ဉာဏ်နဲ့ယှဉ်ကာ ရွေးချယ်ပါ…

မှတ်မှတ်ရရ ပြီးခဲ့တဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့၊ ၁၇-၅-၂၀၁၁ရက်နေ့က ဖြစ်ပါတယ်။ အော်စီမှာ ရောက်နေတဲ့ ဒကာတစ်ယောက်က ဗုဒ္ဓနေ့မှာ အရှင်ဘုရားကို သတိတရ ဖုန်းဆက်ပြီး ဦးတင်တာပါဘုရားလို့ လျှောက်ထားရင်း သူသိချင်တာလေးတွေလည်း မေးမြန်းလျှောက်ထားလာပါတယ်။ ထူးထူးခြားခြား သူမေးတဲ့ မေးခွန်းထဲမှာ ဒီနေ့ခေတ် သူတို့လို ဗုဒ္ဓဘာသာဝင်တွေအတွက် ကိုးကွယ်မှုနဲ့ ပတ်သက်ပြီး အခက်တွေ့နေတဲ့ အချက်လည်း ပါဝင်ပါတယ်။ သူက “ဘုန်းဘုန်း သိတဲ့အတိုင်းပဲဘုရား အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ တပည့်တော်တို့ ကိုးကွယ်ရမယ့် ဘုန်းကြီးတွေ ကိုယ်တိုင်က ဂိုဏ်းအမျိုးမျိုး၊ အဖွဲ့အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ဟောပြောပို့ချလာကြတော့ ဘုရားဟော တရားတွေကို အမှားအမှန် မသိတဲ့ တပည့်တော်တို့လို သူတွေက အဲဒီဘုန်းကြီး ဟောပြောတဲ့ တရားဟာ မှားလားမှန်လား မခွဲခြားတတ်တဲ့အပြင် အစစ်အမှန် ဆရာသမားကို ဘယ်လိုရှာဖွေရမှန်း မသိတဲ့ အခြေအနေ ဖြစ်နေပါတယ် ဘုရား၊ အဲဒါ ဘုန်းဘုန်းအနေနဲ့ တပည့်တော်တို့လို သူတွေအတွက် ဆရာမမှားရအောင် ဘယ်လိုရွေးချယ်ရမယ်ဆိုတာ လမ်းညွှန်ပေးပါဘုရား” လို့ မေးမြန်း လျှောက်ထားပါတယ်။ “မှန်တယ် ဒကာတော်ရေ ဒကာတို့လို သူတွေအတွက် ကိုးကွယ်မှု မမှားရအောင် ဆရာရွေးချယ်တဲ့အခါမှာ ဉာဏ်နဲ့ယှဉ်ပြီးပဲ ရွေးချယ်ကိုးကွယ် ရတော့မှာဖြစ်တယ်”လို့ အကြံပြုရင်း ယုံကြည်မှုကို စူးစမ်းဆင်ခြင်မှုနဲ့ ပေါင်းစပ်ဖို့ ပြောပြပေးဖြစ်ခဲ့ပါတယ်။

ဟုတ်ပါတယ်။ အဲဒီဒကာလျှောက်သလိုပဲ အခုနောက်ပိုင်း ဟောပြောကြတဲ့ ဘုန်းကြီးအချို့တွေကလည်း စတိုလ် အမျိုးမျိုးနဲ့ ပြဿနာ အမျိုးမျိုးတွေကို ဖြစ်ပေါ်စေတော့တာ ဖြစ်ပါတယ်။ ဒကာဒကာမတွေကို က စေတဲ့ဘုန်းကြီးတွေ၊ ကြွ စေတဲ့ဘုန်းကြီးတွေ၊ မ စေတဲ့ဘုန်းကြီးတွေ၊ ရွ စေတဲ့ဘုန်းကြီးတွေကြောင့် အသိဉာဏ်နည်းလာတဲ့ သူတွေမှာ က တဲ့သူက က၊ ကြွတဲ့သူက ကြွ၊ ရွတဲ့သူက ရွ စသဖြင့် ဝါဒမှိုင်း မိကုန်ကြတော့တာ ဖြစ်ပါတယ်။ မျက်ကန်းယုံကြည်မှု အားကောင်းပြီး ဆင်ခြင်ဉာဏ် နည်းလာကြတဲ့ သူတွေကလည်း ဘာမှမသိ လိုက်လုပ်မိရာက အမှားကို အမှားမှန်း မသိဘဲ ဆက်လျှောက်နေကြတော့တာ ဖြစ်ပါတယ်။ အယူဝါဒ တစ်ခုဆိုတာက ယုံကြည်မိရင် အသက်အသေခံပြီး ဆုတ်ကိုင်ထားတတ်တဲ့ သဘောရှိတဲ့အတွက် ကိုယ့်ကိုယ်ကို သတိပညာ မပါဘဲ ယုံကြည်လက်ခံမိမယ်ဆိုရင် စွန့်လွှတ်ဖို့ အတော်ခဲရင်းတတ်တဲ့ သဘောရှိပါတယ်။ ဒါကြောင့် ကိုးကွယ်အားထားရာကို ရွေးချယ်တဲ့အခါမှာ ယုံကြည်မှုကို စူးစမ်းဆင်ခြင်မှုနဲ့ ပေါင်းစပ်ကာ သတိထားပြီး ကိုးကွယ်ကြရမှာ ဖြစ်တယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။

