ဖောက်ပြန်ခြင်းနှင့် ဖောက်ဖျက်ခြင်း

ဖောက်ပြန်ခြင်း၊ ဖောက်ဖျက်ခြင်းဟူသော စကားများတွင် ယေဘုယျအားဖြင့် ဖောက်ပြန်ခြင်းသည် အလိုအလျောက် သဘာဝအတိုင်း ဖြစ်ပေါ်လာသည့် သဘောကိုဆောင်ပြီး ဖောက်ဖျက်ခြင်းသည်ကား လုံ့လပယောဂပြုမှု သဘောကိုဆောင်၏။ တစ်နည်းအားဖြင့် ဖောက်ပြန်ခြင်းသည် အကျိုးရလာဘ်တစ်ခုခု အသွင်ကိုဆောင်ပြီး ဖောက်ဖျက်ခြင်းသည်ကား အကြောင်းဖန်တီးမှု တစ်ခုခုကို ညွန်းဆို၏။ တစ်နည်းအားဖြင့် ဖောက်ပြန်ခြင်းသည် ဖောက်ဖျက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် အကြောင်းကြောင့် အကျိုးဖြစ်ပေါ်ခြင်း သဘောမျိုးဟု ဆိုလိုက ဆိုနိုင်မည်ဖြစ်၏။ မည်သို့ပင်ဆိုစေ ထိုဖောက်ပြန်ခြင်းနှင့် ဖောက်ဖျက်ခြင်းနှစ်မျိုးလုံးသည့် မကောင်းသည့် အရာများသာ ဖြစ်နေပေ၏။ ဖောက်ပြန်လျင်လည်း မကောင်းသကဲ့သို့ ဖောက်ဖျက်လျင်လည်း မကောင်းသည်သာ ဖြစ်၏။ ဖောက်ပြန်ခြင်းဟူသော ထိုစကားကို စာသံပေသံဖြင့် ပြောဆိုသော် ဝိပတ္တိဟူသော စကားဖြင့် ပြောဆိုနိုင်မည်ဖြစ်၏။ ဝိပတ္တိဟုဆိုလျှင် မြန်မာဗုဒ္ဓဘာသာ အားလုံးနီးပါး ရင်းနှီးပြီးသား၊ သိပြီးသား စကားပင်ဖြစ်၏။ ရှိခိုးကန်တော့နေကျ သြကာသ ကန်တော့ချိုး၏ ဆုတောင်းပိုင်းတွင် ပါဝင်နေသည့် စကားလုံးဖြစ်၍လည်း အပြည့်အစုံမသိသော်လည်း အလွန်စိမ်းနေသည့် စကားမဟုတ်သည်ကား သေချာလှ၏။

မြန်မာအများ မရလို၊ မတွေ့လိုလှသည့် ဖောက်ပြန်ခြင်းခေါ် ထိုဝိပတ္တိတရားသည် အရေအတွက်အားဖြင့် (၄)ပါးရှိ၏။ ထိုလေးပါးမှာ
၁။ ဂတိဝိပတ္တိ = လားရာဂတိဖောက်ပြန်ခြင်း (မကောင်းသည့် ဘုံဘဝ၌ဖြစ်ခြင်း)
၂။ ဥပဓိဝိပတ္တိ = ဥပဓိရုပ်ဖောက်ပြန်ခြင်း (ရုပ်ဆင်းအင်္ဂါချို့ယွင်း ပျက်စီးခြင်း)
၃။ ကာလ၀ိပတ္တိ = ခေတ်ကာလဖောက်ပြန်ခြင်း (တရားဖြင့် အုပ်ချုပ်မှု ကင်းမဲ့သည့် အချိန်ကာလ၌ဖြစ်ခြင်း)
၎။ ပယောဂ၀ိပတ္တိ= လုပ်ဆောင်အားထုတ်မှု မမှန်မကန် ဖောက်ပြန်ခြင်း ( လုပ်မှားကိုင်မှားဖြစ်ခြင်း၊ အပြစ်ကျူးလွန်မိခြင်း၊ မကောင်းမှု အကုသိုလ်ဖြင့်သာ အသက်မွေးမှု ပြုနေရခြင်း) တို့ပင် ဖြစ်၏။

