တကယ်လုပ်ရင် တကယ်ရမယ်…

တရားတော်ရဲ့ ဂုဏ်တော်ခြောက်ပါးမှာ “သန္ဒိဋ္ဌိက”ဂုဏ်တော်ဆိုတာ ရှိပါတယ်။ ကိုယ်တိုင်ဒိဋ္ဌမျက်မြင် သိမြင်နိုင်တဲ့ ဂုဏ်တော်ပါ မြတ်ဗုဒ္ဓရဲ့ တရားတော်များဟာ ဟောတော်မူတဲ့အတိုင်း၊ လမ်းညွန်တဲ့အတိုင်း လိုက်နာကျင့်သုံး နိုင်မယ်ဆိုရင် ဘယ်သူမဆို ကျင့်သုံးနိုင်တာနဲ့အမျှ အကျိုးတရားကို ပြန်လည်ရရှိစေနိုင်တဲ့ အစွမ်းဂုဏ်အင် ရှိတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ယုံကြည်မှုသဒ္ဓါတရား၊ ပြတ်သားတဲ့ စေတနာများ၊ ကြိုးစားအားထုတ်မှု ၀ိရိယတရားများနဲ့အညီ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်မယ်ဆိုရင် ဘယ်သူပဲ ကျင့်ကျင့်၊ ဘယ်မှာပဲကျင့်ကျင့် ကျင့်ကြံနိုင်သလောက် လက်တွေ့ဘ၀မှာလည်း အကျိုးထူးတရားကို ဖြစ်စေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဗုဒ္ဓတရားတော်ရဲ့ အစွမ်းသတ္တိဟာ လက်တွေ့ကျင့်ကြံ လိုက်နာသူကိုသာ တန်ပြန်သက်ရောက်မှု ဖြစ်စေတဲ့အတွက် ကျင့်ကြံအားထုတ်နိုင်မယ်ဆိုရင် လူမျိုးလည်း မခွဲခြား၊ အသားအရောင်လည်း မခွဲခြား၊ ကျားမလည်း မခွဲခြားဘဲ အကျိုးထူးသတ္တိကို ဖြစ်စေမှာဖြစ်သလို မလိုက်နာမကျင့်သုံးဘဲ မကောင်းတဲ့ အလုပ်တွေနဲ့ နေထိုင်နေကြမယ်ဆိုရင်လည်း ဗုဒ္ဓဘာသာဝင်တွေရော ဘာသာဝင် မဟုတ်သူတွေအတွက်ပါ မျက်နှာလိုက်ခြင်းမရှိ တန်ပြန်အပြစ်ကို ဖြစ်စေတတ်မှာ ဖြစ်ပါတယ်။ ဒါဟာ ဘုရားရှင်က ချမှတ်ထားတာ မဟုတ်ဘဲ သဘာဝနိယာမ၊ ကမ္မနိယာမ အမှန်တရားကိုက ဖြစ်စေတဲ့ တန်ပြန်သက်ရောက်မှု သဘောပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူမဆို ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲ ဖြစ်ဖြစ် တကယ်လုပ်ရင် တကယ်ရတယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဟာ အကျင့်ပိုင်းကို ဦးစားပေးတဲ့ ဘာသာဖြစ်တဲ့အတွက် လက်တွေ့လိုက်နာ ကျင့်ကြံသူမှန်သမျှကို လည်း သူတို့သူတို့ရဲ့ ကျင့်ကြံနိုင်မှု အပေါ်လိုက်ကာ အကျိုးတရား ဖြစ်ထွန်းမှုကို ဖြစ်ပေါ်စေပါတယ်။ တစ်ချို့သူတွေအတွက် မျက်မှောက်ဘ၀မှာပဲ အကျိုးသက်ရောက်မှုကို ဖြစ်စေတတ်ပြီး တစ်ချို့သူတွေ အတွက်တော့ သေပြီးဒုတိယ ဘ၀မှာ အကျိုးသက်ရောက်မှုကို ဖြစ်စေတတ်ကာ တစ်ချို့ကျတော့ သေပြီးနောက် ဘ၀တစ်ခုခုမှာ အခါအခွင့်သင့်သလို အကျိုးသက်ရောက်မှုကို ဖြစ်စေပါတယ်။ ဒါက လက်တွေ့လိုက်နာ ကျင့်သုံးသူတွေရဲ့ စိတ်စေတနာဇော အပေါ်ကိုလိုက်ပြီး ကွဲပြားသွားကြတာ ဖြစ်ပါတယ်။ သေချာတာကတော့ ကာလအတိအကျ မပြောနိုင်ပေမယ့် တကယ်လုပ်ရင် တကယ်ရတယ်၊ တကယ်ဖြစ်တယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

