတော့ အပြောခံရတဲ့ ကိုယ်တော်တွေကလည်း မခံနိုင်ဖြစ်လာပြီး “လူတွေအနေနဲ့ ဘုန်းကြီးတွေရဲ့ ၀ိနည်းသိက္ခာပုဒ်အကြောင်း မသိဘဲနဲ့ လာပြောမနေနဲ့၊ လူတွေအနေနဲ့ ငါးပါးသီလလေးတောင် လုံအောင်မထိန်းနိုင်ဘဲနဲ့ ဘုန်းကြီးတွေရဲ့ ၀ိနည်းသိက္ခာပုဒ်အကြောင်း မပြောသင့်ဘူး၊ ဒို့ကျူးလွန်မိတဲ့ အာပတ်တွေဟာ ဒေသနာကြားရင် ပျောက်တဲ့အာပတ်တွေပဲ၊ ဘာပဲညာပဲ” စသဖြင့် ပြန်လှန်ပြောဆိုတာတွေ ရှိလာပါတယ်။ နောက်ဆုံးတော့ ဆရာဒကာကြားမှာ အဆင်မပြေ ဖြစ်လာတဲ့အထိ အခြေအတင် ဖြစ်ကုန်ကြပါတော့တယ်။ ဒါဟာ ၀ိနည်းသိက္ခာပုဒ်အချို့ကို ဖောက်ဖျက်တတ်တဲ့ ရဟန်းတော်များရဲ့ လုပ်ဆောင်ချက်တွေကြောင့် ဖြစ်သလို ၀ိနည်းသိက္ခာပုဒ်ကို အပြည့်အ၀ နားမလည်ဘဲ “သင်္ကန်းဝတ်ပြီး ဒါတွေလုပ်နေမှတော့ ရဟန်းမဟုတ်တော့ဘူး” ဆိုတဲ့ ကိုယ့်ထင်မြင်ချက်လေးနဲ့ ပြောဆိုကဲ့ရဲ့ တတ်တဲ့ လူပုဂ္ဂိုလ်တွေကြောင့်လည်း ပါဝင်ပါတယ်။ ၀ိနည်းသိက္ခာပုဒ်တွေကို တိတိကျကျ သိမထားတော့ ရဟန်းတော်များဘက်က ကျူးလွန်မိတတ်တဲ့ ပေါ့ပေါ့ပါးပါး သိက္ခာပုဒ်လေးတွေကိုပဲ ကြီးကြီးမားမားတွေကို ကျူးလွန်နေသလို ထင်သွားတတ်ပြီး စွတ်စွဲကဲ့ရဲ့ကာ အပြစ်ယူတာတွေအထိ ဖြစ်ကုန်တတ်ပါတယ်။

သိတဲ့အတိုင်း ရဟန်းတော်များရဲ့ ၀ိနည်းသိက္ခာပုဒ်တွေကလည်း အများသား။ အကျဉ်း (၂၂၇)ပါး၊ အကျယ်ပြောရင် ကုဋေကိုးထောင်ကျော် အထိကို ရှိတာပါ။ အဲဒီထဲမှာမှ ကြီးလေးတဲ့ ဂရုကအာပတ်နဲ့ ပေါ့ပါးတဲ့ လဟုက အာပတ်တွေရယ်လို့ ခွဲခြားနိုင်ပါတယ်။ ပါရာဇိက အာပတ်တွေလို ကျူးလွန်မိတာနဲ့ ရဟန်းဘ၀ဆုံးရှုံးသွားတဲ့ အာပတ်တွေ ရှိသလို၊ သံဃာအင်အားနဲ့ ခက်ခက်ခဲခဲ ကုစားမှ အပြစ်ကျေတဲ့ အာပတ်တွေလည်း ရှိပါတယ်။ ပြီးတော့ အာပတ်ဖြေတယ်လို့ ခေါ်တဲ့ ဒေသနာ ကြားရုံနဲ့ ပျောက်တဲ့ အာပတ်တွေကလည်း အများကြီး ရှိပါတယ်။ ဒီလို အာပတ်အမျိုးမျိုး ရှိတဲ့အတွက် တစ်ချို့ အာပတ်ဖြေရင် ပျောက်တဲ့ သိက္ခာပုဒ်တွေကို ကျူးလွန်မိတဲ့ ရဟန်းတော်များဟာ အခြေအနေအရ ကျူးလွန်မိတတ်ပေမယ့် အခါအားလျော်စွာ ဒေသနာလေးတွေ ကြားနေတဲ့အတွက် အာပတ်တွေကို ဖြေဖျောက်ထားစေနိုင်ပါတယ်။ လူတွေအနေနဲ့က ဒီအခြေအနေတွေကို မသိရတော့ ရဟန်းတော်များ အသေးအဖွဲ အာပတ်လေးတွေကို ကျူးလွန်မိတာကိုပဲ ရဟန်းမဟုတ်ဘူးလို့ ပြောဆိုလာမိတတ်ပါတယ်။ ဒီအခါမှာ ရဟန်းတော်များနဲ့ ထိပ်တိုက်တွေ့ကာ အဆင်မပြေတဲ့အထိ ဖြစ်ကုန်ပါတော့တယ်။