ဤဖောက်ပြန်ခြင်းများသည် သတ္တဝါတိုင်း မတွေ့ချင်၊ မမြင်ချင်၊ မရချင်သည့် အရာများပင် ဖြစ်၏။ မည်သူမဆို မကောင်းသည့် ဘုံဘဝတွင် ဖြစ်ကြရမည်ကို မလိုလားကြသကဲ့သို့ ဖြစ်ရာဘဝတွင်လည်း ရုပ်အဆင်းအင်္ဂါ မလှမပ ချို့တဲ့ကြမည်ကို မလိုလားကြပေ။ ထို့အတူ မင်းမဲ့စရိုက်ဖြစ်နေပြီး တရားမဲ့နေသည့် တိုင်းပြည်နိုင်ငံ၊ ခေတ်ကာလ အခြေအနေမျိုးကိုလည်း အလိုမရှိကြသကဲ့သို့ မိမိတို့ မလုပ်ချင်သည့်၊ လုပ်သင့်သည့်အရာကို မလုပ်ရဘဲ မလုပ်သင့်သည့် အရာမျိုးကို လုပ်နေရခြင်းမျိုးကိုလည်း အလိုရှိကြမည် မဟုတ်လှပေ။ အချုပ်ပြောရလျှင် မည်ကဲ့သို့သော ဝိပတ္တိမျိုးကိုမျှ အလိုမရှိကြခြင်းပင် ဖြစ်၏။ ထို့ကြောင့်လည်း ကောင်းမှုအစုလေးများကိုပြုတိုင်း ဤအကျိုးကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျသနတရား ငါးပါးတို့မှ ကင်းပါရစေကြောင်း စသည်ဖြင့် ဆုမွန်ကောင်းများ တောင်းနေကြခြင်း ဖြစ်၏။

ဤနေရာ၌ တောင်းဆုချွေကြသည်ဟု စကားအဖြစ် ဆိုလိုက်ရသော်လည်း ဝိပတ္တိဟူသော ဖောက်ပြန်ခြင်း တရားများက ဆုတောင်းနေရုံဖြင့် ရောက်မလာသည့် တရားများကား မဟုတ်လှပေ။ ရှောင်ကြဉ်မှသာ ပျောက်စေပါသည့် တရားများ ဖြစ်ပါ၏။ ဖောက်ပြန်ခြင်းကို မလိုလျှင် ဖောက်ဖျက်ခြင်းကို မပြုမှသာ ရောက်မလာဘဲ ပျောက်ပျက်စေသည့် တရားများ ဖြစ်၏။ ဖောက်ပြန်ခြင်းဟူသော အကျိုးရလာဘ်ကို မလိုချင်လျှင် ဖောက်ဖျက်ခြင်းဟူသော အကြောင်းတရားကို ကောင်းသွားစေရန် ထိန်းသိမ်းစောင့်ရှောက်ကြရမည်သာ ဖြစ်၏။ ဖောက်ဖျက်လျှင် ပျောက်ပျက်မည်ဖြစ်ပြီး ပျောက်ပျက်ခြင်းသည် ဖောက်ပြန်ခြင်းပင် ဖြစ်သဖြင့် မဖောက်ဖျက်မိစေရန် မိမိတို့၏ ကိုယ်နှုတ်နှလုံးကို စောင့်ကျက်ကြရမည်သာ ဖြစ်၏။

ဝိပတ္တိတရားလေးပါးတို့တွင် လားရာဂတိ ဖောက်ပြန်ခြင်းသည် အပါယ်လေးဘုံ၌ ဖြစ်ကြရခြင်းကို ဆိုလို၏။ ထိုသို့အပါယ်လေးဘုံ၌ ကျရောက်ရခြင်းကိုပင် ဂတိဖောက်ပြန်ခြင်းဟုဆိုသဖြင့် အပါယ်လေးပါးလားရခြင်း၏ အကြောင်းကိုလည်း ကောင်းစွာသိရှိနိုင်မည်ဖြစ်၏။ မကောင်းသည့် ဘုံဘဝတွင် ဖြစ်ရခြင်းသည် မကောင်းသည့် လုပ်ရပ်ကြောင့် ဖြစ်သည်မှာ အထင်အရှားပင် ဖြစ်၏။ အထူးသဖြင့် လားရာဂတိ မကောင်းခြင်းသည် မကောင်းသည့် ဒုစရိုက်အမှုများကြောင့်ပင် ဖြစ်၏။ မကောင်းသည့် ကာယဒုစရိုက်အမှုများ၊ မကောင်းသည့် ဝစီဒုစရိုက်အမှုများ၊ မကောင်းသည့် မနောဒုစရိုက်အမှုများက ပြုလုပ်သူကို မကောင်းသည့် ဘုံဘဝသို့ရောက်အောင် သက်ရောက်မှုကို ဖြစ်စေနိုင်၏။ ထိုသက်ရောက်မှုအား အရင်းစစ်သော် မိမိကိုယ်တိုင် လုပ်ခဲ့သည့် မိမိ၏ လုပ်ရပ်ကြောင့်ပင်ဖြစ်၏။ မိမိက ဖောက်ဖျက်မိသဖြင့် မိမိဘဝသည်လည်း ဖောက်ပြန်ခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ဂတိဖောက်ပြန်ခြင်းသည် မိမိကိုယ်တိုင် မကောင်းသည့် ဒုစရိုက်အမှု၊ အလုပ်အကိုင်များတွင် ဖောက်ပြန်စွာ လုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဆိုခြင်းဖြစ်၏။

ထို့အတူ ရုပ်အဆင်းအင်္ဂါ ချို့ယွင်းခြင်း၊ ဖောက်ပြန်ခြင်းဟူသည့် ဥပဓိဝိပတ္တိသည်လည်း ပြုလုပ်သူ၏ ဖောက်ဖျက်ခြင်းကြောင့် ရရှိလာသည့် အကျိုးရလာဘ် တစ်ခုပင်ဖြစ်၏။ ဥပဓိဖောက်ပြန်မှုကို ဖြစ်စေသည့် မိမိ၏ ဖောက်ပြန်သည့် အလုပ်များကြောင့် ထိုအလုပ်များနှင့်အညီ တူသောအကျိုးကို ပေးလာခြင်း သဘောပင် ဖြစ်၏။ ရုပ်အဆင်းအင်္ဂါ လှပပြည့်စုံမှုမရှိ၊ ချို့ယွင်းချက်အတိ ဖြစ်နေကြသည့် သူအချို့ကို ကြည့်ပါက ထိုသူများ၏ အတိတ်က ဖောက်ဖျက်ခဲ့သည့် လုပ်ရပ်များကို အလွယ်တကူ သိရှိနိုင်ကြမည် ဖြစ်၏။ ကံတရား၏သဘောသည် နားရွတ်ပြတ်အောင် လုပ်ခဲ့သူအား နားရွတ်ပြတ်စေသည့် တန်ပြန်သက်ရောက်မှု၊ မျက်စိကန်းအောင် လုပ်ခဲ့သူအား မျက်စိမမြင်မှု၊ ကိုယ်လက်အင်္ဂါ ချို့တဲ့အောင် လုပ်ခဲ့သူအား ကိုယ်လက်အင်္ဂါ မပြည်စုံမှု စသည်ဖြင့် မိမိကိုယ်တိုင် လုပ်ဆောင်ခဲ့သည့် လုပ်ရပ်နှင့်ညီစွာ တူညီသည့် အကျိုးသက်ရောက်မှုကို ဖြစ်စေသည့် သဘောရှိ၏။ ရုပ်အဆင်းအင်္ဂါ ချို့ယွင်းခြင်းဟူသည့် ဖောက်ပြန်ခြင်းသည် ထိုသို့ဖြစ်အောင် လုပ်ဆောင်ခဲ့သည့် ပြုလုပ်သူ၏ အကျင့်သီလ ဖောက်ဖျက်ခြင်းကြောင့်ပင် ဖြစ်၏။ ထို့ကြောင့်ပင် ဤလောကကြီး၌ လူချင်းတူသော်လည်း လူစဉ်မမီသူများ၊ ကိုယ်လက်အင်္ဂါ မပြည့်စုံသူများ စသည်ဖြင့် တွေ့နေကြရခြင်း ဖြစ်၏။ ဤသည်မှာ မိမိကိုယ်တိုင် ဖောက်ဖျက်ခဲ့သည့် လုပ်ရပ်များ၏ ဖောက်ပြန်သည့် အကျိုးဆက်များပင် ဖြစ်၏။

