ဒီလို တိပိဋကဓရ ဆရာတော်များနဲ့ အခြားခြား ထေရဝါဒ ရဟန်းတော်များကို ပင့်ဖိတ်ပြီး တရားဓမ္မ ဟောပြပြသစေတဲ့ ဆရာတော် ဦးဗုဒ္ဓရက္ခိတရဲ့ ရည်ရွယ်ချက်ကလည်း အမတန် ဂုဏ်ယူဝမ်းမြောက်ဖွယ် ကောင်းလှပါတယ်။ မဟာယာန ဗုဒ္ဓဘာသာ အခြေခိုင်ထားတဲ့ ကိုရီးယားနိုင်ငံမှာ ထေရဝါဒ ဓမ္မများကို တဖြည်းဖြည်းနဲ့ လူသိများလာအောင်၊ မြတ်ဗုဒ္ဓရဲ့ ဟောကြားချက် အစစ်အမှန်များကို လက်တွေ့သိရှိ ခံစားနိုင်အောင်နဲ့ ထေရဝါဒ ရဟန်းတော်များရဲ့ ဘဝနဲ့ဓမ္မကို လက်တွေ့နဲ့ တစ်ထပ်တည်း သိရှိ သဘောပေါက်သွားအောင် စတဲ့ ဦးတည်ချက်များနဲ့ တိပိဋကဆရာတော်ရဲ့ သာသနာပြု ခရီးစဉ်ကို စီစဉ်ခဲ့ခြင်း ဖြစ်တယ်လို့ ဆရာတော် ဦးဗုဒ္ဓရက္ခိတက ကိုရီးယားနိုင်ငံသား ယောဂီများကို ပြောကြားခဲ့ပါတယ်။
တိပိဋကဆရာတော်ရဲ့ ဓမ္မခရီးစဉ်တွေမှာ တလျှောက်လုံး အနီးကပ်ရှိနေခဲ့တဲ့ ဘုန်းဘုန်းကတော့ တရားနာလာကြတဲ့ ကိုရီးယားတွေကိုကြည့်ပြီး အတော့်ကို အားရကျေနပ်နေမိခဲ့တာ အမှန်ပဲ ဖြစ်ပါတယ်။ တိပိဋကဆရာတော်ရဲ့ ဂုဏ်တော်အစွမ်းတွေရယ်၊ ဆရာတော် ဦးဗုဒ္ဓရက္ခိတရဲ့ တိပိဋကနဲ့ ပတ်သက်တဲ့ ချီးကျူးဂုဏ်ပြုမှုတွေရယ်ကြောင့် တစ်ချို့တစ်ချို့ ကိုရီးယား ယောဂီတွေဟာ တိပိဋက ဆရာတော်ကို ဖူးတွေ့ရတာနဲ့ကို ကျေနပ်ဂုဏ်ယူမိတဲ့အကြောင်း လျှောက်ထားကြပါတယ်။ တစ်ချို့ဆိုရင် တိပိဋကဆရာတော်ကို ဖူးနေရင်းနဲ့တောင် ဝမ်းသာလွန်းလို့ ကျခဲ့ရတဲ့ မျက်ရည်တွေနဲ့ ဖြေမဆည်နိုင်အောင် ဖြစ်သွားတာတွေလည်း ရှိခဲ့ကြပါတယ်။ ထူးထူးခြားခြား ကိုဝန်ဆောင်ထားတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ဆိုရင်လည်း ကလေးမွေးခါနီး ဆရာတော်ကို ဖူးပြီးမှ မွေးပါမယ်ဆိုလို့ ဖူးခွင့်ပေးခဲ့ရပါသေးတယ်။ တိပိဋကဆရာတော်နဲ့ ထေရဝါဒ မြန်မာရဟန်းတော်များက အဲဒီအမျိုးသမီးအတွက် စုပေါင်းပြီး အင်္ဂုလိမာလသုတ်ကို ရွတ်ဖတ်သရဇ္ဈာယ် ပေးလိုက်ကြပါတယ်။ နောက်နေ့မှာ အဲဒီအမျိုးသမီးဆီက သတင်းကြားရပါတယ်။ ကလေးကို မပင်မပန်းနဲ့ အလွယ်တကူပဲ မွေးဖွားဖြစ်ခဲ့တဲ့အကြောင်း ဒါဟာ ဆရာတော် သံဃာတော်များရဲ့ ကျေးဇူးပဲ ဖြစ်ပါကြောင်း ပြန်ကြားခဲ့ရပါတယ်။