ဆိုကြပါစို့။ နေ့လွဲညစာစားတာ၊ သီချင်းဆိုမိတာ၊ ဟိုကားဒီကားတွေ ကြည့်မိတာ စတာတွေဟာ ရဟန်းတော်များရဲ့ ၀ိနည်းသိက္ခာပုဒ်တွေအရ ဒေသနာကြားရင် ပျောက်တဲ့အာပတ်မျိုးပါ။ ယုတ်စွအဆုံး အရက်သောက်မိတာကိုတောင် ၀ိနည်းတော်အရတော့ ဒေသနာကြားရင် ပျောက်တဲ့အာပတ်မျိုးထဲမှာ ပါဝင်ပါတယ်။ ဒီလို အသေးအဖွဲ အာပတ်ဆိုတာကို မသိတဲ့အခါကျတော့ ဒါတွေကျူးလွန်မိတာကို တွေ့တဲ့ လူတွေအနေနဲ့ “ဒီကိုယ်တော်တွေ ဘုန်းကြီး မဟုတ်တော့ပါဘူး”လို့ ပြောဆိုကဲ့ရဲ့တဲ့အထိ ဖြစ်ကုန်တတ်တဲ့ သဘောရှိပါတယ်။ ဒါပေမယ့် ရဟန်းတော်များ အနေနဲ့ သတိပြုသင့်တာက အရက်သောက်တာဟာ ၀ိနည်းတော်အရ အာပတ်အသေးလေးလို့ ဆိုပေမယ့် လောကကြောင်းအရတော့ ကြီးလေးတဲ့ အပြစ်ကြီး တစ်ခုဖြစ်နေတယ်ဆိုတာ သတိပြုရပါမယ်။ အကောင်းဆုံးကတော့ ၀ိနည်းသိက္ခာပုဒ်တွေကို ဘာပဲဖြစ်ဖြစ် မကျူးလွန်မိတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

ဆိုလိုတာက ဒီလို နားလည်မှု လွဲတတ်တာလေးတွေ ရှိတဲ့အတွက် လူတွေအနေနဲ့လည်း ၀ိနည်းတော်တွေကို သိထားဖို့ လိုတယ်လို့ ဆိုလိုတာပါ။ ၀ိနည်းသိတဲ့အတွက် ရဟန်းတော်များအပေါ် အကြည်ညိုလျော့ပြီး ကဲ့ရဲ့မှု ပိုများနိုင်တယ် ဆိုတာကတော့ ပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ သဒ္ဓါတရားနဲ့ ဆိုင်သွားပါတယ်။ သဒ္ဓါတရားကောင်းပြီး သာသနာတော်ကို ကြည်ညိုတတ်တဲ့ သူတွေကတော့ အကြည်အညို မပျက်ကြပါဘူး။ ၀ိနည်းတွေကို သိထားတဲ့အတွက် ပိုလို့တောင် နားလည်ပေးတတ်နိုင်ပါတယ်။ ဒါက အာပတ်အသေး၊ ဒါက အာပတ်အကြီး ဆိုပြီး ခွဲခြားနာလည်ကာ ပိုပြီး ကြည်ညိုမှုကိုတောင် ပေးနိုင်ပါသေးတယ်။ ၀ိနည်းနားလည်တဲ့အတွက် ၀ိနည်းတော်နဲ့ အပ်စပ်အောင် ရဟန်းတော်များအပေါ် ပြုစုလုပ်ကျွေးနိုင်တာကြောင့် ကုသိုလ်တရားတောင် ပိုမိုတိုးပွားနိုင်ပါတယ်။ ၀ိနည်းသိက္ခာပုဒ်နဲ့ မညီတဲ့ ရဟန်းတော်အချို့ကို တွေ့ရင်လည်း သာသနာတော်ကို ကြည်ညိုတဲ့စိတ်နဲ့ စေတနာထား ထောက်ပြကာ ကျူးလွန်မိတဲ့ ရဟန်းတော်များကို နောင်မကျူးလွန်မိဖို့ ပြုပြင်ပေးလာနိုင်ပါတယ်။ ဒါကြောင့် လူတွေအနေနဲ့ ၀ိနည်းတော်အကြောင်း သိထားတာက ပိုကောင်းပါတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