ခေတ်ကာလ ဖောက်ပြန်ခြင်းသည်လည်း ထိုနည်းအတူပင်ဖြစ်၏။ ဖောက်ပြန်နေသည့် ခေတ်ကာလတွင် လူလာဖြစ်ရပြီး၊ အဆိုးဆုံးအခြေအနေ၊ အဆုံးဆုံးနေရာ၊ အဆိုးဆုံး သူများ၏ အုပ်ချုပ်မှုအောက်တွင် ဖြစ်နေရခြင်းကပင် မိမိ၏ ကာလဖောက်ပြန်ခြင်း ကာလဝိပတ္တိ၏ သဘောပင် ဖြစ်၏။ သံသရာအဆက်ဆက် ခေတ်အဆက်ဆက် ကျင်လည်ခဲ့ကြရသော်လည်း ထိုခေတ်ကောင်းသံသရာကောင်း ဘဝကောင်းတွင် ရသင့် ရထိုက်သည့်တရား၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဘဝတွင် မရမဖြစ်ခဲ့ခြင်းကပင် မိမိ၏ အကြောင်းတရား ဖောက်ဖျက်သွားခြင်း ဖြစ်ပြီး ထိုဖောက်ဖျက်မှုကပင် မကောင်းသည့်ခေတ်ကာလ အနေအထားတွင် ဘဝသစ်ကို ဖြစ်စေခြင်းဟူသည့် ဖောက်ပြန်မှု အကျိုးဆက်ကို ဖြစ်ပွားစေခဲ့ခြင်း ဖြစ်၏။ လုပ်ရပ်မှန်ကန်၊ အကျင့်မှန်ကန်ပြီး အသိမှန်ကန်ခဲ့သူများကား လုပ်သင့်လုပ်ထိုက်သည့် အလုပ်များကို ဖောက်ဖျက်ကျူးလွန်မှု မရှိဘဲ လုပ်ဆောင်ခဲ့ကြသဖြင့် ဘဝကောင်းပြီး ခေတ်ကောင်းကြုံကြရသော်လည်း အချို့အချို့သည်ကား ခေတ်ဆိုးစနစ်ဆိုး၊ အရပ်ဆိုး၊ ပုဂ္ဂိုလ်ဆိုးပြီး အဓမ္မဝါဒ လွှမ်းမိုးမှုအောက်တွင်ရောက်ကာ ကောင်းမှုကုသိုလ်နှင့် ဝေးကြရသည့် အခါကာလတွင် ခေတ်ဖောက်ပြန်ခြင်းနှင့် ကြုံကြရသည်များလည်း ရှိတတ်၏။ ဤသဘောသည်လည်း မိမိ၏ ဘဝတစ်ခုခုတွင် မိမိကိုယ်တိုင် လုပ်ဆောင်ခဲ့သည့် မကောင်းသည့် အကုသိုလ် လုပ်ရပ်များကြောင့် ဖြစ်ပေါ်ခဲ့သည့် ကာလဝိပတ္တိ၏ သဘောပင် ဖြစ်၏။

စတုတ္ထမြောက် ဖောက်ပြန်ခြင်းဖြစ်သည့် ပယောဂဝိပတ္တိခေါ် လုပ်ဆောင်အားထုတ်မှု မမှန်မကန် ဖောက်ပြန်ခြင်း သည်လည်း သတ္တဝါများ မလိုလားသည့် ဝိပတ္တိတစ်မျိုးပင် ဖြစ်၏။ ပယောဂဝိပတ္တိ၏ သဘောသည် အလွန်ကျယ်ပြန့်လှ၏။ ပယောဂဟူသော စကားလုံး၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ လုံ့လအားထုတ်မှု လုပ်ဆောင်ချက် ဟူသော အဓိပ္ပါယ်မျိုးဖြစ်ပြီး ထိုလုပ်ဆောင်ချက် ဖောက်ပြန်ခြင်းကိုပင် ပယောဂဝိပတ္တိဟု ဆိုခြင်းဖြစ်၏။ လုပ်ဆောင်ချက် ဖောက်ပြန်ခြင်း၊ မမှန်ကန်ခြင်းဟူသည်မှာလည်း လုပ်သင့်လုပ်ထိုက်သည့် ကောင်းသည့်၊ အပြစ်မရှိသည့် အလုပ်များကို လုပ်ခွင့်မရဘဲ အပြစ်နှင့်တကွ ဖြစ်နေသည့် မကောင်းသည့် အလုပ်များကို လုပ်ဆောင်နေရခြင်း သဘောမျိုး ဖြစ်၏။ အလွယ်ပြောရလျှင် အခြားကောင်းသည့် အလုပ်များဖြင့် အသက်မွေးဝမ်းကျောင်း မပြုနိုင်ဘဲ မကောင်းမှုဖြင့်သာ အသက်မွေးဝမ်းကျောင်း ပြုလုပ်နေရသည့် ရွေးချယ်စရာ မရှိသည့် သတ္တဝါများ၏ ဘဝအခြေအနေ လုပ်ဆောင်ချက်များပင် ဖြစ်၏။ လက်တွေ့ဘဝတွင်လည်း အချို့နိုင်ငံ၊ အချို့ဒေသ၊ အချို့လူမျိုးများသည် မကောင်းသည့် အမှားအလုပ်များမှတပါး အခြားရွေးချယ်စရာမရှိသည့် ဘဝမျိုးဖြင့် ဖြတ်သန်းနေကြရသူများ ရှိတတ်၏။ လုပ်သမျှ ကာယကံ၊ ဝစီကံ၊ မနောကံများသည် အပြစ်နှင့်တကွ ဖြစ်နေသည့် မကောင်းသည့် အလုပ်များသာ ဖြစ်နေကြသူများလည်း ရှိတတ်၏။ အချို့လည်း မကောင်းမှုကို မကောင်းမှုဟု မသိဘဲ ပျော်ပျော်ပါးပါးဖြင့် မိမိတို့၏ လုံ့လပယောဂများကို အသုံးချနေကြရသူများလည်း ရှိနေပြန်၏။ မည်သို့ပင် ဖြစ်ပါစေ မိမိ၏ လုပ်ဆောင်အားထုတ်မှု မမှန်မကန် ဖောက်ပြန်ရခြင်းသည် စင်စစ် မိမိကိုယ်တိုင်က ဖောက်ဖျက်ခဲ့ဖူးသည့် အလုပ်များကြောင့် ဖြစ်ပေါ်လာသည့် ဖောက်ပြန်မှုပင် ဖြစ်ပါပေ၏။

