လွှတ်သော်လည်း မလွတ်သေးပါက

"သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊
သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ ဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊
မတ်ပေါင်းရံလျှက်၊ ပျော်စံရိပ်ငြိမ်၊
စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊
သမုဒ္ဒရာ၊ ရေမျက်နှာထက်၊
ခဏတက်သည့်၊
ရေပွက်ပမာ၊ တစ်သက်လျာတည်း။
ကြင်နာသနား၊ ငါ့အားမသတ်၊
ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊
လူတကာတို့၊ ခန္ဓာခိုင်ကျည်၊
အတည်မမြဲ၊ ဖောက်လှဲတတ်သည်၊

မချွတ်စသာ၊ သတ္တ၀ါတည်း။
ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊
ပန်ခဲ့တုံ၏။
ခိုက်ကြုံဝိပါက်၊ သံသာစက်၌၊
ကြိုက်လတ်တွန်မူ၊ တုံ့မယူလို၊
ကြည်ညိုစိတ်သန်၊ သခင်မွန်ကို၊
ချန်ဘိစင်စစ်၊အပြစ်မဲ့ရေး၊
ခွင့်လွှတ်ပေး၏။ သွေးသည် အနိစ္စာ ငါ့ခန္ဓာတည်း။"
(အနန္တသူရိယအမတ်ကြီး)

စာရေးသူ စာသင်သား ဘဝကတည်းက မကြာမကြာ ဆိုလေ့ရှိသည့် ကဗျာအပိုင်းအစလေးမှာ “သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊ သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း” ဟူသော အနန္တသူရိယ အမတ်ကြီး၏ မျက်ဖြေလင်္ကာလေးမှ တစ်စိတ်တစ်ဒေသပင် ဖြစ်၏။ လက်တွေ့အားဖြင့်လည်း လောကတွင် တစ်စုံတစ်ယောက် ကြီးပွားတိုးတက်ရေးအတွက် တစ်စုံတစ်ယောက်မှာ တစ်နည်းနည်းဖြင့် ပျက်စီးသွားကြသည့် အဖြစ်အပျက်လေးများကို တိုက်တိုက်ဆိုင်ဆိုင် ကြုံတွေ့နေဖူးသဖြင့် ထိုအဖြစ်အပျက်လေးများကို သတိရတိုင်း ထိုကဗျာအပိုင်းအစလေးကို ရေရွတ်မိတတ်ခြင်း ဖြစ်ပါ၏။ စာရေးသူကား ထိုအပိုင်းအစလေးကိုသာ လိုရာဆွဲယူ အသုံးပြုထားသော်လည်း ထိုကဗျာလင်္ကာ တစ်ပုဒ်လုံး၏ အဓိပ္ပါယ်မှာ နက်ရှိုင်းလှ၏။ ဆိုလိုရင်းမှာ သံဝေဂယူဖွယ် ကောင်းလွန်းလှ၏။

စာပေလောကတွင် ဤကဗျာလင်္ကာနှင့် ပတ်သက်၍ အနန္တသူရိယ အမတ်ကြီး၏ မျက်ဖြေလင်္ကာအဖြစ် တင်စားလေ့ရှိကြ၏။ အနန္တသူရိယ အမတ်ကြီးသည် နရပတိစည်သူမင်း၏ အမိန့်ဖြင့် ပြည်နှင်ဒဏ်အပေးခံရကာ အသက်ကို စတေးသွားရခါနီး အချိန်တွင် အထက်ပါ မျက်ဖြေလင်္ကာကို ရေးသားကာ ဘုရင့်ထံ အပ်နှံခဲ့ခြင်း ဖြစ်၏။ အမတ်ကြီး၏ ရသမြောက်သည့် ထိုရင်ဖွင့်ချက်တွင် လောကဓမ္မတာနှင့် ဓမ္မသဘာဝကို အထင်အရှားတွေ့မြင်ရ၏။ ခွင့်လွှတ်ခြင်းနှင့် မိမိကိုယ်ကို အမျက်ဖြေခြင်းကို ဂုဏ်မြောက်အောင် ထုတ်ဖော်နိုင်ခဲ့၏။ ဤလင်္ကာနှင့် ပတ်သက်၍ ဘာသာတရား ရှုထောင့်ကကြည့်ကာ စာရေးသူ ခံစားမိသည့် ကောက်ချက်တစ်ခုမှာ “တစ်စုံတစ်ယောက်က တစ်စုံတစ်ဦးကို မသတ်ဘဲ လွှတ်လိုက်သော်လည်း ရုပ်နာမ်နှစ်ခု ခန္ဓာအစုကို ပိုင်ဆိုင်ထားသည့် သတ္တဝါတစ်စုအတွက် သေခြင်းတရားက အချိန်တန်လျင် လွှတ်သော်လည်း မလွတ်နိုင်ဘဲ ရောက်လာမည်သာ ဖြစ်သည်”ဟူသည့် မှတ်ချက်ပင်ဖြစ်၏။