တကယ်လုပ်ရင် တကယ်ရတယ်ဆိုတဲ့ အပိုင်းမှာ လုပ်တဲ့သူရဲ့ အလုပ်နဲ့ စေတနာကိုလိုက်ပြီး တူညီတဲ့ အကျိုးသက်ရောက်မှုကို ဖြစ်စေမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဗုဒ္ဓဘာသာတွေ လုပ်နိုင်တဲ့ အလုပ်တွေကို ခွဲခြားပြရမယ်ဆိုရင် ဗုဒ္ဓဘာသာ တစ်ယောက်ဟာ
ကိုယ်ကျင့်သိက္ခာ ထိန်းသိမ်းစောင့်ရှောက်ခြင်း သီလအလုပ်
ပေးကမ်းလှူဒါန်းခြင်း ဒါနအလုပ်
သမထပွားများခြင်း သမာဓိအလုပ်
ဝိပဿနာပွားများခြင်း ပညာအလုပ်
ဆိုတဲ့အလုပ်တွေကို လုပ်ရမှာဖြစ်ပါတယ်။ အလွယ်ပြောရရင် ဒါန၊ သီလ၊ ဘာဝနာ အလုပ်တွေပေါ့။ ဒီအလုပ်တွေထဲက ကိုယ်ဘာကို ရွေးချယ်လုပ်မလဲဆိုတာ ကိုယ့်အပေါ်မူတည်ပြီး ကိုယ်ရွေးချယ်လုပ်တဲ့ အလုပ်မှာ စိတ်စေတနာ ထက်သန်စွာနဲ့ လုပ်နိုင်မယ်ဆိုရင် အဲဒီရွေးချယ်လုပ်တဲ့ အလုပ်ရဲ့ တူညီတဲ့ တန်ပြန်သက်ရောက်မှု အကျိုးကို ရရှိစေမှာ ဖြစ်ပါတယ်။

ဆိုကြပါစို့။ ကိုယ်က အလှူအတန်းပြုရတာ ၀ါသနာပါပြီး အလှူဒါန ပြုရခြင်းကို စိတ်အစဉ်မှာ ပြင်းပြထက်သန်စွာ ရှိနေကာ စေတနာ ကောင်းကောင်းနဲ့ ပေးလှူတတ်တယ်ဆိုရင် အဲဒီလှူဒါန်းမှုရဲ့ အကျိုးသက်ရောက်မှုဟာ ဒီဘ၀မှာပဲ သိသိသာသာ အကျိုးပေးတတ်တာကို သတိထားကြည့်တဲ့ အခါ သိနိုင်မှာဖြစ်ပါတယ်။ မရှိရှိတာကို ပုဂ္ဂိုလ်မရွေး၊ မျှော်လင့်ချက်ပါ၊ အလှူခံပုဂ္ဂိုလ် လိုတာပြည့်ဖို့ သက်သက်နဲ့ လှူဒါန်းပေးကမ်းတတ်တဲ့ သူဟာ သူကိုယ်တိုင်လည်း ဘယ်နေရာရောက်ရောက် ကူညီဖေးမမယ့်သူတွေ၊ ကျွေးမွေးစောင့်ရှောက်မယ့်သူတွေ၊ ဘယ်နေရာရောက်ရောက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ့်သူတွေ၊ ဘယ်နေရာရောက်ရောက် ဆင်းရဲဒုက္ခမရှိ ချမ်းချမ်းသာသာ နေရတဲ့ အဖြစ်တွေနဲ့ ကြုံကြရမှာ ဖြစ်ပါတယ်။ ကြုံလည်းကြုံဖူးကြမှာ ဖြစ်ပါတယ်။ ဒါနဟာ ချမ်းသာမှုကို ဖြစ်စေတဲ့ သတ္တိရှိတဲ့ အတွက် ဒါနအားသန်တဲ့ သူတွေအတွက် ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံချမ်းသာမှုကတော့ တစ်ခါတစ်လေ ဒီဘ၀မှာပဲ လက်တွေ့ ရနိုင်တာတွေ တွေ့ရတတ်ပါတယ်။ ဒါက ဒါနဆိုတဲ့ အလုပ်ရဲ့ လက်တွေ့ဆန်တဲ့ တန်ပြန်သက်ရောက်မှုပဲ ဖြစ်ပါတယ်။

