တစ်လောက ဆိုးလ်မြို့တရားပွဲကအပြန်
ရထားစီးလာရင်း ရထားပေါ်ကနေ လမ်းဘေး တစ်နေရာကြည့်မိတဲ့အခါ ငါးမျှားကန်တစ်ကန်မှာ ဟိုနေရာတစ်စု
ဒီနေရာတစ်စု ငါးမျှားနေကြတဲ့ သူများကို သတိပြုမိလိုက်ရင်း အတွေးပေါင်းစုံ ရောက်လာပြန်ပါတယ်။
သူတို့ကိုကြည့်ရတာ ငါးမျှားတဲ့အလုပ်ကို မကောင်းတဲ့ အကုသိုလ် အလုပ်လို့ မမြင်ဘဲ
ဝါသနာ တစ်ခုလို သဘောထားပြီး အကုသိုလ်ကို မြိန်ရေရှက်ရေ လုပ်နေတဲ့ သဘောရှိပါတယ်။
တစ်ချို့ကို မေးကြည့်မိပါတယ်။ မင်းတို့ဝါသနာကဘာလဲလို့။ သူတို့က ငါတို့ဝါသနာက ငါးမျှားတာလို့
ပြောတတ်ကြပါတယ်။ တကယ်တော့ ငါးမျှားတာပဲ ဖြစ်ဖြစ်၊ မုဆိုးလိုက်တာပဲ ဖြစ်ဖြစ်၊ ငါးဖမ်းတာပဲ
ဖြစ်ဖြစ် ဒီလို အကုသိုလ် အလုပ်တွေဟာ အပျော်ပဲလုပ်လုပ်၊ ဝါသနာအရပဲလုပ်လုပ် လုပ်တဲ့လုပ်ရပ်တိုင်းမှာ
စေတနာပါပါနဲ့ လုပ်လာမိရင် ဒါဟာ တန်ပြန်အကျိုးသက်ရောက်မှုက ရှိနေကြတော့တာ ဖြစ်ပါတယ်။
တစ်ချို့က ဒါကို မသိချင်ယောင်ဆောင်ပြီး ဝါသနာဆိုတဲ့ အကြောင်းပြချက်နဲ့ ပျော်ပျော်ပါးပါး
လုပ်နေတာကိုလည်း တွေ့ရတတ်ပါတယ်။ အကုသိုလ်တစ်ခုဟာ ဝါသနာအသွင်ဆောင်သွားရင်း အကုသိုလ်ကို
အကုသိုလ်လို့ မမြင်မသိတော့ဘဲ သာမာန်နေ့စဉ် အလုပ်တစ်ခုလို ပေါ့ပေါ့ပါးပါးပဲ တွေးထင်ကာ
အလွယ်တကူ လုပ်နေမိတတ်ပါတယ်။ လုပ်ပါများတော့ အကြောက်တရားလည်း ပျောက်လာပြီး လက်ရဲဇက်ရဲဖြစ်လာက
အထုံဝါသနာ အသွင်ကို ဆောင်လာနေတော့တာ ဖြစ်ပါတယ်။
ဟုတ်ပါတယ်။ သာမာန်ပုထုဇဉ် အတော်များများကိုကြည့်ရင်
ဒီလိုဝါသနာ ဆန်ဆန်လုပ်နေကြတဲ့ အကုသိုလ် အလုပ်လေးတွေကနေ ရုန်းမထွက်နိုင်၊ ရုန်းထွက်နိုင်အောင်
မကြိုးစားနိုင်ဘဲ ဖြစ်နေကြတာကို တွေ့ရတတ်ပါတယ်။ မကောင်းတဲ့ အလုပ်ဆိုတာ သိကြပေမယ့်
အဲဒီအသိနောက်ကို အကျင့်မလိုက်နိုင်ကြဘဲ ဖြစ်နေတတ်ကြပါတယ်။ ကြတော့ ကိုယ်လုပ်နေတဲ့
မကောင်းတဲ့အလုပ်ကို မကောင်းတဲ့ အလုပ်လို့ကို မမြင်တော့ဘဲ အရသာရှိရှိ၊ ပျော်ပျော်ပါးပါး၊
မြိန်ရေရှက်ရေနဲ့ လုပ်ဖြစ်နေကြတော့တာ ဖြစ်ပါတယ်။ မကောင်းတဲ့ အလုပ်ဆိုတာက စမိပြီဆိုရင်
အဆုံးသတ်ဖို့ အတော့်ကို မလွယ်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ တစ်ခါတလေလည်း ရုန်းမထွက်နိုင်တဲ့အပြင်
