Showing posts with label ခရီးသွားမှတ်တမ်း. Show all posts
Showing posts with label ခရီးသွားမှတ်တမ်း. Show all posts

မြန်မာပြည်မှာ (၈)လအကြာ


တစ်ချို့က ဘုန်းဘုန်းအင်တာနက် စာမျက်နှာမှာ ပို့စ်တွေမဖတ်ရလို့ ဘယ်ကြွပြီး ဘာတွေလုပ်နေလဲဆိုတာ ဆက်သွယ် မေးမြန်းလာကြပါတယ်။ ဟုတ်ပါတယ်။ ဘုန်းဘုန်း ပို့စ်မတင်ဖြစ်တာ အတော်ကြာသွားပါပြီ။ အကြောင်းကတော့ မြန်မာပြည် ပြန်ကြွပြီး ရွှေပြည်ကြီးမှာ လုပ်သင့်လုပ်ထိုက်တာတွေ အချိန်ပေးပြီး လုပ်နေရလို့ပဲ ဖြစ်ပါတယ်။ ၂၀၁၂ (၁၁)လပိုင်းလောက်ကတည်း ကိုရီးယားကနေ မြန်မာပြည် ပြန်ကြွသွားလိုက်တာ (၁၉ -၇-၂၀၁၃)ရက်နေ့မှပဲ ကိုရီးယားကို ပြန်ရောက်ဖြစ်ခဲ့ပါတယ်။ ကြားထဲမှာ နှစ်ကြိမ်လောက် ပြန်ရောက်ဖြစ်ပေမယ့် တစ်ပတ်လောက်ပဲ နေဖြစ်ခဲ့ပါတယ်။ အခုတော့ ကိုရီးယားမှာ ဝါဆိုဖို့ ပြန်ရောက်လာခဲ့ပါပြီ။

မြန်မာပြည်မှာ (၈)လလောက် ကြာခဲ့တဲ့အချိန်မှာ အလုပ်တွေကတော့ အများကြီး လုပ်ဖြစ်ခဲ့ပါတယ်။ အဓိကအလုပ်ကတော့ မြန်မာပြည်အနှံ့ နယ်လှည့်တရားပွဲတွေ ဟောဖြစ်ခဲ့တဲ့ အလုပ်ပါ။ အနယ်နယ် အရပ်ရပ်က ပင့်ဖိတ်လာတဲ့ တရားပွဲပေါင်း (၆၀)ကျော်လောက်ကို အလျဉ်းသင့်သလို ကြွရောက်ဟောပြောပေးပြီး ရောက်တဲ့နေရာတိုင်းမှာ တရားပွဲ ဓမ္မပူဇာတွေထဲက အဲဒီ ဒေသမှာရှိတဲ့ လူမှုရေးလုပ်ငန်းတွေ၊ ပရိယတ္တိ စာသင်တိုက်တွေနဲ့ ပရဟိတ လုပ်ငန်းတွေမှာ မျှဝေပြီး လှူဒါန်းဖြစ်ခဲ့သလို တစ်ချို့ဒေသတွေမှာဆိုရင် ကားဆီဖိုးပဲ ပြန်ယူပြီး ရသမျှ ဓမ္မပူဇာအားလုံးကို ပြန်လှူဖြစ်ခဲ့ပါတယ်။ တရားပွဲ အလှူတွေထဲကမှ တစ်ချို့တဝက်ကိုတော့ ပရဟိတကျောင်းဆောက်တဲ့ အထဲမှာ ထည့်ဝင်လှူဒါန်းပြီး အနည်းအကျဉ်းကိုတော့ မနာပဒါယီ ဖောင်ဒေးရှင်း ရံပုံငွေအဖြစ် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီကုသိုလ်တွေနဲ့ပဲ အခုဆိုရင် (၃)ထပ်ကျောင်းကြီးဟာ ပြီးသလောက်ဖြစ်သွားပြီး ပညာဒါန သင်တန်းတွေတောင် စနိုင်ခဲ့တဲ့အထိ ဖြစ်လာခဲ့တာပါ။ တရားနာပရိတ်သတ်ရဲ့ အလှူ၊ ကုသိုလ်ရှင် ဒကာဒကာမအပေါင်းရဲ့ အလှူပဲ ဖြစ်ပါတယ်။ 

တရားပွဲတွေကြွရင်း ကျောင်းပြန်ရောက်တဲ့ အခါမှာ ကျောင်းဆောက်လုပ်ရေး အလုပ်တွေမှာ ညွန်ကြားပြီး တဖက်ကလည်း ဓမ္မစကူးဖောင်ဒေးရှင်းရဲ့ လုပ်ငန်းတွေမှာ အားဖြည့်ဖြစ်ခဲ့ပါတယ်။ ဓမ္မစကူးလ် ဆရာဖြစ်သင်တန်းတွေမှာ ကြွရောက်သြဝါဒပေးရင်း အနာဂတ် မျိုးဆက်သစ်များရဲ့ ဘာသာသာသနာ အရေးတွေမှာ အားပေးလုပ်ဆောင်ဖြစ်ခဲ့ပါတယ်။ ခေတ်ကာလ အနေအထားအရ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအတွက် ခြံခတ်တဲ့အပိုင်းမှာ အပြင်ပိုင်း ဥပဒေများနဲ့ ကာရံပေးရသလို
ဓမ္မစကူးလ်လို ကျောင်းများအမြောက်အများ ပေါ်ထွက်လာအောင် အကောင်အထည် ဖော်ပြီး မျိုးဆက်သစ်များကို ဓမ္မအမွေ အခိုင်အမာပေးကာ သူတို့လေးတွေရဲ့ နှလုံးသားမှာ ဘာသာတရား အဆုံးအမများနဲ့ ကာရံပေးရမှာ ဖြစ်တဲ့အတွက် အခုလို ဓမ္မစကူးလ် ဖောင်ဒေးရှင်းရဲ့ လုပ်ငန်းပိုင်းမှာလည်း ဘုန်းဘုန်းတို့ စွမ်းနိုင်တဲ့အပိုင်းက အားဖြည့်ပေးရခြင်း ဖြစ်ပါတယ်။ 

တစ်ချို့ အရပ်ဒေသ တရားပွဲတွေမှာ ညပိုင်းတရားပွဲတွေအပြင် ညနေပိုင်း ကလေးအထူး တရားပွဲတွေပါ ဟောပေးရတာတွေ ရှိပေမယ့် ပင်ပန်းတယ်လို့ သဘောမထားဘဲ ကလေးတွေအပေါ် အသိတရား မျှဝေပေးခွင့် ရခဲ့တဲ့အတွက် အလွန်ပီတိ ဖြစ်ခဲ့တာတွေလည်း အများကြီး ရှိခဲ့ပါတယ်။ ကလေးတရားပွဲတွေမှာ ကလေးတွေနဲ့ သင့်တော်မယ့် အသုံးအနှုံး ဟောကြားချက်တွေအပြင် ကလေးတွေရဲ့ ရင်တွင်းစကားတွေကိုပါ တိုက်ရိုက်မေးမြန်းစေတဲ့ အမေးအဖြေ အလေ့အကျင့်လေးတွေကိုပါ လုပ်ပေးဖြစ်ခဲ့တဲ့အတွက် ကလေးတွေလည်း ကျေနပ်ကြသလို လူကြီးတွေကလည်း အားရဝမ်းသာ ဖြစ်ကြတာကို တွေ့ခဲ့ရပါတယ်။ ကလေးတရားပွဲတွေမှာ မေးလာကြတဲ့ ကလေးတွေရဲ့ တစ်ချို့မေးခွန်းလေးတွေဟာ လူကြီးတွေတောင် တွေးမထားတဲ့ အမေးလေးတွေ ဖြစ်နေတတ်ပြီး မိဘနဲ့ သားသမီးကြားက အဖုအထစ် ခံစားချက်များကိုပါ မေးဖြေပေးခဲ့ရတဲ့အတွက် မိဘနဲ့ သားသမီးကြားက နားလည်မှုလွဲနေတာလေးတွေကိုပါ ပြန်လည်တည်ဆောက် ပေးနိုင်ခဲ့တဲ့အတွက် အမြတ်ဆုံး အလှူအဖြစ် ရင်ထဲမှာ ပီတိဖြစ်ခဲ့ရပါတယ်။ 
ဒီနှစ် မြန်မာပြည်မှာ (၈)လလောက် အလုပ်တွေ မနားတမ်း လုပ်နေရင်း တဖက်ကလည်း မြန်မာပြည်ရဲ့ အပြောင်းအလဲမှာ အနှောက်အယှက်တွေ ဖြစ်နေတဲ့ ပဋိပက္ခတွေအပေါ်မှာ သတိမပြတ်ရှိနေကာ မြန်မာပြည်ကြီး အခြေအနေ ဆိုးမသွားရအောင် သံဃာတော်များ စည်းဝေးပြီး ငြိမ်းချမ်းရေးအတွက် အဖြေရှာကြတဲ့ ပွဲတွေမှာလည်း တက်ရောက်ဆွေးနွေး ဖြစ်ခဲ့ပါတယ်။ အပြင်ပိုင်းမှာ ဖြစ်နေတဲ့ သတင်းတွေ၊ ပြည်တွင်းပြည်ပ မီဒီယာတွေက ထုတ်လွင့်တဲ့ သတင်းတွေနဲ့ ပြည်တွင်းမှာ တကယ်ဖြစ်ပေါ်နေတဲ့ အခြေအနေကို ပြည်တွင်းမှာ ရောက်ရှိပြီး ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်နေတဲ့ ဘုန်းဘုန်းတို့က ပိုပြီးသိခွင့် ရနေခဲ့ပါတယ်။ သိလို့လည်းပဲ အကျိုးအကြောင်းကောင်းအောင် ဆရာတော်ကြီးများရဲ့နောက်ကလိုက်ပြီး လိုအပ်သလို ပူပေါင်းပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ 

တစ်ခါတလေ မြန်မာ့နိုင်ငံရေး အပြောင်းအလဲမှာ လူ့အခွင့်အရေး အစွဲတွေ၊ နိုင်ငံရေးအစွဲတွေ၊ အမျိုးသားရေးအစွဲတွေ၊ ဘာသာရေးအစွဲတွေ ပုဂ္ဂိုလ်ရေး အစွဲတွေဟာ အမှန်ကို မမြင်ဖြစ်စေတတ်တဲ့အတွက် ပြည်တွင်းမှာ လက်တွေ့လုပ်ဆောင်နေကြတဲ့ မထေရ်ကြီးများ၊ ပညာရှင်များ၊
သူတော်ကောင်းများရဲ့ လုပ်ဆောင်ချက်များအပေါ် အနီးကပ် လေ့လာအကဲခတ်ပြီးမှ ကိုယ့်ဉာဏ်နဲ့ကိုယ် စဉ်းစားဆင်ခြင်ရမယ့် အပိုင်းတွေလည်း အများကြီး ရှိတတ်ပါတယ်။ မမှန်သတင်းတွေမှာ ခံငြင်းနေတာတွေကတော့ ပုထုဇဉ်သဘာဝ ခံပြင်းစရာတွေလည်း ရှိကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဘုန်းဘုန်းတို့ကတော့ ပြည်တွင်းမှာ လက်တွေ့နေထိုင် လုပ်ကိုင်ဆောင်ရွတ်နေတာကြောင့် အမှားအမှန်အပေါ် ဆင်ခြင်ပြီး တိုင်းပြည်အရေး၊ အမျိုးဘာသာ သာသနာအရေးအတွက် စွမ်းနိုင်တဲ့ဘက်ကတော့ လုပ်နေရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီနှစ်ရဲ့ပြည်တော်ပြန် ခရီးမှာ အချိန်အတော်ကြာ နေထိုင်ပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီအလုပ်တွေထဲက အနာဂတ် မျိုးဆက်သစ်များအတွက် ဘုန်းဘုန်းလုပ်နိုင်ဖြစ်ခဲ့တာတွေက အားရစရာဖြစ်ပါတယ်။ လူငယ်လေးတွေအပေါ် ဘာသာရေး အမွေပေးတဲ့ ယဉ်ကျေးလိမ္မာ တရားပွဲတွေ၊ ဓမ္မစကူးလ်ဆရာဖြစ် သင်တန်းသြဝါဒ ပေးတာတွေ၊ လူငယ်များအတွက် ကုသိုလ်လည်းရ ပညာလည်း ရစေမယ့် ဘာသာစကား သင်တန်းတွေ စတာတွေဟာ ရေရှည်မှာ ကိုယ့်အမျိုးဘာသာ သာသနာနဲ့ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်မယ့် အနာဂတ် မျှော်မှန်းချက်များ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီလုပ်ငန်းတွေကို ဘုန်းဘုန်းတို့ ဦးစားပေးပြီး လုပ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် ဘုန်းဘုန်းဆောက်လုပ်နေတဲ့ သုံးထပ်ကျောင်းရဲ့ အောက်ဆုံးထပ် ဟောခန်းကြီးဟာ ဘုန်းဘုန်းကျောင်းမှာ အသုံးပြုဖို့ မဟုတ်ဘဲ မျိုးဆက်သစ်များရဲ့ ပညာရေး အထောက်အပံ့ပေးမယ့် ပညာရေးစင်တာကြီးအဖြစ် တစ်နှစ်လုံးလုံး နားရက်မရှိအောင် ဖွင့်လှစ်ထားနိုင်မှုကတော့ ဘုန်းဘုန်းအဖြစ်ချင်ဆုံး ပရဟိတ အလှူကြီးဖြစ်တဲ့အတွက် အဲဒီအလှူကြီး အကောင်အထည် ဖော်ဖြစ်ခဲ့တာဟာ ဒီနှစ်မြန်မာပြည် ခရီးရဲ့ အကြီးမားဆောင် လုပ်ဆောင်ချက်တစ်ခုလို့တောင် ပြောရမှာ ဖြစ်ပါတယ်။ 


နောက်ဘုန်းဘုန်းကိုယ်တိုင် အကျိုးဆောင်ထားတဲ့ မနာပဒါယီ ဖောင်ဒေးရှင်းရဲ့ လက်တွေ့အကျိုးသက်ရောက်မှုဟာလည်း ဒီနှစ်မှာ ပိုပြီးပီပြင်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီဖောင်ဒေးရှင်းဟာ ဘုန်းဘုန်းရဲ့ တစ်သီးပုဂ္ဂလအလှူတွေ၊ ဓမ္မပူဇာ အလှူတွေထဲက တစ်ချို့ကို မသုံးဘဲ နည်းနည်းစုကာ ဘဏ်မှာအပ်ထားပြီး ပညာရေးအားကောင်းပြီး ဆင်းရဲ့လှတဲ့ ကျောင်းသားတွေကို ကျောင်းပြီးတဲ့အထိ လစဉ်ထောက်ပံ့ပေးတဲ့ ရေရှည်စီမံကိန်း တစ်ခုဖြစ်ပါတယ်။ အခုဆိုရင် ကျောင်းသား(၃)ယောက်ကို လစဉ်ထောက်ပံ့လာတာဟာ တစ်နှစ်နီးပါး ရှိလာပြီဖြစ်ပါတယ်။ ဒါဟာ ဘုန်းဘုန်းအနေနဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ရဲ့ လမ်းစဉ်ကို အတုယူကာ လောကတ္ထစရိယ (လောကကို စောင့်ရှောက်ခြင်း)၊ ဉာတတ္ထစရိယ (အမျိုးကို စောင့်ရှောက်ခြင်း) သဘောမျိုးပဲဖြစ်တဲ့အတွက် အလွန်အကျိုးကြီးတဲ့ အလုပ်အဖြစ် ခံယူလုပ်ဆောင်ပေးခြင်းပဲ ဖြစ်ပါတယ်။ 

ဆိုတော့ကား ဒါဟာ မြန်မာပြည်မှာ (၈)လကြာအောင် ဘာတွေလုပ်နေတာလဲလို့ သိချင်လာကြတဲ့ ဘုန်းဘုန်းရဲ့ စာဖတ်ပရိတ်သတ်များကို ဘုန်းဘုန်းမြန်မာပြည်မှာ ရှိတုန်းဒါတွေ ဒီလိုလုပ်ခဲ့ပါတယ်ဆိုတာ အကျဉ်းမျှ အသိပေး တင်ပြခြင်းဖြစ်ပြီး အခုအချိန်မှာတော့ ကိုရီးယားနိုင်ငံမှာ ပြန်လည်ဝါဆိုရင်း ကိုရီးယားနိုင်ငံသားများနှင့် ကိုရီးယားရောက် မြန်မာများအတွက် တရားဟော၊ တရားပြ စာရေးစာပြ အလုပ်တွေကို ဝါတွင်းသုံးလအတွင်း လုပ်နိုင်သမျှလုပ်ပေးပြီး ဝါကျွတ်တဲ့အခါ မြန်မာပြည်က တရားပွဲတွေကို ပြန်လည်ဟောကြားပေးဖို့ ရွှေပြည်တော်ကို ပြန်ပါမည့်အကြောင်း အသိပေးတင်ပြရခြင်း ဖြစ်ပါတယ်။ အားလုံး ပြုသမျှ ကုသိုလ်ကို ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ကြပါစေ…။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

မြန်မာပြည်မှ ခေတ္တအပြန်…



ကိုရီးယားနိုင်ငံရဲ့ နှစ်သက်ကူး ပိတ်ရက်တွေအတွက် ကိုရီးယားကို တစ်ပတ်ကျော်လောက် ပြန်ရောက်ခဲ့ပြန်ပါတယ်။ မြန်မာပြည် ပြန်ရောက်ကတည်းက နယ်လှည့်တရားပွဲတွေနဲ့ ရာသီဥတု အပြောင်းအလဲတွေကြားမှာ ဟိုပြောင်းဒီပြောင်း နေလာရာက ကိုရီးယား ပြန်ရောက်ရောက်ချင်း လေယာဉ်ကွင်းမှာ ကြိုနေတာက အနှုတ် ၁၅လောက် ဖြစ်နေတဲ့ ကိုရီးယားရဲ့ အအေးနဲ့ အအေးကြားမှာ တိုးတိုက်လာတဲ့ လေကြမ်းကြမ်းတွေပဲ ဖြစ်ပါတယ်။ သင်္ကန်းနဲ့လေနဲ့ဆိုတော့ လေယာဉ်ကွင်းက အထွက်မှာ လွှားလွှားဖြစ်ရင်း အအေးဒဏ်နဲ့ လေဒဏ်တွေကြားမှာ ဖောက်ပြန်နေတဲ့ ခန္ဓာကိုယ်ဟာ ကိုက်ခဲနာကျင်လောက်အောင် ခံစားခဲ့ရပြန်ပါတယ်။ အပြင်ပိုင်းနာကျင်မှုကို အကုသိုလ် ကိလေသာတွေနဲ့ မနာကျင်အောင် ထိန်းသိမ်းရင်း ကျောင်းအရောက် ကားပေါ်မှာ မှေးရင်းပြန်ရောက်ခဲ့ရ ပြန်ပါတယ်။ 

ကိုရီးယားမှာ တစ်ပတ်ကျော်လောက်နေပြီး မြန်မာပြည်ပြန် တရားပွဲတွေ တစ်ကျော့ပြန် ဟောရဦးမှာဖြစ်ပါတယ်။ ဒီနှစ်မြန်မာပြည်ပြန် ခရီးစဉ်တွေကတော့ အနယ်နယ် အရပ်ရပ် တရားပွဲတွေကြောင့် ကားပေါ်မှာပဲ အချိန်ကုန်တာ များခဲ့ပါတယ်။ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာရှိတဲ့ တရားပွဲပေါင်း သုံးလေးဆယ်ကို ကြွပြီးဟောပေးရင်း အဲဒီအရပ်ဒေသ အသီးသီးမှာ ရှိနေတဲ့ လူမှုအဖွဲ့အစည်းတွေ၊ ဘာသာရေး၊ သာရေးနာရေး ပရဟိတ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး တရားပွဲပူဇာတွေရဲ့ တစ်ဝက်ကျော်ကျော်ကို လှူဒါန်းဖြစ်ခဲ့တဲ့ ကုသိုလ်ကတော့ တရားအလှူလည်းဖြစ်၊ အာမိသအလှူလည်း ဖြစ်ခဲ့တဲ့အတွက် ပင်ပန်းပေမယ့် ကုသိုလ်ကတော့ ဖော်မပြနိုင်အောင် အများကြီးရခဲ့တာ ဖြစ်ပါတယ်။ 

