Showing posts with label ဓမ္မရသစာစုများ. Show all posts
Showing posts with label ဓမ္မရသစာစုများ. Show all posts

ဘဝထဲမှာ ဓမ္မတွဲပါ


ဘဝမှာ ဓမ္မမပါရင်
အလှဆိုတာ ခဏပါပဲ။


အငယ်တွေလည်း ဘဝထဲမှာ ဓမ္မတွဲမှ

အလတ်တွေလည်း ဘဝအဖြာဖြာမှာ ဓမ္မပါမှ

အကြီးတွေလည်း ဘဝအဆုံး ဓမ္မသုံးမှ
တွေ့ကြုံလာရ တက်အကျနဲ့

အကောင်းအဆိုး ကြောင်းအကျိုးကို

ဓမ္မစကား၊ ဓမ္မအားနဲ့

အလှတရား ရသွားစေမှာ အမှန်ပါပဲ။
တွေကာမနှေး အသေအချာတွေးရင်

ဓမ္မဆိုတာ အကျင့်သိက္ခာ အဖြာဖြာနဲ့

အသိသတိ ထပ်တူရှိမယ့်

အဆင့်မခွဲ အကျင့်မြဲရေးပါပဲ။

ဒါကြောင့်...

အစနဲ့အဆုံး
ဘဝတစ်ခုလုံးမှာ
အလှတွေဖုံးစေဖို့

ခဏမကြည့် ဓမ္မနဲ့ညှိပြီး

အသိအကျင့် ထပ်တူဆင့်လျက်

ဘဝထဲမှာ ဓမ္မတွဲကာ

လိုရာပန်းတိုင် သင်ဆွဲကိုင်လော့။ ။
(မနာပဒါယီ ဆရာတော်)

ဘဝမှာ လူတိုင်းမလွဲမသွေ ကြုံတွေ့နေရမှာက အကောင်းအဆိုး၊ အတက်အကျ၊ အနိမ့်အမြင့် စတဲ့ လောကဓံပဲ ဖြစ်ပါတယ်။ ဒီတရားဟာ လူတိုင်းရှောင်လို့မရ တွေ့ကိုတွေ့ကြရမယ့် တရားဖြစ်တဲ့အတွက် လောကဓမ္မလို့ ဆိုတာဖြစ်ပါတယ်။ ဘဝမှာ ဘာမှပုံသတ်တွက်လို့ မရဘူးဆိုတာဟာလည်း အမြဲပြောင်းလဲနေတဲ့ ဒီလောကဓံတရားတွေရဲ့  ပုံဖော်မှု သင်္ကေတတွေကြောင့်ပဲ ဖြစ်ပါတယ်။ ပေါလိုက်မပေါလိုက်၊ အသိုင်းအဝိုင်းစုံလိုက် မစုံလိုက်၊ ဂုဏ်ဖော်ခံလိုက် မခံလိုက်၊ ချမ်းသာလိုက်ဆင်းရဲလိုက်နဲ့ အကောင်းတွေရော အဆိုးတွေပါ တစ်မျိုးပြီးတစ်မျိုး ကြုံနေကြရတာ ဖြစ်ပါတယ်။ ဘယ်သူမဆို အားလုံးဟာ အနည်းနဲ့အများ ဒီလို အတက်အကျလေးတွေ ရှိနေကြတာဖြစ်တဲ့အတွက် လောကဓံဆိုတာဟာ သတ္တဝါတွေအတွက် အထူးအဆန်း ဖြစ်တဲ့ တရားမဟုတ်ပါဘူး။ အဲထူးဆန်းသွားတာကတော့ အဲဒီအပြောင်းအလဲတွေ အပေါ်မှာ မတုန်မလှုပ် ခံနိုင်ရည်ရှိအောင် ကြိုးစားနေထိုင်သွားနိုင်ခြင်းပဲ ဖြစ်ပါတယ်။

ပြောင်းလဲနေတဲ့ အပြောင်းအလဲတွေမှာ ခံနိုင်ရည်ရှိဖို့အတွက် သတ္တဝါတိုင်း သတ္တဝါတိုင်း ကိုယ့်သန္တာန်မှာ ကိုယ်ခံစွမ်းအားတွေ၊ အပြောင်းအလဲကို ရင်ဆိုင်နိုင်တဲ့ အထောက်အပံ့ကောင်းတွေ၊ နည်းစနစ်တွေ ရှိထားကြဖို့ လိုပါတယ်။ အချိန်မရွေး ကြုံတွေ့နိုင်တဲ့ အတက်အကျ၊ အနိမ့်အမြင့် သဘောတွေမှာ ဖြေဆည်နိုင်တတ်တဲ့ ဖြေဆည်ရာကောင်းတွေ ရှိထားကြဖို့လည်း လိုပါတယ်။ ဖြေစရာကောင်း မရှိဘူးဆိုရင် ဒုက္ခကြုံတဲ့အခါ လွဲမှားတဲ့ ဖြေဆည်ရာနောက်ကို လိုက်မိတတ်ပြီး အဲဒီ အမှားကြောင့် ပိုပြီး ဒုက္ခက တိုးစေတတ်ပါတယ်။ တစ်ချို့ဆိုရင် စိတ်ဖိစီးမှုတွေများ၊ ဒုက္ခတွေများတဲ့အတွက် ပြေရာပြေကြောင်း အရက်သောက်လိုက်တာတို့၊ ကလပ်သွားပြီး ပျော်လိုက်ပါးလိုက်ကြတာတို့ လုပ်ဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် ဖြေဆည်ရာက လွဲနေတော့ မပြေတဲ့အပြင် ပိုပြီး ဒုက္ခတွေ၊ ပြဿနာတွေနဲ့ ကြုံကြရတာတွေလည်း ရှိတတ်ပါတယ်။ ဒုက္ခဖြစ်လို့ အပြင်ပိုင်း အပျော်တွေနဲ့ ဖြေဆည်ကြပေမယ့် အတွင်းက မပျော်တဲ့အခါကျတော့ ဖြေပေမယ့် မပြေတဲ့ သဘောပဲ ဖြစ်ပါတယ်။

တကယ်တမ်းတော့ ဒုက္ခဖြစ်တယ်၊ ခံစားရတယ်ဆိုတာ စိတ်မှာဖြစ်နေတဲ့ သဘောပဲဖြစ်တဲ့အတွက် ဖြေမယ်ဆိုလည်း စိတ်မှာပြေအောင် ကြိုးစားရမှာပဲ ဖြစ်ပါတယ်။ စိတ်မှာပြေဖို့ကတော့ စိတ်ခွန်အားကိုဖြစ်စေတဲ့ မှန်ကန်တဲ့ လမ်းညွှန်ချက်နဲ့ပဲ ဖြေလို့ရမှာဖြစ်ပါတယ်။ မှန်ကန်တဲ့ လမ်းစဉ်ဆိုတာ ဗုဒ္ဓဘာသာတွေ အတွက်ကတော့ အမှန်သစ္စာရှင်ဖြစ်တဲ့ ဘုရားရှင်ရဲ့ တရားတွေနဲ့ပဲ ဖြေဆည်ရာ ရကြမှာ ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ဓမ္မကပဲ ဘဝအလှကို မကျအောင် လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဘဝရဲ့ဒုက္ခကို မြတ်ဗုဒ္ဓရဲ့ နှုတ်ကဖွင့်ဆိုပြတဲ့ ဘဝအမှန်တရားတွေနဲ့ပဲ ရင်ဆိုင်ကျော်လွှားနိုင်ကြမှာ ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ဓမ္မကို ဘဝထဲမှာ တွဲထားနိုင်မှ ဘဝဟာလည်း မလွဲယိုင်ကြမှာ ဖြစ်ပါတယ်။

အတော်များများက ဓမ္မလို့ပြောရင် အသက်ကြီးမှ၊ နောက်ဆုံးအရွယ်မှ၊ အိုမင်းမစွမ်းဖြစ်မှ လိုက်စားရမယ့်တရား၊ ကျင့်ကြံအားထုတ်ရမယ့် တရားလို့ ထင်တတ်ကြပါတယ်။ အမှန်တော့ တရားဆိုတာ အရွယ်မရွေး သူ့အရွယ်အလိုက် ဘဝနဲ့ထပ်တူ တွဲပြီးယူသွားရမှာ၊ တွဲပြီးလေ့ကျင့်သွားရမှာ ဖြစ်ပါတယ်။ ငယ်တဲ့သူတွေလည်း ငယ်တဲ့အလျောက်၊ အလယ်အလတ် အရွယ်တွေကလည်း အလည်အလတ်အလျောက်၊ အကြီးတွေကလည်း အကြီးအရွယ်အလျောက် ဓမ္မလမ်းကို တွဲပြီးလျှောက်နိုင်အောင် ဘဝကို တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ ဒါမှလည်း ဘဝရဲ့ အခက်အခဲတွေကို ဓမ္မရဲ့ လမ်းညွှန်မှုတွေနဲ့ ရင်ဆိုင်ကျော်လွှားကာ ခံနိုင်ရည် ရှိလာကြမှာ ဖြစ်ပါတယ်။

တစ်ချို့ကလည်း တရားဘက်ကို လိုက်စားတာများသွားရင် လူ့လောကနဲ့ အန်ဝင်ခွင်ကျ မဖြစ်တော့ဘူးလို့ ထင်တတ်ကြပါတယ်။ ဒါဟာ ဘဝထဲမှာ ဓမ္မတွဲပြီး မနေတတ်လို့ပဲ ဖြစ်ပါတယ်။ ဘုရားလက်ထက်ကဆိုရင် (၇)နှစ်အရွယ်လောက်တည်းက သောတာပန်တည်ပြီး အဲဒီ သောတာပန် ဘဝနဲ့ပဲ အိမ်ထောင်သားမွေးပြုကာ လူ့လောက အသိုင်းအဝိုင်းမှာ အကောင်းဆုံး တည်ဆောက်မှုကို ပြုသွားတဲ့သူတွေ အများကြီးရှိခဲ့ပါတယ်။ ဘဝထဲမှာ ဓမ္မတွဲပြီး ဘဝတစ်လျှောက်လုံး ဓမ္မအသိတွေနဲ့ မှန်ကန်တဲ့ ဘဝနေထိုင်မှုတွေ ပြုသွားကြတာလည်း အများကြီးပဲ ဖြစ်ပါတယ်။ ထင်ရှားတဲ့သူတွေ အနေနဲ့ ဝိသာခါ ကျောင်းအမကြီတို့၊ အနာထပိဏ် သူဌေးတို့က သက်သေပဲ ဖြစ်ပါတယ်။ ဓမ္မကို မှန်ကန်အောင် သိရှိလက်ခံပြီး အဲဒီအသိအတိုင်း ဘဝကို အပြစ်ကင်းအောင် တည်ဆောက်နိုင်ရင် ဘဝနဲ့ ဓမ္မဟာ တသားတည်းဖြစ်သွားမှာ ဖြစ်သလို ဓမ္မရဲ့ လမ်းညွန်မှုနဲ့ ဘဝရဲ့ ဒုက္ခကို ခံနိုင်ရည် ရှိလာကြမှာ ဖြစ်ပါတယ်။

တစ်လောက ကိုရီးယား ဒကာကြီး တစ်ယောက်နဲ့တွေ့တော့ သူက သူ့အကြောင်းကို တစ်စိပ်တဒေသကို  ပြောပြဖူးပါတယ်။ သူ့ဘဝမှာ အခက်အခဲပေါင်းစုံ၊ ဒုက္ခပေါင်းစုံနဲ့ လောကဓံပေါင်းစုံကို ခံခဲ့ရတဲ့အကြောင်း၊ ဒီအခက်အခဲ ဒုက္ခတွေကိုလည်း ဖြေဆည်ရာ ပေါင်းစုံနဲ့ ဖြေဆည်ကြည့်ခဲ့ပေမယ့် ဘယ်လိုမှ မပြေခဲ့ကြောင်း၊ မဟာယာန ဗုဒ္ဓဘာသာ ကျမ်းစာတွေနဲ့ တရားကျင့်စဉ်တွေကိုလည်း လိုက်လုပ်ဖြစ်ပေမယ့် စိတ်မှာသိပ်ပြီး ကျေနပ်မှု မရခဲ့ကြောင်း၊ ဒါပေမယ့် လွန်ခဲ့တဲ့ (၃)နှစ်လောက်ကစပြီး ကိုရီးယားလို ဘာသာပြန်ထားတဲ့ ထေရဝါဒ ကျမ်းစာတွေထဲက ဒီဃနိကာယ ကျမ်းစာတွေကို ဖတ်လိုက်ရတော့မှ ဘုရားဟောတွေကို လက်တွေ့နာနေရသလို ခံစားရပြီး အဲဒီ တရားတော်တွေနဲ့ပဲ စိတ်မှာကျေနပ်မှုရကာ ဘဝရဲ့ ဒုက္ခတွေကို အကောင်းဆုံး ရင်ဆိုင်ခံစား ကျော်လွှားနိုင်ခဲ့ကြောင်း၊ ဒါကြောင့် သူ့အတွက်ကတော့ ထေရဝါဒ ဓမ္မတွေဟာ ဘဝနဲ့ တစ်သားတည်း ရှိနေရမယ့်တရား၊ ဘဝထဲမှာ တွဲထားရမယ့် တရားလို့ ခံယူကြောင်း စသဖြင့် လျှောက်ထားဖူးပါတယ်။  

ဒကာကြီးရဲ့  လျှောက်ထားချက်ဟာ သူ့ရဲ့ ကိုယ့်တွေ့ပဲ ဖြစ်ပါတယ်။ ခုချိန်မှာ သူ့ကိုကြည့်ရတာ တည်တည်ငြိမ်ငြိမ် ရှိလှပြီး သူ့မိသားစု၊ သူ့အသိုင်းအဝိုင်းအထိ ဘဝထဲမှာ ဓမ္မတွဲပြီး နေနိုင်အောင် လမ်းညွန်ပေးနေတာကိုလည်း သိရှိရပါတယ်။ ဒီဒကာကြီးဟာ ဒုက္ခကြောင့် ဗုဒ္ဓထံရောက်လာပေမယ့် ဗုဒ္ဓရဲ့စံကြောင့် အမှန်လမ်းကို လျှောက်လာခဲ့တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အဲဒါပါပဲ။ ဘုရားရှင်ရဲ့ တရားတော်တွေဟာ ဒုက္ခရောက်လို့ပဲ ကျင့်ကျင့်၊ ချမ်းသာလို့ပဲ ကျင့်ကျင့် မှန်ကန်တဲ့ လမ်းစဉ်အတိုင်းသာ လိုက်နာကျင့်သုံးမယ်ဆိုရင် ဘယ်သူက ဘယ်လိုမျိုးနဲ့ပဲ ချည်းကပ်ပါစေ လက်တွေ့ကျတဲ့ အကျိုးသက်ရောက်မှုကို ဖြစ်စေတာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါဟာ တရားတော်ရဲ့ ဂုဏ်တော်တွေထဲက သန္ဒိဋ္ဌိကဆိုတဲ့ ကိုယ်တိုင်ဒိဋ္ဌ သိမြင်ခံစားနိုင်ခြင်းဆိုတဲ့ ဂုဏ်တော်ရဲ့ ပုံဖော်မှုတစ်ခုပဲ ဖြစ်ပါတယ်။

တရားတော်ရဲ့ ဂုဏ်တော်တွေထဲမှာ လာပါ လုပ်ကြည့်ပါလို့ ဖိတ်ခေါ်နိုင်တဲ့ ဂုဏ်တော်၊ ကိုယ်တိုင်သိမြင်နိုင်တဲ့ ဂုဏ်တော်၊ လက်တွေ့လိုက်နာ ကျင့်သုံးနိုင်ရင် ကျင့်သုံးနိုင်သလောက် အကျိုးသက်ရောက်မှုကို ခံစားနိုင်တဲ့ ဂုဏ်တော်၊ ကျင့်ကြံအားထုတ်ဖြစ်ရင် အချိန်မရွေး အကျိုးကို ပေးစွမ်းနိုင်တဲ့ ဂုဏ်တော် စသဖြင့် ဂုဏ်တော် (၆)ပါးအထိ ရှိနေပြီး လက်တွေ့လုပ်တဲ့ သူတွေကိုလည်း လက်တွေ့သက်ရောက်မှုကို ခံစားစေတာလည်း အများကြီးပဲ ရှိနေတာ ဖြစ်ပါတယ်။ အဓိကကတော့ ကိုယ်ကိုယ်တိုင်ပဲ လက်တွေ့ကျအောင် ဘဝထဲမှာ ဓမ္မတွဲပြီး နေထိုင် ကျင့်သုံးဖြစ်ဖို့ပဲ ဖြစ်ပါတယ်။ ဓမ္မဆိုတာကတော့ အဓမ္မရဲ့ ဆန်ကျင့်ဘက်ဖြစ်တဲ့အတွက် မကောင်းတဲ့ ဘက်မှာ ပျော်လေ့ရှိတဲ့ ပုထုဇဉ်တွေ အတွက်တော့ ဘဝထဲမှာ ဓမ္မတွဲဖို့ အတော်လေး ခက်ခဲနေမှာ ဖြစ်ပေမယ့် ဒီအခက်အခဲဆိုတာ လက်တွေ့ကျင့်သုံးပြီး အကျိုးသက်ရောက်မှုကို ရရှိခံစားလာရတဲ့အခါ ပြေပျောက်သွားမှာပဲ ဖြစ်ပါတယ်။

ဆိုတော့ကား ဘဝဆိုတာဟာ တဒင်္ဂဖြစ်တည်မှု တစ်ခုဖြစ်ပြီး အဲဒီဖြစ်တည်မှုရဲ့နောက်မှာ ပျောက်ပျက်မှု၊ မတည်မြဲမှုဆိုတာ အချိန်မရွေး၊ အရွယ်မရွေး၊ နေရာမရွေး ရောက်နေတတ်တာ ဖြစ်တဲ့အတွက် ဒီသဘောတွေကို ခံနိုင်ရည်ရှိအောင် လူတိုင်းလူတိုင်းဟာ ဘဝအရှိကို ဓမ္မအသိနဲ့ ညှိနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဘဝထဲမှာ ဓမ္မတွဲထားနိုင်အောင် ကျင့်သုံးကြရမှာ ဖြစ်ပါတယ်။ ငယ်ရွယ်သူတွေလည်း ကိုယ့်အရွယ်နဲ့ အမျှ ဓမ္မကပြတာတွေကို ခံယူကြရမှာ ဖြစ်သလို၊ အလယ်အလတ် ပုဂ္ဂိုလ်တွေလည်း အလတ်ပိုင်းမှာ အမြတ်လှိုင်းတွေ ဖြစ်တဲ့ ဓမ္မပိုင်းတွေ ပါနေအောင် ကြိုးစားနေရမှာ ဖြစ်ပြီး အကြီးတွေ အနေနဲ့ကတော့ ကိလေသာကို အပြီးမသွေ ပယ်နိုင်ရင် အကောင်းဆုံး ဖြစ်ပေမယ့် အဲဒီလောက်အထိ မဖြစ်နိုင်သေးရင်လည်း ဘဝအဆုံးအထိ ဓမ္မသုံးကြည့်ရင်း အရှိမှန်သမျှ သိနိုင်အောင် ကြိုးစားကျင့်ကြံ နေထိုင်ကြည့်ကြရမှာ ဖြစ်ပါတယ်။ ဒီလို နေထိုင်ခြင်းဟာ အရွယ်သုံးပါးလုံးမှာ ဓမ္မတွဲပြီး နေထိုင်ကြည့်ခြင်းပဲ ဖြစ်ပါတယ်။

ဒါကြောင့် တဒင်္ဂဆိုတဲ့ ဘဝမှာ အစနဲ့အဆုံး ဘဝတစ်ခုလုံးမှာ ဓမ္မအသိတွေဖုံးပြီး လိုက်နာကျင့်သုံး နေထိုင်နိုင်မယ်ဆိုရင် လက်တွေ့မှာလည်း အကောင်းအဆိုး၊ အတက်အကျ၊ အနိမ့်အမြင့်စတဲ့ လောကဓမ္မများကို အလွယ်တကူ ရင်ဆိုင်ကျော်လွှား နိုင်မှာဖြစ်ပြီး သံသရာ ဘဝါဘဝတွေမှာလည်း လိုရာပန်းတိုင်ကို လှမ်းကိုင်နိုင်မှာ ဖြစ်တဲ့အတွက် အဖြစ်ဆိုတဲ့ ဘဝလေးမှာ အပျက်ဆိုတဲ့ ဝယလေးကို ပိုင်ဆိုင်ထားကြတဲ့ သတ္တဝါတွေ အနေနဲ့ အဖြစ်အပျက် သဘောမှာ အနှစ်မဲ့တဲ့ သဘောတွေနဲ့ မကြုံမတွေ့ရလေအောင် ကိုယ့်အရွယ်အရ၊ ကိုယ့်အနေအထားအရ၊ ကိုယ့်အခြေအနေအရ ကိုယ့်ရဲ့ဘဝထဲမှာ ဓမ္မတွဲပြီး တည်ဆောက်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း အသိပေးတင်ပြရင်း ဘဝအရှိကို ဓမ္မအသိနဲ့ ညှိကြည့်ကြဖို့ အလေးအနက် တိုက်တွန်းလိုက်ပါတယ်။ 

Read more »

စေတနာနှင့် ကံ

“လက်၌ အနာမရှိလျှင် လက်ဖြင့် အဆိပ်ကို ကိုင်ဆောင်နိုင်၏။
အဆိပ်သည် အနာမရှိသော လက်သို့ အစဉ်မလိုက်၊
စေတနာ မရှိဘဲ ပြုသောသူအား မကောင်းမှုကံမည်သည် မရှိ”

(ဂေါတမမြတ်စွာဘုရား)

“ရဟန်းတို့ စေတနာကို ကံဟု ငါဘုရား ဟောတော်မူ၏ (စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ)” ဟူသော ဘုရားစကားရှိ၏။ ကံကံဟူ၍ အများပြောနေကြရာတွင် ကံဟူသည် အခြားမဟုတ်။ အလုပ်ကိုသာ ဆိုခြင်းဖြစ်၏။ အလုပ်ဟူသည်မှာလည်း စေတနာကို ဆိုခြင်းဖြစ်၏။ စေတနာပါသည့် အလုပ်သည် ကံမြောက်ပြီး စေတနာမပါသည့် အလုပ်သည် ကံမမြောက်ပေ။ ကံမြောက်လျှင် အကျိုးသက်ရောက်မှုလည်း ရှိမည်ဖြစ်ပြီး ကံမမြောက်လျှင်ကား အကျိုးသက်ရောက်မှုလည်း ရှိလာမည် မဟုတ်ပေ။ ထို့ကြောင့် ကောင်းသည့်အလုပ်ဖြစ်စေ၊ မကောင်းသည့် အလုပ်ဖြစ်စေ စေတနာပါပါဖြင့် လုပ်သည့်အလုပ်သည်သာ ကောင်းကံ၊ မကောင်းကံများ ဖြစ်တတ်သဖြင့် အလုပ်လုပ်သည့်အခါ စေတနာကို အလေးထားကြရန် တိုက်တွန်းကြခြင်း ဖြစ်ပါ၏။ အထူးသဖြင့် မကောင်းသည့် အလုပ်များတွင် စေတနာ မပါမိကြစေဘဲ ကောင်းသည့်အလုပ်များတွင်ကား စေတနာထား လုပ်ကြရန် အသိစကား ပါးကြခြင်း ဖြစ်ပါ၏။

စင်စစ် သတ္တ၀ါမှန်သမျှသည် ဘဝနေရေးများအတွက် လှုပ်ရှားနေကြရ၏။ လှုပ်ရှားနေခြင်းသည် အလုပ်လုပ်နေခြင်းလည်း ဖြစ်၏။ အလုပ်လုပ်သည့်အခါ ကိုယ်ဖြင့်လည်း လုပ်တတ်ကြ၏။ နှုတ်ဖြင့်လည်း လုပ်တတ်ကြ၏။ စိတ်ဖြင့်လည်း လုပ်တတ်ကြ၏။ မည်သည့်အမူအရာ မည်သည့်အသွင်ဖြင့် ပြုလုပ်သည်ဖြစ်ပါစေ ထိုလုပ်သည့်အလုပ်များတွင် စေတနာက ခြယ်လှယ်ပေးထားတတ်၏။ ထိုစေတနာသည် အလုပ်လုပ်သူများအား အမြဲခြယ်လှယ် နေတတ်သဖြင့် ကောင်းသည့်အလုပ်များ လုပ်သည့်အခါတွင်လည်း စေတနာက ထောက်ပံ့ပေးနေပြီး မကောင်းသည့်အလုပ်များ လုပ်သည့်အခါတွင်လည်း စေတနာက အားပြုပေးနေပေ၏။ ထို့ကြောင့် တစ်ခါတရံ ကောင်းသည့်အလုပ် လုပ်နေသော်လည်း မကောင်းသည့်စေတနာက လွှမ်းမိုးထားသဖြင့် လုပ်ရပ်မှန်သော်လည်း အကျိုးပေး မမှန်ဘဲ ဖြစ်တတ်သကဲ့သို့ မကောင်းသည့် အလုပ်လုပ်နေသော်လည်း ကောင်းသည့်စေတနာက လွှမ်းမိုးထားသည့်အခါ လုပ်ရပ်မှားသော်လည်း အကျိုးပေးမမှားဘဲ ဖြစ်နေတတ်၏။ အရင်းစစ်သော် ပြုလုပ်သူ၏ စေတနာကြောင့်သာ အကျိုးသက်ရောက်မှု ကွဲပြားကြခြင်း ဖြစ်ပေ၏။

ထိုစေတနာ၏ သဘောတရားသည် အလုပ်လုပ်သူများ လက်တွေ့ခံစား သိရှိနိုင်သည့် သဘောတရားမျိုး ဖြစ်၏။ အထူးသဖြင့် မကောင်းကျိုးများ ဖြစ်ပေါ်လာသည့် အခါမှသာ အလွန်အကြောက်ကြီးတတ်သည့် ပုထုဇဉ်သတ္တဝါများ အနေဖြင့် ပို၍ထင်လွယ်မြင်လွယ်သည့် သဘောတရားမျိုး ဖြစ်ပါ၏။ မကောင်းမှုလုပ်သည့်အခါ စေတနာအား ကောင်းကောင်းဖြင့် လုပ်မိတတ်သူများသည် အကျိုးတရား ဖြစ်ပေါ်လာသည့်အခါ အကြီးအကျယ် ခံရသည်များ ရှိတတ်၏။ တစ်ခါတရံ မကောင်းမှု တစ်ခုခုကို လုပ်ဖြစ်နေသော်လည်း စေတနာမပါဘဲ ပြုလုပ်တတ်သည်များ ရှိတတ်၏။ ထိုအခါ မကောင်းမှုကံလည်း မရှိ၊ မကောင်းကျိုး မလာသည်များလည်း ရှိတတ်၏။ ဤသဘောသည် အနာမရှိသော လက်ဖြင့်အဆိပ်ကို ကိုင်သည့်သဘောမျိုး ဖြစ်၏။ အဆိပ်သည် အနာရှိသည့်လက်ဖြင့်ကိုင်လျှင် ကိုင်သူကို စပ်ပူခြင်း၊ နာကျင်ခြင်းကို ဖြစ်စေနိုင်သော်လည်း အနာမရှိသည့်လက်ဖြင့် ကိုင်လျှင်ကား မည်သည့်ခံစားမှုမျိုးမှ မဖြစ်ပေါ်စေနိုင်သကဲ့သို့ မကောင်းမှု အကုသိုလ် အလုပ်ကို လုပ်နေရသူပင် ဖြစ်သော်လည်း လုပ်သည့်အခါ စေတနာမပါလျှင် မကောင်းမှုကံ၏ အကျိုးသက်ရောက်မှုသည် ဖြစ်ပေါ်ခြင်း မရှိနိုင်သည့် သဘောမျိုးဖြစ်၏။

ဗုဒ္ဓရှင်တော်မြတ် လက်ထပ်တော်က ကုက္ကုဋမိတ္တ အမည်ရသည့် မုဆိုးတစ်ဦးရှိ၏။ ထိုမုဆိုးသည် သားသမင်များကို ဖမ်းဆီးသတ်ဖြတ်ကာ လှည်းဖြင့်လှည့်လည် ရောင်းချရင်း တစ်ချိန်တွင် ရာဇဂြိုဟ်ပြည်သို့ ရောက်လာခဲ့၏။ ရာဇဂြိုဟ်မြို့တွင်း လှည့်လည်ရောင်းချနေသည့် မုဆိုးကို ရာဇဂြိုဟ်ပြည်ရှိ သူဌေးသမီး တစ်ဦးသည် မြင်မြင်ချင်းပင် ချစ်ခင်နှစ်သက်မှုကိုဖြစ်ကာ မိဘများမသိစေဘဲ လိုအပ်သည် လက်ဝတ်တန်ဆာများ ယူဆောင်လျက် မုဆိုးနောက်သို့ လိုက်လေတော့၏။ မုဆိုးသည် သူဌေးသမီးကို မလိုက်ရန် ပြောသော်လည်း သူဌေးသမီးက သူမအနေဖြင့် မုဆိုးအပေါ် ချစ်ခင်နှစ်သက်မှု ရှိသူဖြစ်ပြီး ယခုလို မုဆိုးနောက်ကို လိုခြင်းသည် အရှင်ကခေါ်၍ လိုက်ခြင်းမဟုတ်ဘဲ မိမိသဘောဖြင့်သာ လိုက်ခြင်းဖြစ်သဖြင့် စိုးရိမ်စရာမရှိကြောင်း ပြောဆိုသဖြင့် နောက်ဆုံးတွင် မုဆိုးကြီးလည်း သဘောတူ လက်ခံကာ သူဌေးသမီး၏ မိဘများ မသိရာအရပ်တွင် အတူတကွ ပေါင်းသင်းနေထိုင်ကြလေ၏။

