Facebookက အမေးတစ်ပုဒ် (၃)

ဘုန်းဘုန်းရဲ့ facebook (http://www.facebook.com/ashinvicitta) မှာ မက်စေ့ခ်ျကဏ္ဍမှာ မေးထားလို့ဖြေထားတဲ့ အမေးအဖြေ အချို့ဖြစ်ပါတယ်။ အများဖတ်ပြီး အမြတ်ရစေဖို့၊ တစ်လုံးတစ်ပါဒဖြစ်ဖြစ် အသိရစေဖို့ တစ်ဆင့်ပြေလည် မျှဝေလိုက်ပါတယ်။

Mi Su
မေး ။ အရှင်ဘုရား…
အာသဝေါတရားလေးပါးကို ရှင်းပြပေးပါ ဘုရား

Ashin Vicitta
ဖြေ။ အာသ၀ဆိုတဲ့ စကားလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ယိုစီးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ သွယ်ဝိုက်တဲ့ သဘောတွေကတော့ စွဲလမ်းစေခြင်း၊ ကပ်ငြိစေခြင်းသဘောဖြစ်ပြီး ဒီတရားတွေက သတ္တဝါတွေကို ဘ၀သံသရာမျိုးစုံမှာ ကျင်လည်အောင် လုပ်ပေးတတ်တဲ့ သဘောရှိပါတယ်။ အဲဒီ အာသဝ တရားတွေက
ကာမာသ၀ – ကာမဂုဏ်အာလုံကို တပ်မက်စွဲလမ်းတဲ့လောဘ။
ဘ၀ါသ၀ – ဘ၀အမျိုးမျိုးကို တပ်မက်စွဲလမ်းတဲ့လောဘ။
ဒိဋ္ဌာသ၀ – ငါ ရှိတယ်။ သူရှိတယ်၊ ယောကျာင်္း မိန်းမ၊ ပုဂ္ဂိုလ်သတ္တ၀ါရှိတယ် လို့ အယူမှားတဲ့ ဒိဋ္ဌိ။
အ၀ိဇ္ဇာသ၀ – အမှန်ကိုမသိတဲ့ မောဟတို့ပဲ ဖြစ်ပါတယ်။
ဒီတရားတွေကိုတော့ ဝိပဿနာဉာဏ်နဲ့ ဖြတ်မှပဲ အကြွင်းမဲ့ကုန်ဆုံးကာ အာသဝေါတရားလေးပါးရဲ့ ကင်းရာကုန်ရာဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုကြရမှာ ဖြစ်ပါတယ်။

Mi Su
မေး။ ဗောဓိဉာဏ်၏ အင်္ဂါအစိတ်အပိုင်း ဖြစ်ကုန်သော သတိ၊ ပညာ (ဓမ္မဝိစယ)၊ "ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ ၊သမာဓိ၊ ဥပေက္ခာ၊ ဤတရား ခုနှစ်ဖြာတို့ကို ဗောဇ္ဖျင်တရားများ ဖြစ်ကြသည်ဟူ၍ တရားအားလုံးကို သိမြင်တော်မူသော မြတ်စွာဘုရားက ထုတ်ဖော်ဟောကြားပေ၏။"...........
၁)အရှင်ဘုရား ဗောဇ္ဖျင်တရား(၇)ပါးမှ ပဿဒ္ဓိ ဆိုတာ တပည့်တော် နားမလည်ပါဘုရား၊ ဖြေကြားပေးတော်မူပါ ဘုရား။
၂)မြတ်စွာဘုရားသည် ဗောဓိပင်ရင်း၌ မာရ်ငါးပါးကို အောင်မြင်တော်မူသည်။
အရှင်ဘုရား ထို မာရ်ငါးပါးကို လည်း သိလိုပါသဖြင့် ဖြေကြားပေးတော်မူပါဘုရား။