ရာသီဥတု အပြောင်းအလဲတွေကြောင့် အဆုတ်အအေးပတ်ပြီး ချောင်းကတော့ မပြတ်ဆိုးနေခဲ့ပါတယ်။ ရသမျှလှူရင်း တရားပွဲက အပြန် တစ်ခါတလေ တစ်ချို့က အရှင်ဘုရား တရားပွဲအလှူတွေနဲ့ အရှင်းဘုရားအတွက်တော့ ဓမ္မပူဇာအများကြီး ကျန်မှာပဲလို့ ပြောလာတဲ့အခါကိုယ့်အတွက် ကျန်တာကတော့ မြင်ရတဲ့အရာဆိုရင်တော့ ချောင်းလေးကျန်ပြီး မမြင်ရတဲ့ အရာကတော့ ကုသိုလ်တွေ ကျန်ပါတယ်လို့ ပြန်ပြောဖြစ်ခဲ့ပါတယ်။

ကုသိုလ်တွေ ကျန်တာကတော့ ဝမ်းသာစရာပါပဲ။ အဲဒီ အများအလှူတွေနဲ့ ချို့တဲ့သူတွေကို ပညာသင်ဆုလေးတွေ ပေးနိုင်၊ ရပ်ကျိုးရွာကျိုးကို ပံ့ပိုးလှူဒါန်းနိုင်၊ ပရဟိတ အဖွဲ့လေးတွေမှာ ထောက်ပံ့ပေးနိုင်ပြီးတော့ ဆောက်လုပ်ဆဲဖြစ်တဲ့ ဘုန်းဘုန်းရဲ့ မနာပဒါယီ ပညာဒါန စကူးလ်မှာ ပြန်ပြီးလှူဒါန်းနိုင်ခဲ့တာဟာ တန်ဘိုးမဖြတ်နိုင်တဲ့ ကုသိုလ်တွေပဲ ဖြစ်ပါတယ်။ မကြာခင် ရန်ကုန်မြို့လယ်မှာ အင်္ဂလိပ်၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ပြင်သစ်၊ ရုရှား၊ စပိန်၊ ဂျာမဏီ၊ ယိုးဒကား၊ မလေးရှားစတဲ့ ဘာသာစကားတွေကို ပညာဒါနပြု သင်ကြားပို့ချပေးမယ့် ကျောင်းတော်ကြီး ဖွင့်လှစ်နိုင်တော့မှာ ဖြစ်သလို၊ ဆယ်တန်းအထူးပြု သင်တန်းတွေနဲ့ အသက်မွေးမှု သင်ထောက်ကူပြု သင်တန်းတွေ အပါအဝင် ဆန်းဒေးဓမ္မစကူးလ်လို၊ အဘိဓမ္မာသင်တန်လို ဘာသာရေးဆိုင်ရာတွေ သင်တန်းတွေကိုလည်း ဖွင့်လှစ်သင်ကြား ပို့ချပေးနိုင်တော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် ဘုန်းဘုန်းရဲ့ ဒီတစ်ခေါက် မြန်မာပြည်မှာ ဖောက်ခဲ့တဲ့ လမ်းတွေကတော့ ဓမ္မလမ်းနဲ့ ပရလမ်းတွေဖြစ်ပြီး ကျန်ခဲ့တာကတော့ မြင်ရကြားရတဲ့ ချောင်းလေးနဲ့ မြင်လို့မရ၊ နှိုင်းလို့မရတဲ့ ကုသိုလ်တွေပဲ ဖြစ်ပါကြောင်း ကိုရီးယားကို ခေတ္တပြန်ရောက်လာတဲ့အကြောင်း အသိပေးရင်း မြန်မာပြည်ရဲ့ အတွေ့အကြုံအကြောင်း တစ်စေ့တစောင်း ဖောက်သည်ချလိုက်ရပါတယ်။

Read more »

ဘုရားရှိနေလို့သာပေါ့


၂၀၁၂ခု ကတော့ ဘုန်းဘုန်းအတွက် အမတန်ကို အလုပ်များပြီး အကျိုးကြီးတဲ့နှစ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ပရဟိတအလုပ်တွေ၊ ဓမ္မဒူတအလုပ်တွေ၊ ကျောင်းအလှူ၊ စာကြည့်တိုက်အလှူ၊ တရားတော်အလှူ စတဲ့ အဘိုးမဖြတ်နိုင်တဲ့ အမြတ်ဆုံး အလှူတွေနဲ့ တကယ့်ကိုပဲ ကုသိုလ်ထူးတွေ လုပ်ဖြစ်နေတော့တာ ဖြစ်ပါတယ်။ လုပ်တဲ့အလုပ်တွေမှာ ပိုပြီးခွန်အားတွေ ဖြစ်စေတဲ့ အချက်တစ်ခုက အဖဘုရား ပွင့်ထွန်းတော်မူရာ မဇ္ဈိမဒေသကို ကြွရောက်ပြီး သံဝေယဇနိယ လေးဌာနအပြင် မမေ့သင့် မမေ့အပ်တဲ့ အမွန်အမြတ် နေရာတွေကိုပါ သွားရောက်ဖူးမျှော်ခွင့် ရခဲ့တဲ့ ကုသိုလ်ထူးပဲ ဖြစ်ပါတယ်။ ဗုဒ္ဓရှင်တော်မြတ် ပွင့်ထွန်းတော်မူခြင်း နှစ် ၂၆၀၀၀ပြည့်နဲ့လည်း ကြုံကြိုက်နေတဲ့အတွက် ဗုဒ္ဓဘုရားရှင်ရဲ့ ထူးခြားဖြစ်စဉ် နေရာဒေသတွေကို ရောက်တိုင်းရောက်တိုင်း အနိုင်းမဲ့ဘုရားရှင်ရဲ့ မဟာကရုဏာတော်တွေ၊ မေတ္တာတော်တွေ၊ မနားမနေ အလုပ်တွေ လုပ်တော်မူခဲ့တာတွေကို အာရုံပြု ကြည်ညိုရင်း ဘုရားရှင်လောက် မလုပ်နိုင်ပေမယ့် လုပ်နိုင်တဲ့အလုပ်တွေကိုတော့ အချိန်ရှိတုန်း၊ အရွယ်ရှိတုန်း၊ အားအင်တွေရှိတုန်း လုပ်ထားမှဆိုတဲ့ ခွန်အားပြည့်တဲ့ အဓိဋ္ဌာန်တွေကို ထပ်ခါထပ်ခါ ချမိနေတော့တာ ဖြစ်ပါတယ်။

မြန်မာပြည်ကို ပြန်ကြွတုန်း နယ်လှည့်တရားပွဲလေးတွေ လိုက်ဟောနေရင်း ဗုဒ္ဓဂယာကို ဘုရားဖူးကြွမယ်ဆိုတဲ့ ဘုန်းဘုန်းကို နောင်တော်ကြီး အရှင်သုမင်္ဂလ (ဝေါဆရာတော်)က “ညီတော် ဗုဒ္ဓဂယာက ပြန်ကြွလာပြီးရင် တရားဟောရတာ ပိုပြီး အရသာရှိ၊ ပိုပြီး အနှစ်သာရတွေ ရှိသွားလိမ့်မယ်” လို့ မိန့်ဖူးပါတယ်။ နောင်တော်ကြီး စကားက အမှန်ပါပဲ။ မြေမြတ်မဟာ ဗုဒ္ဓဂယာက ပြန်ကြွလာပြီးတော့မှ တရားပွဲတွေမှာ ဘုရားအကြောင်းတွေ ပြောစရာပိုများလာ၊ ဘုရားဂုဏ်တော်တွေကို ဖွင့်ပြစရာတွေ ပိုများလာတာကို လက်တွေ့ခံစားမိခဲ့ပါတယ်။ သမိုင်းကြောင်း အထောက်အထား ခိုင်မာတဲ့ ဗုဒ္ဓရှင်တော်မြတ်ရဲ့ ဖြစ်တော်စဉ်နဲ့ ငြိမ်းချမ်းမှု အမှန်ကို ပေးစွမ်းနိုင်တဲ့ ရှင်တော်မြတ်ရဲ့ ဓမ္မရေစင်တွေဟာ သတ္တဝါတွေအတွက် ကြိုးစားရင် ဘုရားတောင် ဖြစ်နိုင်တယ်ဆိုတဲ့ အဆိုနဲ့ ဘဝမှာ တရားနဲ့အညီ နေထိုင်ခြင်းကသာ အကောင်းဆုံး ဘဝနေနည်းပဲဆိုတဲ့ အဆိုကို လက်တွေ့ကျကျ ထင်ဟပ်ပြနေတော့တာ ဖြစ်ပါတယ်။

ဘုန်းဘုန်းတို့ရဲ့ ဗုဒ္ဓဂယာ ဘုရားဖူး ခရီးစဉ်ကို နီလာဘုရားဖူး အဖွဲ့နဲ့ပဲ သွားဖြစ်ခဲ့ပါတယ်။ ၂၅-၂-၂၀၁၂ရက်နေ့ကနေ ၁၀-၃-၂၀၁၂ရက်နေ့ အထိ ၁၄ညအိပ် ၁၅ရက် ခရီးကြာမြင့်ခဲ့တဲ့ ဒီဘုရားဖူးအဖွဲ့မှာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးခရီးသည်ပေါင်း ၁၀၀ကျော်ရှိခဲ့ပါတယ်။ မြန်မာ့လေကြောင်းလိုင်းကို တစ်စင်းလုံး ငှါးရမ်းပြီးသွား ဖြစ်ကြတာဆိုတော့ လေယာဉ်ပေါ်မှာ ဘုန်းဘုန်းတို့ ဘုရားဖူးအဖွဲ့တွေချည်းပဲ ဖြစ်နေပါတယ်။ မနက် ၆နာခွဲလောက်မှာ ရန်ကုန်လေဆိပ်ကနေ ဂယာလေဆိပ်ကို တိုက်ရိုက်ပြန်သန်းတဲ့ ဘုရားဖူးလေယာဉ်ဟာ အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဂယာလေဆိပ်ရောက်တော့ မနက် ၉နာရီခွဲ ကျော်ကျော်လောက်ပဲ ရှိပါသေးတယ်။ ဂယာလေဆိပ်ရောက်တော့ အဆင်သင့်လာစောင့်နေတဲ့ နီလာဘုရားဖူးအဖွဲ့ တာဝန်ခံတွေရဲ့ အစီအစဉ်နဲ့ မူလဗုဒ္ဓဂယာ မြန်မာကျောင်းကို ထွက်လာခဲ့ပါတယ်။ ကျောင်းကိုသွားရာလမ်းမှာ တာဝန်ခံကလေးက ကားပေါ်မှာ လိုက်ပါလာတဲ့ ဘုန်းဘုန်းတို့ ဘုရားဖူးအဖွဲ့ကို ကြိုတင်ပြောထားတဲ့ စကားတစ်ခွန်းကတော့ အိန္ဒိယကိုရောက်လာခဲ့ရင် ကကြီးသုံးမျိုးကိုတော့ မုန်းသွားကြတာပဲလို့ ပြောပါတယ်။ ကကြီးသုံးမျိုးက ကားရယ်၊ ကုလားရယ်၊ ကြက်သားရယ်တဲ့။

သူပြောတဲ့ စကားကို အစကတော့ ဘာရယ်မသိခဲ့ပါဘူး။ နောက်ဘုရားဖူးခရီးစဉ် ရက်တော်တော်ကြာလာတော့မှ ကောင်းကောင်း သဘောပေါက်သွားပါတယ်။ ဗုဒ္ဓဂယာ ဘုရားဖူး ခရီးစဉ်ဟာ ဘုရားဖူးရတဲ့ အချိန်က နည်းနည်း၊ ကားစီးရတဲ့ အချိန်က များများရယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ သံဝေဇနီယ လေးဌာနလို့ခေါ်တဲ့ ဘုရားရှင် ဖွားတော်မူရာ၊ ဘုရားရှင် ဘုရားဖြစ်တော်မူရာ၊ ဘုရားရှင် တရားဦးဟောတော်မူရာနဲ့ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူရာ နေရာတွေဟာ ဒီနေ့ခေတ်မှာတော့ အိန္ဒိယနိုင်ငံနဲ့ နီပေါနိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။ အလွန်ကျယ်ပြန့်တဲ့ အိန္ဒိယနိုင်ငံကြီးမှာတောင်မှ တစ်နေရာနဲ့ တစ်နေရာ၊ တစ်ပြည်နယ်နဲ့ တစ်ပြည်နယ် အတော်သွားနေရတာဆိုတော့ အဲဒီနေရာအနှံ့ ကားနဲ့သွားရတာဟာ အတော်ကို ခရီးရှည်လွန်းလှပါတယ်။ ဂယာလေဆိပ်ကို ရောက်ပြီးကတည်းက ကားပေါ်က မဆင်းရတာ မြန်မာပြည်အပြန် လေယာဉ်ပေါ် ရောက်မှပဲ အဲဒီကားကြီးပေါ်က အပြီးဆင်းလိုက်ရသလို ဖြစ်နေပါတယ်။ ကားစီးရတဲ့ ခရီးစဉ်ကလည်း ကြည့်ပါဦး။ ဘုရားပွင့်တော်မူရာ ဗီဟာပြည်နယ် ဂယာကနေ၊ တရားဦး ဟောတော်မူရာ ဗာရာဏသီ၊ အဲဒီကနေ ဘုရားရှင် တာဝတိသာကနေ အဘိဓမ္မာ ဒေသနာတော် ဟောတော်မူပြီး ပြန်လည်ဆင်းသက်တော်မူတဲ့ သင်္ကဿနဂိုရ်ပြည်၊ သင်္ကဿကနေ အာဂရာ (တပ်ခ်ျမဟာ)၊ အာဂရာကနေ နယူးဒေလီ၊ နယူးဒေလီကနေ တစ်ခါသင်္ကဿ၊ အဲဒီကမှ သာဝတ္ထိ၊ သာဝတ္ထိကနေ ဘုရားလောင်း ဖွားမြင်တော်မူရာ နီပေါနိုင်ငံ လုမ္ဗနီဒေသ၊ လုမ္ဗနီကနေ ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူရာ ကုဿိနာရုံ၊ ကုဿိနာရုံကနေ ဝေသာလီ၊ ဝေသာလီကနေ ရာဇဂြိုဟ်၊ ရာဇဂြိုဟ်မှ တစ်ခါဗုဒ္ဓဂယာ ပြန်ရောက်၊ အဲဒီကနေ မြန်မာပြည်ပြန်ထွက် ဆိုတော့ ခရီးစဉ်ဟာ တစ်ကွေ့တစ်ပတ်ကြီးပါပဲ။ အဲဒီလို ပတ်လိုက်တာ ၁၄ညအိပ်၊ ၁၅ရက်ကို ကြာသွားတော့တာ ဖြစ်ပါတယ်။ ၁၅ရက်လုံးလုံး စီးနေရတဲ့ ကားကို ကြာလာတော့ မစီးချင်လောက်အောင်ကို ဖြစ်လာတော့တာပါပဲ။ ဒါကြောင့် ကားမုန်းသွားမယ်လို့ သူတို့က ပြောတာဖြစ်မှာပါ။

နောက် ကကြီးတစ်ခုက ကုလားတဲ့။ အိန္ဒိယပြည်ကြီးဆိုတာ ကျယ်ဝန်းသလောက် လူဦးရေကလည်း အလွန်များပြားလှပါတယ်။ ဘယ်နေရာရောက်ရောက် လူမတွေ့ရတဲ့နေရာ မရှိသလောက်ပါပဲ။ အထူးသဖြင့် အမျိုးသားတွေကတော့ ဈေးရောင်းလည်းသူတို့၊ တက္ကစီမောင်းလည်း သူတို့၊ လန်ချားပေါ်လည်း သူတို့နဲ့ အမျိုးသမီးတွေကို မတွေ့ရသလောက်ပါပဲ။ ကြားရတာတော့ အမျိုးသမီး ဖိနှိပ်ရေး ဝါဒတွေက လွှမ်းမိုးထားဆဲဆိုတော့ မိန်းမတွေကို ယောက်ျားတွေက အလုပ်သွားရင် အိမ်သော့ခတ်ပြီး ထားခဲ့ကြတယ်လို့ ဆိုတာပါပဲ။ သေချာတာကတော့ မင်္ဂလာဆောင်ရင် အမျိုးသမီးက အမျိုးသားကို တင်တောင်းရတယ်ဆိုတဲ့ အချက်ပါပဲ။ အိန္ဒိယရောက်တုန်းက ညဘက်ဆိုင်းသံ ဘုံသံတညံညံတွေ ခဏခဏ ကြားနေရတဲ့အတွက် ဘာလုပ်တာလဲလို့ မေးကြည့်တော့ သတို့သား သွားတောင်းတာလို့ ပြောပါတယ်။ ထားပါတော့။ ကုလားပြည်သွားပြီး နေရာတကာ ကုလားတွေ တွေ့ရတာ မထူးဆန်းပေမယ့် ထူးဆန်းတာကတော့ ကုလားတွေ ညစ်ပတ်တဲ့အချက်ပါပဲ။ စိတ်ဓာတ်လည်း မကောင်းသလို အနေအထိုင်လည်း ပတ်စက်လွန်းလှပါတယ်။ ဇာတ်ခွဲခြားတာလား၊ ဘာလားလို့ မပြောနိုင်ပေမယ့် သူတို့တွေမှာ အပေါ့အလေး သွားဖို့ သီးသန့်အိမ်သာ မရှိတာက နေရာတိုင်းမှာ ညစ်ပတ်နံဆော်မှုကို ဖြစ်စေတော့တာပါပဲ။ လေထုညစ်ညမ်း၊ ရေထုညစ်ညမ်းနဲ့ မနက်စောစောလေးများ ကွင်းပြင်ထွက်လိုက်ရင် လမ်းဘေးတစ်လျှောက်နဲ့ ကွင်းပြင် ဟိုဟိုဒီဒီမှာ အပေါ့အလေးသွားနေသူတွေကို မမြင်ချင် အဆုံးပါပဲ။ ဒီလို အညစ်အကြေး စွန့်ပစ်မှုတွေ၊ ဟိုနေရာသေးပန်း၊ ဒီနေရာ သေးပန်းလုပ်တာတွေက နေရာတိုင်းကို ညစ်ပတ်နံစော်နေတော့တာ ဖြစ်ပါတယ်။ သန့်ရှင်းတဲ့ မြို့တွေရှိတယ်လို့ ပြောကြပေမယ့် နယူးဒေလီလို မြို့တော်ကြီးမှာကိုပဲ အဲဒီအနံ့တွေနဲ့ ပတ်ဝန်းကျင်မှာ လေထုညစ်ညမ်းမှုတွေ ဖြစ်နေတာ ကိုယ်တွေ့ကြုံခဲ့ရပါတယ်။ ဘုရားဖူးအဖွဲ့ထဲက တစ်ချို့ဆို ကားမှတ်တိုင်မှာ ကားစောင့်နေရင်း အဲဒီအပေါ့အလေး အနံ့အသက်တွေကြောင့် ပျို့အန်တာတွေတောင် ဖြစ်ခဲ့ကြပါတယ်။ အိန္ဒိယ နိုင်ငံကြီး ရောက်သွားမှပဲ ဘုန်းဘုန်းတို့ မြန်မာနိုင်ငံဟာ အတော်သန့်ပါလားလို့ ခံစားမိလိုက်ပါတယ်။ အဲဒီလို နေရာတိုင်းမှာ ကုလားတွေနဲ့ နေရာတိုင်းမှာ ညစ်ပတ်နံစော်နေတာတွေကြောင့် ကုလားဆိုရင် ကြာတော့မကြည့်ချင်လောက်အောင် ဖြစ်လာတယ်လို့ ဆိုကြတာ ဖြစ်ပါတယ်။ သေချာတာကတော့ ဘုရားဖူး ခရီးသည်အားလုံး ခရီးစဉ်အတွင်းမှာ အဲဒီလို ညစ်ညမ်းမှုတွေနဲ့ ပင်ပန်းမှုတွေကြောင့် ကျန်းမာရေးတွေ ချို့တဲ့ကုန်ကြတာတော့ပါပဲ။

