အလိုမကျ ဖြစ်ကြရာဝယ်

ဘုန်းဘုန်းအပါအ၀င် သတ္တ၀ါတွေဟာ တစ်ခုမဟုတ် တစ်ခုတော့ အလိုမကျ ဖြစ်နေတတ်ကြသလို ဖြစ်လည်းဖြစ်ဖူးကြပါတယ်။ ပုထုဇဉ်တွေ ဖြစ်နေတဲ့အတွက်လည်း အလိုပြည့်တယ်ဆိုတာ မရှိနိုင်ပါဘူး။ တစ်မျိုးမျိုးနဲ့ အလိုမကျ ဖြစ်နေကြမှာပါ။ ခုလည်းဖြစ်နေကြသလို နောင်လည်း ဖြစ်နေဦးမှာပါပဲ။ ကိုယ့်ကိုယ်ကို အလိုမကျ ဖြစ်တဲ့အခါ ရှိကြသလို သူများကိုကြည့်ပြီး အလိုမကျ ဖြစ်နေတာတွေလည်း ရှိတတ်ပါတယ်။ ကိုယ့်ရှိတဲ့ အရာတွေအပေါ်မှာ အလိုမကျ ဖြစ်တတ်သလို သူ့ရှိတဲ့ အရာတွေကြောင့်လည်း အလိုမကျ ဖြစ်တာတွေလည်း ရှိတတ်ပါတယ်။ ကိုယ့်ကြောင့် အလိုမကျတဲ့အခါ ရှိတတ်သလို သူ့ကြောင့်အလိုမကျတဲ့ အခါလည်း ရှိတတ်ပါတယ်။ သေချာတာကတော့ ခန္ဓာဝန်လက်စသိမ်းပြီး ဒုက္ခမငြိမ်းသေးသမျှ အလိုမကျမှုတွေက ရှိနေကြမှာပဲ ဖြစ်ပါတယ်။ ရုပ်နာမ်အစုကို ပိုင်ဆိုင်ထားသမျှ ဒီရုပ်နာမ်နှစ်ခုကြောင့် အပူစုတွေနဲ့အတူ အလိုမကျမှုတွေက မပြတ်ဖြစ်နေမှာ အမှန်ပါပဲ။ နောက်ဆုံးတော့ နေရတဲ့အခိုက်မှာ ဒီအလိုမကျမှုတွေ အခိုက်အတန့်ဖြစ်ဖြစ် သက်သာဖို့အတွက် အကောင်းဆုံး ကုစားဖို့ပဲ ကြိုးစားရတော့မှာပါ။ အလိုမကျတဲ့အခါ ဖြေဆည်နိုင်ဖို့ပဲ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ သေချာတွေးကြည့်ရင် ဘုန်းဘုန်းတို့တတွေဟာ နေ့တိုင်းနေ့တိုင်း အမျိုးမျိုး ပြောင်းလဲနေတဲ့ စိတ်ကြောင့် ခံးစားချက်အမျိုးမျိုးနဲ့ တစ်မျိုးပြီးတစ်မျိုး အလိုဆိုးတွေပဲ ဖြစ်နေတတ်ကြပါတယ်။ တစ်ခါတစ်လေ တစ်ယောက်တည်း နေရင်းတောင် အလိုလို အလိုမကျ ဖြစ်နေတာတွေ ရှိတတ်ပါတယ်။ ဘာကြောင့်ဖြစ်တာလဲဆိုတော့ အဖြေက တိတိကျကျ မရှိပြန်ပါဘူး။ အလိုမကျ ဖြစ်တတ်တာတော့ အသေးအဖွဲလေးက အစပါပဲ။ တစ်ခါတစ်လေ မြင်ရတဲ့ အဆင်းကြောင့် ဖြစ်ရသလို တစ်ခါတစ်လေ ကြားရတဲ့ အသံကြောင့် ဖြစ်ရပြန်ပါတယ်။ တစ်ခါတစ်ခါကျတော့လည်း အနံ့ကြောင့်၊ တစ်ခါတစ်လေကျတော့ အရသာကြောင့်၊ ပြီးတော့ အတွေ့အထိစတာတွေကြောင့် တစ်မျိုးမဟုတ် တစ်မျိုးနဲ့ကို အလိုမကျ ဖြစ်နေရတာပါ။ ကိုယ့်ရဲ့ အဆင်း၊ အသံ၊ အနံ့ စတာတွေကြောင့် အလိုမကျ ဖြစ်ရသလို သူများရဲ့ အဆင်း၊ အသံ စတာတွေကြောင့်လည်း ဖြစ်ရပြန်ပါတယ်။ အရင်းစစ်တော့ ဘုရားစကားတော် အတိုင်းဆိုရင် ခန္ဓာအစုကြောင့်ပဲ ဖြစ်ပါတယ်။ စွဲလန်းတတ်တဲ့ ဥပါဒါနက္ခန္ဓာကြောင့်ပဲ ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓက အနတ္တလက္ခဏသုတ်မှာ ပဉ္စ၀ဂ္ဂီငါးဦးကို အလိုမကျ ဖြစ်တတ်တာတွေနဲ့ ပတ်သက်ပြီး ဟောတော်မူထားပါတယ်။ အလိုမကျဖြစ်နေခြင်းဟာ အရာရာ အနတ္တဖြစ်တယ်ဆိုတဲ့ သဘောကို မေ့နေပြီး အတ္တလို့ ထင်နေတဲ့အတွက်ကြောင့် ဆိုတာကို ဒီသုတ်တော်မှာ ပြတော်မူထားပါတယ်။ အရာရာဟာ အလိုရှိတဲ့အတိုင်းသာ ဖြစ်နေမယ်ဆိုရင် အနတ္တဆိုတာ မရှိဘဲ အတ္တပဲ ရှိနေတတ်ပေမယ့် အမှန်တကယ် အတ္တဆိုတာ မရှိကြောင်းကို ဒီသုတ်တော်က ထင်ရှားစေပါတယ်။ ဘုရားရှင်က “ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်၊ ရဟန်းတို့ ဤရုပ်သည် အတ္တဖြစ်ခဲ့လျှင် ရုပ်သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏ ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့ မဖြစ်စေလင့်ဟူ၍လည်း ရုပ်၌စီရင်၍ ရရာ၏။ ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းဖြစ်၏၊ ငါ၏ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့မဖြစ်စေလင့်ဟူ၍လည်း ရုပ်၌စီရင်၍ မရအပ်..” စသည်ဖြင့် ရုပ်သည်အတ္တမဟုတ် အနတ္တဖြစ်ကြောင်း ဟောတော်မူပါတယ်။ ပြီးတော့ “ခံစားခြင်းဝေဒနာ၊ မှတ်သိခြင်း သညာ၊ ပြုပြင်စီရင်ခြင်း သင်္ခါရ၊ သိစိတ်ဖြစ်ခြင်း ၀ိညာဏ်တို့သည်လည်း အလားတူပင် အတ္တမဟုတ်၊ အနတ္တဖြစ်ကြောင်း၊ အနတ္တဖြစ်သဖြင့်လည်း မမြဲခြင်းဖြစ်ကြောင်း၊ ဆင်းရဲခြင်းဖြစ်ကြောင်း၊ မမြဲဆင်းရဲပြီး ဖောက်ပြန်ခြင်း သဘောရှိသဖြင့် ထိုရုပ်ဝေဒနာ စသည်တို့၌ ငါ၊ ငါ့ဥစ္စာ၊ င့ါအတ္တဟု ရှုမြင်ရန် မသင့်ကြောင်း ထိုအရာများအား ငါမဟုတ်၊ ငါ့ဥစ္စာမဟုတ်၊ ငါ့အတ္တမဟုတ်ဟု ဟုတ်တိုင်းမှန်စွာ ပညာဖြင့် သိမြင်နိုင်မှသာ ရုပ်၌လည်း ငြီးငွေ့လာ၊ ဝေဒနာစသည်တို့၌လည်း ငြီးငွေ့လာကာ ကိလေသာကင်း၍ မဂ်ကိစ္စပြီးမည်ဖြစ်ကြောင်း…” စသဖြင့် ဟောတော်မူပါတယ်။

မြတ်ဗုဒ္ဓရဲ့ ဒီဟောကြားချက်များကို ကြည့်ရင် အလိုမကျတာတွေအတွက် ဖြေဆည်ရာ ရစေမှာ အမှန်ပါပဲ။ တစ်ခါတစ်လေ ဖြစ်တတ်တဲ့ ကိုယ့်ရဲ့အလိုမကျမှုတွေကို “အရာရာဟာ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်လို့ရတဲ့ အတ္တမဟုတ် သူဖြစ်ချင်တိုင်း ဖြစ်နေတဲ့ အနတ္တသဘောပဲ”ဆိုတဲ့ အသိနဲ့ ဖြေကြည့်မယ်ဆိုရင် အထိုက်အလျောက် ဖြေဆည်ရာရမှာပါ။ မှန်ပါတယ်။ တစ်ခါတစ်လေ လက်တွေ့ဘ၀မှာလည်း ဒီလို ဘာမဟုတ်တဲ့ အလိုမကျမှုတွေနဲ့ စိတ်ဒုက္ခဖြစ်ခဲ့ကြတာ မနည်းလှပါဘူး။ ဘုန်းဘုန်းအပါအ၀င် ပုထုဇဉ်မှန်သမျှ အလိုမကျမှုတွေကြောင့် ပင်ပန်းမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ အဆင်မမြေမှုတွေ အများကြီး ဖြစ်ခဲ့ကြ၊ တွေ့ခဲ့ကြ၊ ခံစားခဲ့ကြပါတယ်။ ပြီးတော့ သူတစ်ပါးကို အမှီပြုပြီး ဖြစ်ကြရတဲ့ အလိုမကျမှုတွေကြောင့် ခံစားရတဲ့ ဒုက္ခတွေကလည်း မရေတွက်နိုင်အောင်ကို များခဲ့ကြပါသေးတယ်။ တကယ်တော့ ဖြေဆည်တတ်မယ်ဆိုရင် ငါ၊ ငါ့ဟာဆိုတာ အမှန်မရှိပေမယ့် အမှန်လို့ထင်နေတတ်တဲ့ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ကိုတောင် ကိုယ့်စိတ်တိုင်းကျ မဖြစ်တဲ့ဟာကို ကိုယ်နဲ့ဘာမှ မပတ်သက်တဲ့ သူများတွေကို ကိုယ့်အလိုကျ ဖြစ်စေဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲပေါ့။ တစ်နေ့ကပဲ ဘုန်းဘုန်းကိုယ်တိုင် ဖြစ်လိုက်ပါသေးတယ်။ ဒကာလေးတစ်ယောက် ဝေယျာဝစ္စလာလုပ်ရင်း အလွဲလေးလုပ်မိလို့ စိတ်ထဲမှာ အလိုမကျ ဖြစ်ခဲ့မိသေးတယ်။ နောက်တော့ အချိန်မီပဲ “ငါ့နဲ့ ဘာမှသွေးမတော် သားမစပ်ဘဲ ဘုရားသားတော် တစ်ပါးအနေနဲ့ ကြည်ညိုလို့ လာပြီးကုသိုလ်ယူတာကို ငါက ဘာဖြစ်လို့ အလိုမကျ ဖြစ်နေရတာလဲ၊ သူ့နေရာမှာ ငါသာဆိုရင် ဒီလိုပဲ ဖြစ်မိမှာပဲ၊ ငါ့ကိုယ်ငါတောင် စိတ်တိုင်းမကျ ဖြစ်နေတာ သူတစ်ပါးကို ငါ့စိတ်တိုင်းကျ ဖြစ်ဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ…” စသဖြင့် စိတ်ကိုဖြေနိုင်၊ အတွင်းမှာဖြစ်နေတဲ့ အလိုမကျမှုကို အပြင်မထွက်အောင် ထိန်းလိုက်နိုင်ပါတယ်။ ဘုန်းဘုန်းလိုပဲ အားလုံးလည်း ဖြစ်ဖူးကြမှာပါ။ အလိုမကျမှုတွေကိုလည်း ဖြေဖူးကြမှာပါ။ ဖြေလည်း ဖြေကြည့်စေချင်ပါတယ်။

သေချာတွေးကြည့်တော့ အလိုမကျတာတွေဟာ အမှန်မမြင်မိပဲ အတ္တဆန်တဲ့ ငါစွဲတွေကြောင့်ပဲ ဖြစ်ပါတယ်။ အနတ္တဆိုတာကို မေ့နေပြီး အတ္တလို့ ထင်နေကြတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဗုဒ္ဓရှင်တော်မြတ် အမိန့်ရှိသလို ငါ့ရုပ်င့ါခန္ဓာ ငါ့စိတ်ဆိုရင် ငါဖြစ်ချင်သလို ဖြစ်စေရမှာ ဖြစ်ပေမယ့် ငါ့ဖြစ်စေချင်သလို မဖြစ်ဘဲ သူဖြစ်ချင်သလို ဖြစ်နေတယ်ဆိုတာ သတိမပြုမိကြတော့ ဆရာသမားတွေကရော၊ မိဘတွေကပါ ပြီးတော့ ရာထူးကြီးတဲ့သူတွေ၊ ပညာတတ်တဲ့သူတွေ၊ အသက်အရွယ် ဂုဏ်ပကာသန ကြီးတဲ့သူတွေပါမကျန် အားလုံးက ကိုယ့်စိတ်တိုင်းကျ မတွေ့တဲ့အခါ၊ ကိုယ့်အလိုမကျတဲ့အခါ စိတ်ဆိုးစိတ်တိုပြီး တစ်ဘက်သားကို ဒုက္ခဖြစ်စေတတ်ကြပါတယ်။ တစ်ခြားသူတွေကို ဒုက္ခဖြစ်စေရုံတင်မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုလည်း ဒုက္ခဖြစ်စေပါတော့တယ်။ တစ်ဘက်သူ ဘယ်လိုဖြစ်တယ်ဆိုတာ အသာထား ကိုယ်ကိုယ်ကိုတော့ ဒီလိုအလိုမကျ၊ စိတ်တိုင်းမကျ ဖြစ်လိုက်ရတဲ့အတွက် စိတ်ဒုက္ခဖြစ်စေခဲ့တာတော့ အမှန်ပါပဲ။ အရင်းစစ်တော့ အနတ္တဆိုတာမေ့ပြီး အတ္တလို့ ထင်မိကာ အလိုမကျ ဖြစ်ခဲ့မိတဲ့ အတွက်ကြောင့်ပါပဲ။ ဒါကြောင့် သူတစ်ပါးကို အကြောင်းပြုပြီး အလိုမကျ ဖြစ်တဲ့အခါ ကိုယ့်ကိုယ်ကို အရင်ပြန်ဆန်းစစ်ပြီး ကိုယ့်ကိုယ်ကိုရော ကိုယ့်စိတ်တိုင်းကျ ကိုယ့်အလိုကျ ဖြစ်ရဲ့လားဆိုတာ သတိပြုမိကြဖို့ လိုပါတယ်။ သေချာတာကတော့ ကိုယ့်ကိုယ်ကိုလည်း အလိုမကျ ဖြစ်မိတယ်ဆိုတာပါပဲ။

တကယ်တော့ အလိုမကျ ဖြစ်တယ်ဆိုတာ အလိုရှိနေကြလို့ပဲ ဖြစ်ပါတယ်။ အလိုရှိနေတဲ့အတွက် ကိုယ်လိုတဲ့အတိုင်း မဖြစ်တော့ အလိုလို အားမရဖြစ်ကာ မလိုချင်တာရပြီး အလိုမကျ ဖြစ်ကုန်တာပဲ ဖြစ်ပါတယ်။ လိုနေသမျှ အလိုမကျ ဖြစ်နေမှာ အမှန်ပါပဲ။ လိုချင်ဖြစ်ချင်တာတွေ များလေလေ အလိုမကျတာတွေ များလေလေပဲ ဖြစ်နေမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဖြစ်ချင်တိုင်း ဖြစ်လို့မရတဲ့ လောကမှာ ဖြစ်နေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဖြစ်ချင်တာ ဖြစ်နေမယ်ဆိုရင် မမြဲခြင်းသဘော မရှိတော့ဘဲ မြဲခြင်းသဘောပဲ ရှိနေမှာ ဖြစ်ပေမယ့် လောကကြီးဟာ မြဲတာတစ်ခုမှ မရှိဘဲ မမြဲတာတွေပဲ ရှိနေလေတော့ အတ္တမဟုတ်၊ အနတ္တဆိုတာ အထင်အရှား ဖြစ်စေပါတယ်။ ဒါကို မသိတဲ့အတွက်ကြောင့် ဖြစ်ချင်မှုလိုချင်မှုတွေနဲ့ ဖြစ်ချင်လိုချင်နေကြလို့လည်း သတ္တ၀ါတွေဟာ လိုတာမရဘဲ အလိုမကျ ဖြစ်ကုန်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် “အလိုကျချင်ရင် မလိုကြနဲ့”လို့ ဆိုခြင်းဖြစ်ပါတယ်။