အကယ်၍ လူတွေအနေနဲ့ ၀ိနည်းသိက္ခာပုဒ်တွေဟာ ဒို့နဲ့မဆိုင်ပါဘူး၊ ရဟန်းတော်များ အလုပ်ပါ၊ သူ့အလုပ်သူလုပ်ပါစေ ဆိုတဲ့ သဘောမျိုး ရှိနေရင်တော့ ၀ိနည်းတွေကို သိထားဖို့ မလိုပါဘူး။ ဒါပေမယ့် ကိုယ်မသိတဲ့ အရာတွေအပေါ်မှာတော့ အလွယ်တကူ ပြစ်တင်ဝေဖန်တာတွေကို ရှောင်ကြဉ်ဖို့ လိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ့်အထင်နဲ့ ဒါဟာ ၀ိနည်းနဲ့မညီဘူး၊ ဒီကိုယ်တော် လူဖြစ်နေပြီ စတဲ့အတွေး၊ အပြောတွေနဲ့ အသေးအဖွဲ အာပတ်လေးလောက်ပဲ သင့်ထားတဲ့ ရဟန်းတစ်ပါးပါးကို ကဲ့ရဲ့မိရင် အဲဒီပုဂ္ဂိုလ်ဟာ အာပတ်လေးတွေ သင့်ထားပေမယ့် တကယ်ရဟန်းအစစ် ဖြစ်နေတဲ့အတွက် ဝေဖန်မိတဲ့ ကိုယ့်မှာ အရမ်းအပြစ်ကြီးပါတယ်။ ကိုယ့်ရဲ့ဝေဖန်မှုဟာ စေတနာ အလိုဆိုးမပါရင်တော့ ဒီလောက်အပြစ် မကြီးပေမယ့် ကိုယ်ကိုယ်တိုင် မသိတဲ့အပေါ်မှာ အရမ်းမဝေဖန်၊ မကဲ့ရဲ့တာ ကောင်းပါတယ်။