သေချာတွေးကြည့်တော့ အစစ်အမှန် ကိုးကွယ်ရာတွေက မရှိဘူးမဟုတ်ပါဘူး။ အများကြီးရှိပါတယ်။ အစစ်အမှန် ရဟန်းသံဃာတော်တွေ၊ အကျင့်မှန် သူတော်သူမြတ်တွေ၊ ရဟန်းအလုပ်ကို လုပ်နေကြတဲ့ ရဟန်းသံဃာတော်တွေဟာ မြန်မာမှာရော ကမ္ဘာမှာပါ အများကြီး ရှိနေပါသေးတယ်။ စာပေသင်ကြားလေ့လာမှု ပရိယတ်အားကောင်းနေသမျှ ကျင့်ကြံအားထုတ်မှု ပဋိပတ်လည်း အားကောင်းနေမှာ ဖြစ်ပြီး အကျင့်အားကောင်းနေသမျှ အကျိုးပဋိဝေဓ တရားများလည်း အားကောင်းနေမှာ ဖြစ်ပါတယ်။ လေ့လာသင်ယူမှု၊ ကျင့်ကြံအားထုတ်မှုများ ရှိနေသမျှ သာသနာတော်မှာ ပရိယတ်အကျော်၊ ပဋိပတ်အကျော်များလည်း မဆိတ်သုဉ်းဘဲ ထင်ရှားရှိနေကြမှာ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး ကျေနပ်စရာကောင်းတာက ဒီလိုပရိယတ် ပဋိပတ်အားကောင်းနေသမျှ သာသနာတော်တွင်းမှာ မမှန်တဲ့ အကျင့်ရှိသူများ အကြာကြီး မတည်နိုင်ဘူးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

အရေးကြီးတာက ကိုးကွယ်သူတွေရဲ့ ရွေးချယ်မှုပဲ ဖြစ်ပါတယ်။ မမှန်တဲ့နည်းတွေ၊ မရိုးသားတဲ့ နည်းတွေနဲ့ ဘာနည်းညာနည်းတွေကို ဟောပြောပြသတဲ့ ပုဂ္ဂိုလ်တွေနောက်ကို မလိုက်မိဖို့ပဲ လိုပါတယ်။ ယုံကြည်မှုကို ယုတ္တိကျကျ ဝေဘန်ပိုင်းခြားကာ လက်ခံကျင့်သုံးသင့်သလား၊ မသင့်ဘူးလားဆိုတာ ကိုယ်ပိုင်ဉာဏ်နဲ့ ဆင်ခြင်ပြီး အမှားမလိုက်မိဖို့ပဲ အဓိကဖြစ်ပါတယ်။ ယုံကြည်မှုအားကောင်းပြီး စူးစမ်းဆင်ခြင်မှု အားနည်းရင် အလွဲကိုးကွယ်မိတတ်တဲ့ သဘောရှိတဲ့အတွက် ကိုယ့်ရဲ့ယုံကြည်မှုကို သတိတရား လက်ကိုင်ထားပြီး ကိုးကွယ်ခံထိုက်လား၊ မထိုက်ဘူးလားဆိုတာ ကိုယ်ကိုယ်တိုင်ပဲ ရွေးချယ်တတ်ဖို့ လိုပါတယ်။ ဉာဏ်မပါတဲ့ နောက်လိုက်တွေ ရှိနေသမျှ ဝါဒဖြန့်လိုသူ၊ ဂိုဏ်းဂဏ ဖွဲ့စည်းလိုသူတွေကလည်း အများကြီး ရှိနေကြမှာ ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုပဲ အမှားမလိုက်မိအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။

ဆိုတော့ကား အမှားသမားတော်တွေ ရှိသလို အမှန်သမားတော်တွေလည်း ရှိနေတာ ဖြစ်တဲ့အတွက် တကယ့်ကို အားကိုးအားထား ပြုထိုက်တဲ့ ဆရာသမားတွေကို ကိုယ်ကိုယ်တိုင် စိစစ်ရွေးချယ် ကိုးကွယ်ကြဖို့ပဲ ဖြစ်ပါတယ်။ အဲဒီလို ကိုးကွယ်ရာအမှန်ကို ရွေးချယ်ဖို့ ကိုယ့်မှာအခက်အခဲ ရှိနေရင်လည်း ကိုယ်ကိုးကွယ်မယ့် ပုဂ္ဂိုလ်ဟာ ကိုးကွယ်ခံထိုက်လား၊ ဘုရားသားတော် ပီသအောင် ကျင့်ကြံဟောပြောမှု ရှိသလား ဆိုတာကိုကြည့်ပြီး သံဃာဂုဏ်တော် ကိုးပါးထဲက ရှေ့လေးပါးဖြစ်တဲ့ မြတ်စွာဘုရား တပည့်သား သံဃာတော်ဟာ
- ကောင်းစွာ ကျင့်ကြံတော်မူခြင်း သုပ္ပဋိပန္နဂုဏ်တော်
- ဖြောင့်မတ်စွာ ကျင့်ကြံတော်မူခြင်း ဥဇုပ္ပဋိပန္နဂုဏ်တော်
- မဂ်ဖိုလ်နိဗ္ဗာန်အလို့ငှါ ကျင့်ကြံတော်မူခြင်း ဉာယပ္ပဋိပန္နဂုဏ်တော်
- ရိုသေမှုနှင့်လျော်စွာ ကျင့်ကြံတော်မူခြင်း သာမိစိပ္ပဋိပန္နဂုဏ်တော်
များနဲ့ ညီညွတ်မှု ရှိမရှိ ဆိုတာလေးလောက် တော့ ရွေးချယ်စိစစ်တတ်ကြဖို့ လိုပါတယ်။

