အသေးအဖွဲ လိမ်ညာမှုမှသည်…


မဟုတ်မမှန် လိမ်ညာပြောဆိုမှုရဲ့နောက်မှာ ဆက်ဆက်ပြီး လိမ်နေရတတ်တဲ့ သဘောတွေ ရှိတတ်ပါတယ်။ ပထမတော့ ကိုယ့်ကိုယ်ကို ဆင်ခြေပေးတဲ့ သဘောနဲ့ လိမ်ညာမိလိုက်ပေမယ့် နောက်ပိုင်း အဲဒီလိမ်ညာမှုကို  ဖုံးရင်းနဲ့ အလိမ်တွေဟာ မဆုံးနိုင်ဘဲ အထပ်ထပ် လိမ်နေမိတော့တာ ဖြစ်ပါတယ်။ 

ဒကာလေးတစ်ယောက်က သူ့အတွေ့အကြုံလေးတစ်ခုကို လျှောက်ဖူးပါတယ်။ တစ်နေ့တော့ သူဟာ အိပ်ရာက မနိုးဘဲ အလုပ်ဝင်ဖို့ နောက်ကျနေချိန်မှာ သူ့သူဌေးဆီက ဖုန်းဝင်လာပါတယ်တဲ့။ ဒါနဲ့သူလည်း သူ့အပြစ်ကို ဖုံးကွယ်လိုတဲ့ သဘောနဲ့ နေမကောင်းတဲ့အကြောင်း လိမ်ပြောလိုက်ပါတယ်တဲ့။ ဒီတော့ သူဌေးလည်းစိတ်ပူပြီး ဆေးခန်းသွားဖို့ပြောကာ ဆေးတွေလည်း ပို့လာပါတယ်။ နောက်ဆက်တွဲ အနေနဲ့  အဲဒီ ဒကာလေးဟာ တကယ်မဟုတ်ဘဲ လိမ်ညာပြောဆိုမိရာက သူ့အလိမ်နောက်မှာ ဆက်ဆက်ပြီး အကြောင်းတစ်မျိုးမျိုးပြကာ လိမ်ညာမိတော့တာပဲ  ဖြစ်ပါတယ်။

တကယ်တော့ ဒီလိုအဖြစ်မျိုးက အတော်များများ ကြုံဖူးကြတာ ဖြစ်ပါတယ်။ ဘာမှ မဖြစ်လောက်ပါဘူးဆိုပြီး အမှတ်တမဲ့ လိမ်ညာမိတဲ့အဖြစ်ဟာ ဆက်ကာဆက်ကာ လိမ်ညာမှုကို ဖြစ်စေတတ်တဲ့ သဘောပဲ ဖြစ်ပါတယ်။ တစ်ချို့က ဂုဏ်သိက္ခာကို ဖုံးကွယ်လိုတဲ့ သဘော၊ အရှက်ကို ဖုံးကွယ်လိုတဲ့ သဘော၊ အပြစ်ကို ဖုံးကွယ်လိုတဲ့ သဘော စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ လိမ်ညာမိရာက နောက်ဆုံး မဟာလူလိမ်ကြီး အဖြစ် ရောက်သွားတာတွေလည်း ရှိတတ်ပါတယ်။ အဒီလို အသေးလေးကစပြီး လိမ်ညာမိရာက နောက်ပိုင်းမှာ ကိုယ်ကိုယ်တိုင်တောင် ကိုယ့်ကိုယ်ကို လိမ်ပြောနေမှန်း မသိတော့တဲ့ အဖြစ်ကို ရောက်သွားကြတာတွေလည်း အများကြီး ရှိတတ်ကြပါတယ်။ အသေးအဖွဲ လိမ်ညာမှုဟာ အကြီးမားဆုံး အပြစ်ကို ကျူးလွန်နိုင်တဲ့အထိ ဖြစ်တတ်ပါတယ်။ 

ဒါကြောင့် မြတ်စွာဘုရားရှင်က သားတော် ရာဟုလာကို "ချစ်သား ရာဟုလာ မုသားဆိုလျင် ရယ်ဖွယ်မျှပင် မပြောလင့်" လို့ မိန့်တော်မူတာ ဖြစ်ပါတယ်။ အပျော်အပြက် လိမ်ညာမိရာက အတည်လိမ်တဲ့အထိ အတည်လိမ်ရာက အမှန်ကို မမြင်တော့တဲ့အထိ အမှန်မသိရာကနေ အမှားကို ဆက်ဆက်လုပ်မိတော့တဲ့အထိ ရောက်သွားတတ်တာပဲ ဖြစ်ပါတယ်။ 

အရင်းစစ်တော့ အသေးအဖွဲ လိမ်ညာမှုကနေ မကောင်းမှုကို အကြီးအကျယ် ကျူးလွန်မိတတ်တဲ့အထိ မုသာဝါဒကို ထည်လဲသုံးမိတတ်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဘဝမှာ အသေးအဖွဲ လိမ်ညာမှုကနေ ဆက်ကာဆက်ကာ လိမ်ညာမိတဲ့အထိ ဖြစ်တတ်တဲ့အတွက် မုသာဝါဒကို အသေးလေးပဲ ဖြစ်ဖြစ်၊ အကြီးကြီးပဲ ဖြစ်ဖြစ် မကြီးမသေးပဲဖြစ်ဖြစ် မပြောမဆိုဘဲ နေထိုင်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ 

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