နဲနဲလေးတော့ လွဲနေတယ် (၂၁)...

အသေထွက် အရှင်ထွက်နဲ့ ဗုဒ္ဓဘာသာ
မြန်မာဗုဒ္ဓဘာသာများကြားမှာ အသေထွက်၊ အရှင်ထွက်ကိစ္စက တော်တော်ကို အပြောများပြီး အယုံအကြည်လည်း များနေတာကို တွေ့ရတတ်ပါတယ်။ တစ်ခါတလေ မြန်မာပြည်အနှံ့ ဟိုဟိုဒီဒီ ကြွတဲ့အခါ ကားဂိတ်ရထားဂိတ်တွေမှာ ဘုရားပုံ၊ ဘုန်းကြီးပုံ၊ ဘိုးတော်ဘွားတော်ပုံတွေ လိုက်ရောင်းတဲ့ ဈေးသည်များရဲ့ “ဒီဆရာတော်က နှစ်ဘယ်နှစ်ထောင် ရှိပြီ၊ ဒီပုံက ဟိုအရှင်ထွက် ဆရာတော်ကြီးရဲ့ပုံ၊ ဒီဆရာတော်ကြီးက ဘယ်လိုထွက်ရပ်ပေါက်တာ၊ ဒီပုံကို ပူဇော်ရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ်” စသဖြင့် ပြောဆိုကာ လှည့်လည် ရောင်းချနေတဲ့ အသံတွေကို ကြားရတတ်သလို တစ်ခါတစ်ခါလည်း ဒကာဒကာမအချို့နဲ့ စကားပြောရင်း “ဘယ်ဆရာတော်ကြီးကတော့ ဘယ်လိုထွက်ရပ်ပေါက်သွားတာ၊ သူတို့ကိုးကွယ်တဲ့ ဘယ်ဘုန်းကြီးကတော့ အရှင်ထွက်ထွက်သွားတာ၊ ဘယ်ဆရာတော်ကြီးကတော့ ပျံတော်မူသွားတာ ကြာပေမယ့် ခန္ဓာကိုယ်ကြီးက မပုတ်မသိုးဘဲ ခုချိန်ထိ ခေါင်းရိတ်ပေးနေရတာ၊ လက်သည်းခြေသည်းတွေ ညှပ်ပေးနေရတာ” စသဖြင့် ပြောဆို လျှောက်ထားသံကိုလည်း နားထောင်ဖြစ်ခဲ့ဖူးပါတယ်။ ကြုံရင်ကြုံသလို ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပြောပြပေးဖြစ်ပေမယ့် မြန်မာဗုဒ္ဓဘာသာအများရဲ့ အရိုးစွဲနေတဲ့ အသေထွက်၊ အရှင်ထွက်လို့ခေါ်တဲ့ ထွက်ရပ်ပေါက်ကိစ္စနဲ့ ပတ်သက်တဲ့ ယုံကြည်မှုတွေကတော့ ရှိမြဲရှိနေတာပဲ ဖြစ်ပါတယ်။ ဆိုးတာက လွဲနေတာကို လွဲနေမှန်းမသိတာကိုက နည်းနည်းလေးကို လွဲနေကြတာ ဖြစ်ပါတယ်။