ဒီနေ့ခေတ် အခြေအနေရ ဒီလေးချက်လောက်နဲ့ ပြည့်စုံနေရင်ကိုပဲ အဲဒီပုဂ္ဂိုလ်ဟာ ကိုးကွယ်ခံထိုက်နေတာ ဖြစ်ပါတယ်။ ဒီလေးပါးမှာ ရိုးသားဖြောင့်မတ်မှုဆိုတဲ့ အချက်က သိပ်ကိုတာသွားပါတယ်။ ဒကာဒကာမတွေကို ဆရာအဖြစ် ဟောပြောပို့ချပေးမယ့် ဘုန်းကြီးဟာ ရိုးသားဖြောင့်မတ်မှုမှ မရှိဘူးဆိုရင် ဘုရားဟော မဟုတ်တာတွေကို အဟုတ်လုပ်ပြီး ဟောပြောပေးဖို့ ဝန်မလေးတတ်သလို လူတွေအထင်ကြီးအောင် သာသနာတော်နဲ့ မလျော်တဲ့ အသက်မွေးမှုတွေနဲ့ စည်းရုံးဆွဲဆောင်ဖို့လည်း ဝန်မလေးတတ်တော့ပါဘူး။ အထင်ကြီးဖို့၊ ကျော်ကြားဖို့၊ ဂိုဏ်းဂဏဖွဲ့ဖို့အတွက် ဝိနည်းတော်ကိုမေ့၊ ဘုရားဟောကို ငါဟောလုပ်လေ့ ရှိတဲ့ပုဂ္ဂိုလ်တွေဟာ ဘယ်လိုမှကို ရိုးသားမှုဂုဏ် မရှိနိုင်တော့ပါဘူး။ ဘုန်းကြီးရဟန်းဖြစ်ပြီး ရိုးသားမှုမှ မရှိတော့ဘူးဆိုရင်တော့ ကိုးကွယ်ဆည်းကပ်ဖို့ မသင့်တော်တဲ့အချက်ပဲ ဖြစ်ပါတယ်။ ရိုးသားမှုရှိမှ ယုံကြည်မှုလည်း ရှိလာမှာဖြစ်ပြီး ယုံကြည်မှုရှိမှ ကိုးစားမှုလည်း ရှိကာ ကိုးစားနိုင်မှလည်း ကိုယ့်ရဲ့ပစ္စုပ္ပန် သံသရာ ကောင်းနိုင်မှာဖြစ်လို့ ကိုးကွယ်သူတွေ အနေနဲ့ အကိုးကွယ်ခံပုဂ္ဂိုလ်ကို ဉာဏ်နဲ့ယှဉ်ကာ ရွေးချယ်ကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

အမှန်တော့ လက်တွေ့ဆန်ပြီး စိစစ်ခံနိုင်၊ မှတ်ကျောက်တင်ခံနိုင်တဲ့ ဗုဒ္ဓတရားတော်တွေဟာ မှန်ကန်တဲ့ နည်းစနစ်နဲ့သာ လိုက်နာကျင့်သုံးနိုင်မယ်ဆိုရင် အကျိုးတရားကို လက်တွေ့ရနိုင်မှာ ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ဟောကြားချက်တွေကို ကြည့်မယ်ဆိုရင် သီလအကျင့်ကောင်းအောင်၊ သမာဓိတည်အောင်၊ ပညာရအောင် ဟောကြားပေးထားတာတွေပဲ ရှိပါတယ်။ ကိလေသာများအောင်၊ လောဘဒေါသပွားအောင်၊ မာနများအောင် စသဖြင့် ဟောကြားပေးထားတာတွေ မရှိပါဘူး။ ကိလေသာ ထူပြောစေတဲ့ အဆိုအက သင်တန်းပေးတာတွေ ဆိုတာကတော့ ပြောစရာကို မလိုလောက်အောင် ဗုဒ္ဓရဲ့ ဟောကြားမှုမှာ မရှိတာဟာ အသေအချာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဟောကြားပေးတဲ့ တရားမျိုးမဟုတ်ဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တီထွင်ကြတဲ့ အယူအကျင့်တွေမှာဆိုရင်တော့ ကိလေသာ တိုးပွားတာတွေ၊ လောဘဒေါသမာန အားကောင်းလာတာတွေ ရှိလာမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း တစ်ချို့ ဘယ်နည်းကို ကျင့်ပြီးမှ ဘာတွေပိုတိုးလာတာ၊ လောဘဒေါသစတာတွေ ပိုများလာတာ၊ ငါ့ဆရာ ငါ့ဝါဒစတဲ့ ငါစွဲတွေ ပိုများလာတာတွေလည်း ရှိလာကြတာ ဖြစ်ပါတယ်။ ဒါဟာ မမှန်တဲ့နည်းနဲ့ မမှန်တဲ့ဆရာကို ကိုးကွယ်မိကြလို့ပဲ ဖြစ်ပါတယ်။

ဆိုလိုတာက မရိုးမသား တစ်မျိုးသွားနေကြတဲ့ အကိုးကွယ်ခံ ပုဂ္ဂိုလ်တွေ တဖြည်းဖြည်း တိုးပွားများပြားလာတဲ့ ခေတ်ကာလကြီးမှာ ကိုးစားရာအမှန်ကို ဆည်းကပ်ကိုးကွယ်နိုင်ကြဖို့ ကိုးကွယ်ဆည်းကပ်သူတွေ အနေနဲ့ ကိုယ့်ရဲ့ယုံကြည်မှုကို ဉာဏ်နဲ့ယှဉ်ကာ ကိုးကွယ်ကြည့်ကြဖို့နဲ့ မှန်ကန်တဲ့ ရွေးချယ်မှုနဲ့ ရွေးချယ်ကြည့်ကြဖို့ အသိပေးလိုတာ ဖြစ်ပါတယ်။ ကိုယ်ကိုးကွယ် ဆည်းကပ်တဲ့ ဆရာသမားဟာ ကိုယ်ရဲ့ပစ္စုပ္ပန်ကောင်းကျိုး သံသရာကောင်းကျိုးကို လမ်းညွှန်ပေးနိုင်မယ့် ပုဂ္ဂိုလ်ဖြစ်စေဖို့၊ အကုသိုလ်ကို ပယ်စေပြီး ကုသိုလ်ကို ဆောင်ယူနိုင်အောင် တည့်မတ်ပေးတဲ့ ပုဂ္ဂိုလ်ဖြစ်စေဖို့၊ အကျင့်လည်းကောင်း အနှစ်လည်းလောင်းပေးတဲ့ အသိအကျင့် ထပ်တူဆင့်တဲ့ ပုဂ္ဂိုလ်ဖြစ်စေဖို့ ကိုယ်ကိုယ်တိုင်ပဲ ဉာဏ်နဲ့ယှဉ်ကာ ရွေးချယ်ကိုးကွယ်ကြဖို့ တိုက်တွန်းလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ဘာပဲဖြစ်ဖြစ် အယုံအကြည် လွယ်တတ်ကြတဲ့ မြန်မာဗုဒ္ဓဘာသာများ အနေနဲ့ ကိုယ့်ရဲ့ယုံကြည်မှုဟာ မျက်ကန်းယုံကြည်တတ်တဲ့ ယုံကြည်မှုမျိုး မဖြစ်အောင်နဲ့ အယုံလွယ်တဲ့အတွက် အလွဲကိုးကွယ်မိတတ်တဲ့ ကိုးကွယ်မှု အမှားမဖြစ်ရအောင် ယုံကြည်မှုကို ဉာဏ်နဲ့ယှဉ်ကာ ကိုးကွယ်သင့် ကိုးကွယ်ထိုက်တဲ့ ကိုးကွယ်ရာ အမှန်ကိုသာ စိစစ်ရွေးချယ် ကိုးကွယ်ကြပါလို့ အသိပေးရင်း ကိုးကွယ်ရာမှ ဘေးမဖြစ်စေဖို့ ဉာဏ်နဲ့ယှဉ်ကာ ရွေးစစ်ကြဖို့ စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

Read more »

လောဘ..? ဆန္ဒ..?