မုဆိုးကြီးသည် ရာဇဂြိုဟ်သူဌေးသမီးနှင့် အိမ်ထောင်ကျပြီး သား (၇)ယောက်အထိ ထွန်းကားခဲ့၏။ မုဆိုးနှင့် သူဌေးသမီးတို့၏ ဘဝသည် မုဆိုးလုပ်ငန်းဖြင့် အသက်မွေးသူနှင့် မုဆိုးကြီး ခိုင်းသမျှကို လုပ်ပေးရသည့် ဇနီးမယား အဖြစ်ဖြင့်သာ နှစ်ပေါင်းမြောက်များစွာ နေထိုင်လာခဲ့ကြ၏။ သားများ အရွယ်ရောက်ပြီး အိမ်ထောင်အသီးသီးပင် ကျသွားပြီဖြစ်သော်လည်း မုဆိုးကြီး၏ မုဆိုးအလုပ်ကား အဆုံးမသတ်နိုင်သေးပေ။ ထို့အတူ ဇနီးဖြစ်သူ ရာဇဂြိုဟ်သူဌေး သမီး၏ မုဆိုးခိုင်းသမျှ အလုပ်ကို လုပ်ပေးနေရခြင်းသည်လည်း အဆုံးမသတ်နိုင်သေးပေ။ မုဆိုးအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေရသော မုဆိုးကြီးအား တစ်နေ့တွင် သားများနှင့်အတူ တရားရရန် အကြောင်းဖြစ်လာခဲ့၏။ မြတ်စွာဘုရားရှင်၏ ရွှေဉာဏ်တော်တွင်လည်း မုဆိုးနှင့်သားများ၏ တရားရမည့်အကြောင်း ထင်မြင်တော်မူလာ၏။ ထို့ကြောင့် ထိုနေ့တွင် မြတ်စွာဘုရားရှင်သည် မုဆိုးကြီးထောင်ထားသည့် ကျော့ကွင်း၌ ခြေတော်ရာကို ချထားလိုက်ပြီး သားသမင် မမိစေရန် ဖန်တီးထားလိုက်၏။ သားသမင်ထောင်ထားသည့် ကျော့ကွင်းသို့ ရောက်ရှိလာသည့် မုဆိုးကြီးသည် မိနေကျကျော့ကွင်းတွင် မည်သည့်သားကောင်မျှ မရှိဘဲ ခြေရာကိုသာ တွေ့ရသဖြင့် ဤခြေရာကြောင့်သာ သားသမင် မမိခြင်းဖြစ်ရမည်ဟု တွေးမြင်ကြိမ်းမောင်းကာ ခြေရာပိုင်ရှင်ကို လိုက်ရှာလေ၏။

ထိုသို့ရှာရင်း မနီးမဝေး သစ်ပင်အောက်တွင် သီတင်းသုံးနေတော်မူသည့် ဘုရားရှင်ကို တွေ့မြင်သွားပြီး မြတ်ဗုဒ္ဓအား မြားဖြင့်ခွင်းရန် လေးကိုတင်လေ၏။ သို့သော် မြတ်ဗုဒ္ဓ၏ တန်ခိုးတော်ကြောင့် အလွယ်တကူ တင်နေကျလေးမှာ တင်မရဘဲဖြစ်နေခဲ့၏။ အကြိမ်ကြိမ် ကြိုးစားသော်လည်း မည်သို့မျှ တင်မရဖြစ်နေပြီး အချိန်သာ ကုန်လာခဲ့၏။ အိမ်တွင်ကျန်နေခဲ့သည့် ဇနီးနှင့် သားများ၊ ချွေးမများသည် အချိန်တန်သော်လည်း ပြန်မလာသေးသည့် ဖခင်နောက်သို့ လိုက်လာရင်း ဖခင်နှင့်ဘုရားရှင်တို့၏ အခြေအနေကို သိရှိသွားခဲ့၏။ ထိုအခြေအနေကို မြင်တွေ့ရသည့် ရာဇဂြိုဟ်သူဌေးသမီးသည် မိဘအိမ်တွင် နေစဉ်ကပင် သောတာပန်တစ်ယောက် ဖြစ်ခဲ့ပြီးဖြစ်သဖြင့် ဘုရားရှင်အပေါ် အလွန်ကြည်ညိုရင်း ရှိသည့်အလျောက် အဖဘုရားဟု နှုတ်တော်မှထုတ်ဖော်ကာ ရိုသေတုပ်ဝပ်စွာ ရှိခိုးကန်တော့လေ၏။ မုဆိုးနှင့်သားသမီးများသည် ဘုရားကို ဘုရားဟုမသိဘဲ မိခင်၏ အဖဟူသည့် အသံအရ အမှန်ပင် သူဌေးသမီး၏ အဖေဟု ထင်မှတ်ကာ အားလုံးရိုသေသမှုဖြင့် ဦးညွတ်လိုက်ကြ၏။ ထိုအခါမှ ဘုရားရှင်သည် မုဆိုးနှင့်သားများ၊ ချွေးမများအား တရားစကား မိန့်ကြားတော်မူ၏။ ဘုရားရှင်၏ တရားတော်ကို နာရသဖြင့် မုဆိုးနှင့်သားများ၊ ချွေးမများသည် သောတာပတ္တိဖိုလ်၌ တည်သွားကြ၏။

မုဆိုးကြီးနှင့် ဇနီးမယားမိသားစု အားလုံး တရားရသွားပြီးနောက် ထိုအကြောင်းအရာနှင့် စပ်လျဉ်း၍ ဘုရားတပည့်သား ရဟန်းတော်များကြားတွင် ဆွေးနွေးပြောဆိုမှုများ ရှိလာကြ၏။ “မိဘအိမ်တွင် ရှိစဉ်ကပင် သောတာပန်တည်ပြီးသော အမျိုးသမီးသည် မုဆိုးနှင့် အိမ်ထောင်ကျပြီးနောက်တွင် နှစ်ပေါင်းများစွာ မုဆိုးခိုင်းသည့် အလုပ်များဖြင့် အသက်မွေးရမည်မှာ အမှန်ပင် ဖြစ်ကြောင်း၊ မုဆိုးကြီး တောလိုက်ရန်အတွက် မြားယူခဲ့ဆိုလျှင်လည်း ယူပေးရမှာဖြစ်ကြောင်း၊ လေးယူခဲ့ဆိုလျှင်လည်း ယူပေးရမှာဖြစ်ကြောင်း၊ ဓားလှံလက်နက် စသည်ယူခဲ့ဆိုလျှင်လည်း ဆောင်ယူပေးရမှာ ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ပေးရသည့် ဇနီးမယားသည်လည်း တစ်နည်းအားဖြင့် သူ့အသတ်ကို သတ်နေခြင်းပင်ဖြစ်ကြောင်း၊ သို့ဆိုလျှင် သောတာပန်လည်း ပါဏာတိပါတကံ ကျူးလွန်ရာ ရောက်နေကြောင်း” စသည်ဖြင့် ဆွေးနွေးပြောဆို နေကြ၏။

ထိုရဟန်းတော်များ၏ ဓမ္မသာကစ္ဆာဝိုင်းသို့ ဘုရားရှင် ရောက်တော်မူလာသည့်အခါ မြတ်ဗုဒ္ဓက ထိုအကြောင်းနှင့် စပ်လျဉ်း၍ “ ချစ်သားရဟန်းတို့ သောတာပန်မည်သည် သူ့အသက်သတ်ခြင်းကို မပြုကြကုန်၊ ထိုအမျိုးသမီးသည်ကား လင်ယောက်ျားစကားကို လိုက်နာရုံသက်သက်သာ ဆောင်ရွက်ပေးခြင်းဖြစ်၏၊ ဤလေးမြားလက်နက် စသည်ကိုယူကာ မုဆိုးကြီးအနေဖြင့် သားသမင်စသည်တို့ကို သတ်ဖြတ်ပါစေ၊ သားသမင်များသည်လည်း ဤလက်နက်များကြောင့် အလွယ်တကူ သေပါစေစသည့် စိတ်စေတနာသည် ထိုအမျိုးသမီးအား မရှိ၊ လက်ဝါးပြင်၌ အနာမရှိလျှင် အဆိပ်ကို ကိုင်ယူသောသူအား အဆိပ်ဒဏ်သည် မဖြစ်နိုင်သကဲ့သို့ အကုသိုလ် စေတနာ မရှိခြင်းကြောင့် မကောင်းမှုကို မပြုလိုသောသူအား လေးလက်နက်စသည်ကို ထုတ်ပေးနေသော်လည်း မကောင်းမှုမည်သည် မဖြစ်နိုင်” စသည်ဖြင့် မိန့်တော်မူကာ “လက်၌ အနာမရှိလျှင် လက်ဖြင့် အဆိပ်ကို ကိုင်ဆောင်နိုင်၏။
အဆိပ်သည် အနာမရှိသော လက်သို့ အစဉ်မလိုက်၊
စေတနာ မရှိဘဲ ပြုသောသူအား မကောင်းမှုကံမည်သည် မရှိ”
(ဓမ္မပဒ၊ ပါပဝဂ်၊ ကုက္ကုဋမိတ္တမုဆိုးဝတ္ထု) ဟူ၍ အထက်ပါ တရားစကားကို မိန့်ကြားတော် မူလိုက်လေ၏။

ဤကား စေတနာသာ ကံမည်ကြောင်း ဘုရားဟောသည့် အထောက်အထား သာဓက တစ်စိတ်တဒေသပင် ဖြစ်ပါ၏။ ကံဟူသည် အလုပ်ဟုဆိုသော်လည်း ထိုအလုပ်သည် စေတနာအပေါ်တွင် တည်မှီနေသည့် သဘောပင် ဖြစ်ပါ၏။ ထို့ကြောင့် ကံဟူသည် စေတနာပင်ဖြစ်ကြောင်း တိုက်ရိုက်ကောက်ယူ ပြောဆိုကြခြင်း ဖြစ်၏။ တစ်နည်းအားဖြင့် စေတနာဖြင့် လုပ်သည့်အလုပ်သည် ကံဖြစ်လာပြီး ကံဖြစ်လာလျှင် အကျိုးသက်ရောက်မှု ရှိလာမည်ဖြစ်သဖြင့် လုပ်သည့်အလုပ်မှန်သမျှတွင် စေတနာကို အထူးသတိပြုကြရန် ပြောဆိုကြခြင်း ဖြစ်၏။ အဘိဓမ္မာ သဘောအရဆိုလျှင် စေတနာစေတသိက်သည် ကုသိုလ်အကုသိုလ် နှစ်မျိုးလုံးတွင် စပ်ယှဉ်နေပြီး စိတ်ကို ကုသိုလ်စိတ်၊ အကုသိုလ်စိတ်ဖြစ်ရန် စေ့ဆော်နိုင်သဖြင့် စေတနာကို မကောင်းသည့် အကုသိုလ်တွင် မစပ်ယှဉ်မိစေရန် သတိပြုဆင်ခြင်သင့်ကြောင်း ဆိုခြင်းဖြစ်၏။

မှန်၏။ တစ်ခါတရံ လက်တွေ့ဘဝများတွင် အလုပ်လုပ်နေကြသည့် လူအများကို သတိထားကြည့်ပါက စေတနာ၏ တန်ပြန်သက်ရောက်မှုကို ကောင်းစွာသိရှိနိုင်ကြ၏။ အချို့သည် ကောင်းသည့်အလုပ်များကို လုပ်နေသော်လည်း စေတနာမပါဘဲ လုပ်နေကြသူများ ရှိတတ်သကဲ့သို့ အချို့သည် မကောင်းသည့် အလုပ်များကို မဖြစ်မနေ လုပ်နေရသော်လည်း စိတ်စေတနာ မပါဘဲ လုပ်နေကြရသူများ ရှိတတ်၏။ ကောင်းသည့်အလုပ်ကို လုပ်နေရသော်လည်း စေတနာမပါဘဲ လုပ်နေရသဖြင့် ကောင်းသည့် အကျိုးတရား မထင်ရှားဘဲ ဖြစ်နေကြသူများ၏ အဖြစ်နှင့် မကောင်းသည့် အလုပ်များကို လုပ်နေရသော်လည်း စေတနာမပါဘဲ လုပ်နေရသဖြင့် မကောင်းကျိုးကို မခံစားရဘဲ ဖြစ်နေကြသူများ၏ အဖြစ်သည် စေတနာပါခြင်း၊ မပါခြင်း၏ ကွဲပြားခြားနားမှု တစ်ခုအဖြစ် အထင်အရှား တွေ့မြင်နိုင်ကြမည်ဖြစ်ပါ၏။ မည်သို့ဆိုစေ အလုပ်လုပ်သူများ၏ အကျိုးသက်ရောက်မှုသည် စေတနာအပေါ်မူတည်၍ ကွဲပြားခြားနားကြသည်မှာ အမှန်ပင် ဖြစ်ပါပေ၏။

ဆိုလိုသည်မှာ စေတနာသည် ကံဖြစ်စေသည့် သဘောရှိသဖြင့် မည်သည့်ကိစ္စတွင်မဆို စေတနာကို အလေးဂရုပြုကြရန် ဆိုလိုရင်း ဖြစ်ပါ၏။ စေတနာကောင်းလျှင် ကံကောင်းမည်ဖြစ်ပြီး စေတနာဆိုးလျှင် ကံဆိုးမည် ဖြစ်သဖြင့် ကံကောင်းလိုလျှင် စေတနာကောင်းရန် လိုကြောင်း၊ အထူးသဖြင့် ကောင်းသည့်အလုပ်များတွင် စေတနာအပြည့်ထားလုပ်ရင်း ကောင်းကံအပြည့်ရအောင် ကြိုးစားပြီး မကောင်းသည့် အလုပ်များတွင်ကား မလုပ်ဘဲနေနိုင်လျှင် အကောင်းဆုံးဖြစ်သော်လည်း မဖြစ်မနေလုပ်ရသည့် အခါ စေတနာမပါမိကြရန် သတိပြုဆင်ခြင်ရင်း မကောင်းကံ မမြောက်အောင် ကြိုးစားရမှာဖြစ်ကြောင်း၊ စေတနာမပါဘဲ လုပ်ရသည့် အလုပ်များသည် ကံမမြောက်သဖြင့် အကျိုးသက်ရောက်မှုလည်း မရှိနိုင်သဖြင့် မကောင်းမှုတွင် စေတနာကြဉ်ပြီး ကောင်းမှုတွင် စေတနာယှဉ်နိုင်အောင် အားထုတ်သင့်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် လူချင်းတူသော်လည်း ကံခြင်းမတူဟု ပြောဆိုကြရာတွင် ကံဟူသည် ပြုလုပ်သူ၏ စေတနာသာ ဖြစ်ပြီး ကံမတူခြင်းသည် စေတနာမတူခြင်း ဖြစ်သဖြင့် အကျိုးပေးလည်း မတူခြင်းဖြစ်သည်ကို ကောင်းစွာသဘောပေါက် ဆင်ခြင်ကာ အလုပ်လုပ်သည့်အခါ စိတ်စေတနာကို အရင်းပြု၍ ကောင်းသည့်အလုပ်များတွင် စေတနာအပြည့်ထားလျက် မကောင်းသည့် အလုပ်များတွင်ကို စေတနာမပါမိအောင် ကြိုးစားကြဖို့ တိုက်တွန်းရင်း အလုပ်ကောင်းတွင် စေတနာကောင်းဖြင့်လုပ်ကာ ကံကောင်းသူများအဖြစ် ပစ္စုပ္ပန် သံသရာ နှစ်ဖြာကြီးပွားသူများ ဖြစ်ကြပါစေကြောင်း ဆန္ဒပြုလိုက်ရပါသည်။

အားလုံး အလုပ်ကောင်းတွင် စေတနာကောင်းဖြင့် လုပ်နိုင်ကြသဖြင့် ကံကောင်းသူများ အလျဉ်အမြန် ဖြစ်နိုင်ကြပါစေ…

Read more »

လွှတ်သော်လည်း မလွတ်သေးပါက

"သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊
သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ ဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊
မတ်ပေါင်းရံလျှက်၊ ပျော်စံရိပ်ငြိမ်၊
စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊
သမုဒ္ဒရာ၊ ရေမျက်နှာထက်၊
ခဏတက်သည့်၊
ရေပွက်ပမာ၊ တစ်သက်လျာတည်း။
ကြင်နာသနား၊ ငါ့အားမသတ်၊
ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊
လူတကာတို့၊ ခန္ဓာခိုင်ကျည်၊
အတည်မမြဲ၊ ဖောက်လှဲတတ်သည်၊

မချွတ်စသာ၊ သတ္တ၀ါတည်း။
ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊
ပန်ခဲ့တုံ၏။
ခိုက်ကြုံဝိပါက်၊ သံသာစက်၌၊
ကြိုက်လတ်တွန်မူ၊ တုံ့မယူလို၊
ကြည်ညိုစိတ်သန်၊ သခင်မွန်ကို၊
ချန်ဘိစင်စစ်၊အပြစ်မဲ့ရေး၊
ခွင့်လွှတ်ပေး၏။ သွေးသည် အနိစ္စာ ငါ့ခန္ဓာတည်း။"
(အနန္တသူရိယအမတ်ကြီး)

စာရေးသူ စာသင်သား ဘဝကတည်းက မကြာမကြာ ဆိုလေ့ရှိသည့် ကဗျာအပိုင်းအစလေးမှာ “သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊ သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း” ဟူသော အနန္တသူရိယ အမတ်ကြီး၏ မျက်ဖြေလင်္ကာလေးမှ တစ်စိတ်တစ်ဒေသပင် ဖြစ်၏။ လက်တွေ့အားဖြင့်လည်း လောကတွင် တစ်စုံတစ်ယောက် ကြီးပွားတိုးတက်ရေးအတွက် တစ်စုံတစ်ယောက်မှာ တစ်နည်းနည်းဖြင့် ပျက်စီးသွားကြသည့် အဖြစ်အပျက်လေးများကို တိုက်တိုက်ဆိုင်ဆိုင် ကြုံတွေ့နေဖူးသဖြင့် ထိုအဖြစ်အပျက်လေးများကို သတိရတိုင်း ထိုကဗျာအပိုင်းအစလေးကို ရေရွတ်မိတတ်ခြင်း ဖြစ်ပါ၏။ စာရေးသူကား ထိုအပိုင်းအစလေးကိုသာ လိုရာဆွဲယူ အသုံးပြုထားသော်လည်း ထိုကဗျာလင်္ကာ တစ်ပုဒ်လုံး၏ အဓိပ္ပါယ်မှာ နက်ရှိုင်းလှ၏။ ဆိုလိုရင်းမှာ သံဝေဂယူဖွယ် ကောင်းလွန်းလှ၏။

စာပေလောကတွင် ဤကဗျာလင်္ကာနှင့် ပတ်သက်၍ အနန္တသူရိယ အမတ်ကြီး၏ မျက်ဖြေလင်္ကာအဖြစ် တင်စားလေ့ရှိကြ၏။ အနန္တသူရိယ အမတ်ကြီးသည် နရပတိစည်သူမင်း၏ အမိန့်ဖြင့် ပြည်နှင်ဒဏ်အပေးခံရကာ အသက်ကို စတေးသွားရခါနီး အချိန်တွင် အထက်ပါ မျက်ဖြေလင်္ကာကို ရေးသားကာ ဘုရင့်ထံ အပ်နှံခဲ့ခြင်း ဖြစ်၏။ အမတ်ကြီး၏ ရသမြောက်သည့် ထိုရင်ဖွင့်ချက်တွင် လောကဓမ္မတာနှင့် ဓမ္မသဘာဝကို အထင်အရှားတွေ့မြင်ရ၏။ ခွင့်လွှတ်ခြင်းနှင့် မိမိကိုယ်ကို အမျက်ဖြေခြင်းကို ဂုဏ်မြောက်အောင် ထုတ်ဖော်နိုင်ခဲ့၏။ ဤလင်္ကာနှင့် ပတ်သက်၍ ဘာသာတရား ရှုထောင့်ကကြည့်ကာ စာရေးသူ ခံစားမိသည့် ကောက်ချက်တစ်ခုမှာ “တစ်စုံတစ်ယောက်က တစ်စုံတစ်ဦးကို မသတ်ဘဲ လွှတ်လိုက်သော်လည်း ရုပ်နာမ်နှစ်ခု ခန္ဓာအစုကို ပိုင်ဆိုင်ထားသည့် သတ္တဝါတစ်စုအတွက် သေခြင်းတရားက အချိန်တန်လျင် လွှတ်သော်လည်း မလွတ်နိုင်ဘဲ ရောက်လာမည်သာ ဖြစ်သည်”ဟူသည့် မှတ်ချက်ပင်ဖြစ်၏။

မှန်၏။ လောကတွင် သတ္တဝါမှန်သမျှ မွေးပြီးလျှင် သေကြရမည်သာ ဖြစ်၏။ သေခြင်း၏အစသည် မွေးခြင်းသာ ဖြစ်၏။ မွေးလာလျှင် သေကြရမည် ဖြစ်သဖြင့် ထိုသေခြင်းတရားသည် သတ္တဝါတိုင်းအတွက် ဘဝတစ်ခုတွင် မဖြစ်မနေ ကြုံတွေ့နေကြမည်သာ ဖြစ်၏။ အချိန်တန်၍ သေခြင်းတရား ရောက်လာပါက မည်သည့်နေရာတွင် မည်သို့ပင် ရှောင်တိမ်းနေသော်လည်း မလွှတ်နိုင်သည်မှာ အသေအချာပင် ဖြစ်၏။ သေရမည်ကို ကြောက်သဖြင့် ထိုသေခြင်းတရားကလွတ်အောင် အမျိုးမျိုး ရှောင်တိမ်းနေသော်လည်း ကံကုန်လျှင်ကား မည်သို့မျှ ရှောင်၍ရမည် မဟုတ်လှပေ။ အချိန်မတန်သေးသဖြင့် သေခြင်းတရားမှ တစ်ကြိမ်နှစ်ကြိမ် လွတ်ကောင်းလွတ်နိုင်သော်လည်း ထိုလွတ်ခြင်းသည် အစဉ်ထာဝရ လွတ်ခြင်းမဟုတ်နိုင်ပေ။ အပြင်ရန်သူတစ်ဦးဦးနှင့် ကြုံတွေ့သဖြင့် ထိုသူများက မိမိ၏ အသက်အန္တရာယ်မှ လွတ်မြောက်အောင် လွှတ်ပေးကောင်း လွှတ်ပေးနိုင်သော်လည်း မိမိကိုယ်တိုင်က ကိလေသာတရားများမှ အမှန်တကယ် မလွတ်သေးပါက မည်သူက မည်မျှပင် လွှတ်ပေးစေကာမူ မလွတ်သေးသည်သာ ဖြစ်ပါ၏။ မိမိကိုယ်တိုင် ကိလေသာတရားများမှ လွတ်အောင်ကြိုးစားနိုင်မှသာ အမှန်တကယ် လွတ်နိုင်ကြမည်သာ ဖြစ်ပါ၏။

စင်စစ် ဘဝတစ်ခု၏ အစသည် ဇာတိဟူသည့် ပဋိသန္ဓေနေခြင်းဖြစ်ပြီး ထိုဇာတိ၏နောက်တွင် မဖောက်မပျက်ဘဲ ရောက်လာနေမည်ကား ဇရာဟူသည့် အိုခြင်းတရား၊ ဗျာဓိဟူသည့် နာခြင်းတရားနှင့် မရဏဟူသည့် သေခြင်းတရားများပင် ဖြစ်၏။ မရဏာနုဿတိ ကမ္မဋ္ဌာန်းတွင် သေခြင်းတရားနှင့် ပတ်သက်၍ “မရဏံ မေ ဓုဝံ၊ ဇီဝိတံ အဓုဝံ၊ ငါ့အားသေခြင်းတရားသည် မြဲသောသဘောရှိ၏၊ အသက်ရှင်ခြင်းသည် မမြဲသော သဘောရှိ၏။ မရဏံ မေ ဘဝိဿတိ၊ ဇီဝိတံ ဥပစ္ဆိဇ္ဇတိ- ငါ့အားသေခြင်းတရားသည် ဖြစ်လတ္တံ့၊ အသက်ရှင်ခြင်းသည် ပြတ်လတ္တံ့” စသည်ဖြင့် ဆင်ခြင်ရမည့် နည်းလမ်းများကို ညွှန်ပြထား၏။ ဘဝအဖန်ဖန်တွင် အကြိမ်အကြိမ်မွေးဖွားပြီး အကြိမ်ကြိမ် သေခဲ့ကြရပြီးသည့် သတ္တဝါများအနေဖြင့် ဘဝတစ်ခုတွင် ဇာတိဖြစ်လာပြီးနောက် မရဏတရားကား ဧကန်မုချ အချိန်မရွေး ရောက်လာနေမည်သာ ဖြစ်သဖြင့် သေခြင်းသည် မြဲသည့်သဘောရှိပြီး အသက်ရှင်ခြင်းသည် မမြဲသည့်သဘောရှိ၏။ ထိုသဘောများ ရှိနေသဖြင့် ဘဝတစ်ခုတွင် သေဘေးမှ မည်မျှပင် လွတ်လာခဲ့သည်ဟု ဆိုငြားသော်လည်း နောက်ဆုံးတွင်ကား သေခြင်းနှင့်ပင် အဆုံးသတ်သွားကြသည်သာ ဖြစ်၏။

အရင်းစစ်သော် အတွင်းကိလေသာ တရားများ မသေသေးသမျှ ဘဝမှာ အကြိမ်ပေါင်းများစွာ မည်မျှပင် သေနေငြားလည်း နောက်ထပ်ရှင်သန်မှုကား ရှိနေကြဦးမည်သာ ဖြစ်၏။ ဘဝအသစ် တစ်ဖန်ဖြစ်နေကြဦးမည်သာ ဖြစ်၏။ ဘဝအသစ်ရှိနေလျှင် နောက်ဆက်တွဲ အနေဖြင့် အိုခြင်းတရား၊ နာခြင်းတရား၊ သေခြင်းတရားများလည်း အစဉ်အမြဲ ရောက်လာနေမြဲသာ ဖြစ်၏။ ထို့ကြောင့် အတွင်းကိလေသာ မသေသေးဘဲ အပြင်ရုပ်နာမ်များ သေအောင်ကြိုးစားနေခြင်း၊ ရရှိထားသည့် ယခုဘဝ အသက်ရှင်နေရမှုမှ သေမည်ကို ကြောက်သဖြင့် လွတ်မြောက်မှုရအောင် ကြိုးစားနေခြင်းများသည်လည်း တစ်ဘဝတစ်နပ်စာ အဖြစ်သာ ရကောင်းရနိုင်သော်လည်း သံသရာအဆက်ဆက်တွင်ကား အသေဆက်နေကြမည်သာ ဖြစ်၏။ ကိလေသာတရားများမှ မလွတ်ကင်းသေးသမျှ သေကြေပျက်စီးမှုများမှ တစ်ဘဝတစ်နပ်စာ လွတ်အောင်ကြိုးစားသဖြင့် ကံကောင်းထောက်မစွာ လွတ်ပင်လွတ်ငြားသော်လည်း အချိန်တန်လျင်ကား ဧကန်မုချ တွေ့ကြုံနေကြရမည်သာ ဖြစ်၏။

သို့ဆိုလျင် ကိလေသာတရားများမှ အမှန်မလွတ်သေးဘဲ တဒင်္ဂအခိုက်အတန့် ချမ်းသာစေရေး၊ တဒင်္ဂအခိုက်အတန့် လွတ်မြောက်စေရေး အလေးပေးကာ ကိုယ်ကျင့်တရားများ ဖောက်ပြန်သည်အထိ၊ ဒုစရိုက်အမှုများ ကျူးလွန်သည်အထိ ကြိုးစားလုပ်ဆောင်နေကြသည့် သတ္တဝါများ၏ လုပ်ရပ်များသည် အမှန်တကယ်ချမ်းသာရေး၊ လွတ်မြောက်ရေး မဟုတ်ဘဲ သံသရာအဆက်ဆက် ဆင်းရဲစေမှု၊ ဘဝမှာ အဖန်ဖန်သေရမှု စသည်တို့ကိုသာ ဖြစ်စေသည်မှာ အထင်အရှားပင် ဖြစ်၏။ မိမိကိုယ်တိုင်က ကိလေသာတရာများမှ မလွတ်မြောက်သေးဘဲ တစ်စုံတစ်ယောက်၊ တစ်စုတစ်ခုထံမှ တဒင်္ဂအခိုက်အတန့် လွတ်မြောက်မှုရရေးအတွက် နည်းအမျိုးမျိုးဖြင့် ကြိုးစားနေကြခြင်းသည် အမှန်တကယ် အကျိုးမပြီး အချည်းနှီးသာ ဖြစ်စေမည်မှာ အသေအချာပင် ဖြစ်၏။

အကောင်းဆုံးနည်းမှာ မည်သူလွှတ်သည်ဖြစ်စေ၊ မလွှတ်သည်ဖြစ်စေ၊ မည်သူကြောင့် လွတ်သည်ဖြစ်စေ၊ မလွတ်သည်ဖြစ်စေ မိမိကိုယ်တိုင်သာ ကိလေသာတရားများမှ အမှန်လွတ်မြောက်နိုင်အောင် ကြိုးစားခြင်းသည်သာ အကောင်းဆုံးဖြစ်၏။ တဒင်္ဂအခိုက်အတန့် မဆိုထားနှင့် အသက်ဘေးနှင့် ယှဉ်လာလျင်ပင် အသက်ရှင်ရေးအတွက် အကျင့်သိက္ခာများ ပျက်ပြားသည်အထိ ရေလိုက်လွဲမှု မဖြစ်စေဘဲ အဖန်ဖန် သေခဲ့ရသည့် သံသရာဘဝါဘဝများကို ပြန်လည်စဉ်းစား ဆင်ခြင်ကာ အသက်နှင့် အကျင့်ယှဉ်လာလျင် အကျင့်တရားကို ဦးစားပေးနိုင်အောင် ကြိုးစားသင့်ပေ၏။ တစ်ဘဝ တစ်နှပ်စာ ရှင်သန်ရေးထက် သံသရာဘဝ အများ၌ ရှင်သန်နေရေးကို ဦးစားပေးသင့်ပေ၏။ အကျင့်တရားဖြင့် လွတ်မြောက်မှုကို အခြေတည်ကာ အဆုံးစွန်လွတ်မြောက်ရေးအတွက် ကိလေသာတရားများမှ လွတ်မြောက်ရန်အထိ ကြိုးစားအားထုတ်သင့်ပေ၏။ အခိုက်အတန့် လွတ်ရေးထက် အဆုံးစွန် လွတ်မြောက်ရေးကို အလေးပေးသင့်ပေ၏။

ထို့ကြောင့် လောကသားများ အနေဖြင့် အနန္တသူရိယ အမတ်ကြီး စဉ်းစားဆင်ခြင်သကဲ့သို့ ဘဝတွင် တစ်စုံတစ်ယောက်က တစ်ကြိမ်တစ်ခါ လွတ်မြောက်မှုအတွက် လွှတ်ပေးတတ်သော်လည်း မိမိကိုယ်တိုင်က ကိလေသာအစုများကြောင့် ရုပ်နာမ်နှစ်ခု၏ အနှောင်အဖွဲ့မှ မလွတ်မြောက်သေးပါက မည်သူက လွတ်အောင်လွတ်သော်လည်း အမှန်တကယ် လွတ်မြောက်မှုမျိုး မဖြစ်နိုင်သဖြင့် တဒင်္ဂအခိုက်အတန့် လွတ်မြောက်ရေးကို ဦးစားပေးကာ အကျင့်တရားဖောက်ပြားမှု၊ ဒုစရိုက်အမှု ကျူးလွန်မှုများအထိ မဖြစ်ကြစေဘဲ အမှန်တကယ် လွတ်မြောက်စေမှုကို ဖြစ်စေသည့် ကိလေသာတရားများ၏ ကုန်ဆုံးရာလမ်းစဉ်ကိုသာ တရားအလုပ် ကြိုးစားအားထုတ်ရင်းဖြင့် လိုရာပန်းတိုင်ကို အရောက်လှမ်းကိုင်ကြရမှာ ဖြစ်သဖြင့် မည်သူလွှတ်သည်ဖြစ်စေ၊ မလွှတ်သည်ဖြစ်စေ မိမိကိုယ်တိုင်သာ ကိလေသာ အနှောင်အဖွဲ့များမှ လွတ်အောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း အသိပေးတိုက်တွန်းလိုက်ရပါသည်။