နောက်ထပ် ကကြီးတစ်လုံးက ကြက်သားပါတဲ့။ ဘုရားဖူး ခရီးစဉ် ၁၅ရက်လုံးလုံး ဘုရားဖူး အဖွဲ့တွေကို ကျွေးတဲ့ဟင်းက ကြက်သားတွေပဲ များပါတယ်။ ကြက်သားဟင်း၊ ကြက်သားကျော်၊ ကြက်သားသုပ် စတာတွေပဲ စားနေရတဲ့အပြင် ချက်ထားတာကလည်း ခရီးမထွက်ခင် ညဘက်ချက်ပြီးတော့ အဲဒါကို အိုးနဲ့ထည့်ယူလာ၊ လမ်းမှာရေလေးဘာလေး ရတဲ့ ဆိုင်လေးတွေမှာ ဖြစ်သလို စားတာဆိုတော့ အရသာလည်းမရှိ၊ အေးစက်မာကြော နေတဲ့ ကြက်ကျော်ရယ် ကုလားပဲဟင်းလေး တွေရယ်နဲ့ပဲ နှစ်ပါးသွားရတာ ဆိုတော့ ကြက်သားဟင်းနဲ့ ထမင်းစားရတဲ့ ဒုက္ခကလည်း ကြာတော့ မခံနိုင်ဖြစ်လာကြတော့တာ ဖြစ်ပါတယ်။ ဒါတောင် တစ်ချို့ဘုရားဖူး ခရီးသည်တွေက အခြောက်အခြမ်းလေးတွေ ယူလာကြလို့ ဦးဦးဖျားဖျား ဘုန်းကြီးတွေကို ကပ်တာလေးတွေ ရှိနေလို့ တော်သေးတာ။ ဘာပဲဖြစ်ဖြစ် အိန္ဒိယ ဘုရားဖူး ခရီးစဉ်မှာ ဘုရားဖူးတိုင်း ပြောတတ်တာကတော့ ကြက်သားကိုလည်း မုန်းလာတယ်တဲ့လေ။

ရှိစေတော့။ အဲဒီလို ဗုဒ္ဓဂါယာ ဘုရားဖူး ခရီးစဉ်မှာ ကားရယ်၊ ကုလားရယ်၊ ကြက်သားရယ်ဆိုတဲ့ ကကြီးသုံးမျိုးကို မုန်းသွားတတ်ကြပေမယ့် အကောင်းဆုံး ဖြေဆည်ရာတစ်ခုကတော့ ဘုရားပဲ ဖြစ်ပါတယ်။ ဘုရားရှိနေလို့၊ ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ မြေမြတ်မဟာ ဖြစ်နေလို့ အမြတ်ဆုံးအဖြစ် သွားရောက်ဖူးမျှော်ခွင့်ရကြတာ ဖြစ်လို့ ကျန်တဲ့အရာတွေ ဘယ်လို အခက်အခဲမျိုးပဲ ရှိရှိ ဘုရားရှိနေတော့ အားလုံးဟာ ဘုရားတန်ခိုးတော်မြတ်နဲ့ ခွင့်လွှတ်သီးခံ နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ထူးခြားတာက ဒီလို ကျန်တဲ့ အခက်အခဲတွေ ရှိနေပေမယ့် ဘယ်သူမဆို မေးကြည့်ရင် အိန္ဒိယ ဗုဒ္ဓဂယာ ဘုရားဖူးကို နောက်ထပ် လာဖြစ်အောင် လာဦးမယ်ဆိုတဲ့ သူတွေချည်းပဲဆိုတာပါ။ ဘုန်းဘုန်းကိုယ်တိုင်လည်း ဘုရားဖူးရတာ အားမရလို့၊ အများနဲ့ဆိုတော့ အေးအေးဆေးဆေး ဖူးခွင့်မရလို့ အကြောင်းညီညွတ်ရင် ကိုယ့်ဖာသာကိုယ် အေးအေးဆေးဆေး နောက်ထပ် လာဖူးဦးမယ်ဆိုတဲ့ စိတ်အကြံဟာ မကြာမကြာ ဖြစ်ပေါ်နေတော့တာ ဖြစ်ပါတယ်။ ဒုက္ခတွေ ရှိနေပေမယ့် အဖဘုရားက ရှိနေလေတော့ ဒုက္ခအားလုံးကို မေ့ပျောက်လို့ နောက်ထပ်တစ်ခေါက် အရောက်ပေါက်အောင် သွားကိုသွားလိုက်ဦးမှာ ဖြစ်ပါတယ်။ အော်… အဖဘုရားတန်ခိုး၊ အဖဘုရားကျေးဇူး ကြီးမားလှပါပေစွ။ ဘုရားရှိနေတယ်ဆိုတော့ ကကြီးသုံးမျိုးကို မကြိုက်ပေမယ့် ဗုဒ္ဓဂယာ ဘုရားဖူးဆိုရင်တော့ လိုက်ဖြစ်အောင် လိုက်ကြရပေမယ်ပေါ့။

Read more »

မြန်မာပြည်မှအပြန်…

မနေ့ (၉-၄-၂၀၁၂)က ဘုန်းဘုန်း ကိုရီးယားကို ပြန်ကြွဖြစ်ခဲ့ပါတယ်။ မြန်မာပြည်တွင်း အလုပ်တွေ ပြီးပြတ်သွားလို့ မဟုတ်ပေမယ့် ကိုရီးယားမှာ ရှိနေရမယ့်အချိန် ဖြစ်တဲ့အတွက် မဖြစ်မနေ ပြန်လာခဲ့ရခြင်း ဖြစ်ပါတယ်။ တရုတ်နှစ်သစ်ကူး ပိတ်ရက်မှာ တစ်ပတ်လောက် ကိုရီးယားကို ပြန်လာပြီးကတည်းက အွန်လိုင်းပေါ်ကပျောက်ပြီး မြန်မာပြည်ရောက်သွားလိုက်တာ နှစ်လကျော်ကျော်လောက်ကို ဖြစ်သွားတော့တာပါပဲ။ မအားတဲ့ အချိန်တွေ များနေတာကြောင့် အင်တာနက်နဲ့ အဆက်အသွယ် ပြတ်သလောက်ကို ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလောက်တောင် မအားမလပ် ဖြစ်ရအောင် ဘာတွေလုပ်နေခဲ့လို့လဲလို့ မေးစရာရှိပါတယ်။ အလုပ်တွေကတော့ အစုံပါပဲ။ အထူးသဖြင့် စိတ်တိုင်းကျ ပုံဖော်နေတဲ့ “မနာပဒါယီ ပညာဒါန ကျောင်းတော်ကြီး” တည်ဆောက်နေတဲ့အပိုင်းမှာ အချိန်ပြည့် ကြီးကြပ်ညွှန်ကြားနေတဲ့ အလုပ်ကတော့ နေပူမရှောင်၊ မိုးရွာမရှောင် တစ်စိုက်မတ်မတ်ကို လုပ်ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ အတော်ခရီးပေါက်လာပြီဖြစ်တဲ့ ဒီကျောင်းတော်ကြီး တည်ဆောက်မှုဟာလည်း မကြာခင်မှာ ပရဟိတ ပညာဒါန အလုပ်တွေ စတင်နိုင်ဖို့ တဖြည်းဖြည်း အကောင်အထည် ပေါ်လာနေပြီ ဖြစ်ပါတယ်။ နောက်ထပ် အချိန်ပေးရတဲ့ အလုပ်က အနယ်နယ် အရပ်ရပ်ကိုကြွရောက်ပြီး တရားဓမ္မ ဟောပြောပေးဖြစ်ခဲ့တဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ တရားဟောရတာ မပင်ပန်းပေမယ့် ၂နာရီလောက် တရားဟောဖို့ ၁၉နာရီလောက် ကားစီးရတာကတော့ ခန္ဓာကိုယ်ကို ပိုပြီးပင်ပန်းစေတာ အမှန်ပါပဲ။ ကုသိုလ်ရေးဆိုတော့လည်း လိုလိုလားလား ဝမ်းသာအားရကို ကြွနေဖြစ်ခဲ့ပါတယ်။ တရားပွဲက ကိုရီးယားကို ပြန်ကြွခါနီးအထိ ရှိနေခဲ့တာဆိုတော့ နေ့တိုင်းနီးပါး ကြွဖြစ်နေတော့တာ ဖြစ်ပါတယ်။

ခန္ဓာကိုယ် ပင်ပန်းပေမယ့် စိတ်ရွှင်လန်းစေတဲ့ အလုပ်တွေနဲ့ အချိန်ကို အကျိုးရှိရှိ အသုံးချရလို့ ပီတိတွေ ဖြစ်နေတဲ့ကြားက ၁၅ရက်ကြာ ဗုဒ္ဓဂယာ ဘုရားဖူးခရီးပါ ကြွသွားဖြစ်လိုက်ပါသေးတယ်။ ဘုရားရှင်ရဲ့ ဇာတိမြေကို ကိုယ်တိုင်ကြွရောက် ဖူးမျှော်ကြည်ညို ဖြစ်ခဲ့တဲ့အတွက် တရားပွဲတွေမှာ ဘုရားအားနဲ့ ဘုရားစကားတွေကို တရားနာပရိတ်သတ်ကြား ပိုပြီးကြည်ညိုသဒ္ဓါပွားအောင် ဟောပြောဖြစ်ခဲ့ပါတယ်။ ဘုရားရှင်ရဲ့ မဟာကရုဏာ ကြီးမားမှု၊ မေတ္တာဓာတ် ပြည့်ဝမှုနဲ့ မနားမနေ အလုပ်လုပ်ခဲ့မှုတွေကို အိန္ဒိယနိုင်ငံရောက်ပြီး ကိုယ်ကိုယ်တိုင် ကားပေါ်က အခန့်သားကြွ၊ မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရတော့မှပဲ ကိုယ့်အလုပ်တွေဟာ ဘာမှမဟုတ်သေးပါလား၊ ကိုယ့်ပင်ပန်းမှုတွေဟာ ဘာမှမရှိသေးပါလား၊ ကိုယ့်မှာအများကြီး လိုနေသေးပါလား စတဲ့အတွေးတွေ အထပ်ထပ် ဖြစ်ပေါ်စေခဲ့တဲ့အပြင် ကိုယ့်တော့်အတွက်မပါ သတ္တဝါတွေ အတွက်သာ စွန့်လွှတ်အနစ်နာခံ ပေးဆပ်တော်မူခဲ့ရှာတဲ့ ဘုရားရှင်ရဲ့ ပါရမီ ဖြည့်ဆည်းတော်မူရာ အခါကာလတွေကိုပါ ပြန်လည်သတိပြုမိရင်း ဘုရားရှင်အပေါ် အတိုင်းအထက်အလွန် ကြည်ညိုနေမိခဲ့ပါတယ်။

အိန္ဒိယကအပြန် မြန်မာပြည်ပြန်တော့လည်း တရားပွဲတွေက ထပ်ပြီးကြွနေရ ပြန်ပါတယ်။ ကျောင်းလည်းဆောက်၊ တရားလည်းဟောရင်း အများအကျိုးပြု လုပ်ငန်းလေးတွေမှာလည်း တစ်နိုင်တစ်ပိုင် ပါဝင်အားဖြည့် ဖြစ်ခဲ့ပါတယ်။ အဲဒီအားဖြည့် အလုပ်တွေထဲမှာ အားရစရာ ကောင်းတာတွေကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မျိုးဆက်သစ် လူငယ်များအတွက် ဓမ္မစကူးလ် (Dhamma School)များ ဖွင့်လှစ်သင်ကြားပေးနိုင်ရေးပဲ ဖြစ်ပါတယ်။ ဘာသာတရား အခြေခံ အားနည်းလာနေကြတဲ့ မျိုးဆက်သစ် မြန်မာဗုဒ္ဓဘာသာများအတွက် ဘာသာရေးအခြေခံ ကောင်းအောင်နဲ့၊ စာရိတ္တပညာ မယိမ်းယိုင်အောင် ဘာသာရေးကို ပညာရေး အသွင်တစ်ခု အနေနဲ့ သင်ကြားပို့ချ ပေးနိုင်ရေးအတွက် သင်ရိုးညွှန်းတမ်းတွေ ရေးဆွဲရင်း ဓမ္မစကူးလ် ဖောင်ဒေးရှင်းရဲ့ ပထမခြေလှမ်းကို စတင်လျှောက်လှမ်း နေခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအဖွဲ့မှာ ဘုန်းဘုန်းတို့လည်း စွမ်းနိုင်တဲ့ဘက်က အားဖြည့်ခွင့် ရနေခဲ့တာ ဖြစ်ပါတယ်။ သင်ရိုးညွှန်းတမ်းတွေ ထွက်ပေါ်လာပြီး မကြာခင် နှစ်များအတွင်းမှာ အနယ်နယ်အရပ်ရပ်မှာ ဓမ္မစကူးလ်များ ဖွင့်လှစ်နိုင်တော့မှာ ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာကို အခြေခံထားတဲ့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု၊ လူမှုစရိုက်များဟာ ပိုမိုတိုးတက် ခိုင်မာလာတော့မှာ ဖြစ်ပါတယ်။

မြန်မာပြည်မှာရှိတုန်း ဘုန်းဘုန်းကိုယ်တိုင် ပါဝင်အားဖြည့်ခဲ့တဲ့ နောက်ထပ်အကျိုးပြု အဖွဲ့လေးတစ်ခုကတော့ တက္ကသီလဟိတဓရ (ရန်ကုန်)လို့ အဓိပ္ပါယ်ရတဲ့ တက္ကသိုလ် အကျိုးဆောင် အဖွဲ့တစ်ခုပဲ ဖြစ်ပါတယ်။ ဒီအဖွဲ့မှာလည်း ဘုန်းဘုန်းက အကျိုးဆောင်နေရာမှာရော၊ ပြန်ကြားရေးမှာရော၊ ဘဏ္ဍာငွေ ရှာဖွေရေးမှာပါ အားဖြည့်ပေးရတာ ဖြစ်ပါတယ်။ တက္ကသိုလ် အကျိုးဆောင်အဖွဲ့ကို နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) ကနေ ကျောင်းပြီးသွားကြတဲ့ ပြည်တွင်းပြပရောက် တက္ကသိုလ် ကျောင်းတော်သားများက ဦးဆောင်ပြီး ကျောင်းတွင်းကျောင်းတော်သားများနဲ့ ချိတ်ဆက်က အချင်းချင်း စည်းလုံးညီညွတ်စွာ လိုအပ်သည်များကို ကူညီပံ့ပိုးနိုင်ရေး၊ တက္ကသိုလ်ရဲ့ အကျိုးကို စုပေါင်းအားနဲ့ ဆောင်ရွက်ပေးနိုင်ရေး၊ ဆရာများရဲ့ ကျေးဇူးဂုဏ်ကို ပူဇော်ပေးနိုင်ရေးနဲ့ အခြားအခြား ပရဟိတ လုပ်ငန်းများမှာ ပူးပေါင်းဆောင်ရွက်ရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပထမဆုံး ဖွဲ့စည်းဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအဖွဲ့လေးဟာလည်း ကျေးဇူးတင်ထိုက်တဲ့ ကျေးဇူးတရားတွေအပေါ် အစဉ်သတိရစေမှုနဲ့ အကျိုးပြု လုပ်ငန်းတစ်ခုခုကို ပြုလုပ်ပေးနိုင်မှုတွေကို ရှေးရှုနေတာ ဖြစ်တဲ့အတွက် ဘုန်းဘုန်းတို့ အနေနဲ့ မဖြစ်မနေ ပါဝင်အားဖြည့် ပေးရခြင်း ဖြစ်ပါတယ်။

မြန်မာပြည်မှာ ရှိနေတဲ့အချိန် လုပ်ရမယ့်အလုပ်တွေကို ကြိုးစားလုပ်ကိုင်ရင်း တစ်ဘက်ကလည်း တိုင်းပြည်ရဲ့ တိုးတက်ဖြစ်ထွန်းမှု၊ ပြုပြင်ပြောင်းလဲမှုတွေမှာပါ မျက်ခြေမပြတ် အကဲခတ်နိုင်အောင် ကြိုးစားရပါတယ်။ အစိုးရအနေနဲ့ အုပ်ချုပ်ရေးပိုင်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သလို သာသနာရေးပိုင်း ဆိုင်ရာတွေမှာလည်း ပြုပြင်ပြောင်းလဲနိုင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အခွင့်ကြုံရင် ကြုံသလို အကြံပြုတာပါ လုပ်ဖြစ်ခဲ့ပါတယ်။ ကျန်တဲ့ဌာနဆိုင်ရာ အပိုင်းတွေမှာ အောက်ခြေပိုင်း ဝန်ထမ်းတွေ အထိုက်အလျောက် သတိထား ပြုပြင်လာတာတွေ ရှိနေပေမယ့် သာသနာရေးဆိုင်ရာ ဌာနတွေမှာတော့ အောက်ခြေပိုင်း အဆင့်တွေမှာ ထူးထူးခြားခြား ပြောင်းလဲမှုကို မတွေ့ရသေးဘဲ ယူမြဲ၊ စားမြဲ၊ အခက်အခဲ ရှိနေမြဲပဲ ဖြစ်နေတာကို တွေ့ရတတ်ပါတယ်။ ဒါကြောင့် ဘုန်းဘုန်းတို့ အနေနဲ့ကတော့ ဌာနဆိုင်ရာဆို အထူးသဖြင့် သာသနာရေးဆိုင်ရာ ဌာနတွေဆိုရင် အတတ်နိုင်ဆုံး ရှောင်နိုင်သမျှ ရှောင်နိုင်အောင် ကြိုးစားနေမိတာ ဖြစ်ပါတယ်။ တစ်ခါတလေ ဌာနဆိုင်ရာတွေက အကူအညီ မရတဲ့အပြင် အဲဒီဌာနတွေကို အကြောင်းရှိလို့ သွားမိရင်လည်း လျစ်လျူရှုမှုတွေနဲ့အတူ ဂုဏ်သိက္ခာပါ ကျကျလာတတ်တဲ့ အခါတွေ ရှိနေလေတော့ ဌာနဆိုင်ရာဆို လန့်ကိုလန့်လာတော့တာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာပြည်ရဲ့ တိုးတက်ပြုပြင် ပြောင်းလဲမှုတွေထဲမှာ အပေါ်ပိုင်းမှာသာ သိသာထင်ရှားမှုတွေ ရှိနေပေမယ့် အောက်ခြေအဆင့်တွေကတော့ ခေါက်ရိုးကျိုးနေတဲ့ စိတ်ဓာတ်တွေနဲ့ ပြုပြင်ပြောင်းလဲမှု အားနည်းနေသေးတယ်ဆိုတာ ပြနေတဲ့ သဘောပဲ ဖြစ်ပါတယ်။

ဘုန်းဘုန်းကတော့ တခါတလေ တစ်ချို့တရားပွဲတွေမှာ ဒီအကြောင်းအရာလေးတွေကို ထည့်ပြီး ပြောဖြစ်တတ်ပါတယ်။ တိုင်းပြည်တိုးတက်ဖို့၊ ဒီမိုကရေစီ ကျကျ ဖြတ်သန်းကြဖို့ဆိုရာမှာ အစိုးရပိုင်းက အဓိကကျနေပေမယ့် တိုင်းပြည်တွင်းမှာရှိတဲ့ တိုင်းသူပြည်သား တစ်ဦးချင်းစီရဲ့ ခေါက်ရိုးကျိုးနေတဲ့ စိတ်ဓာတ်တွေကိုပါ ပြုပြင်ပြောင်းလဲဖြစ်ဖို့ လိုကြောင်း၊ တစ်ဦးချင်းရဲ့ ပြုပြင်ပြောင်းလဲမှု၊ စည်းကမ်းရှိမှု၊ စာရိတ္တကောင်းမှု၊ ဝိုင်းဝန်းဖေးမမှု စတာတွေကနေ တစ်မိသားစု၊ အဖွဲ့အစည်းတစ်ခုခု၊ ဌာနဆိုင်ရာ တစ်ခုခုနဲ့ နောက်ဆုံး တစ်တိုင်းပြည်လုံး အတိုင်းအတာအထိ ပြုပြင်ပြောင်းလဲရမှာ ဖြစ်ကြောင်း၊ ညီညီညွတ်ညွတ်နဲ့ နိုင်ငံတော်သစ်တစ်ခုကို တည်ဆောက်သွားမယ်ဆိုရင် မဖြစ်နိုင်စရာ မရှိကြောင်း စသဖြင့် ကြုံရင်ကြုံသလို ပြောဆိုဟောပြော ပေးဖြစ်ပါတယ်။ ဒါက နိုင်ငံသားတစ်ယောက် အနေနဲ့ နိုင်ငံသားတွေရဲ့ အရေး၊ ဒါမှမဟုတ် နိုင်ငံရေးကို လုပ်နေခြင်း ဖြစ်ပါတယ်။ ဘုန်းဘုန်းကိုယ်တိုင် ဒီလို နိုင်ငံရေး အလုပ်ကို စွမ်းနိုင်သမျှ လုပ်နေဖြစ်ပါတယ်။ ဒါဟာ နိုင်ငံသားအားလုံးနဲ့ ဆိုင်တဲ့ အရေးတွေ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားများ အနေနဲ့ နိုင်ငံရေးကို များများလုပ်ကြဖို့ တိုက်တွန်းနေခဲ့ခြင်း ဖြစ်ပါတယ်။