တစ်ခါတစ်လေ ဒါနရဲ့ လက်တွေ့အကျိုးလေးတွေ ရရှိတတ်တာကို သတိပြုမိကြမှာ ဖြစ်ပါတယ်။ စိတ်စေတနာအပြည့်နဲ့ ကိုယ့်မှာရှိတဲ့ အရာတစ်ခုခုကို လိုအပ်တဲ့သူ တစ်ယောက်ယောက်ကို ပေးလှူလိုက်တဲ့ အကျိုးသက်ရောက်မှုဟာ အဲဒီနေ့မှာပဲ ကိုယ့်ကိုလည်း တစ်ယောက်ယောက်က တစ်ခုခု အကျိုးပြုသွားတာ၊ တစ်ခုပေးသွားတာ၊ ကိုယ်ကိုယ်တိုင်လည်း တစ်ခုခု ရလိုက်တာတွေ ရှိတတ်ပါတယ်။ ဒါဟာ တိုက်ဆိုင်မှုမဟုတ်တဲ့ မမြင်နိုင်တဲ့ ဒါနရဲ့ လက်တွေ့ကျတဲ့ တန်ပြန်သက်ရောက်မှု လေးတွေဖြစ်ပါတယ်။ ဘုန်းဘုန်းရဲ့ စာသင်သားဘ၀က အဖြစ်လေးကို သတိရမိပါတယ်။း စာသင်သားဘ၀က ရှားရှားပါးပါး ရရှိထားတဲ့ သင်္ကန်းအသစ်လေး တစ်စုံကို ဒုလ္လဘရဟန်း အရမ်းဝတ်ချင်နေတဲ့ ဒကာလေးတစ်ယောက်ကို စေတနာအပြည့်နဲ့ မျှော်လင့်ချက်မပါဘဲ လှူလိုက်ဖူးပါတယ်။ အဲဒီနေ့ ညနေမှာပဲ တစ်ခါမှ မြင်ဖူးခြင်း၊ တွေးဖူးခြင်း၊ သိကျွမ်းခြင်း မရှိတဲ့ ဇနီးမောင်နှံ နှစ်ယောက်ကို လမ်းမှာတွေ့ပြီး သူတို့လှူတဲ့ အလှူကို လက်ခံရရှိခဲ့ဖူးပါတယ်။ ဒါဟာ တိုက်ဆိုင်မှုလို့ ဆိုနိုင်ပေမယ့် အဲဒီနေ့ မနက်ပိုင်းက စေတနာသဒ္ဓါတရား အပြည့်နဲ့ လှူဒါန်းခဲ့တဲ့ သင်္ကန်းအလှူရဲ့ လက်တွေ့ကျတဲ့ တန်ပြန်အကျိုးပေးမှုလို့ ပြောနိုင်ပါတယ်။ အဲဒီလို အဖြစ်မျိုးကတော့ လက်တွေ့လုပ်ဆောင်နေတဲ့ သူတွေအနေနဲ့ မကြာမကြာ တွေ့နေရမှာဖြစ်ပါတယ်။ ဒါဟာ တကယ်လုပ်ရင် တကယ်ရတယ်ဆိုတဲ့ နိယာမရဲ့ လက်တွေ့သာဓကပဲ ဖြစ်ပါတယ်။