ဘာပဲဖြစ်ဖြစ် အဆိုးအကောင်းဆိုတာ ရှိတဲ့အတွက် ဒီနေရာမှာ အဓိကပြောချင်တာက လူပုဂ္ဂိုလ်များ အနေနဲ့လည်း ဖြစ်နိုင်ရင် ရဟန်းတော်များရဲ့ ၀ိနည်းတော်အကြောင်းကို သိထားသင့်တယ်လို့ ပြောချင်တာပါ။ ၀ိနည်းအကြောင်းကို သေသေချချာ မသိတဲ့အခါမှာ ၀ိနည်းတော်အရ ပေါ့ပေါ့ပါးပါး အာပတ်လေးတွေကိုလည်း ကိုယ့်အနေနဲ့ အပြစ်အကြီးကြီးလို့ထင်ကာ ရဟန်းတော်များကို လိုတာထက်ပိုပြီး ကဲ့ရဲ့မိတတ်၊ အပြစ်ပြောမိတတ်တဲ့ အပြင် စေတနာ သဒ္ဓါတရားပါ လျော့မိတတ်တဲ့အတွက် ၀ိနည်းတော်တွေကို သိထားရင် ပိုကောင်းတယ်လို့ ဆိုချင်တာပါ။ အကယ်၍ သိထားဖို့မလိုပါဘူး၊ မသိတာ ကောင်းပါတယ်ဆိုရင်လည်း ကိုယ့်အမြင်နဲ့ အလွယ်တကူ ဝေဖန်ပြစ်တင် ကဲ့ရဲ့မှု မပြုကြဖို့ အသိပေးလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ဆရာဒကာ ရေနဲ့ကြာဆိုသလို ရဟန်းတော်များနဲ့ ဒကာဒကာမများဟာလည်း တစ်ဦးအပေါ်တစ်ဦး အမှီပြုနေကြတာ ဖြစ်တဲ့အတွက် တစ်ဦးအကြောင်းတစ်ဦး သေသေချာချာ နားလည်သဘောပေါက် ထားရင် အပြစ်ပြော ကဲ့ရဲ့တာတွေဟာ တဖြည်းဖြည်း နည်းစေနိုင်မှာဖြစ်လို့ လူတွေအနေနဲ့ ရဟန်းတော်များရဲ့ ၀ိနည်းဆိုင်ရာများကိုလည်း သိထားသင့်ကြောင်း၊ ၀ိနည်းတော်အကြောင်း သိထားတဲ့အတွက် ရဟန်းတော်များရဲ့ အာပတ်အသေး၊ အကြီးများ အပေါ် ပိုမိုနားလည်နိုင်ပြီး တတ်နိုင်သမျှ ၀ိနည်းနဲ့အညီ ပြုစုလုပ်ကျွေးနိုင်ကြောင်း၊ ၀ိနည်းသိထားတဲ့အတွက် သာသနာတော်ကို တစ်ဘက်တစ်လမ်းမှ ကူညီစောင့်ရှောက်ပေးနိုင်ကြောင်း အသိပေးတင်ပြရင်း ၀ိနည်းမသိဘဲ လက်လွတ်စပယ် ဝေဖန်ပြစ်တင်မှုမျိုး ကိုလည်း အလွယ်တကူ မလုပ်မိအောင် အထူးရှောင်ကြဖို့ အလေးဂရုနဲ့ တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

3 မှတ်ချက်များ (...ရေးရန်):

  • Anonymous says:
    Wednesday, July 14, 2010

    ရဟန်းတော်တွေကို လူတွေက သူတို့အမြင်မှာ သူတော်ကောင်းလို့ မြင်ကြ၊ သတ်မှတ်ကြတဲ့အတွက် အရက်သောက်တာကိုတော့ ရှောင်တာ ကောင်းပါတယ်။ တော်ကြာ ငါတို့နဲ့ ဘာထူးလဲ၊ ဘာရှိခိုးနေစရာ လိုသလဲလို့ မြင်စရာ ဖြစ်နိုင်ပါတယ်။

    ပိုအရေးကြီးတာက ''ရဟန်းလဲ ပုထုဇဉ်ဖြစ်သည်၊ ကိလေသာ အနှောင်အဖွဲ့မှ လွတ်မြောက်နေသည်ဟု ခပ်တည်တည် ငြင်းခွင့်မရှိ'' ဆိုတဲ့ စကားလုံးလှလှတွေကို သုံးစွဲပြီး မာတုဂါမများနဲ့ မရိုးမသား ကျွမ်းဝင်ခြင်းကို အခွင့်အရေး တစ်ခုလို ပြောင်ပြောင်တင်းတင်း လုပ်လာခြင်းပါပဲ။ ဒါ ပွင့်လင်းတာ၊ ရိုးသားတာ၊ ဟန်မဆောင်တာ မဟုတ်ဘဲ ဟိရီသြတ္တပ္ပမဲ့တာ၊ သာသနာ့အရေခြုံပြီး ဘုရားတရားတော်ကို စော်ကားတာပါပဲ။