ရှိပါစေတော့။ ဘုန်းဘုန်းအနေနဲ့ ဒီနေရာမှာ ပြောပြချင်တာက ဒုတိယအကြိမ် မြန်မာပြည် ပြန်ရောက်သွားတဲ့အချိန်မှာ လုပ်ဆောင်ခဲ့တဲ့ အလုပ်လေးတွေအကြောင်းပဲ ဖြစ်ပါတယ်။ တွေ့ကြုံလုပ်ဆောင် ခဲ့တာလေးတွေကို တစ်ဆင့်ပြန်လည် မျှဝေပေးရင်း ဝမ်းမြောက်နုမော် သာဓုခေါ်စေချင်တာ ဖြစ်ပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ အလုပ်ကြီးတွေ မဟုတ်ပေမယ့် မြန်မာပြည် ပြန်သွားတဲ့အခိုက် လုပ်ဖြစ်ခဲ့တဲ့ အလုပ်တွေကတော့ တကယ့်ကို သူနေရာနဲ့သူ အကျိုးပြုခဲ့တာတွေ ဖြစ်နေတဲ့အတွက် ဒီကုသိုလ်တွေကို သာဓုခေါ်ရင်း ထပ်ဆင့်သဒ္ဓါ ပွားနိုင်ကြဖို့ ပြန်လည်မျှဝေကာ ဖောက်သည်ချနေရခြင်း ဖြစ်ပါတယ်။ ကုန်ခဲ့တဲ့ အချိန်တွေနဲ့ ကုန်ခဲ့တဲ့ ဝတ္ထုကြေးငွေတွေဟာ ကုန်တာနဲ့အမျှ အကျိုးသက်ရောက်မှုတွေလည်း အမြောက်အများ ရှိနေခဲ့တဲ့အတွက် ဒီအပေါ်မှာ ထပ်တူထပ်မျှ အနုမောဒနာ ပြုနိုင်ဖို့အရေး အသိပေးရခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ကိုရီးယားမှ မြန်မာ၊ မြန်မာမှ အိန္ဒိယ၊ အိန္ဒိယမှ တစ်ခါမြန်မာ၊ မြန်မာမှ ကိုရီးယားသို့ ပြန်လည်ထွက်ခွါခဲ့တဲ့ ဘုန်းဘုန်းရဲ့ Domestic Mission လုပ်ငန်းစဉ်တွေဟာ အချိန်လည်းကုန်၊ ငွေလည်းကုန်၊ လူလည်း ပင်ပန်း၊ ခရီးလည်း နွမ်းခဲ့ပေမယ့် ကုန်ကျသွားတာနဲ့ အမျှ ဖြစ်ထွန်းသွားတဲ့ အကျိုးတရားတွေကလည်း အဆအထောင်မက ရှိသွားကြတာ ဖြစ်တဲ့အတွက် ဒီတစ်ခေါက် မြည်မာပြည် ခရီးတစ်ထောက်ဟာ တန်ဘိုးမဖြတ်နိုင်တဲ့ အမြတ်ဆုံး ခရီးစဉ်တစ်ခု ဖြစ်ခဲ့ပါကြောင်း ဘုန်းဘုန်းရဲ့ စာဖတ်ပရိတ်သတ် အပေါင်းအား တစ်ဆင့်ပြန်လည် မျှဝေပြရင်း အတော်ကြာ အဆက်ပြတ်သွားတဲ့ အွန်လိုင်းစာရေးခြင်း အလုပ်ကို ပုံမှန်အတိုင်း ရေးသားတင်ပြ ပေးမည့်အကြောင်း သတင်းကောင်း ပါးလိုက်ရပါတယ်။

Read more »

ပြောင်းလဲခြင်း များစွာဖြင့်


ဒီနေ့ (၁၉-၁-၂၀၁၂) မနက်ပဲ ဘုန်းဘုန်းတို့ မြန်မာနိုင်ငံကနေ တောင်ကိုရီးယားနိုင်ငံကို ပြန်ရောက် လာခဲ့ပါတယ်။ ကိုရီးယားနှစ်သစ်ကူး ပိတ်ရက်နဲ့ ရွှေမြန်မာတွေရဲ့ ကုသိုလ်ပွဲတွေ အတွက် ခဏလောက် အရောက်ပြန်လာခြင်းပါပဲ။ ခဏတစ်ဖြုတ် ရောက်တုန်းရောက်ခိုက် ကိုယ်တွေ့ကြုံခဲ့ရတဲ့ အပြောင်းအလဲလေးတွေ အကြောင်း သတင်းကောင်းပါချင်လို့ မရေးတာကြာပြီဖြစ်တဲ့ ဒီဓမ္မစာမျက်နှာကို အဖွင့်ပြလိုက်တာ ဖြစ်ပါတယ်။ ပြောင်းလဲခြင်းတွေနဲ့ အစပြုနေတဲ့ အမိမြန်မာပြည်ကြီးမှာ ဘုန်းဘုန်းတို့လည်း တစ်ထောင့်တနေရာကနေ တစ်နိုင်တစ်ပိုင် ပြောင်းလဲခြင်းတွေနဲ့ အများအတွက်၊ ပရဟိတအတွက် လျှပ်တစ်ပျက် အပြောင်းအလဲလေးတွေ လုပ်ဖြစ်ခဲ့တဲ့အကြောင်း၊ ဆက်ပြီးလုပ်ဖို့လည်း ရှိနေသေးတဲ့အကြောင်း ပြောပြချင်တာ ဖြစ်ပါတယ်။

၃၁-၁၁-၂၀၁၁ရက်နေ့မှာ ပြည်တော်ကို ပြန်ကြွသွားတဲ့ ဘုန်းဘုန်းအတွက် ပြည်တော်ကြီးမှာ နေတဲ့အခိုက် နိုင်ငံတော်သမ္မတကြီး အပါအဝင် ရွှေပြည်တော်အတွက် အရေးပါလွန်းလှတဲ့ ဒေါ်အောင်ဆန်းစုကြည်စတဲ့ ခေါင်းဆောင်ကြီးများရဲ့ နိုင်ငံတော် တိုးတက်ရေးကိုရေးရှုပြီး ပြောင်းလဲခဲ့ကြတဲ့ အပြောင်းအလဲတွေကို အဆက်မပြတ် တွေ့မြင်သိရှိခဲ့ရပါတယ်။ ခေါင်းဆောင်ကြီးများ ပြောကြသလို မတူတာတွေကို ဘေးဖယ်ထားပြီး တူတာတွေကို ဆက်လုပ်သွားကြမယ်ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ အစပြုခဲ့ကြတဲ့ အပြောင်းအလဲတွေဟာ အားလုံးအတွက် အကောင်းတွေချည်းပဲလို့တောင် ဆိုရမလို ဖြစ်နေပါတယ်။ ပိုပြီးအကောင်းတကာ အကောင်းဆုံးဖြစ်အောင်ကတော့ ကိုယ်ကိုယ်တိုင်လည်း ပြောင်းနိုင်အောင် လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။ အပြောင်းအလဲတွေနဲ့ အစပြုနေတဲ့ နိုင်ငံတော်ကြီးမှာ ကိုယ်ကိုယ်တိုင် မပြောင်းလဲနိုင်သေးဘဲ အဆိုးအမြင်တွေ၊ မကောင်းအမြင်တွေ၊ ဘေးထိုင်ဘုပြောနေကြတဲ့ သူတွေရဲ့ ခေါက်ရိုးကျိုးနေတဲ့ စိတ်ဓာတ်တွေကလည်း အထူးပြုပြင် ပြောင်းလဲကြဖို့ လိုအပ်နေတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဘုန်းဘုန်းကိုယ်တိုင်လည်း မြန်မာပြည်ကို အခေါက်ပေါင်းများစွာ ပြန်သွားလုပ်နေပေမယ့် ကိုယ့်ကိုယ်ကို ဒီတစ်ခေါက်လောက် အပြောင်းအလဲကောင်းတွေ လုပ်နိုင်ခဲ့တာ မရှိခဲ့ဘူးဆိုတာ သတိပြုမိခဲ့ပါတယ်။ ဒီတစ်ခေါက် မြန်မာပြည်ခရီးကတော့ ရောက်ပြီးကတည်းက မနားတမ်း ပြောင်းလဲခြင်းတွေ လုပ်ဖြစ်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် အနယ်နယ်အရပ်ရပ်ကို ကြွရောက်ပြီး နယ်လှည့်တရားပွဲတွေ လုပ်နိုင်ခဲ့တာ၊ လုပ်နေရဦးမှာတွေကတော့ ထင်ရှားတဲ့ အပြောင်းအလဲကောင်းပဲ ဖြစ်ပါတယ်။ မှတ်မှတ်ရရ ဓမ္မဒါန တရားပွဲတွေထဲမှာ ကိုရီးယားက ပြန်ရောက်ရောက်ချင်း နောက်တစ်နေ့ မန္တလေးကို ကြွရောက်ပြီး နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးရဲ့ ဗန်းမော်တိုက်ထဲမှာ ပြုလုပ်ခဲ့တဲ့ တရားပွဲနဲ့ မန္တလေး၊ ချမ်းအေးသာစံမြို့ တစ်ဝိုက်မှာ ပြုလုပ်ခဲ့တဲ့ တရားပွဲတွေမှာ ဓမ္မဒေသနာ ကုသိုလ်ပြုလုပ်ဖြစ်တာ၊ မွတ်စလင်လူမျိုးတွေ တစ်ဝက်ကျော်ကျော် လွှမ်းမိုးထားတဲ့ ဂုတ်တွင်းကိုကျော်လွန်ပြီး ကြွခဲ့ရတဲ့ ကျောက်မဲမြို့နယ်မှာရှိတဲ့ နောင်ပိန်တိုက်နယ်မြို့လေးမှာ လုပ်ခဲ့တဲ့ တရားပွဲမှာ တရားအလှူ ကုသိုလ်ပြုဖြစ်တာ၊ မုဒုံမြို့မှာ ရှိတဲ့ ရွှေဟင်္သာဈေးတရားပွဲနဲ့ မြစေတီတရားပွဲတွေမှာ ဓမ္မအလှူပေးလှူ ဖြစ်တာ၊ မော်လမြိုင်မြို့ရဲ့ အကြီးဆုံး တရားပွဲကြီးလို့ ဆိုရမယ့် ဓမ္မောဇ တရားပွဲမှာ နာမည်ကျော် ဓမ္မကထိက ဆရာတော်တွေနဲ့အတူ တစ်နိုင်တစ်ပိုင် တရားအလှူ ပြုနိုင်ခဲ့တာ၊ မွတ်စလင်ဘာသာဝင် ၆၅ရာခိုင်နှုန်းလောက် ဖြစ်နေပြီဖြစ်တဲ့ ကျိုက်မရောမြို့က နာရေးကူညီမှု အသင်းရဲ့ ဓမ္မသဘင်မှာ ကြွရောက်ချီးမြှောက်ခွင့်ရတာ၊ ပုသိမ်မော်တင်လမ်းကနေ ရခိုင်ရိုးမတစ်စိပ်တစ်ဒေသကို ဖြတ်သန်းပြီး ခက်ခက်ခဲခဲ ကြွခဲ့ရတဲ့ ဟိုင်းကြီးကျောက်ချောင်း တရားပွဲမှာ ဓမ္မအလှူ ပြုဖြစ်ခဲ့တာ စတာတွေကတော့ အကောင်းဆုံး အလှူနဲ့ ကိုယ့်ဘဝအတွက် အကောင်းဆုံး ပြောင်းလဲခြင်းတွေ ဖြစ်ခဲ့ပါတယ်။ ဒီလို လုပ်နိုင်ခဲ့တာကလည်း နာမည်ကျော် နယ်လှည့်ဓမ္မကထိက တစ်ပါးဖြစ်တဲ့ နောင်တော်ကြီး ပရဟိတ အရှင်သုမင်္ဂလ (ဝေါဆရာတော်)ရဲ့ မြေတောင်မြှောက်ပေးခဲ့တဲ့ ကျေးဇူးကြောင့်ပဲ ဖြစ်ပါတယ်။ မြန်မာပြည်အရောက် နယ်စုံရောက်ပြီး တရားပွဲပေါင်း (၃၀)နီးပါးလောက်ကို မနားတမ်း ကြွရောက်ပြီး ဟောကြားချီးမြှင့်နိုင်အောင် ပွဲထုတ်ပေးခဲ့တဲ့ ဝေါဆရာတော်ရဲ့ ကျေးဇူးကတော့ ဘုန်းဘုန်းကို အလကား မနေဖြစ်အောင် ထောက်ကန်မှု ပြုနေတော့တာ ဖြစ်ပါတယ်။ နောင်တော်ကြီးအား ကျေးဇူးတင်စွာနဲ့ အခါခါ ဦးခိုက်နေမိပါတယ်။

နောက်ထပ် ဘုန်းဘုန်းကိုယ်တိုင် ပြောင်းလဲနိုင်ခဲ့တဲ့ အပြောင်းအလဲတစ်ခုကတော့ ဘုန်းဘုန်းရဲ့ ဇာတိရွာမှာ အများကောင်းမှုနဲ့ ပြုလုပ်ခဲ့တဲ့ မနာပဒါယီ စာကြည့်တိုက် အလှူတော်ပဲ ဖြစ်ပါတယ်။ ပညာရေးကို အလေးပေးချင်နေတာ ကြာပြီဖြစ်တဲ့ ဘုန်းဘုန်းအနေနဲ့ ဇာတိချက်ကြွေ မွေးရပ်မြေမှာ ပညာပဒေသာပင် ရံပုံငွေနဲ့ အခုလို စာကြည့်တိုက်ကြီးတစ်ခု လှူဒါန်းဖွင့်လှစ်ပေးနိုင်ခြင်းဟာ ဘဝမှာတော့ ဘယ်တော့မှ မမေ့နိုင်တဲ့ အပြောင်းအလဲကောင်းကြီး တစ်ခုပဲ ဖြစ်ပါတယ်။ စာကြည့်တိုက်ကြီးလို့ ဆိုရတာက ဒိုက်ဦးနယ်တစ်ဝိုက်မှာတော့ ဘုန်းဘုန်းတို့ ဒကာဒကာမတွေ လှူဒါန်းခဲ့တဲ့ မနာပဒါယီ စာကြည့်တိုက်ကြီးဟာ ကျယ်လည်းကျယ်၊ တန်ဘိုးလည်းကြီး၊ စာအုပ်စာပေလည်း အတော်အသင့် ပြည့်စုံခဲ့တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီစာကြည့်တိုက်ဖွင့်ပွဲကို အကြောင်းပြုပြီး ရွာမှာလုပ်ပေးခဲ့တဲ့ အကြိုတရားပွဲတွေ၊ သံဃပူဇာအလှူတော်တွေ၊ တစ်ရွာလုံးမှာရှိတဲ့ အသက် (၆၅)နှစ်အထက် အဖိုးအဖွားတွေကို ပူဇော်ခဲ့တဲ့ သက်ကြီးပူဇော်ပွဲတွေ စသဖြင့် လှူဒါန်းငွေ စုစုပေါင်း သိန်း (၈၀)နီးပါး စွန်လွှတ်လှူဒါန်းနိုင်ခဲ့ခြင်းဟာ ဘဝကို ကုသိုလ်နဲ့ ပြောင်းလဲနိုင်ခဲ့တဲ့ အပြောင်းအလဲကောင်းပဲ ဖြစ်ပါတယ်။ ဒီအလှူပွဲမှာ ကိုရီးယားရောက် စိတ္တသုခ ဒကာဒကာမများရဲ့ စာကြည့်တိုက် အဆောက်အအုံ အလှူဟာလည်း ထာဝရ မပျက်ဆီးနိုင်တော့မဲ့ ပညာဒါနအလှူကြီးရဲ့ အကောင်းပြောင်းတစ်ခုအဖြစ် နှလုံးသားမှာ မှတ်ကျောက်တင်နိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဘုန်းဘုန်းဦးဆောင်တဲ့ အပြောင်းအလဲ ကောင်းတွေထဲမှာ နိုင်ငံအတွက်ရော၊ လူမျိုးအတွက်ရော၊ ဘာသာအတွက်ပါ အကောင်းဆုံးနဲ့ ရေရှည်အကျိုးပြုနိုင်မယ့် မနာပဒါယီ ပရဟိတ ပညာဒါနကျောင်းကြီး တစ်ခု စတင်အကောင်အထည် ဖော်နိုင်ခဲ့မှုကတော့ အများအတွက်ကို ရှေ့တန်းတင်ထားတဲ့ အကောင်းတကာ အကောင်းဆုံး ပရဟိတနှလုံးရဲ့ အပြောင်းအလဲပဲ ဖြစ်ပါတယ်။ အမျိုးဘာသာ၊ သာသနာအတွက် ငယ်ငယ်ကတည်းက မက်ခဲ့ရတဲ့ ပညာဒါနအိမ်မက်အလှူ ကုသိုလ်ထူးအတွက် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ ကျောင်းတိုက်ဝင်းအတွင်းမှာရှိတဲ့ ဘုန်းဘုန်းပုဂ္ဂလိကပိုင်ဖြစ်တဲ့ သီရိဇေယျုံကျောင်းကို ဖျက်ပြီး မနာပဒါယီ ပရဟိတ ပညာဒါန ကျောင်းအဖြစ် စတင်ဆောက်လုပ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အလျား (၇၅)ပေ၊ အနံ ပေ (၅၀) ကျယ်ဝန်းတဲ့ (၃)ထပ်ခွဲ ကျောင်းတော်ကြီးကို ဒီတစ်ခေါက် မြန်မာပြည်ရောက်တုန်း ဆောက်လုပ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ထုကြီးအင်အားကြီးလှတဲ့အတွက် တစ်ထပ်လောင်းပြီးရုံပဲ ရှိသေးတယ် သိန်း (၄၂၀)ကျော် ကုန်ကျသွားခဲ့ပြီ ဖြစ်သလို မပြီးပြတ်သေးတဲ့ ဒီကျောင်းတော်ကြီးအတွက် ဘုန်းဘုန်းကိုယ်ကိုယ် ကျန်းမာအောင်ကြိုးစားရင်း အပြောင်းအလဲကောင်းတွေနဲ့ အားဖြည့်လောင်းနေရဦးမှာ ဖြစ်ပါတယ်။

ထားပါတော့။ ဘုန်းဘုန်းလည်း အပြောင်းအလဲအကြောင်းပြောရင်း ကိုယ့်အပြောင်းအလဲတွေကို ကြွားနေသလို ဖြစ်နေပြန်ပါပြီ။ အဓိကပြောချင်တာက နှစ်ပေါင်း မြောက်များစွာကတည်းက အပြောင်းအလဲတွေ ငတ်လာနေခဲ့ကြတဲ့ ဘုန်းဘုန်းတို့ မြန်မာနိုင်ငံသားတွေအတွက် ပြောင်းလဲခြင်း ရောင်ခြည်လေးတွေ သန်းလာနေတဲ့အချိန်မှာ အများကလည်း တက်ညီလက်ညီနဲ့ ပြောင်းလဲနိုင်အောင် ကြိုးစားကြဖို့အကြောင်းနဲ့ အဲဒီ ပြောင်းလဲမှုတွေမှာ အဓိကအကျဆုံးဖြစ်တဲ့ ကိုယ့်ကိုယ်ကို ပြောင်းလဲနိုင်အောင်၊ တစ်ဦးတစ်ယောက်ချင်းရဲ့ ခေါက်ရိုးကျိုးနေတဲ့ စိတ်ဓာတ်ဆိုးတွေကို တဖြည်းဖြည်းနဲ့ ပြုပြင်ပြောင်းလဲနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း၊ အထူးသဖြင့် ကိုယ့်ရဲ့ မကောင်းတဲ့ အလုပ်အကိုင် အကြံအစည် အပြောအဆိုတွေကို အကောင်းဆုံးတွေနဲ့ ပြောင်းသုံးနိုင်အောင် အားထုတ်ကြရမှာ ဖြစ်ကြောင်း၊ ကိုယ်ကောင်းမှ သူကောင်းမှာဖြစ်သလို ကိုယ်ပြောင်းမှလည်း သူလည်းပြောင်းမှာ ဖြစ်တဲ့အတွက် သူများကို မပြောင်းခင် ကိုယ့်ကိုယ်ကို အရင်ပြောင်းပြင်ကြရမှာ ဖြစ်ပါကြောင်း စသဖြင့် ပြောလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် အပြောင်းအလဲများစွာနဲ့ ပြောင်းလဲနေကြတဲ့ ခေတ်ကြီးမှာ မကောင်းအလွဲတွေကို အကောင်းအတွဲတွေနဲ့ ပြောင်းလဲနိုင်အောင်ကြိုးစားရင်း အဓိကပြောင်းလဲဖို့လိုအပ်တဲ့ ကိုယ့်ကိုယ်ကိုပြောင်းလဲခြင်းကိုသာ အမြန်ဆုံး ပြောင်းလဲနိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းရင်း ပြောင်းလဲခြင်း ရောင်ခြည်တွေ သန်းလာနေတဲ့ မြန်မာပြည်ရဲ့ အပြောင်းအလဲနဲ့ ဘုန်းဘုန်းကိုယ်တိုင်းရဲ့ ပြောင်းလဲခြင်း တစ်စိပ်တဒေသအကြောင်းကို ရပ်နားထားတဲ့ ဓမ္မစာမျက်နှာအဖွင့်အဖြစ် တင်ပြလိုက်ရပါတယ်။

Read more »

အိမ်အပြန် အမှတ်တရ...