မထူးပါဘူးဆိုပြီး မထူးဇာတ် ခင်းဖြစ်သွားတတ်ကြတာတွေလည်း ရှိတတ်ပါတယ်။ တစ်ချို့လည်း
မကောင်းတဲ့ အလုပ်တွေနဲ့ အသက်မွေးနေရတာတွေ ရှိတဲ့အတွက် စားဝတ်နေရေးကို အကြောင်းပြပြီး
စားဝတ်နေရေးကြောင့်လို့ ဆိုတတ်ကြပေမယ့် အဲဒီစားဝတ်နေရေးတွေ အဆင်ပြေလာပြန်တော့လည်း လုပ်နေကျ အကုသိုလ် အလုပ်တွေကနေ
ရုန်းမထွက်နိုင်အောင် ဖြစ်နေတတ်ကြပြန်ပါတယ်။
အကုသိုလ်ဆိုတဲ့ သဘောကလည်း အသေးအဖွဲလေးပါ၊
ဘာမှမဖြစ်လောက်ပါဘူး ဆိုရာကနေ တစ်စတစ်စ အဆိုင်အခဲဖြစ်ပြီး ကြာတော့ အဲဒီအကုသိုလ်
အလုပ်တွေမှာ ပျော်လာနေတတ်ကြတာ ရှိသလို တစ်ချို့လည်း လုပ်မိရာကနေ မကောင်းမှန်း သိနေပေမယ့်
အကြောင်းအမျိုးမျိုးပြပြီး အဲဒီ မကောင်းမှုတွေကနေ ရုန်းမထွက်နိုင်ကြ ပြန်ပါဘူး။ ပိုဆိုးတာက
ကိုယ်လုပ်နေတဲ့ မကောင်းတဲ့ အလုပ်တွေကို လုပ်ပါများလာရင်းက မကောင်းမှုလို့ မမြင်တော့ဘဲ
ပျော်ပျော်ပါးပါး မြိန်ရေရှက်ရေ လုပ်ဖြစ်နေကြခြင်းပဲ ဖြစ်ပါတယ်။ ငါးမျှားနေကြသူတွေ၊
ငါးစိမ်းသည်တွေ၊ ကြက်သတ်ဝက်သတ် ရောင်းဝယ်နေကြသူတွေလို ဝါသနာအရ၊ စားဝတ်နေရေးအရ လုပ်ဖြစ်ရာက
အဲဒီ အလုပ်တွေအပေါ်မှာ သံယောဇဉ်လေးတွေနဲ့ အကုသိုလ်မှန်း မသိဘဲ ပျော်မြဲပျော်နေကြတာတွေလည်း
ရှိတတ်ပါတယ်။
တစ်ခါတလေ ဘုန်းဘုန်းတို့ ပတ်ဝန်းကျင်မှာ
ကြုံတွေ့ရတဲ့ သူအချို့ကို သတိထားမိဖြစ်ပါတယ်။ သူတို့ထဲက တစ်ချို့တစ်ချို့ဟာ မကောင်းတဲ့
အလုပ်လေးတွေကို ဝါသနာ ပါပါနဲ့ကို လုပ်နေကြတာကို တွေ့ရတတ်ပါတယ်။ စားဝတ်နေရေး အဆင်မပြေလို့လည်း
မဟုတ်သလို၊ မလုပ်ရင် မဖြစ်လို့လည်း မဟုတ်ပါဘူး။ သိသိနဲ့ကို ရုန်းမထွက်နိုင်တဲ့
သဘောလေးတွေ ရှိပါတယ်။ အလောင်းအစား လုပ်တာပဲ ဖြစ်ဖြစ်၊ အရက်သောက်တာပဲ ဖြစ်ဖြစ်၊ အပျော်အပါး
လိုက်စားတာပဲ ဖြစ်ဖြစ် သူတို့လေးတွေ လုပ်နေကြတဲ့ အလုပ်တွေဟာ တကယ်တော့ မဖြစ်မနေ
လုပ်ကိုလုပ်ရမယ့် အလုပ်တွေ မဟုတ်ပါဘူး။ ဒီအလုပ်တွေကို မလုပ်ရင် ကိုယ့်ဘဝ ရပ်တည်ဖို့
ခက်ခဲလို့၊ မိသားစု စားဝတ်နေရေး အဆင်မပြေလို့၊ ကျန်းမာရေးနဲ့ မညီညွတ်လို့ စတဲ့
အကြောင်းပြချက်တွေနဲ့ ဘယ်လိုမှ မသက်ဆိုင်တဲ့ သဘောတွေပဲ ဖြစ်ပါတယ်။ ပြောရရင် ဒီအလုပ်တွေကို
လုပ်ဖြစ်မှပဲ အဲဒီအခက်အခဲတွေ ဖြစ်ပေါ်လာတဲ့သူတွေပဲ များနေကြတာကို တွေ့ရတတ်ပါတယ်။