မှန်၏။ လောကတွင် သတ္တဝါမှန်သမျှ မွေးပြီးလျှင် သေကြရမည်သာ ဖြစ်၏။ သေခြင်း၏အစသည် မွေးခြင်းသာ ဖြစ်၏။ မွေးလာလျှင် သေကြရမည် ဖြစ်သဖြင့် ထိုသေခြင်းတရားသည် သတ္တဝါတိုင်းအတွက် ဘဝတစ်ခုတွင် မဖြစ်မနေ ကြုံတွေ့နေကြမည်သာ ဖြစ်၏။ အချိန်တန်၍ သေခြင်းတရား ရောက်လာပါက မည်သည့်နေရာတွင် မည်သို့ပင် ရှောင်တိမ်းနေသော်လည်း မလွှတ်နိုင်သည်မှာ အသေအချာပင် ဖြစ်၏။ သေရမည်ကို ကြောက်သဖြင့် ထိုသေခြင်းတရားကလွတ်အောင် အမျိုးမျိုး ရှောင်တိမ်းနေသော်လည်း ကံကုန်လျှင်ကား မည်သို့မျှ ရှောင်၍ရမည် မဟုတ်လှပေ။ အချိန်မတန်သေးသဖြင့် သေခြင်းတရားမှ တစ်ကြိမ်နှစ်ကြိမ် လွတ်ကောင်းလွတ်နိုင်သော်လည်း ထိုလွတ်ခြင်းသည် အစဉ်ထာဝရ လွတ်ခြင်းမဟုတ်နိုင်ပေ။ အပြင်ရန်သူတစ်ဦးဦးနှင့် ကြုံတွေ့သဖြင့် ထိုသူများက မိမိ၏ အသက်အန္တရာယ်မှ လွတ်မြောက်အောင် လွှတ်ပေးကောင်း လွှတ်ပေးနိုင်သော်လည်း မိမိကိုယ်တိုင်က ကိလေသာတရားများမှ အမှန်တကယ် မလွတ်သေးပါက မည်သူက မည်မျှပင် လွှတ်ပေးစေကာမူ မလွတ်သေးသည်သာ ဖြစ်ပါ၏။ မိမိကိုယ်တိုင် ကိလေသာတရားများမှ လွတ်အောင်ကြိုးစားနိုင်မှသာ အမှန်တကယ် လွတ်နိုင်ကြမည်သာ ဖြစ်ပါ၏။

စင်စစ် ဘဝတစ်ခု၏ အစသည် ဇာတိဟူသည့် ပဋိသန္ဓေနေခြင်းဖြစ်ပြီး ထိုဇာတိ၏နောက်တွင် မဖောက်မပျက်ဘဲ ရောက်လာနေမည်ကား ဇရာဟူသည့် အိုခြင်းတရား၊ ဗျာဓိဟူသည့် နာခြင်းတရားနှင့် မရဏဟူသည့် သေခြင်းတရားများပင် ဖြစ်၏။ မရဏာနုဿတိ ကမ္မဋ္ဌာန်းတွင် သေခြင်းတရားနှင့် ပတ်သက်၍ “မရဏံ မေ ဓုဝံ၊ ဇီဝိတံ အဓုဝံ၊ ငါ့အားသေခြင်းတရားသည် မြဲသောသဘောရှိ၏၊ အသက်ရှင်ခြင်းသည် မမြဲသော သဘောရှိ၏။ မရဏံ မေ ဘဝိဿတိ၊ ဇီဝိတံ ဥပစ္ဆိဇ္ဇတိ- ငါ့အားသေခြင်းတရားသည် ဖြစ်လတ္တံ့၊ အသက်ရှင်ခြင်းသည် ပြတ်လတ္တံ့” စသည်ဖြင့် ဆင်ခြင်ရမည့် နည်းလမ်းများကို ညွှန်ပြထား၏။ ဘဝအဖန်ဖန်တွင် အကြိမ်အကြိမ်မွေးဖွားပြီး အကြိမ်ကြိမ် သေခဲ့ကြရပြီးသည့် သတ္တဝါများအနေဖြင့် ဘဝတစ်ခုတွင် ဇာတိဖြစ်လာပြီးနောက် မရဏတရားကား ဧကန်မုချ အချိန်မရွေး ရောက်လာနေမည်သာ ဖြစ်သဖြင့် သေခြင်းသည် မြဲသည့်သဘောရှိပြီး အသက်ရှင်ခြင်းသည် မမြဲသည့်သဘောရှိ၏။ ထိုသဘောများ ရှိနေသဖြင့် ဘဝတစ်ခုတွင် သေဘေးမှ မည်မျှပင် လွတ်လာခဲ့သည်ဟု ဆိုငြားသော်လည်း နောက်ဆုံးတွင်ကား သေခြင်းနှင့်ပင် အဆုံးသတ်သွားကြသည်သာ ဖြစ်၏။