ကိလေသာ ဆယ်ပါးတွင် လောဘသည် တစ်ပါးအပါအဝင်ဖြစ်၏။ လောဘသည် သတ္တဝါများအား ပူလောင်မှုကို ဖြစ်စေသဖြင့် ထိုလောဘကို ပယ်သတ်နိုင်ရန် ကြိုးစားရမည် ဖြစ်ကြောင်းကိုလည်း ဗုဒ္ဓဘာသာအများ လက်ခံထားကြ၏။ သို့သော် အချို့က ထိုလောဘ၏ သဘောအမှန်ကို မသိကြသဖြင့် သို့လောသို့လော သံသယများ ရှိနေတတ်ကြ၏။ လောဘ၏ သဘောလက္ခဏာနှင့် စပ်လျဉ်း၍ လိုချင်တပ်မက်မှုကို လောဘဟုဆိုကြောင်း ဖွင့်ဆိုသဖြင့် လောဘနှင့် ပတ်သက်သည့် မေးခွန်းများကို အများအပြား အမေးခံရဖူး၏။ အချို့က “ကုသိုလ်လိုချင်ခြင်းသည် လောဘဖြစ်မဖြစ်၊ ဒုက္ခငြိမ်းလိုခြင်းသည် လောဘဖြစ်မဖြစ်” စသည်ဖြင့် မေးလာကြသကဲ့သို့ အချို့လည်း “အဲဒီလိုဆိုရင် နိဗ္ဗာန်လိုချင်တာလည်း လောဘပဲ မဟုတ်ဘူးလား ဘုရား”ဟု မေးလာတတ်ကြ၏။ လောဘကို ပယ်သတ်ရမည်ဆိုသဖြင့် “ကုသိုလ်လိုချင်မှု၊ ဒုက္ခငြိမ်းလိုမှု၊ တရားလိုချင်မှု စသည်များကိုလည်း ပယ်ရမလိုဖြစ်ကာ ထိုအလုပ်များကို မလုပ်ဘဲ နေရမလို ဖြစ်နေကြောင်း” အချို့က ဆိုတတ်ကြ၏။ ဤသို့ဖြင့် စာရေးသူမှာလည်း စာရေးသူထံ ရောက်လာကြသည့် ထိုသို့ သို့လောသို့လော သံသယများဖြင့် မေးလာကြသည့် မေးခွန်းရှင်များအား “ထိုသဘောသည် လောဘမဟုတ်ကြောင်း၊ ဆန္ဒသာ ဖြစ်ကြောင်း” စသည်ဖြင့် ဖြေကြားပေးရင်း လောဘနှင့်ဆန္ဒအကြောင်း တစ်စေ့တစ်စောင်း တင်ပြပေးရန် အကြောင်းဖန်လာခဲ့ခြင်း ဖြစ်ပါ၏။

စင်စစ် စာပေအဖွင့်များကို ကြည့်ပါက လောဘနှင့်ဆန္ဒသည် တခြားစီသာ ဖြစ်ပါ၏။ လောဘ၏ သဘောသည် လိုချင်ခြင်း သဘောရှိသကဲ့သို့ ဆန္ဒ၏ သဘောသည်လည်း လိုချင်ခြင်း သဘောရှိသည် မှန်သော်လည်း လောဘ၏ လိုချင်မှုသည်ကား ကာမဂုဏ်ဆိုင်ရာများတွင် လိုချင်မှုဖြစ်ပြီး ဆန္ဒ၏ လိုချင်မှုသည်ကား ကောင်းသည့်အရာများတွင် လိုချင်မှုမျိုး ဖြစ်၏။ ထိုကြောင့် လိုချင်မှု သဘောသဘာဝအားဖြင့် တူသည်ဟုဆိုသော်လည်း ကာမဂုဏ်အာရုံများတွင် လိုချင်မှုများကိုကား လောဘဟုဆို၍ ကုသိုလ်ကောင်းမှုများတွင် လိုချင်သည့် သဘောကိုကား ဆန္ဒဟု ဆိုခြင်းဖြစ်ပါ၏။ လောဘ၏ လိုချင်မှုသည် စွဲလမ်းခြင်း ကပ်ငြိခြင်း သဘောများ လွှမ်းမိုးထားသော်လည်း ဆန္ဒ၏လိုချင်မှုသည် ပြုလိုချင်း ရယူလိုခြင်း သက်သက်သာ ဖြစ်၏။ ထိုကြောင့် ကာမဂုဏ်အာရုံများတွင် မရမကလိုချင်မှု၊ ရပြီးရင်းရလိုရင်း သဘောဖြင့် လိုချင်မှု၊ ရလာသည့် အရာများတွင်လည်း တွယ်တာကပ်ငြိထားလိုမှု သဘောမျိုးကို လောဘဟုဆိုပြီး နိဗ္ဗာန်ကိုလိုချင်မှု၊ တရားကိုလိုချင်မှု၊ စာပေတတ်ချင်မှု၊ ဆင်းရဲသူများအား ပေးကမ်းလို၊ အလှူဒါနပြုလို၍ ပစ္စည်းဥစ္စာကို လိုချင်မှု စသည့် ကောင်းသောအရာများ၌ လိုချင်မှု သဘောမျိုးကိုကား ဆန္ဒဟုသာ ဆိုခြင်း ဖြစ်ပါ၏။

