ကြောင်းကျိုး ဆက်စပ်မှု (သို့) ပဋိစ္စသမုပ္ပါဒ် နှင့် ပဋ္ဌာန်း…

ဗုဒ္ဓဘာသာများ ယုံကြည်လက်ခံထားကြသည့် အယူဝါဒများတွင် အကြောင်းအကျိုး ဆက်စပ်မှုဝါဒသည်လည်း တစ်ခုအပါအ၀င် ဖြစ်၏။ အကြောင်းကြောင့် အကျိုးဖြစ်သကဲ့သို့ အကျိုးတရားမှန်သမျှ အကြောင်းကင်း၍ မဖြစ်ဟူသည့် ကြောင်းကျိုးဆက်စပ်မှု သဘောကို အသေအချာ လက်ခံထားကြ၏။ မည်သည့်ကိစ္စမဆို အကြောင်းတရားများ ရှိနေပြီး ထိုအကြောင်းတရားများကြောင့်ပင် အကျိုးတရား အနေဖြင့် ဖြစ်ပေါ်ကြရခြင်း ဖြစ်သည်ကို ကောင်းစွာယုံကြည် ထားကြ၏။ ဗုဒ္ဓဘာသာများ လက်ခံထားသည့် ထိုအကြောင်းအကျိုး ဆက်စပ်မှု နိယာမကို အခြားပရိယာယ်ဖြင့် ပြောလျှင် ပဋိစ္စသမုပ္ပါဒ်သဘော၊ ပဋ္ဌာန်းဆက် သဘောအနေဖြင့် ပြောဆိုနိုင်မည်ဖြစ်၏။ ပဋိစ္စသမုပ္ပါဒ်ဟူသည် အကြောင်းအကျိုး ဆက်စပ်မှု သဘောဖြစ်ပြီး ပဋ္ဌာန်းဆက်ခေါ် ပဋ္ဌာန်းသည်လည်း အကြောင်းအကျိုး ဆက်စပ်မှုပင် ဖြစ်၏။ သို့သော် ထိုပဋိစ္စသမုပ္ပါဒ်၏ ကြောင်းကျိုးဆက်စပ်မှု သဘောနှင့် ပဋ္ဌာန၏ ကြောင်းကျိုးဆက်စပ်မှု သဘောကား အနည်းငယ် ကွာခြားလှ၏။

ပဋိစ္စသမုပ္ပါဒ်လာ အကြောင်းအကျိး ဆက်စပ်မှုသည် “ဒါကြောင့် ဒါဖြစ်တယ်” ဆိုသည့် အကြောင်းကြောင့် အကျိုးဖြစ်ခြင်း သက်သက်ကိုသာ ထင်ရှားစေပြီး ပဋ္ဌာန၏ ကြောင်းကျိုးဆက်စပ်မှုသည် “ဒါကြောင့် ဒီလိုဖြစ်ပြီး အဲဒီလို ဖြစ်လာအောင် ဒီလိုအစွမ်းတွေနဲ့ ကျေးဇူးပြုတယ်” ဆိုသည့် အကြောင်းကြောင့် အကျိုးဖြစ်မှု နိယာမတွင် ကျေးဇူးပြုကြောင်း အကြောင်းတရား၏ အခြေခံတရား၊ အစွမ်းသတ္တိများ၊ အကြောင်းအကျိုး ဆက်နွယ်မှုတွင် မည်သို့မည်ပုံ ဆက်နွယ်နေသည်ဟူသည့် ဆက်စပ်ပုံ အခြင်းအရာများအထိ ထင်ရှားစေသည့် အကြောင်းအကျိုး ဆက်စပ်မှု သဘောကို ဖော်ညွန်းထား၏။ စာစကားနှင့်ပြောလျှင် ပဋိစ္စသမုပ္ပါဒ်နည်းသည် ပစ္စည်းဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန်ဟူသော အကျိုးတရားတို့၏ ဆက်နွယ်မှုကို ပြခြင်းဖြစ်ပြီး ပဋ္ဌာန်းနည်းသည် ပစ္စည်းဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန်ဟူသော အကျိုးတရားတို့၏ ဆက်နွယ်မှုကိုသာမက ပစ္စယသတ္တိဟူသော ဆိုင်ရာအကြောင်းတရား တစ်မျိုးစီ၏ ကျေးဇူးပြုနိုင်သော အစွမ်းသတ္တိများအထိ ဆက်နွယ်မှုကို ပြပေ၏။ ထို့ကြောင့် ပဋိစ္စသမုပ္ပါဒ်နှင့် ပဋ္ဌာန်းတို့သည် အကြောင်းအကျိုး ဆက်စပ်မှုကို ပြသည့် ဟောကြားချက် ဓမ္မများ ဖြစ်သော်လည်း ဟောကြားပုံချင်း မတူညီသည့် ကြောင်းကျိုးဆက်စပ်မှု ဓမ္မဟု ဆိုခြင်းဖြစ်၏။

ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်တွင် အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာဝိညာဏံ စသဖြင့် ဟေားကြားတော်မူထား၏။ သိသင့်သိထိုက်သည်ကို မသိ၊ မသိထိုက်သည်ကို သိသော အ၀ိဇ္ဇာဟူသော အကြောင်းကြောင့် ယခုဘ၀ ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုများနှင့် နောင်ဘ၀အတွက် အကျိုးဝိပါက်များကို ပြုစီမံတတ်သည့် သင်္ခါရဟူသော ကံတရားဖြစ်ပေါ်ကြောင်း၊ သင်္ခါရဟူသော အကြောင်းကြောင့် ပဋိသန္ဓေ၀ိညာဏ်နှင့် ပစ္စုပ္ပန်၌ ဖြစ်သော ၀ိပါက်စိတ်ဟူသော ၀ိညာဏ်ဖြစ်ပေါ်ကြောင်း၊ ၀ိညာဏ်ဟူသော အကြောင်းကြောင့် နာမ်ရုပ်တို့ ဖြစ်ပေါ်ကြောင်း၊ နာမ်ရုပ်ဟူသော အကြောင်းကြောင့် စက္ခာယတန၊ သောတာယတန စသော အာယတန ခြောက်ပါးတို့ ဖြစ်ပေါ်ကြောင်း၊ အာယတန ခြောက်ပါးကြောင့် စက္ခုသမ္ဖဿ (မျက်စိအတွေ့)၊ သောတသမ္ဖဿ (နားအတွေ့)စသော အတွေ့ခြောက်ပါးဟူသော ဖဿဖြစ်ပေါ်ကြောင်း၊ ဖဿဟူသော အကြောင်းကြောင့် စက္ခုသမ္ဖဿဇာဝေဒနာ (မျက်စိအတွေ့ခံစားချက်)၊ သောတသမ္ဖဿဇာဝေဒနာ စသော ခံစားမှုဟူသော ဝေဒနာ ဖြစ်ပေါ်ကြောင်း၊ ဝေဒနာဟူသော အကြောင်းကြောင့် တဏှာဟူသော လောဘ ဖြစ်ပေါ်ကြောင်း၊ တဏှာဟူသော အကြောင်းကြောင့် စွဲလန်းမှု ဥပါဒါန် ဖြစ်ကြောင်း၊ ဥပါဒါန်ဟူသော အကြောင်းကြောင့် ကမ္မဘ၀နှင့် ဥပပတ္တိဘ၀တို့ ဖြစ်ကြောင်း၊ ဘ၀ဟူသော အကြောင်းကြောင့် ပဋိသန္ဓေဟူသော ဇာတိဖြစ်ကြောင်း၊ ဇာတိဟူသော အကြောင်းကြောင့် အိုခြင်း၊ သေခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပြင်းစွာပူဆွေးခြင်းဟူသော ဇရာ၊ မရဏ၊ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယသတို့ ဖြစ်ကြောင်း စသည်ဖြင့် အကြောင်းကြောင့် အကျိုးဖြစ်ပုံကို ပဋိစ္စသမုပ္ပါဒ် ဒေသနာဖြင့် ထင်ရှားစေတော်မူ၏။ ဤကား ပဋိစ္စသမုပ္ပါနည်းအရ ကြောင်းကျိုးဆက်နွယ်မှု အချုပ်ပင် ဖြစ်ပါ၏။

