စိတ်ကွယ်ရာနဲ့ ဆိတ်ကွယ်ရာ

ဆိတ်ကွယ်ရာ အရပ်ဆိုတာ ရှိပေမယ့် စိတ်ကွယ်ရာ အရပ်ဆိုတာကတော့ မရှိနိုင်ပါဘူး။ အထူးသဖြင့် မကောင်းတဲ့ အလုပ်တွေကို တိတ်ဆိတ်ငြိမ်သက်တဲ့ မမြင်ကွယ်ရာမှာ ဘယ်သူမှ မသိနိုင်ပါဘူးဆိုပြီး လုပ်ဖြစ်တဲ့အခါ သူများက မသိနိုင်ပေမယ့် ကိုယ်ကိုယ်တိုင်ကတော့ သိနေပြီး ဖြစ်ပါတယ်။ သူများရဲ့ မမြင်တိတ်ဆိတ် ကွယ်ရာဆိုတာ ရှိပေမယ့် ကိုယ့်စိတ်ရဲ့ မမြင်ကွယ်ရာဆိုတာကတော့ ရှိမှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့စိတ်ကွယ်ရာကို ဆိတ်ကွယ်ရာနဲ့ ဖုံးကွယ်ထားလို့ မရပါဘူး။ ဒါကြောင့် တိတ်ဆိတ်ပြီး မမြင်ကွယ်ရာမှာ တစ်ယောက်တည်း ရှိနေလို့ ဘယ်သူမှ မသိလောက်ပါဘူးဆိုပြီး မဟုတ်တာတွေတော့ မလုပ်မိပါစေနဲ့။ သူများမသိပေမယ့် ကိုယ့်စိတ်ကတော့ ကိုယ်ဘာလုပ်တယ်ဆိုတာ သိနေမှာ အမှန်ပဲ ဖြစ်ပါတယ်။ အဲ... ကိုယ့်ကိုယ်ကို သိနေရဲ့သားနဲ့ သိသိကြီး ဇွတ်အတင်း လုပ်ဖြစ်ကြမယ်ဆိုရင်တော့ အဲဒီအကျိုးဆက်က ကိုယ့်ဆီကို အခွင့်သာတာနဲ့ အကာအကွယ်မရှိ ရောက်လာမှာ အသေအချာပဲ ဖြစ်ပါတယ်။ 

Read more »

ကံအကြောင်း ပြောကြည့်ခြင်း


“ကံကံရဲ့ အကျိုးပဲ”လို့ပြောရင် အတော်များများက ဗုဒ္ဓဘာသာရဲ့  ကမ္မဝါဒ အယူအဆအဖြစ် ပြေးမြင်တတ်ကြပါတယ်။ တကယ်တော့ ကံကံရဲ့ အကျိုးဟာ ဗုဒ္ဓဘာသာရဲ့ အယူအဆလို့ ဆိုတာထက် သတ္တဝါအားလုံးနဲ့ သက်ဆိုင်တဲ့ မပြောင်းလဲတဲ့ အမှန်သစ္စာတရား တစ်ခုအဖြစ် ပြောတာက ပိုပြီးသဘာဝကျမှာ ဖြစ်ပါတယ်။ ကံတရားရဲ့ နိယာမဟာ ဘယ်သူတွေအတွက်၊ ဘယ်ဘာသာဝင်တွေ အတွက်မှ သီးသန့် သတ်မှတ်ထားတာ မဟုတ်ဘဲ သက်ရှိသတ္တဝါ အားလုံးအတွက် သက်ရောက်မှု ရှိနေခြင်းပဲ ဖြစ်ပါတယ်။ ကံတရားရဲ့ သက်ရောက်မှုဟာ မျက်နှာလိုက်ခြင်း သဘောမရှိဘဲ သတ္တဝါ အားလုံးအပေါ်မှာ တစ်ပြေးညီပဲ ဖြစ်စေတတ်တာ ဖြစ်ပါတယ်။ ကံတရားရဲ့ ယေဘုယျ နိယာမဟာ “ကောင်းတာလုပ်ရင် ကောင်းတဲ့ သက်ရောက်မှုကို ဖြစ်စေပြီး မကောင်းတာလုပ်ရင် မကောင်းတဲ့ သက်ရောက်မှုကို ဖြစ်စေခြင်း” ပဲ ဖြစ်ပါတယ်။ ဒီနိယာမ သဘောအရ ဘယ်သူမဆို ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးသက်ရောက်မှုကို ခံစားရမှာ ဖြစ်ပြီး မကောင်းတာလုပ်ရင် မကောင်းတဲ့ အကျိုးသက်ရောက်မှုကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါဟာ ဘယ်နိုင်ငံ၊ ဘယ်လူမျိုး၊ ဘယ်ဘာသာဝင် စတာတွေနဲ့ မဆိုင်ဘဲ သတ္တဝါတွေရဲ့ လုပ်ဆောင်ချက် အလုပ်တွေနဲ့ပဲ သက်ဆိုင်တာ ဖြစ်ပါတယ်။