ဗုဒ္ဓစာပေများတွင် လောဘကို အခြားဝေါဟာရ အသုံးအနှုန်းများဖြင့်လည်း ဖွင့်ဆိုရှင်းပြကြ၏။ လောဘကို ချစ်ခင်ခြင်း ပေမဟုလည်းကောင်း၊ တပ်မက်ငတ်မွတ်ခြင်း တဏှာဟုလည်းကောင်း၊ တွယ်တာခြင်း သမုဒယဟုလည်းကောင်း၊ ကာမဂုဏ်အာရုံ မေထုန်အမှုများတွင် အလွန်လိုလား စွဲလန်းခြင်း ရာဂဟုလည်းကောင်း စသည်ဖြင့် အမည်အမျိုးမျိုးဖြင့် ဥပမာပေးထား၏။ မိဘသားသမီး၊ ဇနီးမယား၊ သမီးသား၊ ညီအစ်ကို မောင်နှစ်မ၊ ဆွေမျိုးသားချင်းတို့၌ ချစ်ခင်ခြင်းမျိုးကို ပေမဟုဆိုကာ ထိုချစ်ခြင်းကိုပင် သံယောဇဉ်ဟု ဆိုခြင်းဖြစ်၏။ ထိုသံယောဇဉ်သည် ကြိုးဖြင့်ချည်နှောင် ထားသကဲ့သို့ မကွဲမကွာ ဖြစ်နေလိုခြင်း သဘောရှိ၏။ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့ဟူသော ဤငါးပါးကို လူအများ လိုလားအပ်သောကြောင့် ကာမဂုဏ်ဟုဆိုကာ ထိုကာမဂုဏ်သည် သာမာန်လိုချင်မှုမျိုး မဟုတ်ဘဲ အငန်းမရ လိုချင်မှုမျိုးဖြစ်သဖြင့် ထိုလိုချင်မှုမျိုးကို တဏှာဟုဆို၏။ ထိုကာမဂုဏ်ငါးပါးတွင် အတွေ့အာရုံ မေထုန်အမှု၌ အလွန်လိုလားခြင်းကို ရာဂဟုဆိုပြီး ထိုရာဂတွင် ငြိကပ်ခြင်း၊ စွဲလမ်းခြင်း သဘောများ ပါဝင်နေပေ၏။ ထိုသို့ တဏှာပေမရာဂစသည့် သဘောများ လွှမ်းမိုးပါဝင်ထားသဖြင့် ကာမဂုဏ်စသည့် အရာများတွင် လိုလားတပ်မက်မှုမျိုး၊ လိုချင်တောင့်တမှုမျိုးကို လောဘဟုဆိုခြင်း ဖြစ်ပါ၏။

ဆန္ဒနှင့်ပတ်သက်၍ကား ဆန္ဒသည် အာရုံတစ်ခုခုကို ပြုလိုခြင်း ရယူလိုခြင်းသဘော သက်သက်မျှသာ ဖြစ်ကြောင်း ဖွင့်ဆိုရှင်းပြ၏။ ထိုဆန္ဒ၏ သဘောသည် သတ္တဝါများတွင် အလွန်ထင်ရှားလှ၏။ ဥပမာအားဖြင့် ကလေးငယ်သည် ဖခင်လက်မှ မိခင်လက်သို့ လိုက်ချင်သဖြင့် လက်လှမ်းမှုသည် အခြားကြီးမားသည့် တပ်မက်တွယ်တာ ကပ်ငြိမှုသဘော မရှိဘဲ လိုက်ချင်မှု သက်သက်သာ ဖြစ်သဖြင့် ထိုသဘောသည် ဆန္ဒသာ ဖြစ်ပါ၏။ တစ်နေရာသို့ သွားချင်လာချင်၊ တစ်စုံတစ်ယောက်ကို တွေ့ချင်မြင်ချင်၊ ကြားချင်နာချင်၊ နမ်းချင်စားချင်၊ ကိုင်ချင်ထိချင်၊ တတ်သိနားလည်ချင် စသည့် သဘောမျိုးသည် ဆန္ဒ၏ သဘောမျိုးသာ ဖြစ်၏။ ထို့အတူ နိဗ္ဗာန်လိုချင်၊ အဂ္ဂသာဝက မဟာသာဝကဖြစ်ချင်၊ ဘုရားဖြစ်ချင်၊ ရှင်ဘုရင်ဖြစ်ချင်၊ သူဌေးဖြစ်ချင်၊ နတ်ဖြစ်ချင်၊ ဗြဟ္မာဖြစ်ချင်၊ ရသေ့ရဟန်းပြုချင်၊ လှူဒါန်းချင်၊ ဥပုသ်စောင့်ချင်၊ ကုသိုလ်ရချင် စသည့် ဖြစ်ချင်မှု မှန်သမျှသည်လည်း အားလုံး ဆန္ဒပင် ဖြစ်ပါ၏။ ဆန္ဒ၏ သဘောသည် ဖြစ်လိုချင်မှု စိတ်ဆန္ဒသက်သက်သာ ဖြစ်၏။ လောဘကဲ့သို့ အငန်းမရ တွယ်တာနေမှုမျိုး မဟုတ်လှပေ။ စင်စစ် ကောင်းသည့်အရာများတွင် ဤသို့သော အာသာဆန္ဒမျိုးကို အရင်းခံထားမှသာ ဝိရီယစိုက်ပြီး အားထုတ်ကာ လိုချင်သည့်ပန်းတိုင်ကို လှမ်းကိုင်နိုင်မည် ဖြစ်သဖြင့် ထိုဆန္ဒသည် သတ္တဝါများတွင် ရှိသင့်သည့် သဘောပင် ဖြစ်၏။ ထိုသို့သော အာသာဆန္ဒမျှ မရှိလျှင် ဘုရားရဟန္တာစသည့် သူတော်ကောင်းများလည်း ပွင့်ထွန်းပေါ်ပေါက်လာရန် အကြောင်းမရှိလှပေ။ ထိုသူတော်ကောင်းများထံတွင် ရှိသည့် အာသာဆန္ဒသည် တပ်မက်တွယ်တာ၊ စွဲလန်းကပ်ငြိတားသည့် လောဘမျိုးမဟုတ်ဘဲ ပြုလိုရုံ ရလိုရုံသက်သက်သာ ဖြစ်သည့် ဆန္ဒမျိုးသာ ဖြစ်ပါ၏။