Ashin Vicitta
ဖြေ။ ဗောဇ္ဈင် (၇) ပါး
ဗောဓိဟူသော သစ္စာလေးပါးကို သိကြောင်းတရားအပေါင်း၏ အစိတ်အစိတ်ကို ဗောဓိအင်္ဂ= ဗောဇ္ဈင်္ဂ= ဗောဇ္ဈင်လို့ ခေါ်ပါတယ်။ ဒီဗောဇ္ဈင်လည်း ခုနှစ်ပါးရှိပါတယ်။
၁။ သတိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ အောက်မေ့မှုသတိ
၂။ ဓမ္မ၀ိဇယသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ ဆိုင်ရာတရားများကို စိစစ်တတ်တဲ့ ပညာ
၃။ ၀ီရိယသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ အားထုတ်မှု ၀ီရိယ
၎။ ပီတိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ နှစ်သက်ရွှင်လန်းမှု ပီတိ
၅။ ပဿဒ္ဓိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ ငြိမ်းအေးမှု ပဿဒ္ဓိ
၆။ သမာဓိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ တည်ကြည်မှု သမာဓိ
၇။ ဥပေက္ခာသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ လျစ်လျူရှုမှု တတြမဇ္ဈတ္တတာ
ဒီဗောဇ္ဈင် (၇)ပါးမှာ ပဉ္စမမြောက် ဗောဇ္ဈင်တရားဟာ ပဿဒ္ဓိ သမ္ဗောဇ္ဈင်ပဲ ဖြစ်ပါတယ်။ စိတ် မငြိမ်သက်မှု စိတ်အကြံများမှုကြောင့် ဖြစ်တဲ့ ကိုယ်စိတ်နှစ်တန် ပူပန်ခြင်း ခပ်သိမ်းမှာ အစဉ်အတိုင်း အေးငြိမ်းလာခြင်းသဘောဟာ ပဿဒ္ဓိ ဖြစ်ပါတယ်။ တဏှာ လောဘများ လျော့ပါးလာတဲ့အခါ စိတ်ဟာလည်း ငြိမ်းအေး ချမ်းသာလာပါတယ်။ တဏှာ လောဘ ဒေါသများ လျော့ပါးလာတာနဲ့အမျှ စိတ်မှာ ပူလောင်ခြင်းများ ကင်းမဲ့သွားပါတယ်။ ဒီအခြင်းအရာဟာ ပဿဒ္ဓိရဲ့ အခြင်းအရာပဲ ဖြစ်ပါတယ်။