ပဋ္ဌာန်းဒေသနာတော်တွင် ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော စသည်ဖြင့် ပစ္စည်းတရား (၂၄)ပါးကို အကျဉ်းဖော်ပြပြီး ဟေတုပစ္စယောတိ ဟေတူဟေတု သမ္ပယုတ္တာနံ ဓမ္မာနံ၊ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော စသည်ဖြင့် ပစ္စည်း၊ ပစ္စယုပ္ပန်၊ ပစ္စယသတ္တိ အနေအားဖြင့် အကျယ်ပြတော်မူထား၏။ ပဋ္ဌာန်းဒေသနာတော်၏ ကြောင်းကျိုးဆက်နွယ်မှုတွင် အကျိုးတရားဖြစ်ပေါ်ကြောင်း အကြောင်းတရား၏ အထောက်အပံ့ တရားများကို ဆိုင်ရာအကြောင်းတရား အလိုက် အစွမ်းသတ္တိများဖြင့် အထူးပြုပြတော်မူ၏။ ပစ္စယသတ္တိခေါ် အကြောင်းတရားအား ကျေးဇူးပြုပေးသည့် အရာများကို အထူးပြတော်မူ၏။ ထိုပစ္စယသတ္တိများကို ယနေ့အခေါ် ပဋ္ဌာန်း (၂၄)ပစ္စည်းဟူသော အမည်ဖြင့် မှတ်သားနားလည်နိုင်ပေ၏။

ဥပမာအားဖြင့် ဟေတုပစ္စည်းဟူသော ပဋ္ဌာန်း၏ ကျေးဇူးပြုပုံတွင် လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟဟူသော ဟိတ်ခြောက်ပါးတို့က ၎င်းတို့နှင့် အတူတကွ ဖြစ်ဖက်ဖြစ်သော စိတ်၊ စေတသိက်၊ ရုပ်တရားတို့ကို မြဲမြံခိုင်ခန့် သန်စွမ်းအောင် ကျေးဇူးပြုပေး ထောက်ပံ့ပေးခြင်းကိုပင် ဟေတုပစ္စည်းဖြင့် ကျေးဇူးပြုကြောင်း ဖွင့်ဆိုရှင်းပြ၏။ ဤဟေတုပစ္စည်းအဖွင့်တွင် ဟိတ်ခြောက်ပါးဟူသော ပစ္စည်းတရားသည် အတူတကွ ဖြစ်ဖက်ဖြစ်သည့် စိတ်၊ စေတသိက်၊ ရုပ်တရားတို့အား ဟေတုသတ္တိဖြင့် ကျေးဇူးပြုကြောင်း ပြတော်မူ၏။ ယင်းအဖွင့်တွင် ဟိတ်ခြောက်ပါးသည် အတူတကွဖြစ်ဖက် တရားတို့အား ကျေးဇူးပြုကြောင်း အကြောင်းအကျိုးမျှကိုသာ ပြခြင်းမဟုတ်ဘဲ ဟိတ်ခြောက်ပါးက အတူဖြစ်ဖက်တရားများကို ဟေတုသတ္တိဖြင့် မြဲမြံခိုင်ခန့်အောင် ကျေးဇူးပြုကြောင်း ကျေးဇူးပြုပုံ အခြင်းအရာကိုပါ သတ္တိတစ်ခုအဖြစ် ပြတော်မူ၏။ ဤနည်းအတိုင်းပင် အာရမ္မဏပစ္စည်း စသည်တို့တွင်လည်း နည်းမှီနားလည် နိုင်မည်ဖြစ်၏။ ပစ္စည်း (၂၄)မျိုးလုံး အသေးစိပ် ဖော်ပြလျှင် အလွန်ကျယ်ပြန့်သွားမည် ဖြစ်ပါသဖြင့် ဥပမာလောက်သာ တင်ပြလိုပါ၏။ ဤ၌ အဓိကသိစေလိုသည်မှာ ပဋ္ဌာန်းဒေသနာတော်၏ ကြောင်းကျိုးဆက်စပ်မှု သဘောကို သိစေလိုရင်းပင် ဖြစ်ပါ၏။ ပဋ္ဌာန်းဒေသနာတော်တွင် အကြောင်းကြောင့် အကျိုးဖြစ်ပေါ် ပုံသာမက ထိုအကြောင်းတရားများအား ထောက်ပံ့ပေးသည့် ပစ္စယသတ္တိအထူးကိုပါ ပြတော်မူကြောင်း သဘောပေါက်စေလိုခြင်းပင် ဖြစ်ပါ၏။