တိပိဋက ဆရာတော် အရှင်ဂန္ဓမာလာလင်္ကာရရဲ့ ဓမ္မခရီးစဉ်မှာ ကိုရီးယားယောဂီများကို မြတ်ဗုဒ္ဓရဲ့ တရားဦးဒေသနာဖြစ်တဲ့ ဓမ္မစက္က ပဝတ္တနသုတ် ဒေသနာတော်နဲ့ အနတ္တလက္ခဏသုတ် ဒေသနာတော်များကို နေ့စဉ်မပြတ် (၂)ပတ်တိတိ ဟောကြားပို့ချ ပေးခဲ့ပြီး ကြိုကြားကြိုကြား ကိုရီးယား တရားပွဲများနဲ့ မြန်မာဘုန်းတော်ကြီးကျောင်းများမှာ လုပ်ဖြစ်ခဲ့တဲ့ မြန်မာတရားပွဲများ ပါဝင်နေတာ ဖြစ်ပါတယ်။ ကိုရီးယားလူမျိုးများကို အဓိကထား သာသနာပြု ကြွလာတာ ဖြစ်တဲ့အတွက် ကိုရီးယားများရဲ့ အစီအစဉ်အတိုင်းပဲ ဆရာတော်အနေနဲ့ ကြွရောက်ချီးမြောက်ပေးတော်မူခြင်း ဖြစ်ပါတယ်။ ကိုရီးယားတရားပွဲတွေမှာ ဆရာတော်က မြန်မာလိုဟော ဘုန်းဘုန်းက ကိုရီးယားလို ဘာသာပြန်ပေးပြီး နောက်ပိုင်းမှာ အမေးအဖြေ ကဏ္ဍကို ထည့်သွင်းပေးထားပါတယ်။ မြန်မာတရားနာ ပရိတ်သတ်တွေနဲ့ ကွာခြားတာက နိုင်ငံခြားသား အတော်များများဟာ တရားနာပြီးတာနဲ့ မေးခွန်းပေါင်းစုံကို မေးတတ်ကြခြင်းပဲ ဖြစ်ပါတယ်။
တိပိဋက ဆရာတော်ကတော့ တရားဟောရတာထက် အမေးအဖြေလေးတွေ လုပ်ပေးရတာ ပိုပြီး စိတ်ဝင်းစားဖို့ကောင်းကြောင်း မိန့်တော်မူပါတယ်။ ဆရာတော်ရဲ့ ထူးခြားချက်က မေးလာသမျှ မေးခွန်းတွေကို ပိဋကအထောက်အထားများနဲ့ လိုရင်းရောက်အောင် ဖြေကြားပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ တရားနာလာကြတဲ့ ကိုရီးယားယောဂီတွေဟာ ဆရာတော်ရဲ့ ဟောကြားဖြေကြားချက်တွေကို နာယူပြီး “ဒါကြောင့် တိပိဋကလို့ ဆိုတာနေမှာပဲ”ဆိုတဲ့ ခံစားချက်တွေ ကိုယ်စီရှိသွားကြတယ် ဆိုတာကိုတော့ ခေါင်းတညိတ်ညိတ် ဖြစ်နေကြတဲ့ သူတို့ကိုကြည့်ပြီး ဘုန်းဘုန်းသိရှိလိုက်ရပါတယ်။
တကယ်တမ်းကျတော့ တိပိဋကဆိုတဲ့ အသုံးအနှုန်းဟာ ကိုရီးယား ဗုဒ္ဓဘာသာတွေမှာလည်း ပြောဆိုသုံးနှုန်း နေကြတာတွေ ရှိပါတယ်။ တစ်ချို့ ကိုရီးယား ရဟန်းတော်များဆိုရင်လည်း ပိဋကတ်ဆောင်ဆိုတဲ့ ဘွဲ့ထူးတွေနဲ့ ဟောပြောနေကြတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် သူတို့ပိဋကတ်ဆောင်တွေနဲ့ ဘုန်းဘုန်းတို့ တိပိဋကဓရ ဆရာတော်တွေနဲ့ကတော့ ဘယ်လိုမှကို ယှဉ်လို့မရတာ ဖြစ်ပါတယ်။ မြန်မာပြည်က ပိဋကတ်ဆောင်တွေဟာ အားလုံးသိကြတဲ့အတိုင်း တကယ့်ကိုယ်ပဲ ဉာဏ်ပညာထက်မြက်မှ၊ တကယ်ကိုပဲ ပါရမီပါမှ၊ တကယ့်ကိုပဲ လုံ့လဝီရိယ ပြည့်စုံမှ ဒီလိုဘွဲ့ထူးနဲ့ ထိုက်တန်တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း တိပိဋက စာမေးပွဲတွေကိုကြည့်ရင် နှစ်ပေါင်း (၆၀)ကျော် နီးပါးကျင်းပလာခဲ့တာ ဒီနေ့အထိ ပိဋကဆောင် တိပိဋကဓရ ဆရာတော်များအနေနဲ့ (၁၃)ပါးပဲ ပေါ်ထွက်လာနိုင်သေးတာ ဖြစ်ပါတယ်။ အဲဒီလို ခက်ခက်ခဲခဲ ရရှိလာခဲ့တဲ့ ဂုဏ်ဒြပ်နဲ့ အညီပါပဲ မြန်မာထေရဝါဒ တိပိဋကဆရာတော်တွေဟာ အရည်အချင်းရော၊ အရည်အတွက်ပါ ပြည့်စုံနေကြတော့တာ ဖြစ်ပါတယ်။