မာရ်ငါးပါး
ဘုရားရှင်တိုင်းဟာ မာရ်ငါးပါးကို အောင်မြင်တော်မူပြီး လောကမှာ အထွတ်အမြတ်ဆုံးဖြစ်တဲ့ သဗ္ဗညုတ ဘုရားအဖြစ်ကို ရောက်ရှိတော်မူလေ့ ရှိပါတယ်။ မာရ်ဆိုတာ မာရဆိုတဲ့ပါဠိ စကားကို မြန်မာမှုပြုထားတာ ဖြစ်ပါတယ်။ မာရရဲ့ အဓိပ္ပါယ်က သေခြင်း သေစေခြင်းလို့ အဓိပ္ပါယ်ရပြီး သတ်ရှိသတ္တဝါများကို သေစေတတ်တဲ့ တရားလို့လည်း နားလည်ထားနိုင်ပါတယ်။ အဲဒီမာရ်တွေဟာ
၁။ ဒေ၀ပုတ္တ မာရ် = မာရ်နတ်
(သေအောင် သတ်တတ်သည့် နတ်သားလို့ အဓိပ္ပါယ်ရပါတယ် ။ နတ်ပြည် ၆-ထပ်၏ အပေါ်ဆုံးထပ် (ပရနိမ္မိတ ၀သ၀တ္တီ နတ်ပြည် - ကာမဂုဏ်ကို အလိုရှိတိုင်း ပြီးစေသော ဘုံ) မှ နတ်ဆိုးတစ်ဦးလို့ ဆိုပါတယ်)
၂။ ကိလေသ မာရ် = ကိလေသာဆယ်ပါး
(ကိလေသာ တရားဟာ ရယူလက်ခံထားသူရဲ့ စိတ်နှလုံးကို ပူလောင်ဆင်းရဲအောင် နှိပ်စက်တတ်တဲ့ တရားပဲ ဖြစ်ပါတယ်။ ဒီကိလေသာရှိနေသမျှ သံသရာတွင်းမှ မလွတ်ဘဲ တ၀ဲလည်လည် ကျင်လည်ပြီး သေပြီးရင်းသေ နေရဦးမည်ဖြစ်တဲ့အတွက် ကိလေသာကိုလည်း သတ်တတ်တဲ့ မာရ်လို့ ခေါ်ခြင်း ဖြစ်ပါတယ်။)
၃။ အဘိသင်္ခါရ မာရ် = ပြုပြင်စီရင်မှု
(ပြုလုပ်ကျင့်ကြံ အားထုတ်ထားတဲ့ ကုသိုလ်ကံ ၊ အ ကုသိုလ်ကံ တွေကို အဘိသင်္ခါရ မာရ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ ကုသိုလ်ကံကြောင့် ကောင်းရာ သုဂတိ ရောက်ခြင်း အကုသိုလ်ကံကြောင့် မကောင်းရာ ဒုဂ္ဂတိဘ၀ရောက်ခြင်းများ ရှိနေပေမယ့် ရောက်ရာဘဝမှာလည်း နောက်ထပ်တစ်ဖန် သေရ ဦးမှာ ဖြစ်တဲ့အတွက် ကုသိုလ်ကံ ၊ အကုသိုလ်ကံ တို့မှာလည်း တဖန်သေမယ့် ဘ၀ကိုရအောင် ပြုလုပ်ရာ ရောက်နေတဲ့ သတ်တတ်၊ သေစေတတ်တဲ့ မာရ်ပဲ ဖြစ်ပါတယ်။)
၎။ ခန္ဓ မာရ် = ခန္ဓငါးပါး
(ခန္ဓမာရ် ဆိုရာမှာ ခန္ဓာကိုယ်ရှိနေသမျှ ဒီခန္ဓာကိုယ်ဟာ သေရမည်အမှန်ပဲ ဖြစ်ပါတယ်၊ ခန္ဓာကိုယ်မရှိတော့မှ သေရခြင်းကင်းမှာ ဖြစ်ပါတယ်။၊ ဒါကြောင့် ခန္ဓာကိုယ်ဟာလည်း သေရခြင်း အကြောင်းတစ်ရပ် ဖြစ်ပါတယ်။ ဒါကိုရည်ရွယ်ပြီး ခန္ဓမာရ်- ခန္ဓာတည်းဟူသော သေမှုသေခင်း တစ်ရပ်လို့ ဆိုခြင်း ဖြစ်ပါတယ်။)
၅။ မစ္စု မာရ် = သေခြင်းတရား
(မစ္စုဆိုတာ သေခြင်းပဲ ဖြစ်ပါတယ်။ မွေးလို့သေ သေပြီးနောက်မှာ ဘဝသစ်တစ်ခါ ပြန်ဖြစ်၊ အဲဒီလို တစ်ဘဝပြီး တစ်ဘဝ ထပ်ထပ်ကျင်လည်မှုတွေ ရှိနေရတာ ဖြစ်ပါတယ်။ ကိလေသာမကုန်သေးသမျှ သေပြီးနောက်မှာ မွေးခြင်းဖြစ်လာပြီး မွေးနေသမျှ သေနေကြရမှာ ဖြစ်လို့ သေခြင်းတရားဟာလည်း နောက်ထပ်တစ်ခါ သေစေတတ်တဲ့ မာရ်တစ်မျိုးလို့ ဆိုခြင်းဖြစ်ပါတယ်။) တို့ပဲ ဖြစ်ဖြစ်သည်။

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