ဆိုလိုသည်မှာ လူအတော်များများက တစ်စုံတစ်ခုကို ပြုလိုမှု၊ ရလိုမှု စသည့် လိုချင်ရချင်သည့် အရာမှန်သမျှသည် “လိုချင်”ဟူသော ဝေါဟာရသဘောများ ပါဝင်နေသဖြင့် လောဘဟုနားလည်ထားကြသည့် ထိုနားလည်မှုသည် စင်စစ်အားဖြင့် လောဘနှင့်ဆန္ဒသဘောကို ကွဲပြားစွာ နားလည်မှု မရှိခြင်းကြောင့် ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ ဖြစ်ချင်၊ ရချင်၊ သိချင်တတ်ချင် စာသည့် ‘ချင်’ ဟူသည့် သဘောအဓိပ္ပါယ်များ ပါဝင်တိုင်း လောဘဟု သတ်မှတ်၍ မရဘဲ ကာမဂုဏ်အာရုံများတွင် တွယ်တာကပ်ငြိကာ အငမ်းမရ လိုပြီးရင်းလိုနေကြသည့် သဘောမျိုးသည်သာ လောဘသဘောမျိုး သက်ရောက်ပြီး ကောင်းသည့်စိတ်စေတနာဖြင့် ကောင်းသည့်အရာများတွင် ရယူချင်၊ လုပ်ပေးချင်၊ လွတ်မြောက်ချင်၊ ကယ်တယ်ပေးချင်၊ ထွက်မြောက်ချင် စသည့် “ချင်ခြင်း”များသည်ကား ဖြစ်ချင်ရချင်မှု သက်သက်သာရှိသည့် ဆန္ဒသဘောမျိုးသာ ဖြစ်ကြောင်း သိစေလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် အပြောအဆိုအသုံးအနှုန်းနှင့် စိတ်စေတနာများတွင် “ချင်၊ လို” စသည့် သဘောများပါနေလျှင် လောဘဟုသာ ထင်နေတတ်ကြသည့် ဗုဒ္ဓဘာသာ မြန်မာများအနေဖြင့် ဤနေရာ၌ အထူးသတိပြုသင့်သည်မှာ ချင်တိုင်းလိုတိုင်း လောဘမဟုတ်ဘဲ ကောင်းသည့်အရာများတွင် ဖြစ်ပေါ်တတ်သည့် ချင်လိုစသည်များကား တွယ်တာကပ်ငြိထားခြင်း မရှိဘဲ ဖြစ်ချင်လိုချင်ရချင်မှု သက်သက်သာရှိသည့် ဆန္ဒသာ ဖြစ်သည်၏ အဖြစ်ကို သဘောပေါက် နားလည်ကာ ထိုသို့သော ကောင်းသည့်ဆန္ဒများကို အခြေတည်ကာ ဝိရီယ၊ ပညာ၊ သတိတရားများဖြင့် ကောင်းသည့်အရာများမှသည် နိဗ္ဗာန်အထိ ရရှိအောင်သာ ကြိုးစားရမည်သာ ဖြစ်ပါ၏။ လောဘ၏လိုချင်မှုသည် ပူလောင်မှုကို ဖြစ်စေပြီး ဆန္ဒ၏ လိုချင်မှုသဘောသည်ကား ငြိမ်းအေးမှုကို ဖြစ်စေသဖြင့် လောဘကိုပယ်ပြီး ဆန္ဒကို အရင်းတည်ကာ ပစ္စုပ္ပန်သံသရာ ကောင်းစေမည့် အလုပ်များကိုသာ ဝိရိယစိုက်၍ ကြိုးစားလိုက်ကြပါရန် တိုက်တွန်းရင်း လောဘနှင့်ဆန္ဒအကြောင်း တစ်စေ့တစ်စောင်း ရေးသားတင်ပြလိုက်ရပါသည်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၂၀)...

ပံသုကူ (ပံ့သကူ) အလှူနဲ့ ထီပေါက်မှု/ မပေါက်မှု
မနှစ်က ဘုန်းဘုန်းမြန်မာပြည်မှာရှိတုန်း ပို့ချခဲ့တဲ့ သင်တန်းတစ်ခုမှာ သင်တန်းသားတွေကို မသိတာရှိရင် မေးပါဆိုတော့ ဒကာမကြီး တစ်ယောက်က “ဘုန်းဘုန်းဘုရား ပံ့သကူပစ်ရင် ထီပေါက်တယ်ဆိုတာ ဟုတ်လားဘုရား” လို့ မေးဖူးပါတယ်။ ဒကာမကြီးရဲ့ အမေးကိုကြားတော့ “ဘယ်ကဘယ်လို ကြားလာတာလဲ ဒကာမကြီးရယ် အဲဒီလိုဆို ဘုန်းဘုန်းတို့လည်း ဒီပေါက်အောင် ပံ့သကူပဲ ပစ်နေမှာပေါ့”လို့ ပြန်ပြောရင်း မြန်မာပြည်မှာရှိတဲ့ ဗုဒ္ဓဘာသာအချို့ရဲ့ လွဲနေတဲ့ အယူအဆလေးများအကြောင်း ရှင်းပြပေးဖြစ်ခဲ့ပါတယ်။ တစ်ခါတုန်းကလည်း ဒကာတစ်ယောက်က “အရှင်ဘုရားရေ တိုက်ဆိုင်တာလားတော့ မပြောတတ်ဘူး၊ တပည့်တော် မနှစ်က သီတင်းကျွတ်တုန်းက စာသင်တိုက်တစ်ခုထဲမှာသွားပြီး ပံ့သကူသင်္ကန်းတစ်စုံ ပစ်ခဲ့ဖူးပါတယ်။ အဲဒီကအပြန် ထီလည်းထိုးဖြစ်ခဲ့ပါတယ်။ ထီထွက်လာတော့ တပည့်တော် နှစ်သိန်းဆု ပေါက်တယ်ဘုရား၊ တပည့်တော်ကတော့ ဒီလိုကံကောင်းလာတာ အဲဒီတုန်းက လှူခဲ့တဲ့ ပံ့သကူ သင်္ကန်းအလှူကြောင့်ပဲလို့ ထင်တယ်ဘုရား” စသဖြင့် လျှောက်ဖူးပါတယ်။ သူ့စကားအတိုင်း “ဟုတ်တယ် ဒကာရေ၊ ဒကာပြောသလိုပဲ တိုက်ဆိုင်မှုလို့ပဲ သဘောထားလိုက်ပါ”လို့ ပြောရင်း ကုသိုလ်ကံတွေရဲ့ သဘောကို ပြောပြဖြစ်ခဲ့ပါသေးတယ်။