ဆိုလိုသည်မှာ ပဋိစ္စသမုပ္ပါဒ်နှင့် ပဋ္ဌာန်းတို့သည် နှစ်ခုလုံးပင် အကြောင်းအကျိုး ဆက်သွယ်ပုံကို ပြသည့် တရားဒေသနာတော်များ ဖြစ်ကြောင်း၊ ပဋိစ္စသမုပ္ပါဒ်သည်လည်း သူ့နည်းနှင့်သူ အကြောင်းအကျိုး ဆက်စပ်ပုံကို ပြပြီး ပဋ္ဌာန်းသည်လည်း သူ့နည်းနှင့်သူ အကြောင်းအကျိုး ဆက်စပ်ပုံကို ပြကြောင်း၊ သို့သော် ပဋိစ္စသမုပ္ပါဒ်၏ ကြောင်းကျိုးဆက်စပ်မှုမှာ အကြောင်းကြောင့် အကျိုးဖြစ်ခြင်း သက်သက်ကိုသာ ဟောကြားတော်မူထားသည့် ဒေသနာတော်ဖြစ်ပြီး ပဋ္ဌာန်းဒေသနာ၏ ကြောင်းကျိုးဆက်စပ်မှုမှာ အကြောင်းကြောင့် အကျိုးဖြစ်ခြင်းကိုသာမက ဖြစ်ပုံအခြင်းအရာ၊ ဆက်နွယ်ပုံ အခြင်းအရာ အစွမ်းသတ္တိကိုပါ ဟောကြားတော်မူထားသည့် ဒေသနာတော်ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်တွင် အ၀ိဇ္ဇာကို အကြောင်းပြု၍ သင်္ခါရဖြစ်ကြောင်း၊ သင်္ခါရကို အကြောင်းပြု၍ ၀ိညာဏဖြစ်ကြောင်း စသည်ဖြင့် အကြောင်းအကျိုး ဖြစ်ပုံမျှလောက်ကိုသာ ဟောပြောထားပြီး မည်သည့်အကြောင်းကြောင့် မည်သို့မည်ပုံ ဆက်စပ်နေကြောင်း ဆက်စပ်ပုံ အခြင်းအရာကို ဟောကြားထားခြင်း မရှိကြောင်း ပဋ္ဌာန်းဒေသနာတော်တွင်ကား အကြောင်းကြောင့် အကျိုးဖြစ်ပုံ ဆက်စပ်မှုနှင့်တကွ မည်သို့သော တရားများ၏ ထောက်ပံ့မှုကြောင့် မည်သို့မည်ပုံ ဆက်စပ်သည်အထိ ဆက်စပ်ပုံအခြင်းအရာကိုပါ ထည့်သွင်းဟောကြားတော်မူကြောင်း ဒေသနာနှစ်ခု၏ ကွဲပြားမှုကို သိစေလိုရင်း ဖြစ်ပါ၏။

