အပြောနှင့်အလုပ်…

“အပြောလွယ်သလောက် အလုပ်ခက်၏”ဟူသော မြန်မာစကားရှိ၏။ လောကတွင် အပြောလွယ်သော်လည်း လက်တွေ့လုပ်ရန်ကား ခက်ခဲတတ်ကြောင်း ဆိုလိုရင်း ဖြစ်၏။ အပြောနှင့် အလုပ်ထပ်တူကျရန် မလွယ်လှသည့် သဘောကို ညွှန်းဆိုလိုဟန် ရှိ၏။ ပြောသူကိုယ်တိုင်လည်း မိမိပြောသည့်အတိုင်း မလုပ်နိုင်သည်များ ရှိသဖြင့် အချို့က “ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ (Do as I say not as I do.)” ဟု ဆိုလေ့ရှိကြ၏။ စင်စစ် ပုထုဇင်များ ဖြစ်နေကြသဖြင့်လည်း အပြောနှင့်အလုပ် ထပ်တူကျနိုင်ရန် မလွယ်လှပေ။ အချို့မှာ အပြောကောင်းသော်လည်း အလုပ်မကောင်းဖြစ်တတ်ပြီး အချို့ကား အပြောမကောင်း၊ အပြောကြမ်းသော်လည်း အလုပ်ကောင်းပြီး အကောင်းလုပ်သည်များလည်း ရှိတတ်၏။ အချို့က အပြောလည်းမကောင်း အလုပ်လည်း မကောင်းဖြစ်တတ်ပြီး အချို့ကား အပြောလည်းကောင်း အလုပ်လည်း ကောင်းသူများ ရှိတတ်ပြန်၏။

ဤ၌ အပြောကောင်းခြင်းဟူသည် ချိုသာသည့် အပြောအဆိုအသုံးအနှုန်းများ၊ မြောက်ပင့်ပြောဆိုသည့် အသုံးအနှုန်းများ၊ လိမ်ညာပြောဆိုသည့် အသုံးအနှုန်းများဖြင့် အပြောကောင်းခြင်းကို ဆိုလိုသည်မဟုတ်၊ အကုသိုလ်မဖြစ်အောင် ပြောဆိုတတ်ခြင်းကို ဆိုလို၏။ အလုပ်လည်း ထို့အတူပင် အကုသိုလ်မဖြစ်၊ အပြစ်မဖြစ်သည့် အလုပ်များကို လုပ်ကိုင်ဆောင်ရွက် နေခြင်းကိုပင် အလုပ်ကောင်းသည်ဟု ဆိုလို၏။

အပြောကောင်းခြင်း အကောင်းပြောခြင်းနှင့် အလုပ်ကောင်းခြင်း အကောင်းလုပ်ခြင်းတို့သည် တစ်ထပ်တည်း ဖြစ်ရန် မဖြစ်နိုင်ကြပေ။ မိမိကိုယ်တိုင် မိမိ၏အပြောနှင့်အလုပ် ထပ်တူမကျနိုင်သကဲ့သို့ သူတစ်ပါးအပေါ်တွင်လည်း အပြောနှင့်အလုပ် ထပ်တူဖြစ်ရန် မလုပ်ပေးနိုင်ကြပေ။ တစ်ခုမဟုတ် တစ်ခု ချို့ယွင်းနေကြမည်သာ ဖြစ်၏။ အချို့က မိမိကိုယ်တိုင်က အပြောနှင့် အလုပ်ထပ်တူ မဖြစ်သော်လည်း သူတစ်းပါးတို့အား ထပ်တူဖြစ်စေလိုကြ၏။ သူတစ်ပါးတို့အား ‘ဘယ်လိုပြော ဘယ်လိုလုပ်’ စသည်ဖြင့် အမိန့်ပေး ညွှန်ပြတတ်သော်လည်း မိမိကိုယ်တိုင်ကား ထိုသို့ မလုပ်နိုင်သည်ကို တွေ့ရတတ်၏။ ထို့ကြောင့် ပညာရှိများက “သူတစ်ပါးတို့အား မိမိ၏ အယူဝါဒများကို လက်ခံလိုက်နာအောင် ပြောဆိုညွန်ပြနိုင်၊ သူတစ်ပါးတို့အား အပြောနှင့်အလုပ် ထပ်တူဖြစ်အောင် ဆုံးမသွန်သင်နိုင်သော်လည်း မိမိကိုယ်တိုင်ကား မိမိညွန်ပြ ဆုံးမသည့်အတိုင်း လက်ခံလိုက်နာ နေထိုင်ရန်မှာ ခဲရင်းလှသည်”ဟု ဆိုခြင်းဖြစ်၏။