Read more »

ကိလေသာပယ်ခွါရေးနှင့် သိက္ခာသုံးရပ် အကျင့်မြတ်

ကိလေသာဟူသည် ပူလောင်ခြင်း၊ လောင်မြိုက်ခြင်း၊ ပူဆွေးခြင်း၊ ညစ်နွမ်းခြင်း သဘောရှိ၏။ ကိလေသာတရားများဖြင့် လောင်မြိုက်ခံရသည့် သတ္တဝါများသည် စိတ်အစဉ်ပူလောင်မှု၊ ပူဆွေးမှု၊ စိတ်မချမ်းသာမှုကိုသာ ဖြစ်စေ၏။ သတ္တဝါအများအား လောင်မြိုက်စေ၊ ပူလောင်စေ၊ ညစ်နွမ်းစေသည့် ထိုကိလေသာ တရားများသည် အကျဉ်းအားဖြင့် (၁၀)ပါးရှိ၏။ ထိုကိလေသာဆယ်ပါးမှာ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပဟူသော တရားဆယ်ပါးပင်ဖြစ်၏။ မိမိသန္တာန်တွင် လိုချင်မှုများနေလျှင်၊ စိတ်ဆိုးစိတ်တိုခြင်း စသည့် ဒေါသတရားများနေလျှင်၊ အမှားအမှန်၊ အကြောင်းအကျိုး၊ ကုသိုလ်အကုသိုလ် စသည်ကို မခွဲခြားနိုင်သည့် မောဟတရား အားကြီးနေလျှင်၊ မိမိကိုယ်ကို အထင်ကြီးတတ်သည့် မာနတရား အရှိများနေလျှင်၊ အယူအဆလွဲမှားနေလျှင်၊ ရတနာသုံးပါးနှင့် ကံကံ၏ အကျိုးတရားများတွင် သို့လောသို့လော သံသယများ တိုးပွားနေလျှင်၊ တက်ကြွမှုမရှိ ထိုင်းမှိုင်းတွေဝေ ပျင်းရိခြင်း များနေလျှင်၊ တည်ငြိမ်မှုမရှိ ပြန့်လွှင့်ခြင်းသာ ရှိနေလျှင်၊ မကောင်းမှုအကုသိုလ် လုပ်ရမည်ကို မရှက်ခြင်း၊ မကြောက်ခြင်း သဘောများသာ အဖြစ်များနေလျှင် ထိုသူသည် ကိလေသာတရားများ၏ လောင်ကျွမ်းခြင်းကို ခံနေရခြင်း ဖြစ်သဖြင့် ထိုသူ၏ စိတ်အစဉ်သည် ကြည်လင်ခြင်းမရှိ ညစ်နွမ်းမှုကိုသာ ဖြစ်နေပေ၏။ ထို့ကြောင့် ပူလောင်ညစ်နွမ်းမှုကို ဖြစ်စေသည့် ထိုကိလေသာ တရားများကို ပယ်ခွါနိုင်အောင် ကြိုးစားရမည်ဟု ဆိုခြင်းဖြစ်၏။

ကိလေသာတရားများကို ပယ်ရမည်ဟုဆိုရာတွင် ယေဘုယျအားဖြင့် ကိလေသာတရားကို အကြမ်းစားကိလေသာ၊ အလယ်အလတ်တန်းစား ကိလေသာ၊ အနုစားကိလေသာဟူ၍ အမျိုးအစားသုံးမျိုးခွဲခြား နားလည်ကာ ထိုကိလေသာ အဆင့်အတန်းအလိုက် ဆိုင်ရာအကျင့်တရားများဖြင့် စွမ်းနိုင်သမျှ ပယ်ခွာကြည့်ရမည်သာ ဖြစ်၏။ ထို့သို့ပယ်ခွာရာတွင် သိက္ခာသုံးရပ် အကျင့်မြတ်ကို အသုံးပြုရမည် ဖြစ်၏။ သိက္ခာသုံးရပ်ဟူသည် သီလ၊ သမာဓိ၊ ပညာဟူသည့် အမြတ်တရား သုံးပါးပင်ဖြစ်၏။ ကိလေသာတရားများတွင် အကြမ်းစား ကိလေသာများကို သီလအကျင့်တရား၊ အလတ်စားကိလေသာများကို သမာဓိအကျင့်တရား၊ အနုစားကိလေသာများကို ပညာအကျင့်တရားများဖြင့် ပယ်ခွါကြရမည်သာ ဖြစ်၏။ ကိလေသာမှန်သမျှ အကုန်မကျန်ရအောင် ပယ်ခွာရေးသည် အရိယာတို့၏ မဂ်ဖိုလ်ဉာဏ်ပညာဖြင့်သာ ပယ်ခွာနိုင်မည် ဖြစ်သော်လည်း အတိုင်းအတာတစ်ခု၊ အဆင့်အတန်း တစ်ခုအနေဖြင့် ပယ်ခွာနိုင်ရန်အတွက်ကား သီလအကျင့်၊ သမာဓိအကျင့်များဖြင့်လည်း ပယ်ခွာထားနိုင်ကြမည် ဖြစ်၏။

မှန်၏။ ကိုယ်ကျင့်သီလကို လုံအောင်ထိမ်းထားခြင်းအားဖြင့် လောဘ၊ ဒေါသစသည့် ကိလေသာကြမ်းများကို အကြောင်းပြုကာ ကာယကံမြောက်၊ ဝစီကံမြောက် ကျူးလွန်မှုကို ဖြစ်ပွားစေနိုင်သည့် မကောင်းမှုများအား မလုပ်ဖြစ်တော့ပေ။ အကယ်၍ သီလမစောင့်ထိမ်းမိပါက လောဘ၊ ဒေါသစသည့် ကိလေသာများ အားကြီးလာလျှင် အသိတရားပျောက်ကာ ကိုယ်ထိလက်ရောက် ကျူးလွန်မှုများအထိ ဖြစ်ပေါ်တတ်၏။ လောဘအလျောက်၊ ဒေါသအလျောက် လုပ်မိလုပ်ရာ လုပ်လိုက်မိတတ်၏။ ထင်ရှားကြမ်းတမ်းသည့် ကိလေသာကြမ်းများကို အမှီပြု၍ မကောင်းသည့် ဒုစရိုက်အမှုများကို အဆုံးစွန်အထိ ကျူးလွန်မိတတ်၏။ အကျင့်သီလကို လုံခြုံအောင် စောင့်ထိန်းထားသူများကား ထိုလောဘဒေါသ စသည့်ကိလေသာများကြောင့် ကံမြောက်သည်အထိ ကျူးလွန်မှုကို မပြုဖြစ်တော့ပေ။ ဤသည်မှာ သီလသိက္ခာအကျင့်က ကိလေသာကြမ်းများကို အထိုက်အလျောက် ပယ်ခွာပေးထားခြင်းကြောင့်ပင် ဖြစ်၏။

ကာယကံမြောက်၊ ဝစီကံမြောက် ကျူးလွန်စေတတ်သည့် ကိလေသာ တရားများမဟုတ်ဘဲ စိတ်ထဲတွင် တနုံ့နုံ့ဖြစ်နေသည့် ကိလေသာများ၊ စိတ်အတွေးအကြံများများတွင် မကြာမကြာ ဖြစ်ပေါ်နေသည့် ကိလေသာများ၊ မြင်သမျှ၊ ကြားသမျှ အာရုံများတွင် တစ်ထပ်တည်း လိုက်ပြီးစွဲလမ်းကာ ခံစားနေရသည့် ကိလေသာများ စသည်များကိုကား သမာဓိအကျင့်ဖြင့် အတိုင်းအတာ တစ်ခုအထိ ပယ်ခွာထားနိုင်မည်သာ ဖြစ်၏။ သမာဓိအကျင့် တစ်ခုခုကျင့်ပွားခြင်းဖြင့် ထိုအလတ်တန်းစားဖြစ်သည့် ကိလေသာများကို အချိန်အတော်ကြာကြာ ပယ်ခွါထားနိုင်မည်သာ ဖြစ်၏။ သမာဓိအကျင့် အားကောင်းနေသည်နှင့်အမျှ ကိလေသာတရားများကိုလည်း အလွယ်တကူ ပေါ်မလာနိုင်အောင် ပယ်ခွာထားနိုင်မည် ဖြစ်၏။ သမာဓိအကျင့်သည့် ကိလေသာတရားကို အကြွင်းမရှိ ပယ်သတ်နိုင်သည့် အကျင့်မဟုတ်သော်လည်း သမာဓိအားကောင်းနေသမျှ ကိလေသာအားများ လျော့နေမည်ကား အမှန်ပင် ဖြစ်ပါ၏။ သီလအားသည် ကိလေသာကြမ်းများကို အမှီပြု၍ ကာယကံမြောက်၊ ဝစီကံမြောက် ကျူးလွန်နိုင်သည့် အပြစ်များကို ပယ်ခွာထားနိုင်သကဲ့သို့ သမာဓိအားသည်လည်း ကိလေသာတရားကြောင့် အမျိုးမျိုး ဖြစ်ပေါ်နေတတ်သည့် စိတ်အကြံအတွေးများ၊ အပြစ်များကို အတိုင်းအတာ တစ်ခုအထိ ပယ်ခွာထားနိုင်မည်သာ ဖြစ်ပါ၏။ သို့သော် ကိလေသာတရားများ အကြွင်းမရှိ ပယ်ခွာနိုင်ခြင်းကား မဟုတ်လှပေ။

ကိလေသာမှန်သမျှ အလွန်သိမ်မွေ့လှသည့် ကိလေသာများပါမကျန် အကုန်အစင် ပယ်သတ်နိုင်ရန်မှာကား ပညာတရားဖြင့်သာ ပယ်ခွာနိုင်မည် ဖြစ်၏။ သိက္ခာသုံးရပ်တွင် အမြင့်ဆုံးဖြစ်သည့် ပညာသိက္ခာသည် ကိလေသာတရားများကို အသေးအဖွဲ့လေးမှစ၍ အကြွင်းမရှိ ပယ်သတ်နိုင်သည့် အကျင့်မြတ်ပင် ဖြစ်၏။ ခန္ဓာဉာဏ်ရောက်အောင် အားထုတ်ထားသည့် သတိပဋ္ဌာန်အကျင့်ဖြင့် ရရှိလာသည့် ထိုပညာသိက္ခာသည် သတ္တဝါများအား ပူလောင်စေသည့် ကိလေသာမှန်သမျှ ကိလေသာဟု မထင်ရလောက်အောင် နူးညံ့သိမ်မွေ့လှသည့် ကိလေသာများမှစ၍ အားလုံးကို ပယ်ခွာထားနိုင်၊ ပယ်သတ်သွားနိုင်သည့် အကျင့်သိက္ခာမြတ်ပင် ဖြစ်၏။ ပညာသိက္ခာ၏ ကိလေသာကို ပယ်ခွာမှုသည် အခိုက်အတန့် ပယ်ခွာမှုမျိုး မဟုတ်ဘဲ မည်သည့်အချိန်တွင်မျှ ပေါ်လာမှု မရှိအောင် ပယ်ခွာခြင်းမျိုးဖြစ်သဖြင့် နောက်ဆုံးဖြစ်သည့် အရဟတ္တမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဟုခေါ်သည့် ပညာဉာဏ်ကို ရရှိသွားသူသည် ဘဝသံသရာလည်း ဆုံးသွားပြီဖြစ်ကာ နိဗ္ဗာန်သို့ မျက်မှောက်ပြုသွားသည်သာ ဖြစ်ပါ၏။

ဤသို့ဆိုသော် ကိလေသာမှန်သမျှ အကြမ်းအနုမှစ၍ အားလုံးကို ပယ်ခွာနိုင်၊ ပယ်သတ်နိုင်ရန်အတွက် သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ် အကျင့်တရားများကို လက်တွေ့လိုက်နာ ကျင့်သုံးကြရမည်မှာ အလွန်ထင်ရှားလှပေ၏။ သီလအကျင့်တစ်ခု၊ သမာဓိအကျင့်တည်းဖြင့် ကိလေသာအားလုံးကို အကုန်အစင် မပယ်သတ်နိုင်သော်လည်း သီလလုံနေခြင်းအားဖြင့် ကာယကံမြောက်၊ ဝစီကံမြောက် ကျူးလွန်နိုင်သည့် ကိလေသာကြမ်းများကို အတိုင်းအတာတစ်ခုအထိ ပယ်ခွာထားနိုင်ပြီး သမာဓိအကျင့်အားဖြင့်လည်း စိတ်အစဉ်တွင် အမြဲမပြတ် ပူလောင်စေတတ်သည့် ကိလေသာတရားများကို သမာဓိအားကိုလိုက်ကာ အတော်ကြာကြာ ပယ်ခွာထားနိုင်ကြမည်မှာ အမှန်ပင်ဖြစ်ပါ၏။ ထိုသီလ၊ သမာဓိ အကျင့်တရားကို အခြေပြု၍ ပယ်ခွာထားသည့် ကိလေသာတရားများကို နောက်ထပ်တစ်ဖန် မည်သည့်အခါမျှ မပေါ်စေရန်အတွက်ကား ပညာအား၊ အထူးသဖြင့် ဝိပဿနာ သတိပဋ္ဌာန်အကျင့်ကို ကျင့်ကြံသဖြင့် ရရှိလာသည့် ဝိပဿနာ ဉာဏ်ပညာအားဖြင့် အကုန်အစင် ပယ်ခွာနိုင်မည်မှာ ယုံမှားဖွယ် မရှိလှပေ။ အရင်းစစ်သော် ထိုသိက္ခာသုံးရပ်သည် ကိလေသာ အမျိုးအမျိုးကို အဆုံးစွန်အထိ ပယ်ခွာနိုင်မည့် အကောင်းဆုံးသော အကျင့်မြတ်ဖြစ်သည်ဟူသည့် အချက်ပင် ဖြစ်ပါ၏။

ဆိုလိုသည်မှာ “ပူလောင်မှု ကိလေသာတရားများဖြင့် အမြဲမပြတ် နှိပ်စက်ခံနေရသည့် သတ္တဝါများအား ထိုကိလေသာတရားများမှ ပယ်ခွာနိုင်ရေးသည် ပူလောင်မှုကို အေးပေးစေသည့် တန်ဘိုးမဖြတ်နိုင်သည့် အကျင့်မြတ်မှာ သီလ၊ သမာဓိ၊ ပညာဟူသည့် သိက္ခာသုံးပါး အကျင့်းတရားများပင် ဖြစ်ကြောင်း၊ ထိုသိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် အကြမ်းစားကိလေသာ၊ အလတ်စားကိလေသာ၊ အနုစားကိလေသာများကို တစ်စတစ်စ ပယ်သတ်ကြရမှာ ဖြစ်ကြောင်း၊ သိက္ခာသုံးရပ်တွင် သီလသိက္ခာသည် ကာယကံမြောက်၊ ဝစီကံမြောက် ကျူးလွန်မှုအထိ ဖြစ်ပေါ်စေသည့် အကြမ်းစား ကိလေသာများကို အတိုင်အတာတစ်ခုအထိ ပယ်ခွာပေးနိုင်ပြီး သမာဓိသိက္ခာသည် စိတ်အစဉ်တွင် အမြဲမပြတ် ပူလောင်စေတတ်သည့် မနောကံမြောက် ကျူးလွန်မှုများကို ဖြစ်ပေါ်စေသည့် အလတ်စားကိလေသာများကို သမာဓိအားသို့လိုက်ကာ အတိုင်းအတာတစ်ခုအထိ ပယ်ခွာထားနိုင်မှုကို ဖြစ်စေကာ ပညာသိက္ခာသည်ကား အနုစားကိလေသာများမှစ၍ မည်သို့သော ကိလေသာများကိုမဆို အကြွင်းအကျန်မရှိ အကုန်အစင် ပယ်သတ်စေမှုကို ဖြစ်စေကြောင်း” စသည်ဖြင့် ဆိုလိုခြင်း ဖြစ်ပါ၏။

ထို့ကြောင့် ဘဝတွင် ကိလေသာ အပူမီးများကြောင့် အမြဲမပြတ် စိတ်ပျက်မှုကို ဖြစ်နေကြသည့် သတ္တဝါများအနေဖြင့် မည်သူမဆို မိမိတို့၏ ဘဝထဲမှ ကိလေသာအလွဲများကို ပယ်ခွာလိုပါက သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့်သာ ဆိုင်ရာအကျင့်တရားဖြင့် ဆိုင်ရာကိလေသာများကို ပယ်ခွာနိုင်အောင် ကြိုးစားရင်း ကိလေသာမှန်သမျှ အကြွင်းအကျန်မရှိ အကုန်အစင် ပယ်သတ်နိုင်မည့် ပညာဉာဏ်များ ရင့်သန်လာသည်အထိ သိက္ခာသုံးရပ် အကျင့်မြတ်ကို တစ်ဆင့်ထက်တစ်ဆင့် မြတ်သထက်မြင့်အောင်သာ ကြိုးစားကြပါဟု အသိပေး တိုက်တွန်းသမှု ပြုလိုက်ရပါသည်။

Read more »

အောင်မြင်ခြင်း၏ အဓိကပဲ့ကိုင်ရှင် (သို့) အကြီးအမှူးကြီး လေးပါး

ဒကာတစ်ယောက်က “ယခုဘဝတွင် လူတိုင်းအောင်မြင်မှုကို ရနိုင်ပါသလားဘုရား” ဟူသော အမေးတစ်ခုကို မေးဖူး၏။ သူ့အမေးနှင့် ပတ်သက်၍ “အကယ်၍ အတိတ်ကံ မရှိသဖြင့် ထင်သလောက် မအောင်မမြင် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ပဲ့ကိုင်ရှင်ကောင်းကောင်းသာ ရှိထားလျှင် ထိုပဲ့ကိုင်ရှင်များ၏ ပံ့ပိုးမှုဖြင့် အထိုက်အလျောက် အကျိုးသက်ရောက်မှုကား ရှိနေမည်မှာ အသေအချာပင် ဖြစ်ပါကြောင်း” ယေဘုယျအားဖြင့် ဖြေကြားပေးဖြစ်၏။ ပဲ့ကိုင်ရှင်ဟု ခေတ်စကားဖြင့် တင်စားပြီး ဆိုလိုက်ရသော်လည်း စင်စစ် အောင်မြင်လိုသူများ အဓိကလက်ကိုင် ထားသင့်သည်မှာ အကြီးအမှူတရား လေးပါးပင် ဖြစ်ပါ၏။ ထိုအကြီးအမှူးတရားသည် အောင်မြင်လိုသူများအား အောင်မြင်မှုရအောင် ဘက်ပေါင်းစုံမှ ထိန်းချုပ်ပေးတတ်သည့် သဘောရှိသဖြင့် ဤနေရာတွင် ပဲ့ကိုင်ရှင်ဟု တင်စားလိုက်ခြင်းပင် ဖြစ်ပါ၏။ အကြီးအမှူးဟူသော စကားကို ပါဠိဘာသာတွင် အဓိပတိဟု ဖွင့်ပြ၏။ ပဋ္ဌာန်းဒေသနာတော်တွင် အကြီးအမှူးပြု၍ ကျေးဇူးပြုတတ်သည့် ပစ္စည်းကို အဓိပတိပစ္စည်းဟု ရှင်းပြထား၏။

ပဋ္ဌာန်းဒေသနာတော်သည် အကြောင်းနှင့်အကျိုးကို ဆပ်စပ်ပြတော်မူသည့် ဒေသနာတော် ဖြစ်သည့်အလျောက် အဓိပတိပစ္စည်းနှင့် ပတ်သက်၍လည်း အကြီးအမှူးဟူသည့် ပဲ့ကိုင်ရှင် အကြောင်းကောင်းကြောင့် အောင်မြင်ခြင်းဟူသည့် အကျိုးကောင်းကို ရရှိနိုင်ကြောင်း ကြောင်းကျိုးဆက်စပ်ကာ နားလည်နိုင်မည် ဖြစ်၏။ ပဋ္ဌာန်းဒေသနာတော် အဓိပတိပစ္စည်းအဖွင့်တွင် ထိုအကြီးအမှူး အဓိပတိတရား လေးပါးရှိကြောင်း ဖွင့်ဆိုရှင်းပြထား၏။ ယင်းလေးပါးမှာ ဆန္ဒာဓိပတိ၊ ဝီရိယာဓိပတိ၊ စိတ္တာဓိပတိနှင့် ဝိမံသာဓိပတိတို့ပင် ဖြစ်၏။ ပဋ္ဌာန်းဒေသနာတော် အဖွင့်အရ ဆန္ဒဟုဆိုအပ်သော အဓိပတိသည် ဆန္ဒနှင့်ယှဉ်သော စိတ်စေတသိက် တို့ကိုလည်းကောင်း၊ ထိုဆန္ဒနှင့်ယှဉ်သော စိတ်စေတသိက်လျှင် ဖြစ်ကြောင်းရှိသော စိတ္တဇရုပ်တို့အားလည်းကောင်း အဓိပတိပစ္စည်းဖြင့် ကျေးဇူးပြုကြောင်း၊ အခြားသော ဝီရိယ၊ စိတ္တ၊ ဝီမံသဟု ဆိုအပ်သော အဓိပတိသည်လည်း ဆိုင်ရာတရားတို့နှင့်ယှဉ်သော စိတ်စေတသိက်တို့ကိုလည်းကောင်း၊ ထိုတရားတို့နှင့် ယှဉ်သောစေတသိက်လျှင် ဖြစ်ကြောင်းရှိသော စိတ္တဇရုပ်တို့အားလည်းကောင်း အဓိပတိပစ္စည်းဖြင့် ကျေးဇူးပြုကြောင်း စသည်ဖြင့် မှတ်သားနိုင်ကြမည် ဖြစ်၏။

ပဋ္ဌာန်းဒေသနာတော် အဖွင့်အရ ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသဟူသော အဓိပတိ တရားလေးပါးသည် ထိုတရားလေးပါး လက်ကိုင်ထားသူများအား လိုလားတောင့်တအပ်သည့် ကောင်းကျိုးချမ်းသာများ ပြည့်စုံအောင်မြင်အောင် ပဲ့ကိုင်လမ်းညွန်ပေးနေသည့် အကြီးအမှုးများသဖွယ် ကျေးဇူးပြုပေးနေသည်ကို နားလည်သဘောပေါက်နိုင်ကြမည် ဖြစ်၏။ စင်စစ်အားဖြင့် ထိုအဓိပတိ တရားလေးပါးသည် ဘုရားအလောင်း သူတော်ကောင်းကြီးများ သန္တာန်တွင် အဖြစ်များပြီး ထိုသူတော်ကောင်းများ၏ ဖြည့်ကျင့်နေသည့် ပါရမီများ လမ်းချော်မသွားအောင် ပဲ့ကိုင်လမ်းညွန် ပေးနေသည့် အကြီးအမှူးကြီးများ ဖြစ်သော်လည်း သာမန်ပုဂ္ဂိုလ်များ အတွက်လည်း ထိုအဓိပတိတရား လက်ကိုင်ထားပြီး ကြိုးစားအားထုတ်နိုင်ပါက ပစ္စုပ္ပန် သံသရာ နှစ်ဖြာကောင်းကျိုးများနှင့် အောင်မြင်မှုများကို ဧကန်မုချ ရစေနိုင်သည့် အထောက်အပံ့ တရားများပင် ဖြစ်ပါ၏။

မှန်၏။ မည်သူမဆို ဤအဓိပတိတရားလေးပါးကို လက်တွေ့ဘဝတွင် အသုံးချမည်ဆိုပါက ဖြစ်ချင်ခြင်းဆန္ဒ၊ ကြိုးစားအားထုတ်မှု ဝီရိယ၊ စိတ်အစဉ် ကြည်လင်ကောင်းမွန်မှု စိတ္တ၊ အကြောင်းအကျိုး အကောင်းအဆိုးကို ဆင်ခြင်ဆုံးဖြတ်နိုင်မှု ပညာ တရားများအဖြစ် အသုံးချနိုင်မည်သာ ဖြစ်၏။ ပဋ္ဌာန်းဒေသနာတော်တွင် ဝီမံသာဓိပတိဟု ဆိုသော်လည်း ထိုအဓိပတိ၏ တရားကိုယ်မှာ ပညာပင်ဖြစ်၏။ ထို့ကြောင့် အောင်မြင်ခြင်းအတွက် အဓိကပဲ့ကိုင်ရှင်များဟု ဆိုလျှင် ဆန္ဒ၊ ဝီရိယ၊ စိတ္တနှင့် ပညာတရား ဤလေးပါးပင် ဖြစ်ကြောင်း ဆိုခြင်းဖြစ်၏။ အတိတ်ဘဝ အကြောင်းတရား တစ်ခုခုကြောင့် ကံမကောင်း အကြောင်းမလှမှုများ မည်မျှပင် ရှိနေသော်ငြားလည်း လက်တွေ့ပစ္စုပ္ပန်ဘဝတွင် ဤအဓိပတိတရား လေးပါးကိုသာ အသုံးချလိုက်နာ ကျင့်သုံးနိုင်မည်ဆိုပါက မဖြစ်နိုင်သည့်အရာဟူသည် မရှိနိုင်သည်အထိပင် အကျိုးတရားကို လက်တွေ့ခံစားနိုင်ကြမည်သာ ဖြစ်ပါ၏။

အနည်းငယ် ချဲ့၍ဆိုရသော် လောကလူသားများ အနေဖြင့် မည်သည့်အလုပ်ကို လုပ်သည်ဖြစ်ပါစေ ရှေးဦးစွာ လိုအပ်သည်မှာ ပြင်းပြသည် ဆန္ဒပင် ဖြစ်၏။ ဆန္ဒ၏ သဘောမှာ လိုချင်ခြင်း ဖြစ်သော်လည်း ထိုလိုချင်ခြင်းသည် လောဘကဲ့သို့ မတရားလိုချင်မှုမျိုး မဟုတ်ဘဲ ကောင်းသည့်အလုပ်များတွင် လက်တွေ့လုပ်ဖြစ်အောင် အထောက်အပံ့ ပြုပေးသည့် ကောင်းသည့်ဆန္ဒပင် ဖြစ်သဖြင့် အလုပ်ကောင်းများဖြင့် အကောင်းလုပ်လိုသူများအား ဤဆန္ဒတရားက ရှေးဦးစွာ ဦးဆောင်မှုကို ပေးထားသည့် ပဲ့ကိုင်ရှင်ပင် ဖြစ်၏။ အလုပ်ကောင်းတစ်ခုခုကို လုပ်မည်ဆိုလျှင် လုပ်လိုသည့် ဆန္ဒမရှိဘဲ ကြိုးစားအားထုတ်မှု ဟူသည်မှာလည်း ဖြစ်လာနိုင်စရာ အကြောင်းမရှိသဖြင့် အလုပ်တစ်ခုကို လက်တွေ့လုပ်ဖြစ်နိုင်ဖို့အတွက် ဆန္ဒတရားသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေခြင်း ဖြစ်၏။ ဆန္ဒရှိမှ ဝီရိယလည်း ရှိမည်ဖြစ်သဖြင့် ကောင်းသည့်အလုပ်များတွင် ဆန္ဒတရား အဖြစ်များအောင် ကြိုးစား မွေးမြူကြရမည်သာ ဖြစ်၏။

ဆန္ဒတရား ဦးစီးထားလျှင် ကြိုးစားအားထုတ်မှု ဝီရိယ တရားသည်လည်း တဖြည်းဖြည်း တိုးပွားလာနေမည်သာ ဖြစ်၏။ အကြောင်းကြောင့် အကျိုးဖြစ်ခြင်း အပိုင်းတွင် ဆန္ဒသည် အကြောင်းတစ်စိပ်တစ်ဒေသအဖြစ် ဝီရိယကို အထောက်အပံ့ ဖြစ်စေနိုင်သော်လည်း လက်တွေ့တွင် ကြိုးစားအားထုတ်မှု ဝီရိယ၏ အခန်းကဏ္ဍသည် ပို၍ အင်အားကြီးပေ၏။ “ဝီရိယဝတော ကိံ နာမ ကမ္မံ နသိဇ္ဈတိ- ဝီရိယရှိလျှင် မပြီးမြောက်နိုင်သည့် အလုပ်ကိစ္စဟူသည် မရှိနိုင်ကြောင်း” ဆိုသကဲ့သို့ ဝီရိယတရား အကြီးအမှူးထားပြီး လက်တွေ့ကြိုးစား အားထုတ်သူများအား အနည်းဆုံးအနေဖြင့် ဝီရိယအကျိုးကို ခံစားနိုင်ကြစေမည်သာ ဖြစ်၏။ လက်တွေ့အားထုတ်သည့် ဝီရိယတရားက ပဲ့ကိုင်ပေးထားလျှင် အလုပ်လုပ်သူများအား အကျိုးရလာဘ် တရားကို ဧကန်မုချ ရစေနိုင်ကြမည် ဖြစ်သဖြင့် လူတစ်ဦးတစ်ယောက်၏ အောင်မြင်မှုအတွက် ဝီရိယသည် အကြီးအမှူး ပဲ့ကိုင်တရားအဖြစ် အထောက်အပံ့ ပြုနေမည်မှာ အမှန်ပင်ဖြစ်ပါ၏။

အောင်မြင်မှုအတွက် မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုမှာ စိတ္တဟုခေါ်သည့် စိတ်ပင်ဖြစ်၏။ “စိတ္တေန နိယတေ လောကော - လောကကြီးကို စိတ်ကဆောင်သည်”ဟု ဆိုသည့်အတိုင်း အရာရာတွင် စိတ်ကဆောင်ထားပေ၏။ စိတ်မပါလျှင် အလုပ်မလာသကဲ့သို့ စိတ်မရှိလျှင် အလုပ်လည်း မရှိဖြစ်တတ်၏။ စိတ်မကောင်းလျှင် အလုပ်မကောင်းနိုင်သကဲ့သို့ စိတ်ကောင်းလျှင် အလုပ်လည်း ကောင်းနေမည်သာ ဖြစ်သဖြင့် စိတ်စေတနာ ကောင်းရှိရေးသည် လောကသားတို့၏ အောင်မြင်ရေးအတွက် အထူးအရေးကြီးလှပေ၏။ လောကီအလုပ်တွင်ဖြစ်စေ၊ လောကုတ္တရာ အလုပ်တွင်ဖြစ်စေ စိတ်စေတနာက အကြီးအမှူးပြု၍ ဦးစီးထားလျှင် လက်တွေ့လုပ်ဆောင်မှု အပိုင်းများတွင်လည်း စွဲမြဲနေပြီး အကျိုးသက်ရောက်မှု အကောင်းများကို ဖြစ်ပေါ်စေ၏။ ဆန္ဒလည်းရှိ၊ ကြိုးစားမှုလည်းရှိ၊ စိတ်ကလည်း ဆောင်နေမည်ဆိုလျှင် ဘဝတွင် အောင်မြင်မှုရရန် (၇၅)ရာခိုင်နှုန်း သေချာနေပြီဟု ဆိုရမည်ဖြစ်၏။