ဟုတ်ပါတယ်။ မြန်မာဗုဒ္ဓဘာသာ အချို့မှာ ပံသုကူအလှူနဲ့ ပတ်သက်ပြီး ပံသုကူပစ်ရင် ဘာပေါက်တယ်၊ ညာပေါက်တယ်ဆိုတဲ့ အယူအစွဲ အလွဲလေးတွေ ရှိနေတာကို တွေ့ရတတ်ပါတယ်။ လွဲဆိုရင် အခေါ်အဝေါ်ကစပြီး လွဲနေတာ ဖြစ်ပါတယ်။ သူတို့ခေါ်နေကြတာက ပံ့သကူလို့ ခေါ်နေကြတာ ဖြစ်ပါတယ်။ အဓိပ္ပါယ်လည်းမသိ အခေါ်လည်း လွဲနေပေမယ့် ဒီလွဲနေတာကို လွဲနေမှန်း မသိဘဲ ပြောဆိုနေကြတာ ဖြစ်ပါတယ်။ တကယ်တော့ သူတို့ပြောဆိုနေကြတဲ့ ပံ့သကူဆိုတာ ပံသုကူလိကဆိုတဲ့ ပါဠိစကားက ဆင်းသက်လာတာ ဖြစ်ပါတယ်။ ပံသုဆိုတာ မြေ၊ မြေမှုန့်လို့ အဓိပ္ပါယ်ရပြီး ကူလိကဆိုတာ လိမ်းကျံခြင်း၊ လွှမ်းမိုးကျရောက်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဆိုတော့ကား ပံသုကူလို့ပြောရင် မြေမှုန့်လိမ်းကျံနေတဲ့ စွန့်ပစ်အရာလို့ အလွယ်နားလည်ထား နိုင်ပါတယ်။ အဲဒီလို စွန့်ပစ်ထားတဲ့ မြေမှုန့်လိမ်းကျံနေတဲ့ အရာတွေကို ကောက်ယူသုံးဆောင်ခြင်းကိုပဲ ပံသုကူဆောင်လို့ဆိုတာ ဖြစ်ပါတယ်။ ပံသုကူသင်္ကန်းဆိုရင်လည်း အများက မသုံးဆောင်တော့ဘဲ စွန့်ပစ်ထားတဲ့ အဝတ်အပိုင်းအစတွေကို ကောက်ယူသန့်စင်ပြီး သင်္ကန်းအဖြစ် ချုပ်လုပ်ထားတဲ့ သင်္ကန်းမျိုးကိုဆိုပြီး ဒီသင်္ကန်းကို ဝတ်ရုံသုံးဆောင်တဲ့ ရဟန်းကို ပံသုကူဆောင် ရဟန်းလို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဒီလိုသဘောမျိုးကို ယူပြီး ဒီနေ့ခေတ်မှာတော့ ပံသုကူဆောင် ရဟန်းတော်များ ရှိသလို ပံသုကူပစ်တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ ပံသုကူပစ်တယ်ဆိုတာ ဘယ်ပုဂ္ဂိုလ်၊ ဘယ်ရဟန်းကိုမှ မရည်ရွယ်ဘဲ ရဟန်းတော်များ အသွားအလာများတဲ့ နေရာဒေသတွေမှာ သင်္ကန်းစတဲ့ အသုံးအဆောင်ပစ္စည်းများကို ပံသုကူပါဘုရားဆိုပြီး ရေးသားစွန့်ပစ် လှူဒါန်းထားတာကို ဆိုတာဖြစ်ပါတယ်။ ပုဂ္ဂိုလ်ကို သီးသန့်ရည်မှန်းပြီး လှူဒါန်းတာမဟုတ်ဘဲ ထိုက်တဲ့ပုဂ္ဂိုလ်များ ခံယူသုံးဆောင်ဖို့ စွန့်လှူတာ ဖြစ်တဲ့အတွက် အလှူအနေနဲ့ ပုဂ္ဂလိက အလှူထက် ပိုပြီးအကျိုးရှိတတ်ပါတယ်။ ဒီလို အကျိုးထူးရှိတဲ့ အတွက်လည်း တစ်ချို့က ပံသုကူအလှူကို လှူကြခြင်း ဖြစ်ပါတယ်။

ဒါပေမယ့် တစ်ချို့ကတော့ ပံသုကူကို ကိုယ်ကောင်းစားရေးအတွက် အသုံးချတတ်တာတွေလည်း ရှိပါတယ်။ ဘယ်ဆရာ ဘယ်ပုဂ္ဂိုလ်ကနေပြီးတော့ “ထီပေါက်ကိန်းရှိတယ်၊ ဘယ်မှာသွားပြီး ဘာလေးကိုတော့ ပံသုကူပစ်လိုက်ပါ”လို့ ပြောတာကို လူတွေက လိုက်လုပ်ရင်း ပံသုကူအလှူနဲ့ ထီကိစ္စလေးတွေက ပြောစရာတွေ ဖြစ်ကုန်တော့တာ ဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် တစ်ချို့လည်း အဲဒီလို ပံသုကူပစ်ပြီးတော့မှ ဘာပေါက်တာ၊ ညာပေါက်တာတွေ ဖြစ်လာတော့ ဒါ ပံသုကူပစ်လိုက်လို့ပဲ ဆိုတာတွေလည်း ဖြစ်လာတာ ဖြစ်ပါတယ်။ စဉ်းစားကြည့်တော့ ဒါဟာ ပံသုကူပစ်လို့ ဖြစ်လာတာတော့ မဟုတ်ပါဘူး။ အဲဒီလိုသာ ဖြစ်ကြေးဆိုရင် လူတိုင်းပံသုကူပစ်ပြီး လူတိုင်းထီတွေ ချဲတွေပေါက်ကုန်ကြတော့မှာပေါ့။ ပြောရရင် အတော်လေးကို လွဲနေတော့တာပါ။