ကံဆိုတာ တကယ်တော့ အလုပ်ကိုပဲ ပြောတာဖြစ်ပါတယ်။ ပါဠိစကား ကမ္မကို ကံလို့မြန်မာမှု ပြုထားခြင်းဖြစ်ပြီး ကမ္မဆိုတဲ့ စကးလုံးရဲ့ တိုက်ရိုက်အဓိပ္ဗါယ်ဟာ အလုပ်ကိုပြောတာ ဖြစ်ပါတယ်။ အလုပ်လို့ ဆိုတဲ့အတွက် အလုပ်တိုင်းဟာ ကံမြောက်တာတော့ မဟုတ်ပါဘူး။ အဲဒီလုပ်တဲ့ အလုပ်တိုင်းမှာ ပါဝင်ပတ်သက်နေတဲ့ စေတနာပါတဲ့ အလုပ်မျိုးကိုသာ ကံမြောက်တဲ့ အလုပ်လို့  ပြောတာဖြစ်ပါတယ်။ စေတနာပါပါနဲ့ လုပ်တဲ့အလုပ်တိုင်းဟာ ကံမြောက်နေပြီး ကံမြောက်ရင် အကျိုးသက်ရောက်မှုလည်း ရှိနေမှာ ဖြစ်ပါတယ်။ လုပ်တဲ့သူရဲ့ စေတနာ အဆိုးအကောင်းအပေါ်လိုက်ပြီး စေတနာကောင်းနဲ့ လုပ်တဲ့အလုပ်ဟာ အလုပ်ကောင်းဖြစ်ပြီး စေတနာဆိုးနဲ့ လုပ်တဲ့အလုပ်ဟာ အလုပ်ဆိုးပဲ ဖြစ်ပါတယ်။ အဲဒါကို စာလိုပြောတော့ ကုသလကမ္မ (ကုသိုလ်ကံ)၊ အကုသလကမ္မ (အကုသိုလ်ကံ)လို့ ပြောနိုင်တာ ဖြစ်ပါတယ်။

စေတနာလို့ခေါ်တဲ့ စိတ်ကိုစေ့ဆော်ပေးတဲ့ စေတသိက်ဟာ ကောင်းတဲ့အလုပ်တွေမှာလည်း ယှဉ်နေတတ်သလို မကောင်းတဲ့အလုပ်တွေမှာလည်း ယှဉ်နေတတ်တဲ့အတွက် အလုပ်လုပ်တဲ့အခါ စေတနာကို အလေးထားရမှာ ဖြစ်ပြီး လုပ်တဲ့အလုပ်တိုင်းမှာ စေတနာကောင်းတွေဖြစ်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဘုရားရှင်ကတော့ “စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ = စေတနာကို ကံ”လို့ ဟောတော်မူပါတယ်။ အလုပ်လုပ်တဲ့အခါမှာ လုပ်တဲ့သူရဲ့ စေတနာအပေါ်လိုက်ပြီး အလုပ်ရဲ့ အကျိုးသက်ရောက်မှုကွာခြားသွားတာ ဖြစ်တဲ့အတွက် ကိုယ်အမူအရာနဲ့ လုပ်တဲ့အခါပဲ ဖြစ်ဖြစ်၊ စကားနဲ့ ပြောဆိုတဲ့အခါပဲ ဖြစ်ဖြစ်၊ စိတ်နဲ့ကြံစည် တွေးတောတဲ့အခါပဲ ဖြစ်ဖြစ် စေတနာရဲ့ စေ့ဆော်မှုဟာ ကံကိုအကြီးအသေး ဖြစ်စေတော့တာ ဖြစ်ပါတယ်။ စေတနာ မပါတဲ့ လုပ်ရပ်တိုင်းမှာ ကံကိုပံ့ပိုးမှု မဖြစ်စေတဲ့အတွက် အလုပ်လုပ်တဲ့အခါမှာ စေတနာကို အထူးဂရုပြုကြရမှာ ဖြစ်ပါတယ်။

စေတနာပါပါနဲ့ လုပ်ဖြစ်ခဲ့တဲ့ အလုပ်တွေရဲ့ အကျိုးသက်ရောက်မှု သဘောလက္ခဏာမှာ ကောင်းတဲ့စေတနာနဲ့ လုပ်ဖြစ်ရင် ကုသိုလ်ရဲ့  သဘောလက္ခဏာ ဖြစ်စေပြီး အဲဒီလို လုပ်ဖြစ်တဲ့ အလုပ်တိုင်းမှာ အပြစ်မရှိခြင်း၊ ကောင်းတဲ့အကျိုးကို ပေးခြင်းစတဲ့ အကျိုးသက်ရောက်မှုလည်း ဖြစ်စေတော့တာ ဖြစ်ပါတယ်။ မကောင်းတဲ့ စေတနာနဲ့ လုပ်ဖြစ်ရင်တော့ အကုသိုလ်ရဲ့ သဘောဖြစ်ပြီး အဲဒီလို လုပ်ဖြစ်တဲ့ အလုပ်တိုင်းမှာ အပြစ်နဲ့တကွဖြစ်ခြင်း၊ မကောင်းတဲ့အကျိုးကိုပေးခြင်း စတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေတတ်တာ ဖြစ်ပါတယ်။ ဒီလို ကောင်းတဲ့ကံနဲ့ မကောင်းတဲ့ကံတွေရဲ့ သဘောလက္ခဏာတွေဟာ မပြောင်းလဲဘဲ အထင်အရှား ရှိနေတဲ့အတွက် ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံသားပဲ ဖြစ်ဖြစ်၊ ဘယ်ဘာသာဝင်ပဲ ဖြစ်ဖြစ် စေတနာကောင်းနဲ့ အလုပ်ကောင်းတွေ လုပ်နေရင် ကောင်းတဲ့ အကျိုးသက်ရောက်မှုကို ရရှိခံစားရမှာ ဖြစ်ပြီး စေတနာဆိုးနဲ့ မကောင်းတဲ့ အလုပ်တွေကို လုပ်ဖြစ်ရင်တော့ မကောင်းတဲ့ အကျိုးသက်ရောက်မှုကို ရရှိခံစားကြရမှာ ဖြစ်ပါတယ်။ ဒါဟာ ဘုရားဟောတဲ့ အမှန်တရားမဟုတ်ဘဲ မပြောင်းလဲတဲ့ ကမ္မနိယာမရဲ့ သဘောတရားပဲ ဖြစ်ပါတယ်။