သို့သော် အပြည့်အဝ အောင်မြင်မှုရရန်အတွက်ကား ဝိမံသဟုခေါ်သည့် ပညာလည်း ရှိထားရန် လိုအပ်ပေ၏။ ဝီမံသာဓိပတိ၌ ဝီမံသအရ ပညာကိုရည်ညွှန်းခြင်းဖြစ်ပြီး မှန်ကန်သည့် ဆန္ဒ၊ မှန်ကန်သည့် ကြိုးစားမှုနှင့် ကောင်းမြတ်သည့် စိတ်အစဉ်ဖြစ်ရန်အတွက်လည်း ပညာက နှိုင်းချိန်ပဲ့ကိုင်ပေးနိုင်ရမည်သာ ဖြစ်၏။ ပညာမပါသည့် ကြိုးစားအားထုတ်မှုသည် အချိန်ကုန်ပြီး ထိရောက်မှု မရှိနိုင်သကဲ့သို့ ပညာနှင့်မယှဉ်သည့် စိတ်၊ ဆန္ဒများသည်လည်း လွဲမှားမှုကို ဖြစ်ပွားစေတတ်ပေ၏။ ထို့ထက်အလွန်ဆိုရသော် ကိလေသာပယ်ခွါရေးအတွက် အဓိကကျသည့် အရာမှာလည်း ပညာပင်ဖြစ်၏။ ထိုပညာကို ဝိပဿနာဉာဏ်ပညာဟုလည်း ဆို၏။ ပဋ္ဌာန်းဒေသနာတော်တွင် ဖွင့်ဆိုပြသည့် ဝီမံသခေါ် ပညာသည် ဘဝအထက်တန်းမြင့်ရေး၊ ဘဝအောင်မြင်ရေးအတွက် ပဲ့ကိုင်ပေးသည့် ပညာမျိုဖြစ်ပြီး ဝိပဿနာအလုပ် အားထုတ်သဖြင့် ရရှိလာသည့် ဝိပဿနာဉာဏ်ပညာသည်ကား ဘဝလွတ်မြောက်ရေး၊ ကိလေသာ ပယ်ခွါရေးကို အကြီးအမှူးပြုပေးသည့် တရားမျိုးဖြစ်၏။ ပညာသည် လောကီလောကုတ္တရာ ဘဝအထွေထွေ တိုးတက်အောင်မြင်ရေးအတွက် အဓိကပဲ့ကိုင်ပေးသည့် အကြီးအမှူးပင် ဖြစ်ပါ၏။

ဤသို့ဆိုသော် အတိတ်အနာဂတ်များအား အသာထားပြီး ယခုပစ္စုပ္ပန် တည့်တည့်တွင်ပင် ကြီးပွားချင်သာ လိုသူများသည် ဖြစ်ချင်သည့် ဆန္ဒ၊ ကြိုးစားအားထုတ်မှု၊ ဝီရိယ၊ ထက်သန်ကောင်းမွန် စွဲမြဲသည့် စိတ်စေတနာ၊ စဉ်းစားနှိုင်းချိန်နိုင်သည့် ပညာတရားများကို လက်ကိုင်ထား၍ ကြိုးစားနိုင်ကြမည်ဆိုပါက ဘဝတွင် အောင်မြင်မှု ရမည်မှာ အသေအချာပင် ဖြစ်သည်ကို ကောက်ချက်ချနိုင်မည် ဖြစ်၏။ ဆန္ဒသာရှိပြီး ကြိုးစားမှု မရှိလျှင်၊ သို့မဟုတ် ကြိုးစားမှုကားရှိ၏ အသိဉာဏ်နှင့် မယှဉ်လျှင်၊ သို့မဟုတ် ဆန္ဒ၊ ဝီရိယ၊ ပညာတရားများ ရှိနေသော်လည်း စိတ်ကောင်းစေတနာကောင်း မထားလျှင် ဘဝတွင် ထင်သလောက် အောင်မြင်မှုလည်း ရနိုင်မည် မဟုတ်လှပေ။ ပြည့်စုံမှန်ကန်သည့် အောင်မြင်မှုများအတွက်ကား ဤအဓိပတိတရား လေးပါးလုံး အကြုံးဝင်ပြည့်စုံအောင် ကြိုးစားရမည်သာဖြစ်ပြီး ဤတရားလေးပါး ရှိထားလျှင်လည်း ဤတရားများက တစ်စုံတစ်ယောက်၏ ပစ္စုပ္ပန် သံသရာ နှစ်ဖြာ ကြီးပွားအောင်မြင်ရေးအတွက် အကြီးအမှူးပြုကာ ထိန်းကြောင်းပြုပြင် ပဲ့ကိုင်ပေးနေမည်သာ ဖြစ်၏။

ဆိုလိုသည်မှာ လူ့ဘဝကို ရလာသည့်သူများသည် ဘဝကောင်းနေပြီးသား ဖြစ်သဖြင့် အကောင်းရထားသည့် ဘဝတွင် အောင်မြင်မှု ရရန်အတွက်လည်း ခက်ခဲမှုမရှိနိုင်ကြောင်း၊ အတိတ်ကံဟူသည် လက်ရှိလူ့ဘဝ ရနေသည့်အချက်ဖြင့်ပင် ကောင်းနေပြီဟု ခံယူကာ ယခုလက်ရှိအချိန်တွင်သာ အောင်မြင်မှုကို အထောက်အကူ ပြုနိုင်သည့် ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ပညာဟူသည့် အကြီးအမှူးတရားများကို ပဲ့ကိုင်အဖြစ်ထားလျက် လိုရာပန်းတိုင် အရောက်လှမ်းနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း၊ ဆန္ဒကောင်း၏ ပံ့ပိုးမှုကို အခြေခံပြီး ကြိုးစားအားထုတ်မှု ဝိရိယ၊ အပြစ်ကင်းသည့် စိတ်စေတနာ၊ အကျိုးအကြောင်း၊ အဆိုးအကောင်းကို ခွဲခြားစိစစ်တတ်သည့် ပညာဟူသည့် ဤအဓိပတိတရားလေးပါးကို ပဲ့ကိုင်အဖြစ် အသုံးပြုကာ ပစ္စုပ္ပန်၊ သံသရာ ဘဝအဖြာဖြာတွင် အောင်မြင်မှုရအောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း စသည်ဖြင့် ဆိုလိုရင်းဖြစ်၏။

ထို့ကြောင့် အောင်မြင်မှုကို အလိုရှိကြသည့် သူများအနေဖြင့် အတိတ်ကိုလည်း ပုံမချ၊ အနာဂတ်ကိုလည်း မမျှော်မှန်းဘဲ ယခုပစ္စုပ္ပန်ဘဝမှာပင် မိမိတို့ အလိုရှိသည့် အောင်မြန်မှုကို အရယူနိုင်ရန်အတွက် အောင်မြင်ခြင်း၏ အဓိကပဲ့ကိုင်များဖြစ်သည့် ဆန္ဒ၊ ဝိရိယ၊ စိတ္တ၊ ပညာဟူသည့် အကြီးအမှူး အဓိပတိတရား လေးပါးကိုသာ ပြည့်စုံအောင်ကြိုးစားလျက် လိုရာပန်းတိုင်ကို အရောက်လှမ်းကိုင်ကြရမှာ ဖြစ်ပါကြောင်း အသိပေးတိုက်တွန်းရင်း အဓိပတိတရားများဖြင့် အဓိပတိ လူသားများဖြစ်အောင် အချိန်ရှိခိုက် လုံ့လစိုက်ကြရန်လည်း ထပ်မံ၍ အလေးအနက် တိုက်တွန်းလိုက်ရပါသည်။

Read more »

ကတိသစ္စာ၊ တည်သောခါဝယ်

"ကတိသစ္စာ၊ တည်သောခါ၌၊
သြဇာလေးနက်၊ ပေါ်စီတက်၍၊
နွယ်မြက်သစ်ပင်၊ ဆေးဘက်ဝင်၏။"
(ရှင်မဟာသီလ၀ံသ)

ကတိတည်ခြင်း၊ သစ္စာရှိခြင်းဟူသော အကျင့်တရားများသည် လောကလူသားများအတွက် အလွန်အရေးကြီးပြီး တန်ဖိုးထားသင့်သည့် ဂုဏ်သိက္ခာများဖြစ်၏။ ကတိတည်ခြင်း၊ သစ္စာရှိခြင်းများသည် ကိုယ်ကျင့်သိက္ခာ အပိုင်းနှင့်လည်း ဆက်စပ်နေသကဲ့သို့ ကတိတည်သူ၊ သစ္စာရှိသူများသည်လည်း အကျင့်သီလမြဲသူများအဖြစ် ဂုဏ်တင့်နိုင်ကြမည် ဖြစ်၏။ ကတိသစ္စာ တည်နေသမျှ အခက်အခဲမှန်သမျှကိုလည်း ထိုအကျင့်တရားများဖြင့် ရင်ဆိုင်ကျော်လွှားနိုင်ကြမည်သာ ဖြစ်၏။ အထူးသဖြင့် သစ္စာတရားသည် မေတ္တာအားဖြင့် ပေါင်းစပ်နိုင်လျှင် မဖြစ်နိုင်သည်များပင် ဖြစ်လာနိုင်ပြီး သက်ရှိသက်မဲ့အားလုံးတို့၏ အပြောင်းအလဲဖြင့် အကောင်းများပင် တွဲလာနိုင်မည်ဖြစ်၏။ ထို့ကြောင့် သူတော်ကောင်းများက ကတိသစ္စာတည်လာပါက သက်မဲ့ဖြစ်သည့် နွယ်မြက်သစ်ပင် စသည်များပင် ဆေးဘက်ဝင်လာတတ်ကြောင်း ဆိုခြင်းဖြစ်၏။

မှန်၏။ ကတိသစ္စာသည် တည်တံ့လျှင် တည်တံ့နိုင်သည်နှင့်အမျှ အကျိုးသက်ရောက်မှု ကောင်းများကို ဖြစ်စေနိုင်ပေ၏။ မိမိ၏ ကတိသစ္စာ တည်တံ့မှုကို အကြောင်းပြု၍ မိမိလည်း အကောင်းများ စုနိုင်သကဲ့သို့ သူတပါးကိုလည်း ကောင်းမှုအစုများ ပြုပေးနိုင်ပေ၏။ သစ္စာစကားဖြင့် အပြစ်အနာအဆာများကိုပင် ပျောက်ပေးစေနိုင်၏။ ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ပင် အမျိုးမျိုးသော သစ္စာစကားများကို တိုင်တည်မှုပြုကာ သတ္တဝါအများ၏ ဒုက္ခအပေါင်းကို ကယ်တင်ပေးဖူး၏။ သတ္တဝါအများ၏ ဘေးအန္တရာယ်များကို အရံအတားပြုကာ အကာအကွယ်ပြုပေးထားသည့် ဘုရားရှင်၏ ပရိတ်ဒေသနာများတွင် ထိုသို့သော သစ္စာပြုချက်များကို အများအပြား တွေ့ရမည်ဖြစ်၏။ ဗုဒ္ဓ၏ ပရိတ်ဒေသနာတော်များတွင် “ဧတေန သစ္စဝစ္စေန သောတ္ထိတေ ဟောတု သဗ္ဗဒါ” ဟူသော စကားများကို အများအပြား တွေ့ရမည်ဖြစ်၏။ ထိုစကား၏ အဓိပ္ပါယ်မှာ “ဤမှန်သော သစ္စာစကားကြောင့် သတ္တဝါများအား အခါခပ်သိမ်း ချမ်းသာခြင်းကို ဖြစ်ပါစေ”ဟူ၍ ဖြစ်၏။ ဤသည်မှာ မှန်ကန်သည့်သစ္စာ၊ တည်တံ့သည့် ကတိစကားများသည် သတ္တဝါများအား အားအသစ်ကိုဖြစ်စေပြီး ထိုအားများကပင် သတ္တဝါများ၏ အခက်အခဲများကို ဖြေရှင်းပေးနိုသည့် သဘောမျိုးဖြစ်၏။

အားဟုဆိုသော်လည်း စင်စစ်ထိုအားများသည် မည့်သည့်တန်ခိုးရှင်၊ ဖန်တီးရှင်ကမျှ ဖြည့်ပေးနိုင်သည့် အားများမဟုတ်ဘဲ မိမိတို့ကိုယ်တိုင်သာလျှင် ကတိတည်ခြင်း၊ သစ္စာရှိခြင်းဟူသည့် အကျင့်သိက္ခာ တရားများဖြင့်သာ ပြည့်စေရမည့်အားများ ဖြစ်ပါ၏။ ကတိများများတည်လျှင်၊ သစ္စာများများရှိလျှင် မိမိသန္တန်တွင် ထိုကတိသစ္စာ တရားများ၏ စွမ်းအားများသည်လည်း ပိုမိုတိုးပွားကာ လိုအပ်သည့် အကျိုးတရားများကို ပြီးမြောက်စေနိုင်မည် ဖြစ်သဖြင့် သက်ရှိသက်မဲ့ အရာအားလုံးတို့၏ တန်ပြန်သက်ရောက်မှု အကျိုးကောင်းများကို ရယူလိုသူများသည် ကတိသစ္စာတရားများကို အခိုင်မာဆုံးဖြစ်အောင်သာ ကြိုးစားကြရမည် ဖြစ်ပါ၏။

အမှန်အားဖြင့် ကတိသစ္စာတည်ခြင်းဟူသည် အခြားမဟုတ်၊ ကိုယ်ကျင့်သိက္ခာလုံနေခြင်းပင် ဖြစ်၏။ သီလလုံနေသူ တစ်ယောက်သည် စကားကိုအလွယ်ပြော၊ ကတိကို အလွယ်ပေးပြီး စောင့်ထိန်းရမည့် သစ္စာတရားကို ချိုးဖောက်သူ အဖြစ်မှလည်း ရှောင်ကြဉ်ပြီးသား ဖြစ်နေပေ၏။ သာမန်လူများ အနေဖြင့် နေ့စဉ်စောင့်ထိန်းရသည့် ငါးပါးသီလကိုသာ မကျိုးမပေါက်အောင် စောင့်ထိန်းထားနိုင်လျှင် ကတိလည်း တည်နေမည်ဖြစ်ပြီး သစ္စာလည်းရှိနေမည်သာ ဖြစ်၏။ ဥပမာအားဖြင့် လူပုဂ္ဂိုလ်တစ်ယောက်သည် မိမိ၏ အိမ်ထောင်သည် အပေါ်မှာ သစ္စာရှိခြင်း၊ သူတပါးအကျိုး ယုတ်စေမည့် မဟုတ်မမှန်သည့် စကားများကို ပြောဆိုခြင်းမှ ရှောင်ကြဉ်နေခြင်းသည် ငါးပါးသီလထဲမှ ကာမေသုမိစ္ဆာစာရနှင့် မုသာဝါဒ သိက္ခာပုဒ်များကို စောင့်ထိန်းနေခြင်း ဖြစ်သဖြင့် အပြန်အနေဖြင့် ထိုသီလများကို စောင့်ထိန်းနေသမျှ ကတိသစ္စာများလည်း တည်နေကြပြီးသား ဖြစ်ပါ၏။ ထိုသို့ အကျင့်သိက္ခာလုံသဖြင့် ကတိသစ္စာတည်နေသူများသည် လောကဓံ အလှည့်အပြောင်းများကြောင့် ဘဝအတက်အကျများနှင့် ကြုံနိုင်ငြားသော်လည်း အရေးကြီးသည့်အခါ မိမိတို့၏ သီလတရားကို သက်သေထားကာ သစ္စာပြုမည်ဆိုပါက ထိုသစ္စာတရား၏ အားများဖြင့် အခက်အခဲများကို ကျော်လွှားနိုင်မည်မှာ အမှန်ပင် ဖြစ်ပါ၏။ မိမိက အကျင့်သိက္ခာ မြင့်မားစွာဖြင့် ကတိသစ္စာ တည်ထားလျှင် မိမိသာလျှင်မဟုတ် မိမိနှင့် ပတ်သက်သူများကိုပင် သစ္စာစကားဖြင့် ဒုက္ခအစုကို ကျော်လွှားနိုင်မည်မှာ အသေအချာပင် ဖြစ်ပါ၏။

ဗုဒ္ဓဘာသာ မြန်မာအများ ရင်းနှီးပြီးသားဖြစ်သည့် အင်္ဂုလိမာလ ပရိတ်တော်ကို ကြည့်ပါက အင်္ဂုလိမာလ မထေရ်ကြီးသည် မိမိ၏ ကတိသစ္စာစကားဖြင့် မီးမဖွားနိုင်သည့် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား အလွယ်တကူ မီးဖွားနိုင်စေရန် သစ္စာပြုကာ ဘေးရန်ကာပေးနိုင်ခဲ့သည်ကို အထင်အရှား တွေ့ကြရမည်ဖြစ်၏။ အင်္ဂုလိမာလ ပရိတ်တော်၏ အဓိကအပိုင်းတွင် အင်္ဂုလိမာလ မထေရ်ကြီး သစ္စာပြုသည့် စကားတော်မှာ “နှမ ငါသည် မြတ်စွာဘုရားရှင်၏ သာဝက အရိယာ ဖြစ်တော်မူပြီးချိန်မှစ၍ သေစေလိုသော စေတနာဖြင့် သူတပါးအသက်ကို သတ်ဖြတ်ခြင်းကို ပြုလည်းမပြု၊ သိလည်းမသိတော့ပေ၊ ဤမှန်သော သစ္စာစကားကြောင့် မီးဖွားရန် အခက်အခဲဖြစ်နေသော ချစ်နှမအား ချမ်းသာမှုဖြစ်ပါစေ”ဟူ၍ ဖြစ်၏။ အင်္ဂုလိမာလ မထေရ်ကြီး၏ ထိုသစ္စာစကားမှာ မိမိကိုယ်တိုင် အကျင့်သီလပိုင်းကို အကောင်းဆုံးဖြစ်အောင် စောင့်ထိန်းပြီး ထိုအကျင့်သီလ ကောင်းကိုသက်သေပြု့ကာ အများတကာ ချမ်းသာရေး သစ္စာဆိုပေးထားသည့် စကားဖြစ်သဖြင့် ထိုအကျင့်သစ္စာ အစွမ်းအားများသည်လည်း လက်တွေ့တွင် သတ္တဝါများအား ချမ်းသာမှုကို ဖြစ်စေခဲ့ခြင်း ဖြစ်၏။ အရင်းစစ်သော် အကျင့်သိက္ခာကောင်းသည် သစ္စာအားအဖြစ် ကောင်းမြတ်သည့် သြဇာကို သက်ရောက်ပေးခြင်းပင် ဖြစ်၏။ ထို့ကြောင့် မိမိသူတပါး ချမ်းသာရေးအတွက် အကောင်းဆုံး သက်ရောက်မှုကို ပေးလိုသူများသည် ကိုယ်ကျင့်သီလကို လုံခြုံအောင်စောင့်ထိမ်းခြင်းဟူသည့် ကတိသစ္စာကို တည်တံ့အောင်သာ ကြိုးစားကြရန်လိုကြောင်း ဆိုခြင်းဖြစ်ပါ၏။

စင်စစ် ကတိသစ္စာတရားသည် အကျင့်သိက္ခာ အားကောင်းနေသမျှ အစွမ်းအာနိသင်များလည်း တိုးပွားနေမည်သာ ဖြစ်ပါ၏။ ထိုအချက်ကို ဘုရားလက်ထက်မှစ၍ ရှေးရှေးသူတော်ကောင်းများ၏ အဖြစ်အပျက်များကို ကြည့်ပါက လက်တွေ့အားဖြင့် သိနိုင်မည်သာ ဖြစ်၏။ အကျင့်သီလ အားကောင်းစွာဖြင့် ဆိုခဲ့ကြသည့် သစ္စာစကားများသည် သူတော်ကောင်းများ၊ နတ်ကောင်းနတ်မြတ်များ၏ အထံသို့ပင် ပြန့်နှံ့ကာ ထိုထိုသူတော်ကောင်းများ၊ နတ်ကောင်းနတ်မြတ်များ၏ စောင့်ရှောက်မှုဖြင့် သတ္တဝါများအား ချမ်းသာမှုကို ဖြစ်စေခဲ့ကြသည်မှာ အထင်အရှားပင် ဖြစ်ပါ၏။ ကတိသစ္စာတည်ခြင်းဟူသော အကျင့်သီလကောင်းသည် သက်ရှိသက်မဲ့များအပေါ်တွင် သက်ရောက်မှုဖြစ်ကာ ယုတ်စွာအဆုံး နွယ်မြက်သစ်ပင်များသည်ပင် အစွမ်းထက်သည်အထိ အကျိုးရှိစေခဲ့သည်မှာ အမှန်ပင် ဖြစ်ပါ၏။

သို့သော် သဒ္ဓါတရား၊ သီလတရား၊ ဝီရိယတရား၊ ပညာတရား၊ သတိတရားများ ယုတ်လျော့လာသည့် ယနေ့ခေတ်ကာလတွင်ကား လူအတော်များများသည် ကတိတရားများ ဖောက်ဖျက်နေကြသကဲ့သို့ သစ္စာတရားများလည်း ပျောက်ပျက်နေကြသဖြင့် ထိုကတိသစ္စာတရား၏ စွမ်းပကားများမှာ ထင်သလောက် အစွမ်းမရောက်ဘဲ ဖြစ်နေကြသည်ကို တွေ့နေရ၏။ လူအတော်များများသည် ကတိကို အလွယ်ပေးကာ အလွယ်ဖျက်နေတတ်ကြသကဲ့သို့ စောင့်ထိန်းရမည့် သစ္စာတရားများကိုလည်း မစောင့်ထိန်းဘဲ အလွယ်တကူပင် ဖောက်ဖျက်နေတတ်ကြ၏။ တဒင်္ဂအခိုက်အတန့် အရေးကိုသာ ဦးစားပေးနေပြီး ထိုအခိုက်အတန့် အဆင်ပြေရေးအတွက်ဆိုလျှင် လိမ်ပြောရမှာလည်း ဝန်မလေး၊ မသိမသာတစ်မျိုး၊ သိသိသာသာတစ်ဖုံ ခိုးဝှက်ရမည်ကိုလည်း မကြောက်လန့်၊ အိမ်ထောင်ရှိနေသူရော၊ မရှိသူများပါမကျန် အိမ်ထောင်ရေး ဖောက်ပြန်ကာ သစ္စာဖျက်ရမည်ကိုလည်း အလေးမထား၊ သောက်သောက်စားစား လုပ်ရမှာလည်း ပေါ့ပေါ့ပါးပါးပင် ဖြစ်နေတတ်ကြ၏။ ထိုသို့အကျင့်တရားကို အခြေခံထားသည့် ကတိသစ္စာတရားများ မတည်ဘဲ သွားနေကြသဖြင့် သတ္တဝါများအား ဒုက္ခတရားများ ဖြစ်ပေါ်လာသည့်အခါတွင်လည်း သစ္စာတရား၏ အစွမ်းအာနိသင် အကျိုးသက်ရောက်မှုမှာလည်း ထင်သလောက် အစွမ်းမထက်ဘဲ ဖြစ်နေကြခြင်း ဖြစ်၏။

အရင်းစစ်သော် သစ္စာတရားက အစွမ်းမထက်ခြင်းမဟုတ်၊ မိမိတို့၏ အကျင့်တရားများက အစွမ်းထက်အောင် မထောက်ပံ့နိုင်ခြင်းသာ ဖြစ်၏။ အကယ်၍သာ အကျင့်တရားကို ကောင်းအောင်နေထိုင်ကြမည်ဆိုလျှင် အကျင့်ကောင်းသဖြင့် ကတိလည်းကောင်းမည်ဖြစ်ပြီး သစ္စာလည်းကောင်းနေမည်ဖြစ်ကာ ကတိသစ္စာ ကောင်းလာလျှင် ထိုအကောင်းများ၏ အကျိုးသက်ရောက်မှုသည်လည်း သြဇာကောင်းများအဖြစ် အပြောင်းအလဲဖြစ်ကာ သက်ရှိသက်မဲ့များအထိ သက်ရောက်မှုဖြစ်စေလျက် အကျိုးကောင်းများကို ဖြစ်လာစေမည်မှာ မလွဲဧကန်ပင် ဖြစ်ပါ၏။

ဆိုလိုသည်မှာ ယနေ့ခေတ်တွင် လူအတော်များများသည် ကိုယ်ကျင့်သိက္ခာအပိုင်းတွင် တဖြည်းဖြည်း ဆုတ်ယုတ်လာနေသည်နှင့်အမျှ ကတိမတည်ခြင်း၊ သစ္စာမရှိခြင်းများသည်လည်း ပိုမိုများပြားလာကာ ထိုကတိသစ္စာ ဖောက်ဖျက်မှုများကို အကြောင်းပြု၍ သက်ရှိသက်မဲ့များ၏ အစွမ်းသတ္တိများသည်လည်း တဖြည်းဖြည်း ဆုတ်ယုတ်လာနေကြခြင်း ဖြစ်သဖြင့် ထိုအချက်ကို သတိပြုဆင်ခြင်ကာ လောကသားများ အနေဖြင့် မိမိတို့၏ သန္တာန်တွင် ကတိသစ္စာတည်တံ့စေလျက် သက်ရှိသက်မဲ့များအထိ သြဇာသက်ရောက်မှု ဖြစ်စေကာ အကျိုးသက်ရောက်မှုကောင်းများ ရရှိနိုင်ကြစေရန် မိမိတို့၏ အကျင့်သိက္ခာကိုသာ ကောင်းမွန်အောင် စောင့်ထိန်းကြရမှာဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် လောကဘုံသား လူအများအနေဖြင့် အပျက်တရားများ များများလာသည့် ယနေ့ခေတ်တွင် မည်သူ တရားပျက်ပျက် မိမိတို့မပျက်အောင်၊ မည်သူ ကတိသစ္စာပျက်ပျက် မိမိတို့မပျက်အောင် ကတိသစ္စာတည်တံ့ခြင်း၏ အခြေခံအကြောင်းဖြစ်သည့် အကျင့်သိက္ခာပိုင်းကိုသာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်ရင်း မိမိတို့ကိုယ်တိုင်သာ သဒ္ဓါ၊ သီလ၊ သတိ၊ ပညာ၊ ဝိရီယတရားများဖြင့် မိမိတို့၏အစွမ်းကို ထုတ်နိုင်အောင် လေ့ကျင့်ကြဖို့ သတိပေးတိုက်တွန်းလိုက်ရပါသည်။

Read more »

သဿတပိုင်ရှင် (သို့) ဗကဗြဟ္မာ

မြတ်စွာဘုရားရှင်၏ ထူးခြားသည့် အောင်မြင်ခြင်းများတွင် ဗကဗြဟ္မာကြီးအား အောင်မြင်ခဲ့သည့် အောင်ခြင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်၏။ အောင်မြင်ခြင်းဟု ဆိုသည်ထက် အယူမှားကို ချေဖျက်ပေးခဲ့ခြင်းဟု ဆိုက ပို၍သင့်လျော်မည် ဖြစ်၏။ မြတ်စွာဘုရားရှင်သည် အယူလွဲနေသည် ဗကဗြဟ္မာကြီးကို မှန်ကန်သည့် အယူဝါဒဖြင့် တည့်မှတ်ပေးခဲ့ခြင်းသာ ဖြစ်၏။ ဗကဗြဟ္မာကြီး ဆွဲကိုင်ထားသည့် အယူဝါဒမှာ သဿတဝါဒ ဖြစ်၏။ သဿတဝါဒဟူသည် “အရာအားလုံးသည် ဖောက်ပြန်ပျက်စီးခြင်း မရှိ၊ အမြဲတည်တံ့နေသည်”ဟု ယူဆသည့် ဝါဒမျိုးဖြစ်၏။ ဗကဗြဟ္မာကြီး ယူဆမည်ဆိုလျှင်လည်း ယူဆချင်စရာပင်။ ဗြဟ္မာကြီး၏ သက်တမ်းသည် အလွန်ရှည်လွန်းလှ၏။ နှစ်ကာလရှည်ကြာစွာ မြင်နေရသည့်အာရုံများ၊ ကျင်လည်နေရသည့် အရာများသည် တသတ်မတ်တည်းဖြစ်ကာ မပြောင်းလဲသည့် သဘောကဲ့သို့ ဖြစ်နေသဖြင့်လည်း အရာအားလုံးသည် အမြဲတည်နေသည်ဟု ထင်မှတ်နေခြင်း ဖြစ်ပေ၏။ ဗကဗြဟ္မာကြီးသည် ဗြဟ္မာ့ဘုံ အဆင့်ဆင့်တွင် ဖြစ်ခဲ့သော်လည်း နှစ်ပရိစ္ဆေဒ ကြာညောင်းလှသဖြင့် စုတေရသည့် နာမ်ရုပ်အစဉ်ကိုလည်း မမှတ်မိ၊ ပဋိသန္ဓေလည်း မထင်ဖြစ်ကာ ပကတိဖြစ်မြဲတိုင်းသော ကိုယ်အထည်ဒြပ် ရှိနေသည်ဟု ထင်မှတ်မိနေခြင်း ဖြစ်၏။

ဗကဗြဟ္မာကြီးသည် ဗြဟ္မာဇာတ်သည် မြတ်သောမြဲသော နိစ္စဓူဝဖြစ်သော ချမ်းသာဖြစ်ပြီး ထိုထက်သာလွန်သည့် နိဗ္ဗာန်ချမ်းသာဟူသည် မရှိ၊ မိမိပိုင်ဆိုင်ထားသည့် ဗြဟ္မာ့ကိုယ်သည်လည်း အိုခြင်းနာခြင်း သေခြင်းစသည့် ဆင်းရဲမရှိဘဲ အတိသုခဖြစ်သည့် ချမ်းသာသာ ဖြစ်သည် စသည်ဖြင့် အယူသည်းနေသူဖြစ်၏။ သူသာလျှင်မဟုတ် သူ၏မိတ်ဆွေ အပေါင်းအသင်းဖြစ်သည့် ဗြဟ္မာပေါင်း (၇၀)တို့သည်လည်း ဤနည်းအတူပင် အရာအားလုံးသည် မြဲသည်ဟု ယူဆနေသည့် သဿတပိုင်ရှင်များပင် ဖြစ်နေပေ၏။ ထို့ကြောင့် အကြောင်းလည်းစုံ၊ ကျွတ်ချိန်လည်းကြုံသည့် အခါတွင် မြတ်စွာဘုရားရှင်သည် ဗကဗြဟ္မာနှင့်တကွ သဿတပိုင်ရှင်များ၏ အယူမှားကို ချေဖျက်ပေးရန် ဗြဟ္မာ့ပြည်သို့ ကြွရောက်တော်မူပြီး အမှန်တရားကို ဟောကြားပေးတော်မူခဲ့ခြင်း ဖြစ်၏။