Read more »

မြန်မာပြည်မှ အပြန်…

မြန်မာပြည်ကနေ တစ်ခေါက် ပြန် ရောက်လာခဲ့ ပြန်ပါပြီ။ ခရီးထွက် တိုင်း ခရီးသွား မှတ်တမ်းအဖြစ် ပြန်လည် ဖောက်သည် ချနေကျ ဆိုတော့ အခုတစ်ခေါက် မြန်မာ ပြည် ကြွပြီး ပြန်လာတဲ့ အခါမှာ လည်း တစ်ခါပြန် ဖောက်သည်ချ ဖြစ်ခဲ့တယ် ဆိုပါတော့။ ၂၀၁၀၊ ၁၁လပိုင်း ၁၁ရက်နေ့ကနေ ၂၀၁၁၊ ၁လပိုင်း ၃၀ရက်နေ့အထိ ပြန်သွား ခဲ့တဲ့ မြန်မာပြည် ခရီးစဉ်မှာ ထင်ထားတာထက်ကိုပိုပြီး အလုပ် များခဲ့ပါတယ်။ အလုပ်များသလောက် အကျိုးလည်း အများကြီး ဖြစ်ခဲ့တယ်လို့ ခံယူမိခဲ့ပါတယ်။ ပထမအစီအစဉ်က မြန်မာပြည်ကို ၂၀၁၀၊ ၁၁လပိုင်း ၅ရက်နေ့မှာ ပြန်ဖို့ပါ။ ဒါပေမယ့် ၁၁လပိုင်း ၇ရက်နေ့မှာ အထွေထွေ ရွေးကောက်ပွဲကြီးက ရှိနေတော့ အခြေအနေအရ တစ်ချို့က ရွေးကောက်ပွဲပြီးမှ ပြန်ဖို့အကြံပြုကြတာနဲ့ ရွေးကောက်ပွဲအပြီး ၁၁လပိုင်း ၁၁ရက်နေ့မှ ပြန်ကြွသွားဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲအပြီး ပြန်တော့လည်း ရွေးကောက်ပွဲအပြီး အရှုပ်အရှင်း သတင်းတွေတော့ ကြားခဲ့ရတာပေါ့။ ဒါကတော့ အားလုံးလည်း ကြားသိပြီးသားဆိုတော့ ထားလိုက်ပါတော့။ ဘုန်းဘုန်းရဲ့ ဖြတ်သန်းခဲ့မှု အကြောင်းပဲ ပြောကြတာပေါ့။

မြန်မာပြည် ပြန်ရောက်ရောက်ချင်း အရင်ဆုံး လုပ်ဖြစ်ခဲ့တာကတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းမှာ လုပ်ဖြစ်ခဲ့တဲ့ ဘုန်းဘုန်းရဲ့ သီရိဗုဒ္ဓဟူး ဝတ်အသင်းနဲ့အတူ ဘုရားကျောင်းကန် သန့်ရှင်းရေး ဝေယျာဝစ္စအလုပ်နဲ့ သူတို့အဖွဲ့အတွက် ဗုဒ္ဓဟူးနေ့ မနက်တိုင်း ကျွေးနေကျ အဟာရ အလှူပဲဖြစ်ပါတယ်။ ပြီးတော့ ဗုဒ္ဓဟူးနေ့တိုင်း ညစဉ် (၇)နာရီမှာ ပို့ချပေးဖြစ်ခဲ့တဲ့ ဓမ္မသင်တန်း ဟောပြောပို့ချက်ချက် အလှူကလည်း ကလေးဆေးရုံ ဝန်ထမ်းများနဲ့ သူနာပြု ဆရာမများအတွက် တကယ့်ကို ဓမ္မအနှစ်သာရများ ဖြန့်ဝေဖြစ်ခဲ့တဲ့ အမြတ်ဆုံး ဓမ္မအလှူတစ်ခု ဖြစ်ခဲ့ပါတယ်။ ဘုရားဟော အနှစ်သာရ ဓမ္မပဒဒေသနာတော်ကို ပါဠိ၊ မြန်မာ၊ အင်္ဂလိပ် သုံးဘာသာနဲ့ အကျယ်တဝင့်ပို့ချရင်း ဗုဒ္ဓဘာသာဝင်တို့ သိသင့်သိထိုက်၊ ဆောင်သင့်ဆောင်ထိုက်၊ ရှောင်သင့်ရှောင်ထိုက်တဲ့ ရှောင်ရန်ဆောင်ရန် အချက်အလက်များကိုလည်း အလျဉ်းသင့်သလို ထပ်ဆင့်အသိမျှဝေ ပေးဖြစ်ခဲ့ခြင်း ဖြစ်တဲ့အတွက် ကိုရီးယားကို ပြန်ကြွမယ့် နောက်ဆုံးပတ် ဗုဒ္ဓဟူးနေ့အထိ သင်တန်းတက်ရောက်လာသူများဟာ မလျော့ဘဲ ပိုပိုလို့သာ တိုးနေခဲ့ပါတယ်။ တစ်ချို့ဆို နောက်ဆုံးပတ် ဗုဒ္ဓဟူးနေ့မှာ နှမျောလွန်းလွန်းလို့ ငိုတောင်ငိုကြတယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့အတွက် ဓမ္မအနှစ်သာရ တစ်လုံးတစ်ပါဒ အသိရသွားရင်ကိုပဲ ဘုန်းဘုန်းရဲ့နှလုံးသားမှာ ပီတိဖုံးပြီးသားပဲ ဖြစ်ပါတယ်။ တရားဟောရတဲ့ ဓမ္မဒေသနာကုသိုလ်နဲ့ တရားနာရတဲ့ ဓမ္မဿဝနကုသိုလ်ကတော့ ကုသိုလ်တွေထဲမှာ အနှိုင်းမဲ့ ကုသိုလ်ဆိုတာ လက်တွေ့ဟောကြနာကြရတဲ့ သူတွေသာ အသိဆုံးပဲ ဖြစ်ပါတယ်။

နောက်ထပ်ဓမ္မအလှူ တစ်ခုကတော့ အွန်လိုင်းမှာ ဘုန်းဘုန်းရေးခဲ့တဲ့ တရားဆောင်းပါးများကို စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေကာ စာအုပ်ဖတ်မှ အားရတတ်တဲ့ တရားချစ်ခင် သူတော်စင်တို့အတွက် စာအုပ်အလှူ ပေးလှူဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။ ရေးသမျှ ဓမ္မရသများကို တွေးမိသမျှ အတွေးများနဲ့ ရေးသားတင်ပြထားခဲ့တဲ့ ဒီစာစဉ်များဟာလည်း ဖတ်ရသူများကို အသိတစ်ခုနဲ့ အကျင့်တစ်ခုခုကို ဖြစ်စေခဲ့တယ်လို့ ဆိုကြပါတယ်။ တစ်ချို့က ဒီလိုဓမ္မအနှစ်သာရများ ပြန်ပွားစေဖို့ ဓမ္မစာစဉ်ပြန့်ပွားရေး အစီအစဉ်တစ်ခု လုပ်သင့်ကြောင်း အကြံပြုလျှောက်ထား လာတာတွေလည်း ရှိပါတယ်။ ဒီလို အသံတွေကြောင့်လည်း အခုတော့ မနာပဒါယီ ဓမ္မစာပေပြန့်ပွားရေး အလှူတော်ငွေများအဖြစ် စုပေါင်းကာ မနာပဒါယီ စာစဉ်များ စဉ်ဆက်မပြတ် ထုတ်ဝေဖြန့်ချိနိုင်အောင် စီစဉ်ဖန်တီး တည်ထောင်ဖြစ်ခဲ့ပါတယ်။ မတည်အလှူရှင်များနဲ့ တစ်နိုင်တစ်ပိုင် အလှူရှင်များကြောင့် ဒီ မနာပဒါယီ ဓမ္မစာပေ ပြန့်ပွားရေး အလှူတော်ဟာလည်း အတိုင်းအတာ တစ်ခုအထိ ခရီးရောက်ခဲ့ပါတယ်။

ဘုန်းဘုန်းရဲ့ မြန်မာပြည် ခရီးစဉ်မှာ တခြားအလှူတွေထက် ဘုန်းဘုန်းရဲ့ နှလုံးသားကို ပီတုံးဖုံးစေခဲ့တာကတော့ ဘုန်းဘုန်းရဲ့ ဇာတိရွာမှာ တရားပွဲကျင်းပပြီး ကိုယ်ပိုင်ရသမျှ ဓမ္မပူဇာများနဲ့ အကောင်အထည် ဖော်ဖြစ်ခဲ့တဲ့ မရှိဆင်းရဲသားများအတွက် နှစ်စဉ်ထောက်ပံ့ပေးမယ့် ပညာသင်ဆု ပေးအပ်ရေး အလှူတော်နဲ့ ရွာသူရွာသားတွေကို အသိဉာဏ်ဖွင့်ပေးမယ့် စာကြည်တိုက် တည်ထောင်ဖွင့်လှစ်ရေး အစီအမံပဲ ဖြစ်ပါတယ်။ ရသမျှ ဓမ္မပူဇာများကို အရင်းတည်ကာ မနာပဒါယီ စာကြည့်တိုက်ဆိုတဲ့ အမည်နဲ့ စာကြည့်တိုက်တစ်ခုကို စတင်အကောင်အထည် ဖော်နိုင်ခဲ့ပြီး ဒီနှစ်ကုန်မှာ ဖွင့်လှစ်နိုင်အောင် ကြိုးစားပံ့ပိုးသွားမှာ ဖြစ်ပါတယ်။ စာအုပ်ပေါင်းစုံကိုလည်း စုဆောင်းထားပြီး စာကြည့်တိုက် အဆောက်အဦအတွက်လည်း ပန္နက်တင်ထားနိုင်ပြီ ဖြစ်တဲ့အတွက် မကြာမီဖွင့်လှစ်နိုင်တော့မယ့် မနာပဒါယီ စာကြည့်တိုက်ဟာ တကယ့်ကိုပဲ ပိတ်နေတဲ့ မျက်စိနားတွေကို ပညာအလင်းနဲ့ ထွန်းလင်းပေးနိုင်မှာ အမှန်ပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက် မြန်မာပြည် အပြန်ခရီးမှာ ပိုပြီးထူးခြားတာက ပရဟိတ ဝေါဆရာတော် အရှင်သုမင်္ဂလရဲ့ စီစဉ်မှုနဲ့ မနားမနေ ကြွနေရတဲ့ ဘုန်းဘုန်းရဲ့ နယ်လှည့်တရားပွဲများပဲ ဖြစ်ပါတယ်။ ကိုရီးယား၊ ကိုရီးယားဆိုပြီး တစ်ယားတည်းယားနေကြတဲ့ မြန်မာပြည်ကြီးမှာ ကိုရီးယားကကြွလာတဲ့ ဆရာတော်ရဲ့ တရားပွဲလို့ ကြေငြာထားတဲ့အတွက် တရားပွဲတွေမှာ ပုံမှန်ထက် ပရိတ်သတ်တွေ များနေတယ်လို့ တရားပွဲစီစဉ်သူတွေက ဆိုပါတယ်။ ဘုန်းဘုန်းတို့လည်း အရှိန်နဲ့ လိမ့်နေဖြစ်ခဲ့ပေမယ့် မြန်မာပြည်သားများ အထင်ကြီးအားကျ နေကြတဲ့ ရုပ်ရှင်ဒရာမာတွေထဲက ကိုရီးယားတွေရဲ့ ဇာတ်ရုပ်တွေနဲ့ အပြင်လက်တွေ့ဘဝ ခြားနားချက်လေးတွေကို ဓမ္မနဲ့ချိန်ထိုးကာ အသိဖွင့်ပေးခွင့် ရခဲ့တဲ့အတွက် အတိုင်းထက်အလွန် ဖြစ်ခဲ့ရပါတယ်။ ကိုရီးယား ဒရာမာ ရုပ်ရှင်များကိုကြည့်ရင်း အတုတွေ မယူဘဲ အစစ်တွေ ယူနိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းဖြစ်ခဲ့ပါတယ်။ သူတို့လူမျိုးတွေရဲ့ ကောင်းတဲ့အချက်လေးတွေကို ယူပြီး လက်တွေ့ဘဝထဲမှာ အသုံးချနိုင်အောင် ကြိုးစားကြဖို့ အားပေးဖြစ်ခဲ့ပါတယ်။

သူတို့ရဲ့ ချစ်စရာ အလေ့တစ်ခုဖြစ်တဲ့ ဘယ်နေရာ၊ ဘယ်အချိန်၊ ဘယ်လိုသူကိုပဲ တွေ့တွေ့ အရင်ဆုံး နှုတ်ဆက်တတ်တဲ့ နှုတ်ဆက်စကားလေးတွေကို အန်ညောင်းဟာဆယ်ယိုဆိုတဲ့ သူတို့စကားနဲ့ မနှုတ်ဆက်ကြဘဲ ကိုယ့်ဘာသာစကားလေးနဲ့ အစားထိုးပြီး မင်္ဂလာပါလို့ နှုတ်ဆက်ကြရင် သိပ်ကောင်းမှာဖြစ်ကြောင်း၊ အန်ညောင်းဟာဆယ်ယိုလို့ နှုတ်ဆက်တာထက်စာရင် မင်္ဂလာပါလို့ နှုတ်ဆက်တာက ပိုပြီးအဓိပ္ပါယ်ပြည့်ဝကာ ကုသိုလ်တရား တိုးပွားစေကြောင်း ပြောဆိုရင်း မင်္ဂလာပါလို့ နှုတ်ဆက်ကြဖို့ တိုက်တွန်းဖြစ်ခဲ့ပါတယ်။ ဒါကလည်း ကိုရီးယားမှာ နေတဲ့ဘုန်းဘုန်းကိုတွေ့တိုင်း အန်ညောင်းဟာဆယ်ယို ဘုန်းဘုန်းလို့ နှုတ်ဆက်တတ်ကြတဲ့ သူတွေရှိနေကြလို့ သူတို့ဘာသာစကားနဲ့ နှုတ်ဆက်မယ့်အစား ကိုယ့်ဘာသာစကား ဖြစ်တဲ့ မင်္ဂလာပါဆိုတာလေးနဲ့ နှုတ်ဆက်ကြဖို့ ပြောပြရခြင်း ဖြစ်ပါတယ်။ မဆိုးပါဘူး။ တရားပွဲတိုင်း ဒီအချက်လေးတွေကို ထည့်ပြောဖြစ်နေတော့ ခုဆိုဘုန်းဘုန်းနဲ့တွေ့တိုင်း လူအတော်များများက ဘုန်းဘုန်းမင်္ဂလာပါဘုရားလို့ နှုတ်ဆက်လာကြတာကို သတိထားမိခဲ့ပါတယ်။ မင်္ဂလာပါလို့ ကိုယ့်အချင်းချင်းတွေ့ရင် နှုတ်ဆက်ဖို့ ဝန်လေးနေကြတဲ့ မြန်မာလူမျိုးတွေဟာ အချိန်မရွေး၊ နေရာမရွေး၊ ပုဂ္ဂိုလ်မရွေး တွေ့တဲ့အခါတိုင်း မင်္ဂလာပါလို့ နှုတ်ဆက်နိုင်ရင်တော့ အန်ညောင်းဟာဆယ်ယိုလို့ နှုတ်ဆက်တာထက် စာရင် မင်္ဂလာပါလို့နှုတ်ဆက်တာက ကုသိုလ်တရား ပိုတိုးစေတယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ ပြီးတော့ ကိုရီးယားများနဲ့ ပတ်သက်တဲ့ ဝတ်စားဆင်ယူမှု၊ စားသောက်မှုတွေရဲ့ ရှောင်ရန်ဆောင်ရန် အချက်တွေကိုလည်း ဘုန်းဘုန်းရဲ့ လက်တွေ့အဖြစ်လေးတွေနဲ့ ချိန်ထိုးကာ တရားပွဲတွေမှာ ဟောကြားပေးနိုင်ခဲ့တဲ့အတွက် ဟိုကြွဟော ဒီကြွဟောရလို့ ပင်ပန်းလှပေမယ့် ပင်ပန်းရကျိုး နပ်ခဲ့ပါတယ်။

တရားပွဲတွေထဲမှာ လူထောင်သောင်းချီပြီး လာခဲ့တဲ့ လှိုင်မြို့နယ်တရားပွဲ၊ အောင်မင်္ဂလာ အဝေးပြေးဝင်းတရားပွဲ၊ မုဒုံတရားပွဲ၊ မန္တလေးတရားပွဲနဲ့ သာယာဝတီတရားပွဲတွေကတော့ အားလည်းရသလို ကုသိုလ်လည်း အများကြီး ရခဲ့ပါတယ်။ တရားပွဲရသမျှ ဓမ္မပူဇာတွေထဲက ရသမျှတရားပူဇာ တစ်ဝက်ကျော်ကျော်ကို ဆိုင်ရာတရားပွဲတိုင်းမှာ ပရဟိတအလုပ်များအတွက် ပြန်ပြီး လှူခွင့်ရခဲ့တဲ့အပြင် သီးသန့်မလှူနိုင်တဲ့ အလှူတွေကိုပါ လုပ်ဖြစ်နိုင်ခဲ့တဲ့အတွက် ဘုန်းဘုန်းအဖို့တော့ ဒီအလှူတွေဟာ အလှူတကာ အလှူတွေထဲမှာ အမြတ်ဆုံးအလှူတွေ ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်ရဲ့ လက်ရှိပြောင်းလဲမှုတွေထဲမှာ အခုလို တရားပွဲကြီးတွေကို ပရော့ဂျက်တာကြီးတွေ ပိုစတာကြီးတွေထောင်ပြီး နေရာအနှံ့အပြား အကြီးအကျယ် လုပ်နေကြတဲ့ ပြောင်းလဲမှုကတော့ ဗုဒ္ဓသာသနာနဲ့ ဗုဒ္ဓဘာသာတွေအတွက် တကယ့်ကို အားတက်စရာ ဖြစ်ခဲ့ပါတယ်။ တရားပွဲလုပ်ခွင့်ရဖို့ ခက်ခဲပေမယ့် လုပ်ခွင့်ပြုတဲ့အပေါ်မှာ အမိအရ လုပ်နိုင်တာကတော့ အဆိုးထဲက အကောင်းလို့ ပြောရမှာ ဖြစ်ပါတယ်။

မအားတဲ့ကြားက နောက်ထပ်အားရစရာ အတွေ့အကြုံတစ်ခုက ကိုရီးယားနိုင်ငံကနေ မြန်မာပြည်ကို ရောက်လာတဲ့ ကိုရီးယား ယောဂီအယောက်နှစ်ဆယ်လောက်နဲ့ ခရီးထွက်ရင်း ဆရာတော်ကြီးများရဲ့ ဟောတရားများကို ဘာသာပြန်ပေးခဲ့ရတဲ့ အတွေ့အကြုံပဲ ဖြစ်ပါတယ်။ ၁လပိုင်း ၃ရက်နေ့ကနေ ၁၆ရက်နေ့အထိ မြန်မာပြည်ကို အလည်လာကာ တစ်ပတ်ရိပ်သာဝင် တစ်ပတ်ခရီးထွက်ခဲ့တဲ့ ကိုရီးယား ယောဂီအဖွဲ့ရဲ့ ခရီးစဉ်ဟာလည်း အတွေ့အကြုံလည်းရ၊ တရားလည်းနာခွင့် ရခဲ့တဲ့အပြင် ဓမ္မအလှူကုသိုလ်လည်း ရခဲ့ပါတယ်။ သူတို့အဖွဲ့နဲ့လိုက်ပါ အကူအညီပေးရင်း မင်းကွန်းတိပိဋက ဆရာတော်ကြီးကျောင်းမှာ နာကြားဘာသာပြန်ပေးရတဲ့ တိပိဋက တရားပွဲနဲ့ သီတဂူဆရာတော်ကြီးကို ဖူးမြော်ကာ ဆရာတော်ဟောသမျှ တရားတော်ကို ဘာသာပြန်ပေးခဲ့ရတဲ့ ကုသိုလ်အလှူတွေကတော့ ဘုန်းဘုန်းအဖို့ အသိရောပညာရော ကုသိုလ်ရောပါ မမေ့နိုင်လောက်အောင် ဖြစ်စေခဲ့ပါတယ်။

