မြန်မာပြည်မှအပြန်…

မနေ့ (၉-၄-၂၀၁၂)က ဘုန်းဘုန်း ကိုရီးယားကို ပြန်ကြွဖြစ်ခဲ့ပါတယ်။ မြန်မာပြည်တွင်း အလုပ်တွေ ပြီးပြတ်သွားလို့ မဟုတ်ပေမယ့် ကိုရီးယားမှာ ရှိနေရမယ့်အချိန် ဖြစ်တဲ့အတွက် မဖြစ်မနေ ပြန်လာခဲ့ရခြင်း ဖြစ်ပါတယ်။ တရုတ်နှစ်သစ်ကူး ပိတ်ရက်မှာ တစ်ပတ်လောက် ကိုရီးယားကို ပြန်လာပြီးကတည်းက အွန်လိုင်းပေါ်ကပျောက်ပြီး မြန်မာပြည်ရောက်သွားလိုက်တာ နှစ်လကျော်ကျော်လောက်ကို ဖြစ်သွားတော့တာပါပဲ။ မအားတဲ့ အချိန်တွေ များနေတာကြောင့် အင်တာနက်နဲ့ အဆက်အသွယ် ပြတ်သလောက်ကို ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလောက်တောင် မအားမလပ် ဖြစ်ရအောင် ဘာတွေလုပ်နေခဲ့လို့လဲလို့ မေးစရာရှိပါတယ်။ အလုပ်တွေကတော့ အစုံပါပဲ။ အထူးသဖြင့် စိတ်တိုင်းကျ ပုံဖော်နေတဲ့ “မနာပဒါယီ ပညာဒါန ကျောင်းတော်ကြီး” တည်ဆောက်နေတဲ့အပိုင်းမှာ အချိန်ပြည့် ကြီးကြပ်ညွှန်ကြားနေတဲ့ အလုပ်ကတော့ နေပူမရှောင်၊ မိုးရွာမရှောင် တစ်စိုက်မတ်မတ်ကို လုပ်ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ အတော်ခရီးပေါက်လာပြီဖြစ်တဲ့ ဒီကျောင်းတော်ကြီး တည်ဆောက်မှုဟာလည်း မကြာခင်မှာ ပရဟိတ ပညာဒါန အလုပ်တွေ စတင်နိုင်ဖို့ တဖြည်းဖြည်း အကောင်အထည် ပေါ်လာနေပြီ ဖြစ်ပါတယ်။ နောက်ထပ် အချိန်ပေးရတဲ့ အလုပ်က အနယ်နယ် အရပ်ရပ်ကိုကြွရောက်ပြီး တရားဓမ္မ ဟောပြောပေးဖြစ်ခဲ့တဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ တရားဟောရတာ မပင်ပန်းပေမယ့် ၂နာရီလောက် တရားဟောဖို့ ၁၉နာရီလောက် ကားစီးရတာကတော့ ခန္ဓာကိုယ်ကို ပိုပြီးပင်ပန်းစေတာ အမှန်ပါပဲ။ ကုသိုလ်ရေးဆိုတော့လည်း လိုလိုလားလား ဝမ်းသာအားရကို ကြွနေဖြစ်ခဲ့ပါတယ်။ တရားပွဲက ကိုရီးယားကို ပြန်ကြွခါနီးအထိ ရှိနေခဲ့တာဆိုတော့ နေ့တိုင်းနီးပါး ကြွဖြစ်နေတော့တာ ဖြစ်ပါတယ်။