အရင်းစစ်သော် အတွင်းကိလေသာ တရားများ မသေသေးသမျှ ဘဝမှာ အကြိမ်ပေါင်းများစွာ မည်မျှပင် သေနေငြားလည်း နောက်ထပ်ရှင်သန်မှုကား ရှိနေကြဦးမည်သာ ဖြစ်၏။ ဘဝအသစ် တစ်ဖန်ဖြစ်နေကြဦးမည်သာ ဖြစ်၏။ ဘဝအသစ်ရှိနေလျှင် နောက်ဆက်တွဲ အနေဖြင့် အိုခြင်းတရား၊ နာခြင်းတရား၊ သေခြင်းတရားများလည်း အစဉ်အမြဲ ရောက်လာနေမြဲသာ ဖြစ်၏။ ထို့ကြောင့် အတွင်းကိလေသာ မသေသေးဘဲ အပြင်ရုပ်နာမ်များ သေအောင်ကြိုးစားနေခြင်း၊ ရရှိထားသည့် ယခုဘဝ အသက်ရှင်နေရမှုမှ သေမည်ကို ကြောက်သဖြင့် လွတ်မြောက်မှုရအောင် ကြိုးစားနေခြင်းများသည်လည်း တစ်ဘဝတစ်နပ်စာ အဖြစ်သာ ရကောင်းရနိုင်သော်လည်း သံသရာအဆက်ဆက်တွင်ကား အသေဆက်နေကြမည်သာ ဖြစ်၏။ ကိလေသာတရားများမှ မလွတ်ကင်းသေးသမျှ သေကြေပျက်စီးမှုများမှ တစ်ဘဝတစ်နပ်စာ လွတ်အောင်ကြိုးစားသဖြင့် ကံကောင်းထောက်မစွာ လွတ်ပင်လွတ်ငြားသော်လည်း အချိန်တန်လျင်ကား ဧကန်မုချ တွေ့ကြုံနေကြရမည်သာ ဖြစ်၏။

သို့ဆိုလျင် ကိလေသာတရားများမှ အမှန်မလွတ်သေးဘဲ တဒင်္ဂအခိုက်အတန့် ချမ်းသာစေရေး၊ တဒင်္ဂအခိုက်အတန့် လွတ်မြောက်စေရေး အလေးပေးကာ ကိုယ်ကျင့်တရားများ ဖောက်ပြန်သည်အထိ၊ ဒုစရိုက်အမှုများ ကျူးလွန်သည်အထိ ကြိုးစားလုပ်ဆောင်နေကြသည့် သတ္တဝါများ၏ လုပ်ရပ်များသည် အမှန်တကယ်ချမ်းသာရေး၊ လွတ်မြောက်ရေး မဟုတ်ဘဲ သံသရာအဆက်ဆက် ဆင်းရဲစေမှု၊ ဘဝမှာ အဖန်ဖန်သေရမှု စသည်တို့ကိုသာ ဖြစ်စေသည်မှာ အထင်အရှားပင် ဖြစ်၏။ မိမိကိုယ်တိုင်က ကိလေသာတရာများမှ မလွတ်မြောက်သေးဘဲ တစ်စုံတစ်ယောက်၊ တစ်စုတစ်ခုထံမှ တဒင်္ဂအခိုက်အတန့် လွတ်မြောက်မှုရရေးအတွက် နည်းအမျိုးမျိုးဖြင့် ကြိုးစားနေကြခြင်းသည် အမှန်တကယ် အကျိုးမပြီး အချည်းနှီးသာ ဖြစ်စေမည်မှာ အသေအချာပင် ဖြစ်၏။