မြတ်စွာဘုရားရှင် လက်ထပ်က ပဓာနိကတိဿအမည်ရှိ မထေရ်တစ်ပါး ရှိ၏။ ထိုမထေရ်သည် ဘုရားရှင်အထံတော်မှ ကမ္မဋ္ဌာန်းတရား အားထုတ်နည်းကို သင်ယူပြီး အခြားသော ရဟန်းငါးရာတို့နှင့်အတူ တောတွင်းတစ်နေရာတွင် ၀ါဆိုဝါကပ်မှုကို ပြုလေ၏။ ပဓာနိကတိဿ မထေရ်သည် မထေရ်ကြီး ဖြစ်သည့်အားလျော်စွာ အခြားရဟန်းတော်များအား ပြောဆိုဆုံးမတော်မူ၏။ ပဓာနိက တိဿမထေရ်က “ငါ့ရှင်တို့… အရှင်ဘုရားတို့ဟာ သက်တော်ထင်ရှား ဘုရားရှင်ထံက ကမ္မဋ္ဌာန်းတရားကို သင်ယူခဲ့တဲ့အတွက် အဲဒီကမ္မဋ္ဌာန်းကို မမေ့မလျော့တဲ့ သတိနဲ့ အားသွန်ခွန်စိုက် ကြိုးစားအားထုတ်ကြရမှာ ဖြစ်တယ်၊ ကြိုးစားအားထုတ်ဖို့လည်း တိုက်တွန်းပါတယ်…” စသည်ဖြင့် အခြားသော ရဟန်းတို့အား အလုပ်ကောင်းရန် ပြောဆိုတိုက်တွန်းတော်မူ၏။

သို့သော် သိုကိုယ်တိုင်ကား ကမ္မဋ္ဌာန်းတရား အားထုတ်ခြင်း မရှိဘဲ ကျောင်းတွင်းသို့ သွားရောက်၍ လဲလျောင်းအိပ်စက်တော် မူလေ့ရှိ၏။ အခြားသော ရဟန်းတို့ကား ည၏ ပထမယာမ်တွင် စကြံလျှောက်ကာ တရားမှတ်ပြီး မဇ္ဈိမယာမ်တွင် ကျောင်းတွင်းသို့ ၀င်ကြကုန်၏။ ထိုအခါ ပဓာနိက မထေရ်သည် အိပ်ရာမှ နိုးလာပြီး အခြားသော ရဟန်းတို့ထံ သွားရောက်ကာ “အရှင်ဘုရားတို့က တရားအားမထုတ်ဘဲ အိပ်ပဲအိပ်နေတာပဲ…”ဟု ပြောဆိုကာ တရားအားထုတ်ခိုင်းပြီး သူကိုယ်တိုင်ကား ကျောင်းတွင်ပြန်ဝင်ကာ အိပ်စက်လေ၏။ အခြားရဟန်းတို့သည် မစ္ဇျိမယာမ်တွင် စင်္ကြံလျှောက် တရားအားထုတ်ပြီး ပစ္ဆိမယာမ်ခေါ် ည၏ နောက်ဆုံးအချိန်တွင် ကျောင်းတွင်းသို့ ၀င်ကြလေ၏။ ထိုအခါတွင်လည်း ပဓာနိကမထေရ်သည် အိပ်ရာမှ နိုးလာပြီး ရှေ့နည်းအတိုင်းပင် ပြောဆိုလေ၏။