အကြောင်းအကျိုး ဆက်စပ်မှုအပိုင်းတွင် ပဋိစ္စသမုပ္ပါဒ်လာ အကြောင်းအကျိုး ဆက်သွယ်မှုနှင့် ပဋ္ဌာန်းဒေသနာတော်လာ အကြောင်းအကျိုး ဆက်စပ်မှုတို့ကို သီးသန့်ဟောကြားတော် မူထားသဖြင့် အချို့သော ပညာရှင်များက သီးသန့်အနေဖြင့် ဖွင့်ဆိုရှင်းပြကြသော်လည်း အချို့သော ပညာရှင်များက ပဋိစ္စသမုပ္ပါဒ်နည်းကို ပဋ္ဌာန်းနည်းနှင့် ရောနှောကာ အဓိပ္ပါယ်ဖွင့်ဆိုကြ၏။ ထို့ကြောင့် ၀ိသုဒ္ဓိမဂ် အဋ္ဌကထာတွင် ပဋ္ဌာန်းဒေသနာတော်ကိုပါ ထည့်သွင်းဖွင့်ဆိုပြီး ပဋ္ဌာန်းနည်းနှင့် ဆက်စပ်ပုံကိုပါ ဖွင့်ဆိုပြသလေ၏။ စင်စစ်အားဖြင့် ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းဒေသနာနည်းဖြင့် နားလည်မှသာလျှင် အမှန်နားလည်ရာ ရောက်နိုင်ပေ၏။ ပဋ္ဌာန်းနည်းမပါဘဲ ပဋိစ္စသမုပ္ပါဒ်ကို နားလည်သည်ဟုဆိုပါက အပြည့်အ၀ နားလည်မှု မဖြစ်နိုင်ကြောင်း ဆိုကြ၏။

မည်သို့ဆိုစေ ပဋိစ္စသမုပ္ပါဒ်နှင့် ပဋ္ဌာန်းဒေသနာတို့သည် ကြောင်းကျိုးဆက်စပ်မှုကို ဖော်ညွန်းပေးထားသည့် သဘာဝဓမ္မ ဖြစ်သည်ကား အမှန်ပင်ဖြစ်ပါ၏။ ဟောကြားသည့် ဝေနေယျများသို့လိုက်၍ ကြောင်းကျိုးဆက်စပ်မှု ဒေသနာသည် နည်းစနစ်တစ်ခု အနေဖြင့် ကွဲပြားနေသည်ဟု ဆိုနိုင်သော်လည်း အဓိပ္ပါယ် ဆိုလိုရင်းမှာ အကြောင်းအကျိုး ဆက်နွယ်မှု သဘောကို သိစေလိုရင်း ဖြစ်၏။ ကြောင်းကျိုးဆက်စပ်မှု သဘောကို လေ့လာသည့်အခါ သာမန်လူများအနေဖြင့် ပဋ္ဌာန်းနည်းသက်သက်ကို ရှေးဦးစွာ လေ့လာလျှင် နားလည်ရန် အခက်အခဲ ဖြစ်နိုင်သော်လည်း ပဋိစ္စသမုပ္ပါဒ်နည်းလာ ကြောင်းကျိုးဆက်စပ်မှု သဘောကား ပဋ္ဌာန်းနည်းလောက် မခက်သဖြင့် နားလည်ရန်လွယ်ပြီး ရိုးရှင်းသည်ဟု ထင်နိုင်ပေ၏။ သို့သော် ပဋ္ဌာန်းနည်းကို နားလည်ပြီး ပဋိစ္စသမုပ္ပါဒ်နည်းကို လေ့လာနိုင်ပြီ ဆိုလျှင်ကား ကြောင်းကျိုး ဆက်စပ်မှု သဘောကို အပြည့်အ၀ နားလည်နိုင်မည် ဖြစ်၏။