    အချို့ရဟန်းတော်များဟာ မိမိတို့ ဘွဲ့ဒီဂရီတွေ ရထားတာကို အားသာချက်တစ်ခုအဖြစ် မြင်ပေးပြီး ပါရာဇိက သိက္ခာပုဒ်အပါအဝင် သိက္ခာပုဒ်ကြီးတွေကို ထိပါးမိတာကို ထေပေးစေချင်ကြပါတယ်။ လူမထွက်ခြင်းကို သာသနာအတွက် သူတို့ ကိုယ်ကျိုးစွန့်နေရသလို အကြိမ်ကြိမ် ကြွေးကြော်လိုကြပါတယ်။ ပါရာဇိက ကျပြီးမှတော့ လူမထွက်လဲ ရဟန်းမဟုတ်တော့ပါ။ ပရိသတ်ထဲမှာ ဒီရဟန်းမျိုး ပါနေရင်တောင် မြတ်စွာဘုရားဟာ ပရိသတ် မသန့်ရှင်းဘူးဆိုပြီး သံဃာထုကို အဆုံးအမ မပေးဘဲ ဆိတ်ဆိတ်နေတတ်တာ သတိပြုသင့်ပါတယ်။ ရဟန်းမဟုတ်တော့ရင် သာသနာထဲက ထွက်ပေးဖို့ကို မြတ်စွာဘုရား အလိုရှိပါတယ်။

  • Anonymous says:
    Wednesday, July 14, 2010

    တစ်ဖက်ကလဲ ဝိနည်း အငယ်နဲ့ အကြီးကို နားမလည်ဘဲ သတ္တဝါနဲ့လက်နက် မမျှအောင် ကဲ့ရဲ့တာမျိုး၊ အပြစ်နဲ့ မတန်အောင် မတန်တဆ ပြောတာမျိုး ရဟန်းဖြစ်စေ လူဖြစ်စေ မလုပ်အပ်ပါဘူး။ မြတ်စွာဘုရား လက်ထက်တော်က ကောသမ္ဘီမှာ ကုဋီသုံးရေ ကိစ္စနဲ့ ဝိနည်းဆောင် ပုဂ္ဂိုလ်က ပြစ်တင်ကဲ့ရဲ့ရာက စပြီး သံဃာဂိုဏ်းကွဲရတယ်ဆိုတာ မဖြစ်သင့်တဲ့ ကိစ္စမျိုးပါ။ ဝိနည်းကို လက်နက်တစ်ခုလို အသုံးချပြီး အခြားသံဃာများ အနေကျုံ့အောင် စွပ်စွဲတိုက်ခိုက်နေတာမျိုးလဲ မလုပ်အပ်ပါဘူး။

    သံဃာတော်များ ခေတ်ကာလအရ သွားရေးလာရေး ပညာရေးမှာ ငွေကြေး ကိုင်တွယ်သုံးစွဲနေရတာကို အမြဲတိုက်ခိုက် ချိုးနှိမ်နေတဲ့ ကိုယ်တော်ကြီးတစ်ပါးကို လျှောက်ထားဖူးပါတယ်။ အရှင်ဘုရားရဲ့ သွားရေးလာရေးကို ငွေကြေးမကိုင်ရင် ဘယ်လို စီမံပါသလဲဆိုတော့ ဒကာတွေက ကိုယ်ပိုင်ကားနဲ့ လာကြိုပို့တယ်တဲ့။ ဒါဆို ဒီလို ကိုယ်ပိုင်ကားနဲ့ လာကြိုပို့မယ့် ဒကာမရှိလို့ ဘတ်စ်ကားခ,လေး လက်ထဲဆုပ်ပြီး ဘတ်စ်ကားတိုးစီးနေရတဲ့ သံဃာတွေကို ငွေကိုင်တယ်၊ အာပတ်သင့်တယ်-လို့ ကဲ့ရဲ့နေတာ မတရားမှန်း ရှင်းနေပါပြီ။