ဤသို့ဖြင့် နေ့စဉ်ပြောဆိုလာသည့်အခါ နောက်ဆုံးတွင် အခြားသော ရဟန်းများမှာ တရားအားထုတ်၍ မရနိုင်ဘဲ စိတ်အစဉ် မတည်မငြိမ်ဖြစ်၍သာ နေပေ၏။ ထိုသို့ ဖြစ်သည့်အခါ မိမိတို့၏ ဆရာမထေရ်ဖြစ်သည့် ပဓာနိက မထေရ်သည် မည့်သို့မည်ပုံ အားထုတ်နေသည်ကို သိရှိလိုလာသဖြင့် တိတ်တဆိတ် စုံးစမ်းသည့်အခါ တရားအားမထုတ်ဘဲ အိပ်စက်ပြီးသာ နေလေ့ရှိသည့်အဖြစ်ကို သိရပြီး “ငါ့ရှင်တို့… ငါတို့ကား ရေလိုက်လွဲသွားခဲ့ကြပြီ၊ ငါတို့ဆရာကား ငါတို့အား အချည်းနှီးသာ မြည်တွန်ပြောဆိုပြီး သူကိုယ်တိုင်က ဘာတရားမှ အားမထုတ်ဘဲ နေနေပေတယ်” စသည်ဖြင့် ပြောဆိုကာ အလွန်ပင်ပန်းလျက် တရားတစ်စုံတစ်ရာ မရဘဲ ထိုဝါတွင်းကို ကုန်လွန်ခဲ့ရတော့၏။ ၀ါကျွတ်၍ ဘုရားရှင်ထံ အဖူးအမျှော် ရောက်ကြသည့်အခါ ဘုရားရှင်က တရားအားထုတ်မှု အဆင်ပြေ၊ မပြေ မေးမြန်းသဖြင့် ဖြစ်ကြောင်းကုန်စင်ကို လျှောက်ထားပြလေ၏။

ထိုအခါ မြတ်စွာဘုရားရှင်က “သူတပါးကို ဆုံးမသော နည်းအတိုင်း မိမိကိုယ်တိုင် လိုက်နာပြုကျင့်ရာ၏။ မိမိကိုယ်တိုင် ယဉ်ကျေးပြီးသော်မှသာ သူတပါးကို ဆုံးမရာ၏၊ မိမိကိုယ်ကို ယဉ်ကျေးအောင် ဆုံးမရခြင်းသည် ခဲယဉ်းလှစွာတကား..”ဟူ၍ တရားစကား ဟောကြားတော်မူလေ၏။ ထိုဒေသနာတော်၏ အဆုံးတွင် ရဟန်းငါးရာတို့သည် အရဟတ္တဖိုလ်၌ တည်လေ၏။ (ဓမ္မပဒ၊ အတ္တ၀ဂ်၊ ပဓာနိကတိဿမထေရ် ၀တ္ထု)

အထက်ပါ ဒေသနာတော်တွင် ပဓာနိက မထေရ်၏ လုပ်ရပ်နှင့် မြတ်ဗုဒ္ဓ၏ ဟောကြားချက်များသည် ဆင်ခြင်သင့်ပြီး လိုက်နာသင့်သည့် အချက်ပင် ဖြစ်၏။ ပဓာနိကမထေရ်၏ လုပ်ရပ်များအတိုင်း မိမိတို့အနေဖြင့် မလုပ်မိရန် သတိပြု ဆင်ခြင်သင့်ပြီး မြတ်ဗုဒ္ဓ မိန့်တော်မူသည့်အတိုင်း လိုက်နာကျင့်သုံးသင့်၏။ ပဓာနိက မထေရ်သည် အပြောသာရှိပြီး အလုပ်မရှိသည်ကို တွေ့ရ၏။ အပြောကောင်းပြီး အလုပ်မကောင်းသည်ကို သိမြင်နိုင်၏။ မြတ်ဗုဒ္ဓသည် ထိုသို့သော လုပ်ရပ်မျိုးကို အားမပေးပေ။ မြတ်ဗုဒ္ဓကား အပြောနှင့်အလုပ် ထပ်တူဖြစ်စေလို၏။ မည်သူမဆို သူတစ်ပါးတို့အား ပြောဆိုဆုံးမှုမပြုမီ မိမိကိုယ်တိုင် ရှေးဦးစွာ မိမိပြောဆိုဆုံးမသည့်အတိုင်း ပြုမူစေလို၏။ မိမိကိုယ်ကို ယဉ်ကျေးအောင် ကျင့်ကြံနေထိုင်ပြီးမှသာ အခြားသူများကို ဟောပြောပေးစေလို၏။ ဆိုလိုသည်မှာ အပြောနှင့်အလုပ် ထပ်တူဖြစ်စေလိုခြင်းပင် ဖြစ်၏။