တကယ်တော့ ဘယ်သူမဆို အသေပဲထွက်ထွက်၊ အရှင်ပဲထွက်ထွက် ဒါဟာ အသက်ထွက်တာပဲ ဖြစ်ပါတယ်။ အသက်ထွက်တယ်ဆိုတာ သေတာကို ပြောတာဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာအလိုအရ သတ္တဝါ တစ်ဦးတစ်ယောက် သေတယ်ဆိုတာ နာမ်သက်ရုပ်သက် နှစ်ခုလုံးချုပ်သွားတာကိုပဲ ဆိုတာဖြစ်ပါတယ်။ နာမ်ရုပ် နှစ်ပါးနဲ့ ဖွဲ့စည်းထားတဲ့ သတ္တဝါမှန်သမျှ ဘဝတစ်ခု နိဂုံးချုပ်သွားတယ်ဆိုရင် ဒါဟာနာမ်သက်ရုပ်သက် နှစ်ခုလုံး ချုပ်သွားတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါဆိုရင် ရုပ်နာမ်နှစ်ပါးနဲ့ တည်ဆောက်ထားတဲ့ ပုဂ္ဂိုလ်သတ္တဝါ မှန်သမျှ လူပဲဖြစ်ဖြစ်၊ ရဟန်းသံဃာပဲ ဖြစ်ဖြစ်၊ ဘုရားပစ္စေကပဲ ဖြစ်ဖြစ် သေဆုံးသွားကြတဲ့အခါ အကုန်လုံး နာမ်သက်ရုပ်သက် သေသွားကြတာ အမှန်ပဲ ဖြစ်ပါတယ်။ အဲဒီလို သေသွားကြတဲ့ သတ္တဝါမှန်သမျှ အရှင်ထွက်သွားတယ်၊ အသေထွက်သွားတယ်ဆိုတာ မရှိနိုင်တော့ပါဘူး။ သေပြီးမှ ဘယ်လိုလာပြတယ်၊ ဘယ်မှာရှိနေတယ် စတာတွေ ဖြစ်လာတယ်ဆိုရင် ဒါဟာ သေပြီးနောက်ဘဝ ရောက်သွားပြီးမှ ထင်ရှားလာတဲ့ သဘောပဲ ဖြစ်ပါတယ်။ ရုပ်သာသေပြီး နာမ်ကမသေဘဲ တစ်ခြားဘဝကို ကူးပြောင်းသွားတာလို့ ယူဆခဲ့မယ်ဆိုရင် ဗုဒ္ဓဘာသာ အလိုနဲ့ မကိုက်ညီဘဲ ဝိညာဉ်ကို လက်ခံတဲ့သဘော၊ အတ္တကို လက်ခံတဲ့သဘော ဖြစ်သွားတတ်ပါတယ်။ ဗုဒ္ဓဘာသာမှာ အတ္တဝိညာဉ်ဆိုတာ မရှိဘဲ နာမ်နဲ့ရုပ်ပဲ ရှိတယ်ဆိုတဲ့ အချက်ကို သတိပြုရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ဘဝကူးသွားတယ်ဆိုတာ ဘာကကူးတာလဲလို့ မေးစရာ ရှိပါတယ်။ ဒီအမေးအတွက်တော့ မသေခင် လုပ်ခဲ့တဲ့ ကံအစွမ်းတွေက ကူးတာလို့ပဲ ဖြေရမှာ ဖြစ်ပါတယ်။

ထားပါတော့။ ပြောချင်တာက အသေထွက် အရှင်ထွက်နဲ့ ပတ်သက်ပြီး ပြောချင်တာ ဖြစ်ပါတယ်။ ဘုရားရှင်များ၊ ရဟန္တာ မထေရ်ကြီးများ စတဲ့ သီလသမာဓိ ပညာ အားကောင်းတဲ့ သူတော်ကောင်းများ အားလုံးဟာ ပျံလွန်တော်မူသွား၊ ပရိနိဗ္ဗာန် ပြုတော်မူသွားတဲ့အခါ အများထင်နေသလို အရှင်ထွက် ထွက်သွားကြတာ မဟုတ်သလို အသေထွက်လည်း ထွက်သွားကြတာ မဟုတ်ဘဲ နာမ်သက်ရုပ်သက် သေသွားကြတာပဲ ဖြစ်ပါတယ်။ ဒီလို နာမ်ရုပ်နှစ်ခုလုံး သေသွားကြတာ ဖြစ်တဲ့အတွက် မသေခင် ပျောက်သွားတယ်၊ ပျံတော်မူသွားပေမယ့် ရုပ်ကမသေဘဲ ဒီအတိုင်းပဲ ရှိနေတယ် စတာတွေလည်း မရှိတော့ပါဘူး။ ဒါဆိုရင် တစ်ချို့ဆရာတော်ကြီးများရဲ့ ရုပ်အလောင်းတွေက ဘာကြောင့် ဆံတော်တွေ ရှည်လာရတာလဲ၊ မပုတ်မသိုးဘဲ ရှိနေရတာလဲ၊ ခြေသည်းလက်သည်းတွေ ဘာကြောင့် ထွက်လာရတာလဲ စသဖြင့် မေးစရာ ရှိပါတယ်။ ဒီလိုသဘောတွေကို လက်တွေ့မြင်လို့လားလို့ မေးရင်အတော်များများက တဆင့်စကားနဲ့ ဆင့်ပွားကြတဲ့ သဘောရှိပါတယ်။ တကယ်လို့ လက်တွေ့မြင်တွေ့တာ ဆိုရင်လည်း ဒါဟာ အကယ်၍ ရဟန္တာ မထေရ်ကြီးများ အနေဖြင့် မသေခင် အဓိဋ္ဌာန် တစ်ခုခု ပြုတော်မူသွားတဲ့အခါ၊ တစ်စုံတစ်ယောက်ကို ချီးမြှောက်လိုတဲ့ အခါမျိုးမှာ အဲဒီ ရဟန္တာများရဲ့ အဓိဋ္ဌာန်ချက်အတိုင်း ကျန်ရစ်ခဲ့တဲ့ ရုပ်အကောင်ဟာ တည်တံ့နေတတ်တာမျိုး ရှိတတ်တဲ့အတွက် ဒီလို အဓိဋ္ဌာန်မျိုးကြောင့်လို့ပဲ ယေဘုယျ မှတ်ယူထားရမှာ ဖြစ်ပါတယ်။ ဒါကလည်း အတော်ကို ဖြစ်ခဲတဲ့ ကိစ္စမျိုးပဲ ဖြစ်ပါတယ်။

