Blind date and Chatting …

ပြောင်းလဲလာတဲ့ ခေတ်ကာလ အခြေအနေအရ လူတစ်ဦးနဲ့တစ်ဦး တွေ့ဆုံ ဆက်ဆံမှုများဟာလည်း ပြောင်းလဲလာခဲ့ပါတယ်။ ဒီနေ့ခေတ် လူအချင်းချင်း တွေ့ဆုံချိန်းချက်တာတွေမှာ တစ်ယောက်ယောက်ကို အကြောင်းပြုပြီး တွေ့ဆုံမှုများ ရှိသလို တစ်ခုခုကို အကြောင်းပြုပြီး တွေ့ဆုံချိန်းချက်တာတွေလည်း ရှိပါတယ်။ အင်္ဂလိပ်စကားမှာ လာတဲ့ Blind date ဆိုတဲ့ စကားနဲ့ Chatting ဆိုတဲ့ စကားနှစ်ခုဟာ ဒီလို လူအချင်းချင်း တွေ့ဆုံဆက်ဆံမှုရဲ့ မတူညီတဲ့ သဘောကို ခွဲခြားပြပါတယ်။ Blind date ဆိုတာ သိကျွမ်းခြင်း မရှိတဲ့ အမျိုးသား အမျိုးသမီး အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် တစ်ဦးတစ်ယောက်ရဲ့ ကူညီမိတ်ဆက်ပေးမှုကြောင့် တွေ့ဆုံတဲ့ ချိန်းချက် တွေ့ဆုံမှုမျိုး ဖြစ်ပြီး Chatting ဆိုတာကတော့ ဒီနေ့ခေတ် ခေတ်စားနေတဲ့ အင်တာနက်ကို အသုံးပြုပြီး အွန်လိုင်းပေါ်မှာ တွေ့ဆုံကြတဲ့ အွန်လိုင်းချိန်းချက်မှုပဲ ဖြစ်ပါတယ်။ Bind date နဲ့ Chatting တို့ရဲ့ တွေ့ဆုံမှုများ မတူညီသလို တွေ့ဆုံပြီးနောက် ဖြစ်ပေါ်လာတဲ့ ရလာဘ်များလည်း မတူညီကြပြန်ပါဘူး။

အလွယ်ပြောရရင် ဘလိုင်းဒိတ်ဟာ မသိတဲ့သူ အချင်းချင်း လူကိုယ်တိုင် တွေ့ဆုံပြီး တစ်ယောက်နဲ့တစ်ယောက် လက်တွေ့အနီးကပ် ချိန်းချက်ဆက်ဆံကြတဲ့ သဘောဖြစ်ပြီး ချက်တင်းကတော့ တစ်ယောက်နဲ့တစ်ယောက် မမြင်ဖူးမတွေ့ဘူးပဲ စာနဲ့အသံနဲ့လောက်ပဲ တွေ့ဆုံဆက်ဆံကြတဲ့ သဘောဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်း ခေတ်စားနေတဲ့ ဒီလိုတွေ့ဆုံမှုမျိုးမှာ ဥရောပနိုင်ငံသား အများစုကတော့ ဘလိုင်းဒိတ်နဲ့ တွေ့ဆုံမှုကို ပြုလုပ်လေ့ရှိကြပြီး အာရှတိုက်သား အများစုကတော့ အင်တာနက် ချက်တင်းကို အသုံးပြုပြီး တွေ့ဆုံကြတာကို တွေ့ရတတ်ပါတယ်။ အနောက်နိုင်ငံသားတွေလည်း အင်တာနက် ချက်တင်းမလုပ်ဘူးလားဆိုတော့ လုပ်ကြပါတယ်။ ဒါပေမယ့် အာရှနိုင်ငံသားများလောက် မများဘူးလို့ ဆိုကြပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုတွေ့ဆုံမှုများဟာ ကောင်းကျိုးရှိသလို ဆိုးကျိုးလည်း ရှိတတ်ပါတယ်။ အထူးသဖြင့် အင်တာနက် ချက်တင်းနဲ့ တွေ့ဆုံမှုများကတော့ ကောင်းကျိုးထက် ဆိုကျိုးက ပိုများတာကို တွေ့ရတတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ရိုးသားမှုနဲ့ဆက်ဆံတာထက် အလိမ်အကောက်များနဲ့ ဆက်ဆံတာက ပိုးများတာကို တွေ့ရတတ်ပါတယ်။