ဘုရားရှင် ကြွတော်မူလာသည်ကို မြင်မြင်ချင်း ဗကဗြဟ္မာကြီးက ဝမ်းသာအားရဖြင့် “အို အရှင်ဂေါတမ ကောင်းသောလာခြင်းပါပဲ၊ ခဏခဏ မလာဘဲ ဘာကြောင့် အခုလို အကြာကြီးနေမှ ကြွတော်မူလာရပါသလဲ ဘုရား၊ တကယ်တော့ မြတ်စွာဘုရား အနေနဲ့လည်း မပျက်စီးဘဲ အမြဲတည်တံ့နေတဲ့ ဒီဗြဟ္မာဘုံကိုရောက်အောင် လုပ်သင့်ပါတယ်၊ တကယ့်နိဗ္ဗာန်ဘုံဆိုတာ တစ်ခြားမဟုတ်ဘူး၊ ဒီဗြဟ္မာ့ဘုံကိုပဲ ပြောတာဖြစ်ပါတယ် ဘုရား”ဟု လျှောက်ထားရင်း မိမိကိုယ်နှင့် မိမိဘုံဌာန၏ မြဲမြန်စွာတည်နေခြင်း သဘောကို ညွှန်းဆိုနေပေတော့၏။

ထိုအခါ မြတ်စွာဘုရားရှင်က “အို ဗကဗြဟ္မာ သင့်အဖြစ်ကလည်း သနားစရာ ကောင်းပေစွ၊ မသိမှု အဝိဇ္ဇာက အားကြီးနေပေစွ၊ သင့်အဖြစ်က မြှုံးတွင်းမှာရှိနေတဲ့ ငှက်က အပြင်မှာလွတ်ထွက်နေတဲ့ သတ္တဝါတွေကို ချမ်းသာချင်ရင် ဒီမြှုံးထဲကို လာခဲ့ကြလို့ ဆိုနေသလို ဖြစ်နေပါတကား၊ သင့်အဖြစ်က ကိုယ်ဖြစ်မယ့်ဘေးကို မမြင်ဘဲ မမြဲတာကို မြဲတယ်၊ မချမ်းသာတာကို ချမ်းသာတယ်လို့ ထင်နေပြီး ဝဋ်ကင်းပြတ်ရာ နိဗ္ဗာန်ဟာ အမှန်ရှိနေပါရဲ့နဲ့ ဗြဟ္မာ့ပြည်ကိုမှ နိဗ္ဗာန်လို့ ထင်နေပါတကား၊ သနားစဖွယ်အဖြစ်ပါလား” စသည်ဖြင့် ပြန်လည် မိန့်ကြားတော်မူလိုက်၏။

ဗကဗြဟ္မာကြီးသည် မိမိနှင့်အယူဝါဒတူ အခြားဗြဟ္မာများရှေ့တွင် ထိုသို့အပြောခံလိုက်ရသဖြင့် အလွန်ရှက်သွားပြီး “အို အရှင်ဂေါတမ အရာအားလုံးဟာ မြဲတယ်လို့ ယူထားတဲ့ ကျွန်ုပ်တို့ ဗြဟ္မာတွေဟာ အရှင်ဂေါတမရဲ့ မမြဲခြင်း အနတ္တဝါဒကို ဘယ်လိုမှ လက်မခံနိုင်တဲ့အပြင် ကျွန်ုပ်တို့ ဟောဒီဗြဟ္မာဘုံကသာ တကယ့်ထာဝရတည်တံ့နေတဲ့ နိဗ္ဗာန်အစစ် ဖြစ်ပါတယ်” ဟု ဆက်လက်လျှောက်ထားပြန်၏။

မြတ်စွာဘုရားရှင်က “အချင်း ဗကဗြဟ္မာ သင့်အနေနဲ့ ဒီဗြဟ္မာဘုံမှာ ထာဝရတည်တံ့နေတယ်လို့ ဘယ်လိုပဲ ထင်ထင် ဒီဗြဟ္မာဘုံမှာ သင့်အနေနဲ့ ကြာကြာနေရမှ နောက်ထပ် အန္တရကပ် (၁၃၆၃၄၅)ကပ်လောက်ပဲဖြစ်ပြီး၊ သင်ဟာ ဇာတိဇရာမရဏကိုလည်း မလွန်ဆန်နိုင်သေးဘဲ သေချာပေါက် သေရဦးမှာဖြစ်တယ်၊ သင့်အနေနဲ့ အသိပညာနဲ့ သတိပြု ဆင်ခြင်ဖို့ လိုပါတယ်” စသည်ဖြင့် မိန့်ကြားတော်မူလိုက်၏။

ဗကဗြဟ္မာကြီးသည် ဘုရားရှင်က သူ့အား ထိုသို့မိန့်တော်မူသဖြင့် အလွန်ဒေါသထွက်သွားပြီး “အို လူသားဘုရား အရှင်ဂေါတမ ကျွန်ုပ်ကဲ့သို့သောသူကို ထာဝရမတည် သေရမည်လို့ ဆိုနေပေမယ့် ဒီစကားကို ကျွန်ုပ်လက်မခံနိုင်ပါဘူး၊ တကယ်လို့ အရှင်ဂေါတမဆိုတဲ့အတိုင်း အမှန်ဖြစ်တယ်ဆိုရင် ကျွန်ုပ်ကို သက်သေပြပါ၊ ကျွန်ုပ်သည် အတိတ်ဘဝက ဘာဖြစ်ခဲ့ပြီး၊ ဘာတွေလုပ်ခဲ့တယ်၊ ဘယ်လိုအလုပ်တွေကြောင့် ကျွန်ုပ်ဒီလိုဘုံဘဝမှာ ဖြစ်ခဲ့တယ်ဆိုတာ သက်သေပြပါ၊ အဲဒီလို ပြောနိုင်မယ်ဆိုရင်တော့ ကျွန်ုပ်အနေနဲ့ အရှင်ဂေါတမဟာ ကျွန်ုပ်ထက်သာလွန်သူအဖြစ် လက်ခံပြီး သင့်ထံမှာကျွန်ုပ် ဒူးထောက်အရှုံးပေးကာ အရှင်ဂေါတမကို ဆည်းကပ်ကိုးကွယ်ပါမယ်၊ ကျွန်ုပ်အတိတ်ကိုသာ ပြောပြပါ”ဟု တောင်းဆိုလိုက်၏။

မြတ်စွာဘုရားရှင်က “ဗကဗြဟ္မာ အမှန်အားဖြင့် ငါသည် သင်၏လားရာကို လည်းကောင်း၊ သင်၏ဆိုက်ရောက်ရာကို လည်းကောင်း၊ သင်၏ တန်ခိုးစွမ်းပကားကိုလည်းကောင်း၊ ဗကဗြဟ္မာသည် မည်သည့်ဘဝမှလာပြီး မည်သည့်ဘဝသို့ သွားမည်၊ မည်မျှတန်ခိုးရှိသည်ကို အားလုံးသိ၏၊ သင်သည် လွန်လေပြီးသော အတိတ်ဘဝတစ်ခုက ဗာရာဏသီပြည်၌ ကေသဝအမည်ရှိသည့် ပုဏ္ဏားတစ်ဦး ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် တောထွက်ကာ ရသေ့ပြုလျက် တရားအားလုပ် အားထုတ်ခဲ့သူဖြစ်ကြောင်း၊ ထိုကေသဝ ရသေ့ဘဝတွင် တစ်ခါက သဲကန္တာရသို့ ရောက်လာသည့် လှည်းကုန်သည်ငါးရာတို့အား အစာရေစာပေးကာ အသက်ကို ကယ်တင်ဖူးခဲ့ကြောင်း၊ တစ်ခါတွင်လည်း သူခိုးဓားပြများကြောင့် ဒုက္ခရောက်နေခဲ့သည့် ကျေးရွာတစ်ခုရှိ ကလေးသူငယ်များနှင့် ဒုက္ခသည်များအား ထိုသူခိုးဓားပြများလက်မှလွတ်စေလျက် အသက်ကို ကယ်တင်ပေးခဲ့ဖူးကြောင်း၊ တစ်ခါတွင်လည်း ဆင်ဖမ်းသမား ငါးရာတို့ကို ဖမ်းဆီးသတ်ဖြတ်မည့် နဂါးမင်း၏ လက်မှအသက်ကိုလုကာ ထိုဆင်ဖမ်းသမားများအား ကယ်တင်ပေးခဲ့ဖူးကြောင်း၊ ဗကဗြဟ္မာ သင်သည် ကေသဝရသေ့ ဘဝဖြစ်စဉ်က ငါဘုရားသည်လည်း သင်၏တပည့် ကပ္ပရရသေ့ အနေဖြင့် အတူတရားကျင့်ခဲစဉ် တပည့်ဖြစ်တဲ့ ကပ္ပရ ရသေ့ကို ကူညီစောင့်ရှောက်မှု၊ ငဲ့ကွက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ စင်စစ် သင်သည် လူ့ဘဝရစဉ် ကေသရ ရသေ့အဖြစ်ဖြင့် အသက်ကယ်ခဲ့သည့် ကောင်းမှုအမျိုးမျိုးကို ပြုလုပ်ခဲ့မှုကြောင့် ယခုကဲ့သို့ ဗြဟ္မာပြည်တွင် အသက်ရှည်ရှည် နေခဲ့ရခြင်း ဖြစ်ကြောင်း” စသည်ဖြင့် ဗကဗြဟ္မာကြီး၏ အတိတ်ကို ပြန်လည်ဟောကြားပေတော်မူ၏။

ထို့အပြင် မြတ်စွာဘုရားရှင်က ဆက်လက်၍ “ဗကဗြဟ္မာ ဤအတိတ်အကြောင်းတွင်မဟုတ်၊ ငါဘုရားသည် သင်မသိနိုင်သည့် သင်၏ အတိတ်ဗြဟ္မာ ဘဝများကိုလည်း သိကြောင်း၊ သင်သည် ယခု ဗကဗြဟ္မာအဖြစ်ဖြင့် ဤဘုံသို့ မရောက်မီက အာဘဿရာ အမည်ရှိသည့် ဗြဟ္မာဘုံတွင် ဖြစ်ခဲ့သေးကြောင်း၊ ထိုဘုံမှစုတေပြီး ယခုဘုံသို့ သင်ရောက်လာခြင်းဖြစ်ကြောင်း၊ သင်သည်ကား ယခုလက်ရှိဘုံဘဝတွင် အချိန်ကြာမြင့်စွာ နေရသဖြင့် သင်၏ဘဝအစစ်ကို မေ့လျော့နေခြင်း ဖြစ်ကြောင်း၊ ငါဘုရားသည် သင်မသိသည့်အရာ အားလုံးကို သိနေ၏၊ ထို့ကြောင်းသင်သည် ငါနှင့်တုပြိုင်၍ မည်သို့မျှ မတတတ်နိုင်သည်သာ ဖြစ်ကြောင်း” စသည်ဖြင့် မိန့်တော်မူလိုက်၏။

သို့သော် ဗကဗြဟ္မာသည် အလွယ်တကူ လက်မခံသေးဘဲ “ အရှင်ဂေါတမ ရှိပါစေ၊ ယခုကျွန်ုပ်သည် အရှင်ဂေါတမ မမြင်ရအောင် ချက်ချင်းကွယ်ပျောက်ပြပါမည်၊ အရှင်ဂေါတမ စောင့်ကြည့်ပါ၊ ကျွန်ုပ်သည့် သင့်ထက်တန်ခိုးအရာ၊ စွမ်းပကားအရာ သာလွန်သည်ကို ပြပါမည် စောင့်ကြည့်ပါ”ဟု ဆိုကာ မိမိကိုယ်ကို ကွယ်ပျောက်ရန် အားထုတ်ပြသော်လည်း မရဘဲ ဖြစ်နေလေ၏။

ထိုအခါ မြတ်စွာဘုရားရှင်က “ဗကဗြဟ္မာ သင်မည်သို့ပင် ကွယ်ပျောက်အောင် အားထုတ်သော်လည်း ငါဘုရားမျက်စိအောက်က ပျောက်သွားအောင် မလုပ်နိုင်ပေ၊ ငါဘုရားသည် သင်မည်သည့်နေရာ၊ မည်သို့သော အနေအထား ရှိပါစေ၊ မြင်နိုင်၏၊ စင်စစ် သင်သည်ကား ငါဘုရားကို မမြင်နိုင်အောင် ငါဘုရားသည် လက်တွေ့ကွယ်ပျောက်အောင် လုပ်နိုင်၏” စသည်ဖြင့် မိန့်တော်မူကာ မြတ်စွာဘုရားရှင်သည် ကိုယ်တော်မြတ်၏ အသံကိုသာ ကြားစေပြီး ရုပ်ကိုမမြင်နိုင်အောင် ဖန်ဆင်းပြတော်မူလိုက်၏။

ထိုအခါမှသာ ဗကဗြဟ္မာကြီးလည်း လက်တွေ့သဘောပေါက် လက်ခံလာပြီး မြတ်စွာဘုရားရှင်အား “အရှင်ဂေါတမ အရှင်ဘုရား၏ တန်ခိုးစွမ်းပကားကား ကြီးမားလှပေစွ၊ ကျွန်ုပ်တို့ ဗြဟ္မာများထက် အဆအရာအထောင်မက သာလွန်လှပါ၏၊ အရှင်ဂေါတမသည် ကျွန်ုပ်တို့ ဗြဟ္မာများ၏ ဘဝအသီးသီးနှင့် ရှေ့နောက်အဖြစ်အပျက်များ၊ လွဲမှားနေသည့် အယူဝါဒများကိုလည်း ထုတ်ဖော်ဟောကြားတော် မူနိုင်ပါ၏၊ ကျွန်ုပ်တို့ အရှုံးပေးပါပြီ၊ ယခုအချိန်မှစ၍ ကျွန်ုပ်တို့၏ အယူလွဲကိုပယ်ကာ မြတ်စွာဘုရား ဟောတော်မူသည့်အတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးကာ ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ပါတော့မည် ဘုရား” ဟု လျှောက်ထားလိုက်လေတော့၏။ (မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၊ ဗြဟ္မနိပန္တိယသုတ်)

ဤကား အရာရာကို မြဲသည်ဟု ထင်မှတ်နေသည့် သဿတပိုင်ရှင် ဗကဗြဟ္မာကြီးအား ချေချွတ်တော်မူခဲ့သည့် မြတ်ဗုဒ္ဓနှင့် ဗကဗြဟ္မာအကြောင်း တစ်စေ့တစ်စောင်းပင် ဖြစ်ပါ၏။ ဤ၌ အဓိကပေးလိုသည့် အသိမှာ သဿတအယူဝါဒနှင့် စပ်လျဉ်းသည့် အချက်ပင် ဖြစ်၏။ သဿတဝါဒသည် ယနေ့ခေတ်တွင်လည်း လက်ခံလိုက်နာ ကျင့်သုံးနေသူများ အများအပြား ရှိနေပေ၏။ မမြဲခြင်းတရားကို မြဲသည်ဟုထင်ကာ အယူလွဲနေသူများ အလွန်များပြားလှ၏။ တိုတောင်းလှသည့် အခိုက်အတန့်နှင့် တဒင်္ဂရှိသည့် ခဏအရှိများတွင် မြဲသည်ဟု ထင်နေကြသူများလည်း ပေါများလှ၏။ စင်စစ် ယနေ့လိုသက်တမ်းမျိုး မဆိုထားနှင့် မရေမတွက်နိုင်အောင် များပြားလှသည့် သက်တမ်းရှိသည့် ဗြဟ္မာများသည်လည်း နောက်ဆုံးတွင် ပျက်ဆီးကြရမည်သာ ဖြစ်သည်ကို သတိပြုမိပါက သိနိုင်ကြမည် ဖြစ်၏။

ထို့ကြောင့် ယနေ့ခေတ် သဿတပိုင်ရှင်များ အနေဖြင့်လည်း သဿတပိုင်ရှင် ဗကဗြဟ္မာကြီးကဲ့သို့သော အယူလွဲသူများပင် နောက်ဆုံးတွင် မှန်ကန်သည့်လမ်းကို ရွေးချယ်သွားကြသည်ကို သတိပြုဆင်ပြီး မိမိတို့ ထင်မြင်ယူဆနေသကဲ့သို့ အရာရာမြဲသည်ဟူသည့် အယူအဆများသည် အမှန်အားဖြင့် မမြဲသည့် အနိစ္စသဘောများသာ ဖြစ်ကြောင်း၊ အရာအားလုံးသည် ပျက်ဆီးခြင်းလျင် အဆုံးရှိကြောင်း ကောင်းစွာ သဘောပေါက်ကာ ယခုလက်ရှိအချိန်တွင်သာ အကောင်းဆုံးဖြစ်သည့် အလုပ်များကို ပြုလုပ်ရင်း မှန်ကန်သည့် အယူဝါဒအတိုင်း လျောက်လှမ်းနိုင်အောင် ကြိုးစားကြရမှာဖြစ်ကြောင်း အသိပေးတိုက်တွန်း လိုက်ရပါသည်။

Read more »

ဘယ်မှာငါဟု ရှိအံ့နည်း

“လောကဇာတ်ခုံ၊ ဤလူ့ဘုံ၌
မျိုးစုံကကြ ၊ မာန်မာနနှင့်
ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု
ငါသွေးတက်ကြွ ၊ လူ့ဗာလတို့
များလှဖြာဖြာ ၊ အဝိဇ္ဇာနှင့်
တဏှာဘီလူး ၊ အမှောင့်ပူး၍
ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျက်
မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ
မိုးအောက်တလွှား ၊ရွှေကိုယ်လားဟု
ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း
ဇာတ်ပွဲပြီးက ၊ ပြေဖုံးချသော်

သုဘရာဇာ ၊ မြေအောက်မှာပင်
ဘာသာလူမျိုး ၊ ချိန်မထိုးပဲ
ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည်
ဘယ်မှာ ငါဟု ရှိအံ့နည်း။”
(လယ်တီဆရာတော်ကြီး)

ယခုတစ်လော ငါသမားများဖြင့်သာ အတွေ့များနေ၏။ “ငါကအကြီး၊ ငါ့ကို ဒီလိုမဆက်ဆံသင့်ဘူး၊ ငါက ဘုရားသားတော် တစ်ပါးပဲ ဒီလိုမျိုးတော့ မပြောသင့်ဘူး” စသည်ဖြင့် ပြောဆိုလာကြသည့် ရဟန်းတော်အချို့၊ “တပည့်တော်က အဖေပဲ တပည့်တော်စကားကို နားထောင်ရမှာပေါ့၊ တပည့်တော် ဘာပဲဖြစ်ဖြစ် အဖေက အဖေပဲ အဖေ့အပေါ် ဒီလိုသဘောမထားဖို့ အဲဒါ အရှင်ဘုရား တပည့်ကို ဆုံးမပေးပါဦး” စသည်ဖြင့် လျှောက်ထားလာကြသည့် အဖေအချို့၊ “အရှင်ဘုရား စဉ်းစားကြည့်ဘုရား သူ့အတွက်ဆိုရင် တပည့်တော်မှာ ကိုယ့်ဂုဏ်သိက္ခာတောင် မထောက်ဘဲ လိုအပ်သလို ကူညီပေးခဲ့တာ၊ အဲဒါကို သူကတပည့်တော်ကို ဒီလိုဆက်ဆံတော့ တပည့်တော်လည်း ကိုယ့်မာနနဲ့ကိုယ်ဘုရား၊ နဂါးမှန်းသိအောင်တော့ အမောက်ထောင်ပြရမှာပဲ” စသည်ဖြင့် ရင်ဖွင့်လာသည့် ဂုဏ်သရေရှိ လူပုဂ္ဂိုလ်အချို့၊ “အရှင်ဘုရားရယ် သူသိတာလောက်တော့ ပြင်းတောင်ပြင်းသေးတယ်၊ တပည့်တော်က တမင်မသိချင်ယောင် ဆောင်နေတာ၊ အမှန်တော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အရှင်ဘုရားတို့တောင် တပည့်တော်လောက် သိမှာမဟုတ်ဘူးဘုရား” စသည်ဖြင့် သူသိကြောင်း၊ တတ်ကြောင်း၊ တော်ကြောင်း ပြောလာသူအချို့။ ဤသို့စသည့် ငါသိငါတတ်သမားများဖြင့် အတွေ့များလာ၊ အပြောများလာသဖြင့် စာရေးသူသည်လည်း ငါစွဲလေးများဖြင့် ငါသိသမျှ ပြောဖြစ်လာပြန်၏။ ငါဟူသည်မှာ မရှိပါဟု ဆိုလာသော်လည်း ငါငါအစွဲများဖြင့် ငါသိငါတတ် ဖြစ်နေရပြန်၏။ ကြောက်မက်ဖွယ်ရာ ငါတွေပါတကား။

မှန်၏။ ငါဟူသည့် အတ္တအစွဲများသည် အလွန်ကြောက်ဖွယ် ကောင်းလှပေ၏။ သတ္တဝါများအား ဒုက္ခအပေးဆုံး၊ ဒုက္ခအဖြစ်စေဆုံး အရာမှာလည်း ထိုငါများပင် ဖြစ်၏။ “ငါသိငါတတ်၊ ငါတော်ငါကျော်၊ ငါဟုတ်ငါလုပ်၊ ငါကျွေးငါပေး” စသည်ဖြင့် နေရာတိုင်းတွင် ငါနှင့်ယှဉ်ကာ သူသူငါငါ တငါတည်း ငါနေတတ်ကြပေ၏။ တဒင်္ဂအခိုက်အတန့် အရှိတရားများကို အမြဲတည်တံ့နေသယောင် အထင်မှားအမြင်မှားများဖြင့် အစွဲလန်းကြီး စွဲလန်းနေတတ်ကြ၏။ ပညာတတ်သူကလည်း ပညာဟူသည့် တဒင်္ဂအရှိတရား၊ ရာထူးရှိသူကလည်း ရာထူးဟူသည့် အခိုက်အတန့် အရှိတရား၊ ဂုဏ်ရှိသူကလည်း ဂုဏ်ဟူသည့် ခဏတာ အရှိတရား၊ ယုတ်စွအဆုံး ဘာမှမရှိသည့် သူဆင်းရဲသား သက်ကြီးရွယ်အိုးများကပင် အရွယ်ကြီးသည်ဟူသည့် ဝယဂုဏ်များဖြင့် မရှိရှိသည့် အရာများတွင် ငါများဝင်နေမိတတ်ကြ၏။ နောက်ဆုံးတော့လည်း ထိုငါများသည် ထာဝရမသွားဘဲ အခိုက်အတန့် အငှါးများအဖြစ်ဖြင့်သာ ပျောက်ပျက်သွားခဲ့ကြခြင်းပင် ဖြစ်၏။

သို့သော် သတ္တဝါအများသည်ကား မသိမှု အဝိဇ္ဇာတရားများ အခြေခိုင်ထားသဖြင့် မရှိကို အရှိဟုထင်ကာ မမြဲသည်ကို မြဲသည်ဟု ထင်လျက် ငါမဟုတ်သည်ကို ငါဟု ထင်နေတတ်ကြပေ၏။ မသိမှုကို အခြေခံထားသည့် ထိုငါများသည် သတ္တဝါများအား သိသမျှနှင့် ရှိသမျှအပေါ်လောက်တွင်လည်း မာန်မာနဝင်စေတတ်၏။ ငါကိုအခြေခံ၍ မာနဝင်မိလျှင် ထိုမာနကပင် တစ်ဖန်ငါကိုခက်ထန်စေတတ်၏။ ခက်ထန်သည့် မာနဖြင့် ငါကြွလာလျင် အရာရာတွင် အထက်စီးမြင်၍ နှိမ့်ချမှုပျောက်ကာ နိဝါတဖြစ်သည့် မင်္ဂလာတရားလည်း မရှိဘဲ ဖြစ်တတ်ပေ၏။ နိဝါတမရှိလျှင် သိစရာဖြစ်သည့် အသိပင်လည်း မသိဘဲ ဖြစ်တတ်၏။ အသိမရှိလျှင် ကျင့်ဖွယ်လည်း မရှိဖြစ်ပြီး မကျင့်လျင်ကား မချင့်နိုင်ဖြစ်ကာ အဆင့်ပါ ယိုင်နေကြမည်သာ ဖြစ်၏။ အရင်းစစ်သော် မသိမှုကို အခြေခံသည့် ငါစွဲများသည် သတ္တဝါများအား အရာရာတွင် လွဲယိုင်သွားကာ လုပ်သမျှ အမှားများဖြင့် အဆုံးတွင် အပုတ်ကောင်သာထားပြီး သွားကြရသည်ဟူသည့် ကောက်ချက်ကိုသာ တွေ့ရပေ၏။

ငါဟူသည့် အတ္တမရှိ၊ အရာရာသည် အနတ္တသာ ဖြစ်သည်ဟူသည့် ဗုဒ္ဓဘုရား၏ အနတ္တဝါဒ ပေါ်ထွန်းလာပြီးသည့် နောက်တွင်လည်း သတ္တဝါများ၏ အတွင်းသန္တာန်ဝယ် ဘဝါဘဝ သံသရာအစကစ၍ ကိန်းဝပ်နေခဲ့ကြသည့် ငါဟူသည့် အတ္တများက အစွမ်းကုန် လွှမ်းမိုးထားနေကြသဖြင့် ငါများက မပျောက်ကြဘဲ ရှိနေကြပေ၏။ အတ္တဝါဒကို တိုက်ဖြတ်နိုင်ရန် ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင်ပင် အနတ္တဟူသော အမည်ဖြင့် သုတ်ဒေသနာတစ်ပုဒ် ဟောထုတ်ပေးခဲ့သော်လည်း အတ္တဟူသည့် အရှုတ်ကား ရှိမြဲရှိနေကြပေ၏။

မြတ်စွာဘုရားရှင်၏ ဒေသနာအချုပ်ကို ကောက်ချက်ထုတ်ကြည့်သော် “ငါဟူသည်မရှိ၊ ငါပိုင်ဆိုင်သည်ဟူသည် မရှိ၊ ငါ့ကိုယ်ဟူသည် မရှိ၊ လောကရှိ သတ္တဝါမှန်သမျှ နာမ်နှင့်ရုပ်သာရှိ၏၊ ထိုနာမ်ရုပ်ကို အမှီပြုကာ စွဲလန်းစေတတ်သည့် ခန္ဓာအစုကြောင့်သာ သတ္တဝါများသည် ငါ၊ င့ါဥစ္စာဟု ဆိုနေကြခြင်း ဖြစ်၏၊ အကယ်၍ ထိုခန္ဓာအစုကို ငါ့ဟုဆိုပါက ထိုငါသည် ငါ့သဘောအတိုင်း၊ ငါ့အလိုအတိုင်း ဖြစ်စေနိုင်ရာ၏၊ သို့သော် ထိုသို့မဖြစ်ဘဲ သူ့သဘော သူဆောင်နေသည်သာ ဖြစ်၏။ စွဲလန်းတတ်သည့် ရုပ်အစုသည် ငါဟုဆိုပါက ထိုရုပ်အစုကို မနာကျင်အောင်၊ ငါ့သဘောအတိုင်းဖြစ်အောင် ပြုလုပ်နိုင်ရာ၏၊ သို့သော်ထိုသို့ကား မဖြစ်လာပေ၊ ထို့အတူ ခံစားခြင်း ဝေဒနာအစု၊ မှတ်သားခြင်း သညာအစု စသည်များသည်လည်း ငါခံစားသည်၊ ငါမှတ်သားသည်ဟု ဆိုပါက ငါ့သဘောအတိုင်း စီမံနိုင်ရာ၏။ သို့သော် ငါစီမံသည့်အတိုင်းကား ဖြစ်မလာခဲ့ပေ။ ဤသည်မှာ ငါ့သဘောမဆောင်ဘဲ သူ့သဘောသူဆောင်နေသည့် အချက်ပင် ဖြစ်၏” စသည်ဖြင့် ဘုရားရှင်ကိုယ်တော်တိုင် ထုတ်ဖော်ခဲ့သည့် အနတ္တ၏ အမှန်သဘောကို သိရှိနိုင်ကြမည်သာ ဖြစ်၏။

ထိုသို့ ဘုရားဟော ဒေသနာများ အထင်အရှား ရှိနေသော်လည်း သတ္တဝါများအနေဖြင့်ကား သတိပညာ မယှဉ်မိပါက ရှိသမျှ အရာလေးများအပေါ် ငါဟုထင်နေမိတတ်ကြ၏။ အသိနောက်ကို အကျင့်မရောက်လျှင် ရာထူးရှိသူကလည်း ရာထူးအလျောက်၊ ပစ္စည်းရှိသူကလည်း ပစ္စည်းအလျောက်၊ ဂုဏ်ရှိသူကလည်း ဂုဏ်အလျောက်၊ ရုပ်ရည်အဆင်းရှိသူကလည်း ရုပ်ရည်အဆင်းအလျောက် စသည်ဖြင့် အခိုက်အတန့် ရှိသမျှအရာများကို အကြောင်းပြုကာ ငါဟူသည်များ ဖြစ်ပေါ်တတ်ကြ၏။ တဒင်္ဂအရှိကို အကြောင်းပြု၍ ငါဟူသည့် အတ္တများ အားကောင်းလာသည့်အခါ ထိုအတ္တကို အကြောင်းပြု၍ တစ်လွဲအယူအဆများလည်း တိုးပွားစေတတ်ပေ၏။ အယူအဆလွဲလျှင် အမှန်နည်းမည်ဖြစ်ပြီး အမှန်နည်းလာလျှင် အပြစ်လည်း များလာမည်ဖြစ်ကာ အပြစ်များခြင်းသည် အကုသိုလ် တိုးပွားခြင်းသာ ဖြစ်နေမည် ဖြစ်၏။ အရင်းစစ်သော် ငါဟူသည့် အတ္တကို အကြောင်းပြုကာ ဖြစ်ပေါ်လာသည့် သက်ရောက်မှုကား မကောင်းဘက်ကိုသာ ဦးတည်နေသည်ဟူသည့် အချက်ပင် ဖြစ်ပေတော့၏။