ဒါပေမယ့် အထူးသတိပြုရမှာက ကံရဲ့အကျိုးသက်ရောက်မှုဟာ တစ်ခါတလေ အခု သရက်ပင်စိုက် အခုသရက်သီးစားရတဲ့ သဘောမျိုး မဟုတ်ပါဘူး။ အချိန်တန်၊ အခွင့်သာမှ အကျိုးသက်ရောက်မှုကို ဖြစ်စေတတ်တာ ဖြစ်ပါတယ်။ ပြီးတော့ ကံဆိုတာမှာ အတိတ်ကံ၊ ပစ္စုပ္ဗန်ကံဆိုတာလည်း ရှိတဲ့အတွက် အားသာတဲ့ကံရဲ့ အကျိုးသက်ရောက်မှုဟာ အရင်ခံစားရတတ်တာလည်း သတိပြုရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း တစ်ချို့ ဒီပစ္စုပ္ဗန်ဘဝမှာ ကောင်းတာတွေ လုပ်နေပေမယ့် အဆိုးတွေပဲ ကြုံနေကြရတာတွေ၊ မကောင်းတာတွေလုပ်နေပေမယ့် ကောင်းကျိုးတွေပဲ ရရှိခံစားနေရတာတွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။ ဒါကို တစ်ချို့ ကံတရားရဲ့ သဘောကို မသိတဲ့သူတွေက ကိုယ့်လုပ်ရပ်တွေအပေါ်မှာ သံသယ ဝင်တတ်တာတွေ ရှိတတ်ပါတယ်။ “ငါကောင်းတာတွေ လုပ်နေရဲ့သားနဲ့ အဆိုးတွေချည်းပဲ ကြုံနေရပေမယ့် တစ်ချို့ကျတော့ မဟုတ်တာတွေ လုပ်နေပေမယ့် ကံကောင်းလိုက်တာ၊ ကံတရားကလည်း မျက်နှာလိုက်လိုက်တာ” စတဲ့ အတွေးတွေနဲ့ ကံရဲ့အကျိုးသက်ရောက်မှုအပေါ် သို့လောသို့လောဖြစ်ပြီး “မထူးပါဘူးငါလည်း သူတို့လို မဟုတ်တာပဲ လုပ်တာကောင်းပါတယ်” ဆိုတာတွေအထိ ဖြစ်တတ်ကြတာတွေ ရှိတတ်ပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကို သဒ္ဓါတရား လျော့လာတဲ့ သဘောတွေဖြစ်ပြီး ကံကံရဲ့ အကျိုးအပေါ် ယုံကြည်မှု ကမ္မဿကတာ သမ္မာဒိဋ္ဌိ အားနည်းတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

ကမ္မဿကတာ သမ္မာဒိဋ္ဌိဆိုတာ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာဖြစ်တယ်လို့ မဖောက်မပြန် မှန်ကန်တဲ့ အမြင်၊ အယူမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ ကံအပေါ်ယုံကြည်မှုမျိုးဟာ ဒီသမ္မာဒိဋ္ဌိကို အခြေခံထားတာ ဖြစ်ပါတယ်။ ဒီအယူအဆဟာ ဘာပဲဖြစ်ဖြစ် ကံအကြောင်းပါပဲလို့ အရာရာ ကံကိုပုံချတဲ့ သဘောမျိုးမဟုတ်ဘဲ ကံတရားအပေါ် ဉာဏ်နဲ့ယှဉ်တဲ့ လက်ခံယူဆမှုမျိုး ဖြစ်ပါတယ်။ ဉာဏ်ယှဉ်ထားတာ ဖြစ်တဲ့အတွက် အကြောင်းအကျိုး၊ အကောင်းအဆိုးကို ဆင်ခြင်ပြီးမှ ကံကံရဲ့ အကျိုးတရားအပေါ် မှန်မှန်ကန်ကန် ယုံကြည်လက်ခံမှုမျိုး ဖြစ်ပါတယ်။ အရာရာဟာ မြဲတယ်လို့ ယူဆတဲ့ အတ္တအခြေခံ သဿတဒိဋ္ဌိလို အယူမျိုး၊ အားလုံးဟာ ဒီဘဝပြီးရင် ပြီးပြီ၊ ဘာမှမရှိတော့ဘူးလို့  ယူဆတဲ့ ဥစ္ဆေဒဒိဋ္ဌိလို အယူမျိုး မဟုတ်ဘဲ ကံတရားနဲ့ ပတ်သက်ပြီး အကြောင်းအကျိုးကို ဆင်ခြင်ကာ မှန်မှန်ကန်ကန် ယူဆတဲ့ အယူမျိုးကိုသာ ကမ္မဿကတာ သမ္မာဒိဋ္ဌိလို့ ဆိုတာ ဖြစ်ပါတယ်။

ကံတရားနဲ့ ပတ်သက်ပြီး ဉာဏ်နဲ့ယှဉ်ထားတာ ဖြစ်တဲ့အတွက် ကံကံရဲ့ အကျိုးသက်ရောက်မှု အပိုင်းမှာလည်း ဉာဏ်မပါရင် ကံရဲ့ချယ်လှယ်မှုကို ခံရတတ်တာတွေလည်း ရှိတတ်ပါတယ်။ စေတနာပါပါနဲ့ လုပ်တဲ့အလုပ်တိုင်းမှာ တန်ပြန်အကျိုး သက်ရောက်မှုတွေက ရှိနေမြဲ ဖြစ်တဲ့အတွက် ကောင်းတာတွေပဲ လုပ်လုပ်၊ မကောင်းတာတွေပဲ လုပ်လုပ် အကျိုးပေးမှုတွေကလည်း ရှိနေကြတာ ဖြစ်ပါတယ်။ ဒီလို အလုပ်တွေနဲ့ အကျိုးသက်ရောက်မှုတွေ ရှိနေသမျှ သတ္တဝါတွေရဲ့ သံသရာ ကျင်လည်နေရမှုတွေဟာလည်း အဆက်မပြတ် ရှိနေကြတာဖြစ်ပါတယ်။ စေတနာပါပါနဲ့ လုပ်ခဲ့တဲ့ အလုပ်တွေမှာ ဉာဏ်မပါဘဲ လုပ်ဖြစ်နေသမျှ အဲဒီကံတရားတွေရဲ့ အကျိုးသက်ရောက်မှုဟာ တစ်ဘဝပြီး တစ်ဘဝ ဆက်ဆက်ပြီး အခွင့်သာတာနဲ့ အကျိုးဆက်ကို ဖြစ်စေတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကံကံရဲ့ အကျိုးသက်ရောက်မှုတွေ အဆုံးသတ်ဖို့ ကံကိုဉာဏ်နဲ့ ဖြတ်ကြရမှာဖြစ်ကြောင်း ပညာရှိ သူတော်ကောင်းများက ညွန်ပြတော်မူကြခြင်း ဖြစ်ပါတယ်။

ကံကိုဉာဏ်နဲ့ ဖြတ်ရမယ်ဆိုတာက တရားအလုပ်ကို အားထုတ်ပြီး ဝိပဿနာဉာဏ်မှစလို့ နောက်ဆုံး အရတ္တမဂ်ဉာဏ်ကို ရရှိကာ ရဟန္တာဖြစ်သွားတဲ့အထိ ကြိုးစားသွားရမှာကို ဆိုလိုပြီး ရဟန္တာဖြစ်သွားမှပဲ ရဟန္တာအရှင်မြတ်များ ရရှိသွားတဲ့ အရဟတ္တမဂ်ဉာဏ်နဲ့ အရဟတ္တဖိုလ်ဉာဏ်တွေက ကံမှန်သမျှကို အပြီးတိုင် ပယ်သတ်သွားတော့တာ ဖြစ်ပါတယ်။ ရဟန္တာဖြစ်သွားရင် နောက်ထပ်ပြန်လည် မွေးဖွားမှုဆိုတာလည်း မရှိတော့တဲ့အတွက် ကံတရားရဲ့ အကျိုးသက်ရောက်မှု ဆိုတာလည်း မရှိတော့တာ ဖြစ်ပါတယ်။ ရဟန္တာဖြစ်သွားတဲ့ အရိယာ သူတော်စင်များဟာ နိဗ္ဗာန်ကို မဝင်စံမီ သက်ရှိထင်ရှား ရှိနေတဲ့အချိန်မှာ အကုသိုလ်ကံတွေကို လုံးဝမလုပ်ဖြစ်တော့ဘဲ ကုသိုလ်ကံများကိုသာ လုပ်ဖြစ်နေပေမယ့် အဲဒီ ကုသိုလ်ကံဟာလည်း အကျိုးသက်ရောက်မရှိတဲ့ ကံမျိုးဖြစ်တဲ့အတွက် ရဟန္တာမထေရ်များ လုပ်နေတဲ့ အလုပ်ကံကို အဗျာကတကံလို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။ ကုသိုလ်ကံ အကုသိုလ်ကံတွေဟာ ပုထုဇဉ်တွေနဲ့ စပ်ယှဉ်တဲ့ကံတွေဖြစ်ပြီး အဗျာကတကံကတော့ ရဟန္တာအရှင်မြတ်များနဲ့ စပ်ယှဉ်နေတဲ့ ကံပဲဖြစ်ပါတယ်။ ဒါကြောင့် ရဟန္တာအရှင်မြတ်များရဲ့ အရဟတ္တမဂ်ဉာဏ်ဟာ ကံကိုအကြွင်းမဲ့ ပယ်ဖြတ်တတ်တဲ့အတွက် ဒါဟာ ကံကိုဉာဏ်နဲ့ ဖြတ်ခြင်းဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။