“လူ့အကြောင်း ပေါင်းကြည့်မှသိ” ဆိုသလို လူတစ်ယောက်ရဲ့ အသေးစိပ် ကာရိုက်တာ၊ စိတ်နေသဘောထားဟာလည်း အနီးကပ်တွေ့ဆုံ နေထိုင်ပြီး ကြာကြာပေါင်းကြည့်မှ သိရတတ်တဲ့ သဘောရှိပါတယ်။ ဟန်ဆောင်မှုများတဲ့ လောကကြီးမှာ လူကိုယ်တိုင် အနီးကပ် တွေ့ဆုံမှု မရှိဘဲ ခဏတစ်ဖြုတ် တွေ့ဆုံမှုလောက်နဲ့ကတော့ လူတစ်ယောက်ရဲ့ အခြေအနေကို တိတိကျကျ သိရဖို့ မလွယ်လှပါဘူး။ အထူးသဖြင့် အွန်လိုင်းချက်တင်းမှာ တွေ့ဆုံမှုလောက်နဲ့ လူတစ်ယောက်ရဲ့ သဘောထားအမှန်ကို သိနိုင်ဖို့ဆိုတာ တော်တော်ခဲရင်းလှပါတယ်။ ဒါကြောင့်လည်း အင်တာနက် ချက်တင်းနဲ့ တွေ့ဆုံကြတဲ့ သူတွေကြားမှာ ပြဿနာ အမျိုးမျိုး ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။

ဘလိုင်းဒိတ်နဲ့ တွေ့ဆုံမှုဟာ အနောက်တိုင်းမှာ ပေါ်ပြူလာဖြစ်နေတယ် ဆိုတာကလည်း ဒီတွေ့ဆုံမှုရဲ့ အားသာချက်များက ရှိနေလို့ပဲ ဖြစ်ပါတယ်။ အရင်ဆုံး လူတစ်ဦးနဲ့တစ်ဦး လက်တွေ့ တွေ့ဆုံခွင့်ရတဲ့ အချက်ပဲ ဖြစ်ပါတယ်။ လက်တွေ့တွေ့ဆုံ စကားပြော ဆက်ဆံကြည့်ကာ အားနည်းချက် အားသာချက်များကို အနီးကပ် အကဲခတ်ခွင့်ရတဲ့အတွက် သူ့ကာရိုက်တာနဲ့ ကိုယ့်ကာရိုက်တာ တူမတူကို လေ့လာခွင့်ရသလို သူကဒီလို သဘောရှိတတ်တယ်၊ ကိုယ်ကဒီလို သဘောရှိတယ် ဆိုတာကိုလည်း သိခွင့်ရကြပါတယ်။ အားနည်းချက်ကို ပြင်လို့ရသလို အားသာချက်ကို ဆွဲကိုင်ထားလို့လည်း ရပါတယ်။ မကြိုက်ရင် ရှောင်လို့ရသလို ကြိုင်ရင်လည်း ဆိုင်လို့ရတဲ့ သဘောရှိပါတယ်။ ဒါကြောင့် ဘာမှမသိရဘဲ စာလေးအသံလေးနဲ့ တွေ့ဆုံကြတဲ့ အင်တာနက် ချက်တင်းထက်စာရင် လက်တွေ့တွေ့ဆုံပြီး အနီးကပ်လေ့လာ အကဲခက် ဆက်ဆံကြည့်တဲ့ ဘလိုင်းဒိတ် တွေ့ဆုံမှုက ပိုပြီး အားသာချက် ရှိတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ဒါပေမယ့် ဒီနေ့ခေတ် လူငယ်တော်တော်များကတော့ အင်တာနက်ချက်တင်းနဲ့ပဲ တွေ့ဆုံဆက်ဆံ နေကြတာကို တွေ့ရပါတယ်။ အလုပ်မအားတာရယ်၊ အချိန်မပေးနိုင်တာရယ်၊ တစ်ခြားဘာညာ ကိစ္စတွေရယ်ကြောင့် အလွယ်တကူ ကိုယ့်နေရာလေးကနေပြီး အဖော်ရှာလို့ရနေတဲ့ ဒီအင်တာနက် ချက်တင်းကိုပဲ အသုံးပြုနေကြတာ တွေ့ရတတ်ပါတယ်။ ဒီလို ချက်တင်းနဲ့ တွေ့ဆုံမှုများဟာ အလွယ်တကူ ရှိလှတယ်ဆိုပေမယ့် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများတာကို လက်တွေ့ချက်နေကြတဲ့ ချက်တင်းဂျပိုးတွေက ပိုသိကြမှာပါ။ သူသူကိုယ်ကိုယ် လူမမြင်ရ၊ အနီးကပ် မရှိကြတော့ ပြောချင်သလိုပြော၊ လိမ်ချင်သလိုလိမ်၊ ကိုယ့်သဘောနဲ့ကိုယ် ဖွင့်ဆိုချင်သလို ဖွင့်ဆိုလို့ရနေတဲ့အတွက် မိန်းမရှိတဲ့သူကလည်း လူပျိုလုပ်တတ်ကြသလို၊ ယောက်ျားရှိတဲ့သူကလည်း အပျိုလုပ်နေတတ်ကြပါတယ်။ တစ်ဘက်နဲ့တစ်ဘက် လှိမ့်လုံးညာလုံးလေးတွေနဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးခံရအောင် လုပ်နေတတ်ကြပါတယ်။ လောကမှာ မုသာဝါဒ အသုံးဆုံးလူတွေကို ပြောပါဆိုရင် အင်တာနက် ချက်တင်းလုပ်နေတဲ့ သူတွေလို့ ပြောရလောက်အောင် မုသာဝါဒကို ထည်လဲသုံးနေတတ်ကြပါတယ်။ ပိုဆိုးတာက ချက်တင်းလုပ်ရင်း လူတစ်ယောက်ရဲ့ ယုံကြည်မှုကို အသုံးချ လိမ်လည်တာတွေက ပိုဆိုးပါတယ်။