    ဦးဇင်းကြီး တစ်လတစ်လ သုံးစွဲနေတဲ့ အသုံးစရိတ်တွေက သိန်းချီနေတော့ ငွေမကိုင်ရင် ဒါတွေကျ ဘယ်လိုလုပ်ပါသလဲ မေးလျှောက်တော့ ဒကာတွေ လှူတာပဲ တဲ့။ သူများကို ကပ်ရင်တော့ ငွေ၊ အာပတ်သင့်တယ်၊ ငါ့ကိုကပ်ရင် ဝတ္ထု၊ အာပတ်မသင့်ဘူး ပြောရမလို ဖြစ်နေပြီ။ နောက်တော့ ဦးဇင်းကြီးမှာ ဝိနည်းနဲ့အညီ ကပ္ပိယကတစ်ဆင့် အလှူခံတယ်ဆိုတဲ့ ငွေတွေ စုဆောင်းထားတာ လူမသိသူမသိ သိန်းပေါင်းများစွာ ရှိပြီဆိုတော့ --ငွေကိုင်တာ သားမယားယူတာနဲ့ အတူတူပဲ-ဆိုတဲ့ စကားလုံးများနဲ့ အခြားသံဃာတွေကို တိုက်ခိုက်နေတဲ့ ဝိနည်းဓိုရ်အတုအပ တစ်ပါးရဲ့အဖြစ်ကို ကျောချမှ ဓားပြမှန်း သိရတော့တယ်။ ခုထိတော့ မသိတဲ့ ဒကာဒကာမတွေက ဝိနည်းကို သိပ်လေးစားတဲ့ ကိုယ်တော်ကြီး၊ တခြားဘုန်းကြီးတွေ ဝိနည်းနဲ့ မအပ်စပ်တာတွေကိုလဲ အမုန်းခံ တိုက်ခိုက်ပေးနေတဲ့ ကိုယ်တော်ကြီးဆိုပြီး ကြည်ညိုလာဘ်လာဘ ပေါဆဲပါ။

    တောင်တန်း သာသနာပြုကြွတဲ့ သံဃာတွေ၊ သာသနာ မရှိသေးတဲ့အရပ် ရောက်နေတဲ့ သံဃာတွေဆို လောင်းလှူမယ့်သူ မရှိလို့ ဆွမ်းကို ဖြစ်သလို ကိုယ်တိုင်ချက်ဘုဉ်းရတယ်။ ဒါကို အာပတ်သင့်တယ်၊ ဆွမ်းကို မကပ်ဘဲ စားတယ်လို့ အမြဲကဲ့ရဲ့နေတာမျိုးကျတော့ ဝိနည်းကို လက်တစ်လုံးခြားလုပ်ပြီး အပြစ်ရှာခြင်းမျိုး ဖြစ်သွားပြီ။ ဒါမျိုးလဲ ရှောင်ကြဉ်သင့်ပါတယ်။

  • To Anonymous..
    မှတ်ချက်လေးတွေ ရေးသွားတာ အရမ်းကောင်းပါတယ်။ ရဟန်းတော်များရော လူပုဂ္ဂိုလ်တွေပါ သတိပြုသင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ရဟန်းတော်များ အနေနဲ့ သံဃာ့ဂုဏ်တော် ကိုးပါးမှာပါတဲ့ ရှေ့ပိုင်းဂုဏ်တော်တွေဖြစ်တဲ့ ကောင်းစွာကျင့်ခြင်း၊ ဖြောင့်မတ်စွာကျင့်ခြင်း၊ မဂ်ဖိုလ်နိဗ္ဗာန်အကျိုးငှါကျင့်ခြင်း၊ ရိုသေမှုနှင့် လျော်အောင်ကျင့်ခြင်း ဆိုတဲ့ အချက်တွေကို အလေးထားပြီး ၀ိနည်းသိက္ခာပုဒ်တွေ အပေါ်မှာလည်း ကြိုးစားပြီး စောင့်ထိန်းနိုင်ကြရင် ကောင်းသလို လူတွေအနေနဲ့လည်း ၀ိနည်းသိက္ခာပုဒ် အကြီးအသေး ခွဲခြားပြီး အပြောအဆို အကဲ့ရဲ့တွေကို ဉာဏ်နဲ့ယှဉ်ကာ စေတနာထားနိုင်မယ်ဆိုရင် ကောင်းပါတယ်။ ဒီလိုဆိုရင် ဆရာဒကာ ဆက်ဆံရေးမှာ ဘာမှ အပြစ်ဖြစ်စရာ မရှိနိုင်ပါဘူး။


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