ဆိုတော့ကား ကံတရားနဲ့ ပတ်သက်တဲ့အပိုင်းမှာ ကံဆိုတာ စေတနာပါတဲ့ အလုပ်ကို ဆိုတာဖြစ်တဲ့အတွက် စေတနာပါပါနဲ့ လုပ်တဲ့အလုပ်တိုင်းမှာ တန်ပြန်အကျိုးသက်ရောက်မှု ဆိုတာလည်း ရှိနေမြဲဖြစ်တဲ့အတွက် ဘာသာလူမျိုးမခွဲခြားဘဲ သတ္တဝါတိုင်းဟာ ကိုယ်လုပ်တဲ့ကံတိုင်းကို အထူးသတိပြု လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ကိုယ်က ကံကောင်းချင်ရင် ကိုယ်လုပ်တဲ့ ကောင်းတဲ့အလုပ်တွေမှာ စေတနာကောင်းပါအောင် ကြိုးစားရမှာဖြစ်ပြီး ကိုယ်ကမကောင်းတဲ့ အလုပ်တွေမှာ စေတနာပါပါနဲ့ လုပ်ဖြစ်မယ်ဆိုရင်တော့ ကိုယ်အတွက်ဟာ အမြဲတမ်း ကံဆိုးနေမှာ ဖြစ်ပါတယ်။ သာမန်ပုထုဇဉ် သတ္တဝါတွေအတွက် အလုပ်လုပ်နေသမျှ ကံတရားရဲ့ အကျိုးသက်ရောက်မှုဟာလည်း ရှိနေမှာ ဖြစ်တဲ့အတွက် သံသရာ ကျင်လည်နေမှုဟာလည်း ရှိနေကြမှာပဲ ဖြစ်ပါတယ်။ သံသရာလည်နေသမျှ ဒုက္ခဆိုတာလည်း ရှိနေမှာ ဖြစ်တဲ့အတွက် ဒီသံသရာလည်မှုတွေညိမ်းပြီး ဒုက္ခဇာတ်သိမ်းစေဖို့ကတော့ ကံတရားတွေကို ဝိပဿနာ အလုပ်ကို အခြေခံကာ ရရှိလာမယ့် မဂ်ဉာဏ်နဲ့ပဲ ဖြတ်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကံတရားနဲ့ ပတ်သက်ပြီး ခံစားမှုတွေ ရှိနေကြသူတွေ အနေနဲ့ ကံကံရဲ့ အကျိုးသက်ရောက်မှုဆိုတာ အကောင်းအဆိုး အလုပ်တစ်မျိုးမျိုးကို ပြုလုပ်ကြတဲ့ ပြုလုပ်သူရဲ့ စေတနာအပေါ်လိုက်ပြီး အကောင်းအဆိုး အကျိုးရလာဘ် အကြီးအသေးကို ဖြစ်စေတာ ဖြစ်တဲ့အတွက် ဘယ်သူပဲဖြစ်ဖြစ်၊ ဘာလူမျိုးပဲဖြစ်ဖြစ်၊ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် အလုပ်လုပ်တဲ့အခါ စေတနာကို အထူးသတိပြု လုပ်ကြရမှာ ဖြစ်ကြောင်းနဲ့ အဲဒီအလုပ်ရဲ့ အကျိုးသက်ရောက်မှုတွေကြောင့် သံသရာတစ်လျှောက် ဒုက္ခတွေ ရောက်ကြရတာဖြစ်တဲ့အတွက် ဒီကံတွေကို နောက်ထပ်သက်ရောက်မှု မရှိလိုသူတွေ အနေနဲ့ကတော့ တရားအလုပ် အားထုတ်ပြီး ရရှိလာတဲ့ အရဟတ္တမဂ်ဉာဏ်နဲ့သာ ကံတရားရဲ့ အကျိုးဆက်တွေကို ဖြတ်ကြရမှာ ဖြစ်ကြောင်း အသိပေးတင်ပြရင်း ကံနဲ့ပတ်သက်တဲ့ အယူအဆအချို့ကို သိသမျှနဲ့ အသိမျှလိုက်ရပါတယ်။ 

Read more »