ကိုရီးယားအဖွဲ့နဲ့အတူ သီတဂူဆရာတော်ကြီးကို ဖူးမြော်တရားနာတုန်းက ဆရာတော်ကြီးက သူတို့ကို တွေ့တွေ့ချင်း ကိုရီးယားကဆိုတော့ တောင်လားမြောက်လားလို့မေးကာ မင်းတို့နှစ်နိုင်ငံ ဘယ်တော့ပေါင်းမှာလဲလို့ မေးရင်း တရားစကား မိန့်တော်မူပါတယ်။ ဆရာတော်က တကယ်တော့ လောကမှာလူတွေ တစ်ဦးနဲ့တစ်ဦး တိုက်ခိုက်ရန်ဖြစ်နေကြတာ အမှန်သစ္စာကို မသိလို့ဘဲ ဖြစ်ကြောင်း၊ သစ္စာတရားကို သိသွားရင် ကိုရီးယား၊ မြန်မာ၊ ဂျပန်၊ အမေရိကန် စတာတွေ မရှိတော့ဘဲ ငြင်းခုံခိုက်ရန် ဖြစ်မှုဆိုတာလည်း ရှိတော့မှာ မဟုတ်ကြောင်း၊ ဥပမာအားဖြင့် မြန်မာပြည်မှာ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်စသဖြင့် မြစ်တွေအသီးသီးရှိကာ ချင်းတွင်းမြစ်ရေ၊ ဧရာဝတီမြစ်ရေ၊ သံလွင်မြစ်ရေ စတဲ့အမည်များနဲ့ အသီးသီးရှိနေကြပေမယ့် ဒီရေအားလုံးဟာ ပင်လယ်ထဲ ရောက်သွားတဲ့အခါ ဧရာဝတီမြစ်ရေ၊ ချင်းတွင်းမြစ်ရေ စသည်ဖြင့် အသီးအခြား မရှိတော့ဘဲ တစ်မျိုးတည်းဖြစ်သွားကြမှာ ဖြစ်သလို သတ္တဝါတွေဟာ အခုအချိန်မှာ ဘာနိုင်ငံ၊ ဘာလူမျိုးလို့ ဘယ်လောက်ပဲ ကွဲကွဲ သစ္စာတရားကို သိသွားတဲ့အခါမှာတော့ တစ်သားတည်း ဖြစ်သွားမှာ ဖြစ်ကြောင်း၊ ဒါကြောင့် အားလုံးသစ္စာတရားကို သိအောင်ကြိုးစားဖို့ လိုကြောင်း စသည်ဖြင့် တရားစကား မိန့်ကြားတော်မူခဲ့ပါတယ်။ ဆရာတော်မိန့်သမျှကို ဘာသာပြန်ပေးရင် နားကြားခဲ့ရတဲ့ ဘုန်းဘုန်းမှာတော့ အမှန်ပဲ ကုသိုလ်လည်းရ ဝမ်းလည်းဝဆိုသလို ဖြစ်ခဲ့ပါတယ်။ ထူးခြားထက်မြက်တဲ့ ပါရမီရှင်ကြီးများရဲ့ နှုတ်ထွက်စကားနဲ့ နှုတ်ထွက်တရားတွေဟာ အလွန်မှတ်သားစရာ ကောင်းပါလားလို့ ခရီးက အပြန်လမ်းမှာတောင် စဉ်းစားမိခဲ့ ပါသေးတယ်။

ရှိစေတော့။ ဒီနေရာမှာ အဓိက ပြောချင်တာက ဘုန်းဘုန်းရဲ့ မြန်မာပြည်အပြန်ခရီး အတွေ့အကြုံလေးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ပြည်ပမှာနေပြီး မြန်မာပြည်ကို ခဏတာ ပြန်ဖြစ်ခဲ့တဲ့ အပြန်ခရီးဟာ အနားသွားယူဖို့ မဟုတ်ခဲ့ဘဲ ရောက်တဲ့နေရာမှာ ရတဲ့အချိန်လေးနဲ့ လုပ်နိုင်သမျှ လုပ်ပေးခဲ့တဲ့ အလုပ်ကောင်းလေးတွေအတွက် ဘုန်းဘုန်းကိုယ်တိုင် အားရကျေနပ်မှု ဖြစ်ခဲ့သလို ဘုန်းဘုန်းရဲ့ ပရိတ်သတ်တွေကိုလည်း ထပ်တူထပ်မျှ အနုမောဒနာ ရစေဖို့ တစ်ဆင့်ပြန်လည် မျှဝေပြခြင်း ဖြစ်ပါတယ်။ အကောင်းအဆိုးများနဲ့ အပြောင်းလဲကြီး ပြောင်းလဲနေတဲ့ မြန်မာပြည်ရဲ့ အပြောင်းအလဲမှာ ဘုန်းကြီးရောလူရော အလုပ်လုပ်ပြီး ပြောင်းလဲပေးကြဖို့ လိုတယ်ဆိုတာ သတိပြုစရာ ဖြစ်လာနေပါတယ်။ လိုအပ်နေတာတွေ အများကြီးဖြစ်နေတဲ့ အမိမြန်မာပြည်ကြီးမှာ ဘုန်းကြီးတွေဘက်က ဖြည့်ပေးရမယ့် အရာတွေလည်း ရှိနေတယ်ဆိုတာ အလုပ်လုပ်ရင်း ပိုပိုပြီး သိခဲ့ရပါတယ်။

ကိုရီးယားအဖွဲ့တွေနဲ့ ခရီးသွားရင်း ကိုရီးယားအချို့က မြန်မာပြည်ကလူတွေနဲ့ ဘုန်းတော်ကြီးအချို့ရဲ့ ရွှေကျောင်းကြီးတွေနဲ့ ပြည့်ပြီးသားအိုးတွေမှာ ထပ်ဖြည့်နေကြတဲ့အပေါ် မေးခွန်းထုတ်တာကို ခံခဲ့ရပါတယ်။ ပြည့်ပြီးသားအိုးတွေကို ထပ်ပြီးဖြည့်နေမယ့် အစား လိုနေတာကို လုပ်ပေးကြရင်း မကောင်းဘူးလားလို့ သူတို့တွေက ဆိုလာကြပါတယ်။ ပြီးတော့ ဘုန်းတော်ကြီးအချို့ဟာ ဒီလောက် ဘုန်းတန်ခိုးကြီးနေပြီး ဘာဖြစ်လို့ ပရဟိတ အလုပ်တွေ မလုပ်ကြတာလဲလို့လည်း ထောက်ပြလာကြပါသေးတယ်။ သူတို့ရဲ့ အမေးကို အကောင်းဘက်က တွေးတတ်အောင် ရွေးပြီးဖြေပေးလိုက်ရပေမယ့် တကယ်လည်း ဘုန်းဘုန်းတို့ ဘုန်းကြီးတွေရဲ့ အခန်းကဏ္ဍ လိုအပ်ချက်တွေ ရှိနေတာ အမှန်ပဲ ဖြစ်ပါတယ်။ ဘုန်းဘုန်းအပါအဝင် ဘုန်းကြီးတိုင်း ကိုယ့်တစ်နိုင်တစ်ပိုင် အများအကျိုးပြု လုပ်ငန်းလေးတွေ လုပ်နေကြမယ်ဆိုရင် သိပ်ကောင်းမှာပဲလို့တွေးရင်း ဒီအကြောင်းကို ဘွဲ့ဒီဂရီ အသီးသီးရနေပြီး ဘာမှမလုပ်ဖြစ်ဘဲ ဖြစ်နေကြတဲ့ သူငယ်ချင်း ဘုန်းကြီးအချို့ကိုတောင် ပြောဖြစ်ခဲ့ပါသေးတယ်။ ဘုန်းကြီးတွေပဲလားဆိုတော့ လူတွေလည်း ကိုယ့်ဘာသာ၊ သာသနာ ကိုယ့်လူမျိုးအတွက် တတ်နိုင်တဲ့ဘက်က တစ်နိုင်တစ်ပိုင် လုပ်ပေးကြရမှာ ဖြစ်ပါတယ်။ အားလုံးကိုယ်စီ အလုပ်လေးတွေနဲ့ ဝိုင်းဝန်းထိန်းပေးကြရင် ဘာမှမလုပ်တာထက်စာရင် အများကြီးကောင်းသွားမှာ အသေအချာပဲ ဖြစ်ပါတယ်။

ထားပါတော့။ ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက် ဘုန်းဘုန်းရဲ့ မြန်မာပြည် အပြန်ခရီးကလည်း အရင်အခေါက်တွေကလိုပဲ လုပ်နိုင်သမျှ အများအတွက် လုပ်ပေးရမယ့် အလုပ်တွေကို လုပ်ပေးနိုင်ခဲ့ကြောင်း တစ်ခေါက်ထက်တစ်ခေါက် ပိုပိုလို့တောင် လုပ်ပေးနိုင်ခဲ့ကြောင်းနဲ့ နောင်လည်းပဲ လုပ်ပေးနေမှာဖြစ်ပါကြောင်း ဘုန်းဘုန်းရဲ့ မြန်မာပြည်ခရီးစဉ်အကြောင်း တစ်စေ့တစ်စောင်း တင်ပြရင်း မြန်မာပြည်အပြန်ခရီးဟာ အနားယူဖို့သွားခြင်း မဟုတ်ဘဲ အများအညီ ပီတိပွားဖို့ သွားခြင်းသာဖြစ်ပါကြောင်း ထပ်ဆင့်ပီတိ ပွားစေမိလိုက်ရပါတယ်….။

Read more »

ဓမ္မဒူတ မဟုတ်… ဒေသန္တရဗဟုသုတမျှသာ…


၆-၃-၂၀၁၀ ရက်နေ့မှ ၂၃-၃-၂၀၁၀ ရက်နေ့အထိ ဘုန်းဘုန်းတို့ ပြည်ပခရီး ထွက်ဖြစ်ခဲ့ပါတယ်။ စင်္ကပူ၊ မလေးရှား၊ ကမ္ဘောဒီးယားနဲ့ တစ်ညတာ ထိုင်ဝမ်ခရီးစဉ်တွေပါပဲ။ နှစ်ပတ်ကျော်ကျော် သုံးပတ်နီးပါး ကြာသွားပါတယ်။ ဓမ္မဒူတခေါ် သာသနာပြုခရီး မဟုတ်ဘဲ၊ ဒေသန္တရ ဗဟုသုတခေါ် လေ့လာရေး ခရီးအဖြစ် ကြွရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ခရီးကြွရင်း ရောက်တဲ့အရပ်မှာ ရှိနေတဲ့ ဘုန်းဘုန်းတို့ရဲ့ ရဟန်းဒကာ၊ ရဟန်းအမများနဲ့ ကြည်ညိုရင်းစွဲ ရှိနေပြီးသား အသိဒကာဒကာမများကိုတော့ ဓမ္မစကား ဟောကြားပေးဖြစ်ခဲ့တာပေါ့။ ထိုင်ဝမ်မြို့ တိုင်ပေလေဆိပ်က ထွက်တယ်ဆိုတာနဲ့ မတူညီတဲ့ ရာသီဥတုနဲ့ စတင်ရင်ဆိုင်ရပါတယ်။ အရမ်းအေးတဲ့ နေရာကနေ ဆောင်းရာသီဆိုတာ မရှိဘဲ နွေနဲ့မိုးရာသီပဲ ရှိတဲ့ စင်္ကာပူနိုင်ငံဘက်ကို ထွက်လာတာဆိုတော့ အအေးထဲက အပူထဲရောက်သွားသလို ရာသီဥတု အပြောင်းအလဲဒဏ်ကို ခံရပါတော့တယ်။ ပုံမှန်ခံနေကျသူတွေ အတွက် သိပ်မသိသာပေမယ့် အအေးတောထဲက သူတွေအတွက်တော့ ချွေးတွေနဲ့ ရွှဲဆိုနေပါတော့တယ်။

စင်္ကာပူလေဆိပ်ကို ရောက်တယ်ဆိုရင်ပဲ လာကြိုနေတဲ့ ရဟန်းအမဇနီးမောင်နှံက အဆင်သင့်စောင့်နေပါတယ်။ ပြီးတော့ တည်းခိုမယ့် ဘုန်းကြီးကျောင်းကို ထွက်ခဲ့ပါတယ်။ ကျောင်းအသွားလမ်းမှာ မြင်သမျှ မြင်ကွင်းများကို ကြည့်ပြီး ၁၉၉၈ခုနှစ်က ရောက်ခဲ့တဲ့ စင်္ကာပူနဲ့ အခုတစ်ခါ ပြန်ရောက်လာတဲ့ စင်္ကာပူ နိုင်ငံရဲ့ ပြောင်းလဲနေမှု၊ ဟိုတုန်းက မြင်ခဲ့ရတဲ့ ခံစားချက်နဲ့ အခုမြင်နေရတဲ့ ခံစားချက် မတူညီလှတဲ့ ဘုန်းဘုန်းရဲ့ ခံစားမှုများက အမြဲပြောင်းလဲနေတဲ့ ပုထုဇင်တွေရဲ့ စိတ်အစဉ်ကို ထင်ဟပ်စေပါတယ်။ အမှန်တော့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှု ကွာခြားတဲ့ သဘောပါပဲ။ ဟိုတုန်းက နိုင်ငံခြားတိုင်းပြည်ကို မရောက်ဖူးခင်ကဆိုရင် တောမှာမွေးတဲ့ တောသားတစ်ယောက်အတွက် ရန်ကုန်မြို့ကြီးဟာ အစစအရာရာ အံ့သြစရာများ ဖြစ်ခဲ့သလို ရန်ကုန်ကအထွက် မြန်မာပြည်ထက် တိုးတက်တယ်လို့ ထင်ရတဲ့ နိုင်ငံတွေရောက်ပြန်တော့ တောသားမြို့ရောက်သလို ဖြစ်ခဲ့ပြန်ပါတယ်။ ဒါကြောင့်လည်း အဲဒီတုန်းက စင်္ကာပူမှာ အရင်ရောက်နေတဲ့ ရွှေမြန်မာတွေက ဘုန်းဘုန်းတို့ကို မြင်တော့ ရွာကဘုန်းကြီးတွေ ကြွာလာတယ်ဟေ့လို့ သူတို့အချင်းချင်း လှမ်းပြောကြတာ ဖြစ်မှာပါ။ ဒီတုန်းက ဟေ့… ဒို့ ရွာကလာတာမဟုတ်ဘူး၊ ရန်ကုန်ကလာတာလို့တောင် ပြန်ပြောဖြစ်လိုက်ပါသေးတယ်။ နောက်တော့မှ ဟိုစက်ပစ္စည်းမသုံးတတ်၊ ဒီခလုပ်မနှိပ်တတ် ဖြစ်ခဲ့ရတဲ့ ကိုယ့်အဖြစ်ကိုကြည့်ပြီး အင်း…ရွာကဘုန်းကြီးတွေလို့ သူတို့ပြောတာ ဟုတ်နေပါလားလို့ သဘောပေါက်ခဲ့ပါတယ်။ ဒီတစ်ခေါက်တော့ စင်္ကာပူထက် ရုပ်ပိုင်းဆိုင်ရာတွေ တိုးတက်တယ်လို့ ထင်ရတဲ့ ကိုရီးယားနိုင်ငံမှာ အနေကြာပြီး စင်္ကာပူကို ရောက်သွားတာဆိုတော့ တိုးတက်လှပါတယ်ဆိုတဲ့ စင်္ကာပူက ရန်ကုန်ပုံစံ ပြန်ဖြစ်သွားသလိုပါပဲ။ ဒါဟာ ပြောင်းလဲတတ်တဲ့ လူ့ခံစားချက်တွေပါပဲ။ ကိုရီးယားထက် တိုးတက်တဲ့ နိုင်ငံတွေ ရောက်ဖြစ်ရင်လည်း ဒီလိုခံစားချက်မျိုး ထပ်ဖြစ်နေဦးမှာပါပဲ။ အရင်းစစ်တော့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေနဲ့ ဘ၀အဆင့်မြင့်မှု မမြင့်မှုတွေကို သတ်မှတ်ကြတဲ့ ခေတ်ကာလ အခြေအနေကြီးကြောင့်ပဲ ဖြစ်ပါတယ်။

ပိုပြီး မထူးဆန်းတာက စင်္ကာပူနိုင်ငံဟာ မြန်မာနိုင်ငံလို ဖြစ်နေတော့တာပါပဲ။ ဘယ်နေရာရောက်ရောက် မြန်မာများနဲ့ ပြည့်နေတတ်သလို မြန်မာနိုင်ငံမှာ ရှိတာတွေ အကုန်ရှိနေတာတွေပါ။ မရှိတာတွေလည်း ရှိကုန်ပါတယ်။ လွတ်လပ်မှုနဲ့ ထိန်းချုပ်မှု မရှိတာကတော့ ပုထုဇင်တွေရဲ့ စိတ်အစဉ်ကို အထိမ်းအကွပ်မဲ့စေပါတယ်။ အထူးသဖြင့် လူငယ်လူရွယ်တွေကြားမှာ အတုမြင်အတတ်သင် ဆိုတာတွေ ဖြစ်ကုန်ပါတယ်။ ခေတ်မီတယ်လို့ ဆိုကြတဲ့ သူတို့အမြင်တွေက ဘာသာတရား ရှုထောင့်ကကြည့်ရင် အပြစ်ဖြစ်စရာတွေ ဖြစ်နေတတ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှုတွေက ကိုယ်ကျင့်တရားပိုင်းအထိ အနိုင်ယူနေတာကို သတိပြုမိခဲ့ပါတယ်။ ပိုဆိုးတာက အဲဒီမှာ ရောက်နေတဲ့ မြန်မာအများစုရဲ့ မျက်နှာတွေမှာ လောကဓံလှိုင်း ရိုက်ခတ်မှုတွေရယ်၊ ရာသီဥတု ပူပြင်းမှုဒဏ်တွေရယ်၊ အလုပ်ပင်ပန်းမှု ဒဏ်တွေရယ်ကြောင့် ကြည်လင်အေးဆေးမှု မရှိတဲ့အချက်ပါပဲ။ အချိန်အတိုတွင်း အိုဆာလိုက်တာလို့ ခံစားမိခဲ့ပါတယ်။ သတ္တ၀ါတွေဟာ အမြဲတမ်း အိုနေကြတာဆိုပေမယ့် တိုးတောင်းလှတဲ့ အချိန်လေးမှာပဲ ပိုပြီးအိုဆာသွားတယ်လို့ ထင်ရလောက်အောင် သူတို့ဘ၀တွေမှာ ဒုက္ခပင်လယ်တွေ ဝေနေကြတာတွေပါ။ လုပ်ရတဲ့အလုပ်နဲ့ ရတဲ့လခတွေ သိရပြန်တော့ ဘုန်းဘုန်းတို့လို အလှူခံပုဂ္ဂိုလ်တွေ အနေနဲ့ သုံးတောင်မသုံးရက်၊ အလှူတောင် မခံရက်လောက်အောင် သနားမိပြန်ပါတယ်။ အဲဒီမှာရှိတုန်း တစ်နေ့ ဒကာမလေးတစ်ယောက်က ဟိုဟိုဒီဒီလိုက်ပို့ရင်း တိုလီမိုလီလေးတွေ ၀ယ်လိုက်တာ စင်္ကာပူဒေါ်လာ တစ်ရာကျော်လောက် ကုန်သွားပါတယ်။ နာရီပိုင်းအတွင်း သုံးလိုက်တဲ့ အသုံးစရိတ်ဟာ တစ်ချို့အလုပ် လာလုပ်သူတွေအတွက် တစ်ပတ်နှစ်ပတ်စာ လုပ်ခလောက်ဖြစ်နေပါတယ်။ ဒီလိုအခြေအနေတွေကြောင့်လည်း ပင်ပင်ပန်းပန်းရှာဖွေပြီး လှူဒါန်းတတ်ကြတဲ့ မြန်မာဗုဒ္ဓဘာသာအများရဲ့ သဒ္ဓါတရားကို လေးစားရတဲ့အပြင် သူတို့ရဲ့အလှူအပေါ်မှာလည်း အလှူခံဖို့ ၀န်လေးမိပြန်ပါတယ်။ ဘုန်းဘုန်းကတော့ ရင်းနှီးတဲ့ ဒကာဒကာမတွေဆိုရင် လိုရင်ပြောမယ်ဆိုပြီး တစ်ခါတစ်လေ ငြင်းဆန်မိပါတယ်။ ဆိုလိုတာက ဘုန်းဘုန်းတို့လို အလှူပုဂ္ဂိုလ်တွေ အနေနဲ့ နိုင်ငံခြားမှာ ရှိနေတဲ့ အလုပ်သမား မြန်မာများရဲ့ အခက်အခဲနဲ့ သဒ္ဓါတရားကို ထောက်ဆပြီး သူတို့ချွေးနဲစာတွေကို အလှူခံတာနဲ့အမျှ အလှူအကျိုးကြီးအောင်လည်း ကိုယ့်ဘက်က အကျင့်တရားရော အတ္တပရ အလုပ်များပါ ကြိုးစားလုပ်ဆောင်ရင်း ဒကာဒကာမများအတွက် မေတ္တာဓာတ်များ များများပွားပေးဖို့ လိုတယ်ဆိုတဲ့ အချက်ပါပဲ။