ဤ၌ အရေးကြီးသည်မှာ ပဋိစ္စသမုပ္ပါဒ်နည်း၊ ပဋ္ဌာန်းနည်းဟူသည့် နည်းစနစ်မဟုတ်ပေ။ ကြောင်းကျိုးဆက်စပ်မှု နိယာမကို ယုံကြည်လက်ခံပြီး လက်တွေ့လိုက်နာ ကျင့်သုံးနိုင်မှုသည်သာ အဓိကဖြစ်ပေ၏။ အကြောင်းကြောင့် အကျိုးဖြစ်သည့် သဘောကို ကောင်းစွာသဘောပေါက်ကာ အကျိုးကောင်းစေရန်အတွက် အကြောင်းကောင်းများ ပြုလုပ်ရန်သာ ပဓာနဖြစ်ပေ၏။ ကြောင်းကျိုးဆက်စပ်မှု သဘောတွင် အကောင်းဖြစ်စေ အဆိုးဖြစ်စေ အကြောင်းကောင်းလျှင် အကျိုးကောင်းမည်ဖြစ်ပြီး အကြောင်းဆိုးလျှင် အကျိုးဆိုးမည် ဖြစ်သဖြင့် လုပ်သမျှ၊ ပြောသမျှ၊ ကြံသမျှ အကြောင်းများ ကောင်းစေရန် ကြိုးစားရမည်သာ ဖြစ်၏။ ထို့ထက်ပိုပြီး အရေးကြီးသည်မှာ အကြောင်းပြတ်ရန် ကြိုးစားအားထုတ်မှုပင် ဖြစ်ပါ၏။ အကြောင်းကြောင့် အကျိုးဖြစ်သည့် သဘောတွင် အကြောင်းပြတ်လျှင် အကျိုးလည်း ပြတ်မည်ဖြစ်သဖြင့် အကြောင်းကိုဖြတ်ရမည်သာ ဖြစ်ပါ၏။ ထို့ကြောင့် ထိုအကြောင်းတရားများ ပြတ်နိုင်ရေးအတွက် ၀ိပဿနာဉာဏ်တည်းဟူသော ဓားသံလျှက်ကို အသုံးပြုကာ ဖြတ်တောက်ရမည်ဟု ဆိုကြခြင်းဖြစ်၏။ အကြောင်းဟူသည် အလုပ်ကိုဆိုပြီး အလုပ်ဟူသည် ကံကိုဆိုသဖြင့် ကံကိုဉာဏ်နှင့်ဖြတ်မှ နိဗ္ဗာန်ရောက်မည်ဖြစ်ကြောင်း ဟောတော်မူခြင်း ဖြစ်၏။

ထို့ကြောင့် ကြောင်းကျိုးဆက်စပ်မှု သို့မဟုတ် ပဋိစ္စသမုပ္ပါဒ်၊ သို့မဟုတ် ပဋ္ဌာန်း စသည်ဖြင့် မည်သို့သော အခေါ်အဝေါ်များဖြင့် မည်သည့်နည်းများ ရှိနေစေကာမူ ဘုရားရှင် အလိုရှိတော်မူသည်မှာ အကြောင်းပြတ်ရေး၊ သံသရာဝဋ်မှ ထွက်မြောက်ရေး၊ ကိလေသာကုန်ရေး၊ နိဗ္ဗာန်ရရေးဟူသည့် အဓိက အရေးများ ဖြစ်သဖြင့် အရေးကြီးဆုံး အရေးများကို လက်တွေ့လိုက်နာ ကျင့်သုံးခြင်းဖြင့် အရေးမကြီးသည်များအား ပယ်ဖြတ်နိုင်အောင် ကြိုးစားခြင်းသည်သာ ဘုရားရှင်အလိုတော်အတိုင်း နေထိုင်ခြင်းဖြစ်ကြောင်း သတိပေး တိုက်တွန်းကြခြင်း ဖြစ်၏။ ဤသို့နေထိုင်ခြင်းဖြင့်သာ ဗုဒ္ဓဘာသာတို့၏ နောက်ဆုံးပန်းတိုင်ဖြစ်သည့် နိဗ္ဗာန်သို့ တက်လှမ်းနိုင်မည် ဖြစ်သဖြင့် အချိန်ရှိခိုက်၊ အခွင့်သာခိုက် လုံ့လစိုက်ကြ၍ အကြောင်းပြတ်အောင် ကြိုးစားသင့်ပါကြောင်း စေတနာစကား မေတ္တာအားဖြင့် အသိတရား ပါးလိုက်ရပါပေတော့၏။

1 မှတ်ချက်များ (...ရေးရန်):

  • Dr. Ni Ni says:
    Thursday, August 05, 2010

    အစဉ်မပြတ်ဖတ်ရှုနာယူ
    မှတ်သားနေပါတယ်ဘုရား။
    စေတနာထား၊မေတ္တာအားဖြင့်အပင်ပန်းခံစာ
    ရေးပေးနေတာကိုတပည့်တော်တို့ကျေးဇူးအထူးတင်ပါတယ်ဘုန်းဘုန်း။
    ဘုန်းဘုန်းစိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေကြောင်း
    ဆုတောင်းမေတ္တာပို့သလိုက်ပါသည်...။


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