အကုသိုလ်အလုပ်နဲ့ ဝါသနာအရှုပ်


တစ်လောက ဆိုးလ်မြို့တရားပွဲကအပြန် ရထားစီးလာရင်း ရထားပေါ်ကနေ လမ်းဘေး တစ်နေရာကြည့်မိတဲ့အခါ ငါးမျှားကန်တစ်ကန်မှာ ဟိုနေရာတစ်စု ဒီနေရာတစ်စု ငါးမျှားနေကြတဲ့ သူများကို သတိပြုမိလိုက်ရင်း အတွေးပေါင်းစုံ ရောက်လာပြန်ပါတယ်။ သူတို့ကိုကြည့်ရတာ ငါးမျှားတဲ့အလုပ်ကို မကောင်းတဲ့ အကုသိုလ် အလုပ်လို့ မမြင်ဘဲ ဝါသနာ တစ်ခုလို သဘောထားပြီး အကုသိုလ်ကို မြိန်ရေရှက်ရေ လုပ်နေတဲ့ သဘောရှိပါတယ်။ တစ်ချို့ကို မေးကြည့်မိပါတယ်။ မင်းတို့ဝါသနာကဘာလဲလို့။ သူတို့က ငါတို့ဝါသနာက ငါးမျှားတာလို့ ပြောတတ်ကြပါတယ်။ တကယ်တော့ ငါးမျှားတာပဲ ဖြစ်ဖြစ်၊ မုဆိုးလိုက်တာပဲ ဖြစ်ဖြစ်၊ ငါးဖမ်းတာပဲ ဖြစ်ဖြစ် ဒီလို အကုသိုလ် အလုပ်တွေဟာ အပျော်ပဲလုပ်လုပ်၊ ဝါသနာအရပဲလုပ်လုပ် လုပ်တဲ့လုပ်ရပ်တိုင်းမှာ စေတနာပါပါနဲ့ လုပ်လာမိရင် ဒါဟာ တန်ပြန်အကျိုးသက်ရောက်မှုက ရှိနေကြတော့တာ ဖြစ်ပါတယ်။ တစ်ချို့က ဒါကို မသိချင်ယောင်ဆောင်ပြီး ဝါသနာဆိုတဲ့ အကြောင်းပြချက်နဲ့ ပျော်ပျော်ပါးပါး လုပ်နေတာကိုလည်း တွေ့ရတတ်ပါတယ်။ အကုသိုလ်တစ်ခုဟာ ဝါသနာအသွင်ဆောင်သွားရင်း အကုသိုလ်ကို အကုသိုလ်လို့ မမြင်မသိတော့ဘဲ သာမာန်နေ့စဉ် အလုပ်တစ်ခုလို ပေါ့ပေါ့ပါးပါးပဲ တွေးထင်ကာ အလွယ်တကူ လုပ်နေမိတတ်ပါတယ်။ လုပ်ပါများတော့ အကြောက်တရားလည်း ပျောက်လာပြီး လက်ရဲဇက်ရဲဖြစ်လာက အထုံဝါသနာ အသွင်ကို ဆောင်လာနေတော့တာ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ သာမာန်ပုထုဇဉ် အတော်များများကိုကြည့်ရင် ဒီလိုဝါသနာ ဆန်ဆန်လုပ်နေကြတဲ့ အကုသိုလ် အလုပ်လေးတွေကနေ ရုန်းမထွက်နိုင်၊ ရုန်းထွက်နိုင်အောင် မကြိုးစားနိုင်ဘဲ ဖြစ်နေကြတာကို တွေ့ရတတ်ပါတယ်။ မကောင်းတဲ့ အလုပ်ဆိုတာ သိကြပေမယ့် အဲဒီအသိနောက်ကို အကျင့်မလိုက်နိုင်ကြဘဲ ဖြစ်နေတတ်ကြပါတယ်။ ကြတော့ ကိုယ်လုပ်နေတဲ့ မကောင်းတဲ့အလုပ်ကို မကောင်းတဲ့ အလုပ်လို့ကို မမြင်တော့ဘဲ အရသာရှိရှိ၊ ပျော်ပျော်ပါးပါး၊ မြိန်ရေရှက်ရေနဲ့ လုပ်ဖြစ်နေကြတော့တာ ဖြစ်ပါတယ်။ မကောင်းတဲ့ အလုပ်ဆိုတာက စမိပြီဆိုရင် အဆုံးသတ်ဖို့ အတော့်ကို မလွယ်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ တစ်ခါတလေလည်း ရုန်းမထွက်နိုင်တဲ့အပြင် မထူးပါဘူးဆိုပြီး မထူးဇာတ် ခင်းဖြစ်သွားတတ်ကြတာတွေလည်း ရှိတတ်ပါတယ်။ တစ်ချို့လည်း မကောင်းတဲ့ အလုပ်တွေနဲ့ အသက်မွေးနေရတာတွေ ရှိတဲ့အတွက် စားဝတ်နေရေးကို အကြောင်းပြပြီး စားဝတ်နေရေးကြောင့်လို့ ဆိုတတ်ကြပေမယ့် အဲဒီစားဝတ်နေရေးတွေ  အဆင်ပြေလာပြန်တော့လည်း လုပ်နေကျ အကုသိုလ် အလုပ်တွေကနေ ရုန်းမထွက်နိုင်အောင် ဖြစ်နေတတ်ကြပြန်ပါတယ်။

အကုသိုလ်ဆိုတဲ့ သဘောကလည်း အသေးအဖွဲလေးပါ၊ ဘာမှမဖြစ်လောက်ပါဘူး ဆိုရာကနေ တစ်စတစ်စ အဆိုင်အခဲဖြစ်ပြီး ကြာတော့ အဲဒီအကုသိုလ် အလုပ်တွေမှာ ပျော်လာနေတတ်ကြတာ ရှိသလို တစ်ချို့လည်း လုပ်မိရာကနေ မကောင်းမှန်း သိနေပေမယ့် အကြောင်းအမျိုးမျိုးပြပြီး အဲဒီ မကောင်းမှုတွေကနေ ရုန်းမထွက်နိုင်ကြ ပြန်ပါဘူး။ ပိုဆိုးတာက ကိုယ်လုပ်နေတဲ့ မကောင်းတဲ့ အလုပ်တွေကို လုပ်ပါများလာရင်းက မကောင်းမှုလို့ မမြင်တော့ဘဲ ပျော်ပျော်ပါးပါး မြိန်ရေရှက်ရေ လုပ်ဖြစ်နေကြခြင်းပဲ ဖြစ်ပါတယ်။ ငါးမျှားနေကြသူတွေ၊ ငါးစိမ်းသည်တွေ၊ ကြက်သတ်ဝက်သတ် ရောင်းဝယ်နေကြသူတွေလို ဝါသနာအရ၊ စားဝတ်နေရေးအရ လုပ်ဖြစ်ရာက အဲဒီ အလုပ်တွေအပေါ်မှာ သံယောဇဉ်လေးတွေနဲ့ အကုသိုလ်မှန်း မသိဘဲ ပျော်မြဲပျော်နေကြတာတွေလည်း ရှိတတ်ပါတယ်။