အရင်းစစ်သော် ဝိပတ္တိခေါ် ဖောက်ပြန်မှု အားလုံးတို့၏ တရားခံသည် မိမိတို့ ကိုယ်တိုင် မိမိတို့၏ ကိုယ်နှုတ်နှလုံး သုံးမျိုးလုံးကို မကောင်းသည့် အကုသိုလ် ဒုစရိုက်အမှုများတွင် မှားယွင်းစွာ ဖောက်ဖျက်ခဲ့သည့် လုပ်ဆောင်ချက်များကြောင့် ဖြစ်သည်ဟူသည့် အချက်ကို တွေ့သိကြရမည်သာ ဖြစ်၏။ ဖောက်ပြန်ခြင်း အားလုံး၏ အကြောင်းရင်းမှာ ဖောက်ဖျက်ခြင်းကြောင့်သာ ဖြစ်ကြောင်း ကောင်းစွာသိရှိကြရမည် ဖြစ်၏။ ဖောက်ပြန်မှုများနှင့် တွေ့ကြုံနေသမျှ ဖောက်ဖျက်မှုများ၏ အကျိုးဆက်များအဖြစ် သတိသံဝေဂ ယူကြရမည်သာ ဖြစ်၏။ သတိသံဝေဂ ယူပြီးလျှင်လည်း လက်ရှိကြုံတွေ့နိုင်သည့် ဖောက်ပြန်မှုများကို ဓမ္မအားဖြင့် ကျော်လွှားနိုင်အောင် ကြိုးစားကာ နောင်သံသရာတွင် မည်သို့သော ဖောက်ပြန်မှုမျိုးမှ တွေကြုံမှု မရှိနိုင်စေရန် ယခုလက်ရှိ အခြေအနေ၌ မိမိတို့၏ အကျင့်သီလနှင့် လုပ်ဆောင်ချက်များကို ဖောက်ဖျက်မှု မရှိကြရအောင် သတိတရား ဝိရိယအားဖြင့် ထိန်းသိမ်းကြရမည်သာ ဖြစ်၏။

ထို့ကြောင့် ဝိပတ္တိဟူသော ဖောက်ပြန်ခြင်းကို အလိုမရှိကြသော သူများအနေဖြင့် ဖောက်ပြန်ခြင်းဟူသည် ဖောက်ဖျက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် အကျိုးတရားအဖြစ် သတိပြုဆင်ချင်ကာ မိမိတို့ အလိုမရှိအပ်သည့် ဝိပတ္တိတရားများ မိမိတို့ထံသို့ မရောက်လာစေရန် ယခုလက်ရှိ အချိန်မှာပင် မိမိတို့၏ ကာယကံ၊ ဝစီကံ၊ မနောကံများကို အကျင့်တရားပိုင်း၊ လုပ်ဆောင်မှုအပိုင်းနှင့် ကျင့်သုံးမှုအပိုင်းများတွင် မှားယွင်းသည့် ဖောက်ဖျက်မှုမျိုး မဖြစ်အောင် သတိတရားလက်ကိုင်ထားပြီး ထိန်းသိမ်းစောင့်ရှောက်ကြရမည် ဖြစ်ပါကြောင်း အသိပေးတင်ပြရင်း ဖောက်ဖျက်မှုကြောင့် ဖြစ်ပေါ်လာသည့် ဖောက်ပြန်မှုများမှ ရှောင်ကြဉ်ကာ မဖောက်မပြန် မှန်ကန်သည့် လမ်းမှန်ကိုသာ လျှောက်လမ်းကြဖို့ အလေးအနက် တိုက်တွန်းလိုက်ရပါသည်။

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