သို့သော် မျက်မှောက်ခေတ်တွင်ကား အပြောနှင့် အလုပ်ထပ်တူ မဖြစ်သူများ အများအပြား ရှိနေပေ၏။ အပြောတစ်ခြား အလုပ်တစ်ခြားဖြင့် အမှားမှား ဖြစ်နေသူများ ရှိ၏။ မိမိကိုယ်တိုင်ကား အမှားလုပ်နေ၊ မကောင်းသည်များကို လုပ်နေသော်လည်း အခြားသူများကိုကား အကောင်းလုပ်စေလို၊ အမှန်လုပ်စေလိုကြ၏။ အထူးသဖြင့် မိသားစု အသိုင်းအ၀ိုင်းများတွင် ထိုကိစ္စများ မကြာခဏ ဖြစ်လေ့ရှိတတ်၏။ အဖေကိုယ်တိုင်က အရက်ကလေးတမြမြ ဖဲကလေးတစ်စစဖြင့် မဟုတ်သည့် လုပ်ရပ်များဖြင့် ကျင်လည်နေသော်လည်း သားသမီးများကိုကား အမှားတစ်ခုခု လုပ်မိလျှင် ဆူပူကြိမ်းမောင်းကာ ရိုက်နှက်ဆုံးမတတ်သည် အထိ ပြုတတ်သည့် ဖခင်များ ရှိ၏။ ထိုဖခင်များသည်ကား အထက်မှာ ပြောခဲ့သကဲ့သို့ ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နှင့်ဆိုသည့် ဖခင်များသာ ဖြစ်နေပေ၏။

စင်စစ်ထိုသို့ မဖြစ်သင့်ပေ။ မိဘဖြစ်စေ၊ ဆရာသမားများဖြစ်စေ သားသမီများ၊ တပည့်များအား ဆုံးမပြောဆို သွန်သင်မှုကို ပြုကြမည်ဆိုလျှင် ရှေးဦးစွာ မိမိကိုယ်တိုင် မိမိကိုယ်ကို ပြုပြင်ကာ မိမိ၏ အပြောနှင့်အလုပ် ထပ်တူဖြစ်စေရန် အားထုတ်သင့်၏။ မိမိကိုယ်တိုင် မိမိပြောသည့်အတိုင်း လက်တွေ့လိုက်နာ နေထိုင်မှုကို ပြုပြပြီးမှသာ သားသမီးများ၊ တပည့်များအား ပြောဆိုဆုံးမပြုသင့်၏။ ဗုဒ္ဓမြတ်စွာ မိန့်မှာတော်မူ သကဲ့သို့ မိမိ၏သားသမီး၊ တပည့်များအား ဆုံးမသည့်အတိုင်း မိမိကိုယ်တိုင် လိုက်နာပြုကျင့်ပြီးမှသာ သူတပါးတို့အား ဆုံးမသွန်သင်မှုကို ပြုသင့်ပေ၏။ သို့မှသာ အပြောခံရသူ၊ အဆုံးမခံရသူများသည် မိဘစကား၊ ဆရာ့စကားအား ရိုသေမှုနှင့် လက်ခံလိုက်နာကြမည် ဖြစ်ပါ၏။

စကားစပ်၍ ဒကာတစ်ယောက်အကြောင်း သတိရမိသေး၏။ ထိုဒကာသည် မကောင်းသတင်းများဖြင့်သာ ထင်ရှားလေ့ရှိသည့် ဒကာဖြစ်၏။ မကောင်းမှုတွင် ပျော်ပါးလေ့ရှိသူ တစ်ယောက်ဖြစ်၏။ သို့သော် သူသည် မိမိကိုယ်တိုင်ကား မဟုတ်သည်များဖြင့် ကျင်လည်လေ့ရှိသော်လည်း အခြားသူများအား “ဟိုဟာမလုပ်ဖို့၊ ဒါမဟုတ်ဖို့၊ ဟိုလိုမနေဖို့၊ ဒီလိုမနေဖို့” စသည်ဖြင့် ပြောဆိုလေ့ရှိသည်ဟု ဆို၏။ သူတပါးအား မည်မျှပင် ပြောဆိုနေသော်လည်း မိမိကိုယ်တိုင်ကား မဟုတ်သည်များဖြင့် ကျင်လည်နေသူ ဖြစ်သဖြင့် သူ့စကားအား မကင်းရာမကင်းကြောင်း မကောင်းတတ်သဖြင့်သာ ရှေ့တွင် နားထောင်တတ်သော်လည်း ကွယ်ရာတွင် မကောင်းပြောနေကြသည်က များနေပေ၏။ ထိုဒကာသည် ထိုသဘောကို မသိဘဲ မိမိကိုယ်တိုင်က မကောင်းသည့်အလုပ်များဖြင့် နေလေ့ရှိသော်လည်း အခြားသူများအား ဤသို့ဤပုံ ပြုမူရန်သာ ပြောဆိုမြဲ ပြောဆိုနေလေ့ရှိ၏။ သူ့အဖြစ်ကိုကြည့်ကာ ဤကဲ့သို့သော သူများကြောင့် မြတ်စွာဘုရားရှင်က “သူတပါးကို ဆုံးမသော နည်းအတိုင်း မိမိကိုယ်တိုင် လိုက်နာပြုကျင့်ရာ၏”ဟု ဟောတော်မူခြင်း ဖြစ်ကြောင်း သဘောပေါက်မိ၏။