တစ်ခါတလေ ဘုန်းဘုန်းတို့ ပတ်ဝန်းကျင်မှာ ကြုံတွေ့ရတဲ့ သူအချို့ကို သတိထားမိဖြစ်ပါတယ်။ သူတို့ထဲက တစ်ချို့တစ်ချို့ဟာ မကောင်းတဲ့ အလုပ်လေးတွေကို ဝါသနာ ပါပါနဲ့ကို လုပ်နေကြတာကို တွေ့ရတတ်ပါတယ်။ စားဝတ်နေရေး အဆင်မပြေလို့လည်း မဟုတ်သလို၊ မလုပ်ရင် မဖြစ်လို့လည်း မဟုတ်ပါဘူး။ သိသိနဲ့ကို ရုန်းမထွက်နိုင်တဲ့ သဘောလေးတွေ ရှိပါတယ်။ အလောင်းအစား လုပ်တာပဲ ဖြစ်ဖြစ်၊ အရက်သောက်တာပဲ ဖြစ်ဖြစ်၊ အပျော်အပါး လိုက်စားတာပဲ ဖြစ်ဖြစ် သူတို့လေးတွေ လုပ်နေကြတဲ့ အလုပ်တွေဟာ တကယ်တော့ မဖြစ်မနေ လုပ်ကိုလုပ်ရမယ့် အလုပ်တွေ မဟုတ်ပါဘူး။ ဒီအလုပ်တွေကို မလုပ်ရင် ကိုယ့်ဘဝ ရပ်တည်ဖို့ ခက်ခဲလို့၊ မိသားစု စားဝတ်နေရေး အဆင်မပြေလို့၊ ကျန်းမာရေးနဲ့ မညီညွတ်လို့ စတဲ့ အကြောင်းပြချက်တွေနဲ့ ဘယ်လိုမှ မသက်ဆိုင်တဲ့ သဘောတွေပဲ ဖြစ်ပါတယ်။ ပြောရရင် ဒီအလုပ်တွေကို လုပ်ဖြစ်မှပဲ အဲဒီအခက်အခဲတွေ ဖြစ်ပေါ်လာတဲ့သူတွေပဲ များနေကြတာကို တွေ့ရတတ်ပါတယ်။

တစ်ချို့က ပြောတတ်ကြပါတယ်။ ဒါလည်း ဝါသနာပဲဘုရားတဲ့။ ဟုတ်ပါတယ်။ အဲဒီဝါသနာကြောင့်ပဲ မကောင်းတဲ့ အလုပ်တွေကနေ ရုန်းမထွက်နိုင်ကြခြင်း ဖြစ်ပါတယ်။ ကိစ္စတစ်ခုဟာ အလေ့အကျက်များလာရင် ဝါသနာအသွင်ဆောင်လာတတ်ပြီး ဝါသနာဖြစ်သွားရင် အဲဒါဟာ ရုန်းထွက်ဖို့လည်း ခက်သွားတတ်တဲ့ သဘောရှိပါတယ်။ အဲဒီဝါသနာဟာ ရုန်းမထွက်နိုင်လေ ခိုင်မြဲလေလေဖြစ်ပြီး တစ်ချို့အလွန်စွဲလန်းထားတဲ့ ဝါသနာဆိုရင် ရဟန္တာ ဖြစ်သွားတာတောင် အငွေ့အသက် ကျန်နေတတ်တဲ့ သဘောရှိပါတယ်။ စာပေအဆိုတွေအရ ကိလေသာ ပယ်ခွာတဲ့နေရာမှာ ဘုရားရှင်များကသာ ဝါသနာနဲ့တကွ ကိလေသာမှန်သမျှကို အကြွင်းအကျန်မရှိ ပယ်သတ်တယ်လို့ ဆိုပါတယ်။ သာမာန်ကိလေသာ ကုန်သွားတဲ့ ရဟန္တာ မထေရ်များမှာတော့ ဝါသနာနဲ့တကွ ကိလေသာကို ပယ်ခွာခြင်းမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် မကောင်းတဲ့ အလုပ်တစ်ခုဟာ အလေ့အကျင့်များလာလို့ ဝါသနာအသွင်ဆောင်သွားရင် ရုန်းထွက်ဖို့ အတော်ခက်ကြောင်း ဆိုခြင်း ဖြစ်ပါတယ်။