ခန္ဓာကိုယ် ပင်ပန်းပေမယ့် စိတ်ရွှင်လန်းစေတဲ့ အလုပ်တွေနဲ့ အချိန်ကို အကျိုးရှိရှိ အသုံးချရလို့ ပီတိတွေ ဖြစ်နေတဲ့ကြားက ၁၅ရက်ကြာ ဗုဒ္ဓဂယာ ဘုရားဖူးခရီးပါ ကြွသွားဖြစ်လိုက်ပါသေးတယ်။ ဘုရားရှင်ရဲ့ ဇာတိမြေကို ကိုယ်တိုင်ကြွရောက် ဖူးမျှော်ကြည်ညို ဖြစ်ခဲ့တဲ့အတွက် တရားပွဲတွေမှာ ဘုရားအားနဲ့ ဘုရားစကားတွေကို တရားနာပရိတ်သတ်ကြား ပိုပြီးကြည်ညိုသဒ္ဓါပွားအောင် ဟောပြောဖြစ်ခဲ့ပါတယ်။ ဘုရားရှင်ရဲ့ မဟာကရုဏာ ကြီးမားမှု၊ မေတ္တာဓာတ် ပြည့်ဝမှုနဲ့ မနားမနေ အလုပ်လုပ်ခဲ့မှုတွေကို အိန္ဒိယနိုင်ငံရောက်ပြီး ကိုယ်ကိုယ်တိုင် ကားပေါ်က အခန့်သားကြွ၊ မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရတော့မှပဲ ကိုယ့်အလုပ်တွေဟာ ဘာမှမဟုတ်သေးပါလား၊ ကိုယ့်ပင်ပန်းမှုတွေဟာ ဘာမှမရှိသေးပါလား၊ ကိုယ့်မှာအများကြီး လိုနေသေးပါလား စတဲ့အတွေးတွေ အထပ်ထပ် ဖြစ်ပေါ်စေခဲ့တဲ့အပြင် ကိုယ့်တော့်အတွက်မပါ သတ္တဝါတွေ အတွက်သာ စွန့်လွှတ်အနစ်နာခံ ပေးဆပ်တော်မူခဲ့ရှာတဲ့ ဘုရားရှင်ရဲ့ ပါရမီ ဖြည့်ဆည်းတော်မူရာ အခါကာလတွေကိုပါ ပြန်လည်သတိပြုမိရင်း ဘုရားရှင်အပေါ် အတိုင်းအထက်အလွန် ကြည်ညိုနေမိခဲ့ပါတယ်။

အိန္ဒိယကအပြန် မြန်မာပြည်ပြန်တော့လည်း တရားပွဲတွေက ထပ်ပြီးကြွနေရ ပြန်ပါတယ်။ ကျောင်းလည်းဆောက်၊ တရားလည်းဟောရင်း အများအကျိုးပြု လုပ်ငန်းလေးတွေမှာလည်း တစ်နိုင်တစ်ပိုင် ပါဝင်အားဖြည့် ဖြစ်ခဲ့ပါတယ်။ အဲဒီအားဖြည့် အလုပ်တွေထဲမှာ အားရစရာ ကောင်းတာတွေကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မျိုးဆက်သစ် လူငယ်များအတွက် ဓမ္မစကူးလ် (Dhamma School)များ ဖွင့်လှစ်သင်ကြားပေးနိုင်ရေးပဲ ဖြစ်ပါတယ်။ ဘာသာတရား အခြေခံ အားနည်းလာနေကြတဲ့ မျိုးဆက်သစ် မြန်မာဗုဒ္ဓဘာသာများအတွက် ဘာသာရေးအခြေခံ ကောင်းအောင်နဲ့၊ စာရိတ္တပညာ မယိမ်းယိုင်အောင် ဘာသာရေးကို ပညာရေး အသွင်တစ်ခု အနေနဲ့ သင်ကြားပို့ချ ပေးနိုင်ရေးအတွက် သင်ရိုးညွှန်းတမ်းတွေ ရေးဆွဲရင်း ဓမ္မစကူးလ် ဖောင်ဒေးရှင်းရဲ့ ပထမခြေလှမ်းကို စတင်လျှောက်လှမ်း နေခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအဖွဲ့မှာ ဘုန်းဘုန်းတို့လည်း စွမ်းနိုင်တဲ့ဘက်က အားဖြည့်ခွင့် ရနေခဲ့တာ ဖြစ်ပါတယ်။ သင်ရိုးညွှန်းတမ်းတွေ ထွက်ပေါ်လာပြီး မကြာခင် နှစ်များအတွင်းမှာ အနယ်နယ်အရပ်ရပ်မှာ ဓမ္မစကူးလ်များ ဖွင့်လှစ်နိုင်တော့မှာ ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာကို အခြေခံထားတဲ့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု၊ လူမှုစရိုက်များဟာ ပိုမိုတိုးတက် ခိုင်မာလာတော့မှာ ဖြစ်ပါတယ်။