အဲဒီလိုပဲ ကိုယ်ကျင့်သီလ စောင့်ထိန်းခြင်းဆိုတဲ့ သီလအလုပ်ကို လက်တွေ့လိုက်နာ ကျင့်ကြံလေ့ ရှိတဲ့သူတွေ အတွက်လည်း ဒီအလုပ်ရဲ့ လက်တွေ့အကျိုး သက်ရောက်မှုကို သတိပြုမိကြမှာ ဖြစ်ပါတယ်။ သီလစောင့်ထိန်းမှုရဲ့ ထူးခြားမှုကို ခံစားဖူးကြမှာ ဖြစ်ပါတယ်။ သီလရဲ့ အစွမ်းသတ္တိက အရင်ဆုံး ကိုယ့်ကိုယ်ကို ယုံကြည်မှုအားတွေ ဖြစ်စေပါတယ်။ သီလလုံခြုံနေတဲ့အတွက်လည်း အကြောက်တရားကင်းနေပြီး ဘယ်လိုပရိတ်သတ်ထဲမဆို ၀င်ရဲပါတယ်။ သီလလုံခြုံတဲ့အတွက် မေ့လျော့မှုမရှိဘဲ သေတဲ့အထိ သတိမြဲနေတတ်ပါတယ်။ သီလရဲ့ အကျိုးသက်ရောက်မှုက စောင့်ထိန်းတဲ့သူတွေကို အသက်ရှည်ပြီး၊ အဆင်းလှကာ၊ ကျန်းမာမှုကို ဖြစ်စေတတ်ပါတယ်။ ဒါက သီလရဲ့ ယေဘုယျ အကျိုးသက်ရောက် မှုလေးတွေ ဖြစ်ပါတယ်။ သီလစောင့်ထိန်းခြင်း အလုပ်ကို လုပ်နေတဲ့သူ မှန်သမျှ ဘယ်သူမဆို ဒီသက်ရောက်မှုကို ခံစားရမှာ ဖြစ်ပါတယ်။ လက်တွေ့လုပ်ကြည့်ရင် လက်တွေ့ရနိုင်တာကတော့ လက်တွေ့လုပ်နေတဲ့ သူတွေ သိကြပါတယ်။

တစ်လောကတောင် အင်တာနက်မှာ ၀ါတွင်းအဓိဋ္ဌာန်ဝင်ပြီး ဥပုသ်နေ့တိုင်း ဥပုသ်သီလ စောင့်ကြည့်ကြဖို့ တိုက်တွန်းတဲ့ ပို့စ်လေးကိုဖတ်ပြီး လက်တွေ့အဓိဋ္ဌာန်ဝင်ကာ လုပ်ကြည့်ကြတဲ့ သူတွေဆီက “ဥပုသ်နေ့ကို မလွတ်တမ်း ဥပုသ်သီလ စောင့်မယ်ဆိုတဲ့ စိတ်ဆုံးဖြတ်ချက်လေးနဲ့ ပထမဆုံး ဥပုသ်နေ့မှာ ဥပုသ်စောင့်တာပဲ ရှိသေးတယ် သိသိသာသာ ထူးခြားမှုတွေကို ခံစားရကြောင်း” ပြောလာသံတွေ ကြားသိရပါတယ်။ “ဘာပဲဖြစ်ဖြစ် မျှော်လင့်ချက်မပါတဲ့ အဓိဋ္ဌာန် တစ်ခုအနေနဲ့ ဒီနှစ်ဝါတွင်း ဥပုသ်နေ့တွေမှာတော့ ဥပုသ်သီလကို မလွတ်တမ်း စောင့်နိုင်အောင် ကြိုးစားမယ်”ဆိုတဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန် စကားလေးတွေလည်း ကြားခဲ့ရပါတယ်။ သေချာတာကတော့ သီလစောင့်ထိန်းခြင်းဆိုတဲ့ အလုပ်ကို လက်တွေ့လိုက်နာ ကျင့်သုံးနေမယ်ဆိုရင်တော့ ဒီသီလရဲ့ တန်ပြန်သက်ရောက်မှု အကျိုးကျေးဇူးကတော့ ဘယ်သူ့ထံမဆို ရောက်ရှိလာမှာ အမှန်ပါပဲ။ လက်တွေ့လုပ်ဖြစ်ဖို့နဲ့ လိုချင်တောင့်တမှု၊ မျှော်လင့်ချက်တွေနဲ့ မလုပ်ဖြစ်ဖို့ဘဲ အရေးကြီးပါတယ်။ အဲဒီလို သဘောတွေမပါဘဲ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ဖြစ်လို့ လုပ်ကိုလုပ်မယ်ဆိုတဲ့ စိတ်ဆုံးဖြတ်ချက်နဲ့သာ လုပ်နေမယ်ဆိုရင် ကံကလည်း သူ့အလုပ်သူလုပ်နေမှာ ဖြစ်ပါတယ်။ သူ့အကျိုးပေး သူပေးနေမှာ ဖြစ်ပါတယ်။