ထားပါတော့။ စင်္ကာပူမှာ တစ်ပတ်လောက်နေပြီး မလေးရှားဘက်ကို ကူးဖြစ်ပါတယ်။ ကူးတဲ့အခါ ပုံမှန်ဘက်စ်ကားနဲ့ကူးရင် အစစ်အဆေး အလုပ်ရှုပ်မှာဖြစ်လို့ ဘုန်းဘုန်းရဲ့ ဒကာဒကာမတွေက ကွာလာလမ်ပူ Kuala Lumpur)အထိ ကားငှါးပေးကြပါတယ်။ ကေအယ်လ်(KL)ကို နေ့ဆွမ်းစားအမှီ ရောက်ခဲ့ပါတယ်။ မလေးရှားကျပြန်တော့လည်း မြန်မာနိုင်ငံအတိုင်းပါပဲ။ မြန်မာတွေ နေရာအနံ့မှာ ပုံစံအမျိုးမျိုး ဘ၀အမျိုးမျိုးနဲ့ လှုပ်ရှားနေကြ၊ ၀မ်းရေးအတွက် ကြိုးစားနေကြတာတွေလည်း တွေ့ခဲ့ရပြန်ပါတယ်။ ကေအယ်လ်မှာ သွားရောက်လေ့လာသင့်တဲ့ နေရာတွေ သွားရောက်ပြီး နောက်တစ်နေ့ ညနေပိုင်း ဘက်စ်ကားနဲ့ ပီနန်ဘက်ကို ကြွဖြစ်ခဲ့ပါတယ်။ ဘက်စ်ကားစီးချိန် လေးနာရီကျော် ငါးနာရီခန့်ကြာခဲ့ပါတယ်။ နောက်နေ့မှာတော့ ညီမတစ်ယောက်ရဲ့ အဆောင်မှာ မြန်မာများစုပေါင်းပြီး ဆွမ်းကပ်တရားနာ လုပ်ကြလို့ ကြွရောက်ချီးမြောက်ကာ တရားဓမ္မ ဟောကြားပေးဖြစ်ပါတယ်။ ပီနန်မှာတော့ ပီနန်ဆရာတော်ကြီးကျောင်းမှာ တည်းခိုဖြစ်ပါတယ်။ ဆရာတော်ကြီးကတော့ မြန်မာများအတွက်ရော မြန်မာရဟန်းတော်များအတွက် ပီနန်မှာ အားထားစရာ၊ ဂုဏ်ယူစရာ ဖြစ်နေပါတော့တယ်။ ဆရာတော်ကြီးက ပီနန်ကျောင်းကို သင်္ကန်းဝတ်ထားတဲ့ ဘုန်းကြီးဆို ဘယ်သူမဆို တည်းခိုခွင့်ရအောင် ညွန်ကြားထားလေတော့ အသိမရှိတဲ့ ဘုန်းကြီးတွေအတွက်လည်း အလွန်အဆင်ပြေလှပါတယ်။ ဆရာတော်ကြီးရဲ့ သာသနာပြု လုပ်ဆောင်ချက်တွေဟာ ကမ္ဘာတစ်ဝန်းမှာ ဂုဏ်ယူစရာတွေများလှပါတယ်။ ကမ္ဘာမှာ မြန်မာဘုန်းတော်ကြီး ကျောင်းလို့ ထည်ထည်ဝါ၀ါ ခန့်ခန့်ငြားငြား ညွန်ပြနိုင်ဖို့ဆိုတာ ပီနန်ဆရာတော်ကြီးရဲ့ ကျောင်းတိုက်တွေပဲ ရှိတယ်လို့ ထင်ပါတယ်။ ပီနန်မှာရှိတဲ့ မြန်မာကျောင်းဆိုရင်လည်း နိုင်ငံခြားသားများအတွက် လည်ပတ်စရာ တစ်ခုအဖြစ် ခရီးသွားလမ်းညွန်ထဲအထိ ပါဝင်နေပြီး နေ့စဉ်လာရောက် လေ့လာသူများနဲ့ အမြဲ စည်ပင်လို့ နေပါတယ်။ တစ်ဘက်ကလည်း ဆရာတော်ကြီး မရှိတော့ရင် ဆရာတော်ကြီး တည်ထောင်တော်မူခဲ့တဲ့ ကျောင်းတိုက်တွေကို တရုတ်တွေ လွှမ်းမိုးသွားမှာကို စိုးရိမ်မိပြန်ပါတယ်။ ရေရှည်အတွက် ဆရာတော်ကြီးကတော့ စီစဉ်ခဲ့မှာပါ။

အမှန်ပြောရရင် နိုင်ငံတကာမှာ မြန်မာဘုန်းကြီးကျောင်းများနဲ့ တစ်ခြားထေရ၀ါဒနိုင်ငံ ဘုန်းကြီးကျောင်းများ ယှဉ်လိုက်ရင် မြန်မာဘုန်းကြီးကျောင်းတွေဟာ ဟိုတစ်စု ဒီတစ်စုနဲ့ အခိုက်အတန့် ယာယီငှါရမ်းထားတာတွေပဲ များနေတတ်ပါတယ်။ တစ်ခြားနိုင်ငံ ဘုန်းကြီးကျောင်းတွေကတော့ အများကြီးမရှိသလို ရှိတဲ့ကျောင်းကလည်း ထည်ထည်ဝါ၀ါ ခန့်ခန့်ငြားငြား ရှိလှပါတယ်။ ပီနန်ဆရာတော်ကြီးက ဒီအချက်ကို သဘောပေါက်ပြီး ပီနန်၊ စင်္ကာပူ၊ အမေရိက စတဲ့နိုင်ငံတွေမှာ ရှိတဲ့ကျောင်းတွေကို ကျောင်းနဲ့တူအောင် ခန့်ငြားထည်ဝါမှုအပြည့်နဲ့ တည်ထောင်နိုင်တဲ့ ဂုဏ်ယူစရာပြယုဂ်အဖြစ် ထင်ရှားစေပါတယ်။ ကံကောင်းတယ်လို့ပဲ ပြောရပါမယ်။ ဘုန်းဘုန်းလည်း ပီနန်ဆရာတော်ကျောင်းမှာ တည်းခွင့်ရတုန်း ဆရာတော်ကြီးနဲ့ပါ စကားပြောခွင့် ရခဲ့ပါတယ်။ ဆရာတော်ကြီးက ဘုန်းဘုန်းတို့လို နိုင်ငံခြားရောက် သာသနာပြု ရဟန်းတော်တွေအတွက် တန်ဘိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံစကားတွေနဲ့ နည်းပေးလမ်းညွှန်မှု အပြည့်ပေးတော်မူပါတယ်။ ဆရာတော်ကြီးရဲ့ စကားတွေမှာ ဘုန်းဘုန်းတို့နဲ့ မတူတဲ့ တွေးခေါ်မျှော်မြင်မှုများနဲ့ အဖိုးတန် မှတ်သားစရာတွေ အများကြီး ပါပါတယ်။ စကားလုံးတိုင်းမှာ ယူစရာတွေ ထည့်ပြောသွားပါတယ်။ ဘုန်းဘုန်းရဲ့ ခရီးစဉ်မှာ တန်ဘိုးမဖြတ်နိုင်တာက ဆရာတော်ကြီးနဲ့ တွေ့ဆုံကာ စကားပြောခွင့် ရခဲ့တာပါပဲ။

ဆရာတော်ကြီးနဲ့ စကားပြောတော့ နိုင်ငံတကာမှာ မြန်မာများ မညီညွတ်ရတဲ့အကြောင်း၊ ဘုန်းကြီးကျောင်းများ ကွဲရတဲ့အကြောင်း၊ မြန်မာဘုန်းကြီးကျောင်းများ ခန့်ခန့်ငြားငြားမရှိ ဟိုတစ်စုဒီတစ်စု ဖြစ်ရတဲ့အကြောင်းများလည်း ပြောဖြစ်ခဲ့ပါတယ်။ ဆရာတော်ကြီးက မြန်မာတွေ ဘယ်နေရာရောက်ရောက် မညီမညွတ် ဖြစ်ကြတဲ့ အကြောင်းရင်းကို ဘုန်းဘုန်းကိုမေးတော့ ဘုန်းဘုန်းက မနာလို မရှုစိမ့်ဖြစ်တဲ့အတွက်ကြောင့် တစ်ဦးနဲ့တစ်ဦး တိုက်ခိုက်ကွဲပြား ခိုက်ရန်များကြတာ ဖြစ်နိုင်ကြောင်း အရိုးခံ လျှောက်ထားဖြစ်ပါတယ်။ ဆရာတော်ကြီးကတော့ မြန်မာတွေ ဘာကြောင့် ဒီလို မညီမညွတ်ဖြစ်ရတာလဲဆိုရင် အဓိကကတော့ မွဲလို့ဖြစ်တာလို့ အမိန့်ရှိပါတယ်။ မွဲတဲ့အတွက် ကိုယ့်ထက်သာသွားမှာ မလိုလားဘဲ တိုက်ခိုက်နေကြတာ ဖြစ်ကြောင်း မိန့်တော်မူပါတယ်။ အများနဲ့ မတူတဲ့ ဆရာတော်ကြီးရဲ့ အမြင်ဟာ လက်တွေ့ဘ၀မှာ တကယ့်ကို ဖြစ်နေတာပါပဲ။ မွဲတဲ့အပြင် အသိဉာဏ်ပါ ခေါင်းပါးလာနေတော့ မြန်မာတွေဟာ စည်းလုံးမှုပါ ပျက်ပြားလာပြီး တစ်စတစ်စ ဆုတ်ယုတ်မှုတွေပဲ များများလာနေပါတော့တယ်။

မလေးရှားနိုင်ငံမှာ လေးငါးရက်လောက်နေပြီး ကမ္ဘောဒီယား နိုင်ငံဘက်ကို ခရီးဆက်ဖြစ်ပါတယ်။ ကေအယ်လ်ကနေ အန်ကောဝပ် (Angkor wat ) ကျောင်းတော်ကြီးရှိရာ ကမ္ဘောဒီယားနိုင်ငံ Siam Reap မြို့ကို တိုက်ရိုက်လေကြောင်းနဲ့ သွားရောက်ဖြစ်ခဲ့ပါတယ်။ ကမ္ဘောဒီယားရဲ့ မြို့တော်ဖြစ်တဲ့ ဖနွမ်းပင် (Phnom Penh) ထက် ဒီအန်ကောဝပ် ဘုရားကျောင်းရှိရာ Siam Reap မြို့ကို နိုင်ငံခြားသား ခရီးသွားများ အလာများကြပါတယ်။ ထိုင်းနိုင်ငံနဲ့နီးတဲ့အတွက် ထိုင်းဘက်က ကားနဲ့လာသူတွေ ရှိသလို Siam Reapကနေ ထိုင်းကို ကူးသွားတဲ့ သူတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီဘုရားကျောင်းရှိရာ မြို့ကတော့ ကမ္ဘောဒီယားရဲ့ နိုင်ငံခြားငွေ ရှာဖွေပေးရာ အဓိကနေရာကြီး ဖြစ်နေပါတယ်။ တိုးရစ်ဇုန်ဆိုလည်း မမှားပါဘူး။ နေထိုင်သွားလာစရိတ် သက်သာတဲ့အပြင် စားစရိတ်ပါ မျှတတဲ့အတွက် နိုင်ငံခြားသား အများစု လာရောက်လေ့ရှိပါတယ်။ ပိုကောင်းတာက ဘယ်နိုင်ငံသားမဆို အလွယ်တကူ Arrival Visa ထုတ်ပေးထားတာ ဖြစ်တဲ့အတွက် ဘုန်းဘုန်းတို့ မြန်မာနိုင်ငံလို သွားရေးလာရေး ခက်ခဲတဲ့ နိုင်ငံသားများအတွက်လည်း အလွန်အဆင်ပြေလှပါတယ်။

အန်ကောဝပ် ဘုရားကျောင်းဟာ မူလက ဟိန္ဒူဘုရားကျောင်း ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဗုဒ္ဓဘာသာ ကျောင်းတော်ကြီးအဖြစ် ထေရ၀ါဒ ဗုဒ္ဓဘာသာ ၉၀ရာခိုင်နှုန်းခန့်ရှိတဲ့ ကမ္ဘောဒီယား အများစုက ဂုဏ်ယူလေ့ရှိကြပါတယ်။ ဒီကျောင်းတော်ကြီးကြောင့်လည်း ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီယား နယ်စပ်ပြဿနာများ မကြာခဏ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ အန်ကောဝပ်ကျောင်းကြီးရဲ့ ရှေးကျတဲ့ အနုပညာ လက်ရာများကို ကြည့်ရင် ဟိန္ဒူနတ်ဘုရားတစ်ဆူ ဖြစ်တဲ့ ဗိသျှနူးရုပ်ပုံတွေကို နေရာအတော်များများမှာ တွေ့ရတတ်ပါတယ်။ Siam Reap မှာရှိတဲ့ အန်ကောဝပ် ဘုရားကျောင်း နယ်နိမိတ်ဝန်းကျင်မှာလည်း အလားတူ ရှေးဟောင်းဘုန်းကြီး ကျောင်းများလည်း ရှိနေတော့ လှည့်လည်လေ့လာဖို့ အချိန်အတော်ပေးမှကို ပြည့်စုံနှံ့စပ်နိုင်ပါတယ်။ ဘုန်းဘုန်းလည်း ၂ရက်လောက် အချိန်ပေး လေ့လာပြီး ကမ္ဘောဒီးယားရဲ့ မြို့တော် ဖနွမ်းပင်ကို ဘက်စ်ကားနဲ့ ထွက်လာခဲ့ပါတယ်။

အန်ကောဝပ်ကနေ ဖနွမ်းပင်ကို အဝေးပြေကားနဲ့ ၆နာရီလောက် စီးရပါတယ်။ ကားကတော့ မြန်မာပြည်မှာ စွဲနေတဲ့ ကားတွေလိုပါပဲ။ ကွာခြားတာက ကမ္ဘောဒီးယားဟာ မြန်မာလောက် မချမ်းသာပေမယ့် အဝေးပြေးလမ်းမကြီး အပါအ၀င် မြို့တွင်းလမ်းတွေတော့ ကောင်းအောင်လုပ်ထားပေးတာပဲ ဖြစ်ပါတယ်။ ဖနွမ်းပင်ရောက်တော့ နေ့လယ် ၂နာရီလောက် ရှိနေပါပြီ။ မြို့တော်ဖြစ်လို့ ရောက်အောင်သွားဖြစ်ခဲ့ပေမယ့် လည်ပတ်စရာ လေ့လာစရာ သိပ်မရှိပါဘူး။ အဆောက်အဦတွေရဲ့ တိုးတက်မှုကလည်း မြန်မာပြည်လောက် မဖြစ်ထွန်းသေးပါဘူး။ အဲဒီနေ့နားပြီး နောက်နေ့မနက်စောစောမှပဲ လည်သင့်တဲ့ နေရာတွေ သွားရောက်လေ့လာ ဖြစ်ပါတယ်။ ဘုရင့်နန်းတော်နဲ့ နန်းတော်တွင်းမှာ ရှိတဲ့ ငွေဘုရားတွေကို သွားရောက်ခဲ့ပြီး ခမာတွေဝင်လာကာ လူတွေကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တဲ့ စာသင်ကျောင်းကို သွားရောက်ခဲ့ပါတယ်။ ဒီအထက်တန်းကျောင်းဟာ အဲဒီအချိန်တုန်းက အတိုင်းပဲထားပြီး ပြတိုက်အဖြစ် ပြသထားပါတယ်။ သတ်ဖြတ်ခံထားရတဲ့သူတွေရဲ့ ဓာတ်ပုံတွေနဲ့ အမျိုးမျိုး နှိပ်စက်ထားတဲ့ ပုံတွေကို ပြသထားတာ ကြည့်ရတဲ့သူတွေတောင် စိတ်မကောင်း ဖြစ်ရပါတယ်။ အဲဒီနေ့ နေ့လည်ပိုင်းမှာတော့ ခမာတွေရဲ့ လူသတ်ရာ killing Field ခေါ် လူသတ်ကွင်းကို သွားရောက်ဖြစ်ခဲ့ပါတယ်။ အသတ်ခံထားရတဲ့ သူတွေရဲ့ မူလဦးခေါင်းခွံတွေကို ပြတိုက်မှာထားပြီး ပြသပေးထားပါတယ်။ ခမာတွေရဲ့ ရက်စက်မှုကတော့ ကမ္ဘောဒီယားတွေ အတွက် တစ်သက်မမေ့စရာတွေပါပဲ။

ကမ္ဘောဒီယားမှာ သုံးညအိပ် လေးရက်လောက် နေထိုင်လေ့လာပြီး စင်္ကာပူမှာ ရှိတဲ့ ရဟန်းအမများရဲ့ ဆွမ်းကပ်တရားပွဲအမီ စင်္ကပူကို ပြန်ကြွခဲ့ရပါတယ်။ တနင်္ဂနွေနေ့ ဆွမ်းကပ်တရားဟောပြီး နောက်တနင်္လာနေ့မှာ ထိုင်ဝမ်ကတစ်ဆင့် ကိုရီးယားကို ပြန်ကြွလာဖြစ်ခဲ့ပါတယ်။ ထိုင်ဝမ်မြို့ထဲမှာရှိတဲ့ ဟိုတယ်မှာ တစ်ညတာအိပ်၊ ညပိုင်းလေ့လာ လည်ပတ်ပြီး နောက်နေ့ နေ့လယ်ဖလိုက်နဲ့ ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်ကိုရောက်၊ အဲဒီမှ ဘုန်းဘုန်းကျောင်းကို အဝေးပြေးကားကြီးနဲ့ လေးနာရီလောက်ထပ်စီးကာ ပြန်လာခဲ့ပါတယ်။ ကျောင်းရောက်တော့ ည ၉နာရီခွဲသွားပါပြီ။ ရေမိုးချိုး ဘုရားရှိခိုးပြီး ၆ရက်နေ့ကနေ စတင်ခဲ့တဲ့ ခရီးစဉ်ကို အဆုံးသတ်ခဲ့ပါတယ်။

သေချာတာကတော့ ၁၈ရက်ကြာ ကြွရောက်ခဲ့တဲ့ စင်္ကာပူ၊ မလေးရှား၊ ကမ္ဘောဒီးယားနဲ့ ထိုင်ဝမ်ခရီးစဉ်ဟာ သာသနာပြုကြွရောက်ခဲ့တဲ့ ဓမ္မဒူတ ခရီးမဟုတ်ခဲ့ဘဲ၊ နေရာဒေသအသစ်တွေကို ကြွရောက်လေ့လာ အတွေ့အကြုံရှာခဲ့တဲ့ ဒေသန္တရဗဟုသုတ ခရီးသက်သက်သာ ဖြစ်ခဲ့တယ်ဆိုတာပါပဲ။ အတွေ့အကြုံဆိုတာ ၀ယ်ယူရတယ်လို့ ဆိုသလို အချိန်တွေ၊ ငွေတွေနဲ့ ၀ယ်ယူလေ့လာခဲ့ရတဲ့ ဒီခရီး အတွေ့အကြုံကတော့ ဘုန်းဘုန်းတို့အတွက် အနာဂတ်မှာ ဆောင်စရာ ရှောင်စရာ အတုယူ လိုက်နာစရာတွေကို ပေးခဲ့တယ်ဆိုတာ သေချာနေပါတော့တယ်…

Read more »