တစ်ချို့မိန်းကလေးတွေဆို ချက်တင်းကနေ အဖော်ရှာရင်း အချဉ်တွေ့တဲ့အခါ အဝေးကနေပြီး သနားအောင် အမျိုးမျိုးပြောဆိုကာ ဟိုဟာတောင်းရတာနဲ့ ဒါတောင်းရတာနဲ့၊ ဘယ်သူကဘာဖြစ်လို့ ဘာလေးပို့ပေးပါဦး ညာလေးပို့ပေးပါဦး လုပ်ရတာနဲ့ ချက်တင်းဈေးကွက် တွေ့နေသလိုတောင် ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါကို အဝေးရောက် ဘသားချောတွေက အဟုတ်ထင်ကာ သနားစိတ်တွေဝင်ပြီး ဟိုဟာလေးပို့ပေး၊ ဒါလေးပို့ပေး လုပ်တတ်ကြပါတယ်တဲ့။ သူရှာတာ သူ့ပို့တာ ဘာမှ ပြဿနာ မရှိပေမယ့် အဓိကပို့ရမယ့် အိမ်ကျတော့ အလုပ်အဆင်မပြေလို့ ဘာလို့ညာလို့ စတဲ့အကြောင်းပြတွေနဲ့ မပို့ဘဲ နေကြပြီး အင်တာနက်ချက်တင်းမှာ တွေ့ရတဲ့ မယ်တော်လေးတွေကျတော့ ကိုယ့်မရှိရင်တောင် သူများဆီက ချေးငှါးပြီး ပို့ပေးနေတာကတော့ လိုတာထက် ပိုသလို ဖြစ်နေပြန်ပါတယ်။

မိန်းကလေးတွေပဲလားဆိုတော့ ယောက်ျားလေးတွေလည်း သိပ်မထူးလှပါဘူး။ တစ်ချို့ အိမ်ထောင်ရှိ၊ ရည်စားရှိရဲ့သားနဲ့ အိမ်ထောင်မရှိတဲ့ ပုံစံမျိုး၊ ရည်စားမရှိတဲ့ ပုံစံမျိုးနဲ့ လိမ်လည်ပြီး မိန်းကလေးတွေရဲ့ အားနည်းချက်ကို ရအောင်ယူတတ်တာတွေလည်း ရှိပါတယ်။ အရိုးခံဖြစ်တဲ့ မိန်းကလေးတွေရဲ့စိတ်ကို လှိမ့်လုံးလေးတွေ၊ မက်လုံးလေးတွေနဲ့ သိမ်းသွင်းပြီး လိုသလို ဆွဲယူတတ်တာတွေ ရှိတတ်ပါတယ်။ မြန်မာနိုင်ငံကထွက်ပြီး နိုင်ငံခြား ရောက်နေတဲ့အခါ ကိုယ့်ကိုယ်ကို လူပျိုလုပ်ပြီး အသစ်ရှာတတ်တာလည်း ရှိတတ်ပါတယ်။ ချက်တင်းဝင်ပြီဆိုကတည်းက အိမ်ထောင်ရှိ၊ ကလေးရှိတဲ့ သူတွေလည်း တစ်ခါမှ အတွေ့အကြုံမရှိ၊ ရည်စားတောင် မထားဘူးတဲ့ သူတွေ ဖြစ်ကုန်ပါတော့တယ်။ လိမ်တာညာတာတွေ လုပ်ပါများလာတော့ လိမ်ရညာရမှာကို ထမင်းစား ရေသောက်သလို အလွယ်လုပ်ကုန်ပါတော့တယ်။ မကောင်းတဲ့အလုပ်ကို လုပ်နေရင်း ကိုယ်လုပ်နေတာကို သတိမပြုမိတော့ဘဲ ပုံမှန်လုပ်နေကျ အလုပ်တစ်ခုလို အကုသိုလ်အလုပ်မှာ ယဉ်ပါးကုန်ပါတော့တယ်။ မိန်းကလေးတွေလိုပဲ ယောက်ျားလေးတွေလည်း ချက်တင်းဝင်တာနဲ့ လိမ်ကုန်ကြတော့တာပါပဲ။