နောက် သမထ၊ ၀ိပဿနာဆိုတဲ့ ဘာဝနာ အလုပ်တွေမှာလည်း ဒီအတိုင်းပါပဲ။ သမထဘာဝနာရဲ့ အစွမ်းသတ္တိက အားထုတ်နေစဲအခိုက်မှာ ပူလောင်မှု ကိလေသာတွေကို ခွာထားပြီး စိတ်အစဉ် ငြိမ်းအေးမှုကို ဖြစ်စေကာ ပီတိတရားတွေကို တိုးပွားစေပါတယ်။ ၀ိပဿနာ အလုပ်ကတော့ လုပ်ရင်းလုပ်ရင် ကိလေသာတွေကို ၀ိပဿနာဉာဏ်နဲ့ အမြစ်ပြတ် သတ်ပေးတဲ့ အစွမ်းသတ္တိရှိပါတယ်။ ဒီဝိပဿနာ အလုပ်က ကြိုးစားအားထုတ်မှုများလေ ဉာဏ်စဉ်မြင့်လေဖြစ်ပြီး ဉာဏ်တွေတက်တာနဲ့ ကိလေသာတွကို တစ်ခုပြီးတစ်ခု သတ်သတ်ပေးသွားစေပါတယ်။ နောက်ဆုံး နိဗ္ဗာန်ရောက်တဲ့ အထိပို့ဆောင်ပေးပါတယ်။ ဒီသမထ၊ ၀ိပဿနာ အလုပ်ဟာလည်း တကယ်ကြိုးကြိုးစားစားနဲ့ လုပ်ရင် ဘယ်သူမဆို လုပ်နိုင်သမျှ အကျိုးသက်ရောက်မှုကို ဖြစ်စေပါတယ်။ လုပ်နိုင်သမျှ စိတ်ငြိမ်းချမ်းမှု၊ ကိလေသာခေါင်းပါးမှု၊ အကြွင်းမဲ့ ချုပ်ငြိမ်းမှုတွေကို ဖြစ်စေပါတယ်။ စိတ်ကူးရင် မဟုတ်ဘဲ လက်တွေ့ လုပ်ဆောင်မှုနဲ့ သိရ၊ ခံစားရတဲ့ အလုပ်တွေ ဖြစ်တဲ့အတွက် ဒီဘာဝနာ အလုပ်ဟာလည်း တကယ်လုပ်ရင် တကယ်ရတဲ့အလုပ်ပဲ ဖြစ်ပါတယ်။ အဓိကကတော့ လက်တွေ့အကောင်အထည်ဖော် လုပ်ဆောင်ဖြစ်ဖို့ပဲ ဖြစ်ပါတယ်။

ဆိုလိုတာက ဗုဒ္ဓဘာသာ တရားတော်များဟာ အကျင့်တရား ဦးစားပေးထားတဲ့ တရားတော်များ ဖြစ်တဲ့အတွက် အခြားကမ္ဘာ့ဘာသာများနဲ့ မတူဘဲ တမူထူးခြားနေတာ ဖြစ်ပြီး သဒ္ဓါ၊ ပညာ၊ ၀ိရိယတရားတွေ ယုတ်လျော့လာတဲ့ ဒီနေ့ခေတ်မှာတော့ အနှစ်သာရရှိပေမယ့် အရေအတွက် နည်းနေတဲ့သဘော သက်ရောက်နေပေမယ့် လက်တွေ့လုပ်ရင် လုပ်တဲ့အတိုင်း အကျိုးသက်ရောက်မှုကို ဖြစ်စေတဲ့အတွက် ကမ္ဘာတစ်ဝှန်းမှာ ဗုဒ္ဓရဲ့ တရားတော်များဟာ အစမ်းသပ်ခံနိုင်တဲ့ တရားတော်များ၊ ယုတ္တိကျတဲ့ တရားတော်များ၊ တကယ်လုပ်ရင် တကယ်ရတဲ့ တရားတော်များအဖြစ် မှတ်ကျောက်အတင်ခံကာ လက်တွေ့လိုက်နာ ကျင့်သုံးသူတွေနဲ့ တဖြည်းဖြည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတယ်ဆိုတာ သိစေလိုတာပါ။ သန္ဒိဋ္ဌိက ဂုဏ်တော်အဖွင့်အတိုင်း တကယ်လုပ်ရင် တကယ်ရတယ်ဆိုတာ လက်တွေ့လုပ်ဆောင်ရင်းဖြင့် သိစေလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် အပြောမဟုတ် အလုပ်နဲ့ သက်သေပြနိုင်တဲ့ မြတ်ဗုဒ္ဓရဲ့ တရားတော်များကို ဟိုစာဖတ်၊ ဒီစာဖတ်၊ ဟိုတွေးဒီတွေး၊ ဟိုဝေဘန်ဒီဝေဘန် လုပ်နေကြတာထက် ဗုဒ္ဓညွန်ပြတဲ့အတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးခြင်းဖြင့် ကိုယ်ကိုယ်တိုင် အကျိုးတရားကို လက်တွေ့ခံစားနိုင်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်ပြီး ကိုယ်တိုင်ဒိဋ္ဌ မျက်မြင်သိမြင်နိုင်တဲ့ ဂုဏ်တော်အထူးကို အရယူကြည့်ကြဖို့ တိုက်တွန်းရင်း သီလကို အခြေခံတဲ့ ဒါန၊ ဘာဝနာ အလုပ်များရဲ့ လက်တွေ့ဆန်တဲ့ အကျိုးသက်ရောက်မှု အကြောင်း တစ်စေ့တစ်စောင်း တင်ပြလိုက်ရပါတယ်။