မြန်မာပြည်မှ အပြန်…


“ဘုန်းဘုန်း… ပြန်ကြွမလာသေးဘူး လား ဘုရား…၊ ဘယ်တော့ပြန်ကြွ လာမလဲ ဘုရား…၊ ပြန်မကြွတော့ဘူးလား ဘုရား…” စတဲ့ အမေး များနဲ့ ဘုန်းဘုန်းရဲ့ မြန်မာပြည်မှ အပြန် ခရီးကို မျှော်လင့် နေကြတဲ့ ဘုန်းဘုန်းရဲ့ ဓမ္မမိတ်ဆွေ များအတွက် ဘုန်းဘုန်း ပြန်ကြွလာပါပြီဆိုတာ အသိပေးရင်း မြန်မာပြည်အတွေ့ အကြုံလေးတွေကို ပြန်လည်ဖောက်သည်ချဖို့ ဒီပို့စ်လေးကို ရေးသားတင်ပြ ပေးလိုက်တာပါ။ ဟုတ်ပါတယ်။ ဘုန်းဘုန်း မနေ့ (၂၇- ၁၁- ၂၀၀၉)ကပဲ မြန်မာပြည်ကနေ ကိုရီးယားကို ပြန်ကြွလာဖြစ်ခဲ့ပါတယ်။ ၀ါဆိုရုံခဏဆိုပြီး ပြန်ကြွသွားလိုက်တာ လေးလကျော် ကြာသွားခဲ့ပါတယ်။ တိတိကျကျ ပြောရရင် ၂၁-၇-၀၉ ရက်နေ့က ကြွသွားပြီး ၂၇-၁၁-၀၉ရက်နေ့ကမှ ပြန်ပြီးကြွလာဖြစ်တော့တယ်။ လေးလဆိုတဲ့ကာလဟာ အရာရာကို ပြောင်းလဲပစ်နိုင်တယ်ဆိုတာ အမှန်ပါပဲ။ ပြန်ကြွလာတော့ ဒီမှာရှိတဲ့ အခြေအနေလေးတွေဟာ အများကြီး ပြောင်းလဲသွားခဲ့ပါတယ်။ အခြေမလှတဲ့သူတွေ ရှိသလို အခြေမြင့်လာတဲ့ သူတွေလည်း ရှိလာပါတယ်။ အခြေမလှလို့ အဖမ်းခံပြီး ပြန်သွားရသူတွေ ရှိသလို အလုပ်နေရာပြောင်းလို့ ကောင်းသွားကြတဲ့ သူတွေလည်း ရှိပါတယ်။ ဒါဟာ ကိုရီးယားမှာ ရှိတဲ့ ပြောင်းလဲမှုအချို့ပါ။ ဒီလိုပဲ လေးလတာကာလ မြန်မာပြည်မှာ ၀ါဆိုပြီး အလုပ်တွေ မပြတ်လုပ်ဖြစ်ခဲ့တဲ့ ဘုန်းဘုန်းအတွက်လည်း လုပ်ပေးနိုင်တဲ့ အတိုင်းအတာအလျှောက် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း မပြတ်လှုပ်ရှားနေတဲ့ ဘုန်းဘုန်းအတွက် လေးလဆိုတာ ခဏလေးလိုပဲလို့ ပြောလိုက်တာပါ။

ဘုန်းဘုန်းမြန်မာပြည် ပြန်မကြွခင်တုန်းက ဒကာလေးတစ်ယောက်က ပြောဖူးတယ်။ “အရှင်ဘုရား… မြန်မာပြည်ပြန်ရောက်ရင် ဘာမှလုပ်စရာမရှိတော့ အချိန်တွေပိုပြီး ပျင်းနေမှာပဲနော်…“ တဲ့..။ ဘုန်းဘုန်းက ပြန်ပြောလိုက်ပါတယ်။ “အလုပ်လုပ်နေသူတွေအတွက် ဘယ်နေရာရောက်ရောက် အလုပ်တွေက ပေါနေပြီး ပျင်းချိန်တောင် ရမှာမဟုတ်ပါဘူး…“ လို့။ ဟုတ်တယ်။ ဘုန်းဘုန်းအတွက် ပျင်းချိန်မရခဲ့ပါဘူး။ မြန်မာပြည် ပြန်ကြွကတည်းက အနားယူဖို့၊ ဘာမှ မလုပ်ဖို့ သွားတာမှ မဟုတ်တာ။ အလုပ်လုပ်ဖို့သွားတာ ဆိုတော့ ရှိတဲ့အလုပ်လုပ်ပြီး ပြန်လာခဲ့တာပေါ့။ ဘုန်းဘုန်း မြန်မာပြည်မှာ ရှိတဲ့အချိန်အတွင်း တပည့်ရဟန်း သာမဏေတွေကို စာပေပို့ချပေးခဲ့ပါတယ်။ ၀ါတွင်းကလ ဖြစ်တဲ့အတွက် ဥပုသ်နေ့တိုင်း တစ်နေ့သုံးကြိမ် တရားဟောပေးခဲ့ပါတယ်။ ဥပုသ်နေ့တိုင်း မနက်ပိုင်း သီလပေးတရားဟော၊ နေ့လည်ကျတော့ လူကြီးသူမများအတွက် တရားဟောရင်း ၀ိပဿနာတရားပါ ပြသအားထုတ်စေပြီး ညပိုင်းမှာတော့ အယောက်၆၀ ၇၀လောက်ရှိတဲ့ ဆရာဝန်ဆရာမများနဲ့ သူနာပြုများကို ဓမ္မစကြာဒေသနာတော်ကြီးနဲ့ အဘိဓမ္မာဆိုင်ရာများကို ၂နာရီကျော်ကျော် အကျယ်ပို့ချပေးဖြစ်ပါတယ်။ နောက်ပြီး တနင်္ဂနွေနေ့တိုင်း ည ၇နာရီလောက်မှာ လူငယ်လေးများအတွက် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုများကို ပို့ချပေးဖြစ်ခဲ့ပါတယ်။ ကြားကာလမှာလည်း အချိန်ရရင် ရသလို မှောဘီတိုက်ကြီး၊ ဒိုက်ဦး၊ ကွမ်းခြံကုန်း စတဲ့ မြို့များအထိ ကြွရောက်ပြီး တရားပွဲများ ဟောပြောပွဲများ ပြုလုပ်ပေးဖြစ်ခဲ့ပါတယ်။ ပိုပြီး ၀မ်းသာစရာ ကောင်းတာက အေအိုင်ဒီအက်စ် ရောဂါကြောင့် စိတ်ပိုင်းဆိုင်ရာ ကျဆင်းနေတဲ့သူတွေကို စိတ်ဓာတ်မြင့်ပေး၊ တရားဟောပေးခွင့် ရခဲ့သလို၊ ဘုန်းဘုန်းရှိတုန်း သင်္ဘောမထွက်ခင် ရဟန်းဝတ်ပြီး တရားအားထုတ်ချင်တဲ့ သင်္ဘောသားတွေကိုလည်း တရားဟော၊ တရားပြ အလုပ်တွေ လုပ်ပေးနိုင်ခဲ့ပါတယ်။ ပြီးတော့ အယောက်၇၀လောက် ပါဝင်တဲ့ ဗုဒ္ဓဟူးဝတ်အသင်း ဆိုတဲ့ အမည်နဲ့ ဘာသာရေး ၀တ်အသင်း တစ်ခုကိုလည်း ဖွဲ့စည်းပေးနိုင်ခဲ့ပါတယ်။ ဒီအသင်းဟာ ဘုန်းဘုန်း ဦးဆောင်ပြီး ဖွဲ့ပေးတာဆိုတော့ အစစအရာရာ ဘုန်းဘုန်းပဲ အကုန်အကျခံ ဆောင်ရွက်ပေးဖြစ်ပါတယ်။ တူညီဝတ်စုံနဲ့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စားသောက်စာရိတ်ကအစ ဘုန်းဘုန်းပဲ တာဝန်ယူပေးပါတယ်။ ဘုန်းဘုန်းရသမျှ ဓမ္မပူဇာ န၀ကမ္မတွေကို ပရဟိတ အတွက်ပဲ အသုံးပြုဖြစ်ခဲ့ပါတယ်။ ပြီးတော့ ဘုန်းဘုန်းတို့ရွာ ပညာရေး ပဒေသာပင်ကိုလည်း မတည်ဆိုက်ထူပြီး တည်ထောင်ပေးဖြစ်ခဲ့ပါတယ်။ ဘုန်းဘုန်းမြန်မာပြည် ရောက်ချိန်ကစပြီး ကိုရီးယားကို ပြန်ကြွလာချိန်အထိ ရသမျှ ဒါနလုပ်ဖြစ်တာ သိန်းနှစ်ဆယ်နီးပါးအထိ ဖြစ်ခဲ့ပါတယ်။ ၀မ်းသာစရာကို ပြောတာပါ။ ထားပါတော့။ ဒါက ဘုန်းဘုန်းမြန်မာပြည်မှာ ရှိစဉ်က လုပ်ပေးခဲ့တဲ့ အလုပ်လေးတွေကို အကျဉ်းသဘောလောက် တင်ပြပေးတာပါ။

ပြောချင်တာက အလုပ်လုပ်ကြဖို့ပါ။ ဘာပဲဖြစ်ဖြစ် အလုပ်လုပ်တယ်ဆိုရင်တော့ အခက်အခဲတွေ ရှိတတ်သလို အတိုက်အခိုက်တွေလည်း ရှိတတ်ပါတယ်။ အကောင်းပြောတာ ရှိတတ်သလို အဆိုးပြောတာတွေလည်း ရှိတတ်ပါတယ်။ အကူအညီ ပေးသူတွေ ရှိတတ်သလို ဂျောက်တွန်းသူတွေလည်း ရှိတတ်ပါတယ်။ ဒါတွေဟာ အလုပ်လုပ်သူတိုင်း တွေ့ကြုံရမယ့် လောကဓံတွေပါ။ ဒီဒဏ်တွေ မခံနိုင်ရင်တော့ ဘာမှမလုပ်ဖို့ပဲ ရှိပါတယ်။ ဘာမှ မလုပ်ရင် ဘာမှလည်း ဖြစ်မှာမဟုတ်ပါဘူး။ ဘာမှမလုပ်လို့ ဘာမှမဖြစ်တာထက်စာရင် တစ်ခုခုလုပ်ပြီး အချိန်ကို တန်ဘိုးရှိစေတာကောင်းတယ် ဆိုတဲ့အတွေးနဲ့ ဘုန်းဘုန်းအလုပ်တွေ လုပ်ဖြစ်ခဲ့တာပါ။ လုပ်နေဦးမှာပါ။
မှန်ပါတယ်။ ပြောရရင် ကိုယ့်ပေါင်ကိုယ်လှန် ထောင်းသလို ဖြစ်ပါတယ်။ ဘုန်းဘုန်းတို့ မြန်မာပြည်မှာ ဘာမှမလုပ်ဘဲ အပိုဖြစ်နေသူတွေ အများကြီး ရှိနေပါတယ်။ လူတွေပဲလားဆိုတော့ ဘုန်းကြီးတွေလည်း ပါပါတယ်။ လူတွေကလည်း ဟိုလိုလို ဒီလိုလို ဟိုယောင်ယောင် ဒီယောင်ယောင် ရှိနေကြသလို ဘုန်းကြီးတွေကလည်း ဘာလိုလို ညာလိုလို ဖြစ်နေကြပါတယ်။ အလုပ်ကို လက်တွေ့မလုပ်ကြဘဲ ဟိုအပြစ်ပုံချ ဒီအပြစ်ပုံချ လုပ်နေတာက များနေကြတာကို တွေ့ရပါတယ်။ အမှန်တော့ အကြီးကြီး အများကြီး မလုပ်နိုင်တာ တောင်မှ ကိုယ့်တစ်နိုင်တစ်ပိုင် လုပ်နေမယ်ဆိုရင် အလုပ်တွေက အများကြီးပါ။ ကိုယ်တတ်နိုင်တဲ့ အားလေးနဲ့ လုပ်ပေးနိုင်မယ်ဆိုရင် လိုနေတဲ့ နေရာတွေက အများကြီးပါ။ ကိုယ့်လောက်မှ အခြေမလှ၊ ကိုယ့်လောက်မှ အဆင်မပြေတဲ့ သူတွေက အများကြီးပါ။ အဲဒီသူတွေကို ကိုယ့်ရှိတာလေး၊ ကိုယ်တတ်နိုင်တာလေး လုပ်ပေးနေနိုင်ရင်ကိုပဲ အကျိုးရှိနေတာပါ။ အဲဒီလောက်ကို ဘုန်းဘုန်းတို့ မြန်မာပြည်မှာ လုပ်ပေးနိုင်သူတွေက မလုပ်ပေးကြတာပါ။
ဒီအကြောင်းကို ဘုန်းဘုန်း ကွမ်းခြံကုန်း ဗုဒ္ဓကောလိပ် ဟောပြောပွဲမှာ ကျောင်းသားဦးဇင်း ကိုရင်တွေနဲ့ အပြင်က လာနားထောင်သူတွေကို ပြောဖြစ်ခဲ့ပါတယ်။ အဲဒီမှာဘုန်းဘုန်းက မြန်မာပြည်ရဲ့ လက်ရှိအခြေအနေတွေကို မီးမောင်းထိုးပြပေးပါတယ်။ မြန်မာပြည်ဟာ အဘက်ဘက်က အားနည်းနေပြီဆိုတာကို ပြောပြဖြစ်ပါတယ်။ လူမှုရေး၊ ပညာရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ လူမျိုးရေး စတဲ့အရေးတွေမှာ တစ်ဖြည်းဖြည်း ခြစားနေပြီဆိုတာ အသိပေးဖြစ်ပါတယ်။ ပြီးတော့ ဒါတွေ ပြန်အားကောင်းလာအောင် ဘုန်းကြီးတွေရော လူတွေပါ တတ်နိုင်သမျှ အလုပ်လုပ်ပေးကြဖို့၊ ဘာမှ မဖြစ်နိုင်ပါဘူးဆိုပြီး ဘာမှမလုပ်ပဲ မနေဖို့၊ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဝန်းကျင်မှာ ကိုယ်နိုင်သမျှ အရာလေးတွေနဲ့ နိုင်သမျှ ၀န်ကိုထမ်းပြီး လုပ်ကြည့်ကြဖို့၊ အလုပ်လုပ်နေသူကို အလုပ်ကပြန်ပြီး ကျေးဇူးပြုတတ်တဲ့အတွက် ဘာဖြစ်ဖို့ ဘာရဖို့ဆိုတဲ့ မျှော်လင့်ချက်မထားဘဲ ကိုယ်လုပ်ပေးနိုင်တာကို လုပ်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့သာ တတ်နိုင်သမျှ လုပ်ပေးကြဖို့၊ အလုပ်လုပ်နေသူတွေကို အထူးသဖြင့် အများအကျိုးအတွက် တစ်ခုခုလုပ်ပေးနေတဲ့ ဘုန်းကြီးတွေကို လှူချင်တမ်းချင်နေတဲ့ သူတွေက အမြဲတမ်းရှိနေတာ ဖြစ်တဲ့အတွက် အရှင်ဘုရားတို့ အနေနဲ့ လာဘ်လာဘကို မမျှော်ကိုးဘဲ ကိုယ့်တနိုင်တပိုင်ပဲ ဖြစ်ဖြစ် မျိုးဆက်သစ် လူငယ်များအတွက် အလုပ်လုပ်ပေးကြဖို့ စတဲ့ အကြောင်းအရာတွေကို ဟောပြောဖြစ်၊ အကြံပြုဖြစ်၊ တိုက်တွန်းဖြစ်ခဲ့ပါတယ်။

အားလုံးသိကြတဲ့အတိုင်း မြန်မာပြည်မှာက ခုနပြောသလို လှူဖို့နေရာကို လိုက်ရှာနေတဲ့ သူတွေရှိသလို အလှူကို စောင့်နေကြသူတွေလည်း ရှိပါတယ်။ ပြောရရင် လိုနေတဲ့သူတွေအများကြီး ရှိနေတယ်ဆိုတာပါပဲ။ လိုနေတာမှ စားရေးရော၊ ၀တ်ရေးရော၊ ပညာရေးရော၊ ဘာသာရေးရော အဖက်ဖက်ကကို လိုနေကြတာပါ။ ဒီအရေးတွေကို ဖြည့်ပေးမယ့်သူတွေကို မျှော်နေကြတာပါ။ ဒါတွေအားလုံးကို မဖြည့်ပေးနိုင်တာတောင်မှ ပညာရေးကို အားဖြည့်ပေးနိုင်သူတွေက ပညာရေးကို ၀ိုင်းပြီးအားဖြည့်၊ ဘာသာရေး ယဉ်ကျေးမှုကို အားဖြည့်ပေးနိုင်သူတွေက ဘာသာရေး ယဉ်ကျေးမှုကို အားဖြည့်ပေးကြဖို့ လိုနေတာပါ။ အမှန်ပြောရရင် ဒီနှစ်ဘုန်းဘုန်း ဇာတိမွေးရပ်ရွာကို မရောက်ဖြစ်ခဲ့ပါဘူး။ ဘာဖြစ်လို့လည်းဆိုရင် သွားရင်စိတ်ညစ်ပြီး ပြန်လာရမှာဖြစ်လို့ပါ။ ဘုန်းဘုန်းတို့ရွာကလူတွေ အားလုံးနီးပါး လိုနေကြပါတယ်။ အစစအရာရာပေါ့။ အရင်နှစ်တွေနဲ့ကတောင် မတူဘဲ ဒီနှစ်မှာ ပိုပြီးဆိုးကုန်ကြပါတယ်။ သူတို့ကို အဆိုးဆုံး ဒုက္ခပေးနေတာက နှစ်လုံးထိုးမှုတွေပါ ဘာမှလုပ်စရာ မရှိတော့ ရှိသမျှ ရောင်းချပြီး အချောင်ရမယ်ထင်တဲ့ ဒီနှစ်လုံးနောက် လိုက်တော့ ပိုပြီးငတ်ပြတ်ကုန်ကြတော့တာပါ။ ဒါကြောင့် တစ်ရွာလုံးနီးပါး လိုနေတဲ့သူတွေကို ပြည့်အောင် မဖြည့်ပေးနိုင်မယ့်အတူတူ မသွားတော့ပါဘူးဆိုပြီး အများနဲ့သက်ဆိုင်ပြီး ရေရှည်အကျိုးရှိမယ့် ပညာရေးပဒေသာပင်ပဲ အဝေးက လှမ်းဆိုက်ပေးလိုက်ပါတယ်။ ထားပါတော့ ပြောချင်တာက လိုနေတဲ့သူတွေ များနေတဲ့ မြန်မာပြည်မှာ အလုပ်လုပ်ပြီး ဖြည့်ပေးမယ့်သူတွေ အများကြီး လိုအပ်နေတယ် ဆိုတာပါပဲ။

မြန်မာပြည် အတွေ့အကြုံအကြောင်း ပြောမယ်ဆိုရင် ကုန်နိုင်မယ် မထင်ပါဘူး။ အပြောင်းအလဲ တစ်ခုကို လိုချင်နေကြတဲ့ မြန်မာပြည်သူတွေဟာ ပြောင်းလဲပေးနိုင်မယ့် သူတွေကို မျှော်လင့်နေကြတယ် ဆိုတာ သေချာပါတယ်။ ဒီအထဲက ဦးဆောင်မှုကောင်းကောင်းနဲ့ လောကီလောကုတ္တရာ အကျိုးများကို ဖော်ဆောင်ပေးမယ့် သာသနာ့ဝန်ထမ်းများကို ပိုပြီးမျှော်လင့်ကြ၊ အားကိုးကြတယ်ဆိုတာ လက်တွေ့အလုပ် လုပ်ပေးခဲ့တဲ့ ဘုန်းဘုန်းကိုယ်တိုင် သိခဲ့ရပါတယ်။ ဒါကြောင့် ဘုန်းဘုန်းကတော့ မြန်မာပြည်မှာပဲ နေနေ နိုင်ငံခြားမှာပဲ နေနေ အများအကျိုးဖြစ်စေမယ့် အလုပ်လေးတွေကိုတော့ တတ်နိုင်သမျှ လုပ်ပေးမယ်ဆိုတာကို ဆုံးဖြတ်ထားပါတယ်။ လုပ်လည်းလုပ်ဖြစ်နေပါတယ်။ ခေတ်မီဖွံ့ဖြိုး တိုးတက်ပြီးဖြစ်တဲ့ နိုင်ငံမှတော့လည်း ခေတ်မီမီ အွန်လိုင်းသာသနာပြု လုပ်ငန်းများပါ တွဲလုပ်နေပြီး ခေတ်မမီသေးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံမှာလည်း စာရေးခြင်း၊ စာအုပ်ထုတ်ခြင်းလုပ်ငန်းများပါ တွဲလုပ်ဖြစ်နေပါတယ်။ ထုတ်ဝေသူတစ်ယောက်က ဘုန်းဘုန်းစာမူတွေကို ဖတ်ပြီး “ဒီဆရာတော်ကတော့ စာမရေးပါနဲ့ ဆိုတာတောင် စာရေးခြင်းအလုပ်ကို နားမှာမဟုတ်ဘူး” လို့ မှတ်ချက်ပြုသလို ဘုန်းဘုန်းလည်း ကျန်းမာရေး ကောင်းနေသ၍ အလုပ်လုပ်ပေးလို့ ရနေသ၍ အတ္တဟိတ၊ ပရဟိတ လုပ်ငန်းများကို မပြတ်လုပ်ဖြစ်နေမယ်ဆိုတာ မြန်မာပြည်မှ အပြန်ကတိခံရင်း…

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