ပုထုဇဉ်အတော်များများရဲ့ ဝါသနာဆိုတဲ့ အလေ့အကျင့်တွေကိုကြည့်ရင် များသောအားဖြင့် မကောင်းတဲ့ အလုပ်တွေမှာပဲ ဝါသနာထုံနေကြတာကို တွေ့ရတတ်ပါတယ်။ စိတ်ဆိုတာကလည်း မကောင်းတဲ့ အရာတွေမှာပဲ ပျော်မွေ့တတ်တဲ့ သဘောရှိတဲ့အတွက် ပုထုဇဉ်တွေရဲ့ ဝါသနာဟာ မကောင်းမှုတွေမှာပဲ ထုံနေကြတာ ဖြစ်ပါတယ်။ ကောင်းတဲ့အလုပ်၊ ကောင်းတဲ့အကျင့်လေးတွေမှာ ဝါသနာပါဖို့ဆိုတာ သဒ္ဓါတရား၊ စေတနာတရား၊ ဝီရိယတရား၊ သတိတရားတွေနဲ့ ပံ့ပိုးပေးမှ အကောင်အထည် ပေါ်သွားတတ်ပေမယ့် မကောင်းတဲ့ အလုပ်တွေမှာ ဝါသနာပါဖို့ကတော့ အထူးပံ့ပိုးစရာ မလိုဘဲ အလွယ်တကူ အထုံပါသွားတတ်တဲ့ သဘောရှိပါတယ်။ အစပထမတော့ အကြောက်တရားလေးတွေနဲ့ မကောင်းတဲ့ အလုပ်တွေမှာ မဝံ့မရဲ ရှိနေတတ်ကြပေမယ့် တစ်ခါနှစ်ခါ စသဖြင့် လုပ်ပြီးသွားတဲ့အခါမှာတော့ မကောင်းမှုကို မကောင်းမှုလို့ကို မမြင်တော့ဘဲ ပျော်ပျော်ပါးပါး လုပ်မိသွားတတ်ကြတာ ဖြစ်ပါတယ်။ ကောင်းတဲ့ အလုပ်တွေကတော့ လုပ်တိုင်းလုပ်တိုင်း သဒ္ဓါ၊ စေတနာ၊ ဝိရိယ၊ သတိတရားတွေက အမြဲပါနေရပြီး အမြဲပံ့ပိုးနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် သဒ္ဓါတရား၊ ဝိရိယတရား၊ သတိတရား စတာတွေ လျော့နည်းလာကြတဲ့ ဒီနေ့ခေတ်မှာ အတော်များများက အကုသိုလ်အလုပ်တွေမှာပဲ ဝါသနာထုံသွားတတ်ကြတာ ဖြစ်ပါတယ်။

ဆိုတော့ကား။ ဘာပဲ ဖြစ်ဖြစ် အထူးသတိပြုရမှာက မကောင်းတဲ့ အလုပ်တစ်ခုဟာ မဖြစ်မနေ လုပ်နေရတာပဲ ဖြစ်ဖြစ်၊ လုပ်ချင်လို့ လုပ်နေရတာပဲ ဖြစ်ဖြစ်၊ ဝါသနာပါလို့ လုပ်နေရတာပဲ ဖြစ်ဖြစ် လုပ်ပါများရင် အထုံပါသွားပြီး နောက်ပိုင်းမှာ မကောင်းမှုကို မကောင်းမှုလို့ မသိတော့တဲ့အထိ မောဟတရား ဖုံးလွှမ်းလာကာ အကုသိုလ် အပြစ်ရဲ့ အကျိုးသက်ရောက်မှုဟာလည်း တဖြည်းဖြည်းနဲ့ အင်အား ကြီးလာတတ်တယ်ဆိုတာတော့ သတိပြုကြရမှာ ဖြစ်ပါတယ်။ ဘယ်လိုအကုသိုလ်မျိုးပဲ လုပ်လုပ် စေတနာပါပါနဲ့ လုပ်မိရင် တန်ပြန်သက်ရောက်မှုကို ပြန်ခံရတတ်တဲ့အတွက် အသေးအဖွဲလေးကစလို့ အစမလုပ်မိအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဝါသနာလို့ ပြောရတာချင်းအတူတူ အကုသိုလ်အလုပ်တွေမှာ ဝါသနာပါနေတာထက် ကောင်းတဲ့အလုပ်တွေမှာ ဝါသနာပါလာအောင် ကိုယ့်ကိုယ်ကို လေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။ ဝါသနာဆိုးနဲ့ တဏှာတိုးမယ့် အကုသိုလ် အလုပ်တွေကနေ ရုန်းထွက်ပြီး သဒ္ဓါတန်ခိုးနဲ့ ပညာတိုးမယ့် ကုသိုလ်အလုပ်တွေကို  လုပ်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် မကောင်းတဲ့ အကုလိုလ် အလုပ်ဆိုတာ အသေးအဖွဲ စမိရာကနေ တဖြည်းဖြည်းနဲ့ ဝါသနာအသွင် ဆောင်လာပြီး အကုသိုလ်ကို အကုသိုလ်လို့ မမြင်မသိတဲ့အထိဖြစ်ကာ ရုန်းထွက်ဖို့လည်း အလွန်ခက်ခဲတတ်တဲ့ အတွက် ဘယ်လိုအကုသိုလ်မျိုး မဆို ဝါသနာအဆင့် ရောက်ဖို့အသာထား စပြီး လုပ်ဖို့ကိုတောင် စိတ်မကူးမိဖို့နဲ့ အကြောင်းတစ်မျိုးမျိုးကြောင့် လုပ်မိနေရင်လည်း အမြန်ဆုံး ရုန်းထွက်နိုင်အောင် ကြိုးစားပြီး ကောင်းတဲ့ ကုသိုလ်အလုပ်တွေမှာ ဝါသနာအသွင် ဆောင်လာနိုင်အောင် သတိတရား လက်ကိုင်ထားပြီး သဒ္ဓါတရား၊ စေတနာတရား၊ ပညာတရားတွေနဲ့ ကိုယ့်ကိုယ်ကို ပြုပြင်ထိန်းသိမ်းနိုင်အောင် အားထုတ်ကြဖို့ အလေးအနက် တိုက်တွန်းရင်း အကုသိုလ်အလုပ်ကို ဝါသနာအရှုပ်တွေနဲ့ မလုပ်မိကြဖို့ စေတနာထား မေတ္တာအားဖြင့် အသိပေး တင်ပြလိုက်ရပါတယ်။ 

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