1 မှတ်ချက်များ (...ရေးရန်):

  • Anonymous says:
    Friday, August 13, 2010

    တပည့်တော်လဲ ကိုယ်တွေ့ပဲဘုန်းဘုန်း။

    တပည့်တော်ကို လိမ်ညာနာမည်ဖျက် သတင်းလွှင့်ခံရလို့ စိတ်ဆင်းရဲနေတုန်းက ဘာလုပ်ရမှန်း မသိဘူး။ ရှက်တာပဲ သိတယ်။ သူတို့ပြောတာ မမှန်မှန်းလဲ ကိုယ်ဘက်က လိုက်ပေးမယ့် သက်သေ မရှိဘူး။ စွပ်စွဲတဲ့သူက အသိအကျွမ်းများပြီး တပည့်တော်မှာက အသိအကျွမ်းနည်းနေတယ်။ သူတို့က သောက်စားနေတော့ အရက်ဝိုင်းတကာမှာ အသိအကျွမ်းပေါပြီး အရက်ဝိုင်းတကာကနေ သတင်းလွှင့်နိုင်တယ်။ တပည့်တော်က ဆင်းရဲလဲဆင်းရဲ၊ ဘယ်သူ့မှလဲ သူတို့လို အရက်တိုက်ပြီး ကျွေးမွေးပြီး မစည်းရုံးနိုင်တော့ သူတို့လို အားမရှိဘူး။ ငါ အတိတ်ဘဝက သူများကို မမှန်စွပ်စွဲဖူးလို့ ဝဋ်လည်တာပဲလို့ တွေးပြီး စိတ်အရမ်း ဆင်းရဲနေခဲ့ရတယ်။

    အဲဒီအချိန်မှာ ဆွမ်းခံကိုယ်တော်တွေကို လောင်းခွင့်လေးရတာနဲ့ နိစ္စပတ် ဆွမ်းလောင်းတာ။ လောင်းတုန်းက ဘုရားကို လှူချင်၊ သံဃာကို လှူချင်တဲ့ စိတ်နဲ့သာ လုပ်တာ။ ဒါ မဆိုင်တဲ့ အခက်အခဲတစ်ခု ပြေလည်သွားမယ်ဆိုတာ သိတောင် မသိခဲ့ဘူး။ လောင်းနေရင်း တပည့်တော်ကို စွပ်စွဲတဲ့သူတွေ မလိုလို့ လိမ်ညာ သတင်းလွှင့်တာဖြစ်ကြောင်း အဖြစ်မှန် သူ့အလိုလို ပေါ်သွားတယ် ဘုန်းဘုန်း။ တပည့်တော် အဲဒီအဖြစ်မှန်သာ မပေါ်ခဲ့ရင် ကိုယ် မမှန်တာ မလုပ်ဘဲနဲ့ လူတောမတိုးရဲအောင်ကို စိတ်ဆင်းရဲ အရှက်ရနေခဲ့ရမှာပါ။ ဒါနအကျိုးပါပဲ။


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