နောက်ဆုံးတော့ ယောက်ျားလေးပဲ ဖြစ်ဖြစ် မိန်းကလေးပဲ ဖြစ်ဖြစ် အင်တာနက် ချက်တင်းဝင်ကြရင် ကောင်းကျိုးထက် ဆိုးကျိုးဖြစ်တာက ပိုများလေ့ရှိပါတယ်။ အမှန်တွေထက် မမှန်တွေက ပိုများလေ့ရှိပါတယ်။ ဒါကြောင့် ချက်တင်းတွေ့ဆုံမှုဟာ ကောင်းတာထက် မကောင်းတာက ပိုများတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

လက်တွေ့ပိုင်းမှာ ကြည့်ရင်လည်း ချက်တင်းတွေ့ဆုံမှုနဲ့ သမီးရည်စားဖြစ်သွားကြပြီး အပြင်မှာ တကယ်တွေ့ဖြစ်ကြတဲ့အခါ မတူညီတဲ့ ကာရိုက်တာတွေကြောင့် အဆင်မပြေဖြစ်ပြီး လမ်းခွဲသွားကြတဲ့ သူတွေလည်း ရှိပါတယ်။ အွန်လိုင်းပေါ်မှာ အဆင်ပြေနေပေမယ့် အပြင်ပိုင်းမှာတော့ အဆင်မပြေ ဖြစ်ကြတာတွေလည်း ရှိတတ်ကြပါတယ်။ ရှိလည်းရှိနေကြမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဟန်ဆောင်မှုများ၊ လိမ်ညာမှုများနဲ့ တစ်ယောက်အကြောင်းတစ်ယောက် မမြင်မသိရဘဲ တွေ့ခဲ့ကြတာဆိုတော့ အနီးကပ်လေ့လာ တွေ့ရှိကြတဲ့အခါမှာ အမှန်ပေါ်ကုန်ကြတဲ့ သဘောပဲ ဖြစ်ပါတယ်။ တစ်ချို့ဆို အွန်းလိုင်းမှာတွေ့ပြီး ဘ၀ခရီးဖော်အထိ လက်တွဲဖို့ စီစဉ်ပြီးကာမှ အနီးကပ်တွေ့ဆုံတဲ့အခါမှာ အဆင်မပြေလို့ လက်တွဲဖြုတ်လိုက်ကြတဲ့ အဖြစ်တွေ့လည်း ရှိပါတယ်။

တစ်လောကပဲ forward အီးမေးလ်ကတစ်ဆင့် ၀င်လာတဲ့ စာတစ်စောင်မှာ ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် အွန်းလိုင်ချက်တင်းကနေ တွေ့ဖြစ်ကြရာက သူရှိတဲ့နိုင်ငံကိုယ်သွား၊ ကိုယ်ရှိတဲ့နိုင်ငံ သူလာကာ အတူသွားလာ နေထိုင်ပြီး အိမ်ထောင်ဖက်အဖြစ် သဘောတူပြီးမှ ပျက်ပြယ်သွားတဲ့အတွက် မကျေမနပ်ဖြစ်ကာ ရုံးတိုင်ဂတ်တိုင်တဲ့အထိ ပြဿနာ ကြီးကြီးတက်ခဲ့ကြတဲ့ အကြောင်း ဖတ်လိုက်ရပါသေးတယ်။ အသိတစ်ယောက်လည်း အဲဒီလို အွန်းလိုင်းမှာတွေ့ကြရင်း သမီးရည်စားဖြစ်ကြရာက အိမ်ထောင်ပြုဖို့အထိ ရည်ရွယ်ခဲ့ကြပေမယ့် လက်တွေ့အနီးကပ် တွေ့ကြတဲ့အခါ မတူညီတဲ့ အကျင့်စရိုက်တွေကြောင့် လမ်းခွဲခဲ့ရတဲ့ အဖြစ်နဲ့ ကြုံခဲ့ရပါသေးတယ်။ ဒီလို အဖြစ်အပျက်တွေ ပြောမယ်ဆိုရင်တော့ အများကြီးပါပဲ။ သေချာတာကတော့ ချက်ရင်းတွေ့ကြတဲ့ တွေ့ဆုံမှုဟာ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများတယ်ဆိုတာ အသေအချာပါပဲ။