နောက် အသေထွက်၊ အရှင်ထွက်နဲ့ ပတ်သက်ပြီး စဉ်းစားစရာ အချက်အချို့ ရှိပါတယ်။ တစ်ချို့က ဗုဒ္ဓစာပေကို နားလည်မှုလွဲပြီး အသုံးပြုတဲ့ အတွက်ကြောင့် ဒီလိုအသေထွက် အရှင်ထွက် အယူအဆမျိုး ဖြစ်လာတာလို့လည်း ယူဆနိုင်ကြပါတယ်။ ဗုဒ္ဓစာပေမှာ နိဗ္ဗာန်အမျိုးအစား နှစ်မျိုးရှိကြောင်း ပြဆိုထားပါတယ်။ အဲဒီနှစ်မျိုးက သဥပါဒိသေသနိဗ္ဗာန်နဲ့ အနုပါဒိသေသနိဗ္ဗာန်ပဲ ဖြစ်ပါတယ်။ သဥပါဒိသေသ နိဗ္ဗာန်ဆိုတာ ခန္ဓာအကြွင်းရှိတဲ့ နိဗ္ဗာန်ဖြစ်ပြီး အနုပါဒိသေသနိဗ္ဗာန်ဆိုတာ ခန္ဓာအကြွင်းမရှိတော့တဲ့ နိဗ္ဗာန်ပဲ ဖြစ်ပါတယ်။ ဒါက ကိလေသာကုန်ခမ်း ရဟန္တာဖြစ်သွားတဲ့ ရဟန္တာပုဂ္ဂိုလ်များနဲ့ ပတ်သက်တဲ့ နိဗ္ဗာန်တွေပဲ ဖြစ်ပါတယ်။ ရဟန္တာပုဂ္ဂိုလ်များမှာ ကိလေသာကုန်ခမ်း ရဟန္တာဖြစ်သွားပေမယ့် ပရိနိဗ္ဗာန်မပြုသေးတဲ့ အချိန်မှာ သဥပါဒိသေသ နိဗ္ဗာန်ကို ရရှိခံစားနေတာ ဖြစ်ပြီး ရဟန္တာဘဝနဲ့ ပရိနိဗ္ဗာန်ပြုသွားပြီဆိုရင် ဒါဟာ ခန္ဓာကိုယ်အကြွင်းအကျန် မရှိတော့တဲ့ အနုပါဒေသသနိဗ္ဗာန်ကို ရရှိသွားတော့တာ ဖြစ်ပါတယ်။