အမှန်တော့ ဒါဟာ တိုက်ဆိုင်မှုတွေ့ကြောင့်ပဲ ဖြစ်ပါတယ်။ တကယ်လို့ ပံသုကူပစ်လို့ ထီပေါက်တာဆိုရင်လည်း ပံသုကူကြောင့်ဆိုတာထက် ကုသိုလ်ကောင်းမှုကြောင့်လို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ကံကိုကံနဲ့ ဆင့်ပေးလိုက်တဲ့အတွက် အကျိုးပေးကောင်းတွေ ဖြစ်လာတာဆိုရင် ပိုမှန်ပါလိမ့်မယ်။ တကယ်တော့ လူတိုင်းလူတိုင်းအတွက် ကံဆိုတာ အတိတ်ကံရှိသလို ပစ္စုပ္ပန်ကံလည်း ရှိတတ်ပါတယ်။ အတိတ်က ကောင်းကံလေးတွေ အကျိုးပေးချင်ပေမယ့် ပစ္စုပ္ပန် မကောင်းကံတွေက အားကြီးနေရင် အတိတ်ကံ အကျိုးပေးခွင့် မသာသလို အတိတ်က မကောင်းကံလေးတွေ အကျိုးပေးချင်ပေမယ့် ပစ္စုပ္ပန် ကောင်းကံတွေက အားကြီးနေရင်လည်း အတိတ်က မကောင်းကံတွေ အကျိုးပေးခွင့် မသာပြန်ပါဘူး။ အဲဒီအတွက်ကြောင့် ပစ္စုပ္ပန်မှာ ကောင်းကံတွေ အားကြီးအောင် ကုသိုလ်ကောင်းမှု များများလုပ်စေကြခြင်း ဖြစ်ပါတယ်။ ခုနပြောခဲ့သလို ပံသုကူအလှူ လှူလိုက်ချိန်မှာ ကောင်းတဲ့အကျိုးတရားတွေ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်လာတဲ့ သူတွေမှာလည်း ဒါဟာ အတိတ်ကံကို ပစ္စုပ္ပန်ကောင်းကံလေးတွေနဲ့ ဖွင့်ပေးတဲ့အတွက်ကြောင့် လက်တွေ့မှာ ကောင်းကံလေးတွေ ဖြစ်ပေါ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ ဘယ်ဆရာ ဘယ်ပုဂ္ဂိုလ်က ထီပေါက်လိမ့်မယ် ပံသုကူပစ်လိုက်ဆိုတဲ့ အတွက်ကြောင့် ထီပေါက်လာတာ မဟုတ်ဘူးဆိုတာတော့ အသေချာပဲ ဖြစ်ပါတယ်။

ပြောချင်တာက ပံသုကူပစ်ရင် ထီပေါက်တယ်ဆိုတဲ့ အယူအစွဲဟာ မမှန်ဘူးဆိုတာနဲ့ အကယ်၍ တိုက်ဆိုင်လို့ ထီပေါက်ခဲ့မယ်ဆိုရင်လည်း ဒါဟာ ကုသိုလ်ကံကြောင့် ကံပွင့်လာတာဖြစ်တယ်ဆိုတာ ပြောချင်တာ ဖြစ်ပါတယ်။ ပံသုကူပစ်တိုင်းသာ ထီပေါက်ကြမယ်ဆိုရင် ဘာမှမလုပ်ဘဲ ပံသုကူပဲ ပစ်နေကြဖို့တောင် ကောင်းတယ်လို့ ပြောလိုက်ချင်ပေမယ့် တကယ်တော့ ဒီလိုကောင်းကျိုးလေးတွေ ဖြစ်လာတာဟာ ပံသုကူကြောင့်မဟုတ်ဘဲ ကောင်းကံကိုကောင်းကံတွေနဲ့ ဆင့်ပေးလိုက်တဲ့ အတွက်ကြောင့် ကောင်းကျိုးလေးတွေ ဖြစ်ပေါ်လာခြင်း ဖြစ်တယ်ဆိုတာကိုပဲ ပြောပေးရမှာ ဖြစ်ပါတယ်။ တကယ်လည်း ကောင်းမှုကုသိုလ်တွေရဲ့ အကြောင်းကြောင့် အကျိုးဖြစ်ခြင်းဆိုတာ အထင်အရှားပဲ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာဗုဒ္ဓဘာသာ အချို့ရဲ့ လွဲနေတတ်တဲ့ အလွဲအစွဲတွေထဲမှာ ပံသုကူအလှူဟာ ထီပေါက်စေတယ်ဆိုတဲ့ အယူအစွဲလေးများလည်း ရှိနေတတ်တဲ့အတွက် တိုက်ဆိုင်လို့ ထီတွေဘာတွေ ပေါက်ခဲ့တယ်ဆိုရင်လည်း ဒါဟာ ပံသုကူပစ်လို့ ထီပေါက်တယ်ဆိုတာထက် ကုသိုလ်ကောင်းမှုကြောင့် ကောင်းကျိုးလေးတွေ ဖြစ်လာတဲ့ သဘောပဲဆိုတာကို သေချာသဘောပေါက် နားလည်လက်ခံပြီး ဒီထက်မက ကောင်းကျိုးရချင်ရင်တော့ ဒီထက်မက မကောင်းမှုရှောင်ပြီး ကောင်းမှုကိုသာ ဆောင်ကြဖို့နဲ့ အစွဲတရားနဲ့ လွဲမှားနေမယ့် အလွဲများအစား အကြောင်းကြောင့် အကျိုးဖြစ်တတ်တဲ့ ကံတရားကိုသာ အလေးထားပြီး လွဲနေတာကို မလွဲအောင်သာ ကြိုးစားကြပါလို့ပဲ တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