မှန်ပါတယ်။ မလိုချင်ရင် အလိုမကျဖြစ်တယ် ဆိုတာ မရှိတော့ပါဘူး။ မလိုချင်တဲ့အတွက် ဖြစ်ချင်တဲ့ဆန္ဒ၊ ဖြစ်စေချင်တဲ့ အလိုတွေ မရှိတော့ပါဘူး။ ဒါဆိုရင် အလိုမရှိတဲ့အတွက် လိုချင်လို့ တောင့်တပြီး တောင့်တတိုင်း မရတဲ့အခါ ဖြစ်တတ်တဲ့ အလိုမကျမှုဆိုတာလည်း မရှိနိုင်တော့ပါဘူး။ အကယ်၍ ပုထုဇဉ်တွေ ဖြစ်နေတဲ့အတွက် လိုချင်မှုကိုတော့ ထင်သလို ပြုပြင်ထိန်းသိမ်းလို့ မရသေးဘူးဆိုရင်လည်း အလိုမကျမှုတွေနည်းအောင်၊ အလိုမကျမှုကြောင့် ဖြစ်ပေါ်တတ်တဲ့ စိတ်သောက ခံစားမှုတွေ သက်သာအောင် ဖြေနိုင်ဖို့၊ ဖြေတတ်ဖို့တော့ လိုပါတယ်။ ဒီလို ဖြေတတ်ဖို့အတွက် ဘုရားရှင် အမိန့်ရှိသလို အရာရာဟာ ငါမဟုတ်၊ အတ္တမဟုတ်ဘဲ ကိုယ်ဖြစ်ချင်သလို ဖြစ်လို့မရတဲ့ အနတ္တပဲဆိုတာ နားလည်သဘောပေါက်လို့ ကိုယ်ကိုယ်တိုင်တောင် ဖြစ်ချင်တိုင်းဖြစ်လို့မရ၊ ကိုယ်ကိုယ်တိုင်တောင် ကိုယ့်ကိုယ်ကို အလိုမကျ ဖြစ်နေတာ သူများကိုအမှီပြုပြီး ကိုယ့်စိတ်တိုင်းကျ ကိုယ့်အလိုကျ ဖြစ်ဖို့ဆိုတာ မလွယ်ဘူးဆိုတဲ့ အသိတရားနဲ့ ဖြေဆည်နိုင်အောင် ကြိုးစားဖို့ လိုပါတယ်။

ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ သိစေချင်တာက အလိုမကျမှုတွေ ဖြစ်တဲ့အခါ ကိုယ်နဲ့ ချိန်ထိုးပြီး ဖြေနိုင်အောင် ကြိုးစားကြဖို့ပါ။ အနတ္တလက္ခဏသုတ်မှာ မြတ်ဗုဒ္ဓဟောတော်မူတဲ့ အရာရာဟာ အတ္တမဟုတ်၊ အနတ္တဆိုတဲ့ အချက်ကို ဆင်ခြင်ပြီး မမြဲတဲ့ သဘော၊ အစိုးမရတဲ့ သဘောကို မပြတ်အောက်မေ့ကာ အလိုမကျမှုတွေကို ဖြေကြည့်ကြဖို့ပဲ ဖြစ်ပါတယ်။ အမှန်တကယ်မရှိ ပညတ်ဝေါဟာရများနဲ့ ဖြေဆည်ကြည့်မယ်ဆိုရင်လည်း အလိုမကျ ဖြစ်တဲ့အခါ ကိုယ်ကိုယ်တိုင်တောင် ကိုယ့်စိတ်နဲ့ကိုယ့်ကို အလိုမကျ ဖြစ်နေတာ သူတစ်ပါးကို ကိုယ်နဲ့ထပ်တူဖြစ်ဖို့၊ ကိုယ့်အလိုကျ ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတဲ့ အချက်နဲ့ ဖြေကြည့်ကြဖို့ လိုပါတယ်။ အဲဒီလို ဖြေနိုင်မယ်ဆိုရင် အလိုမကျမှုတွေ ဖြစ်တိုင်းဖြစ်တိုင်း အရင်ဆုံးခံစားရတဲ့ ကိုယ့်ရဲ့စိတ်ခံစားမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ စိတ်ဒုက္ခတွေ လျော့နည်းသွားမှာ သေချာပါတယ်။ နောက်ဆုံးအနေနဲ့ အကြံပြုချင်တာက ဘာပဲဖြစ်ဖြစ် ကိုယ်နဲ့ချိန်ထိုး၊ ကိုယ်နဲ့ကိုယ်ချင်းစာပြီး မကြာမကြာဖြစ်တတ်တဲ့ အလိုမကျတတ်တာတွေကို ဖြေကြည့်ကြပါလို့ အကြံပြုချင်ပါတယ်။ အားလုံး အလိုမကျမှုတွေ နည်းနိုင်ကြပါစေ…

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