တစ်ချို့က ပြောတတ်ကြပါတယ်။ ဒါလည်း
ဝါသနာပဲဘုရားတဲ့။ ဟုတ်ပါတယ်။ အဲဒီဝါသနာကြောင့်ပဲ မကောင်းတဲ့ အလုပ်တွေကနေ ရုန်းမထွက်နိုင်ကြခြင်း
ဖြစ်ပါတယ်။ ကိစ္စတစ်ခုဟာ အလေ့အကျက်များလာရင် ဝါသနာအသွင်ဆောင်လာတတ်ပြီး ဝါသနာဖြစ်သွားရင်
အဲဒါဟာ ရုန်းထွက်ဖို့လည်း ခက်သွားတတ်တဲ့ သဘောရှိပါတယ်။ အဲဒီဝါသနာဟာ ရုန်းမထွက်နိုင်လေ
ခိုင်မြဲလေလေဖြစ်ပြီး တစ်ချို့အလွန်စွဲလန်းထားတဲ့ ဝါသနာဆိုရင် ရဟန္တာ ဖြစ်သွားတာတောင်
အငွေ့အသက် ကျန်နေတတ်တဲ့ သဘောရှိပါတယ်။ စာပေအဆိုတွေအရ ကိလေသာ ပယ်ခွာတဲ့နေရာမှာ ဘုရားရှင်များကသာ
ဝါသနာနဲ့တကွ ကိလေသာမှန်သမျှကို အကြွင်းအကျန်မရှိ ပယ်သတ်တယ်လို့ ဆိုပါတယ်။ သာမာန်ကိလေသာ
ကုန်သွားတဲ့ ရဟန္တာ မထေရ်များမှာတော့ ဝါသနာနဲ့တကွ ကိလေသာကို ပယ်ခွာခြင်းမျိုး မဟုတ်ဘူးလို့
ဆိုပါတယ်။ ဒါကြောင့် မကောင်းတဲ့ အလုပ်တစ်ခုဟာ အလေ့အကျင့်များလာလို့ ဝါသနာအသွင်ဆောင်သွားရင်
ရုန်းထွက်ဖို့ အတော်ခက်ကြောင်း ဆိုခြင်း ဖြစ်ပါတယ်။
ပုထုဇဉ်အတော်များများရဲ့ ဝါသနာဆိုတဲ့
အလေ့အကျင့်တွေကိုကြည့်ရင် များသောအားဖြင့် မကောင်းတဲ့ အလုပ်တွေမှာပဲ ဝါသနာထုံနေကြတာကို
တွေ့ရတတ်ပါတယ်။ စိတ်ဆိုတာကလည်း မကောင်းတဲ့ အရာတွေမှာပဲ ပျော်မွေ့တတ်တဲ့ သဘောရှိတဲ့အတွက်
ပုထုဇဉ်တွေရဲ့ ဝါသနာဟာ မကောင်းမှုတွေမှာပဲ ထုံနေကြတာ ဖြစ်ပါတယ်။ ကောင်းတဲ့အလုပ်၊
ကောင်းတဲ့အကျင့်လေးတွေမှာ ဝါသနာပါဖို့ဆိုတာ သဒ္ဓါတရား၊ စေတနာတရား၊ ဝီရိယတရား၊ သတိတရားတွေနဲ့
ပံ့ပိုးပေးမှ အကောင်အထည် ပေါ်သွားတတ်ပေမယ့် မကောင်းတဲ့ အလုပ်တွေမှာ ဝါသနာပါဖို့ကတော့
အထူးပံ့ပိုးစရာ မလိုဘဲ အလွယ်တကူ အထုံပါသွားတတ်တဲ့ သဘောရှိပါတယ်။ အစပထမတော့ အကြောက်တရားလေးတွေနဲ့
မကောင်းတဲ့ အလုပ်တွေမှာ မဝံ့မရဲ ရှိနေတတ်ကြပေမယ့် တစ်ခါနှစ်ခါ စသဖြင့် လုပ်ပြီးသွားတဲ့အခါမှာတော့
မကောင်းမှုကို မကောင်းမှုလို့ကို မမြင်တော့ဘဲ ပျော်ပျော်ပါးပါး လုပ်မိသွားတတ်ကြတာ
ဖြစ်ပါတယ်။ ကောင်းတဲ့ အလုပ်တွေကတော့ လုပ်တိုင်းလုပ်တိုင်း သဒ္ဓါ၊ စေတနာ၊ ဝိရိယ၊
သတိတရားတွေက အမြဲပါနေရပြီး အမြဲပံ့ပိုးနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် သဒ္ဓါတရား၊ ဝိရိယတရား၊