ဆိုလိုသည်မှာ အခက်တကာ အခက်ဆုံးတို့တွင် မိမိကိုယ်ကို ပြုပြင်ဆုံးမရန်မှာ အခက်ဆုံး ဖြစ်သည်ဟု ဆိုကြသကဲ့သို့ လက်တွေ့ဘ၀တွင်လည်း မိမိကိုယ်ကို အပြောလည်းကောင်း အလုပ်လည်းကောင်းပြီး အပြောနှင့် အလုပ်ထပ်တူ ဖြစ်ရန်မလွယ်လှကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ ထိုသို့ မလွယ်လှသဖြင့်လည်း သူတပါးတို့အား ပြောဆိုဆုံးမမှု မပြုမီ မိမိကိုယ်ကို ရှေးဦးစွာ ယဉ်ကျေးအောင် ပြုပြင်နေထိုင်သင့်ကြောင်း ပြောလိုရင်း ဖြစ်၏။ မိမိကိုယ်တိုင် အပြောနှင့်အလုပ် ထပ်တူဖြစ်ရန် ကြိုးစားသင့်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။

မည်သို့ပင်ဆိုစေ လောကတွင် အပြောနှင့်အလုပ် တစ်ထပ်တည်းကျရန် မလွယ်လှသော်လည်း ကြိုးစားအားထုတ်မှုဖြင့် တစ်ဖြည်းဖြည်း ပြုပြင်ကြမည်ဆိုလျှင် မဖြစ်နိုင်သည့်အရာဟူသည် မရှိနိုင်သဖြင့် ရှေးဦးစွာ မိမိကိုယ်ကို၊ တစ်နည်းအားဖြင့် မိမိစိတ်ကို ပြုပြင်ကြည့်ကြရန် ဖြစ်ပါ၏။ သူတပါးတို့အား မပြောဆိုမီ မိမိကိုယ်တိုင် မိမိဖြစ်စေချင်သည့်အတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးပြရန် လိုအပ်ပေ၏။ မိမိပြောသည့်အတိုင်း မိမိကိုယ်တိုင် နေထိုင်နိုင်ရန် ကြိုးစားသင့်ပေ၏။ သို့မှသာ မိမိသည်လည်း အပြောကောင်း အလုပ်ကောင်းသူတစ်ဦး ဖြစ်လာမည်ဖြစ်ပြီး မိမိကို အမှီပြုကြသူများသည်လည်း မိမိပြောသည့်အတိုင်း လက်ခံလိုက်နာကြမည်သာ ဖြစ်ပါ၏။

ထို့ကြောင့် မည်သူမဆို သူတပါးတို့အား မည်သို့မည်ပုံ ပြုလုပ်နေထိုင်ရန် ပြောဆိုနိုင်သော်လည်း မိမိကိုယ်တိုင်ကား မိမိပြောသကဲ့သို့ လိုက်နာကျင့်သုံးရန် မလွယ်ကူလှသဖြင့် သူတပါးတို့အား မပြောကြား ရှေးဦးစွာ မိမိကိုယ်တိုင် အပြောကောင်းပြီး အလုပ်ကောင်းသူများ ဖြစ်စေရန်၊ မိမိ၏ အပြောအလုပ်များသည် အပြစ်ကင်းသည့်အပြော၊ အပြစ်ကင်းသည့် အလုပ်များ ဖြစ်စေရန်၊ အပြောနှင့်အလုပ် ထပ်တူဖြစ်စေရန် ကြိုးစားရင်း မိမိကိုယ်ကို ယဉ်ကျေးအောင် ဆုံးမရန်ခက်ခဲလှသည့် အဖြစ်မှ ကင်းလွှတ်ပြီး ဆုံးမလွယ်သူ အဖြစ်ဖြင့် မိမိ၏အပြောနှင့် မိမိ၏အလုပ် အကောင်းဆုံးဖြစ်အောင်သာ ကြိုးစားကြပါဟု စေတနာစကားဖြင့် အသိပါး လိုက်ရပေတော့၏။ အာလုံး အကောင်းပြော၍ အကောင်းလုပ်နိုင်ကြပါစေ…

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