အကောင်းဆုံးနည်းမှာ မည်သူလွှတ်သည်ဖြစ်စေ၊ မလွှတ်သည်ဖြစ်စေ၊ မည်သူကြောင့် လွတ်သည်ဖြစ်စေ၊ မလွတ်သည်ဖြစ်စေ မိမိကိုယ်တိုင်သာ ကိလေသာတရားများမှ အမှန်လွတ်မြောက်နိုင်အောင် ကြိုးစားခြင်းသည်သာ အကောင်းဆုံးဖြစ်၏။ တဒင်္ဂအခိုက်အတန့် မဆိုထားနှင့် အသက်ဘေးနှင့် ယှဉ်လာလျင်ပင် အသက်ရှင်ရေးအတွက် အကျင့်သိက္ခာများ ပျက်ပြားသည်အထိ ရေလိုက်လွဲမှု မဖြစ်စေဘဲ အဖန်ဖန် သေခဲ့ရသည့် သံသရာဘဝါဘဝများကို ပြန်လည်စဉ်းစား ဆင်ခြင်ကာ အသက်နှင့် အကျင့်ယှဉ်လာလျင် အကျင့်တရားကို ဦးစားပေးနိုင်အောင် ကြိုးစားသင့်ပေ၏။ တစ်ဘဝ တစ်နှပ်စာ ရှင်သန်ရေးထက် သံသရာဘဝ အများ၌ ရှင်သန်နေရေးကို ဦးစားပေးသင့်ပေ၏။ အကျင့်တရားဖြင့် လွတ်မြောက်မှုကို အခြေတည်ကာ အဆုံးစွန်လွတ်မြောက်ရေးအတွက် ကိလေသာတရားများမှ လွတ်မြောက်ရန်အထိ ကြိုးစားအားထုတ်သင့်ပေ၏။ အခိုက်အတန့် လွတ်ရေးထက် အဆုံးစွန် လွတ်မြောက်ရေးကို အလေးပေးသင့်ပေ၏။

ထို့ကြောင့် လောကသားများ အနေဖြင့် အနန္တသူရိယ အမတ်ကြီး စဉ်းစားဆင်ခြင်သကဲ့သို့ ဘဝတွင် တစ်စုံတစ်ယောက်က တစ်ကြိမ်တစ်ခါ လွတ်မြောက်မှုအတွက် လွှတ်ပေးတတ်သော်လည်း မိမိကိုယ်တိုင်က ကိလေသာအစုများကြောင့် ရုပ်နာမ်နှစ်ခု၏ အနှောင်အဖွဲ့မှ မလွတ်မြောက်သေးပါက မည်သူက လွတ်အောင်လွတ်သော်လည်း အမှန်တကယ် လွတ်မြောက်မှုမျိုး မဖြစ်နိုင်သဖြင့် တဒင်္ဂအခိုက်အတန့် လွတ်မြောက်ရေးကို ဦးစားပေးကာ အကျင့်တရားဖောက်ပြားမှု၊ ဒုစရိုက်အမှု ကျူးလွန်မှုများအထိ မဖြစ်ကြစေဘဲ အမှန်တကယ် လွတ်မြောက်စေမှုကို ဖြစ်စေသည့် ကိလေသာတရားများ၏ ကုန်ဆုံးရာလမ်းစဉ်ကိုသာ တရားအလုပ် ကြိုးစားအားထုတ်ရင်းဖြင့် လိုရာပန်းတိုင်ကို အရောက်လှမ်းကိုင်ကြရမှာ ဖြစ်သဖြင့် မည်သူလွှတ်သည်ဖြစ်စေ၊ မလွှတ်သည်ဖြစ်စေ မိမိကိုယ်တိုင်သာ ကိလေသာ အနှောင်အဖွဲ့များမှ လွတ်အောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း အသိပေးတိုက်တွန်းလိုက်ရပါသည်။

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