စင်စစ် လောကသားများအနေဖြင့် မသိမှု အဝိဇ္ဇာကြောင့် တဒင်္ဂ အရှိတရားအချို့ကို အကြောင်းပြု၍ ငါဟူသည့် အတ္တစွဲများ အားကြီးနေငြားသော်လည်း ထိုတဒင်္ဂ အရှိတရားများသည် အခိုက်အတန့်မျှသာ ဖြစ်နေပေ၏။ မည်သည့်အရာမျှ အမြဲတည်တံ့နေသည့် သဘောမရှိလှပေ။ စည်းစိမ်ဥစ္စာလည်း ခဏအခိုက်အတန့်သာ ဖြစ်ပြီး ထိုက်သူစံရမည့် သဘောဖြစ်သကဲ့သို့ ရာထူးဌာနန္တရများသည်လည်း နေ့မြင်ညပျောက် သဘောများ ရှိနေတတ်၏။ ယုတ်စွအဆုံး ဤရုပ်ခန္ဓာကြီးပင်လျှင် အကုသိုလ်ဝဋ်ကြီး၍ ပျက်ဆီးချိန်တန်လာသည့်အခါ အကောင်းမှအဆိုး၊ အလှမှမလှဖြစ်ကာ နောက်ဆုံးအသက်ပင်ဆုံးသည်အထိ ဖောက်ပြန်တတ်ပေ၏။ ပျက်စီးချိန်တန်သဖြင့် ပျက်စီးမှုနှင့် ကြုံလာပါက မိမိတို့အမှီပြုကာ စွဲလန်းခဲ့ကြသည့် အတ္တများသည်လည်း အနတ္တအဖြစ်သို့ ပြောင်လဲသွားကြရမည်သာ ဖြစ်၏။ မမြဲခြင်းတရားများဖြင့် ဖန်တီးထားသည့် ဘဝဟူသည် အမှန်အားဖြင့် ပြဇာတ်တစ်ခုမျှသာဖြစ်ကာ ပြဇာတ်ပြီး၍ ကန့်လန့်ကာ ချလိုက်သည့်အခါ အားလုံးပင် ပျောက်ပြက်သွားပြီး အချိန်တန် အိမ်ပြန်ကြရသည်သာ ဖြစ်၏။ ထို့ကြောင့် ပညာရှိများက ဘဝဟူသည် တဒင်္ဂသာဖြစ်ပြီး ရှိသမျှသည်လည်း အခိုက်အတန့်သာ ဖြစ်သဖြင့် လောကတွင် ငါငါ့ဥစ္စာဟူသည် တစ်စုံတစ်ခုမျှ မရှိကြောင်း ဆိုခြင်း ဖြစ်၏။

အချုပ်ဆိုသော် အများက တန်ဖိုးထား၊ အထင်ကြီးနေကြသည့် စည်းစိမ်ဥစ္စာ၊ ရာထူးဌာနန္တရနှင့် အတတ်ပညာ၊ ရုပ်ရည်အဆင်း စသည်များသည် အမြဲရှိသည့် အရှိတရားများ မဟုတ်ဘဲ အခိုက်အတန့်သာ ဖြစ်တည်နေကြသည့် တဒင်္ဂအရှိတရား ဖြစ်သဖြင့် လောကီဘုံသား လူအများအနေဖြင့် ထိုတဒင်္ဂအရှိတရားများကို အကြောင်းပြု၍ ငါဟူသည့် အတ္တစွဲများ အားမကြီးသင့်ကြောင်း၊ အစွဲကြီးလျှင် အလွဲကြီးတတ်သဖြင့် ထိုအစွဲတရားများကို အသိပညာအကျင့်တရားဖြင့် နည်းသထက်နည်းအောင် လေ့ကျင့်သင့်ကြောင်း၊ မိမိတို့က မြဲသည်ဟုထင်နေသည့် ထိုအရှိတရားများသည် အချိန်တန်လျှင် ထားသွားခွဲသွားရမည်ဖြစ်သဖြင့် ထိုအခွဲတရားနှင့် မမြဲတရားကို အကြောင်းပြု၍ ငါ၊ ငါ့ဥစ္စာဟူသည် အတ္တမာနများ မတိုးပွားအောင်သာ ကြိုးစားကြရမည် ဖြစ်ပါကြောင်း စသည်ဖြင့် ဆိုလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် လောကဇာတ်ခုံ ဤလူ့ဘုံကြီးတွင် ငါငါဟူ၍ ငါစွဲများဖြင့် အခိုက်အတန့် အရာများတွင် အမြဲထင်ကာ မာနဝင်နေတတ်ကြသည့် လောကီဘုံသားများ အနေဖြင့် ဘုရားရှင်နှင့် ပညာရှိများ ဆုံးမတော်မူသကဲ့သို့ လောကတွင် အမြဲတည်နေသည့် အတ္တဟူသည်မရှိ၊ အချိန်တန်လျှင် ဖောက်ပြန်ပျက်စီးသွားမည့် အနတ္တမျှသာ ဖြစ်သည်ဟူသည့် လောကအမှန်တရားကို သတိပြုဆင်ခြင်ကာ ရှိသမျှအပေါ် အသိချော်ပြီး ငါသိငါတတ်ငါရှိငါပိုင်ဟု ထင်နေတတ်သည့် အထင်မှားကို သတိပြုဆင်ခြင်ကာ လက်ရှိဘဝမှာပင် ထိုငါများ တဖြည်းဖြည်းဖြင့် နည်းသွားအောင် အသိပညာ အကျင့်ပါအောင် ကြိုးစားရင်း အချိန်ရှိခိုက် လုံ့လစိုက်လိုက်ကြပါရန် အလေးအနက် အသိပေးတိုက်တွန်း လိုက်ရပါသည်။ အားလုံး ငါမှန်သမျှ ခဝါချနိုင်ကြပါစေ…

Read more »

ကံစီမံရာဟု ဆိုသော်လည်း

တစ်ခါက ဒကာတစ်ယောက်နှင့် ဟိုအကြောင်းဒီအကြောင်း ပြောဆိုကြရင်း အကောင်းများလုပ်နေရာက အဆိုးများ ကြုံတွေ့ကာ ဒုက္ခရောက်သွားသည့် သူတစ်ယောက် အကြောင်းကိုလည်း ပြောဆိုဖြစ်ခဲ့ကြ၏။ ထိုသို့ပြောဆိုရင်း သူက သူ့အဖေ ပြောခဲ့သည့် စကားလေးကို ကိုးကားပြီး အတည်ပြု ပြောဆိုသွား၏။ “တပည့်တော် အဖေပြောတဲ့ စကားလေးကို တပည့်တော် အမှတ်ရနေမိသေးတယ်၊ အဖေက လူတွေအနေနဲ့ ဘယ်အချိန်မှာ ဘာဖြစ်မယ်၊ ဘယ်အချိန်မှာ ဘယ်ရောက်မယ် ဆိုတာတွေဟာ မွေးလာကတည်းက ကံတရားက သတ်မှတ်ပေးလိုက်ပြီးသား၊ အဲဒီလို သတ်မှတ်ပေးထားပြီး ဖြစ်တဲ့အတွက် ဖြစ်ဖို့အချိန်ရောက်လာရင် ဘယ်သူမှမတားနိုင်ဘဲ ဖြစ်ကိုဖြစ်သွားကြတာလို့ တပည့်တော်ကို ပြောဖူးတယ်ဘုရား” ဟု အဖေ့စကား သာဓကထားပြီး သူက ပြောသွားခဲ့၏။ စာရေးသူက ထိုဒကာလေးစကားကို ပြန်လည်ဆွေးနွေးရင်း “အရာရာကို ကံကပြဋ္ဌာန်းပြီးသား၊ သတ်မှတ်ပြီးသား ဆိုပေမယ့် တစ်ခါတစ်ရံ အဲဒီကံကို သတ္တဝါတွေက ပြန်ပြီးသတ်မှတ် ပြဋ္ဌာန်းနိုင်တာတွေ ရှိတယ်” စသည်ဖြင့် နိဒါန်းချီကာ ကံတရား၏ ဆန်းကြယ်မှုအကြောင်းကို ဆက်စပ်ပြောဖြစ်ခဲ့၏။

မှန်၏။ ကံတရား၏ သဘောသည် အလွန်ဆန်းကြယ်လှ၏။ သဗ္ဗညုတ ဘုရားရှင်များမှတပါး အခြားသူများ အနေဖြင့် ကံတရား၏ အတိမ်အနက်ကို သာမန်ဉာဏ်အမြင်ဖြင့် ကြံစည်ရန်မှာလည်း မဖြစ်နိုင်သည့် သဘောရှိ၏။ ထို့ကြောင့် မြတ်ဗုဒ္ဓက မကြံစည်အပ် မကြံစည်နိုင်သည့် အရာများတွင် ကံတရား၏ နက်နဲမှုလည်း တစ်ခုအပါအဝင် ဖြစ်ကြောင်း မိန့်တော်မူခြင်း ဖြစ်နိုင်၏။ သို့သော် ကံကံ၏ အကျိုးအပြစ်ကို ယုံကြည်မှုနှင့် ကံတရားအပေါ် အချိန်ကုန်ခံကာ ကြံစည်နေမှုကား ပတ်သက်မှု မရှိလှပေ။ ဉာဏ်မမီနိုင်သဖြင့် အချိန်ကုန်ခံပြီး မတွေးမကြံသင့်ကြောင်းသာ ဆိုခြင်းဖြစ်၏။ သာမန်ပုဂ္ဂိုလ်များ အနေဖြင့်ကား ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ သဘောသည် ကောင်းလျှင်ကောင်းကျိုး ဖြစ်စေပြီး၊ ဆိုးလျှင်ဆိုးကျိုး ဖြစ်စေသည့် သဘောမျိုး ဖြစ်သည်ကိုသာ သိရှိစေလျက် မကောင်းမှုကိုရှောင်ပြီး ကောင်းမှုကို ဆောင်ထားနိုင်လျှင်ပင် ကံတရားနှင့်ပတ်သက်သည့် ယုံကြည်မှု ကမ္မဿကတာ သမ္မာဒိဋ္ဌိ ဖြစ်နေသဖြင့် ထိုမျှသိရှိလက်ခံထားရုံဖြင့် လုံလောက်နေသည့် သဘောရှိ၏။

သို့သော် ကမ္မဿကတာ သမ္မာဒိဋ္ဌိဟူသည် အရာရာကို ကံဟု ပုံချသည့် သဘောမျိုးကား မဟုတ်လှပေ။ ကံသာလျှင် မိမိ၏ ကိုယ်ပိုင်ဥစ္စာဖြစ်သည်ဟု ယုံကြည်လက်ခံကာ မိမိ၏အလုပ်များကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်နေထိုင်ခြင်းမျိုးသာ ဖြစ်၏။ မည်သည့်အလုပ်မျှ မလုပ်ဘဲ ကံကောင်းလျှင် ဖြစ်မည်၊ ကံပေးသမျှ နေမည်ဟူသည့် သဘောမျိုးကား မိမိ၏ ဉာဏ်နှင့် ဝိရိယကို အသုံးမချဘဲ ကံတရားအပေါ် ပုံချခြင်းမျိုးသာ ဖြစ်၏။ မိမိ၏အလုပ်ကို မိမိမလုပ်ဘဲ ကံ၏အလုပ်ကို အရေးလုပ်ကာ ပစ္စုပ္ပန်အစွမ်းများကို ဘေးထုတ်နေခြင်းမျိုးသာ ဖြစ်၏။ အစွမ်းအစဟူသည် အစပြုမှ အစွမ်းရခြင်းသဘောကို လစ်လျူရှုကာ အစမလုပ်ဘဲ အချိန်တန်လျင် ဖြစ်မည်ဟုသာ ကံတရားအပေါ် အတွေးချော်နေခြင်းမျိုးသာ ဖြစ်၏။

အမှန်အားဖြင့် အရာရာကို ကံစီမံသည်ဟုဆိုသော်လည်း ထိုကံတရားက မိမိကို စီမံခြင်းမဟုတ်ဘဲ မိမိကသာ ကံတရားကို စီမံနိုင်ခြင်း ဖြစ်၏။ ယခုဘဝအကျိုး သက်ရောက်မှုများသည် အတိတ်ဘဝများက မိမိပြုလုပ်ခဲ့သည့် ကံတရား၏ အကျိုးဆက်များဟု ဆိုသော်လည်း ထိုအကျိုးဆက်များသည် အတိတ်ဘဝများက မိမိကိုယ်တိုင် စီမံခဲ့သည့် တန်ပြန်မှု၏ တစ်စိပ်တစ်ဒေသမျှသာ ဖြစ်၏။ အတိတ်ဘဝက ကံအကျိုးဆက်များသည် ယခုဘဝတွင် မိမိအား အရာရာကို စီမံပေးနိုင်ခြင်း မရှိလှပေ။ အတိတ်အကုသိုလ် ဝဋ်ကျွေးကြီးသဖြင့် ယခုဘဝတွင် ပေးဆပ်ရသည့် တန်ပြန်သက်ရောက်မှုမျိုး ရှိနိုင်သော်လည်း ထိုအတိတ်ကံ အစီအမံများကို လက်ရှိဘဝတွင် မိမိ၏ လုပ်ဆောင်ချက်များဖြင့် ပြန်လည်အကာအကွယ် ပြုနိုင်သည်သာ ဖြစ်၏။ အတိတ်အတိတ်က မိမိလုပ်ခဲ့သည့် ကံတရား၏ အစီအမံများ ရှိကောင်းရှိနိုင်သော်လည်း ထိုကံအစီအမံများကို လက်ရှိဘဝတွင် မိမိကိုယ်တိုင်က အလုပ်လုပ်ခြင်းဖြင့် ပြန်လည်စီမံနိုင်သည်များလည်း ရှိနိုင်ပေ၏။ အရာရာကို ကံကစီမံခြင်းမျိုး မဟုတ်ဘဲ ထိုကံတရားကို မိမိက စီမံခြင်းမျိုးအဖြစ် ပြောင်းလဲပစ်နိုင်ကြသည်သာ ဖြစ်၏။

ဗုဒ္ဓဘာသာ၏ ကံတရားပိုင်းဆိုင်ရာ လမ်းညွှန်မှုများသည် လက်ရှိကာလတစ်ခု၊ လက်ရှိကံတရား တစ်ခုတည်းကိုသာ ညွှန်ပြခြင်း မဟုတ်လှပေ။ အတိတ်ကာလနှင့် ပစ္စုပ္ပန်ကာလ၊ အတိတ်ကံနှင့် ပစ္စုပ္ပန်ကံများအထိ ဆက်စပ်မှုကို ညွှန်းဆိုပေ၏။ ထိုကာလနှင့် ကံတရားကိုလည်း လက်ရှိအချိန်တွင် မိမိကိုယ်တိုင် လုပ်ဆောင်နေသည့် လုပ်ဆောင်ချက်များက ထောက်ပံ့ကာကွယ်မှုများ ပြုလုပ်ထားနိုင်ပေ၏။ လက်ရှိဘဝတွင် အတိတ်ကံအကြောင်း အထောက်အပံ့၏ သက်ရောက်မှုများ ရှိနေသော်လည်း မိမိကိုယ်တိုင် လက်တွေ့လုပ်ဆောင်နေသည့် ဉာဏ်နှင့်ယှဉ်သည့် အလုပ်များက လက်ရှိမိမိဘဝကို အဓိက ပံ့ပိုးပေးနေသည့် အချက်ကိုကား အထူးသတိပြုကြရမည် ဖြစ်၏။ စာစကားဖြင့် ပြောရလျှင် ဉာဏ်၊ ဝီရိတရားများ အဓိကထား လုပ်ဆောင်သွားလျှင် ကံတရား၏ အကျိုးတရားများလည်း တိုးပွားသွားနေမည့် သဘောမျိုးဖြစ်၏။ ဤသည်မှာ ကံတရား သက်သက်၏ စီမံမှုကြောင့် မဟုတ်ဘဲ ဉာဏ်၊ ဝီရိယများက အရင်းပြုထား၍သာ ဖြစ်၏။ ထို့ကြောင့် ပညာရှင်များက “ဉာဏ်၊ ဝိရိယ ရှိပါမှ၊ ကံကကူညီမည်”ဟု မိန့်ဆိုတော်မူကြခြင်း ဖြစ်၏။

စင်စစ် ကံ၊ ဉာဏ်၊ ဝိရိယဟူသော စကားသုံးလုံးသည် သတ္တဝါတစ်ဦး၏ဘဝ ကြီးပွားတိုးတက်ရေးအတွက် အထူးလက်ကိုင်ထားသင့်သည့် အောင်မြင်ရေးတရားများ ဖြစ်၏။ ထိုသုံးပါးတွင် ကံတရားသည်ကား အဓိကမဏ္ဍိုင် မဟုတ်ဘဲ ကြိုးစားအားထုတ်မှုနှင့် စဉ်းစားနှိုင်ချိန်နိုင်မှုကသာ အဓိဖြစ်၏။ ထိုတရားနှစ်ပါး လက်ကိုင်ထားကာ ကြိုးစားအားထုတ်သဖြင့် ဖြစ်ပေါ်လာသည့် အကျိုးသက်ရောက်မှု အပိုင်းတွင်သာ ကံတရား၏ အထောက်အပံ့များ ရှိလာနိုင်ခြင်း ဖြစ်၏။ ထိုအထောက်အပံ့သည် ပစ္စုပ္ပန်တွင် လုပ်ဆောင်ထားသည့် အလုပ်များ၏ အထောက်အပံ့များ ရှိနိုင်သကဲ့သို့ အတိတ်ကံတရားများ၏ အထောက်အပံ့များလည်း ရှိနေနိုင်၏။ ထို့ကြောင့် အချို့ချို့သော ပုဂ္ဂိုလ်များသည် ဉာဏ်နှင့်ယှဉ်ကာ ကြိုးစားအားထုတ်သော်လည်း အတိတ်ကံ အထောက်အပံ့ မကောင်းသည့်အခါ အကျိုးသက်ရောက်မှု ကောင်းများ ရောက်မလာဘဲ ဖြစ်နေကြသည့် သဘောရှိ၏။

သို့သော် အတိတ်ကံ အကြောင်းမကောင်းသဖြင့် အကောင်းများထင်သလောက် ရောက်မလာသော်လည်း ဝိရိယအကျိုးအနေဖြင့်ကား အထိုက်အလျောက် ခံစားနိုင်ကြသည်သာ ဖြစ်၏။ လက်တွေအားဖြင့် အတိတ်ကံ မကောင်းသဖြင့် တောင်းစားနေရသည့် ဆုတောင်းစားပင် ဖြစ်သော်လည်း ကြိုးစားပမ်းစား တောင်းစားနိုင်လျှင် တစ်ဝမ်းတစ်ခါးအတွက် ဖြေရှင်းနိုင်ကြသည့် သဘောမျိုးကို ကြုံဖူးကြမည် ဖြစ်၏။ ဤနေရာတွင် ဆုတောင်းစားအတွက် ကြိုးစားပမ်းစား တောင်းစားသဖြင့် တစ်ဝမ်းတစ်ခါးစာ ရရှိခြင်းသည် အတိတ်ကံ အကျိုးပေးကောင်းခြင်းကြောင့်ဟု ဆိုသည်ထက် ပစ္စုပ္ပန် အလုပ်၏ စီမံခြင်းကြောင့်ဟုဆိုက ပိုသင့်နိုင်ပေ၏။ ထိုသဘောသည် ကံက မိမိကို စီမံခြင်းမဟုတ်ဘဲ မိမိက ကံကိုစီမံခြင်းမျိုးသာ ဖြစ်၏။

သို့ဆိုလျင် သတ္တဝါများ အနေဖြင့် လက်ရှိမိမိတို့၏ ဘဝကို မမြင်နိုင်သည့် ကံအစီအမံများအပေါ် စောင့်မျှော်နေကြခြင်း၊ ကံတရားကို ပုံချနေကြခြင်းထက် လုပ်ဆောင်သင့်သည့် အလုပ်များကို လက်တွေ့ လုပ်ဆောင်ပြခြင်းဖြင့် မိမိ၏ကံကို မိမိက စီမံကြခြင်းကသာ အကောင်းဆုံး နိယာမသဘောပင် ဖြစ်၏။ ထိုသို့ စီမံကြသည့် အခါတွင်သာ ဉာဏ်နှင့်ယှဉ်သည့် အစီအမံ၊ ဉာဏ်နှင့်ယှဉ်သည့် အလုပ်မျိုးဖြစ်အောင် စီမံတတ်ရန် လိုအပ်ခြင်းဖြစ်၏။ ဉာဏ်နှင့်ယှဉ်သည့် အစီအမံ၊ အလုပ်အကိုင်ဟူသည် အကုသိုလ်နှင့် မယှဉ်သည့် အစီအမံမျိုး၊ မိစ္ဆာဇီဝဖြစ်သည့် အလုပ်များကို ရှောင်ကြဉ်ပြီး အပြစ်မရှိသည့်၊ ကိုယ်ကျင့်တရားဆိုင်ရာကို မထိခိုက်သည့် အစီအမံ၊ အလုပ်အကိုင်မျိုးပင် ဖြစ်၏။ အလွယ်ပြောရလျှင် ဒုစရိုက်ရှောင်ကာ သုစရိုက်ဆောင်သည့် သဘောမျိုးဖြစ်၏။ ဒုစရိုက်ရှောင်ကာ သုစရိုက်ဆောင်ထားသည့် သူများသည် သီလသမာဓိပညာပိုင်းများတွင်လည်း အပြစ်ကင်း နေသည်သာ ဖြစ်သဖြင့် အလုပ်ကောင်းနေမည်ဖြစ်ပြီး အလုပ်ကောင်းနေလျှင် အကျိုးပေးလည်း ကောင်းနေမည်သာ ဖြစ်၏။ ဤသည်မှာ လက်ရှိမိမိ၏ကံတရားကို မိမိက စီမံနေခြင်းသာ ဖြစ်၏။

အကယ်၍ အလုပ်ကောင်းများ လုပ်နေသည့်ကြားက အတိတ်မကောင်းကံများ၏ အစီအမံများကြောင့် မကောင်းကျိုးများ ရောက်လာခဲ့သည်ရှိသော်လည်း ထိုမကောင်းကံ၏ သက်ရောက်မှုများကို လက်ရှိ မိမိလုပ်ဆောင်ထားသည့် ကောင်းကံများက အတိုင်းအတာ တစ်ခုအထိ ထောက်ကန်သွားမည်သာ ဖြစ်၏။ အရေးကြီးသည်မှာ လက်ရှိဘဝတွင် မိမိတို့၏ အလုပ်ကောင်းများဖြင့် မိမိတို့၏ကံကို မိမိတို့ကိုယ်တိုင် ရွေးချယ်စီမံနိုင်ခြင်းဟူသည့် အချက်ပင် ဖြစ်၏။ ဉာဏ်နှင့်ယှဉ်သည့် ဝိရိယဖြင့် အပြစ်ကင်းသည့် အလုပ်များတွင် ကြိုးစားအားထုတ်နိုင်လျှင် မိမိတို့၏ ကံကို မိမိတို့ကိုယ်တိုင် စီမံနိုင်ခြင်းပင် ဖြစ်၏။

ဆိုလိုသည်မှာ ကံတရားနှင့်ပတ်သက်၍ သတ္တဝါ တစ်ဦးတစ်ယောက်၏ လက်ရှိဘဝ ကြီးပွားတိုးတက်ရေး အပိုင်း၊ သံသရာကောင်းစားရေး အပိုင်းများတွင် ကံတရား၏ အထောက်အပံ့များသည် အလွန်အရေးကြီးသည်ဟု ဆိုသော်လည်း အရာရာတိုင်းကိုကား ကံတရားက စီမံဖန်တီးသည် မဟုတ်ကြောင်း၊ အကယ်၍ ကံကဖန်တီးသည်ဟု ဆိုခဲ့သည်ရှိသော် ထိုကံကို မိမိတို့ကသာ စီမံဖန်တီးခြင်း ဖြစ်ကြောင်း၊ ကံတရားသည် မိမိ၏ စီမံဖန်တီးမှုသာ ဖြစ်သဖြင့် လက်ရှိအခြေအနေတွင် မိမိရှိထားသည့် ကံတရားကိုလည်း မိမိကိုယ်တိုင်သာ ဉာဏ်နှင့်ယှဉ်သည့် အလုပ်ကောင်းများဖြင့် ဖန်တီးကြရမှာ ဖြစ်ကြောင်း၊ ထိုသို့ ဉာဏ်ဝီရိယများကို အသုံးချကာ ဖန်တီးထားသည့် အလုပ်ကောင်းများ ရှိထားပါက အတိတ်က မကောင်းခဲ့သည့် ကံအစီအမံများ၏ မကောင်းသည့် အကျိုးသက်ရောက်မှုများ ရောက်လာစေငြားလည်း ယခုလက်ရှိ မိမိ၏ အစီအမံများက ထောက်ပံ့ကာကွယ် ပေးနေမည်သာ ဖြစ်ကြောင်းစသည်ဖြင့် ဆိုလိုခြင်း ဖြစ်၏။

ထို့ကြောင့် မည်သည့်ကိစ္စမဆို ကံကိုသာ ပုံချကာ ကံစီမံရာ အတိုင်းသာဟု ဆိုလေ့ရှိသူများ၊ ကံတရားအပေါ် တလွဲနားလည်နေသူများ အနေဖြင့် အရာရာကို ကံကစီမံခြင်းထက် ထိုကံကို မိမိတို့ကသာ စီမံခြင်းဖြစ်ပြီး မိမိတို့၏ ဉာဏ်နှင့်ယှဉ်သည့် အလုပ်များကသာ ဖန်တီးခြင်းဖြစ်ကာ ထိုအလုပ်များ၏ နောက်မှသာ အကျိုးဆက်အနေဖြင့် ကံတရားက ရောက်လာခြင်း ဖြစ်သည်ဟူသည့် အချက်ကို သတိပြုဆင်ခြင်လျက် ကံတရား၏ သက်ရောက်မှုကို ပုံချခြင်းနေမည့်အစား လက်ရှိအချိန်တွင်သာ မိမိတို့၏ အလုပ်များကို အကောင်းဆုံးဖြစ်အောင် ကြိုးစားအားထုတ်ရင်း မိမိတို့၏ ကံအကျိုးပေးများကို မိမိတို့ကိုယ်တိုင်သာ စီမံကြပါရန် အလေးအနက် တိုက်တွန်းလိုက်ရပါသည်။

Read more »

ဒုက္ခကိုယ်စီ ရှိကြသည်

ရုပ်နာမ်နှစ်ပါးဖြင့် တည်ဆောက်ထားသည့် သတ္တဝါမှန်သမျှ ဒုက္ခဟူသည် ရှိကြသည်သာ ဖြစ်၏။ လူလည်းရှိ၏။ နတ်လည်းရှိ၏။ ဗြဟ္မာလည်းရှိ၏။ တိရစ္ဆာန်လည်း ရှိ၏။ ပုထုဇဉ်လည်း ရှိ၏။ အရိယာလည်း ရှိ၏။ မည်သည့် ဘုံဘဝတွင် ရှိနေကြသည့် သတ္တဝါများ ဖြစ်ပါစေ ရုပ်နာမ်နှစ်ပါး ပိုင်ဆိုင်ထားသဖြင့် ဒုက္ခတရားလည်း ပိုင်ဆိုင်ထားပြီး ဖြစ်၏။ ရုပ်နာမ်ရှိနေသမျှ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းဟူသည့် ဒုက္ခတရားများလည်း ရှိနေကြမည်သာ ဖြစ်၏။ မည်မျှချမ်းသာသည့် သူဖြစ်စေ၊ မည်မျှဆင်းရဲသည့် သူဖြစ်စေ၊ မည်မျှတန်ခိုးရှိသည့် သူဖြစ်စေ၊ မည်မျှအားနည်းသည့် သူဖြစ်စေ၊ မည်သည့်လူမျိုး၊ မည်သည့်နိုင်ငံသားပင် ဖြစ်စေ၊ မည်သည့်နေရာ မည်သည့်နိုင်ငံတွင် နေသည့်သူဖြစ်စေ ရုပ်နာမ်အစု ရှိနေသမျှ ဒုက္ခအစုလည်း ရှိနေကြမည်သာ ဖြစ်၏။ ဒုက္ခဟူသည် ကိလေသာကုန်ခမ်း၍ ဘဝသစ်တစ်ဖန် မဖြစ်တော့သည့် အခါမှသာ နောက်ထပ်တစ်ဖန် ဒုက္ခဖြစ်ရန်လည်း မရှိနိုင်ခြင်း ဖြစ်၏။ ဘဝသစ်ရှိနေလျှင် ခန္ဓာသစ်လည်း ရှိနေမည်ဖြစ်ပြီး ခန္ဓာရှိနေသမျှ ဒုက္ခလည်း ရှိနေကြမည် ဖြစ်သဖြင့် မည်သည့်သတ္တဝါမဆို ခန္ဓာကိုအမှီပြု၍ ဒုက္ခကိုယ်စီ ရှိနေကြသည်သာ ဖြစ်၏။

သို့သော် သတ္တဝါများသည်ကား ခန္ဓာရှိ၍ ဒုက္ခရှိသည့် အမှန်သစ္စာကို မသိကြသဖြင့် ရုပ်နာမ်အစုကို အမှီပြု၍ ဖြစ်ပေါ်လာသည့် ဆင်းရဲခြင်းဒုက္ခများနှင့် ကြုံတွေ့ကြသည့်အခါ “ငါ့မှလာပြီး ဒီလိုဒုက္ခဖြစ်ရတယ်၊ ငါ့ဒုက္ခက ပိုပြီးကြီးတယ်၊ ဒုက္ခတွေကလည်း ငါ့မှာပဲ ဖြစ်နေကြတယ်” စသည်ဖြင့် တွေးထင်မိကာ မိမိဖြစ်သည့် ဒုက္ခကသာ ပြင်းထန်ကြီးမားကြသည်ဟု ထင်နေတတ်ကြ၏။ မိမိခံစားရမှသာ ဆင်းရဲအစစ်ဟု ထင်နေတတ်ကြ၏။ ထို့အပြင် မိမိ၏ ဒုက္ခကို သူတပါး၏ တဒင်္ဂ သုခများဖြင့် ချိန်ထိုးကား ရုပ်ပိုင်းဆိုင်ရာချမ်းသာသူများ၊ အကောင်းစား၍ အကောင်းဝတ်ကာ အကောင်းနေရသူများကို ကြည့်၍လည်း မိမိတို့၏ ဆင်းရဲအပေါ်ပို၍ ခံစားတတ်ကြ၏။ ချမ်းသာသူများကို ကြည့်ကာ အားကျတတ်ကြ၏။