သတိတရား စတာတွေ လျော့နည်းလာကြတဲ့ ဒီနေ့ခေတ်မှာ အတော်များများက အကုသိုလ်အလုပ်တွေမှာပဲ
ဝါသနာထုံသွားတတ်ကြတာ ဖြစ်ပါတယ်။
ဆိုတော့ကား။ ဘာပဲ ဖြစ်ဖြစ် အထူးသတိပြုရမှာက
မကောင်းတဲ့ အလုပ်တစ်ခုဟာ မဖြစ်မနေ လုပ်နေရတာပဲ ဖြစ်ဖြစ်၊ လုပ်ချင်လို့ လုပ်နေရတာပဲ
ဖြစ်ဖြစ်၊ ဝါသနာပါလို့ လုပ်နေရတာပဲ ဖြစ်ဖြစ် လုပ်ပါများရင် အထုံပါသွားပြီး နောက်ပိုင်းမှာ
မကောင်းမှုကို မကောင်းမှုလို့ မသိတော့တဲ့အထိ မောဟတရား ဖုံးလွှမ်းလာကာ အကုသိုလ် အပြစ်ရဲ့
အကျိုးသက်ရောက်မှုဟာလည်း တဖြည်းဖြည်းနဲ့ အင်အား ကြီးလာတတ်တယ်ဆိုတာတော့ သတိပြုကြရမှာ
ဖြစ်ပါတယ်။ ဘယ်လိုအကုသိုလ်မျိုးပဲ လုပ်လုပ် စေတနာပါပါနဲ့ လုပ်မိရင် တန်ပြန်သက်ရောက်မှုကို
ပြန်ခံရတတ်တဲ့အတွက် အသေးအဖွဲလေးကစလို့ အစမလုပ်မိအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။
ဝါသနာလို့ ပြောရတာချင်းအတူတူ အကုသိုလ်အလုပ်တွေမှာ ဝါသနာပါနေတာထက် ကောင်းတဲ့အလုပ်တွေမှာ
ဝါသနာပါလာအောင် ကိုယ့်ကိုယ်ကို လေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။ ဝါသနာဆိုးနဲ့ တဏှာတိုးမယ့်
အကုသိုလ် အလုပ်တွေကနေ ရုန်းထွက်ပြီး သဒ္ဓါတန်ခိုးနဲ့ ပညာတိုးမယ့် ကုသိုလ်အလုပ်တွေကို လုပ်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။
ဒါကြောင့် မကောင်းတဲ့ အကုလိုလ်
အလုပ်ဆိုတာ အသေးအဖွဲ စမိရာကနေ တဖြည်းဖြည်းနဲ့ ဝါသနာအသွင် ဆောင်လာပြီး အကုသိုလ်ကို
အကုသိုလ်လို့ မမြင်မသိတဲ့အထိဖြစ်ကာ ရုန်းထွက်ဖို့လည်း အလွန်ခက်ခဲတတ်တဲ့ အတွက်
ဘယ်လိုအကုသိုလ်မျိုး မဆို ဝါသနာအဆင့် ရောက်ဖို့အသာထား စပြီး လုပ်ဖို့ကိုတောင်
စိတ်မကူးမိဖို့နဲ့ အကြောင်းတစ်မျိုးမျိုးကြောင့် လုပ်မိနေရင်လည်း အမြန်ဆုံး ရုန်းထွက်နိုင်အောင်
ကြိုးစားပြီး ကောင်းတဲ့ ကုသိုလ်အလုပ်တွေမှာ ဝါသနာအသွင် ဆောင်လာနိုင်အောင် သတိတရား
လက်ကိုင်ထားပြီး သဒ္ဓါတရား၊ စေတနာတရား၊ ပညာတရားတွေနဲ့ ကိုယ့်ကိုယ်ကို ပြုပြင်ထိန်းသိမ်းနိုင်အောင်
အားထုတ်ကြဖို့ အလေးအနက် တိုက်တွန်းရင်း အကုသိုလ်အလုပ်ကို ဝါသနာအရှုပ်တွေနဲ့ မလုပ်မိကြဖို့
စေတနာထား မေတ္တာအားဖြင့် အသိပေး တင်ပြလိုက်ရပါတယ်။
0 မှတ်ချက်များ (...ရေးရန်):
Post a Comment