မြန်မာပြည်မှာရှိတုန်း ဘုန်းဘုန်းကိုယ်တိုင် ပါဝင်အားဖြည့်ခဲ့တဲ့ နောက်ထပ်အကျိုးပြု အဖွဲ့လေးတစ်ခုကတော့ တက္ကသီလဟိတဓရ (ရန်ကုန်)လို့ အဓိပ္ပါယ်ရတဲ့ တက္ကသိုလ် အကျိုးဆောင် အဖွဲ့တစ်ခုပဲ ဖြစ်ပါတယ်။ ဒီအဖွဲ့မှာလည်း ဘုန်းဘုန်းက အကျိုးဆောင်နေရာမှာရော၊ ပြန်ကြားရေးမှာရော၊ ဘဏ္ဍာငွေ ရှာဖွေရေးမှာပါ အားဖြည့်ပေးရတာ ဖြစ်ပါတယ်။ တက္ကသိုလ် အကျိုးဆောင်အဖွဲ့ကို နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) ကနေ ကျောင်းပြီးသွားကြတဲ့ ပြည်တွင်းပြပရောက် တက္ကသိုလ် ကျောင်းတော်သားများက ဦးဆောင်ပြီး ကျောင်းတွင်းကျောင်းတော်သားများနဲ့ ချိတ်ဆက်က အချင်းချင်း စည်းလုံးညီညွတ်စွာ လိုအပ်သည်များကို ကူညီပံ့ပိုးနိုင်ရေး၊ တက္ကသိုလ်ရဲ့ အကျိုးကို စုပေါင်းအားနဲ့ ဆောင်ရွက်ပေးနိုင်ရေး၊ ဆရာများရဲ့ ကျေးဇူးဂုဏ်ကို ပူဇော်ပေးနိုင်ရေးနဲ့ အခြားအခြား ပရဟိတ လုပ်ငန်းများမှာ ပူးပေါင်းဆောင်ရွက်ရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပထမဆုံး ဖွဲ့စည်းဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအဖွဲ့လေးဟာလည်း ကျေးဇူးတင်ထိုက်တဲ့ ကျေးဇူးတရားတွေအပေါ် အစဉ်သတိရစေမှုနဲ့ အကျိုးပြု လုပ်ငန်းတစ်ခုခုကို ပြုလုပ်ပေးနိုင်မှုတွေကို ရှေးရှုနေတာ ဖြစ်တဲ့အတွက် ဘုန်းဘုန်းတို့ အနေနဲ့ မဖြစ်မနေ ပါဝင်အားဖြည့် ပေးရခြင်း ဖြစ်ပါတယ်။

မြန်မာပြည်မှာ ရှိနေတဲ့အချိန် လုပ်ရမယ့်အလုပ်တွေကို ကြိုးစားလုပ်ကိုင်ရင်း တစ်ဘက်ကလည်း တိုင်းပြည်ရဲ့ တိုးတက်ဖြစ်ထွန်းမှု၊ ပြုပြင်ပြောင်းလဲမှုတွေမှာပါ မျက်ခြေမပြတ် အကဲခတ်နိုင်အောင် ကြိုးစားရပါတယ်။ အစိုးရအနေနဲ့ အုပ်ချုပ်ရေးပိုင်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သလို သာသနာရေးပိုင်း ဆိုင်ရာတွေမှာလည်း ပြုပြင်ပြောင်းလဲနိုင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အခွင့်ကြုံရင် ကြုံသလို အကြံပြုတာပါ လုပ်ဖြစ်ခဲ့ပါတယ်။ ကျန်တဲ့ဌာနဆိုင်ရာ အပိုင်းတွေမှာ အောက်ခြေပိုင်း ဝန်ထမ်းတွေ အထိုက်အလျောက် သတိထား ပြုပြင်လာတာတွေ ရှိနေပေမယ့် သာသနာရေးဆိုင်ရာ ဌာနတွေမှာတော့ အောက်ခြေပိုင်း အဆင့်တွေမှာ ထူးထူးခြားခြား ပြောင်းလဲမှုကို မတွေ့ရသေးဘဲ ယူမြဲ၊ စားမြဲ၊ အခက်အခဲ ရှိနေမြဲပဲ ဖြစ်နေတာကို တွေ့ရတတ်ပါတယ်။ ဒါကြောင့် ဘုန်းဘုန်းတို့ အနေနဲ့ကတော့ ဌာနဆိုင်ရာဆို အထူးသဖြင့် သာသနာရေးဆိုင်ရာ ဌာနတွေဆိုရင် အတတ်နိုင်ဆုံး ရှောင်နိုင်သမျှ ရှောင်နိုင်အောင် ကြိုးစားနေမိတာ ဖြစ်ပါတယ်။ တစ်ခါတလေ ဌာနဆိုင်ရာတွေက အကူအညီ မရတဲ့အပြင် အဲဒီဌာနတွေကို အကြောင်းရှိလို့ သွားမိရင်လည်း လျစ်လျူရှုမှုတွေနဲ့အတူ ဂုဏ်သိက္ခာပါ ကျကျလာတတ်တဲ့ အခါတွေ ရှိနေလေတော့ ဌာနဆိုင်ရာဆို လန့်ကိုလန့်လာတော့တာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာပြည်ရဲ့ တိုးတက်ပြုပြင် ပြောင်းလဲမှုတွေထဲမှာ အပေါ်ပိုင်းမှာသာ သိသာထင်ရှားမှုတွေ ရှိနေပေမယ့် အောက်ခြေအဆင့်တွေကတော့ ခေါက်ရိုးကျိုးနေတဲ့ စိတ်ဓာတ်တွေနဲ့ ပြုပြင်ပြောင်းလဲမှု အားနည်းနေသေးတယ်ဆိုတာ ပြနေတဲ့ သဘောပဲ ဖြစ်ပါတယ်။

ဘုန်းဘုန်းကတော့ တခါတလေ တစ်ချို့တရားပွဲတွေမှာ ဒီအကြောင်းအရာလေးတွေကို ထည့်ပြီး ပြောဖြစ်တတ်ပါတယ်။ တိုင်းပြည်တိုးတက်ဖို့၊ ဒီမိုကရေစီ ကျကျ ဖြတ်သန်းကြဖို့ဆိုရာမှာ အစိုးရပိုင်းက အဓိကကျနေပေမယ့် တိုင်းပြည်တွင်းမှာရှိတဲ့ တိုင်းသူပြည်သား တစ်ဦးချင်းစီရဲ့ ခေါက်ရိုးကျိုးနေတဲ့ စိတ်ဓာတ်တွေကိုပါ ပြုပြင်ပြောင်းလဲဖြစ်ဖို့ လိုကြောင်း၊ တစ်ဦးချင်းရဲ့ ပြုပြင်ပြောင်းလဲမှု၊ စည်းကမ်းရှိမှု၊ စာရိတ္တကောင်းမှု၊ ဝိုင်းဝန်းဖေးမမှု စတာတွေကနေ တစ်မိသားစု၊ အဖွဲ့အစည်းတစ်ခုခု၊ ဌာနဆိုင်ရာ တစ်ခုခုနဲ့ နောက်ဆုံး တစ်တိုင်းပြည်လုံး အတိုင်းအတာအထိ ပြုပြင်ပြောင်းလဲရမှာ ဖြစ်ကြောင်း၊ ညီညီညွတ်ညွတ်နဲ့ နိုင်ငံတော်သစ်တစ်ခုကို တည်ဆောက်သွားမယ်ဆိုရင် မဖြစ်နိုင်စရာ မရှိကြောင်း စသဖြင့် ကြုံရင်ကြုံသလို ပြောဆိုဟောပြော ပေးဖြစ်ပါတယ်။ ဒါက နိုင်ငံသားတစ်ယောက် အနေနဲ့ နိုင်ငံသားတွေရဲ့ အရေး၊ ဒါမှမဟုတ် နိုင်ငံရေးကို လုပ်နေခြင်း ဖြစ်ပါတယ်။ ဘုန်းဘုန်းကိုယ်တိုင် ဒီလို နိုင်ငံရေး အလုပ်ကို စွမ်းနိုင်သမျှ လုပ်နေဖြစ်ပါတယ်။ ဒါဟာ နိုင်ငံသားအားလုံးနဲ့ ဆိုင်တဲ့ အရေးတွေ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားများ အနေနဲ့ နိုင်ငံရေးကို များများလုပ်ကြဖို့ တိုက်တွန်းနေခဲ့ခြင်း ဖြစ်ပါတယ်။