တစ်ခါက စာရေးသူ ကိုရီးယားမှ မြန်မာပြည် အခိုက်အတန့် ပြန်သွားစဉ် မြန်မာပြည်တွင် ရှိနေကြသည့် စာရေးသူ၏ ဆွေမျိုးများနှင့် ဒကာဒကာမအချို့က ကိုရီးယားနိုင်ငံတွင် သီတင်းသုံးနေသည့် စာရေးသူအား “အရှင်ဘုရားတို့ ဘဝပဲ ကောင်းပါတယ်ဘုရား၊ ဘာမှပူစရာ မရှိဘူး၊ ကိုရီးယားကလည်း အရမ်းချမ်းသာတော့ အရှင်ဘုရားတို့လည်း ချမ်းချမ်းသာသာရှိပြီး ငြိမ်းချမ်းနေမှာပါ၊ မြန်မာပြည်ကတော့ အရှင်ဘုရားတို့ သိတဲ့အတိုင်း အစစအရာ ဒုက္ခတွေချည်းပဲဘုရား၊ ဖြစ်နိုင်ရင် ပြန်မလာနဲ့ဘုရား အဲဒီမှာပဲ နေလိုက်တော့ဘုရား” စသည်ဖြင့် ရုပ်ရှင်ဒရာမ ဇာတ်ကားထဲမှ ကိုရီးယား၏ ပုံရိပ်များကိုကြည့်ကာ အားကျစိတ်ဖြင့် ပြောဆိုလျှောက်ထားဖူး၏။ မြန်မာပြည်တွင် ခံစားရသည့် မိမိတို့၏ ဒုက္ခကို ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုများကြောင့် ချမ်းသာသည်ဟု ထင်နေကြသည့် ချမ်းသာသည့် နိုင်ငံရှိလူများနှင့် ချိန်ထိုးကား အားလည်းကျ၊ မိမိတို့၏ ဒုက္ခကိုလည်း အလွန်ပြင်းထန်လှသည်ဟု ထင်နေကြခြင်း ဖြစ်၏။

စင်စစ် စာရေးသူအပါအဝင် တိုးတက်သည့် နိုင်ငံတွင် ရောက်နေကြသည့် မြန်မာများနှင့် ထိုတိုးတက်သည့် နိုင်ငံတွင် ရှိနေကြသည့် ဆိုင်ရာနိုင်ငံသားများသည် မြန်မာပြည်တွင်းရှိ အများပြည်သူ ထင်နေကြသကဲ့သို့ ချမ်းသာသူများ၊ ငြိမ်းချမ်းသည့် သူများကား မဟုတ်လှပေ။ သူ့အထွာနှင့်သူ ပြဲသည်ဟု ဆိုသကဲ့သို့ သူ့ဒုက္ခနှင့်သူ ဆင်းရဲနေကြသည်သာ ဖြစ်၏။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်သဖြင့် ချမ်းသာသည်ဟု ထင်နေရသော်လည်း စိတ်ပိုင်းဆိုင်ရာ ဒုက္ခများကား မချမ်းသာသည့်သူ၊ မရှိသည့်သူများထက်ပင် ပိုများနေသေး၏။ ရုပ်ဝတ္ထုချမ်းသာသော်လည်း စိတ်အစဉ်မှာ မချမ်းသာသဖြင့် စိတ်ဖိစီးမှုများ၊ စိတ်သောကဖြစ်မှုများ၊ စိတ်ခံစားမှုများဖြင့် စိတ်အစဉ်မှာ ပို၍ပင် ဆင်းရဲနေတတ်၏။ ထို့ကြောင့်လည်း တစ်ခါတရံ စိတ်ဖိစီးမှုကို မခံနိုင်သဖြင့် မိမိကိုယ်ကို အဆုံးစီရင်သည်အထိ ပြုလုပ်တတ်သူများ ရှိတတ်၏။ ဤသည်မှာ ဒုက္ခကို ဒုက္ခဟု မသိဘဲ သုခဟု ထင်မိရာက ထင်တိုင်းမဖြစ်သဖြင့် ဖြစ်ချင်ရာဖြစ် လုပ်ပစ်လိုက်ကြခြင်း ဖြစ်၏။

သိပ်မကြာသေးခင်က စာရေးသူ၏ ကျောင်းသို့ ကိုရီးယား ဒကာမတစ်ဦး ရောက်လာခဲ့၏။ သူ့ကြည့်ရသည်မှာ စိတ်သောကခံစားနေရသည့် အသွင်ကို အထင်အရှား တွေ့နေရ၏။ နောက်စာရေးသူအား သူ့ဒုက္ခကို ကုစားပေးရန် လျှောက်ထား၏။ ထိုဒကာမသည် ဝတ္ထုကြေးငွေ ချမ်းသာသည့် သဘောရှိ၏။ လိုချင်သည့် အရာဝတ္ထုမှန်သမျှ လိုသလို ဝယ်ယူသုံးဆောင်နိုင်၏။ သို့သော် ဝယ်မရသည်ကား စိတ်ဒုက္ခကို သက်သာပျောက်ကင်းစေမည့် အရာပင်ဖြစ်၏။ ထိုဒကာမ၏ ဒုက္ခမှာ လင်ယောက်ျား၏ အိမ်ထောင်ရေးဖောက်ပြန်မှု၊ သားသမီးများ၏ မိမိအပေါ် ဆက်ဆံမှု၊ စကားနားမထောင်မှု၊ အိမ်ထောင်ရေး အဆင်မပြေမှု စသည်များပင် ဖြစ်၏။ ထိုသို့သော ဒုက္ခများကြောင့် အမျိုးမျိုးသောနည်းများဖြင့် ကုစားသော်လည်း မရနိုင်သဖြင့် နောက်ဆုံးတွင် စာရေးသူ၏ကျောင်းသို့ ရောက်လာခဲ့ခြင်း၏။ စာရေးသူလည်း ဘုရားနည်းအတိုင်း ဓမ္မဖြင့်သာ ကုစားရန်ဟောပြောပေးပြီး ဝိပဿနာ အလုပ်ကို အားထုတ်စေခဲ့၏။ ယခုဆိုလျင် ထိုဒကာမ၏ ဒုက္ခများ အထိုက်အလျောက် သက်သာလာနေသည့် သဘောရှိ၏။ ဆိုလိုသည်မှာ အများက အားကျလှသည့် တိုးတက်သည့် နိုင်ငံများရှိ ထိုထိုပုဂ္ဂိုလ် အပေါင်းတို့သည် ရုပ်ဝတ္ထုချမ်းသာသော်လည်း စိတ်မချမ်းသာသဖြင့် ဒုက္ခကိုယ်စီ ရှိနေကြောင်း သိစေလိုရင်း ဖြစ်၏။ အရင်းစစ်သော် ဒုက္ခဟူသည် ရုပ်ရနေသမျှ ဖြစ်နေကြမည်မှာ ထင်ရှားလှပေ၏။

မှန်၏။ ဒုက္ခ၏ သဘောမှာ ရုပ်ရနေသမျှ မုချတွေ့နေရမည် ဖြစ်သဖြင့် ချမ်းသာသူပင်ဖြစ်စေ၊ ဆင်းရဲသူပင်ဖြစ်စေ၊ မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးပင် ဖြစ်စေ ရုပ်နာမ်ရှိသဖြင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲကား ရှိနေကြမည်သာ ဖြစ်၏။ ဘုရားရဟန္တာ အရိယာအဖြစ် ရောက်သွားမှသာ ထိုဒုက္ခများ အမှန်ပပျောက်သွားမည် ဖြစ်၏။ သို့သည်တိုင် ဘုရားရဟန္တာ အရိယာများသည်လည်း အသက်ရှင်နေသည့် ထိုဘဝတွင် ကာယိကဒုက္ခခေါ် ကိုယ်ဆင်းရဲများကား ရှိနေသေးကြသည်သာ ဖြစ်၏။ စင်စစ်သော် မြတ်စွာဘုရား ဟောတော်မူသကဲ့သို့ ဒုက္ခဟူသည် ချမ်းသာသည့်နေရာ၊ ချမ်းသာသည့် လူမျိုးစသည်များဖြင့် မသက်ဆိုင်ဘဲ ရုပ်နာမ်အစု ပိုင်ဆိုင်ထားမှုနှင့်သာ သက်ဆိုင်သဖြင့် ခန္ဓာအစု ရှိနေသမျှ ဒုက္ခလည်းပဲ ရှိနေကြမည်သာ ဖြစ်၏။

ဤနေရာတွင် ဒုက္ခသစ္စာနှင့် ပတ်သက်၍ မြတ်စွာဘုရား၏ ဖွင့်ဆိုချက်က ရှင်းလွန်းလှ၏။ မြတ်စွာဘုရားရှင်က “ရဟန်းတို့ ပဋိသန္ဓေနေရခြင်းသည်လည်း ဒုက္ခတည်း၊ အိုရခြင်းသည်လည်း ဒုက္ခတည်း၊ နာရခြင်းသည်လည်း ဒုက္ခတည်း၊ သေရခြင်းသည်လည်း ဒုက္ခတည်း၊ မချစ်မနှစ်သက်သည်များနှင့် အတူတကွ ယှဉ်တွဲနေထိုင်ရခြင်း သည်လည်း ဒုက္ခတည်း၊ ချစ်ခင်နှစ်သက် စုံမက်သည်များနှင့် သေကွဲရှင်ကွဲ ကွဲရခြင်းသည်လည်း ဒုက္ခတည်း၊ အလိုရှိသည့်အရာကို မရခြင်းသည်လည်း ဒုက္ခတည်း၊ အကျဉ်းအားဖြင့် တပ်မက်စွဲလန်းတတ်သည့် ခန္ဓာငါးပါးသည်လည်း ဒုက္ခပင်တည်း” ဟု ဒုက္ခ၏ သဘောအမှန်ကို ဟောပြတော်မူထား၏။

ဘုရားရှင် ဟောတော်မူထားသည့် ဒုက္ခတရား၏ အဖွင့်များအရ သတ္တဝါတိုင်း ဒုက္ခကိုယ်စီ ရှိနေကြသည်မှာ ထင်ရှားလှ၏။ သတ္တဝါမှန်သမျှ မွေးဖွားမှုအစ ဒုက္ခမှသည် အိုရသည့်ဒုက္ခ၊ နာရသည့်ဒုက္ခ အပါအဝင် သေရသည့် ဒုက္ခအဆုံးအထိ ဆင်းရဲအစုဖြင့် ဘဝကို ဖြတ်သန်းကြရ၏။ မွေးဖွားနှင့် သေဆုံးမှုကြားကာလတွင်လည်း မချစ်မနှစ်သက်သည်များနှင့် အတူရှိနေရသည့် ဆင်းရဲ၊ ချစ်ခင်နှစ်သက်သည်များနှင့် ကွဲကွာရသည့် ဆင်းရဲ၊ အလိုရှိသည်ကို မရသဖြင့် ခံစားရသည့် ဆင်းရဲများနှင့်လည်း ကြုံတွေ့ကြရ၏။ ထို့ထက်အလွန် အခြေခံ အကျဆုံးဖြစ်သည့် ခန္ဓာအစုကို အမှီပြုရသည့် ဆင်းရဲသည်ကား သတ္တဝါတိုင်း ရှောင်လွဲမရ ကြုံတွေ့ကြရသည့် ဆင်းရဲအမှန် ဖြစ်နေကြခြင်းပင် ဖြစ်၏။

ထိုဆင်းရဲအားလုံးသည် လူမျိုးနှင့်မဆိုင်၊ နိုင်ငံနှင့်မဆိုင်ဘဲ ခန္ဓာအစုနှင့်သာဆိုင်သည့် ဆင်းရဲများဖြစ်သဖြင့် ရုပ်နာမ်နှစ်ခုကို ပိုင်ဆိုင်ထားသည့် သတ္တဝါမှန်သမျှ မြန်မာဖြစ်စေ၊ တရုတ်ဖြစ်စေ၊ ကိုရီးယားဖြစ်စေ၊ ဂျပန်ဖြစ်စေ၊ အမေရိကန်၊ အင်္ဂလန် စသည်ဖြစ်စေ မည့်သည့်နိုင်ငံ၊ မည်သည့်လူမျိုးမဆို အမှန်မလွဲ တွေ့ကြုံကြရမည့် ဒုက္ခသဘောပင် ဖြစ်ပါ၏။ အပေါ်ယံအားဖြင့် ကြည့်လျှင် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုများကြောင့် တဒင်္ဂ အခိုက်အတန့်အားဖြင့် ချမ်းသာသည်ဟု ထင်နေတတ်ကြသော်လည်း ခန္ဓာအစုကို ပိုင်ဆိုင်ထားသမျှ ထိုအခိုက်အတန့် ချမ်းသာမှု၏ နောက်တွင် ဆင်းရဲအစုများက ရောက်နေကြမည်သာ ဖြစ်၏။ မမြဲသည့် ခန္ဓာအစုကို ပိုင်ဆိုင်ထားသဖြင့် မမြဲခြင်း သဘောတရားအရ ရုပ်လည်းဖောက်ပြန်မည်ဖြစ်ပြီး စိတ်လည်းဖောက်ပြန်နေမည်သာ ဖြစ်၏။ ဖောက်ပြန်နေသမျှ ဆင်းရဲလည်း ရနေကြမည်သာ ဖြစ်၏။ ထိုသို့ ဖောက်ပြန်တတ်သည့် သဘောရှိသဖြင့် ဖောက်ပြန်တတ်သည့်အပေါ် ဆင်းရဲသည်ဟုဆိုသော် ထိုဆင်းရဲသည် မိမိသန္တာန်တွင်သာ ရှိသည်မဟုတ် သတ္တဝါအားလုံးမှာပင် ရှိနေသည်ဟုသည့် အချက်ကို သတိပြုရမည် ဖြစ်၏။

သတိပြုရုံတွင်မဟုတ်ဘဲ ထိုဒုက္ခအားလုံး၏ ဖြစ်ပေါ်ရာ အကြောင်းတရားဖြစ်သည့် တွယ်တာမှု သမုဒယ တဏှာကိုလည်း ပယ်သတ်နိုင်ရန် ကြိုးစားသင့်လှ၏။ ခန္ဓာအစု ရှိသဖြင့် ဆင်းရဲဖြစ်သည့် အပေါ်တွင် ပင်ပန်းသည်ဟု ထင်နေသော် ထိုဆင်းရဲ၏ ဖြစ်ကြောင်းတဏှာကို သီလအခြေခံသည့် ဝိပဿနာ အကျင့်တရားဖြင့် အကြွင်းမဲ့ ပယ်သတ်နိုင်ရန် အားထုတ်သင့်လှ၏။ ဒုက္ခအားလုံးသည် သမုဒယကြောင့် ဖြစ်သည်ကို သိအောင်ကြိုးစားပြီး ထိုသမုဒယကို ပယ်သတ်နိုင်သည့် နိရောဓခေါ် နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်ရန် လမ်းမှန်ဖြစ်သည့် မဂ္ဂင်ရှစ်ပါးကျင့်စဉ်ကို လိုက်နာကျင့်သုံးကာ ဝိပဿနာဉာဏ်ဖြင့် ဒုက္ခငြိမ်းအောင် အသိသတိထပ်တူညှိ၍ လက်တွေ့ကျင့်ကြံသင့်လှပေ၏။ ထိုသို့ ကျင့်ကြံနိုင်လျှင် ဆင်းရဲငြိမ်းရာ သန္တိသုခကို ဧကန်မုချ ခံစားနိုင်ကြမည်သာ ဖြစ်ပါ၏။

ဆိုလိုသည်မှာ “လောကသားများ အထင်မှားနေကြသည့် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုများသည် ဒုက္ခဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့် မသတ်ဆိုင်ဘဲ ဒုက္ခဟူသည် ချမ်းသာသူပင် ဖြစ်စေ၊ ဆင်းရဲသူပင် ဖြစ်စေ ရုပ်နာမ်အစုကို ပိုင်ဆိုင်ထားသမျှ အသီးအသီး ကိုယ်စီရှိနေကြမည်သာ ဖြစ်ကြောင်း၊ ခန္ဓာရှိလျင် ဒုက္ခရှိနေမည် ဖြစ်သဖြင့် မိမိမှာသာ ဒုက္ခဖြစ်နေသည် မဟုတ်ဘဲ လောကရှိ သတ္တဝါအားလုံးတွင် ထိုဒုက္ခတရားသည် မလွဲမသွေ ရှိနေကြမည်သာ ဖြစ်ကြောင်း၊ ထို့ကြောင့် ခန္ဓာရှိသဖြင့် ဒုက္ခရှိသည့်အပေါ်တွင် မိမိ၏ ဒုက္ခကသာ ကြီးမားသည်ဟု ထင်နေတတ်သည့် အတွေးမျိုးကို ဖယ်ထုတ်ကာ အမှန်ဒုက္ခ ငြိမ်းစေရန် ဒုက္ခဖြစ်ကြောင်း သမုဒယ တဏှာကိုသာ ပယ်သတ်နိုင်ရန် ကြိုးစားသင့်ကြောင်း၊ တဏှာကင်းလျှင် ဒုက္ခလည်း ရှင်းမည်ဖြစ်သဖြင့် သတိပဋ္ဌာန်အကျင့်ကို ကျင့်ကြံအားထုတ်ကာ တဏှာကင်းအောင်သာ ကြိုးစားကြရမှာ ဖြစ်ကြောင်း” စသည်ဖြင့် ဆိုလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် မိမိ၏ဒုက္ခမှသာ ဒုက္ခဟု ထင်နေကြသူများ၊ မိမိ၏ ဆင်းရဲသည်သာ ဆင်းရဲအစစ်ဟု ထင်နေကြသူများ အနေဖြင့် အထူးသတိပြုရမည်မှာ ဒုက္ခဟူသည် မိမိတွင်သာ ရှိသည်မဟုတ်ဘဲ ခန္ဓာရှိနေသည့်သူ မှန်သမျှ မည်သူမဆို ရှိနေကြသည်သာ ဖြစ်သဖြင့် ရုပ်ရသဖြင့် ဒုက္ခရခြင်းအပေါ် စိုးရိမ်ပူဆွေးမှုများ၊ သောကတရားများဖြင့် ဘဝပျက်သည်အထိ မခံစားမိကြဘဲ ဒုက္ခ၏ သဘောအမှန်ကိုသာ သိအောင်ကြိုးစားရင်း ဒုက္ခဖြစ်ကြောင်း သမုဒယ တဏှာကို ပယ်သတ်နိုင်အောင် သတိပဋ္ဌာန်အလုပ်ကိုသာ များများအားထုတ်ကြပါဟု အလေးအနက် တိုက်တွန်းသမှု ပြုလုပ်ရပါသည်။

Read more »

ဖောက်ပြန်ခြင်းနှင့် ဖောက်ဖျက်ခြင်း

ဖောက်ပြန်ခြင်း၊ ဖောက်ဖျက်ခြင်းဟူသော စကားများတွင် ယေဘုယျအားဖြင့် ဖောက်ပြန်ခြင်းသည် အလိုအလျောက် သဘာဝအတိုင်း ဖြစ်ပေါ်လာသည့် သဘောကိုဆောင်ပြီး ဖောက်ဖျက်ခြင်းသည်ကား လုံ့လပယောဂပြုမှု သဘောကိုဆောင်၏။ တစ်နည်းအားဖြင့် ဖောက်ပြန်ခြင်းသည် အကျိုးရလာဘ်တစ်ခုခု အသွင်ကိုဆောင်ပြီး ဖောက်ဖျက်ခြင်းသည်ကား အကြောင်းဖန်တီးမှု တစ်ခုခုကို ညွန်းဆို၏။ တစ်နည်းအားဖြင့် ဖောက်ပြန်ခြင်းသည် ဖောက်ဖျက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် အကြောင်းကြောင့် အကျိုးဖြစ်ပေါ်ခြင်း သဘောမျိုးဟု ဆိုလိုက ဆိုနိုင်မည်ဖြစ်၏။ မည်သို့ပင်ဆိုစေ ထိုဖောက်ပြန်ခြင်းနှင့် ဖောက်ဖျက်ခြင်းနှစ်မျိုးလုံးသည့် မကောင်းသည့် အရာများသာ ဖြစ်နေပေ၏။ ဖောက်ပြန်လျင်လည်း မကောင်းသကဲ့သို့ ဖောက်ဖျက်လျင်လည်း မကောင်းသည်သာ ဖြစ်၏။ ဖောက်ပြန်ခြင်းဟူသော ထိုစကားကို စာသံပေသံဖြင့် ပြောဆိုသော် ဝိပတ္တိဟူသော စကားဖြင့် ပြောဆိုနိုင်မည်ဖြစ်၏။ ဝိပတ္တိဟုဆိုလျှင် မြန်မာဗုဒ္ဓဘာသာ အားလုံးနီးပါး ရင်းနှီးပြီးသား၊ သိပြီးသား စကားပင်ဖြစ်၏။ ရှိခိုးကန်တော့နေကျ သြကာသ ကန်တော့ချိုး၏ ဆုတောင်းပိုင်းတွင် ပါဝင်နေသည့် စကားလုံးဖြစ်၍လည်း အပြည့်အစုံမသိသော်လည်း အလွန်စိမ်းနေသည့် စကားမဟုတ်သည်ကား သေချာလှ၏။

မြန်မာအများ မရလို၊ မတွေ့လိုလှသည့် ဖောက်ပြန်ခြင်းခေါ် ထိုဝိပတ္တိတရားသည် အရေအတွက်အားဖြင့် (၄)ပါးရှိ၏။ ထိုလေးပါးမှာ
၁။ ဂတိဝိပတ္တိ = လားရာဂတိဖောက်ပြန်ခြင်း (မကောင်းသည့် ဘုံဘဝ၌ဖြစ်ခြင်း)
၂။ ဥပဓိဝိပတ္တိ = ဥပဓိရုပ်ဖောက်ပြန်ခြင်း (ရုပ်ဆင်းအင်္ဂါချို့ယွင်း ပျက်စီးခြင်း)
၃။ ကာလ၀ိပတ္တိ = ခေတ်ကာလဖောက်ပြန်ခြင်း (တရားဖြင့် အုပ်ချုပ်မှု ကင်းမဲ့သည့် အချိန်ကာလ၌ဖြစ်ခြင်း)
၎။ ပယောဂ၀ိပတ္တိ= လုပ်ဆောင်အားထုတ်မှု မမှန်မကန် ဖောက်ပြန်ခြင်း ( လုပ်မှားကိုင်မှားဖြစ်ခြင်း၊ အပြစ်ကျူးလွန်မိခြင်း၊ မကောင်းမှု အကုသိုလ်ဖြင့်သာ အသက်မွေးမှု ပြုနေရခြင်း) တို့ပင် ဖြစ်၏။

ဤဖောက်ပြန်ခြင်းများသည် သတ္တဝါတိုင်း မတွေ့ချင်၊ မမြင်ချင်၊ မရချင်သည့် အရာများပင် ဖြစ်၏။ မည်သူမဆို မကောင်းသည့် ဘုံဘဝတွင် ဖြစ်ကြရမည်ကို မလိုလားကြသကဲ့သို့ ဖြစ်ရာဘဝတွင်လည်း ရုပ်အဆင်းအင်္ဂါ မလှမပ ချို့တဲ့ကြမည်ကို မလိုလားကြပေ။ ထို့အတူ မင်းမဲ့စရိုက်ဖြစ်နေပြီး တရားမဲ့နေသည့် တိုင်းပြည်နိုင်ငံ၊ ခေတ်ကာလ အခြေအနေမျိုးကိုလည်း အလိုမရှိကြသကဲ့သို့ မိမိတို့ မလုပ်ချင်သည့်၊ လုပ်သင့်သည့်အရာကို မလုပ်ရဘဲ မလုပ်သင့်သည့် အရာမျိုးကို လုပ်နေရခြင်းမျိုးကိုလည်း အလိုရှိကြမည် မဟုတ်လှပေ။ အချုပ်ပြောရလျှင် မည်ကဲ့သို့သော ဝိပတ္တိမျိုးကိုမျှ အလိုမရှိကြခြင်းပင် ဖြစ်၏။ ထို့ကြောင့်လည်း ကောင်းမှုအစုလေးများကိုပြုတိုင်း ဤအကျိုးကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျသနတရား ငါးပါးတို့မှ ကင်းပါရစေကြောင်း စသည်ဖြင့် ဆုမွန်ကောင်းများ တောင်းနေကြခြင်း ဖြစ်၏။

ဤနေရာ၌ တောင်းဆုချွေကြသည်ဟု စကားအဖြစ် ဆိုလိုက်ရသော်လည်း ဝိပတ္တိဟူသော ဖောက်ပြန်ခြင်း တရားများက ဆုတောင်းနေရုံဖြင့် ရောက်မလာသည့် တရားများကား မဟုတ်လှပေ။ ရှောင်ကြဉ်မှသာ ပျောက်စေပါသည့် တရားများ ဖြစ်ပါ၏။ ဖောက်ပြန်ခြင်းကို မလိုလျှင် ဖောက်ဖျက်ခြင်းကို မပြုမှသာ ရောက်မလာဘဲ ပျောက်ပျက်စေသည့် တရားများ ဖြစ်၏။ ဖောက်ပြန်ခြင်းဟူသော အကျိုးရလာဘ်ကို မလိုချင်လျှင် ဖောက်ဖျက်ခြင်းဟူသော အကြောင်းတရားကို ကောင်းသွားစေရန် ထိန်းသိမ်းစောင့်ရှောက်ကြရမည်သာ ဖြစ်၏။ ဖောက်ဖျက်လျှင် ပျောက်ပျက်မည်ဖြစ်ပြီး ပျောက်ပျက်ခြင်းသည် ဖောက်ပြန်ခြင်းပင် ဖြစ်သဖြင့် မဖောက်ဖျက်မိစေရန် မိမိတို့၏ ကိုယ်နှုတ်နှလုံးကို စောင့်ကျက်ကြရမည်သာ ဖြစ်၏။

ဝိပတ္တိတရားလေးပါးတို့တွင် လားရာဂတိ ဖောက်ပြန်ခြင်းသည် အပါယ်လေးဘုံ၌ ဖြစ်ကြရခြင်းကို ဆိုလို၏။ ထိုသို့အပါယ်လေးဘုံ၌ ကျရောက်ရခြင်းကိုပင် ဂတိဖောက်ပြန်ခြင်းဟုဆိုသဖြင့် အပါယ်လေးပါးလားရခြင်း၏ အကြောင်းကိုလည်း ကောင်းစွာသိရှိနိုင်မည်ဖြစ်၏။ မကောင်းသည့် ဘုံဘဝတွင် ဖြစ်ရခြင်းသည် မကောင်းသည့် လုပ်ရပ်ကြောင့် ဖြစ်သည်မှာ အထင်အရှားပင် ဖြစ်၏။ အထူးသဖြင့် လားရာဂတိ မကောင်းခြင်းသည် မကောင်းသည့် ဒုစရိုက်အမှုများကြောင့်ပင် ဖြစ်၏။ မကောင်းသည့် ကာယဒုစရိုက်အမှုများ၊ မကောင်းသည့် ဝစီဒုစရိုက်အမှုများ၊ မကောင်းသည့် မနောဒုစရိုက်အမှုများက ပြုလုပ်သူကို မကောင်းသည့် ဘုံဘဝသို့ရောက်အောင် သက်ရောက်မှုကို ဖြစ်စေနိုင်၏။ ထိုသက်ရောက်မှုအား အရင်းစစ်သော် မိမိကိုယ်တိုင် လုပ်ခဲ့သည့် မိမိ၏ လုပ်ရပ်ကြောင့်ပင်ဖြစ်၏။ မိမိက ဖောက်ဖျက်မိသဖြင့် မိမိဘဝသည်လည်း ဖောက်ပြန်ခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ဂတိဖောက်ပြန်ခြင်းသည် မိမိကိုယ်တိုင် မကောင်းသည့် ဒုစရိုက်အမှု၊ အလုပ်အကိုင်များတွင် ဖောက်ပြန်စွာ လုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဆိုခြင်းဖြစ်၏။

ထို့အတူ ရုပ်အဆင်းအင်္ဂါ ချို့ယွင်းခြင်း၊ ဖောက်ပြန်ခြင်းဟူသည့် ဥပဓိဝိပတ္တိသည်လည်း ပြုလုပ်သူ၏ ဖောက်ဖျက်ခြင်းကြောင့် ရရှိလာသည့် အကျိုးရလာဘ် တစ်ခုပင်ဖြစ်၏။ ဥပဓိဖောက်ပြန်မှုကို ဖြစ်စေသည့် မိမိ၏ ဖောက်ပြန်သည့် အလုပ်များကြောင့် ထိုအလုပ်များနှင့်အညီ တူသောအကျိုးကို ပေးလာခြင်း သဘောပင် ဖြစ်၏။ ရုပ်အဆင်းအင်္ဂါ လှပပြည့်စုံမှုမရှိ၊ ချို့ယွင်းချက်အတိ ဖြစ်နေကြသည့် သူအချို့ကို ကြည့်ပါက ထိုသူများ၏ အတိတ်က ဖောက်ဖျက်ခဲ့သည့် လုပ်ရပ်များကို အလွယ်တကူ သိရှိနိုင်ကြမည် ဖြစ်၏။ ကံတရား၏သဘောသည် နားရွတ်ပြတ်အောင် လုပ်ခဲ့သူအား နားရွတ်ပြတ်စေသည့် တန်ပြန်သက်ရောက်မှု၊ မျက်စိကန်းအောင် လုပ်ခဲ့သူအား မျက်စိမမြင်မှု၊ ကိုယ်လက်အင်္ဂါ ချို့တဲ့အောင် လုပ်ခဲ့သူအား ကိုယ်လက်အင်္ဂါ မပြည်စုံမှု စသည်ဖြင့် မိမိကိုယ်တိုင် လုပ်ဆောင်ခဲ့သည့် လုပ်ရပ်နှင့်ညီစွာ တူညီသည့် အကျိုးသက်ရောက်မှုကို ဖြစ်စေသည့် သဘောရှိ၏။ ရုပ်အဆင်းအင်္ဂါ ချို့ယွင်းခြင်းဟူသည့် ဖောက်ပြန်ခြင်းသည် ထိုသို့ဖြစ်အောင် လုပ်ဆောင်ခဲ့သည့် ပြုလုပ်သူ၏ အကျင့်သီလ ဖောက်ဖျက်ခြင်းကြောင့်ပင် ဖြစ်၏။ ထို့ကြောင့်ပင် ဤလောကကြီး၌ လူချင်းတူသော်လည်း လူစဉ်မမီသူများ၊ ကိုယ်လက်အင်္ဂါ မပြည့်စုံသူများ စသည်ဖြင့် တွေ့နေကြရခြင်း ဖြစ်၏။ ဤသည်မှာ မိမိကိုယ်တိုင် ဖောက်ဖျက်ခဲ့သည့် လုပ်ရပ်များ၏ ဖောက်ပြန်သည့် အကျိုးဆက်များပင် ဖြစ်၏။