ကိုရီးယား ယောဂီသူတော်စင်များကတော့ မြန်မာပြည်က တိပိဋကဆရာတော်များရဲ့ အရည်အချင်းကို လက်တွေ့သိရှိသွားပြီးနောက်မှာ “ဒါမှ ပိဋကတ်ဆောင်အစစ်”လို့ အချင်းချင်း ပြောဆိုသွားကြတော့တာ ဖြစ်ပါတယ်။ ပရိတ်သတ်တွေရဲ့ အဲဒီလို အသံတွေကြောင့်ပဲ တိပိဋကဆရာတော်ကို ပင့်ဖိတ်တော်မူတဲ့ ဆရာတော် ဦးဗုဒ္ဓရက္ခိတမှာ အားရကျေနပ်နေပြီး “သူဆန္ဒဟာ မြန်မာပြည်မှာ ဒီလို ဗုဒ္ဓဓမ္မတွေအပေါ်မှာ ကျွမ်းကျင်ထက်မြက်ပြီး ဘုရားဟောနဲ့အညီ နေထိုင်ကျင့်သုံး နေကြတဲ့ ဘုရားသားတော်များနဲ့ တပည့်သာဝကတွေ အများကြီးရှိနေတယ်ဆိုတာ သူတို့ကို သိစေချင်တာဖြစ်ကြောင်း၊ ဒီလို ဆရာတော်တွေကို များများပင့်ပြီး ထေရဝါဒ သာသနာကို ကိုရီးယားနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာအောင် လုပ်ရမှာ ဖြစ်ကြောင်း” စသဖြင့် မိန့်တော်မူခြင်း ဖြစ်ပါတယ်။
ရှိစေတော့။ ပြောချင်တာက တိပိဋက ဆရာတော်ရဲ့ ကိုရီးယား သာသနာပြု ခရီးစဉ်နဲ့ ကိုရီးယား နိုင်ငံသား ယောဂီသူတော်စင်များရဲ့ ပီတိအမြင်တွေအကြောင်းပဲ ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ဝိပဿနာ အလုပ်တွေအပေါ်မှာ စိတ်ဝင်တစားလုပ်လာ၊ မြန်မာပြည် သာသနာရဲ့ ထွန်းပြောင်မှုများကို သိရှိလာကြတဲ့ ကိုရီးယားနိုင်ငံသား ဗုဒ္ဓဘာသာ အများဟာ အခုနောက်ပိုင်းမှာ မဟာယာန ဗုဒ္ဓဘာသာရဲ့ ဟောကြားချက်များ၊ ကျင့်စဉ်များထက် ဘုရားဟောတရားတော်များကို ပြင်ဆင်ဖြည့်စွက် နုတ်ပယ်ခြင်း မရှိဘဲ အော်ရဂျယ်နယ်အတိုင်း လက်ခံကျင့်သုံး နေထိုင်ကြတဲ့ ထေရဝါဒ ဗုဒ္ဓဘာသာရဲ့ ဟောပြောပို့ချမှုများ၊ ကျင့်စဉ်များကို ပိုပြီး စိတ်ဝင်တစားရှိလာ၊ ပိုပြီး လက်တွေ့ကျင့်ကြံနေထိုင်လာကြတဲ့ အကြောင်း သိစေချင်တာ ဖြစ်ပါတယ်။
အခုဆိုရင် တိပိဋကဆရာတော်ဟာ မြန်မာပြည်ကို ပြန်ကြွသွားပြီ ဖြစ်ပေမယ့် ကျန်ခဲ့ကြတဲ့ ကိုရီးယားတွေ ကြားမှာတော့ မြန်မာပြည်က တိပိဋကဓရ ဆရာတော်အကြောင်း၊ မြန်မာဗုဒ္ဓဘာသာ ရဟန်းတော်များ အကြောင်းနဲ့ ဗုဒ္ဓတရားတော်နဲ့ တည်ဆောက်ထားတဲ့ မြန်မာလူမျိုးများရဲ့ ဘဝနေထိုင်မှုများ အကြောင်းတွေကတော့ ကိုရီးယားတွေရဲ့ နှုတ်ဖျားမှာ ပြောကောင်းနေကြတုန်းပဲ ဖြစ်ပါကြောင်း ဝမ်းမြောက်စကား မျှဝေပွားရင်း တိပိဋကဆရာတော်ရဲ့ ကိုရီးယားသာသနာပြု ခရီးစဉ်အကြောင်း တစ်စေ့တစ်စောင်း တင်ပြလိုက်ရပါတယ်။
0 မှတ်ချက်များ (...ရေးရန်):
Post a Comment