အမှန်တော့ ဘာပဲလုပ်လုပ် အစွန်းမရောက်အောင် လုပ်ဖို့လိုပါတယ်။ ခေတ်ကာလ အနေအထားအရ ဘလိုင်းဒိတ်တို့၊ ချက်တင်းတို့ဆိုတာ လုပ်ဖို့လိုအပ်ပါတယ်။ လုပ်တဲ့အခါမှာ သူ့ဘက်ကိုယ့်ဘက် အကျိုးမယုတ်အောင် ပြောဆိုဆက်ဆံကြဖို့ပဲ လိုပါတယ်။ မိတ်ကောင်းဆွေကောင်း အဆွေခင်ပွန်းကောင်း အနေနဲ့ရော အားပေးဖော် တစ်ယောက်အနေနဲ့ပါ အချင်းချင်း ချက်တင်းကနေ အကူအညီပေးလို့ ရသလို ပွင့်လင်းရိုးသားမှုနဲ့ ရိုင်းပင်းနိုင်အောင် ကြိုးစားလို့လည်း ရပါတယ်။ ဖြစ်သင့်တာက သူ့ဘက်ကိုယ့်ဘက် ထည့်တွက်ကြရင်း ကိုယ်ချင်းစာတရားနဲ့ ကိုယ်မလုပ်နိုင်တဲ့ အရာတွေမှာ လိမ်ညာမှုကို အသုံးပြုပြီး စကားလုံးတွေနဲ့ ချည်နှောင်မထားဖို့ လိုအပ်ပါတယ်။ လိမ်ညာမှုတွေနဲ့ တစ်ဘက်သား ကိုယ့်ဘက်ပါလာအောင် မက်လုံးတွေပေးပြီး မစည်းရုံးမိဖို့ လိုပါတယ်။ ဘလိုင်းဒိတ်နဲ့ တွေ့ဆုံတာပဲ ဖြစ်ဖြစ် ချက်တင်းနဲ့ တွေ့ကြတာပဲ ဖြစ်ဖြစ် အလိမ်အကောက်တွေနဲ့ ဟန်ဆောင်မှုမပြုကြဘဲ ရိုးသာမှုနဲ့ တစ်ဦးအပေါ်တစ်ဦး အားပြုကြဖို့ ကြိုးစားသင့်ပါတယ်။ အဲဒီလိုသာ ဆက်ဆံကြမယ်ဆိုရင် ဘလိုင်းဒိတ်လည်းကောင်းပြီး ချက်တင်းလည်း ကောင်းနေကြမှာ ဖြစ်ပါတယ်။

ဒါကြောင့် နောက်ဆုံးအနေနဲ့ တိုက်တွန်းချင်တာက ရွာကြီးတစ်ရွာလို ဖြစ်နေတဲ့ ကမ္ဘာကြီးမှာ နေထိုင်ကြတဲ့ ရွာသားအချင်းချင်း ငြိမ်းချမ်းစွာနဲ့ တစ်ဦးအပေါ်တစ်ဦး ရိုင်းပင်းကူညီရင်း အကျိုးရှိတဲ့ တွေ့ဆုံမှုများနဲ့ လျှောက်လှမ်းနိုင်ကြဖို့အတွက် လူသားများအနေနဲ့ ဘလိုင်းဒိတ်နဲ့ တွေ့ဆုံတာပဲ ဖြစ်ဖြစ်၊ အွန်းလိုင်းချက်တင်းနဲ့ တွေ့ဆုံတာပဲ ဖြစ်ဖြစ် လူအချင်းချင်း ကိုယ်ချင်းစာစိတ်နဲ့ ဟန်ဆောင်မှုမပါ ရိုးရှင်းစွာ တွေ့ဆုံဆက်ဆံနိုင်အောင် ကြိုးစားခြင်းကသာ အကောင်းဆုံး ဖြစ်ပါကြောင်း…

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