ရှိပါစေတော့။ ဘုန်းဘုန်းအနေနဲ့ ဒီနေရာမှာ ပြောပြချင်တာက ဒုတိယအကြိမ် မြန်မာပြည် ပြန်ရောက်သွားတဲ့အချိန်မှာ လုပ်ဆောင်ခဲ့တဲ့ အလုပ်လေးတွေအကြောင်းပဲ ဖြစ်ပါတယ်။ တွေ့ကြုံလုပ်ဆောင် ခဲ့တာလေးတွေကို တစ်ဆင့်ပြန်လည် မျှဝေပေးရင်း ဝမ်းမြောက်နုမော် သာဓုခေါ်စေချင်တာ ဖြစ်ပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ အလုပ်ကြီးတွေ မဟုတ်ပေမယ့် မြန်မာပြည် ပြန်သွားတဲ့အခိုက် လုပ်ဖြစ်ခဲ့တဲ့ အလုပ်တွေကတော့ တကယ့်ကို သူနေရာနဲ့သူ အကျိုးပြုခဲ့တာတွေ ဖြစ်နေတဲ့အတွက် ဒီကုသိုလ်တွေကို သာဓုခေါ်ရင်း ထပ်ဆင့်သဒ္ဓါ ပွားနိုင်ကြဖို့ ပြန်လည်မျှဝေကာ ဖောက်သည်ချနေရခြင်း ဖြစ်ပါတယ်။ ကုန်ခဲ့တဲ့ အချိန်တွေနဲ့ ကုန်ခဲ့တဲ့ ဝတ္ထုကြေးငွေတွေဟာ ကုန်တာနဲ့အမျှ အကျိုးသက်ရောက်မှုတွေလည်း အမြောက်အများ ရှိနေခဲ့တဲ့အတွက် ဒီအပေါ်မှာ ထပ်တူထပ်မျှ အနုမောဒနာ ပြုနိုင်ဖို့အရေး အသိပေးရခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ကိုရီးယားမှ မြန်မာ၊ မြန်မာမှ အိန္ဒိယ၊ အိန္ဒိယမှ တစ်ခါမြန်မာ၊ မြန်မာမှ ကိုရီးယားသို့ ပြန်လည်ထွက်ခွါခဲ့တဲ့ ဘုန်းဘုန်းရဲ့ Domestic Mission လုပ်ငန်းစဉ်တွေဟာ အချိန်လည်းကုန်၊ ငွေလည်းကုန်၊ လူလည်း ပင်ပန်း၊ ခရီးလည်း နွမ်းခဲ့ပေမယ့် ကုန်ကျသွားတာနဲ့ အမျှ ဖြစ်ထွန်းသွားတဲ့ အကျိုးတရားတွေကလည်း အဆအထောင်မက ရှိသွားကြတာ ဖြစ်တဲ့အတွက် ဒီတစ်ခေါက် မြည်မာပြည် ခရီးတစ်ထောက်ဟာ တန်ဘိုးမဖြတ်နိုင်တဲ့ အမြတ်ဆုံး ခရီးစဉ်တစ်ခု ဖြစ်ခဲ့ပါကြောင်း ဘုန်းဘုန်းရဲ့ စာဖတ်ပရိတ်သတ် အပေါင်းအား တစ်ဆင့်ပြန်လည် မျှဝေပြရင်း အတော်ကြာ အဆက်ပြတ်သွားတဲ့ အွန်လိုင်းစာရေးခြင်း အလုပ်ကို ပုံမှန်အတိုင်း ရေးသားတင်ပြ ပေးမည့်အကြောင်း သတင်းကောင်း ပါးလိုက်ရပါတယ်။

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