ခေတ်ကာလ ဖောက်ပြန်ခြင်းသည်လည်း ထိုနည်းအတူပင်ဖြစ်၏။ ဖောက်ပြန်နေသည့် ခေတ်ကာလတွင် လူလာဖြစ်ရပြီး၊ အဆိုးဆုံးအခြေအနေ၊ အဆုံးဆုံးနေရာ၊ အဆိုးဆုံး သူများ၏ အုပ်ချုပ်မှုအောက်တွင် ဖြစ်နေရခြင်းကပင် မိမိ၏ ကာလဖောက်ပြန်ခြင်း ကာလဝိပတ္တိ၏ သဘောပင် ဖြစ်၏။ သံသရာအဆက်ဆက် ခေတ်အဆက်ဆက် ကျင်လည်ခဲ့ကြရသော်လည်း ထိုခေတ်ကောင်းသံသရာကောင်း ဘဝကောင်းတွင် ရသင့် ရထိုက်သည့်တရား၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဘဝတွင် မရမဖြစ်ခဲ့ခြင်းကပင် မိမိ၏ အကြောင်းတရား ဖောက်ဖျက်သွားခြင်း ဖြစ်ပြီး ထိုဖောက်ဖျက်မှုကပင် မကောင်းသည့်ခေတ်ကာလ အနေအထားတွင် ဘဝသစ်ကို ဖြစ်စေခြင်းဟူသည့် ဖောက်ပြန်မှု အကျိုးဆက်ကို ဖြစ်ပွားစေခဲ့ခြင်း ဖြစ်၏။ လုပ်ရပ်မှန်ကန်၊ အကျင့်မှန်ကန်ပြီး အသိမှန်ကန်ခဲ့သူများကား လုပ်သင့်လုပ်ထိုက်သည့် အလုပ်များကို ဖောက်ဖျက်ကျူးလွန်မှု မရှိဘဲ လုပ်ဆောင်ခဲ့ကြသဖြင့် ဘဝကောင်းပြီး ခေတ်ကောင်းကြုံကြရသော်လည်း အချို့အချို့သည်ကား ခေတ်ဆိုးစနစ်ဆိုး၊ အရပ်ဆိုး၊ ပုဂ္ဂိုလ်ဆိုးပြီး အဓမ္မဝါဒ လွှမ်းမိုးမှုအောက်တွင်ရောက်ကာ ကောင်းမှုကုသိုလ်နှင့် ဝေးကြရသည့် အခါကာလတွင် ခေတ်ဖောက်ပြန်ခြင်းနှင့် ကြုံကြရသည်များလည်း ရှိတတ်၏။ ဤသဘောသည်လည်း မိမိ၏ ဘဝတစ်ခုခုတွင် မိမိကိုယ်တိုင် လုပ်ဆောင်ခဲ့သည့် မကောင်းသည့် အကုသိုလ် လုပ်ရပ်များကြောင့် ဖြစ်ပေါ်ခဲ့သည့် ကာလဝိပတ္တိ၏ သဘောပင် ဖြစ်၏။

စတုတ္ထမြောက် ဖောက်ပြန်ခြင်းဖြစ်သည့် ပယောဂဝိပတ္တိခေါ် လုပ်ဆောင်အားထုတ်မှု မမှန်မကန် ဖောက်ပြန်ခြင်း သည်လည်း သတ္တဝါများ မလိုလားသည့် ဝိပတ္တိတစ်မျိုးပင် ဖြစ်၏။ ပယောဂဝိပတ္တိ၏ သဘောသည် အလွန်ကျယ်ပြန့်လှ၏။ ပယောဂဟူသော စကားလုံး၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ လုံ့လအားထုတ်မှု လုပ်ဆောင်ချက် ဟူသော အဓိပ္ပါယ်မျိုးဖြစ်ပြီး ထိုလုပ်ဆောင်ချက် ဖောက်ပြန်ခြင်းကိုပင် ပယောဂဝိပတ္တိဟု ဆိုခြင်းဖြစ်၏။ လုပ်ဆောင်ချက် ဖောက်ပြန်ခြင်း၊ မမှန်ကန်ခြင်းဟူသည်မှာလည်း လုပ်သင့်လုပ်ထိုက်သည့် ကောင်းသည့်၊ အပြစ်မရှိသည့် အလုပ်များကို လုပ်ခွင့်မရဘဲ အပြစ်နှင့်တကွ ဖြစ်နေသည့် မကောင်းသည့် အလုပ်များကို လုပ်ဆောင်နေရခြင်း သဘောမျိုး ဖြစ်၏။ အလွယ်ပြောရလျှင် အခြားကောင်းသည့် အလုပ်များဖြင့် အသက်မွေးဝမ်းကျောင်း မပြုနိုင်ဘဲ မကောင်းမှုဖြင့်သာ အသက်မွေးဝမ်းကျောင်း ပြုလုပ်နေရသည့် ရွေးချယ်စရာ မရှိသည့် သတ္တဝါများ၏ ဘဝအခြေအနေ လုပ်ဆောင်ချက်များပင် ဖြစ်၏။ လက်တွေ့ဘဝတွင်လည်း အချို့နိုင်ငံ၊ အချို့ဒေသ၊ အချို့လူမျိုးများသည် မကောင်းသည့် အမှားအလုပ်များမှတပါး အခြားရွေးချယ်စရာမရှိသည့် ဘဝမျိုးဖြင့် ဖြတ်သန်းနေကြရသူများ ရှိတတ်၏။ လုပ်သမျှ ကာယကံ၊ ဝစီကံ၊ မနောကံများသည် အပြစ်နှင့်တကွ ဖြစ်နေသည့် မကောင်းသည့် အလုပ်များသာ ဖြစ်နေကြသူများလည်း ရှိတတ်၏။ အချို့လည်း မကောင်းမှုကို မကောင်းမှုဟု မသိဘဲ ပျော်ပျော်ပါးပါးဖြင့် မိမိတို့၏ လုံ့လပယောဂများကို အသုံးချနေကြရသူများလည်း ရှိနေပြန်၏။ မည်သို့ပင် ဖြစ်ပါစေ မိမိ၏ လုပ်ဆောင်အားထုတ်မှု မမှန်မကန် ဖောက်ပြန်ရခြင်းသည် စင်စစ် မိမိကိုယ်တိုင်က ဖောက်ဖျက်ခဲ့ဖူးသည့် အလုပ်များကြောင့် ဖြစ်ပေါ်လာသည့် ဖောက်ပြန်မှုပင် ဖြစ်ပါပေ၏။

အရင်းစစ်သော် ဝိပတ္တိခေါ် ဖောက်ပြန်မှု အားလုံးတို့၏ တရားခံသည် မိမိတို့ ကိုယ်တိုင် မိမိတို့၏ ကိုယ်နှုတ်နှလုံး သုံးမျိုးလုံးကို မကောင်းသည့် အကုသိုလ် ဒုစရိုက်အမှုများတွင် မှားယွင်းစွာ ဖောက်ဖျက်ခဲ့သည့် လုပ်ဆောင်ချက်များကြောင့် ဖြစ်သည်ဟူသည့် အချက်ကို တွေ့သိကြရမည်သာ ဖြစ်၏။ ဖောက်ပြန်ခြင်း အားလုံး၏ အကြောင်းရင်းမှာ ဖောက်ဖျက်ခြင်းကြောင့်သာ ဖြစ်ကြောင်း ကောင်းစွာသိရှိကြရမည် ဖြစ်၏။ ဖောက်ပြန်မှုများနှင့် တွေ့ကြုံနေသမျှ ဖောက်ဖျက်မှုများ၏ အကျိုးဆက်များအဖြစ် သတိသံဝေဂ ယူကြရမည်သာ ဖြစ်၏။ သတိသံဝေဂ ယူပြီးလျှင်လည်း လက်ရှိကြုံတွေ့နိုင်သည့် ဖောက်ပြန်မှုများကို ဓမ္မအားဖြင့် ကျော်လွှားနိုင်အောင် ကြိုးစားကာ နောင်သံသရာတွင် မည်သို့သော ဖောက်ပြန်မှုမျိုးမှ တွေကြုံမှု မရှိနိုင်စေရန် ယခုလက်ရှိ အခြေအနေ၌ မိမိတို့၏ အကျင့်သီလနှင့် လုပ်ဆောင်ချက်များကို ဖောက်ဖျက်မှု မရှိကြရအောင် သတိတရား ဝိရိယအားဖြင့် ထိန်းသိမ်းကြရမည်သာ ဖြစ်၏။

ထို့ကြောင့် ဝိပတ္တိဟူသော ဖောက်ပြန်ခြင်းကို အလိုမရှိကြသော သူများအနေဖြင့် ဖောက်ပြန်ခြင်းဟူသည် ဖောက်ဖျက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် အကျိုးတရားအဖြစ် သတိပြုဆင်ချင်ကာ မိမိတို့ အလိုမရှိအပ်သည့် ဝိပတ္တိတရားများ မိမိတို့ထံသို့ မရောက်လာစေရန် ယခုလက်ရှိ အချိန်မှာပင် မိမိတို့၏ ကာယကံ၊ ဝစီကံ၊ မနောကံများကို အကျင့်တရားပိုင်း၊ လုပ်ဆောင်မှုအပိုင်းနှင့် ကျင့်သုံးမှုအပိုင်းများတွင် မှားယွင်းသည့် ဖောက်ဖျက်မှုမျိုး မဖြစ်အောင် သတိတရားလက်ကိုင်ထားပြီး ထိန်းသိမ်းစောင့်ရှောက်ကြရမည် ဖြစ်ပါကြောင်း အသိပေးတင်ပြရင်း ဖောက်ဖျက်မှုကြောင့် ဖြစ်ပေါ်လာသည့် ဖောက်ပြန်မှုများမှ ရှောင်ကြဉ်ကာ မဖောက်မပြန် မှန်ကန်သည့် လမ်းမှန်ကိုသာ လျှောက်လမ်းကြဖို့ အလေးအနက် တိုက်တွန်းလိုက်ရပါသည်။

Read more »

ဓမ္မဖြင့် ဘဝကို တည်ဆောက်ခြင်း

သတ္တဝါမှန်သမျှ မိမိတို့၏ ဘဝကို လှပလိုကြ၏။ လှပသည့် ဘဝကိုတည်ဆောက်လိုကြ၏။ သာယာသည့်ဘဝ၊ အေးချမ်းသည့်ဘဝ၊ ဘေးမသန်းသည့်ဘဝကို လိုလားကြ၏။ ထို့ကြောင့်လည်း ထိုထိုဘဝ လှပစေရန် နည်းအမျိုးမျိုးဖြင့် ပုံဖော်ကြ၊ တည်ဆောက်ကြ၊ ဖန်တီးကြခြင်း ဖြစ်၏။ အချို့က ဘဝကို ကာယဖြင့် တည်ဆောက်ကြ၏။ အချို့က ဓနဖြင့် တည်ဆောက်ကြ၏။ အချို့က ဉာဏဖြင့် တည်ဆောက်ကြ၏။ အချို့က အရှိန်အဝါဖြင့် တည်ဆောက်ကြ၏။ အချို့က ဂုဏ်ပကာသနဖြင့် တည်ဆောက်ကြ၏။ မည်သည့်နည်းဖြင့် မည်သို့ပင် တည်ဆောက်ထားသော်လည်း ထိုတည်ဆောက်မှုများတွင် ဓမ္မမပါလျှင်ကား အခိုက်အတန့်မျှသာ တည်ဆောက်နိုင်၏။ ဓမ္မ“အား”ဖြင့် ပံ့ပိုးမထား၊ ထိန်းချုပ်မထားလျှင် ထိုထိုနည်းဖြင့် တည်ဆောက်ထားသည့် ဘဝအမျိုးမျိုးသည် ရေရှည်တည်တံ့ရန် မလွယ်ကူလှပေ။ ပစ္စုပ္ပန် သံသရာ လှပစေရန် တည်ဆောက်ထားမှု မဖြစ်နိုင်လှပေ။ ဓမ္မပါမှ ဘဝသာယာပြီး အလှဖြာနိုင်မည် ဖြစ်၏။ ထို့ကြောင့် ယခုမျက်မှောက်ဘဝမှသည် နောင်သံသရာ၊ ထိုမှနိဗ္ဗာန်တိုင်အောင် သာယာလှပသည့် ဘဝကို တည်ဆောက်လိုသူများသည် ဓမ္မဖြင့် ဘဝကို တည်ဆောက်သင့်ကြောင်း ဆိုခြင်း ဖြစ်၏။

လူအတော်များများက ဓမ္မဟုဆိုလာလျှင် အသက်ကြီးသူများ၊ သေခါနီးသူများ၊ ဘဝကူးကောင်းလိုသူများ စသူတို့ အတွက်သာ လိုအပ်သည်ဟု ထင်မှတ်တတ်၏။ အထူးသဖြင့် ပညာရှာနေကြသည့် ပထမအရွယ် လူငယ်များ၊ ဥစ္စာရှာနေကြသည့် ဒုတိယအရွယ် လူရွယ်များက မိမိတို့၏ အရွယ်များသည် ဓမ္မရှာရမည့်အရွယ် မဟုတ်၊ ဓမ္မရှာရမည့် အရွယ်သည် အိုမင်းမစွမ်းဖြစ်လာသည့် တတိယအရွယ်သာ ဖြစ်သည်ဟု ခံယူထားတတ်ကြ၏။ ထို့ကြောင့်လည်း ပညာရှာနေသည့်အချိန်၊ ဥစ္စာရှာနေသည့် အချိန်များတွင် ဓမ္မဖြင့် ဝေးနေကြပြီး ဓမ္မအားမပါဘဲ မိမိတို့၏ အရွယ်များကို တည်ဆောက်နေကြခြင်း ဖြစ်၏။ ပြဿနာမှာ ဓမ္မမပါဘဲ တည်ဆောက်ထားသဖြင့် ပထမအရွယ်တွင်လည်း ဘဝကို ကောင်းစွာတည်ဆောက်နိုင်ခြင်း မရှိသကဲ့သို့ ဒုတိယအရွယ်တွင်လည်း ဘဝမှာ ဖရိုဖရဲ ပြန့်ကြဲနေမြဲသာ ဖြစ်နေသည့် အချက်ပင်ဖြစ်၏။ တတိယအရွယ်ရောက်လာမှ ဘဝကို ဓမ္မဖြင့် တည်ဆောက်ကြစို့ဟု ဆိုပြန်သော်လည်း အိုမင်းမစွမ်း ဖြစ်လာမှုက “အိုရင်မင်း မစွမ်းတော့ဘူး”ဟု ဆိုသကဲ့ဖြစ်ကာ အနှစ်ရှာမရဘဲ ဖြစ်နေတတ်ကြပေ၏။

စင်စစ်ဓမ္မသည် ဘဝသာဖြစ်၏။ ဓမ္မပါမှ ဘဝသာယာမည်ဖြစ်ပြီး အလှဖြာနိုင်မည် ဖြစ်၏။ ဘဝကို တည်ဆောက်ရာတွင် ဓမ္မကို အခြေပြုမှ ဘဝလူနေမှုတွင်လည်း အစစအရာရာ အဆင်ပြေမှုများ ဖြစ်စေနိုင်ပေ၏။ ဘဝထဲတွင် ဓမ္မတွဲနေမှ ဘဝလည်း မလွဲမသွေ တည့်မတ်နေမည် ဖြစ်၏။ ဤ၌ဆိုလိုသည့် ဓမ္မဟူသည် အကျင့်သိက္ခာ၊ တည်ကြည်မှုနှင့် ပညာဉာဏ်ရှိမှုများကို ဆိုလိုခြင်း ဖြစ်၏။ စာစကားဖြင့် ပြောလျှင် သီလ၊ သမာဓိ၊ ပညာ ဟူသည့် သိက္ခာသုံးရပ် အကျင့်မြတ် တရားများပင်ဖြစ်၏။ ဘဝကို တည်ဆောက်ရာတွင် ကိုယ်ကျင့်တရားသည် အလွန်အရေးကြီးလှ၏။ ထိုအတူ စိတ်ကိုတည်တည်ငြိမ်ငြိမ် ဖြစ်စေမည့် တည်ကြည်မှု သမာဓိတရားနှင့် အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အမှားအမှန်ကို နှိုင်းချိန်နိုင်သည့် ပညာဉာဏ်သည်လည်း အထူးလိုအပ်လှ၏။ ထိုသို့သော အကျင့်တရား၊ တည်ကြည်မှုအားနှင့် ဆင်ခြင်မှုအားကို အခြေခံကာ ဘဝကို တည်ဆောက်ထားသင့်၏။ ထိုတရားများကို လက်ကိုင်ထားပြီး တည်ဆောက်ထားသည့် ဘဝသည် မည်သည့်အချိန်တွင် မည်သို့ပင် ပြောင်းလဲဖောက်ပြန်သော်လည်း တုန်လှုပ်မှုမရှိ၊ ကြောက်ရွံ့မှုမရှိဘဲ အရာအားလုံးကို ကျော်လွှားကာ အကောင်းဆုံး အနေအထားတွင် ရှိနေတတ်ပေ၏။ ဓမ္မကို အခြေခံကာ တည်ဆောက်ထားသည့် ဘဝသည် အတက်အကျ အနိမ့်အမြင့်ဟူသည့် လောကဓံဒီလှိုင်း၏ ရိုက်ပုတ်မှုဒဏ်ကို ကြံ့ကြံ့ခံကာ လိုရာပန်းတိုင် အရောက်လှမ်းနိုင်၏။ လောကဓံနှင့် ကြုံလာလျှင် တုန်လှုပ်မှုမရှိသည့် ဘဝသည် ကြံ့ခိုင်သည့်ဘဝ၊ အားရှိသည့်ဘဝ၊ တည်ငြိမ်သည့် ဘဝသာ ဖြစ်သဖြင့် ထိုကဲ့သို့သော ဘဝမျိုးကို တည်ဆောက်နိုင်ရန် ဓမ္မကိုသာ အခြေခံကြရမည် ဖြစ်ပါ၏။

သို့သော် ခက်သည်မှာ လူအတော်များများက လက်တွေ့တွင် ဘဝကို ဓမ္မမပါဘဲ တည်ဆောက်နေကြခြင်းပင်ဖြစ်၏။ ဓမ္မကို လစ်လျူရှုကာ မမြဲသည့် ရုပ်ပိုင်းဆိုင်ရာများဖြင့် ဖန်တီးတတ်ကြခြင်းပင်ဖြစ်၏။ စည်းစိမ်ဥစ္စာဖြင့် ဘဝကို တည်ဆောက်သူများ၊ ရာထူးဂုဏ်ဖြင့် ဘဝကို တည်ဆောက်သူများ၊ လောကီပညာရပ်များဖြင့် ဘဝကို တည်ဆောက်သူများအဖြစ် တဒင်္ဂဘဝကို တည်ဆောက်ကာ ဓမ္မကို ဘေးဖယ်ထားတတ်ကြခြင်းပင်ဖြစ်၏။ အချို့မှာ ဓမ္မမပါဘဲ ခဏတာဖြစ်သည့် စည်းစိမ်ဥစ္စာများဖြင့် ဘဝကို တည်ဆောက်နေကြသဖြင့် စည်းစိမ်ဥစ္စာကို အမှီပြု၍ မာန်မာနတက်တတ်ကြသကဲ့သို့ ထိုစည်းစိမ်ဥစ္စာများ ပျက်သွားသည့် အခါတွင်လည်း အလွန်သောက ဖြစ်တတ်ကြပြန်၏။ အချို့လည်း ဘဝကို ဓမ္မမပါဘဲ ရာထူးပါဝါများ၊ လောကီအတတ်ပညာများဖြင့် တည်ဆောက်နေကြသဖြင့် ထိုဂုဏ်များကို အမှီပြု၍ ဂုဏ်မောက်ကာ အမှန်ပျောက်နေ တတ်ကြသကဲ့သို့ ထိုဂုဏ်များပျောက်သည့် အခါတွင်လည်း ဓမ္မမရှိသဖြင့် ဖြေဆည်ရာလည်း မရှိဘဲ ဖြစ်တတ်ကြပြန်၏။

အမှန်အားဖြင့် ဘဝတွင် စည်းစိမ်ဥစ္စာများ၊ အတတ်ပညာများ၊ ရာထူးဂုဏ်သိန်များ မည်မျှပင် မြင့်မားများပြား နေသော်လည်း သီလ၊ သမာဓိ၊ ပညာဟူသည့် သိက္ခာသုံးပါး အကျင့်တရား ရှားပါးလျှင်ကား ထိုမြင့်မားသည့် အရာများဟု ထင်နေတတ်သည့် ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာစသည်များဖြင့် တည်ဆောက်ထားသည့် ဘဝသည် အချည်းနှီးသာ ဖြစ်နေပေ၏။ သိက္ခာသုံးပါးဖြင့် အားဖြည့်ထားမှု မရှိသည့် ဘဝသည် စည်းမဲ့ကမ်းမဲ့ ဖြစ်တတ်သကဲ့သို့ ဖရိုဖရဲလည်းဖြစ်တတ်ကာ အမှားအမှန်လည်း မခွဲခြားတတ်ဘဲ ဖြစ်နေတတ်ပေ၏။ မှန်၏။ ဘဝတစ်ခုကို တည်ဆောက်ရာတွင် စည်းမဲ့ကမ်းမဲ့ မဖြစ်ရေးအတွက် သီလသိက္ခာသည် အထူးလိုအပ်လှ၏။ သီလဟုဆိုလျှင် အတော်များများက ငါးပါးရှစ်ပါး ကိုးပါးဆယ်ပါးစသည့် သိက္ခာပုဒ်များကိုသာ ပြေးမြင်တတ်၏။ စင်စစ် မိမိတို့ ကျင်လည်နေကြရသည့် နေ့စဉ်ဘဝများတွင် ကိုယ်အမူအရာများဖြင့် မိမိသူတပါး မထိခိုက်အောင်၊ နှုတ်စကားဖြင့် မိမိသူတပါး မထိပါးအောင် ထိန်းသိမ်းနေထိုင်ခြင်း၊ သူ့ကျောင်းနေ သူ့စာအံ ဆိုသကဲ့သို့ နေရာဌာနအသီးသီးတွင် ချမှတ်ထားသည့် စည်းကမ်းများကို စောင့်စည်းနေထိုင်ခြင်း စသည်များသည်လည်း သီလတရားများပင် ဖြစ်ပါ၏။ ထိုသို့ ကိုယ်နှုတ်အမူအရာများနှင့် မိမိသူတပါး မထိခိုက်အောင် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို စောင့်ထိန်းနေထိုင်ခြင်းသည် ဓမ္မကို အခြေခံထားသည့် ဘဝတည်ဆောက်မှုပင် ဖြစ်ပေ၏။

ထို့အတူ ဘဝကိုတည်ဆောက်ရာတွင် တည်တည်ငြိမ်ငြိမ်ဖြင့် ခိုင်မာမှု ရှိစေရန် သမာဓိသိက္ခာကို အားပြုပေးရန် လိုအပ်လှ၏။ သမာဓိ၏ သဘောသည် တည်ကြည်ခြင်း ဖြစ်သဖြင့် သမာဓိကို အခြေခံထားသည့် ဘဝတည်ဆောက်မှုသည် ဟိုလိုလိုဒီလိုလို ဟိုမရောက်ဒီမရောက် ဖြစ်တတ်သည့် စိတ်အစဉ်ကို တည်တည်ငြိမ်ငြိမ် ဖြစ်စေရန် ထောက်ပံ့ပေးနိုင်မည် ဖြစ်၏။ ခိုင်မာသည့် စိတ်ဖြင့် မယိမ်းမယိုင်သည့် ဘဝတည်ဆောက်မှု ဖြစ်ရန် သမာဓိက အထောက်အကူ ပေးနိုင်မည်ဖြစ်၏။ ဘဝတည်ဆောက်ရာတွင် အာရုံအမျိုးမျိုးဖြစ်နေသည့် စိတ်အစဉ်ကို အာရုံတစ်ခုတည်းတွင် စူးစိုက်မှုပေးနိုင်ရန် သမာဓိဖြင့် အားပြုပေးရမည် ဖြစ်၏။ ထိုသို့ တည်တည်ငြိမ်ငြိမ် ဣနြေ္ဒရှိရှိ တည်ဆောက်ထားသည့် ဘဝသည် ဓမ္မကို အခြေပြုကာ တည်ဆောက်ထားခြင်း ဖြစ်သဖြင့် ဓမ္မကို လက်တွေ့ဘဝတွင် အသုံးချလိုက်ခြင်းမျိုးလည်းဖြစ်ကာ ဓမ္မဖြင့် ဘဝကို တည်ဆောက်ခြင်းမျိုးလည်း ဖြစ်နေပေ၏။

ထို့အပြင် ဓမ္မဖြင့် ဘဝကို တည်ဆောက်ရာတွင် စည်းကမ်းတကျ၊ တည်တည်ငြိမ်ငြိမ် ရှိရုံဖြင့် မလုံလောက်သေးဘဲ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရန်လည်း လိုအပ်လှ၏။ ထိုသို့ မှန်ကန်သည့် ရွေးချယ်မှုဖြင့် ဘဝကို တည်ဆောက်နိုင်စေရန် ပညာသိက္ခာကို အားပြုပေးရမည် ဖြစ်၏။ ပညာသည် လောကီပညာ၊ လောကုတ္တရာ ပညာဟု နှစ်မျိုးရှိရာတွင် ဉာဏ်နှင့်ယှဉ်သည့် ပညာသည် အကောင်းအဆိုး၊ အကြောင်းအကျိုးနှင့် အမှားအမှန်ကို ခွဲခြားစိစစ်ပေးနိုင်သဖြင့် မှန်ကန်သည့် ဘဝတစ်ခု တည်ဆောက်နိုင်ရေးအတွက် ပညာတရားသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေပေ၏။ ထို့ထက် တစ်ဆင့်တက်၍ တရားဘာဝနာ အားထုတ်သဖြင့် ရရှိလာသည့် အသိဉာဏ်ပညာ ဆိုလျှင်ကား ဘဝတွင်အကောင်းဆုံး အထောက်အပံ့ကို ပေးနိုင်မည်ဖြစ်ပြီး မည်သို့သော အခြေအနေမျိုး ဖြစ်ပါစေ အလွယ်တကူ ကျော်လွှားကာ မိမိစိတ်ကို မိမိအနိုင်ယူနိုင်သည်အထိ ပံ့ပိုးပေးနိုင်မည် ဖြစ်၏။

မှန်၏။ ကိုယ်ကျင့်တရားကို ထိန်းသိမ်းထားခြင်း၊ တရားအလုပ်ကို အားထုတ်ထားခြင်းဖြင့် ဘဝကို တည်ဆောက် ထားသူများသည် ဘဝတွင် တွေ့ကြုံရတတ်သည့် အတက်အကျ၊ အနိမ့်အမြင့်၊ အကောင်းအဆိုး၊ ချီးမွန်းကဲ့ရဲ့၊ ရှိခြင်းမရှိခြင်း စသည့် လောကဓံများကို ဓမ္မအားဖြင့် တုန်လှုပ်ခြင်းမရှိ အလွယ်တကူ ကျော်လွှားနိုင်၊ ဘဝ၏ အခက်အခဲများကို ကြံကြံခံနိုင်ကြပြီး အရာရာသည် အမြဲမရှိခြင်းဟူသော သဘောအမှန်ကို သိရှိထားသဖြင့်လည်း မိမိတို့၏ စိတ်များကို အကောင်းဆုံး ထိန်းချုပ်ထားနိုင်ကြ၏။ အကယ်၍ ဘဝကို ဓမ္မဖြင့် တည်ဆောက်ထားခြင်း မရှိပါက လောကဓံတရားများကြောင့် အမှားများရောက်ကာ ဘဝဟာလည်း အစစအရာရာ အဆင်မပြေဘဲ ဖြစ်နေတတ်၏။ မည်သို့ပင်ဆိုစေ အကောင်းဆုံးကား ဓမ္မဖြင့် ဘဝကို တည်ဆောက်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါ၏။

ဆိုလိုသည်မှာ နည်းအမျိုးမျိုးဖြင့် ဘဝအမျိုးမျိုးကို တည်ဆောက်ကြရာတွင် မှန်ကန်သည့် ဘဝတည်ဆောက်မှု ဖြစ်စေရန် ဘဝတွင် ဓမ္မဖြင့် အလှဆင်ကာ ဓမ္မဖြင့်အားပြုပြီး ဓမ္မကို အခြေခံထားရမှာ ဖြစ်ကြောင်း၊ ဓမ္မမပါသည့် ဘဝသည် စည်းမဲ့ကမ်းမဲ့ဖြစ်ကာ ဖရိုဖရဲနိုင်လှပြီး အမှားအမှန်ကို ခွဲခြားနိုင်ခြင်း မရှိသဖြင့် ထိုသို့သော ဘဝမျိုးမဖြစ်ရအောင် သီလ၊ သမာဓိ၊ ပညာဟူသည့် သိက္ခာသုံးပါး အကျင့်တရားများ လက်ကိုင်ထားကာ လက်တွေ့ဘဝထဲမှာ ဓမ္မကိုတွဲ၍ တည်ဆောက်ကြရမှာ ဖြစ်ကြောင်း၊ ဘဝကို တည်ဆောက်ကြရာတွင် အကျင့်သီလပိုင်း၊ စိတ်တည်ကြည်မှုအပိုင်း၊ အကြောင်းအကျိုး အကောင်းအဆိုးကို ခွဲခြားဝေဘန်နိုင်မှု အပိုင်းများမှာ အလွန်အရေးကြီးသည့် အခန်းကဏ္ဍများဖြစ်ပြီး ထိုကဏ္ဍများသည် ဓမ္မကတွဲပေးနိုင်သည့် အပိုင်းများဖြစ်သဖြင့် ဓမ္မကို အခြေခံကာ ဘဝကို တည်ဆောက်ရမှာဖြစ်ကြောင်း စသည်ဖြင့် ဆိုလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် သာယာသည့်ဘဝ၊ ငြိမ်းချမ်းသည့်ဘဝ၊ အပြစ်ကင်းသည့်ဘဝ စသည်ဖြင့် ဘဝအမျိုးမျိုးကို နည်းအမျိုးမျိုးဖြင့် တည်ဆောက်ကြသူများသည် မိမိတို့၏ ဘဝတွင် အမှန်ပင် ငြိမ်းချမ်းသည့် ဘဝတစ်ခု၊ သာယာသည့် ဘဝတစ်ခု၊ အပြစ်ကင်းသည့် ဘဝတစ်ခုကို တည်ဆောက်နိုင်ရန် ကာယအား၊ ဓနအား၊ ဂုဏ်ပကာသန အားများထက် ဓမ္မအားကို အသုံးပြုကာ ဓမ္မအားဖြင့် အားပြုပြီး ဓမ္မကို အခြေခံသည့် ဘဝအဖြစ် တည်ဆောက်ကြရမည် ဖြစ်သဖြင့် ဘဝကို ဓမ္မဖြင့် တည်ဆောက်နိုင်အောင်သာ ကြိုးစားသင့်ပါကြောင်း အသိပေး တိုက်တွန်းရင်း လက်တွေ့ဘဝကို ဓမ္မဖြင့်တွဲကာ ဖန်တီးတည်ဆောက်နိုင်ကြစေရန်လည်း ဆန္ဒပြုလိုက်ရပါသည်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