ဆိုလိုတာက သက်ရှိထင်ရှား ရဟန္တာများဟာ ပရိနိဗ္ဗာန်မပြုသေးတဲ့အတွက် ခန္ဓာကိုယ် ရှိနေသေးပေမယ့် ပရိနိဗ္ဗာန်ပြုသွားတဲ့ အခါမှာတော့ ဒီရုပ်ခန္ဓာလည်း ချုပ်ပျောက်သွားတော့တာ ဖြစ်တဲ့အတွက် ခန္ဓာကိုယ်လည်း အကြွင်းမရှိတော့တာ ဖြစ်ပါတယ်။ ဒီလို ရဟန္တာပုဂ္ဂိုလ်များရဲ့ ခန္ဓာအကြွင်းရှိ၊ မရှိတဲ့ နိဗ္ဗာန်သဘောတွေကြောင့် အသက်ရှိနေသေးပေမယ့် ကိလေသာတွေက ထွက်ပြီးဖြစ်နေတဲ့အတွက် ရှင်နေပေမယ့် ထွက်ပြီးတဲ့သဘော၊ ပရိနိဗ္ဗာန်ပြုသွားတဲ့ အခါမှာတော့ ခန္ဓာကိုယ်လည်း အကြွင်းမရှိ သေသွားတာ ဖြစ်လို့ ကိလေသာလည်းသေ၊ ခန္ဓာလည်းသေသွားတဲ့ အသေထွက်သွားတဲ့ သဘောမျိုးတွေကြောင့် အသေထွက် အရှင်ထွက်တွေလို့ ဆိုတာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒီလို အဓိပ္ပါယ်မျိုးဆိုရင်တော့ ရဟန္တာနဲ့ အသေထွက် အရှင်ထွက် ပြဿနာက အထွေအထူး ပြောစရာ မရှိနိုင်ပါဘူး။ အဲလိုမှမဟုတ်ဘဲ မသေခင် ထွက်သွားကြတယ်ဆိုရင်တော့ ဒါဟာ ဗုဒ္ဓဘာသာ အယူအဆတွေနဲ့ လွဲနေတော့တာ ဖြစ်ပါတယ်။

အချုပ်ပြောချင်တာက ဘုရားရှင်အပါအဝင် ဧတဒဂ်ရ ရဟန္တာများအားလုံးဟာ အသေထွက်သွားတယ်၊ အရှင်ထွက်သွားတယ်ဆိုတာ မရှိဘဲ အားလုံးပရိနိဗ္ဗာန်ပြုတော် မူသွားတဲ့အခါ နာမ်ရုပ်အားလုံး ချုပ်သွားကြတာတွေပဲ ဖြစ်တဲ့အတွက် ဒီနေ့ခေတ် ထင်နေကြသလို ဘယ်ပုဂ္ဂိုလ်ကတော့ အရှင်ထွက်သွားတယ်၊ ဘယ်သူကတော့ အသေထွက်သွားတယ်စတဲ့ ထွက်ရပ်ပေါက် အယူအစတွေဟာ စာပေအဖွင့်တွေအရ လွဲနေကြတာတွေ ဖြစ်ကြောင်း၊ ဘယ်သူမဆို နိဗ္ဗာန် မရသေးသမျှ သေပြီးနောက်မှာ ဘဝအသစ်မှာ ဖြစ်ကြရမှာဖြစ်ပြီး အဲဒီဘဝအသစ်ကနေ ဘဝဟောင်းရဲ့ အကြောင်းတွေကို ထင်ရှားပြရင်လည်း ဒါဟာ အရှင်ထွက်သွားလို့ မဟုတ်ဘဲ ဘဝအသစ်ကနေ ထင်ရှားပြခြင်းသာ ဖြစ်ကြောင်း၊ နိဗ္ဗာန်ရသွားပြီဆိုရင်တော့ ဘဝအဆုံးသတ်သွားပြီ ဖြစ်တဲ့အတွက် ဘဝအသစ်ဆိုတာလည်း မရှိတော့သလို လာပြီးထင်ရှားပြတယ်ဆိုတာလည်း မရှိတော့ကြောင်း သဘောပေါက် သိစေချင်တာ ဖြစ်ပါတယ်။ အဲဒီလို နာလည်းပြီး နားလည်မှုလွဲနေကြတဲ့ အသေထွက် အရှင်ထွက် အလွဲတွေကိုလည်း မလွဲရအောင် သတိဆောင်ပြီး ဉာဏ်နဲ့ယှဉ်ကာ စဉ်းစားကြဖို့ တိုက်တွန်းရင်း လွဲနေတတ်တဲ့အလွဲ တစ်ခုအဖြစ် အသိပေးတင်ပြလိုက်ရပါတယ်။

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